“အောင်မြတ်သာနှင့်နတ်သူငယ်ပဝတ္တ”

“အောင်မြတ်သာနှင့်နတ်သူငယ်ပဝတ္တ”

————————————-

ကြီးမားကျယ်ပြန့်လှတဲ့ ခန်းမဆောင်ရဲ့အလယ်မှာ ကျော်သံပတ္တမြားတွေစီခြယ်ထားတဲ့အနီရောင်ပိုးသားခေါင်းပေါင်းကိုဆောင်းထားတဲ့သူတစ်ဦးက ရွှေရောင်သလွန်ပေါ်ထိုင်ရင်း မျက်နှာမူရာအရပ်ကို မပြုံးမရယ်ပဲ စိုက်ကြည့်နေခဲ့တယ်။

 

” ‌ငမောက်တို ပြန်ရောက်လာပြီ အရှင်”

 

အရပ်နှစ်ပေသာသာခန့်ရှိတဲ့ မှင်စာပုတိုရဲ့ အော်သံကြောင့် သလွန်ပေါ်ထိုင်နေတဲ့သူ လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး ခန္ဓာကိုယ်ကို တည့်မတ်ကာ

 

” ငမောက်တို အကြောင်းရင်းကို အမြန်ပြောစမ်း”

 

” အိုးဘိုရွာတစ်ကြော အပိုင်စားပေးထားတဲ့ မြေဘုတ်ဘီလူးကို အထက်လမ်းဆရာတစ်ယောက်က ထိန်းသိမ်းလိုက်ပြီလို့သိရပါတယ်အရှင်”

 

” ဘာကွ … ငါအပိုင်‌နယ်မြေမှာ ဒီလိုဖြစ်ရပ်မျိုး ဘယ်တုန်းကမှမဖြစ်ခဲ့ဘူးဘူး…”

 

” ဟုတ်ပါတယ်အရှင် အခုလာတဲ့ဆရာတွေက အရမ်းစွမ်းတယ်လို့လဲ ကြားခဲ့ပါတယ်”

 

” ဘယ်လောက်စွမ်းစွမ်း ငါ့ရဲ့ လောင်မီးလှံစက်အောက်မှာ ပြာမှုန်အတိဖြစ်စေရမယ်”

 

အနီရောင်ခေါင်းပေါင်းဝတ်ထားတဲ့လူရဲ့ကြိမ်းဝါးသံအဆုံးမှာ သလွန်ဘေးရှိ အသွားကိုးခုပါတဲ့လှံတံကနေ အခိုးအငွေ့တွေထွက်ပေါ်လာခဲ့တယ်။

 

” မနက်ဖြန် နတ်သဘင်အစည်းအဝေးသွားဖို့ရှိတဲ့အတွက် ငါ့နန်းဆောင်နဲ့ပိုင်နက်ဧရိယာကို အထူးဂရုစိုက်ကြ၊ ငမောက်တို သင်လဲ သွားလို့ရပြီ”

 

နန်းဆောင်အရှင်ရဲ့စကားကြောင့် ဦးခေါင်းမှာ လက်သီးဆုပ်သဏ္ဍာန်ဘုထွက်နေတဲ့ အကောင်က ခေါင်းငုံ့ကာ ခန်းမအပြင်ကိုထွက်သွားခဲ့တယ်။

+++++++++++++

 

” ကျလိ ကျလိ… ကျိကျိကျိ”

 

” အိုးဝေ အိုးဝေ… ဘိုတောက် ဘိုတောက်”

 

တိရိစ္တာန်မျိုးစုံတို့ရဲ့အော်မြည်သံနဲ့အတူ တောက ပိုပြီးအသက်ဝင်လာခဲ့တယ်။

 

” တောရိပ်တောင်ရိပ်က အေးချမ်းလိုက်တာ”

 

တောက်ရက ပြုံးရွှင်တဲ့မျက်နှာနဲ့ ပတ်ဝန်းကျင်ကိုကြည့်ပြီးပြောလိုက်တော့ အောင်မြတ်သာက

 

” ဘယ်အရာမဆို လှပမှုတွေရဲ့ နောက်ကွယ်မှာ သာမန်လူတွေမမြင်နိုင်တဲ့ ရက်စက်ခြင်းတွေရှိနေတတ်တယ်”

 

” ဗျာ ဆရာပြောတာ သိပ်နားမလည်ဘူး”

 

” အခုငါတို့ရောက်နေတဲ့ တောက နတ်သူငယ်ပဝတ္တပိုင်တဲ့‌နယ်မြေပဲ၊ သူ့ပိုင်နက်ထဲကို အခွင့်မရှိပဲ ဝင်လာတဲ့သူတွေအားလုံး ရူးတဲ့သူရူး၊ သေတဲ့သူ သေတဲ့အထိ ဖမ်းစားခြောက်လှန့်တတ်တယ်”

 

” ဒါပေမယ့် အခုထိတော့ အန္တရာယ်အငွေ့အသက်ကို မခံစားရသေးဘူးဆရာ”

 

” မင်းယုံကြည်အောင် ပြရမယ်ဆိုရင်…”

 

အောင်မြတ်သာက ရုတ်တရက် တောက်ရရဲ့ နဖူးအလယ်တည့်တည့်ကို ညာလက်ညိုးနဲ့ ဖိကပ်ပြီး လက်ဝါးနဲ့ရိုက်ချလိုက်တယ်။

 

” တောက်ရ မင်းကြည့်လိုက်စမ်း… ဘာတွေမြင်ရလဲ”

 

” ဟာ … သစ်ပင်ပေါ်တွေမှာရော ခြုံပုတ်တွေထဲမှာရော မျက်လုံးစိမ်းနဲ့ကောင်တွေအများကြီးပါလား”

 

” ဟုတ်တယ် သူတို့က ငါတို့ခရီးကျွံအောင် စောင့်နေကြတာ။ ရှင်းရှင်းပြောရရင် သူတို့အမိန့်မရသေးလို့ပဲ”

 

” ဒီကောင်တွေက ဆရာပြောတာကို ကြားတဲ့ပုံမပေါက်ဘူးနော်”

 

” ငါက တောထဲမဝင်ခဲထဲက မနောကနေ ဒီကောင်တွေရဲ့ အကြားဓါတ်ကိုပိတ်ထားခဲ့တာလေ၊ သက်ခိုင် မင်းရော မြင်ရလား”

 

” အစောပိုင်းကတော့မမြင်ရဘူး၊ ဒါပေမယ့် ဆရာတို့ပြောတာကြားပြီး စက္ခုအလင်းအင်းကိုသုံးလိုက်တော့မှမြင်ရတာ”

 

