မင်းအောင်နှင့်လိပ်ပြာနှုတ်သူ

မင်းအောင်နှင့်လိပ်ပြာနှုတ်သူ(စ/ဆုံး)

———————————–

ငပုတောရွာ၏ ရွာစပ်တွင်ရှိသော ဖုန်းဆိုးတော၌ လူနှစ်ယောက်အလုပ်ရှုပ်နေကြသည်။ တစ်ဦးမှာအမျိုးသမီးကြီးဖြစ်ပြီးကျန်တစ်ဦးမှာ လူရွယ်လေးတစ်ယောက်ဖြစ်သည်။ အမျိုးသမီးကြီးက နဖူးမှချွေးစက်များကိုတံဘက်ဖြင့်သုတ်ရင်း

 

” သားရေ တောနက်ထဲထိရောက်အောင် မသွားနဲ့နော် ”

 

” ဟုတ်ကဲ့ပါအမေ…သား ဒီနားကအပင်တွေကိုပဲ ခုတ်နေတာဗျ ”

 

” အေးပါသားရယ် အမေကစိတ်ပူလို့ပြောတာပါ ”

 

ဟုလူရွယ်ကိုစိတ်ပူစွာဆိုလေသည်။

 

မလှမေတစ်ယောက်လည်း မိချောင်းအန်ဖတ်အပင်များအား ခုတ်ယူနေသော သားဖြစ်သူမောင်ချစ်လူကိုကြည့်ရင်း မျက်ဝန်းအိမ်ထက်က မျက်ရည်ပူများလျှံထွက်လာကာ ပါးပြင်ထက်သို့ စီးကျလာ၏။ အဘယ့်ကြောင့်ဆိုသော် မောင်ချစ်လူ လသားအရွယ်ကပင် မိမိခင်ပွန်းဖြစ်သူ ကိုတင်မောင်မှာ ပိုးထိကာဆုံးပါးသွားလေသည်။ ထိုအချိန်မှစ၍ မလှမေတစ်ယောက်လည်း လသားအရွယ် မောင်ချစ်လူအား ရင်ဝယ်ပိုက်ကာ လောကဓံလှိုင်းလုံးတို့၏ ရိုက်ခတ်မှုများအား ရင်ဆိုင်ခဲ့ရလေသည်။ တံခွန်မရှိသောဘုရား လင်မရှိသောမယား မတင့်တယ်ဟု ဆိုသလို မုဆိုးမဖြစ်သောမိမိအား ရွာထဲရှိကာလသားများမှ အမျိုးမျိုးသွေးတိုးစမ်းလေသည်။ မလှမေလည်း အသက်၃၅ဝန်းကျင်သာရှိသေးသည့်အမျိုးသမီးဖြစ်သဖြင့် နောက်အိမ်ထောင်ပြုမ်ါဆိုပါက ပြုနိူင်လေသည်။ သို့ပေမဲ့ မိမိကိုယ်တိုင် ကိုးလလွယ်၍ ဆယ်လဖွားထားသော သားဖြစ်သူ မောင်ချစ်လူအား ပထွေး၏နှိပ်စက်ခြင်းများကို ခံရမည်စိုးသဖြင့် နောက်အိမ်ထောင်မပြုပဲ သားဖြစ်သူနှင့်အတူ ဘဝကိုခက်ခဲစွာ ဖြတ်သန်းခဲ့ရလေသည်။ မလှမေ၏အလုပ်သည်ကား မိချောင်းအန်ဖတ်အပင်များအား ရှာဖွေခုတ်ယူပြီး အခြောက်ခံကာ ပရဆေးဆိုင်များသို့ ရောင်းချရလေသည်။ ၎င်း အလုပ်နှင့်သာ အသက်မွေးဝမ်းကျောင်းပြုရလေသည်။ မောင်ချစ်လူသည်ကား အသက်ပင် ၁၄နှစ်ထဲသို့ ရောက်ရှိလာလေသည်ဖြစ်ရာ မလှမေ၏ရင်ထဲ၌ သားဖြစ်သူအား ကိုရင်စည်းပေးရန်အတွက် ရည်မှန်းချက်ရှိလေသည်။ သို့ပေမဲ့ တစ်နေ့လုပ်မှတစ်နေ့စားရသောဘဝမို့ ၎င်းရည်မှန်းချက်များ မပြည့်နိုင်သေးချေ။ မိမိရဲ့အဖြစ်ကို တွေးတောနေစဉ်အခိုက်

 

” အမေ အမေ ”

 

ဟုခေါ်သံကြောင့် အတွေးစများ ပျက်သွားကာ မိမိ၏မျက်ရည်စများအား ညာဘက်လက်ဖမို့းဖြင့် သုတ်လိုက်ကာ

 

” သား ဘာဖြစ်လို့လည်း ”

 

” အမေ ငိုနေတာလားဟင် ”

 

” မငိုပါဘူးသားရယ် အမေကဘာဖြစ်လို့ငိုရမှာလဲ ”

 

” အမေက မငိုဘူးလို့တာပြောနေတာ… အမေ့မျက်လုံးထဲမှာလည်း မျက်ရည်စတွေနဲ့ ”

 

” သြော် ဒါလား… အမေမျက်လုံးထဲကို အမှုန့်ဝင်သွားလို့ပါသားရယ် ”

 

” ဒါဆိုလည်းပြီးရော… ညနေစောင်းနေပြီအမေရ သားတို့ပြန်ကြရအောင်လေ ”

 

” အေးပါကွယ်… သားပြန်ချင်နေပြီဆိုလည်း အမေတို့ပြန်ကြတာပေါ့ကွယ် …”

 

” ဟုတ်ကဲ့အမေ ”

 

မောင်ချစ်လူသည်လည်း အိမ်ပြန်ရတော့မည်ဆိုသဖြင့် ဝမ်းသာသွားကာ ခုတ်ထားသော မိချောင်းအန်ဖတ်အပင်များအား ကြိုးဖြင့်ချည်နှောင်ကာ ထုံးလိုက်ပြီးနောက် တံပိုးဖြင့်လျှိုကာ ထမ်းလိုက်လေသည်။ ကျန်အထုံးများကိုကား မလှမေတစ်ယောက်

ဦးခေါင်းအထက်သို့မတင်ကာ ရွက်လာလိုက်လေသည်။

ဤသို့ဖြင့် ဖုန်းဆိုးတော၏အထွက် ကုက္ကိုလ်ပင်ကြီးအောက်သို့ ရောက်သောအခါ မောင်ချစ်လူလည်း အပေါ့သွားချင်လာသဖြင့် မတ်တပ်ရပ်ကာ အပေါ့သွားလိုက်လေသည်။ထိုအချိန်၌ …

 

” ဘုတ်…”

 

ဆိုသောအသံသည် ပေါ်ထွက်လာ၏။ မောင်ချစ်လူ စိတ်ထဲ၌လည်း.

