တစ္ဆေတစ်ကောင်ရဲ့ဘဝ

***တစ္ဆေတစ်ကောင်ရဲ့ ဘဝ***(စ/ဆုံး)

(ဖြစ်ရပ်မှန်စာမူ)

*******

 

ကျုပ်က တစ္ဆေတစ်ကောင်သာဆိုရင် ခင်ဗျားတို့ ထိတ်လန့်နေကြမှာလား…။ ဒါမှ မဟုတ် သနားကြမှာလား…။ ဒေါသထွက်ကြမှာလား…။ တိုက်ခိုက် မောင်းထုတ်ဖို့ ကြိုးစားကြမှာလား…။ ဒါမှမဟုတ်သေးရင် အခြားအခြားသော နည်းလမ်း၊ ခံစားချက်တွေနဲ့များ…။

 

ဇာတ်လမ်းက မစရသေး၊ မေးခွန်းတွေ စီနေတယ်ဆိုပြီး ကျုပ်ကိုတော့ စိတ်မဆိုးစေချင်ဘူး။

 

ဒါပေမယ့် ဒီမေးခွန်းတွေက တကယ့်ကို အရေးပါလွန်းလို့ကို မေးနေတာ။ တစ္ဆေတစ်ကောင် အပေါ် ခင်ဗျားတို့ ဘယ်လိုသဘောထားသလဲ သိချင်လွန်းလို့ မေးနေတာပါဗျာ။

 

ကျုပ်က လက်ရှိဘ၀မှာတော့ လူသားစင်စစ်ပါပဲ။ ဒါပေမယ့် ယခင်လူ့ဘ၀နဲ့ အခုလက်ရှိ လူဘ၀ကို မရောက်ခင် စပ်ကူးမတ်ကူးမှာတော့ ကျုပ်က တကယ့်ကို တစ္ဆေတစ်ကောင်ပါ။

 

တစ္ဆေဘ၀မှာ ရက်အပိုင်းအခြားလောက်သာ နေခဲ့ရတယ်ဆိုပေမယ့် လူဘ၀သက်တမ်းနဲ့ကျရင်တော့ ကိုးနှစ်တာကြာလောက် ဖြန်သန်းခဲ့တယ်ဆိုပါတော့။ နား၊ မျက်စိတွေများ ရှုပ်ကုန်ကြမလားဘဲ။ ဒီလိုသာဆိုရင်တော့ ရှည်ရှည်ဝေးဝေးတွေးမနေတော့ဘဲ အောက်ကအကြောင်းတွေကိုသာ ဆက်ဖတ်ကြည့်လိုက်ကြပါတော့။

 

ကျုပ် ဘယ်က၊ ဘယ်လို တစ္ဆေဖြစ်သွားရတယ်လို့တော့ တိတိကျကျ မမှတ်မိဘူး။ ဒါပေမယ့် မှတ်မိသလောက်တော့ ပြန်ပြောပြချင်သေးတယ်။

 

ကျုပ်တို့ ရွာက ပဲခူးတိုင်း အနောက်ပိုင်း၊ နတ္တလင်းမြို့နယ်ထဲက။ ရွာနာမည်တော့ မပြောပြတော့ဘူး။ ကျုပ်နာမည်ကိုတော့ မောင်ငယ်လို့ပဲ အလွယ် မှတ်ထားကြပါ။

 

ကျုပ်တို့ရွာနံဘေးမှာက မြစ်၊ ချောင်း၊ အင်း၊ အိုင် သိပ်ပေါ။ ဒီတော့ အလုပ်ဆိုလို့ တံငါအလုပ်ပဲ ရှိကြတာ။ ပြောရရင်တော့ ဒါက မိရိုးဖလာအလုပ်ရယ်ပဲ။

 

လူရယ်လို့ ဖြစ်လာပြီးကတည်းက များသောအားဖြင့် တံငါနားနီး တံငါဆိုလို ဘ၀ရပ်တည်ချက်က အလိုလို တံဆိပ်ခတ်ထားပြီးသား။ ချွင်းချက်အနေနဲ့ကတော့ တချို့တလေ တံငါမဖြစ်ကြတာတော့ ရှိတာပေါ့လေ။ ထားပါတော့ ကျုပ်အကြောင်းပဲ ဆက်ပြောပြမယ်။

 

အထက်က ပြောခဲ့တဲ့ အကြောင်းတွေကြောင့်ပဲ ကျုပ် တံငါတစ်ယောက် ဖြစ်ခဲ့တယ်။ ပင်လယ်တံငါလို စက်လှေနဲ့ ပင်လယ်ဆင်းရတာတော့ မဟုတ်ဘူးပေါ့လေ။ ကျုပ်တို့ဆီမှာကတော့ အင်းသမား၊ အင်းတံငါ၊ ငါးထောင်၊ ပိုက်ချ ဒါလောက်ပဲရှိတယ်။

