*နတ်ဖွက်ထားတဲ့ရွာ.*📖📖📖
ပရ ဂမ္ဘီရ ဝတ္ထုတို။
**********************************
ကချင်ပြည်နယ် အင်းတော်ဒေသ။
ဆင်ခေါင်းတောင်ခြေအနီးတွင် ယာသမားတစု နေထိုင်ကြပါသည်။
ရှေးဟောင်းဘုရားတစ်ဆူကို အစွဲပြု၍
ထိုယာသမားတို့စုဝေးနေထိုင်ရာ အရပ်ကို
ဘုရားကုန်းရွာဟု ခေါ်ဝေါ်ကြသည်။
ဆင်းရဲနွမ်းပါးသူများမို့ ဘယ်သူမှအဖက်မလုပ်ကြသောရွာငယ်လေးလည်းဖြစ်ပါသည်။
“အောင်မော်ရေ အောင်မော် ဝေး….”
“အေး ငါဒီမှာဟေ့ ဒီမှာဟ “
ပြန်ထူးလာသံနှင့်အတူ တဒုတ်ဒုတ်နှင့်
အသံကို ကြားကြရသောအခါ
လာခေါ်သူလူနှစ်ယောက်သည် အသံကြားရာဆီ ဝင်လာခဲ့ကြပါသည်။
အောင်မော်နေထိုင်ရာ တဲကလေးရဲ့နောက်တွင် မန်ကျည်းပင်ကြီးရှိနေရာ
အသံမှာ ထိုမန်ကျည်းပင်အောက်မှ ပေါ်
ထွက်လာနေခြင်းပင်ဖြစ်သည်။
“ဟေ့ကောင်အောင်မော် ဒါကဘာလုပ်နေတာလဲ
ဟိုမှာဦးဘသာက ငါတို့ကို
ထင်းခုတ်ခိုင်းနေပြီ သွားရအောင်”
“မင်းကလဲကွာ…ငါကဂျင်ပေါက်သွားမလို့ဟာကို…”
“မင်းကိုယ်မင်းလဲ ပြန်ကြည့်အုန်းအောင်မော်
ဂျင် ပေါက်ရမဲ့အရွယ် မဟုတ်တော့ဘူးကွ”
အောင်မော်သည် ဆယ့်ခြောက်နှစ်အရွယ်
လူပျိုပေါက်လေးဖြစ်ပြီး ကလေးစိတ်မကုန်သေးသူဖြစ်သည်။
ထိုသို့ဖြစ်ရသည်မှာ မွေးရာပါတော့မဟုတ်။
အောင်မော်ရဲ့မိဘများကို
ဓားပြတွေသတ်သွားကတည်းက စိတ်မူမမှန်တော့ခြင်းပင်ဖြစ်သည်။
အောင်မော်မှာဒီကဇာတိမဟုတ်။
သူခြောက်နှစ်အရွယ်လေးတွင်
မိဘနှစ်ပါးနှင့်အတူ ခရီးထွက်ရာက
ယခုနေသည့်ဘုရားကုန်းရွာအပြင်ဘက်တွင် ဓားပြတိုက်ခံခဲ့ကြရခြင်းဖြစ်သည်ဟု
သက်ခိုင်တို့မိဘများက ပြောကြသည်။
သွေးသံရဲရဲနှင့်မိဘနှစ်ပါးသေဆုံးသွားသည်ကိုမြင်သောအောင်မော်လေးမှာ
စိတ်ဒဏ်ရာရသွားပုံနှင့် လူသာကြီးလာသည်။စိတ်ကတော့ခြောက်နှစ်ခုနှစ်နှစ်
အရွယ်မှာသာ အမြဲတမ်းရှိနေခဲ့ပါသည်။
သွက်သွက်ခါအောင်ရူးခြင်းလည်းမဟုတ်။
စိတ်မထင်ရင်မထင်သလို သူနှင့်အရွယ်မတူသောကလေးများထံက မုန့်များလုစားတတ်သည်။
ကလေးနှင့်တု ၍ ရန်ဖြစ်တတ်သည်။
သူကားစိတ်ကောင်းလေးတော့
ရှိသည်။သူနှင့်ရန်ဖြစ်၍ငိုသွားသောကလေးများကို ချော့မော့တတ်ပြန်သေးသည်။
ယခုလည်းဘယ်ကလေးကို ချော့ရန်ရှိနေသည်မသိ။သူခုတ်နေသည့်ဂျင်မှာ
သုံးလုံးမြောက်ပင် ရှိနေလေပြီ။
သူငယ်ချင်းနှစ်ယောက်တို့သည်
အောင်မော့်အကြောင်းကို ပြန်စဥ်းစားမိပြီး
ဂရုဏာသက်နေမိကြပါသည်။
အောင်မော်မှာ ဂျင်ခုတ်နေရင်းက…
သက်ခိုင်ကမင်းကိုယ်မင်းပြန်ကြည့်အုံးဟု
ဆိုလိုက်သဖြင့် သူ့ကိုယ်သူပြန်ငုံ့ကြည့်ပြီး
ရီနေပါသည်။
ပြီးမှ…..
“ငါက ဘယ်လောက်မှအသက်မကြီးသေးပါဘူးသက်ခိုင်ရာ မင်းကလဲ
ရှင်တောင်မပြုရသေးဘူး ငါ”
သက်ခိုင်ကခေါင်းကိုတဗျင်းဗျင်း ကုတ်လိုက်ပြီး အတူပါလာသူစန်းနိုင်ကိုပြန်ကြည့်လိုက်သည်။
ကူပြောပါအုန်းဆိုသည့်သဘော။
စန်းနိုင်က…သက်ခိုင်အနားဝင်ထိုင်လိုက်သည်။
“မင်းဂျင်လေးတွေကလှတယ်အောင်မော်
ငါ့ဖို့လဲ တစ်လုံးခုတ်ပေးပါလား”
သူ့စကားကြောင့် အော်မော်မျက်နာကြီး
ပြုံးသွားခဲ့ပါသည်။
“အေး နောက်မှခုတ်ပေးမယ် ဒီဟာတွေက
ဦးမြင့်စိန်သားနှစ်ယောက်အတွက်ကွ..”
“ဟင် ရွာမကြီးကသူဌေးဦးမြင့်စိန်လား”
“အေ့လေကွာ မနေ့ကငါစလိုက်လို့အဲ့ကောင်တွေငိုသွားတာ ငါဒါနဲ့ပြန်ချော့မလို့ကွ”
“မင်းကလဲ ဟိုးရွာမကြီးကိုမသွားနဲ့လို့ငါတို့ပြောထားသားနဲ့”
ရွာမကြီးဆိုသည်မှာ သူတို့နေကြသည်က
ရွာအစွန်အဖျားနေရာဖြစ်ပြီး ရွာမကြီးမှာ
ပို၍စည်ကားသည်။
ငွေကြေးချမ်းသာသူများသာ နေကြသည်။
ထိုနေရာကို အောင်မော့်ကိုမသွားစေချင်ကြပါ။
ထိုအရပ်ရှိလူများသည် အဆင့်ခွဲခြားတတ်ကြသည်။
“အဲ့မှာက ကစားဖော်တွေပေါတယ်ကွ
ဒီမှာဆို မင်းတို့ကမကစားတော့ ငါကအဲ့ထိအဖော်ရှာရတာပေါ့”
“ကဲပါအောင်မော်ရယ် နောက်နေ့ငါတို့လဲမင်းနဲ့ကစားပါ့မယ် အခုထင်းခွေလိုက်ခဲ့နော်
ဦးဘသာက မုန့်တွေလဲကျွေးမှာတဲ့
ပီးတော့…….”
“ပီးတော့ဘာဖြစ်သေးလဲ”
သူ့စကားတပိုင်းတစ်စဖြင့် ရပ်သွားခြင်းကို
အောင်မော်က မကျေမနပ်ဝင်ထောက်ပေးသည်။
“ပီးတော့ မင်းမှမပါရင် ငါတို့ထင်းဘယ်ရမလဲ မင်းကဗလတောင့်တယ်လေကွာ…”
ထိုအခါမှအောင်မော့်မျက်နာ ကြည်လင်သွားပြီး ခါးကြားဆီဓားမ,ကိုထိုးထည့်လိုက်သည်ကို တွေ့ကြရသည်။
ဒါဆိုရင်တော့ တောထဲသို့အောင်မော်လိုက်ပါတော့မည်။
“အဲ့လိုမှပေါ့အောင်မော်ရ လာ သွားကြမယ်
နေမမြင့်ခင် ပြန်လာရအောင်”
အောင်မော်သည် ဂျင်သုံးလုံးအား အမြန်ဝှက်ကာ သူတို့နောက်လိုက်ပါလာခဲ့ရပါသည်။.
သူဂျင်သွားဝှက်လိုက်သည့်နေရာဆီ
ကျန်သူငယ်ချင်းနှစ်ယောက်မှာ မြင်နေပေမဲ့
မမြင်ယောင်ဆောင်နေလိုက်ကြပါသည်။
သူငယ်ချင်းတွေနဲ့သာ တောဘက်လိုက်နေတာ…..
