ဘိုးမင်းအောင် နှင့် ဝိဉာဉ်ချုပ်အိုး(စ/ဆုံး)

Unicode Version

ဘိုးမင်းအောင် နှင့် ဝိဉာဉ်ချုပ်အိုး(စ/ဆုံး)
————————————————-
နေ့တစ်နေ့၏ နေမွန်းတည့်ချိန်လောက်တွင် လယ်ကွင်းပြင်များကိုဖြတ်ကျော်ပြီး လူတစ်ဦးက
ရွာတစ်ရွာဆီသို့ဦးတည်၍ လျှောက်လှမ်းလာလေသည်။

ထိုသူသည် အသက်ငါးဆယ်လောက် ရှိပြီဟု ခန့်မှန်းရပြီး နှုတ်ခမ်းမွှေးက ထူထူ၊ ဆံပင်ကို သျှောင်ထုံး ထုံးထားပြီး ပိုးပုဝါ ပေါင်းထားလေသည်။ တည်ကြည်ခန့်ညားသော ရုပ်ရည်အသွင်အပြင်ကို ပိုင်ဆိုင်ထားပြီး အရပ်အမောင်းကလည်း ခပ်မြင့်မြင့်ဖြစ်သည်။ အပေါ်၌ တိုက်ပုံအင်္ကျီ အနက်ရောင်ကို ဝတ်ဆင်ထားပြီး အောက်တွင်တော့ ဖဲပုဆိုးကို ကျကျနန ဝတ်ဆင်ထားကာ ကတ္ထီပါဖိနပ်ကို စီးထားလေသည်။ ထို့အပြင် အနည်းငယ်ဖောင်းပွနေသော လွယ်အိတ်ကြီးကိုလည်း လွယ်ထားသေး၏။ လက်ထဲတွင်တော့ ထီးအနက်ရောင်ကြီးကို ကိုင် ဆောင်းထားပြီး ထိုထီးအနက်ပေါ်တွင်စာလုံးအဖြူနှင့်လည်း စာရေးထားသေးသည်။ ဤသည်မှာ “အကြားအမြင်၊ ဗေဒင်ဆရာ ဦးဒိဗ္ဗ” ဟူ၍ပင်ဖြစ်သည်။

ဦးဒိဗ္ဗသည် တစ်နယ်တစ်ကျေးမှ ခရီးနှင်လာသူဖြစ်လေသည်။ သူသည် တဖြည်းဖြည်းဖြင့် ဆက်လက်လျှောက်လှမ်းလာရင်း ခဏကြာတော့ ရွှေမြိုင်ရွာလေးနှင့် မလှမ်းမကမ်းတွင်ရှိသော ဇရပ်တစ်ခုအတွင်းသို့ဝင်ထိုင်ကာ ခရီးတစ်ထောက်နားတော့လေ၏။ သူ့အရှေ့တွင်တော့ ဆောင်းလာသည့်ထီးကို မပိတ်ပဲ ဖွင့်လျက်ဖြင့်ထောင်ထားသောကြောင့် အကြားအမြင်၊ ဗေဒင်ဆရာ ဦးဒိဗ္ဗ ဟူသောစာတန်းကြီးက ထင်းနေလေသည်။ အဝေးမှလှမ်းကြည့်ရင်တောင် သဲသဲကွဲကွဲ မြင်နေရလေ၏။

ခဏကြာတော့ ဦးဒိဗ္ဗနားနေရာ ဇရပ်အနားမှ ဆယ်ကျော်သက်အရွယ် ကောင်လေးတစ်ယောက်က ဖြတ်လျောက်သွားလေသည်။ လက်ထဲတွင်လည်း ကြိမ်တစ်ချောင်းကိုင်ထားသဖြင့် နွားကျောင်းသားလေးတစ်ယောက် ဖြစ်ဟန်တူ၏။ ထိုအချိန် ဇရပ်ပေါ်တွင် ထိုင်နေသူတစ်ဦးဖြစ်သော ဦးဒိဗ္ဗက လှမ်းပြောလိုက်လေသည်။

“ဟေ့… ကောင်လေး… ဘာရှာနေတာလဲ… ”

ထိုအခါ နွားကျောင်းသားလေးကလည်း သူအနားသို့ကပ်လာပြီး ခေါင်း
ကိုလည်း တဗြင်းဗြင်းမြည်အောင်ကုတ်ရင်း ပြောလေ၏။

“ကျုပ်နွားတွေ ပျောက်နေလို့…
တစ်နေကုန်လိုက်ရှာနေတာ..
အခုထိကို မတွေ့သေးပါဘူးဗျာ… . ”

“ဪ… ဒါလား… ကျုပ်ကူရှာပေးပါ့မယ်… နွားက ဘယ်နှကောင်တုန်း ”

“လေးကောင်ပါဗျ… အဖြူနှစ်ကောင်..နီညိုရောင်နှစ်ကောင်… ”

“ဟုတ်ပြီ… ဟုတ်ပြီ ”

ထို့နောက် ဦးဒိဗ္ဗသည် သူ၏မျက်လုံး
ကို အသာမှိတ်ထားပြီး ခေါင်းကိုလည်း တဆတ်ဆတ်ညိမ့်နေလေသည်။ လက်တစ်ဖက်ကိုလည်း သူ့လွယ်အိတ်ထဲသို့ ထည့်ထားသေးသည်။ ခဏကြာတော့မှ မျက်လုံးပြန်ဖွင့်လာပြီး ပြောလေ၏။

“ဒီကနေ တည့်တည်သွား… လက်ပံပင်ကြီးတွေ့ရင် လက်ယာဘက်ကိုချိုးလိုက်… ခြုံနွယ်တွေရဲ့အကျော်လေးက ချောင်းအစပ်နားမှာ မြက်နုတွေစားနေတယ်… ”

“ဗျာ.. ”

“ဗျာကိုနောက်ထား …ကျုပ်ပြောတာ
ဟုတ်မဟုတ် အရင်သွားကြည့်…
တွေ့ရင်တော့ ပြန်လာပြောပေါ့နော့်… ”

“ဟုတ်.. ဟုတ် ”

ဤသို့ဖြင့် နွားကျောင်းသားလေးသည် ဦးဒိဗ္ဗ လမ်းညွှန်ကာပြောပြလိုက်သည့်အတိုင်း လျှောက်သွားတော့လေသည်။ အတန်ငယ်ကြာတော့ သူ၏နွား
လေးကောင်ကို ဆွဲလာပြီး ဇရပ်ဆီသို့ အားရဝမ်းသာဖြင့် ပြန်လာတော့လေ၏။ ဦးဒိဗ္ဗကတော့ ခပ်ပြုံးပြုံးဖြင့်သာ ကြည့်နေလေသည်။ ထို့နောက် နွားကျောင်းသားလေးက ဦးဒိဗ္ဗ၏အနီးသို့ရောက်လာပြီး ပြောလေသည်။

“ရှာတွေ့ပြီဗျို့…
ကျေးဇူးတင်လိုက်တာဗျာ… နို့မို့ဆို ကျုပ်နွားတွေ ပြန်တွေ့မှာ မဟုတ်ဘူးဗျ… ”

“ဟုတ်ပါပြီ… ဟုတ်ပါပြီ….”

“ဒါနဲ့… ဒီကဆရာကြီးက ဘယ်သူတုန်း….ပြီးတော့ ကျုပ်နွားတွေက အဲ့ဒီ့နေရာမှာရှိနေတာကို ဘယ်လိုလုပ်ပြီးသိနေရတာလဲဗျ”

“ကျုပ်နာမည် ဦးဒိဗ္ဗပါ..ခုနှစ်ရက် သား၊ သမီးတွေရဲ့ အကျိုးစီးပွားအတွက်ရည်ရွယ်ပြီး… ကျုပ်ရဲ့အကြားအမြင်နဲ့
ကူညီပေးနေတဲ့ သူပါ…”

“ဟာ… ဟုတ်လား ဆရာကြီး… အခုကျုပ်တို့ရွာကိုရောက်လာတာဆိုတော့ ဝမ်းသာလိုက်တာဗျာ…. ”

ထိုအခါ ဦးဒိဗ္ဗကတော့ မည်သည်မျှပြန်မပြောပဲ နှုတ်ခမ်းမွှေးတွန့်သွားရုံလောက်သာပြုံးပြီး ခေါင်းကိုသာ ညိမ့်ပြနေလေသည်။ ထိုအချိန် ခပ်လှမ်းလှမ်းမှ အသံတစ်သံကို ကြားလိုက်ရလေ၏။

“ဖိုးတေ… ဟဲ့ဖိုးတေ… ”

“ဗျာ… အမေ… ကျုပ်ဒီဘက်မှာဗျို့… ဇရပ်ပေါ်မှာ… ”

ဦးဒိဗ္ဗနှင့် စကားပြောနေသည့် နွားကျောင်းသားလေး ဖိုးတေက ထိုသို့အသံပေးလိုက်ပြီး မကြာမီ သူတို့ရှိနေသော ဇရပ်ပေါ်သို့ မိန်းမကြီးတစ်ဦးက ရောက်လာတော့သည်။ ထိုသူက ဖိုးတေ၏ အမေဖြစ်လေ၏။

“ဟဲ့… ဖိုးတေ..ဪ… နွားတွေပြန်တွေ့တာ အိမ်ကိုပြန်လာပြီးမပြောဘူး… ငါ့မှာတော့ လိုက်ရှာလိုက်ရတာ ရွာတောင်ပိုင်းအထိတောင်
ရောက်သွားတယ်… ”

“ဪ… အမေကလည်း…
ကျုပ်ရှာပါ့မယ် အိမ်မှာပဲနေပါလို့ ပြောထားတာကို”

“ဟဲ့ ငါတို့ထမင်းရှင်ဖြစ်တဲ့ နွားတွေပျောက်သွားတဲ့ဟာ….ဘယ်လိုလုပ် အိမ်မှာထိုင်နေနိုင်မှာတုန်း… ဒါနဲ့
နွားတွေကို ဘယ်ကနေပြန်ရှာတွေ့တာလဲ… ”

“အစက ကျုပ်လိုက်ရှာနေတာ လုံးဝမတွေ့ဘူး…နောက်တော့မှ ဒီက အကြားအမြင် ဆရာကြီးပြောလို့ ပြန်တွေ့တာဗျ… ဟိုးဘက်ချောင်းအစပ်နားမှာမြက်စားနေတာ… ”

“ဟင်… ဟုတ်လား”

ဖိုးတေ၏ အမေက ဦးဒိဗ္ဗအား သံသယမျက်လုံးဖြင့်ကြည့်နေလေသည်။ ထိုအချိန် ဦးဒိဗ္ဗကတော့
ချောင်းတစ်ချက်ဟန့်လိုက်ပြီး မျက်လုံးကိုအသာမှိတ်လိုက်လေ၏။ ခဏကြာမှ ခေါင်းကို တဆတ်ဆတ်ညိမ့်ရင်း ပြောလေသည်။ လက်ကိုတော့ လွယ်အိတ်ထဲ၌သာ ထည့်ထားလေသည်။

“ခင်ဗျားရဲ့ ယောကျာ်းက မနှစ်ကမှ ပိုးထိပြီး ဆုံးသွားတာပဲဗျ… အရင်က ခင်ဗျားယောကျာ်းက မုဆိုးတစ်ယောက်… သူတောထဲမှာ ပစ်ခတ်ဖမ်းဆီးပြီး ရလာတဲ့ အသားတွေကို ခင်ဗျားက ရွာထဲလှည့်ရောင်းတယ်… အင်း… အဲ့ဒီ့တုန်းက ခင်ဗျားတို့ စီးပွားရေးအဆင်ပြေသားဗျ… ဒါပေမယ့်အခု သားအမိနှစ်ယောက်ပဲ ကျန်တော့တဲ့အခါ လယ်ယာလုပ်ငန်းကိုပဲ လုပ်ကိုင်နေကြတော့တယ်…
စားဝတ်နေရေးကတော့ သိပ်အဆင်မပြေလှဘူး… ”

ဦးဒိဗ္ဗက ထိုသို့အဆက်မပြတ်ပြောလိုက်သည့်အခါ ဖိုးတေတို့ သား၊ အမိနှစ်ယောက်လည်း အံ့သြသွားပြီး မျက်လုံးပြူးမျက်ဆံပြူး ဖြစ်သွားတော့လေ၏။

“ဟာ မှန်လိုက်တာ ဆရာကြီးရယ်…
ကျုပ်တို့ သားမိနှစ်ယောက် ရှေ့ဆက်ပြီး အဆင်ပြေနိုင်လား၊ မပြေနိုင်လားဆိုတာကိုလည်း ကျေးဇူးပြုပြီး ပြောပြပေးပါဦး.. ”

“အင်း… ကံကတော့ အညံ့ပိုင်းထဲရောက်နေတယ်ဗျ… အိမ်မှာရှိနေတဲ့ အဝတ်စုတ်၊ ဖိနပ်စုတ်တွေကို မြစ်ထဲမျှောလိုက်ပါ….မြစ်ထဲမျှောတဲ့အခါ လက်နောက်ပြန်နဲ့ မျှောရမှာနော်… အညံ့အဆိုးတွေ ပယ်ပျောက်ပါစေလို့လည်း ပါးစပ်ကနေ သုံးကြိမ်သုံးခါ ရွတ်ပေး… အစစအရာရာ အဆင်ပြေလာလိမ့်မယ်ဗျ.. ”

“ဟာ..
ကျေးဇူးတင်လိုက်တာ ဆရာကြီးရယ် ”

“ရပါတယ်ဗျာ… ”

“ဒါဆို …ကျုပ်တို့ကို ခွင့်ပြုပါဦးနော်… ”

“ကောင်းပါပြီဗျာ… ကောင်းပါပြီ… ”

ထို့နောက် ဖိုးတေတို့သားအမိနှစ်ယောက်လည်း ထိုနေရာမှထွက်ခွာသွားတော့လေသည်။ လမ်းတွင်တွေ့သမျှလူတို့ကိုလည်း ဦးဒိဗ္ဗ၏အကြောင်းအား
အားရဝမ်းသာဖြင့် ပြောပြပေးနေတော့လေ၏။

“တို့ရွာထိပ်က ဇရပ်ပေါ်မှာ အကြားအမြင်ဆရာတစ်ယောက် ရောက်နေတယ်ဟဲ့… အရင်ကဖြစ်ခဲ့တာတွေရော… နောက်ဖြစ်မဲ့ဟာတွေရော ပြောပြသွားတာ… အကုန်မှန်နေတာပဲ… ပြီးတော့ တစ်နေကုန်ပျောက်နေတဲ့ ကျုပ်တို့နွားတွေလည်း အဲ့ဒီ့ဆရာက ပြောပြပေးလို့ ပြန်တွေ့ပြီလေ.. ”

“ဟာ… ဟုတ်လား အရီး… အခုအဲ့ဒီ့ဆရာကြီး ရှိသေးလား… ကျုပ်လည်း နည်းနည်းပါးပါး မေးကြည့်ချင်လို့… ”

“ရှိသေးတယ်… ရှိသေးတယ်… မေးချင်ရင် အခုမြန်မြန်သွားမေး …”

“ဟုတ်… ဟုတ်… အရီး”

ဤသို့ဖြင့် ဖိုးတေတို့ပြန်သွားပြီး
ခဏကြာတော့ ဦဒိဗ္ဗရှိရာ ဇရပ်ဆီသို့ လူတစ်ယောက်က ပြာပြာသလဲဖြင့် လျှောက်လှမ်းလာတော့သည်။ ထိုသူက ဖိုးတေ၏အမေ ညွှန်ပြပေးသောကြောင့် ရောက်လာခြင်းပင်ဖြစ်သည်။

“ဆရာကြီး… ”

“လာပါ…ကျုပ်အရှေ့မှာလာထိုင်ပါ… ဘာကိစ္စရှိလို့လဲ”

“မေးခွန်းလေး နည်းနည်းလောက်မေးချင်လို့ပါ… ”

“မေးပါဗျာ… မေးပါ…. ”

“ကျုပ်မနေ့ညနေကမှ နှမ်းတွေရောင်းပြီး ရလာတဲ့ ပိုက်ဆံတွေပျောက်သွားလို့ပါ… အဲ့ဒါဘယ်သူယူသွားလဲဆိုတာ သိချင်လို့ပါ… ”

“ဪ… ဒါလား… ဟုတ်ပြီ… ဟုတ်ပြီ”

ထိုအခါ ဦးဒိဗ္ဗက မျက်လုံးမှိတ်ကာ အာရုံခံလေသည်။ ပြီးမှ ပြောလေ၏။

“ပိုက်ဆံယူတဲ့သူက အခြားသူမဟုတ်ဘူး…. ခင်ဗျားနဲ့ တစ်အိမ်တည်း
အတူနေတဲ့သူပဲ…သူက စနေသားဗျ.. ”

ထိုအခါ မေးမြန်းသူက စဉ်းစားနေရင်း သဘောပေါက်သွားကာမှ တစ်ခြားဘက်သို့လှည့်ကာ ပြောလေသည်။

“တစ်အိမ်တည်းအတူနေတဲ့ စနေသားဆိုတော့… ထိန်လင်း…ဟုတ်တယ်… ထိန်လင်း… ဪ…ငါထင်တော့ထင်သားပဲ.. ဒင်းက ညီအစ်ကိုချင်းတောင် ယုတ်မာတာကိုး….တွေ့မယ်… ငါနဲ့တွေ့မယ် …”

