စပါးအုံးမြွေဖမ်းသမား

*စပါးအုံးမြွေ ဖမ်းသမား*📖📖📖
••••••••••••••••••••••••

****************

မိဂျမ်းရေ ဆရာဝမ်းလာတယ်ဟ။ တိုက်ဆိုင်လိုက်တာ။ လေးခင်မ ခူးလာတဲ့ သမုန်းဖူးသုပ်ချိန်နဲ့ အကိုက်ပဲ။ ဆရာဝမ်း စားရအောင် သမုန်းဖူး သုပ်ကွ။

ငလုံး … မင်းဆရာ ဆရာဝမ်း သောက်ရအောင် ရေနွေးကြမ်းခပ်ကွာ။ လက်ဖက်ခြောက် ဖန်ဖန်ခတ်၊ ဆရာဝမ်းက လက်ဖက်ခြောက်ဆိုရင် ဖန်မှ။ ကွမ်းယာဆိုရင်လည်း မြန်မာဆေးများမှ။ ကိုယ့်ဆရာအကြောင်းကိုလည်း သိသားနဲ့။

ငမုံး ကွမ်းအစ်ထဲကို ကွမ်းရွက်ထပ်ထည့်။ ငန်းမြာဆေးစစ်စစ်လည်း ထည့်ခဲ့။ ဆရာဝမ်းက တစ်ယူသန်တယ်။ တံတားဦးက ကွမ်းနုဝါသာ အမြဲမဝါးတာ။ ဆေးဆို ငန်းမြာမှ ငန်းမြာ။ ငန်းမြာဆို ပိုပို … ပိုပိုကြိုက်

နေပါစေ … ဒုက္ခမရှာကြပါနဲ့။ ဆရာလာတာ မင်းတို့ဖမ်းခဲ့တဲ့မြွေကြီးအကြောင်းကို အသေးစိတ်မေးချင်လို့ လာခဲ့တာတဲ့လား ဆရာဝမ်း။ ဒီမြွေကြီးကို ဘယ်လိုတွေ့သလဲ၊ ဘယ်လိုဖမ်းဖို့ စိတ်ကူးရခဲ့သလဲ၊ ဘယ်လိုလုပ် ဖမ်းခဲ့သလဲ၊ ရွာရောက်အောင် ဘယ်လိုလုပ်သယ်ခဲ့သလဲ။ ဒါတွေကို ဆရာ့ ပြောပြရမယ်။ အဲလိုလား။

ဆရာသိချင်တာ မှန်သမျှကို ကျုပ်ပြောပါ့မယ်။ ဆရာလာတော့မယ် မေးတော့ မြန်းတော့မယ် ဆိုတာလည်း ဆရာ့တပည့်ကျော်ငတောက သိပြီးသားပါ။ ရေနွေးကြမ်းသောက်ရင်း ပြော၊ ပြောရင်းသောက်ကြတာပေါ့ဆရာ၊ ဖြည်းဖြည်းပေါ့ ၊ ဆရာ အချိန်ရရဲ့လား။

ဆရာ အချိန်ရရင် ကျုပ် အသေးစိတ်ပြောနိုင်တာပေါ့။ ရေနွေးကြမ်းသောက်ပါဦး၊ လက်ဖက်ဝါးပါဦး၊ ကွမ်းဝါးပါဦးဆရာ။

ဘယ်ကစပြောရမလဲ ကျုပ် စဉ်းစားပါဦးမယ်။
စပြောရမှာက ကျုပ်တို့ချိုင့်ကြီးရွာကို မလာစဖူး အလာထူးပြီး ပွဲကူးလာတဲ့ ကမ္ဘာကျော်ရုပ်သေးနဲ့ မျက်လှည့်အဖွဲ့ကြီး ရောက်ရှိလာရာက စကြရ
မယ်။

ကမ္ဘာကျော်ဆိုတဲ့ ရုပ်သေးနဲ့ မျက်လှည့်အဖွဲ့ကြီးဟာ ထန်းသီးဘုတ်ကျေးရွာ ဘုရားပွဲတော်မှာ ရုံသွင်းကပြရာက ကျုပ်တို့ချိုင့်ကြီးရွာကို ငါးညတိတိ ကပြမယ်။ စားစရိတ်ရရင် တော်ပြီ။ နောက်ပွဲကူးရမှာ ရက်လိုသေးတာကြောင့် ပွဲကူးခွင်ကို ချိုင့်ကြီးရွာက စောင့်မယ်ဆိုတဲ့သတင်းကို ပွဲမိန့်ခံကတည်းက ဆရာလည်း အကြား ကျုပ်လည်း အကြား တစ်ရွာလုံးလည်း အကြား မဟုတ်လား။

ဆရာဝမ်းရယ် ကျုပ်အဆင့်အတန်းက ရရစားစား ပျံကျသမား၊ ပြေးပြေးလွှားလွှား တောလိုက်သမား။ ကမ္ဘာကျော်မကလို့ စကြာဝဠာကျော် ဖြစ်ဖြစ်၊ ရုပ်သေးမကလို့ ရုပ်ကြီး ဖြစ်ဖြစ်၊ မျက်လှည့်မကလို့ နားရွက်လှည့် ဖြစ်ဖြစ်၊ လာရင်ကြည့်လိုက်မယ်ဟဲ့၊ ပျော်လိုက်မယ်ဟဲ့၊ ပါးလိုက်မယ်ဟဲ့လို့ အားခဲ မာန်သွင်း ပွဲစောင့်ရင်း ပျော်နိုင်တဲ့အတန်းအစားမှ မဟုတ်တာ။

ပွဲလမ်းသဘင်မှာ ဝတ်စားသွားလာပြီး တဟီးဟီး တဟားဟား တလွှားလွှား တရုန်းရုန်း တပြုံးပြုံး တပျော်ပျော်လုပ်လို့ တင့်တယ်တဲ့ ဆယ်ကျော်သက်
အရွယ်လည်း ဟုတ်မှ မဟုတ်တော့တာ။ ဒီအရွယ် ပြန်ရောက်ချင်ရင် သေပြီး နောက်ဘဝ လူဝင်စားဖြစ်အောင်စောင့်လို့ ဟာသနှော ရယ်မောစရာ ပြောရမယ်အရွယ် ရောက်ပါပြီ။

သားသမီး ငါးယောက် လင်မယားနှစ်ယောက်၊ ခုနစ်ယောက်စားအိုးကြီးရဲ့ ဖိစီးတဲ့ဝန်၊ တစ်ညအိပ်ရာဝင်မှ ဒီနေ့တော့ တို့မိသားစု ထမင်းမငတ်ပါလားလို့ စိတ်ချရတဲ့ဘဝ။ ဒီဘဝရောက်တာချင်း အတူတူ မိဂျမ်းလို မိန်းမသားလည်း မဟုတ်ဘူး။ ငလုံးတို့ ငမုံးတို့လို နောက်လိုက်လည်းမဟုတ်ဘူး၊ အိမ်ထောင်ဦးစီး။

ဆရာဝမ်းလည်း သိသားပဲ။ အိမ်ထောင်ဦးစီးဆိုတဲ့ စကား လေးလုံးရယ်၊ အိမ်ထောင်ဦးစီးတာဝန် ဆိုတဲ့ စကားခြောက်လုံးရယ်၊ ပေါင်းလိုက်ရင် ဘယ်နှလုံး ရှိမလဲ။ အားလုံးပေါင်းမှ ဆယ်လုံးထဲရယ်။

အဲဒီ စကားဆယ်လုံးရဲ့ အဓိပ္ပာယ်ကို ဖွင့်ကြစို့ဟေ့ ဆိုရင် ဆယ်ညပြောလို့ အဓိပ္ပာယ်ပြည့်စုံမတဲ့လား။ ဆယ်လပြောလို့ကော ပြောစရာ ကုန်ပြီဘဝ ရောက်မတဲ့လား။ ဆယ်နှစ်ပြောလို့ကော ပြီးပြည့်စုံပြီလို့ သတ်မှတ်နိုင်ပါ့မလား။ ဘယ်ပြည့်စုံပါ့မလဲ ဆရာဝမ်းရယ်။ ပြည့်စုံတယ်လို့ ဘယ်သတ်မှတ်ရမလဲ။

အိမ်ထောင်တစ်ခုလုံးရဲ့ နေ့စဉ်ဖြစ်ပျက်နေတဲ့ ကိစ္စမှန်သမျှဟာ အိမ်ထောင်ဦးစီးမှာ တိုက်ရိုက်ရော၊ သွယ်ဝိုက်ရော၊ တာဝန်ရှိနေတာပဲ။ နေ့စဉ် ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်ဆိုတာ ပုံသေကားချပ် တရားသေနည်းနဲ့ ဇယားချထားလို့ ရတာလည်း မဟုတ်ဘူး။ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ နယ်ပယ်တွေနဲ့ ကိုယ့်အိမ်ထောင်စုဝင်တိုင်းနဲ့ ဆက်စပ်နေတော့ ရင်ဆိုင်ကျော်လွှားရာမှာ အိမ်ထောင်ဦးစီးက ဂရုစိုက်ရဆုံးလူပဲ။

ထိန်းတန် ထိန်း၊ လွှတ်တန် လွှတ်၊ ညွှန်တန် ညွှန်၊ လွှဲတန် လွှဲ၊ တားတန် တား၊ မိသားစုဝင်အာလုံးအတွက် စဉ်းစားရတာ ရင်နှင့်အမျှပါပဲ။

ပါးစပ်ပေါက်တွေကို ကျွေးနိုင်ရုံ၊ ခန္ဓာကိုယ်တွေကို ဝတ်ဆင်နိုင်ရုံ၊ လေမိုးလုံခြုံရာမှာ ထားနိုင်ရုံနဲ့ အိမ်ထောင်ဦးစီးတာဝန် မပြည့်စုံသေးဘူး။ ကိုယ့်ဘဝထက် ကိုယ့်သားသမီးလေးတွေဘဝ ပိုတိုးတက်အောင်၊ ပိုကောင်းစားအောင်၊ ကိုယ်က ကျွန်လို ကျွဲလို ကုန်းကျုံးရုန်းပြီး အချိန်ရှိသမျှ အနစ်နာခံပေး စွန့်လွှတ်ပေးနေရသူက အိမ်ထောင်ဦးစီးပါ။

ပြောရရင် ကိုယ့်သားသမီးနဲ့ သားမယားကို မတောင့်မတ မကြောင့်မကြနဲ့ စားစေချင်တယ်။ ဝတ်စေချင်တယ်။ သူများထက်မပိုတောင် သူများလို အဆင့်အထိ ရောက်စေချင်တယ်။

စေတနာက တစ်ပိုင်း၊ ရောက် မရောက်က တစ်ပိုင်းပါ။ စေတနာကတော့ အိမ်ထောင်ဦးစီးကောင်း မှန်သမျှမှာ ဒီလိုရှိကြတာပါပဲ။

ငတောကလည်းကွာ မြွေဖမ်းတာပြောပါဆိုမှ လျှောမွှေးကို ဗာရာဏသီချဲ့ ငိုနေ၊ မယောင်ရာ ဆီလူးနေ၊ စကားပိုတွေ သုံးနေတယ်လို့ မထင်လိုက်ပါနဲ့ ဦး ဆရာဝမ်းရယ်။

ဒါပြောရတာ အကြောင်းရှိလို့ပါ။ ကျုပ်ဟာ အိမ်ထောင်ဦးစီးဆိုတော့ စောစောကပြောတဲ့ စိတ်ထားမျိုး စေတနာမျိုး အမြဲတမ်း ထားနေရတဲ့ လူပါ။ ဒီစေတနာ ဒီစိတ်ဓာတ်ကြောင့်လည်း ဒီမြွေကြီးကို ကျုပ် ဖမ်းဖြစ်သွားတာပါ။ ဒီစေတနာ စိတ်ထားမျိုးသာ ကျုပ်မထားရင် နေသာသပ လေညှာကပါ။

