ဌာပနာမျက်လုံး

အောင်မြတ်သာနှင့်ဌာပနာမျက်လုံး

အမိုးအကာမရှိတဲ့ လယ်ကွင်းပြင်ထဲမှာ အပေါ်ပိုင်းအဝတ်ဗလာဖြစ်နေတဲ့ လယ်သမားအချို့ က နေမင်းရဲ့အပူဒဏ်ကိုအံတုရင်း ပျော်ရွှင်စွာ ကောက်ရိတ်နေကြတယ်။ သူတို့ရဲ့အတွေးထဲမှာ တော့ ညနေအလုပ်ဆင်းတာနဲ့ ရွာထိပ်မှာကျင်းပမယ့် ဘုရားပွဲကိုသွားဖို့စိတ်အားထက်သန်နေကြတယ်။

“ဟေ့ ညိုကြီး ညနေကျရင် ရေမိုးချိုးပြီး ငါ့ကိုလာခေါ်နော်”

“အေးပါ မင်းသာ စောစောပြီးအောင်လုပ်ထား ငါကရေချိုးတာမြန်ပါတယ် ဒါနဲ့ ဘုရားပွဲကို ကိုရင်လေးလာမယ်ဆိုတာသေချာလား”

“အေး ငါလဲ လာမယ်လို့ကြားတယ် သူလာရင် တွေ့ဖူးတယ်ရှိအောင် သွားကြည့်ဦးမှပဲ”

“ငါကြားထားတာက ဒီဘုရားကို ကိုရင်လေးက ဌာပနာရှာပြီး ထည့်ထားပေးတာဆိုပဲ”

“အဲဒါတော့ ငါသေချာမသိဘူး အခုလောလောဆယ် ဒီလယ်ထဲက ကောက်လှိုင်းတွေ အမြန်ကုန်ဖို့ပဲအရေးကြီးတယ်”

စကားပြောရင်း ကောက်လှိုင်းတွေ ရိတ်နေကြတဲ့သူနှစ်ဦးရဲ့ စိတ်ထဲမှာတော့ ညဘက်ကျရင် မီးရောင်စုံလင်စွာနဲ့စည်းကားနေမယ့် ရွာဘုရားပွဲအကြောင်းကသာစိုးမိုးနေခဲ့တယ်။

ညနေစောင်းရောက်တော့ ကျွန်းသာရွာတစ်ရွာလုံး ဝတ်ကောင်းစားလှတွေဝတ်ဆင်ပြီး ဘုရားပွဲကိုသွားဖို့ ဟန်ရေးတစ်ပြင်ပြင်ဖြစ်နေကြတယ်။ ကာလသားအချို့ကလဲ ဘန်ကောက်ပုဆိုး တကားကားနဲ့ လမ်းသလားနေကြသလို ရွာခံအပျိုတွေကလဲ မျက်နှာချေအဖွေးသားနဲ့ ကာလသား တွေရှေ့မှာ ဟန်ရေးတစ်ပြင်ပြင်ဖြစ်နေကြတယ်။

ညမှောင်စပျိုးတော့ မြို့ကငှားထားတဲ့ ဇာတ်ပွဲရဲ့ လော်စပီကာကနေ

“ အဟမ်း အဟမ်း ကျွန်းသာရွာမှာရှိတဲ့ ရွာသူရွာသားများနဲ့ အခြားရပ်နီးရပ်ဝေးကနေ လာရောက်ကြတဲ့ ဧည့်ပရိတ်သတ်များအားလုံး နားထောင်ပေးကြပါ”လို့အော်နေပေမယ့် အပျော်မက် နေကြတဲ့ရွာသူရွာသားအချို့က ကြေညာချက်ကိုနားမထောင်ပဲ ကြွက်စိကြွက်စိနဲ့ဆူညံနေကြတယ်။

“ဟေ့ အခုပြောနေတာ ဒီရွာရဲ့ကျောင်းထိုင်ဘုန်းကြီးပဲ နင်တို့နားမထောင်ရင် နောက်နေ့ဇာတ်ပွဲကိုပါပြန်ခိုင်းလိုက်မယ်”

ရွာဦးဆရာတော်က သူ့စကားကို နားမထောင်ကြတဲ့ ရွာသားတွေကို လော်ထဲကနေ ကြိမ်းမောင်းလိုက်တော့မှ ဆူညံနေတဲ့ပွဲခင်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့ကြတယ်။

“အေး အားလုံးနားထောင်ကြ ခဏနေကြရင် ငါတို့ရွာဦးစေတီရဲ့ ဌာပနာအလှူရှင်ကိုရင်လေး က အလှူလိုက်ခံလိမ့်မယ် ရွာထဲမှာရှိကြတဲ့ စေတနာရှင်တွေက စေတီဌာပနာထဲထည့်ဝင်လိုတဲ့ ပစ္စည်းတွေရှိရင် တစ်ခါထဲထုတ်ထားကြ မရှိလို့မလှူ မလှူလို့မရှိ မဖြစ်ရလေအောင် နိုင်သလောက် ထည့်ဝင်ကြဦး”လို့အော်ပြောပြီးတဲ့အချိန် လော်ထဲကနေ လေဘာတီမမြရင်ရဲ့ သီချင်းသံအချို့ ထွက်ပေါ်လာခဲ့တယ်။

ပွဲကြည့်ဖို့စောင့်နေကြတဲ့လူအုပ်ကြီးကလဲ ဆရာတော်ရဲ့ဆော်သြမှုကြောင့် ဌာပနာပစ္စည်း အချို့ထည့်ဖို့စောင့်နေကြတဲ့အချိန် ဇာတ်ရုံဘေးကနေ ဝတ်ဖြူစင်ကြယ်ဝတ်ထားတဲ့ လူတစ်ယောက် ငွေဖလားတစ်လုံးကိုကိုင်ကာ ထွက်လာခဲ့တယ်။ သူ့အနောက်မှာတော့ ရွာဦးဆရာတော်က ဌာပနာ ထည့်ဖို့ပြင်ထားတဲ့ ရွှေရောင်ကြုတ်လေးကိုကိုင်ပြီးလိုက်ပါလာခဲ့တယ်။

ရွာသူရွာသားတွေကလဲ ဌာပနာဖလားကိုင်ထားတဲ့ ကိုရင်လေးကို အနီးကပ်မြင်ဖူးတယ် ရှိအောင်တိုးဝှေ့ကြည့်ရင်း ပါလာတဲ့ရွှေတိုရွှေစနဲ့ ငွေသားတွေကို ဌာပနာဖလားထဲ အလုအယက် ထည့်ခဲ့ကြတယ်။ ကိုရင်လေးဆိုသူက ဌာပနာဖလားနဲ့ ပွဲခင်းတစ်ပတ် အလှူခံပြီးချိန်မှာတော့ ဆရာတော်ကျောင်းကိုပြန်သွားခဲ့တယ်။

ကိုရင်လေးအကြောင်းကိုသိချင်ကြတဲ့ လူအချို့ကတော့ ဇာတ်ပွဲကတာကို မကြည့်တော့ပဲ ဆရာတော်ကျောင်းကို လိုက်ပါလာခဲ့ကြတယ်။ ဆရာတော်နဲ့ ကိုရင်လေးတို့ ဌာပနာပစ္စည်းတွေကို စစ်ဆေးနေတဲ့အချိန် ကျောင်းအောက်ထပ်မှာနေတဲ့ ကပ္ပိယကြီးအခန်းမှာ စပ်စုလိုသူတွေ ပြည့်နေခဲ့တယ်။

“ကပ္ပိယကြီး ကိုရင်လေးက ဌာပနာရှာတဲ့နေရာမှာ နာမည်ကြီးဆိုလို့ သူ့အကြောင်းသိရင် ပြောပြပါဦး”

နှုတ်ခမ်းနီပါးနီကို ကြောက်မက်ဖွယ်ကောင်းအောင် လူးထားတဲ့ အပျိုထိန်းမစောရဲ့ စကားကြောင့် ဘေးနားမှာရှိနေကြတဲ့ ကာလသားတွေ အသံထွက်ရုံရယ်လိုက်ကြပြီး

“မစောက ကိုရင်လေးအကြောင်း အရမ်းစိတ်ဝင်စားနေပါလား တစ်ခုခုတော့ တစ်ခုခုပဲနော်”

“ဟဲ့အကောင်တွေ ငါက သဘောရိုးနဲ့မေးတာ နင်တို့ပေါက်ကရတွေမပြောစမ်းပါနဲ့အေ”

မစောက စနောက်နေကြတဲ့ ကာလသားတွေကို မျက်စောင်းထိုးကာပြောလိုက်ပြီး ကပ္ပိယကြီးဆီကထွက်လာမယ့် စကားလုံးတွေကို စောင့်မျှော်နေခဲ့တယ်။