ထို့နောက်မှ ဦးဒိဗ္ဗဘက်သို့လှည့်ပြီး ပြောလေ၏။

“အခုလိုပြောပြပေး… ကျေးဇူးတင်ပါတယ်ဆရာကြီးရယ်.. ”

“အင်း …အခုအိမ်ပြန်ရောက်တာနဲ့ ခင်ဗျားအိမ်မှာ ရှိနေတဲ့ စနေသားရဲ့
အိပ်ယာအောက်ကို ရှာကြည့်လိုက်ပါ…သေချာပေါက် ပိုက်ဆံပြန်တွေ့ပါလိမ့်မယ်… ”

“.. ဟုတ်ကဲ့ပါ ဆရာကြီးရယ်… ကျေးဇူးတင်ပါတယ်…ဒါနဲ့ ဆရာကြီး… ဘယ်လိုမှတော့ သဘောမထားပါနဲ့… ကျုပ်ရဲ့ကန်တော့ငွေလေး လက်ခံပေးပါဦး… ”

“ကောင်းပါပြီဗျာ… ”

ထို့နောက်တွင်တော့
ဦးဒိဗ္ဗ၏သတင်းက ရွှေမြိုင်ရွာ တစ်ရွာလုံးအား တောမီးလောင်သလိုပျံ့နှံ့သွားတော့လေသည်။ ထို့ကြောင့် ကိစ္စကြီးငယ်အမျိုးမျိုးတို့ကို မေးမြန်းရန်အတွက်ရောက်လာကြသူများဖြင့် ဇရပ်ထဲ၌လူပြည့်နေတော့သည်။ ဦးဒိဗ္ဗကလည်း မျက်လုံးလေးကို မှိတ်၍သာ အာရုံခံပြီး ပြောပြနေလေသည်။ ဦးဒိဗ္ဗ
ပြောလိုက်သည့် စကားများဟာလည်း အတိအကျကို မှန်ကန်နေသဖြင့်
အများ၏ ချီးကျူးဂုဏ်ပြုမှုကိုလည်း ခံနေရတော့သည်။

တစ်ချို့က
ဦးဒိဗ္ဗ၏အရှေ့၌ ပုဆစ်တုပ်ထိုင်ကာ လက်အုပ်ကလေးချီရင်း မေးမြန်းကြလေသည်။ တစ်ချို့ဆို ပြောသမျှအကုန်မှန်နေလွန်းသဖြင့် ကြည်ညိုအားကိုးကာ ထိုင်ကန်တော့နေကြတော့လေ၏။ ထို့အပြင်ငွေကြေးချမ်းသာသူများက အလှူငွေ၊ကန်တော့ငွေများဖြင့် လှူကြ၊ကန်တော့ကြသည့်အခါ
ဦးဒိဗ္ဗ၏အရှေ့၌ ပိုက်ဆံများအပုံလိုက် ရှိနေတော့လေသည်။

ညနေစောင်းအချိန်သို့ ရောက်သောအခါ ကာလသားတစ်ယောက်ဖြစ်သော မောင်အေးက ဇရပ်ပေါ်သို့ရောက်လာတော့လေသည်။ မောင်အေးက လူပျိုလူလွတ်ဖြစ်ပြီး လူချမ်းသာတစ်ဦးဖြစ်လေသည်။ လည်ပင်းတွင် ရွှေဆွဲကြိုးကြီးဆွဲထားသလို လက်ချောင်းများတွင်လည်း လက်စွပ်သုံးလေးကွင်း
လောက် ဝတ်ထားလေသည်။ မောင်အေးက ဇရပ်ပေါ်သို့ တက်လာသည့်အခါ အခြားသူများကလည်း နေရာဖယ်ပေးလိုက်ကြသည်။ ထို့နောက်
မောင်အေးက ဦးဒိဗ္ဗအား မေးလေ၏။

“ကျုပ်… ဒီက ..သတင်းကိုကြားလို့ ဟုတ်၊ မဟုတ် သိရအောင် လာခဲ့တာပါ… ”

မောင်အေးက သူဌေးသားပီပီ လေသံမာမာဖြင့် ခပ်တည်တည် ပြောချလိုက်လေသည်။ သို့သော် ဦးဒိဗ္ဗကတော့ ခပ်သဲ့သဲ့လေးသာပြုံးရင်း ပြန်ပြောလေ၏။

“ဟုတ်ပါပြီ..ဘာကူညီပေးမလဲ…. ”

“ကျုပ်အရင်က ဘာတွေဖြစ်ခဲ့လဲ…ဆိုတာကို ပြောပြပါ… ”

ထိုအခါ ဦးဒိဗ္ဗကလည်း ထုံးစံအတိုင်း မျက်လုံးကလေးမှတ်ကာ အာရုံခံနေသည်။ ပါးစပ်မှလည်း “ဟုတ်ပြီ…. ဟုတ်ပြီ.”ဟု ခေါင်းကလေးညိမ့်ရင်း ပြောနေလေ၏။ ထို့နောက်မှ မျက်လုံးပြန်ဖွင့်လာပြီး မောင်အေး၏ မျက်လုံးကိုသေချာကြည့်ကာ ပြောတော့လေသည်။

“နာမည်က…
မောင်အေး ..တဲ့လား …နာမည်မှာ ‘အေး’ ဆိုပြီး ပါနေပေမယ့်… ရင်ထဲမှာတော့ ပူလောင်နေတယ်… တစ်ကိုယ်တည်း လူပျိုကြီးတစ်ယောက်ပဲဗျ…

ဪ… ငယ်ငယ်လေးထဲက မိဘနှစ်ပါးလုံးဆုံးသွားလို့… အဘွားနဲ့ပဲ နေထိုင်ခဲ့ရတာကိုး… အဘွားကလည်း လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းက ဆုံးသွားခဲ့ပြီ… အဘွားဖြစ်သူဆီက အမွေရခဲ့တဲ့ ပစ္စည်းတွေနဲ့ အေးအေးဆေးဆေး နေလို့နေထိုင်လို့ရတယ်… ဟော… ထန်းတောကြီးတွေလည်း ပိုင်သေးတာကိုးဗျ….

အင်း… စိတ်မကောင်းစရာကတော့…. မောင်အေးကို ချစ်မဲ့သူမရှိဘူး…
ရှိလာခဲ့ရင်လည်း အဲ့ဒီ့သူက အကြောင်းအမျိုးမျိုးနဲ့ သေဆုံးရတယ်… လောလောလတ်လတ် မောင်အေးရဲ့ချစ်သူ မဒီ ဆိုတဲ့ကောင်မလေးတောင် ဆုံးသွားတာ မကြာသေးဘူးပဲဗျ… ”

ဦးဒိဗ္ဗက ထိုသို့အဆက်မပြတ်ပြောလိုက်သည့်အခါ မောင်အေးတစ်ယောက် အံ့သြလွန်သွားပြီး မျက်ရည်များပါ ကျလာတော့လေသည်။ အနီးရှိလူများအားလုံးကလည်း အံ့သြနေကြတော့သည်။ ပြောသမျှအကုန်လုံးက အတိအကျမှန်ကန်နေခြင်းကြောင့်ဖြစ်သည်။ ထိုအခါမှ မောင်အေးက လက်အုပ်ကလေးချီကာ ပြောလိုက်လေ၏။

“ဆရာကြီး ပြောတာတွေ အကုန်လုံး အမှန်တွေပါပဲဗျာ… တစ်ကယ်လေးစားပါတယ်… ဒါနဲ့ ဆရာကြီး …ဒီကနေ ဘယ်ကိုဆက်သွားဖို့ ရှိသေးလဲဗျ…. ”

“လောလောဆယ်တော့ မရှိသေးဘူး… ဆိုပါတော့”

“ဟာ… ဒါဆို အံကိုက်ပဲဟေ့…အခုတောင် ညနေစောင်းနေပြီဆိုတော့… ကျုပ်အိမ်မှာ လိုက်တည်းပါလား… ကျုပ်ရဲ့ ဝိုင်းထဲမှာပဲ အိမ်အလွတ်တစ်လုံးရှိသေးတယ်ဗျ…. အဲ့ဒီ့မှာ ဆရာကြီး ကြိုက်သလောက်နေပါဗျာ… ကျုပ်လည်း သိချင်တာလေးတွေ ထပ်မေးချင်သေးလို့ပါ…. ”

“ကောင်းပါပြီဗျာ…ဒါဆိုရင်….
ကျုပ်ကလည်း… ဟော့ဒီ့က မောင်အေးကို ကျေးဇူးအထူးတင်ပါတယ်…. ”

“မဟုတ်တာ.. ဆရာကြီးရယ်…
ကျုပ်ကသာ ကျေးဇူးတင်ရမှာပါ… လာပါ… ကြွပါဗျ..”

ဤသို့ဖြင့် ဦးဒိဗ္ဗသည် မောင်အေး၏ခေါ်ဆောင်ရာနောက်သို့ လိုက်ပါသွားတော့လေသည်။

******

မောင်အေးက သူ့ဝိုင်းထဲရှိ အုတ်တိုက်လေးထဲတွင် ဦးဒိဗ္ဗအား နေစေလေသည်။ ထို့နောက်တွင်တော့ မောင်အေး၏ဝိုင်းထဲ၌ အမြဲတစေ လူပြတ်သည်ဟူ၍ မရှိတော့ပေ။

မိမိတို့၏ အပူကိစ္စ
အမျိုးမျိုးတို့ကို ဦးဒိဗ္ဗဆီသို့
လာရောက်၍ မေးမြန်းကာ၊
ဖြေရှင်းကြခြင်းဖြစ်သည်။ ဦးဒိဗ္ဗကလည်း တစ်ယောက်ချင်းစီကို စိတ်ရှည်လက်ရှည်ဖြင့် ပြောပြပေးပြီး အဆင်ပြေစေရန် မည်သို့မည်ပုံပြုလုပ်ပါဟု ယတြာကိုပါ ပေးနေတော့လေ၏။ ထို့ကြောင့်
ဦးဒိဗ္ဗအား လေးစားကြည်ညိုလွန်းလှသဖြင့် ထမင်း၊ ဟင်းများကိုလည်း တစ်အိမ် တစ်ချိုင့်နှုန်းဖြင့် လာရောက်ပို့ဆောင်ကြရာ ဘုန်းကြီးဆွမ်းကပ်သလိုပင် ဖြစ်နေတော့လေသည်။

ဦးဒိဗ္ဗကလည်း နေရာထိုင်ခင်းရသွားသည့်အခါ လွယ်အိတ်ထဲမှ သူ့ပစ္စည်းများအားထုတ်ပြီး စားပွဲခုံများပေါ်တွင်တင်ကာ ကျကျနန ပြင်ဆင်ထားလိုက်
တော့လေ၏။

ဤသို့ဖြင့် ရက်တွေကြာလာသည့်အခါ ဦးဒိဗ္ဗလည်း သူရရှိလာသော ငွေကြေးများဖြင့် နတ်ရုပ်တုများစွာတို့ကိုလည်း ဝယ်ယူပြီး ပူဇော်ပသထားတော့လေသည်။ နတ်ရုပ်တုဟု ဆိုသော်လည်း နတ်ပြည်ခြောက်ထပ်မှ နတ်စင်စစ်များမဟုတ်ကြပဲ နတ်အနွယ်ဝင်အဆင့်ရှိသော ရုပ်တုများသာဖြစ်သည်။

စတုမဟာရာဇ်၊ တာဝတိံသာ၊ ယာမာ၊ တုတိသာ၊ နိမ္မာနရတိ၊ ပရိနိမ္မိတဝ သာဝတ္ထိဟူ၍ နတ်ပြည်ခြောက်ထပ်ရှိရာ ဗုဒ္ဓဝင်ကျမ်းဂန်အရ မြင့်မိုရ်တောင်၏ တောင်ခါးပန်းနေရာတွင် စတုမဟာရာဇ်နတ်ဘုံ ရှိလေသည်။

ထိုစတုမဟာရာဇ်နတ်ဘုံ၌လည်း အထက်စတုမဟာရာဇ်နှင့် အောက်စတုမဟာရာဇ်ဟူ၍ နှစ်မျိုးနှစ်စားရှိသေးသည်။

ယခုဦးဒိဗ္ဗ ပူဇော်ပသထားသော နတ်ရုပ်ထုများမှာ အောက်စတုမဟာရာဇ်ရှိ နတ်များ၏ ရုပ်ထုများသာဖြစ်သည်။ ထိုအထဲ၌ ဥစ္စာစောင့်၊ ဂုမ္ဗာန်၊ ယက္ခ၊ ဘုမ္မစိုး၊ ရုက္ခစိုး တို့လည်း အပါအဝင်ဖြစ်လေသည်။

ထို့အပြင် အတွင်း(၃၇)မင်းနှင့် အပြင် (၃၇)မင်းတို့သည်လည်း အောက်နတ်အနွယ်ဝင်များဖြစ်ကြပြီး
နတ်စိမ်းများသာအဖြစ်များသည်။ သူတစ်ပါးကြောင့် သေရခြင်း၊ ဘေးဥပါဒ်အန္တရာယ်ကြောင့် သေရခြင်းတို့
ဖြစ်ပြီး သေလွန်သောအခါ၌ နတ်ဘဝကိုရောက်ရှိသွားခြင်းကြောင့် နတ်စိမ်းဟူ၍ လူတို့ကခေါ်ဆိုကြခြင်းပင်ဖြစ်လေသည်။

ထိုအောက်နတ်များသည်ကား
လူတို့နှင့်ဆက်စပ်ရောထွေး၍ တည်ရှိနေကြသည်။ သို့သော်လည်း သာမန် မံသစက္ခုဖြင့် မမြင်နိုင်ကြပေ။ ၎င်းတို့၏သက်တမ်းမှာလည်း မမြဲကြ။ ပြုခဲ့ကြသည့် ကုသိုလ်၊ အကုသိုလ်အထုံအပေါ်၌သာ မူတည်ပြီးတည်ရှိနေကြလေသည်။

အောက်နတ်အများစုသည်
တန်ခိုးဣဒ္ဓိပတ်များ ရှိကြသော်လည်းအရိယာအနွယ်မဟုတ်ပဲ ပုထုဇဉ်များသာဖြစ်လေသည်။ ထို့ကြောင့် စိတ်ဆိုးခြင်း၊ ဒေါသထွက်ခြင်း၊ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ ကျေနပ်ပီတိဖြစ်ခြင်း စသည့်ဖြင့် လူသားများကဲ့သို့ပင် စိတ်ခံစားမှုများ ရှိကြသည်။ ထို့ကြောင့်လည်း သူတို့အလိုမကျလျှင် သူတစ်ပါးအား နှောင့်ယှက်ခြင်း၊ ဖမ်းစား၊ ပြုစားခြင်း၊ နှိပ်စက်ခြင်းတို့ကိုလည်း ပြုလုပ်တတ်ကြလေ၏။

******
တစ်နေ့သ၌။ ဘိုးမင်းအောင်သည် နေ့လည် ထမင်းစားသောက်ပြီးသည့်အခါ ဝိုင်းထဲရှိ သရက်ပင်ကြီး၏အောက်၌
ဘုရား၊ တရားစာအုပ်အပြင် အခြားစာပေကျမ်းဂန်များကို ဖတ်ရှုလေ့လာနေလေသည်။ မှတ်သင့်တန်ကို မှတ်ပြီး ကျက်သင့်တန်ကိုလည်း ကျက်နေလေ၏။

ထိုအချိန် ရွာရှိကာလသားတစ်ယောက်ဖြစ်သော စိန်မောင်က ဘိုးမင်းအောင်တို့ ဝိုင်းရှေ့မှ ဖြတ်လျှောက်လာရင်း ဘိုးမင်းအောင်အားတွေ့လိုက်ရသောကြောင့် လှမ်းနှုတ်ဆက်လေသည်။

“ဟာ… အဘ… စားပြီးပြီလားဗျ… ”

“အေးကွယ့် …စိန်မောင်ရဲ့… ဒါနဲ့ဘယ်ကပြန်လာတာတုန်း… ”

“ဟိုဘက်ရွာမှာ အကြားအမြင်ဆရာတစ်ယောက် ရောက်နေလို့ဗျ… ကျုပ်လည်း ဒီရက်ပိုင်း ကံတွေနိမ့်ပြီး စီးပွားရေးလည်း အဆင်မပြေတာနဲ့ အကျိုးအကြောင်းသိရအောင် သွားမေးတာဗျ ”

စိန်မောင်က ထိုသို့ပြောနေရင်း ဝိုင်းထဲသို့ဝင်လာပြီး ဘိုးမင်းအောင်အနား၌ ထိုင်လိုက်လေသည်။ ထိုအခါ ဘိုးမင်းအောင်က ပြောလေ၏။

“မင်းကွယ်… ကံတွေနိမ့်နေရင်လည်း… ကုသိုလ်ကောင်းမှု များများလုပ်ပေါ့…. ”

“အဘ ပြောတာလည်း ဟုတ်သားဗျ… ဒါပေမယ့် လူရဲ့စိတ်ဆိုတာကလည်း ခက်သားလားဗျာ… ရှေ့ဆက်ပြီး ကိုယ် ဘာတွေဖြစ်မယ်… ဘယ်လိုတွေပြင်ဆင်နေထိုင်ရမယ်ဆိုတာကို သိချင်တဲ့သူက ခပ်များများရယ်ဗျ… အဲ့ဒီ့ထဲမှာ ကျုပ်လည်း ပါတယ်ပေါ့ဗျာ… အဟဲ..အဟဲ…”

ထိုအခါ ဘိုးမင်းအောင်က ခပ်ပြုံးပြုံးဖြင့်သာ ပြန်မေးလေသည်။

” ဟုတ်ပါပြီ… အခုလို သွားမေးတော့ရော… ဘာတွေသိလာရတုန်း….”