” ပဝတ္တဆိုတဲ့ နတ်သူငယ်က အတော်စွမ်းတာပဲ၊ သူ့တပည့်တွေကို တော်ရုံဆရာတွေမမြင်နိုင်လောက်တဲ့ အစီရင်တွေလုပ်ထားပေးခဲ့တာပဲ”

 

အောင်မြတ်သာက ပဝတ္တကို ချီးမွန်းရင်း တောလမ်းအတိုင်းဆက်ဝင်လာခဲ့တယ်။

 

” ဆရာ မျက်လုံးစိမ်းနဲ့ကောင်တွေက ကျွန်တော်တို့ကိုအခုထိစောင့်ကြည့်နေတုန်းပဲ၊ ညကလဲမှောင်တော့မယ် ဘယ်လိုဆက်လုပ်ရမလဲ”

 

” သူတို့အမိန့်တစ်ခုကိုစောင့်နေတာဖြစ်မယ်။ ငါတို့ကလဲ မသိသလိုနေရင်း ဒီမှာခဏနားကြရအောင်။ တောက်ရက အနီးအနားမှာရှိတဲ့ ထင်းခြောက်တွေစုပြီး မီးဖိုလိုက်ဦး”

 

အောင်မြတ်သာပြောပြီးမကြာခင် တောက်ရက မီးပုံတစ်ခုလုပ်ပြီး အခြေအနေကိုစောင့်ကြည့်နေခဲ့တယ်။

 

” ဆရာ တောအထက်ပိုင်းမှာ လေပြင်းတွေတိုက်တဲ့အသံကြားနေရတယ်”

 

” အဲဒါလေပြင်းတိုက်တဲ့အသံမဟုတ်ဘူး ငါတို့ကို သွေးပျက်အောင် ခြောက်လှန့်မယ့်အသံတွေ”

 

အောင်မြတ်သာစကားမဆုံးခင်မှာပဲ ဘေးပတ်ပတ်လည်မှာရှိတဲ့ သစ်ပင်တွေပေါ်ကနေ သွေးမရှိပဲဖြူဖတ်ဖြူရော်ဖြစ်နေတဲ့အသားအရည်နဲ့ နာနာဘာဝတွေ ကုတ်တွယ်ပြီးဆင်းလာခဲ့တယ်။

 

” ဆရာ … ပုံစံမျိုးစုံနဲ့ကောင်တွေအများကြီးပဲ ”

 

သက်ခိုင်က ပတ်ဝန်းကျင်ကို စောင်းငဲ့ကြည့်ပြီးပြောလိုက်တော့

 

” သူတို့ဘယ်လိုပဲခြောက်လှန့်ပါစေ၊ စိတ်ကိုတည်ငြိမ်အောင်ထားကြ”

 

အောင်မြတ်သာက သတိပေးလိုက်တော့ သက်ခိုင်နဲ့ တောက်ရက ချက်ချင်းတင်ပလ္လင်ခွေထိုင်လိုက်ပြီး စိတ်ကိုတည်ငြိမ်အောင်ကြိုးစားခဲ့ကြတယ်။

 

” အဟီးအဟီး အီးဟီးဟီး …. ဟားဟားဟား”

 

ဖြူဖွေးနေတဲ့မျက်နှာသေတွေက အောင်မြတ်သာတို့အနားကိုမကပ်လာပဲ မလှမ်းမကမ်းကနေ ခေါင်းစောင်းပြီးကြည့်လိုက် ကြောက်မက်ဖွယ်အသံပေးလိုက်၊ အော်ဂလီဆန်ချင်စရာကောင်းတဲ့ အပုတ်နံ့တွေပေးလိုက်နဲ့ သွေးလေချောက်ချားအောင် အစွမ်းကုန် ခြောက်လှန့်နေခဲ့ကြတယ်။

 

” သူတို့က စည်းချထားတာသိကြတယ်။ အားလုံး စိတ်ထဲကနေ သူတို့ကိုရည်မှန်းပြီး မေတ္တာပို့ကြ။ ဒီအချိန်မှာ အာဏာစက်နဲ့မောင်းထုတ်လို့မရတဲ့အခြေအနေဖြစ်နေပြီ”

 

အောင်မြတ်သာစကားအဆုံးမှာ သက်ခိုင်နဲ့တောက်ရဆီကနေ မေတ္တာပို့သံသဲ့သဲ့ထွက်လာခဲ့တယ်။ သုံးယောက်သား မရပ်မနားမေတ္တာပို့နေတဲ့အသံလှိုင်းတွေက အနားမှာဝိုင်းထားတဲ့ နာနာဘာဝတွေဆီကို သွားရောက်ရိုက်ခတ်ပါလေရော။ မေတ္တာလှိုင်းတွေက ကြိမ်ဖန်များစွာရိုက်ခတ်မှုကိုခံနေရတဲ့ နာနာဘာဝတွေရဲ့မျက်နှာက မာကြောခက်ထန်နေရာကနေ တစ်ဖြေးဖြေး ပျော့ပျောင်းလာပြီး မိမိတို့ဆင်းလာတဲ့သစ်ပင်တွေပေါ်ကိုပြန်တက်သွားခဲ့ကြတယ်။ နှစ်ချို့နာနာဘာဝတွေကတော့ မေတ္တာဓါတ်ကိုအံတုဖို့ကြိုးစားခဲ့ကြပေမယ့် ကြာရှည်မခံနိုင်တော့ပဲ အသံနက်ကြီးနဲ့ငိုကြွေးကာ တောထဲကိုဝင်ပြေးသွားခဲ့ကြတယ်။

 

အောင်မြတ်သာတို့လဲ ပထမအခက်အခဲကိုအောင်နိုင်ပြီးတာနဲ့ ချက်ချင်းဆိုသလို တောရဲ့အထက်ဘက်ကို ဆက်တက်ခဲ့ကြတယ်။ တစ်ရွေ့ရွေ့ခရီးဆက်လာရင်း ကျောက်တောင်တွေထူထပ်စွာဖြစ်တည်နေတဲ့ တော‌တွင်းတစ်နေရာကိုအရောက်မှာ မြေကြီးတစ်ခုလုံးတုန်ဟီးသံနဲ့အတူ တောင်ပေါ်ကနေ အိမ်တစ်လုံးစာလောက်ကြီးတဲ့ ကျောက်တုံးတွေကျလာခဲ့တယ်။

 

” မပြေးကြနဲ့ ဒါဟာ ငါတို့အမြင်ကိုလှည့်စားထားတာဖြစ်နိုင်တယ်။ ပြေးမိရင် ဘေးကချောက်ထဲကျသွားလိမ့်မယ်”

 

