အရူးသူတော်နဲ့ စုန်းတစ္ဆေ

အရူးသူတော်နဲ့ စုန်းတစ္ဆေ(စ-ဆုံး)
*******

” မနေ့ညက ဒေါ်မင်းဖြူကြီး သစ်ပင်ပေါ်က ပြုတ်ကျပြီး သေလို့တဲ့…”

မနက်ခင်းအစောပိုင်းပဲ ရှိသေးတယ်။

ကြားလိုက်ရတဲ့ သတင်းကြောင့် ခနောင်ရွာတစ်ရွာလုံး အုတ်အော်သောင်းနင်းနဲ့ ဖြစ်ကုန်ကြတယ်။

ဘာကြောင့်လဲဆိုတော့ ဒေါ်မင်းဖြူဆိုတာက သူတို့ရဲ့ ခနောင်ရွာဆီမှာ စုန်းပညာသည်ရယ်လို့ အများက သိထားတဲ့သူ။ ပြီးတော့ သူ့တစ်ကိုယ်ထဲ နေတဲ့သူ။

ဒေါ်မင်းဖြူရဲ့ ပုံဟန်က…။

အသက်က ခြောက်ဆယ်ကျော်။ လူပုံကတော့ ရုပ်ရည်က အကျည်းတန်ပြီး တစ်ခေါင်းလုံးက ဆံပင်တွေကလည်း ဆွတ်ဆွတ်ဖြူနေသေးတာ။

ဒီအချက်တွေကြောင့်ပဲ ဒေါ်မင်းဖြူကို ုမင်သူအဖို့ကတော့ မမေးမစမ်းဘဲနဲ့ကို ပညာသည်တစ်ယောက်ဆိုတာ သိနိုင်တာရယ်။

အခုတော့ ဒေါ်မင်းဖြူ သစ်ပင်ပေါ်က ကျပြီး ဆုံးချေပြီ။

ဖြစ်ပုံက ဒီလိုရယ်။

မနေ့က ဒေါ်မင်းဖြူတစ်ယောက် အစီအမံတစ်ခုလုပ်ဖို့အတွက် ညနေ နွားရိုင်းသွင်းချိန်မှာ သူ့အိမ်အနောက်က ကုက္ကိုပင်ပေါ်တက်ပြီး သစ်ကပ်ရွက် တက်ခူးတာ။

လူက အသက်ကကြီးပြီး လှေကားကိုလည်း သေချာမထောင်ထားခဲ့တော့ ခြေချော်လက်ချော်နဲ့ ပြုတ်ကျတော့တာပဲ။

ဖြစ်ဖြစ်ချင်းမှာ သူက တစ်ရွာလုံးနဲ့ တစ်ယောက် တသီးတခြားနေသူဆိုတော့ ဘယ်သူမှ မသိကြဘူးလေ။

ဒီလိုနဲ့ မနက်ပိုင်းကျမှ သိကြရတဲ့အချိန်ကျ ဒေါ်မင်းဖြူက မျက်လုံးကြီးပြူးပြီး ပါးစပ်က လျှာကို တစ်လစ်ကြီးကိုက်လို့ သေဆုံးနေခဲ့ပြီရယ်။

ဒီတော့ ကျေးလက်တို့ ထုံးစံအတိုင်း ဒေါ်မင်းဖြူက တစ်ယောက်ထဲနေသူဆိုတော့ သူ့ရဲ့ နာရေးကိစ္စက ရပ်ရွာက ဆောင်ရွက်ပေးဖို့ရာ ဖြစ်လာခဲ့ရတော့တယ်။

*****

အချိန်က ညဉ့်နက်ပြီး သန်းခေါင်းယံကိုပင် ကျော်ချေပြီ။

ခနောင်ရွာ တစ်ရွာလုံး အိပ်မောကျနေကြကုန်သော်ငြား ဒေါ်မင်းဖြူရဲ့ နာရေးအိမ်ဆီမှာတော့ လာရောက်မယ့်သူ ဆွေမျိုးသားချင်း မရှိတာမို့ ရွာက ကာလသားတချို့က ညစောင့်အဖြစ် ရှိနေပေးကြပြီး အိပ်ချင်ပြေအောင် ဖဲဝိုင်းလေးတစ်ခုကို စီစဉ်ပြီး ဆော့ကစားနေကြတယ်။

” ဘုကြီး…ငါ အပေါ့သွားချင်လို့ လိုက်ခဲ့ပါဦးကွ…”

ငမင်းက ဖဲရှုံးလို့ ဝိုင်းဘေးမှာ ထွက်ထိုင်နေပြီဖြစ်တဲ့ ဘုကြီးကို အဖော်ခေါ်တာ။

ဘုကြီးက ဖဲရှုံးထားတဲ့သူဆိုတော့ ဝိုင်းကို စိတ်မကုန်သေးဘူး။ ကျန်တဲ့သူတွေ ဆော့ကစားနေတာကို နံဘေးကနေကြည့်ပြီး ဇောကပ်နေမိတာမို့ ငမင်းရဲ့ ခေါ်သံကို မကြား။

