တောမှောက်တဲ့ည(စ/ဆုံး)

တောမှောက်တဲ့ည (စဆုံး)

——————————–

(ဤဇာတ်လမ်းသည် ဖြစ်ရပ်မှန်တစ်ခုအပေါ်အခြေခံ၍ ပြန်လည်ရေးသားထားခြင်းဖြစ်ပါသည်)

 

(၁)

 

အချိန်ကာလအားဖြင့် ၁၉၉၀ခုနစ်ခန့်ကဖြစ်သည်။ မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်အတွင်း မြေဇုံရွာကလေးမှာ အေးအေးချမ်းချမ်းတည်ရှိနေလေသည်။ မြေဇုံရွာမှာ အိမ်ခြေငါးဆယ်ခန့်သာရှိသည့် ရွာငယ်ကလေးတစ်ရွာဖြစ်ပြီး ရွာသူရွာသားများမှာ ယာစိုက်ပျိုးခြင်း၊ သစ်တောထွက်ပစ္စည်းများကို ထုတ်ယူရောင်းချခြင်းတို့ဖြင့် ရိုးသားစွာအသက်မွေးကြသူများဖြစ်သည်။

 

ယခုလိုလသာသည့်ညမျိုးဆိုလျှင် ရွာရှိ အဘညိုတို့လူတစ်သိုက် စုရုံးကြသည့်အချိန်ဖြစ်သည်။ အဘညိုအိမ်ရှေ့ ခြံဝန်းအတွင်း ငါးတောင်ကွပ်ပျစ်ကြီးကို ပျဉ်းကတိုးသားများဖြင့်ရိုက်လုပ်ထားလေရာ ရပ်ရွာတွင်းလူကြီးသူမများအဖို့ ထိုနေရာတွင် စတည်းချကာ စကားစမြည်ပြောဆိုမြဲဖြစ်သည်။ နေ့စဉ်ပုံမှန် စုရုံးလေ့မရှိသော်လည်း လသာသည့်ည၊ လပြည့်ညမျိုးတွင်တော့ အမြဲစုရုံးနေကြဖြစ်သည်။ ယခုလည်း ကွပ်ပျစ်ကြီးတွင် ရေနွေးကြမ်းဝိုင်းခင်းကာ အဘညိုခေါင်းဆောင်လျှက် ရပ်ရွာအတွင်းမှလူကြီးသူမများ စုရုံးကာ ရှေးဟောင်းနှောင်းဖြစ်များ၊ ရောက်တတ်ရာရာများကို ပြောဆိုလေ့ရှိသည်။

 

ထိုကွပ်ပျစ်ကြီးတွင် လူကြီးသူမများသာ စုရုံးကြသည်မဟုတ်ပေ၊ ဖိုးခက်တို့လို ကလေးများလည်း စုရုံးတတ်ကြသည်။ အများအားဖြင့် လူကြီးသူမများပြောသည့် စကားများကိုနားထောင်ကြခြင်းဖြစ်သည်။ ကလေးများသည့် ညများတွင်တော့ အဘပြုံးက ငါးရာ့ငါးဆယ်ဇာတ်နိပါတ်ပုံပြင်များ၊ မှတ်သားဖွယ်ရာ ပုံပြင်များကို ပြောဆိုလေ့ရှိသဖြင့် ဖိုးခက်တို့ကလေးတစ်သိုက် အလွန်ကြိုက်နှစ်သက်ကြသည်။ ထိုမျှမကာ အစအနောက်သန်သော အဘထွေးကလည်း သရဲတစ္ဆေပုံပြင်များကို ပြောပြပြန်သေးရာ ထိုညမျိုးတွင်တော့ ဖိုးခက်တို့အိမ်ပင်မပြန်ရဲ၊ အိမ်ရောက်လျှင်ပင် အိမ်သာသို့ဆင်းမသွားရဲအောင် ကြောက်လန့်ကြသည်။ မည်သို့ပင်ကြောက်လန့်စေကာမူ ဖိုးခက်တစ်ယောက်ကတော့ အဘထွေးပြောသည့် သရဲတစ္ဆေနှင့် ပေတဇာတ်လမ်းများကို အလွန်နှစ်ခြိုက်လေသည်။

 

“ကဲ ညည့်လည်းနက်ပြီဆိုတော့ စကားဝိုင်းသိမ်းကြရအောင် ကိုညိုရေ”

 

“ကလေးတွေလည်း အလှည့်ပေးလိုက်ပါအုံးဗျာ”

 

ထိုအခါ ဖိုးခက်က အနားသို့ကပ်သွားပြီး

 

“ဒါနဲ့ ဟိုရက်ပိုင်းက အမေပြောတာတော့ တစ်ခါတုန်းက ဒီရွာကိုဓါးပြတွေတိုက်မယ့်အရေးကို သရဲကြီးတွေက ကာကွယ်ပေးလိုက်တယ်လို့ပြောဖူးတယ်၊ အဲဒီဇာတ်လမ်းက တကယ်လားဗျ”

 

အဘညိုက ပြုံးလိုက်ရင်း

 

“ဖိုးခက်ကတော့ မေးလည်းမေးတတ်ပဟ၊ တကယ်တော့ ဒီဇတ်လမ်းက လူတွေယုံတမ်းအဖြစ်ပြောနေကြတာပါကွ၊ တကယ်တော့ သရဲတစ္ဆေဆိုတာ လူကိုနှောင့်ပဲနှောင့်ယှက်နိုင်တာကွ၊ အကျိုးမပြုပါဘူးကွာ”

 

ထိုအခါ အဘထွေးက အဘညိုစကားကို မျက်မှောင်ကြုတ်ကာ နားထောင်နေရင်း

 

“ဒီလိုတော့မပြောနဲ့ ကိုညိုရ၊ သရဲတစ္ဆေဆိုတာ လူကိုအကျိုးပြုချင်ပြုမှာပေါ့ဗျာ”

 

အဘညိုက မိန့်မိန့်ကြီးပြုံးလိုက်ရင်း

 

“သွားစမ်းပါ ကိုထွေးရာ၊ ခင်ဗျားပြောပြောပြနေတဲ့ သရဲတစ္ဆေဇာတ်လမ်းတွေ၊ ဖုတ်၊ ဘသက်ဇာတ်လမ်းတွေက တကယ်တော့ လူနားထောင်ကောင်းအောင် တောင်စဉ်ရေမရ စိတ်ကူးယဉ်တီထွင်ထားတဲ့ ဇာတ်လမ်းတွေပါဗျ၊ ပြီးတော့ ခုနက ဖိုးခက်အမေပြောသလို သရဲတွေက လူတွေကိုကူညီတယ်ဆိုတာမျိုးပေါ့၊ မှတ်ထား ကိုထွေး၊ သရဲဆိုတာ ဘယ်တော့မှ အပြုသဘောမဆောင်ဘူး၊ လူတွေကိုကူညီပေးရိုး ထုံးစံမရှိဘူးဗျ”

 

“ဒီလိုတော့ ပံ့ုသေမပြောနဲ့ ကိုညို၊ ခင်ဗျားကြုံဖူးလို့လား”

 

“ဟား၊ ဟား ကျုပ်က ဘုန်းကြီးလူထွက်ပါဗျာ၊ စာဝါတွေလည်းတော်တော်လိုက်ဖူးတယ်၊ ခင်ဗျားလို စာမတတ်ပေမတတ်မဟုတ်ဘူး”

 

အဘညိုက တင်စီးပြောလိုက်သည့်အခါ အဘထွေးတစ်ယောက် အလွန်ခံပြင်းသွားသည်။

 

