တလိုင်းကွင်းပိုင်

အောင်မြတ်သာနှင့်တလိုင်းကွင်းပိုင်

မှိန်ပြပြကျနေတဲ့လရောင်အောက်မှာ ဟံသာဝတီနန်းတော်ကြီးတစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်နေသလို ခေါက်တိုခေါက်ရှည် ကင်းလှည့်နေကြတဲ့ ရဲမက်တို့ရဲ့ ခြေသံအချို့သာ တစ်ချက်တစ်ချက်ထွက်ပေါ်လာခဲ့တယ်။

ထိုစဉ် နန်းရင်ပြင်တော်ကိုညာသံပေးပြီးတက်လာတဲ့ လူအုပ်ကြီးရဲ့အသံက နန်းတော်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့တယ်။

” ထိုးဟဲ့ ခုတ်ဟဲ့ တစ်ယောက်မှအရှင်မထားနဲ့ အကုန်သတ်ပစ်ကြ”

အသံနက်တွေနဲ့အော်ဟစ်ကာ မဲမဲမြင်ရာ လိုက်လံထိုးခုတ်နေကြတဲ့ သူတွေရဲ့ဓါးချက်အောက်မှာ အငိုက်မိကာ လဲကျနေသူတွေကအတုံးအရုံး၊ အချို့ကတော့ ပြတ်ရှဒဏ်ရာတွေကို လက်နဲ့ဖိရင်း ခြေဦးတည့်ရာကိုပြေးလွှားနေကြတယ်။

ဒီအဖြစ်အပျက်တွေကို အမှောင်ထုထဲကနေ ပုန်းပြီးချောင်းကြည့်နေတဲ့လူတွေရှိနေတာကိုတော့ ဘယ်သူမှသတိမထားမိခဲ့ကြဘူး။

ဘုရင့်သက်တော်စောင့်ရဲမက်တွေနဲ့ တစ်ခါမှမမြင်ဖူးတဲ့ဓါးသမားတွေအချင်းချင်းခုတ်ထစ်သတ်ဖြတ်ရင်း သက်တော်စောင့်အဖွဲ့တွေအရေးနိမ့်ကာ သေသူသေ၊ ပြေးသူပြေးနဲ့ နန်းတွင်းတစ်ခုလုံးကို ဓါးသမားတွေဝင်ရောက်စီးနင်းကာ သိမ်းပိုက်လိုက်ကြတယ်။

ဓါးသမားတွေကလဲ စိတ်ချရပြီအထင်နဲ့ သတိလျော့မိတဲ့အချိန် အမှောင်ထုထဲကနေ လူဆယ်ယောက်ခန့်ထွက်လာပြီး နန်းမြို့ရိုးအပြင်ဘက်မှာရှိနေတဲ့ မြင်းတွေပေါ်ကိုခုန်တက်ကာ အမှောင်ထုထဲကို ဒုန်းစိုင်းမောင်းထွက်သွားကြတယ်။

” ဟီးးးးးးး”

” ခွပ် ခွပ် ခွပ် ခွပ် ”

တိတ်ဆိတ်နေတဲ့ ညအချိန်မှာ မြင်းဟီသံတွေ၊ ခွာစုံပေါက်ပြီး ပြေးထွက်သွားကြတဲ့ မြင်ခွာသံတွေကိုကြားတော့မှ နန်းတွင်းကနေ အသက်ရှင်လျက်ထွက်ပြေးသွားကြတဲ့ သူတွေရှိတယ်ဆိုတာ ဓါးသမားတွေသတိထားမိခဲ့ကြတယ်။

” ထွက်ပြေးတဲ့သူရှိတယ် သူတို့နောက်ကိုလိုက်စမ်း ဘုရင့်ယောက်ဖတော်ရှိတဲ့ မြို့ကိုမရောက်ခင် အပြီးတိုင်ချေမှုန်းကြ အသက်ရှင်လျက်ပြန်ခေါ်လာတာမမြင်ချင်ဘူး ”

