သိုက်တူးသူ

သိုက်တူးသူ(စ/ဆုံး)
————–

ည(၁၀)နာရီ ရထားသည် ရန်ကုန်ဘူတာကြီးမှ ထွက် လေ၏။ ပထမတန်းတွဲတစ်တွဲ၌ အသက်နှစ်ဆယ်ခန့်ရှိသူ မိန်းမပျို တစ်ယောက်၊ အသက်ငါးဆယ်ခန့်ရှိသော မိန်းမကြီးတစ်ယောက် ၄င်းမိန်းမကြီးနှင့် တွဲ၏ တစ်ဖက်ရှိ ထောင့်တစ်ခုမှာထိုင်သော အသက်သုံးဆယ်ခန့်ရှိ ယောက်ျားတစ်ယောက်ပေါင်းသုံးယောက် သည် တစ်ယောက်ကိုတစ်ယောက် စကားမပြောဘဲ အတန်ကြာစွာ သွားကြလေ၏။
ထိုနောက် မိန်းမကြီးက ဆိတ်ငြိမ်ခြင်းကို စ၍ ဖြိုဖျက်သောအနေဖြင့် စကားကို စလေ၏။
“မောင်ရင်က ဘယ်ကို လိုက်မလို့လဲ”
“ကျွန်တော် ပုသိမ်ကို အဒေါ်တို့ကော
“အဒေါ်တို့က ဟင်္သာတတင်ပါ”
“အပြန်လား၊ အသွားလား”
“အဒေါ်တို့ အပြန်ပါ၊ မောင်ရင်ကကော”
“ကျွန်တော်ကတော့ အသွားပါ”
”မေးလွန်းတယ်လည်း မအောက်မေ့ပါနဲ့ မောင်ရယ်၊ ဘယ်လိုကိစ္စနဲ့လဲ”
“မေးပါ အဒေါ်၊ ကျွန်တော်တို့ သွားရမယ့်ခရီးက အဝေးသားမို့ တစ်တွဲထဲမှာ တွေ့ကြရခြင်းဟာ အသိမိတ်ဆွေဖြစ်လို့ အကြောင်းဆိုက်လာခြင်း တစ်မျိုးပါပဲ၊ အခုလို အသိမိတ်ဆွေ ဖြစ်ဖို့ရန် လမ်းအခွင့်ကြုံပါလျက်မှ တိတ်ဆိတ်နေကြမယ်ဆိုရင် ကြုံလာတဲ့ လမ်းအခွင့်ကို လက်သင့်မခံရာ ရောက်သည်သာ မက မျက်နှာမြင် မုန်းချင်ပါစေဆိုတဲ့ ဆုတောင်းနဲ့ လာပြီး တွေ့ကြသလို ဖြစ်တတ်ပါတယ် အဒေါ်”
“မှန်ပေတယ် မောင်ရင်၊ အသိမိတ်ဆွေကောင်းဆိုတာ လိုက်လို့တောင် ရှာရပါသေးတယ်”
“လိုက်ရှာလို့လဲ မိတ်ဆွေကောင်းကို တွေ့ချင်မှတွေ့ မယ် အဒေါ်ရဲ့၊ ယခုလို မရှာဘဲနဲ့လည်း မိတ်ဆွေကောင်းနဲ့တွေ့ချင် တွေ့တတ်တာပါပဲ”
“အင်မတန် မှန်ပါတယ်၊ တစ်ညအိပ်ခရီးမှာ မောင်ရင်နဲ့ အဒေါ်တို့ ယခုလို တစ်ယောက်နဲ့တစ်ယောက် အဖော်အလှော် ဖြစ်ကြပါလျက်မှ အသိမိတ်ဆွေ မဖွဲ့ဘူးဆိုရင် လူတို့၏ကျင့်ဝတ်နဲ့ မညီညွတ်ဘူးလို့ ဆိုရမှာပါပဲ”
“အစိမ်းအကျက် မရွေးဘူးဆိုတဲ့ စကားဟာ လူစကား မဟုတ်ဘူး အဒေါ်ရဲ့”
“ဘယ်လိုပါလဲ မောင်ရင်ရဲ့”
“ဒီလူဟာ အစိမ်းအကျက် မရွေးဘူး၊ တမင်ချိုင်တာပဲလို့ ပြောတဲ့ စကားတစ်မျိုး ရှိပါတယ်၊ ဒီစကားအရ လူကျက်ကို မချိုင်နဲ့၊ လူစိမ်းကိုဖြင့် ချိုင်ချင်ချိုင်တော့လို့ပြောလိုတဲ့ စကား မဟုတ်ပေဘူးလား အဒေါ်ရဲ့” ဆေးပြင်းလိပ်ကို မီးညှိ၍ သောက် လေ၏။ “ဒီလိုကျနေတာပဲ”(ကွမ်းအစ်ကို ဖွင့်၍ ယာလေ၏)
“ခွေးများ သဘာဝမှာ မသိတဲ့ ခွေးစိမ်းတစ်ကောင် ရွာကို ရောက်လာရင် ခွေးကျက်တွေက ဝိုင်းပြီး ဟောင်ကြဟိန်းကြ ရန်လိုကြတယ် မဟုတ်လား” (ဆေးလိပ်မီးခိုးကို မော့၍ လွှတ် လေ၏။)
“ဟုတ်ကဲ့မောင်ရင်၊ မောင်ရင်ပြောတာ အင်မတန် မှန်ပါတယ်” (ကွမ်းယာကို ပါးစပ်ထဲထည့်ပြီး “မောင်ရင် ကွမ်းစားပါ”ဟု ပြောကာ ကွမ်းအစ်ကို ယောက်ျားဘက်သို့လှမ်း၍ ပို့လေ၏။)
“ဒီတော့ လူမှာ ခွေးများနဲ့မတူရအောင် အစိမ်းကို အကျက်ထက် ပိုမိုပြီး ဂရုစိုက်ဖို့ သင့်တယ်လို့ ဆိုလိုပါတယ်”
မိန်းမကြီး။ ။“ဟုတ်ကဲ့၊ လူတစ်ဦးတစ်ယောက်မှာ ဘာအပြစ်မှမရှိဘဲလျက် စိမ်းရုံနဲ့ ရန်လိုမယ်ဆိုရင် လူများဟာ တိရစ္ဆာန်နဲ့ အင်မတန်ကြီး မခြားနားကြသေးဘူးလို့ဆိုရမှာပဲ”
ယောက်ျား။ ။“ဟုတ်တယ် အဒေါ်၊ အခုတော့ အဒေါ်က စပြီး နှုတ်ဆက်သည့်အတွက် ကျွန်တော့်မှာ လူ့ဝတ္တရားတစ်ခု ဒီနေရာမှာ ပျက်ကွက်သလို ဖြစ်နေပါတယ်”
မိန်းမကြီး။ ။“အို…ဒီလိုမဟုတ်ပါဘူး၊ မောင်ရင်က ယောက်ျား၊ အဒေါ်တို့က သားအမိနှစ်ယောက်၊ မိန်းမချည်းပါ၊ ဒီတော့စပြီး အသိဖွဲ့ဖို့ တာဝန်ဟာ အဒေါ်တို့အပေါ်ရှိပါတယ်””

ယောက်ျား။ ။“ဒါလဲ ဟုတ်ပါရဲ့၊ သို့သော်လဲ ကျွန်တော် ဘာကိစ္စနဲ့ သွားတယ်ဆိုတာ ပြောစရာ တာဝန်ရှိနေပါသေးတယ်ဆိုတာ ပြောစရာတာဝန်ရှိနေပါသေးတယ်၊ ကိစ္စကတော့ အထူးမဟုတ်ပါဘူး၊ ကျွန်တော်က ရန်ကုန်မြို့မှာ အလုပ်တိုက် ကြီး တစ်တိုက်က ခန့်ထားတဲ့ စပါးပွဲစားတစ်ဦး ဖြစ်ပါတယ်၊ ဟိုနယ်မှာ ကျွန်တော်နဲ့၊ အလုပ်ဆက်သွယ်တဲ့ ပွဲစားကုန်သည် တွေ၊ အများပဲရှိကြပါတယ်၊ ဒီအတွက် မရောက်မပေါက်တာ အတော်ကြာလေတော့ ဟိုကလဲ တစ်ခါတစ်ခေါက် လာရောက် ဖို့ မှာသည့်အတွက် သွားရခြင်းပါပဲ အထူးကိစ္စတော့ မရှိပါ ဘူး”ဟု (ဆေးပြင်းလိပ်ကို လွှင့်ပစ်ပြီး ကွမ်းအစ်ကို…ယူ၍ ကွမ်းယာလေ၏။)

မိန်းမကြီး။ ။“မောင်ရင့် နာမည်”
ယောက်ျား။ ။“ကျွန်တော့်နာမည် အဒေါ်တို့ ကြားဖူး မှာပါပဲ၊ မောင်နီလို့ ခေါ်ပါတယ်”
မိန်းမကြီး။ ။ဪ ဦးနီဆိုတာလား၊ အဒေါ်တို့ ကြားရတော့ အင်မတန်ကြီးပြီ အောက်မေ့မိတယ်၊ ဘာမှ မကြီး သေးပါကလား”
မောင်နီ။“ကျွန်တော် အသက်(၃၀)ကျော်ပါပြီ”
မိန်းမကြီး။ ။ “ဝမ်းသာတယ်မောင်ရင် နာမည်ကိုတော့ ကြားဖူးပါရဲ့၊ လူကိုတော့ ခုမှ မြင်ဖူးတာပဲ၊ အလုပ်ကတော့ တယ်ကြီးပေတာပဲနော်”
မောင်နီ။ ။“အလျောက်…အလျောက် ကျွမ်းကျင်ရာ လုပ်ကြရတာပါပဲ၊ အဒေါ်က ရန်ကုန်ကို ဘယ်လိုကိစ္စနဲ့ လာ သတုံး
မိန်းမကြီး။ ။““အဒေါ့် ယောက်ျားက ဒီသူငယ်မရဲ့ ဖခင်ပေါ့၊ မန္တလေးကို ခေတ္တ ပြောင်းရလို့ ရန်ကုန်အထိ လိုက်ပို့ပါတယ်”
ယောက်ျား။ ။ “ဪ.. အစိုးရအလုပ်နဲ့ ပြောင်းရတယ် ထင်ပါရဲ့”
မိန်းမကြီး။ ။ “မှန်ပါတယ် ရာဇဝတ်ဝန်ကလေးပါပဲ၊ မန္တလေးကို ခေတ္တ ပြောင်းရတာပါ၊ ဒီ့အတွက် အဒေါ်တို့လဲ လိုက်ဖြစ်မယ်လို့တောင် အမှန်မပြောနိုင်ပါဘူး၊ ပင်စင်ယူဖို့ နီးပါပြီ၊ ရှေ့နှစ်ခါပဲ၊ အဒေါ်နာမည်ကတော့ ဒေါ်ရုံတဲ့၊ မှတ်ထား မောင် ရင်ရဲ့၊ ရောက်ရင်ဝင်ပါ”
“လမ်းမတော်က ဦးသာရင်တို့နဲ့၊ အဒေါ်တို့သိမှာပေါ့၊ ဝန်ထောက်ကတော် ဒေါ်ရုံ မသိလို့ သူတို့ပြောတာကို တစ်ခါ နှစ်ခါ ကြားဖူးပါတယ်”
မိန်းမကြီး။ ။ “သိပေါ့ မောင်ရယ်၊ မိတ်ဆွေ မင်းကြီး ပါပဲ၊ သူ့သမီး မစောက ဟောဒီက အဒေါ်သမီးနဲ့ စိန်မေရီ ကျောင်းမှာ အတူနေခဲ့ဖူးပါတယ်၊ မင်းကတော် ဒေါ်အုံကော မာပါရဲ့လား မောင်ရဲ့”