“အောင်မာ ငညိုရ၊ မင်းဘုန်းကြီးဝတ်ပြီး စာဝါလိုက်ရင်း ဉာဏ်မကောင်းလို့ စာမေးပွဲတဘုန်းဘုန်းကျတာ ငါမသိဘူးမှတ်နေသလား၊ နောက်ဆုံးတော့ မင်းကိုယ်မင်းရှက်လာလို့ လူထွက်ပြီး မိန်းမယူလိုက်တာလေကွာ၊ ဟား၊ ဟား”

 

အဘထွေးရယ်လိုက်သည့်အခါ ကွပ်ပျစ်တွင်ထိုင်နေကြသည့် အဘကြီးများက ရယ်မောလိုက်ကြသည်။ အဘညိုမျက်နှာကြီးမှာ ဒေါသထွက်လာသဖြင့် ဆူပုတ်လာလေသည်။

 

“အောင်မာ၊ ခင်ဗျားတို့က ကျုပ်အိမ်ကိုလည်းလာသေး၊ ကျုပ်ကိုလည်း စော်ကားနေပါလားဗျ၊ ဒီမှာ ငထွေး၊ ငါစာဝါကျပေမယ့် ဘာပဲပြောပြော ငါက မင်းထက်စာရင် ပိုပြီးစာတတ်သကွ၊ မင်းလိုမျိုး ရပ်ထဲရွာထဲက ကလေးတွေကို အခြေအမြစ်မရှိတဲ့ သရဲဇာတ်လမ်းတွေပြောပြီး လိုက်ခြောက်နေတဲ့လူမဟုတ်ဘူးကွ”

 

အဘထွေးလည်းငြိမ်မခံတော့ပေ။

 

“ဟေ့ကောင် ငါ့ပါးစပ်နဲ့ငါပြောတာ မင်းအပူပါလား၊ မင်းကရောကွာ၊ အားအားရှိဘုန်းကြီးလူထွက်ဆိုပြီးတော့ တရားပဲဟောချင်နေတာ၊ ဟိုနေ့ကပြောတဲ့ ကျောက်ခဲလေးဘဝဇာတ်လမ်းဆိုတာ ကြာနီကန်ဘုန်းကြီးတရားနားထောင်ပြီးတော့ ပြန်ပြောပြတာ ငါမသိဘူးများထင်နေသလားကွ”

 

အခြေအနေက တင်းမာကုန်လေသည်။ နောက်တော့ အဘညိုက မတ်တပ်ရပ်ထပြိး အဘထွေးအားဝင်လုံးလေသည်။ အဘထွေးကလည်း အားကျမခံ အဘညိုနှင့် နပမ်းဖက်လုံးကြသည်။ အခြားအဘကြီးများက ဝိုင်းဝန်းဖြန်ဖြေသော်လည်း ထိုနှစ်ယောက်အားဆွဲမရတော့ပေ၊ သို့နှင့် အကြမ်းရေသောက်ကာ ပြောဆိုဆွေးနွေးကြသည့် စကားဝိုင်းမှ လက်သီးလက်မောင်းတန်းကာ ထုနှက်လုံးဖက်ကြသည့် နပမ်းဝိုင်းအဖြစ်ပြောင်းလဲသွားလေသည်။ ဖိုးခက်တို့ကလေးတစ်သိုက်မှာတော့ လက်ဝှေ့ပွဲကြီးပွဲကောင်းကြည့်ရသည့်အလား နံဘေးနားမှနေ၍ လက်ခုပ်တီးကာ အားပေးကြလေသည်။

 

“လုံးထားဗျ အဘညိုရ”

 

“ကန်ထားဗျ၊ အဘထွေးရ”

 

လသာညတွင် ကျင်းပသည့် နပမ်းပွဲမှာ နောက်ဆုံးရွာသူကြီးရောက်လာပြီး ဖြန်ဖြေသည့်အခါမှ ဒိုင်ပွဲရပ်အနေဖြင့် ပြီးစီးသွားတော့လေသည်။

 

(၂)

 

သို့သော်လည်း နောက်ရက်လသာညတွင်တော့ ဘကြီးညိုအိမ်တွင် ထပ်မံစုစည်းကြပြန်သည်။ ရွာသားများအားလုံးလိုလိုမှာ ဆွေမျိုးတော်စပ်ကြသည်မို့ ယမန်နေ့ညက ထိုးကြိတ်ခဲ့ကြသော်လည်း ယနေ့ညတွင်တော့ ညီရင်းအကိုပမာ ပုခုံးဖက်လျှက်ရှိနေတော့သည်။

 

“ဒါနဲ့ ဘညိုရေ၊ လာမည့်လပြည့်နေ့ အင်ကြင်းမြိုင်ရွာဘက်မယ် အလှူရှိသတဲ့ဗျ”

 

“ဟေဟုတ်သား၊ ငါတောင်မေ့နေလိုက်တာ၊ ဒါနဲ့ အလှူကဧည့်ဖိတ်လာပြီလား”

 

“ခုက လပြည့်ဖို့လိုသေးတာကိုးဗျ၊ ဒါပေမယ့် ညနေက အင်ကြင်းမြိုင်က ပြန်လာတဲ့ ဖိုးထူးကတော့ သူကြီးက ဧည့်ဖိတ်ခိုင်းတယ်လို့မှာသဗျာ၊ ကျုပ်တို့ရွာက လာနိုင်သူတွေ လာခဲ့ကြပါအုံးတဲ့”

 

အဘပြုံးက တစ်ချက်ခေါင်းညိတ်ရင်း

 

“မိုးလေကင်းလွတ်ပြီဆိုပေမယ့်လည်း ယာတွေကမထွက်သေးဘူးဆိုတော့ တို့ရွာသားတွေ အဲဒီအလှူသွားနိုင်ကြမှာမဟုတ်ဘူးကွ”

 

ထိုအခါ အဘထွေးက

 

“အိုဗျာ၊ လူငယ်တွေလူလတ်တွေမအားပေမယ့် ကျုပ်တို့လူကြီးတွေက အားတယ်မဟုတ်လား၊ အခုတောင် အားအားယားယား ကွပ်ပျစ်ထိုင်ပြီး ရေနွေးသောက်နေကြတာမဟုတ်လား”

 

ထိုအခါ ကွပ်ပျစ်ထိုင်နေသူများအားလုံး ရယ်မောလိုက်ကြသည်။

 

“အေးကွာ၊ ငါတို့သွားရအောင်၊ ဘညိုမင်းလိုက်မယ်မဟုတ်လား”

 

“လိုက်တာပေါ့ကွာ၊ ဆိုင်းလေးဘာလေး ကြည့်ရတာပေါ့ကွာ၊ ဘထွေး မင်းရောလိုက်မှာလား”

 

“ဒါပေါ့၊ ကျုပ်ကလိုက်ပြီးသားပဲ၊ ဘပြုံးနဲ့ ဒေါ်ရင်တို့ရော”

 

“လိုက်ပါ့တော်၊ လှည်းရှိလို့ကတော့လိုက်ပြီးသားပဲ”

 

လှည်းဆိုသည့်အသံကြားသဖြင့် အားလုံးတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။ ထိုအခါ ဖိုးခက်က မတ်တပ်ရပ်လိုက်ပြီး

 

“လှည်းကတော့မပူနဲ့ဗျာ၊ ဒီညနေပဲ အဖေတို့ပြောနေတာကြားလိုက်တယ်၊ အင်ကြင်းမြိုင်ရွာက အလှူရှင်က အဖေတို့အမျိုးမို့ မသွားလို့မကောင်းဘူးတဲ့ဗျာ၊ လှည်းနဲ့သွားမယ်ဆိုပဲဗျ”

 

“ဒါဆိုရင်တော့ ဟန်ကျသကွာ၊ ဖိုးခက်အဖေ ဘခက်ကိုငါတို့ပြောရင်ရမှာကွ”

 