 

” အပင်ပေါ်က ဘာများပြုတ်ကြတာပါလိမ့် ”

ဟုတွေးလိုက်ပြီးနောက် မိခင်ဖြစ်သူနဲ့အတူ အိမ်သို့ပြန်လာခဲ့လိုက်လေသည်။ အိမ်ရောက်သောအခါ ရေမိုးချိုးလိုက်ပြီး မိခင်ဖြစ်သူပြင်ပေးထားသောထမင်းဝိုင်းလေး၌ သားမိနှစ်ယောက် ထမင်းလက်စုံစားလိုက်လေသည်။ ထို့နောက် မောင်ချစ်လူလည်း စောစောပင်အိပ်ရာဝင်ခဲ့လေသည်။ ညဉ့်သန်းခေါင်ယံအချိန်၌ မောင်ချစ်လူတစ်ယောက် အပေါ့သွားချင်လာသဖြင့် အိပ်ယာမှထလိုက်ပြီး အိပ်ပေါ်မှဆင်းကာ နောက်ဖေးဘက်သို့အသွား

 

” အူး….ဝူး….ဝူး… ”

 

ဆွဲငင်သောခွေးအူသံများ ထွက်ပေါ်လာ၏။၎င်းခွေးအူသံများကြောင့် မောင်ချစ်လူတစ်ယောက် ကြက်သီးများပင် ထလာလေသည်။သို့ပေမဲ့ အပေါ့သွားချင်နေသဖြင့် ရေအိမ်ရှိရာဆီသို့အသွား

 

” ကောင်လေး ငါနဲ့လိုက်ခဲ့…ငါနဲ့လိုက်ခဲ့ ”

 

ဟု ခြောက်ကပ်အက်ကွဲသောအသံကြီးတစ်ခု ပေါ်လာ၏။ ၎င်း အသံထွက်လာရာဆီသို့ မောင်ချစ်လူ လှည့်ကြည့်လိုက်သောအခါ အင်မတန် အကျည်းတန်ရုပ်ဆိုးသော မိန်းမကြီးတစ်ဦးအား တွေ့လိုက်ရ၏။ ထိုအခါ ၎င်းမိန်းမကြီးမှ ရီပြကာ

 

” ကောင်လေး.. လာ ..ငါနဲ့လိုက်ခဲ့ ”

 

ဟုပြောကာ မောင်ချစ်လူရဲ့လက်အား သူမ၏အေးစက်နေသောလက်ဖြင့် လာဆွဲခေါ်လေသည်။ထိုအခါ …

 

” မလိုက္ဘူး… မလိုက္ဘူး ”

 

ဟုအော်ကာ ထိုနေရာ၌ပင် သတိလစ်သွားလေသည်။ မလှမေတစ်ယောက်လည်း သားဖြစ်သူရဲ့ အော်သံကြားလိုက်ရသဖြင့် အိပ်ယာမှနိုးထလာကာ အသံကြားရာဘက်သို့ ပြေးဆင်းလာလေသည်။ အိမ်နောက်ဖေးဘက်သို့ရောက်သော် မလှမေ၏ရင်ထဲ၌ ဆို့တက်သွား၏။ အဘယ်ကြောင့်ဆိုသော် မြေပြင်ထက်တွင် လဲကျနေသော သားဖြစ်သူအား တွေ့လိုက်ရသောကြောင့်ပင် ဖြစ်လေသည်။ထို့နောက် မလှမေလည်း သားဖြစ်သူအနားသို့ ပြေး၍သွားကာ ထွေးပွေ့ထားလိုက်ပြီး…

 

” သားရေ … သားမောင်ချစ်လူ ”

 

” အမေခေါ်နေတယ်လေ… သားရေ…သား ”

 

မလှမေ၏ အော်ခေါ်သံကြောင့် မောင်ချစ်လူလည်း သတိရလာကာ

 

” မလိုက်ဘူး… မလိုက်ဘူး.. ငါ့အနားမလာနဲ့ ”

 

” သားရေ ..သား..သတိထားအုံးလေကွယ်… အမေလေ သားရဲ့ ”

 

” အမေ သားကို…ဟို…ဟို..မိန်းမကြီး အတင်းလာခေါ်နေတယ်ဗျ… သူ့ရုပ်ကြီးကကြောက်စရာကြီး …ဟီး…ဟီး..ဟီး.. ”

 

” အမေ့သားလေးကို ဘယ်သူကလာခေါ်နေတာလည်း ”

 

” ဟိုမှာလေအမေရဲ့ … ဆံပင်စုတ်ဖွားကြီးနဲ့ မိန်းမကြီးလေ… သားကိုလာခေါ်နေတာ “.

 

မလှမေတစ်ယောက်လည်း သားဖြစ်သူလက်ညိုးထိုးပြသော နေရာသို့ကြည့်လိုက်ပြီး…

 

” ဘာမှမရှိပါဘူး သားရဲ့… လာအိမ်ပေါ်တက်ရအောင် ”

 

ဟုဆိုပြီး မောင်ချစ်လူအား ပွေ့ထူကာအိမ်ပေါ်သို့တက်လာလိုက်သည်။ ထို့နောက် မလှမေလည်း ဘုရားသောက်တော်ရေကို စွန့်လိုက်ကာ သားဖြစ်သူအား တိုက်လိုက်လေသည်။ မောင်ချစ်လူသည်လည်း ထိုရေအားသောက်လိုက်ပြီးသောအခါ၌ ကြောက်စိတ်များပင် ပြေလျော့လာကာ မိခင်၏ရင်ခွင်အတွင်း၌ အိပ်ပျော်သွားလေသည်။ ဤသို့ဖြင့် မနက်မိုးသောက်အလင်းရောက်သော် မောင်ချစ်လူသည် ညကကြုံတွေ့ရသောအဖြစ်အပျက်တို့ကြောင့် လန့်ဖျား ဖျားလေသည်။ မလှမေလည်း သားဖြစ်သူအတွက်စိုးရိမ်ကာ…

 

” သား ”

 

” ဗျာ အမေ ”

 

” သားအတွက် အမေဆေးဆရာသွားပင့်လိုက်အုံးမယ်နော်… သားအိပ်ယာထဲမှာပဲလဲနေ သိလား..အမေမကြာခင် ပြန်လာခဲ့မယ်နော် ”

 

” ဟုတ်ကဲ့ပါ အမေ ”

 

မလှမေတစ်ယောက် ဆေးဆရာပင့်ရန်အတွက် ရွာထဲသို့ထွက်သွားလေသည်။ ခနအကြာတွင် မလှမေနှင့်အတူ ဆေးဆရာဦးဘငွေလည်း ပါလာ၏။ ထို့နောက် ဦးဘငွေလည်း..

 

” လှမေ နင့်သားက ဘယ်လိုဖြစ်ပြီးဖျားတာလည်း ”

 

” ဆရာကြီးရယ် ဖြစ်ပုံက…..အဲလိုဖြစ်ပြီးဖျားတာပါပဲ ”

 

မလှမေလည်း ဆေးဆရာဦးဘငွေအား မောင်ချစ်လူလေးဖြစ်ပုံကို အကြောင်းစုံရှင်းပြလိုက်လေသည်။ ထိုအခါ ဦးဘငွေလည်း ချစ်လူလေးရဲ့ နှဖူးအားစမ်းလိုက်ပြီး …

 

” မလှမေ နင့်သားအတွက် အဖျားပျောက်ဆေးနဲ့ သည်းခြေအားဆေးပေးခဲ့မယ်… ငါပေးတဲ့ဆေးတွေကို ရေနွေးကြမ်းနဲ့ …မနက်တစ်ကြိမ် နေ့လည်တစ်ကြိမ် ညတစ်ကြိမ် ဆေးတိုက်ပေး ကြားလား ”

 

” ဟုတ်ကဲ့ပါဆရာကြီး… ဒါနဲ့ဆေးကိုရေနွေးအပူနဲ့တိုက်ရမှာလား ”

 

” မဟုတ်ဘူးဟ… ဆေးကိုရေနွေး ခပ်နွေးနွေးအနေအထားနဲ့ပဲတိုက်ရမှာ…ရေနွေးမတရားပူသွားရင် ဆေးကျက်သွားလိမ့်မယ်…ဒါနဲ့.နင့်သားကို လိပ်ပြာလေးဘာလေး ပြန်ခေါ်ပေးလိုက်ရင် ကောင်းမယ်ထင်တယ်…ကလေးက လန့်ပြီးဖျားတာဟ ”