 

ကျုပ်မှာ ငယ်သူငယ်ချင်းရှိတယ်။ သူက မောင်ထွန်း။ ငယ်ကတည်းက သွားအတူ၊ လာအတူ၊ စားအတူ ပုခုံးဖက်ပေါင်းကြတာ။ ကြီးလာတော့ကျ သူနဲ့ ကျုပ်က ဘ၀ရပ်တည်မှု ကွဲလွဲသွားတယ်။

 

မောင်ထွန်းက ဆေးဆရာတစ်ယောက်ဖြစ်သွားပြီး ကျုပ်ကတော့ အထက်က ပြောပြခဲ့သလို အင်းတံငါတစ်ယောက်ဖြစ်လာတယ်။ ဘ၀ရပ်တည်ချက်တွေက မတူညီခဲ့ပေမယ့် ကျုပ်နဲ့သူ အတွဲအဖက်ကတော့ မပြတ်ခဲ့ဘူး။ ပုခုံးဖက်ပြီး အခင်ဆုံး သူငယ်ချင်းတွေအဖြစ် ပေါင်းဖော်နေကြတုန်းပဲ။

 

ဒီလိုနဲ့ မြန်မာသက္ကရာဇ် ၁၃၃၈ ခုနှစ်ရဲ့ ဝါခေါင်လဆန်း ၄ ရက်နေ့မှာတော့ ကျုပ်အခုပြောပြချင်တဲ့ ဇာတ်လမ်းက စတင်ခဲ့ပြီရယ်။

 

အဲ့ဒီ့နေ့က ကျုပ်မသေခင် ဖြစ်စဉ် အားလုံးကို အခုထိ တိတိကျကျ ကျုပ် မှတ်မိနေတယ်။

 

အဲ့ဒီ့နေ့က မောင်ထွန်းရယ် ကျုပ်ရယ် ကျုပ်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေရယ် အင်းထဲရောက်နေတယ်။ ကျုပ်နဲ့ လုပ်ဖော်ကိုင်ဖက်တွေက အင်းထဲမှာ ကျားပိုက်ထောင်ကြတာ။ မောင်ထွန်းကတော့ ကျုပ်ဆီကို အလယ်သက်သက်ပဲ။

 

မိုးကတစွေစွေ ဖြစ်နေတော့ ရာသီဥတုကို အံတုပြီး အလုပ်လုပ်ကြရတဲ့ ကျုပ်တို့က အင်းထဲဆင်းလိုက်၊ ရေစိုပြီး ချမ်းလာရင် တဲပေါ်တက်လို့ အချမ်းပြေယမကာ မှီဝဲလိုက်နဲ့ပေါ့။

 

ကျုပ်တို့ဆီမှာက အင်းထဲမှာ အသောက်အစားပြုကြတာ မဆန်းတဲ့အပြင် ထုံးစံလိုတောင်ဖြစ်နေပြီ။ မောင်ထွန်းကတော့ ဆေးကုတဲ့သူဆိုတော့ သမားဂုဏ်ရည်ထိန်းပြီး မသောက်ဘူး။

 

ဒီလိုနဲ့ နေ့လည်ပိုင်လောက်ရောက်လာတော့ မောင်ထွန်းကို တခြားရွာက ဆေးကုဖို့ လာပင့်တယ်။ သွားကာနီးမှာ မောင်ထွန်းက ရစ်ဝေရီနေတဲ့ ကျုပ်ကို

 

” ကဲ…သူငယ်ချင်း…ငါဟိုဘက်ရွာကို ဆေးကုသွားဦးမယ်။ ငါပြန်မလာမချင်း မင်းဒီကပဲ စောင့်နေကွာ။ ငါရောက်မှပဲ အတူတူပြန်ကြတာပေါ့…”

 

” အေးပါ…မင်းသာ ဆေးကို ဖြောင့်ဖြောင့်တန်းတန်းကုခဲ့။ ငါ မင်းပြန်လာတဲ့အထိစောင့်နေမယ်”

 

ကျုပ် မောင်ထွန်းကို လွယ်လွယ်ပဲ ကတိပေးခဲ့တယ်။

 

မောင်ထွန်းထွက်သွားတော့ ကျုပ်တို့က ထုံးစံအတိုင်း အင်းထဲဆင်း၊ ချမ်းလာရင် ယမကာလေးမှီဝဲပေါ့။

 

ညနေစောင်းလောက်ကျတော့ ကျုပ် အတော်ကလေး ရေချိန်ကိုက်နေပြီ။ မောင်ထွန်းက အဲ့ဒီ့အချိန်ထိ ပြန်မလာသေးဘူး။ မိုးကလည်း သိပ်မသည်းတော့ဘူး။ ဖွဲလိုက်၊ စဲလိုက်လောက်ပဲ ရွာတော့တယ်။