သို့နှင့် လပြည့်မတိုင်မီတစ်ရက်အလိုတွင် လှည်းဖြင့်သွားလာရန်ဆုံးဖြတ်လိုက်တော့သည်။ ဖိုးခက်၏အဖေမှာ ကိုဘခက်ဆိုသူဖြစ်သည်။ တစ်ရွာတည်းသားချင်းမို့ ကိုဘခက်ကလည်း လူကြီးတစ်သိုက်ကိုလိုက်ခွင့်ပြုလိုက်တော့သည်။ သို့သော် လှည်းထွက်မည့်အချိန်မှာ ညနေပိုင်းဖြစ်နေလေရာ လူကြီးများမှာတော့ သိပ်မကြိုက်ကြပေ။

 

“ဘခက်ရာ ခရီးသွားမှာ စောစောစီးစီးသွားပေါ့ကွာ”

 

“မဖြစ်လို့ပါ အဘတို့ရာ၊ ကျုပ်ဒီမနက်ပိုင်း ကုန်တိုက်စရာတစ်ခုရှိတာ ကတိပေးထားမိလို့ဗျ၊ မနက်ပိုင်းကုန်တိုက်ပြီး နေ့လည်ဆိုရင် အားပါပြီဗျ၊ ညနေ နေအေးတော့ ကျုပ်တို့ထွက်ကြမပေါ့၊ နေကျသွားပြီဆိုတော့ လူတွေလည်းအေးအေးဆေးဆေး၊ နွားတွေလည်း မပူတော့ဘူးပေါ့ဗျ”

 

“အင်ကြင်းမြိုင်က နေ့ဝက်လောက်သွားရတယ်မို့လား ဘခက်ရ၊ တို့သွားမှာက ညကြီးမင်းကြီးနော်”

 

“ဘာခက်တာမှတ်လို့ အဘပြုံးရာ၊ ကျုပ်တို့ဒီက ညနေသုံးနာရီလောက်ထွက်မယ်ဗျာ၊ အင်ကြင်းမြိုင်ကိုသွားတဲ့ လှည်းလမ်းကြီးကလည်း ဖြူးလို့မဟုတ်လား၊ ပြီးတော့ ဒီညက အဖိတ်နေ့ညဆိုတော့ လကလည်းသာမှာဗျ၊ အင်ကြင်းမြိုင်ကို ညရှစ်နာရီ၊ ရှစ်နာရီခွဲလောက်ရောက်မယ်ဆိုရင် အဘတို့ အလှူဝင်ညဧည့်ခံဆိုင်းကို တန်းနားထောင်ရုံပေါ့ဗျ”

 

အဘပြုံးက ကျေနပ်သွားကာ ခေါင်းညိတ်လိုက်လေတော့သည်။

 

“အင်း မင်းပြောတာတော့ ဟုတ်နေတာပဲဘခက်ရာ၊ ဒါကြောင့်လည်း မင်းကိုလူတွေက ဘခက်တာမှတ်လို့ ဘခက် လို့ခေါ်ကြတာကိုးကွ”

 

ကိုဘခက်က ခေါင်းကုပ်ရင်း နွားများကိုအစာနိုင်နိုင်ကျွေးနေတော့သည်။ ညနေစောင်းသည့်အခါတွင်တော့ လှည်းတစ်ခုလုံးကိုသန့်ရှင်းရေးလုပ်ပြီး ထန်းကြောဖျာကြမ်းကြီးများခင်းလိုက်တော့သည်။ ဖျာပေါ်တွင် သင်ဖြူးဖျာတစ်ချပ်ခင်းလိုက်သည့်အခါ လူများလိုက်ပါစီးနင်းရန် အဆင်သင့်ဖြစ်သွားလေတော့သည်။ လှည်းတွင်လိုက်မည့်သူက သိပ်များများစားစားမဟုတ်၊ လှည်းကို ကိုဘခက်ကမောင်းနှင်မည်ဖြစ်ပြီး အဘပြုံး၊ ကြီးဒေါ်ရင်၊ အဘညို၊ အဘထွေးတို့ လေးယောက်သာဖြစ်သည်။ ကလေးများဖြစ်သည့် ဖိုးခက်နှင့် ရွှေမိတို့မောင်နှမနှစ်ယောက်လိုက်ပါမည်ဖြစ်သည်။

 

လိုက်မည့်သူများက လှည်းပေါ်တက်ကာ နေရာချထားနေစဉ် အဘညိုက လှည်းအားတစ်ချက်ကြည့်ကာ

 

“တို့လှည်းမှာ ပေါင်းမိုးမတပ်ဘူးလား ဘခက်ရ”

 

“ဟာ၊ အဘညိုကလည်း ကျုပ်တို့သွားမှာ နေကျသွားတဲ့အချိန်ဗျ၊ ပူလည်းခဏပေါ့ဗျာ၊ ခင်တန်းနဲ့ သဲချောင်းကိုဖြတ်ရင် အရိပ်ရသေးတယ်မဟုတ်လား၊ ပေါင်းမိုးက အပိုကြီးပါဗျာ၊ တပ်မနေတော့ပါဘူး”

 

ညနေသုံးနာရီမထိုးခင်မှာပင် လှည်းကိုမောင်းထွက်လာခဲ့ကြသည်။ ရွာထဲအဖြတ်တွင် လှည်းပေါ်ပါလာသည့်အဘကြီးများအား ရွာခံများက နှုတ်ဆက်ကြလေသည်။ ကြီးဒေါ်ရင်က

 

“ဟဲ့ထွေးရီတို့၊ အင်ကြင်းမြိုင်အလှူကို မသွားကြဘူးလား”

 

“မသွားတော့ပါဘူး ကြီးဒေါ်ရင်ရယ်၊ ကျုပ်တို့ယာခင်းမှမပြီးသေးတာ၊ ယာခင်းထွက်တော့မှ ပိုတဲ့ပိုက်ဆံတွေစုပြီး အလှူခင်းပြီး ဆိုင်းငှားမယ်ကြီးဒေါ်ရင်ရေ၊ သူများပွဲကိုမသွားတော့ဘူး၊ ကိုယ့်ဖာသာပဲ ပွဲသွင်းတော့မယ်လို့ စိတ်ကူးထားတယ်”

 

“ကောင်းပါ့အေ”

 

အစာ၀၀လင်လင်ကျွေးထားသဖြင့် ဝဖီးနေသည့် ကိုဘခက်၏ နွားဝါတစ်ရှည်းကလည်း သန်သန်မာမာထွားထွားကျိုင်းကျိုင်းနှင့် လှည်းဆွဲကောင်းလှရာ ကိုဘခက်တို့လှည်းမှာ မကြာမီ ရွာမှထွက်ကာ ခင်တန်းအတွင်းသို့ဝင်လာခဲ့ကြတော့သည်။ စကားတပြောပြောနှင့် ရယ်မောကာသွားကြသဖြင့် အချိန်က ကုန်မှန်းမသိအောင်မြန်လွန်းလှသည်။ မကြာမီနေဝင်သွားပြီး အမှောင်ထုက ကြီးစိုးသွားတော့သည်။ အဘကြီးများမှာ ဗိုက်ဆာတတ်သည်မို့ လှည်းပေါ်တွင်ပင် ထမင်းဝိုင်းပြင်ကာ စားသောက်ကြလေသည်။

 

အဘထွေးက

 

“တို့များကြားဖူးတာကျတော့ တောထဲတောင်ထဲ ထမင်းစားမယ်ဆိုရင် တောပိုင်တောင်ပိုင်တွေကို အရင်ပသပြီးမှ စားရသတဲ့”

 

အဘညိုမှာ အဘထွေးပြောသည့်စကားကိုကြားသည့်အခါ ခေါင်းခါရင်း

 