“ဘာမှ မသိခဲ့ရဘူးဗျ… ”

“ဟေ”

“ဪ… ဒီလို အဘရဲ့…
သူက ညနေမှ
တစ်ခေါက်လာခဲ့ဆိုလို့ပါ… ”

“ဘယ်လိုဖြစ်လို့တုန်း… ”

“ကျုပ်လို လာမေးတဲ့သူတွေများနေ
လို့ဗျ ”

“ဪ…. ”

“ဟုတ် …အဘရေ… ကျုပ်လည်း ကိစ္စလေးရှိလို့ သွားလိုက်ဦးမယ်နော်… ”

“အေး… အေး… အေး… ”

ထို့နောက် ဘိုးမင်းအောင်လည်း
စာအုပ်စာပေများကိုသာ ဆက်လက်ဖတ်ရှုနေပြီး အချိန်ကုန်ဆုံးစေတော့သည်။

ညနေ နေဝင်ချိန်ရောက်လာသည့်အခါ စိန်မောင်က ဘိုးမင်းအောင်ဆီသို့ တစ်ဖန်ရောက်လာပြန်တော့သည်။ ထိုအချိန် ဘိုးမင်းအောင်က အိမ်အပေါ်၌ရှိနေသဖြင့် အိမ်ပေါ်သို့သာတန်းတက်သွားတော့သည်။ ထို့နောက် ဘိုးမင်းအောင်က မေးလေ၏။

“ဘယ်လိုဖြစ်တာလဲ… စိန်မောင်ရဲ့… ရေးကြီးသုတ်ပြာနဲ့.. ”

“ဟုတ်တယ်.. အဘရေ.. ကျုပ်အဘကို ပြောပြချင်လွန်းလို့ဗျ”

“ဘာကိစ္စမို့လို့တုန်း”

“ကျုပ် အခုတင် ရွှေမြိုင်ရွာက အကြားအမြင်၊ ဗေဒင်
ဆရာ ဦးဒိဗ္ဗဆီကနေ ပြန်လာတာဗျ… ဟောပြောလိုက်တာတွေက သွေးထွက်အောင်ကို မှန်နေတာဗျို့… ”

“ဟေ… ဟုတ်လား… ”

“ဟုတ်တယ်… အဘရဲ့…
ကျုပ် အရင်က ဘယ်အချိန်မှာ ဘာတွေလုပ်ခဲ့တယ်ဆိုတာတွေ…. ပြီးတော့ မနှစ်က စပါးတွေပိုးကျပြီး ကျုပ်အတွက်နစ်နာခဲ့တာတွေ…ကျုပ်ရဲ့ စပါးကျီ မီးလောင်တာတွေရော အကုန်ဒေါက်စေ့နေအောင် ဟောသွားတာဗျ…. ယုတ်စွအဆုံး ဟိုတလောကမှ ကျုပ်ထန်းပင်ပေါ်က ပြုတ်ကျပြီး လက်ကျိုးခဲ့ဖူးတယ်ဆိုတာကိုပါ တိတိကျကျပြောပြသွားလို့ ကျုပ်ဖြင့် အံ့သြပြီး ကြက်သီးတွေတောင် ထနေတာ… ”

“ဟုတ်လှချည်လား စိန်မောင်ရဲ့… ”

“ဟုတ်တယ်… အဘရေ… ဒါကြောင့်လည်း အဲ့ဆရာဆီမှာ မေးမြန်းသူတွေနဲ့ ကြိတ်ကြိတ်ကိုတိုးနေတော့တာဗျ… ”

“အင်း…ဒီလောက်တောင်မှန်နေတာဆိုတော့ အဲ့ဒီ့အကြားအမြင်၊ ဗေဒင်
ဆရာက.. ဘယ်လိုဟောတာလဲ… မဟာဘုတ်နဲ့လား… အဂ်ဝိဇ္ဇာနဲ့လား…သရောဒယနဲ့လား…ဆန်းကျမ်းနဲ့လား… နက္ခတ်နဲ့လား”

“အဘပြောတာတွေကိုတော့
ကျုပ်နားမလည်ဘူးဗျ… ဒါမေယ့် အဲ့ဒီ့ဆရာဟောတာက
ထူးတော့ထူးတယ်… ”

“ဘယ်လိုထူးတာတုန်း”

“သူက ဟောပြောခါနီးဆို သူ့မျက်လုံးကိုအရင်မှိတ်ထားတယ်… ခဏကြာတော့မှ မျက်လုံးပြန်ဖွင့်လာပြီး ကျုပ်မျက်လုံးကိုအသေအချာစိုက်ကြည့်ပြီးတော့ တောက်လျောက်ဟောပြောတော့တာပဲဗျ… ပြောသမျှတွေကလည်း အတိအကျတွေချည်းပဲ”

ထိုအခါ ဘိုးမင်းအောင်သည် မျက်မှောင်ကျုံ့ကာ သေချာစဉ်းစားပြီးမှ ပြန်ပြောလေသည်။

“မဟုတ်တော့ မဟုတ်သေးဘူးကွ…
စိန်မောင်ရ… ”

“ဗျာ… ဘာကိုမဟုတ်တာလဲဗျ… ”

“ဪ… ဒီလိုလေကွာ…အခုလိုအတိအကျကြီး.. ဟောပြောနိုင်ဖို့ဆိုတာ ပညာရပ်တစ်ခုခုတော့ ရှိနေရမှာလေ…အခုဟာက သွေးရိုးသားရိုးရော ဟုတ်ရဲ့လားလို့ ကျုပ်ကစဉ်းစားမိသွားတာပါ”

“ဗျာ… ”

“အင်း…နက္ခတ်ပညာတို့၊
လက္ခဏာ၊ ဗေဒင်ပညာတို့
ဆိုတာ ရှေးနှစ်ပေါင်းများစွာကတည်းက ရှိခဲ့တာလေ….

နက္ခတ္တဗေဒပညာရပ်ကိုသာ အဓိကထားပြီး သင်ကြားပို့ချပေးတဲ့
ကျောင်းတော်ကြီးက ငါးကျောင်းရှိတယ်… ပေါလိသ ကျောင်းတော်၊ ရောမက ကျောင်းတော်၊ ဝါသေဠ ကျောင်းတော်၊ သောရ ကျောင်းတော်နဲ့ ပိဏ္ဍာမ ကျောင်းတော် ဆိုပြီးတော့ပေါ့…”

“ဟုတ်…အဘ”

ဘိုးမင်းအောင်က ထိုသို့ပြောပြနေသည့်အခါ စိန်မောင်ကလည်း ခေါင်းလေးတညိမ့်ညိမ့်လုပ်ပြီး စိတ်ဝင်တစားဖြင့်
နားထောင်နေလေသည်။

“စစ်မှန်တဲ့
နက္ခတ်ပညာရှင်တစ်ဦးဆိုတာ…

ကမ္ဘာက မိမိဝင်ရိုးပေါ်မှာလည်နေတဲ့အခြင်းအရာနဲ့ နေကိုလှည့်ပတ်တဲ့အခြင်းအရာတို့ကို သိရှိနားလည်ပြီး တတ်မြောက်ကျွမ်းကျင်ရမယ်… နောက်… အာကာသထဲမှာ နက္ခတ်စက် လှည့်ပတ်နေတဲ့ အခြင်းအရာတို့ကိုလည်း သိရှိနေရမယ်…

ကမ္ဘာရဲ့ ပုံပန်းသဏ္ဍန်၊ အရပ်ဒေသတွေရဲ့ လတ္တီတွဒ်တွေနဲ့ အဖြည့်ခံတွေ…
စရကဏ္ဍတွေ.. ရာသီထွက်ပေါ်ချိန်တွေ…

အရိပ်ဆာယာကနေ အချိန်နာရီ….
တစ်ဖန်အချိန်နာရီကနေ အရိပ်ဆာယာကို ပြောင်းလဲတွက်ချက်နည်းတွေကိုလည်း ကျွမ်းကျင်တတ်မြောက်ရမယ်..

နေထွက်ချိန်ကနေ ကျော်လွန်လာတဲ့ နာရီအချိန်အတိအကျနဲ့ နေဝင်ချိန်ကနေ ကျော်လွန်လာတဲ့ နာရီအချိန်အတိအကျ တွက်နည်း…လဂ္ဂနုတို့ကနေ လိုအပ်တဲ့အချိန်ကာလတွက်နည်း…တွေကို နားလည်သဘောပေါက်ပြီး ကျွမ်းကျင်နေရမယ်…

နောက်ပြီး နေ့တာ၊ ညတာရဲ့အတိုင်းအရှည်ပမာဏနဲ့ ပြောင်းလဲချက်တွေကိုလည်း တတ်ကျွမ်းထားရမယ်… ဆိုပြီး မြို့ဟဇ်သံဟိတာကျမ်း စာအုပ်မှာ ဖော်ပြထားသေးတယ်လေ ”

{အကျဉ်းချုပ်၍သာ ဖော်ပြထားခြင်းဖြစ်သည်။}

“ဪ….တော်တော်မလွယ်ပါလားနော်”

“အင်း…. နောက်ပြီး တို့ဗုဒ္ဓမြတ်စွာဘုရားကို ဖွားမြင်ပြီး ငါးရက်မြောက်တဲ့နေ့မှာ ခမည်းတော်
သုဒ္ဓေါဒနမင်းကြီးက သူ့ဆီမှာရှိတဲ့ ပညာရှိပုဏ္ဏား (၁၀၈)ယောက်ထဲကနေ ရာမ ပုဏ္ဏား၊ ဓဇ ပုဏ္ဏား၊ ယည ပုဏ္ဏား၊ ဇောတိမန္တ ပုဏ္ဏား၊ သုဘောဇ ပုဏ္ဏား၊ သုယာမ ပုဏ္ဏား၊ လက္ခဏာ ပုဏ္ဏားနဲ့
ကောဏ္ဍည ပုဏ္ဏား တို့ကိုရွေးချယ်ပြီး သူ့သားတော်လေးရဲ့ လက္ခဏာကို
ကြည့်ရှုခိုင်းခဲ့တယ်…

အဲ့ဒီ့အချိန် အခြားပုဏ္ဏား ခုနှစ်ယောက်က ဇဝေဇဝါနဲ့ မတင်မကျ စကားနှစ်မျိုးကိုလျှောက်တင်ကြတယ်…

တစ်ချို့က စကြာဝတေးမင်းဖြစ်မယ်လို့ လျှောက်တင်သလို … တစ်ချို့ကျတော့လည်း ဘုရားဖြစ်ကောင်းဖြစ်နိုင်မယ်လို့ လျှောက်တင်ကြတယ်… ”

“ဟုတ်.. အဘ”

“အေး… ဒါပေမယ့် အငယ်ဆုံးဖြစ်တဲ့
ကောဏ္ဍည ပုဏ္ဏားကျတော့ အလောင်းတော်မင်းသားလေးရဲ့ မဟာပုရိသ လက္ခာတော်ကြီး (၃၂)ပါးရယ်…နောက် အခြံအရံဖြစ်တဲ့
‘အသီတိ အနုဗျဉ္စ ‘ လို့ခေါ်တဲ့ လက္ခဏာတော် အပါး (၈၀)အပါအဝင် အခြားစက်လဏ္ခာတော်တွေကို
သေသေချာချာကြည့်ရှု့ပြီးမှ ‘အရှင်မင်းကြီးရဲ့သားတော်လေးဟာ လောကမှာ ဘုရားစင်စစ်ဧကန်ဖြစ်လိမ့်မယ်’ လို့ အတိအကျဟောခဲ့တာလေ…
ကောဏ္ဍညပုဏ္ဏားက အကြားအမြင်
နဲ့ ဟောခဲ့တာမှမဟုတ်တာ…လက္ခဏာတော်တွေကို ကြည့်ပြီးမှ ဟောပြောခဲ့တာလေ. ”

“အဘပြောတာလဲ ဟုတ်တယ်ဗျ….
ဒါဆို ဦးဒိဗ္ဗက ဒီလိုပညာရပ်တွေကိုအခြေခံပြီးဟောပြောတာမဟုတ်တော့… အဘစောစောကပြောသလို သွေးရိုးသားရိုးရော ဟုတ်ရဲ့လားမသိဘူး…”

“အေး… ကျုပ်ပြောချင်တာ အဲ့တာပဲ…
အဲ့ဒီ့ဦးဒိဗ္ဗက ဒီအတိုင်းမျက်လုံးလေးမှိတ်၊ အာရုံခံပြီးမှ အတိအကျဟောပြောလိုက်တာဆိုတော့ သိပ်တော့မဟုတ်သေးဘူး ထင်တယ်နော်… တစ်ခုခုတော့ တစ်ခုခုပဲ… ”

“ဟုတ်တယ်ဗျ…
ဒါပေမယ့် အဲ့ဒီ့ဆရာပြောသမျှစကားတွေအကုန် မှန်နေတော့ ရွှေမြိုင်ရွာကလူတွေက အထင်ကြီးလေးစားပြီး
ယုံကြည်ကိုးကွယ်နေကြတာဗျ… လူကိုမပြတ်ပါဘူးဗျာ…”

“အင်း …မဖြစ်သင့်တာတွေ မဖြစ်အောင်တော့ ကျုပ်အနေနဲ့ တားရဆီးရလိမ့်ဦးမယ် ”

“ဒါဖြင့်ရင်… ရွှေမြိုင်ရွာကလူတွေကို
ဒီအကြောင်းတွေသွားပြောပြပြီး
အသိပေးထားလိုက်ရင် ကောင်းမလား”

“မလုပ်နဲ့… မလုပ်နဲ့… ဒီပုံအတိုင်းဆို သွားပြောလည်း ဘယ်သူမှယုံမှာမဟုတ်ဘူး…ပြီးတော့…ကျုပ်ထင်သလို မဟုတ်ခဲ့ရင်လည်း တစ်ဖက်သားကို စော်ကားရာရောက်တယ်… အားနာဖို့လည်းကောင်းတယ်… ဒါကြောင့်
ကျုပ်နည်းကျုပ်ဟန်နဲ့ အရင်ဆုံးသွားရောက်စုံစမ်းကြည့်ပါဦးမယ်… ”

“ဟုတ်… အဘ…အဲ့လိုလုပ်တာပဲ ကောင်းပါတယ်… ”

ထို့နောက်တွင်တော့ ဘိုးမင်းအောင်နှင့် စိန်မောင်တို့နှစ်ယောက်လည်း ထွေရာလေးပါး စကားများသာ ပြောဆိုနေကြပြီး မိုးချုပ်ကာမှ စိန်မောင်လည်း ထ,ပြန်သွားတော့လေသည်။ ဘိုးမင်းအောင်ကတော့ အတွေးပေါင်းမြောက်မြားစွာဖြင့် ရှိနေတော့လေ၏။

*******

နောက်တစ်နေ့နံနက်ရောက်သော်…. ။ နံနက်စောစောကတည်းက ဘိုးမင်းအောင်လည်း ရွှေမြိုင်ရွာဆီသို့ ထွက်လာတော့လေသည်။ ပြီးနောက် ဦးဒိဗ္ဗဆီသို့ တန်းသွားလေ၏။ ရွှေမြိုင်ရွာ တစ်ရွာလုံးနီးပါးကလည်း ဘိုးမင်းအောင်နှင့် ခင်မင်ရင်းနှီးနေသဖြင့် ဟိုလူကနှုတ်ဆက်စကားပြော၊ သည်လူက နှုတ်ဆက်စကားပြောဖြင့်
ဖြစ်နေတော့သည်။ ရွှေမြိုင်ရွာတွင်း တစ်နေရာသို့ရောက်သည့်အခါ…

“ဟာ…အဘိုး…. ကြည့်ရတာ..ဦးဒိဗ္ဗဆီ လာတာနဲ့တူတယ်… ”

“အေးကွဲ့.. ဖိုးတေရဲ့… ဦးဒိဗ္ဗရဲ့ နာမည်သတင်းကလည်း ဒီနားတဝိုက်မှာ တော်တော်လေးပျံ့နေတာမလား… ဒါကြောင့်ကျုပ်လည်း အကျိုးအကြောင်းလေးသိရအောင် လာခဲ့တာပါ….”

