ရန်စွယ်ငြိုးငြိုး

ရန်စွယ်ငြိုးငြိုး
—-
“နာမည်ကြီးလှဆိုတဲ့ ပေါင်ချိန့်ခွေးလည်း သေသွားပါပြီ ဗျား။ မြွေ စွမ်းလှပါပြီဆိုတဲ့ခွေး မြွေကိုက်ခံရပြီး သေတာဘာဆန်းသလဲ လို့”
ညနေပိုင်းဖြစ်၍ ဒေါ်ညိုဝင်း၏ အရက်ဖြူဆိုင်လေးမှာ လူပြည့်နေချိန် စိတ်ဝင်စားဖွယ်သတင်းကို ပိုက်ထွေးမှ အားပါးတရ ဖောက်သည်ချနေခြင်း ဖြစ်သည်။ ဟုတ်၏။ ပေါင်ချိန်၏ခွေးဆိုသည်ကလည်း မြွေ ဖွတ်ဆိုသည်မှာ ရောင်းစားမကုန် အရှာအဖွေစွမ်းလှသော ခွေးကောင်းတစ်ကောင် ဖြစ်သည်။ သူနှင့် အစွမ်းနီးစပ်စေချင်သဖြင့် ရွာမှ ပို့ထားလာကြသော ခွေးသည်ပင် သုံး လေးကောင်ရှိမည်။

ခွေးစွမ်းပုံကလည်း လူမပါဘဲ အလိုအလျောက် တောထဲလိုက်ရှာခါ မြွေ ဖွတ်များကို သခင့်ဆီအရောက် သယ်ယူလာတတ်သောခွေးမျိုး ဖြစ်သည်။ အနံ့ကျသည်နှင့် မရရစေရန် ရှာဖွေပြနိုင်သော ခွေး။ အနံ့ကျပြီးပြီဆိုလျှင် မိုးဆုံးမြေဆုံး လိုက်သောခွေး။ ရေ ငတ်ငတ် အစာငတ်ငတ် လျှာထွက်ထွက် သခင်မပြန်ပါက လှည့်ပြန်ရန် လုံးဝစိတ်မဝင်စားသော ခွေးမျိုးပင်။ ငနီဟု ခေါ်သည်။ ပေါင်ချိန် အလုပ်မအားပါက အရက်တစ်လုံးနှင့် ဖြစ်စေ ဆန်တစ်ပြည်နှင့်ဖြစ်စေ ခွေးကိုငှားသွားတတ်ကြသည်။ သူတို့ခွေးများနှင့် တွဲဖက်လေ့ကျင့် ပေးကြသည်။ အကောင်ရပါကလည်း ဟင်းစား တူတူတန်တန် ပေးခဲ့ကြလေသည်။ ထိုမျှအထိ ပေါင်ချိန်၏ခွေးက ခွေးပန်းလှခဲ့သည်။ တောသမားများအလယ် လက်မထောင်နိုင်ခဲ့သည်။ ယခု ထိုခွေးသေသွားပြီဆိုသောအခါ နှမြောသူက နှမြောကြသလို မနာလိုသူများက ကြိတ်ဝမ်းသာနေကြသည်။ ပေါင်ချိန်မှာ ခြေချိုးထားသလို ဖြစ်သွားပြီမဟုတ်ပါလော။

“နှမြောစရာပဲ ကွ။ ပေါင်ချိန့်ခွေးမျိုးရဖို့ခက်ခဲတယ်။ ဒါနဲ့ ဘယ်လိုဖြစ်တာလဲ”
“နက်သီးက ခွေးကိုခေါ်သွားတာတဲ့ သူ့ခွေးတွေလည်း ပါတယ်။ ဘယ်လိုဖြစ်လာ မသိပါဘူး။ အူယားဖားယား ပြန်ပြေးလာပြီး ခွေးကိုထားသွားတယ် ပြောတာပဲ”
“သြော် မြွေကိုက်ခံခဲ့ရတာပေါ့”
“မဟုတ်ဘူးဗျ။ ခွေးကကိုး နောက်တစ်ခေါက်ပြန်ထွက်သွားတာ တော်တော်နဲ့ပြန်မလာလို့ ပေါင်ချိန်လိုက်ရှာတော့ အုန်းသာမောင်းတို့ ကုန်းကျော်လမ်းကူးလေးမှာ သေနေတော့တာ တဲ့”
“ဟေ့”
အုန်းသာကျော့မှာ ပိုက်ထွေးပြောစကားကြောင့် စဉ်းစားစရာ ဖြစ်ကျန်ခဲ့သည်။ နက်သီးနှင့် လိုက်သွားသည်။ နက်သီးပြေးသွားသော်လည်း ခွေးက နောက်တစ်ခေါက်ပြန်သွားခဲ့သည်။ ထိုသို့ဆိုလျှင် နက်သီးကြောက်၍ပြေးသည်မှာ မြွေဆိုးတစ်ကောင် ဖြစ်နေမည်သာ။ မြွေဆိုလျှင် အရအမိ တိုက်ခိုက်ဖမ်းဆီးနိုင်သော ခွေးငနီသည် နောက်တစ်ခေါက် ပြန်သွားခဲ့ပေလိမ့်မည်။ သို့သော် ကံမကောင်းရှာဘဲ မြွေကိုက်ခံရခါ သေဆုံးခဲ့သည်။ မည်သို့ မြွေမျိုးပေနည်း။