“ငထွေးတို့များ၊ အယူသီးချက်ပဲကွာ၊ ကိုယ့်ထမင်းကိုယ်စားတာကွ၊ သူတို့ထမင်းကိုလုစားတာမှမဟုတ်တာ”

 

“ကျုပ်လည်း ကြားဖူးတာပြောတာပါ”

 

ထိုအခါ လှည်းမောင်းနေသည့်ဘခက်က

 

“ကျုပ်တို့လည်း ဒီအတိုင်းစားတာပါပဲ၊ ဒီနားမှာတော့ ဘာမှမဖြစ်ပါဘူးဗျာ၊ ပြီးတော့ ဒါကလည်း တောအုပ်ကြီးမှမဟုတ်တာ၊ သစ်ပင်ကျိုးတိုးကျဲတဲပေါက်တဲ့ ခင်တန်းကလေးပဲ မဟုတ်လား”

 

လှည်းပေါ်ပါလာသည့်သူများက အဘထွေးအား အတွေးခေါင်သူဟုယူဆကာ ဝိုင်းကြည့်ကြသည်မို့ အဘထွေးတစ်ယောက် ခေါင်းငုံ့ရင်းထမင်းသာကြိတ်စားနေတော့သည်။ ထမင်းစားသောက်ကြပြီး လှည်းပေါ်တွင် ဖန်မီးအိမ်ကလေးတစ်လုံးကိုထွန်းညှိလိုက်သဖြင့် လင်းချင်းသွားလေသည်။ မကြာမီ အနောက်ယွန်းယွန်းဆီမှ အဖိတ်နေ့လမင်းကြီးက မေးတင်ထွက်လာကာ တစ်လောကလုံးကို အလင်းရောင်များဖြန့်ကျက်လိုက်လေတော့သည်။ ခင်တန်းအတွင်းရှိ သစ်ပင်များအကြားမှ လရောင်များက ဖြာကျနေလေသည်။ ထိုမျှမကသေး ညလေအေးအေးနှင့်မို့ ခရီးသွားနေရသည်က သက်တောင့်သက်သာရှိလှသည်။ ထမင်းစားပြီး လေတဖြူးဖြူးနှင့်မို့ အဘကြီးများ ငိုက်မြည်းနေကြချေပြီ။ သတိကောင်းသည့် အဘပြုံးက ကိုဘခက်အနားကပ်လိုက်ရင်း

 

“ဘခက်ရေ၊ တို့တွေ လမ်းတွေဘာတွေမှားနေမယ်နော်”

 

“ဘာခက်တာမှတ်လို့ အဘရာ၊ ဟောဒီခင်တန်းက ထွက်လိုက်တာနဲ့ သဲချောင်းကြီးက လရောင်နဲ့ဖွေးနေတာပဲဗျာ၊ အရှေ့နည်းနည်းဆက်သွားပြီး သဲချောင်းကနေ လှည်းလမ်းပေါ်တက်လိုက်ရင် အင်ကြင်းမြိုင်ဆီ တည့်တည့်ပဲဗျ”

 

“အေးကွာ၊ ငါက သတိထားရအောင်ပြောတာပါကွ”

 

“မစိုးရိမ်ပါနဲ့ အဘပြုံးရာ၊ ဒီလမ်းက ကျုပ်သွားနေကျလမ်းပါဗျ”

 

သို့နှင့်အဘပြုံးလှည်း လှည်းပေါ်တွင်အသာထိုင်ကာ ငိုက်မြည်းလျှက် လိုက်လာခဲ့လေသည်။ ဖိုးခက်နှင့်် ရွှေမိတို့ကလေးများမှာမူ စားသောက်ပြီး ပုဆိုးခြုံ၍ ခွေခွေကလေးအိပ်လိုက်လာကြသည်။

 

(၃)

 

“အောင်မယ်လေး၊ သရဲကြီး၊ သရဲကြီး”

 

ဖိုးခက်က အကျယ်ကြီးထအော်လိုက်လေရာ အဘကြီးများပင် လန့်နိုးသွားကြသည်။ ကိုဘခက်က ဖိုးခက်ကျောကုန်းအားပုတ်လျှက်

 

“ဟေ့သား၊ ဘာဖြစ်တာလဲကွ”

 

“ကျုပ်ကိုသရဲကြီးလိုက်လို့ဗျ”

 

“မင်းအိပ်မက်မက်တာ ဖြစ်ပါလိမ့်မယ် ငါ့သားရာ၊ ဘာသရဲမှ မရှိပါဘူးကွ”

 

ဖိုးခက်မှာ အတော်မောပန်းကာ ကြောက်လန့်နေသေးသည်။ အဘညိုက သူ့အနားတွင်ရှိသည့် သောက်ရေအိုးမှ ရေတစ်ခွက်ခပ်လိုက်ကာ ဖိုးခက်ကိုတိုက်လိုက်ရင်း

 

“ဘာမှမရှိပါဘူးဖိုးခက်ရာ၊ မင်းက တော်တော်ကြောက်တတ်တာပဲကွ၊ နောက်ဆို ဘထွေးပြောပြတဲ့ သရဲဇာတ်လမ်းတွေ သိပ်နားမထောင်နဲ့ကွ၊ ဒီဇာတ်လမ်းတွေက အလကားသက်သက် လူတွေကိုကြောက်အောင် ခြောက်ပြောထားတာတွေကွ၊ ဘာမှအကျိုးမရှိဘူး”

 

အဘညိုပြောလိုက်သည့်အခါ အဘထွေးမှာ ဒေါသထွက်သွားပုံရသည်။

 

“ဟ၊ ငညို၊ မင်းမှာလည်း တစ်ခုခုဆိုရင် ငါ့ဖက်ကိုလှည့်လှည့်လာတာပဲကွ၊ ငါဘယ်လောက်သည်းခံနိုင်သလဲဆိုတာ မင်းကစမ်းကြည့်ချင်လို့လား”

 

အဘညိုနှင့် အဘထွေးတို့အခြေအနေမှာ တစ်ဖန်ပြန်လည်တင်းမာလာလေသည်။ အဘညိုက လက်သီးလက်မောင်းတန်းကာ လှည်းပေါ်တွင်မတ်တပ်ရပ်လိုက်စဉ် အဘညိုခေါင်းတွင်ပေါင်းထားသည့် ခေါင်းပေါင်းစမှာ လှည်းလမ်းအပေါ်သို့ ကိုင်းကျနေသည့် သစ်ကိုင်းတစ်ခုနှင့်ချိတ်မိသွားကာ တင်ကျန်နေခဲ့တော့သည်။

 

“တော်စမ်းပါတော့ရှင်၊ ရှင်တို့ကလည်း တစ်ခုခုဆိုရင် ထိုးမယ်ကြိတ်မယ်နဲ့ ကလေးတွေများမှတ်နေကြသလား”

 

ကြီးဒေါ်ရင်က ဝင်ဟန့်သည့်အခါမှ အားလုံးတိတ်ဆိတ်သွားကြလေသည်။ အဘပြုံးက စကားလမ်းကြောင်းလွှဲချင်သဖြင့်

 

“ဟေ့ ဘညို၊ ဘယ်နှနာရီထိုးပြီလဲကွ”

 

သူတို့လူအုပ်ထဲတွင် အဘညိုတစ်ယောက်တွင်သာ လက်ပတ်နာရီပါလေသည်။ အဘညိုက သူပတ်နေကျ ငွေရောင်လက်နေသည့် လက်ပတ်နာရီအဟောင်းကြီးကို မှန်အိမ်အလင်းရောင်ဖြင့်ကြည့်လိုက်ကာ

 

“ခုနစ်နာရီခွဲပြီကွ”

 

ထိုအခါ လှည်းပေါ်မှလူများ အံ့အားသင့်ကုန်ကြသည်။

 