အောင်မြတ်သာကစိုးရိမ်တစ်ကြီးအော်ပြောရင်း အရှိန်နဲ့ကျလာတဲ့ ကျောက်တုံးတွေကိုစူးစိုက်ကြည့်ရင်းမလှုပ်မယှက်ရပ်နေခဲ့တယ်။ သက်ခိုင်နဲ့ တောက်ရကတော့ အောင်မြတ်သာအနောက်မှာနေပြီး သေရင်လဲ တူတူသေမယ်ဆိုတဲ့အတွေးနဲ့ ကြည့်နေတဲ့အချိန် အိမ်တစ်လုံးစာလောက်ရှိတဲ့ကျောက်တုံးက အောင်မြတ်သာတို့နဲ့ဝါးတစ်ပြန်အကွာလောက်လဲရောက်ရော လမ်းကြောင်းပြောင်းသွားပြီး ဘေးမှာရှိတဲ့ချောက်ထဲကို ထိုးကျသွားခဲ့တယ်။

 

သက်ခိုင်နဲ့ တောက်ရလဲ အဲဒီတော့မှ သက်ပြင်းချပြီး နဖူးပေါ်စိးကျနေတဲ့ချွေးစေးတွေကိုလက်ခုံနဲ့သုတ်ကာ

” ဒီတစ်ခါတော့ အတော်ကြမ်းတာပဲဆရာရေ” လို့ ရေရွတ်ခဲ့ကြတယ်။

 

အောင်မြတ်သာကတော့ ဘာမှမပြောပဲ အရှေ့ကိုဆက်တက်သွားခဲ့တယ်။ သက်ခိုင်နဲ့တောက်ရလဲ အချိန်မဆိုင်းတော့ပဲ အောင်မြတ်သာအနောက်ကို ပြေးလိုက်သွားခဲ့ကြတယ်။

 

ဒီတစ်ခါမှာတော့ ဝါးမင်းပင်တွေထူထပ်စွာပေါက်နေတဲ့ တောတစ်နေရာကိုရောက်လာခဲ့တယ်။ အောင်မြတ်သာက ဝါးမင်းပင်တွေကိုတွေ့တော့ ဆက်မသွားတော့ပဲရပ်လိုက်ပြီး

 

” ‌လေညာဘက်ကနေ အနံ့တစ်မျိုးရသလိုပဲ”

 

” ဟင်…”

 

သက်ခိုင်က မျက်မှောင်ကျုတ်ပြီး လေတိုက်တဲ့ဘက်ကိုမျက်နှာမူကာ အနံ့ခံလိုက်ရာ စံပယ်ပန်းနံ့လိုလို ညမွှေးပန်းအနံ့လိုလို ချိုအီအီအနံ့တစ်ခုကို ရှုရှိုက်မိခဲ့တယ်။

 

အနံ့က အစပိုင်း မွှေးသယောင်ယောင်နဲ့ တစ်ဖြေးဖြေးပြင်းလာပြီး သက်ခိုင်နဲ့ တောက်ရတို့နှစ်ယောက်လုံးခေါင်းထဲမှာရီဝေဝေဖြစ်လာခဲ့တယ်။

 

” ငါတို့ကိုတောကြီးပန်းအငွေ့နဲ့မြိုက်နေတာပဲ။ နှာခေါင်းကိုလက်နဲ့အုပ်ထားကြ”

 

အောင်မြတ်သာ စကားတောင်မဆုံးသေးခင်မှာပဲ သက်ခိုင်နဲ့ တောက်ရတို့ နားထင်ကိုလက်နဲ့ဖိပြီး

 

” ဆရာ ကျွန်တော်တို့ တစ်ကိုယ်လုံးအားတွေမရှိတော့သလိုဖြစ်နေပြီ”လို့ပြောကာ ဒူးခွေလဲကျသွားခဲ့တယ်”

 

အောင်မြတ်သာလဲ ဒိတိုင်းဆိုရင် သက်ခိုင်နဲ့ တောက်ရတို့နှစ်ယောက်ရဲ့အသက်အန္တရာယ်ထိခိုက်နိုင်တဲ့အတွက် အရှေ့ကိုတက်ကာ လာသမျှအငွေ့အသက်တွေကို လက်နှစ်ဖက်နဲ့ဆွဲယူပြီး ဘေးကိုဖယ်ထုတ်ဖို့ကြိုးစားပေမယ့် အမွှေးရနံ့တွေအားလုံးကို မရှင်းနိုင်ပဲ ခေါင်းထဲမူးနောက်နောက်ဖြစ်လာခဲ့တယ်။

 

ထိုစဉ် အနီးနားမှာရှိတဲ့ သစ်ပင်တွေအားလုံး ငလျင်လှုပ်သလိုယိမ်းထိုးလာခဲ့တဲ့အတွက် အဆိပ်ငွေ့တွေအားလုံး လမ်းကြောင်းလွဲသွားပြီး အခြားအရပ်ဘက်ကိုလွင့်ထွက်သွားခဲ့တယ်။

 

အောင်မြတ်သာလဲ အံ့ဩမှုပေါင်းများစွာနဲ့ အခြေအနေကိုသုံးသပ်ကြည့်လိုက်ရာ မလှမ်းမကမ်း တောင်ကမူလေးပေါ်မှာ ကိုယ်ရုံသင်္ကန်းတစ်လူလူနဲ့ မတ်တပ်ရပ်နေတဲ့ဆရာတော်တစ်ပါးကိုဖူးမြင်လိုက်ရတယ်။

 

ဆရာတော်က အောင်မြတ်သာကို အနည်းငယ်မျှ စောင်းငဲ့ကြည့်ပြီး

” ဒီနတ်သူငယ်ကို မျှတပြီးမနာကျင်တဲ့ နည်းလမ်းနဲ့စည်းရုံးသိမ်းသွင်းနိုင်မယ်လို့ယုံကြည်တယ် ဒကာလေး” လို့ပြောကာ ကောင်းကင်ခရီးနဲ့ အခြားတောင်တစ်ခုပေါ်သို့ ကြွသွားခဲ့တယ်။

(အခုလို လာရောက်ကူညီပေးတဲ့ဆရာတော်က ထွက်ရပ်ပေါက်ဆရာတော် ဦးနန္ဒိယဖြစ်ကြောင်း နောင်မှသိခဲ့ရပါတယ်)

 

အောင်မြတ်သာလဲ ဆရာတော်စကားကိုကြားတော့ ဒီအမှုကိုငါအောင်နိုင်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကိုချကာ သတိလစ်မေ့မျောနေတဲ့ တပည့်နှစ်ယောက်ရဲ့ မျက်နှာကို လွယ်အိတ်ထဲပါလာတဲ့ ရေစင်နဲ့ဖြန်းပြီး သတိပြန်လည်လာအောင် ပြုလုပ်ခဲ့တယ်။ နှစ်ယောက်လုံးသတိရပီဆိုတာနဲ့ အရှေ့ကိုဆက်တက်ခဲ့ကြတယ်။