 

” ဟုတ်ကဲ့ပါဆရာကြီး… ကျမ ညနေကြရင် ဒေါ်စောကိုပင့်ပြီး လိပ်ပြာခေါ်လိုက်မယ်လေ ”

 

” အေး..အေး.. ဒါဆိုငါပြန်အုံးမယ် ”

 

” ခနနေပါအုံးဆရာကြီးရယ် ဆေးဖိုးလေးကန်တော့ပရစေအုံး ”

 

ဆိုပြီး မလှမေလည်း အဝတ်များထည့်ထားသော သံသေတ္တာအတွင်းရှိ လုံချည်ခေါက်ကြားတွင် အကျအနသိမ်းထားသော ငွေစက္ကူတစ်ချို့ကိုယူလိုက်ပြီး ဦးဘငွေအားဆေးဖိုးအဖြစ် ကန်တော့လိုက်လေသည်။ ထို့နောက်

 

” သားရေ ..ထ ..ထ ….ဆေးသောက်ရအောင် ”

 

” မသောက်ခြင်ဘူး ..အမေဆေးတွေကခါးမှာ ”

 

” သားရယ် မင်းဆေးသောက်မှ နေမကောင်းတာပျောက်မှာပေါ့… အမေ့သားက လိမ္မာပါတယ်နော် ”

 

ဆိုပြီး သားဖြစ်သူအား ဆေးများကိုချော့မော့၍ တိုက်လိုက်လေသည်။ ထို့နောက် မလှမေလည်း နတ်ကတော်ဒေါ်စောအား အိမ်သို့ပင့်ရန်အတွက် ရွာထဲသို့ထွက်လာခဲ့လိုက်သည်။ အိမ်မှာကျန်ခဲ့သော သားဖြစ်သူအား စိတ်ပင်မချပေ။ အမေတစ်ခုသားတစ်ခုဘဝမို့ သားအမိနှစ်ယောက်ပေါင်းမှ တစ်ဘဝဖြစ်လေသည်။ သို့ဖြစ်ပါသောကြောင့် မောင်ချစ်လူ နေမကောင်းဖြစ်သည်မှာ မလှမေရင်ထဲ၌ ဗလောင်ဆူလေသည်။

 

” ဒေါ်စောရေ ..ဒေါ်စော …ဒေါ်စောရှိလားရှင့် ”

 

” ရှိတယ်ဟေ့ ဘယ်သူလည်း …အိမ်ပေါ်တက်ခဲ့လေ ”

 

” မလှမေလေ… ဒေါ်စောရဲ့ ”

 

” သြော် ..မလှမေကို…. ဒါနဲ့ညည်းငါ့ဆီလာတာ ဘာကိစ္စလည်း ”

 

” ဒီလိုပါဒေါ်စော ကျမသားလေးကို လိပ်ပြာပြန်ခေါ်ပေးချင်လို့ပါ ”

 

” ဒါနဲ့.. နေစမ်းပါအုံး… ညည်းသားက ဘာဖြစ်လို့လိပ်ပြာပြန်ခေါ်ရမှာလည်း ”

 

” အဒေ့ါ်တူလေ ညကဘာတွေများမြင်သွားလည်းမသိဘူး… ကယောင်ကတန်းတွေပြောပြီး သတိလစ်သွားတာ..မနက်လည်းကြရော ဖျားပါလေရော.. မနက်ကတောင် ဆရာဦးဘငွေနဲ့ ခေါ်ပြရသေးတယ်… ”

 

” အဲဒီကြတော့ ဆရာဦးဘငွေက ဘာပြောလဲ ”

 

” ဆရာဦးဘငွေကတော့ ကလေးက လန့်ပြီးဖျားတာတဲ့ …လိပ်ပြာပြန်ခေါ်ပေးလိုက်ပါလို့ ပြောသွားတယ် ဒေါ်စောရေ ”

 

” အေး..အေး..အဲဒါဆိုလည်း ငါတခါထဲလိုက်ခဲ့မယ် ”

 

မလှမေလည်းဒေါ်စောအား အိမ်သို့ပင့်လာခဲ့လိုက်သည်။ အိမ်ရောက်သောအခါ ဒေါ်စောလည်း

 

” မလှမေ ငါ့ကို ကြက်ဥပြုတ်တစ်လုံးရယ် ယောင်းမတစ်လက်ရယ် အပ်ချည်လုံးရယ် ပေးစမ်းပါ ”

 

” ဟုတ်ကဲ့ ဒေါ်စော ”

 

ထို့နောက် ဒေါ်စောလည်း လိပ်ပြာခေါ်ခြင်းလုပ်ငန်းအား စတင်လိုက်လေသည်။ လက်တစ်ဖက်၌ ကြက်ဥအားကိုင်ကာ ကျန်လက်တစ်ဖက်၌ ယောင်းမအားကိုင်လိုက်ပြီး ၎င်းယောင်းမဖြင့် ကြက်ဥအားရိုက်ကာ

 

” မောင်ချစ်လူလေးရဲ့… လိပ်ပြာရယ်… လာ..လာ… လိပ်ပြာလေးရယ်..လာ..လာ ”

 

ဟု သုံးကြိမ်ပြောကာ ခေါ်လိုက်ပြီးနောက် အပ်ချည်ကြိုးလေးအား မောင်ချစ်လူ၏ လက်ကောက်ဝတ်၌ ချည်ပေးလိုက်လေသည်။

 

” လှမေ ရော့…ဒီကြက်ဥကို ညည်းသားကို ကြွေးလိုက် ”

 

” ဟုတ်ကဲ့ ဒေါ်စော ”

 

မလှမေလည်း ဒေါ်စောပေးသော ကြက်ဥပြုတ်အား သားဖြစ်သူအား ကျွေးလိုက်လေသည်။ ထို့နောက် ဒေါ်စောအား ဆန်တစ်ပြည်နှင့်ဆီတစ်ပုလင်းအား ကန်တော့လိုက်လေသည်။ ဤသို့ဖြင့် မောင်ချစ်လူ၏ ကျန်မာရေးသည် ပြန်လည်ကောင်းမွန်လာလေသည်။ နေပြန်ကောင်းလာသော သားသူဖြစ်သူအားကြည့်ကာ မလှမေတစ်ယောက် ရင်တွင်း၌ လှိုက်လှဲစွာဝမ်းသာမိ၏။ ဤလောက တစ်ခွင်၌ ပြေးကြည့်မှ မိမိမှာခင်တွယ်စရာ အားထားရာဆိုလို့ ဒီသားလေးတစ်ယောက်သာ ရှိသည်မဟုတ်ပါလား။

 

နေ့တစ်နေ့၏ညတစ်ည၌….

 

” မလာနဲ့… မလာနဲ့.. သားမလိုက်နိုင်ဘူး.. သားအမေနဲ့ပဲနေမှာ… ”

 

” သား မောင်ချစ်လူ… ဘာဖြစ်လို့လည်း… သားဘာတွေပြောနေတာလည်း ”

 

” အမေ… သားကိုဟိုမိန်းမကြီး လာပြန်ခေါ်နေပြန်ပြီ…သူ့ရုပ်ကြီးက ကြောက်စရားကြီးဗျ…သားကို ကယ်ပါအုံး အမေရယ်…သားကြောက်လို့ပါ..ဟီ…ဟီး……ဟီး ”

 

” သားမကြောက်နဲ့… အမေရှိတယ်… သားသတိထားအုံးလေ.. သား..သတိထားအုံးလေ.. သား….”