ခုတော့ မနေသာလို့ ဖမ်းခဲ့ရတာပေါ့။ ဖမ်းဖို့ကလည်း ကမ္ဘာကျော်အဖွဲ့ နဲ့ တိုက်ဆိုင်လာတာကိုး။
ကမ္ဘာကျော်ဆိုတဲ့ ရုပ်သေးနဲ့ မျက်လှည့်အဖွဲ့ကြီး ချိုင့်ကြီးရွာကို ရောက်လာတာဟာ သူ့အလုပ်သူ လာလုပ်တာပဲ။ ကျုပ်နဲ့ဘာမှ မဆိုင်ဘူး။

ဆိုင်ချင်လာတော့ ဈေးထဲက ပိုးအိစံက ကျုပ်ဆီ ပြေးလာတယ်။ လေးလေးတော …. လေးလေးတော အလုပ်ရှိလို့ သမီးလာခေါ်တာရှင့်။ မျက်လှည့်အဖွဲ့ မပြန်မချင်း ရေတစ်ထမ်း တစ်ဆယ်နှုန်းနဲ့ ရေကန်က ရေကို တစ်နေ့ ဆယ်ထမ်း ထမ်းပေးရမယ်။ ရေထမ်းတဲ့လူကို ငှားချင်ပါတယ်ဆိုလို့ ဘေးလူကို မငှားပါနဲ့ဦး။ သမီးတို့ဆိုင်ကို ရေထမ်းပို့နေတဲ့ လေးလေးတော ရှိပါတယ်။ သူကမှ စေတနာကောင်းတာ၊ သူ့ခိုင်းပါလို့ပြောပြီး လေးလေးတောကို သမီး လာခေါ်တာ။ ထမ်းမှာဖြင့် ခုလိုက်ခဲ့ပါရှင် တဲ့။

ကန်ရေဆယ်ထမ်း ထမ်းတာ ဘာကြောမှာလဲ။ ကြာလှ တစ်နာရီကျော်ကျော်ပေါ့။ ရမှာက ငွေတစ်ရာ။ ငါးညကမှာဆိုတော့ ကပြမှာက ငါးည။ ကြို
ရောက်ရက်၊ ပွဲကူးရက်၊ စိတ်တွက်တွက်လိုက်တော့ ဆယ်ရက်နဲ့ ဆယ့်ငါးရက်ကြားအထိ၊ ကျုပ်အလုပ်ရနိုင်တာတွက်ပြီး နိမ့်ဟလို့ ရေရွတ်ကြွေးကြော်၊ ထမ်းပုံးဆိုင်းယူ၊ ရေထမ်းပေးခဲ့တယ်။

ကျုပ် ရေထမ်းပြီး ပြန်မယ်အလုပ်မှာ လေ့ကျင့်ချိန် ရောက်တာကြောင့် သူတို့အဖွဲ့ စတင်လေ့ကျင်ကြပြီး အရုပ်ကြိုးဆွဲသူက ဆွဲ၊ ဆိုသူက ဆို၊ ငိုသူက ငို။

သူတို့အလုပ် သူတို့လုပ်ကြတာပဲ။ ကြိုတင်ပြင်ဆင် လေ့ကျင့်ကြတာပဲ။ ထမင်းတစ်လုတ် စားရရေးအတွက် လူ့ဘဝဇာတ်ခုံပေါ်က လူသားတွေဟာ ကိုယ်တတ်တဲ့ပညာနဲ့ ထမင်းရှာစားနေရတာပဲလို့ ကျုပ်တွေးမိပြီး ရင်ထဲ ကြည်နူးမိတယ်။ လုပ်ကြ … လုပ်ကြ၊ ထမင်းအတွက် လုပ်ကြ။

ကျုပ်က မျက်လှည့်ဆိုတော့ ဟိုလို ဒီလိုပြပြီး ပြီးရောထင်ခဲ့တာ။ အမယ် .. ဘယ်ဒီလို ဟုတ်မလဲ။ မျက်လှည့်အပြင် မြွေပြခန်းပါဦးမှာ။ ကျုပ်ပြန်မယ်လို့ ရုံထဲကအထွက်မှာ သေတ္တာရှည်ရှည်ကြီး တစ်လုံးကို ရုံထဲကထုတ်၊ ရုံရှေ့က မြေကွင်းပြင်ကျယ်မှာ ချချဖွင့်ဖွင့် ဖွင့်တယ်။

ပချုပ်နဲ့ဆိုရင်တော့ မြွေမှန်း တန်းသိတာပေါ့။ သေတ္တာကြီးနဲ့ဆိုတော့ ဘာကြီးပါလိမ့်လို့ ရေထမ်း ဆိုင်းလေး ပခုံးပေါ်ထမ်းရင်း ကျုပ်ကြည့်မိတယ်။ ထုတ်လာတာက လက်ကောက်ဝတ်လောက် တုတ်ပြီး လူလက်တစ်လံလောက်ရှည်တဲ့ စပါးအုံးမြွေကြီး။

ဆိုတာ၊ ကတာ၊ ငိုတာ၊ ကြိုးဆွဲတာကို ကျုပ်စိတ်မပါပေမဲ့ ဒီမြွေကြီးလည်း မြင်ရော တောသမားပီပီ သိပ်ပြီး စိတ်ဝင်စားသွားတယ်။ မြွေဆရာနဲ့ ကလေးက စပါးအုံးမြွေကြီးနဲ့ လေ့ကျင့်ခန်းလုပ်ကြတာ အသည်းယားစရာပဲ။ လေ့ကျင့်ကွက်တွေက စိတ်ဝင်စားစရာကောင်းလွန်းလို့ မောင်ကြီးမပြန်နိုင် တယ်ကို ဖြစ်ကရော။ ဆွဲဆောင်ချက်က အဲလောက်ကောင်းတာ။

စပါးအုံးက စပါးကြီးလို ငန်းပုပ်လို မြွေပွေး မြွေဟောက်လို မရိုင်းဘူး။ လူနဲ့နီးစပ်တယ် ပြောရမလားပဲ။ စပါးအုံးကို မွေးထားတာတောင် ရှိတယ်လို့ ကြားဖူးတယ်။ တောရကျောင်းတစ်ကျောင်းရဲ့ ကျောင်းပေါ်တက်တဲ့ လှေကားအုတ်ခုံမှာ ငှက်ပျောသီးအုပ်ဖို့၊ ဘာညာထည့်ဖို့ လုပ်ထားတဲ့ တစ်ဖက်ဖွင့် သုံးဖက်ပိတ်ထဲမှာနေတဲ့ စပါးအုံးမြွေကြီးအကြောင်းကို ကျုပ်တို့ ဆရာဝမ်းတို့ ကြားဖူးသားပဲ။ ဆရာတော် တစ်သက် သူ့တစ်သက် ဒီလှေကားရင်း အုတ်ခုံအတွင်း နေသွားတာ။ လူကိုလည်း ဘာအန္တရာယ်မှ ပြု မသွားဘူးတဲ့။ လူနဲ့ နီးစပ်ပုံ ပြောတာပါ။

ခု မျက်လှည့်ပွဲမှာပါတဲ့ စပါးအုံးကြီးကလည်း လူနဲ့နီးစပ်လိုက်တာ ကောင်လေးကို ရစ်ပြ၊ ပတ်ကြ၊ မြွေဆရာက အမိန့်ပေးရင်း ဖြေပြ၊ လွှတ်ပြနဲ့ သူ့ဆရာနဲ့ သူ့မြွေ ဟုတ်လို့။ သူတို့လေ့ကျင့်မပြီးမချင်း ကျုပ်ကလည်း ပါးစပ်ကြီးအပြဲးသားနဲ့ ငေးလို့ မောလို့။

ညမှာကော နေ့ခင်းက မင်းကြည့်ခဲ့တဲ့ မြွေပြကွင်း ပြကွက် ပါရဲ့လားတဲ့။ ဟုတ်လား ဆရာဝမ်း။ ဆရာဝမ်းကို ကျုပ်ပြောခဲ့ပြီးပေါ့ပဲ။ ပွဲကြည့်နိုင်လောက်အောင် အခြေအနေပေးတဲ့လူ မဟုတ်ပါဘူးလို့။ ပွဲကို အဓိကထားရမယ့်အရွယ် မဟုတ်ပါဘူးလို့။ ညဘက်မှာ ပရိယေသန ဝမ်းစာအတွက် ကျုပ် ငှက်ရိုက်ထွက်ခဲ့ရတော့ ဒီပြကွင်းပြကွက် ပြ မပြ ကျုပ်မသိဘူး။ ဟုတ်တယ် ညမှာ ကျုပ် ငှက်ရိုက် ထွက်ခဲ့ရတယ်။

ငှက်ရိုက်ထွက်ခဲ့ရပေမဲ့ မဟန်ပါဘူး။ ဘယ်ဟန်ပါ့မလဲ။ ကျုပ်တို့ရဲ့ ရှေ့က ကျုပ်တို့သွားမယ်လို့ မှန်းထားတဲ့ တောတွေကို ငှက်ရိုက်သမားသုံးဖွဲ့က ဆင်းသွားပြီ။

သုံးဖွဲ့ ဆင်းသွားကြောင်း သိရတာက မီးရောင်ကြောင့်ပါ။ ငှက်ရိုက်တဲ့ မီးဆိုတာ ဘက်ထရီအိုးကိုလွယ်၊ ငါးခဲထိုး တုတ်မီး(လက်နှိပ်မီး)နဲ့ ဆက်ထိုးတော့ ညဘက်မှာ ဘယ်ကလှမ်းကြည့်ကြည့် ဝင်းထိန်နေတာပဲ။ နေရာ သုံးနေရာမှာ မီးရောင်သုံးစု မြင်ကတည်းက ရှေ့မှာ အဖွဲ့သုံးဖွဲ့ ဖမ်းသွားပြီး ဆိုတာ သိရတယ်။

ဒီနေရာမှာ တောသမားစရိုက် တောသမားအကျင့်ကို ပြောရဦးမယ်။ တောဆိုတာ သူပိုင်လည်း မဟုတ်။ ငါပိုင်လည်း မဟုတ်။ သူဦး သူရိုက်၊ ငါဦး ငါရိုက်။ ကိုယ်က အကြောင်းကြောင်းကြောင့် နောက်ကျရင် တခြားတော သာရွေး။ ဒီတောမှာတော့ ဘာမှ မမျှော်လင့်နဲ့တော့။ နောက်ကျတဲ့ တောသမားက ဘာလုပ်နိုင်သလဲ။ တောသစ်ရွေး တောသစ်မှာ ရိုက်နိုင်တယ်။

ရှေ့ကမီးရောင်အလင်းတန်း ဘယ်သွားနေလဲ၊ မနက်အရုဏ်တက်လောက်မှာ သူတို့ ဘယ်ရောက်နိုင်သလဲ၊ ဒါကို ချိန်ဆရတယ်။ သူတို့ဦးတည်ရာ တောကို ဖြတ်မလုရဘူး။ နောက်ကလိုက်ရင်တော့ လိုက်ပေါ့။ လိုက်လည်း ဘာရမှာလည်း၊ ညတွက် မကိုက်မှာ အတူတူ မလိုက်ကြပါဘူး။

တောသစ်ရွေးကြတာပါပဲ။ ဒါဟာ အမိန့် ၊ ဒါဟာ ဥပမာ လုံးဝမဟုတ်ပါဘူး။ မိရိုးဖလာ ဓလေ့ထုံးတမ်း စည်းကမ်းပါ။