“ ကိုရင်လေးအကြောင်းသိသလောက်ပြောရမယ်ဆိုရင် သူကခုနှစ်သားလောက်မှာ ကိုရင်ဝတ်ပြီး အကြားအမြင်တွေရခဲ့တယ်လို့လဲ ပြောစမှတ်ရှိခဲ့တယ်။ ကိုရင်လေးက အသက် ၁၃နှစ်မှာ လူထွက်ခဲ့ပြီး ဘယ်ကိုရောက်မှန်းမသိအစနပျောက်သွားခဲ့သေးတယ် သူ့အသက်၂၃နှစ် လောက်ရောက်မှ ပြန်ပေါ်လာခဲ့တာ မြတောင်ရွာဦးစေတီဆိုတာ သူတည်ခဲ့တာပဲလေ တစ်ဆင့် စကားတစ်ဆင့်နားကြားရတာကတော့ ကိုရင်လေးက ဘယ်သိုက်မှာ ဘယ်လိုဌာပနာပစ္စည်းတွေ ယူရမယ်ဆိုတာသိတယ်တဲ့ လက်တွေ့တော့ ငါလဲမကြုံဖူးလို့မသိဘူး မင်းတို့သေချာသိချင်ရင် ဆရာတော်ကိုသာသွားလျောက်ကြတော့”

ကပ္ပိယကြီးစကားကြောင့် စုရုံးစုရုံးဖြစ်နေကြတဲ့ ရွာသူရွာသားတွေအားလုံး စိတ်ပျက်သွားကြပြီး

“ဆရာတော်ကို မမေးချင်လို့ ကပ္ပိယကြီးကိုလာမေးပါတယ်ဆိုမှ စျေးလာကိုင်နေတယ် ကိုယ့်ဘာသာ ဇာတ်ပွဲသွားကြည့်တာပဲ ကောင်းတယ်”ဆိုပြီးပြောကာ အသီးသီးထွက်သွားခဲ့ကြတယ်။

ကပ္ပိယကြီးလဲ ရွာသူရွာသားတွေထွက်သွားတဲ့အချိန်ရောက်မှ ကျောင်းပေါ်ကိုတက်လာပြီး

“ မောင်စိတ္တ သူငယ်ချင်း ငါတို့မတွေ့တာ နှစ်ပေါင်းသုံးဆယ်ကျော်ရှိပါကောလား”လို့ပြောကာ ဆရာတော်နဲ့စကားပြောနေတဲ့ ကိုရင်လေးဆိုသူကိုပွေ့ဖက်နှုတ်ဆက်လိုက်တယ်။

“ ရွှေဘ မင်းရွှေဘမဟုတ်လား”

“အေး ဟုတ်တယ် ကိုရင်လေး ကိုရင်လေးဆိုပြီး နာမည်ကြီးနေတာကို ကြားနေရတာ ကြာရောပေါ့ မနေ့က မင်းကျောင်းကိုလာတော့မှ ငါမှတ်မိတာ”

ငယ်သူငယ်ချင်းနှစ်ယောက် ပွေ့ဖက်နှုတ်ဆက်နေတာမြင်တော့ ဆရာတော်က

“မင်းတို့နှစ်ယောက်က သိနေကြတာလား”

“တင်ပါ့ဘုရား တပည့်တော်ကလူဝတ်ကြောင်နဲ့ သူကတော့ ကိုရင်စိတ္တအဖြစ်နဲ့ဓမ္မရံသီ ဘုန်းကြီးကျောင်းမှာ စာတူတူသင်ခဲ့တာလေ”

“အော် ငယ်သူငယ်ချင်းတွေပြန်ဆုံတွေ့တာဆိုတော့ အေးဆေးစကားပြောကြဦး”

ဆရာတော်က ကပ္ပိယကြီးနဲ့ ကိုရင်လေး(ခေါ်)စိတ္တတို့ကို လွှတ်လွှတ်လပ်လပ်စကားပြောဖို့ ခွင့်‌ပေးခဲ့ပြီး ကျက်သရေတိုက်ထဲကိုပြန်ဝင်သွားခဲ့တယ်။

“စိတ္တ မင်းကဘယ်လိုဖြစ်ပြီး လူထွက်လိုက်ရတာလဲ”

“ပြောရရင်တော့အရှည်ကြီးပဲ သူငယ်ချင်း ငါငယ်ငယ်ထဲက မြင်နေတွေ့နေရတဲ့ ဖြစ်ရပ်တွေက ဒီအခြေအနေရောက်အောင်တွန်းပို့ခဲ့တယ်လို့ပြောရမယ်”

“ဒါဆို ငါတို့ရွာဦးစေတီရဲ့ ဌာပနာတွေကို မင်းပဲရှာပေးခဲ့တာပေါ့”

“ဟုတ်တယ်သူငယ်ချင်း ဒီစေတီတည်တဲ့အခါ လိုအပ်တဲ့ဌာပနာတွေကို ငါကိုယ်တိုင် လိုက်ရှာပြီးလှူပေးခဲ့တာ ဒီပစ္စည်းတွေရဖို့အတွက် ဥစ္စာစောင့်မောင်နှစ်မနှစ်ယောက်နဲ့ စကားတွေ တောင်များခဲ့ရသေးတယ် သူတို့က ငါ့ကိုသိုက်တူးသမားထင်နေလို့ ငါ့ခဗျာအာပေါက်မတတ် ရှင်းပြ ခဲ့ရသေးသဗျို့”

စိတ္တက အာဘောင်အာရင်းသန်သန်ပြောပြီး မောသွားဟန်နဲ့ ရေနွေးကြမ်းတစ်ခွက်ကို မော့သောက်လိုက်တယ်။

“မနက်ထီးတင်ပွဲပြီးတာနဲ့ ငါလဲနောက်တစ်နေရာကို ခရီးဆက်ရဦးမယ် နောက်အေးဆေးမှ မင်းကိုလာတွေ့ပါဦးမယ်ကွာ”

“ရပါတယ် သူငယ်ချင်းရာ ငါက ဒီဘုန်းကြီးကျောင်းမှာပဲရှိတယ် အချိန်မရွေးလာခဲ့လို့ရတယ်”

သူငယ်ချင်းနှစ်ယောက်လဲ စကားကောင်းနေခဲ့ပြီး ညသန်းခေါင်အချိန်ရောက်တော့ အသီးသီး လမ်းခွဲခဲ့ကြတယ်။

နောက်တစ်နေ့မနက်ရောက်တော့ ရွာဦးစေတီထီးတင်ပွဲက ကြက်ပျံကျမတတ်စည်ကား ခဲ့တယ်။ ထီးတင်ပွဲပြီးတာနဲ့ စိတ္တလဲ ဆရာတော်နဲ့ ကပ္ပိယကြီးကိုနှုတ်ဆက်ကာ ရွာထဲကနေ ပြန်ထွက် ခွာခဲ့ရာ နေ့လည်တစ်ချက်ထိုးတဲ့အချိန်ရောက်တော့ ရွာနဲ့အတော်ဝေးတဲ့နေရာတစ်ခုကို ရောက်လာ ခဲ့တယ်။

နွေရဲ့ပူပြင်းတဲ့ဒဏ်တွေအပြင် အိပ်‌ရေးပျက်တဲ့အရှိန်ကြောင့် စိတ္တရဲ့မျက်လုံးတွေ မှေးစင်းလာခဲ့တာကြောင့် အရိပ်ရတဲ့ညောင်ပင်တစ်ပင်အောက်မှာ ဝင်နားရင်းလှဲချလိုက်ရာ တစ်ခဏ အတွင်းအိပ်ပျော်သွားခဲ့တယ်။

“ ဘိုးဘိုး သားတို့ဘယ်နေရာမှာနေရမလဲဟင် အဟင့်အဟင့်”

“ မြေးလေးကလဲ အဘိုးတို့နေစရာတစ်ခုတော့ တွေ့မှာပါ ငါ့မြေးလေးက ညောင်းနေပြီလား”

အိပ်ပျော်နေရင်း နားထဲမှာကြားလိုက်ရတဲ့ အသံကြောင့် မျက်လုံးကိုအသာယာဖွင့်ကြည့် လိုက်ရာ အဝတ်အစားမရှိပဲ ကိုယ်လုံးတီးဖြစ်နေတဲ့ ငါးနှစ်အရွယ်ယောင်္ကျားလေးတစ်ယောက်နဲ့ ခါးကိုင်းနေတဲ့အဖိုးအိုတစ်ယောက်က အိုဟောင်းနေတဲ့စေတီပျက်တစ်ခုရဲ့ဘေးမှာစိတ်ပျက် လက်ပျက်နဲ့ထိုင်နေတာကိုမြင်လိုက်ရတယ်။

“ဟင် ငါခုနက အိပ်နေတာ ညောင်ပင်အောက်မှာလေ အခုဘယ်လိုဖြစ်လို့ ဒီစေတီပျက်နား ရောက်နေရတာလဲ”

စိတ္တက တစ်ယောက်ထဲရွေရွတ်လိုက်ပြီး ထထိုင်လိုက်တဲ့အချိန်

“ ဘိုးဘိုး ဟိုလူကြီးက သားကိုကြည့်နေတယ် သူက ဘယ်လိုလုပ်ပြီး သားတို့ကိုမြင်တာလဲ မသိဘူး”