တောကြီးမြွေဟောက်လား လင်းနက်လား ငန်းမျိုးတွေထဲက တစ်ကောင်ကောင်များလား။ သည်တောတွေမှာ ငန်းမျိုးစိပ်တွေ ကြီးစိုးသည်။ သို့သော် ဟင်းစားအဖြစ် ခွေးငနီသည် စွမ်းနိုင်ခဲ့သည်ချည်းသာ။ ယခု မည်သို့ ဖြစ်ရသနည်း။ ငန်းမြွေ ငန်းစောင်း ငန်းပုပ် ငန်းပုပ်သန့် ငန်းတော်ကြား အစရှိသဖြင့် ငန်းမြွေအမျိုးပေါင်းများစွာ ရှိသည်။ ထိုအထဲကမှ ငန်းတော်ကြားကိုသာ မြွေတကာ့အကြော်ဇေယျဟု သတ်မှတ်ထားသည်။ သို့သော်လည်း ကျန်သောငန်းမျိုးစိပ်များသည်လည်း ကြောက်စရာကောင်းသည်ပင်။ ငန်းပုပ်သန့် တစ်ကောင်သာ လူကိုတွေ့က ရှောင်ကွင်းကြသည်။ ငန်းပုပ်သန့်သည်လည်း အနက်ပုပ်အရောင်သာ ဖြစ်သည်။ အရွယ်အပိုင်းအခြားအလိုက် အဖြူဖျော့ရောင်ကြေးကွင်းလိုက်သည်။ ငန်းပုပ်ကမူ အရွယ်ရင့်လာသည်နှင့် ကြေးဝါရောင်အကွင်းလိုက်သည်။ ထိုနှစ်ကောင်သည် မြင်လိုက်ပါက အတူတူဟုထင်ရသည်။ သို့သော် ငန်းပုပ်သန့်က အန္တရယ်မပြုသော်လည်း ငန်းပုပ်ကမူ အငြိုးကြီးသော ငန်းမျိုးတွေထဲမှာ ပါသည်။ အထူးသဖြင့် ဥ ပေါက်ခါနီးအချိန်များ၌ ဖြစ်လေသည်။

အလွန်ရန်လိုပြီး သူ့အနားသစ်ကိုင်းကျိုးကျလျှင် သစ်ကိုင်းကို ချိုးချေပစ်ပြီး သတ္တဝါတစ်ကောင်ကောင် ဖြတ်သွားသည်သော်မှ လိုက်လံသတ်ဖြတ်တတ်သော မြွေမျိုးဖြစ်လေသည်။ ကြောက်စရာကောင်းသလို ခွန်အားလည်းကြီးသည်။ ခွေးတစ်ကောင်ကို ဆွဲယူသွားပြီး သေနေပါစေ အမောပြေတိုင်း ထပေါက်နေသော အကောင်မျိုးဖြစ်လေသည်။ ထို့ကြောင့် အုန်းသာကျော့က ခွေးငနီကို ရန်ပြုတိုက်ခိုက်လွှတ်လိုက်သောမြွေဆိုးမှာ ငန်းပုပ်သာဖြစ်လိမ့်မည်ဟု ထင်နေသည်။
“ငါ့အထင်တော့ ဒါ ငန်းပုပ်ပဲဖြစ်မယ်။ ဒီမြွေက အန္တရယ်များလွန်းတော့ ရှေးကဆို သူရှိတတ်တဲ့နေရာက ဖြတ်သွားရမယ်ဆို ကြက်တစ်ကောင်ယူသွားရတယ်။ ပစ်ချထားပေးခဲ့ရတယ်လေ”
“သြော် အခု အုန်းသာကျော့ပြောမှ တောလည်တောင် မသွားရဲတော့ဘူး။”
“ဒါက မှန်းခြေပါ။ ဘယ်သူအတတ်ပြောနိုင်မလဲ။ နက်သီးဆိုရင်တော့ ပြောနိုင်မှာ ကွ”
“ဟုတ်သားပဲ ဒီကောင်လာနေကျပါ ဒီနေ့ ဘာဖြစ်နေပါလိမ့်”

“ဟော ပြောရင်းဆိုရင်းပါ ဗျား”
အဟုတ်ပါ။ နက်သီးတစ်ယောက် ခေါင်းငိုက်စိုက်ချလျက် ဆိုင်သို့ ရောက်ရှိလာပါပြီ။ ဒေါ်ညိုဝင်းဆိုင်က ရွာအထွက် ကံထူးဘက်သွားရာ လမ်းမဘေး ကုက္ကိုလ်ပင်ကြီးအောက်မှာ ဖြစ်သည်။ နေရာမှာမူ အကွက်အကွင်း ကျလှလေသည်။ ထို့ကြောင့် အခြားရွာမှ လမ်းသွားလမ်းလာများကလည်း အရက်တည်းလိုလျှင် ဝင်တည်းသွားကြသည်။ လူစုံလေသည်။ သတင်းစုံလေသည်။
“လာပါဦး နက်သီး ဘယ်လိုဖြစ်ရတာလဲ ကွ။ မင်းကလည်း ခွေးကောင်းတစ်ကောင် ပါတာတောင် ပြန်ပြေးခဲ့ရသလား ကွာ”
“ဟုတ်တယ် အုန်းသာကျော့ အမှန်က ငနီးတော်ရှာပါတယ်။ ကျွန်တော်ကအကြောက်လွန်တာ ”
ကဲ လုပ်ပါဦးဟ စိတ်ဝင်စားလို့ပါ”