 

အောင်မြတ်သာတို့ တတိယအခက်အခဲကို အောင်မြင်လိုက်ပြီဆိုတဲ့သတင်းကိုကြားတော့ ပဝတ္တတစ်ကိုယ်လုံး အငြိမ်မနေနိုင်တော့ပဲ ခန်းမအလယ်မှာ လှုပ်လှုပ်ရှားရှားဖြစ်နေခဲ့တယ်။

 

” ဒီလူတွေ အတော်ခေါင်းမာတာပဲ၊ ဒီတစ်ခေါက်တာဝန်ကို ကျားရဲထိန်းငညိုက တာဝန်ယူပြီး မောင်းထုတ်စေ”

 

ပဝတ္တအမိန့်စကားကြောင့် မျက်နှာတစ်လုံးမှာ မျက်လုံးတစ်လုံးသာပါတဲ့ လူကောင်ထွားထွားကြီးက မဲနက်ချွန်ထက်နေတဲ့အစွယ်တွေပေါ်အောင် မာန်ဖီရင်း ခန်းမဆောင်ထဲကနေထွက်လာခဲ့လိုက်တယ်။

++++++

ညကနက်သထက် နက်လာတာနဲ့အမျှ တောတစ်ခုလုံး ငြိမ်သက်တိတ်ဆိတ်လာခဲ့တယ်။

 

” ဆရာ ဘာသံမှမကြားရလောက်တဲ့ထိ တိတ်ဆိတ်နေတာကို မသင်္ကာဘူး၊ တကယ်ဆိုရင် တောကောင်ငယ်လေးတွေရဲ့အသံကိုကြားရမှာ မဟုတ်ဘူးလား”

 

” တိတ်ဆိတ်ခြင်းရဲ့နောက်ကွယ်မှာ အခြားပြဿနာတစ်ခုခုရှိနေပြီထင်ပါတယ်”

 

အောင်မြတ်သာက လေသံအေးအေးနဲ့ရေရွတ်ရင်း ပတ်ဝန်းကျင်ကိုသတိထားကာ ဆက်လျောက်သွားခဲ့တယ်။

 

ခင်တန်းတစ်ခုကိုကျော်တော့ လျောက်နေတဲ့ခြေလှမ်းတွေကိုရပ်လိုက်ပြီး

 

” အမြှီးပုတ်သံကြားနေရတယ်၊ ဒါကောင်းတဲ့လက္ခဏာတော့မဟုတ်ဘူး။ သတိထားကြ”

 

အောင်မြတ်သာစကားမဆုံးခင်မှာပဲ တစ်ကိုယ်လုံးနက်မှောင်ပြီး အမွှေးအမျှင်တွေထူထပ်စွာပေါက်နေတဲ့ အကောင်တစ်ကောင် ခုန်ထွက်လာခဲ့တယ်။

 

” ဟာ ဘာကောင်ကြီးလဲ”

 

တောက်ရက အံ့ဩစွာရေရွတ်လိုက်တော့ အောင်မြတ်သာက

 

” ကျားအသေကောင်ကိုဖုတ်သွင်းပြီး ခိုင်းစားထားတာပဲ၊ ဒီလိုကောင်မျိုးတွေကို အဆင့်မြင့်အောက်လမ်းဆရာတွေကသာ စီရင်နိုင်ကြတယ်”လို့ပြောကာ အနောက်ကိုခြေလှမ်းသုံးလှမ်းဆုတ်လိုက်ပြီး ဘယ်ဘက်လက်ဝါးနဲ့မြေကြီးကို ပုတ်လိုက်ရာ နောက်ကျောဘက်ကနေ တစ်ကိုယ်လုံးဆွတ်ဆွတ်ဖြူနေပြီး ခါးမှာ ကြိုးစအနီပတ်ထားတဲ့ ကျားတစ်ကောင် ခုန်ထွက်လာခဲ့တယ်။

 

” ဝေါင်းးး ဂရီး ဂီး”

နှစ်ကောင်သား အချင်းချင်းလှည့်ပတ်ချောင်းနေရင်း ကျားဖြူက လျှင်မြန်တဲ့အရှိန်နဲ့ အမွှေးစုတ်ဖွားအကောင်ပေါ်ကို ခုန်အုပ်ကာ တိုက်ခိုက်ပါလေရော။

 

ခွန်အားချင်းမတိမ်းမယိမ်းဖြစ်နေတဲ့အပြင် လုံးတူဒေါက်တူဖြစ်နေတဲ့အတွက် တိုက်ပွဲက အတော်ပြင်းထန်ခဲ့ပြီး အနီးနားမှာရှိတဲ့ အပင်ငယ်တွေပါ အပိုင်းပိုင်းကျိုးကျေတဲ့အထိဖြစ်ခဲ့တယ်။

 

အောင်မြတ်သာတို့လဲ အရှေ့က တိုက်ပွဲကို အာရုံစိုက်နေတဲ့အချိန် အနောက်ဘက်ကနေ တစ်ရှူးရှူးတစ်ရှဲရှဲနဲ့ နှာမှုတ်သံကြားလို့ကြည့်လိုက်ရာ လူတစ်ရပ်ခန့်မြင့်တဲ့ပါးပျဉ်းကိုထောင်ပြီး ဒေါသထွက်နေတဲ့ တောကြီးမွေဟောက်တစ်ကောင်ကိုမြင်လိုက်ရတယ်။

 

” နှစ်ချို့တောကြီးမြွေဟောက်ပဲ ဒီကောင်အစွယ်စာမိလို့ကတော့ စက္ကန့်ပိုင်းအတွင်း အဆုပ်တွေအသဲတွေအရည်ပျော်ကျသွားနိုင်တယ်”

 

တောက်ရက မြွေကျွမ်းကျင်သူပီပီ လှမ်းသတိပေးလိုက်ရင်း အနောက်ကိုဆုတ်လိုက်ရာ ကျောက်ခဲတစ်လုံးကိုနင်းမိပြီး ခြေချော်ကျသွားတဲ့အချိန် တောကြီးမြွေဟောက်က အရှိန်နဲ့လှမ်းပေါက်ချလိုက်တယ်။

 