“ဟာ…အဘိုးရေ… နာမည်ကြီးဆို.. ဟောတာပြောတာတွေကလည်း အကုန်ကွက်တိပဲဗျို့… မသိရင် ဘေးကနေထိုင်ကြည့်ပြီး ပြန်ပြောနေတာကျနေတာပဲ…”

“ဟေ… အဲ့လောက်တောင်ပဲလား…”

” အဲ့ထက်တောင် ပိုသေးတယ်ဗျ… ”

“ဟုတ်လား… ဒါဆိုရင်ကျုပ်လည်း သွားမေးမြန်းကြည့်ပါဦးမယ်…ဒါနဲ့
ဦးဒိဗ္ဗက အခုဘယ်အိမ်မှာ တည်းနေတာတုန်း… ”

“ကိုမောင်အေးတို့ ဝိုင်းထဲက
တိုက်ပုလေးထဲမှာဗျ…”

“အေး..အေး…ဖိုးတေ…အချိန်လေးရှိတုန်း ကျုပ်သွားလိုက်ပါဦးမယ်.. ”

“ဟုတ်… အဘိုး…”

ဤသို့ဖြင့် ဘိုးမင်းအောင်လည်း မောင်အေးတို့ဝိုင်းထဲသို့ ရောက်လာခဲ့တော့လေ၏။

မောင်အေးတို့ ဝိုင်းက အတော်အသင့်ကျယ်ဝန်းပြီး မန်ကျည်းပင်၊ သရက်ပင်တို့နှင့် ကျယ်ကျယ်ဝန်းဝန်းရှိနေလေသည်။ ဝိုင်းထဲ၌ အမွေဆိုင်
နှစ်ဆောင်ပြိုင်အိမ်ကြီး ရှိလေသည်။ နံဘေးတွင်တော့ အုတ်တိုက်အသစ်လေးရှိလေ၏။ ဘိုးမင်းအောင်လည်း ဝိုင်းထဲသို့ရောက်သောအခါ မောင်အေးက နှစ်ဆောင်ပြိုင်အိမ်ကြီးပေါ်မှပြေးဆင်းလာလေသည်။

“ဟာ…အဘ… တစ်ယောက်တည်းလာတာလား…. ”

“အေးကွဲ့… နေကောင်းရဲ့လား…
မောင်အေးရဲ့…. ”

“ကောင်းပါတယ်… အဘ … ဒါနဲ့ ဦးဒိဗ္ဗဆီကိုလာတာပဲ မဟုတ်လား”

“ဒါပေါ့… ကျုပ်လည်း နည်းနည်းပါးပါး မေးမြန်းကြည့်ချင်လို့ပါ… ”

“ဟုတ်… အဘ… လာပါ… ”

မောင်အေးက ထိုသို့ပြောရင်း ဘိုးမင်းအောင်၏လက်ကို ဆွဲကိုင်ကာ ဦးဒိဗ္ဗနေထိုင်သော တိုက်ပုလေးထဲသို့ ခေါ်လာခဲ့တော့သည်။

တိုက်ပုလေးဆိုသော်လည်း ဧည့်ခန်းနှင့် အတွင်း၌ အတော်အသင့်ကျယ်ဝန်းသော အခန်းတစ်ခန်းအပါအဝင် မီးဖိုချောင်နှင့်ရေချိုးခန်း၊ အိမ်သာလည်း တစ်ဆက်တည်း ပါဝင်သေးသည်။ ထိုအထဲမှအတွင်းအခန်းက ဦးဒိဗ္ဗ၏ ဟောပြောပေးသည့် အခန်းဖြစ်လေ၏။

“အဘ… ခဏလေးနော်… အထဲမှာ လာမေးတဲ့သူ တစ်ယောက်ရှိနေလို့… ”

“အေးပါ… ရပါတယ်… ”

ဘိုးမင်းလည်း ဧည့်ခန်းထဲရှိ ထိုင်ခုံပေါ်တွင်ထိုင်စောင့်နေစဉ် အခန်းအတွင်းမှ လူနှစ်ဦးစကားပြောနေသည့်အသံကို သဲ့သဲ့လေးတော့ ကြားနေရလေ၏။

“ကျေးဇူးပြုပြီး ကူညီပေးပါ… ဆရာကြီးရယ်… ဆရာကြီးရဲ့ကျေးဇူးကို ကျုပ်တစ်သက်မမေ့ပါဘူးဗျာ…ပြီးတော့. အဲ့ဒီ့ကောင်မလေးကို ကျုပ်က တစ်ကယ်ချစ်တာပါဗျ… ”

“အင်း… ဒါဆိုရင်တော့ ကူညီပေးပါ့မယ်…တစ်ခုတော့ရှိတယ်… သူ့ကို လက်ထပ်ပေါင်းသင်းပါ့မယ်လို့ ကျုပ်ကိုကတိပေးရမယ်နော်… ”

“ဟာ…ဒါတော့ စိတ်ချပါ….ကျုပ်သူ့ကိုတစ်ကယ်ယူမှာပါဗျ… ”

“ကောင်းပြီ…. ကောင်းပြီ… ”

ထို့နောက် အသံတိတ်ဆိတ်သွားလေသည်။ ခဏကြာတော့မှ ဦးဒိဗ္ဗ၏ အသံကထွက်ပေါ်လာလေသည်။

“ရော့… အိမ်ရောက်တာနဲ့ ဟော့ဒီ့ဆေးထုပ်ကိုဖွင့်…. ကောင်မလေးရဲ့ဆံပင်ချည်ဖြစ်ဖြစ်၊ လက်သည်းခွံဖြစ်ဖြစ် တစ်ခုခုကိုထည့်ပြီး သေသေချာချာ ပြန်ပိတ်ထား….ဒါဆိုအဆင်ပြေပြီ….. ဟော့ဒီ့ဆေးထုပ်လေး လက်ထဲရှိနေသရွေ့…. ကောင်မလေးက မင်းမှမင်း
ဖြစ်နေလိမ့်မယ်…. ”

“ဟာ…. ကျေးဇူးတင်လိုက်တာ…. ဆရာကြီးရယ်… ”

“ကောင်းပါပြီ… ဒီကိစ္စကိုတော့ ဘယ်သူမှ သိလို့မဖြစ်ဘူးနော်… ”

“ဟုတ်… စိတ်ချပါ ဆရာကြီး… ဒါဆိုကျုပ်ကို ခွင့်ပြုပါဦး”

“ဟုတ်ပါပြီ… ဟုတ်ပါပြီ… ”

ထို့နောက် အခန်းထဲမှ လူတစ်ယောက်က ပျော်ပျော်ရွှင်ရွှင်ဖြင့် ထွက်လာတော့သည်။ ဦးဒိဗ္ဗပေးလိုက်သော ပီယဆေးထုတ်လေးကိုလည်း လက်ထဲတွင်ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသေးသည်။ ခဏကြာတော့…

“နောက်တစ်ယောက် ဝင်ခဲ့ပါ… ”

ဦးဒိဗ္ဗ၏ လှမ်းခေါ်သံကိုကြားသည့်အခါ ဘိုးမင်းအောင်လည်း အခန်းထဲသို့ဝင်သွားတော့သည်။ အခန်းထဲဝင်ဝင်ချင်း၌ စိမ်းရွှင်ရွှင်ရနံ့တစ်မျိုးကို ရနေလေသည်။ အခန်းက နည်းနည်းမှောင်နေသည့်အပြင် တစ်ခန်းလုံး အောက်နတ်ရုပ်တုများနှင့် ပြည့်နေလေ၏။ ထိုနတ်ရုပ်ထုများကို အောက်ခြေမှပင့်၍မီးထွန်းထားသောကြောင့် အရုပ်များ၏ပုံပန်းသဏ္ဍန်က အနည်းငယ်တော့ ကြောက်စရာကောင်းလေသည်။ ထိုရုပ်ထုများ၏ လက်ထဲတွင်လည်း ရွှေပန်း၊ ငွေပန်းများ ချိတ်ဆွဲထားသည်ကို မြင်တွေ့နေရလေ၏။ ဘိုးမင်းအောင်က အခန်းအတွင်းလှည့်ပတ်ကြည့်ရှူနေစဉ် ဦးဒိဗ္ဗက ပြောလေသည်။

“ထိုင်ပါ ”

ထိုအခါ ဘိုးမင်းအောင်လည်း
ဦးဒိဗ္ဗ၏ အရှေ့တည့်တည့်၌ ဝင်ထိုင်လိုက်လေသည်။ သူတို့နှစ်ဦး၏အကြား၌ စားပွဲခုံပုလေးတစ်လုံးခြားထားလေသည်။ စာပွဲခုံအား ကတ္ထီပါ အနီရောင်အခင်း ခင်းထားပြီး ပိုနေသည့်အစကို အောက်ခြေကြမ်းပြင်အထိရောက်အောင် ချထားလေသည်။ စားပွဲခုံပေါ်တွင်တော့ ကျောက်စိမ်းရောင် ပန်းအိုးလေးတစ်လုံးတင်ထားပြီး ထိုပန်းအိုးထဲ၌ အမွှေးတိုင်အချို့ထွန်းထားလေသည်။ ထို့အပြင် ပန်းကန်ပြားတစ်ချပ်ထဲ၌ ကြွေပြားစေ့များထည့်ထားပြီး ထိုအပေါ်မှ ဖယောင်းတိုင်အနီရောင် အသေးလေးများကို ထွန်းညှိထားလေသည်။

ထို့နောက် ဦးဒိဗ္ဗက မေးလေ၏။

“ဘာကိစ္စနဲ့ ရောက်လာတာပါလဲ…. ”

“ထုံးစံအတိုင်းပေါ့ဗျာ… ကျုပ်ရဲ့ နောင်လာမယ့် အနာဂတ်မှာ တွေ့ကြုံလာမယ့်အရာတွေက..ကောင်းလား၊ ဆိုးလား ဆိုတာကို သိချင်လို့ပါ… ”

“ဟုတ်ပြီ… ဟုတ်ပြီ… ”

“ဪ… ဒါနဲ့… ဖြစ်နိုင်ရင်… ကျုပ်ရဲ့ အတိတ်ကို အရင်ဟောပြောပြပေးပါ…ပြီးမှ ကျုပ်ရဲ့အနာဂတ်အကြောင်းကို သိပါရစေ…. ”

“ကောင်းပါပြီ…. ”

ဤသို့ဖြင့် ဦးဒိဗ္ဗက သူ၏မျက်လုံးအစုံကိုမှိတ်လိုက်ပြီး အာရုံခံလေသည်။ ဘိုးမင်းအောင်ကတော့ ဦးဒိဗ္ဗကို သေချာကြည့်ပြီး
အကဲခတ်နေလေ၏။

ခဏကြာတော့ ဦးဒိဗ္ဗက မျက်လုံးမှိတ်ထားရင်း သူ၏နားတစ်ဖက်က အနည်းငယ်လှုပ်နေသည်ကို ဘိုးမင်းအောင်က သတိထားမိလေသည်။ တစ်ခုခုကို နားစွင့်နေပုံရသည်။ ဘိုးမင်းအောင်ကလည်း ထိုအနီးအနား၌ မသက်ာစရာတစ်ခုခုများရှိနေမလားဆိုသည့်အထင်ဖြင့် မျက်စိကစားကြည့်သော်လည်း မည်သည့်ထူးခြားမှုမှ မတွေ့ရပေ။ ထို့နောက် အချိန်အနည်းငယ်ကြာလာသောအခါ ဦးဒီဗ္ဗ၏ မျက်နှာကရှုံ့မဲ့လာတော့သည်။ တစ်ခုခုကို မကျေနပ်သည့်ပုံစံဖြစ်နေလေ၏။ ထို့ကြောင့် မျက်လုံးကိုအသာပြန်ဖွင့်ကာ ဘိုးမင်းအောင်၏ မျက်လုံးအစုံအား စေ့စေ့ကြည့်ပြီး ပြောလိုက်လေသည်။

“ကျူပ် ဒီနေ့အာရုံသိပ်မရဘူး… မနက်ဖြန်မှပဲ လာခဲ့ပါ… ”

“ဟင်… ဘယ်လိုဖြစ်ရတာလဲ… ”

ဘိုးမင်းအောင်က ထိုသို့မေးလိုက်သည့်အခါ ဦးဒိဗ္ဗက စိတ်တိုသွားသည့်ပုံစံဖြင့် မျက်မှောင်ကျုံ့ကာ ပြန်ကြည့်နေလေသည်။ အရှိုက်တည့်တည့်ကို ဖနောင့်ဖြင့်ပေါက်ခံလိုက်ရသလိုလည်း ခံစားလိုက်ရသည်။ အရင်က သူ့ကို ထိုသို့ပြန်မေးသည့်သူကလည်း တစ်ယောက်မှမရှိခဲ့ဖုးပေ။ ယခုအခါမှ ဘိုးမင်းအောင်က သူ့အား အထင်သေးသည့်ပုံစံဖြင့် မေးလိုက်ခြင်းကြောင့်ပင်။ ထို့ကြောင့် မခံမရပ်နိုင်ဖြစ်ပြီး
အံကိုကြိတ်ထားသည်မှာလည်း မေးရိုးကြီးများတောင် ထောင်နေလေ၏။ ပြီးမှ သူ့ဘက်ကလည်း အားနည်းချက်ဖြစ်သွားသည့်အတွက် လေသံကိုအနည်းငယ်လျှော့၍ ပြောလေသည်။

“မနက်ဖြန်မှ တစ်ခေါက်ပြန်လာခဲ့ပါ…. အဲ့တော့မှ ခင်ဗျားရဲ့ နောက်ကြောင်းတွေရော… ရှေ့ကြောင်းတွေရော အကုန်ဟောပြောပြမယ်…. ”

“ဟုတ်ပါပြီဗျာ… ဒါဆိုမနက်ဖြန်..
နံနက်အစောကတည်းက ကျုပ်လာခဲ့ပါ့မယ်… ”

ဦးဒိဗ္ဗက မည်သည့်စကားမှလည်း ပြန်မပြောတော့ပဲ ခေါင်းကိုသာညိမ့်ပြလိုက်လေသည်။ ဤသို့ဖြင့် ဘိုးမင်းအောင်က ထိုင်နေရာမှထ,ပြန်သွားလေသည်။ ခဏကြာတော့ ဦးဒိဗ္ဗက တောက်,တစ်ချက် ခေါက်လိုက်လေ၏။

“တောက်… ”

ထိုအချိန် သူ့အရှေ့တွင် အရိပ်မည်းကြီးနှစ်ခုက ဒူးထောက်ကာ ဦးခေါင်းကိုကြမ်းပြင်အထိရောက်အောင် ငုံ့နေသည့်ပုံစံဖြင့် ရုတ်တရက်ကြီး ဘွားခနဲပေါ်လာလေသည်။ ထို့နောက် ဦးဒိဗ္ဗက ထိုအရိပ်မည်းကြီးနှစ်ခုအား လက်ညိုးထိုး,ထိုးပြီးပြောလေ၏။

“တော်တော် အသုံးမကျတဲ့ဟာတွေ… ”

“သခင်…. ခုနကလူက… သာမန်လူမဟုတ်ပါဘူး… သူ့မှာအစောင့်အရှောက်တွေလည်းရှိလို့ …
သူ့အတွေး၊ အာရုံထဲကို
ဝင်ရောက်လို့မရနိုင်တာပါ…. ”

“တိတ်စမ်း…မင်းတို့ကို ပြောလိုက်ရင် ဒီအတိုင်းချည်းပဲ… သွား… အခုသူ့နောက်ကို လိုက်သွားပြီး… သူ့အကြောင်းသိအောင်စုံစမ်း…. ”

“ဟုတ်… ”

ဤသို့ဖြင့် ဦးဒိဗ္ဗ၏အရှေ့ရှိ အရိပ်မည်းကြီးနှစ်ခုက ရုတ်တရက်ဆိုသလို ပျောက်ကွယ်သွားတော့လေသည်။ ထိုအချိန် ဦးဒိဗ္ဗကတော့ သူ့အရှေ့ရှိ စားပွဲခုံပုလေး၏အောက်၌
ထည့်ထားသော ကြွေအိုးလေးတစ်လုံးကို လက်ဖြင့်ပွတ်ပြီး မန္တန်တစ်မျိုးကို တိုးတိုးလေးရွတ်ဆိုနေတော့လေ၏။ ထိုအိုးလေးကိုတော့ သူ့အားလာရောက်မေးမြန်းသူတွေက မမြင်ရပေ။ အကြောင်းမှာ စားပွဲပေါ်တွင်ခင်းထားသော ကတ္ထီပါအစ၊ အနားများကို ကြမ်းပြင်အထိရောက်နေအောင် တမင်တကာ ခင်းကျင်းထားခြင်း
ကြောင့်ပင်။ ထိုကြွေအိုးလေး၏
သရုပ်မှန်ကား… ။
ထို့နောက် ဘိုးမင်းအောင်သည် ဦးဒိဗ္ဗဆီမှ ထွက်လာခဲ့တော့သည်။ ရွှေမြိုင်ရွာထဲတွင်လည်း ဟိုလူက ထမင်းခေါ်ကျွေး၊ ဒီလူက ဝင်နှုတ်ဆက်ဖြင့် အချိန်ကြာနေပြီး အေးသာယာရွာထဲသို့ဝင်သော် နွားရိုင်းသွင်းချိန်တောင် ကျော်လွန်နေလေပြီ။ သို့သော် ဘိုးမင်းအောင်ကလည်း ထိုလမ်းတွေက သွားနေကျမို့ အေးအေးဆေးဆေး ဆေးလိပ်ကလေးဖွာရင်း သူ့အိမ်ဆီသို့ လျှောက်လှမ်းလာနေတော့သည်။ တစ်နေရာရောက်တော့….