 

မောင်ချစ်လူလေးတစ်ယောက်… အိမ်ရှေ့အား လက်ညှိုးထိုးကာ မျက်ဖြူများလန်၍ သတိလစ်သွားလေသည်။ ထိုအချိန်၌ မလှမေလည်း

 

” အမယ်လေး.. လုပ်ကြပါအုံးရှင်…ကျမသားလေးဘာဖြစ်သွားလည်းမသိဘူး..ကယ်ကြပါအုံးရှင်…”

 

မလှမေအော်သံကြောင့် အိမ်နီးနားပတ်ဝန်းကျင်မှ လူများရောက်လာပြီး

 

” မလှမေ … ခဗျားသားက သတိလစ်သွားတာပဲ ”

 

” ခြေမချိုး ..ခြေမချိုးကြ ”

 

” ခလေးက သတိပြန်မလည်ဘူး… ဒီအတိုင်းဆိုမဖြစ်ဘူး.. မြို့ဆေးရုံပို့မှရမယ် ”

 

” သာမောင်… မင်းစောင်ကိုယူပြီး ပုခတ်လုပ်လိုက် ”

 

” အေး… ထွန်းအောင်… ငါပုခက်လုပ်လိုက်မယ်.. မင်းကလေးကို ကြည့်ထား ”

 

မလှမေရဲ့ တဲအိမ်လေး၌ ဆူညံပွက်လောရိုက်သွားလေသည်။ ထို့နောက် မောင်ချစ်လူလေးအား စောင်ပုခက်အတွင်းသို့ထည့်ကာ ဝါးလုံးဖြင့်လျှိုထမ်းလိုက်ပြီး ညတွင်းချင်းပင်မြို့ဆေးရုံသို့ ပို့ဖို့လုပ်လိုက်လေသည်။ မလှမေလည်း မောင်ချစ်လူလေးအား ရှင်ပြုပေးရန်အတွက် စုထားသော မြေအိုးစုဗူးလေးအား ” ခွပ် “အသံနဲ့အတူ ခွဲလိုက်လေသည်။ စုဗူးအတွင်းမှ ငွေစက္ကူလေးများသည်လည်း ကြမ်းပြင်ပေါ်သို့ ပြန့်ကျဲလာလေသည်။ ၎င်း ငွေစက္ကူများအား မလှမေတစ်ယောက် တုန်ရီနေသောလက်များဖြင့် ကောက်ယူလိုက်၏။ ရင်တွင်း၌လည်း ဝမ်းနည်းစိတ်များဖြစ်ပေါ်လာပြီး မျက်ရည်စက်များပင် တစ်ပိုးပိုး တစ်ပေါက်ပေါက် ကျလာလေသည်။ အဘယ့်ကြောင့်ဆိုသော် သားဖြစ်သူ သေရေးရှင်ရေးဖြစ်နေသည်က တစ်ကြောင်း… သားဖြစ်သူအား ရှင်ပြုပေးရန်အတွက်စုဆောင်းထားသော ငွေကြေးများအား သုံးလိုက်ရသည့်အတွက် ရှင်ပြုရန်ရည်ရွက်ချက်မှာ ပျက်ပျယ်သွားသည် မဟုတ်ပါလား။

ဤသို့ဖြင့် အိမ်နီးပတ်ဝန်းကျင်တွေရဲ့ ကောင်းမှုကြောင့် မောင်ချစ်လူလေးအား ဆေးရုဤသို့ဖြင့် အိမ်နီးပတ်ဝန်းကျင်တွေရဲ့ ကောင်းမှုကြောင့် မောင်ချစ်လူလေးအား ဆေးရုံသို့ အခက်အခဲမရှိ ပို့နိုင်ခဲ့လေသည်။

 

” အမကလေးက ဖျားသွေးဦးနှောက်ထဲရောက်သွားတာဗျ.. အန္တာရယ်သိပ်များတယ် ”

 

” ရှင်… ဆရာရယ် ကျမသားလေးကို ကယ်ပေးပါနော်… ကျမတောင်းပန်ပါတယ် ကယ်ပေးပါ..ရှင်… ”

 

ဟုပြောကာ မလှမေလည်း ဆရာဝန်ခြေထောက်အား ပြေးဖက်ကာပြောလိုက်လေသည်။

 

” အမကြီး စိတ်ထိန်းပါဗျာ… ကျွန်တော်တို့ဘက်က အတတ်နိုင်ဆုံးကြိုးစားပေးပါ့မယ် ”

 

” မလှမေရယ် စိတ်ထိန်းပါဟာ.. နင့်သားကပြန်ကောင်းသွားမှာပါ…ငါတို့လည်းရှိတာပဲဟာကို ဘာမှအားမငယ်ပါနဲ့ ..”

 

မလှမေနဲ့အတူလိုက်လာသော အိမ်နီးနားခြင်းများမှ နှစ်သိမ့်လိုက်လေသည်။ မလှမေလည်း သားဖြစ်သူအားကြည့်ကာ ရင်ထဲ၌ဝမ်းနည်းစိတ်များ လှိုက်တက်လာကာ…

 

” သားရယ်… သားအစား အမေပဲဖြစ်လိုက်ချင်တယ်ကွယ်… ဟီး.. ဟီး… ”

 

ဟုငိုကြွေးလေသည်။ ဤသို့ဖြင့် မောင်ချစ်လူသည်လည်း သတိရတစ်ချက် မရတစ်ချက်ဖြင့် ဆေးရုံတွင်ရောက်ရှိနေသည်ကား ၇ရက်ပင်ရှိလေသည်။ ဆေးရုံတက်ခါစက ဖောင်းကားနေသောမလှမေ၏

ပိုက်ဆံအိတ်လေးမှာလည်း ယခုမူ ပြားချပ်သွား၏။ ၎င်းပိုက်ဆံအိတ်အား မလှမေတစ်ယောက် ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီး တွေးတောနေစဉ်အခိုက်..

 

” အဟွတ်.. ”

 

သတိပေးချောင်းဟန့်အသံနှင့်အတူ ဆရာဝန်ရောက်လာလေသည်။ထိုအခါ..

 

” ဆရာ… ကျမသားလေးအခြေနေ ဘယ်လိုရှိလည်းဆရာ… ”

 

” ပြောရမှာတော့ စိတ်မကောင်းပါဘူးဗျာ… အမကြီးသားရဲ့အခြေနေက ပြန်ကောင်းလာဖို့ကို မျှော်လင့်ချက်က ၅၀ရာခိုင်နှုန်းပဲရှိတယ်… ငွေတတ်နိုင်တယ်ဆိုရင်တော့ ဆေးရုံမှာဆက်ထားစေချင်တယ်… ကျွန်တော်တို့လည်း တက်နိုင်သလောက်ကြိုးစားပေးထားပါတယ် ”

 

” ရှင် ”

 

ဆိုသောအသံနဲ့အတူ မလှမေတစ်ယောက် သတိလစ်၍ လဲကျသွားလေ၏။

 

” အမကြီး.. အမကြီး… အမသတိထားအုံးလေ ”

 

ဆရာဝန်ရဲ့ လှုပ်နှိုးမှုကြောင့် မလှမေတစ်ယောက် သတိပြန်လည်လာ၏။

ထို့နောက်…

 

” ဆရာရယ် ကျမသားလေးကို ရအောင်ကယ်ပေးပါနော် …”

 

 

” အမကြီးရယ်….စိတ်မကောင်းပါဘူးဗျာ… ”

 