ကိုယ်ဟန်အနေအထားပျက်သွားတဲ့တောက်ရက သူ့ခြေထောက်ပေါ်ကျလာတဲ့ အစွယ်ကိုရှောင်ဖို့မမှီတဲ့အချိန် သန်မာတဲ့လက်တစ်စုံက ဂုတ်ပေါ်ကျလာပြီး အနောက်ကိုဆွဲခေါ်လိုက်တော့ မြွေအစွယ်က ခြေထောက်ကိုမထိပဲ ကျောက်တုံးကိုထိမိကာ မီးပွားတွေဖွားခနဲထွက်လာခဲ့တယ်။

 

” ဟာ ဆရာလှမ်းဆွဲလိုက်လို့သာပဲ နောက်ဆိုမတွေးရဲစရာပဲဗျာ”

 

သက်ခိုင်က တောက်ရကိုဆွဲထူရင်း ပြောလိုက်တဲ့အချိန် တောကြီးမြွေဟောက်က ပါးပျဉ်းကိုမိုးပြီး ပေါက်မယ့်ဟန်တစ်ပြင်ပြင်နဲ့အားယူနေချိန် မြေကြီးထဲကနေ မြေစာတွေဖွာထွက်လာပြီး တစ်ကိုယ်လုံးအစိမ်းရောင်ဖြစ်နေတဲ့ မြွေနဂါးတစ်ကောင် တိုးထွက်လာခဲ့တယ်။

 

တစ်ဖက်မှာလဲ ကျားဖြူ၊ တစ်ဖက်မှာလဲ နဂါးစိမ်းတို့က ရန်သူတွေကို မီးကုန်ယမ်းကုန်တိုက်ခိုက်နေခဲ့ကြတယ်။ အောင်မြတ်သာကတော့အလယ်မှာရပ်ပြီး

 

” ခေတ်အဆက်ဆက်ဆရာသမားတွေ နှိမ်နင်းလာခဲ့တဲ့ အစောင့်တွေက ဒီလိုအချိန်တွေမှာ မဖိတ်ခေါ်ပဲ အလိုလိုရောက်လာတတ်တာကိုး” လို့ရေရွတ်ခဲ့တယ်။

 

ကျားဖြူနဲ့ ဖုတ်သွင်းကျားရိုင်းတို့တိုက်ပွဲကတော့ အနိုင်အရှူံးမပေါ်ပဲ ဘတစ်ပြန်ကျားတစ်ပြန်တိုက်နေရာကနေ ကျားရိုင်းက ရုတ်တရက် အသံနက်ကြီးနဲ့အော်ကာ အမြှီးကုပ်ပြီးထွက်ပြေးသွားခဲ့တယ်။

 

သက်ခိုင်တို့လဲ ဘာကြောင့်ထွက်ပြေးသွားတာလဲဆိုတဲ့အဖြေကိုရှာနေတဲ့အချိန် ကျားဖြူရဲ့ဂုတ်ပိုးပေါ်မှာ တစ်တောင်သာသာခန့်ရှိတဲ့ လူပုလေးတစ်ယောက်ပေါ်လာခဲ့တယ်။

 

” လက်စသတ်တော့ ဖိုးငတိုးကြောင့် ဒီကောင်ပြေးတာကိုး”

 

အောင်မြတ်သာစကားအဆုံးမှာ ကျောဘက်ကနေ သစ်ကိုင်းခြောက်ကျိုးသလို အသံကြားလို့ကြည့်လိုက်ရာ နဂါးစိမ်းက သူ့ရဲ့ကြီးမားတဲ့ကိုယ်ထည်နဲ့ တောကြီးမြွေဟောက်ပေါ်ကိုရစ်ပတ်ရာကနေ ထွက်လာတဲ့အသံဖြစ်နေခဲ့တယ်။

 

” ဆရာ ဟိုကောင်အရိုးတွေစိစိညက်ညက်ကြေပီထင်တယ်”

 

နဂါးစိမ်းရဲ့ရစ်ပတ်တဲ့ညှစ်အားကြောင့် တောကြီးမြွေဟောက်တစ်ကိုယ်လုံးအပိုင်းပိုင်းပြတ်ထွက်ပြီး အောက်ကိုကျလာခဲ့တယ်။

 

” ဖိုးငတိုးတို့ရော ဂိုဏ်းစောင့်နဂါးသိုက်က နဂါးမင်းရော တာဝန်ကျေပါတယ်။ သင်တို့ရဲ့ကြိုးစားအားထုတ်မှုကိုအသိအမှတ်ပြုပါတယ်” လို့ပြောလိုက်တော့မှ မျက်စိရှေ့ကနေ မှုန်ဝါးပျောက်ကွယ်သွားခဲ့တယ်။

 

” ဆရာ ခုနက ကျားဖြူကိုယ်ပေါ်မှာ ထိုင်နေတာ ဘယ်သူလဲ”

 

” သူ့နာမည်က ဖိုးငတိုးလို့ခေါ်တယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းငါးဆယ်လောက်က မုဆိုးကြီးငတိုးဆိုတဲ့နာမည်က ရခိုင်ရိုးမတစ်ကြော မသိသူမရှိဖြစ်ခဲ့တယ်။ လူကြမ်းသလောက်စိတ်လဲကြမ်းတဲ့သူဖြစ်တဲ့အတွက် တော်ရုံသားကောင်တွေကို အတင်းဝင်ဖက်လုံးပြီးသတ်ခဲ့တဲ့အထိ လက်ရဲဇက်ရဲနိုင်ခဲ့တယ်။ တစ်နေ့မှာတော့ သူအမဲလိုက်တဲ့တောင်ကို ပိုင်စိုးတဲ့ တောင်ပိုင်ကို စော်ကားလို့ ဟိုက နတ်ကျားနဲ့ကိုက်သတ်ခိုင်းတာ အစိမ်းသေဖြစ်ပါလေရော။ လူ့ဘဝက ကြမ်းခဲ့ရမ်းခဲ့တဲ့အရှိန်ကြောင့် အစိမ်းသရဲဖြစ်တဲ့ဘဝမှာလဲ သူမတူအောင်ကြမ်းတမ်းရိုင်းစိုင်းခဲ့တယ်။ ဒီလိုလူကြမ်းကြီးကို ဆရာတော်ဦးနန္ဒိယကိုယ်တိုင်ဆုံးမချေချွတ်ပြီး ဂိုဏ်းအောက်နတ်အဖြစ်သွပ်သွင်းခဲ့တာ”

 

” ဒါကြောင့် ဟိုအရိုင်းကောင်က တစ်ချိုးထဲလှည့်ပြေးသွားတာကိုး၊ ဒါနဲ့ ဆရာက ဘာလို့ အမိန့်မသုံးပဲ အခုလိုရင်ဆိုင်နေရတာလဲ”

 

သက်ခိုင်စကားကို တောက်ရက ထောက်ခံတဲ့ဟန်နဲ့ မျက်ခုံးပင့်ပြီး

 