” ဘုကြီး ငါနဲ့ လိုက်ခဲ့ဦးလို့…”

ငမင်းက ဘုကြီးကို လက်တို့ပြီး ထပ်ခေါ်လိုက်တယ်။

” ဟာကွာ…မင်းကလည်း ဖဲရှုံးလို့ ညစ်နေပါတယ်ဆို မလိုက်ချင်ပါဘူးကွာ…”

ဘုကြီးက ရှူံးမဲမဲပြီး ငမင်းကို ဘုတောလာတော့ ငမင်း မချင့်မရဲဖြစ်သွားရတယ်။ စိတ်ကလည်း ဆိုးသွားရတာမို့ ဘုကြီးကို ခေါ်မနေတော့ဘဲ နာရေးအိမ်ရဲ့ အနောက်ဘက်ကို သူ့ဘာသာ ထွက်လာခဲ့လိုက်တယ်။

ဒါပေမယ့် ငမင်း အဝေးကြီးကို မသွားရဲတာကြောင့် အိမ်နဲ့ မလှမ်းမကမ်းဆီမှာပဲ ကိစ္စကို ရှင်းလိုက်တယ်။

” ဟီး…ဟီး…ဟီး…”

ရုတ်တရက် သူနဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ သရက်ပင်ဆီက ထွက်လာတဲ့ ရယ်သံ။ ငမင်းတစ်ကိုယ်လုံး တုန်ရီသွားရပြီး မချင့်မရဲနဲ့ လှမ်းကြည့်လိုက်မိတယ်။

” ဟင်…ဒေါ်…ဒေါ်မင်းဖြူ…”

သရက်ပင်ရဲ့ ခွဆုံဆီမှာ ငုတ်တုတ်ကြီးထိုင်နေတဲ့ ဒေါ်မင်းဖြူ။

ငမင်း တဒင်္ဂတော့ ကြောင်အမ်းတယ်။ ပြီးတော့မှ သတိဝင်ပြီး ပြေးရင်းနဲ့ အသံကုန် အော်မိတော့တာရယ်။

” သ…သရဲ…”

ငမင်းရဲ့ အော်သံကြောင့် ဖဲဝိုင်းက ကာလသားတွေ ထပြေးကုန်ကြပြီး ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြတာပဲ။

******

” ဆံပင်ဖြူကြီးတွေကို ဖျားလျားကြီးချလို့ဗျာ။ လျှာကြီးကိုလည်း ကိုက်ထားသေးတယ်။ ပြီးတော့ သရက်ပင်ရဲ့ ခွဆုံမှာ ငုတ်တုတ်ကြီးဗျာ…”

နောက်တစ်နေ့ မနက်မိုးလင်းတာနဲ့ ငမင်းတစ်ယောက် သူ့အိမ်မှာ အဖျားတွေတက်ပြီး စောင်ပုံကြီးကြားဆီက ကတုန်ကရင်နဲ့ ပြောကြနေတာ။

ကြားရသူတို့ အဖို့တော့ ငမင်းပြောပြာတာကို ပုံဖော်ကြည့်ရင်း ကြက်သီးတဖြန်းဖြန်းထလို့။ တချို့ကတော့…။

” မင်းဟာက တကယ်ရော ဟုတ်ရဲ့လား ငမင်းရာ…”

” ဟုတ်တယ်။ ငါ့အထင်တော့ ကြောက်စိတ်ကြောင့် မင်းဘာသာမင်း ထင်ယောင်ထင်မှား ဖြစ်တာနေမှာပါ…”

” မဟုတ်ဘူးဗျ။ ကျုပ် တကယ်ကို တွေ့ခဲ့တာ။ ခင်ဗျားတို့ မယုံရင် ဒီည အဲ့ဒီ့မှာ သွားအိပ်ကြည့်ကြ…”

လောကရဲ့ နိယာမအတိုင်းပဲ။ ငမင်းရဲ့စကားကို ယုံသူရော မယုံသူကော ရောထွေးနေကြတယ်။

မယုံဘူးဆိုတဲ့ သူတွေက အဲ့ဒီ့ညမှာ ဒေါ်မင်းဖြူအိမ်ဆီ သွားအိပ်ဖို့ ဆုံးဖြတ်ကြတယ်။

ညဘက်ရောက်တော့ မယုံသူတွေ ဆယ်ယောက်လောက် စုဝေးပြီး ဒေါ်မင်းဖြူအိမ်ဆီကို နာရေးစောင့်သွားကြတယ်။

ညဦးပိုင်းအထိပဲ သူတို့ရဲ့ မယုံကြည်မှုတွေက ဒဏ်ခံခဲ့တယ်။

ညဉ့်နက်ချိန်လည်းရောက်ရော အိပ်နေတဲ့သူတွေအကုန်လုံးကို ဒေါ်မင်းဖြူက တက်ခွစီးပြီး လည်ပင်းတက်ညှစ်တော့တာပဲ။