ဟုသာပြောပြီး ဆရာဝန်လည်း ထိုအခန်းထဲမှထွက်သွားလေသည်။ ထို့နောက် မလှမေလည်း မိမိအခြေနေအား နားလည်လိုက်၏။ ဆေးရုံဟူသည် ငွေရှင်ကြေးရှင်တို့အဖို့ ရောဂါများကုသရာ နေရာဖြစ်သော်လည်း မရှိဆင်းရဲသားများအဖို့ လောကငရဲပမာ ပူပင်သောက များရသောနေရာပင် ဖြစ်လေသည်။ ဆေးရုံ၌ ငွေကြေးမပြည်စုံလျှင် ရောဂါဖြစ်နေသောလူနာအား သေဖို့ကို ထိုင်စောင့်နေရသည့် အဖြစ်မျိုးများဖြင့် ကြုံဆုံရတတ်လေသည်။ ( ကျွန်တော်ပြောပြသည့် ဆေးရုံနှင့်ပတ်သက်၍ ကြုံရသည်များအား မရှိဆင်းရဲသားသူများအဖို့ ဆေးရုံတက်ကြည့်ပါက သိနိုင်သည် )

 

ထို့နောက် မလှမေလည်း မောင်ချစ်လူအား စောင်ပုခက်အတွင်းသို့ထည့်ကာ ဆေးရုံမှ ဆင်းလာလိုက်လေသည်။ မလှမေသည်လည်း ပုခတ်အတွင်း၌ ခွေခွေလေးသတိလစ်လျက်ပါလာသော သားဖြစ်သူအားကြည့်ကာ ရင်တွင်းနှလုံးအိမ်၌ တစ်ဆတ်ဆတိတုန်၍ နာကျင်လာလေသည်။ သားဖြစ်သူရဲ့အခြေနေမှာ မျှော်လင့်ချက်မဲ့နေသဖြင့် မိမိစိတ်ထဲ၌ ငါ့သားလေးသာ တစ်ခုခုဖြစ်သွားရင် ငါလည်းလူ့လောကထဲကနေ ထွက်သွားမယ်ဟု ဆုံးဖြတ်ချက်ချလိုက်လေသည်။

 

++++++++++++++++++++++++

 

မင်းအောင်တို့ဆရာတပည့်နှစ်ယောက်သည်လည်း ရှမ်းပြည်မှခရီးဆက်လာရာ အောက်ပြည်သို့ပင် ရောက်ရှိလာခဲ့ပေသည်။

 

” ဆရာ အခုပြန်လာရတဲ့အကြောင်းရင်းက ဘာကိစ္စလည်းဗျ ”

 

” အခုပြန်လာရတဲ့ အကြောင်းရင်းကတော့… ကလေးတစ်ယောက်ကိုကယ်ရမယ်လို့ အထက်ဆရာသခင်တွေက အမိန့်ရှိထားတယ် ပြည့်ဖြိုးရ ”

 

” အဲဒီကလေးက ဘယ်မှာနေတာလည်းဆရာ ”

 

” ဆရာသခင်တွေပြောတာတော့ ငပုတောကျေးရွာမှာ နေတယ်လို့ပြောတာပဲ.. နာမည်ကမောင်ချစ်လူတဲ့ တနင်္လာသားပေါ့ကွာ ”

 

” ဆရာ ..အဲဒီကလေးက ဘာဖြစ်တာလည်း ဟင် ”

 

” အဲဒါကတော့ ငါလည်းမသိသေးဘူးကွ…အဲဒီကလေးနဲ့တွေ့မှပဲ သိရမှာပြည့်ဖြိုးရေ ”

 

” သြော်.. ဟုတ်ကဲ့ပါဆရာ ”

 

ပြည့်ဖြိုးနဲ့မင်းအောင်လည်း စကားပြောပြီးလျှောက်လာရာ

 

” ဆရာ ရှေ့မှာဘာဖြစ်တာလည်းမသိဘူး ”

 

ကျွန်တော်လည်း ပြည့်ဖြိုးညွှန်ပြရာကိုကြည့်လိုက်တော့ စောင်ပုခက်အား ဝါးလုံးဖြင့်လျှိုထမ်းလာသော လူတစ်စုအား တွေ့လိုက်ရလေသည်။ ထိုအချိန်၌

 

” လူလေးကယ်တင်ရမှာ အဲဒီကလေးပဲကွဲ့ ”

ဆိုသောအသံသည် ကျွန်တော်၏နားစည်အတွင်းပိုင်းထဲသို့ တိုးညှင်းစွာဝင်ရောက်လာလေသည်။ အဲဒါနဲ့ ကျွန်တော်လည်း ၎င်းလူတစ်စုနားသွားလိုက်ပြီး ကျွန်တော်လည်း..

 

” နောင်ကြီးတို့ ခနရပ်ပါအုံး… ဒီကလေးနာမည်က မောင်ချစ်လူလား ”

 

လို့မေးလိုက်ရာ

 

” ဟုတ်ပါတယ်…ဒါနဲ့ ဒီကငါ့ညီတို့က ဘယ်လိုသိတာလည်း ”

 

” အဲဒါတွေနောက်မှ ရှင်းပြပါရစေ…ကလေးက အသက်အန္တာရယ်ရှိတယ် …အချိန်မီကယ်မှရမယ်ဗျ… ကလေးအုပ်ထိန်းသူကဘယ်သူလည်း ”

 

” အမက ဒီကလေးရဲ့အမေပါ…ဒီကငါ့မောင်တို့က ဆေးဆရာတွေလားဟင်… ”

 

” ဟုတ်ပါတယ်အမ … ကျွန်တော်တို့ကဆေးဆရာတွေပါ…နောက်ပြီး အထက်လမ်းပညာလည်း မတောက်တခေါက်တက်ပါတယ် ”

 

” သြော်..ဆရာလေးတွေကို… အမ သားလေးကို ကယ်ပေးလို့ရရင်ကယ်ပေးကြပါရှင်… ဆရာလေးတို့ရယ် အမတောင်းပန်ပါတယ် ”

 

” ရပါတယ်အမရယ်… အမသားကို ကျွန်တော်တို့ ရအောင်ကယ်ပေးမှာပါ…၇ရက်သားသမီးတွေကို ကယ်တင်ပေးဖို့က ကျွန်တော်တို့ တာဝန်ပါပဲဗျာ.”

 

ကျွန်တော်လည်း အဲဒီလိုပြောလိုက်ရော ကလေးအမေဆိုသူ၏မျက်နှာမှာ ဝင်းလက်တောက်ပသွားပြီး ခနအကြာတွင် ပြန်လည်ငြိုးငယ်သွားလေသည်။

 

” ဆရာလေးတို့ကို အမတစ်ခုတော့ ကြိုတင်တောင်းပန်ပါရစေ… အမမှာ ဆရာလေးတို့ဆေးကုပေးပြီးရင် ကန်တော့ဖို့ငွေကြေးမရှိဘူး…”

 

ဟုပြောကာ ထိုအမျိုးသမီး၏မျက်နှာမှာလည်း ညိုးငယ်သွားကာ မျက်ဝန်းအိမ်မှမျက်ရည်စများပင် ထွက်လာလေသည်။ထိုအခါ ကျွန်တော်လည်း

 

” အမရယ် အဲဒီအတွက်တော့မပူပါနဲ့ဗျာ… ကျွန်တော်တို့ဆရာတပည့်နှစ်ယောက်က ၇ရက်သားသမီးတွေကို မေတ္တာနဲ့ကုသကယ်တင်ပေးနေတာပါ..အသပြာဆရာတွေ မဟုတ်ပါဘူးဗျာ.. ”

 

” ကျေးဇူးတင်လိုက်တာ ဆရာလေးတို့ရယ်… အမသားလေးကို ကယ်ပေးပါနော် ”

 