နီ။ ။“မာပါတယ်၊ မာပါတယ်။ အားလုံး ကျန်းကျန်း မာမာပါပဲ၊ ကျွန်တော်နဲ့ အလွန်ပဲ ခင်ကြပါတယ်” (မိန်းမပျို ဘက်ကို လှည့်၍။) “ဪ မစောနဲ့ ကျောင်းနေဘက်ကိုး၊ အင်္ဂလိပ်စာ ဘယ်နှတန်းရောက်သလဲ”
သမီး။ ။(ရှက်ကိုးရှက်ကန်း အမူအရာနှင့်။) “ဟုတ်ကဲ့၊ အတူတူ နေခဲ့ဘူးပါတယ်၊ မစောက ရှစ်တန်း၊ ကျွန်မက ကိုးတန်း မှာ ထွက်ခဲ့ပါတယ်”
ဒေါ်ရုံ။ ။`အလကားပါပဲ မောင်ရယ်၊ ငွေကုန်တာပါပဲ အကျိုးတော့ တယ်ပြီးမရှိပါဘူး” (သမီးကို လှည့်၍ကြည့်၏)
မောင်နီ။ ။”အကျိုးရှိပါသေးကော အဒေါ်ရယ်””
ဒေါ်ရုံ။ ။“အခု ကိုးတန်းမှာ ထွက်လာခဲ့တယ်၊ စကားကလေးတော့ ပြောတတ်ပါရဲ့၊ စာကလေး ပေကလေး များလဲ ဖတ်လို့ နားလည်ဟန် ရှိပါရဲ့၊ ဒီပြင် ဘာမှအကျိုး မမြင်ဘူး”
နီ။ ။““နို့ စကားပြောတတ်လား၊ ဖတ်တတ်၊ ရွတ်တတ် တာ၊ အကျိုးပေါ့၊ အဒေါ်က ဘယ်လိုအကျိုးများ လိုချင်သေး သလဲ”
ရုံ။ ။“သင်ထားတဲ့ ပညာကို အသုံးမချရတာ ပြောပါ တယ် မောင်ရင်ရဲ့”
နီ။ ။“ယခုခေတ် ကာလပညာများဟာ အသုံးမချ ရအောင် တမင် လုပ်ထားတဲ့ ပညာတွေပါ၊ ဒီအတွက် အထူး ပြောစရာ မရှိပါဘူး၊ အသုံးကျတဲ့ပညာ မဟုတ်လို့သာ၊ ဒီငွေ ထက် နှစ်ပေါင်းများစွာ စရိတ်အကုန်အကျ မြောက်မြားစွာခံပြီး သင်ကြားကြရတာပေါ့ အဒေါ်ရဲ့”
မိန်းမကြီး။ ။“မောင့်စကားက အဆန်း”
မောင်နီ။ ။“အင်မတန် ရိုးတဲ့စကားပါ အဒေါ်အသုံးချလို့ရတဲ့ အတတ်ပညာတစ်ခုခုကို သုံးနွေ သုံးမိုး သင်ရင်တတ်ပါ တယ်၊ လယ်ယာစိုက်ပျိုးတဲ့ အတတ်များမှာတော့ အသုံးကျ အားကြီးလို့ တကယ်ပဲ သင်တောင် မသင်ရဘူး၊ လောကမှာ အပိုအလုပ်သာ အချိန်များများ ကုန်တာပါ၊ မိန်းကလေးများမှာလဲ အရေးကြီးတဲ့ ချက်ရေးပြုတ်ရေး၊ သိမ်းဆည်းရေးအတွက် ကုန်တဲ့ အချိန်ဟာ အရေးမကြီးတဲ့ မျက်ခုံးမွှေးနှုတ်ရင်းအတွက် ကုန်တဲ့ အချိန်လောက် များမယ်လို့ ကျွန်တော် မထင်ဘူး အဒေါ်ရဲ့”

မိန်းမပျိုကို ရိတ်ခနဲ စောင်း၍ကြည့်ကာ ပြုံးလေ၏။ မိန်းမပျိုမှာ မျက်နှာနီဝင်း၍လာ၏။
မထွား။ ။“နောက်တစ်ခါ ကျွန်မ ဖြီးလိမ်းတဲ့အခါ ဘယ် လောက်ကြာတယ် သိရအောင် စကင်းနာရီ ဆောင်ထားရဦး မှာပဲ”ဟု မည်သူကိုမှ မကြည့်ဘဲ မိမိ၏ ရှေ့တည့်တည့်ကို ကြည့်ကာ မျက်နှာထားချိုချိုနှင့် ပြောလေ၏။
နီ။ ။“သို့သော်လဲ ဘာသာစကား တစ်မျိုးထက် နှစ်မျိုး ပိုပြီး တတ်ထားခြင်းဟာလဲ ကောင်းပါရဲ့”
ရုံ။ ။ နှစ်မျိုးတတ်တာဟာ တစ်မျိုးမှ မတတ်တာနဲ့ အတူတူ ဖြစ်နေရင်လဲ အလကားပဲ”
နီ။ ။ “ကျွန်တော်လဲ အိုင်အေအထိ သင်ခဲ့ဖူးပါတယ်၊ ဘီအေမအောင်ပေလို့ တော်တော့တာပဲ”
ရုံ။ ။ ဘာဖြစ်လို့လဲ မောင်ရင်ရဲ့”
နီ။ ။ “ဘီအေအောင်ရင် မြန်မာစာကိုတောင် လေးလုံးကွဲအောင် ဖတ်တတ်မှာ မဟုတ်ဘူး”

“ဪ…မောင်ရင်က အိုင်အေ ရောက်ခဲ့သကိုး”
နီ။ ။“ရောက်ရုံပါပဲ”
ရုံ။ ။“အိုင်အေဆိုရင် အင်္ဂလိပ် အတော်တတ်မှာပဲ”
နီ။ ။”အိုင်အေကတော့ တတ်ပါရဲ့၊ ကျွန်တော်သာ စာကောင်းကောင်း မတတ်ခဲ့တာပါ”
မထွားသည် မောင်နီ စကားပြောတိုင်း ကြည့်ကာ “ဘယ့် နှယ် လူပါလိမ့်မလဲ”ဟု ပြောကာ ပြုံးရယ်သောအနေနှင့် ပြုံးရယ် လေသည်။ ဒေါ်ရုံသည်လည်း တပြုံးပြုံးနေလေ၏။ မောင်နီသည်ကား မိမိ၏စကားများကို ဣန္ဒြေကြီးနှင့် ပြောလေရာ သာ၍ပင် ရယ်စရာ ကောင်း၍နေလေ၏။

ရုံ။ ။“မတတ်ပေမယ့် မောင့်အလုပ်က ဘီအေ အမ်အေအောင်သူ အလုပ်ထက် ကြီးနေတာပဲ”
နီ။ ။“အဆုံးကျတော့ အဒေါ်ရယ်၊ အသက်ကောင်းကောင်း မွေးလောက်တဲ့ အတတ်ဆိုရင် သိပ္ပံကပဲရသည်ဖြစ်စေ၊ ဒွန်းစန္ဒားထံကပဲ ရသည်ဖြစ်စေ အတူတူပါပဲ။ သိပ္ပံပညာဆိုတာ ဘာမှ သေသေချာချာ မသိတာတွေကို ပုလဲကုံးသီသလို သိပြီး လည်ပင်းမှာ ဆွဲပေးလိုက်တဲ့ အရာတွေပါပဲ၊ ကျွန်တော့်မှာ သား သမီးရှိရင် ခေတ်ကာလ သမယအလျောက် ပြောတတ်ဆိုတတ်ရေးတတ်၊ ဖတ်တတ်ထွက်တတ်၊ ချက်တတ်ရုံ သင်ပေးပြီး ဝါသနာပါရာကို တွန်းပေးလိုက်မှာပဲ၊ ဘယ်သူ့သား ဗီးလပ်က ဝတ်လုံဖြစ်ပြန်လာတယ်၊ ဘယ်ဝါ့သားက အမ်အေအိုင်စီအက်စ်ပဲ ဆိုတာတွေကို အားကျပြီး သားသမီးကို မဆိုင်တာ သင်ပေး ခြင်းဖြင့် ညှဉ်းဆဲခြင်းကိုတော့ မပြုလိုပါဘူး လောကမှာ ရိုးသား ဖြောင့်မတ်ပြီး ဝီရိယရှိ၍ အသက်မွေးမှုတစ်ခုခုတတ်ရင် ဘာပညာမှ သင်ဖို့မလိုပါ၊ ဘယ်ဘွဲ့၊ ဘယ်လက်မှတ်မှလဲ ရဖို့မလို ပါဘူး အဒေါ်ရဲ့၊ လက်မှတ်ဆိုတာ ဒီလက်မှတ်နဲ့ တင်းတိမ်စေ တတ်တာမျိုးမို့ လူညွန့်ကို အများအားဖြင့် တုံးစေတတ်ပါတယ်လက်မှတ်ရပါလျက် လူညွန့်မတုံးတဲ့ လူများဟာ ထူးချွန်တဲ့လူ အနည်းငယ်မျှသာ ရှိပါတယ်”