ငါးနှစ်အရွယ်ကောင်လေးရဲ့ မပီကလာပီကလာစကားသံကြောင့် အဘိုးအိုက စိတ္တဘက်ကို စောင်းငဲ့ကြည့်လိုက်ပြီး

“မကြောက်ပါနဲ့ လူလေးရယ် သူကအဖိုးတို့ကို ဒုက္ခပေးမယ့်သူမဟုတ်ပါဘူး ငါ့မြေး ဗိုက်ဆာ နေရောပေါ့ လာလာ ဒီငှက်ပျောသီးလေးစားလိုက်ပါဦး”

အဘိုးအိုက သူ့မြေးကိုချော့မော့ကာ လွယ်အိတ်ထဲထည့်ထားတဲ့ ငှက်ပျောသီးတစ်လုံးကို ထုတ်ယူပြီးကျွေးလိုက်တယ်။ ကလေးလေးက အဘိုးအိုပေးတဲ့ ငှက်ပျောသီးကိုစားပြီး

“အဘိုး ရေငတ်တယ် သားသား ရေသောက်ချင်တယ်”

“အဲကွယ် အဘိုးမှာလဲ ရေကမပါလာဘူး ခဏနေဦးနော် အဘိုးသွားရှာပေးမယ်”

စိတ္တလဲ မြေးအဘိုးနှစ်ဦး ဖြစ်ပျက်နေတာကိုမြင်တော့ မနေနိုင်တော့ပဲ

“ဒီမှာရေဘူးပါတယ်အဘိုး ကလေးကို တိုက်လိုက်ပါ”လို့ပြောပြီး အိတ်ထဲမှာထည့်ထားတဲ့ ဘူးသီးခြောက်ရေဘူးကိုထုတ်ပေးလိုက်တယ်။

အဘိုးအိုလဲ စိတ္တပေးတဲ့‌ရေဘူးကို လှမ်းယူကာ ကလေးကိုတိုက်လိုက်ပြီး

“လူလေးက အဘိုးတို့ကို မြင်ရတယ်ပေါ့လေ”လို့မေးလိုက်တော့ စိတ္တက

“အဘိုးတို့ အသံကြားထဲက ကျုပ်နိုးလာခဲ့တာ ကလေးလေးက အတော်ပင်ပန်းနေပြီထင်တယ် စကားမစပ် အဘိုးတို့က ဘယ်ကိုသွားကြမလို့လဲ”လို့မေးလိုက်တော့ အဘိုးအိုရဲ့ မျက်နှာနွမ်းကျ သွားပြီး

“ အဘိုးတို့မြေးအဖိုးက နေစရာမရှိတဲ့အခြေအနေဖြစ်နေခဲ့တယ် အရင်က‌တော့ ရွှေငန်းဖြူ စေတီပေါ်မှာနေကြတယ် နောက်တော့ အဘိုးတို့နေရမယ့် အချိန်ပြည့်ခဲ့တဲ့အတွက် စေတီကနေ ဖယ်ပေးရတော့တာပဲ ဒါကြောင့်ခြေဦးတည့်ရာလျောက်သွားရင်း လူသူမရှိတဲ့စေတီပျက်ကို ရောက်လာခဲ့တာ”

“ဒီစေတီပျက်မှာ အဘိုးတို့နေလို့ရတာပဲ ဘာလို့လျောက်သွားနေဦးမှာလဲ”

“မဟုတ်ဘူး လူလေး ဒီစေတီပျက်မှာနေမယ်ဆိုရင် သူ့ရဲ့ဌာပနာပစ္စည်းကိုပြန်ယူပြီး ထီးတော် ပြန်တင်မှရမယ် ဒါတောင် ထီးတော်တင်တဲ့သူက နေရမယ့်သူနာမည်ကို ရေစက်ချပွဲမှာခေါ်ပေးမှ နေခွင့်ရှိတာ”

“အဘိုးပြောပုံအရဆိုရင် ဒီစေတီပျက်ကို ထီးတော်ပြန်တင်ရမယ်လို့ဆိုလိုတာလား”

“ဟုတ်တယ်လူလေး ဒီစေတီက လွန်ခဲ့တဲ့နှစ်ပေါင်းသုံးရာလောက်ထဲကတည်ထားခဲ့တာ စေတီတည်တဲ့အခါ အဖိုးတန်ဌာပနာပစ္စည်းမြောက်များစွာကိုထည့်သွင်းပြီး ပူဇော်ခဲ့ကြသေးတယ် အဲဒီဌာပနာပစ္စည်းတွေထဲမှာ တန်ဖိုးဖြတ်လို့မရတဲ့ ပတ္တမြားတစ်လုံးလဲပါဝင်ခဲ့တယ် စေတီတည်ပြီး နှစ်တစ်ရာလောက်မှာ အလွန်ကြီးမားတဲ့ငလျင်တစ်ခု ဒီဒေသမှာလှုပ်ခတ်ခဲ့တယ် ငလျင်ဒဏ်ကြောင့် စေတီရဲ့ထီးတော်မြေခခဲ့ပြီး အနီးအနားမှာနေတဲ့သူတွေလဲ သေကြပျက်စီးခဲ့ရတယ် အဲဒီထဲက စေတီက အုတ်ပုံသာသာအခြေအနေဖြစ်သွားခဲ့တာအခုချိန်ထိပါပဲ”

စိတ္တကအဖိုးအိုရဲ့စကားကို နားထောင်ပြီး

“ဒါဆို စေတီမှာထည့်ထားတဲ့ ဌာပနာပစ္စည်းတွေက ဘယ်ရောက်သွားတာလဲ”

“ငလျင်ဒဏ်ကြောင့် စေတီပြိုကျတော့ ထွက်လာတဲ့ ဌာပနာပစ္စည်းတွေကို သိုက်နန်းအသီးသီးမှာရှိကြတဲ့ သိုက်နန်းရှင်တွေက လာရောက်ပင့်ဆောင်သွားခဲ့ကြတယ် အဲဒီထဲကမှ ပြည်တန်ပတ္တမြားကိုတော့ ကုလားသိုက်တစ်ခုကရသွားခဲ့တယ်”

“ဟင် ကုလားသိုက် ဟုတ်လားအဘိုး အဲဒါက ဘယ်လိုသိုက်မျိုးလဲ”

“ကုလားသိုက်ဆိုတာက ရှေးဘုရင်တွေလက်ထက်မှာ အခြားတိုင်းပြည်တွေကနေ ကြေးစား စစ်မှုလာထမ်းကြတဲ့ အမျိုးအနွယ်တွေကစခဲ့တာ သူတို့ထဲမှာ အိန္ဒိယတိုင်းသားတွေက အများဆုံး ပါဝင်ခဲ့တယ် ဘုရင်တွေက သူတို့ဘုရားတည်တဲ့အခါ ထည့်ထားတဲ့ဌာပနာပစ္စည်းတွေကို စောင့်ကြပ်ဖို့ မင်းမိန့်အာဏာနဲ့ကြေးစားကုလားတွေကိုခိုင်းစေခဲ့တယ် ဘုရင့်အမိန့်က စူးရှလွန်းတာမို့ ကြေးစား ကုလားတွေသေတဲ့အခါ အခြားဘဝကိုမရောက်ကြတော့ပဲ သူတို့ကိုအပ်နှံထားတဲ့ ဌာပနာပစ္စည်း တွေကိုစောင့်ကြပ်ရတဲ့ သိုက်နန်းရှင်တွေဖြစ်သွားကြတယ် သူတို့ထဲမှာ ဗုဒ္ဓဘာသာကိုကိုးကွယ်သူလဲ ပါသလို အခြားဘာသာကိုးကွယ်တဲ့သူတွေလဲပါခဲ့တယ် ဒီစေတီရဲ့ဌာပနာပတ္တမြားကို ရသွားတဲ့ ကုလားသိုက်ကတော့ အခြားကုလားသိုက်တွေထက် ပိုပြီးကြမ်းတမ်းတယ် သူတို့သိတာက ရတနာ ပစ္စည်းတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ပဲဖြစ်တယ် ဒီစေတီထီးတင်ဖို့အတွက်ကလဲ ပြည်တန် ပတ္တမြားက မရှိမဖြစ်လိုအပ်တယ်လူလေး”

“ဒါဆို ဒီစေတီကို ထီးတင်ဖို့က ပြည်တန်ပတ္တမြားဆိုတဲ့ ဌာပနာပစ္စည်းကမပါမဖြစ် ရှိရမယ်လို့ ဆိုလိုတာလားအဘိုး”

“ဟုတ်ပါတယ်လူလေး အဘိုးအနေနဲ့ အရမ်းအန္တရာယ်များလွန်းတာကိုပြောမိပြီ ပြည်တန် ပတ္တမြားကိုရထားတဲ့ကုလားသိုက်ကလဲ ဘယ်လိုအကြောင်းနဲ့မှထုတ်ပေးမှာမဟုတ်ဘူးဆိုတာ အဘိုး သိနေတယ်”

စိတ္တလဲအဘိုးအိုစကားအဆုံးမှာ စိတ်ထဲကနေ ဒီစေတီကို ထီးတော်တင်ချင်တဲ့ဆန္ဒတွေ တစ်ဖွားဖွားဖြစ်ပေါ်လာခဲ့တယ်။

