“သေရွာပြန်ဘုရားလူကြီး”(စ/ဆုံး)
==========================
ရပ်ကွက်ထဲ၌ ဘုရားလူကြီး
ဦးသာလှဆိုလျှင်မသိသူမရှိကြပေ။
ဘာသာရေးကိုင်းရှိုင်းပြီး
ရပ်ရေးရာရေးတွင်အားတက်သရော
ပါဝင်လုပ်ဆောင်တတ်သောကြောင့်
ဘုရားလူကြီးဦးသာလှအား
ရပ်ကွက်ထဲမှလူများကလေးစားကြ
သည်။
ဦးသာလှကလည်းမဟုတ်တာဆို
မလုပ်တတ်မပြောတတ်သူဖြစ်သည်။
အရာရာတိုင်းကိုမှန်မှန်ကန်ကန်
လုပ်ဆောင်တတ်သောကြောင့်
လူအများကဦးသာလှအားယုံကြည်
စိတ်ချကြလေသည်။
အလှူခံပြီးရလာသည့်
ဘုရားငွေများကိုလည်းတစ်ပြားတစ်ချပ်
ပင်အလွဲသုံးစားမလုပ်ခဲ့ပေ။
အများကကြည်ဖြူစွာလှူထားသည့်
ဘုရားငွေများကိုဘုရားကြီးပြန်လည်
ပြုပြင်မွမ်းမံသည့်နေရာနှင့်ဘုရားကြီး
အတွက်လိုအပ်သည့်
နေရာများ၌သာထုတ်ယူသုံးစွဲခဲ့သည်။
ထိုအတွက်ကြောင့်ဦးသာလှ
မိမိကိုယ်မိမိလိပ်ပြာလုံစွာနေနိုင်ခဲ့သည်။
ဦးသာလှမှာသားသမီး၅ယောက်
ရှိပြီးအကြီး၃ယောက်မှာအိမ်ထောင်
ကျ၍ကလေးများပင်ရနေပြီ
ဖြစ်သည်။
တစ်ရက်တွင်တော့ ဘုရားကြီးပေါ်၌
မိုက်ကိုကိုင်ကာအလှူငွေစာရင်း
အော်ဟစ်နေတုန်းမြေးဖြစ်သူခန့်ခန့်
ရောက်လာကာ……”
“ဘဘ”
“ဟေး…ငါ့မြေးဘဘဆီလိုက်လာတာလား”
“ဟုတ်တယ်ဘဘ အိမ်မှာနေရတာပျင်းလို့ဘဘရဲ့”
“အံမယ် ငါ့မြေးကပျင်းတောင်ပျင်း
တတ်နေပြီလား”
“ဟုတ်တယ် ဘဘရှိရင်သားပျော်တယ်ဗျ”
“ဒါဆိုဘဘအနားမှာနေ
ဘဘကအလှူခံနေတာငါ့မြေးရဲ့
မြေးနဲ့မဆော့နိုင်သေးဘူးကွ။
“ဟုတ်ဘဘ”
ခန့်ခန့်လည်းအဘဖြစ်သူအနား
ကပ်ထိုင်ပြီးဟိုငေးသည်ငေးလုပ်နေ
သည်။
ရပ်ကွက်ထဲမှလူများက
ဘုရားကြီးအတွက်အလှူခံနေသည့်
အတွက်တစ်ဦးပြီးတစ်ဦး
လာရောက်လှူဒါန်းကြလေသည်။
ဦးသာလှလည်းမိုက်ကိုကိုင်ကာ
လော်စပီကာမှထွက်သောအသံဖြင့်
၃၁ဘုံသားများသာဓုခေါ်ဆိုနိုင်ရန်
အလှူရှင်၏အမည်နာမအားခေါ်၍
သာဓုအကြိမ်ကြိမ်ခေါ်ဆိုနေတော့
သည်။