” ဟုတ်တယ် ကျွန်တော်လဲမေးမလို့၊ ဒီတောထဲရောက်တဲ့အချိန်ကစပြီး ဆရာအနေနဲ့ အင်းစမတွေသိပ်မသုံးသလို အမိန့်ပြန်တာလဲမတွေ့ရဘူး၊ အခြားအကြောင်းကိစ္စများရှိနေတာလား”

 

” နတ်သူငယ်ပဝတ္တဆိုတာ ပစ္စေကဗုဒ္ဓါတစ်ပါးရဲ့ ဗျာဒိတ်ကိုရထားတဲ့ ပုဂ္ဂိုလ်တစ်ပါးပဲ။ သူ့ကုသိုလ်အဟုန်ကြောင့် စတုမဟာရာဇ်နတ်မင်းတွေကိုယ်တိုင် လောင်မီးလှံစက်ကို ချီးမြှင့်ထားခဲ့တာ။ ဒါကြောင့် အမိန့်အာဏာပြင်းတွေမသုံးပဲ သူကိုယ်တိုင်အသိတရားရအောင် လမ်းပြဖို့ အထက်ဆရာကြီးတွေတာဝန်ပေးခဲ့တာ”

 

” ဆရာကသာ မသုံးတာ ဟိုက ကျွန်တော်တို့ကို ပသေသတ်ပုံများ ကံကောင်းလို့မသေတယ်”

 

တောက်ရရဲ့မကျေမချမ်းရေရွတ်သံကြောင့် အောင်မြတ်သာပြုံးလိုက်ပြီး တောအတွင်းဘက်ကို ဆက်ထွက်သွားခဲ့တယ်။ ဒီတစ်ကြိမ်မှာတော့ ထမင်းအိုးတစ်လုံးကျက် ကြာတဲ့အချိန်ထိ အနှောက်အယှက်တွေ မကြုံရပဲ ဖြောင့်ဖြူးစွာခရီးနှင်ခဲ့ကြတယ်။

 

လက်ထဲကိုင်ထားတဲ့ မီးတိုင်အလင်းရောင်ကလဲ အချိန်ကြာလာတော့ တစ်ဖြေးဖြေးမှိန်လာခဲ့သလို အအေးဓါတ်ကလဲ ပိုလာခဲ့တယ်။

 

” ဟေ့ ဒီနေရာကို အခွင့်မရှိပဲ ဝင်လာတာ ဘယ်သူတွေလဲကွ”

 

ရင်ခေါင်းသံနဲ့တားမြစ်လိုက်တဲ့အသံကြောင့် အောင်မြတ်သာခြေလှမ်းတွေကိုရပ်လိုက်ပြီး အသံကြားရာဘက်ကိုကြည့်လိုက်ရာ အပေါ်ပိုင်းဗလာကျင်းထားတဲ့ ဗလတောင့်တောင့်လူသုံးယောက်ကို မြင်လိုက်ရတယ်။

 

” ဟေ့ ပြောနေတာမကြားဘူးလား သင်တို့က ဘယ်သူလဲ”

 

” ကျုပ်တို့က ဒီနေရာရဲ့ အရှင်သခင်နဲ့တွေ့ဖို့လာတာပါ”

 

” ဘာကွ မင်းတို့တွေ့ချင်တိုင်းတွေ့ရအောင် ငါတို့အရှင်ကို ဘာထင်နေလဲ”

 

နှုတ်ခမ်းမွှေးရေးရေး အရပ်မြင့်မြင့်လူက လက်ထဲကိုင်ထားတဲ့ဓါးကိုဆွဲထုတ်ပြီးရန်ပြုမယ့်ဟန်လုပ်တဲ့အချိန်

 

” ဟေ့ ရန်ကြီးအောင် ဓါးကိုချလိုက်စမ်း၊ သခင်က ဒီလူတွေကိုခေါ်ခဲ့ဖို့မှာလိုက်တယ်”

 

မလှမ်းမကမ်းက ကျောက်ကမူပေါ်ကနေ ထွက်လာတဲ့အသံကြောင့် ရန်ကြီးအောင်ဆိုတဲ့သူက အနောက်ကိုဆုတ်ပြီး လမ်းဖယ်ပေးခဲ့တယ်။

 

” ဒီက ဆရာတွေကို သခင်က ဖိတ်ကြားလိုက်ပါတယ်။ ကျုပ်အနောက်လိုက်ခဲ့ကြပါ”

 

အဝါရောင်ပိုးခြုံလွှာကို ခေါင်းကနေ ခြေဖျားအထိခြုံထားတဲ့လူရဲ့စကားကြောင့် အောင်မြတ်သာက

 

” သင်အရှေ့ကလမ်းပြပါ” လို့ပြောပြီး လိုက်သွားခဲ့တယ်။

 

အောင်မြတ်သာတို့လဲ ‌ပေသုံးဆယ်လောက်မြင့်တဲ့ ကုန်းကိုကျော်ဖြတ်ပြီးချိန်မှာတော့ ဆီမီးတိုင်တွေ ထိန်ထိန်ညီးစွာထွန်းညှိထားတဲ့ ရွာတစ်ရွာကို အံ့ဩဘနန်းမြင်တွေ့လိုက်ရတယ်။

 

” ဆရာ ဒီတော ဒီတောင်ထဲမှာ …”

 

သက်ခိုင်စကားမဆုံးခင်မှာ အောင်မြတ်သာက

 

” အခုကစပြီး ငါ့အခွင့်မရှိပဲ ဘာမှမလုပ်ကြနဲ့၊ စကားလဲမပြောကြနဲ့” လို့မှာပြီး ရွာထဲကိုဝင်လာခဲ့လိုက်တယ်။

 

ရှေးခတ်အုတ်‌တွေနဲ့ဆောက်လုပ်ထားတဲ့ အိမ်ကြီးအိမ်ကောင်းတွေအပြင် ဝတ်ကောင်းစားလှတွေဝတ်ဆင်ထားတဲ့ ရွာခံတွေက အောင်မြတ်သာတို့ကိုမြင်တော့ အထူးအဆန်းသဖွယ်ဝိုင်းကြည့်ကြသလို၊ အချို့တွေက မနှစ်မြို့တဲ့မျက်နှာထားနဲ့ စောင်းမြောင်းကဲ့ရဲ့ကြတာကိုလဲမြင်တွေ့ခဲ့ရတယ်။

 

” အရှေ့မှာ သခင်က သင်တို့ကို စောင့်ကြိုနေပါတယ်”

 