“မောင်ပြောတာ ကောင်းပါရဲ့၊ သို့သော်လဲ ရိုးဖြောင့်တဲ့ အတတ်ဆိုတာက မွေးသန္ဓေနဲ့ ပါတတ်တာမို့ အတော်အသင်ရ ခက်မှာပဲ”
“မခက်ဘူး အဒေါ်၊ လူကြီးမိဘက မရိုးမသားတဲ့အကြံ၊ မရိုးမသားတဲ့စကား၊ မရိုးမသားတဲ့ အလုပ်ကို အမြဲရှောင်ကြဉ်ပြီး မရိုးမသားခြင်းဟာ အလွန်တရာ စက်ဆုတ်ရွံရှာမုန်းစရာ ကောင်းတဲ့ အရာမျိုးပါတကား ဆိုတဲ့စိတ်ကို သားသမီးများ၏ စိတ်ထဲမှာ ပေါ်ပေါက်အောင် ကောင်းမြတ်တဲ့ နမူနာကို အမြဲ ပြမယ်ဆိုရင် တစ်ရာမှာတစ်ယောက်၊ ကောက်ကျစ်တဲ့စိတ် ပေါ်လာဖို့ရန် လွန်စွာမှ ခက်ပါတယ်”
“တံငါနားနီးတံငါ၊ မုဆိုးနားနီး မုဆိုးဆိုတာမျိုးလိုပေါ့၊ နို့ ဒါထက် စကားမစပ် မောင်ရင်မှာ မိသားစုဘယ်နှယောက် ရှိပါသလဲ”
“ကျွန်တော့်မှာ အမေအိုကြီးတစ်ယောက်ကိုသာ မွေး ကျွေးဖို့ ရှိပါတယ်၊ သားမရှိ၊ မယားမရှိ၊ တစ်ကိုယ်တည်း လုပ်ကိုင်ရှာကြံနေရတဲ့လူပါ အဒေါ်ရဲ့ ”
“ဪ…. တစ်ယောက်တည်းကိုး၊ လုပ်ကိုင်ရှာကြံ ကျွေးမွေးပြုစုဖို့ သားမယား အိမ်ထောင်မှု တာဝန်မရှိဘဲနဲ့ ဒီလောက် အလုပ်ကြီးကြီးလုပ်နိုင်တာ အင်မတန် တော်ပေတာပဲ”
“ကျွန်တော့်မှာ သားမယားမရှိသော်လဲ သားမယား ရှိသလို မိမိ စိတ်ထဲမှာ တာဝန်ကြီးကိုထားပြီး ကြံရ၊ စည်ရပါတယ်၊ ငါတစ်ယောက်တည်းပဲ၊ ဘာပူစရာရှိသလဲဆိုရင် ယခုလိုဖြစ်ဖို့ အင်မတန် ခက်မှာပါပဲ”
“တော်ပေတယ် မောင်၊ တော်ပေတယ်၊ ဒီလိုဖြင့် မောင်ရင်မှာ သားမယားကို စိတ်နဲ့ယူနေရတာပေါ့လေ”

“အများအားဖြင့် လူဓမ္မတာဟာ လူပျိုဆိုရင် တာဝန် မရှိလို့ ပေါ့တတ်ပါတယ်၊ သားမယား တာဝန်ရှိလာပြီဆိုတော့ လူချင်းမတူမှာ စိုးတာနဲ့ ကြိုးစားတာပေါ့ အဒေါ်ရဲ့”
“ဒါကြောင့် ချောင်တုံးက မချောင်၊ ကြင်ခါမှ ချောင် တယ်လို့ သဘင်သည်များ ပြောကြတာကိုး၊ မောင်ရင်မှာ စိတ်ထဲ မှာ အိမ်ထောင်ပြုထားလို့ ဒီလောက်ကြီးပွားတာပဲ၊ အကယ်၍ တကယ်များ အိမ်ထောင်ရှိရင် ဒီထက်ကြီးပွားမှာပဲ” (မထွားသည် ပြုံး၍နေလေ၏။)

“ကံစပ်မိရင် ကြီးပွားသင့်ပေတာပေါ့ အဒေါ်ရဲ့၊ သူ့ကံ ကိုယ်ကံကလဲ ရှိသေးတာကိုး၊ သို့သော်လဲ အဒေါ်ရဲ့ လောကမှာ ယောက်ျားသာ သိုက်တူးတာမဟုတ်၊ မိန်းမများထဲမှာလဲ သိုက် ဆရာတွေ များတတ်တာမို့ သတိထားရပါတယ်”
“ဟုတ်ပေတယ် မောင်ရင်၊ ဒါ့ကြောင့် မိန်းမများလဲ ယောက်ျားနဲ့ အတန်းတူလာပြီ ဆိုတဲ့ စကားပေါ်တာပဲ”
“လွတ်လပ်ခြင်း တစ်မျိုးပေါ့ အဒေါ်”
“ဟုတ်ကဲ့၊ လွတ်လဲလွတ်ကြပါရဲ့၊ လပ်လဲလပ်ကြပါရဲ့”
“ကိုယ်ပိုင် အုပ်ချုပ်ခြင်းကို အားထုတ်နေတဲ့ ခေတ်ကြီး ပေကိုး အဒေါ်ရဲ့”
“မောင် ဒီလို အတွေးအတောတွေကြောင့် ကြီးပွားတာပဲ၊ မောင်နဲ့တွေ့ရတာ အင်မတန်ဝမ်းသာပါတယ်၊ မောင်ရင့် ဇာတိက ဘယ်အစပ်ကလဲ”
“ကျွန်တော့်ဇာတိ မန္တလေးကပါ”
“မန္တလေး ဘယ်အရပ်ကလဲ”
“စိန်ပန်းရပ်ကပါ၊ ဖခင် အနိစ္စ ရောက်ပြီးကတည်းက မိခင်နဲ့အတူ ရန်ကုန်မှာရှိတဲ့ ဆွေမျိုးများထံလာရောက် ခိုကိုးရာက အထက်မပြန်ဘဲ အလုပ်လုပ်နေရတော့တာပါပဲ”

“အဒေါ်တို့လဲ လွန်ခဲ့တဲ့ နှစ်ပေါင်းခုနစ်နှစ်၊ ရှစ်နှစ် လောက်အခါက မန္တလေးမြို့ စိန်ပန်းရပ်မှာပဲ နေခဲ့တာပဲ၊ မောင် ဒီတော့ ဟိုမှာ ရှိသလား”
“ကျွန်တော် ရန်ကုန်ရောက်တာ ခြောက်နှစ်လောက် ရှိပါသေးတယ်၊ ရှိမှာပဲ” ထိုအခိုက်တွင် မိန်းမပျို၏ မျက်နှာသည် လင်း၍လာလေ ၏။ မျက်လုံးများမှ အရောင်ထွက်လျက် မောင်နီကို သေချာစွာ ကြည့်ပြီး…
“ဪ..ရှင် ကိုနီလား”
“ဟုတ်ပါတယ်၊ အခုတော့ ဦးနီလို့ ခေါ်ကြတယ်”
”ရှင် ခုနက နာမည်ပြောတော့ ကျွန်မ ရိုးတီးယားတား ဖြစ်ပြီး စဉ်းစားပြီးနေတယ်” ဟု ပြောပြီး အံ့အားသင့်၍နေသော မိခင်ကိုကြည့်ကာ…
“မေမေ မသိဘူးလား မေမေရဲ့၊ ဆေး ဆရာကြီး ဦး..”
“ဦးမောင် ဟုတ်ကဲ့၊ ကျွန်တော် ဦးမောင် သားပါ”
“ဪ…မောင် ဦးမောင့်သားလား …. အဒေါ်တို့ အသိ သားပဲ”
“ဟုတ်ပြီ၊ ဟုတ်ပြီ၊ ကျွန်တော်လဲ သိပြီ”
“မင်း မထွား မဟုတ်လား၊ အင်စပက်တော် ဦးဖြူသမီးလေ”
“ဟုတ်တယ်၊ အခု ရာဇဝတ်ဝန်ကလေး ဖြစ်နေတယ်”
“အဒေါ်နာမည်ကိုတော့ ကျွန်တော် ဟိုတုန်းကတည်းက မသိဘူး”ဟု ပြောကာ မထွားကိုကြည့်ပြီး “ဪ…မင်း မထွားကိုး၊ အရင်က ဒီလိုမဟုတ်ဘူး အဒေါ်ရဲ့၊ ပိန်ပိန်သေးသေး ကလေးရယ်၊ မနက်ကျရင် ပန်းပင်တွေကို ထပြီး ရေလောင်း တော့ ဦးလေးက စာထထကျက်တဲ့ အချိန်ပေါ့၊ ကြီးလိုက်တာ မထွားရယ်၊ အခု အသက်ဘယ်လောက်ရှိပြီလဲ”
“ကျွန်မ နှစ်ဆယ်ထဲမှာပါ”
“ဟိုတုန်းက (၁၂)နှစ်(၁၃)နှစ်လောက် ရှိမှာလား၊ တခြားလူတွေမှ မဟုတ်ဘဲကိုး၊ အင်း အင်းအခုလို တွေ့ရ ခြင်းဟာ ကုသိုလ်ပဲနော်”ဟု မထွားကို ပြုံးရွှင်ကာ မျက်နှာနှင့် ကြည့်ကာ ပြောသေး၏။
ထွား။ ။“ဦးနီ … ဦးနီကို ကြားရပါရဲ့၊ အသိဖြစ် ကြောင်း တစ်ခါမှ မတွေးမိဘူး”
နီ။ ။“ကွဲသွားကြတာကလဲ နှစ်ပေါင်း အတော်ကြာ သွားမှကိုး မောင်ရဲ့”