မီးရောင်အနေအထားအရ ကျုပ်ရွေးရမယ့်တောဟာ အနောက်ကလွဲလို့ ဘယ်နေရာမှ မရှိဘူး။ အနောက်အရပ် ရွေးမှသာ ရှေ့သွားတဲ့ အဖွဲ့နဲ့ တောချင်းကွဲလွဲမယ်။

ကျုပ် ရပ်ပြီး စဉ်းစားရတယ်။ အနောက်အရပ်မှာတော့ ငှက်ရိုက် ငှက်ခတ်လို့ ရနိုင်ရဲ့လား။ ရနိုင် မရနိုင် စဉ်းစားရင်း အဖြေထုတ်ရတယ်။ ချိုင့်ကြီးကနေ တိုင်ဝက်(တစ်မိုင်) အတွင်းတော့ ဘာမှရမှာ မဟုတ်ဘူး။ တိုင်ဝက်(တစ်မိုင်) ကျော်သွားလို့ ဆင်အိုရွာကွင်းထဲ ရောက်သွားရင်တော့ မြေဝပ်ငှက်၊ တစ်တီတူး၊ ငုံး၊ ပြေလုံးနဲ့ ရေကြက် ရနိုင်တယ်။

ဆင်အိုရွာဝန်းကျင်နှင့် ဆင်အိုရွာ အင်းထဲအထိ ရောက်အောင်သွားရင် ရေကြက်၊ ရေငုံးနဲ့ ရေဘဲ ရနိုင်တယ်။ သွားရမယ့်ခရီးကတော့ အသွား တစ်တိုင်(နှစ်မိုင်) အပြန် တစ်တိုင်(နှစ်မိုင်) ရှိမယ်လို့ တွက်ဆရတယ်။

ကိုယ့်ဝန်းကျင်မှာ ငှက်မရ အတူတူ၊ မရ ရတဲ့ဆီ ရောက်အောင် သွားရ လာရတာက ကျုပ်တို့ တောသမား ဓလေ့ပါ။ တစ်ခါ တစ်ခါ အသွားငါးတိုင် (ဆယ်မိုင်)၊ အပြန်ငါးတိုင်(ဆယ်မိုင်) ခရီးအထိ သွားရတာ။

ငှက်ရိုက်တာပဲ နီးနီးလေးမှ၊ ဝေးရင် မသွားချင်ဘူးလို့ လုပ်မရဘူး။ မရမချင်းရှာ။ မတွေ့မချင်း သွားရတာ တောသမားပဲ။ သန်းခေါင်ကို နေ့မှတ်ပါလို့ အရပ်ကလေးမှ အားမနာ ပါးမနာလို့ ဆိုချင်ရင်သာ ဆိုကြရော့။ ဘဝကိုက ဒီလိုဘဝကိုး။ ကိုယ့်အနေအထား ကိုယ့်အခြေအနေကိုကလည်း ငြင်းပယ်မရတော့တဲ့ တောသမားကိုး။

ဆိုးလိုက်တဲ့ ကံများတော့ ဘာဆိုးလဲ မေးမနေပါနဲ့တော့ ဆရာဝမ်းရယ်။ တိုင်ဝက် (တစ်မိုင်) အတွင်းက ထန်းသမားတွေနဲ့နီး၊ ညအိပ်ရာခင်းစောင့်တွေရဲ့ ကွင်းလည်းဖြစ်၊ တောသမားလည်း ညခြား ညခြား ရောက်နေကျ ဖြစ်လို့ ငှက်မရမှာကို ကျုပ် တွက်ဆပြီးသားပါဗျာ။ ကျုပ် ငှက်ရမယ်ထင်တဲ့ ဆင်အိုရွာဘက် တိုင်ဝက်(တစ်မိုင်) အတွင်းက ဘာငှက်မှ မရတာတော့ အံ့သြလို့ကို မဆုံးဘူး။ ငှက်ရိုက်သမားဘဝမှာ မကြုံဖူးတာ ကြုံရတာပဲ။

နောက်မှ သိရတာက နွားမသားမိပျောက်လို့ တောနင်းပြီး လူအုပ်နဲ့ မွှေထားတာတဲ့။ လူအုပ်ဒဏ်ကြောင့် ငှက် လန့်ပျံခဲ့တာကိုး။

ဆင်အိုရွာထိပ် ညောင်မုတ်ဆိတ်ပင်ကြီးအောက်မှာ သားအဖနှစ်ယောက် ခြေပစ်လက်ပစ် လှဲနားရင်း ရှေ့ဆက်သွားသင့်တဲ့တောကို ပြောကြ ဆိုကြတယ်။ ဆင်အိုရွာ အနောက်တောင်ထောင့်ယွန်းယွန်းမှာရှိတဲ့ အင်းထဲကို ဆင်းရုံကလွဲလို့ ကျုပ်တို့အဖို့ ဘယ်မှ ရွေးစရာမရှိတာ သိလာကြတယ်။ ကိုင်း နားနေပြီးပြီ အင်းထဲ ဆင်းမယ်။ အဲဒီမှာ ငှက်ရိုက် ငှက်ခတ်မယ်ပေါ့။

ဆင်အိုရွာအင်းဆိုတာ ဆရာဝမ်း သိသားပဲ။ ရေပြင်က ဘာကျယ်လို့လဲ။ ဆောက်တော၊ ချုံတော၊ ရေအိုင်၊ ရေချိုင့်သာ အရမ်းပေါတာ။

ဆောက်တော၊ ချုံတောကတော့ ဘာထူထပ်သလဲ မမေးနဲ့။ ရင်ဆိုင်တွေ့ မဟုတ်လို့ကတော့ အသံမပေးသမျှ တစ်ယောက်ကို တစ်ယောက် မသိရ၊ မမြင်ရဘူး။ ချုံပုတ် ချုံနွယ်က အဲလောက်ကိုပေါတာ။

အဲဒီ အင်းထဲက ဆောက်တော၊ ချုံတောတွေထဲ ရောက်မှ ကျုပ်တို့ ငှက်စရတယ်။ ဘာကောင်တွေ ရသလဲဆိုတော့ ရေကြက်၊ ရေဘဲ၊ ရေငုံးနဲ့ မြေဝပ်ကောင်တွေပါ။ တစ်တီတူးနှစ်ကောင်လည်း ပါသေးတယ်။ ဒါတွေရတော့ ငလုံးဆိုရင် ပျော်လွန်းလို့ ဆွေ့ဆွေခု့န်။ မင်းကော မပျော်ဘူးလားတဲ့။ ကျုပ်ပါ ပျော်ပါသကော ဆရာဝမ်းရယ်။ ငလုံး ပျော်တာထက် ကျုပ်က ပိုတာပေါ့။

ရလာသမျှဟာ ဆန်ဖိုး၊ ဆီဖိုး။
ရလာသမျှဟာ ဝတ်ဖိုး၊ စားဖိုး။
ရလာသမျှဟာ ငမုံးနဲ့ လေးခင်မတို့ စာအုပ်ဖိုး၊ ခဲတံဖိုး၊ မုန့်ဖိုး။
ဒါ တွေးမိတိုင်း ကျုပ် ပျော်ရပါသကော။

ဒီလို ငှက်ရိုက်ရ ဖမ်းနေတုန်းမှာ ကျုပ်က စတင်ပြီး သတိပြုမိတယ်။ အစကတော့ အင်းမို့ အင်းနံ့နံတယ်ထင်တာ။ အင်းနံ့ကို ဆရာဝမ်း သိတယ်နော်။ ညှီစို့စို့နဲ့။

ကျုပ်ကလည်း အစက အင်းနံ့မှတ်နေတာ။ နောက်ကျမှ ကြားလာတဲ့ အသံကိုရော၊ နံလာတဲ့ ထူးခြားတဲ့အနံ့ကိုရော သေသေချာချာ အာရုံပြုကြည့်မိ အကဲဖြတ်နိုင်တာ။ ဟုတ်တယ် နံလာတဲ့အနံ့က မြွေနံ့။ “ပလပ် ပလပ် ဖျတ်ဖျတ် ဖျတ်ဖျတ်” ကြားတဲ့အသံက မြွေသံ။ မြွေမှ မြွေသေးသေးမဟုတ်။ မြွေကြီးကြီး ဖြစ်မယ့်အနံ့၊ မြွေကြီးကြီးရဲ့ အသံ။ ဒီလို ကျုပ် အကဲဖြတ်ရလာပြီ။

ဟာ ဒီလောက်ကြီး အဆင့်အထိ ပြောတာတော့ ဆရာဝမ်းက ကိုယ့်တပည့်ကိုယ် အထင်ကြီးတာလား။ မြှောက်ပြောတာများလား။ ဆရာပြောတာ များလွန်းလိုက်တာ။

သိပါတယ်… သိပါတယ်။ ကိုယ့်ဆရာဝမ်းဟာ မြှောက်လို့လည်း မမြောက်၊ ခြောက်လို့လည်း မကြောက်၊ သူများလည်း မမြှောက်၊ မခြောက်၊ မှန်မှန်နေ၊ မှန်မှန်ပြော၊ မှန်မှန်လုပ် ဆိုတာ။ ခုဟာက အဆင့်မြှင့် ပြောလို့ပါ။ ဆရာဝမ်းက ကျုပ်ကို တွင်းကြီးက မျက်စိစုံမမြင်တဲ့ ဦးဘအေးလို မင်းက မြွေနံ့ သိတာနဲ့ မြွေကို ခွဲခြားနိုင်တာပေါ့လေ ဆိုလို့ပါ။

တွင်းကြီးက ဦးဘအေးကမှ တကယ့်လူ၊ အမယ့်လူ၊ လက်တွေ့လာစမ်းတဲ့လူမှန်သမျှ သြချအံ့ဩပြန်ရတာ။ မျက်စိသာ စုံမမြင်တာ။ မြွေနံ့ရရုံနဲ့ ဒါ မြွေပွေးနံ့၊ ဒါ မြွေဟောက်နံ့၊ ဒါ ငန်းပုပ်နံ့၊ ဒါ လင်းမြွေနံ့ လို့ တန်းခနဲ ပြောနိုင်တာ။ အဲလို ထူးထူးခြားခြားသိတာ။ ကျုပ်က အဲဒီအဆင့် မရောက်ပါဘူး ဆရာ။

မြွေနံ့မှန်းတော့ တောလုပ်သက်ရင့်လို့ သိပါတယ်။ မြွေအသံမှန်းတော့ ကိုယ့်အတွေ့အကြုံအရ ကိုယ်သိပါတယ်။ ဒီညှီစို့စို့အနံဟာ မြွေနံ့ဖြစ်ကြောင်းနဲ့ ဒီမြွေဟာ ကျုပ်တို့အထက် လေတင်ဘက်မှာရှိကြောင်းကိုတော့ ခန့်မှန်းနိုင်ပါတယ်။

လေထဲမှာ ပါလာတဲ့ ပလပ် ပလပ်၊ ပလပ် ပလပ်၊ ဖျတ် ဖျတ်၊ ဖျတ် ဖျတ် မြည်သံဟာ စပါးကြီးနဲ့ စပါးအုံးတွေ ညှို့ပြီးထားတဲ့ သားကောင် မပြေးနိုင်တဲ့ အခါမျိုးမှာ မြည်တဲ့ အသံမျိုးပါပဲ။

ဟင့်အင်း ဆရာ … ဟင့်အင်း၊ ကျုပ်တို့ မြွေကို လုံးဝ မမြင်ရသေးဘူး။ ကျုပ်ကသာ စပါးကြီးလား စပါးအုံးလား ခွဲခြားမရသေးတဲ့ မြွေကြီးတစ်ကောင်ဟာ ညှို့သံပေးပြီး အစာကို မျိုဖို့လုပ်နေပြီဆိုတာ သိတယ်။ ငလုံးက ဘယ်သိမလဲ။ သူ့ကို ကျုပ်က မပြောသေးဘူး။