ကိုဆန်းဝင်းက အရက်ခွက်ကို နက်သီးရှေ့ချပေးရင်း တောင်းဆိုသည်။ အဖြစ်အပျက်ကလည်း ခွေးကောင်းတစ်ကောင်နှင့် သက်ဆိုင်နေရာ စိတ်ဝင်စားကြသည်မှာ မဆန်း။ လူက အရက်တစ်ခွက်ဝင်မှ လန်းလန်းဆန်းဆန်း ဖြစ်လာသည်။ စကားစကို ဆက်သည်။
“ငနီက စတွေ့တာပါပဲ။ ဝါးချုံဘေးက ပွေးကောကျင်းကို စတူတာဗျ။ အနံ့ကျလို့ နေမှာပေါ့။ ဖြစ်ပြီးသားခွေးဆိုတော့ သိပ်ပြီး အမှတ်မထားမိဘူး။ ရိပ်ခနဲ မဲမဲရှည်ရှည် ဦးခေါင်းထုတ်ပြီးပေါက်လိုက်မှ မြွေဆိုတာသတိထားမိတယ်။ တော်သေးတာပေါ့ ငနီမလို့ နောက်ကိုခုန်ဆုတ်လိုက်တာ လွတ်သွားတယ်။ အနက်ပုပ်ကို ခွင်းဆက်က ကြေးဝါရောင်ကြီး မျက်လုံးတွေက သိန်းထက်တောင်ရဲဦးမယ် ထင်တယ်။ ဒီကောင်ကြီးက မြန်လည်းမြန်တယ်။

ကျင်းထဲက အမြီးလည်းလွတ်ရော ထောက်ပြီး ငနီကို မိုးပြီးပေါက်တာ ငနီတောင် ရှောင်ရတာ ခွေလိမ်နေတာပဲ။ တ ကိန် ကိန်လည်းအော်တယ်။ မြွေနဲ့ခွေးနဲ့ အခွင့်အရေး တပြန်တလည်း မရှိဘူး။ မြွေကြီးကချည်းပဲ လှိမ့်ပေါက်လှိမ့်လိုက်တာဗျ။ ပါးပျဉ်းလည်းချလိုက်ရော ငနီလည်းပြေးတာပဲ။ ဒါပေမဲ့ ကြောက်လို့ပြေးတာ မဟုတ်ဘူး။ ပတ်ပြေးနေတာ တ ကိန် ကိန် နဲ့ သခင်ကိုခေါ်တယ်။ ကျွန်တော်က သစ်ပင်ပေါ်ရောက်နေပြီ။ ကျန်တဲ့ခွေးတွေက အမြီးတောင်မမြင်ရတော့ဘူး။ ခွေးဟောင်သံတွေတော့ ကြားနေရသေးတယ်။ ဒါနဲ့ ဘတ်ခွနဲ့ အပင်ပေါ်ကနေ ချိန်ပစ်တယ်။ အောက်ကို မဆင်းရဲဘူး လေ။ ငနီလည်း ကျွန်တော့်ကိုအားကိုးမရမှန်း သိသွားပုံပေါ်တယ်။ အတော်ဝေးဝေးထိ ဆုတ်ပြေးတယ်။ မြွေကြီးကလည်း လိုက်သွားတယ်။ တရွှီးရွှီးနဲ့ ဒေါသအရမ်းထွက်နေပုံပဲ။ အဲ့ဒီအချိန် အပင်အောက်ဆင်းပြီး ကျွန်တော်လည်း ဖြတ်လမ်းကသုတ်ခြေတင်ခဲ့တာ။ ပေါင်ချိန်တဲနား ရောက်ခါနီးမှ ယောင်ချာချာဖြစ်နေတဲ့ ငနီကိုပြန်တွေ့တယ်။ ပေါင်ချိန်ကို ရှာနေတာဖြစ်မယ်။ တိုက်ပွဲကမပြီးသေးဘူးလေ။ ဒါနဲ့ ကျွန်တော်လည်း အစ်မစုကြည်ကို ခွေးထားခဲ့မယ်ဆိုပြီး တစ်ခါတည်းလစ်ခဲ့တာ ရွာအရောက်ပေါ့ ဗျာ။ အခုထိ အကြောက်မပြေသေးဘူး။ အဲ့ဒီမြွေကြီးက ကျွန်တော့်နောက် လိုက်လာနိုင်တယ်လေ”