မျက်စိထဲမှာတော့ ငိုယိုပြီးပြန်သွားသော
ဦးမြင့်စိန်ရဲ့သား ဖိုးထိန်နှင့်ဖိုးပိန်ကိုသာ မြင်ယောင်နေခဲ့ပါသည်။
ငါ့ဂျင်လေးတွေမင်းတို့ရကြရင်တော့
ပြန်ပျော်သွားကြမှာပါကွာ ဟုတွေးလိုက်မိသေးသည်။
______________________________________
တောထဲရောက်တော့ သစ်ပင်ခြောက်များ
ကိုသာရွေးပြီး ခုတ်လှဲကြပါသည်။
အောင်မော်မှာ စိတ်ကသာလူငယ်စိတ်ဝင်နေတာ သူ့လှုတ်ရှားမှုများက သွက်လက်ပြီး အားမာန်ပါလွန်းပါသည်။
သူတို့သုံးယောက် တက်ညီလက်ညီထင်းခုတ်နေသံမှာ တတောလုံးဆူညံနေပါတော့သည်။
ထင်းခုတ်တောမှာ
ဘုရားကုန်းနှင့် သိပ်မဝေးလှသလို နီးနီးလေးလည်းမဟုတ်ပါ။
ဆင်ခေါင်းတောကြီးရဲ့ တောနက်အဝင်ဝတွင်ပင်ဖြစ်သည်။ရှေ့ကိုထပ်တိုးရရင်တော့
တောနက်ထဲကို ရောက်ပြီ။
ဝုန်း ရှလောင်း ဖျောင်း!!
သူတို့နောက်ဆုံးခုတ်လှဲလိုက်သည့် သစ်ပင်
ကြီးမှာ တောင်စောင်းပေါ်တွင် မို့ အရာပေးထားသည့်မလှဲဘဲ သူတို့ရှောင်ကွင်းနေရာဘက် လှဲကျလာပါတော့သည်။
မမျှော်လင့်သည့်အခြေအနေပင်။
“အောင်မော်ရေ ပြေးဟ ပြေးပြေး”
ဤသို့အော်ဟစ်ပြီး နှစ်ဦးသားပြေးထွက်သွားကြရာ အောင်မော်ကလည်း လှဲကျလာသောသစ်ပင်ကြီးနှင့်လွတ်ရာဘက်
ပြေးလွှားရပါလေသည်။
သူပြေးမိသည့်ဘက်တွင်
တောင်စောင်းအနေအထားမို့ ပြေးရင်းခြေ
ခေါက်လဲကျပြီး သစ်ရွက်ခြောက်များ
ပေါ် ချော်နင်းမိကာ တောင်စောင်းအတိုင်း
လိမ့်ဆင်းသွားရပါလေပြီ။
လှိမ့်ဆင်းနေတုန်းမှာတော့ သတိရှိသေးသည်။
ချာချာလည်နေသောအသိသည်
ခေါင်းတွင်ပူခနဲဖြစ်သွားသော ခံစားချက်
ကြောင့် အသိမှာအမှောင်ကျသွားခဲ့ပါတော့သည်။
သူပစ်ကျသွားသော လျှိုကြီးထဲတွင်
မဲနက်နေသော ဆင်ပြောင်ကြီးတစ်ကောင်
ရှိနေခဲ့ပါသည်။
ထိုဆင်သည် သူအစာရှာနေသော တောင်စောင်းရဲ့အထက်ဘက်တွင် လူများ
ထင်းခုတ်နေသည်ကိုလည်း သိသည်။
ထိုလူများ သူ့ကို ကြောက်လန့်မည်ကိုစိုးသောကြောင့် တိတ်တိတ်ကလေး အစာရှာနေခဲ့ရာမှ ကံမကောင်းစွာနှင့် လူသားတစ်ဦး
မှာ သူ့ရှေ့ကို ရောက်ရှိလာပါရောလား။
ခေါင်းတွင်သွေးများဖြာကျပြီး သတိလစ်နေသူဆီ မမှိတ်မသုန်ကြည့်နေမိချိန်….
“အောင်မော်ရေ ဟေး…..အောင်မော်”
“ဟာ ဒီကောင်ဘယ်ဘက်ထွက်ပြေးသွားသလဲဟ ဝေး ဝူး ဝူး”
ထိုအော်သံများမှာ တောင်စောင်းပေါ်မှပေါ်ထွက်လာခြင်းမို့ တောင်ပေါ်မော့ကြည့်
လိုက်မိပြန်သည်။
သူရှိနေရာလျှိုထဲဆင်းမလာကြဘဲ
တစ်ဖက်ကလျှိုထဲ ဆင်းသွားကြသည်။
ဒါဆို…ဒီလူကို သူတို့တွေ့တော့မည်မဟုတ်။
သူသာမကယ်ရင်
သူနှင့်အမည်တူနေသော ထိုလူသားမှာ
အကြောင်းမဲ့ သေရရှာတော့မည်။
ဆင်ကြီးအောင်မော်သည် သူ့ရဲ့အစွယ်ဖျားဖြင့် မေ့နေသူကိုထိုးကော်ပြီး ထိုနေရာမှ
ထွက်လာခဲ့ပါတော့သည်။
~~~~~~~~~~~~~~~~~~~~~~~~~
အောင်မော်သတိပြန်ရလာသောအခါ
တဲငယ်တခုအတွင်းမှာ ရောက်နေပါသည်။
“အားလားလား “
ကုန်းအထတွင် ခေါင်းကနာသောကြောင့်
ငြီးတွားမိပါသည်။
“လူလေးသတိရလာပြီလား ခေါင်းမှာဒဏ်ရာနဲနဲလေးရထားတယ်ကွဲ့ ဆေးထဲ့ပေးထားတယ် သက်သာသွားလိမ့်မယ်”
ထိုအသံကြောင့် ဘေးကိုအသာလှည့်ကြည့်
လိုက်တော့ အသက်ခြောက်ဆယ်အရွယ်
ခန့် လူကြီးတစ်ဦးကို တွေ့ရပါသည်။
“ကျွန်တော်ဘယ်ကိုရောက်နေတာလဲ ဦးကြီး
ကကောဘယ်သူလဲ “
ထိုသို့မေးမြန်းရင်း သူငယ်ချင်းများနှင့်
ထင်းခုတ်နေကြသည်ကို သတိရသွားသည်။
“သက်ခိုင်တို့ကော ဦးကြီး”
“ဒါတော့ ဦးကြီးမသိပါဘူးလူလေးရယ်
လူလေးကို ဆင်ကြီးအောင်မော်က ဒီကို
ခေါ်လာတာကွဲ့”
“ခင်ဗျာ ဆင်အောင်မော် ဟုတ်လား”
“အေးလေကွာ ဒီရွာကဆင်ကြီး
အောင်မော်လေ”
“ကျ ကျနော့်နာမည်လဲ အောင်မော်ပဲဗျ”
ဤသို့အောင်မော်က အထစ်ထစ်အငေါ့
ပြန်ပြောလိုက်ရာ ထိုလူကြီးမှာ ပြုံးသွား
ခဲ့ပါသည်။
“လူလေးကိုဘာ့ကြောင့်ဆင်က ကယ်ခဲ့သလဲဆိုတာ အခုတော့ဦးကြီးသိသွားပြီ
သူနဲ့ နာမည်တူတာကိုသိလို့ ကယ်ခဲ့တာနေမှာကွဲ့
ပြောပါအုန်း လူလေးကဘယ်ကလဲ တောထဲကိုဘာလာလုပ်သလဲ”
ထိုသို့မေးလာသဖြင့် အောင်မော်လည်း
ပြောပြရပါလေသည်။
“ကျနော်တို့သူငယ်ချင်းသုံးယောက် ဆင်ခေါင်းတောစပ်မှာ ထင်းလာခုတ်ရင်း သစ်ပင်ကြီးလဲကျလာလို့ ဘေးလွတ်ရာရှောင်ကြရင်း တောင်စောင်းပေါ်ကချော်ကျပြီးသတိလစ်သွားတာဗျ ဒီရွာကဘာရွာလဲ
ဘုရားကုန်းနဲ့ အတော်ဝေးသေးလား”
“အေးအေး ခေါင်းကဒဏ်ရာကတော့
ဦးကြီးဆေးထဲ့ပေးထားလို့ မကြာခင်ပဲ
သက်သာပျောက်ကင်းသွားမှာပါ ဦးကြီး
ရွာထဲကိစ္စရှိလို့ သွားရအုန်းမယ် ဘမှန်ရေဘမှန်”
“လာပြီအစ်ကိုကြီးရေ”
ထိုလူကြီးကခေါ်လိုက်ရာ အသက်ငါးဆယ်အရွယ်လူကြီးတစ်ဦး တဲအတွင်းရောက်လာပြန်ပါသည်။
“ဒီသူငယ်ကို ထမင်းကျွေးလိုက်ပါကွယ်
ငါရွာထဲခဏသွားလိုက်အုန်းမယ်”
“ဟုတ်ကဲ့ပါ အစ်ကိုကြီး ကဲကောင်လေး ထ
ခြေလက်ဆေး မျက်နာသစ်လိုက် “
ထိုလူကြီးကတွဲထူရာနောက် အသာလိုက်ပါခဲ့ရပါသည်။
အိမ်ဘေးတွင် ရေတွင်းလေးရှိသည်။
ထိုရေတွင်းတွင် မျက်နာသစ်ပြီးသောအခါ
ပတ်ဝန်းကျင်ကို ဝေ့ကြည့်မိပါသည်။
အိမ်ငယ်လေးများစီတန်းနေပြီး ခပ်ဝေးဝေးတွင်
တောင်တန်းများက ဝိုင်းပတ်ထားသည်။
စိုက်ခင်းများ ပန်းပင်များလည်း များပြားလှသည်။
သာယာလှပသည်ကဖြင့် အမှန်။
ကျယ်ပြန့်လှပနေသောဒေသသည်
ဘုရားကုန်းရွာနှင့်တော့ ဘယ်နည်းနှင့်မှမနီးနိုင်ပါ။
ဘုရားကုန်ရွာနှင့်သာနီးပါရင်
ဤမျှသာယာစိမ်းစိုနေသောဒေသအကြောင်း