ဆံပင်ဖြူကြီးကို ဖားလျားချလို့ ကြောက်စရာရုပ်သွင်ကြီးနဲ့ ဒေါ်မင်းဖြူကြောင့် မယုံကြည်သူတို့ ဖရိုဖရဲနဲ့ သုတ်ခြေတင်ထွက်ပြေးကြရတော့တယ်။

ဒီလိုနဲ့ ဒေါ်မင်းဖြူရဲ့ အလောင်းက မြေတောင်မကျသေးဘူး အနားကပ်ရဲသူတောင် မရှိသလောက်ဖြစ်ကုန်ကြရတယ်။

မြေချတဲ့နေ့ကျတော့ ရွာထဲကလူတွေက လိုက်ပို့ရဲသူမရှိတာမို့ ရွာထဲက သူကြီးကိုယ်တိုင် ဦးဆောင်ရပြီး သတ္တိကောင်းသူတချို့နဲ့ ရွာကျောင်းဆရာတော်တို့သာ ဒေါ်မင်းဖြူအလောင်းကို သုသာန်ဆီပို့ကြရတယ်။

ဆရာတော်က သရဏဂုံတင်ပြီးလို့ ဒေါ်မင်းဖြူရဲ့ အလောင်းကို မြေကျင်းထဲ ထည့်ချိန်ကျတော့ နေ့ခင်းဘက်ကြီးကိုပဲ သုသာန်အဝန်းဆီက ကျီးအုပ်တို့ ပြိုဆင်းလို့ ဆူညံအော်ဟစ်နေကြတော့တာ။

ဒါက မကောင်းတဲ့ နိမိတ်ဆိုတာ သိထားကြတော့ အားလုံးက ဒေါ်မင်းဖြူနဲ့ပက်သက်ပြီး နဂိုကထက်ကို ပိုမိုဆိုးရွားတာတွေ ကြုံလာရဦးမယ်လို့ ယူဆမိကြတော့တယ်။

*******

” ဝူး…အူး…အူး….”

ညမှောင်စပျိုးပြီး မကြာဘူး။ ရွာအစွန် သုသာန်ဆီဘက်ဆီက ခွေးအူသံတွေက ကျောချမ်းဖွယ်ရာ ထွက်ပေါ်လာတယ်။

ဒီမတိုင်ခင်ကတည်းက သုသာန်မှာ ကျီးပြိုတယ်ဆိုတဲ့ သတင်းကြောင့် ခနောင်ရွာတစ်ရွာလုံး စောစီးကတည်းက အိမ်ထဲဝင် မီးမှိတ်လို့ မိသားစုတွေ တစ်စုတစ်ဝေးနဲ့ တိုးတိုးတိတ်တိတ် ရှိနေကြတယ်။

မကြာဘူး…။

ခွေးအူသံတွေက ရွာဘက်ကို တဖြေးဖြေး ရွေ့လျားလာခဲ့တယ်။ အဲ့ဒီ့အသံတွေကို နားစွင့်ရင်း ရွာထဲကလူတွေခမျာ တုန်လှုပ်ခြောက်ခြားကြရလေရဲ့။

ဒါပေမယ့် ခွေးအူသံတွေက သူတို့ထင်သလို ရွာထဲကို ဆက်ဝင်မလာခဲ့ဘူး။ ဒေါ်မင်းဖြူရဲ့ အိမ်ရှေ့ဆီမှာ ရပ်တန့်ပြီး သွေးပျက်ဖို့ကောင်းလောက်အောင်ကို အူနေကြတော့တာ။

အနီးအနားက လူတွေက ချောင်းကြည့်တော့ သူ့အိမ်ထဲမှာ ဒေါ်မင်းဖြူကြီးက ဆံပင်ကြီးဖားလျားချပြီး လျှောက်သွားနေတာကို မြင်ကြရတယ်။

တစ်ချက်တစ်ချက် ဒေါ်မင်းဖြူက အိမ်ထဲကနေ ရုတ်တရက် ပျောက်သွားပြီး ခြံထဲမှာ ဗြုန်းခနဲ ပြန်ပေါ်လာတတ်သေးပြန်တာ။

တစ်ခါတစ်ခါ ဒေါ်မင်းဖြူရဲ့ အကြည့်တွေက ချောင်းကြည့်ကြသူတို့ဆီကို လှမ်းကြာ့်နေသယောင်ဖြစ်နေတာမို့ ချောင်းကြည့်သူတို့ ကြာကြာမကြည့်ရဲကြဘူး။