“ရေခဲချောင်းသည်လာပါပြီ”
“နို့မလိုင်ချောင်း၊စတော်ဘယ်ရီချောင်း
ချောကလက်ချောင်းများပါရှိပါသည်။
“ဘဘဟိုမှာရေခဲချောင်းသည်ကြီး
သားသားစားချင်တယ် ဘဘ”
“သားကရေခဲချောင်းစားချင်လို့လား”
“ဟုတ်တယ်ဘဘ သားသား
စားချင်တယ် သားကိုဝယ်ကျွေးပါလား”
“ဘဘမှာပိုက်ဆံပါမလာဘူးသားရဲ့”
“ဘဘကလည်းဟိုမယ်လေ
ပိုက်ဆံတွေ”
“ဟာဒါကဘုရားအတွက်
အလှူခံထားတဲ့ပိုက်ဆံတွေ
ဘဘယူလို့မရဘူးသားရဲ့
ငရဲကြီးမှာပေါ့”
“ဘဘကလည်းလုပ်ပါ
သားစားချင်လို့ပါ လုပ်ပါနော် ဘဘ
လုပ်ပါ”
ဦးသာလှလည်းအလှူခံဖလား
ထဲမှ၂၀၀တန်တစ်ရွက်အား
ယူလိုက်သည်။
“အင်း…ဒီငွေ၂၀၀ကို
ငါနောက်မှပြန်ထည့်လိုက်လည်းရတာပဲ၊
ငါ့မြေးကအခုရေခဲချောင်း
တအားစားချင်နေတာဆိုတော့
ငါဝယ်ကျွေးလိုက်တာပဲ
ကောင်းပါတယ်လေ။
ငါမဟုတ်တာလုပ်တာမှမဟုတ်ပဲ
ပြီးရင်ဒီငွေ၂၀၀ကိုပြန်ထည့်လိုက်လည်း
ဖြစ်တာပဲ”
ဦးသာလှလည်းသူ့အတွေးနှင့်သူ
တွေးတောပြီးမြေးဖြစ်သူခန့်ခန့်အား
ငွေ၂၀၀ပေးလိုက်သည်။
“ရော့ ငါ့မြေးဟောဒီမှာ၂၀၀
ကျေနပ်တော့နော်မြေး”
“ဟုတ်ဘဘ”
“အေးသွားဝယ်ချေ သွားသွား
ရေခဲချောင်းသည်ကပြန်တော့မယ်”
ခန့်ခန့်လည်းဘုရားပေါ်မှ
ပြေးဆင်းကာရေခဲချောင်းသည်
ဆီမှရေခဲချောင်းတစ်ချောင်းအား
ဝယ်လိုက်သည်။
“ဘဘ စားဦးမလား”
“တော်ပါပြီ ငါ့မြေးပဲစားပါ
ဘဘမစားချင်ဘူး”
“စားလို့ကောင်းလိုက်တာဘဘရာ”
“ငါ့မြေးကြိုက်ရင်ဘဘက
နောက်နေ့လည်းဝယ်ကျွေးမှာပေါ့”
“ဘဘတကယ်ပြောတာနော်”
“တကယ်ပေါ့မြေးရဲ့”
“ဟေး ဒါမှတို့ဘဘကွ”
ဦးသာလှလည်းမြေးဖြသ်သူအား
ကြည့်ပြီးအချစ်ပိုနေမိတော့သည်။
==============
ညနေစောင်းတော့အလှူခံဖလား
သိမ်းပြီးအိမ်သို့ပြန်လာခဲ့သည်။
တနေကုန်ပင်ပန်းထားသဖြင့်
ရေချိုးပြီးအနားယူလိုက်သည်။
“အဖေ ထမင်းစားတော့မလား
သမီးခူးထားလိုက်မယ်”
“မစားတော့ပါဘူးသမီးရယ်
အဖေဒီကနေ့နေလို့မကောင်းဘူး