မောင်နီသည် မထွားကို စ၍ မြင်ကတည်းက မစောနှင့် လည်းမတူ၊ မိမိ တွေ့ကြုံခဲ့ဖူးသော မိန်းကလေးများအနက် တစ်စုံတစ်ယောက်နှင့်မျှ မတူသည်ကို သတိထားမိပြီးဖြစ်လေ၏။ အပျော်အပါးကို သတိမရ။ စက်သူဌေးကြီးများ သဘောကျပြီး နောင်တိုးတက် ကြီးမြင့်လိုသော မာန်မာနနှင့် အလုပ်ထဲ၌သာ စိတ်ကိုထားခဲ့သောကြောင့် နောက်၌ ပုံ၍ထားအပ်သော ဆန် စပါးကို သွေ့သွေ့ခြောက်ခြောက် ဖြစ်၍နေသော စိတ်နှလုံးသည် ပျိုးပြီးစ ပျိုးခင်းကလေးကဲ့သို့လည်းကောင်း၊ အနှံဖုံးစဖြစ်၍ ဖောင်းပြည့်သော ကောက်ပင်ကဲ့သို့ စိုပြည်ပြည့်၍ လာခဲ့လေ၏။
အလုပ်ကိစ္စတို့၏ မှိုင်းဝေရှုပ်ပွေခြင်းတည်းဟူသော ကြပ်ခိုးစင်၌ တင်၍ဆွဲထားအပ်သော ဘူးစေ့၊ ဖရုံစေ့နှင့် တူသောစိတ်သည် စိုပြည်သောမြေနှင့်တူသော ရူပါရုံ သြဇာဓာတ်နှင့် တွေ့လေရာ သန်စွမ်းဖြိုးထင်သော အညှောင့်တည်းဟူသော အချစ်သည် လန်းလန်းကြီး ထွက်ပေါ်၍ လာနှင့်လေသတည်း။
ထိုကဲ့သို့ ပြောင်းလဲခြင်းဖြစ်ရာတွင် ထိုရူပါရုံ အသား ဝါဝင်းဝင်း ညက်ညက်နဲ့ နောင်းနောင်း ပြောင်းပြောင်း ပျော့ပျော့ ကလေးဟာ အခြားမဟုတ်၊ မိတ်ဟောင်းအသိ ဖြစ်ကြောင်းကို သိရသောအခါ အားတက်၍လာလေ၏။

သို့စကားပြော၍ သွားကြရင်း မင်းကတော် ဒေါ်ရုံသည် သန်းဝေ၍ လာလေ၏။
“ကိုင်း…….အဒေါ်တော့ အိပ်မှတော်မယ်၊ မအိပ်ရင် နက်ဖြန်ခါကျရင် ဖျားလိမ့်မယ်၊ အဒေါ်တို့ လူကြီးဆိုတာ မောင်တို့ လူငယ်များလို အိပ်ပျက်မခံနိုင်ဘူး”ဟု ပြောပြီး သေတ္တာထဲက ခေါင်းအုံးတစ်ခုကို ထုတ်ယူပြီး တုံးလုံးလှဲလေ၏။
“မေမေ၊ စောင်မယူတော့ဘူးလား၊ သန်းခေါင်ကျော်ရင် ချမ်းလိမ့်မယ်”ဟု ပြောပြီး မိမိ၏သေတ္တာမှ စောင်တစ်ထည်ကို ထုတ်ပြီးလာ၍ မထွားသည် မိခင်ကို လွှမ်းခြုံပေးလေ၏။
ထိုနောက် နှစ်ယောက်သား စကားမပြောဘဲ တအောင့်လောက်သာ ကြာကြာနေနိုင်၏။

မထွား။ ။ “ကိုနီ တစ်ခါတည်း ပုသိမ်ကို အရောက်သွားမလို့လား”
“တစ်ခါတည်း သွားမယ်လို့ စိတ်ကူးတာပဲ”
“ပုသိမ်မှာ ဘယ်လောက် ကြာမလဲ”
“မပြောတတ်သေးဘူး၊ ရန်ကုန်မှာလဲ ကိစ္စတွေ မရှင်းဘူး၊ ကြာကြာကြီး နေနိုင်မယ် မထင်ပါဘူး”
“ဟင်္သာတကို ဝင်ပါဦးလား ရှင့်”
“ဝင်တော့ ဝင်ချင်သားပဲ၊ ကိစ္စတွေကများတယ်၊ မထွား သိတဲ့အတိုင်းပဲ၊ ကျုပ်တို့ ကုန်သည်ဆိုတာ အားလပ်တဲ့ရက် မရှိဘူး၊ နေထွက်က နေဝင်အထိ မှိတ်တဲ့မျက်စိမှ တစ်ပါး အမြဲ ကြံစည်ပြီးနေရတာပဲ”
“တစ်ရက်နှစ်ရက် ပိုကြာလို့ ကိစ္စမရှိပါဘူးရှင်၊ ဒါတော့ စိတ်သာ မူလပါ”ဟု ချစ်စရာကောင်းသော မျက်စောင်းကလေး နှင့်ကြည့်ကာ ပြောလေ၏။

မောင်နီမှာ ထိုစကားကိုကြား၍ ထိုကြည့်ခြင်းကို ခံလိုက် ရသည်မှာ နွေဥတုမှာ အိုက်သွေ့ခြောက်သောရာသီ၌ ဝင်မလို နှင့် ရေခဲကို သောက်လိုက်လေသလို တရင်လုံး အေး၍သွားပြီး
“မထွားပြောတာလဲ မှန်ပါရဲ့၊ သို့သော်လဲ စဉ်းစားပါရစေဦးအလုပ်တွေကို ဂဏန်းချကြည့်ပါရစေဦး”
“အံမယ်၊ ဟိုဘက်က တောမီးတွေထင်ပါရဲ့၊ တယ် ကြီးကျယ်ပါလားတသွင်လုံး ထိန်လို့ပါကလား”ဟု မထွားက ရှေ့၌ရှိသော ပြတင်းပေါက်ကို ကြည့်ကာ ပြောလေသည်။
မထွားသည် ထိုပြတင်းပေါက်မှ အပြင်ကို ကြည့်ပြီး “တောမီးလား၊ အိမ်တစ်အိမ်ကို မီးလောင်တာများလား”ဟု ပြောပြီး မိမိ၏ အနီး၌ရှိသော ပြတင်းပေါက်ကို မလေ၏။
ပြတင်းပေါက်သည် မပွင့်ဘဲ တင်းကျပ်၍ နေလေရာ မောင်နီသည် ထသွားပြီး ပြတင်းပေါက်ကို မရလေ၏။ ထိုသို့သော အခိုက်တွင် မထွား၏ ဦးခေါင်းနားသို့ မိမိ၏မျက်နှာ ရောက်သဖြင့် ပေါင်ဒါဆီမွှေးနံ့ကို ရလေ၏။ မထွား၏ရင်မှ ထွက်ပေါ်လာသော နွေးသောအငွေ့သည် မိမိ၏ရင်ကို လာ၍ဟပ်သည်ဟု မှတ်ထင် ရ၍ ကိုယ်ခန္ဓာ တစ်လျှောက်လုံးမှာ မြေငလျင် လှုပ်ရှားသလို တသိမ့်သိမ့် ခါ၍သွားလေ၏။

တံခါးဝသို့ ဖွင့်၍ပြီးသောအခါ မီးကို ဆက်၍ကြည့်ပြီး “တောမီးပဲ ထင်ပါရဲ့”ဟု ပြောကာ မိမိ၏နေရာသို့ မပြန်သေးဘဲ ကြည့်၍နေပြီး မထွား၏မျက်နှာကို ကြည့်လေရာ မထွားက နောက်ကိုဆုတ်ပြီး မိမိထိုင်နေသော ကော်ဇောအပေါ်၌ နေရာကို ပေးလျက် “ထိုင်ပါလား ကိုနီ”ဟု ပြောလေရာ မောင်နီသည် မထွားဘက်သို့ မျက်နှာကိုလှည့်ကာ ထိုင်လေ၏။
ထိုနောက် မန္တလေးမြို့ အကြောင်းကို ဆက်လက် ပြော ဆိုကြလေ၏။ သို့စကားပြောကြရာ အိပ်ချင်သောစိတ်ကို လုံးလုံးကြီး မေ့လျော့ကြလျက် လက်ပံတန်းမြို့သို့ ရောက်သည်ကိုမှ သတိမရကြဘဲ မေ့မေ့လျော့လျော့နှင့် ရောက်သွားကြ လေ၏။

ထိုညလင်းအားကြီးအချိန်၌ သာရဝေါ ဆိပ်ကမ်းသို့ မီးရထားရောက်လေရာ မထွားသည် မိခင်ကိုနှိုးလေ၏။ ထိုနောက် မောင်နီနှင့်မထွားသည် မထွားတို့သားအမိ၏ ပစ္စည်းများကို ကူညီရန် အောက်သို့ချပြီး မိမိ၏သားရေအိတ်ကို မိမိ ကိုင် မည်ပြုလေရာ မထွားကယူပြီး ကူလီကုလား ခေါင်း၌ ရှိသော မိမိ၏ သံသေတ္တာပေါ်သို့ မောင်နီ၏ သားရေအိတ် တင်ပေးပြီး “ဟဲ့ကူလီ၊ သတိထား၊ သားရေအိတ်ကျသွားမယ်”ဟု ပြောလေ၏။
ထိုနောက် ရထားမှ ဆင်းကြရာ မင်းကတော်ကြီးသည် ကူလီကုလားများ၏ နောက်သို့ မြန်စွာ လိုက်သွားလေ၏။ မထွား နှင့် မောင်နီသည် နောက်ကယှဉ်လျက် စကားပြောရင်း လိုက်ပါ၍ သွားကြလေ၏။
မထွားနှင့် မင်းကတော်ကြီးသည် မောင်နီကို ဟင်္သာတမှာ တစ်နေ့လောက်နားဖို့ရန် မရမကပြောကြသောအားဖြင့် ထိုနေ့၌ ၄င်းတို့၏ အိမ်မှာ တည်းရလေ၏။

မောင်နီနှင့် မထွားသည် တစ်ညလုံးလိုလို စကားပြော ကြလေ၏။ တစ်အိမ်သားလုံး အိပ်ကြသော်လည်း ၄င်းတို့ နှစ်ယောက်မှာ အိပ်ရမှာကို စိုးသကဲ့သို့ဖြစ်လေ၏။ အကြောင်း မူကား အိပ်၍ပျော်လျှင် ချက်ချင်း မိုးလင်းပြီး ကွဲရမှာကို ကြောက်ကြလေ၏။
နံနက်လေးနာရီ ထိုးသောအခါ “ကိုင်း…မထွား အိပ် ပျက်ရင် နေမကောင်းတတ်ဘူး၊ ကျုပ် ပုသိမ်ကပြန်ရင် ဝင်ဦးမယ်၊ အိပ်မှတော်မယ်”ဟု ပြောလေ၏။
“ပုသိမ်က ပြန်တော့သာ မဝင်ဘဲနဲ့ တိတ်တိတ်ကလေး မသွားပါနဲ့၊ တိတ်တိတ်ကလေးများသွားရင် အဟုတ်ကို သတိရတော့မယ်”ဟု မျက်စောင်းထိုးကာ ပြောလေ၏။
ထိုအခါ မောင်နီက စိတ်ချရအောင် ပြောဆိုပြီး မထွား၏ လက်ကိုကိုင်၍ “မထွားဆီကို ကိုယ်ဝင်ဖို့ တာဝန်ကို မမေ့ ရအောင် ဟောဒီ အထိမ်းအမှတ်ကို ယူသွားမယ်” ဟု ပြောကာ လက်ဖျားကလေးများကို နမ်းရှုံ့လေ၏။

မောင်နီသည် ရန်ကုန်သို့ရောက်သည်မှာ လေးလလောက် ကြာ၍သွားလေ၏။
မထွားကို သတိရတိုင်း “ငါ သူ့ဆီကို ဝင်မယ်ပြောပြီး မဝင်ဘဲ လာခဲ့မိလေခြင်း”ဟု တွေးတောကာ စိတ်လက် မချမ်း မသာ ဖြစ်လေ၏။
သို့နေခိုက်တွင် စာတစ်စောင် ရောက်၍လာလေရာ ထို စာကို ဖတ်၍ကြည့်ရာတွင် အောက်ပါအတိုင်း တွေ့ရှိရလေ သတည်း။

ကိုကိုနီ ရှင့် ….