“မလိုက်ပါဘူးကွာ သူ့အသိုက်ကို စိတ်မချတာနဲ့ ဝေးဝေးလာမှာ မဟုတ်ပါဘူး။ ဒါဆို ခွေးငနီက ပေါင်ချိန်ကိုလည်းမတွေ့ဆိုတော့ တစ်ကောင်တည်း အရဲစွန့်တိုက်ပွဲဝင်ရာက အသက်အသေခံသွားရတာပဲ ကိုး”
“ဒါပေါ့ဗျာ ဘယ်မြွေမဆို အသာစီးရခဲ့တဲ့ခွေးပဲ သူ့ကိုယ်သူ ယုံကြည်ချက်ရှိနေမှာပေါ့”
“အေးကွာ ပေါင်ချိန်သာရှိနေခဲ့ရင် ငနီလည်း သေချင်မှသေမှာ”
နက်သီးကမူ ခေါင်းငုံ့နေရှာသည်။ သူ့အပြစ်မကင်းဟု ခံစားနေရမှာ အမှန်။ သို့သော်လည်း အန္တရယ်များလှသော သတ်ကွင်းကို ရှောင်ရှားခဲ့ခြင်းမှာလည်း မှန်ကန်သည်ဟု အုန်းသာကျော့ထင်သည်။ ကြောက်တတ်က ရန်ကင်းသည်မဟုတ်လော။
အရက်ဝိုင်းလေးပင် တိတ်ဆိတ်၍နေသည်။ ကိုယ့်အတွေးနှင့်ကိုယ် ငြိမ်သက်ခါနေကြသည်။ ပေါင်ချိန်သည်ရော သူ့ခွေးငနီအတွက် လက်စားပြန်မချေဘူးဟု ပြောနိုင်ပါမည်လော။ မြားတံနှင့် လေးသည်တွဲလျက်။ သေနတ်နှင့်ကျည်ဆံသည်တွဲလျက်။ မုဆိုးနှင့်ခွေးသည် မခွဲတွဲလျက်နေခဲ့ကြသူများ ဖြစ်သည်။ တစ်ခုမရှိလျှင် တစ်ခုက အဓိပ္ပါယ်မဲ့သွားသည်။

အုန်းသာကျော့ သူ့နွားပေါက်နှစ်ကောင်ကို တံပိုးလုံးတင်ပြီး သဲအိတ်ချည်ခါ ကျင့်နေသည်။ နွားတွေက တံပိုးမထည့်ဖူး၍ လူအကပ်မခံ။ အကပ်မခံလေ အုန်းသာကျော့က ရေအငတ်ထားသည်။ အစာအငတ်ထားသည်။ ညနေစောင်းလာမှ လူက မြက်စိုပြလျှင် အခွံမာအကြည့်တွေ လျှော့ချပြီး ပွတ်သပ်ခံလာသည်။ သည်လို တစ်ပတ်ခန့်ကျင့်ပြီးမှ တံပိုးကျပြီးသား ဘို့တင်နွားကြီးများနှင့် ဖက်သုံးရမည် ဖြစ်သည်။ သည်နှစ်မရပါစေ နောက်နှစ်တံပိုးအတင်ခံလျှင် တော်ပြီ။
“အုန်းသာကျော့ပါလား ဆိုင်မလိုက်ဘူးလား လို့”
“အေး ဝိုင်တည်သူရှိ လိုက်မှာကား”
“ပါတယ် ဒီမှာ”
“ဟ ပေါင်ချိန်ပါလား ဝက်ပုပ်မှာမဟုတ်ဘူးလား”
“သူ့မိန်းမစုကြည်ရောပါတယ် ဒီညရွာမှာအိပ်မှာ တဲ့”
ကိုမူးက ကြားဝင်ဖြေရင်း ရပ်စောင့်နေကြသည်။ ကောက်ရိုးစင်အောက် နွားတွေချည်ခဲ့ပြီး လိုက်ခဲ့ဖြစ်သည်။ အကြိုက်လှကြီးမဟုတ်ပါ။ လူစုံ သတင်းစုံ ကြားရတတ်သော အရက်ဝိုင်းလေးကို ထမင်းစားကောင်းရုံသောက်ရင်း ရောက်ဖြစ်သည်။ အုန်းသာကျော့မှာ သမီးသုံးယောက် မွေးထားသည်။ နှစ်ယောက်က အိမ်ထောင်ခွဲတွေ။

သျောင်နောက်ဆံထုံးပါကုန်သည်။ နောက်ဆုံး သမီးထွေးကိုဖြင့် မှာထားရသည်။ အိမ်အပါနေနိုင်မှ ယူရမည်ဟူ၍ ။ ဟုတ်သည်။ အားကိုးအားထား သားယောက်ျားရှိသည်မဟုတ်။ သမက်ကိုပင် အားကိုးရမည်။ အသက်အရွယ် ရလာသဖြင့် နွားနှင့်တုမရုန်းနိုင်ပြီ။
ဒေါ်ညိုဝင်းဆိုင်မှာ လူရှင်းနေဆဲ။ သူတို့ကစောရောက်ခဲ့ခြင်း ဖြစ်သည်။ သုံးယောက်သား ဝိုင်းတည်လိုက်သည်။ အမြည်းအဖြစ် အမဲခြောက်ဖုတ် မှာလိုက်ရသည်။
“ပေါင်ချိန် မင်းခွေးမြွေပေါက်ခံရတာ ဘယ်နေရာလဲ”
“နှာယောင် တည့်တည့်မှာဗျ”
“ဟေ့”
“ဒါဆို ရှေ့တည့်တည့်ကပေါ့”
“အင်း ဟုတ်မယ် ကျုပ်သွားကြည့်တော့ သေနေပါပြီ။ ဒါပေမဲ့ ရုန်းရင်းဆန်ခတ် လုံးထွေးထားတာမျိုး မတွေ့ဘူး။ နက်သီးကိုမေးပြီး ရှိတဲ့ခွေးလေးနဲ့ သွားခဲ့သေးတယ်။ အဲ့ဒီဝါးချုံဘေးမှာ မရှိတော့ဘူး။ နေရာပြောင်းသွားပုံပဲ။ လက်မလျှော့ချင်သေးဘူး။ ဒီကောင်ကို ရင်ဆိုင်တိုက်ပစ်ချင်နေတယ်”
“အေးပေါ့ကွာ ရှိတဲ့ခွေးနဲ့ ဖြစ်ပါ့မလား”
“ရဲတဲ့ခွေး သုံးကောင်လောက်ဆိုဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ညအိပ်လာတာလေ။ နန်းမောင်ခွေး သာပုခွေး အဲဖားခွေးသုံးကောင်ဆို ဒီကောင်ဘယ်ခံနိုင်လိမ့်မလဲ။ ငနီက ပြန်တိုက်ခိုက်ချိန် မရှိခဲ့တာ ထင်တယ်”
“မင်းကဘယ်လိုထင်လို့လဲ”