“တို့စီးနေတာ ခဏလေးပါ၊ မဟုတ်မှလွဲရော ဘညိုနာရီက ပျက်နေတာများလား”

 

အဘထွေးကလည်း သူ့အကွက်ဝင်လာပြီဖြစ်ရာ ဘညိုကိုဝင်နှိပ်အုံးမည်ဟု အကြံဖြင့်

 

“ဘညိုရာ၊ ခင်ဗျားနာရီအစုတ်ကြီးကို ဟန်လုပ်ပြီးပတ်မနေပါနဲ့၊ ခင်ဗျားနာရီက တစ်နေ့သုံးခါရပ်တာ ကျုပ်မသိဘူးထင်နေသလား”

 

အဘညိုနှင့် အဘထွေးတို့ပြန်ပြီးရန်စောင်ကုန်ကြသည်။ လှည်းပေါ်တွင်တစ်ယောက်တစ်ပေါက်နှင့်ငြင်းခုန်ရင်း အော်ဟစ်လိုက်ပါကြလေသည်။ တစ်နေရာအရောက်တွင်မူ လှည်းမောင်းနေသည့် ကိုဘခက်မှာ အသံပြဲကြိးနှင့်ထအော်လေသည်။

 

“ဟာ အဘကြီးတို့ကလည်း တိတ်တိတ်နေစမ်းဗျာ၊ ကျုပ်ဒီမှာ စိတ်ညစ်ရတဲ့အထဲ”

 

ကိုဘခက်အော်လိုက်သည့်အခါတွင်မှ အဘကြီးများက နှုတ်ဆိတ်သွားတော့သည်။ အဘပြုံးက ကိုဘခက်အား

 

“ဘာဖြစ်လို့ မင်းကစိတ်ညစ်တာလဲ ဘခက်ရ”

 

“ဒီမှာ လမ်းပျောက်နေပြီဗျ”

 

“ဟေ၊ မင်းပြောတော့ သွားနေကျဆို”

 

“ဟုတ်တယ်ဗျ၊ ကျုပ် နေ့နေ့ညည ဒီလမ်းကသွားနေကျပဲ၊ အခုတော့ ဘယ်လိုဖြစ်တယ်မသိဘူး၊ ဒီခင်တန်းထဲကနေကို မထွက်နိုင်သေးဘူးဗျာ”

 

“ဟေ၊ အဲဒါ ငါတို့ တောမှောက်တာပဲကွ”

 

အဘထွေးက ထအော်ပြန်သည်။ ကိုဘခက်က ခေါင်းကုပ်လျှက်

 

“ဒီခင်တန်းက အလွန်ဆုံးသွားရရင် နာရီဝက်ပါဗျာ၊ အခုတော့ တစ်နာရီလောက်ရှိပြီထင်တာပဲဗျ၊ ဒီခင်တန်းက မဆုံးသေးဘူး၊ ပုံမှန်ဆိုရင် သဲချောင်းထဲရောက်ရတော့မှာ”

 

“ဟုတ်ရဲ့လားဘခက်ရာ၊ မင်းနွားတွေသွားတာ နှေးလို့များလား”

 

“မဟုတ်ပါဘူးဗျာ၊ ကျုပ်နွားအကြောင်း ကျုပ်အသိဆုံးပါ၊ ခင်တန်းကိုက တစ်ခုခုမှားနေတာ”

 

“မင်းလမ်းများ မှားလိုက်လာတာလား ဘခက်ရ”

 

“ခင်တန်းထဲဖြတ်တဲ့လမ်းက တစ်လမ်းထဲရှိတာ အဘတို့လည်းအသိပါ၊ လရောင်အောက်မှာ လှည်းလမ်းအတိုင်းလိုက်ခဲ့တာပဲ၊ မှားစရာမရှိပါဘူး”

 

“အေးကွာ၊ ဘာပဲပြောပြော ဆက်မောင်းကြစို့”

 

သို့နှင့်လှည်းကိုဆက်လက်မောင်းနှင်လာခဲ့သည်။ တစ်နေရာအရောက်တွင် ဖိုးခက်က လှည်းလမ်းမတစ်နေရာကိုလမ်းညှိုးထိုးလိုက်ပြီး

 

“အဖေရေ၊ ဟိုမှာ၊ ဟိုမှာ”

 

ဖိုးခက်ပြသည့်နေရာသို့ကြည့်လိုက်ကြသည့်အခါ လှည်းလမ်းအပေါ်သို့ကိုင်းကျနေသည့် သစ်ကိုင်းတစ်ခုတွင် အဝတ်စတစ်စက တွဲလောင်းကြီးကျနေတော့သည်။ အဘညိုက သေချာကြည့်လိုက်ပြီး

 

“ဟာ၊ အဲဒါ ငါ့ခေါင်းပေါင်းစကွ၊ ခုနက သစ်ပင်နဲ့ငြိကျန်ခဲ့တဲ့ ခေါင်းပေါင်းစပဲ”

 

ထိုအနားရောက်သည့်အခါ အဘညိုက မတ်တပ်ရပ်ထကာ ခေါင်းပေါင်းစကိုဆွဲယူလိုက်လေသည်။ ကိုဘခက်လည်း အရှေ့နားအရောက်တွင် လှည်းကိုရပ်တန့်လိုက်တော့သည်။

 

“တစ်ခုခုတော့မှားနေပြီဗျ၊ ခုနက သစ်ကိုင်းနဲ့ငြိတဲ့ ခေါင်းပေါင်းစက ပြန်ရတယ်ဆိုတော့ ကျုပ်တို့သွားနေတာ တစ်ပတ်လည်နေသလိုဖြစ်နေတာပေါ့”

 

အဘပြုံးကခေါင်းညိတ်ရင်း

 

“ဒါထက် လမ်းကတစ်လမ်းထဲရှိတာဆို ဘခက်ရ”

 

“ဟုတ်ပါတယ် အဘပြုံးရာ၊ ခင်တန်းကိုဖြတ်တဲ့လမ်းက ဒီတစ်လမ်းပဲရှိတာပါ”

 

“ဒါဆို ဘယ်လိုလုပ်ပြီး အနောက်ကိုပြန်ရောက်သွားရတာလဲကွ”

 

ကိုဘခက်လည်း ခေါင်းကိုတဗြင်းဗြင်းကုပ်ပြီး

 

“ကျုပ်လည်း မသိတော့ပါဘူးဗျာ”

 

“တောမှောက်တာ၊ အဲဒါတောမှောက်တာကွ၊ ငါပြောသားပဲ ခုနကထမင်းစားတုန်းက တောပိုင်တောင်ပိုင်တွေကို မြှောက်ဖို့ပြောခဲ့သားပဲ”

 

အဘထွေးထပြောသည့်အခါ အဘညိုမျက်နှာမှာ ဇီးရွက်လောက်သာရှိတော့သည်။ အဘကြီးများလည်း ခေါင်းချင်းဆိုင်ကုန်လေပြီ။

 

“ကဲ၊ ဒါဆိုရင်လည်း ရှေ့ဆက်မသွားဘူးပေါ့ကွာ၊ တို့တွေအနောက်ကိုပြန်လှည့်မယ်၊ ရွာကိုပြန်ကြမယ်ကွာ”

 