ပုသိမ်မြို့က အပြန်မှာ ကျွန်မတို့ဆီကို ဝင်မည်လို့ ပြော၍သွားသဖြင့် တမျှော် မျှော်နေခဲ့ရာ မပေါ်လာဘဲ ယခုရန်ကုန် ကို ရောက်နေပြီလို့ ကြားရပါသည်။

စာကလေး တစ်စောင်မှလည်း မပေး ဘဲ နေသည်မှာ အလွန် စိမ်းကားရာ ကျပါသည်။ ထွားထွား၏စိတ်နှင့် နှိုင်း ၍ ယုံကြည်လိုက်မိတာ မနည်းဘဲ မှားပါသည်။ ကျွန်မ မန္တလေးမှာ နေစဉ် ကတည်းက စွဲလမ်းမိတဲ့စိတ်ကြောင့် မီးရထားပေါ်မှာ တွေ့ရသောအခါ အများ ကြီး ဝမ်းသာပြီး ယုံကြည်အားထား မိခဲ့သည်မှာ အကျိုးမဲ့ ဖြစ်ပါသည်။ သို့သော်လည်း ကိုကို့မှာ အရေးကြီးတဲ့ ကိစ္စရှိလို့ မဝင်ဘဲ ပြန်လေသလား။ ယခု အခါ မကျန်းမမာသည့်အတွက် စာမပေးဘဲ နေလေသလား ဆိုတာကို တွေးပြီး စာရေးလိုက်ရခြင်းဖြစ်ပါသည့် အကြောင်း ….

ထွား

မောင်နီသည် ထိုစာကို ဖတ်ပြီးသောအခါ စာမပေးပါဘူးဟဲ့လို့ ချုပ်ထားသော စိတ်သည် ပြေလာကာ ယခုပင် ထိုင်၍ စာပြန်ချင်သောစိတ် ပေါ်ပေါက်၍ လာလေ၏။
သို့သော်လည်း အဘယ်ကျေးဇူး ရှိမည်နည်းဟု စိတ်ကိုထိန်းချုပ်ကာ စာရွက်ကို လက်ထဲတွင် ချေပြစ်ပြီး အစိတ်စိတ် အမြွှာမြွှာ ဆုတ်ဖြဲ၍ပစ်ပြီး ကုလားထိုင်၌ တွေးတောဆင်ခြင်၍နေလေ၏။

မောင်နီသည် ဟင်္သာတမှ ပုသိမ်သို့သွားရန် မင်းကတော်ကြီးနှင့် မထွား ဘူတာရုံသို့ လိုက်၍ပို့သောအခါ ၄င်းတို့နှင့် စကားပင် ပြောရသော်လည်း စိတ်လက်များစွာ မချမ်းမသာ ဖြစ်လေ၏။ လမ်းတစ်လျှောက်လုံး၌လည်း စိတ်လက်လေးလံ လျက်သွားလေ၏။ မိမိသည် သံညှပ်၍ ဖိအပ်သော ကြွက်ပမာ မထွား၏ ကျောင်းနေဘက်ဖြစ်သော မစောနှင့် ပတ်သက်၍ အချုပ်မိ၍ နေသူဖြစ်လေရာ ငါက တမင်သက်သက် မဖြစ်နိုင်သော အရာကိုသွား၍ စမိလေခြင်းဟု စဉ်းစားကာ စိတ်ထဲ၌ များစွာ မချမ်းသာဖြစ်လေ၏။

သို့ဖြစ်၍ မထွားကို သတိရတိုင်း ဖျောက်ဖျက်ကာ ဟင်္သာတလမ်းမှပြန်လျှင် မတော်တဆ တွေ့ချင်တဲ့စိတ် ပေါ် ပေါက်၍ နေမည်ကို စိုးသောကြောင့် ရန်ကုန်သို့ သင်္ဘောနှင့် ပြန်၍လာခဲ့ခြင်း ဖြစ်လေသတည်း။
မစောမှာလည်း မထွားနှင့် သူငယ်ချင်းဖြစ်လေရာ မတော်တာကို ကြံမိလျှင် မိန်းမနှစ်ယောက်စလုံး၏ ရှုတ်ချကဲ့ရဲ့ခြင်းကို ခံရဖို့ရှိသည်ကို သတိမရလျက် ဤမျှသာလွန်စေတော့ ထိုထက် ပိုလွန်လျှင် မိမိမှာ ဒုက္ခသာများဖို့ရှိသည်ဟု ဆင်ခြင်လေ၏။

မစောမှာမူ အမှန်စစ်စစ် မချစ်မကြိုက်သော်လည်း မတော် တဆ အစအန ဖြစ်မိခဲ့ရာ၌ လူကြီးမိဘသိသဖြင့် အတင်းအကျပ် စာချုပ်မိ၍နေသောကြောင့် မစောကို မျက်နှာများသော မိန်းကလေးတစ်ယောက်ဖြစ်သည်ကိုပင် သိပါလျက် ဇွတ်နစ်၍ ယူရ တော့မည်ကဲ့သို့ ဖြစ်၍နေလေ၏။ သို့ဖြစ်၍ မောင်နီမှာ ဤဘဝ၌ စည်းစိမ်ဥစ္စာ အဘယ်မျှပင် ချမ်းသာပေကာမူ အဟုတ်တကယ် ချစ်သော မိန်းမကို မပေါင်းဖော်ရပဲ မချစ်မနှစ်သက်သူနှင့်သာ ဤဘဝ၌ ဆင်းရဲစွာနေရလျက် လောကငရဲကို ခံရတော့မှာပဲဟု စိတ်ချပြီးလျှင် ဖြစ်လိုရာဖြစ်စေတော့ဟူ၍ မိမိကိုယ်ကို ဖူးစာကံ ပစ်ချရာ၌ မခုမခံ မငြင်းဆန်ဘဲ နေပါတော့မည်ဟု မိမိ၏စိတ်ကို ဒုန်းဒုန်းချလိုက်ရ ရှာလေသတည်း။
မစောနှင့် ထိမ်းမြားမင်္ဂလာဆောင်ဖို့ အရေးသည် နီးကပ်၍ လာလေ၏။ မောင်နီသည် မင်္ဂလာပွဲအခမ်းအနားကို မထင်မရှား လုပ်ချင်သော်လည်း ယောက္ခမလောင်းများက ကြီးကြီးကျယ် ကျယ် ကျင်းပလိုသောကြောင့် ဂျူဗလီဟောမှာ ထိမ်းမြားရန် စီမံကြလေ၏။

ညတစ်ည၌ မိမိအိမ်တွင် မစောနှင့် မစော၏မိခင်ပါ အတူ စကားပြောဆို တိုင်ပင်၍ နေကြစဉ် လူတစ်ယောက်ရောက်၍ လာလေ၏။ မောင်နီက “ကိုဘကြီး ဘာကိစ္စရောက်လာတာလဲ” ဟု မေးပြီး စကားပြောနေရာမှ ထလေ၏။
ကိုဘကြီးသည် မသာယာသော မျက်နှာနှင့် အပါးကို ကပ်ပြီး “ဆရာ ကျွန်တော်တို့အားလုံး ဒုက္ခတွေ့ကြပေါ့ ဆရာ၊ အားလုံး နှင်ပစ်တော့တာပဲ”
“ထိုင်စမ်းပါဦး ခင်ဗျာ့ဘယ်လိုအကြောင်းလဲ”
“ကိုဘိုးထင်အိမ်ကို ဓားပြတိုက်တယ်၊ ဒီက ငွေထုတ်လာပြီး ပုသိမ်ကိုရောက်လို့ နောက်တစ်နေ့မှာ စီးတာပဲ”
“ငွေတွေ ပါသွားသလား”ဟု မျက်နှာပျက်လျက် မောင်နီ သည် မေးလေ၏။
“ငွေငါးသိန်း အကုန်ချောတာပဲ”
“ဟိုက်…ကိုယ်ကျိုး နည်းပြီ၊ ကိုဘိုးထင် အိမ်မှာ ရှိသလား”
“ရှိတာပေါ့၊ သူ့မှာလဲ ဦးခေါင်းမှာ ဒဏ်ရာတစ်ချက် ရတယ်၊ အခု သူဆေးရုံမှာ”
“ဓားပြတစ်ယောက်မှ မသိဘူးလား”
“ဓားပြတစ်ယောက်မှ မမိဘူးလား”
“ဓားပြ မဟုတ်ဘူး ဆရာ၊ သူခိုး၊ အနုကြမ်း၊ ဓားပြ ပေါ့လေ၊ မနိုင်ရင်ခိုး၊ နိုးရင်ကြမ်း၊ ခုခံရင်တိုက်ဆိုတဲ့ အထဲ ကပေါ့၊ တစ်ယောက်မှမမိဘူး၊ အလုပ်က အင်မတန် ရှင်းတာပဲ”
“ပွဲစားကြီးရဲ့ မိတ်ဆွေများဆိုပြီး ကိုဘိုးထင်အိမ်မှာ လာတည်းတာပဲ၊ ပွဲစားကြီးအကြောင်းကို သူတို့ အကုန်သိတယ်၊ လူပေါင်းသုံးယောက် ဆရာရဲ့၊ ပွဲစားကြီးဆီက ကိုဘိုးထင်ပေးတဲ့ စာတစ်စောင်လဲပါတယ်ဒီစာက ဒီလူများကို မိမိတို့ ကိစ္စ မပြီးမချင်း ကူညီကြည့်ရှုဖို့ မှာထားတဲ့စာ ဖြစ်ပါတယ်၊ သူတို့ အပြောတော့ ပုသိမ်မှာ တစ်လလောက် ကြာမလိုလိုဘဲ”
“ဒီနောက် ဘယ်လိုဖြစ်သလဲ”
“ကိုဘိုးထင်က သူတို့ကို အိမ်မှာဧည့်သည်ရယ်လို့ ထားမိတာပေါ့၊ ပွဲစားကြီးရဲ့ သန်းခေါင်အချိန်လောက်ကြတော့ ကိုဘိုးထင်တို့ တစ်အိမ်လုံးကို သေနတ်ပြပြီး သော့ကိုရတော့ သံသေတ္တာ ကိုဖွင့်ပြီး ရှိသမျှငွေများကို အကုန်ယူပါတယ်၊ ကိုဘိုးထင်တို့ တစ်အိမ်သားလုံးကိုလဲ ကြိုးတွေနဲ့ တုပ်ထားခဲ့ကြပါတယ်၊ ဒီအကြောင်းကို ပုလိပ်တိုင်ထားပါတယ်၊ သို့သော်လဲ မိဖို့ရန် အင်မတန် ခက်တာပဲ”