မတော်…သူတို့ကို မြင်သွားမှဖြင့်ဆိုပြီး အထိတ်တလန့်နဲ့ အမြန်ပုန်းကွယ်ကြရတယ်။

ဒီလိုနဲ့ ညဉ့်နက်ချိန်ကျတော့ ခွေးအူသံတွေက ဒေါ်မင်းဖြူရဲ့ ခြံဆီကနေ ရွာထဲကို ရွေ့လျားလာတယ်။

ဒါဟာ ဒေါ်မင်းဖြူတစ္ဆေ ရွာထဲကို ပတ်နေပြီဆိုတာ သိကြရတော့ တစ်ရွာလုံး အသက်တောင်ပြင်းပြင်းမရှုရဲခဲ့ကြဘူး။

ဒီလိုနဲ့ပဲ တစ်ညတာကိုသာ လွန်သွားခဲ့တယ်။

ဒေါ်မင်းဖြူတစ္ဆေက ရွာကို လှည့်ပတ်သွားနေရာတာကလွဲပြီး အခြားထွေထူးတာမျိုးတော့ လုပ်မသွားခဲ့ပါဘူး။

******

” ဟူး…ဒီပုံအတိုင်းဆိုရင် တို့ရွာတော့ ကြာရင်မလွယ်ဘူးဟေ့…”

လယ်ယာလုပ်ငန်းခွင်ဆီမှာ ကောက်လှိုင်းတိုက်ရင်းနဲ့ မှတ်ကြီးက စိတ်ပျက်လက်ပျက်နဲ့ ပြောလာတာ။ ဒါကို လှည်းပေါ်က ကော်လှိုင်းစီနေတဲ့ သာဂိက လုပ်လက်စ အလုပ်ကို ရပ်ထားလိုက်ပြီး ခြေပစ်လက်ပစ်နဲ့ ထိုင်ချလိုက်ရင်း…။

” အေးကွာ…မင်းပြောသလိုပဲ ဒီပုံအတိုင်းဆို ကြာရင် မလွယ်ဘူးကွ။ အခုတောင် သုံးရက်ပဲ ရှိသေးတာကို ရွာကလူတွေ အအိပ်ပျက် အစားပျက်နဲ့ ဖြစ်နေကြရပြီ။ ဟူး… ဒေါ်မင်းဖြူကြီးကလည်းကွာ မသေခင်ကလည်း ရွာကို လှန့်၊ သေတော့လည်း ရွာကို ခြောက်နဲ့။ ဘာဖြစ်နေမှန်းကို မသိဘူး…”

သာဂိရဲ့ စကားကြောင့် မှတ်ကြီးထိတ်ပြာသွားရပြီး…။

” ဟေ့ကောင် သာဂိ။ စကားကို ထိန်းပြောဟ။ ဟိုက စုန်းကနေ သေပြီး တစ္ဆေဖြစ်သွားတာ။ စုန်းဆိုတဲ့ အမျိုးက ချောင်းခြား၊မြောင်းခြားရင်သာ သူတို့အကြောင်းပြောလို့ရတာ။ မဟုတ်ရင်တော့ ဘယ်နေရာကပြောပြော သူတို့အကြောင်းပြောရင် ပြန်ကြားနိုင်တယ်တဲ့ကွ…”

မှတ်ကြီးရဲ့ စကားကြောင့် သာဂိ ကျွဲမြီးတိုသွားရပြီး…။

” အိုကွာ…ကြားကြားပေါ့။ ကြားတော့လည်း ဘာအရေးလဲ။ ငါက မမှန်တာ စွပ်စွဲနေတာမှမဟုတ်တာ။ သူလုပ်နေတာတွေကို အမှန်အတိုင်း ပြောတဲ့ဟာကိုပဲ…”

သာဂိက ဒေါသထွက်နေပြီမို့ စကားဆက်ပြောဖို့ မသင့်တော့ပြီဖြစ်ကြောင်း မှတ်ကြီး နားလည်လိုက်တယ်။

အပြန်ကျတော့ မှတ်ကြီးက လှည်းမောင်းရင်း စိတ်က တထင့်ထင့်။ ဘာကြောင့်ဆို သူတို့ဖြတ်ရမယ့်လမ်းမှာက ဒေါ်မင်းဖြူရဲ့ အိမ်ရှိနေတာကိုး။

သာဂိကတော့ သူပြောချင်ရင်ပြောပြီး ဒေါသမပြယ်သေးဘဲ လှည်းအနောက်မှာ တရှူးရှူးနဲ့။

ဒေါ်မင်းဖြူရဲ့ အိမ်ရှေ့က ဖြတ်တော့ နွားတွေက ထူးထူးဆန်းဆန်းနဲ့ကို လန့်တေါ့တာပဲ။ ပြီးတော့ ရုတ်တရက်ကြီးကိုပဲ လှည်းကို လမ်းနံဘေးဆွဲချလို့ တိမ်းမှောက်စေတော့တာ။