မင်းတို့ကို ညှို့မညှို့ ဘယ်လိုခွဲခြားသလဲဆိုတော့ ကျုပ်တို့ကို သူက မီးရောင်ကွယ်ပြီး လှမ်းညှို့ရင်တောင် သူ့ပါးစပ်ကထွက်လာမယ့် အခိုးအငွေ့ အမှုန်အစက် အကျိအချွဲတွေနဲ့ သူက လှမ်းမှုတ်ဦးမှာ။ ညှို့တာဟုတ်ရင် ဒီ အခိုးအငွေ့တွေက ကျုပ်တို့ကို လာစဉ်ရ ထိရမှာ။

စပါးကြီးတို့ စပါးအုံးတို့ ဓလေ့စရိုက်က သိနေရင် ဘာပြီး ဘာလာမယ်ဆိုတာ မှန်းရတယ်။ ဒီမြွေတွေရဲ့ ဓလေ့စရိုက်က သားကောင်ကို ညှို့တယ်။ ညှို့လို့ သူတို့မြွေတစ်ကမ်းမှာ သားကောင်ရောက်နေရင် အခိုး အမှုန် အစက် အကျိ အချွဲ ရေမြှုပ်လိုဟာတွေနဲ့ ဘွားခနဲ ဘွားခနဲ လှမ်းလှမ်းပက်တယ်။ နောက်မှ ရစ်ပတ်တယ်။ မျိုတယ်။ ဒါ စပါးကြီးနဲ့ စပါးအုံး ဓလေ့စရိုက်ပါပဲ ဆရာဝမ်း။

မင်းတို့ ဒီမြွေကြီးကို တွေ့အောင် ဘယ်လိုရှာသလဲတဲ့။ ဟုတ်လား ဆရာဝမ်း။ လွယ်လွယ်လေးရယ်၊ သူမြည်သံခေါ်တဲ့ ပလပ် ပလပ် ဖျတ် ဖျတ် အသံပေးနေတဲ့ဆီ သွားချင်သွား။ ဒါမှမဟုတ် သားကောင်ကို သူရစ်ပတ်လိုက်လို့ အရိုးကြေ၊ အရေစုတ်လို့ မချိမဆံ့ ညည်းညူသံပေးတုန်း သွားချင်သွား။ ဒါ သူရောက်နေတဲ့နေရာ ရှာနည်းပဲ။ တောသမားအများစုကတော့ သားကောင်ကို သူမျိုလို့ တစ်ပိုင်းတစ်စ ဖြစ်ချိန်ရောက်မှ သူနဲ့ရင်ဆိုင် တွေ့အောင် သွားလေ့ရှိကြတယ်။

ခုလည်း သားကောင်ကို သူ ရစ်ပတ်ညှစ်သတ်လိုက်တဲ့အသံ ပေါ်ထွက်လာရာကို ကျုပ်တို့ သွားလိုက်တာပါပဲ။ ဆင်အိုရွာ ဆောက်တော၊ ချုံတော၊ ချုံပုတ် ချုံနွယ်တွေကလည်း ဆရာဝမ်းသိတဲ့အတိုင်းပဲ။ လူသုံးလေးရပ်မကဘဲ မြင့်မှမြင့်။ လူတိုးလောက် မပေါက်အောင် ထူမှ ထူ။ ကျုပ်တို့ရဲ့ အထက်ဘက်
ဆောက်တော ဆောက်ချုံ လေး ငါးချုံ ခြားမှာ ရှိနေတဲ့ မြွေကြီးကို ကျုပ်တို့ မီးထိုးရှာကြတယ်။

ကျုပ်တို့ တွေ့တဲ့အချိန်မှာ ယုန်ကို မျိုနေပါပြီ။
မျိုနေတဲ့မြွေက စပါးကြီး မဟုတ်ဘူး။ စပါးအုံး။
မျိုနေတဲ့ စပါးအုံးကြီးက ပေါင်လုံးလောက်တော့ မဟုတ်ဘူး၊ လူကြီး ခြေသလုံးလောက် တုတ်လိမ့်မယ်။ အရှည်က လက်သုံးလံလောက် ရှည်မယ်။ ပေကြိုးနဲ့ လက်အလံနဲ့ တိုင်းပြောတာမဟုတ်ဘူးနော် ဆရာ။ မျက်စိရေး ခန့်မှန်းချက် ခန့်မှန်းပြောရတာ။
မြွေကြီးကလည်း သူ့အစာကိုသူ မက်မက်စက်စက် မျိုနေတာ အငမ်းမရပဲ။

ကျုပ်ခေါင်းထဲမှာ ကျုပ်တွေ့တဲ့ စပါးအုံးကြီးကို ဘယ်လိုလုပ်ရင် ကောင်းမလဲ။ စဉ်းစားနေရတာ အပြန်ပြန် အလှန်လှန်ပါပဲ။

ဆရာဝမ်းကို ပြောခဲ့တဲ့အထဲမှာ စောစောက ပါသွားပါပြီ။ ကျုပ်ဟာ အိမ်ထောင်ဦးစီး။ ပြောရရင် ကိုယ့်သားသမီးနဲ့ သားမယားကို မတောင့်မတ မကြောင့်မကြနဲ့ စားစေချင်တယ်။ ဝတ်စေချင်တယ်၊ သူများထက် မပိုတောင် သူများလို အဆင့်ရောက်တဲ့အထိ ဖြစ်စေချင်တယ်။ စေတနာက တစ်ပိုင်း၊ ရောက် မရောက်က တစ်ပိုင်းပါလို့။

ဒီမြွေကြီးကို သတ်မလား။ ဒီမြွေကြီးက စပါးအုံးဆိုတော့ စပါးကြီးလို သည်းခြေဖို့လည်း နင့်ခနဲနေအောင် ရမှာမဟုတ်ဘူး။ စပါးကြီးသည်းခြေသာ အလုအယက် ဈေးကြီးပေးဝယ်တာ။ စပါးအုံးသည်းခြေကြတော့ ဝယ်မယ့်လူရှားတယ်။ ရှားလို့ ဝယ်သူတွေ့လည်း ဈေးက အလကားမပေးရရုံ သာသာပဲ။ မြွေကြီးကိုသတ်လို့ အသားရောင်းရမလား။ မရဒဿကချိုင် ချိုင်ချင်ရင်သာ ချိုင်ရမယ်။ လင်းမြွေလို၊ မြွေပွေးမြွေဟောက်လို သုံးလေးဆယ်သား၊ လေးငါး ဆယ်သား မဟုတ်ဘူး။ တစ်ကောင်လုံးက အသားကို ကုန်အောင် အတော်ရောင်းရတယ်။ နောက်ပိုင်းမှာ ပုံပေး ပစ်ပေး ပေးရတာသာ များတယ်။ လျှော့ဈေး ပေါ့ဈေးနဲ့သာ အဖြစ်ရောင်းရတာ အတွေ့အကြုံ များမှများ။

ဒါဖြင့် မဖမ်းဘဲ မသတ်ဘဲ နေမလား၊ ကျုပ် အရူးမဟုတ်ဘူး ဆရာဝမ်း။ ကိုယ့်ဆန်အိုး ဆီအိုးကို လာဖြည့်တဲ့ လာဘ်ကြီးကို ပယ်ရမှာဟာ အလွန်မဖြစ်နိုင်တဲ့အလုပ်ပဲ။ ငုံးလေး ပြေလုံးလေးတောင် လိုက်ဖမ်းနေတဲ့လူဟာ မြွေကြီးကျမှ ပစ်ထားခဲ့လို့ ဘယ်ရမလဲ။

ဘယ်လို လုပ်မလဲ။ စဉ်းစားရင်း စဉ်းစားရင်း ကမ္ဘာကျော် ရုပ်သေးနဲ့ မျက်လှည့်အဖွဲ့ ထဲက စပါးအုံးမြွေကြီးကို သတိရတယ်။ သူတို့ကို ဖမ်းရောင်းရ ကောင်းမလား။ သူတို့ များ ဝယ်မလား။ ဝယ်ခဲ့ရင် သတ်ရောင်းရတာထက် ဈေးလည်း ပိုရမယ်။ ငွေလည်း ခေါင်းကွဲပြီး မူးစု ပဲစု ပြားစု ကျပ်စု မနေရဘူး။

အရှင်ဖမ်းရောင်းလို့ တစ်ဆယ်ပိုရရ၊ တစ်ရာပိုရရ၊ တစ်ထောင်ပိုရရ ငါ့ဇနီးမယား၊ ငါ့သမီးသားတွေ ပိုစားရဖို့ပဲ။ ငါ့မိသားစု ပိုစားရ၊ ပိုဝတ်ရ၊ ပိုသုံးရအောင် ငါ အရှင်ဖမ်းမယ်လို့ စိတ်ကူးမိတယ်။

နေစမ်းပါဦး၊ မျက်လှည့်အဖွဲ့က မြွေတစ်ကောင် ရှိနေပေါ့ပဲ၊ မဝယ်ချင်တော့ပါဘူးဆိုရင် မင်းဘယ်လို လုပ်မလဲ။ ကိုယ့်စိတ်ထဲတင် ကိုယ်မေး၊ ကိုယ့်ဘာသာ ပြန်ဖြေနဲ့ စိတ်ဓာတ်ကျမိနေတယ်။ ဝယ်မှာ မဝယ်မှာ မသေချာဘဲ ပစ်ထားခဲ့ရမှာလည်းခက်၊ ခုတ်သတ်ရမှာလည်း ခက်နဲ့။

အခက်ကြုံလို့ ကျုပ်ကသာ ခက်နေတာ။ မြွေကြီးက ယုန်ကိုမျိုနေတာ အခက်အခဲမရှိ ပြီးသွားပြီ။

အဖြေက အခုပေးရတော့မယ်။ သတ်မလား၊ အရှင်ဖမ်းမလား။ ဟယ် အရင်းမစိုက် လှေထိုးလိုက်၊ ပါးစပ်သာစိုက် မြွေတွေ့ခိုက်ပဲ။ မျက်လှည့်အဖွဲ့ ကို မေးမယ် ဝယ်မလား။ ဝယ်ရင် ဖမ်းရောင်းမယ်။ နေရာကိုမှတ်ထား နောက်နေ့မှ ပြန်လာရှာမယ်လို့ ကျုပ် ဆုံးဖြတ်တယ်။

ဟုတ်တယ်ဆရာဝမ်း ကျုပ်နှစ်စဆွဲ လုပ်လိုက်တာ။ စပါးအုံးလို မြွေကြီးဟာ လက်သန်းလောက် လက်ညှိုးလောက် ထန်းမြွေတို့ မြက်လျှောတို့မှ မဟုတ်ဘဲ။ သူဝင်သွားတဲ့ မြွေလူးကြောင်းက မမြင်ချင်မှ အဆုံး။ ပြီးတော့ အစာကလည်း ခုမှ မျိုထားတာ။ သူ ဝေးဝေး ဘယ်သွားလိမ့်မလဲ။ ဝယ်ရင် အရှင်ဖမ်း၊ မဝယ်ရင် အသေဖမ်း၊ ဒီနှစ်လမ်းရှိတာပဲလို့ တွက်ဆပြီး ရွာကို ပြန်ခဲ့တယ်။

ဒီမြွေကြီးကို ဖမ်းဆီးရောင်းချနိုင်ဖို့အတွက် မျက်လှည့်အဖွဲ့က မြွေဆရာကြီးကို ကျုပ် သွားပြောပါတယ်။ ဆရာကြီးတို့ စပါးအုံးမြွေထက်ကြီးတဲ့ မြွေကြီးတစ်ကောင်ကို ကျုပ် တွေ့ထားပါတယ်။ ဝယ် မဝယ် သိပါရစေ။ ဝယ်မယ်ဆိုရင် တတ်နိုင်သမျှ ဈေးချိုချိုနဲ့ ဖမ်းရောင်းချင်ပါတယ်ဆိုတော့ ခင်ဗျားက ရေထမ်းရောင်းနေတဲ့ ဦးတော မဟုတ်လား။ ဒီလောက်ကြီးတဲ့ မြွေကြီးကို ခင်ဗျား အဟုတ်ဖမ်းရဲလို့လားတဲ့။