“ရှပ်… ရှပ်…ရှပ်…”

ဘိုးမင်းအောင်၏အနောက်နားမှ
မြေပြင်ပေါ်သို့ ကြွေကျနေသည့်
သစ်ရွက်ခြောက်များအပေါ် ရှပ်တိုက်ပြီးလျှောက်နေသည့် အသံကိုရုတ်တရက်ကြားလိုက်လေသည်။ ထို့ကြောင့် အနောက်သို့ ဆတ်ခနဲလှည့်ကြည့်လိုက်ရာ မည်သည့်အရာမှမတွေ့ရပေ။ မှောင်ရီပျိုးချိန်ရောက်နေပြီဖြစ်သည့်အတွက်ကြောင့် ဟိုခြုံမှသည်ခြုံ ကူးသွားနေသော တိရစ္ဆာန်ငယ်လေးများသာ ဖြစ်ပါလိမ့်မယ် ဟုထင်ပြီး သူ့လမ်းအတိုင်းသာ ဆက်လျှောက်သွားတော့သည်။

ဘိုးမင်းအောင်က
ထိုသို့လျှောက်သည့်အခါ အနောက်မှခြေသံကိုလည်း ကြားနေရသည်။ ဆက်မလျှောက်တော့ပဲ ရုတ်တရက် ရပ်လိုက်ပါက အနောက်မှခြေသံကို မကြားရပြန်တော့ပေ။ ထို့ကြောင့် ဘိုးမင်းအောင်လည်း အခြေအနေကိုသဘောပေါက်သွားသဖြင့် နောက်သို့လှည့်မကြည့်တော့ပဲ သူ့အိမ်အထိသာ တောက်လျှောက် လျှောက်လှမ်းသွားတော့လေသည်။ အနောက်မှခြေသံကတော့ သူနှင့်ခပ်လှမ်းလှမ်း၌ ကြားမြဲတိုင်းကြားနေရလေ၏။

ရွာထဲရောက်တော့ ခွေးများ၏ဆွဲဆွဲငင်ငင်အူနေသော အသံများကိုကြက်သီးထ,စရာကောင်းလောက်အောင် ကြားနေရတော့သည်။

“အူး….. အူး….. အူး…… ”

ထိုအချိန် ဓာတ်မီးတစ်လက်ကိုကိုင်ကာ အိမ်ပေါ်မှဆင်းလာသော ကာလသားတစ်ယောက်ဖြစ်သည့် စိန်မောင်
၏ ခွေးငေါက်သံကိုကြားလိုက်ရလေ၏။

“ဟဲ့… ခွေး… ဪ… ဒီခွေးနှယ် ဘယ်လိုဖြစ်လို့ ဒီလောက်တောင် အူနေရတာလဲ…ရှူး… သွား…. ”

စိန်မောင်က ပြောပြောဆိုဆိုဖြင့် စောစောကအူနေသော ခွေးအား ခဲဖြင့်
ကောက်ပေါက်လိုက်ရာ ခွေးကလည်း အော်ပြီး ထိုနေရာမှပြေးထွက်သွားတော့လေ၏။

“ဂိန်… ဂိန်… ဂိန်… ”

ပြီးမှ စိန်မောင်က ရွာလမ်းအတိုင်း လျှောက်လှမ်းလာသော ဘိုးမင်းအောင်ကို တွေ့လိုက်ရသဖြင့် စကားလှမ်းပြောလိုက်လေသည်။

“ဟာ… အဘ…ဘယ်ကပြန်လာတာတုန်းဗျ…နောက်တောင်ကျနေပြီရော…. ”

“အေး….ရွှေမြိုင်ရွာက ပြန်လာတာ…
ဒါနဲ့စိန်မောင်… မင်းကဘယ်လိုလုပ်ဒီကိုရောက်နေတာတုန်း”

“ဒီမှာ… ဖိုးထောင်ဆီက ပျားရည်လာဝယ်တာ… ကျုပ်လည်းအခုပဲအိမ်ပြန်တော့မို့… လာအဘ အတူသွားရအောင်”

ဤသို့ဖြင့် စိန်မောင်နှင့်ဘိုးမင်းအောင်တို့နှစ်ယောက်သားလည်း ရွာလမ်းအတိုင်းလျှောက်လာကြပြီး ခဏကြာတော့ စိန်မောင်က မေးလေ၏။

“ဒါနဲ့ အဘက….ရွှေမြိုင်ရွာက ”

“ရွှေမြိုင်ရွာက ပြန်လာတာဆိုတော့ ဦးဒိဗ္ဗဆီ သွားတာနဲ့တူတယ်… ”

“သေချာတာပေါ့ဗျာ… ”

“ဒါဆို…အခြေအနေဘာထူးသေးလဲ…အဘထင်ထားသလိုပဲလား ”

“လောလောဆယ် ဘာမှမထူးဘူးလို့ပဲ ဆိုရမှာပေါ့…. ဒါပေမယ့် ကျုပ်အခုပြန်လာတော့ တစ်ရွာလုံးက ခွေးတွေအူနေတာကတော့ တော်တော်ထူးဆန်းနေတယ်… အရင်က ဒီလိုမှမဟုတ်ပဲ… ”

“အင်း… ဟုတ်တယ်နော်… အဘ.. ခွေးတွေက အရင်ဒီအချိန်ဆို ဒီလိုမျိုးကြီးမအူတတ်ကြပါဘူး… အူရင်တောင် ညဆယ်ချက်တီးကျော်လောက်မှ အူကြတာပါ… အခုနောက်ပိုင်းမှ ဘယ်လိုဖြစ်တာ ပါလိမ့်… ”

ထိုအချိန် ဘိုးမင်းအောင်က ခပ်ပြုံးပြုံးဖြင့်သာ ပြန်ဖြေလေ၏။

“မကြာခင်…သိရတော့မှာပါ… ”

“ဟင်…. ဒါဆိုအဘက… ဒီအကြောင်းကို ကြိုသိနေတယ်ပေါ့…. ”

“ဒါတော့ အတပ်မပြောချင်သေးဘူး… ဘာဖြစ်ဖြစ်… နောက်တော့အတိ
အကျသိရမှာပါ”

“ဪ….ဟုတ်… အဘ ”

ဤသို့ဖြင့် ခဏကြာတော့ ဘိုးမင်းအောင်၏အိမ်သို့သွားသည့် လမ်းကြားလေးသို့ ရောက်လာလေသည်။ ထို့ကြောင့် ဘိုးမင်းအောင်လည်း နှုတ်ဆက်စကားပြောပြီး ထိုလမ်းကြားလေးထဲသို့ ဝင်လာတော့သည်။ စိန်မောင်ကတော့ ဘိုးမင်းအောင်ပြောခဲ့သည့်စကားများကို စဉ်းစားနေရင်းရွာလမ်းမကြီးအတိုင်း ဆက်လက်လျောက်လှမ်းသွားတော့လေ၏။

ခဏကြာတော့ ဘိုးမင်းအောင်လည်း သူ့ခြံဝိုင်းထဲသို့ ရောက်လာလေသည်။ ရောက်ရောက်ချင်း၌ပင် အိမ်အပေါ်သို့တက်ပြီး တစ်စုံတစ်ခုကိုယူကာ အိမ်အောက်သို့ပြန်ဆင်းလာလေ၏။ ပြီးနောက် ခြံထဲ၌ တစ်ပတ်ပတ်လေသည်။ ခြံအပြင်၏ ပတ်ဝန်းကျင်အခြေအနေကိုလည်း အကဲခတ်နေလေ၏။ ဘိုးမင်းအောင်လည်း ခြံထောင့်လေးထောင့်အထိ သွားရောက်ကာ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာနေပြီး စိတ်ကျေနပ်သွားကာမှ အိမ်အပေါ်သို့ပြန်တက်လာတော့လေသည်။ အိမ်ပေါက်ဝ၌ရပ်ကာ ခြံအပြင်သို့တစ်ချက်လှမ်းကြည့်လိုက်သေးသည်။ ပြီးမှ ခေါင်းလေးတညိမ့်ညိမ့်လုပ်ရင်း အိမ်အထဲထိ ဝင်သွားတော့လေ၏။

ရွှေမြိုင်ရွာ၌ ထမင်းစားလာခဲ့သဖြင့် ယခုအခါ ဘာမှမစားတော့ပဲ အိမ်အတွင်း၌ထွန်းထားသော မီးများကိုငြိမ်းသတ်ပြီး အိပ်စက်အနားယူတော့လေ၏။ အိမ်တစ်အိမ်လုံး အမှောင်အတိကျသွားပြီး ခဏကြာတော့မှ ဘိုးမင်းအောင်၏ ခြံရှေ့၌ အရိပ်မည်းကြီးနှစ်ခုက အိမ်အတွင်းသို့လှမ်း၍
လှည့်ပတ်ကြည့်နေလေသည်။ ထိုအရာကိုတော့ သာမန်ရွာသူ၊ ရွာသားများက မမြင်ရကြပေ။ ရွာထဲရှိခွေးများကလည်း အစပိုင်းကတော့ အသံရှည်စွဲကာ အူနေကြသော်လည်း ဉာဉ့်နက်လာလေလေ အသံတိတ်ကာ အိမ်အောက်သို့အတင်းတိုးဝင်လေလေ ဖြစ်နေတော့သည်။ တစ်စုံတစ်ခုကို ကြောက်ရွံ့နေသည့်ပုံစံ ဖြစ်နေလေ၏။

“တောင်….တောင်….တောင်….တောင်”

ရွာထဲရှိကင်းတဲမှ ကင်းသမား၏ သံချောင်း (၁၂)ချက် ခေါက်သံကြားရပြီး မကြာမီပင် ဘိုးမင်းအောင်၏ခြံထဲသို့ လူပုံသဏ္ဍန်ရှိသော အရိပ်မည်းကြီးနှစ်ခုက တရွေ့ရွေ့ဖြင့် ဝင်လာတော့လေသည်။ ခြံထဲသို့ရောက်သည့်အခါ ဟိုကြည့်သည်ကြည့်လုပ်နေပြီးမှ
အိမ်အပေါ်ထိတက်မည်ဟု ဟန်ပြင်လိုက်သည့်အခါ တစ်စုံတစ်ယောက်က အရှိန်ဖြင့်ဆောင့်ကန်လိုက်သလို အနောက်သို့ တော်တော်ဝေးဝေးအထိ လွင့်စင်သွားတော့လေ၏။ ထိုအခါ အခြေအနေကို ရိပ်မိသွားသော အရိပ်မည်းကြီးနှစ်ခုကလည်း ခြံအပြင်သို့ အမြန်ပြေးထွက်တော့သည်။ သို့သော်လည်း မရပေ။ ခြံအပြင်မှ တစ်စုံတစ်ယောက်က ခြံအတွင်းသို့ပြန်လည် တွန်းထည့်လိုက်သကဲ့သို့ဖြစ်နေပြီး လုံးဝအပြင်ထွက်မရတော့ပေ။

ထိုအခါ အရိပ်မည်းနှစ်ခုထဲက တစ်ခုက ကြံရာမရသည့်အဆုံး ခဏငြိမ်နေပြီးမှ ခြံအပြင်သို့အတင်းတိုးထွက်သွားတော့သည်။ ထိုအခါမှ အပြင်သို့ရောက်သွားတော့သည်။ ထို့ကြောင့် ကျန်အရိပ်မည်းတစ်ခုကလည်း လိုက်လံတိုးထွက်မည့်အချိန် စောစောက အပြင်သို့ထွက်သွားသည့်အရိပ်မည်းကြီးတစ်ခုက သူ့အနားသို့ပြန်ရောက်လာတော့သည်။

အကြောင်းမှာ ခြံ
အရှေ့ဘက်ကထွက်လိုက်သည့်အခါ
ခြံအနောက်ဘက်မှနေပြီး သူ့အလိုလို
ခြံထဲသို့သာ ပြန်ရောက်လာခြင်းကြောင့်ပင်။ ထိုသို့ဖြစ်အောင် ဘိုးမင်းအောင်က တမင်တကာ အကွက်ဆင်ထားခြင်းပင်ဖြစ်သည်။

*******

ဘိုးမင်းအောင်သည် ရွှေမြိုင်ရွာမှ ပြန်ရောက်ရောက်ချင်း အရင်ဆုံးအိမ်ပေါ်တက်ကာ အင်းငါးချပ်ကို ယူဆောင်လိုက်သည်။ ပြီးမှ ခြံထဲသို့ပြန်ဆင်းလာပြီး ဟိုလိုလိုဒီလိုလိုလုပ်ကာ အင်းလေးချပ်ကို ခြံထောင့်လေးထောင့်၌ ဒီအတိုင်းချလိုက်
လေသည်။ ထို့နောက် အိမ်ပေါ်ပြန်တက်လာပြီး အိမ်ပေါက်ဝ၌ ကျန်ရှိနေသော အင်းတစ်ချပ်ကို မသိမသာ ချထားလိုက်သည်။ ထိုသို့ပုန်းလျှိုးကွယ်လျှိုးလုပ်ဆောင်နေရခြင်းမှာ ရွှေမြိုင်ရွာကတည်းက သူ့အနောက်ကိုလိုက်လာသော ဝိဉာဉ်အရိပ်မည်းနှစ်ခုက မြင်သွားမည်ကို စိုးရိမ်သောကြောင့်ပင်။ ထိုသို့ အင်းချနေသည်ကိုမြင်သွားပါက ခြံထဲသို့ဝင်လာမည် မဟုတ်တော့ပေ။ ထိုသို့မဝင်လာပါက ဦးဒိဗ္ဗ၏အကြံအစည်များကို သိရှိနိုင်မည် မဟုတ်တော့ပါချေ။
ထို့ကြောင့် မသိမသာဖြင့် ပြုလုပ်နေရခြင်းဖြစ်သည်။

ထိုသို့အင်းချပြီး အိမ်ပေါ်ရောက်သည့်အခါ မီးများကိုပိတ်၍ အိမ်အတွင်းတစ်နေရာမှ ခြံထဲသို့လှမ်းပြီး ချောင်းကြည့်နေလေသည်။ သန်းခေါင်ယံအချိန်ကျသည့်အခါ ဘိုးမင်းအောင် ထင်မှတ်ထားသည့်အတိုင်း အရိပ်မည်းနှစ်ခုက ခြံထဲသို့ဝင်လာတော့လေသည်။ ထိုအခါမှ ဘိုးမင်းအောင်လည်း
အင်းနှိုးဂါထာဖြင့် ခြံထဲရှိအင်းများကို အသက်သွင်းလိုက်တော့လေ၏။ အစက အင်းကိုအသက်မသွင်းထားသည့်အတွက် အရိပ်မည်းကြီးနှစ်ခုက လွယ်လင့်တကူပင် ခြံထဲသို့ ဝင်လာ၍ရသော်လည်း ယခုအခါတွင်တော့ အသက်ဝင်ပြီး အစွမ်းထွက်လာသော အင်းများကြောင့် ခြံအပြင်သို့ ထွက်မရတော့ပေ။

ထိုအခါမှ ဘိုးမင်းအောင်လည်း အိမ်ထဲမှထွက်လာတော့လေသည်။ ဆေးလွယ်အိတ်ကိုစလွယ်သိုင်းထားပြီး ဆရာကိုင်ဆေးကြိမ်လုံးကိုလည်း လက်ထဲ၌ ကိုင်ထားလေ၏။

ထို့နောက် ဘိုးမင်းအောင်က အိမ်အောက်အထိ ဆင်းလာပြီး အရိပ်မည်းကြီးနှစ်ခုအနားသို့ကပ်သွားလေသည်။ အရိပ်မည်းကြီးနှစ်ခုကတော့ နောက်သို့တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေလေ၏။ အကြောင်းမှာ ဘိုးမင်းအောင်၏လက်ထဲရှိ ဆေးကြိမ်လုံး၏အစွမ်းကို သိနေခြင်းကြောင့်ပင်။ ထိုအချိန် ဘိုးမင်းအောင်က သြဇာသံပါပါဖြင့် ပြောလေသည်။

“ကဲ… ကျုပ်မေးတာကို အကုန်အမှန်အတိုင်းဖြေပါ…ကျုပ်က…. ”

ဘိုးမင်းအောင်၏စကားမဆုံးသေးမီ အရိပ်မည်းကြီးတစ်ခုက အတင်းဝင်လုံးတော့လေသည်။ ဘိုးမင်းအောင်ကလည်း ဆေးကြိမ်လုံးဖြင့် လွှဲလွှဲပြီး ရိုက်လေ၏။ သို့သော် မထိပေ။ သူ့အား ဝင်လုံးနေသည့် အရိပ်မည်းကြီးက အလွန်မှ လျင်မြန်သွက်လက်နေသောကြောင့်ပင်။ ထိုအရာကို မြင်သောအခါမှ
စောစောက ဘိုးမင်းအောင်ကိုကြောက်နေသည့် ကျန်အရိပ်မည်းကြီးကလည်း ဝင်ရောက်တိုက်ခိုက်တော့သည်။ ဤသို့ဖြင့် အရိပ်မည်းကြီးက နှစ်ခုနှင့် ဘိုးမင်းအောင်က တစ်ယောက်တည်းရင်ဆိုင်နေရတော့လေ၏။

ထိုသို့ အပြန်အလှန် တိုက်ခိုက်နေကြပြီး ခဏကြာတော့မှ
ဘိုးမင်းအောင်၏အလစ်တွင် အရိပ်မည်းတစ်ခုက ကျောကုန်းအားလက်ဝါးဖြင့် လှမ်းရိုက်လိုက်တော့လေသည်။ ဘိုးမင်းအောင်လည်း အနည်းငယ် ကျောကော့သွားတော့လေ၏။

ထို့နောက် အရိပ်မည်းနှစ်ခုက နေရာပြန်ယူပြီး တိုက်ခိုက်ရန်ဟန်ပြင်နေကြတော့သည်။ ထိုအချိန် ဘိုးမင်းအောင်က ပြောလေ၏။

“ဪ…. မင်းတို့က
သက်ညှာပေးလို့မရတော့ဘူးကိုး…. ”

“ဟား… ဟား… ဟား…. ကျုပ်တို့ ညီအစ်ကိုနှစ်ယောက်က လူ့ဘဝတုန်းက ကြောင်မှော်အောင်ထားတဲ့သူတွေဗျ…. လူ့ဘဝကတည်းက
ဆရာကြီးဦးဒိဗ္ဗဆီမှာ သစ္စာခံလာတာ… ကျုပ်တို့ညီအစ်ကိုနှစ်ယောက်ဆီက ခင်ဗျားဘာမှသိရဖို့ မစဉ်းစားနဲ့တော့….”