 

တစ်နေကုန် ရေစိုနေရတဲ့ ကျုပ်မှာတော့ ယမကာအရှိန်ကလေးက ကောင်းကောင်းနဲ့ အိမ်ပြန်ချင်စိတ်က ထိန်းမရတော့ဘူး။ အဲ့ဒါနဲ့ပဲ ကျုပ် မောင်ထွန်းကို မစောင့်တော့ဘဲ လှေစီးလို့ အိမ်ပြန်လာခဲ့တယ်။

 

ကျုပ်တို့ရွာနားမှာက စွယ်တော်ချောင်းက ဖြတ်စီးတယ်။ ချောင်းက အင်းတွေနဲ့ ဆက်နေတယ်။ ဒီတော့က ကျုပ်တို့ အင်းထဲကို အသွား၊ အပြန်ပြုရင် ဒီချောင်းကပဲ လှေနဲ့ သွားကြတယ်။

 

ကျုပ် အင်းတဲကနေ တစ်ယောက်ထဲ လှေနဲ့ ပြန်ခဲ့ရင်း တဖြေးဖြေးရွာနဲ့ နီးလာတယ်။ ရွာအ၀င် ချောင်းနံဘေးက ထုံးစေတီကလေးနဲ့ ညောင်ပင်ကြီးကိုတောင် လှမ်းမြင်ရပြီ။ မကြာပါဘူး လှော်ရင်းပြုရင်းနဲ့ပဲ စေတီကလေးနဲ့ ညောင်ပင်ကြီးအောက်ကို ကျုပ်အရောက်၊ တိုက်ဆိုင်စွာနဲ့ပဲ ချောင်းဆီကိုင်းနေတဲ့ ညောင်ကိုင်းပေါ်က မြွေဟောက်နက်ကြီးတစ်ကောင် ကျုပ်လှေပေါ်ကို ဗြုန်းခနဲ ပြုတ်ကျလာတယ်။

 

ကျုပ်လည်း ရုတ်တရက်ဆိုတော့ လန့်လည်းလန့်၊ အရက်မူးနေတဲ့ အရှိန်ကလေးကလည်း ရှိနေတော့ ဒေါသကလည်း ထွက်ပေါ့။

 

ကျုပ် မြွေကြီးကို လှော်တက်နဲ့ လှမ်းရိုက်တယ်။ နှစ်ချက်လောက် ရိုက်အပြီးမှာ မြွေက မျက်စိရှေ့ ရှိမနေတော့ဘူး။ ကျုပ်ပဲ မူးနေတာလား၊ ရေအောက်ဆင်းသွားတာလား၊ ဘာမှကို မသဲကွဲလိုက်ဘူး။

 

မြွေမရှိတော့ဘူးဆိုတော့ ကျုပ်လည်း ကြာကြာရှာမနေပါဘူး။ ပြီးပြီဆိုတဲ့အတွေးနဲ့ပဲ အိမ်ကို ပြန်လာခဲ့တယ်။ လှေဆိပ်ရောက်တော့ လှေငုတ်မှာ လှေချည်ပြီးတာနဲ့ ကမ်းပေါ်တက်ခဲ့ပြီး အိမ်ရှေ့ကနေ ကျုပ်မိန်းမ လှခင်ကို အော်ခေါ်လိုက်တယ်။

 

လှခင်က အိမ်ထဲက ကျုပ်ကိုထွက်ကြိုတော့ ကျုပ်က ဗိုက်ဆာလို့ ထမင်းခူးကျွေးဖို့ ပြောပြီး အိမ်ပေါ်တက်ခဲ့တယ်။

 

အိမ်ပေါ်ရောက်တော့ ရေစိုနေတဲ့ အ၀တ်တွေကို လဲဖို့ လုပ်နေရင်း ကျုပ်တဖြေးဖြေး အိပ်ချင်စိတ်ကို ထိန်းမရတော့တာကြောင့် အဲ့ဒီ့နေရာမှာပဲ မှေးခနဲဖြစ်သွားရတော့တယ်။

 

*****

 

” လူလေး…လူလေး…”

 

ခေါ်သံကြားလို့ ကျုပ်နိုးလာတော့ အလွန်ထူးဆန်းစွာနဲ့ပဲ အိမ်ပေါ်မှာ အိပ်ပျော်သွားတဲ့ ကျုပ်က ကိုင်းတောကြီးထဲမှာ ရောက်နေတယ်။ ကျုပ်ကို ခေါ်တဲ့သူကို ကြည့်လိုက်တော့ ၀တ်ဖြူစင်ကြယ်ကို ၀တ်ဆင်ထားတဲ့ အဘိုးအိုတစ်ယောက်။

 

” အဘိုး…ကျုပ် ဘယ်က ဘယ်လို ဒီကိုင်းတောထဲကို ရောက်နေတာလဲ…”