ကျုပ်ဘေးမှာ ရပ်နေတဲ့ ရွာသားတွေက ရယ်ကြတယ်။ ရွာသားတွေက မြွေဆရာကြီးကို အဲဒီလူက ငန်းပုပ်၊ မြွေပွေး၊ မြွေဟောက်နဲ့ လင်းမြွေတွေကို ဖမ်းရောင်း နေတဲ့လူ။ စပါးကြီးနဲ့ စပါးအုံးကို သတ်ခဲ့ ဖမ်းခဲ့တဲ့လူ။ နယ်ပေါင်းစုံ တောပေါင်းစုံက ကျားသစ်၊ ဝက်ဝံ၊ တောဝက်တွေကိုတောင် သတ်လာခဲ့တဲ့လူ၊ စပါးအုံးလောက်တော့ အပျော့ပေါ့ဆိုမှ အသိအမှတ်ပြုတဲ့အကြည့်နဲ့ ကျုပ်ကို ကြည့်တယ်။ ဒီဒေသမှာ မြွေကို ဘယ်လို ရောင်းသလဲ၊ ဘယ်ဈေးပေးလဲ မေးတယ်။

မြွေပွေး တစ်ပိဿာမှ တစ်ထောင်ကျော်ကျော်။ လင်းမြွေ တစ်ပိဿာမှ ထောင့်ငါးရာဝန်းကျင်။
ဈေးပုံသေမရှိ၊ အတက်အကျရှိတယ်လို့ ရိုးရိုးသားသားပဲ ကျုပ်ပြောတယ်။

မြွေဆရာကြီးက တခြားရွာ တခြားဒေသထက် ဈေးနည်းတယ်နော်။ ခင်ဗျား ပြောတာကြီးကလည်း ကိုယ်ကရောင်းမှာပဲ။ သာသာထိုးထိုးမပြောဘဲ မှန်တန်းပြောတယ်။ ဒီလိုရိုးသားတာကို သိပ်သဘောကျတယ်။ လာ ပိုင်ရှင်ဆီကို သွားကြမယ်ဆိုပြီး ပိုင်ရှင်ဆီ ခေါ်လာတယ်။

သူတို့အချင်းချင်း တီးတိုးတီးတိုး ပြောတယ်။ သူတို့ချင်းပြောလို့ အားရကျေနပ်မှ သူတို့မြွေထက် ကြီးတာဟုတ်ခဲ့ရင် ဝယ်မယ်။ မဟုတ်ရင် ဖမ်းလာလည်း မဝယ်ဘူး။ ကြီးခဲ့ဦးတော့ ဒဏ်ရာ သိပ်ပြင်းထန်လွန်းပြီး သေလောက် ကျေလောက်ရင် မဝယ်ဘူး။
သူတို့ပြောတဲ့အတိုင်း လက်ခံနိုင်ရင်တော့ ငွေငါးထောင်ပေးမယ်။ အချက်အလက်ကတော့ မျက်မြင်မှ ဟုတ် မဟုတ် ဆုံးဖြတ်နိုင်မယ်တဲ့။

ကျုပ်က ပြေပြေပြစ်ပြစ် ပြောရတယ်။ ခြေသလုံးလောက်တုတ်တဲ့ စပါးအုံးကို ဖမ်းရတာဟာ လက်ညှိုးလက်သန်းအရွယ် လင်းမြွေကိုဖမ်း၊ ခါးပုံထဲ ထည့်လာရသလို မလွယ်တာ သေချာပါတယ်။ ထိုက်သင့်တဲ့ ဒဏ်ရာကိုတော့ သည်းခံစေလိုပါတယ်။ ဒဏ်ရာနည်းဖို့ အတတ်နိုင်ဆုံး ကြိုးစားပါမယ်လို့ ပြောရတယ်။ ဓားဒဏ်ရာ လှံဒဏ်ရာတော့ မဖြစ်စေဖို့ ခဏ ခဏမှာကတည်းက တော်ရုံတန်ရုံ ဒဏ်ရာကိုတော့ သူတို့ သည်းခံဝယ်လိမ့်မယ်လို့ ကျုပ် သိလိုက်ပါပြီ။

သူတို့နဲ့ အရောင်းအဝယ်တည့်တာက မနက်ပိုင်း၊ ပြန်ဖမ်းရမှာက နေ့လယ်ပိုင်း၊ အပ်ရမှာက ညပိုင်းဆိုတော့ ကျုပ်လုပ်ရမယ့်အလုပ်က အရေးကြီးလာပြီ။

ကိုင်း ငတော နင်တော့ ကံထလို့ ငွေရပေါက်တွေ့ပြီ။ စပါးအုံးကြီးကို ရွာရောက်အောင် နင် ဘယ်လို သယ်မလဲ။ ထမ်းမလား။ တစ်တိုင်(နှစ်မိုင်) ခရီးကို ဘယ်သူ ထမ်းနိုင်မလဲ။ ထမ်းတော့ကော ကိုယ်ထမ်းမယ့်မြွေက အသေလား။ မြွေအသေမဟုတ်ဘဲ မြွေဟာ အရှင်။ ဘယ်ထမ်းလို့ ရမှာလဲ။

ဒါဖြင့် လှည်းငှားပြီး လှည်းပေါ် တင်ရင်ကော ရမလား။ မြွေကရုန်းလိုက် ကန်လိုက်ရင် နွားက လန့်ပြေးမှာ၊ နွားလန့်ပြေးရင် လှည်းမှောက်မှာ။ လှည်းနဲ့တင်ဖို့လည်း ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒီတော့ ဘယ်လိုလုပ်မလဲ။ ရှင်းလိုက်တဲ့ အဖြေပဲ။ တို့လူလေးများ ဆိုသလေ လုပ်ရတော့မှာပဲ။

ခင်ဗျာ တို့လူလေးများ ဆိုသလေရဲ့ အဓိပ္ပာယ်ကို ဆရာဝမ်း သိချင်တယ်။

တို့လူလေးများ ဆိုသလေ… ဝေလေလေ။
မြွေကြီးကို ဘယ့်နှယ်ဖမ်းမယ်… ဝိုင်းလို့ဖမ်းမယ်။
မြွေကြီးကို ဘယ့်နှယ်သတ်မယ်… ဝိုင်းလို့ အမြီးဆွဲသတ်မယ်။ ညီစေနော်… အေး။
အေးအပြင် အဲ မရှိဘူးလား…… အဲ အဲ အဲ အဲ အဲ။

ဟား ဟား ဟား ဟား အဲဒီ သဘောပါပဲ ဆရာဝမ်းရယ်။ မွဲတော့ ဘာအရင်းအနှီးမှ မရှိတော့ တခြားဟာ လုပ်မစားတတ်တော့ ကိုယ်လုပ်စားတတ်တာလေးနဲ့ ဖြစ်သလို လုပ်စားရတာပါပဲ။ ကြံဖန်လှုပ်ရှား တောသမားပေါ့။

မြွေကြီးကို ဝိုင်းပြီး အရှင် ဖမ်းမယ်။ အရှင်လတ်လတ်အတိုင်း အမြီးကနေပြီး ရွာအရောက် ဆွဲမယ်။ မြေကြီးပေါ် ဒရွတ်တိုက်ဆွဲရာမှာ မြွေမော လူမောရင် နားမယ်။ နားလိုက် ဆွဲလိုက် လုပ်ရင် တစ်တိုင်ခရီးပဲ ဘာ ကြာတာမှတ်လို့။ ဖမ်းထုတ်ဆွဲ ကြာလှ သုံးနာရီပေါ့။ ဒီလို ကျုပ်တွက်တယ်။

ဆွဲမှာတော့ ဟုတ်ပါပြီ။ ဒီခြေသလုံးလောက် စပါးအုံးမြွေကြီးကို ကျုပ်တို့သားအဖသုံးယောက်နဲ့ ဆွဲမှ ဆွဲနိုင်ပါ့မလား။ မြွေဖမ်း မြွေကိုင်ခဲ့တဲ့လူပဲ။ မြွေအကြောင်း သိတာပေါ့။ ဒီမြွေကြီးကို သားဖသုံးယောက်ထဲနဲ့ ဘယ်လိုမှ မနိုင်ဘူး။ ဖမ်းထုတ်တာတောင် ရအောင်ထုတ်နိုင်မှာ မဟုတ်ဘူး။ ဘေးလူခေါ်မှ ဖြစ်မယ်။

ဘေးလူ ဘယ်နှယောက် ခေါ်မလဲ။ နှစ်ယောက်လား၊ သုံးယောက်လား၊ လေး ငါး ယောက်လား။ ကျုပ်တို့ သားဖသုံးယောက်နဲ့ ဘေးလူနှစ်ယောက်နဲ့ဆို ဖမ်းလို့ရမလား။ မြွေကြီးကို အသေဖမ်းမယ်ဆိုရင် သိပ်ကိုရပေါ့။ ခုဟာက အရှင်ဖမ်း။ ရွာအရောက်ဆွဲ၊ ငါးယောက်နဲ့တော့ ဘယ်လိုမှ မရနိုင်ဘူး။

မြွေဖမ်း မြွေထုတ် မြွေဆွဲပွဲဆိုတော့ အလွန်ပင်ပန်းမှာ နေ့တွက်ကို နှစ်ရာလောက် ပေးငှားသင့်တာ။ ဟုတ်ပြီ တစ်ယောက် နေ့တွက် နှစ်ရာပေးငှားမယ်၊ ငါးယောက်ငှားမှ ငွေတစ်ထောင်။ ကိုယ့်အတွက် ငွေလေးထောင် ကျန်ဦးမယ်။

အဖုအထစ်တွေ့နိုင်တာနဲ့ ချောချောမောမော အောင်မြင်တာနဲ့ ချိန်ဆပြီး ဘေးလူ ငါးယောက်ငှားဖို့ ငလုံးကိုတိုင်ပင်တော့ “ငှားဗျ အဖေ … အကောင်ကြီးက လွယ်လွယ်ကူကူနဲ့ ရမယ့်ပုံ မပေါ်ဘူး။ နှမြောမနေနဲ့” လို့ အကြံပေးတယ်။

ဟုတ်လည်း ဟုတ်ပါတယ်။ ခုပွဲက မစိုက်ဘဲ မသီးဘူး။ မပျိုးဘဲ မပေါက်ဘူး ဆိုတဲ့ပွဲ။ အလေ့ကျ ရောက်ပေါက်တဲ့ အပင် မျှော်သလို မြွေဖမ်းတဲ့အနီး တွေ့တဲ့လူကို အကူခေါ် မရတဲ့ပွဲ။ ငှားမယ် .. ငါးယောက် ငှားမယ်။ ဘယ်လို လူ ငှားမလဲ။

ဆရာကြားဖြတ်မေးလိုက်တာက သဘာဝကျပါတယ်။ မြွေကြီးကို တရွတ်တိုက်ဆွဲရင် သေလောက် မသေလောက် မင်း ဘာအခြေခံထား စဉ်းစားသလဲ ဆိုတာ မေးထိုက်ပါတယ်။ ကျုပ် အတွေ့အကြုံအရပါ။ စပါးကြီး စပါးအုံးကို ခေါင်းဓားနဲ့ခုတ်၊ ခုတ်ရာမှာ ပြတ်တော့မသွားဘူးနော်။ ဓားလှံနဲ့ ထိုးချင်းပေါက်အောင် တစ်ချက်က မထိုး။ အမြီးကနေဆွဲခဲ့။ ရွာရောက်လည်း မသေဘူး။ သူ့အသား ရောင်းချမှ သတ်ပစ်ရတာ။ ခုဟာက အဲလောက်ခုတ်မှာ၊ ထစ်မှာ၊ ထိုးမှာမှ မဟုတ်ဘဲ၊ ဘယ်သေပါ့မလဲ၊ မသေရေးချ မသေ။