မိမိမှာကြားဘူးထားရမည်ပင်။
“ဒီရွာလေးက သာယာလိုက်တာ ဒါဘာရွာလို့ခေါ်လဲ ဦးလေး”
“လာလာကောင်လေး ဟင်းတွေနွေးတုန်းစားကြရအောင် ပီးရင်ဆင်ကြီးအောင်မော်ကို သွားခေါ်ရဦးမှာ”
ခက်တော့နေပြီ။
ဒီရွာနာမည်မေးတိုင်း မဖြေကြဘဲ အခြားစကားဘက်သာ လွှဲပြီးပြောဆိုနေကြပါကောလား။
ငါ့ရွာကို ပြန်လို့မှရပါ့မလား။
ဒါက သူ့အတွေးပင်ဖြစ်သည်။
“တူမောင်ရဲ့ရွာကိုပြန်ဖို့ ဘာမှစိတ်မပူနဲ့နော်
ဒဏ်ရာသက်သာရင် အချိန်မရွေးပြန်”
ထိုလူကြီးကပြောလာသောကြောင့် စိတ်အ
တွင်းကနေ ဘုရားတ,လိုက်မိပါပြီ။
သူ့အတွေးတွေများ သိနေသည်လား။
ဒါမှမဟုတ် တိုက်ဆိုင်သွားခြင်းလား။
ဆက်ပြီးဘာမှမတွေးတော့ဘဲ ထိုလူကြီး
နောက်ကနေပြန်လိုက်လာခဲ့သည်။
အိမ်လေးရဲ့ဘေးတွင် အမိုးသာရှိပြီးအကာမရှိသော မီးဖိုဆောင်လေးရှိသည်။
ထိုနေရာတွင် သူ့ကိုထမင်းခူးကျွေးသည်။
“စားတူမောင် သားသတ်လွတ်ကွဲ့ ဒီရွာက
တစ်ရွာလုံး အသားမစားကြဘူး”
“တစ်ရွာလုံးတောင်လား ဦးလေး”
“အေးလေကွာ ဘာလဲတူမောင်ကဒီလိုဟင်း
တွေကိုမစားနိုင်လို့များလား”
“ဒီလိုမဟုတ်ပါဘူးခင်ဗျ အသားဟင်းကိုကျနော်လဲမစားပါဘူး ဟို ဝယ်မစားနိုင်လို့မစားတာကြာရင်းကနေ မေ့မေ့နေတတ်တာ
ဦးလေးတို့ရွာလဲ ကျတော့်လို့ပဲအသားမစားဘူးဆိုလို့ ကျနော်အံ့သြလို့ပါ”
“ဪ ကဲစားစား ဒါကမှိုနဲ့မျှစ်နဲ့ကြော် ဒါကမုဆိုးလက်ဖက်သုပ် ဒါကမုန်ညှင်းဟင်းရည်”
ထိုလူထိုးပြသောဟင်းများမှာ ရွာမှာနေစဥ်ကလဲသူစားဘူးပါသည်။
ဒါပေမဲ့ ယခုဟင်းကပိုစားလို့ကောင်းနေပါသည်။
စားသောက်ပြီးကြတော့ ထိုလူကြီးရွာထဲ
ဆင်ရှာမည်ဟုပြောသောအခါ အောင်မော်ကလည်း လိုက်ချင်ကြောင်းပြောမိသည်။
ထ်ိုလူကြီးကလည်း အသာတကြည်ပင်လက်ခံပါသည်။
ဆင်ကိုတောတွင်မရှာဖွေဘဲ ဘာ့ကြောင့်ရွာထဲရှာသနည်းဟု တွေးနေမိသည့် အောင်မော်တစ်ယောက် ဆင်ကိုမြင်မှ သဘောပေါက်သွားရတော့သည်။
ကလေးများဝိုင်းအုံနေကြသော ရွာလည်ရှိ
ရေတွင်းတတွင်းတွင် ဆင်ကြီးတစ်ကောင်မှာ ရေတွင်းမောင်းတံကိုဆွဲဆွဲမ,ပေးနေပါသည်။
“ဟင်ဦးလေး ဒီဆင်ကြီးကလိမ္မာလိုက်တာ”
“အေး မင်းကိုကယ်လာတာ ဒီဆင်ပဲလေကွာ
သူကအရမ်းသိတတ်တာ သူ့နာမည်ကအောင်မော်တဲ့ ဒီရွာမှာသူရောက်နေတာကြာပြီကွဲ့”
“သူ့သခင်ကဘယ်သူလဲခင်ဗျ”
“သူ့မှာသခင်မရှိဘူးကွဲ့ ဒီရွာကလူတွေအားလုံးကို သူကအလုပ်တွေကူလုပ်ပေးတတ်တယ် တခါတခါလဲပျောက်နေတတ်တယ် တောထဲသဘာဝသွားနေတာနဲ့တူပါတယ်”
“သူပျောက်သွားရင် ဦးလေးတို့လိုက်မရှာ
ကြဘူးလား”
“ဟေ့အေး မရှာပါဘူးကွာ သူ့ဘာသူပြန်လာလိမ့်မပေါ့ ပြန်မလာလဲ သူပျော်ရာသွားပါစေပေါ့”
“ဟာဗျာဦးလေးတို့ကလဲ ကိုယ့်ရွာမှာကူညီပေးနေတဲ့ဆင်တစ်ကောင်ကို “
“ဆင်တစ်စီးလို့ပြောရတယ်ကွဲ့ ကဲလာလာ
ဆင်ကိုခေါ်ချည်ကြစို့ သူ့အတွက်အစာကျွေးချိန်ရောက်နေပြီ”
နှစ်ယောက်သား စကားတပြောပြောနှင့်
ရေတွင်းရှိရာဆီ ဆင်းလာခဲ့ကြပါသည်။
“အောင်မော်ရေ စိုက်ခင်းဘက်သွားကြမယ်လေကွာ”
ဦးဘမှန်ကထိုသို့ပြောလိုက်ရာ ဆင်ကြီးအောင်မော်မှာ ရေတွင်းနားမှခွာပြီး
သူတို့နောက်ကလိုက်ပါလာပါသည်။
အောင်မော်သည် မြင့်မားသောအရပ်ကြီးနှင့်နောက်ကလိုက်နေသောဆင်ကြီးကြောင့်
ခြေလှမ်းတို့ပင်မှားချင်နေရပါပြီ။
မကြာခင် စိုက်ခင်းဘက်သို့ရောက်လာကြရာအောင်မော်မှာအံ့သြနေပါတော့သည်။
အဝါရောင်လိမ္မော်ခင်းကြီးက တမျှော်တခေါ် ကျယ်ပြန့်လွန်းပါသည်။
ထိုအခင်းထဲတွင်ပေါင်းနုတ်သူရှိသည်။
မြက်ကျုံးသူရှိသည်။သူတို့ကိုမြင်တော့
အားလုံးက ဦးဘမှန်ကိုတရိုတသေနှုတ်ဆက်ပြီး ကိုယ့်အလုပ်ကိုယ်ပြန်လုပ်နေကြပါသည်။
ဦးဘမှန်သည် တနေရာရှိ
အတော်ဝင်းမှည့်နေသော လိမ္မော်သီးများ
ကို ဆင်အောင်မော်ကိုခူးကျွေးပါသည်။
“ငါ့တူ စားကြည့် စားလို့ကောင်းတယ်”
ထိုအခါမှ အောင်မော်လည်း တစ်လုံးယူစားကြည့်လိုက်ရာ အသီးမှာအလွန်ချိုပြီး
အေးသောဓာတ်ရှိသည်။
မွှေးလည်းမွှေးသေးသည်။
စားလို့အတော်ကောင်းလှသည်။
အတော်လေးကြာတော့..ဦးဘမှန်က…
“အောင်မော်တို့ရေ ဒီမှာခဏနေခဲ့နော်
ငါ အစ်ကိုကြီးဖို့သစ်သီးထဲ့ယူခဲ့မယ်”
ဦးဘမှန်သည် အလုပ်လုပ်နေကြသူများဘက် ထွက်သွားပါသည်။
အောင်မော်တို့ဟု သုံးနှုန်သွားသောကြောင့်
မိမိပါနေခဲ့ရမည်ဟု အောင်မော်ကသိသည်။
ဆင်ကသစ်သီးများကိုလှမ်းလှမ်းဆွဲစားနေတော့သည်။
ထိုအခါအောင်မော်က…အနားကလူတစ်ယောက်ကိုစကားစလိုက်မိသည်။
“အစ်ကိုကြီး ဒီသစ်သီးကအရမ်းစားကောင်းတယ်နော် အရင်စားဘူးတာနဲ့မတူဘူး မွှေးပြီးအေးနေတာပဲ”
“ကြိုက်ရင်စားလေကွာ စားစားကြိုက်သလောက်စား”
ထိုမျှသာပြောဆိုပြီး သူ့အလုပ်သူလုပ်နေပြန်သည်။
“ဟိုလေအစ်ကို ဒီရွာကဘယ်လိုနေရာလဲဗျ
အရမ်းသာယာလွန်းတယ်”
“ရော့ရော့မင်းစားဖို့ အသီးယူထား အစ်ကိုဟိုဘက်နား သွားလိုက်အုန်းမယ်
အောင်မော်ကြီးကိုလဲ ကြည့်ထားလိုက်”
ထိုလူမှာလည်း သူ့စကားကိုမကြားယောင်ပြုကာ တခြားဘက်ထွက်သွားပါသည်။
ခက်တော့နေပါပြီ။
ရွာအမည်ကိုမေး၍မရ။
အောင်မော်လည်း သူ့လက်ထဲကအသီးများကိုပုဆိုးခါးပုံထဲထည့်ပြီး ဆင်စားသည်ကိုသာကြည့်နေလိုက်ပါသည်။
မကြာခင်ဦးဘမှန်မှာ ပြန်ရောက်လာသည်။
“သွားကြမယ်ဝေ့ ပြန်ကြမယ်”
အပြန်လမ်းတွင် အောင်မော်မှာ တိတ်ဆိတ်၍သာ လိုက်ပါနေခဲ့ပါသည်။
နောက်တနေ့မနက်လင်းသောအခါ
အောင်မော်မျက်နာသစ်နေတုန်းရှိသေး..