 

” အင်း..ဘိုးဘိုးကြီးက လူလေးကို လာခေါ်တာပါ။ ဘိုးဘိုးကြီးနဲ့ အခုပ ဲလိုက်ခဲ့ပါ…”

 

ကျုပ်မှာ ငြင်းဆန်နိုင်စွမ်းမရှိဘူး။ သူ့ကိုယ်သူ ဘိုးဘိုးကြီးလို့ ပြောတဲ့ လူကြီးနောက်ကို ကျုပ်လိုက်သွားခဲ့တယ်။

 

ရွာထိပ် စေတီလေးနားက ညောင်ပင်ကြီးဆီကို ရောက်လာတော့ ဘိုးဘိုးကြီးက ညောင်ပင်ဆီ ညွန်ပြပြီး ကျုပ်ကို

 

” ကဲ…လူလေး။ မင်း ဒီမှာစောင့်နေ။ ဘိုးဘိုးကြီး ပြန်မလာမချင်း ဘယ်မှ မသွားနဲ့ ကြားလား”

 

” ဟင်…အဘိုး။ ကျုပ်က ဒီနေရာမှာ ဘာလို့ စောင့်နေရမှာလဲ။ တော်ပြီဗျာ…ကျုပ် အိမ်ကိုပဲ ပြန်တော့မယ်။ အိမ်မှာ အခုအချိန်လောက်ဆို ထမင်းစားနေပြီဗျ…သူတို့ ထမင်းစားဖို့ ကျုပ်ကို စောင့်နေကြမှာ…”

 

” အင်း…လူလေးက ကိုယ့်အဖြစ်ကိုယ် မသိသေးဘူးပဲ…”

 

ဘိုးဘိုးကြီးက ကျုပ်ကို ပြောပြီးတော့ ရွာဘက်ကို လှည့်ပြီး လက်ခုပ်တီးလိုက်တယ်။

 

ချက်ချင်းဆိုသလိုပဲ ရွာဘက်ကနေ အနက်ရောင်၀တ်စုံနဲ့ အသက်လေးဆယ်အရွယ် မိန်းမကြီးတစ်ယောက် ရောက်လာတယ်။

 

ပြီးတော့ မိန်းမကြီးက ကျုပ်လက်ကို ကိုင်ပြီး လာဆိုအခေါ်…။ ရုတ်တရက်ကြီးကိုပဲ ညောင်ပင်အောက်ရပ်နေတဲ့ ကျုပ်ဟာ ရွာရဲ့အနောက်ဘက်က သုသာန်ထဲကို ရောက်နေတယ်။

 

မိန်းမကြီးက နေရာတစ်ခုကို ညွှန်ပြနေတာနဲ့ ကျုပ်ကြည့်လိုက်တော့။ လား…လား…မြေကြီးထဲမှာ ကျုပ်နဲ့သိပ်တူတဲ့ လူတစ်ယောက်။

 

” နင်သေသွားတာ ဆယ်ရက်တောင် ရှိနေပြီ။ အခုဘ၀နဲ့ နင့်အိမ်ကို မပြောနဲ့ ရွာထဲကိုတောင် အမှီအတွယ်မရှိဘဲ ၀င်လို့မရဘူး…နားလည်လား…ကဲလာ…”

 

ကျုပ် အံ့သြဖို့အချိန်တောင်မရလိုက်ဘူး။.အမျိုးသမီးကြီးက အငိုက်ဆွဲခေါ်လိုက်တာနဲ့ ရွာထိပ်ညောင်ပင်ကြီးအောက်ကို ချက်ချင်း ပြန်ရောက်လာတယ်။ ပြီးတော့ အမျိုးသမီးကြီးက ပျောက်သွားတယ်။

 

” ကဲ…လူလေး။ မင်းဘ၀ကို မင်း သိရပြီဆိုတော့ ဘိုးဘိုးကြီး ပြန်လာတဲ့အထိ မင်းဒီအပင်မှာပဲ စောင့်နေဦး”

 

ဘိုးဘိုးကြီးက ကျုပ်ကို ညောင်ပင်နဲ့ မလှမ်းမကမ်းက လက်ပံပင်သေးသေးလေးမှာနေခိုင်းတယ်။

 

ကျုပ်လည်း ကိုယ့်ကိုယ်ကို သေနေပြီဆိုတဲ့အသိကြောင့် သူတို့ပြောသမျှ ဘာမှ မငြင်းရဲတော့ဘူး။ အဲ့ဒီ့လက်ပံပင်အောက်မှာပဲ ငေါင်တောင်တောင်နဲ့ ထိုင်နေမိတယ်။

 