ဘာကြောင့်ရယ်မှန်းမသိပေမယ့် လှည်းမှောက်မှုမှာ မှတ်ကြီးက ထိခိုက်မှု သိပ်မရှိပေမယ့် သာဂိကတော့ ဘာနဲ့ ထိမိတယ်မသိဘူး။ သတိ လစ်သွားခဲ့တာမှာ အခုထိကို ပြန်လည်မလာသေးဘဲ မျောနေတဲ့ အသွင်နဲ့ ရှိနေတယ်။

အဲ့ဒီ့နေ့ညက ခွေးအူသံတွေက သာမန်ထက်ကို ဆူညံလွန်းနေပြီး ဒေါ်မင်းဖြူကြီးက သာဂိတို့အိမ်ရှေ့ဆီမှာ ခေါက်တုန့်ခေါက်ပြန် တဝဲလည်လည်နဲ့ သွားနေတော့တာကို မြင်ကြရတယ်။

သာဂိတို့အိမ်က လူတွေဆိုတာ ဒေါ်မင်းဖြူကြီးကို ကြောက်တာနဲ့ တစ်ညလုံး ပုန်းကြ၊ အောင်းကြ၊ ကြောက်ကြနဲ့ပဲ တစ်ညတာကို ခက်ခက်ခဲခဲဖြတ်သန်းပြီး မိုးစင်စင်လင်းချိန်အထိကို မနဲအားတင်းပြီး နေခဲ့ကြရတယ်။

ဒီလိုနဲ့ အဲ့ဒီ့နေ့သစ်ရဲ့ ညနေစောင်းအချိန်မှာတော့…။

*****

” ဟေ့…ငါသူတော် နတ်သားလေးလာချေပြီ။ မကောင်းသူလည်း ထိတ်၊ ကောင်းသူလည်း တိတ်ပေစမ်းတော့…”

အသံနဲ့အတူ ခနောင်ရွာရဲ့ အရှေ့ဘက်ထိပ်ဆီကနေ ခြေရောလက်ရော မြောက်နေအောင် ကနေတဲ့ သူရူးတစ်ယောက် ရွာထဲကို ဝင်လာခဲ့တယ်။

ပုံစံက ဆံပင်တွေ နီကြောင်ဖွားနေပြီး သွားတွေကလည်း ဂျိုးအထပ်ထပ်နဲ့ ဝါကျင်နေလို့။ အဝတ်အစားတွေကစုတ်ပြတ်သတ် ပေတူးနေပြီး ပိတ်အိတ်အစုတ်ကြီးတစ်လုံးကိုလည်း စလွယ်သိုငိးထားချေသေးတယ်။

အဲ့ဒီ့ သူရူးက ကခုန်ရင်းနဲ့ တစ်ခါတစ်ခါ ဂါထာလိုလို မန္တာန်လိုလိုကိုလည်းရွတ်ပြန်သေးတာ။

တဖြေးဖြေးနဲ့ ရွာရဲ့ အလယ်ဆီကို ရောက်တော့ သူရူးက ကခုန်နေတာကို ရပ်လိုက်တယ်။ ပြီးတော့ လမ်းရဲ့ အလယ်ဗဟိုနေရာမှာ စည်းဝိုင်းငယ်တစ်ခုဝိုင်းပြီး အဲ့ဒီ့အထဲမှာ ပုံစံအမျိုးမျိုးနဲ့ နေနေတော့တာရယ်။

” ဟူး…တို့ရွာလည်း အခုရက်ပိုင်း ဘာယ်လို ဂြိုဟ်ဆိုးတွေ ဝင်တယ် မသိပါဘူး။ သရဲကတမှောင့်၊ လှည်းမှောက်လို့ မသေမရှင်ဖြစ်နေတဲ့ လူမမာက တမှောင့်၊ ဟော…အခု ဘယ်ကရောက်လာမှန်းမသိတဲ့ အရူးက တမှောင့်နဲ့…”

ရွာသူရွာသားတွေက သူရူးကို ကြည့်ပြီး စိတ်ပျက်လက်ပျက် ညည်းတွားကြတယ်။

သူရူးကတော့ သူတို့ပြောတဲ့ စကားတွေကို ကြားပေမယ့် သူ့စည်းဝိုင်းထဲကထွက်မလာဘဲ လှဲတောင် အိပ်ချလိုက်သေးတယ်။

ဒီလိုနဲ့ ညရောက်ချိန်ကျတော့…။

ထုံးစံအတိုင်းပဲ ညဦးပိုင်းရောက်ရုံရှိသေး၊ ရွာရဲ့ သုသာန်ဘက်ဆီက ခွေးအူသံတွေက စီခနဲပဲ။

” ဟော…သူလာပြီ…”

ခွေးအူသံတွေကို ကြားတာနဲ့ ရွာအလယ်ပိုင်းဆီက စည်းဝိုင်းထဲမှာ လှဲအိပ်နေတဲ့ သူရူးက တီးတိုးရေရွတ်ရင်း ဆတ်ခနဲထထိုင်လာတယ်။