လမ်းပြဖြစ်သူစကားကြောင့် အရှေ့ကိုလှမ်းကြည့်လိုက်ရာ ရှမ်းစော်ဘွားတွေလို ပိုးသားခေါင်းပေါင်းကို ကျနစွာဝတ်ထားတဲ့ လူတစ်ယောက်ကိုမြင်လိုက်ရတယ်။

 

နှုတ်ခမ်းမွှေးရေးရေး၊ အရပ်မြင့်မြင့်နဲ့ တည်ကြည်ခန့်ညားတဲ့လူကြီးက အောင်မြတ်သာကိုမြင်တော့ ပြုံးရွှင်တဲ့မျက်နှာထားနဲ့ နှုတ်ဆက်ပြီး

 

” လမ်းခရီးက ကြမ်းတော့ အတော်ပင်ပန်းခဲ့ကြမှာပဲ၊ ခန်းမထဲမှာ သင်တို့အတွက် ပြင်ဆင်ထားပါတယ်၊ လာကြ လာကြ”

 

အောင်မြတ်သာကတော့ စကားတစ်ခွန်းမှမပြောပဲ ခေါ်ဆောင်ရာနောက်ကိုလိုက်ခဲ့ပြီး ခန်းမအထဲရောက်တော့ စားသောက်ဖွယ်ရာမျိုးစုံအပြင် နတ်သမီးတမျှလှပတဲ့ ကချေသည်တွေကိုပါမြင်လိုက်ရတယ်။

 

” အိမ်တော်ထိန်းကြီး ဧည့်သည်တွေကို စားသောက်ဖွယ်ရာတွေ တည်ခင်းတော့လေ”

 

” နေပါစေ ကျုပ်တို့က အပုတ်အစပ်တွေမစားတတ်လို့ ဒီစားပွဲကို ငြင်းပါရစေ”

 

အောင်မြတ်သာစကားကြောင့် ရွှေသလွန်ပေါ်မှာ ထိုင်နေတဲ့သူရဲ့မျက်နှာပျက်သွားပြီး

 

” ဒီစားဖွယ်တွေ မကြိုက်ရင် အသစ်ပြန်လဲပေးပါမယ်”

 

” ဒီမယ် ပဝတ္တ သင့်ရဲ့ဟန်ဆောင်မှုမျက်နှာဖုံးကို ခွာချဖို့အချိန်တန်ပြီ။ ကျုပ်က သင်တွေ့ခဲ့ဖူးတဲ့ ခပ်ညံ့ညံ့အတန်းစားထဲကမဟုတ်ဘူးနော်”

 

အောင်မြတ်သာကပြောရင်းဆိုရင်း ညာဘက်လက်ဝါးကိုရှေ့ထုတ်ပြီး

 

” အရာအားလုံး မူလပြန်စေ” လို့ပြောလိုက်ရုံနဲ့ စားကောင်းသောက်ဖွယ်တွေအားလုံး လောက်တွေတစ်ဖွားဖွားတက်နေတဲ့ မစင်ပုတ်တွေဖြစ်သွားခဲ့သလို လင်းထိန်းလှပနေတဲ့ ခမ်းမတစ်ခုလုံး ဟောင်းနွမ်းဆွေးမြေ့လာကာ သစ်ရွက်ခြောက်တွေနဲ့ပြည့်နှက်နေတဲ့အိမ်အိုအိမ်ဟောင်းအသွင်ပြောင်းလဲသွားခဲ့တယ်။

 

ခုနက လှပတင့်တယ်နေတဲ့ ကချေသည်တွေမျက်နှာက ဖားပြုတ်တွေလို ပြူးထွက်လာပြီး အစွယ်အဖွေးသားနဲ့ နာနာဘာဝတွေအဖြစ်ပြောင်းကာ အောင်မြတ်သာတို့ကို စားမတတ်ဝါးမတတ် စူးစိုက်ကြည့်နေခဲ့တယ်။

 

” ဟားဟားဟားဟား ငါကြားခဲ့တုန်းက ဒီလောက်စွမ်းမယ်လို့မထင်ခဲ့ဘူး။ အခုလက်တွေ့မြင်တော့မှ သင့်ပညာကို ယုံတော့တယ်”

 

ပဝတ္တက လက်နှစ်ဖက်ဆန့်တန်းကာ ဟက်ဟက်ပက်ပက်ရယ်ရင်းပြောလိုက်တော့ အောင်မြတ်သာက

 

” သင် ဒီထက်ပိုပြီး ကြောက်လန့်နေတာ ဝန်ခံလိုက်ပါ။ သင့်ရဲ့ကြမ်းပေ့ရမ်းပေ့ အစီအရင်တွေကို ကျော်ဖြတ်လာနိုင်တာကို သင်အံ့ဩနေတာမဟုတ်လား”

 

” တိတ်စမ်း ငါ့ဘဝမှာ အကြောက်တရားဆိုတာ ဘယ်တုန်းကမှမရှိခဲ့ဘူး။ နင့်လို လူမျိုးပေါင်းများစွာကို ငါ့ရဲ့လှံဖျားနဲ့ထိုးသတ်ခဲ့တာမနည်းဘူးဟေ့”

 

ပဝတ္တက ကြောက်မက်ဖွယ်အော်ပြောရင်း လက်ထဲကိုင်ထားတဲ့ လှံကိုအောင်မြတ်သာရင်ညွန့်တည့်တည့်ပစ်လွှတ်လိုက်တယ်။

 

လေးကြိုးပြင်းပြင်းကနေ ပစ်လွှတ်လိုက်တဲ့မြှားတံလို အရှိန်နဲ့ပြေးဝင်လာတဲ့လှံတံက အောင်မြတ်သာရင်ညွန့်နားကိုရောက်တော့ ရှေ့ကိုဆက်မတိုးနိုင်တော့ပဲ တန့်နေခဲ့တယ်။

 

ပဝတ္တလဲ လှံတံကိုသူ့ဆီပြန်ခေါ်လိုက်ပြီး နောက်ထပ်တစ်ကြိမ်အားကုန်ပစ်လွှတ်ပြန်ရော။ ဒီတစ်ကြိမ်မှာတော့ လှံတံထိပ်ကနေ မီးတောက်မီးလျှံတွေထွက်လာခဲ့တယ်။

 

အောင်မြတ်သာက သူ့ဆီဝင်လာတဲ့ မီးတောက်မီးလျှံတွေကို ဘယ်ဘက်လက်နဲ့ဖယ်ထုတ်ပြီး ညာဘက်လက်နဲ့ လှံသွားထိပ်ကို ဖိကိုင်ထားလိုက်တယ်။

 

” ဘယ်လိုလဲ ပဝတ္တ သင့်ရဲ့ လောင်မီးလှံစက်က ထင်သလောက်လဲ မဟုတ်ပါလား”