ဘယ်လိုကြီးဖြစ်နေမှန်းမသိဘူး”
“ဆေးခန်းသွားမလားအဖေ
လိုက်ပို့ပေးမယ်”
“နေပါစေ ပင်ပန်းလို့ဖြစ်တာပါ
အနားယူလိုက်ရင်သက်သာသွား
မှာပါ”
“ဒါဆိုနားနေလိုက်အဖေ
ထမင်းစားချင်ရင်သမီးကိုပြော
သမီးခူးပေးမယ်”
“အေးအေး”
“ကိုသာလှ ကျုပ်နင်းနှိပ်ပေးရမလား”
“ရပါတယ် မိန်းမရာ
မင်းလည်းတနေကုန်အားနေတာမှ
မဟုတ်တာမြေးတွေထိန်းနေရသေး
တယ်လေ”
“ဘာမှမဖြစ်ပါဘူးတော်
ရှင်အညောင်းလေးဘာလေးပြေအောင်
ကျုပ်နင်းနှိပ်ပေးပါ့မယ်။
အိပ်ရာပေါ်လှဲနေလိုက်
ကျုပ်နင်းပေးမယ်”
“အေးပါကွာ”
ဦးသာလှ၏းဇနီးဒေါ်ရင်သ
ကခင်ပွန်းသည်အားနင်းနှိပ်ပေး
လိုက်သည်။
“ရပြီရပြီ ဆင်းတော့”
“သက်သာရဲ့လားဘယ်လိုနေလို့တုန်း”
“ခေါင်းထဲမကောင်းဘူးကွာ
နောက်ကျိကျိနဲ့ ရင်တွေလည်း
တုန်နေသလိုပဲ”
“ဒါကြောင့်ရှင့်သမီးက
ဆေးခန်းပြခိုင်းတာ အသက်ကြီးပြီတော့
ကိုယ့်ကျန်းမာရေးလေးလည်း
ဂရုစိုက်ဦးမှပေါ့”
“မနက်ကြရင်ပျောက်သွားမှာပါကွာ
သမီးကိုထမင်းလေးခူးခိုင်းလိုက်စမ်းပါ။
ငါနည်းနည်းစားချင်သေးလို့”
“အင်းပါ ကျုပ်ခူးလိုက်ပါ့မယ်”
ဒေါ်ရင်သလည်းမီးဖိုထဲဝင်ပြီး
ထမင်းနှင့်ဟင်းများခူးခပ်လိုက်သည်။
“ကိုသာလှထမင်းခူးပြီးပြီ
စားလို့ရပြီနော်”
“အေးအေးလာပြီ”
ဦးသာလှလည်းအခန်းထဲမှ
ထွက်ပြီးထမင်းအနည်းငယ်
စားလိုက်သည်။
“အဖေဘယ်လိုနေသေးလဲ”
“ခေါင်းတွေမကြည်ဘူးသားရယ်”
“ဆေးလေးသောက်လိုက်ပါလားအဖေ”
“ထမင်းစားပြီးရင်အဖေ
သောက်လိုက်ပါ့မယ်”
“ဟုတ်အဖေ”
သားသမီးများကဖခင်ဖြစ်သူအား
စိုးရိမ်ပူပန်ပြီးဂရုစိုက်ပေးကြသည်။
ဦးသာလှလည်းထမင်းစားပြီး
သောက်ဆေးတစ်လုံးကိုသောက်
လိုက်သည်။
ထို့နောက်အိပ်ရာထဲသို့ဝင်လာခဲ့လေ
သည်။
==============
“အင်းဟင်းဟင်း ”
“ကိုသာလှ ကိုသာလှ
ဘာဖြစ်တာလဲ”
“ဟင်းဟင်းဟင်း”
“ဟယ်ကိုယ်တွေလည်းပူခြစ်နေတာပဲ
သားရေသမီးရေ လာပါဦး”