စကားဆက်ပါ့မယ်။ လူရွေးတဲ့အခါ စိတ်ကောင်း နှလုံးကောင်း မရှိတဲ့ လူကိုရှောင်။ တာဝန်ကျေရုံ ဟန်ရေးပြရုံ ရောယောင်လိုက်တဲ့ လူပယ်။ သေဖော်
ရှင်ဖက် တွဲမယ့်လူမှ ရွေးဖို့ ကျုပ် စီစဉ်ရတယ်။ ခင်ဗျား မြွေဖမ်းတာပဲ စိတ်ကောင်း နှလုံးကောင်း ရှိတဲ့လူ ရွေးရသေးလားကွာတဲ့။ ဟုတ်လား။

ဆရာဝမ်းနော် … ဆရာဝမ်း။ ဆရာဝမ်းက လူကြီး။
ဆရာဝမ်းက စာရေးဆရာ။ ဆရာဝမ်းက ဥပဒေဘွဲ့ရ။
လောကကြီးမှာ ဘာပဲလုပ်လုပ် စိတ်ကောင်း နှလုံးကောင်းရှိသူကို ရွေးချယ်တွဲဖက်မိမှ အောင်မြင်တာ။ ချောမောတာ လုပ်ငန်းထိရောက် ခရီးတွင်တာ။

တာဝန်ကျေရုံ လုပ်တတ်တဲ့ လူသား၊ စိတ်ကောင်း နှလုံးကောင်းမရှိတဲ့ လူသား၊အခိုအကပ် အတွက်အချက်ကြီးတဲ့ လူသားဟာ ဆရာ့ကို မရိုသေလို့ ပြောတာ မဟုတ်ဘူး။ လူတွေ စွန့်ပစ်တဲ့ မစင်လိုဘဲ။ ချုံကြို ချုံကြားလည်း နံတာပဲ။ မြေအိမ်သာလည်း နံတာပဲ။ ရေအိမ်သာလည်း နံတာပဲ။ ကြွေအိမ်သာ လည်း နံတာပဲ။

တာဝန်ကျေရုံ အဖြစ်လုပ်တဲ့လူနဲ့ သေရေးရှင်ရေးပွဲ သွားလုပ်မိရင် သေသွားနိုင်တယ်။ စကားပုံက သမီးယောက်ဖ တောမလိုက်ရ၊ ညီကိုချင်းသာ တောလိုက်ရာ၏တဲ့။ သေရေးရှင်ရေး အရေးကြီးပုံ ပြောတာပါ။

ကျုပ် လူငါးဦးရွေးတဲ့အခါ တောဝါရင့် သမ္ဘာရင့်ထဲက ကျုပ်စိတ်တိုင်းကျ လူငါးဦးကို ရွေးတယ်။ အဲဒီ လူငါးယောက်က ငကြည်၊ ငကျော်၊ ငပိုင်၊ ငနိုင်နဲ့ ငကျင်။

သူတို့ကို မရမက ကျုပ်ကိုယ်တိုင် လိုက်ရှာပြီး ကျုပ်အိမ်ခေါ်ခဲ့တယ်။ အိမ်ရောက်တော့ ကျုပ်လုပ်ချင်တာ ဖွင့်ပြောတိုင်ပင် တစ်ယောက်ကို လုပ်အားခ နှစ်ရာနှုန်း ပေးပါ့မယ်လို့ ကျုပ်ဝန်ခံ၊ ဝိုင်းကြ ဝန်းကြ ကူညီကြဖို့ ပြောရတာပေါ့။

ငကျင်နဲ့ ငပိုင်က ငါ့သား မင်းကပိုက်ဆံ ဘယ်လောက်ချမ်းသာလို့ သူဌေးတွေလို တစ်ယောက်နှစ်ရာနှုန်းနဲ့ ငှားထားတာလဲ။ တစ်ယောက်နှစ်ရာ၊ ငါးယောက်ဆိုတော့ ငွေတစ်ထောင်။ တစ်ထောင်ဆိုတော့ ငွေရပါမယ့် အကြောင်းတဲ့ မျက်ဖြူဆိုက်အောင် ရှာရတာ၊ အသက်ထွက်ခမန်း ရှာရတာ။ မင်းထိုက်လို့ မင်းရတာ တို့မပေးနဲ့။ မင်းကလေးတွေ ဘုတ်အုပ်ဖိုး၊ ခဲတံဖိုးထားလိုက်၊ ဘဝတူ တောသမား အခက်အခဲဖြစ်နေတာကို နေ့တွက်ငွေယူ အငှားလိုက်စားရလောက်အောင် တို့ မမိုက်ရိုင်းဘူး။ အလကားလိုက်ကူမယ်နဲ့ ပြောပါတယ် ဆရာ။

ငကြည်တို့ ငကျော်တို့ကလည်း ဒီလေအတိုင်းပါပဲ။ မင်းလည်း ဖွတ်ကျား၊ တို့လည်း ဖွတ်မွဲ။ ဖွတ် ဖွတ်ချင်း အမြီးလိမ်မနေနဲ့။ ငွေပေး မငှားနဲ့။ မနိုင်ဝန်မှန်သမျှ ကိုယ်မနိုင် သူကူ၊ သူမနိုင် ကိုယ်ကူရမှာပဲ။ ပိုက်ဆံနဲ့ ငှားရင် မလိုက်ဘူး။ လိုက်ကူရဆိုရင် ကူမယ်လို့ ပြောကြပါတယ်။ သူတို့ ပြောသမျှဟာ တစ်လေသံ။ တစ်စေတနာထဲပါဆရာ။

ဆရာစဉ်းစားကြည့်စမ်းပါ။ ကိုယ်ရမှာက ငါးထောင်၊ ဘယ်သူ့ကိုမှ တစ်ပြားတစ်ချပ်မှ ကျုပ်က ခွဲဝေ မပေးဘဲ အလကားခေါ်ရင် ကျုပ်ခွေးမြီးပေါက် အဖြစ်လား၊ ငိုဘသမား မဖြစ်လား။

ကျုပ်သူငယ်ချင်း ​တောသမားတွေအမြင်က တစ်မျိုး။ ဘဝတူ အခက်အခဲရှိရင်ဝိုင်းကူရမယ်ဆိုတဲ့အမြင်။ သူတို့ဘဝကို ဆရာသိသားပဲ။ အဆင့်မီအောင် မွဲတာ။ ရေမငတ်ဘဲ ငွေငတ်နေတဲ့ ကောင်တွေပါ။ ငွေငတ်ပေမဲ့ ဘဝတူ အခက်အခဲကို စာနာ နားလည်ပြီး ငတ်တဲ့ငွေကို ဇွတ်ဖယ်၊ ဘဝတူကို ဝိုင်းဝန်းကူဖို့သာ ရိုးသားဖြူစင်တဲ့ ပကတိ စေတနာ ထားရှိသူတွေ။ စောစောက ကျုပ်ပြောခဲ့တဲ့ စိတ်ကောင်း နှလုံးကောင်းထဲမှာ အဲဒါလည်းပါတယ်။

လူရှစ်ယောက်အုပ်ကြီး ထွက်လာတော့ ချိုင့်ကြီးရွာနဲ့ ဆင်အိုရွာကြားက ငှက်ပျောခြံဝင်ပြီး၊ လက်တစ်ဆုပ်သာသာနိုင်တဲ့ ငှက်ပျောသားတက် သုံးတက်ကို ငကြည်က ဝင်တောင်းခုတ်ခဲ့တယ်။ သူတောင်းမှ ကျုပ် သဘောပေါက်မိတယ်။ မြွေမာန်သက်မယ့်၊ မြွေပါးစပ်ချုပ်မယ့် သဘောပဲ။

စပါးအုံးမြွေကြီးက ယုန်မျိုထားတဲ့ ဘေးမှာရှိတဲ့ ထူးချိုင့်ထဲမှာ ခွေခွေကြီး။ ထူးချိုင့်ထဲမှာ ရေမရှိ ရွှံ့မရှိ အခြောက်။ ချုံပုတ် ချုံနွယ်တွေက သူ့အပေါ် မိုးလို့။ မြွေကြီး ဇိမ်ကျနေတာ။

ချုံပုတ် ချုံနွယ်တွေကို ဝိုင်းရှင်းပြီး ဘယ်လိုလုပ်ဖမ်းမှ ကောင်းမယ်ဆိုတာကို ကျုပ်တို့ လူကြီးခြောက်ယောက် တိုင်ပင်ကြတယ်။

အရေးကြီးဆုံးက မြွေကြီးကို ထုတ်ဖို့ပဲ။

ငလုံးနဲ့ ငမုံးကို ဘေးဖယ်ခိုင်းပြီး ကျုပ်တို့ လူကြီး ခြောက်ယောက် စဖမ်းကြတယ်။

အခွေပေါ် ခေါင်းတင်နေတဲ့ မြွေကြီးကို ပါးစပ်ဖြဲအောင်လုပ်တာက ငကျင်၊ ပါးစပ်ပြဲလာမှ ငှက်ပျောသားတက် ထိုးထိုးပေး၊ ပြန်ပြန်နုတ်။ ထိုးထိုးပေး ထိုးထိုးပေး၊ ပြန်ပြန်နုတ်၊ ခဏခဏ လုပ်တယ်။

ပါးစပ်ကြီး အတင်းပြဲလာမှ ငှက်ပျောသားတက်ကို အကုန်ဆောင့်ပစ် ထိုးထည့်တယ်။ မြွေကြီး ဝါးချင်ဝါး မျိုချင်မျို။ သူ့ပါးစပ်ဖမ်းချုပ်တဲ့ သဘောရရင် တော်ပြီ။

မြွေကြီး ခေါင်းနောက် ခုန်တက်တာက ငကြည်။ ခါးအောက်က အခွေရော မိရာရော ဆွဲဆွဲ ဆုပ်ဆုပ် ဆုပ်ဆုပ် ဖြေဖြေ ဖြေနေတာက ကျုပ်၊ ငကျော်၊ ငပိုင်နှင့် ငနိုင်။

ဟာ ဘာပြောကောင်းမလဲ။ မြွေကြီးက ဆန့်လည်း တင်လိုက်ရော ရှေ့ပိုင်းက ငကြည်လည်း ဂျွမ်းပစ်ကျ။ ငှက်ပျောတက် ထိုးပေးနေတဲ့ ငကျင်လည်း မြွေကြီး ရှေ့ပိုင်းနဲ့ ရိုက်မိပြီး ဖင်ထိုင်လဲ။ ကျုပ်တို့ လေးယောက်လည်း ပက်လက်လန်လဲ၊ အလဲလဲ အကွဲကွဲဘဲ။

မြွေကြီးနဲ့ ကျုပ်တို့ စမ်းကြပြီ။ ငကျင်တို့ ငကြည်တို့ ငနိုင်တို့ ငပိုင်တို့ ကျုပ်တို့ရဲ့ တောသမားသွေးတွေဟာ ဆူပွက်တက်လာပြီ။ တောစိတ်ရိုင်းဝင် ခက်ထန်လာပြီ။ မြွေကြီးကလည်း အခွေဖြေ မာန်သွင်းနေပြီ။