“ကျုပ်လုပ်မယ်အဘိုး ဒီစေတီထီးတော်တင်ဖို့အတွက် လိုအပ်တဲ့ဌာပနာပစ္စည်းကို ကျုပ်ရအောင်ရှာပေးမယ် အဘိုးတို့အနေနဲ့ကျုပ်ကိုတစ်ခုတော့ကူညီပေးပါ”

“လူလေးပြောလေ အဘိုးတို့ ဘာကူညီပေးရမလဲ”

“ပြည်တန်ပတ္တမြားကို ထိမ်းသိန်းထားတဲ့ကုလားသိုက်ရဲ့ တည်နေရာကိုသိချင်ပါတယ်အဘိုး”

“လူလေးသိချင်တဲ့နေရာကို ညွှန်ပြဖို့ အခြားလူသုံးယောက်ကို အဘိုးအကူအညီတောင်းထား ပါတယ် သူတို့လူလေးဆီမကြာခင်ရောက်လာကြလိမ့်မယ် အခုတော့ လူလေးရဲ့ယခင်နေရာကို ပြန်သွားလိုက်ပါဦး”

အဘိုးအိုရဲ့စကားအဆုံးမှာ စိတ္တရဲ့ကိုယ်ခန္ဓာက လေထဲမှာလွင့်သွားခဲ့ပြီး

“အဘိုး အဘိုး ………နေဦးလေ အဘိုး”

စိတ္တက မျက်စိရှေ့ကနေ တစ်ဖြေးဖြေးပျောက်ကွယ်သွားတဲ့ မြေးအဖိုးနှစ်ယောက်ကို အော်ခေါ်ရင်းလန့်နိုးလာခဲ့တယ်။

“ ငါ အိမ်မက် မက်နေတာလား ဟာ မဖြစ်နိုင်ပါဘူး ဒီလောက်ရှင်းရှင်းလင်းလင်းကြီး မြင်နေရတာ အိမ်မက်တော့မဖြစ်နိုင်ပါဘူး”လို့တွေးရင်း ရေသောက်ဖို့အတွက် လွယ်အိတ်ထဲမှာ ထည့်ထားတဲ့ဘူးသီးခြောက်ရေဘူးကိုထုတ်လိုက်တဲ့အချိန် ရေဘူးမှာကပ်နေတဲ့ ငှက်ပျောသီးဖတ် တွေကိုတွေ့လိုက်ရတယ်။

“ဒီငှက်ပျောသီးဖတ်တွေက အိမ်မက်ထဲမှာတွေ့ရတဲ့ ကလေးငယ်စားပြီးလို့ကျန်ခဲ့တာ တွေထင်တယ် ဟုတ်တယ် ငါ့မှာငှက်ပျောသီးမှမပါတာ သေချာပြီ ငါ့ကိုအိမ်မက်ပေးပြီး ဘုရားဌာပနာ ကိုရှာခိုင်းတာပဲ”

စိတ္တက တစ်ယောက်ထဲရေရွတ်ရင်း ဘူးသီးခြောက်ထဲကရေအနည်းငယ်ကိုမော့သောက် လိုက်တဲ့အချိန်

“ဘယ်လိုလဲကိုယ့်လူ ကုလားသိုက်ကိုသွားဖို့စိတ်အားထက်သန်နေပြီလား”ဆိုတဲ့အသံက နောက်ကျောဘက်ကနေထွက်ပေါ်လာခဲ့တယ်။

စိတ္တလဲအသံကြားရာဘက်ကိုကြည့်လိုက်တော့ ဥပဓိရုပ်ကောင်းကောင်းနဲ့လူငယ်သုံးယောက် ကိုမြင်လိုက်ရတယ်။

“ခင်ဗျားတို့ကဘယ်လိုကြောင့် ကျုပ်အိမ်မက်မက်တဲ့အကြောင်းကိုသိနေရတာလဲ”

“သိဆို ခင်ဗျားအိမ်မက်ထဲမှာ မြင်ခဲ့တဲ့အဘိုးက ကျုပ်တို့ကိုအကူအညီတောင်းထားတာလေ ကျုပ်တို့မပါပဲ ကုလားသိုက်ကိုဘယ်လိုရှာတွေ့နိုင်ပါမလဲ”

“ဒါဆို ခင်ဗျားတို့က အိမ်မက်ထဲကအဘိုးပြောတဲ့လူသုံးယောက်ပေါ့ ဒီပုံစံအတိုင်းဆိုရင် သင်တို့ရဲ့အစွမ်းကလဲ ပေါ့သေးသေးမဟုတ်လောက်ဘူး ဒါနဲ့ ကျုပ်တို့က အချင်းချင်းကူညီပြီး အလုပ်လုပ်မယ့်သူတွေဆိုတော့ တစ်ယောက်အကြောင်းတစ်ယောက် သိထားဖို့တော့လိုမယ် ထင်တယ် ကျုပ်နာမည်က စိတ္တပါ အချို့တွေကတော့ ကိုရင်လေးလို့သိကြတယ်”

“ကျုပ်နာမည်က အောင်မြတ်သာပါ သူတို့ကတော့ သက်ခိုင်နဲ့တောက်ရလို့ခေါ်တယ် အခုကျုပ်တို့လုပ်ရမယ့်တာဝန်ကို ဒီမှာပဲခွဲဝေကြရအောင်”

“ကောင်းတာပေါ့ ဒါမှလဲ ဘယ်သူကဘာလုပ်ရမယ်ဆိုတာ ကွဲကွဲပြားပြားသိရမှာ”

စိတ္တက စိတ်အားထက်သန်စွာနဲ့ပြောလိုက်တော့ အောင်မြတ်သာက

“ကျုပ်တို့က ကုလားသိုက်သွားမယ့်လမ်းကိုရှာပေးမယ့်တာဝန်နဲ့ ဖြစ်လာမယ့်အနှောင့် အယှက်အတားအဆီးတွေကို ဖယ်ရှားပေးမယ့်တာဝန်ကိုယူမယ် သင်ကတော့ ဌာပနာထည့်မယ့် ပြည်တန်ပတ္တမြားကို မှန်ကန်အောင်ရွေးပေးရမယ့်တာဝန်ကိုယူပါ အခုသွားမယ့်နေရာက အတော် ကိုကြမ်းတမ်းတဲ့နေရာဖြစ်လို့ ကျုပ်တို့ဘက်ကနည်းနည်းလေးမှ အမှားခံလို့မရဘူး” လို့ပြောလိုက်တော့ စိတ္တက

“ကောင်းပြီလေ သင်တို့ပြောတဲ့အတိုင်း ကျုပ်လုပ်ပါ့မယ် ဌာပနာပစ္စည်းကိုဘယ်တော့ စရှာကြမလဲ”

“ ဒီကိစ္စက အချိန်ဆွဲလို့မကောင်းတဲ့အတွက် ဖြစ်နိုင်ရင်အခုပဲ သွားစေချင်တယ် ခင်ဗျား ဘက်ကရောအဆင်ပြေလား”

“ ပြေတာမှဟိုဘက်ကမ်းတောင်လွန်သေး လုပ်ရင်လဲမြန်မြန်လုပ်ဗျာ ပြည်တန်ပတ္တမြား ကြီးကိုကျုပ်လက်နဲ့ကိုင်ပြီး ထီးတော်အသစ်တင်ချင်လှပြီ”

အောင်မြတ်သာတို့လဲတက်ကြွနေတဲ့ စိတ္တကိုကြည့်ပြီး အနည်းငယ်ပြုံးလိုက်ကာ

“ကုလားသိုက်ကိုသွားဖို့ဆိုရင် သူတို့နဲ့ဆက်စပ်မှုရှိတဲ့သူကို အရင်မေးဖို့တော့လိုမယ် အခုတော့ ကျုပ်ခေါ်တဲ့နောက်ကိုလိုက်ခဲ့ပါ”လို့ပြောပြီး အရှေ့ကိုထွက်သွားခဲ့တယ်။ အောင်မြတ်သာတို့လဲ ညောင်ပင်အောက်ကနေ ထွက်လာခဲ့ပြီး နှစ်ပြလောက်ရောက်တော့ ဟောင်းနွမ်းဆွေးမြေ့နေတဲ့ ကုလားဘုရားကျောင်းအပျက်တစ်ခုဆီကိုရောက်လာခဲ့တယ်။

နှစ်ပေါင်းများစွာမထိန်းသိမ်းပဲထားခဲ့တဲ့ ဘုရားကျောင်းပျက်ကြီးရဲ့ မျက်နှာကျက်တွေမှာတော့ သဘာဝအလျောက်ပေါက်နေတဲ့ ခြုံနွယ်တွေက အတိုင်းအဆမရှိကြီးထွားသန်မာနေကြတယ်။ အောင်မြတ်သာလဲ သစ်ရွက်ခြောက်တွေ မြက်ခြောက်တွေနဲ့ရှုပ်ထွေးနေတဲ့ ဘုရားကျောင်းထဲကို ဝင်လာခဲ့ပြီး ကာလီမာန်မယ်တော်ရုပ်ထုအပျက်တစ်ခုနားကိုရောက်တော့