“ငနီက အုန်းသာမောင်းကုန်းအတက်မှာတင် လဲနေတာဗျ။ ဒိ့ပြင် လှုပ်ရှားရုန်းကန်ခဲ့တာတွေ ခြေရာပျက်တာတွေ ဘာမှမရှိဘူး။ ကျုပ်သေချာ လေ့လာခဲ့ပြီးပြီ။ ဒီကောင်ကြီးကလည်း လိုက်အလာ ငနီကလည်း ကုန်းအတက် သူကဦးသွားခဲ့ပုံ ပေါ်တယ်”
ပေါင်ချိန်မှာ မျက်ရည်ပင် ဝဲသွားရှာသည်။ ခွေးငနီကို အလွန်နှမြောနေသည့်ပုံပင်။ ဟုတ်ပေမည်။ လူ လူ ခွေး ခွေး သံယောဇဉ်ဆိုသည်မှာ ကြောက်စရာကောင်းသည်။ ငြိတွယ်မိပါက အတ္တမီး သောကမီး ပရိဒေဝမီးတွေ ဟုန်းဟုန်းတောက်ကြရသည်သာ။
“ကဲ တစ်ခွက်ချဦးကွာ”
ကိုမူးက အရက်ခွက်ချပေးသည်။ ပေါင်ချိန်ကမူ မျက်ရည်တွေကြားမှာ အရက်ခွက်ပျောက်နေသည့်နှယ်။
“ဒါနဲ့ ခြေရာခံမိသလား”
“ဒီနေ့နေ့လယ်ကပဲ နန်းသီရိုးက မုဆိုးကျောက်ကုန်းခွေး မြွေကိုက်ခံရပြီး သေတယ်။ ကျောက်တလုံးဘက်ကတဲ့။”
“ဟ ဒါဆို ဒီကောင်ကြီးနေမှာ”
“အခုထိ အသိုက်ရွှေ့မပြီးသေးဘူး နေမှာ ရှာရမခက်ပါဘူး”
“အေး သတိလေးကပ် အမှတ်လေးထားပေါ့ ကွာ”
ပေါင်ချိန်က စဉ်းစားနေဟန်ဖြင့် ငြိမ်သက်နေရာမှ ပြောသည်။
“အုန်းသာကျော့ လိုက်ခဲ့ပါလား။ နန်းမောင်လည်းလိုက်မှာ လူ အင်အားများတော့ ရှာရတာလွယ်ကူတာပေါ့”

“အေး နွားတွေကတော့ တံပိုးတင်ထားခဲ့ရပါတယ်။ လိုက်ခဲ့မယ်ကွာ ငါလည်း ခွေးကောင်းတွေကို သတ်နိုင်တဲ့ ဒီကောင်ကြီးကို စိတ်ဝင်စားတယ်”
အုန်းသာကျော့ ဆုံးဖြတ်လိုက်သည်။ အသက်အရွယ် ရနေပြီဖြစ်သော်လည်း သည်ပွဲမျိုးက မြင်ရခဲသည်။ တစ်ဖက်ကလည်း သူ့အသွေးအသားအတွက် ရန်လို တိုက်ခိုက်ချင်နေသူ။ တစ်ဖက်ကလည်း သူ့ခွေးအတွက် သွေးကြွေးဆပ်ရန် ဆန္ဒပြင်းပြနေသော မုဆိုး။ အမှန်ကမူ မုဆိုး မုဆိုးချင်း။ သားကောင် သားကောင်ချင်း အပြိုင်ကြဲကြမည့်ပွဲ။ မည်သူက သားကောင် မည်သူကမုဆိုးဆိုသည်မှာ တိုက်ပွဲပြီးမှ သိရပေလိမ့်မည်။ သားကောင်ဟုထင်နေရသူက မုဆိုးလား။ မုဆိုးဟုထင်နေရသူက သားကောင်ဖြစ်သွားမလား ဆိုသည်ကမူ အလွန်စိတ်ဝင်စားဖွယ် ကောင်းနေသည်။