” ဟုတ်ကဲ့ပါအမ… ကျွန်တော်တို့ကယ်တင်ပေးမှာပါ… ဒါနဲ့အမအိမ်ရောက်ဖို့က ဝေးသေးလား… ဒီနေရာမှာဆေးကုဖို့က သိပ်အဆင်မပြေလို့ ”

 

” မဝေးတော့ဘူးဆရာလေး ရှေ့နားဆိုရောက်ပြီ ”

 

” ကောင်းပါပြီဗျာ ဒါဆိုလည်းသွားကြတာပေါ့ ”

 

မလှမေလည်း မင်းအောင်တို့ဆရာတပည့်နှစ်ယောက်အား မိမိအိမ်သို့တစ်ပါတည်းပင့်လာလိုက်လေသည်။ ဤသိုဖြင့်ခနာအကြာတွင် မလှမေအိမ်ရှိရာသို့ ရောက်လာခဲ့လေ၏။

 

” ဆရာလေးတို့ ဒါအမအိမ်ပဲ အိမ်ပေါ်ကိုကြွကြပါ ”

 

ကျွန်တော်တို့လည်း အိမ်ရှင်အမျိုးသမီးမှ အိမ်ပေါ်တက်ရန် ဖိတ်ခေါ်လိုက်သဖြင့် အိမ်ပေါ်သို့တက်လိုက်လေသည်။ ထို့နောက် ၎င်းအမျိုးသမီးခင်းပေးသော ဖျာ၌ထိုင်လိုက်ပြီး…

 

” အမသားရဲ့ အသက်နဲ့ခန္ဓာကိုယ်ကို ကျွန်တော်တို့ကို အပ်ပါသလား ”

 

” အပ်ပါတယ် ဆရာလေးတို့ရယ် ”

 

ဤသို့ဖြင့် ကျွန်တော်လည်းသုံးကြိမ်မေးလိုက်လေသည်။ ထို့နောက် ကျွန်တော်မှထိုအမျိုးသမီးအား

 

” အမက ဘာနေ့သမီးလည်း ”

 

” အမက ဗုဒ္ဓဟူးသမီးပါ… နာမည်ကတော့ မလှမေလို့ခေါ်ပါတယ် ဆရာလေး… ”

 

” ဟုတ်ကဲ့အမ…”

 

ကျွန်တော်တို့လည်း မောင်ချစ်လူလေးကိုယ်စား မလှမေအား တည်ကုလိုက်တယ်။ အရေးပေါ်အခြေနေအရမို့ ပွဲပင်ပြင်ဆင်ချိန်မရလိုက်ပေ ။ မလှမေအား ဘုရားင်ရှေ့၌ ပုဆစ်တုပ်ထိုင်စေပြီး လက်အုပ်ချီခိုင်းထားလိုက်လေသည်။ထို့နောက် ဘုရားကျောင်းဆောင်၌ ဆီမီးတစ်တိုင်ပူဇော်လိုက်ပြီး မလှမေ၏လက်ယာ၊လက်ဝဲ၊ အနောက်တို့အား မီးစက်သုံးတိုင်ချလိုက်ပြီးနောက် ကျွန်တော်လည်း..

 

” ပဋ္ဌမံဂိုဏ်းမှ လက်ယာကိုးသိန်း လက်ဝဲကိုးသိန်း အဘဆရာသခင်များသည်လည်း သားတော် လူဆရာကြသပတေးသား၏ ဦးခေါင်း၌တည်ပါစေသား… အဘဆရာများစုံလင်စွာကြွရောက်ပြီးပါက အဘဆရာများထံသို့ တနင်္လာသားလေး၏ အသက်နှင့်ခန္ဓာအား အပ်နှံလှူတန်းပါ၏။ တနင်္လာသားလေးအား ပြုစားနှောက်ယှက်ခြောက်လန့်ထားသော ပုဂ္ဂိုလ်သည်လည်း ပဋ္ဌမံမီးစက်အတွင်းသို့ရောက်ရှိနေသော ဗုဒ္ဓဟူးသမီးကို၌ဝင်ရောက်ပူးကပ်ပါစေသား ”

 

လို့ ပြောလိုက်ရော မီးစက်အတွင်းမှပုဆစ်တုပ်ထိုင်နေသော မလှမေတစ်ယောက် သည် လက်နှစ်ဖက်အား တဖြောင်းဖြောင်းခက်ကာ ဝင်လာလေသည်။ ထိုအခါ ကျွန်တော်မှ

 

” မီးစက်မီးတောက်ဆရာကြီးများ ၎င်းပုဂ္ဂိုလ်အား မီးစက်မီးတောက်များဖြင့် ခေါင်းအစခြေအဆုံးချုပ်နှောင်ပေးပါ ”

 

ဟုပြောလိုက်ရာ မလှမေ၏လက်များသည်လည်း နောက်သို့ရောက်သွားကာ လက်ပြန်ကြိုးအတုပ်ခံရသလိုဖြစ်သွား၏။ကျွန်တော်လည်း

 

” နင်ဘယ်သူလည်း မှန်မှန်ဖြေစမ်း “ဟုမေးလိုက်ရာ

 

” ကျမနာမည်က မစိန်မြပါ… ဖုန်းဆိုးတောအဝင်အဝက ကုက္ကိုလ်ပင်ကြီးမှာနေတာပါ ”

 

” ခဗျားဘာလို့ ဒီတနင်္လာသားလေးကို အခုလိုနှောက်ယှက်ရတာလည်း ”

 

” ဒီလိုပါဆရာလေးတို့ရယ် ဒီကလေးက ကျမနေတဲ့အပင်အောက်မှာ သေးကိုမတ်တပ်ပေါက်လို့ ခြောက်လန့်လိုက်တာပါ ”

 

” ဒီလောက်လေးမှားယုံနဲ့ ခဗျားဘက်က အဲလောက်ထိလုပ်ဖို့လိုလား “ဟု ကျွန်တော်မှ ထပ်မေးလိုက်ရာ

 

” အစကတော့ ခြောက်လန့်ယုံပဲခြောက်မလို့ပါ… နောက်တော့ ကလေးကိုချစ်လို့ တစ်ခါထဲ ကျမစီကိုခေါ်ထားခြင်တာနဲ့ပဲ… လိပ်ပြာလာနှုတ်တာပါ ”

 

” ဒါ..ခဗျားအမှားကြူးလွန်တာပဲ … ခဗျားတောင်အခုလို မကျွတ်မလွတ်ဖြစ်နေတာကို…ဒီကလေးကိုခေါ်ပြီး ဒုက္ခပေးမလို့လား.. ခဗျားအခုဘဝမှာ စားရမဲ့သောက်ရမဲ့ဖြစ်နေတာလေ … ကလေးကိုပါခေါ်ပြီး ခဗျားရဲ့ဘဝဆိုးကြီးထဲမှာ နေခိုင်းမလို့လား … ခဗျားရော ဒီဘဝကမကျွတ်လွတ်ခြင်ဘူးလား ”

 

ကျွန်တော်လည်း ထိုသို့မေးလိုက်တော့ မလှမေထံဝင်ရောက်ပူးကပ်နေသော မစိန်မြတစ်ယောက် ခေါင်းငိုက်စိုက်သွားကာ…

 

” ကျမ မှားသွားပါတယ် ..ကျမဒီဘဝရောက်နေတာ နှစ်၅၀ကျော်ပါပြီ… ကျမ ကျွတ်လွတ်ခြင်ပါပြီရှင် ..ဆရာလေးတို့ကူညီပေးကြပါနော်… ”

 

” ကောင်းပြီ ..ခဗျားကိုဒီဘဝက ကျွတ်လွတ်သွားအောင် ကျုပ်တို့အလှူအတန်းပြုလုပ်ပေးမယ် … ခဗျားဒီကလေးကို နေပြန်ကောင်းအောင်လုပ်ပေး… ကလေးရဲ့လိပ်ပြာကို ခဗျားခေါ်ထားတာမဟုတ်လား ”