တစ်ရွာလုံးကတော အပ်ကျသံတောင် ပဲ့ထပ်ပြီးကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေလေရဲ့။

ခွေးအူသံတွေက တဖြေးဖြေးနဲ့ ရွာထဲကို ရောက်လာချိန်မှာတော့ သူရူးကလည်း စည်းဝိုင်းထဲက ထွက်လာပြီး ခွေးအူသံတွေထွက်ပေါ်လာရာ ရွာအနောက်ပိုင်းဆီကို လှမ်းထွက်ခဲ့လေပြီ။

******

” ဟား…ဟား…ဟား…”

ရုတ်တရက် သာဂိတို့ အိမ်ရှေ့ သရက်ပင်ကြီးပေါ်က ဒေါ်မင်းဖြူကြီးရဲ့ ခြောက်ခြားစရာကောင်းတဲ့ ရယ်သံကြီးထွက်ပေါ်လာတာ။

” ဟီး…ဟီး…ဟီး…”

ရယ်သံက ပြောင်းသွားပြန်တယ်။

သာဂိတို့အိမ်က လူတွေမှာတော့ သူတိူ့ အိမ်ရှေ့ဆီက ထွက်လာတဲ့ ဒေါ်မင်းဖြူရဲ့ ရယ်သံကြောင့် ဘုရားစာတွေကို အထစ်ထစ် အငေါ့ငေါ့နဲ့ ရှေ့ရောက်နောက်ရောက် ရွတ်ရင်း နေစရာမရှိတော့ဘူး။

ဝုန်းခနဲဆို ဒေါ်မင်းဖြူရဲ့ ပုံရိပ်ကြီးက အိမ်ရှေ့တဲ့တဲ့ မြေပြင်ဆီမှာ ထွက်ပေါ်လာတယ်။ ပြီးတော့ အိမ်ဆီကို လက်ညှိုးထိုးပြီး ပါးစပ်ကနေ တစ်စုံတစ်ရာကို တီးတိုးရေရွတ်တယ်။ ရွတ်နေရင်းနဲ့ ရုတ်တရက် ဗြုန်းခနဲ ဒေါ်မင်းဖြူကြီး ပျောက်ကွယ်သွားတယ်။

သူပျောက်ကွယ်သွားတာနဲ့ တပြိုင်နက် အိပ်ရာထဲမှာ ဆန့်ဆန့်ကြီးမျောနေတဲ့ သာဂိက ဝုန်းခနဲ ထထိုင်လာတယ်။ ပြီးတော့ အသံနက်ကြီးနဲ့…။

” ဆိုင်ရာတွေဆီက အခွင့်ရလာခဲ့တယ်။ ငါ့ကို စော်ကားမော်ကားပြောတဲ့ကောင်။ အခု ဒင်းရဲ့ အသွေးနဲ့ နှလုံးကို ငါစားရင် ငါ အသက်ပြန်ရှင်မယ်။ နင်တို့ တစ်ရွာလုံး လစ်လှူရှုထားတဲ့ မင်းဖြူဆိုတဲ့ ငါ ပြန်လာခဲ့မယ်ဟေ့…”

သာဂိရဲ့ ခန္ဓာကိုယ်ကို ဒေါ်မင်းဖြူကြီးက ဝင်ပူးနေခဲ့တာ။

အားလုံး ဘာလုပ်ကြရမယ်မသိ၊ အော်ကြဟစ်ကြနဲ့ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြပြီ။

အဲ့ဒီအချိန်…။

သူတို့ အိမ်ဝဆီမှာ အိတ်စုတ်ကြီးကို လွယ်ထားတဲ့ သူရူးက ရုတ်တရက်ကြီး ရောက်လာတာမို့ အားလုံး ကြောင်အမ်သွားကြတယ်။

” အိမ်ပေါ်က လူတွေ အကုန်ဆင်းကြစမ်း…ဒါ ငါ သူတော်နတ်သားလေး အမိန့်…”

သူရူးက အမိန့်ဆန်ဆန် ပြောပေမယ့် တစ်စုံတစ်ရာတော့ ထူးခြားနေတာမို့ သာဂိတို့ မိသားစုတွေ အကုန်လုံး အိမ်ပေါ်က ဆင်းလာကြတယ်။

သူတို့ အိမ်အောက်ကို ရောက်တာနဲ့ သူရူးက အိမ်တစ်အိမ်လုံးကို လက်ညှိုးထိုးပြီး မန္တန်ရွတ်လို့ စည်းချလိုက်တယ်။ ပြီးတော အိမ်ပေါ်ကိုလည်း လက်ညှိုးညွှန်ပြီး ထပ်ရွတ်ပြန်တယ်။

သူရဲ့ ရွတ်ဆိုမှု အပြီးမှာတော့ အိမ်ပေါ်က ဒေါ်မင်းဖြူဝင်ပူးနေတဲ့ သာဂိခမျာ တစ်စုံတစ်ရာက သူရဲ့ ခြေတွေလက်တွေကို တုပ်နှောင်လိုက်သလိုမျိုး ဖြစ်သွားတယ်။