မောင်နီမှာ ဦးခေါင်းကို တင်းပုတ်နှင့် နှက်လိုက်သလို မိုက်မွှန်၍သွားလေ၏။ အကြောင်းမူကား မိမိ၏ ကြီးပွားအောင်မြင် ခြင်း၏ အထွတ်အထိပ်မှ တစ်နေ့အတွင်း လှိမ့်လဲ၍ကျပြီး နက်လှ စွာသောချောက်ထဲသို့ ရောက်ရပေတော့မည့် အကြောင်းကို သိလေ၏။ မိမိ၏ ဝီရိယဉာဏ်စွမ်းဖြင့် တည်ဆောက်၍ထားသော ကြီးမြင့်သော ဂုဏ်သတင်းနှင့် ကြီးပွားခြင်း တောင်ကြီးသည် တစ်ညတည်း ကွဲအက်ပြိုလဲ၍ ကျသကဲ့သို့ ဖြစ်လေ၏။
ပွဲစားကြီး ဦးနီသည် အိမ်ပေါ်တွင် အပြန်အလှန် လမ်း လျှောက်ကာ အပြန်ပြန် တွေးတောလေ၏။ ဘိုးထင်သည် လူဆိုးများနှင့်ပေါင်းပြီး မိမိ၏ ပျက်စီးခြင်းကို ကြံလေသလား ဟု စဉ်းစားမိလေ၏။ ထိုကဲ့သို့ စဉ်းစားသည့်အတိုင်း ဖြစ်မည်၊ မဖြစ်မည်ကိုမူကား မည်သူမျှ မသိနိုင်ချေ။

ထိုကဲ့သို့နေသောအခိုက်တွင် လူတစ်ယောက်ရောက်၍ လာပြန်လေ၏။ ၄င်းလူမှာ စုတ်စုတ်ပြတ်ပြတ် မသပ်မရပ်သော အသွင်ရှိသည်ပြင် များစွာလှုပ်ရှားသော လက္ခဏာလည်းရှိလေရာ မောင်နီသည် ၄င်းကိုမြင်လျှင်မြင်ခြင်း “ကိုင်း… မင်းကကော ဘယ်လို မကောင်းသတင်း ပြောစရာရှိသလဲ”ဟု ခါးထောက်ကာ မေးလေ၏။
ထိုအခါ ၄င်းလူက စပါးအပြည့်တင်၍လာသော တုန်ကင်း သုံးစင်းမှာ ဧရာဝတီသင်္ဘောနှင့် တိုက်မိ၍ သုံးစင်းစလုံး ပျက်စီး နစ်မြုပ်သွားကြောင်းကို အသက်မရှူဘဲ ပြောလေ၏။
စကားဆုံးသောအခါ မောင်နီသည် ရူးသွတ်သော လူပမာ အားရပါးရ ရယ်မောပြီး လောကမှာ ဖြစ်မိလို့ရှိရင် ဒီလိုဖြစ်တာပဲ ကောင်းတယ်။ မွေးတုန်းက လက်ဝါးချည်းလာခဲ့တဲ့ လူမှာ လက်ဝါးတော့ ကျန်သေးတာပဲ၊ ငါ့မှာ အရှုံးမရှိသေးဘူး၊ ကြီးကြီး ကျယ်ကျယ် တစ်ခါမှ မဖြစ်ဖူးဘဲလျက် ယခုလို ပွဲစားကြီး ဦးနီရယ်လို့ နိုင်ငံမှာ ကျော်စောခဲ့၏။ ယခုသည်ကား တစ်ခါ ဖြစ်ဖူးပြီးသူမို့ နောက်ထပ်၍ ဖြစ်ဖို့ရန်လွယ်ကူ၏။ လောကမှာ နိမ့်ခြင်း၊ မြင့်ခြင်းဆိုသည် ပင်လယ်၌ လှိုင်းစီး၍ ကစားသလို ပျော်စရာတစ်မျိုးပင် ဖြစ်သေး၏။ ဤမျှလောက် များစွာသော ပစ္စည်းတွေပျက်စီးကြသော်လည်း ထိုပစ္စည်းများထက် အဆပေါင်း မရေမတွက်နိုင်အောင် ပိုမို၍ အဖိုးထိုက်တန်သော အရာတစ်ခု သည် ငါ၌ ကျန်ရှိသေး၏။ ထိုအရာတစ်ခုသည်ကား ငါ၏ အသက်နှင့် ငါ၏အစွမ်းသတ္တိပေတကား။ ငါ၏စည်းစိမ်ဥစ္စာသည် ငါတည်းဟူသော သံချောင်းမှ ထွက်ပေါ်လာသော သံချေးမျှဖြစ်၏။ ငါတည်းဟူသော သံချောင်းကြီးရှိသမျှ ကာလပတ်လုံး စည်းစိမ် ဥစ္စာတည်းဟူသော သံချေးသည် မပေါ်လာဘဲမနေနိုင်။ ဥစ္စာကို ငါအမှီသဟဲပြု၏။ လောက၌ ပစ္စည်းဥစ္စာ အဘယ်မျှပင် ပျက်စီး စေကာမူ ငါ၏စွမ်းရည်သတ္တိ မပျက်စီးလျှင် အကိုင်းကို ချိုင်အပ် သော သစ်ပင်၌ အခက်အလက် တိုးတက်ဝေဆာသလို နောက် တိုးတက်ဖို့သာရှိ၏။ ဤစည်းစိမ်ဥစ္စာတွေ ငါ့ကို စွန့်ခွာခြင်းကြောင့် ငါ၌ တစ်စုံတစ်ရာမှမဖြစ်။ ကန်းသွားသည်လည်း မဟုတ်၊ ကျိုးသွားသည်လည်း မဟုတ်၊ ရူး၍သွားသည်လည်း မဟုတ်။ ငတ်၍သွားသည်လည်း မဟုတ်၊ ပိန်၍သွားသည်လည်း မဟုတ် ချေ။ ဤစည်းစိမ်ဥစ္စာတွေ ငါ့ကိုမစွန့်ဘဲ နေစဉ်ကလည်း ငါ၌ တစ်စုံတစ်ရာ ပိုမို၍ ထူးသည်မဟုတ်။ ငါသည် ထမင်းနှစ်ပွဲကို တစ်ပြိုင်တည်း မစားနိုင်။ ငါ၏ ဝမ်းခံနိုင်ရုံမျှသာ စားနိုင်၏။ ပျော်နိုင်သလောက်သာ အိပ်နိုင်၏။ ငါ၏ မျက်လုံးများသည် တိုး၍မလင်း၊ ငါ၏ကိုယ်လက်သည် တိုး၍မရှည်၊ စီးပွားဥစ္စာ ပျက်ခြင်းကြောင့်လည်း မည်သူမှ ငါ့ကို မကဲ့ရဲ့နိုင်။ ဥစ္စာ ပျက်ခြင်းသည် ရှက်ဖွယ်သော မကောင်းမျှမဟုတ်။ ပျက်စီးသော ဥစ္စာကို ပူပန်သောကရောက်ခြင်းဖြင့် ငါပြန်၍မရ။ အသစ် တည်ဆောက်ဖို့ရန် အားသစ်ကိုစီမံမှ ငါပြန်ရလိမ့်မည်။ စသည်ဖြင့် ဆင်ခြင်ကာ မိမိ၏ အစေခံများအား ကြည်လင်ရွှင်ပျသော မျက်နှာ နှင့် ညစာထမင်း ပြင်စားပြီးနောက် မကောင်းသော သတင်းကို လာရောက်ပေးသူတို့အား မိမိနှင့် အတူတကွ ထမင်းစားရန် ခေါ်လေ၏။