ရင်ထဲမှာလည်း ဘာလုပ်လို့ ဘာကိုင်ရမယ်မသိဘူး။ ဟာတာတာကြီးနဲ့။ ကျုပ်ကိုယ်ကျုပ် သေသွားပြီဆိုတာကို လုံး၀ မယုံနိုင်ခဲ့ဘူး။ ကျုပ်ချစ်တဲ့ ကျုပ်မိသားစု၊ လှခင်ရယ် ကလေးနှစ်ယောက်ရယ်။ သူတို့နဲ့ ကျုပ်ဘဝြခားသွားပြီတဲ့။ ဘယ်လိုမှကို လက်မခံနိုင်တဲ့ အမှန်တရားကြီးတစ်ခု။ ရှေ့ဆက်ပြီး ဘာဖြစ်လာမယ်။ ဘာလုပ်ရမယ်ဆိုတာကို ကျုပ်ဘာမှ မသိနိုင်ခဲ့ဘူး။ နောက်ဆုံးတော့ ကျုပ် ထိုင်ရင်းနဲ့ ငိုပဲငိုနေမိတော့တယ်။

 

ညရောက်တော့ လေတဟူးဟူးတိုက်နေတဲ့ လယ်ကွင်းပြင်တွေကို ကြည့်ပြီး ကျုပ် ၀မ်းနည်းလိုက်တာ။ ရွာဆီကို ကြည့်မိတိုင်း အိမ်ပြန်ချင်စိတ်တွေက တားမရ၊ ဆီးမရပဲ။ ဒါပေမယ့် ကျုပ် ဘိုးဘိုးကြီးနဲ့ ဟိုမိန်းမကြီးကို ကြောက်နေတယ်။ သူတို့ခိုင်းတဲ့အတိုင်း ပုံစံမပျက်ရဲဘူး။

 

ဒီလိုနဲ့ နောက်တစ်နေ့ မိုးလင်းခဲ့တယ်။ ကျုပ်မှာတော့ ဘိုးဘိုးကြီး ပြန်လာမလားဆိုပြီး ဟိုကြည့်ဒီကြည့်၊ မျှော်တလင့်လင့်နဲ့ပေါ့။

 

နေ့လည်ပိုင်းလည်းကျရော ကျုပ်နေတဲ့ အပင်ကလေးနားကနေ လှခင်နဲ့ ကျုပ်သမီးလေး ချောမေကို အထုပ်အပိုးတွေပိုက်လို့ ရွာဆီကို ဖြတ်သွားကြတာ မြင်လိုက်ရတယ်။ သူတို့ ပုံစံကြည့်ရတာ မြို့ကနေ ပြန်လာကြပုံပဲ။ သူတို့ကို မြင်တော့ ကျုပ်၀မ်းသာသွားတယ်။ ချက်ချင်းပဲ သူတို့နောက်ကနေပြီး ရွာထဲကို လိုက်ခဲ့တာပေါ့။

 

အိမ်ဆီတောင် မရောက်သေးဘူး။ ကျုပ်နားထဲကို ကျုပ်အိမ်ဝိုင်းထဲက အော်ဟစ်သံ၊ ဆဲဆိုသံတွေ ၀င်လာတယ်။

 

ကျုပ် အိမ်ဝိုင်းထဲကို ပြေး၀င်လိုက်တော့ မြင်လိုက်ရတဲ့မြင်ကွင်းက ကျုပ်ရဲ့ အသွေးအသားတွေကို ဆူဝေသွားစေတယ်။

 

ကျုပ်သား အငယ်ကောင် ကိုဦး ကိုရယ်လေ လှခင်ရဲ့ နောက်ယောက်ျား၊ ပထွေးဆိုတဲ့ အကောင်က ရိုက်နေတာ။ ဒီကောင်က လှခင်ရဲ့ နောက်ယောက်ျားဆိုတာကို ကျုပ်ဘယ်လိုသိနေသလဲတော့ မပြောတတ်ဘူး။

 

မြင်နေရတဲ့ မြင်ကွင်းကို ကျုပ် မကြည့်ရက်တော့ဘူး။ ဒေါသတကြီးနဲ့ ကျုပ်သားလေးကို မြေကြီးပေါ်မှာ လှိမ့်နေအောင် ရိုက်နေတဲ့ ပထွေးဆိုတဲ့ကောင်ဆီ အော်ဆဲပြီး ပြေးထိုးလိုက်တယ်။

 

ထူးဆန်းလိုက်တာ။ ကျုပ်ရဲ့ထိုးချက်တွေက လေထဲမှာ တစ်ယောက်ထဲ သိုင်းချနေရသလိုပဲ။ ဘယ်လိုထိုးထိုး ပထွေးကောင်ကို မထိဘူး။ ကျုပ်လည်း အဲ့ဒီ့ကောင်ကို ထိုးကျိတ်လို့ မရတော့ စိတ်ပျက်လက်ပျက်နဲ့ပဲ သားလေးကို မချိတင်ကဲ ကြည့်မိနေတုန်း မျက်လုံးထဲ ဘေးက ကျွဲတဲကို မြင်လိုက်ရပြီး အားတက်သွားရတယ်။