 

” ဟုတ်ပါတယ်ဆရာလေး… ကျမ ဒီကလေးရဲ့လိပ်ပြာကို ကျမနေတဲ့အပင်မှာ ချုပ်ထားတာပါ ”

 

” အခုချက်ခြင်း ခဗျားချုပ်နှောင်ထားတာကို ဖြေပေးပါ… ”

 

” ဟုတ်ကဲ့ပါ ဆရာလေး … ”

 

ထိုအခါ… ကျွန်တော်လည်း ပြည့်ဖြိုးအား သစ္စာချက်မန်းခိုင်းလိုက်ကာ သရဲမ မစိန်မြအား နောက်နောင်ကို တနင်္လာသားလေးအား မနှောက်ယှက်တော့ပါဘူးဟု သစ္စာဆိုခိုင်းကာ သစ္စာချက်ရေမန်းအား တိုက်ပြီးပြန်လွှတ်လိုက်တယ်။ မစိန်မြထွက်သွားတော့ ခန္ဓာရှင် မလှမေတစ်ယောက်လည်း သတိလစ်သွားတော့သည်။ကျွန်တော်လည်း မလှမေ၏ လက်မောင်းအတွင်းကြော ကျင်ကြောအားလက်ဖြင့်နှိပ်လိုက်ရာ

 

” ကျွတ်…ကျွတ်.. ” စုပ်သက်သံနှင့်အတူ မလှမေတစ်ယောက် သတိရလာလေသည်။ ထို့နောက် သောက်ရေခွက်ထဲသို့ စမတစ်ချက်ထည့်ကာမန်းလိုက်ပြီး ၎င်းစမရေမန်းအား သတိလစ်နေသော မောင်ချစ်လူလေးအားတိုက်လိုက်ရာ ခနအတွင်းသတိပြန်လည်လာ၏။ မလှမတစ်ယောက်လည်း သတိပြန်လည်လာသော သားဖြစ်သူမောင်ချစ်လူလေးအား ပြေးဖက်ကာ အားရပါးရငိုကြွေးလေသည်။ ထို့နောက် မလှမေလည်း…

 

” အမ သားလေးအသက်ကို အခုလိုကယ်တင်ပေးတာ ကျေးဇူးအရမ်းတင်ပါတယ်ဆရာလေးတို့ရယ်…အမသားလေးအသက်က ဆရာလေးတို့ပေးတဲ့အသက်ပဲရှိပါတော့တယ်ရှင် ”

 

ဟုပြောကာ မင်းအောင်တို့ဆရာတပည့်နှစ်ယောက်အား လက်အုပ်ချီကာ အကြိမ်ကြိမ်ကန်တော့လေသည်။ ထိုအခါ ကျွန်တော်လည်း…

 

” ရပါတယ်အမရယ် အခုလိုခုနှစ်ရက်သားသမီးကို ကယ်တင်ပေးရမှာက ကျွန်တော်တို့ရဲ့တာဝန်ပါ… ဒါနဲ့ ကလေးက ကံအရမ်းနိမ့်နေတယ်ဗျ သက္ကင်းယတြာထည့်မှရမှာဗျ …ဘာလို့ဆို ကလေးက ရှာမီးခဲကိန်းထဲက်ု ရောက်နေတာဗျ ”

 

” ဆရာလေးပြောတဲ့ ရှားမီးခဲကိန်းဆိုတာ ဘာကိုပြောတာလည်းဟင် ”

 

မလှမေလည်း မင်းအောင်အား ထိုသို့မေးလိုက်လေသည်။

 

” ရှားမီးခဲကိန်းဆိုတာက အမနားလည်အောင်ပြောရမယ်ဆိုရင် ကံအရမ်းနိမ့်တာပေါ့ ခန္တာပျက်ကိန်းပေါ့ဗျာ ”

” အမယ်လေး မြတ်စွာဘုရား…ဆရာလေးတို့ရှိလို့ တော်သေးတာပေါ့.. အမတို့က ဘာမှနားလည်တာမဟုတ်ဘူး…ဆရာလေးတို့ လိုတာကိုသာပြောပါရှင်.. ”

 

” ဟုတ်ကဲ့အမ ကျွန်တော်တို့ကို ကံကော်ကိုင်း တစ်ကိုင်းလောက် ရှာပေးနိုင်မလား ”

 

” ဟုတ်ကဲ့ ..ရှာပေးပါ့မယ်ဗျာ ဒီကဆရာလေးတို့ လိုသလောက်ကိုသာပြောပါ ”

 

အိမ်ပေါ်တွင်ရောက်ရှိနေသော မလှမေ၏အိမ်နီးနားချင်းဖြစ်သူ ကိုသာမောင်မှ ဝင်ပြောလိုက်လေသည်။

 

” အဲဒါဆိုရင် ကံကော်ကိုင်းအရှည် လေးတောင်လောက်လိုချင်တယ်ဗျာ ”

ကျွန်တော်လည်း ထိုသို့ပြောလိုက်သည်။

 

” ဟုတ်ကဲ့ဆရာလေး.. ခနပဲစောင့်ပါ ”

 

ဟုပြောပြီး ကိုသာမောင်တစ်ယောက်လည်း ရွာထဲသို့ထွက်သွားလေသည်။

 

” ဆရာလေးရော… ဒီမှာကံ့ကော်ကိုင်း ”

 

ှကျွန်တော်လည်း ကိုသာမောင်ပေးသော

ကံ့ကော်ကိုင်းအား မောင်ချစ်လူအရပ်နှင့်တိုင်းကာ ဖြတ်လိုက်ပြီးနောက် မောင်ချစ်လူလေး၏ ဆံပင်၊လက်သည်း၊ခြေသည်း တို့အားယူလိုက်ပြီး ခုနက တိုင်းဖြတ်ထားသောကံ့ကော်ကိုင်း၌ သူ့နေရာနှင့်သူထား၍ အဝတ်စဖြင့် ချည်နှောင်လိုက်လေသည်။ ထို့နောက် ကံကော်ကိုင်း၌ မောင်ချစ်လူ၏ အင်္ကင်္ျီစနှင့်လုံချည်စအား ပတ်လိုက်ပြီး ကိုင်း၏အလယ်တွင် တင်္လာနာမ် ၂ ဂဏန်းအားထည့်လိုက်လေသည်။ ထိုကံကော်ကိုင်းအား မောင်ချစ်လူနှင့်အတူ အိပ်စက်စေပြီး မနက်မိုးသောက်အလင်းရောက်သော် ၎င်းကံ့ကော်ကိုင်းအား သုသာန်သို့သွား၍ပြစ်လိုက်လေသည်။ ထို့နောက် မလှမေအား နေအိမ်ဘုရား၌ မောင်ချစ်လူအတွက် ဆီထမင်းငါးပွဲ ၊ ရေချမ်းငါးခွက် ၊ ဆီမီးငါးတိုင်တို့အား လှူခိုင်းလိုက်လေသည်။ မောင်ချစ်လူလေးအားကုသပြီးနောက် ငပုတောရွာမှ ဟိုလူကပင့်ဒီလူကပင့်သဖြင့် ကျွန်တော်တို့လည်း ထိုရွာလေး၌ ဗေဒင်ဟောခြင်း၊ပရောဂါကုပေးခြင်းများဖြင့် သောင်တင်လေသည်။

 

” ဆရာလေးကို ကျွန်တော်အကူညီတစ်ခုတောင်းချင်လို့ဗျ ”

 

” ဟုတ်ကဲ့ ကိုသာမောင်ပြောပါ ”

 

” ဒီလိုဆရာလေးရေ ကျွန်တော့်လယ်ကိုအထွက်တိုးအောင်လုပ်ချင်လို့ဗျ… ကျွန်တော်ကိုယ်ကျိုးအတွက် မဟုတ်ပါဘူးဗျာ.. လယ်အထွက်တိုးလို့ ငွေများများရရင် မလှမေသား မောင်ချစ်လူလေးကို ရှင်ပြုပေးခြင်တာဗျ…အဲဒါကြောင့် ဆရာလေးပညာနဲ့ကျွန်တော်လယ်ကို အထွက်တိုးအောင်လုပ်ပေးပါလားဗျာ ”

 

ကျွန်တော်လည်း ကိုသာအောင်စကားကို တစ်ချက်စဉ်းစားလိုက်ပြီး..