ဒေါ်ရင်သအသံကြောင့်
အိပ်မောကျနေသည့်သားနှင့်သမီးလည်း
နိုးလာကြပြီးအခန်းထဲဝင်လာ
ကြသည်။
“အမေ အဖေဘာဖြစ်လို့လဲ”
“မင်းတို့အဖေတကိုယ်လုံး
ပူခြစ်နေတာပဲအဖျားကြီးပြီး
ညည်းနေတယ်”
“ဒါဖြင့်ရင်အဖေ့ကိုအဝတ်ပါးလေးနဲ့
ရေပက်တိုက်ပေးတာပေါ့”
“လုပ်လုပ်သမီးမြန်မြန်လေး”
သမီးဖြစ်သူလည်းအခန်းထဲမှ
ကပြာကယာထွက်သွားပြီး
ရေဇလုံနှင့်အဝတ်ပါးတစ်ထည်ကို
ယူလာလေသည်။
အဝတ်ကိုရေဇလုံထဲထည့်ပြီး
ရေစိမ်လိုက်သည်။
ထို့နောက်ရေစိုနေသည့်အဝတ်ဖြင့်
ဦးသာလှ၏နဖူးပေါ်အားကပ်ထား
ပေးလိုက်သည်။
“အင်းဟင်းဟင်း”
“အဖေသတိထားဦးလေ အဖေ”
“ဟင်းဟင်း”
“ကိုသာလှ ကိုသာလှ
သတိထားမှပေါ့ရှင်”
“အဖေ အဖေ့ အဖေ”
“လုပ် လုပ်ပါဦးသား မင်းအဖေ
မျက်ဖြူလန်နေပြီ သားလုပ်ပါဦး”
“အဖေ အဖေစိတ်ကိုထိန်းပါဗျာ
အဖေ……”
ဦးသာလှတစ်ယောက်ငြိမ်သက်
သွားတော့သည်။
“အဖေ”
“ကိုသာလှ ကိုသာလှ”
“ဖြစ်မှဖြစ်ရလေ အဖေရယ်”
“အီးဟီးဟီး”
“အဖေဗျာရုတ်တရက်ကြီး
သားတို့ကိုထားသွားပြီလားဗျာ”
“ဟဲ့ကြားလား ဟိုဘက်အိမ်က
ငိုသံတွေကြားတယ် ဦးသာလှကြီး
ဆုံးပြီဆိုပဲ”
“ဟုတ်လို့လားအမေရယ်
နေ့ခင်းကတောင်မြင်လိုက်ပါတယ်
အကောင်းကြီးပါ”
“ဟဲ့လူဆိုတာနေ့မြင်ညပျောက်ဟဲ့
နင်သိရဲ့လား”
“ဘာလဲအမေကသွားမေးမလို့လား
ညနက်နေပြီအမေရဲ့ ”
“အိုအေ ညနက်တော့ဘာဖြစ်လဲ
အိမ်နီးချင်းတွေပဲဟာကို
သူတို့အားမငယ်အောင်သွားမေးရမှာပေါ့”
“ဒါဖြင့်သမီးပါလိုက်ခဲ့မယ်”
အိမ်နီးချင်းဖြစ်သည့်
ဒေါ်သက်ဆွေနှင့်သမီးဖြစ်သူမဇင်မာ
ကဦးသာလှဆုံးပြီဆိုသည့်
အသံကြားသဖြင့်ဦးသာလှအိမ်ဘက်သို့
ရောက်လာကြသည်။
“မရင်သ ရေ မရင်သ”
“သားအိမ်ရှေ့ခေါ်သံကြားတယ်
သားတံခါးသွားဖွင့်ပေးလိုက်စမ်း”
“ဟုတ်အမေ”
“ကျွီ”
“အန်တီသက်ဆွေတို့ပါလား”
“ဟုတ်တယ်ကွယ့်
မင်းတို့အိမ်ဘက်ကငိုသံတွေကြားလို့
အန်တီလာမေးတာ”
“အဖေဆုံးသွားလို့ အန်တီသက်ဆွေရ”