 

ချက်ချင်းပဲ ကျွဲတဲထဲကို ကျုပ် ပြေးပြီး မိညိုမဆိုတဲ့ ကျွဲမကို တက်စီးလိုက်တယ်။ ပြီးတော့ ဟိုပထွေးကောင်ဆီကို ပြေးပြီး ခတ်ခိုင်းဖို့ ကြိုးစားတဲ့အချိန်…။

 

သုသာန်က အနက်ရောင်၀တ်တဲ့ မိန်းမကြီးက အိမ်ရှေ့မှာ ရုတ်တရက်ပေါ်လာတယ်။ ကျုပ်လေ သူ့ကို မြင်ရင် အလိုလိုနေရင်း ကြောက်နေမိတာ။ သူက ကျုပ်ကို ကြည့်ပြီး

 

” ဟဲ့ကောင်…လာခဲ့စမ်း…”

 

ဆိုပြီး ခေါ်လိုက်တာနဲ့ ကျွဲပေါ်ထိုင်နေတဲ့ ကျုပ်၊ ဘယ်ကဘယ်လို သူ့အနားရောက်သွားတယ် မသိဘူး။ ပြီးတော့ သူက ကျုပ်လက်ကို ဆွဲပြီး ရွာထိပ်က စေတီနဲ့ ညောင်ပင်ဆီကို ပြန်ပို့တယ်။

 

ကျုပ်လည်း သူထွက်သွားတော့ ဘယ်မှ မသွားရဲတော့ဘူး။ သူထားခဲ့တဲ့အတိုင်းလေးပဲ စိတ်ပျက်လက်ပျက် ထိုင်နေမိတော့တယ်။

 

ညနေစောင်းလောက်လည်းကျရော ဘိုးဘိုးကြီး ကျုပ်ဆီပြန်ရောက်လာတယ်။

 

” ကဲ…လူလေး။ မင်း လူ့ဘ၀ကို ပြန်ရကာနီးပြီ။ ကဲလာလာ…မင်း ဗိုက်ဆာနေလောက်ရောပေါ့…”

 

ကျုပ် ဘိုးဘိုးကြီး ခေါ်ရာ စေတီကလေးဘက်ကို လိုက်ခဲ့တယ်။ စေတီကလေးဆီရောက်တော့ ဘိုးဘိုးကြီးက ကျုပ်ကို ငှက်ပျောသီးတွေကျွေးတယ်။ ကျုပ်လည်း ဆာလောင်နေတာကြောင့် ငှက်ပျောသီးတွေကို တ၀စားတာပေါ့။

 

” ကဲ…မင်းပြန်ဖို့ကို ဒီကပဲ စောင့်နေလိုက်တော့…”

 

ကျုပ်ကို ပြောပြီးတာနဲ့ ဘိုးဘိုးကြီး ထွက်သွားတယ်။ ကျုပ်လည်း စေတီကလေးပေါ်မှာ တစ်ယောက်ထဲ ထိုင်နေမိတယ်။

 

ဟိုငေးဒီငေးနဲ့ ထိုင်နေမိရင်း စိတ်က မိသားစုကို သတိရလာတယ်။ အဓိက သတိရတာက သားနဲ့ သမီး။ ပြီးတော့ ကျုပ်ချစ်ဇနီး လှခင်။ လှခင်အကြောင်းတွေးမိတော့ တစ်ချိန်က သူနဲ့ကျုပ် အတူတကွ ဖြတ်သန်းခဲ့ကြဖူးတဲ့ အချိန်တွေက မျက်စိထဲ ရစ်ဝဲမြင်ယောင်လာရတယ်။

 

” အရှင်ဘုရား…တပည့်တော် ဘ၀ဆက်တိုင်း လွန်ခဲ့ဘ၀က ချစ်ဇနီး လှခင်နဲ့သာ ဘ၀ဆက်တိုင်း ဆုံစည်းရပါလို၏ ဘုရား…”

 

စောတီကလေးဆီမှာ ဦးခိုက်ရင်း ဆုတောင်းမိတဲ့ ကျုပ်ရဲ့ဆုတောင်း။ ကျုပ် အချိန်အတော်ကြာအထိ ဆည်းလည်းသံတလွင်လွင်နဲ့ စေတီလေး ကို တွေငေးပြီး ဖူးမျှော်နေမိတယ်။

 

ဘယ်လောက်ကြာကြာ ငေးမောနေမိတယ် မသိဘူး။ ကျုပ်နားထဲ လူသံကြားရတော့မှ သတိ၀င်ပြီး လှည့်ကြည့်တော့ ကျုပ်ရဲ့ ချစ်သူငယ်ချင်း မောင်ထွန်းရယ်လေ။