ဦးခေါင်းမှာ ပိုးပဝါအနက်ရောင်ကို ပတ်ချည်ထားတဲ့သူရဲ့စကားအဆုံးမှာ သွေးစွန်းနေတဲ့ ဓါးတွေကိုင်ထားတဲ့သူတွေက မလှမ်းမကမ်းမှာ ရှိနေတဲ့ မြင်းစောင်းထဲက မြင်းတွေကိုထုတ်စီးကာ ထွက်ပြေးသွားတဲ့သူတွေရဲ့အနောက်ကို အပြင်းလိုက်သွားခဲ့ကြတယ်။
++++++

” တလိုင်းရေ ငါတို့အနောက်ကို ပုန်ကန်သူတွေ လိုက်လာကြပြီထင်တယ် ”

အုန်းခွံရောင်ရှိတဲ့မြင်းကို မောင်းနှင်ရင်း ကြားလိုက်ရတဲ့စကားကြောင့် ခန္ဓာကိုယ်တောင့်တင်းပြီး အသားခပ်ညိုညိုရှိတဲ့သူက မြင်းဇက်ကြိုးကိုဆွဲကာ လမ်းဘေးရပ်လိုက်တယ်။

” ငါတို့အင်အားကနည်းနေတယ် ရင်ဆိုင်လို့မဖြစ်ဘူး ပါလာတဲ့ကောင်တွေကလဲ ကိုယ်ခံပညာတတ်ကြတာမဟုတ်ဘူး ငါတို့အနီးအနားက ရွာတစ်ရွာမှာ ဝင်ခိုကြရင်ကောင်းမယ် ”

” ဒါဆိုလဲ မြန်မြန်သွားကြရအောင် အနောက်ကလိုက်လာတာမှီလာတော့မယ် ”

အပေါ်ပိုင်းဗလာကျင်းထားတဲ့ လူရဲ့စကားကြောင့် အုန်းခွံရောင်မြင်းကိုစီးထားတဲ့သူက မြင်းဇက်ကိုလှည့်လိုက်ပြီး လရောင်နဲ့မြင်နေရတဲ့ တောလမ်းထဲကို ဒုန်းစိုင်းမောင်းနှင်သွားခဲ့တယ်။

+++++++

” ရပ် ”

” ဟီးးးးး ”

အရှေ့ကနေ သွားနေတဲ့ လူရဲ့အော်သံကြောင့် အနောက်မှာပါလာတဲ့သူတွေ ဆက်မသွားတော့ပဲ ရပ်လိုက်ကြတယ်။

” ဒီသကောင့်သားတွေ ဒီနားတစ်ဝိုက်မှာပျောက်သွားတာ အရှေ့ဘက်ကိုကြည့်တော့လဲ မြင်းတွေသွားထားတဲ့ အရိပ်အယောင်မမြင်ရဘူး ”

ခေါင်းဆောင်ဖြစ်သူရဲ့စကားကြောင့် မြင်းပေါ်မှာရှိနေကြတဲ့သူတွေရဲ့မျက်လုံးတွေက ပတ်ဝန်းကျင်ကို ရောက်ကုန်ကြတယ်။

” တပ်မှူး ဟိုမှာ တောလမ်းတစ်ခု”

ရုတ်တရက်ထအော်လိုက်တဲ့ တပ်သားတစ်ယောက်ရဲ့အသံကြောင့် တပ်မှူးဆိုက မြင်းပေါ်ကဆင်းပြီး အခြေအနေကို အကဲခတ်လိုက်တယ်။

” ဒီကောင်တွေ တောလမ်းကိုဖြတ်သွားတာသေချာပြီ မြင်းခြေရာတွေလဲတွေ့တယ် ဒီဘက်ကိုသွားရင် ဘယ်ရွာတွေပေါက်သလဲ”

တပ်မှူးရဲ့အော်သံကြောင့် မြင်းပေါ်ပါလာတဲ့သူတစ်ဦးက

” ဒီဘက်ကနေသွားရင် မီးကွင်းရွာဘက်ကို ရောက်တယ် တပ်မှူး ကျုပ်အရင်က ဒီဘက်ကိုရောက်ဖူးတယ် ”

” ကောင်းပြီ ဒီကောင်တွေ မီးကွင်းရွာမှာ ပုန်းနေမှာအသေချာပဲ မင်းကရှေ့ကနေ လမ်းပြ ငါတို့လိုက်ကြမယ်”