“အေးကွယ်
အန်တီလည်းမင်းတို့အိမ်ဘက်က
အသံတွေကြားလို့နားစွင့်နေတာ
ဖြစ်မှဖြစ်ရလေကွယ်”
“ငါတို့နေပေးရဦးမလား”
“ရပါတယ်ဗျာ
အန်တီတို့ပြန်လိုက်ပါ။
မနက်မှလာကြပေါ့ အန်တီတို့လည်း
အိပ်ရေးပျက်နေပါ့မယ်”
“အေးပါကွယ်
ဒါဆိုအန်တီတို့ မနက်မှလာခဲ့ပါ့မယ်”
“ဟုတ်ကဲ့ အန်တီ”
ဦးသာလှ၏သားလည်း
အိမ်ထဲပြန်ဝင်လာခဲ့သည်။
“သားမသက်ဆွေတို့လာကြတာလား”
“ဟုတ်တယ်အမေ
အဖေဆုံးတဲ့အကြောင်းလာမေးတာပါ။
အခုပြန်သွားကြပါပြီ
သားကသူတို့ကိုအားနာလို့
ပြန်လွှတ်လိုက်ရတာ”
“အေးပါကွယ်
သူတို့လည်းအိပ်ရေးပျက်နေမှာပေါ့
ပြန်ခိုင်းလိုက်တာပဲ
ကောင်းပါတယ်”
“အဖေရေ အဖေ့ကို
လာမေးနေကြပြီအဖေရဲ့
အီးဟီးဟီး”
“သမီးရယ် စိတ်ကိုထိန်းပါ
ပတ်ဝန်းကျင်ကလူတွေနိုးကုန်ပါ့မယ်”
“သမီးဖြေလို့မရလို့ပါအမေရယ်
ရုတ်တရက်ကြီးကိုယ့်မျက်စေ့
အောက်မှာအခုလိုဖြစ်သွားလိမ့်မယ်
လို့မထင်ခဲ့ဘူးအမေရယ်”
“သူ့ကံတရားကဒီအထိပဲ
ပါလာတယ်လို့မှတ်ယူလိုက်ပါ
သမီးရယ်”
သားအမိ၃ယောက်မျက်ရည်များ
ကျဆင်းပြီးစိတ်မကောင်းဖြစ်နေ
ကြတော့သည်။
===============
မနက်လင်းတော့ဦးသာလှ
နာရေးအားရပ်ကွက်ထဲမှ
လူအများလာရောက်မေးမြန်းကြ
သည်။
အားလုံးကဦးသာလှတစ်ယောက်
ရုတ်တရက်ဆုံးသွားသည်ကို
မယုံနိုင်အောင်ဖြစ်နေကြသည်။
==============
ဦးသာလှ၏မျက်လုံးများ
ဖွင့်ကြည့်လိုက်သည်။
သူတစ်ခါမှမရောက်ဖူးသည့်
တောအုပ်ကြီးထဲသို့ရောက်ရှိနေလေ
သည်။
ဦးသာလှလည်းအထူးအဆန်း
ဖြစ်ပြီးတောအုပ်ထဲသို့တဖြည်းဖြည်း
လျှောက်လှမ်းလာခဲ့သည်။
ပတ်ဝန်းကျင်တစ်ခုလုံး
မြူများဖြင့်ဖုံးအုပ်ထားလေသည်။
ဦးသာလှလည်းခြေဦးတည့်ရာ
လျှောက်လှမ်းရင်းတောအုပ်အဆုံးကို
ရောက်လာခဲ့သည်။
တောအုပ်ကြီး၏ရှေ့တည့်တည့်၌
ကြီးမားသောရေကန်ကြီးတစ်ကန်
အားမြင်လိုက်ရသည်။
ထိုရေကန်ကြီးကတခြား