 

အောင်မြတ်သာစကားကြောင့် ပဝတ္တရဲ့ ဒေါသတွေ ထိန်းမနိုင်သိမ်းမနိုင်ပေါက်ကွဲပြီး ခန္ဓာကိုယ်ကို အဆမတန်ကြီးမားအောင်ဖန်ဆင်းကာ အောင်မြတ်သာတို့ဆီခုန်ဝင်လာခဲ့တယ်။

 

ဒါပေမယ့် အောင်မြတ်သာဆီမရောက်ခင်မှာပဲ သူ့ကိုယ်ပေါ်ကို အရာတစ်ခုကျလာလို့ကြည့်လိုက်ရာ အလွန်ပါးလွှာတဲ့ပိုးချည်မျှင်နဲ့ယက်ထားတဲ့ ပိုက်ကွန်တစ်ခုဖြစ်နေတာမြင်လိုက်ရတယ်။

 

ပဝတ္တလဲ အန္တရာယ်အငွေ့သက်ကိုရလာတာမို့ ခန္ဓာကိုယ်ကိုကြီးနိုင်သလောက်ကြီးအောင်ဖန်ဆင်းပြီးရုန်ထွက်ကြည့်ပေမယ့် ပိုက်ကွန်က သူကြီးရင် ကြီးလာလိုက် သူသေးရင် သေးသွားလိုက်ဖြစ်နေတဲ့အတွက် နောက်ဆုံးခြေကုန်လက်ပန်းကျကာ မူလရုပ်သွင်ပြန်ဖြစ်သွားခဲ့တယ်။

 

ဘေးမှာကြည့်နေကြတဲ့ တပည့်တပန်းတွေကလဲ ပဝတ္တအဖြစ်ကိုမြင်တော့ ဆောက်တည်ရာမရပဲ ခြေဦးတည့်ရာထွက်ပြေးကြပါလေရော။

 

” ပဝတ္တ ဒီပိုက်ကွန်က ဓတရဌနတ်မင်းကိုယ်တိုင် ကျွန်ုပ်ထံပေးအပ်ထားတဲ့ ငွေစင်္ကြာပိုက်ကွန်ပြဖြစ်တယ်”

( နဂါးပတ်ကျော့ကွင်းနဲ့ ငွေစင်္ကြာပိုက်ကွန်ဘယ်လိုရခဲ့လဲဆိုတာကိုတော့ အောင်မြတ်သာနှင့်စက္ကဒေဝီဆိုတဲ့ဝတ္တုမှာဖတ်ရှုနိုင်ပါသည်)

 

ပဝတ္တလဲ ဓတရဌ နတ်မင်းဆိုတဲ့အသံလဲကြားရော ဒူးတွေတစ်ဆတ်ဆတ်တုန်လာပြီး

 

” နတ်မင်းကြီးကိုယ်တိုင် နဂါးပတ်ကျော့ကွင်းနဲ့ ငွေစင်္ကြာပိုက်ကွန်ပေးအပ်ခဲ့တာ သင် လား”

 

” အခုသင့်ကိုချုပ်နှောင်ထားပြီးတာတောင် မယုံကြည်သေးတာလား”

 

” ကျုပ်အပြစ်တွေကို နတ်မင်းကိုမတိုင်ပါနဲ့၊ ကျုပ်မှားပါပြီ မပြစ်မှားသင့်သူကိုပြစ်မှားမိခဲ့ပါတယ်”

 

” ဒါဆိုရင် သင့်အတွက် အခွင့်အရေးတစ်ခုတော့ရှိတယ်။ သင်လုပ်နိုင်မယ်ဆိုရင် အပြစ်တွေအားလုံးကို ခွင့်လွှတ်ပေးမယ်”

 

” ကျုပ်ဘာလုပ်ရမလဲပြောပါ”

 

” သင် ဒီနေ့ဒီအချိန်ကစပြီး ကျုပ်တို့ဂိုဏ်းကချမှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေကိုလိုက်နာပြီး တရားဘာဝနာကျင့်ကြံအားထုတ်ရမယ်”

 

အောင်မြတ်သာစကားကို ပဝတ္တ အတန်ကြာစဉ်းစားလိုက်ပြီး

 

” အဲလိုဆိုရင် ကျုပ်အပြစ်တွေကို ဗွေမယူဘူးမဟုတ်လား”

 

” သင့်ကိုဒီတိုင်းတော့ မလွှတ်ပေးနိုင်ဘူး။ သစ္စာရေသောက်မှ ကျုပ်ယုံကြည်ပေးနိုင်မယ်”

 

” ကျုပ် သဘောတူပါတယ်။ သင့်တော်သလိုလုပ်ပါ”

 

ပဝတ္တစကားကိုကြားတော့ အောင်မြတ်သာက သစ္စာရေတိုက်ဖို့ပြင်ဆင်နေတဲ့အချိန် ပဝတ္တရဲ့ တပည့်တပန်းတွေအားလုံးကလဲ သူတို့သခင်နောက်ကိုလိုက်ဖို့အတွက် သစ္စာရေသောက်ပါရစေဆိုပြီး တောင်းဆိုခဲ့ကြတယ်။

 

မနက်အရုဏ်တက်ချိန်မှာတော့ ပဝတ္တနဲ့တပည့်တပန်းတွေရဲ့သစ္စာဆိုသံက တစ်တောလုံး တစ်တောင်လုံးဟိန်းထွက်သွားခဲ့တယ်။

 

မနက်လင်းအားကြီးချိန် အောင်မြတ်သာတို့ရဲ့ အပြန်လမ်းက လာတုန်းကလို မကြမ်းတမ်းတော့ပဲ ပဝတ္တကိုယ်တိုင် တောင်ခြေတောစပ်ထိလိုက်ပါစောင့်ရှောက်ပေးခဲ့တယ်။

 

အောင်မြတ်သာလဲ ပဝတ္တကို အသိတရားရအောင်ဆုံးမပြီးလို့ ပြန်လာတော့ လမ်းတစ်ထောက်မှာ ထူးဆန်းတဲ့အတိုက်တစ်မျိုးကို မြင်တွေ့ခဲ့ကြရတယ်။ ပြုစား ခံရသူရဲ့ကိုယ်ကနေ ငါးမြှားချိတ်လိုအပ်တွေ ဖောက်ထွက်လာတဲ့အတိုက်ကို အောင်မြတ်သာတို့ ဘယ်လိုကုသပေးမလဲဆိုတာကိုတော့ အောင်မြတ်သာနှင့်တံငါအတိုက်ဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

 

လေးစားစွာဖြင့်

ဇေယန(ရာမည)