တပ်မှူးရဲ့ယုံကြည်ကိုးစားမှုကိုရတဲ့ တပ်သားလေးက ခွန်အားအပြည့်နဲ့ မြင်းဇက်ကြိုးကိုဆွဲကာ တောလမ်းထဲ မောင်းထွက်သွားခဲ့တယ်။
+++++++

” ခွပ် ခွပ် ခွပ် ခွပ်
ခွပ် ခွပ် ခွပ် ခွပ်”

တိတ်ဆိတ်နေတဲ့ ညအချိန်မှာ ရွာထဲကိုဝင်လာတဲ့ မြေခွာသံတွေကြောင့် အိမ်အသီးသီးကနေ ဆီမီးခွက်အလင်းရောင်တွေထွက်ပေါ်လာခဲ့တယ်။

” ရွာသူကြီး အိမ်ဘယ်မှာလဲဟေ့ ငါက ဘုရင့်ကိုယ်

ဩဇာအပြည့်ပါတဲ့အသံကြောင့် အိမ်ပေါက်ဝတွေမှာ ထွက်ကြည့်နေကြတဲ့သူတွေမနေဝံ့တော့ပဲ အပြင်ထွက်လာပြီး

” ရွာသူကြီးအိမ်က ဟိုဘက်ခြမ်းမှာပါ ဘာအရေးအကြောင်းများရှိလို့ပါလဲ ”

” အေး ငါက ဘုရင့်တပ်တော်ရဲ့ တပ်မှူးတစ်ယောက်ပဲ မင်းတို့ရွာဘက်ကို အပြစ်သားတွေထွက်ပြေးလာလို့ လာရောက်ဖမ်းဆီးရခြင်းပဲ မင်းတို့သိထားမြင်ထားတဲ့အရာကို အမှန်တိုင်းပြောရင်တော့ မင်းပြစ်မင်းဒဏ်ကနေလွတ်လိမ့်မယ် လိမ်ညာပြောရင်တော့ တစ်ရွာလုံးမီးလောင်တိုက်သွင်းခံရမယ် ”

အမိန့်အာဏာပြင်းထန်လှတဲ့ တပ်မှူးရဲ့စကားကြောင့် ရွာသူရွာသားတွေ မျက်စိမျက်နှာပျက်သွားပြီး

” တပ်မှူးတို့မလာခင်က ရွာထဲကို မြင်းတွေနဲ့လူအချို့ဝင်လာကြတယ် သူတို့က လမ်းမှားလာလို့ ရွာမှာတစ်ညတည်းခိုချင်တယ်ဆိုပြီးပြောတယ်”

ရွာသားတစ်ယောက်ရဲ့စကားကြောင့် တပ်မှူးမျက်နှာမှာမဲ့ပြုံးတစ်ချက်ပေါ်လာပြီး

“အဲဒီအပြစ်သားတွေကို ဘယ်မှာ ထားတာလဲ”

” သူတို့ကို ရွာလယ်ဇရပ်မှာ တည်းခွင့်ပေးထားတယ် ကျွန်တော်မျိုးတို့ကလဲ အပြစ်သားမှန်းမသိလို့တည်းခွင့်ပေးခဲ့တာပါ အပြစ်တွေကိုခွင့်လွှတ်ပေးပါ ”

” မင်းတို့မသိလို့ လက်ခံခဲ့တာပဲ ငါဘာမှအပြစ်မဆိုလိုဘူး ကဲ ရဲမက်တို့ ထွက်ပြေးလာတဲ့သူတွေအကုန်လုံးကိုဖမ်းဆီးပြီး ငါ့အရှေ့ခေါ်လာခဲ့စမ်း”

တပ်မှူးရဲ့အသံကြောင့် အနောက်မှာရှိနေကြတဲ့ရဲမက်တွေက ရွာလယ်ဇရပ်ဘက်ကို ထွက်သွားခဲ့ကြတယ်။

မကြာမီအချိန်မှာပဲ ရွာလယ်ဇရပ်ရှိတဲ့ဘက်ကနေ အော်ဟစ်ဆဲဆိုသံ ကြိမ်းဝါးသံ‌တွေ ခေတ္တမျှထွက်ပေါ်လာခဲ့တယ်။