နောက်ထပ်လူများ ထပ်ရောက်လာလျှင် တစ်ခွက်တစ်ခွက်နှင့် များသွားမည်ကို သိနေသော အုန်းသာကျော့ အသာလစ်လစ်ထွက်ခဲ့ရလေသည်။
မိုးရွာလျှင်ရွာ မရွာလျှင်လည်း အုံ့ပြက်ပြက်နှင့် လေငြိမ်နေပြီး အိုက်စပ်ပူလောင်သော အချိန်ခါသမယ ဖြစ်သည်။ ထိုအခါ ညနေ့စောင်း မှောင်ရီအပျိုးဆို လေညင်းခံကြရသည်။ လူတွေတင်မဟုတ် တိရိစ္ဆာန်များသည်လည်း အတူတူပင် ဖြစ်သည်။ အဓိကအားဖြင့် မြွေ။ ထိုအချိန်တွေတွင် မြေပြင်မှာ ရှိမနေတတ်။ လူ့လက်တစ်ဖောင်ခန့် အမြင့်ရှိသော အပင်များထက် ရောက်နေကြသည်။ ချုံများထက် ရောက်နေကြသည်။ ထိုချုံပေါ်မှ လေညင်းခံသည်။ ပေါင်ချိန်က အမြဲတမ်း မြွေလိုက်စားနေသော သူ။ သည်ကောင်တွေ အလေ့အထကို သိပြီးသား။ ထို့ကြောင့်လည်း အုန်းသာကျော့ နန်းမောင်နှင့် ခွေးငါးကောင်ပါဝင်သော မြွေလိုက်သမားတစ်စု နန်းသင်္ချိုင်းသို့ ရောက်ရှိလာခြင်း ဖြစ်သည်။ နေ့လယ်ပိုင်းကပင် ကိုကျော်စွာ၏ခွေးနှစ်ကောင် နန်းသင်္ချိုင်းမှာ သေသွားခဲ့ရသည်။ သခင်နှင့်ကွဲသွားပြီး ကိန်ကိန်သံကြား၍ သွားကြည့်သောအခါ ခွေးနှစ်ကောင်မှာ အမြုပ်တစီစီနှင့် သေနေပြီဖြစ်လေသည်။ တိုက်ပွဲဆင်ထားရပုံပင်မရဘဲ အထိတ်တလန့် ဖြစ်သွားခဲ့ရုံ ခြေရာအနည်းငယ်သာ တွေ့ခဲ့ရလေသည်။

အမဲလိုက်ခွေးကောင်းများအား တမင်ပင် သတ်ဖြတ်နေသည့်နှယ် ဖြစ်သည်။
ထိုသတင်းကိုကြား၍ ပေါင်ချိန်က အချိန်ကိုနောက်ဆုတ်ခဲ့ခြင်း ဖြစ်သည်။ သည်ကောင်ကြီး ပုန်းအောင်းနေလိမ့်မည် ဖြစ်သည်။ သို့သော် အလင်းအားဖျော့သည်နှင့် လေညင်းခံရန် ထွက်လာရမည် ူသာ။ ပူအိုက်ခြင်းသည် မြွေတို့အားအပြင်ကို ထွက်လာစေသည်။ ချောင်းသဲနု သစ်ပင် ချုံ ကမ်းပါးစောင်း တောင်ထန်းပင်အလက်တို့၌ လေညင်းခံတတ်ကြသည်။ နန်းသင်္ချိုင်းမှာ ကျယ်ပြောလှသော ပဲကပြက်တောကြီး ရှိသည်။ ပဲကပြက်ပင်သည် ယာပဲသီးနှင့် ဆင်သည်။ သို့သော် ရှည်ရှည်ချွန်းချွန်းလေးများ ဖြစ်သည်။ နေပူပါက အသီးတောင့်မှာ ထက်ခြမ်းကွဲသွားသည်။ အပင်ကလည်း ရိုးတံချည်းဖြစ်သည်။ ပဲကပြက်ပင်များပေါ်တွင် သမုန်းနွယ်ပင်များ အုပ်စိုးထားကြသည်။ ထို့ကြောင့် ချုံနွယ်ပိတ်ပေါင်း ထူထပ်သည်။ ကိုကျော်စွာခွေးသာ နန်းသင်္ချိုင်းမှာ သေရိုးမှန်ပါမူ မုချ ထိုပဲကပြက်တော ချုံကြီးများအတွင်း ရှိရပေလိမ့်မည်။ နေဝင်ရီတရောတွင် လေညင်းခံပေလိမ့်မည်။ ထိုအချက်ကိုပင် တွက်ဆပြီး ပေါင်ချိန်တို့ အချိန်ကိုက် ရောက်ရှိလာကြခြင်းပင် ဖြစ်လေသည်။

“ဒီကောင်ကြီးမှာ အသိုက်ရှိတာ ဟုတ်ပါ့မလား”
“မဖြစ်နိုင်ဘူး နက်သီးသွားတဲ့နေရာနဲ့ မကွာဘူး ငန်းပုပ်အထီးတစ်ကောင်ရဖူးတယ်။ သိပ်မကြာသေးတော့ အဲဒါနဲ့များ ဆက်စပ်နေမလားလို့”
“အများကြီးဖြစ်နိုင်တယ်”
အုန်းသာကျော့သည် ပေါင်ချိန်ကို အထင်မသေးဝံ့ပါ။ သူတို့ထက် မြွေလိုက်သော အတွေ့အကြုံ အများကြီးသာသည်။ ခွေးကောင်းလည်း မွေးသည်။ သည်အလုပ်နှင့် အသက်မွေးသည်ကိုး။
ပေါင်ချိန်ပြောသလိုပင် သည်မြွေကြီးသည် သူ့အဖော်အတွက် လက်စားလိုက်ချေနေခြင်းလော။ ထိုသို့ဆိုလျှင်ဖြင့် ယခင်ကအတွေးထက် ကြောက်စရာကောင်းသွားပြီဟု တွေးမိကြသည်။ သူကလည်း မီးကုန်ယမ်းကုန် ကိုယ်ကလည်း မီးကုန်ယမ်းကုန် ပြန်တိုက်စစ်ဆင်မှသာ ထိုအကောင်ကြီးအား အနိုင်ရပေလိမ့်မည်။
ပဲကပြက်တောကြီးသည် အောက်ခြေက အရိုးအပြိုင်းပြိုင်းထနေငြား အပေါ်၌မူ သမုန်းနွယ်ပင်များက ဖုံးအုပ်စိမ်းစိုနေပြန်သဖြင့် ပိဘိတောကြီးပမာ ရှိသည်။ အလင်းအားသည် လျော့နည်းလွန်းလှပြီ။ မကြာမီ မှောင်ပေတော့မည်။