နောက်သုံးရက်လောက် ကြာသောအခါ မစော၏မိခင် အိမ်ကိုရောက်လာပြီး မောကြီးပန်းကြီး မျက်နှာမသာမယာနှင့် ကုလားထိုင်ပေါ်မှာထိုင်ကာ “ကိုင်း… ဘယ့်နှယ်နဲ့လဲ မောင်နီ၊ အဒေါ် ကြားရတာ စိတ်မကောင်းလို့ လာခဲ့တယ်ဒီပုံဖြင့် ဘယ့်နှယ်လုပ်ကြမလဲ”ဟု မောင်နီအပေါ်၌ ကြီးစွာသော အပြစ် တစ်ခုရှိ၍ ပြောရသောအသံ အမူအရာမျိုးနှင့် ပြောလေ၏။
“အဒေါ် လုပ်ချင်သလိုကြည့်ပြီး လုပ်တာပေါ့ အဒေါ် ရယ်၊ ကျွန်တော့်မှာတော့ လူမွဲတစ်ယောက် ဖြစ်ပါပြီ၊ လူမွဲတာ ခံတာထက် ထင်ရှားကျော်ကြားတဲ့ တကယ့် လူမွဲကြီးပေါ့”
“မင်း ပြောတာက တယ်ပြီး လွယ်တာကိုးကွယ့်၊ မင်း မွဲတာကို ဘာမှ ဂုဏ်တင်စရာမရှိဘူး၊ နိုင်ငံအသိ ဖြစ်နေတယ်၊ ခက်တာက အဒေါ်သမီးအတွက် ခက်နေတာပါ”
“ဘာခက်စရာ ရှိသလဲအဒေါ်၊ မစောမှာ ဝတ်ကျွတ် တာပေါ့၊ မချစ်မနှစ်သက်နဲ့ ပေါင်းဖော်ရခြင်းဟာ ဆင်းရဲခြင်းတဲ့၊ မစောချစ်တာက ဒဗြူတီမြို့အုပ် မောင်သော့ပါ၊ အဒေါ်တို့ အတင်းအကျပ်လုပ်လို့ ကျွန်တော့်ကိုယူမယ်လို့ သူ ဝန်ခံရတာ၊ ကျွန်တော့်ကိုယူမယ်လို့ သူ ဝန်ခံရတာမဟုတ်လား အဒေါ်ရဲ့၊ အခု ကျွန်တော် ပျက်စီးတာဟာ သူကောင်းဖို့ဖြစ်တာ မဟုတ် ဘူးလား အဒေါ်ရယ်”
“မင်းပြောတော့ အင်မတန် လွယ်တာပဲ၊ အဒေါ့်သမီးကို မြင်းလို၊ နွားလို လွယ်လွယ်ကူကူ လက်ကူးလက်ပြောင်းလုပ်လို့ ဖြစ်မယ် ထင်သလားအရပ်က ဘယ်လိုပြောမလဲ”
“နို့ … ကျွန်တော်က လျှော်ကြေးပေးရဦးမှာလား အဒေါ်ရယ် … “ဟု ရင်ဘတ်ကို ထုကာ ပြောလေ၏။
“အဒေါ် လျှော်ကြေး မလိုချင်ပါဘူး၊ နို့ပေမယ့် ဘာ ကောင်းမှာလဲ၊ မင်းပဲ စဉ်းစားကြည့်ပါဦး”
“ဒီလိုဖြစ်ရင် ကျေးဇူးပေါ့၊ အဒေါ် အခုလာခြင်းဟာ မစောကို ကျွန်တော်နဲ့ မပေးစားနိုင်ဘူး၊ ကျွန်တော် လူမွဲနဲ့ မပေးစားနိုင်ဘူးဆိုတာကို ပြောဖို့လာတာ မဟုတ်လား အဒေါ်ရဲ့၊ ဘာမှ အားနာစရာမရှိပါဘူး၊ မစော သူကြိုက်တဲ့ ယောက်ျား တစ်ယောက်ယောက်နဲ့ညားရင် ကျွန်တော် ကြည်ဖြူပါတယ်၊ ကျွန်တော်ကလဲ လျှော်ကြေးတောင်းဖို့ မလိုပါဘူး”ဟု ပြောက လက်ပိုက်ကာ မတ်တတ်ရပ်လျက် အပြင်ဘက်ကို ငေးကြည့်၍ နေလေ၏။

ထိုအခါ ဒေါ်အုံသည် အတန်ငယ် တွေဝေ၍ နေပြီးမှ သိမ်မွေ့သော အသံဖြင့် “ဒီလိုကွယ့် မောင်နီ၊ မင်းလဲ ဘယ်လိုမှ သဘောမထားနဲ့တော့၊ မင်းလဲ စဉ်းစားကြည့်ပါ၊ အဒေါ်သမီး ဆင်းရဲမှာကို အဒေါ်စိုးတယ်၊ ဒီတော့ အဲဒါပဲ၊ အဒေါ် ပြောလိုတာပဲ၊ အဒေါ် ဒီစကားကိုပြောရတာ အများကြီး စိတ်မကောင်းဘူး”ဟု ပြောလေ၏။
“အဒေါ် စိတ်မကောင်း မဖြစ်ပါနဲ့တော့ မစောကို ဘယ်လိုပဲ ကျွန်တော် ချစ်သော်လဲ အခု အဒေါ်ပြောတဲ့အတိုင်း ကျွန်တော်နဲ့ညားရင် ဆင်းရဲမှာပဲ၊ ကျွန်တော် သူ့ကို နှမကလေးလို ချစ်ပါတယ်၊ သူ့ကို မဆင်းရဲစေချင်ပါဘူး၊ ဒီအတွက် အဒေါ်တို့ သဘောရှိသလိုသာ စီမံပါတော့၊ ကျွန်တော့်မှာတော့ကား ယခုအခါ သားမယားယူဖို့ကို ကြံစည်ဖို့ အချိန်တောင် မရတော့ပါဘူး အဒေါ်ရဲ့”ဟု ပြောပြီး ပြတင်းပေါက်ကိုမှီကာ လမ်းမကို ငေး၍ နေလေ၏။
ဒေါ်အုံလည်း “ကိုင်း … ဒါဖြင့်ပြီးရော အဒေါ် သွားတော့ မယ်”ဟု ပြောကာ ဆင်း၍လာခဲ့လေ၏။ မောင်နီလည်း ဘာကိုမှ မပြောနိုင်ဘဲ ၄င်းကိုကြည့်လျက် အိမ်ပေါ်တွင် ရပ်၍နေရစ်လေ၏။

နောက် တနင်္ဂနွေတစ်ပတ်လောက် ကြာ၍သွားလေ၏။ အိမ်ကို အိမ်ရှင်အား ပြန်၍အပ်ပြီး အိမ်ထောင်ပစ္စည်းများကို လျှော့ဈေးနှင့် ရောင်းချလေရာ ဝယ်သူများလာ၍ သိမ်းကြသဖြင့် ဟောင်းလောင်းကြီး ကျန်ရစ်လေ၏။ မောင်နီသည် ၄င်းအိမ်ကို စွန့်ရတော့မည်ဖြစ်၍ လှေကားသို့ ဆင်းတော့မည်ရှိရာ လွန်စွာ အံ့အားသင့်၍ သွားလေ၏။
အကြောင်းမူကား အိမ်ကို ပြုံးရွှင်စွာကြည့်လျက် တက်၍ လာသူသည် မထွားကိုယ်တိုင် ဖြစ်၍နေလေ၏။
မိမိ၏ အဖြစ်အပျက်ကို မထွား မသိသဖြင့်လာသည်ဟု ယုံကြည်ကာ ရှက်ကြောက်ခြင်းနှင့် မျက်နှာပျက်၍ သွားလေ၏။ မထွားပေးသောစာကို သတိရပြီး ငါ့ကို အပြစ်တင် ကဲ့ရဲ့ဖို့ လာလေသလား။ ပုသိမ်ကအပြန်မှာ ဟင်္သာတကို ဝင်မယ်လို့ ပြောပြီး မဝင်ဘဲ နေသည့်အတွက် ရန်တွေ့ဖို့လာလေသလား ဟူ၍လည်း စဉ်းစားလျက် တံခါးဝမှ နောက်ကိုဆုတ်ကာ ရပ်၍ နေလေ၏။

မထွားသည် အပေါ်သို့ ရောက်လာပြီး “ကျွန်မ အိမ်ကို လိုက်ရှာတာ မောလို့ပဲ၊ ရှင်ဘာပြုလို့ ကျွန်မတို့ကို လိမ်သွားသလဲ၊ ကျွန်မ ဒီ့အတွက် ရှင့်ကိုတွေ့ဖို့ ညှိုးထားတယ်”
မောင်နီသည် စကားပြန်၍ မပြောဘဲ ပြုံးနေပြီး “မထွား ပြောတာဆိုတာကို ခံရမှာပါပဲ၊ ပြောစရာလဲ လုပ်ခဲ့ပေတာကိုး၊ သို့သော်လဲ အခု မထွားမြင်တဲ့အတိုင်းပဲ၊ ကျုပ်မှာ ပြောနေစရာ မရှိပါဘူး”
“ကျွန်မ အကုန်ကြားခဲ့ပါပြီ”
“ဘယ်က ကြားသလဲ”
“ဪ… ထင်ရှားတဲ့ လူတစ်ယောက် ဘယ်လိုဖြစ်တယ် ဆိုတာ သိဖို့ရန် မခက်ပါဘူး၊ ဒီအတွက် ကျွန်မ ပြေးလာတာပါ”
“ဒီလိုဖြင့် ကျုပ်လိမ်မိတဲ့ အပြစ်ကို အခွင့်လွှတ်ပြီ ဆိုပါတော့ မထွားရဲ့”
“အခုဖြစ်တာတွေကို မကြားရမီကတည်းက ကျွန်မ အခွင့်လွှတ်ပြီးပါ၊ ရှင်ဘာပြုလို့ ကျွန်မတို့ဆီကို ပြန်မဝင်တယ်ဆိုတာ ကျွန်မသိရပါတယ်၊ ဒီတော့ ကိုနီကို အပြစ်တင်ဖို့ မရှိ၊ ချီးမွမ်းဖို့တောင် ရှိပါတယ်”
“ဘယ်လို ကြားသေးလဲ”
“ကြားတာပေါ့ ရှင်၊ ပြောနေရဦးမှာလား”
“ဒီလိုဖြင့် ကျုပ်ကို စိတ်မဆိုးတော့ဘူးဆိုပါတော့”
“စိတ်ဆိုးရင် ရှင့်ဆီ ဘာလုပ်လာမှာတုံး ရှင့်”
“မစော ငွေမက်တာကိုကြားရတော့ ကျွန်မ ကိုနီကို သနားတာနဲ့ လာခဲ့တယ်၊ ရှင်သစ္စာရှိတဲ့လူဖြစ်တာကို မေမေကလဲ အများကြီးပြောတယ်”
“အခု မင်းလာတာကို မင်း မေမေ သိရဲ့လား”
“မေမေတော့ မသိပါဘူး၊ ကျွန်မ မိတ်ဆွေတစ်ယောက် အိမ်ကိုလာရင်း အိမ်အပြန်မှာ ဝင်လာခဲ့တာပါ”
“မင်း မေမေသိရင် ဘယ့်နှယ်လုပ်မလဲ”
“အို….ကိစ္စမရှိပါဘူး ကိုနီရဲ့၊ ကျွန်မ တစ်ယောက်တည်း အိမ်ကို မပြန်ရဲလို့ အိမ်လိုက်ပို့ဖို့ လာပြီးခေါ်တာပါ”
မောင်နီသည် စဉ်းစား၍နေပြီးမှ
“ဟုတ်လား မထွားရဲ့၊ သူများတွေက”
“သူများတွေ ဘာဖြစ်ရဦးမှာလဲ၊ ဘယ်သူ့ကို ဂရုစိုက်ရမှာလဲ၊ ရှင်အခု တစ်ယောက်တည်း ဆင်းရဲဒုက္ခ ဖြစ်တဲ့အခါမှာ ဘယ်သူ ကြည့်ရှုမလဲ၊ ရှင့်ရှပ်အင်္ကျီကို ဘယ်သူက လျှော်ပေးမလဲ၊ ဘယ်သူက ထမင်းချက်ပေးမလဲ၊ မေမေက သူကိုယ်တိုင် လာပြီး ကိုနီကို ခေါ်မလို့ လုပ်နေတယ်”
မောင်နီသည် စဉ်းစား၍နေပြီး
“မင်းတို့ ငါ့ကို တကယ် စိတ်မနာဘူးလား”
“ရှင် စာချုပ်မိနေလို့ မဖျက်ချင်တာ သိသည့်အတွက် ကျွန်မကို ဖျက်စီးရာ ကျမှာစိုးလို့ ကျွန်မကို တမင်သက်သက် မေ့ပစ်တာကို ကျွန်မသိပါတယ်”