ကွမ်းလေးယာညက်ခန့်လောက်ကြာတော့ ဗလတောင့်တောင့်လူနဲ့ သူ့ရဲ့အပေါင်းအပါအချို့ကို
ရဲမက်တွေဖမ်းဆီးခေါ်ဆောင်ခဲ့ကြတယ်။

” ဖြောင်း”

” ဒူးထောက်စမ်း ငမိုက်သားတွေ ”

ဓါးလွတ်ကိုကိုင်ထားတဲ့ ရဲမက်က ဗလတောင့်တောင့်လူရဲ့အရှိုက်ကို ကန်ပြီး ဒူးထောက်ခိုင်းလိုက်တယ်။

” တပ်မှူး ဒီလူနဲ့အပေါင်းအပါအချို့က ဖမ်းဆီးတာကို ပြန်ခုခံလို့ အချိန်ကြာသွားတာပါ”

ဓါးလွတ်ကိုင်ရဲမက်စကားကြောင့် တပ်မှူးဆိုသူရဲ့မျက်နှာခက်ထန်တင်းမာသွားပြီး

” ငမိုက်သား မင်းနာမည်ဘယ်လိုခေါ်လဲ”

” ငါ့နာမည် တလိုင်း မင်းတရားကြီးရဲ့ပါးကွပ်သားခေါင်းဆောင်ပဲ”

” ဟားဟား မင်းက လူသတ်သမားခေါင်းဆောင်ကိုး ဒါကြောင့် အသာတကြည်အဖမ်းမခံပဲ ခုခံခဲ့တာလား”

” ထွီ မင်းတို့လို အသားထဲက လောက်ထွက်တဲ့ကောင်တွေနဲ့ ငါစကားမပြောချင်ဘူး အခုငါက မင်းလက်ထဲကရေပဲ သတ်ချင်ရင်သတ်လိုက် အချိန်ဆွဲမနေနဲ့”

” မင်းကိုသတ်ဖို့ကလွယ်တယ် ဒါပေမယ့် ငါတို့သစ္စာခံထားတဲ့ဘုရင်လက်အောက်မှာ တာဝန်ထမ်းဆောင်ချင်တယ်ဆိုရင်တော့ အပြစ်တွေအားလုံးကိုသင်ပုန်းချေပေးမယ် ဘယ်လိုလဲ မင်းလက်ခံရဲ့လား”

တပ်မှုးရဲ့စကားကြောင့် တလိုင်းအော်ရယ်လိုက်ပြီး

” ခွေးတောင် အစာကျွေးရင် သခင်ကိုသိတတ်သေးတယ် မင်းက အစာကျွေးတဲ့လက်ကိုပြန်ကိုက်တဲ့ကောင် ခွေးလောက်မှသစ္စာတရားကိုနားမလည်တဲ့မင်းနဲ့ဘာမှဆက်ပြောစရာမရှိဘူး မင်းတို့ငါ့ကိုသတ်လို့ သေခဲ့ရင်တောင် မင်းတို့ဒီနယ်ကနေ ပြန်ထွက်လို့ရမယ်မထင်….”

တလိုင်းရဲ့စကားမဆုံးခင်မှာပဲ တပ်မှူးရဲ့လက်ထဲမှာကိုင်ထားတဲ့ ဓါးဖျားက ရုတ်တရက် မြောက်တက်သွားခဲ့တယ်။

လျင်မြန်လှတဲ့အဖြစ်အပျက်အပြီးမှာ တလိုင်းရဲ့လည်ပင်းဟက်တက်ကွဲသွားပြီး လည်ချောင်းသွေးတွေပန်းထွက်လာခဲ့တယ်။ ရဲမက်တွေလဲ အဲဒီတော့မှသတိဝင်လာပြီး ဖမ်းဆီးထားတဲ့သူတွေကို လက်စသတ်လိုက်ကြတယ်။

” အစ် အစ် အစ်”

တလိုင်းက ဟက်တက်ကွဲသွားတဲ့ လည်ချောင်းကိုလက်နဲ့ပိတ်လိုက်ပြီး တပ်မှူးရဲ့မျက်နှာကို စေ့စေ့ကြည့်ကာ အသက်ထွက်သွားခဲ့တယ်။