ထိုအချိန် ဘိုးမင်းအောင်က ချက်ချင်းပင် လက်အုပ်ချီပြီး ဂါထာတစ်ပုဒ်ကိုရွတ်ဆိုလိုက်တော့သည်။ ထိုဂါထာကြောင့် အရိပ်မည်းကြီးနှစ်ခုက မခံနိုင်အောင် နားကိုက်နေတော့သည်။ ထို့ကြောင့် နားနှစ်ဖက်ကိုပိတ်၍ အော်နေလေ၏။ ထိုအခိုက် ဘိုးမင်းအောင်က ဆေးကြိမ်လုံးဖြင့် ဝင်ရိုက်လေသည်။

“ဖြောင်း…ဖြောင်း… ”

ဆေးကြိမ်လုံးစာမိသွားသော အရိပ်မည်းကြီးနှစ်ခုက အဝေးသို့လွင့်သွားလေသည်။ ဘိုးမင်းအောင်ကတော့ ဂါထာကို အဆက်မပြတ်ရွတ်ဆိုနေလေ၏။ ထိုသို့ရွတ်ဆိုနေရင်း လွယ်အိတ်ထဲမှ ချည်မန်းကွင်းကို ယူပြီး အရိပ်မည်းကြီးနှစ်ခုအား ခေါင်းမှနေ၍ စွပ်ချလေသည်။ အရိပ်မည်းနှစ်ခုကလည်း လှစ်ခနဲ လှစ်ခနဲ ရှောင်တိမ်းရင်း ပြန်လည်တိုက်ခိုက်လေသည်။ ထိုအခါ ဘိုးမင်းအောင်လည်း လွယ်အိတ်ထဲမှ ဝိဉာဉ်ချုပ်အင်းကိုယူပြီး အရိပ်မည်းကြီးနှစ်ခုအား လှမ်းပစ်လိုက်လေသည်။

“ဝုန်း”

ထိုအခါတွင်တော့ အရိပ်မည်းနှစ်ခုလည်း လှုပ်မရတော့ပေ။ အတင်းရုန်းကန်ကြည့်သော်လည်း မည်သို့မျှ မထူးခြားလာတော့ချေ။ မမြင်ရသည့် ကြိုးများဖြင့် တင်းကျပ်စွာ
တုပ်နှောင်ထားသလို ဖြစ်နေလေ၏။ ထိုအခိုက် ဘိုးမင်းအောင်က ဆေးကြိမ်လုံးဖြင့် ပြေးရိုက်တော့လေသည်။

“ဖြောင်း…ဖြောင်း”

“အား….. အား…. ”

ပြီးမှ ချည်မန်းကွင်းဖြင့် အရိပ်မည်းကြီးနှစ်ခုအားပူး၍ ခေါင်းမှနေပြီး
စွပ်ချလိုက်တော့လေ၏။ ဝိဉာဉ်ချုပ်အင်းနှင့် ချုပ်ထားရုံသာမက ချည်မန်းကွင်းဖြင့်လည်း ထပ်၍ချည်တုပ်ထားသဖြင့် အရိပ်မည်းနှစ်ခုလည်း မည်သို့မှ မတတ်နိုင်တော့ပေ။ ထိုအချိန် ဘိုးမင်းအောင်က ပြောလေသည်။

“ကဲ… ကျုပ်မေးတာကို
ဖြေတော့မလား”

“ဘာမှလာမမေးနဲ့….
ဘာမှလည်း မဖြေနိုင်ဘူး… ”

ထိုအခါ ဘိုးမင်းအောင်က အရိပ်မည်းကြီးနှစ်ခုအား တုပ်ချည်ပြီး ပိုနေ သောချည်မန်းကွင်း၏အစကိုကိုင်ကာ ဂါထာတစ်ပုဒ်ရွတ်ဆိုလေသည်။ ထိုအချိန်….

“အား…. ပူတယ်….ပူတယ်…. ”

အရိပ်မည်းကြီးနှစ်ခုကလည်း ကျယ်လောင်စွာအော်ဟစ်နေရင်း မြေပြင်ပေါ်၌ လူးလိမ့်နေတော့လေ၏။

********

“တောက်”

ဦးဒိဗ္ဗ၏ တောက်ခေါက်သံက အခန်းတွင်း၌ ဟိန်းထွက်သွားလေသည်။

“စောက်သုံးကိုမကျဘူး ”

ထို့နောက် ဦးဒိဗ္ဗက သူ့အရှေ့ရှိ ကြွေအိုးအဖုံးကို အသာလှပ်လိုက်လေသည်။ ကြွေအိုးသည် အင်းရေးဆွဲထားသော သားရေပြားတစ်ချပ်ဖြင့် ဖုံးအုပ်ထားခြင်းဖြစ်ပြီး အနားစကို ဆံချည်မျှင်များအသုံးပြုပြီး ကြွေအိုးနှုတ်ခမ်းနှင့်တွဲလျက် ချည်နှောင်ထားခြင်းဖြစ်သည်။ ထိုကြွေအိုးထဲ၌ အဖြူရောင်အမှုန့်များရှိလေသည်။ ထိုအမှုန့်များက လူအရိုးမှုန့်များပင်ဖြစ်လေ၏။ သို့သော်လည်း လူတစ်ယောက်တည်း၏အရိုးမှုန့်တော့မဟုတ်ပါချေ။ လူပေါင်းများစွာ၏အရိုးမှုန့်များပင်ဖြစ်သည်။ ထိုအရိုးမှုန့်များ၏ပိုင်ရှင်(ဝိဉာဉ်) များကိုတော့ ဦးဒိဗ္ဗက သူ့အစွမ်းဖြင့် ချုပ်နှောင်ထားလေသည်။ ပြီးမှ အလိုရှိသလို ခိုင်းစေနေခြင်းပင်ဖြစ်လေ၏။ သူချုပ်နှောင်ထားသော ဝိဉာဉ်များကလည်း သာမန်တော့မဟုတ်။ ကမ္မဇိဒ္ဓိမြင့်မားသူတို့ကိုသာ ရွေးချယ်ပြီး ချုပ်နှောင်ထားခြင်းပင်ဖြစ်သည်။

ထိုဝိဉာဉ်အပေါင်းတို့အား လူတစ်ယောက်၏ရှေ့ဖြစ်၊ နောက်ဖြစ်အကြောင်းအရာတို့ကို ဟောပြော
ပေးရာ၌ အသုံးပြုလေသည်။ အဓိကက ဝိဉာဉ်တစ်ခုက မေးမြန်းသူ၏စိတ်အာရုံထဲသို့ ဝင်စားကာ သူ့အကြောင်းကို အလုံးစုံသိရအောင် အရင်ပြုလုပ်သည်။ ပြီးမှ ဦးဒိဗ္ဗ၏ နား,အနားသို့ကပ်၍ ပြန်လည်ပြောပြခြင်းပင်ဖြစ်သည်။ ဝိဉာဉ်များက ကမဇိဒ္ဓိ အလွန်ကြီးမားသောကြောင့် ထိုအရာတို့ကို ခဏအတွင်းပင် လုပ်ဆောင်နိုင်ကြလေသည်။ ထိုသို့လုပ်ဆောင်နိုင်အောင်လည်း ဦးဒိဗ္ဗက သင်ကြားပေးထားခြင်းပင်ဖြစ်လေ၏။

ဦးဒိဗ္ဗချုပ်ထားသော ဝိဉာဉ်များထဲတွင် သက်တမ်းအရင့်ဆုံးမှာ ဘိုးမင်းအောင်ကို တိုက်ခိုက်နေသော အရိပ်မည်းကြီးနှစ်ခုပင်ဖြစ်သည်။ ထိုအရိပ်မည်းကြီးနှစ်ခုက အခြားဝိဉာဉ်များထက်လည်း တန်ခိုးဣဒ္ဓိပတ် ပိုရှိကြလေသည်။ ထို့ကြောင့် ဦးဒိဗ္ဗက
ဝိဉာဉ်အသစ်များကို ဖမ်းဆီးရာ၌
သူတို့နှစ်ကောင်၏အကူအညီဖြင့် လွယ်လွယ်ကူကူပင် ဖမ်းဆီးနိုင်လေသည်။ သို့ဖြစ်၍ အရိပ်မည်းကြီးနှစ်ခုက ဦးဒိဗ္ဗ၏ အားအကိုးရဆုံးသော လက်ရင်းတပည့်နှစ်ကောင်ဟုဆိုလျှင်လည်း မမှားပေ။ သို့သော် ယခုအခါ အရိပ်မည်းကြီးနှစ်ခုက ဘိုးမင်းအောင်၏ အင်းထောင်ချက်ထဲ၌ ပိတ်မိနေလေပြီ။ ထိုအရာကို သိရှိနေသော ဦးဒိဗ္ဗကလည်း အကျပ်ရိုက်နေတော့လေ၏။

ထို့နောက် ဦးဒိဗ္ဗသည် မတတ်သာတော့သည့်အဆုံး ဝိဉာဉ်ချုပ်အိုး၏အဖုံးကိုဖွင့်ပြီး မန္တန်တစ်ပုဒ်ရွတ်လိုက်သည့်အခါ အိုးထဲမှဝိဉာဉ်များ အပြင်သို့ထွက်လာတော့သည်။

“ကဲ…. မင်းတို့ရဲ့ဆရာနှစ်ယောက်ဖြစ်တဲ့ မြခင်နဲ့ ဘခင်ကို အမြန်သွားကယ်ကြ… သွား… ”

“ဟုတ်”

ဤသို့ဖြင့် အိုးထဲမှထွက်လာကာ သူ့အရှေ့၌ ပေါ်လာသောဝိဉာဉ်များကလည်း ရုတ်ချည်းဆိုသလို ထိုနေရာမှပျောက်ကွယ်သွားတော့လေသည်။
“အား…ပူတယ်….ပူတယ်”

အရိပ်မည်းကြီးနှစ်ခုက မြေပြင်တွင်လူးလှိမ့်ကာ အော်ဟစ်နေကြခြင်းပင်ဖြစ်သည်။ ထိုအရိပ်မည်းကြီးနှစ်ခု
ကား ဦးဒိဗ္ဗ၏တပည့်နှစ်ယောက်ဖြစ်သော ဘခင်နှင့် မြခင် ဖြစ်လေသည်။ ထိုအချိန် ဘိုးမင်းအောင်က အနားသို့ကပ်သွားပြီး ပြောလေ၏။

“ကျုပ်မေးတာကိုသာ ကောင်းကောင်းမွန်မွန် ဖြေလိုက်ပါ….ဒါဆိုအခုလိုနာကျင်ခံစားရမှာ မဟုတ်ပါဘူး”

“မဖြေဘူး…. လုံးဝမဖြေနိုင်ဘူး…. ဘာမှလည်းလာမမေးနဲ့”

ဘခင်က ထိုသို့ မာမာထန်ထန်ဖြင့်ပြောလိုက်သော်လည်း မြခင်
ကတော့ ဘိုးမင်းအောင်၏ အမေးကို ဖြေဆိုရန်ဟန်ပြင်နေလေ၏။

“အစ်ကို…. သူမေးတာကိုဖြေလိုက်ရင် ကောင်းမလား… ငါမခံစားနိုင်တော့ဘူး… ”

“ဟေ့ရောင်….မြခင်
မင်းကသစ္စာဖောက်မလို့
စဉ်းစားနေတာလား… သခင်ကြီး
ကိုပေးထားတဲ့ကတိတွေကို မင်းမေ့နေတာလားကွ… ”

ထိုသို့ အရိပ်မည်းကြီးနှစ်ခုဖြစ်သော ဘခင်နှင့်မြခင်က အပြန်အလှန်စကားပြောနေသည့်အချိန် ဘိုးမင်းအောင်၏ခြံရှေ့သို့ ဦးဒိဗ္ဗလွှတ်လိုက်သော ဝိဉာဉ်များ ရောက်ရှိလာကြသည်။ စုစုပေါင်း ဆယ်ကောင် တိတိဖြစ်လေ၏။ ထိုဝိဉာဉ်များထဲတွင်တော့ မိန်းကလေးဝိဉာဉ်များလည်း ပါဝင်လေသည်။ သူတို့အားလုံးသည် ခြံအတွင်းသို့ဝင်ရောက်ရန်ကြိုးစားနေကြလေသည်။ သို့သော် ဝင်မရပေ။ အင်းစောင့်များက ခြံအပြင်သို့ ပြန်၍တွန်းထုတ်နေခြင်းကြောင့်ပင်။ ထိုအရာတို့ကို မြင်သွားသော ဘိုးမင်းအောင်ကလည်း ခြံအနားသို့ကပ်သွားပြီး ထိုဝိဉာဉ်တို့၏ ဦးခေါင်းအပေါ်
ကိုကျော်၍ အင်းတစ်ချပ်ကိုလှမ်းပစ်လိုက်ပြန်သည်။ အင်းကမြေပေါ်အကျတွင် ဝိဉာဉ်ချုပ်အင်းကိုပါ တစ်ဆက်တည်းလှမ်းပစ်လိုက်လေ၏။ အဖြစ်အပျက်များက လျင်မြန်စွာ ဖြစ်ပျက်သွားသောကြောင့် ခြံအပြင်ရှိ ဝိဉာဉ်များကပါ မည်သို့မျှမတတ်နိုင်တော့ပဲ အင်းထဲ၌ ပိတ်မိသွားတော့လေသည်။ ကမ္မဇိဒ္ဓိ ရှိကြသော ဝိဉာဉ်များက အင်းကိုဖျက်ဆီးရန် ဝိုင်းဝန်း၍
ကြိုးစားကြလေသည်။ တစ်ချို့ကလည်း အင်းကိုဖောက်ထွက်၍အပြင်သို့ရောက်အောင် ထွက်ကြသည်။ သို့သော် အရှေ့ဘက်မှနေ၍ အပြင်သို့ရောက်သွားသော်လည်း ချက်ချင်းပင်အနောက်ဘက်မှ အင်းထဲသို့ပြန်ပြန်ရောက်လာနေတော့သည်။ ထိုသို့အင်းကို ဖောက်ထွက်နိုင်သည့်ဝိဉာဉ်က အတော်အသင့် အစွမ်းရှိသူဖြစ်ပြီး ကျန်ဝိဉာဉ်များကတော့ အင်းကို
ဖောက်ထွက်ဖို့ မဆိုထားနှင့်။ အနားတောင် ကပ်၍မရကြပေ။

ထိုအချိန် ဘိုးမင်းအောင်က ပြောလေ၏။

“မင်းတို့ အခုသစ္စာခံထားတဲ့ ဦးဒိဗ္ဗဆိုတဲ့လူက သူတစ်ပါးကိုလှည့်စားပြီး အမြတ်ထုတ်နေတဲ့သူပဲ…
သူ့လုပ်ရပ်တွေကြောင့် တစ်ကယ့်
အစစ်အမှန် ဆရာကောင်း၊ သမားကောင်းတွေကို စော်ကားရာကျတယ်…. ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်သွားမဲ့အဖြစ်ကို ကျုပ်မလိုလားဘူး…. ဒီတော့ လုပ်သင့်တာကို လုပ်ရမှာပဲ…

ပြီးတော့ သူက မင်းတို့ကိုလည်း လွတ်လပ်ခွင့်မပေးပဲ ချုပ်နှောင်ထားတာမလား… မင်းတို့ကရော သည်ဘဝနဲ့ပဲ အမြဲတမ်းနေသွားတော့မှာလား….