“ ကျောင်းစောင့်ကြီး ကျုပ်တို့လာတာမသိပဲ ဘယ်နားအိပ်ပျော်နေတာလဲ”လို့ပြောလိုက်တော့ ကာလီမာန်မယ်တော်ရုပ်ထုအနောက်ဘက်ကနေ ကုလားအဖိုးကြီးတစ်ယောက် အိပ်ချင်မူးတူးနဲ့ ထွက်လာခဲ့တယ်။

“ဟာရေး အောင်မြတ်သာပါလား ဒီကိုမရောက်တာတောင် အတော်ကြာပီပဲ ဘယ်လိုကိစ္စ ကြောင့် မျက်စိလည်လမ်းမှားပြီး‌ရောက်လာခဲ့တာလဲ”

“ကျောင်းစောင့်ကြီးကို မေးစရာရှိလို့ တမင်ဝင်လာခဲ့တာ ဒီဘုရားကျောင်းပျက်ကြီးကိုရော ပြုပြင်ဖို့စိတ်ကူးမရှိဘူးလား”

အောင်မြတ်သာစကားကြောင့် ဆံပင်ဘုတ်သိုက်နဲ့ကုလားကြီးက ခေါင်းကိုတစ်ဗြစ်ဗြစ် ကုတ်လိုက်ပြီး

“မယ်တော်ကပြောတယ် ဒီဘုရားကျောင်းပြင်ဖို့ အချိန်မကျသေးဘူးတဲ့ အချိန်ကျလာရင် အိန္ဒိယက သူဌေးတွေကိုယ်တိုင်လာပြီး ပြုပြင်ကြလိမ့်မယ် ဒီနေရာမှာ ထန်းတစ်ပင်လောက်ရှိတဲ့ အရှင်သျှီဝရုပ်ထုကြီးကိုလဲ ခမ်းခမ်းနားနား ဆောက်လုပ်ကိုးကွယ်ကြလိမ့်မယ်တဲ့ ငါလဲ အဲဒီအချိန်ကို စောင့်ပြီးနေနေရတာ ကြာတော့ပျင်းလာပြီ”

ကျောင်းစောင့်အဖိုးကြီးက အောင်မြတ်သာကိုခင်မင်ရင်းနှီးစွာပြောဆိုရင်း ပါလာတဲ့သူတွေကို တစ်ချက်ဝေ့ကြည့်လိုက်တယ်။

“ဟိုလူက ဌာပနာပစ္စည်းတွေကို လိုက်ရှာပြီး ဘုရားထီးတွေတင်တဲ့တစ်ယောက်မဟုတ်လား”

ကျောင်းစောင့်အဖိုးကြီးစကားကြောင့် အောင်မြတ်သာအံ့သြသွားပြီး

“ကျောင်းစောင့်ကြီးက သူ့ကိုသိလို့လား”

“သိတာပေါ့ လွန်ခဲ့တဲ့ ခြောက်လလောက်က ဒီနားက နန်းဖြူ နန်းညို သိုက်မှာ ဌာပနာ ပစ္စည်းလာတောင်းတာ မသိရင် ဓါးမြတိုက်နေသလိုပဲ ကပ်စီးနဲဥစ္စာစောင့်အပျိုကြီးနှစ်ယောက်ဆီ ကနေ ပစ္စည်းတောင်းနိုင်တာ ဒီတစ်ယောက်ပဲငါမြင်ဖူးသေးတယ်”

ကျောင်းစောင့်အဖိုးကြီးပြောတဲ့စကားကြောင့် အနောက်မှာရပ်နေတဲ့ စိတ္တက

“အခုလာတာကလဲ ဌာပနာကိစ္စအတွက်ပါပဲ”လို့ပြောလိုက်တော့ ကျောင်းစောင့်ကြီးက

“အမလေးလေး ငါ့ဆီမှာတော့ပေးစရာဘာမှမရှိဘူး မင်းတို့တောင်းချင်ရင် မယ်တော်ဆီမှာ သွားတောင်း”ဆိုပြီးပြောတော့ စိတ္တက ရယ်လိုက်ပြီး

“ခင်ဗျားက ကျုပ်ကိုသိတယ်ဆိုလို့ တမင်နောက်လိုက်တာပါ ကဲကဲ ကျုပ်ကြောင့် စကားပျက်သွားပြီထင်တယ် ဆက်ပြောကြပါဦး”လို့ပြောကာ ကျောင်းအပြင်ဘက်ကို ထွက်သွား ခဲ့တယ်။

“ကျောင်းစောင့်ကြီး ကျုပ်တို့အခုလာတာက တန်ဖိုးအလွန်ကြီးတဲ့ပတ္တမြားတစ်လုံးကို လာရှာတာ အဲဒီပတ္တမြားက ကုမ္မာရီကုလားသိုက်မှာရှိတယ်လို့လဲသိရတယ် ကျုပ်တို့သိချင်တာက အဲဒီသိုက်ကိုဘယ်ကနေသွားရလဲဆိုတာပဲ”

ကုမ္မာရီကုလားသိုက်ဆိုတဲ့စကားကြောင့် ကျောင်းစောင့်ကြီးမျက်နှာ ရှုံ့မဲ့သွားပြီး

“အဲဒီသိုက်မှာရှိတဲ့သူတွေက တကယ့်ကိုကြောက်ဖို့ကောင်းတယ် အကုန်လုံးက လက်ရဲဇက်ရဲ တွေကြီးပဲ သူတို့ကဘုရင့်အမိန့်နဲ့ရတနာပစ္စည်းတွေကိုစောင့်ကြပ်နေရတာဆိုတော့ သိုက်ချုပ်အဘိုး ကိုတောင်ကလန်ကဆန်လုပ်ချင်ကြသေးတာ မင်းတို့သွားချင်တယ်ဆိုရင်တော့ ငါလမ်းညွှန်ပေးလို့ ရတယ် ဒါပေမယ့် ငါပြောတယ်လို့လုံးဝပါးစပ်မဟမိစေနဲ့နော်”