” ကျုပ်တို့ကိုပုန်ကန်ရင်ဘယ်လို အဆုံးသတ်ရလဲဆိုတာ မြင်ပြီမလား ဒီငမိုက်သားတွေရဲ့ အလောင်းကို ဖျောက်ဖျက်ဖို့ မင်းတို့ကိုတာဝန်ပေးခဲ့မယ် ရဲမက်တို့ ပြန်ကြမယ်ဟေ့”

တပ်မှူးက ပြောပြီးတာနဲ့ မြင်းပေါ်ကိုလွှားခနဲခုန်တက်ကာ ရွာအပြင်ကို ထွက်လာခဲ့လိုက်တယ်။
+++++++

” တပ်မှူး တစ်ခုခုတော့မှားနေပြီထင်တယ်”

မြင်းစီးနေရင်းလှမ်းပြောလိုက်တဲ့ ရဲမက်တစ်ယောက်ရဲ့အသံကြောင့် တပ်မှူးက

” ဘာမှားလို့လဲ ပလိုင်”

” ကျုပ်တို့ရွာကနေထွက်လာတာ ထမင်းအိုးတစ်လုံးချက်မကတော့ဘူးနော် ”

ရဲမက်စကားကိုကြားတော့ တပ်မှူးသတိဝင်လာပြီး

” အေး မင်းပြောမှငါလဲသတိထားမိတယ် တောလမ်းကနေရွာထဲကိုဝင်လာတာတောင် ထမင်းအိုးတစ်လုံးချက်မကြာဘူး အခုဘယ်လိုဖြစ်တာလဲ”

” ကျုပ်တို့လဲမသိဘူးတပ်မှူး လမ်းများမှားလာပြီလား”

” ဒီတစ်လမ်းပဲရှိတာ လမ်းမှားစရာလား မထူးပါဘူး ဆက်သွားကြည့်ရအောင် အရှေ့ဆိုရောက်လိမ့်မယ်ထင်တယ်”

တပ်မှူးလဲ‌ အခြေအနေကိုလက်မခံသေးပဲ မြင်းကိုဒုန်းစိုင်းမောင်းထွက်သွားခဲ့တယ်။ နောက်ထပ်တမင်းအိုးတစ်လုံးချက်ကြာတဲ့အထိ ဒီနေရာကနေ အပြင်ကိုမရောက်နိုင်သေးတာကိုသိလိုက်ရတယ်။

” အားလုံးရပ်ကြ တစ်ခုခုမှားနေတာ သေချာပြီ ”

” ဘာဖြစ်လို့လဲတပ်မှူး”

” ဘာဖြစ်ရမှာလဲ ဟိုမှာမြင်နေရတဲ့ ခြုံပုတ်မှာငါ့ပဝါတင်ထားခဲ့တာ အခုဒီနေရာကိုပဲပြန်ရောက်လာတာကိုပဲကြည့်လေ”

တပ်မှူးညွှန်ပြတဲ့နေရာကို ရဲမက်တွေကြည့်လိုက်တော့ ခြုံပေါ်မှာ ညိနေတဲ့ အဝါရောင်ပုဝါစကိုမြင်လိုက်ရတယ်။

” တပ်မှူး ဒါ ဒါ ခုနက သေသွားတဲ့ ပါးကွပ်သားလက်ချက်များလား”

မဝံ့မရဲမေးလိုက်တဲ့ ရဲမက်တစ်ယောက်ရဲ့စကားသံအဆုံးမှာ တောလမ်းဘေးတောက်လျောက်ကနေ ဝမ်းခေါင်းသံနဲ့အော်ရီလိုက်တဲ့အသံကိုကြားလိုက်ရတယ်။

” ဟား ဟား ဟား ဟား
မင်းတို့ထွက်ကြစမ်း ဒီတောလမ်းကနေ လွတ်အောင်ထွက်ကြစမ်း ”

အကောင်အထည်မမြင်ရပဲ အသံသာကြားလိုက်ရတဲ့အတွက် တပ်မှူးမြင်းဇက်ကြိုးကိုထိန်းလိုက်ပြီး အောက်ကိုခုန်ဆင်းလာခဲ့တယ်။