ငကြည်က ငါ့အကြောင်း သိစေမယ်ကွ။ ငကျင်နဲ့ငါက ဂုတ်ခွစီးမယ်။ မင်းတို့လေးယောက်က အမြီးဆွဲဆန့်စမ်းဆိုပြီး ပြောပြောဆိုဆို ခွခွစီးစီး မြွေကြီးအပေါ်ကို ငကြည်နဲ့ ငကျင်က လွှားခနဲကျော် ကားတခနဲ ခွစီးတယ်။

သူတို့ ခွစီးစီးချင်း ကျုပ်တို့ လေးယောက်ကလည်း ခါးကရော အမြီးကရော ပြိုင်တူ ဆုပ်ဆုပ် ဆွဲဆွဲ ဆွဲလိုက်တယ်။

သန်လိုက်တဲ့အကောင်ကြီးဗျာ ခွစီးတဲ့နှစ်ယောက်လည်း ဒလိမ်ကောက်ကွေးကျ။ ကျုပ်တို့ လေးယောက်လည်း ထပ်ပြီးပစ်လဲကျအောင် အမြီးနဲ့ရိုက် ကိုယ်လုံးနဲ့တိုက်တာ ဆက်တိုက်စဉ်တိုက်ပဲ။

သူက သူ့ကိုယ်ကြီးကို တွန့်ရုံ၊ လွန့်ရုံ၊ လူးရုံ၊ လှုပ်ရုံ။ ကျုပ်တို့က လှုပ်ရရှားရတာ အင်ကုန်အားကုန်။

ဘာပြောတယ် ဆရာ။ စပါးအုံးက အကိုက်အပေါက် အားကိုးတဲ့မြွေ မဟုတ်ဘူးဆရာ။ သူ အားကိုးတာက အညှို့ အရစ် အပတ် အမျို။

ဟား ဟား ဟား မြွေသမားကာ စပါးအုံး၊ လင်းမြွေကို ဘယ်ထည့်တွက်မလဲ။ ငှက်ပျောသားတက် ထည့်ထားလည်း ကိုက်ချင်စိတ် မာန်သတ်တဲ့သဘော ဝအောင်ကိုက်ခိုင်းတဲ့သဘော။၊ ပါးစပ်ထဲ ထိုးထည့်တာလည်း ဒီသဘောပါပဲ။ ဒီလို လုပ်ထားတော့ ထူး မကိုက်တော့တာပေါ့။ သူ့ပါးစပ်ထဲက ငှက်ပျောတက်လည်း ထွေးထုတ်ချိန် မရပါဘူး။

ဒီတစ်ခါ ငလုံးနဲ့ ငမုံးပါ မြွေကြီးပေါ် ခွစီးကွာ။ တို့ ရှစ်ယောက်လုံး ခွစီးမယ်။ ဒါကြီးကို ခွစီးထားတဲ့ ရှစ်ယောက်မှာ ရှေ့က သုံးယောက်က စီးမြဲစီး။ နောက်ငါးယောက်က သူ မလှုပ်နိုင်မှ အသာကြွပြီး အမြီးဆွဲဖမ်း။ ဆင့်ကဲ ဆင့်ကဲ ကြွကြွပြီး စမ်းစမ်းဆွဲ၊ အဲလိုလုပ်ရအာင်နော် ငတောလို့ ငကျင်က ပြောတယ်။

ကျန်တဲ့ လူတွေအားလုံးလည်း သဘောတူကြတယ်။ ငကျင်က ပြန်ခွစီးတော့ ကျန်တဲ့ လူတွေဟာ ခွစီးတာ ချက်ချင်းပဲ။ ပထမပိုင်းတော့ နောက်လူ ငါးယောက်က နိုင်သားပဲ။ ရှေ့လူ သုံးယောက်က ဆွဲရလောက်ပြီ ထင်ပြီး ကြွလည်း ပေးလိုက်ရော မြွေကြီးက ရုန်းလိုက်တာ ငါးယောက်စလုံး ပါသွားတယ်။ ကျုပ်တို့ကလည်း မြွေကြီးကို မလွှတ်ဘူး။ မြွေကြီးက ရှေ့ဇွတ်အရုန်းမှာ ငါးယောက်စလုံး ပစ်လဲတယ်။ ကျန်သုံးယောက် ကူချိန် မရလိုက်ဘူး။

မြွေကြီးက ရှေ့ရုန်းတယ်ဆိုလို့ ရှေ့တည့်တည့်လူပြေးသလိုပြေးတာ မဟုတ်ဘူး ဆရာဝမ်း။ သူ့ကိုယ်ကြီးကို လိမ်လိုက်၊ တွန့်လိုက် ကွေးလိုက်၊ ဆန့်လိုက် လုပ်ပြီးမှ ရှေ့သွားတာဆိုတော့ သဘာဝကိုက ရုန်းသလို ကန်သလို၊ အမြီးနဲ့ရိုက်၊ ကိုယ်နဲ့တိုက်သလို အလိုအလျောက် ဖြစ်ဖြစ်သွားတာ။

ငကြည်ရော၊ ငကျင်နဲ့ ငကျော်ရော၊ ဒီအတိုင်းလုပ်လို့ကတော့ မရတော့ဘူး။ အရှင်ရောင်းရမယ့်မြွေဆိုပြီး ညှာနေတာ တို့ မစားသာဘူး။ နည်းပြောင်းမှ ဆိုပြီး ဒဟတ်သားနဲ့ နပဲသားကို ဖြောင်းဖြောင်းဒိုင်းဒိုင်း ခုတ်ကြတာ သွက်သွက် လက်လက်ပဲ။ ကျုပ်တို့ကလည်း မြွေကြီး ချောက်ပိုကျတဲ့ဘက် မသွားဖို့ လုပ်ရကိုင်ရတာ ချွေးပြန်နေရော။

ခုတ်လာတဲ့ ဒဟတ်သားစိုစို နပဲသားစိုစိုတုတ်တုတ်နဲ့ မြွေကြီးဇက်နောက်ကို ဖောင်းခနဲ၊ ဖောင်းခနဲ၊ ဖုန်းခနဲ၊ ဖုန်းခနဲ၊ အားကုန်ရိုက်ရတယ်။ မြွေသတ်သလိုတော့ မရိုက်ရဘူး​ပေါ့။ ခေါင်းကြေမွအောင်၊ အဆက်ပြုတ်အောင်တော့ ရှောင်ရတာပေါ့။ ရိုက်တာတော့ မြွေမာန်လျှော့အောင် ရိုက်မှ ဖြစ်တော့မှာကိုး။

အတော်လေး ရိုက်ပြီးမှ နှစ်ယောက်က ပြန်ခွစီး ကျန်ခြောက်ယောက်က ဆွဲပြန်ရော။ ဆွဲလိုက် ရုန်းလိုက်၊ ရုန်းလိုက် ဆွဲလိုက်နဲ့ မြွေမော လူမောပဲ။ မြွေပင်ပန်း လူပင်ပန်းပဲ။ ဘယ်လောက် ပင်ပန်းသလဲလို့ ဆရာဝမ်းမယ်။ နားထဲက လေတွေထွက်တာ တွီတွီ တွီတွီ တွီတွီ နဲ့ မြည်ရော။

မြွေကြီးလည်း ပင်ပန်းတော့ ဖမ်းစကလို ဇွတ်မရုန်းဘူး။ စွပ်မရုန်းဘူး။ ဖမ်းရင် လျှော့လိုက်လာတယ်။ နားရင် ပြန်ရုန်း ပြန်သွားတယ်။

ရိုက်ဟာ ကြေညက်တော့ မသွားစေနဲ့၊ အဆစ်မပြုတ်စေနဲ့ ၊ မပေါက်မပြဲစေနဲ့လို့ ပြောပြော ရိုက်ရိုက်။ ရိုက်ရိုက် ဆွဲဆွဲ ဆွဲကြတယ်။ ဆွဲရင်း ဆွဲရင်း ကျုပ်တို့ အားလုံး အဖြေတွေ့လာတယ်။ အဖြေမှန်ဆိုတာ တစ်ခုထဲ ရှိမယ်ဆိုတာ ဒါမျိုးနေမှာ။

ဟေး ဟေး မြွေကြီးကို ဒီတစ်ခါဆွဲရာမှာ ဆွဲနိုင်သလောက် ဝေးဝေးဆွဲပြေး။ မဆွဲနိုင်မှနား။ သူ ရှေ့ပြန်ရုန်းတဲ့အခါ ခါတိုင်းလို နောက်ဆွဲမထားနဲ့။ သူ ရှေ့ရုန်းရင် ကိုယ်ကပါ ရှေ့ပိုရောက်အောင် ဝိုင်းတွန်းပေး။ တွန်းရသလိုတွန်း၊ ဝိုင်းတွန်း ထိုးထုတ်လို့ သူသွားနိုင်တဲ့ အရှိန်ထက် ဟန်ချက်ပျက်မှ နောက်ဆွဲပြေး။ ပြေးတာမှ ဒုန်းပြေး။ သူ ရုန်းချိန် ကန်ချိန်၊ ပြန်အရှိန်ယူချိန် မရစေနဲ့။ ပြေးတဲ့အခါ ဒုန်းပြေး။ လဲတဲ့သူက လဲတဲ့နေရာနေ။ နောက်မှ ပြေးလိုက်ခဲ့။

လဲတဲ့လူကလဲ။ ဆွဲတဲ့လူကဆွဲ။ မြွေကြီး ရှေ့ပြန်ရုန်းပလား။ ရုန်းပြီး ရုန်းရင်၊ မီရာ မိရာကို ဖမ်းကိုင်၊ ရှေ့ပစ်ထိုး၊ ရှေ့တွန်းထိုး၊ ထိုး ထိုး ထိုး ဟန်ချက် ပျက်ပြီ… ပျက်ပြီ၊ ဆွဲ ဆွဲ ပြေး ပြေး ပြေးဟေ့… ပြေးဟ။

ဆွဲဆွဲ ပြေးပြေး ပြေးတာဆိုတော့ မြွေကြီးကလည်း တရွတ် တရွတ်၊ ကျုပ်တို့အဖွဲ့ လည်း ဆူးမှန်း၊ ငုတ်မှန်း၊ ချောက်မှန်း၊ ကျင်းမှန်း မသိတော့ လဲသူလဲ၊ ကွဲသူကွဲ၊ ပြဲသူပြဲ၊ နဖူးပွန်း၊ ဒူးပွန်း၊ တံတောင်ပွန်း၊ လက်ပွန်း။

တောသမားသွေးဆိုတော့ သေရေး ရှင်ရေးမှာ ကျားစီးဖားစီးပဲ။ ချိုင့်ကြီးသားကွ… ချိုင့်ကြီးသားသတ္တိပြကွနဲ့ ကုန်းအော်ပြီး ကျုပ်တို့ ဆွဲလာတော့ ဆင်အိုရွာကလူတွေက ဘာပါလိမ့်ဟု ထွက်ကြည့်သူက ကြည့်ကြတယ်။

မြွေအရှင်ကြီး ဆွဲလာတာဆိုတော့ ကိုက်မှာကြောက်ပြီး ရှောင်သူက ရှောင်တယ်။

စပါးအုံးကြီး ပါကွာ၊ ကိုက်မှာ မကြောက်ပါနဲ့လို့ ပြောသူက ပြောကြတယ်။

တစ်ဝမ်းတစ်ခါး တစ်အိုးတစ်အိမ်၊ ဘဝဝမ်းစာအတွက် ဒီလောက် ဆင်းဆင်းရဲရဲ လုပ်ကြရရှာတာပါလားလို့ ကရုဏာသက်သူက သက်ကြတယ်။ တောသမားဆိုတော့ နဖူးကချွေး ခြေမအထိ အကျခံ၊ ခန္ဓာကိုယ်ကသွေး ပေါက်ကွဲပြဲ အထွက်ခံ လုပ်စားရတာပါပဲ။