“တူမောင်ရေ အိမ်မှာပဲနေခဲ့နော် ဦးလေးတို့က
ဥပုသ်စောင့်သွားကြရမှာ”
ခြံစည်းရိုးအပြင်ဘင်ရောက်လုလုဖြစ်နေရာက သူ့ဆီလှည့်ပြောလာသဖြင့် အော်မော်လည်းလမ်းမဘက် ကြည့်လိုက်မိရာ လူအတော်များများမှာ သဘက်များပုခုံးပေါ်တင်လျက် သွားနေကြသည်ကို တွေ့လိုက်ရပြန်ပါသည်။
“ဟင် ရွာကလူ အကုန်လားဦးလေး”
“ရွာမှာဆင်အောင်မော်နဲ့ ကလေးတွေတော့
ကျန်ခဲ့မှာပါ စိတ်အေးချမ်းသာစွာနေပါ
ဒီရွာကတူမောင်ကို လုံခြုံမှုပေးမှာပါ
ဒီတစ်ရက်တော့နားပေါ့ ခေါင်းကဒဏ်ရာသက်သာရင်
တူမောင်ရဲ့ရွာ ပြန်ချင်ပြန်”
“ဟုတ်ကဲ့ဦးလေး ဟုတ်ကဲ့”
အောင်မော်သည် သူတစ်ယောက်တည်း
ဖြတ်သန်းရမဲ့တနေ့တာအတွက် စိတ်မပူမိ။
မီးဖိုဆောင်ထဲတွင် ကျက်ပြီးသားထမင်းနှင့်
ကျောက်ဖရုံသီးအနုသုပ်ကိုစားကာ
ရွာထဲဘက် လျှောက်ကြည့်လေသည်။
တနေရာတွင် ဆင်အောင်မော်မှာ ကလေးတသိုက်နှင့် ဆော့ကစားနေသည်ကို တွေ့ရပါပြီ။
ဘယ်ကစားနည်းကိုကစားနေကြသည်မသိ
ဆင်အောင်မော်မှာ သူ့အားမြင်သောအခါ
သူ့ဆီပြေးလာပြီး လက်ထဲတစုံတစ်ရာအား
ထည့်ပေးကာ ကလေးများဆီပြန်ပြေးသွားပါပြီ။
လက်ထဲကအရာကို ငုံ့ကြည့်လိုက်တော့
လောက်စာလုံးခန့် ခဲအဖြူလေးတစ်လုံး။
“ဝေး ဟေးဟေး ခွေးရူးက ဟိုလူဖြစ်သွားပီကွ .အောင်မော်မဟုတ်တော့ဘူး”
သူတို့ကစားနည်းမှာ ခဲအဖြူလုံးလေးနှင့်
ပေါက်၍ ထိမှန်သူမှာ အခြားသူလက်သို့
ခဲလုံးမထည့်ပေးနိုင်မချင်း ပြေးလိုက်နေရသူဖြစ်သည်။
ဆင်အောင်မော်၏ကိုယ်ကြီးမှာ ကလေးများပစ်လိုက်တိုင်း ထိမှန်နေရကား သူချည်းအလှည့်ကျနေရစဥ် သူရောက်သွား
၍ အလှည့်ကျွတ်သွားရခြင်းသာဖြစ်သည်။
အတော်လည်သည့် ဆင်။
အောင်မော်သည် ကလေးများကိုလည်းလိုက်မမီ။
ဆင်ကိုလဲမှန်အောင်မပစ်နိုင်သောအခါ လျှာထွက်မတတ်ပြေးနေရပါလေပြီ။
သုံးလေးခေါက်ပတ်ပြေးလိုက်ပြီးသောအခါ ဆက်မပြေးနိုင်တော့ဘဲ ခြေပစ်လက်ပစ်ထိုင်ချ၍သာ နေလိုက်ပါတော့သည်။
ထိုအခါမှ ကလေးများကလည်း မဆော့တော့ဘူးဆိုပြီး သူ့အနားလာထိုင်ကြရာ ဆင်ကလည်း သူ့ကိုရေခပ်တိုက်လာပါသည်။
အောင်မော်မှာ ဆင်ကိုကျေးဇူးအလွန်တင်သွားမိပါသည်။သူ့ကြောင့်မောပမ်းခဲ့သမျှ
ရေသောက်လိုက်၍ အမောပြေလေပြီ။
ရေပုံးကြီးဆွဲပြီး ပြန်ထွက်သွားသောဆင်နောက် ကလေးများက ပြေးလိုက်ကြပြန်သည်။
သူ့အနားကောင်လေးတစ်ယောက်သာ
ကျန်ရစ်ခဲ့သည်။
“ကောင်လေး မင်းနာမည်ဘယ်လိုခေါ်လဲ”
“သာထွန်းတဲ့ခဗျ”
“မင်းအဖေအမေတို့ကော ဥပုသ်ကျောင်းသွားကြတယ်လား”
“သွားတယ်လေဗျာ ဒီရွာကအသက်ပြည့်ပီးသူမှန်သမျှက ဥပုသ်စောင့်ကြတယ် ရွာသားအားလုံးကျနော်တို့အပါအဝင် ကံငါးပါးကို လုံအောင်ထိန်းကြတယ်ဗျ”
“ဟင်…ဒီရွာက ဒီလောက်အေးချမ်းလှပနေတာဒါ့ကြောင့်ကို ဒါနဲ့ရွာနာမည်ကကောကွာ”
“ဒီရွာနာမည်က မူလကတော့ ကံကြီးအောင်တဲ့ ဒါပေမဲ့ အခုတော့ရွာပျောက်ကြီးလို့ပဲ
လူတွေကခေါ်ကြတော့တယ်လေ”
“ဟင် ရွာပျောက်ကြီး ဟုတ်လား
တခါမှလဲ မကြားဖူးပါလား”
“အစ်ကိုက ဆင်ခေါင်းတောစပ်မှာနေတဲ့သူ
မဟုတ်လား”
“ဟုတ်တယ်လေကွာ “
“ဆင်ခေါင်းတောင်ကြားမှာအရင်က ရွာကြီးတစ်ရွာ
ပျောက်သွားခဲ့တယ်လို့ အစ်ကိုငယ်ငယ်က
မကြားဘူးခဲ့ဘူးလား”
ထိုစကားမှ အောင်မော်မှာ ခုန်ထလိုက်မိပါသည်။
“ဒါ ဒါ ဆင်ခေါင်းတောင်ဘုရားနားက
နတ်ဖွက်ထားတယ် ဆိုတဲ့ ရွာလား”
“အစစ်ပဲအစ်ကိုရေ အစ်ကိုကမေးလာရင်
ရွာနာမယ်ပြောလိုက်ဖို့ ဦးလေးဘမှန်ကမှာလိုက်တယ်ဗျား”
အခုတော့ အားလုံးရှင်းလင်းသွားပါပြီ။
ငါးပါးသီလစောင့်ပြီး သူတပါးအသက်မသတ်/မစားသည့် နတ်ဖွက်ထားသည့်
ရွာ/နတ်ဝှက်ထားသောရွာ တွင် သူရောက်နေရသည်။
ငယ်စဥ်ကလေးဘဝကတည်းက
ပါးစပ်ရာဇဝင်သဖွယ် ကြားဘူးနေသည့်ရွာ။
ထူးဆန်းသည်က…ယခုရွာကိုရောက်မှ
ကလေးများနှင့်တွေ့ရင် ကလေးကလားဆန်နေတတ်သော သူ့အကျင့်များမှာ ပျောက်ဆုံးသွားခဲ့ပြီး
သူငယ်ချင်းနှစ်ယောက်ကို သတိရမိပါပြီ။
ထိုစဥ် ဆင်က သူ့လက်မောင်းကိုလာဆွဲခေါ်သဖြင့် အိမ်ဘက်လိုက်ပြန်ခဲ့ရပါသည်။
ညနေစောင်း၍ ဦးဘမှန်တို့ပြန်လာသောအခါ အဘတို့ပြန်လာပြီလားဟု
နှုတ်ဆက်ရင်း မှ ကျန်လူကြီးတစ်ဦးရဲ့နာမည်ကိုမေးရန် သတိရလိုက်ပါသည်။
ထိုလူကြီးမှာ သူ့အားပြုံးပြပြီးအိမ်ပေါ်တက်သွားသောကြောင့် ဦးလေးဘမှန်အနား အသာကပ်နေလိုက်ပါသည်။
“အစ်ကိုကြီးက စကားနဲတယ်ကွဲ့ ကောင်လေးရဲ့