 

” ဒီလိုလုပ်ဗျာ… ကျွန်တော်ဒီတစ်ရွာလုံးက လယ်တွေကို အထွက်တိုးအောင် လုပ်ပေးမယ်… ကိုသာမောင်တို့ဘက်က တစ်ခုကတိပေးရမယ် ”

 

” ပြောပါ ဆရာလေး… လယ်အထွက်တိုးမယ်ဆိုရင် ဘာပဲလုပ်ပေးရ လုပ်ပေးရ.. လုပ်ပေးပါ့မယ် ”

 

ကျွန်တော်တောင်းချင်တဲ့ကတိက ကိုသာမောင်တို့ စပါးပေါ်လို့အထွက်တိုးရင် စပါးရောင်းရတဲ့ငွေတွေနဲ့ မောင်ချစ်လူလေးကို ရှင်ပြုပေးစေချင်တယ်ဗျာ ”

 

” အဲဒီကတိတော့ စိတ်ချဆရာလေးရေ … နဂိုထဲက ကျွန်တော်တို့က မောင်ချစ်လူလေးကို ရှင်ပြုပေးခြင်တာ.. စီပွားရေးမသောင်သာလို့သာ မလုပ်ပေးရတာ ”

 

” အဲဒါဆိုကောင်းပြီကိုသာမောင်… ရွာထဲကလူတွေကို ကျွန်တော်ဆီကိုအကုန်ခေါ်ခဲ့ပေးဗျာ..တစ်ရွာလုံးကလယ်တွေကို အထွက်တိုးအောင် ကျွန်တော်လုပ်ပေးမယ် ”

 

” ဟုတ်ကဲ့ဆရာလေး ”

 

ဆိုပြီး ကိုသာမောင်တစ်ယောက်လည်း ရွာထဲသို့ထွက်သွားလေသည်။ ဤသို့ဖြင့် ထမင်းအိုးတစ်လုံးချက်လောက်ကြာတော့ ကိုသာမောင်နှင့်အတူ ရွာသူရွာသားများသည်လည်း ကျွန်တော်ထံသို့ ရောက်လာလေသည်။ ကျွန်တော်လည်း

 

” ပြည့်ဖြိုးရေ စာရွက်နဲ့ခဲတံထုတ်ကွာ ”

 

” ဟုတ်ကဲ့ဆရာ… ဒီမှာစာရွက်နဲ့ခဲတံ ”

 

ကျွန်တော်လည်း ပြည့်ဖြိုးပေးသော စာရွက်နှင့်ခဲတံအားယူလိုက်ပြီး စာရွက်ပေါ်၌ *နဝဒ* ံအက္ခရာများအားရေးဆွဲလိုက်ပြီး ကျန်လိုအပ်သည့် ပထဝီဓာတ်နဲ့ဆိုင်သော အက္ခရာများသော်လည်းကောင်း၊ အပင်များနှင့်သက်ဆိုင်သော အက္ခရာများသော်လည်းကောင်း ရေးဆွဲလိုက်လေသည်။ထိုစက္ကူအား ဖယောင်းတိုင်၌ပတ်လိုက်ပြီးနောက်..

 

” ပြည့်ဖြိုး .. လယ်ကွက်ရဲ့အလယ်မှာကျွင်းတူး ..တူပြီးရင် အဲဒီကျွင်းထဲမှာ ငပိအိုးအဖုံးကိုပက်လက်လှန်လိုက်.. ပြီးရင်အဲဒီအဖုန်းပေါ်မှာ ဒီစမဖယောင်းတိုင်ကို တင်ထွန်းလိုက် ရော့… ”

 

” ဟုတ်ကဲ့ ဆရာ ”

 

ပြည့်ဖြိုးလည်း စမဖယောင်းတိုင်အား ယူလိုက်ပြီးနောက် ဆရာဖြစ်သူမင်းအောင်၏ ခိုင်းစေချက်အတိုင်း စမဖယောင်းတိုင်နှင့် ငါးပိအဖုံးအားယူ၍ လယ်ကွက်များရှိရာဆီသို့ ထွက်လာခဲ့လိုက်သည်။ လယ်ကွက်များဆီသို့ ရောက်သောအခါ ဆရာဖြစ်သူမှာသည့်အတိုင်းထွန်းလိုက်လေသည်။

ထိုဖယောင်းတိုင်များထွန်းပြီးလို့ ရက်ပိုင်းလောက်အကြာတွင် စပါးများသည် သိသိသာသာသီးလေသည်။ ထိုလသည် တပေါင်းလဖြစ်သဖြင့် နွေစပါးများရိတ်သိမ်းရသော လဖြစ်လေသည်။ ဤသို့ဖြင့် စပါးများရိတ်သိမ်းချိန်တွင် စပါးများသည်အရင်ကထက် နှစ်ဆအထွက်တိုးလေသည်။ သို့ဖြစ်ပါသောကြောင့် စပါးများရောင်းချပြီးချိန်တွင် တစ်ရွာလုံးစုပေါင်း၍ ထမင်းရည်ချောင်းစီးမောင်းတီးကာ မီးခိုးတိတ်ကျွေးမွေးလှုဒါန်းလေသည်။

ထိုအလှုကြီးသည်ကား မောင်ချစ်လူအား ရှင်ပြုပေးသော အလှုကြီးပင်ဖြစ်လေသည်။ ၎င်းအလှုကြီးတွင် မလှမေလည်း မယ်သီလရှင်ဝတ်သွားလေသည်။ မင်းအောင်တို့ ဆရာတပည့်နှစ်ယောက်သည်လည်း အလှုကြီးအား ဦးဆောင်၍ကျင်းပလေသည်။ ထိုအလှုကြီး၌ မောင်ချစ်လူလေးအား လိပ်ပြာနှုတ်ဖို့ကြိုးစားသော သရဲမ မစိန်မြနှင့်တကွ ၃၁ဘုံသားတို့အား ရည်စူးကာ ရေစက်ချအမျှအတန်းများ ပေးဝေလေသည်။ ဤအလှု၌ ပေးဝေသော အမျှအတန်းများအား မစိန်မြတစ်ယောက် သာဓုခေါ်ကာ ကျွတ်တန်းဝင်သွားလေ၏။

မစိန်မြ ကျွတ်တန်းဝင်သွားသည်ကို မင်းအောင်တစ်ယောက်သာ သိလိုက်ရလေသည်။

အလှုကိစ္စများပြီးဆုံးသွားသည့်နောက် မင်းအောင်တို့ဆရာတပည့်နှစ်ယောက်လည်း ငပုတောရွာလေးမှ ထွက်လာခဲ့လိုက်သည်။

# ပြီး #

မင်းအောင်နှင့်လိပ်ပြာနှုတ်သူ

 

ရေးသားသူ = ပိုင်လေး (မအူပင်မြေ)