အဘပြုံးပြောသည့်စကားကို အားလုံးကထောက်ခံလိုက်ကြပြီးနောက် လှည်းကိုပြန်လှည့်ကြသည်။ ကိုဘခက်က လှည်းမထွက်မီတွင် သူဆောင်းလာခဲ့သည့် ခမောက်ကိုလှည်းပေါ်မှပစ်ချထားခဲ့လေသည်။ ကိုဘခက်လုပ်သည်ကို အားလုံးကတွေ့လိုက်သော်လည်း ဘာမှဆက်မပြောကြတော့ပေ၊ အဘထွေးကတော့ တောပိုင်တောင်ပိုင်များအား လက်အုပ်ချီကာ တတွတ်တွတ်တောင်းပန်ရှာသည်။ လှည်းကိုပြန်လှည့်ခဲ့ကြရင်း အားလုံးစိုးထိတ်နေမိသည်။ လှည်းပြန်လှည့်ပြီး နာရီဝက်ခန့်အကြာမှာပင် နွားများက တစ်စုံတစ်ခုကိုတက်နင်းမိကာ ဂျွတ်ခနဲအသံမြည်သွားတော့သည်။ ကိုဘခက်လည်း လှည်းကိုရပ်တန့်လိုက်ပြီး လှည်းအောက်သို့ခုန်ဆင်းလိုက်သည်။ ထို့နောက် မြေပြင်ပေါ်တွင်ကျနေသည့် ခမောက်ကိုကောက်လိုက်ကာ အားလုံးမြင်သာစေရန်ထောင်ပြလိုက်သည်။

 

“ဟင်၊ ဒီခမောက်က မင်းခုနက ချခဲ့တဲ့ခမောက်မဟုတ်လား”

 

ကိုဘခက်လည်း နွားနင်းထားသည့် ခမောက်အပြားကြီးကို စိတ်ပျက်လက်ပျက်နှင့်် မြေကြီးပေါ်သို့ပစ်ချလိုက်ပြီးနောက်

 

“ကျုပ်တော့ တော်တော်စိတ်ပျက်လာပြီဗျာ”

 

“ဒါဆိုရင် ငါတို့တွေ ရှေ့ဆက်သွားမရ၊ နောက်လည်းပြန်ဆုတ်လို့မရဘဲ ဒီခင်တန်းထဲ တဝဲလည်လည်ဖြစ်နေတာပေါ့”

 

အားလုံးစိတ်ဓါတ်ကျသွားတော့သည်။ ဖိုးခက်တို့လို ကလေးများပင် အလွန်ကြောက်လန့်နေမိသည်။ ကိုဘခက်မှာ စိတ်ပျက်လက်ပျက်ဖြင့် မြေကြီးတွင်ထိုင်ချလိုက်တော့သည်။ လရောင်က ရွှန်းရွှန်းပပ သာနေဆဲပင်ဖြစ်သည်။ ကိုဘခက်မှာ အတန်ကြာအောင်ထိုင်နေရင်း တောက်တစ်ချက်အကျယ်ကြီးခေါက်လိုက်လေသည်။ ထို့နောက် လှည်းမောင်းသည့်နံဘေးတွင် အသာချထားသည့် ဆောင်ဓါးရှည်ကိုဆွဲထုတ်လိုက်ကာ ဓါးတရမ်းရမ်းဖြင့်စိန်ခေါ်တော့သည်။

 

“ဘယ်ကောင်လုပ်တာလဲ၊ ဘယ်ကောင်ငါတို့ကိုဒီလိုလုပ်တာလဲကွ၊ ဟေ့ကောင်၊ သတ္တိရှိရင် မိန်းမလိုမိန်းမရလုပ်မနေနဲ့၊ ကိုယ်ထင်ပြစမ်းဟေ့ကောင်၊ မင်းနဲ့ငါနဲ့ ချမယ်”

 

ကိုဘခက်က ပြောပြောဆိုဆိုနှင့် အနီးတွင်ပေါက်နေသည့် သစ်ပင်များကို ဓါးဖြင့်လိုက်လံခုတ်နေသေးသည်။ အဘပြုံးနှင့် အဘညိုတို့မှာ ကိုဘခက်အားဝင်ဆွဲကြရသည်။

 

“ဘခက်ရာ ဒီလိုမလုပ်ပါနဲ့ကွာ၊ မင်းလုပ်မှ ငါတို့ပိုဆိုးနေပါအုံးမယ်ကွ”

 

ထိုအချိန်ခင်တန်းအတွင်းမှ တရှဲရှဲအသံကြီးနှင့် လေတိုးသံကဲ့သို့အသံများကိုကြားလိုက်ရသည်။ ကိုဘခက်သာမက ကျန်သူများပါအလွန်ထိတ်လန့်သွားကြသည်။ ထိုအသံကြီးမှာ ဝေးရာမှ တဖြည်းဖြည်းနီးလာလေသည်။ နီးကပ်လာသည့်အခါ ခင်တန်းတစ်ခုလုံးဆူညံနေလေတော့သည်။ အနီးအနားရောက်သည့်အခါ ထိုအသံများမှာ လေတိုးသံမဟုတ်ဘဲ အသံသေးအသံကြောင်၊ အသံစူးစူးကလေးများဖြင့်် အော်ဟစ်နေသည့်အသံဖြစ်နေလေသည်။ အသံများနှင့်အတူ အနက်ရောင်လင်းနို့အုပ်ကြီးက သစ်ပင်များအကြားမှ အလုံးလိုက်ထွက်လာတော့သည်။

 

“လင်းနို့တွေဟေ့၊ ငါတို့ဆီလာပြီဟ”

 

လင်းနို့အုပ်ကြီးမှာ လှည်းပေါ်ရှိလူများအား အတင်းဝင်တိုက်ကြသည်။ လင်းနို့တိုက်သည့်ဒဏ်ခံရသဖြင့် အားလုံးကြောက်လန့်တကြားဖြင့် လှည်းပေါ်မှဆင်းပြေးကြကာ လှည်းအောက်တွင်ဝင်နေကြသည်။ လင်းနို့များမှာ ပတ်ဝန်းကျင်တစ်ခုလုံး မှောင်အတိကျသွားသည်အထိ များပြားလှသည်။ လှည်းအောက်ဝင်နေကြသော်လည်း မကြာခင် လှည်းဆွဲသည့်နွားများမှာ ရုန်းကန်ကြပြီးနောက် အပြေးအလွားပြေးထွက်သွားရာ လှည်းမှာလည်း မောင်းသူမပါဘဲ ပြေးထွက်သွားလေတော့သည်။ လှည်းအောက်ပုန်းနေသည့်လူများလည်း ပက်လက်လန်ကာ ကျန်နေရစ်တော့သည်။ အဘပြုံး၊ အဘညိုနှင့် ကြီးဒေါ်ရင်တို့က ရသမျှဘုရားစာများကို ရွတ်ဖတ်ကြကုန်လေသည်။ ဖိုးခက်နှင့် ရွှေမိတို့မောင်နှမအား ကိုဘခက်က ကိုယ်လုံးဖြင့်အုပ်မိုးပေးထားသည့်အတွက် ဖိုးခက်တို့မှာဘာမှမဖြစ်ပေ၊ သို့သော် ကိုဘခက်မှာ စွပ်ကျယ်အကျီပါးသာ ဝတ်ထားသည်မို့ လင်းနို့များက ပျံသန်းရင်း ကိုဘခက်၏ ကျောကုန်းအား ခြေသည်းလက်သည်းများဖြင့် ကုတ်ခြစ်ကြလေသည်။

 

ထိုအရပ်ဒေသတွင် လင်းနို့လင်းဆွဲများရှိသော်လည်း အနည်းအပါးသာရှိပြီး ထိုမျှများပြားလှသည့် လင်းနို့အုပ်ကို အဘကြီးများတစ်သက် တစ်ခါမှပင်မမြင်ဖူးကြပေ။

 

“ကယ်ပါ၊ ကယ်တော်မူကြပါ၊ တောစောင့်တောင်စောင့်နတ်များကို အတန်တန်တောင်းပန်ပါတယ် ကျုပ်တို့မှားတာရှိရင် ခွင့်လွှတ်ကြပါ”

 

အဘပြုံးကလည်း ဘုရားစာရွတ်လျှက်

 