လိုအပ်မှပြောတယ် ဘယ့်နှယ့်လဲခေါင်းကဒဏ်ရာ သက်သာရဲ့လား”
“သက်သာပါတယ်ခဗျ ဒါကြောင့်မနက်ဖန်ဆိုရွာကိုပြန်ရမလားလို့ပါ”
“အေးလေ သက်သာရင်တော့ပြန်လေ
လူအောင်မော်ကို ဆင်အောင်မော်က လိုက်ပို့လိမ့်မပေါ့
ဦးလေးလဲလိုက်ပ်ုလပါ့မယ် ကဲကဲညနေစာကိုတူမောင်
တစ်ယောက်ထဲသာစားတော့ ညကျအနာဂါတ်သစ်တောထဲကိုသွားမှာ လိုက်ရင်လိုက်ခဲ့ပေါ့”
“အနာဂါတ်သစ်တော ဟုတ်လားဦးလေး”
“အေး အဲ့ဒီတောအုပ်ထဲကိုရောက်သွားရင်
တိမ်တွေဟာ ရုပ်သေးကွက်တွေလို ပုံဖော်
ပြတယ်ကွဲ့ လူသာမန်တို့မြင်ရခဲမျှပဲ
ငါ့တူတောင် စိတ်ထားဖြူစင်လို့ လိုက်ခွင့်ရမှာပါ”
ဦးဘမှန်ရဲ့စကားများကြောင့် သူ့မှာယခုပင်
သွားကြည့်ချင်နေပါပြီ။
ဆင်ကိုအစာကျွေးပြီးသောအခါမှ မှောင်ရိပ်သမ်းလာပြီး နှစ်ဦးသား ရွာအရှေ့
လမ်းအတိုင်း ထွက်လာခဲ့ကြသည်။
ရွာထဲဖြတ်လျှောက်နေရင်း အခြားအိမ်ထဲမှထွက်လာကြသူ ဆယ်ယောက်ခန့်မှာလည်း
သူတို့နောက်ပင်လိုက်လာကြသည်။
ဘယ်သူမှစကားမပြောကြသောအခါ
အောင်မော်လည်း ငြိမ်သက်နေရပါသည်။
သို့နှင့်
လူနေအိမ်ခြေတွေကျော်လွန်ပြီး ချောင်းငယ်ကလေးကိုလည်း ဖြတ်ကြရသေးသည်။
ထို့နောက်
တောင်ကုန်းလေးပေါ် တက်ကြရပြန်သည်။
ပြီးမှ အပင် အရွက် အခက်
တစ်ရွယ်တည်းတစ်မျိုးတစားတည်း
ပေါက်ရောက်နေသောသစ်တောကြီးထဲ
ရောက်ရှိလာကြပါသည်။
ထိုသစ်တော၏ အမြင့်ဆုံးသစ်ပင်အောက်
ရောက်ကြသောအခါ အခြားနေရာများသည် ထိုနေရာနှင့် သိသိသာသာကြီး
နိမ့်ဆင်းနေပြီး ထိုအနိမ့်ပိုင်းအထက်တွင်
တိမ်ပင်လယ်ကြီးတစ်ခုကို တွေ့ကြရသည်။
မကြာခင် လရောင်ဖြာဆင်းလာသောအခါ
တိမ်ပင်လည်၏အနားကွပ်များသည်
ရွှေမှုံလေးများလက်လက်ထလာပြီး
နတ်သမီးနတ်သားများအသွင် တွေ့မြင်လာကြရပါသည်။
အရိပ်အဖြစ် မပီဝိုးတဝါးသာမြင်ကြရသည်မဟုတ်။
ကိုယ်ဟန်ကအစ တွေ့မြင်နေရသောအခါ အောင်မော်မှာပါးစပ်ကြီးအဟောင်းသားဖြင့် အံ့အားသင့်နေခဲ့ပါသည်။
သူတို့ရွာတွင် လက်ထိုးရုပ်သေးလေးများမြင်ရသကဲ့သို့ ရွာပျောက်ကြီးတွင်လည်း နတ်ပြည်ကိုပင်တွေ့မြင်ကြရပါလား
ဟု တွေးမိလိုက်သည်။
ဦးလေးဘမှန်က အသာလက်တို့မှ ရွာပြန်ကြရန်ဟု သိလိုက်ပြီး နောက်ကအသာလိုက်ပြန်ခဲ့ရပါသည်။
ရွာနားရောက်မှ သူမေးချင်နေသည့်မေးခွန်းကို မေးလိုက်မိသည်။
“ဦးလေး စောစောက မြင်ခဲ့ရတဲ့နတ်ပြည်ဟာ ဘယ်မှာရှိတာလဲ ဒီအတိုင်းအရိပ်ပဲလား”
“ဘယ်ကအရိပ်ရမှာလဲကွာ အဲ့တာ အလောင်းတော်နောက်ဆုံး စံပျော်ခဲ့တဲ့
သုတိတာနတ်ပြည်ပဲ ဒီရွာဟာငါးပါးသီလ
လုံခြုံပြီး ကောင်းမွန်တဲ့စိတ်နှလုံးရှိကြတာမို့ အဲ့ဒီနတ်ဘုံကို လှမ်းမြင်နေရတာ”
“ထူးဆန်းလိုက်တာဦးလေးရာ “
“အေး တူမောင်သာဒါ့ထက်ရက်ကြာကြာနေအုန်းမယ်ဆိုရင် ဒါ့ထက်ထူးဆန်းတာတွေ
မြင်ရအုန်းမှာ ဒါပေမဲ့ ဒီရွာမှာလဲအကြာကြီး
ကခေါ်ထားလို့မရသလို တူမောင်ကလဲ
ပြန်ချင်နေတယ် ရွာမှာကျန်ခဲ့သူတွေအလွန်စိတ်ပူပြီး တောနင်းရှာနေကြပြီ ဒါထက်တူမောင့်ကို ဦးလေးအဓိကမှာချင်တာရှိတယ်”
“ဘာများလဲဦးလေး ပြောပါခင်ဗျာ”
“မင်းရဲ့ရွာကို ပြန်ရောက်ရင် ဒီရွာရဲ့အကြောင်းတွေကို
ဘယ်သူ့ကိုမှပြန်မပြောပါနဲ့ကွာ နော်
ဦးလေးတို့ဒီမှာ အေးဆေးတရားအားထုတ်ပြီးနေချင်လို့ပါ”
“စိတ်ချပါဦးလေး ကျနော်မပြောပါဘူး”
အောင်မော်သည် မေးမြန်းချင်သည်များရှိ
သော်လည်း လတ်တလောမြင်ခဲ့ရသည့်
အံ့ဖွယ်မြင်ကွင်းများကြောင့် ဘာမှမမေးမိဘဲ ညအတော်နက်သည်အထိ အိပ်မရနိုင်ဘဲ ဖြစ်နေခဲ့ရပါသည်။
“ကောင်လေး မနက်အစောထပြန်ရမှာမို့
အခုအိပ်တော့”
ဆိုသည့်အသံကြားမှ မှေးခနဲအိပ်ပျော်သွားခဲ့ရပါတော့သည်။
သူအိပ်ပျော်သွားချိန်တွင်
စိတ်အစဥ်က…ဟိုး…..ငယ်ဘဝဆီပြန်လည်ရောက်ရှိသွားခဲ့ပါသည်။
“ပေးမလားမပေးဘူးလား ချွတ်အကုန်”
“အီးဟီး ဒါလေးတွေတော့ချမ်းသာပေးကြပါတော် ဟီး”
“ဟာကွာ စကားကလဲများလိုက်တာ
သိန်းဖေ ချွတ်ကွာ ခုခံရင်သတ်ပစ်”
“အိုလွှတ် လွှတ် ကျမကလေးကိုလွတ်”
“ဟာ မင်းကလေးကိုဘာလုပ်ရမလဲ
သွားစမ်း”
မိခင်ရင်ခွင်အတွင်းမှသူ့အား လူကြီးတစ်ယောက်က ထွန်းထုတ်ပစ်လိုက်ပါသည်။
“အီးဟီးဟီး အမေ မေ”
“ဟေ့ကောင်တွေ မင်းတို့ကြိုက်တာယူသွား
ငါးကလေးနဲ့မိန်းမကိုတော့ မထိနဲ့ကွ”
လူတစ်ယောက်ဓားနှင့်ရွယ်ခံထားရသော
ဖခင်ဆီမှ အော်ဟစ်သံထွက်ပေါ်လာသောအခါ….