 

သူက စေတီပေါ်ကို တက်လာတယ်။ ကျုပ်ကိုတော့ မမြင်ဘူးရယ်။ ကျုပ်အနားက ဖြတ်သွားပြီး သူ့နေ့နံထောင့်မှာ ဆီမီး၊ အမွှေးနံ့သာတိုင်တွေ စေတီလေးဆီ ပူဇော်တယ်။ ပြီးတော့ ဘုရားရှိခိုးတယ်။ ကျုပ် သူ့ကို မြင်တော့ အတိတ်က အရာအားလုံးကို သတိရစိတ်နဲ့ သူနံဘေးခပ်လှမ်းလှမ်းမှာ ထိုင်နေမိတယ်။

 

” သူငယ်ချင်း…မောင်ငယ်နှင့်တကွ…အမျှအတန်းယူလိုကြသူများ…အားလုံး…ကြားကြားသမျှ…အမျှ…အမျှ….အမျှ….ယူတော်မူကြပါကုန်သော်……..”

 

မောင်ထွန်းက ဘုရားရှိခိုးလို့ အပြီးမှာ ကျုပ်နာမည်ကို ထိပ်ဆုံးကတပ်ပြီး အမျှဝေတယ်။ ကျုပ်စိတ်ထဲမှာ သူ့အသံကို နားထောင်ပြီးတော့ ၀မ်းသာ၀မ်းနည်းကြီး ခံစားရပြီး မျက်ရည်တွေ ဝိုင်းလာတယ်။ အဲ့ဒီ့အချိန်မှာပဲ ကျုပ်ရဲ့နားထဲမှာ…

 

” ဟေ့ကောင်…သာဓုအမြန်ခေါ်လေ…”

 

ဆိုတဲ့ အသံကြောင့် ကျုပ်လည်း ယောင်ယမ်းပြီး ပါးစပ်က မောင်ထွန်းနဲ့အတူ သာဓုအကြိမ်ကြိမ် လိုက်ခေါ်နေမိတော့တယ်။

 

မောင်ထွန်းပြန်ချိန်ကျတော့ ကျုပ် သူ့နောက်ကို လိုက်ခဲ့တယ်။ ဒါပေမယ့် တစ်ခါက လှခင်တို့အနောက်ကို လိုက်ခဲ့တုန်းကလိုတော့ မဟုတ်ဘူး။ ဒီတစ်ခေါက်က ဘိုးဘိုးကြီးနဲ့ ဟိုမိန်းမကြီး မြင်မှာစိုးလို့ မောင်ထွန်းအိပ်ကပ်ထဲမှာ ကျုပ်ခန္ဓာကိုယ်ကို သေးသေးလေးလုပ်ပြီး လိုက်ခဲ့တာ။

 

မကြာပါဘူး။ ကျုပ် ရွာထဲကို ရောက်လာတယ်။ မောင်ထွန်းခြံထဲကို ကျုပ်ရောက်ပြီ။

 

” ရော့…မိန်းမ။ ငါ့ အင်္ကျီလေး ချိတ်ထားပေးဦး…”

 

မောင်ထွန်းက သူ၀တ်ထားတဲ့ အင်္ကျီကို ချွတ်ပြီး သူ့မိန်းမ ရင်မြကို ပေးတာ။ အိပ်ကပ်ထဲက ကျုပ်လည်း အင်္ကျီနဲ့အတူ ပါသွားတာပေါ့။

 

အဲ့ဒီ့နောက်ပိုင်းတော့ ကျုပ်ရဲ့အာရုံတွေထဲမှာ ဘာခံစားချက်မှ မသိရတော့ဘူး။ အရာအားလုံးက မိုက်မှောင်လို့။

 

*****

 

” သားလေး…ကိုင်ဇာရေ…”

 

” အမလေး…ငါ့သားလေး ချစ်လိုက်တာ…”

 

ကျုပ် သတိရလာလို့ ကြည့်လိုက်တော့ အရာအားလုံးက လုံး၀ကို ပြောင်းလဲ ကုန်ပြီ။

 

ကျုပ်သူငယ်ချင်း မောင်ထွန်းက ကျုပ်အဖေဖြစ်နေပြီး မရင်မြက ကျုပ်အမေတဲ့။ ကျုပ်နာမည်ကလည်း မောင်ငယ်မဟုတ်တော့ဘူး။ ကိုင်ဇာလင်းတဲ့။

 