“သာသနာပြုနတ်ကောင်းနတ်မြတ်များ၊ ကယ်တော်မူကြပါ” ဟု တဖွဖွရေရွတ်နေလေသည်။ မကြာခင် လင်းနို့အုပ်ကြီးမှာ ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားလေသည်၊ ကိုဘခက်ကျောကုန်းရှိ လင်းနို့ခြစ်ရာများမှ သွေးများပင်စီးကျနေလေသည်။ ထိုအခိုက် သစ်ပင်များမှာလှုပ်ယမ်းသွားပြီး ဖြူဖြူအကောင်ကြီးတစ်ကောင်မှ သစ်ပင်တစ်ပင်မှ တစ်ပင်သို့ခုန်ကူးကာ သူတို့အနီးရှိ သစ်ပင်တစ်ပင်ပေါ်တွင်ရပ်တန့်လိုက်လေသည်။

 

လရောင်ကြောင့် ထိုအကောင်ကြီးကို အတိုင်းသားမြင်နေရသည်။ လူတစ်ဦးကဲ့သို့ ခန္ဓာကိုယ်ရှိသော်လည်း လက်များက အနည်းငယ်ပိုမိုရှည်လျားသည်။ ထိုအကောင်ကြီး၏ အသားအရေမှာ နွားဖြူတစ်ကောင်၏ အသားအရည်ကဲ့သို့ ဆွတ်ဆွတ်ဖြူကာ ပြောင်ချောကြီးဖြစ်လေသည်။ မျက်နှာတွင် မျက်လုံးပေါက်မှေးမှေးနှစ်ခုပါပြီး အလွန်ရှည်လျားသည့် နှာခေါင်းကြီးတစ်ခုရှိသည်။ နှာခေါင်းကြီးမှာ ရှည်လျားလှသဖြင့် နှာခေါင်းထိပ်ပိုင်းသည်ပင် ဆင်နှာမောင်းကဲ့သို့ တွဲလောင်းကျနေလေသည်။ ထိုအကောင်ကြီးက သူတို့ကိုသစ်ပင်ပေါ်မှကြည့်နေရင်း လက်ကိုဝှေ့ယမ်းပြသည်။

 

ဖိုးခက်တစ်ယောက် ထိုအကောင်ကြီးအား မမှိတ်မသုန်ကြည့်နေလေသည်။ ကျန်သူများမှာ အံ့သြမှင်တက်နေသဖြင့် စကားပင်မထွက်ပေ၊ အကောင်ကြီးမှာ လက်ယပ်ပြနေသည်ကိုတွေ့ရသည်။

 

“ဟော၊ ကျုပ်တို့ကို သူ့အနောက် လိုက်လာခိုင်းတာဖြစ်မယ်”

 

ဖိုးခက်က ပြောလိုက်တော့မှ

 

“လိုက်လို့ဖြစ်ပါ့မလား”

 

“မသိဘူးလေကွာ၊ ငါ့အထင်တော့ ဒါသရဲကြီးပဲကွ”

 

ထိုအခါ အဘညိုမှာ ထိတ်လန့်ခြောက်ချားလျှက်

 

“မလိုက်ကြနဲ့ကွ၊ ဒီကောင်က ငါတို့ကိုရန်ပြုချင်လို့ခေါ်နေတာကွ၊ သရဲတစ္ဆေဆိုတာ ဘယ်တော့မှ လူကိုကောင်းကျိုးမပြုဘူး”

 

ထိုအခါ အဘထွေးက ခေါင်းခါလိုက်ပြီး

 

“သူ့ပုံကြည့်ရတာ ဖြူဖြူနဲ့ဆိုတော့ သရဲနဲ့မတူဘူး၊ သဘက်ကြီးကွ၊ သရဲတွေက လူတွေကိုခြောက်လှန့်တတ်တယ်ဆိုပေမယ့် သဘက်က လူကိုကူညီတယ်ဆိုတာ ငါကြားဖူးတယ်”

 

“အောင်မာ၊ ဟေ့ကောင်ငထွေး၊ မင်းယုံရင်မင်းလိုက်သွား၊ ငါကတော့မလိုက်ဘူး၊ သရဲအနောက်မလိုက်နိုင်ဘူး”

 

အဖွဲ့အတွင်း သဘောထားများကွဲကုန်ကြသည်။ ထိုအချိန်တွင် အဘထွေးက အရှေ့သို့ထွက်လိုက်ပြီး

 

“ကဲကဲ၊ မင်းတို့လိုက်လိုက်မလိုက်လိုက် ငါကတော့ သူ့အနောက်လိုက်သွားမယ်”

 

အဘထွေးထလိုက်သည့်အခါ ကိုဘခက်လည်းမတ်တပ်ရပ်လိုက်ပြီး

 

“ကျုပ်လည်းလိုက်မယ်၊ သားနဲ့သမီးလည်း လိုက်မယ်မဟုတ်လား”

 

ဖိုးခက်နှင့် ရွှေမိလည်းခေါင်းညိတ်လိုက်ကြသည်။ ကြီးဒေါ်ရင်က တဘက်စကြီးဆွဲခြုံလိုက်ကာ ကိုဘခက်နံဘေးတွင်ဝင်ရပ်သည်။ ကြီးဒေါ်ရင်အနောက်သို့ အဘပြုံးကလည်း ထလိုက်သွားသည်။ နောက်ဆုံးတော့ မလိုက်မည့်သူက အဘညိုတစ်ယောက်သာ ကျန်နေခဲ့တော့သည်။

 

“ဘညို၊ ခင်ဗျားတကယ်မလိုက်ဘူးလား”

 

အဘပြုံးကမေးသည့်အခါ အဘညိုက ခပ်မာမာဖြင့်

 

“အေး၊ မလိုက်ဘူး၊ မလိုက်ဘူးကွ”

 

“ဒါဆိုရင်လည်း ခင်ဗျားတစ်ယောက်တည်းသာ နေခဲ့ပေတော့၊ တကယ်လို့ ကျုပ်တို့ရွာရောက်ခဲ့သည်ရှိသော် ခင်ဗျားကိုလာပြန်ခေါ်မယ်”

 

ထိုအကောင်ကြီးမှာ သူတို့နှင့်ခပ်လှမ်းလှမ်းရှိ သစ်ကိုင်းတစ်ကိုင်းထံသို့ ခုန်ကူးလိုက်လေသည်။ ကိုဘခက်၊ အဘပြုံးတို့လူတစ်စုလည်း ထိုအကောင်ကြီးအနောက်သို့ ဆက်လျှောက်လာကြသည်။ ခပ်လှမ်းလှမ်းအရောက်တွင် ကိုဘခက်က အနောက်သို့လှည့်ကြည့်ပြီး

 

“အဘညိုရေ၊ ခုနက လင်းနို့တွေထပ်လာရင်တော့ အဘညို လင်းနို့စာဖြစ်ပြီမှတ်ဗျ”

 

ကိုဘခက်အော်လိုက်သည့်အခါ မြေတွင်ပေကပ်ထိုင်နေသည့် အဘညိုတစ်ယောက် ချက်ချင်းမတ်တပ်ရပ်ထလိုက်ပြီး သူတို့အနောက်သို့ အမောတကောနှင့် ပြေးလိုက်လာလေသည်။

 

“ဟေ့ကောင်တွေ၊ ငါ့ကိုလည်း စောင့်ကြပါအုံးကွာ၊ မင်းတို့ကလည်း”

 

အဘညိုမှာ မယုံသော်လည်း လူအုပ်အများနှင့်မို့ လိုက်ပါလာခဲ့သည်။

 

(၄)

 