“စိတ်ချပါ ကျောင်းစောင့်ကြီးရယ် ကျုပ်အကြောင်းလဲ သိရဲ့သားနဲ့ ဘယ်လိုသွားရလဲဆိုတာ ကိုသာပြောပါ”
“ကုမ္မာရီကုလားသိုက်ကိုသွားမယ်ဆိုရင် ဓါးကောက်နှစ်လက်ပုံသဏ္ဍာန် ဖြစ်နေတဲ့အမှတ် အသားကိုအရင်ရှာရမယ် တွေ့ပြီဆိုရင်သူ့ရဲ့မျက်နှာချင်းဆိုင်နေရာကို ခြေလှမ်းကိုးဆယ်တိတိသွားပါ အဲဒီမှာ အရှင်သျှီဝကျောက်တုံးတစ်ခုကိုတွေ့လိမ့်မယ် အဲဒီကျောက်တုံးက ကုမ္မာရီကုလားသိုက်ရဲ့ နယ်စပ်အစပဲ ကျန်တာတော့ငါလဲမသိတော့ဘူး”
ကျောင်းစောင့်ကြီးရဲ့အဆုံးမှာ အောင်မြတ်သာက
“ဒီလောက်ပြောပြတာကိုပဲ ကျေးဇူးတင်နေပါပြီ ဒီဘုရားကျောင်းအသစ်ပြုပြင်မွမ်းမံတဲ့အခါ ကျုပ်တို့လာခဲ့ပါ့မယ်”လို့ပြောကာ အပြင်ဘက်ကိုပြန်ထွက်လာခဲ့လိုက်တယ်။
အပြင်ကိုရောက်တော့ စိတ္တက
“လွန်ခဲ့တဲ့ငါးလ လောက်က ဌာပနာပစ္စည်းတွေလိုက်ရှာရင်း မြို့ရိုးဟောင်းတစ်ခုဆီကို ရောက်သွားခဲ့တယ်။ မြို့ရိုးဆိုပေမယ့် မြေစာပုံသာသာပဲရှိပါတယ် အဲဒီမြို့ရိုးမှာ အနက်ရောင် ကျောက်သားနဲ့ ထုဆစ်ထားတဲ့ ဓါးကောက်နှစ်လက်ပုံစံအမှတ်အသားကိုတွေ့ခဲ့ဖူးတယ် ခုနက အဖိုးကြီးပြောပုံအရ ကျုပ်တွေ့ခဲ့တဲ့အမှတ်အသားက ကုမ္မာရီကုလားသိုက်နေရာပဲဖြစ်ရမယ်” လို့ပြောလိုက်တော့ အောင်မြတ်သာက
“ သင်တွေ့ခဲ့တဲ့နေရာကို သွားမယ်ဆိုရင် အချိန်ဘယ်လောက်ကြာနိုင်မလဲ”
“ဒီကနေတော့ကျုပ်လဲမသွားတတ်ဘူး ဒါပေမယ့် နန်းဖြူ နန်းညိုသိုက်ဘက်ကနေ သွားမယ်ဆိုရင်တော့ရတယ်”
“ကောင်းပြီလေ သင်သွားလို့အဆင်ပြေမယ့်နေရာကနေသာသွားပါ ကျုပ်တို့လိုက်ခဲ့ပါ့မယ်”
အောင်မြတ်သာစကားကြောင့် စိတ္တက ခြေလှမ်းတွေကို နောက်ပြန်ဆုတ်လိုက်ပြီး နန်းဖြူ နန်းညိုညီအစ်မသိုက်နန်းရှိတဲ့ဘက်ကို ပြန်လှည့်လိုက်တယ်။
တစ်နာရီနီးပါး ခရီးဆက်ပြီးချိန်မှာတော့ နန်းဖြူနန်းညိုသိုက်နန်းအနားကိုရောက်လာခဲ့တယ်။ စိတ္တလဲ သိုက်နားကိုရောက်တော့ အရပ်လေးမျက်နှာကို တွက်ချက်ပြီး တောင်ဘက်စွန်းစွန်းဘက်ကို ထပ်ထွက်ခဲ့ပြန်တယ်။ နန်းဖြူနန်းညိုသိုက်ကနေ တစ်နာရီလောက်တောထပ်တိုးပြီးတဲ့အချိန် မှာတော့ လူခါးစောင်းသာသာရှိတဲ့ မြို့ရိုးအပျက်တစ်ခုကိုတွေ့လိုက်ရတယ်။
အောင်မြတ်သာက မလှမ်းမကမ်းမှာရှိနေတဲ့ မြို့ရိုးပျက်ကိုကြည့်ပြီး
“ဒီနေရာက ကုမ္မာရီမျိုးဆက်တွေနောက်ဆုံး တပ်ထိုင်ခဲ့တဲ့နေရာဖြစ်နိုင်တယ် အခုလောလော ဆယ်ဓါးကောက်နှစ်လက်အမှတ်အသားကိုရှာကြရအောင်”လို့ပြောလိုက်တော့ စိတ္တက
“ရှာစရာမလိုပါဘူး အဲဒီနေရာကိုကျုပ်သိတယ် လိုက်ခဲ့ကြ”လို့ပြောကာ အရှေ့ကနေ ထွက်သွားခဲ့တယ်။ ကွမ်းနှစ်ယာညက်လောက်ကြာတော့ စကျင်ကျောင်ပြားပေါ်မှာ လက်ရာ မြောက်စွာထုဆစ်ထားတဲ့ ဓါးကောက်နှစ်လက်ပုံကိုမြင်တွေ့လိုက်ရတယ်။
‌အောင်မြတ်သာတို့လဲ ဓါးကောက်နှစ်လက်အမှတ်အသားကိုမျက်နှာမူလိုက်ပြီး မကျဲမစိပ်တဲ့ ခြေလှမ်းကိုးဆယ်ပြည့်အောင် လျောက်လာခဲ့တာ ခြေလှမ်းရှစ်ဆယ်ရှစ်လှမ်းအရောက်မှာတော့ မဲနက်နေတဲ့အရှင်သျှီဝကျောက်တုံးတစ်တုံးကိုတွေ့လိုက်ရတယ်။
ကျောက်တုံးရဲ့မျက်နှာပြင်မှာ မကြာသေးခင်ကမှ သုတ်ထားတဲ့ ဆေးနီအရည်ပျစ်ပျစ် တွေကိုမြင်တော့ အောင်မြတ်သာက
“ ကုမ္မာရီကုလားသိုက်အစပ်ကိုတော့ရောက်ပြီ အထဲကိုဝင်ဖို့အတွက် ကျုပ်ပေးတဲ့ပဝါစကို ကိုင်ထားကြ”လို့ပြောပြီး လွယ်အိတ်ထဲကနေ ပဝါတစ်ထည်ကိုထုတ်ကာ စိတ္တကိုပေးလိုက်တယ်။ စိတ္တလဲ အောင်မြတ်သာပေးတဲ့ ပဝါစကိုကိုင်လိုက်တယ်ဆိုရင်ပဲ လူတစ်ကိုယ်လုံးက မြေကြီးထဲကို ကျွံဆင်းသွားခဲ့တယ်။
မျက်စိတစ်မှိတ်လောက်အကြာမှာတော့ ညီညာချောမွတ်နေတဲ့ မြေနီလမ်းတစ်ခုပေါ်ကို ရောက်ရှိခဲ့ကြတယ်။ လမ်းဘေးဝဲယာတစ်လျောက်မှာတော့ တန်ဖိုးကြီးကျောက်သံပတ္တမြားတွေကို ဒီအတိုင်းစုံပုံထားပြီး ကလေးငယ်အချို့က ရတနာပစ္စည်းတွေကိုဆော့ကစားနေတာမြင်လိုက် ရတယ်။ ကလေးတွေကတော့ ခပ်တည်တည်နဲ့လမ်းလျောက်လာကြတဲ့ အောင်မြတ်သာတို့ကို မြင်တော့ ကစားနေတာကိုရပ်ပြီး အထူးဆန်းသဖွယ်ငေးကြည့်နေကြတယ်။အဲဒီအချိန် လေချွန်သံလို အသံတစ်ခုကိုကြားလိုက်ရပြီး အရပ်လေးမျက်နှာကနေ တစ်ထွာလောက်ရှိတဲ့ ဓါးကောက်တွေ ထွက်လာခဲ့တယ်။
ဓါးကောက်တွေက အောင်မြတ်သာတို့နဲ့ လက်တစ်ကမ်းအကွာလောက်အရောက်မှာ ရှေ့ကို ဆက်မသွားတော့ပဲလေထဲမှာတင်ငြိမ်နေခဲ့တယ်။
“ တစ်ယောက်မှမလှုပ်ကြနဲ့ ငြိမ်ငြိမ်လေးနေပေးလိုက်ကြ”
အောင်မြတ်သာရဲ့အသံကြောင့် စိတ္တတို့အားလုံးရှေ့ဆက်မတိုးကြတော့ပဲ ရောက်တဲ့နေရာမှာ ရပ်နေလိုက်ကြတယ်။အဲဒီအချိန် နှုတ်ခမ်းမွှေးကားကားနဲ့ ကုလားတစ်ယောက်က မလှမ်းမကမ်းမှာ ရှိနေတဲ့ ကျောက်တုံးအနောက်ကနေထွက်လာပြီး လက်ထဲမှာကိုင်ထားတဲ့ ခေါင်းလောင်းလေးကို လှုပ်လိုက်တဲ့အချိန် ဓါးကောက်ကိုယ်စီကိုင်ထားတဲ့ ကုလားစစ်သည်တွေ ရုတ်တရက်ပေါ်လာ ခဲ့တယ်။
အောင်မြတ်သာတို့လဲ ဘေးပတ်လည်မှာဝိုင်းထားတဲ့ သူတွေကို မျက်လုံးဝေ့ကြည့်လိုက်ပြီး
“ကျုပ်တို့ဒီကိုလာတာ သင်တို့ကိုအန္တရာယ်ပေးဖို့မဟုတ်ဘူး ဒါကြောင့်လက်နက်တွေကို ချထားလို့ရပါတယ်”လို့ပြောလိုက်တော့ ခေါင်းဆောင်ဖြစ်ဟန်တူတဲ့ နှုတ်ခမ်းမွှေးကားကားနဲ့ ကုလားတစ်ယောက်က