ရေကန်များနှင့်မတူပဲအငွေ့
တထောင်းထောင်းထနေ
လေသည်။
ဦးသာလှလည်းတအံ့တသြဖြင့်
ကြည့်နေတုန်းရေကန်ထဲသို့
ခါးတောင်းကျိုက်ထားသည့်
လူတစ်ဦးရေကန်ထဲသို့
ပြုတ်ကျသွားသည်ကိုမြင်လိုက်ရ
လေသည်။
ဦးသာလှလည်းအပေါ်ကို
မော့ကြည့်လိုက်ရာချောက်ကမ်းပါး
ကြီးရှိနေမှန်းသိလိုက်ရသည်။
ထိုချောက်ကမ်းပါးကြီး၏
ထိပ်၌အင်္ကျီမပါပဲခါးတောင်းကျိုက်
ထားသည့်လူများအားမြင်လိုက်
ရသည်။
“ဦးသာလှ”
“ဟင်”
နောက်မှခေါ်လိုက်သည့်အသံ
ကြောင့်ဦးသာလှအနည်းငယ်
တုန်လှုပ်သွားသည်။
“ဟာ”
ဦးသာလှမြင်လိုက်ရသည်မှာ
ကြီးမားသောကိုယ်ခန္ဓာဖြင့်
လှံခွကြီးအားကိုင်ထားသည့်
ငရဲသားတစ်ယောက်ပင်ဖြစ်သည်။
“ခင်ဗျားမြင်ရလား
အဲ့ဒီလူတွေဟာမသေခင်
လူ့ဘဝကဘုရားလူကြီးဖြစ်ခဲ့တဲ့
ဂေါပကလူကြီးတွေပဲ။
ဘုရားပစ္စည်းတွေကိုမတော်မတရား
လုပ်ပြီးသူတို့အကျိုးအတွက်အသုံးချကြတယ်လေ။
ဒါကြောင့်သူတို့သေတဲ့အခါ
ဒီငရဲမှာလာခံနေကြရတာပဲ
ဟိုမယ်ကြည့်လိုက်……”
ငရဲသားကြီးပြသည့်နေရာအား
ဦးသာလှလှမ်းကြည့်လိုက်သည်။
အငွေ့တထောင်းထောင်းထနေသည့်
ရေနွေးကန်ထဲ၌ကူးခက်နေသည့်
လူများအားငရဲသားများက
လှံခွ၊မှိန်းစသည့်အချွန်အတက်များဖြင့်
လှမ်းထိုးနေကြလေသည်။
နာကျင်စွာအော်ဟစ်နေသည့်
လူများအားကြည့်ပြီးဦးသာလှ
ကြောက်ရွံ့နေတော့သည်။
“ဒီမယ်ဦးသာလှ ခင်ဗျားဟာ
မသေခင်ကကောင်းမှုကုသိုလ်တွေ
အများကြီးပြုလုပ်ပြီးသီလသမာဓိ
ရှိတဲ့လူတစ်ယောက်မှန်းငါတို့သိတယ်။
ဒါပေမယ့်ခင်ဗျားဟာဘုရားငွေ၂၀၀ကို
ပြန်ထည့်ဖို့မေ့နေခဲ့တယ်။
ဒါကြောင့်ငါတို့ကသတိပေးနေတာပဲ
ဦးသာလှ……”
“ကျုပ် ကျုပ်မရည်ရွယ်ပဲ
ဖြစ်သွားတာပါ၊ပြီးတော့ဘုရားငွေ
၂၀၀ကိုပြန်ထည့်ဖို့မေ့သွားလို့ပါ။
အခုကျုပ်ကသေသွားပြီလား”
“ခင်ဗျားမသေသေးပါဘူး
ခင်ဗျားဝိညာဉ်ဟာလွင့်မျောပြီး
ဒီငရဲကိုရောက်လာရတာပါ။
ခင်ဗျားကိုပြန်လိုက်ပို့ပါ့မယ်”