အဖြူရောင်သဘက်ကြီးမှာ သစ်ပင်ပေါ်မှ လုံးဝမဆင်းဘဲ သစ်ပင်တစ်ပင်နှင့်တစ်ပင်ပေါ်သို့ခုန်ကူးကာ အရှေ့မှသွားလေသည်။ ခပ်လှမ်းလှမ်းရောက်သည့်အခါတွင် အနောက်မှလူများ ပါလာ၊ မပါလာဆိုသည်ကို လှည့််လှည့်ကြည့်တတ်သေးသည်။ ကိုဘခက်တို့လည်း လိုက်သာလိုက်လာရသည် စိတ်ကတော့မချပေ၊ လက်ထဲတွင်ဓါးရှည်ကိုကိုင်ဆွဲထားပြီး အသင့်ပြင်ဆင်ထားသည်။ အဘညိုပြောသကဲ့သို့ သဘက်ကြီးက လူသားများကိုမျှားခေါ်သွားပြီး ရန်ပြုမည်ကိုစိုးရိမ်သောကြောင့်ဖြစ်သည်။ သဘက်ကြီးအနောက် ယုံယုံကြည်ကြည်နှင့် လိုက်သွားသူမှာ အဘထွေးဖြစ်သည်။

 

သဘက်ကြီးက တစ်ပင်မှတစ်ပင်သို့ခုန်ကူးလိုက် ပြန်လှည့်ကြည့်လိုက်နှင့်သွားသည်။ တစ်ခါတစ်ရံလည်း လိုက်လာခဲ့ရန် လက်ယပ်ခေါ်သေးသည်။ သူ့အနောက်မှ အဘထွေးက အပြေးလိုက်လေသည်။ အဘထွေးနောက်တွင်တော့ ကိုဘခက်ကဓါးကိုင်လျှက်လိုက်သည်။ ကိုဘခက်ပုဆိုးစကို ဖိုးခက်နှင့်ရွှေမိမောင်နှမက ဆွဲရင်းလိုက်ကြသည်။ နံဘေးတွင်တော့ အဘပြုံးနှင့် ကြီးဒေါ်ရင်က ထပ်ကြပ်မကွာလိုက်လာကြသည်။ ဟိုးအနောက်ဆုံးတွင်တော့ အဘညိုတစ်ယောက် တွန့်ဆုတ်တွန့်ဆုတ်နှင့်လိုက်လာသည်။

 

ထိုသို့အတန်ကြာသွားပြီးနောက် တောစပ်ဆီသို့ရောက်လာခဲ့သည်။ သဘက်ကြီးမှာ တောစပ်ရှိ ကြီးမားသည့် သစ်ပင်ကြီးတစ်ပင်ပေါ်တွင်တက်ကာ တွဲလွဲခိုနေတော့သည်။ တောစပ်မှ ထွက်မိလိုက်သည့်အချိန်တွင် ကွင်းပြင်ကြီးကိုတွေ့လိုက်ရသည်။ ကွင်းပြင်အနီးတွင် ယာခင်းများကိုတွေ့ရပြီး ဟိုးအဝေးတွင်တော့ သူတို့မြေဇုံရွာကလေးကို ခပ်ရေးရေးမြင်နေလေရသည်။ ထိုအနီးအနားရှိ သစ်ပင်တစ်ပင်အောက်မှာပင် နွားလှည်းက ရပ်တန့်လျှက်ရှိနေသည်။

 

ကိုဘခက်လည်း နွားလှည်းပေါ်သို့ပြေးတက်လိုက်သည်။ ကျန်သူများလည်း တောအုပ်ခင်တန်းအတွင်းမှ ပြေးထွက်ကာ နွားလှည်းပေါ်သို့တက်လိုက်ကြသည်။ နွားလှည်းပေါ်ရောက်သည့်အခါ ကိုဘခက်က နွားဝါနှစ်ကောင်အား ရွာဆီသို့သွားရန်အတွက် မောင်းနှင်လိုက်တော့သည်။ ထိုတော့မှ လှည်းပေါ်မှလူများမှာ သဘက်ကြိးအားသတိရပြီး လှည့်ကြည့်ကြသည့်အခါ သဘက်ကြီးမှာ သစ်ပင်ထိပ်ဖျားပေါ်တွင်တက်နေကာ သူတို့အားလက်ပြနှုတ်ဆက်နေသည်ကိုတွေ့ရသည်။ အတော်ဝေးဝေးရောက်သည့်အခါမှသာ သဘက်ကြီးမှာ ခင်တန်းအတွင်းသို့ ပြန်လည်ခုန်ပေါက်ဝင်ရောက်သွားလေတော့သည်။

 

လှည်းပေါ်တွင် လိုက်ပါလာရင်း အဘထွေးက အဘညိုအားကြည့်ကာ

 

“ကဲ ဘညို၊ ခင်ဗျားယုံပြီလား”

 

အဘညိုဘာမှမပြောနိုင်ဘဲ ခေါင်းကိုဖြေးညှင်းစွာညိတ်သည်။

 

“ခင်ဗျားပြောတော့ သရဲတစ္ဆေဆိုတာ လူတွေကို မကူညီနီုင်ပါဘူးဆို”

 

အဘညိုက မျက်နှာငယ်ဖြင့်

 

“ဟုတ်ပါတယ်ကွာ၊ ဒါပေမယ့် အခုငါတို့ကို ကယ်ခဲ့တာ သဘက်ဆိုကွ၊ ငါပြောတာက သရဲတစ္ဆေက လူကိုမကူညီဘူးလို့ပြောတာလေ၊ သဘက်က မကူညီဘူးလို့ပြောတာမှမဟုတ်တာကွ”

 

အဘညိုစကားကြားပြီးသည့်အခါ အဘထွေးတစ်ယောက် ဒေါပွသွားလေသည်။

 

“အောင်မာ၊ ခင်ဗျားက ဒီလောက်ကိုယ်တွေ့ကြုံလာရတာတောင်မှ မယုံသေးတာလား”

 

“ငါယုံပါပြီ ဘထွေးရ၊ သဘက်တွေက လူကိုကူညီတယ်ဆိုတာ ယုံပါပြီ၊ ဒါပေမယ့် သရဲတစ္ဆေကူညီတာ ကြုံမှမကြုံသေးတာကွ၊ ဒီတော့ ငါ့စကားက အခုအချိန်အထိ မှန်နေဆဲပါပဲကွာ”

 

“ဟာ၊ ဟေ့လူ ငညို၊ ခင်ဗျားက နောက်ဆုံးအချိန်အထိ စကားကိုကပ်သပ်ပြောနေတာပဲဗျ”

 

အဘထွေးက အဘညိုထံသို့ ခုန်အုပ်လိုက်လေတော့သည်။ သို့နှင့်အဘညိုနှင့် အဘထွေးမှာ လှည်းပေါ်တွင်ပင်တစ်ချီတစ်မောင်း နပမ်းလုံးကြပြန်တော့သည်။ ယခုအခါတွင်တော့ မည်သူမှမဆွဲတော့၊ ဖိုးခက်နှင့်ရွှေမိက ကြည့်ကောင်းကောင်းနှင့်ကြည့်နေကြသလို ကြီးဒေါ်ရင်တစ်ယောက်ကတော့ တခွီးခွီးနှင့်ရယ်လေတော့သည်။ အဘပြုံးပင်လျှင် မပြုံးတော့ဘဲ ဝါးလုံးကွဲအောင်အော်ဟစ်ရယ်မောရင်း ရွာသို့ပြန်ဝင်ခဲ့ကြလေသည်။

 

ပြီးပါပြီ။

 

(ကိုယ်တွေ့အဖြစ်အပျက် ပြောပြပါသော မကွေးမြို့နေ ဦးဖိုးခက်အား အထူးကျေးဇူးတင်လျှက်)

 

#အဂ္ဂဇော် #ဖြစ်ရပ်မှန် #သရဲ #စုန်း