မင်းတို့အားလုံး ကျွတ်ရာလွတ်ရာကို ထွက်သွားနိုင်ဖို့အတွက်.. ကျုပ်အပြည့်အဝ ကူညီပေးနိုင်တယ်….ဒါကြောင့်ကျုပ်မေးသမျှကို မှန်မှန်လေးဖြေကြပါ… ”

ထိုအချိန် ဘခင်က ဝင်ပြောလေသည်။

“ဟေ့….အဘိုးကြီး… ခင်ဗျားဘာတွေလျှောက်ပြောနေတာလဲ…
. ငါ့တပည့်တွေ… သူပြောတာကို မယုံကြနဲ့…. မင်းတို့လုပ်စရာရှိတာကိုသာ ဆက်လုပ်ကြ…. မင်းတို့က သခင်ဖြစ်သူရဲ့ စကားကလွဲပြီး ဘယ်သူ့စကားကိုမှ နားထောင်နေစရာမလိုဘူး… ”

ဘခင်က စိုးရိမ်တကြီးဖြင့် ပြောနေခြင်းဖြစ်သည်။ အကြောင်းမှာ
ဦးဒိဗ္ဗအပေါ် အပြည့်အဝသစ္စာခံထားသောသူမှာ သူတို့နှစ်ကောင်သာ ရှိခြင်းကြောင့်ပင်။ ကျန်ဝိဉာဉ်များကတော့ ကမ္မဇိဒ္ဓိ ကြီးမားသော်လည်း ဖမ်းမိပြီးချုပ်ထားခြင်းမှာ သိပ်မကြာသေးပေ။ အပြည့်အဝ အယုံသွင်း၍လည်းမရသေးပေ။ တစ်ချို့ဝိဉာဉ်များက နဂိုကတည်းက ထွက်ပြေးချင်နေကြသည်။ ဝိဉာဉ်ချုပ်အိုးပေါ်၌ဖုံးထားသော သားရေပြားတွင်ရေးဆွဲထားသည့် အင်းက အစွမ်းထွက်နေခြင်းကြောင့်သာ ငြိမ်ခံနေရခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ယခုအခါ ဘိုးမင်းအောင်
၏စကားကို နားယောင်ပြီး ဦးဒိဗ္ဗနှင့်သူတို့နှစ်ယောက်အား ပြန်လည်တော်လှန်ကြမည်ကို စိုးရိမ်နေတော့လေ၏။

ထိုအချိန် ခြံအပြင်၌ချုပ်ထားသော ဝိဉာဉ်များထဲမှ
မိန်းကလေးဝိဉာဉ်တစ်ယောက်က အသံတုန်တုန်ယင်ယင်ဖြင့် ပြောလေသည်။

“ဆရာကြီး… ကျွန်မကိုကယ်ပေးပါ…. ဦးဒိဗ္ဗအကြောင်း အကုန်ပြောပြပါ့မယ်… ”

ထိုအခါ ဘိုးမင်းအောင်ကလည်း သူ့အနားသို့ကပ်သွားသည့်အချိန်၌ စောစောကမိန်းကလေးဝိဉာဉ်လည်း ဗိုက်ကိုလက်ဖြင့်ဖိပြီး အော်နေတော့လေသည်။

“အား….နာတယ်… နာတယ်…”

ထိုအချိန် ဘိုးမင်းအောင်လည်း အံ့သြသွားတော့သည်။ အနီးရှိ အခြားဝိဉာဉ်များ၏နှုတ်မှလည်း ‘ဦးဒိဗ္ဗ….
ဦးဒိဗ္ဗ’ဟု ကြောက်ကြောက်လန့်လန့်ဖြင့် ခပ်တိုးတိုးရေရွတ်နေသောအသံကို ကြားနေရလေ၏။ ထိုအခါမှ
ဘိုးမင်းအောင်လည်း ယခုလိုဖြစ်ရခြင်းမှာ ဦးဒိဗ္ဗကြောင့်ဟု အနည်းငယ် သဘောပေါက်သွားတော့သည်။ သို့သော် သူသဘောပေါက်သွားသည့်အချိန်နောက်ကျသွားလေပြီ။ စောစောက ဗိုက်ကိုလက်ဖြင့်ဖိပြီး အော်နေသောဝိဉာဉ်က နေရာတင်လဲကျပြီး မြင်ကွင်းမှပျောက်ကွယ်သွားတော့လေ၏။ အကြောင်းမှာ ရွှေမြိုင်ရွာ၌ရှိနေသော ဦးဒိဗ္ဗက သူ့ကိုလှမ်းသတ်လိုက်ခြင်းပင်ဖြစ်တော့သည်။

ဦးဒိဗ္ဗ၏လက်ထဲ၌ ဝိဉာဉ်ချုပ်အိုးရှိနေသဖြင့် ဝိဉာဉ်တို့၏ပြောစကားများအားလုံးကို အဝေးမှပင် ကြားနေရလေသည်။ မျက်လုံးကိုမှိတ်ထားသော်လည်း သူတို့၏အနား၌ရပ်ကြည့်နေသကဲ့သို့ အာရုံထဲ၌ပေါ်လာပြီး အကုန်မြင်တွေ့နေရလေ၏။ သို့ဖြစ်ရာ မိန်းကလေးဝိဉာဉ်တစ်ဦးက သူ့အကြောင်းတွေကို ဖော်ထုတ်တော့မည်ကို သိရှိသွားသည့်အတွက် သူ့အရှေ့ရှိ ကောက်ရိုးခြောက်များဖြင့် လူပုံသဏ္ဍန် ပြုလုပ်ထားသော အရုပ်လေးတစ်ရုပ်ကို အစီအရင်များပြုလုပ်
ထားသော ဓားဖြင့်ထိုးလိုက်ခြင်းပင်ဖြစ်လေသည်။

ထို့အပြင် ဦးဒိဗ္ဗ၏အရှေ့၌ ကောက်ရိုးခြောက်အရုပ်များစွာရှိနေပြီး ထိုအရုပ်များအားလုံးပေါ်၌ အရိုးမှုန့်များ ပုံထားလေသည်။ အနက်ရောင်ပိတ်စ သေးသေးလေးဖြင့် ပတ်ထားသော အရုပ်နှစ်ရုပ်အပေါ်တွင်လည်း အရိုးမှုန့်များ ပုံထားသေး၏။ ထိုအရုပ်နှစ်ခုက ဘခင်နှင့်မြခင်အား ရည်ရွယ်ပြီးပြုလုပ်ထားခြင်းပင်ဖြစ်သည်။
ထိုအရုပ်များအားလုံးကို ကြမ်းပြင်ပေါ်၌ရေးဆွဲထားသည့် အင်းပေါ်၌တင်ထားခြင်းဖြစ်သည်။ ပတ်ပတ်လည်တွင်လည်း ဆေးဖယောင်းတိုင်များ ထွန်းညှိထားသေးသည်။ လက်ထဲတွင်တော့ အခေါင်းပျဉ်ဖြင့် ပြုလုပ်ထားသော သစ်သားဓားတိုတစ်ချောင်းကို ကိုင်ဆောင်ထားလေ၏။ ထိုဓားပေါ်တွင်လည်း စာလုံး အက္ခရာများစွာတို့ကို ပြည့်နေအောင်ရေးဆွဲထားလေသည်။ ထို့ကြောင့် ဓားက သာမန်ဓားမဟုတ်။ ဝိဉာဉ်အသက်နှုတ်ဓားပင် ဖြစ်သည်။

ဦးဒိဗ္ဗက
ထိုသို့အဆင်သင့်ပြုလုပ်ထားရခြင်းမှာ
သူ့အကြောင်းကိစ္စများ ပေါ်ပေါက်သွားမည်ကို စိုးရိမ်သဖြင့် ဝိဉာဉ်အားလုံးတို့ကို အချိန်မရွေးသတ်ပစ်ရန် ပြင်ဆင်ထားခြင်းပင်ဖြစ်လေ၏။

ဘိုးမင်းအောင်သည် သူ့အရှေ့၌ရုတ်တရက်နာကျင်ခံစားသွားရပြီး လဲကျသွားသော ဝိဉာဉ်အားကြည့်ပြီး အံ့သြနေတော့သည်။

ထိုအချိန် အရိပ်မည်းကြီး တစ်ခုဖြစ်သော ဘခင်က ဝမ်းသာအားရဖြင့် ထရယ်တော့လေသည်။

“ဟား…ဟား…ဟား”

ပြီးမှပြောလေ၏။

“မင်းတို့က ကိုယ့်သခင်ကို အထင်သေးတာပဲကွ… မင်းတို့ရဲ့အရိုးမှုန့်တွေက ဘယ်သူ့လက်ထဲမှာ ရှိနေတာလဲဆိုတာကို မေ့နေကြပြီလား…မင်းတို့အားလုံးကို အချိန်မရွေးသတ်ပစ်လိုက်လို့ရတယ်ကွ…ဟား ဟား ဟား…..”

ထိုအချိန်မှ ကျန်ဝိဉာဉ်များက စိုးရိမ်ထိတ်လန့်နေကြတော့သည်။ အခြေအနေကို ရိပ်မိသွားသော ဘိုးမင်းအောင်က တစ်ချက်ပြုံးလိုက်ပြီးနောက် အင်းတစ်ချပ်ကို မီးရှို့ပြီး မြေပြင်ပေါ်ချလိုက်ကာ ဖနောင့်ဖြင့် တစ်ချက်ပေါက်လိုက်လေ၏။

“ဝုန်း”

ထိုအချိန်နှင့်တပြိုင်နက် ဦးဒိဗ္ဗသည် ရုတ်တရက်လန့်သွားပြီး အနောက်သို့ယိုင်သွားလေသည်။ ထို့နောက် မျက်လုံးနှစ်ဘက်ကို
အသာမှိတ်ကာ
သူ့တပည့်ဝိဉာဉ်များ၏ အခြေအနေကိုသိရအောင် ပြုလုပ်လေသည်။ သို့သော်လည်း မရပေ။ အကြိမ်ကြိမ်ကြိုးစားသော်လည်း လုံးဝ
မရတော့ပေ။ ထို့ကြောင့် ဦးဒိဗ္ဗက တောက်တစ်ချက်ခေါက်လိုက်ပြီး သူ၏အိမ်ခန်းအတွင်းမှ အပြင်သို့ထွက်လိုက်လေသည်။ ထိုအချိန်
ဘခင်၊ မြခင်နှင့်အတူ ကျန်ဝိဉာဉ်များအားလုံးက ဦးဒိဗ္ဗ၏ အရှေ့သို့ရောက်ရှိနေကြလေ၏။

“ဟာ…. ဘခင်နဲ့မြခင် မင်းတို့ပြန်လွတ်လာတာ ငါဝမ်းသာတယ်ကွာ… ဒါနဲ့ ဟိုလူကြီးရော… ”

ဦးဒိဗ္ဗ၏စကား ဆုံးဆုံးချင်း၌ မြခင်က ပြောလိုက်လေသည်။

“ကျုပ်တို့သတ်ပစ်လိုက်ပြီဗျ….
ဒီမှာ သူ့ဝိဉာဉ်ကိုပါ တစ်ခါတည်းဖမ်းချုပ်လာခဲ့တယ်….”

မြခင်က ထိုသို့ပြောရင်း သူ့အနောက်ရှိဝိဉာဉ်များနှင့်အတူ ရောထွေးကာနေနေသော ဘိုးမင်းအောင်၏ဝိဉာဉ်ကို လက်ညိုးထိုးပြလိုက်လေ၏။ ထိုအချိန် ဘိုးမင်းအောင်ကတော့ မည်သည်မှမပြောပဲ ဦးဒိဗ္ဗကိုသာ ကြည့်နေလေသည်။

“ကောင်းတယ်ကွာ… သိပ်ကောင်း….သိပ်ကောင်း… ဟား..ဟား….ငါသွားနေတဲ့လမ်းအရှေ့မှာ ပိတ်ရပ်နေတဲ့သူမှန်သမျှ ဒီလိုအသေဆိုးနဲ့ပဲ သေရမယ်ကွ…ဟား…ဟား…ဟား… ”

ဦးဒိဗ္ဗက ထိုသို့ဝမ်းသာအားရဖြင့် ပြောဆိုနေရင်း ဘိုးမင်းအောင်၏အရှေ့သို့ ကပ်သွားကာ ပြောလိုက်လေ၏။

“ကဲ… အခုတော့ ခင်ဗျားဘာတတ်နိုင်သေးလဲ…ဟေ…
မလောက်လေးမလောက်စားပညာလေးနဲ့ ကျုပ်ကိုလာယှဉ်တယ်ပေါ့ ဟုတ်လား… ဟား… ဟား…ဟား… ”

ထိုအခါ ဘိုးမင်းအောင်က ဦးဒိဗ္ဗ၏ အကြားအမြင်ဟောပြောသည့်အခန်းထဲသို့ လှမ်းကြည့်ရင်း ပြောလေသည်။

“ဪ… ဦးဒိဗ္ဗ…ဦးဒိဗ္ဗ… ခင်ဗျားက တော်တော်ရက်စက်တဲ့သူပဲဗျ… ”

ထိုအချိန် ဦးဒိဗ္ဗက မျက်မှောင်တစ်ချက်ကြုတ်သွားလေသည်။ ပြီးမှပြောလေ၏။

“ဘာကိုလဲ… ”

“ဟိုမှာလေ… ခင်ဗျားရဲ့အစီအရင်တွေ… ခင်ဗျားက ကိုယ့်တပည့်တွေအားလုံးကို သတ်ပစ်ဖို့တောင် ကြိုတင်ကြံစည်ထားတာပဲ…. သူတို့ကတော့ ခင်ဗျားအတွက် ခိုင်းစေသမျှကိုအကုန်လုပ်ပေးလိုက်ရတာ… ဒါတောင်ခင်ဗျားရဲ့ကျေးဇူးတုံ့ပြန်မှုက ဝိဉာဉ်အသက်နှုတ်တဲ့ဓားကြီးနဲ့လား…. ”

ထိုအခါကျမှ ဘခင်၊ မြခင်အပါအဝင် ကျန်ဝိဉာဉ်များအားလုံးက
ဦးဒိဗ္ဗ၏အခန်းထဲသို့ လှမ်းကြည့်လိုက်ရာ ဦးဒိဗ္ဗ၏အစီအရင်များကို တွေ့လိုက်ရတော့သည်။ ကောက်ရိုးခြောက်ဖြင့် ပြုလုပ်ထားသောအရုပ်များ၊ ထိုအရုပ် တစ်ရုပ်စီတိုင်း၏အပေါ်၌ အပုံလိုက်လေးတင်ထားသော အမှုန့်များနှင့် အနီးရှိ ဝိဉာဉ်အသက်နှုတ်ဓားကိုလည်း တွေ့မြင်နေရသည်။ ထို့ကြောင့် ဦးဒိဗ္ဗက သူတို့အားလုံးကို သတ်ပစ်ရန်
အစောကြီးကတည်းက ကြိုတင်စီစဉ်ထားသည်ကို ကောင်းကောင်းကြီးသိနေတော့လေ၏။ ထိုအချိန် ဦးဒိဗ္ဗက ပြူးတူးပြဲတဲဖြင့် “ဟာ… မဟုတ်ဘူး… မဟုတ်ဘူး… ” ဟု ပြောပြီး သူ့အခန်းထဲသို့ ပြေးဝင်သွားလေသည်။ သို့သော် အခန်းထဲထိ မရောက်တော့ပေ။ အကြောင်းမှာ ဝိဉာဉ်များက ဦးဒိဗ္ဗ၏အရှေ့၌ လျင်မြန်စွာ ပိတ်ရပ်လိုက်ခြင်းကြောင့်ပင်။ ထိုဝိဉာဉ်များအားလုံး၏ မျက်နှာပေါ်တွင် ဒေါသမီးများတောက်လောက်နေသည်ကို အတိုင်းသားမြင်တွေ့နေရတော့သည်။

ထိုအချိန် ဦးဒိဗ္ဗက ပြောလေ၏။

“ဟဲ့… ငါ့အရှေ့ကနေ ဖယ်စမ်း… ဘခင်နဲ့မြခင် ငါ့ကိုအာခံတဲ့သူတွေကို ကောင်းကောင်းကြီး ဆုံးမပေးလိုက်စမ်း”

ထိုအခါ ဘခင်နှင့်မြခက်က ထရယ်ပြီး ပြောလေသည်။

“ဟား… ဟား…ဟား….ခင်ဗျားက ဒီအချိန်မှာတောင် ဒီစကားပြောထွက်သေးတယ်နော်… ”

“ဘာ…. မင်းတို့က ကိုယ့်သခင်ကို ပြန်ပြောနေတာလား”

“ဒီမှာ… ဦးဒိဗ္ဗ ကျုပ်တို့ညီ၊ အစ်ကို
နှစ်ယောက်က ခင်ဗျားကိုလူ့ဘဝကတည်းကနေ အခုချိန်အထိ ကျွန်တစ်ကောင်လိုမျိုး ခိုင်းသမျှအကုန် လုပ်ကိုင်ပေးခဲ့တယ်… လူသတ်ဆိုလို့လည်း သတ်ပေးခဲ့ရဖူးတယ်… အရာအားလုံး ခင်ဗျားအမိန့်အတိုင်း လုပ်ကိုင်ပေးခဲ့တယ်…. ဒီလောက်လုပ်ပေးခဲ့တဲ့တောင်မှ… ခင်ဗျားက ကျုပ်တို့ကိုသတ်ဖို့ ကြံစည်နေတာ ကျုပ်ယုံတောင်မယုံနိုင်ဘူး… ”

“ဘာမှအပိုတွေ ပြောမနေနဲ့…
မင်းတို့ကိုငါက ဒီအတိုင်းခိုင်းထားတာမဟုတ်ဘူး…ကိစ္စတစ်ခုပြီးတိုင်း အစားအသောက်တွေနဲ့ ကျွေးမွေးတာပဲလေ…ပြီးတော့ မင်းတို့အခုလို နေနိုင်ထိုင်နိုင်အောင် လုပ်ပေးခဲ့တာ ဘယ်သူလဲ…. ဘာမှအသုံးမဝင်တဲ့ ဝိဉာဉ်ရိုင်းတစ်ကောင်ကို ကမ္မဇိဒ္ဓိ ရရှိအောင်ပြုလုပ်ပေးခဲ့တာ ဘယ်သူလဲ… မင်းတို့စဉ်းစားကြ… ဘာပဲပြောပြော ငါ့ကျေးဇူးတွေလည်း မင်းတို့အားလုံးအပေါ်မှာရှိတယ်ကွ.. ”

“အေး… ဟုတ်ပြီ… ဒါဆိုလည်း ကျုပ်တို့ညီ၊ အစ်ကိုနှစ်ယောက်က ခင်ဗျားကို ကျေးဇူးဆပ်တဲ့အနေနဲ့ ခင်ဗျားရဲ့အသက်ကို မနှုတ်ယူတော့ဘူး…ဒါပေမယ့် ကျုပ်တပည့်တွေကိုတော့ ကျုပ်အာမ,မခံနိုင်ဘူး… ကျုပ်တို့သွားတော့မယ်… ”