“မထွား တွေးတဲ့အတိုင်းပဲ စာမပေးဘဲ မလာဘဲနေပေမယ့် စိတ်ကတော့ မေ့လို့ မရရိုးအမှန်ပါ၊ မထွားကို ရထား ပေါ်မှာ မြင်ကတည်းက ယခုထက်တိုင် ဘယ်တော့မှ မမေ့ပါဘူး၊ သို့သော်လဲ ကိုယ့်ဝမ်းနာ ကိုယ်သိဆိုတဲ့ စကားလို မဖြစ်နိုင်မှန်းကို သိသည့်အတွက် တမင်သက်သက် မထွားအပေါ်မှာ လော်မာပြီး ပြောတာလို ဖြစ်မှာစိုးသည့်အတွက် ရှေးဖူးစာကံ တစ်မျိုးတစ်ဖုံစီ ရှိတာကိုပဲ၊ ခေါင်းငုံ့ကာ ခံပါတော့မယ်လို့ စိတ်ကို ဒုန်းဒုန်းချပြီး နေဆဲမှာ တစ်ဖန် စီးပွားဥစ္စာက ပျက်စီးပြန်တော့ လူတွေ့သူတွေ့ ကိုမှ မခံတော့ပါဘူး၊ ရောက်ရာပေါက်ရာကို သွားပါတော့မယ်လို့ အခုကြံစည်ပြီး အိမ်ကို ထွက်တော့မယ်လို့အပြုမှာ မထွားကို တွေ့ရတာ ဝမ်းလဲသာ၊ ဝမ်းလဲနည်းဆိုတာကို ဖြစ်ရတာပါပဲ၊ သို့သော်လဲ ဆင်းရဲဒုက္ခရောက်သဖြင့် ခေါ်မဲ့ပြောမဲ့လူမှ မရှိတဲ့ အချိန်အခါထဲမှာ မထွား ကျုပ်ကို သတိရခြင်းဟာ ဒီဘဝမှာဖြင့် ကျေးဇူးတင်လို့မဆုံးနိုင်တော့မှာ မဟုတ်တော့ပါဘူး”ဟု ပြောကာ မထွား၏ မျက်နှာကို မျက်တောင်မခတ်ဘဲ ကြည့်၍နေလေ၏။

“ကျေးဇူးတင်ဖို့မလိုပါဘူး ကိုနီ၊ အခု ရှင်ပြောတဲ့ စကား များအမှန်ဖြစ်ရင် ရှင်ပျက်စီးတဲ့ စည်းစိမ်ဟာ မနှမြောလောက် ပါဘူး၊ ဖေဖေလဲ အငြိမ်းစားဖြစ်တာမို့ ဆန်စပါး အလုပ်ကိုလုပ်ဖို့ရန် အများကြီး စိတ်အားထက်သန်ပါတယ်၊ ကျွန်မတို့ သားအမိ နှစ်ယောက်က ကိုနီဟာ ဒီအလုပ်ကို အင်မတန် ကျွမ်းကျင်လို့ ကြီးပွားနေကြောင်း ပြောပြတော့ ဖေဖေက အများကြီး တွေ့ချင်တဲ့ ဆန္ဒရှိတဲ့အပြင် မေမေက လှော်တာနဲ့ ကိုနီကိုတွေ့ဖို့ရန် အင်မတန် စိတ်အားထက်သန်နေပါတယ်၊ အခု ကိုနီ ကျွန်မကို လိုက်ပို့ရင်း မေမေ့ဆီကို လိုက်ခဲ့ပါ၊ နောက်တစ်နေ့ ဟင်္သာတကို ပြန်တော့လဲ ကိုနီ လိုက်ရမယ်”
မောင်နီသည် စဉ်းစား၍နေပြီးမှ
“မဟုတ်ပါဘူး၊ မထွား စဉ်းစားပါဦးနော်၊ ကျုပ်အခု လူမွဲတစ်ယောက်ဖြစ်နေပြီ၊ လက်ဝါးချည်းစပြီး ဒီအခြေအနေကို ရောက်ပြီးမှ အခု လက်ဝါးချည်း ပြန်၍ ဖြစ်ပါတယ်၊ ယခုတော့ ဖျာဖြစ်နေပါပြီ၊ ဖျာကစပြီး တောင်ပို့ ဖြစ်အောင်လုပ်ဖို့ မာန်စိတ်ကိုတော့ မလျှော့သေးပါ၊ ကျုပ်ဘာသာ ကြံစည်လို့ အတော်နေရာကျမှ အထောက်အပံ့ကို လိုချင်တယ်”
“ဘုရားတောင် အမှီရှိမှပွင့်တယ် ကိုနီ၊ ဖျာက တောင်ပို့ ဖြစ်အောင် ထနိုင်သူဟာ တောင်ပို့ကနေပြီး စရရင် တောင်ကုန်းကြီးဖြစ်ဖို့ သာပြီး မှန်ပါလိမ့်မယ်၊ ဒီအတွက်ဟေ့ ဂါလီ၊ ခါလီ ဟေးအောင်း၊ လာ…ကိုနီ၊ ကျွန်မကို လိုက်ပို့ဦး”ဟု ပြောကာ အတင်းခေါ်လေရာ နှစ်ယောက်သား မြင်းရထားပေါ်သို့ ရောက်ကြ လေ၏။ မောင်နီသည် ရှေ့ကထိုင်လေ၏။ မထွားသည် နောက်က ထိုင်လေ၏။ မကြာမီ ဘုရားလမ်း မိမိတို့ တည်း၍နေသော အိမ်သို့ရောက်ကြ၍ မိခင်ဖြစ်သူက အားရဝမ်းသာ မောင်နီကို ခေါ်ငင်နှုတ်ဆက်ပြီး အိမ်သားများအား မောင်နီကို မထွား၏မောင် တစ်ဝမ်းကွဲအဖြစ်နှင့် အသိမိတ်ဆွေဖွဲ့၍ ပေးကြလေ၏။

နောက်တစ်နေ့ ဟင်္သာတသို့ ပြန်ကြလေရာ ဝန်ထောက်ကြီးက မောင်နီကိုမြင်လျှင် အားရဝမ်းသာဖြစ်လျက် အကြံ အစည်များကို ပြောပြလေ၏။
နောက်ဆုံး၌ ဝန်ထောက်ကြီးက
“ကိုင်း…မောင်ရင်၊ ဦးတို့မှာ သားယောက်ျား တစ်ယောက်ကိုမှ အဖတ်မတင်လို့ လုပ်ကိုင်ကြံစည်ချင်ပေမယ့် ကျောထောက်နောက်ခံ မရှိတာနဲ့ လက်ပိုက်ပြီးနေတာပဲ၊ ဦးသည် မီးရထားလမ်းမှာ ဆန်စက် တည်ချင်တယ်၊ မောင့်ကိုပဲ အားကိုးရမှာပဲ၊ မောင့်ပစ္စည်းလို သဘောထားပြီး ကြီးပွားအောင်သာ စီမံပါတော့”ဟု ပြော လေသည်။

နောက်တစ်နှစ်လောက် ကြာသောအခါ ၄င်းရထားလမ်း စပါးစက်ကြီး သုံးစက်သည် နံနက် (၄)နာရီအချိန်မှ ဥသြ မှုတ်ပြီး ည (၁၀)နာရီအထိ ဖြိုင်ဖြိုင်ကြီး အလုပ်လုပ်၍ နေကြ သည်ကို မြင်နိုင်လေ၏။ ဆင်းရဲသော ရွာသူရွာသားများမှာလည်း စက်ထဲ၌ အလုပ်ရကြသဖြင့် ငတ်မွတ်ခေါင်းပါးသူမရှိဘဲ ဝပြော သာယာကြလျက် စက်သူဌေး မောင်နီနှင့် စက်သူဌေးကတော် ကလေး မထွားကို လွန်စွာမှ ချစ်ခင်ကြလျက် ၄င်းတို့ကို မြင်သူ တိုင်း ဘုန်းကြီးပါစေ၊ အသက်ရှည်ပါစေ စည်းစိမ်ဥစ္စာတိုးပြီး စက်ကြီးတွေကို ယခုထက်တိုင် တိုး၍ တည်နိုင်ကြပါစေဟု မေတ္တာပို့ကြလေ၏။ ၄င်းတို့၏ ခိုင်းစေခြင်းကို ခံရသူတို့မှာ အလုပ်၌ မခိုမကပ်ဘဲ သက်စွန့်ကြိုးပမ်းလုပ်ကြလေရာ ၄င်းတို့၏ အလုပ်များသည် တစ်နှစ်ထက်တစ်နှစ် ကြီးကျယ်၍ လာလေ သတည်း။ အကြောင်းမူကား ၄င်းတို့ခိုင်းစေသော အမိန့်စကားကို ခံယူရခြင်းကို ဖြစ်စေသည်ဟု အလုပ်သမားတို့၏စိတ်၌ မှတ်ထင်၍ နေလေသတည်း။

. ဗြိတိသျှဘားမားမဂ္ဂဇင်း၊ အတွဲ ၁အမှတ် ၆၊ (ဇွန်၊ ၁၉၂၇)တွင် ဖော်ပြခဲ့သည်။

စာစီစာရိုက်
Shared by Heain Minn Zar Zar Hlaing