“ဟုတ် ဟုတ်ကဲ့”
ဦးသာလှလည်းသူမသေ
သေးသည်ကိုသိရှိပြီးဝမ်းသာသွား
တော့သည်။
ငရဲသားကြီးခေါ်ရာနောက်သို့
လိုက်လာရင်းတောအုပ်ကြီးထဲသို့
တဖန်ပြန်ရောက်လာခဲ့သည်။
“ဟိုးအရှေ့မှာမြင်နေရတဲ့
လမ်းကလေးအတိုင်းသွားလိုက်ပါ။
ခင်ဗျားအိမ်ကိုခင်ဗျားပြန်ရောက်
ပါလိမ့်မယ်”
“ကျေးဇူးတင်ပါတယ်ဗျာ”
“ခင်ဗျားကိုတစ်ခုတော့မှာချင်တယ်
ဒီနေရာကိုနောက်တစ်ခါမလာချင်ရင်
မရောက်ချင်ဘူးဆိုရင်။
အသိကိုသတိနဲ့ကပ်ထားပါ
ကုသိုလ်တရားတွေကိုပြုလုပ်ပါ။
မကောင်းတာကိုဘယ်တော့မှ
မပြုလုပ်မိပါစေနဲ့ ။
“ဟုတ်ကဲ့ ကျုပ်သတိရှိပါ့မယ်”
“ကောင်းပါပြီ”
ဦးသာလှလည်းမြင်နေရသည့်
လမ်းကလေးအတိုင်းလျှောက်
လာလိုက်ရာမိမိအိမ်အားမြင်လိုက်
ရသည်။
မိမိအိမ်ထဲ၌လူများစွာလည်း
ရောက်နေကြလေသည်။
ငိုကြွေးနေကြသည့်သားသမီးမြေးများနှင့်ဇနီးသည်ကိုလည်းတွေ့လိုက်ရသည်။
ကုတင်အထက်၌ဆန့်လန့်
လှဲလောင်းနေသည့်မိမိရုပ်ခန္ဓာကိုလည်း
မြင်လိုက်ရသည်။
ဦးသာလှလည်းဘာမှစဉ်းစား
မနေတော့ပဲကုတင်ပေါ်တက်ကာ
မိမိခန္ဓာကိုယ်ထဲပေါ်သို့လှဲလျောင်း
လိုက်တော့သည်။
“အင်းဟင်းဟင်း”
“ရေပေးပါ”
ဦးသာလှ၏အသံက
တိုးညှင်းစွာထွက်ပေါ်လာသည်။
“ရေဆာတယ်ရေပေးပါ”
ဦးသာလှလည်းမျက်လုံးကို
မဖွင့်နိုင်သေးပဲလက်ချောင်း
လေးများအားလှုပ်ရှားကြည့်
လိုက်သည်။
ဦးသာလှ၏အသံအား
မည်သူမှမကြားကြပေ။
“ဟာဘဘလက်ကြီးက
လှုပ်နေတယ်အမေ”
“သားမဟုတ်တာတွေမပြောနဲ့”
“ဟာဟုတ်တယ်မေမေရဲ့
သေချာကြည့်ပါဦး”
ခန့်ခန့်၏စကားကြောင့်
မိသားစုဝင်များဦးသာလှခန္ဓာကိုယ်
အားကြည့်လိုက်ကြသည်။
“ဟာဟုတ်တယ် အဖေ့လှုပ်နေတယ်အမေရေ”
“အဖေမသေဘူးကွ။
အေဖမေသဘူး”
“ကိုသာလွကိုသာလွ”
နာရေးလာပို့ကြသည့်လူများ
လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။
“ရေဆာတယ် ငါ့ကိုရေပေးပါ”
“အမေရေတဲ့ ရေ ရေ”