“နင်တို့ကို ငါတို့တပ်မှုးကိုယ်တိုင်စီရင်လိမ့်မယ် ဒါကြောင့် စကားမများပဲ ငြိမ်ငြိမ်လေးနေကြ” လို့ပြောပြီး စောင့်ကြည့်နေခဲ့တယ်။ ခဏအကြာမှာတော့ ရွှေစလွယ်ဝတ်ထားတဲ့လူတစ်ယောက် ထွက်လာပြီး
“ ငါတို့သိုက်နန်းထဲကိုဝင်လို့ရတဲ့သူက သိုက်ချုပ်အဘိုးတစ်ယောက်ပဲရှိတယ် ဒါကိုသင်တို့က ဘယ်နည်းတွေသုံးပြီးဝင်လာခဲ့ကြတာလဲ”လို့မေးတော့အောင်မြတ်သာက
“ ကျုပ်တို့က သာသနာတော်ပြန့်ပွားအောင်လုပ်မယ့်သူတွေမို့လို့ ဝင်လို့ရတာပါ ဒီကိုလာရတဲ့ ရည်ရွယ်ချက်က သင်တို့ဆီကဌာပနာပစ္စည်းတစ်ခုအလှူခံစရာရှိလို့ပါ”
“ဌာပနာပစ္စည်းအလှူခံမယ်ဆိုရင် ကျုပ်တို့ယုံကြည်ရလောက်တဲ့ သက်သေသက္ကာရ တစ်ခုကို ပြဖို့တော့လိုမယ် မပြနိုင်ရင်တော့ သင်တို့ပတ်လည်မှာဝိုင်းထားတဲ့ဓါးပျံတွေက ခန္ဓာကိုယ်အနှံ့ကို ဝင်ရောက်သွားလိမ့်မယ်”
အောင်မြတ်သာလဲ ကုမ္မာရီကုလားသိုက်အကြီးအကဲရဲ့စကားကိုကြားတော့ ပြုံးလိုက်ပြီး
“သင်တို့သိုက်နန်း စတင်ဖြစ်တည်ချိန်မှာ ရွှေဆယ်ပိဿာ၊ ပတ္တမြား၁တင်း၊ ပုလဲ ၈ပြည်၊ နီလာ ၄ပြည်နဲ့ စိန်အလုံး၈၀သာရှိခဲ့တယ်မဟုတ်ပါလား အဲဒီနောက်ပိုင်းပိုင်ရှင်မရှိပဲ တိမ်မြုပ် ပျောက်ကွယ်နေတဲ့ ကျောက်သံပတ္တမြားတွေကို သင်တို့အဖွဲ့လိုက်လံသိမ်းဆည်းခဲ့ရာကနေ ထားစရာ နေရာမရှိလောက်အောင်များပြားလာခဲ့တယ်ဆိုတာလဲ ကျုပ်သိပါတယ် လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ရာ လောက်က ငလျင်ဒဏ်ကြောင့်ပြိုကျခဲ့တဲ့ စေတီတစ်ဆူဆီကနေ ပြည်တန်ပတ္တမြားတစ်လုံးကို သင်တို့ယူဆောင်ခဲ့ပြီး ရွှေကလပ်နဲ့ထိမ်းသိမ်းထားခဲ့တယ်မဟုတ်ပါလား” လို့ပြောလိုက်တော့ ကုလားသိုက်တပ်မှူးအံ့အားသင့်သွားပြီး
“ဒါတွေက သိုက်ချုပ်အဘိုးတစ်ယောက်ပဲသိတဲ့စာရင်းတွေပဲ ဘယ်လိုကြောင့်သင်က အတိ အကျသိနေရတာလဲ”လို့ရေရွတ်လိုက်တဲ့အချိန် ဘေးမှာရှိနေတဲ့ အစောင့်တစ်ယောက်က တပ်မှူး အနားကိုကပ်ပြီး တစ်စုံတစ်ခုကိုတီးတိုးပြောလိုက်တာကို မြင်လိုက်ရတယ်။ ခဏနေတော့ တပ်မှူးက
“ သင်တို့ဘုရားတည်တဲ့အခါထည့်မယ့် ဌာပနာပစ္စည်းအချို့ကို ကျုပ်ပေးလိုက်ပါမယ် ဒီပစ္စည်းတွေကိုယူပြီး သိုက်နန်းကနေပြန်ကြပါတော့”လို့ပြောတော့ အောင်မြတ်သာက
“ ကျုပ်တို့လိုချင်တဲ့ပစ္စည်းရရင်ပြန်ပါမယ် အခုသင်ပေးမယ့်ပစ္စည်းတွေထဲမှာ ကျုပ်တို့လိုချင် တဲ့ပစ္စည်းမပါဘူးဆိုတာသိရလို့ မပြန်နိုင်ပါဘူး”ဆိုပြီးစကားပြတ်ပြောလိုက်တယ်။
“ဒါဆို သင်တို့က ဘာပစ္စည်းလိုချင်တာလဲ”
“ကျုပ်တို့လိုချင်တာက သင်တို့ယူဆောင်ထားတဲ့ ပြည်တန်ပတ္တမြားပါပဲ ဒါကိုရရင် ကျုပ်တို့ ချက်ချင်းသိုက်နန်းကနေပြန်ထွက်သွားပါ့မယ်”
“ ဒါကိုတော့ မပေးနိုင်ဘူး ဒီပစ္စည်းက ကျုပ်တို့ကိုစောင့်ကြပ်ခိုင်းခဲ့တဲ့ မင်းတရားကြီး နောင်ပွင့်မယ့်ဘုရားကိုလှူဖို့အတွက်ရည်စူးထားတာ ဒါကိုတော့ လုံးဝမပေးနိုင်ဘူး ကျုပ်တို့ပေးတာ မယူပဲခေါင်းမာနေမယ်ဆိုရင်တော့ ကျုပ်အဆိုးမဆိုကြနဲ့”
ကုလားသိုက်တပ်မှူးက မျက်နှာမာထန်စွာနဲ့အပြတ်ပြောလိုက်တော့ အောင်မြတ်သာက
“သင်တို့မပေးလဲ ကျုပ်တို့ကရအောင်ယူရမှာပဲ”လို့ပြောကာ အရှေ့ကိုဆက်တိုးသွားတဲ့အချိန် ဘေးပတ်ပတ်လည်မှာဝိုင်းထားတဲ့ ဓါးပျံတွေက အောင်မြတ်သာတို့ဆီကိုဝင်လာခဲ့တယ်။
အောင်မြတ်သာလဲ ဝင်လာတဲ့ဓါးပျံတွေကို ညာဘက်လက်ဖျံနဲ့ပုတ်ထုတ်လိုက်တော့ ဓါးပျံတွေ အားလုံးလမ်းကြောင်းပြောင်းသွားပြီး ဘေးမှာရှိတဲ့သစ်ပင်တွေမှာ သွားစိုက်ကုန်တယ်။ တပ်မှူးလဲ ပြည်တန်ပတ္တမြားမပေးချင်တဲ့အတွက် အနောက်ကိုပြန်ဆုတ်ပြီး သိုက်တံခါးဝမှာရှိတဲ့ မောင်းကို တီးလိုက်တယ်ဆိုရင်ပဲ ပြောင်ချေနေတဲ့မြေနီလမ်းထဲကို အိမ်သုံးလုံးစာလောက်ကြီးတဲ့ ရေလှိုင်းတွေ စီးကျလာခဲ့တယ်။
ရေလှိုင်းလုံးတွေက အရှေ့မှာရပ်နေတဲ့အောင်မြတ်သာနဲ့ထိဖို့ တစ်ထွာလောက်အလိုမှာတော့ ဘေးနှစ်ဖက်စီကိုခွဲထွက်သွားခဲ့တယ်။ သိုက်တံခါးဝကနေ အောင်မြတ်သာကိုစောင့်ကြည့်နေတဲ့ တပ်မှူးက အခြေအနေမဟန်မှန်းသိတာနဲ့ သိုက်တံခါးကိုအသေပိတ်ကာဖို့ ကြိုးစားနေတဲ့အချိန်
“သင်ကျုပ်ကိုတားဆီးလို့မရနိုင်ပါဘူး”ဆိုတဲ့အသံက ကျောအနောက်ဘက်ကနေ ထွက်လာ ခဲ့တယ်။
တပ်မှူးလဲ ရေလှိုင်းတွေကြားထဲမှာရပ်နေတဲ့အောင်မြတ်သာအပြင် သူ့ကျောအနောက်မှာ ရောက်နေတဲ့ အောင်မြတ်သာနောက်တစ်ယောက်ကိုမြင်တော့ အံ့သြတုန်လှုပ်သွားပြီး ခါးမှာချိတ် ထားတဲ့ ဓါးကောက်ကိုဆွဲထုတ်ကာ ကြောက်လန့်တကြားလှမ်းခုတ်ချလိုက်တယ်။
ဓါးချက်က အောင်မြတ်သာ ငယ်ထိပ်တည့်တည့်ကိုကျသွားပေမယ့် လူကိုမထိပဲ လေကိုခုတ် နေသလိုဖြစ်နေတာကိုမြင်တော့ အလွန်အမင်းကြောက်လန့်သွားပြီး လက်ထဲမှာကိုင်ထားတဲ့ ဓါးကို လွှတ်ချကာ
“ သင့်ကိုကျုပ်မယှဉ်နိုင်ဘူးဆိုတာလက်ခံပါပြီ သင်တို့လိုချင်တဲ့ ပတ္တမြားကိုလဲ ကျုပ်ထုတ်‌ပေးပါမယ် ဒါပေမယ့် ပတ္တမြားကသင်တို့ကိုလက်ခံရင် ယူဆောင်သွားကြပါ”လို့ပြောပြီး သိုက်တံခါးဝက မောင်းကိုတီးလိုက်ချိန်မှာတော့ အရှိန်အဟုန်ပြင်းစွာကျနေတဲ့ ရေလှိုင်းလုံးတွေ ပျောက်ကွယ်သွားခဲ့တယ်။