မြွေကြီးကလည်း တရွတ် တရွတ် တရွတ် တရွတ်နဲ့ ပါလာလိုက်တာ အသေကောင်ကြီးလိုပါပဲ။ သူ ရုန်းနိုင်အားထက် ပိုတဲ့ လူဆွဲအားနဲ့ဆိုတော့ မလှုပ်နိုင်ဘူး။ သူ ရုန်းဖို့ ကန်ဖို့ အခွင့်မပေးဘဲ ဆက်တိုက်စဉ်တိုက်ဆိုတော့ ခါတိုင်းလို မကြံသာ မဖန်သာဘူး။ မြွေပင်ပန်း လူပင်ပန်းမှ ကျုပ်တို့ နားရတယ်။

ပြန်ပြီးတော့ မရုန်းဘူးလား၊ အသေကောင်ကြီးလိုပဲ မင်းတို့ နားချိန်မှာ နေသလားဆိုတော့ ဘယ်နေမလဲ ဆရာဝမ်းရယ်။ တစ်ချီတစ်ပွဲတော့ အကဲပြန်စမ်းတာပေါ့။ ထပ်ပြီး နှစ်ယောက် ပြန်ရိုက်ရတာပေါ့။

ရိုက်လိုက်၊ ငြိမ်လိုက်၊ နားလိုက်၊ ဆွဲလိုက်၊ ရိုက်လိုက်၊ နားလိုက်၊ ဆွဲလိုက် လုပ်လာတော့ မြွေကြီး မရုန်းတော့ပါဘူး။ တရွတ်တိုက် လိုက်တော့တာပါပဲ။ သူ အဲလိုလိုက်လာတော့ ကျုပ်တို့ သက်သာတာပေါ့။ အလှည့်ကျဆွဲ အလှည့်ကျနား။ စပါးအုံးကြီး တစ်ကောင် လူရှစ်ယောက်။ ချိုင့်ကြီးနဲ့ ဆင်အို ဇာတ်ကားမှာပါတဲ့ ကျုပ်တို့ရှစ်ယောက်စလုံး မြင်စရာ မကောင်းဘူး။ ဖုန် ချွေး သစ်ရွက် သဲ အမှိုက် အလိမ်းလိမ်း။ သွေးတွေ ချွေးတွေ တရွဲရွဲနဲ့။

ကမ္ဘာကျော်အဖွဲ့က မြွေကြီးကို ဝိုင်းကြည့်ကြပြီး အံ့အားသင့်နေကြတယ်။

မြွေကြီးပါးစပ်ထဲက ငှက်ပျောသားတက်ကို ရဲရဲဆွဲနုတ်ရင်း မြွေဆရာကြီးက စပါးအုံးကြီးကို ကျောသပ်ပြီး ပြောတယ်။ ခုချိန်ကစပြီး မင်းဟာ ငါ့ရဲ့သားသမီး ဖြစ်သွားပြီ။ မင်းကိုငါက သံယောဇဉ်ကြီးသလို မင်းကလည်း ငါ့ကို ပြန်သံယောဇဉ်ရှိဖို့ လိုပြီ။ ငါ့သားသမီး ဖြစ်လာတဲ့ မင်းဟာ မင်းတစ်သက်မှာ လူ့လက်ချက်နဲ့ အသက် မသေစေရဘူး။ သဘာဝသားရဲတိရစ္ဆာန်ရန်နဲ့ မသေစေရဘူး။ ငါ ရဲရဲကြီး တာဝန်ယူလိုက်ပြီ။ ငါ့ရဲ့ မှန်သောသစ္စာ၊ မှန်သော စေတနာကြောင့် ငါ့ကို မင်း မိဘသဖွယ်၊ ဆရာသမားသဖွယ်၊ မိသားစုသဖွယ်၊ စေတနာတုံ့ပြန်ထားပါစေသတည်း။ အကောင်းလာချင်တာကြောင့် အဆိုးရှေ့ကခံဆိုသလို ငါ့ဆီမရောက်မီက တွေ့ခဲ့သော ဒုက္ခမျိုး၊ နာကျင်ပင်ပန်းခြင်းမျိုးသည် နောက်ဆုံး ဖြစ်ပါစေသတည်းနဲ့ မြွေဆရာကြီးက တတွတ်တွတ် ဆုတောင်းတယ်။

နိပ်ဟ ဒီကထဲက ငါ့မြွေကို ဝယ်ပြီ။ ငွေချေတော့မှာ။ ဒဏ်ရာအနည်းအများနဲ့ ဈေးမနှိမ်တော့ဘူးဆိုတာ ကျုပ် သိလိုက်ပါပြီ။

ကျန်တဲ့ ကမ္ဘာကျော်အဖွဲ့သားတွေကတော့ လက်ဖျားခါကြ၊ တောက်ခေါက်ကြ၊ ချီးကျူးကြပါတယ်။

တောက် အတော်မိုက်တဲ့ ချိုင့်ကြီးသား။ စပါးအုံး ကြီးကို အရှင်ဖမ်းအပ်မယ်ဆိုတာတော့ ဟုတ်မှ ဟုတ်ပါ့မလား ထင်မိတယ်။ ကိုယ်တွေ့မို့သာ ယုံကြည်ရတယ်။ တခြားလူက ဒီအကြောင်းကို တို့သာ ပြောရင် ယုံကြည်မှာမဟုတ်ဘူး။ တို့က တခြားလူ ပြောရင် ယုံကြည်မှာ မဟုတ်ပြန်ဘူး။

စာရေးဆရာကို ပြန်ပြောလို့ စာရေးဆရာက ဝတ္ထုရေးရင်တောင်မှပဲ ဒီလောက် မြွေကြီး လက်ရဖမ်းတာ ကျိန်းသေ စိတ်ကူးယဉ်ရေးတာလို့ ရှုတ်ချဝေဖန် ခံရမယ်။ လက်တွေ့မို့သာ မယုံချင် ယုံချင်နဲ့ ယုံရတယ်။ အံ့အားလဲ သင့်ရတယ်။ တကယ့် လူတွေလို့ တအံ့တသြ ပြောပါတယ်။

သူတို့ သိမသွားသေးတဲ့ အကြောင်းတစ်ခု ရှိပါသေးတယ်။ သူတို့ရှေ့ မြွေကြီးဘေးမှာ ပုဆိုးစုတ်၊ အင်္ကျီကွဲ၊ နဖူးပွန်း၊ ဒူးပဲ့၊ တံတောင်သွေးထွက်၊ မျက်နှာဖုတ်လူး၊ ချွေးနက်ကြီးတွေကျ၊ ပါးစပ်ဟအသက်ရှူ ဖိုထိုးသလို မောနေတဲ့ ကျုပ်သူငယ်ချင်း ငါးယောက်ဟာ ချွေးမြေခ သွေးမြေကျ လုပ်ပေးခဲ့ရှာကြပေမဲ့ ဘာဆိုဘာမှ မျှော်လင့်ချက်မထား၊ ငွေတစ်ပြားတစ်ချပ်မှ မယူခဲ့တဲ့ စေတနာဝန်ထမ်း ကူညီခဲ့သူတွေ။

အဲဒီ ငါးဦးလုံးဟာ ဆင်းရဲတယ်၊ နွမ်းပါးတယ်၊ ကျပ်တည်းတယ်။ ရေမဆာဘဲ ငွေဆာနေကြတယ်။

ငွေဘယ်လောက်ဆာဆာ သူတို့ဟာ ငွေထက်အရေးကြီးသောအရာ လောကမှာ ရှိသေးတယ်။ အဲဒါအတွက် စွန့်လွှတ်စွန့်စားရမယ်ဆိုတဲ့ ဘဝအသိ ရှိခဲ့သူတွေပါ။

သူတို့ဟာ ဘဝတူ စားရရင် ဝမ်းသာ၊ ဘဝတူ မစားရင် ဝမ်းနည်း၊ ဘဝတူက ပေးတိုင်းလည်း မယူ၊ ကျွေးတိုင်းလည်း မစား။ ယူသင့် မယူသင့်၊ စားသင့် မစားသင့်၊ ချင့်ချိန်ပြီး လူ့စည်း ဘီလူးစည်း စည်းစောင့်ခဲ့တဲ့ လူတွေ။

သူတို့ဟာ ဟန်ပြော၊ ဟန်ကူ၊ ဟန်လုပ်၊ ဟန်သွား၊ ဟန်သမားတွေ မဟုတ်။ လုပ်ဖော်ကိုင်ဖက် သံယောဇဉ်နဲ့ ရိုးရာဓလေ့ ထုံးတမ်းစဉ်လာစိတ်နဲ့ ကူညီခဲ့ကြ ပါတယ်။

လောကကြီးမှာ ငွေဟာ အရေးကြီးပါတယ်။
ငွေထက်ပိုအရေးကြီးတာက လုပ်ဖော်ကိုင်ဖက်ကို ချစ်မြတ်နိုးတဲ့စိတ်၊ ဘဝတူကို ချစ်မြတ်နိုးတဲ့စိတ်၊ ကိုယ့်ရပ် ကိုယ့်ရွာ ကိုယ့်နယ် ကိုယ့်မြို့ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို ချစ်တဲ့စိတ်။

သူတို့ဟာ အဲဒီလို အဓိပ္ပာယ် ဖွင့်မပြတတ်ပေမဲ့ မြန်မာကောင်းတို့ရဲ့ စိတ်ဓာတ်ဖြစ်တဲ့ အရေးကြီးရင် သွေးစည်းတဲ့စိတ်၊ အရေးကြုံရင် သွေးဆုံတဲ့စိတ်၊ အရေးအကြောင်းရှိရင် သွေးအပေါင်းက သိပြီး အခက်အခဲကို စုပေါင်းဖြေရှင်းတဲ့ မြန်မာစရိုက် အပြည့်အဝ ရှိသူတွေ ဖြစ်ပါတယ်။ ဒီလူတွေအကြောင်းကို မျက်လှည့်အဖွဲ့က ဆရာတွေ သိများ သိခဲ့ရင်၊
ပိုက်ဆံတစ်ပြားမှ မယူဘဲ သေသေကျေကျေ ကူခဲ့တဲ့ သူတို့ကို ပိုပိုတောင် အံ့ဩဦးမယ်။

ကဲ မြွေကြီးအကြောင်း ပြောပြီးပြီ။ ဆရာ ကျေနပ်ပြီလား။ မိဂျမ်းရေ သမုန်းဖူးသုပ် ယူခဲ့ပါတော့ကွာ။ စား ဆရာ … သမုန်းဖူးသုပ်က ကြုံကြိုက်မှရတာ။

(မြောင်မြို့နယ် တွင်းကြီးကျေးရွာအုပ်စုမှ ငှက်ရိုက်ငှက်ဖမ်းသမားတစ်စုသည် တစ်တိုင်(နှစ်မိုင်) ဝေးသော ကျားအိုကျေးရွာ အင်းအတွင်းရှိ ဆောက်ချုံထဲက စပါးအုံးကြီးကို အမြီးမှ အရှင်လတ်လတ် ဝိုင်းဆွဲပြီး တွင်းကြီးရွာအထိ ဖမ်းယူလာကြ သည်။ ဤမြွေကြီး ဖမ်းယူခဲ့မှုကို လေ့လာထိတွေ့မေးမြန်းကာ ဤဝတ္ထုတိုကို ရေးသားခဲ့ပါသည်။ ဖမ်းဆီးလာသောနှစ်မှာ ၁၉၉၄ ခုနှစ်က ဖြစ်ပါသည်။)

– ပြီးပါပြီ။

စာရေးသူ – တွင်းကြီးဝမ်းမောင်အားလေးစားလျက်

Like&shareလေးနဲ့အားပေးကြပါအုံး