“သား လုပ်ပါဦး ရေ ရေခပ်ခဲ့”
“ဟုတ် ဟုတ်”
သားဖြစ်သူလည်းကပြာကယာ
ရေတစ်ခွက်အားပြေးခပ်လိုက်သည်။
နာရေးသို့ရောက်နေကြသည့်
လူများလည်းဦးသာလှမသေမှန်း
သိသွားကြသဖြင့်အားလုံးဝမ်းသာ
သွားကြလေသည်။
ဦးသာလှခြေမနှစ်ချောင်း၌
ချည်ထားသည့်ကြိုးများအား
ဖြုတ်လိုက်ကြသည်။
ဦးသာလှကိုမိသားစုဝင်များက
ထူပြီးရေတိုက်ကြသည်။
မိသားစုဝင်အားလုံးပြုံးပျော်
နေကြလေသည်။
ဦးသာလှလည်းသားသမီးမြေးများနှင့်
ဇနီးသည်အားဖက်ပြီးဝမ်းပန်းတသာ
ဖြစ်နေတော့သည်။
“ငါမသေဘူး ငါမျောနေတာဟ”
“မရင်သ ငါ့ကိုငွေ၂၀၀ပေးစမ်းကွာ”
“ဘာလုပ်ဖို့လဲတော့်”
“ပေးမှာသာပေးစမ်းပါ
ငါလုပ်စရာရှိလို့ ”
“ရော့ရော့ ဒီမှာ”
ဦးသာလှလည်းထိုငွေ၂၀၀အား
ယူပြီးအလှူခံစာရင်းထဲထည့်ထား
လိုက်သည်။
နာရေး၌ရှိနေကြသော
လူများလည်းဦးသာလှပြုလုပ်
နေသည်ကိုနားမလည်နိုင်ပဲ
ရှိနေကြသည်။
“အဖေ ဘာလုပ်တာလဲဟင်
အဲ့ဒါက ”
“အားလုံးကိုငါပြောပြမယ်
ငါဒီငွေ၂၀၀ကြောင့်ငရဲကို
ရောက်ခဲ့ရတယ်……”
“ဗျာ”
“ဟင်”
“ဘယ်လို”
“ဘာဖြစ်တယ်”
အားလုံးကဦးသာလှပြောသော
စကားအားနားမလည်ပဲဖြစ်နေ
ကြသည်။
ဦးသာလှလည်းစိတ်ဝင်တစားနားစွင့်
နေကြသည့်မိသားစုဝင်များနှင့်
ရပ်ကွက်ထဲကလူများအားမိမိကြုံတွေ့
ခဲ့ရသမျှအဖြစ်အပျက်အလုံးစုံကို
ရှင်းပြလိုက်တော့သည်။
ထိုအခါမှအားလုံးလည်း
နားလည်သဘောပေါက်သွားကြ
တော့သည်။
သေရွာမှပြန်လာသည့်
ဘုရားလူကြီးဦးသာလှလည်း
ငရဲအားကိုယ်တွေ့မြင်ခဲ့ရပြီမို့
အကြောက်ကြီးကြောက်သွားလေ
သည်။
ထိုနေ့မှစပြီးဦးသာလှလည်း
အသိကိုသတိဖြင့်ထိန်းကာ
အပါယ်လားရမည့်အကြောင်း
များကိုရှောင်နိုင်သည်ထက်
ရှောင်လေတော့သည်။
ယခုရေးသောဇာတ်လမ်းသည်
မည်သူတစ်ဦးတစ်ယောက်ကိုမှ
ရည်ရွယ်ထားခြင်းမရှိပဲ
စိတ်ကူးသက်သက်သာဖြစ်သည်။
ပြီးပါပြီ
အားလုံးကိုကျေးဇူးတင်လျက်……
ရေးသားသူ-အောင်ဓူဝံ
#crd