“တိတ်စမ်း နားငြီးတယ်”
ဖျောင်း….
“အား”
ဓားနှောင့်ထုခံလိုက်ရသောဖခင်မှာ
မြေပြင်ပေါ်ခွေလဲကျသွားရလေပြီ။
“အမယ်လေး ကျုပ်ယောက်ျားသေပါပြီတော့”
“ဒီလောက်တောင်အော်နေတဲ့ဟာမကြီး
ကိုင်းကွာ.. ကိုင်းကိုင်း သေသေ”
ဓားနှင့်ထိုးခံ ခုတ်ခံနေရသည့်ကြားမှ
ကြောင်အမ်းနေသောသူ့ဆီ အော်ဟစ်လာပါသည်။
“သားရေပြေးပြေး အမေနောက်ကလိုက်လာမယ်ပြေးတော့”
“ရော့ကွာ အော်ချင်အုန်း”
ဇွီ!!!
အောင်မော်သည် မိခင်ကိုဓားနှင့်ထိုးချလိုက်သူဆီ စူးစူးဝါးဝါးတစ်ချက်ကြည့်ပြီး
ထိုနေရာမှ ထပြေးခဲ့တော့သည်။
ငယ်ဘဝကို အိပ်မက်သလိုပြန်မက်ရင်း
ယခုမှပြန်မှတ်မိလာရသည်က…..
မိခင်ဖြစ်သူကိုသတ်သူရဲ့လက်မတစ်ဖက်သည် တုံးတိတိကြီးပြတ်နေသည်ဆိုတာကိုပင်ဖြစ်သည်။
~~~~~~~~~~~~~~~~~~~~~~~~~
နောက်တနေ့မနက်စောစောတွင်
အောင်မော်သည် ဆင်ပြောင်ကြီးတစ်စီးကိုစီးပြီး ဆင်ခေါင်းတောအစပ်တွင် ပေါ်လာ
ပါသည်။
ဆင်ပေါ်တွင် ဦးလေးဘမှန်ပါ ပါသေးသည်။
ဆင်သည်ရွာစပ်နားတွင် ချပေးပြီး
သူ့ကို အကြာကြီးစိုက်ကြည့်နေပါသည်။
“ဦးလေးမင်းကို အရေးကြီးတာပြောစရာရှိတယ်လူလေး”
“ပြောပါဦးလေး ကျနော်နားထောင်နေပါတယ်”
“အခုဦးလေးပြောမှာက
လူတွေရဲ့ သံသရာလည်ပတ်ပုံနဲ့တူတယ်ကွဲ့
ဒီဘဝမှာ ကိုယ်အမုန်းဆုံးလူကို အသေဆိုးနဲ့သေပါစေ လှံချက်ထိလို့သေပါစေဘာညာပေါ့ကွာ ဆုတောင်းမိရင် အဲဒီလူကနောင်သံသရာတနေရာမှာ ကိုယ်နဲ့မိသားစုဝင်အဖြစ် လာဆုံတတ်ကြတယ် အဲ့ဒီအချိန်မှာ
အတိတ်က ကိုယ်ကျိန်ခဲ့တာတွေ ကြောင့်
ကိုယ့်မိသားစုဝင်တစ်ယောက် အသေဆိုးနဲ့သေရတယ် ဒီတော့ဝမ်းနည်းရမှာက ကိုယ်ပဲဖြစ်နေပြန်တယ်”
“ဦးလေးပြောတာ သိပ်နားမလည်သလိုပဲ”
“ဒါ့ထက်ရှင်းအောင်ပြောရမယ်ဆိုလို့ရှိရင်
ရန်ကိုရန်ချင်း မတုန့်ပြန်နဲ့
ရန်ကိုရန်ခြင်းတုန့်ပြန်နေသမျှ ဘယ်တော့မှပြီးဆုံးတော့မှာမဟုတ်ဘူး သိလားလူလေး”
“ဟုတ်ကဲ့ပါဦးလေး ကျနော်နားလည်ပါတယ်ခင်ဗျ ဦးလေးစကားကို နားထောင်ပါ့မယ်”
“အေးကွာ သာဓုသာဓု ငါးပါးသီလကို
မမေ့မလျော့အောင် စောင့်ထိန်းပေတော့လူလေး
ဦးလေးတို့ ပြန်တော့မယ်”
အောင်မော်သည် ဆင်ကြီးရဲ့နှာမောင်းကို
ပွေ့ဖက်ထားမိပါသည်။
ဆင်ကလည်း သူ့ကိုပြန်ပွေ့ဖက်ထားသည်။
ခဏလေးဆုံခဲ့ရပေမဲ့ သံယောဇဥ်တွယ်မိဟန်ပင်ဖြစ်သည်။
မျက်ရည်များပင် ဝဲချင်လာသည်။
“ငါလေ မင်းကိုသိပ်ကျေးဇူးတင်တာပဲ
မင်းကြောင့်သာ ငါအသက်ရှင်ခဲ့တာပါ
ကံမကုန်ရင်တော့ နောက်တကြိမ် ပြန်ဆုံချင်ပါသေးတယ်ကွာ နော်”
ဆင်သည်ခေါင်းကြီးငိုက်စိုက်ကျပြီး သူ့ကို
ရွာဘက် အသာတွန်းလွတ်နေပါသည်။
ပြီးနောက် သူ့အားကျောခိုင်းကာ
တောထဲပြန်ဝင်သွားတော့သည်။
ဦးလေးဘမှန်လည်း ဆင်ရဲ့နောက်မှ
လိုက်ပါသွားခဲ့ပါသည်။
အောင်မော်လည်း ရွာထဲအမြန်ဝင်လာခဲ့သည်။သူငယ်ချင်းနှစ်ယောက်ကို
တွေ့ချင်လှပြီ။
မိမိမှာ ယခင်ကလို ကလေးစိတ်မဟုတ်တော့သည်ကိုလည်း ပြောပြချင်လှပါပြီ။
အိမ်တစ်အိမ်က အဖွားကြီးတစ်ယောက်က…သူ့ကိုမြင်တော့…
“ဟယ် နင် အောင်မော် မဟုတ်လား”
“ဟုတ်ပါတယ်အဖွားလေး”
ဘယ်တွေရောက်နေတာလဲအေ
ဟိုမှာ သက်ခိုင်တို့စန်းနိုင်တို့က နင့်ကိုတောနင်းရှာနေကြတယ် ရွာသားအတော်များများလဲ လိုက်သွားကြတယ် ပြောစမ်းပါအုန်း ထင်းခုတ်ရာကနေဘယ်တွေရောက်
သွားတာတုန်း “
မေးသည့်သူက မေးနေပေမဲ့
ဦးဘမှန်ရဲ့အမှာစကားကြောင့် ဘာမှမပြောတော့ဘဲ လှည့်ထွက်ခဲ့လိုက်ပါသည်။
“ဟဲ့ ဪဒီကလေးနှယ် မေးတာလဲမဖြေသွားဘူး”
~~~~~~~~~~~~~~~~~~~~~~~~~
အောင်မော်သည် အိမ်ပြန်ရောက်သောအခါ
အပင်များရေလောင်းရင်း
သူခုတ်ထားသည့်ဂျင်လေးသုံးလုံးကိုသွား
ပြန်တွေ့ပါသည်။
“ဪ ငါ ဟိုကောင်လေးတွေဆီပေးဖို့ခုတ်ခဲ့တဲ့ဂျင်တွေပါလား အင်း…သူတို့ခမြာ ငါ့ကြောင့်ငိုယိုသွားကြတာ ပေးစရာရှိတာကို
သွားပေးလိုက်မှပါလေ….နောင်ကိုအရွယ်မတူတဲ့ကလေးတွေနဲ့ ဘယ်တော့မှ မဆော့တော့ဘူး “
ထိုသို့တွေးတောဆုံးဖြတ်ပြီး…
ဂျင်လေးများကို ပုဆိုးခါးပုံနှင့်လိပ်ပြီး
ရွာမကြီးဘက် ထွက်ခဲ့မိပြန်သည်။
ရွာမကြီးထဲဝင်စတွင် ဇရပ်ကြီးတခုရှိသည်။
သူ ရွာထဲဝင်ရန်ပြင်တော့…ဇရပ်ပေါ်မှလူနှစ်ယောက် ဆင်းလာပါသည်။
“ဟေ့ကောင် မင်း ဘယ်လဲ ဒီလမ်းကိုဖြတ်လာတာ ဘာကိစ္စလဲ”
“ကျနော်ဦးမြင့်စိန်အိမ်ဘက်
ခဏလေး သွားမလို့ပါဗျ”
“အောင်မာ မင်းလိုမလောက်လေး မလောက်စား အနုတ်စုတ်ဂုတ်စုတ်ကောင်ကများ ငါတို့သူဌေးနဲ့တွေ့အုန်းမတဲ့
သူဌေးကိုတွေ့ဘို့မဆိုထားနဲ့ ရွာမကြီးထဲကို
တောင် ဝင်ခွင့်မရှိဘူးဆိုတာ မေ့နေတာလားကွ”
“ဟိုလေ ကျနော်ကသူ့သားနှစ်ယောက်ကို
ဒီဂျင်လေးတွေပေးချည်မလို့ပါ”
“ဟျောင့် အပိုတွေပြောမနေနဲ့ မင်းကြောင့်
ငါတို့သူဌေးရဲ့သားအငယ်ကောင် ခြေကျိုးသွားတာ “
“ဗျာ ခြေကျိုးတာကို….ကျနော်သိတောင်မသိပါဘူး”
အောင်မော်ရဲ့စကားကို လူနှစ်ယောက်မှာ
နားမထောင်ပါ။
“ဒီမယ်ကောင်လေး အဲ့ဒီနေ့က မင်းရန်စလိုက်လို့ ကလေးနှစ်ယောက်လုံး ငိုပြီးပြေးကြတော့ လမ်းမှာ မြောင်းကြားထဲကျပြီး ဒဏ်ရာရခဲ့တာလေ အဲ့ဒီကတည်းက
ငါတို့တွေကို ဒီနေရာမှာ ကင်းစောင့်ခိုင်းခဲ့တာပဲ ဘယ်ငမွဲမှ ရွာမကြီးထဲမဝင်ရဘူး”
အသံကြီးတွေက မာထန်နေပြီး
အရက်စော်တွေကလည်း နံစော်လွန်းလှပါသည်။
အောင်မော်ကအတတ်နိုင်ဆုံး လေသံကိုနှိမ့်ပြီးပြောလိုက်သည်။
“မဟုတ်တာပဲဗျာ ဒါက ကျနော်လုပ်တာမှ
မဟုတ်တာပဲ”
ထိုသို့အချေအတင်ပြောနေကြသည်ကို
ကျန်တစ်ယောက်က စိတ်မရှည်ပုံပါ။
“စကားရှည်မနေနဲ့တော့ သက်တင်
ဒီကောင့်ကို မှတ်လောက်သားလောက်အောင် ပညာပေးလိုက်ရအောင်”
“အေး ချကွာ…”
ဖျောက်…!!