“ဟေး အွိုင်း အွိုင်း”
ခွေးအုပ်ကိုမောင်းသွင်းလိုက်သည်။ မြွေရေခွံကို အနံ့ပြထားပြီး၍ ခွေးများမှာ ပဲကပြက်တောကိုပတ်ခါ လျှာတဟဲဟဲထုတ်လျက် ပတ်မွှေနေကြသည်။
“ဝု အု ကိန် ဂိန်”
“ဝု အု အု”
“ဝုတ် ဝုတ် ဂါး ဂီး”
ခွေးတစ်ကောင်၏ စူးစူးဝါးဝါး အော်သံ။ ပြီးနောက် တအီအီ အသံကြားရသည်။ ခွေးတွေဝိုင်းဟောင်ကြပြီ။ မာန်ဖီသံပေးနေကြပြီ။ ပေါင်ချိန်၏တွက်ဆမှု မှန်ကန်ပါသည်။ မြွေကြီးမှာ ပဲကပြက်တောတွင် ရှိနေခဲ့သည်။ သမုန်းနွယ်ပင်များထက် လေညင်းခံနေခဲ့သည်။ ခွေးအုပ်ဝင်လာသည်ကိုမြင်လျှင် ချက်ကောင်းကိုစောင့်ခါ အပီအပြင် တိုက်ခိုက်လိုက်ခြင်းပင် ဖြစ်သည်။ နန်းမောင်၏ခွေးတစ်ကောင် ကျဆုံးသွားခဲ့ပြီ။ အမှောင်ကိုလည်း ရောက်ရှိလာခဲ့ပြီ။ သုံးယောက်လုံးပြိုင်တူ အယ်ဗာဒီဓာတ်မီးတွေကို မြွေကြီးရှိရာ ထိုးလိုက်ကြသည်။ မြွေကြီးသည် အကင်းပါးသည်။ တောလိုက်ခွေးကောင်းများကို ခွေးများတစ်ခုန်စာအမြင့်မှ အောင်မြင့်စွာ ပေါက်သတ်နိုင်ခဲ့ခြင်းအား အုန်းသာကျော့သဘောပေါက်သွားသည်။
လုံးပတ် လူကြီးခြေသလုံးခန့်နှင့် ပါးပျဉ်းခံဝံ့ကြွားနေသည်မှာ တိုက်ပန်းကန်ပြားနီးနီး ရှိလေသည်။ နေ့ခင်းမှာပင် ကြက်တွေ ခွေးပေါက် ဝက်ပေါက် ဝင်ဆွဲတတ်သော အကောင်အရိုင်းအစိုင်းမျိုး။

“ဓာတ်မီးမပြတ်ထိုးထား ဒါမှ ဒီကောင်ကြီးခွေးတွေကို ထင်တိုင်းလုပ်မရမှာ”
ခွေးတွေကလည်း ရဲလှသည်။ အဲဖားခွေးဆိုလျှင် ပတ်ပတ်လည် ပတ်ပြေးနေပြီး မြွေကြီးကိုချုံပေါ်မှ ခုန်ခုန်ခါဆွဲချနေသည်။ ကျန်ခွေးသုံးကောင်ကလည်း အဲဖားခွေးကရဲနေ၍ သူတို့လည်း ပတ်ချာလည်ထိုးဟောင်လျက် ရှိသည်။ မည်သည့်ခွေးကို ဦးတည်ရမှန်း မသိ မြွေကြီး ပါးပျဉ်းကိုသာ မချဘဲကာထားသည်။ သူက အမြင့်ပေါ်မှာ ခွေးတွေကအောက်မှာ။ သို့သော် သူတို့သခင် လူသားတွေပါသေးသည်။ မည်သည့်နည်းနှင့်မဆို သည်နေရာမှ လွတ်မြောက်စေရန် ရုန်းရမည်ကို မြွေကြီးသိနေသည်။ အောက်သို့ ဆင်းနိုင်ရန် ကြိုးစားနေသည်။ ခွေးတွေကလည်း အတင်းဝင်ဆွဲနေသည်။ ဆင်း၍ကမရ။
ဓာတ်မီးထိုးထား မျက်လုံးကိုပဲ ထိုး။ ဆက်တိုက်လိုက်ထိုးထား အလွတ်မပေးနဲ့ မီးရောင်ပိတ်တာနဲ့ ဒီကောင်ကြီးဆင်းပြေးမှာ”
ပေါင်ချိန်က အုန်းသာကျော့တို့ကို သတိပေးပြီး သူက အနားကပ်သွားသည်။ ဘတ်ခွနှင့်ပစ်သည်။ သို့သော် ဘတ်စာသံတွေသာ တဝှီးဝှီးကြားနေရသည် မမှန်။ မြွေကြီး၏ပါးပျဉ်းက ဟိုသည်ယိမ်းနွဲ့နေသည်။ တစ်ချက် နန်းမောင်အမှုမဲ့အမှတ်မဲ့ ဓာတ်မီးကိုအမှတ်မထား မေ့လျော့စဉ် လျောခနဲမြွေကြီးက ချုံအောက်ထိုးဆင်းသွားတော့သည်။