အဲ့ဒီအချိန်ကျမှ သူရူးက အိမ်ပေါ်ကို လှမ်းတက်သွားခဲ့တယ်။

သူရူးကို မြင်တော့ သာဂိကိုယ်ထဲက ဒေါ်မင်းဖြူကြီးက…။

” ဟဲ့…သေချင်းဆိုး နင်က ဘယ်သူလဲ။ ဘာကိစ္စ ငါ့အလုပ်ကို ဝင်ရှုပ်တာလဲ…”

” သယ်…ဒီအမိုက်မ။ နင်ကများ ရာရာစစ ငါသူတော်နတ်သားလေးကို စော်ကားမော်ကားနဲ့။ ဟွန်း…သူတစ်ပါးကို ဒုက္ခပေးဖို့ ရည်ရွယ်ချက်နဲ့ မလျော်ကန်တာတွေ ကျင့်ခဲ့ပြီး အခု အသက်သေတာတောင် နောင်တမရသေးဘဲ သူတစ်ပါးအသက်ကိုရန်ရှာပြီး ထပ်မိုက်နေဖို့ ကြိုးစားတယ်ပေါ့…”

” အို…တော်စမ်းပါ။ နင့်ဘာသာ နတ်သားမကလို့ ငရဲသားပဲဖြစ်ဖြစ် မင်းဖြူဆိုတဲ့ ငါက ဂရုစိုက်မနေဘူး။ ငါ လုပ်စရာရှိတာကို ငါလုပ်မယ်။ နင် အသာနေလိုက်စမ်း…”

” ဟဲ့…မိစ္စာမ…ငါသူတော် ငရဲသားလေးကို နင်က အာခံရော့သလားဟဲ့။ ဟွန်း…အခု နင့်ရဲ့ကြွင်းရစ်နေတဲ့ ပညာဗူးက နင်ခန္ဓာဆီမှာ လာပေါင်းနေပြီဆိုတာ ငါသိတယ်။ ဒီပညာဗူးကိုပဲ အစွဲပြုပြီး နင်က လူ့အသွေးအသားကို အရင်းပြုလို့ မြေထုံကူးဖို့ လုပ်နေတယ်ဆိုတာုကိလည်း ငါသိတယ်။ ဒါဟာ မိုက်မဲတာတွေကို နက်ရှိုင်းအောင် ထပ်ပြုနေတာပဲ။ ဒါကို ငါသူတော်လေးနဲ့ အထက်ဝိဇ္ဇာအပေါင်းက လက်မခံနိုင်ဘူး။ အခုပဲ နင့်ရဲ့ မာန်မာနနဲ့ မိုက်မဲမှုတွေကို ချေချွတ်ဖို့ အဲ့ဒီ့ပညာဗူးကို ငါတို့ သိမ်းယူရလိမ့်မယ်…”

သူရူးက ပြောပြီးတာနဲ့ သာဂိဆီ ဝင်ရောက်ပူးကပ်နေတဲ့ ဒေါ်မင်းဖြူကြီးရဲ့ ဦးခေါင်းထက်ဆီကနေ သူ့ရဲ့ ညာဘက်လက်ဖဝါးကို မိုးလို့ မန္တာန်တစ်ပုဒ်ကို ရွတ်ဆိုလိုက်တယ်။

” အ…အာ…အား…”

ဒေါ်မင်းဖြူရဲ့ မချိမဆန့် အော်သံကြီး။ သူရူးရဲ့ လက်ဆီကို အနက်ရောင်နဲ့ အဝါရောင်တွေ ရောယှက်နေတဲ့ အခိုးအငွေ့တွေက တိုးဝင်နေလေတယ်။

အတန်ကြာတော့ အခိုးအငွေ့တွေက စဲသွားပြီ။

အဲ့ဒီ့အခါမှာ သူရူးက…။

” ကဲ…နင့်ဆီက ပညာတွေအကုန်လုံးကို ငါသိမ်းဆည်းလိုက်ပြီ။ နင်က သာမန်တစ္ဆေတစ်ကောင်ဖြစ်သွားပြီ။ ဒီလိုဘဝနဲ့ ပေးဆပ်ရအောင် နင့်ဘ၀ နင့်ကံ နင့်ဘာသာ ဖန်လေတာဆိုတော့ ထိုက်သင့်လျောက်ပတ်အောင် ပြန်လည်ပေးဆပ်ချေပေတော့…”

သူရူးက ပြောပြောဆိုဆို ဒေါ်မင်းဖြူတစ်ဖြစ်လဲ သာဂိကို လက်နဲ့ အသာခတ်ထုတ်လိုက်တယ်ဆိုရင်ပဲဒေါ်မင်းဖြူက သာဂိရဲ့ ခန္ဓာဆီက လွင့်စင်ထွက်သွားခဲ့လေပြီးသာဂိရဲ့ ခန္ဓာကိုယ်ကြီးကတော့ ကြမ်းပြင်ဆီကို လဲကျသွားခဲ့တယ်။