အောင်မြတ်သာလဲ လှိုင်းလုံးတွေပျောက်ကွယ်သွားတာနဲ့ စိတ္တကိုခေါ်လာပြီး
“သူက ဒီဌာပနာပစ္စည်းတွေနဲ့ ပဌာန်းဆက်ရှိတဲ့အတွက် သူကိုယ်တိုင်ရွေးချယ်ပါစေ”လို့ပြော လိုက်တော့ တပ်မှူးက ပန်းကနုတ်တွေနဲ့အလှဆင်ထားတဲ့အခန်းတစ်ခုထဲကိုခေါ်သွားခဲ့တယ်။ အထဲမှာတော့ ရွှေကလပ်ပေါ်မှာတင်ထားတဲ့ ပတ္တမြားငါးလုံးကိုတွေ့လိုက်ရတယ်။
“ဒီပတ္တမြားတွေထဲမှာ သင်တို့လိုချင်တဲ့ပစ္စည်းရှိပါတယ် မှန်ကန်တဲ့အရာကိုရွေးချယ်နိုင်မှ သင်တို့ရပါမယ် ရွေးချယ်မှုမှားရင်တော့ လက်ထဲရောက်တာနဲ့ သာမန်ကျောက်တစ်လုံးဖြစ်သွားပါ လိမ့်မယ်”
အောင်မြတ်သာလဲ တပ်မှူးပြောတဲ့စကားကို လက်သင့်ခံလိုက်ပြီး
“စိတ္တ ဒီအပိုင်းက သင့်အပေါ်မူတည်သွားပြီ သင်ရဲ့မွေးရာပါအစွမ်းနဲ့ ဌာပနာပစ္စည်းကို ရွေးချယ်ပါတော့”လို့ပြောကာ အနောက်ကိုဆုတ်ပေးလိုက်တယ်။
စိတ္တလဲ လုံးတူဒေါက်တူ ပတ္တမြားငါးလုံးထဲက ဌာပနာပတ္တမြားကိုရွေးချယ်ဖို့ ချီတုံချတုံ ဖြစ်နေတဲ့အချိန် ညာဘက်ထောင့်စွန်းမှာရှိတဲ့ ပတ္တမြားရဲ့အတွင်းထဲကနေ ရွှေရောင်ပျိုးပျိုးပြက်ပြက် ထနေတဲ့ စေတီတော်တစ်ဆူပေါ်လာခဲ့တယ်။ စိတ္တလဲ မြင်နေရတဲ့ မြင်ကွင်းကို သေချာအောင် ကြည့်နေရင်း စေတီတော်ရဲ့ထီးတော်ကိုကိုင်ထားတဲ့ သူ့ပုံစံအပြင် ဝမ်းသာအားရ ခုန်ပေါက်နေတဲ့ ကလေးတစ်ယောက်ကိုပါမြင်လိုက်ရတယ်။
“ သေချာပြီ ဌာပနာထည့်ရမယ့်ပတ္တမြားက ငါ့ကိုမြင်အောင်ပြနေတာ”လို့တွေးပြီး ညာဘက် အစွန်ဆုံးကပတ္တမြားကိုယူဖို့လက်လှမ်းလိုက်တဲ့အချိန် လက်ကလိုရာကိုမသွားပဲ အလယ်တည့်တည့် မှာရှိနေတဲ့ပတ္တမြားဆီကိုရောက်သွားခဲ့တယ်။
စိတ္တလဲ သူ့လက်ကိုသူမယုံနိုင်အောင်ဖြစ်နေတဲ့အချိန် ဘေးမှာရှိနေတဲ့ တပ်မှူးရဲ့မျက်နှာက ရုတ်ချည်းမှုန်ကုတ်သွားခဲ့တယ်။ တစ်ချိန်ထဲမှာပဲ စိတ္တလက်ထဲ ပတ္တမြားရောက်တာနဲ့ ကျန်နေတဲ့ ပတ္တမြားတွေအားလုံး သာမန်ကျောက်တွေအဖြစ်ပြောင်းလဲသွားတာကိုမြင်လိုက်ရတယ်။
တပ်မှူးကတော့ သူ့အကြံအစည်မအောင်မြင်ပေမယ့် အောင်မြတ်သာကိုပေးထားတဲ့ ကတိ အတိုင်းပတ္တမြားကိုပေးအပ်ခဲ့ရတယ်။ အောင်မြတ်သာတို့လဲ ဌာပနာပစ္စည်းရတာနဲ့ သိုက်နန်းထဲကနေ ပြန်ထွက်လာခဲ့ကြပြီး လမ်းတစ်ဝက်အရောက်မှာတော့စိတ္တက
“ကျုပ်ရွေးတာ ဒီပတ္တမြားမဟုတ်ပဲ ဘယ်လိုကြောင့် ဒီကိုလက်ရောက်သွားတယ်မသိပါဘူး”
“ ဒါတွေက သိုက်တို့ရဲ့မာယာလို့ခေါ်တယ် သူတို့ဘယ်လိုပဲ မူယာမာယာများများ ပဌာန်းဆက် ရှိတဲ့အတွက် ဒီဌာပနာပစ္စည်းကိုသင်ရယူနိုင်ခဲ့တာပဲ”
“အခုဌာပနာပစ္စည်းလဲရပြီဆိုတော့ ထီးတော်တင်ဖို့ကိစ္စပဲကျန်တော့တယ် ဒီကိစ္စတွေအားလုံး အတူတကွလုပ်ဆောင်ခဲ့တာဆိုတော့ ထီးတော်တင်ရင်လဲ အတူတူတင်စေချင်ပါတယ်”
“ သင်ဖြစ်ချင်တဲ့အတိုင်းဖြစ်အောင် ကျုပ်တို့တွေကူညီပေးပါ့မယ် ဟော ပြောရင်းဆိုရင်း စေတီကိုပြုပြင်မယ့်သူတွေရောက်လာတော့မယ်”
အောင်မြတ်သာတို့လဲ ရလာတဲ့ဌာပနာပစ္စည်းကို လုံခြုံအောင်ထိန်းသိမ်းရင်း စေတီထီးတော် တင်မယ့်ကိစ္စကိုအားတက်သရောဆောင်ရွက်ခဲ့ကြတယ်။ ဘုန်းတန်ခိုးထွန်းလင်းတောက်ပမယ့် အချိန်ရောက်တော့ အိမ်မက်အရလှူဒါန်းမယ့်သူတွေက စေတီတော်ရှိရာကို မရမကလာရောက်ကာ ထီးတောင်တင်ဖြစ်အောင် ပံ့ပိုးပေးခဲ့ကြတယ်။ စေတီဟောင်းကိုမဖြိုဖျက်ပဲ အပေါ်ကနေငုံပြီး အသစ်ပြန်တည်ချိန်မှာတော့ အုတ်ပုံတွေကြားထဲကနေ ပုရပိုက်စာတစ်စောင်ထွက်လာခဲ့တယ်။
ပုရပိုက်မှာပါတဲ့စာအရ စေတီဘွဲ့တော်ကို ပြည်လုံးချမ်းသာလို့သမုတ်ခဲ့တယ်။ ထီးတော်တင် မယ့်နေ့မရောက်ခင်တစ်ရက်မှာတော့ ကုမ္မာရီကုလားသိုက်က တပ်မှူးကိုယ်တိုင်လာရောက်ပြီး သူပိုင်တဲ့ရတနာပစ္စည်းအချို့ကိုလာရောက်လှူဒါန်းခဲ့ကြတယ်။
နောက်တစ်နေ့မနက်ထီးတော်တင်ပွဲမှာတော့ လူသူပရိတ်သတ်တွေအပြင် ဥစ္စာစောင့်၊ သိုက်နန်းရှင်ပေါင်းများစွာလာရောက်ဖူးမြင်ခဲ့ပြီး ထီးတော်တင်တဲ့အချိန်မှာတော့ သာဓုခေါ်သံက အရပ်လေးမျက်နှာကိုအတိုင်းအဆမရှိပျံ့လွင့်သွားခဲ့တယ်။
စိတ္တလဲ ထီးတော်တင်ပွဲပြီးတော့ အောင်မြတ်သာတို့နောက်ကိုလိုက်ဖို့ဆုံးဖြတ်ပြီးချိန်မှာတော့ ထိုလူသုံးယောက်ကိုမတွေ့ရတော့ပဲ “ရေစက်ရှိရင်ဆုံရတတ်သလို ရေစက်ကုန်ရင်ခွဲခွာရတတ်တာ ဓမ္မတာပါ”ဆိုပြီး ဆီစိမ်စက္ကူနဲ့ရေးထားတဲ့စာတစ်စောင်ကိုသာတွေ့လိုက်ရတယ်။
အဲဒီအချိန် ပြည်လုံးချမ်းသာစေတီမှာရှိနေတဲ့ ခေါင်းလောင်းက လူမတီးပဲ အလိုလို ထမြည် လာခဲ့တယ်။
———————————————-
အောင်မြတ်သာတို့လဲ ပြည်လုံးချမ်းသာစေတီထီးတင်ပွဲကနေ ထွက်လာခဲ့ပြီးနောက်ပိုင်းမှာ ခရွန်းဆိုတဲ့ရွာတစ်ရွာကိုရောက်လာခဲ့တယ်။ ခရွန်းရွာကို အောင်မြတ်သာတို့ရောက်တော့ တစ်ရွာလုံး ပြောင်းပြေးဖို့ပြင်အခြေအနေကိုမြင်တွေ့ခဲ့ရတယ်။ ခရွန်းရွာသားတွေ ဘာကြောင့် ပြောင်းပြေးဖို့ စီစဉ်နေကြတာလဲ။ အောင်မြတ်သာတို့ကရော ခရွန်းရွာကလူတွေကို ဘယ်လိုကူညီပေးမလဲဆိုတာ ကိုတော့ အောင်မြတ်သာနှင့် သရဲမွေးသောမခင်လှဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)