“ဟင် ဓားကြီးနဲ့လား မလုပ်ပါနဲ့ဗျ”
အောင်မော်မှာလူကောင်ထွားသော်လည်း
လူပျိုပေါက်အရွယ်ဖြစ်ပြီး ရန်လိုတတ်သူ
မဟုတ်သောအခါ အော်ဟစ်ပြီး တောင်းပန်
ပါသည်။
သူဌေး၏ လူမိုက်နှစ်ယောက်ကား
သူ့စကားကိုနားမထောင်ဘဲ ဓားနှင့်အတင်း လိုက်ထိုးပါလေပြီ။
ဘယ်လိုပင်ရှောင်ရှောင် ကြာတော့
ကျန်တစ်ဦးရဲ့ဖမ်းချုပ်ခြင်းကို ခံလိုက်ရပါပြီ။
“ချုပ်ထားစမ်းသက်တင် ငါလာပြီကွ”
“အေး သိန်းဖေ ချကွာ”
ဇွိ…!!!
“”အား…””
ဓားကိုရှောင်လိုက်ပေမဲ့ နောက်ကချုပ်ထား
သူရှိနေသောအခါ လွတ်အောင်မရှောင်နိုင်ဘဲ အထိုးခံလိုက်ရပါတော့သည်။
သွေးကိုမြင်သောအခါ မျက်လုံးများပြာဝေလာပြီး ဒူးများညွတ်ခွေကျလာကြသည်။
“ဟားဟား ဟား လာချင်အုန်းလေ သူဌေးအိမ်ကို နောက်တစ်ခါကို အသေသတ်ပစ်မှာမင်းကို”
ဓားကို ကျန်လက်တစ်ဖက်နှင့် ဆ,ရင်းပြောနေသူဆီ ဝမ်းဗိုက်ကိုအုပ်ကိုင်ရင်းမှ
ပြူးကြည့်မိပါသည်။
ထိုအခါ ထူးခြားမှုတစ်ခုကို သတိပြုမိလိုက်သည်။
လက်မ။
အရက်သမားတစ်ဦးရဲ့လက်မတစ်ဖက်သည် တုံးတိကြီးပြတ်နေသည်။
အတိတ်ကအရိပ်များသည် တစ်ခဏအတွင်း တဖျတ်ဖျတ်လည်သွားသည့်နောက်…..ဒဏ်ရာကိုတဒင်္ဂမေ့ပျောက်သွားမိတော့သည်။
သွေးကြွေးတောင်းစရာ ကျန်သေးသည်ဘဲ။
အနီးရှိ တုတ်ချွန်ကို ကောက်ကိုင်ပြီး
သူ့ကိုကျောခိုင်းသွားနေကြသော လူကြီးနှစ်ဦးဆီ ပြေးလိုက်ပါလေသည်။
“ကျား…”
ဖောင်း..!!
“အင့်”
အားမာန်သွင်းလိုက်ပြီး တစ်ဦးကိုခြေစုံပစ်ကန်ထည့်လိုက်ရာ ထိုလူမှာ
လွင့်ထွက်သွားပါသည်။
လက်မပြတ်နေသည့်သူကိုတော့
အနားကိုဖျတ်ခနဲ တိုးကပ်သွားပြီး
ညာလက်ကိုလိမ်ချိုးချုပ်ထားလိုက်ကာ
တုတ်ဖြင့် ဦးခေါင်းကိုရိုက်ပစ်လိုက်သည်။
ဖျောင်း!!
“အား…မင်း မင်း”
“ခင်ဗျားကျုပ်ကိုမှတ်မိလား လွန်ခဲ့တဲ့ဆယ်နှစ်လောက်က…ရွာပြင်တနေရာမှာ
မိသားစုတစ်စုကို ခင်ဗျားဓားပြတိုက်ခဲ့တယ် ကျုပ်မိဘတွေကို သတ်ခဲ့တယ်”
” ဟင် မင်း မင်း က…”
“အဲ့တာကျုပ်ပဲ အခုသေပေတော့
ဟိုလူအနားကပ်မလာနဲ့နော် ခင်ဗျားပါ
သေသွားမယ် နားလည်လား”
ပထမအကန်ခံထားရသည့်လူက
သူတို့ဘက်တိုးကပ်လာနေသောကြောင့်
အံကြိတ်ပြီး လှည့်ပြောလိုက်ရာ ထိုလူမှာ
ခြေလှမ်းတုန့်သွားခဲ့ရသည်။
သွေးသံတရဲရဲနှင့် အောင်မော်ရဲ့အသွင်မှာ
ဘီလူးဝင်စီးနေသည်ဟု ထင်မှတ်မိပါသည်။
သူ့ဝမ်းဗိုက်ကဓားဒဏ်ရာကြောင့်
အားနှင့်လှုတ်ရှားလိုက်တိုင်း သွေးများထွက်ကျနေသည်မှာ မြင်မကောင်းတော့ပါ။
ဓားဒဏ်ရာတင်မဟုတ် ပါးစပ်ကပါ
သွေးများထွက်ကျနေပါပြီ။
“ကောင်လေး မင်းလူမှားနေပြီနော်”
“ကျုပ်မမှားဘူး ဟော့ဒီကလက်မအပြတ်ကြီးကို ဘာမှားစရာရှိသလဲ”
” ဒါက ဒါက ကွာ”
“ကဲကွာ”
ဖျောင်း!!!!
တုတ်နှင့်ရိုက်နှက်လိုက်သောကြောင့်
ထိုလူ၏ ချိူစောင်းဆီမှ သွေးများစိီးကျလာကြပြန်သည်။
“အား မလုပ်မလုပ်ပါနဲ့ကွာ ငါကအသက်ကြီးနေပါပြီ နောင်တ,တွေလဲရပါပြီ
ခွင့်လွတ်ပေးပါကွာ နော်….”