သူရူးက ချက်ချင်းပဲ လဲကျနေတဲ့ သာဂိရဲ့ နဖူးကို သူ့လက်ညှိုးနဲ့ တေ့ထောက်ပြီး အာဏာစက်တစ်ခုကို တီးတိုးအမိန့်ပြန်လိုက်တယ်။

” ဟာ…သာ…သာဂိ သတိရလာပြီ…”

သာဂိ လူးလွန့်ရင်း သတိရလာတာကို အိမ်အောက်က မိသားစုက ကြည့်ပြီး ဝမ်းသာအားရအော်ကြတယ်။

သူရူးက သူတို့ကို အိမ်ပေါ်ဆီကို တက်ခဲ့ဖို့ ခေါ်လိုက်တယ်။

” အခုကစပြီး သင်တို့ ရပ်ရွာမှာ ဆိုးသွမ်းနှောင်ယှက်သူ မရှိတော့ဘူး။ ဒါပေမယ့် မနက်ဖြန်ကျရင်တော့ မင်းဖြူရဲ့ မြေပုံကိုတူးပြီး သူ့အလောင်းကို မီးသဂြိုဟ်လိုက်ပါ။ ဒီက ကာယကံရှင်ကိုတော့ သူ ဘာတွေကြုံခဲ့ရလဲဆိုတာ သင်တို့ဘာသာပဲ မေးကြည့်ကြချေတော့…ကဲ…ငါသူတော်လေး နတ်သားလေး သွားတော့မယ်…”

သူရူးက ပြောပြီးတာနဲ့ တားမြစ်ချိန်တောင်မရလိုက်ဘူး။ အိမ်ပေါ်ကနေ ဆင်းသွားခဲ့တော့တယ်။

******

အဖြစ်အပျက်တွေ အလုံးစုံကို နိဂုံးချုပ်ချိန်မှာတော့…။

သာဂိက လှည်းမှောက်ရာကနေ သတိလည်လာချိန်မှာ ဒေါ်မင်းဖြူရဲ့ အိမ်ထဲကို ရောက်နေခဲ့ရတယ်။

ဒေါ်မင်းဖြူက သူ့ကို အမျိုးမျိုးခြောက်လှန့်ခြိမ်းခြောက်နေပြီး သူရဲ့ ခြေလက်တွေကို လှုပ်ရှားမရအောင် လုပ်ထားခဲ့တယ်တဲ့။

သူပြန်လာကာနီးကျတော့ အဝတ်ဖြူဝတ်ဆင်ထားတဲ့ လူတစ်ယောက်က သူ့ဆီကို ရောက်လာခဲ့ပြီး သူ့ရဲ့ ခြေလက်တွေကို လှုပ်ရှားလို့ရအောင် လုပ်ပေးလို့ အိမ်ဆီကို ခေါ်ဆောင်လာခဲ့ပြီး တွန်းချလိုက်ချေတာဆိုပဲ။

ဒီလိုပါပဲ…။

နောက်တစ်နေ့ နံနက်မှာတော့ သူရူးမှာခဲ့သလိုပဲ ခနောင်ရွာသူရွာသားတို့ဟာ ဒေါ်မင်းဖြူရဲ့ မြေပုံကို ပြန်လည်တူးဖော်ကြပြီး မီးသဂြိုဟ်လိုက်ကြပါတယ်။

ဒီနေရာမှာ ထူးဆန်းလွန်းတာက မီးရှို့ချိန်မှာ လောင်မီးတွေရဲ့ ကြားဆီက အားခနဲအော်တဲ့ ဒေါ်မင်းဖြူရဲ့ အော်သံနက်ကြီးတစ်ချက်က ကျယ်လောင်စွာနဲ့ ထွက်ပေါ်လာခဲ့တာပါပဲ။

ဒီကနေ နောက်နေ့တွေမှာတော့ သူတို့ရပ်ရွာဟာ အေးချမ်းသာယာသွားခဲ့ပါပြီ။

အဲ့ဒီ့နောက်မှာတော့ သူတို့ဟာ ရပ်ရွာမှာ ကြုံတွေ့နေရတဲ့ ခြောက်ခြားစရာဖြစ်ရပ်တွေဆီက ကယ်တင်ပေးသွားခဲ့တဲ့ သူရူးကို ကျေးဇူးဆပ်ချင်လို့ ထပ်မံရှာဖွေပေမယ့်လည်း ယနေ့ထပ်တိုင် ရှာဖွေတွေ့ရှိခြင်းမရှိတော့ပါဘူး။

ပြီးပါပြီ။

နောင်ရိုး(ဆေးတပ်)
#ညမဖတ်ရ