ကျုပ်နားလည်လိုက်ပြီ။ ကျုပ် တစ္ဆေဘ၀မှာမဟုတ်တော့ဘူး။ ကျွတ်လွတ်ပြီး ကျုပ် လူပြန်၀င်စားခဲ့ရပြီ။ ဒါပေမယ့် မောင်ငယ်ဘ၀က အဖြစ်အပျက်တွေကိုတော့ ကျုပ်အားလုံးနီးပါးကို မှတ်မိနေတယ်။ ကျုပ် နှစ်နှစ်သားလောက်မှာ နတ္တလင်းကနေ အဖေ့အမျိုးတွေရှိတဲ့ ပဲခူးမြို့ကို ကျုပ်တို့မိသားစု ပြောင်းခဲ့ကြတယ်။

 

အခုဆိုရင် ကျုပ်ဟာ ကိုင်ဇာလင်းအဖြစ်နဲ့ ဘ၀သစ်မှာ နေပျော်ခဲ့တာ ၃၄ နှစ်တောင် ရှိနေပြီလေ။ အိမ်ထောင်လည်းကျနေပြီ။ အရင်ဘ၀ကလို သားလေးနဲ့ သမီးလေးလည်း ကျုပ်ဘ၀ထဲ ရောက်နေခဲ့ပြီ။ ဒါပေမယ့် အတိတ်ဘ၀နဲ့ တစ္ဆေဘ၀မှာ နေခဲ့ရတဲ့အကြောင်းတွေကို အခုထိ ကျုပ်မှတ်မိနေဆဲပဲ။

 

ဇာတ်မသိမ်းခင်မှာတော့ ကျုပ်အနေနဲ့ တိုက်ဆိုင်မှုလို့ ယူဆမရတဲ့ အဖြစ်အပျက်တစ်ခုကို ပြောပြချင်သေးတယ်။

 

အဲ့ဒါကတော့ စေတီကလေးမှာ ဆုတောင်းခဲ့ဖူးတဲ့ ကျုပ်ရဲ့ဆုတောင်းလေ…။ မှတ်မိကြတယ် မဟုတ်လား။ လှခင်နဲ့ ကျုပ်…ဘ၀ဆက်တိုင်း…ဆိုတဲ့ ဆုတောင်းလေ။

 

အဲ့ဒီဆုတောင်းက ဒီဘ၀မှာ ကျုပ်အတွက် ပြည့်၀တယ်လို့ပြောရမယ်။ အခုဘ၀မှာ ကျုပ်ရဲ့ မိန်းမ နာမည်က ၀တ်ရည်တဲ့။ ဒါပေမယ့် သူရဲ့ သွင်ပြင် ဟန်ပန်အရာအားလုံးက လှခင်နဲ့ တစ်ထပ်တည်း၊ တစ်ထရာထဲပဲ။

 

ပြီးတော့ သူ့အမေပြောပြတာက ၀တ်ရည်ကို မမွေးခင်မှာ ညောင်ပင်က ဘိုးဘိုးကြီးက အိပ်မက်ထဲမှာ သူ့ဆီကို ကလေးတစ်ယောက်လာပေးတယ်လို့ မြင်မက်တယ်တဲ့။ ၀တ်ရည်က ကျုပ်ထက် အသက်လေးနှစ်ငယ်တယ်။

 

ဒီတော့ တိုက်ဆိုင်မှုလို့ ကျုပ်မယူဆခဲ့ဘူးဆိုတဲ့အတိုင်း အခုဘ၀က ကျုပ်မိန်းမ ၀တ်ရည်ဟာ ကျုပ်ယုံကြည်နေမိတာက အရင်ဘ၀က လှခင်ပဲပေါ့။

 

၀တ်ရည်ကတော့ ကျုပ်လိုမျိုး အတိတ်ဘဝတွေ ဘာတွေ မမှတ်မိပါဘူး။ ဒါပေမယ့် ကျုပ်ကတော့ ကျုပ်တောင်းခဲ့တဲ့ ဆုတောင်းပြည့်တာလို့ ယုံကြည်နေမိဆဲပဲ။

 

ဘုရားရှင်တောင် ဟောခဲ့သေးတယ်မလား။ ဘာတဲ့…။ သုံးဆယ့်တစ်ဘုံသားတို့မည်သည် ဘုံတစ်ခုနဲ့တစ်ခု၊ ဘ၀တစ်ခုနဲ့တစ်ခုကို ကူးရင်းပြောင်းရင်း သွားလာနေကြရတဲ့ သံသရာရဲ့ ခရီးသည်တွေတဲ့…။

 

ကဲ…ဒီလိုသာဆိုရင်တော့ ကျုပ်နဲ့ ၀တ်ရည်အပေါ် ခင်ဗျားတို့ ဘယ်လိုမြင်ကြလဲ…။

 

ပြီးတော့ ကျုပ်သာ အခုအချိန်မှာ တစ္ဆေတစ်ကောင်ဆိုရင်ကော ခင်ဗျားတို့ ဘယ်လိုမျိုး ခံစားမိကြမလဲ…။

 

ပြီးပါပြီ။

 

လက္ခဏ( ဆေး)