အောင်မော်သည် ထိူလူကြီးအားသတ်ပစ်ရန် တုတ်ချွန်နှင့် လည်ပင်းဆီ ချိန်ရွယ်လိုက်ပါသည်။
ထိုအချိန် ဗိုက်ကဓားဒဏ်ရာမှာ
စူးခနဲအောင့်လာသောကြောင့် မျက်စိကိုမှိတ်ပြီး အားယူလိုက်ပါသည်။
မျက်စိခဏအမှိတ်တွင် ရွာပျောက်ကြီးက
ဦးလေးဘမှန်ကို ဖျတ်ခနဲပြေးမြင်ပါသည်။
ထို့အပြင်သူ့ရဲ့စကားသံကိုပါ ကြားလာရသည်။
“ဒါ့ထက်ရှင်းအောင်ပြောရမယ်ဆိုလို့ရှိရင်
ရန်ကိုရန်ချင်း မတုန့်ပြန်နဲ့
ရန်ကိုရန်ခြင်းတုန့်ပြန်နေသမျှ ဘယ်တော့မှပြီးဆုံးတော့မှာမဟုတ်ဘူး သိလားလူလေး”
ထိုစကားသံအား ပြန်ကြားယောင်ဆဲခဏတွင် လက်ထဲတုတ်ကြီးမှာ လက်မှလွတ်ကျသွားခဲ့လေသည်။
ထိုအခွင့်အရေးကြောင့်
ဦးသိန်းဖေမှာလည်း သူ့သူငယ်ချင်းရဲ့တွဲခေါ်မှုနှင့် ထွက်ပြေးနေလေပြီ။
အောင်မော်မှာလည်း
သူတို့နောက်ကို လိုက်သတ်ဖို့မပြောနှင့်။
ကိုယ့်ခန္ဓာကိုယ်ပင်ကိုယ်မနိုင်တော့ဘဲ
လဲကျသွားရပါတော့သည်။
တင်းထားသမျှစိတ်သည်
အသာလေးဖြေလျော့လိုက်သည်နှင့်
ဘုန်းဘုန်းလဲကျသွားတော့သည်။
လူသူကင်းရှင်းနေသောလမ်းမို့ အောင်မော်မှာကယ်တင်သူမရှိဘဲ ငြိမ်သက်သွားပါလေပြီ။
“လူလေး ထထ မျက်စိကို ဖွင့်စမ်း”
ကြင်နာသောအသံကြောင့် အမှောင်ထဲငြိမ်သက်နေမိရာက မျက်စိကိုအားယူပြီး
ဖွင့်ကြည့်မိပါသည်။
တစ်ဝက်သာပွင့်နိုင်သော သူ့အကြည့်ထဲ
ထင်ထင်ရှားရှားကြီး မြင်လိုက်ရတာက…
ရွာပျောက်ကြီးထဲက ဦးကြီး။
ဦးကြီးက သူ့ပါးစပ်ထဲတခုခုခွံ့လာသည်။
စပ်ရှိန်းရှိန်းအရသာက လည်ချောင်းရိုး
တလျှောက် စီးဆင်းသွားကြသည်။
“ဦးကြီး ကျနော်ဒီလူတွေနဲ့မနေချင်တော့ဘူး
ဦးကြီးတို့ဆီလာနေပါရစေတော့”
ဟု ပြောလိုပေမဲ့အသံထွက်မလာပါ။
ဝမ်းဗိုက်မှဒဏ်ရာကလည်း နာလှချည့်။
သူ သေရတော့မည်ထင်ပါသည်။
“ဦးကြီးပြောမယ်နားထောင်လူလေး
လူလေးကလာချင်ပေမဲ့ ဦးကြီးတို့ရွာနဲ့
လူလေးနဲ့ မအပ်စပ်သေးဘူး အခုဦးကြီးကလူလေးကို ကယ်ခွင့်ရတာက လူလေးရဲ့စိတ်ထဲမှာ စိတ်ကောင်းလေး ရှင်သန်လာလို့ပါပဲ
ဟိုးမှာပျပျလေးမြင်နေရတဲ့စေတီတော်ကိုမြင်သလားလူလေး”
ဦးကြီးညွန်ပြရာဆီ အသာစောင်းငဲ့ကြည့်မိပြန်သည်။တောင်ပေါ်တွင် စေတီလေးတစ်ဆူ။
သူ မျက်တောင်သာခတ်ပြလိုက်သည်။
“အေး အဲ့ဒီစေတီအနားမှာ ဘုန်းကြီးတစ်ပါး
ရှိတယ် ဘုန်းကြီးဆီဝတ်ကြီးဝတ်ငယ် ပြုစု
ရင်း သွားနေ အဓိကက ငါးပါးသီလကို
မြဲအောင်ကြိုးစား ဒါဆိုရင်တနေ့နေ့တော့
ရွာပျောက်ကြီးဆီ ရောက်လာရမှာပါပဲ”
ဦးကြီးသည်ထိုမျှသာပြောပြီး သူ့ဆီတစ်ချက်ငုံ့ကြည့်ကာ ကျောခိုင်းသွားလေပြီ။
ခဏသာမှိန်းနေပြီး ထရပ်နိုင်လာသောအခါ
သူမြင်နေရသောခပ်ပျပျတောင်ဆီ
ဦးတည်ပြီး ထွက်လာခဲ့ပါသည်။
~~~±±±±±±±~~~~~~~~~~~~~~~~
~~~~~~±±±±±±±±~~~~~~~~~~~~~
ဆင်ခေါင်းတောင်ရွာငယ်လေးဆီ သက်ခိုင်တို့ပြန်ရောက်လာသောအခါ အဖွားထုရဲ့စကားကြောင့် သူ့အိမ်ကိုပြေးကြည့်ကြပါသည်။
အောင်မော်ကားမရှိ။
အိမ်ထဲတွင် လူပြန်လာသည့်ခြေရာလက်ရာလည်းမမြင်သောအခါ အဖွားထုမှာ မျက်စိမှုန်မှုန်နှင့် အမြင်မှားပြီဟု
ရွာသားအားလုံးက ဆုံးဖြတ်လိုက်ကြပါသည်။
တနေ့တွင် စန်းနိုင်မှာ အောင်မော်ပြန်လာပြီလားဟု သူ့အိမ်လာဝင်ကြည့်ရင်း အရင်အကြောင်းကိုသတိရကာ အောင်မော် ဂျင်ဝှက်ထားသည့်နေရာဆီ သွားကြည့်သည့်အခါ ထူးဆန်းစွာပင် ဂျင်ကလေးများမှာ ရှိမနေတော့ပါ။
တခုခုတော့တခုခုဘဲဟု သိလိုက်ပါပြီ။
အောင်မော်မှာ မသေဘူးဆိုလျှင် မပြောမဆိုနှင့် ဘယ်ဆီရောက်သွားလေသည်လည်း။
တနေ့နေ့ကော ပြန်လာအုန်းလေမလား။
~~~~~~~~~~~~~~~~~~~~~~~~~
ဆည်းလည်းသံလေးများ ပျံ့လွင့်နေသော
တောင်ပေါ်စေတီကျောင်းကလေးရှေ့တွင်
လူရွယ်တစ်ဦးသည် တံမြက်စည်းဖြင့်
အမှိုက်သရိုက်များကို လှည်းကျင်းနေပါသည်။
သူကား ဓားဒဏ်ရာကြီးနှင့် တောင်ပေါ်စေတီကျောင်းကိုရောက်လာသော အောင်မော်ပင်ဖြစ်သည်။
သူသည် ဘုန်းဘုန်းရဲ့ဆုံးမစကားတို့ကို
နာခံမှတ်သားနေပြီး ငါးပါးသီလကိုလည်း
စောင့်ထိန်းတတ်နေလေပြီ။
“ဒကာလေး အောင်မော်”
“ဘုရာ့ တပည့်တော်ကို ဘာများခိုင်းစရာရှိသလဲဘုန်းဘုန်းဘုရာ့”
သူအနားရောက်လာပြီး ခေါ်လိုက်သောဘုန်းဘုန်းကြောင့် တံမြက်စည်းလှဲတာကိုရပ်ပြီး ဘာများမိန့်မလဲဟု နားထောင်နေလိုက်ပါသည်။
“ဘာမှခိုင်းစရာမရှိပါဘူးကွယ်
ဒကာလေးကြည့်ရတာ တောင်အရပ်ကတောအုပ်ထဲကို မကြာမကြာ လှမ်းလှမ်းကြည့်နေသလားလို့ပါ”
“မှန်ပါ တပည့်တော်တွေ့ချင်တဲ့သူ ရှိတာကြောင့်ပါဘုရာ့”
ဘုန်းဘုန်းဦးပညာသည် ထိုတောအုပ်ဘက်
မျက်နာမူလိုက်ပြီး…
မိန့်ကြားလာသည်မှာ.
“သံသရာဆိုတာ ရှည်လျှားလွန်းပါတယ်ဒကာလေး…..ဒီသံသရာထဲမှာ ကျင်လည်ရင်း ကိုယ်မတွေ့ချင်တဲ့သူနဲ့လဲ တွေ့ရမယ်
ကိုယ်ကပြန်တွေ့ချင်နေသူနဲ့လဲ ပြန်ဆုံချင်မှ
ဆုံရမယ် အကြောင်းအကျိုးတိုက်ဆိုင်လာတဲ့တနေ့ကျရင်တော့ သွားနေတဲ့ လမ်းတွေ
တူလာတဲ့တနေ့တော့ ပြန်ဆုံကြအုန်းမှာပါလေ”
ဘုန်းဘုန်းဦးပညာသည် ထိုမျှသာမိန့်ကြားပြီး သူ့အနားမှ ပြန်ထွက်သွားပြန်သည်။
အောင်မော်ကတော့ တံမြက်စည်းလှည်းရင်း တောင်ဘက်တောအုပ်ထဲကနေ ပေါ်ထွက်လာမည့်
ဆင်အော်သံကိုသာ နားစွင့်နေမိပါတော့သည်။
ဘုန်းဘုန်းဦးပညာမိန့်သလို
တနေ့နေ့တော့…….
ပြီးပါပြီ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
ဧကရီ(မနောမြေ)အားလေးစားလျက်