ဤသို့ဖြင့် ဦးဒိဗ္ဗ၏ လက်ရင်းတပည့် အရိပ်မည်းကြီး နှစ်ခုဖြစ်သော ဘခင်နှင့်မြခင်က ထိုနေရာမှ ထွက်သွားတော့လေသည်။ ထို့အတူ ဘိုးမင်းအောင်၏ ဝိဉာဉ်ကလည်း နေရာမှတဖြည်းဖြည်းပျောက်ကွယ်သွားတော့လေ၏။

ထိုအချိန် ကျန်ဝိဉာဉ်များက ဦးဒိဗ္ဗ၏ အနီးသို့တဖြည်းဖြည်းချင်းကပ်လာ
ကြတော့သည်။ ပြီးနောက် ဝိဉာဉ်များထဲမှ ကမ္မဇိဒ္ဓိ အတော်အသင့်ရှိသော ဝိဉာဉ်တစ်ကောင်က ဦးဒိဗ္ဗ၏ လည်ပင်းကို လှမ်းညှစ်လိုက်လေသည်။ မျက်ထောင့်နီဖြင့် ကြည့်ပြီး အားဖြင့်ညှစ်နေသောကြောင့် ဦးဒိဗ္ဗက မည်သည့်အသံမှ ထွက်မလာတော့ပေ။ သူ့လည်ပင်းအားညှစ်နေသော ဝိဉာဉ်၏လက်ကို အတင်းဆွဲဖယ်နေတော့သည်။ သို့သော်လည်း သူ့လက်ထဲ၌ မည်သည့်အရာမှပါမလာပဲ လေကိုသာဆွဲဖယ်နေသလိုဖြစ်နေလေ၏။ ထို့နောက်
အနီးရှိ ဝိဉာဉ်များကလည်း အလွန်စိတ်တိုနေကြပြီး နှစ်ပေါင်းများစွာမျိုသိပ်ထားရသော ကလဲ့စားချေချင်စိတ်များကပါ ပြည့်ကျပ်နေသောကြောင့် ဦးဒိဗ္ဗ၏ လက်ကို ချိုးသူကချိုး၊ ခြေထောက်ကို ချိုးသူကချိုးနေတော့လေသည်။ တစ်ချို့ကလည်း ကျောကုန်းကိုလက်ဝါးကြီးဖြင့် တဘုန်းဘုန်းမြည်နေအောင် ထုရိုက်နေကြတော့သည်။ ဦးဒိဗ္ဗကတော့ မည်သည့်အသံမှမထွက်နိုင်ပဲ မချိမဆံ့ ခံစားနေရတော့လေ၏။

*****

ရွာသူရွာသားများအားလုံး အိပ်စက်ကာ အနားယူနေသည့် ညသန်းခေါင်းယံအချိန်၌ ဘိုးမင်းအောင်က ဝိုင်းထဲရှိမြေကွက်လပ်၌ တင်ပျဉ်ခွေကာ မလှုပ်မယှက်ဖြင့် ထိုင်နေလေသည်။ သူ့အရှေ့တွင်တော့ အရိပ်မည်းကြီးနှစ်ခုက ကျုံ့ကျုံ့ကလေး ထိုင်နေကြလေ၏။ ထိုအရိပ်မည်းကြီးနှစ်ခုမှာ ဘခင်နှင့်မြခင် ဖြစ်သည်။ သူတို့နှစ်ယောက်သားက ဘိုးမင်းအောင်အား မျက်တောင်မခတ်စတမ်းကြည့်နေကြလေသည်။ ဘိုးမင်းအောင်ကလည်း ကျောက်ရုပ်တစ်ရုပ်ပမာ ငြိမ်သက်နေလေ၏။

အမှန်စင်စစ်ဘိုးမင်းအောင်သည် ဦးဒိဗ္ဗ၏ ကောက်ကျစ်သော အကြံအစည်များကို ရိပ်မိသောကြောင့် ကိုယ်တိုင်
ဝိဉာဉ်ထုတ်ကာ ဘခင်၊ မြခင်တို့နှင့်အတူ လိုက်သွားခြင်းပင်ဖြစ်သည်။

ခဏကြာတော့မှ ဘိုးမင်းအောင်က ဆတ်ခနဲလှုပ်လာလေသည်။ ထိုအချိန်နှင့်တပြိုင်နက် ဘိုးမင်းအောင်က မောဟိုက်နေသည့်ပုံစံဖြစ်နေသောကြောင့် ဘခင်က မေးလေ၏။

“ဆရာကြီး… အဆင်ပြေရဲ့လား… ”

“ပြေပါတယ်… ဝိဉာဉ်မထုတ်တာက တော်တော်ကြာနေပြီဆိုတော့ နည်းနည်းတော့ မောနေတယ်… ”

“ဟုတ်… ဆရာကြီး… ကျုပ်တို့ကို အခုလိုကူညီပေးလို့ ကျေးဇူးအရမ်းတင်ပါတယ်ဗျာ…. ဆရာကြီးအပေါ် ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံခဲ့မိတဲ့အတွက်လည်း တောင်းပန်ပါတယ်…ခွင့်လွှတ်ပေးပါ..”

“ရပါတယ်… ကျုပ်ဘယ်လိုမှသဘောမထားပါဘူး… မသိလို့ မိုက်မဲမိတဲ့အမှားကို ကျုပ်ခွင့်လွှတ်ပေးပါတယ်… ကဲ… မင်းတို့ညီ၊ အစ်ကိုနှစ်ယောက်လည်း အခုကစပြီး မကောင်းတာမှန်သမျှ ရှောင်ကြပေတေါ့… ဒီဘဝက ကျွတ်လွတ်အောင်လည်း ကျုပ်ကူညီပေးပါ့မယ်… ”

“ကျေးဇူးတင်ပါတယ် ဆရာကြီးရယ်… ဒါပေမယ့် ကျုပ်တို့ညီ၊ အစ်ကိုနှစ်ယောက်က အကုသိုလ်ကံတွေအရမ်းကြီးလွန်းလို့ ဒီဘဝကနေ ကျွတ်လွတ်ဦးမှာ မဟုတ်ဘူးဗျ… တရားသံတွေဘာတွေလည်း ကျုပ်တို့မကြားရဘူး… ဘုရား၊ စေတီတွေလည်း မမြင်ရဘူးဗျ… ဒီလိုဖြစ်နေတာ နှစ်ပေါင်း သုံးလေးဆယ်ကျော်နေပြီ…. ”

“ဪ… တော်တော်ဆိုးတဲ့ဘဝပါလား”

“ဟုတ်တယ်ဗျ…. ဘယ်တော့မှ ကျွတ်လွတ်မယ်ဆိူတာ မသိတော့ပါဘူးဗျာ… ”

ထိုအချိန် မြခင်က ပြောလေ၏။

“ဒါနဲ့လေ… ဆရာကြီး… ကျုပ်တို့အကူအညီလေးတစ်ခုလောက် တောင်းလို့ရမလားဗျ…”

“ဘာများလဲ… ကျုပ်ကူညီနိုင်ရင် ကူညီပေးပါ့မယ်… ”

“ကျုပ်တို့ ညီအစ်ကိုနှစ်ယောက်ကို ဆရာကြီးဆီမှာ ခေါ်ထားပေးလို့ရမလားဗျ… ”

“ဟေ…ဘာလို့တုန်း”

“ကျုပ်တို့ကအခုဆို နေစရာနေရာ မရှိတော့ဘူးလေ… ဘယ်သွားလို့ ဘယ်လာရမှန်းလဲ မသိဘူး… ပြီးတော့ ဆရာကြီးကိုလည်း ကျေးဇူးဆပ်ချင်လို့
ဆရာကြီးအနားမှာနေပြီး လိုအပ်တာမှန်သမျှကူညီစောင့်ရှောက်ပေးချင်တာလည်း ပါပါတယ်… ”

“ဒါတော့ အဆင်ပြေမယ်မထင်ဘူး… ”

“ဗျာ… ”

ထိုအချိန် ဘခင်ကပါ ဝင်ပြောလေ၏။

“ဟုတ်ပါတယ် ဆရာကြီးရယ်…. ကျုပ်တို့ကို ကူညီပေးပါနော် …ဆရာကြီးထားတဲ့နေရာမှာပဲ နေပါ့မယ်…. ကျုပ်တို့မှာ သွားစရာနေရာလည်း တစ်ကယ်မရှိလို့ပါ… ဆရာကြီးအနားမှာပဲနေပြီး အရင်ကပြုလုပ်ခဲ့တဲ့ အကုသိုလ်တွေကို ချေဖျက်ချင်လို့ပါ… ”

မျက်နှာငယ်လေးဖြင့် ပြောနေသော ဘခင်နှင့်မြခင်တို့ညီအစ်ကိုနှစ်ယောက်အား ဘိုးမင်းအောင်က ကြည့်ရင်း မေတ္တာဝင်ကာ သနားနေမိတော့သည်။

“ကဲ… ဒါဆိုရင်လည်း ကျုပ်ခြံအနောက်က သရက်ပင်ကြီးမှာ နေလိုက်ကြတော့…”

“ဟာ….ဝမ်းသာလိုက်တာ ဆရာကြီးရယ်… ကျေးဇူးလည်းတင်ပါတယ်ဗျာ. ”

” ဒါပေမယ့် စည်းကမ်းချက်တွေတော့
ရှိတယ်နော်”

“ဟုတ်.. ပြောပါဆရာကြီး”

“မင်းတို့နှစ်ယောက်လုံး ဒီမှာနေတယ်ဆိုတာကို ဘယ်သူမှမသိအောင်နေကြရမယ်…. လူ့စည်း၊ လူ့ဘောင်ထဲကို ဝင်မစွက်ဖက်ရဘူး…ကောင်းမှုကုသိုလ်တွေလည်း များများလုပ်ရမယ်…အသား၊ ငါး မစားရဘူး…ပြီးတော့ ကျုပ်ဘုရားရှိခိုးတိုင်း ကျုပ်အနားမှာလာနေရမယ်….ဘယ်လိုလဲ….ဒါတွေအကုန်
လိုက်နာနိုင်ရဲ့လား ”

ဘခင်နှင့်မြခင်တို့နှစ်ယောက်က ချက်ချင်းတော့ ပြန်မဖြေ
ကြပေ။ အင်တင်တင်ဖြစ်နေလေ၏။ ခဏကြာမှ ဘခင်က ပြောလေသည်။

“ရ..ရပါတယ်ဆရာကြီး… ကျုပ်တို့လိုက်နာနိုင်အောင် ကြိုးစားပါ့မယ်… ”

“သာဓု… သာဓု…သာဓု… ဒါဆို ပထဆုံးကုသိုလ်ကောင်းမှုအနေနဲ့ လူ့အသက်တစ်ချောင်းကို သွားကယ်လိုက်ပါ… ”

“ဟုတ် ဆရာကြီး… ဘယ်သူ့ကို ကယ်ရမှာလဲ”

“ဦးဒိဗ္ဗ”

“ဗျာ….ဒါတော့ မဖြစ်ဘူး…ဆရာကြီး…သူလုပ်ခဲ့တဲ့အပြစ်တွေအတွက် သူ့အသက်နဲ့ပြန်ပေးဆပ်ရမယ်… ”

“ဟော… စောစောကတင်ပြောတဲ့
ကျုပ်စည်းကမ်းကို မလိုက်နာနိုင်ဘူးဆိုတဲ့ သဘောပေါ့… အဲ့ဒါဆိုရင်တော့ ကျုပ်အနားမှာခေါ်ထားဖို့ ပြန်စဉ်းစားရလိမ့်မယ်”

ထိုအချိန် မြခင်က ပြာပြာသလဲဖြင့် ဝင်ပြောလေ၏။

“ဟင်… အဲ့လိုတော့မလုပ်ပါနဲ့ ဆရာကြီးရယ်… ဦးဒိဗ္ဗကို အခုပဲသွားကယ်ပေးပါ့မယ်… ”

ထိုအချိန် ဘိုးမင်းအောင်က ခေါင်းကိုညိမ့်ရင်း ခပ်ပြုံးပြုံးဖြစ်နေတော့သည်။ ဘခင်နှင့်မြခင်ကတော့ ထိုနေရာမှ ပျောက်ကွယ်သွားတော့လေ၏။ ခဏကြာမှ ဘိုးမင်းအောင်လည်း အိပ်ယာဝင်ခဲ့တော့လေသည်။

*****

နောက်တစ်နေ့ နံနက်သို့ရောက်သော်….ဘိုးမင်းအောင်တစ်ယောက် အနည်းငယ်နောက်ကျမှ အိပ်ယာနိုးလာလေသည်။ ထို့နောက် မျက်နှာသစ်ပြီး အိမ်အရှေ့သို့ထွက်လာသည့်အခါ ဟိုမှသည်သို့ ကူးချည်သန်းချည်
ဖြစ်နေကြသော ကာလသားများကိုတွေ့လိုက်ရသော မေးမြန်းရန်အတွက် ခြံအပြင်သို့ထွက်လာလေသည်။ ထိုအချိန် စိန်မောင်နှင့်တွေ့လေ၏။

“စိန်မောင်…
ဘယ်ကပြန်လာတာတုန်း.. ”

“ရွှေမြိုင်ရွာက အဘရဲ့”

“ဪ…ဘာကိစ္စရှိလို့တုန်း”

“ဟာ… အဘအခုထိမသိသေးဘူးလား…ဟိုအကြားအမြင်ဆရာ ဦးဒိဗ္ဗသွက်သွက်ခါနေအောင် ရူးသွားပြီဗျ”

“ဟေ… ဟုတ်လား…ဘယ်လိုဖြစ်တာတုန်း”

“ဘယ်လိုဖြစ်လဲတော့ ဘယ်သူမှသေသေချာချာ မသိဘူး… ကျုပ်အဲ့ဒီကိုရောက်သွားတော့ ဦးဒိဗ္ဗအခန်းထဲက ပစ္စည်းတွေအကုန် ကျကွဲနေတာကိုတွေ့တယ်ဗျ… အချို့သူတွေပြောတာတော့ ညသန်းခေါင်းယံလောက်ကတည်းက ပစ္စည်းတွေကို ရိုက်ခွဲတဲ့အသံတွေ ကြားနေရတာတဲ့ဗျ… ”

“ဪ…. ”

“ဒီမနက်လည်းရောက်ရော…. အဝတ်မပါ၊ ဘာမပါနဲ့ ရွာထဲမှာအော်ပြီးပတ်ပြေးနေလို့ ကာလသားတွေက ဝိုင်းဖမ်းပြီး ပုဆိုးနဲ့အတင်းပတ်ပေးထါးရတာဗျ… ”

“ဟုတ်လား….အခု ဦးဒိဗ္ဗကဘယ်မှာလဲ… အရင်သူနေတဲ့နေရာမှာပဲလား”

“မဟုတ်ဘူးဗျ…. ဦးဒိဗ္ဗရဲ့ကျေးဇူးတွေကလည်းရှိနေတော့ ရွှေမြိုင်ရွာသူကြီးက သူ့အိမ်မှာခေါ်ထားပြီး ကျွေးမွေးစောင့်ရှောက်ထားတယ်… ဆေးကုဖို့အတွက်လည်း ပြင်ဆင်နေတယ်လို့ပြောသံကြားတယ်… ဒါပေမယ့် သူ့ပုံစံက ကုသလို့ရတော့မှာမဟုတ်ဘူးဗျ… အသိစိတ်တွေအကုန်ပျောက်ပြီး ဘာကိုမှမမှတ်မိတော့တာ…. တစ်ချိန်လုံး မျက်လုံးပြူးမျက်ဆံပြူးနဲ့ ကြောက်လန့်ပြီး အော်ဟစ်နေတာဗျ”

“အင်း ‘ကိုယ်ပြုသည့်ကံ.. ပဲ့တင်သံ… ကိုယ့်ထံပြန်လာမည်’ ဆိုတဲ့စကားက အလကားပြောထားတာမှမဟုတ်ပဲ… ”

ဘိုးမင်းအောင်က ထိုမျှသာပြောလိုက်ပြီး သူ့အိမ်အနောက်ဘက်ရှိ သရက်ပင်ပေါ်သို့ လှမ်းကြည့်လိုက်လေသည်။ ထိုအခါ သရက်ပင်ပေါ်၌ရှိနေသော ဘခင်နှင့်မြခင်က ခေါင်းကိုသာငုံ့ထားကြလေ၏။ အကြောင်းမှာ… ဘိုးမင်းအောင်က သူတို့နှစ်ယောက်အား
ဦးဒိဗ္ဗ၏အသက်ကို ကယ်ခိုင်းသဖြင့် အသက်မသေအောင်ဆောင်ရွက်ခဲ့ကြသော်လည်း အရူးတစ်ယောက်ဖြစ်သွားအောင် တမင်တကာ ပြုလုပ်ခဲ့ကြခြင်းကြောင့်ပင်။

နောက် နှစ်ရက်မြောက်နေ့သို့ရောက်သောအခါ ရွာထဲ၌ သတင်းတစ်ခုက သောသောညံသွားလေသည်။ ဤသည်မှာ ‘ဦးဒိဗ္ဗတစ်ယောက် ရွှေမြိုင်ရွာမှ ပျောက်ချင်းမလှပျောက်သွားပြီ’ ဟူ၍ပင် ဖြစ်လေ၏။

ပြီးပါပြီ။

စာဖတ်သူများအား
အစဉ်ချစ်ခင်
လေးစားလျှက်…

စိုင်း(ချယ်ရီမြေ)