“ဟ လုပ်ပါဦး ပေါင်ချိန်ရ ခွေးတွေကိုလိုက်ပေါက်တော့မယ်”
ပွဲကြီးပွဲကောင်းကား စချေပြီ။ ပေါင်ချိန်တစ်ယောက် အသင့်ရှာလာသော တမလန်း ကိုင်းသားအစိုနှင့် လက်ရဲဇက်ရဲ အတင်းဝင်ရိုက်သည်။
“ကိန် ဂိန်”
သွားပြီ ခွေးတစ်ကောင် ထိသွားပြန်ပြီ။ နောက်တစ်ကောင်ကို အတင်းဝင်အလုံး ခွေးတွေကလည်း ကြောက်၍ခုန်ရှောင်သည်။ ပေါင်ချိန်ကလည်း ဆက်တိုက်ဆက်တိုက် တဖုန်းဖုန်း ရိုက်သည်။ သို့သော် ချုံတွေကြားမှာ မထိရောက်။ အုန်းသာကျော့ သူပါဝင်ရမည်ကို သဘောပေါက်သည်။ သူလည်း အောက်ခြေရှင်းရာဘက်မှ အပိုင်ရိုက်နိုင်ရန် စောင့်သည်။ ပါးပျဉ်းထောင်နေပြန်ပြီ။ သည်တစ်ခါ အပိုင်ပစ်ခတ်နိုင်မှ ရမည်။ သို့မဟုတ်ပါက ချုံနွယ်တွေအကြား ပါးပျဉ်းချပြီး ပြေးပြီဆိုလျှင် သတ်နိုင်တော့မည် မဟုတ်။

“ဝှီး ဖတ်”
မြွေကြီးကား အကင်းပါးလှသည်။ ပါးပျဉ်းကိုချပြီး နောက်ဘက်မှ အမြီးကိုဝိုင်းဆွဲနေသော ခွေးအုပ်ဆီလှည့်လိုက်ခါ ပေါက်ချလိုက်ပြန်သည်။ ဟာ သွားပြန်ပြီတစ်ကောင်။ သာပုခွေး ဖြစ်သည်။ ယခုအခါ အဲဖားခွေးတစ်ကောင်သာ ကျန်သည်။ ကျန်ခွေးနှစ်ကောင်က ဖင်သီကာ တရွတ်တိုက်ပြေးပြီ။ ပေါင်ချိန်ကလည်း ဖြစ်ချင်ရာဖြစ် ချုံတွေကြားထဲ အတင်းဝင်ရိုက်တော့သည်။ ထိုအခါကျမှ မြွေကြီးကလည်း ပေါင်းရှင်းသော အုန်းသာကျော့ဘက်မှ ခေါင်းတည်ခါ ပြေးထွက်သည်။
“ဝှီး ဖုန်း ဖုန်း”
ရိုက်ချက်တွေ ဆက်တိုက်ဆက်တိုက် မိသည်လား မမိသည်လားလည်း မသိ။ အားကုန်သွန်ရိုက်ပစ်သည်။ မျက်လုံးတွေက ပြာနေသည်။ ကပျာကယာရိုက်ရ၍လား သိပ်မမိသည်လား။
“ဒီကောင်ကြီး ဘယ်ပျောက်တာလဲ”
“ဝုတ် ဝုတ်”
အဲဖားခွေးက ဒလစပ်ပန်းခါလိုက်သည်။ သခင်တွေကိုလည်း ခေါ်သည်။ ဝေးကာ ဝေးကာ သွားသည်။ လူတွေမှာ ချုံတိုးနေရ၍ မြွေနှင့်ခွေးကို မမီ။ ခွေးဟောင်သံတွေ ရပ်သွားသည်။
အုန်းသာကျော့တို့ ရောက်သွားသောအခါ တောင်ပို့တစ်ခုအတွင်း မြွေကြီးက ဝင်ထားသည်။ အမြီးပိုင်ပင် အပြင်မှာထွက်လျက်။ အဲဖားခွေးက ဇွတ်တောင်ပို့ကို တူးနေသည်။ မြွေကြီးမှာ အုန်းသာကျော့ရိုက်ချက်များ ထိထားဟန်တူသည်။ သို့မဟုတ် ဒဏ်ရာပြင်းသည်။ လှုပ်စိလှုပ်စိသာ တွားဝင်နေသည်။

“ဂီး ဂရူး ဂရူး”
အဲဖားခွေးသည် မြွေကြီးအား ခေါင်းနောက်မှကိုက်ချီခါ ဆွဲခါပစ်သည်။ ဘဝတူ တောလိုက်ခွေးတွေကို ပေါက်သတ်ခဲ့သော ရန်သူကြီးအား မီးကုန်ယမ်းကုန် မွှေ့ယမ်းနေသည်။ ကိုက်ချီဆွဲခါ ပတ်ပြီး အောင်ပွဲခံနေသည်။
ရန်စွယ်ငြိုးငြိုး တိုက်ပွဲသည်ကား ပြီးဆုံးသွားပြီ ဖြစ်လေသည်။ အလျား ခြောက်ပေကျော်ကျော်၊ လုံးပတ် လူကြီးခြေသလုံးခန့်ရှိသော မြွေကြီးလည်း အဆုံးသတ်သွားခဲ့ချေပြီ။
အုန်းသာကျော့ကမူ ယခုထိ ရင်တမောမောရှိဆဲ။ ။
နေခြည်(ကြီးနီ)
——