” မင်း ဘယ်သူလဲ ငါတို့ကအမိန့်အရလုပ်နေတာ ငါတို့ကို တားဆီးတဲ့သူက ဘုရင်မင်းတရားကြီးအမိန့်ကို လွန်ဆန်တာနဲ့အတူတူပဲ”

” အဟက်အဟက် ငါက မင်းတို့ခုနကမှ သတ်ခဲ့တဲ့ ပါးကွပ်သားပဲ မင်းတို့ဒီနေရာကနေ လွတ်ချင်ရင် ငါ့အတွက်တစ်နေရာစီစဉ်ပေး မပေးဘူးဆိုရင် တောလမ်းထဲမှာပဲ သေတဲ့အထိနေပေတော့”

” မင်းက စောနက ငါကိုယ်တိုင်သတ်ခဲ့တဲ့သူဆိုတာ သေချာအောင် ကိုယ်ထင်ပြစမ်း သေချာတယ်ဆိုရင် မင်းတရားကြီးကို လျောက်တင်ပြီး အပိုင်စားတစ်နေရာရအောင် လုပ်ပေးမယ်”

တပ်မှူးရဲ့စကားသံအဆုံး အရှေ့ကိုက်သုံးဆယ်လောက်အကွာမှာ ဇက်ကြီးလိမ်ကာ ရပ်နေတဲ့ ပါးကွပ်သားကိုမြင်လိုက်ရတယ်။

” မင်းဖြစ်ချင်တာ ငါလုပ်ပေးမယ် ငါကတိပေးတယ် ကတိကိုဖောက်ဖျက်ပါက ဘဝဆက်တိုင်း သာသနာနဲ့မကြုံရပါစေနဲ့”

တပ်မှူးရဲ့ကတိစကားသံအဆုံးမှာ အရှေ့မှာကိုယ်ထင်ပြထားတဲ့ သူရဲ့အရိပ်က တစ်ဖြေးဖြေး မှုန်ဝါးကာ ပျောက်ကွယ်သွားခဲ့တယ်။ အဲဒီတော့မှ တပ်မှူးနဲ့နောက်ပါရဲမက်တွေလမ်းမှန်ကိုပြန်ရောက်လာခဲ့တယ်။

တပ်မှူးလဲ နန်းတွင်းကိုပြန်ရောက်တော့ အာဏာသိမ်းထားတဲ့ အိမ်ရှေ့စံမင်းသားကိုအကျိုးအကြောင်းပြောပြခဲ့တယ်။

အိမ်ရှေ့စံဘုရင်ဖြစ်လာတဲ့အချိန်မှာတော့ တပ်မှူးစကားကိုပြန်အမှတ်ရပြီး ပါးကွပ်သားတလိုင်းကို မီးကွင်းရွာနဲ့ထိစပ်နေတဲ့ ရွာလေးရွာကိုအပိုင်စားပေးခဲ့တယ်။

ဒီလိုနဲ့ မီးကွင်းရွာနဲ့အနီးတစ်ဝိုက်မှာတော့ လယ်ယာလုပ်ငန်းလုပ်ကိုင်ချိန်၊ စပါးရိတ်ချိန်တွေမှာ ကွင်းတွေကိုအပိုင်စားရထားတဲ့ ကွင်းပိုင်ကြီးတလိုင်းကို ပူဇော်ပသတဲ့ပွဲကို ပြုလုပ်ခဲ့ကြတယ်။ နှစ်ကာလကြာလာတော့ ကွင်းပိုင်ကြီးတလိုင်းကနေ ကွင်းပိုင်ကြီးဖိုးတစ်လိုင်းဆိုပြီးဖြစ်လာခဲ့တယ်။

ရွာသားတွေကလဲ သူတို့ရဲ့လယ်တွေကို ကွင်းပိုင်ကြီးဖိုးတလိုင်းက စောင့်ကြပ်နေတယ်လို့ ယုံကြည်ခဲ့ကြတယ်။

မယုံကြည်တဲ့သူတွေ၊ စော်ကားပြောဆိုတဲ့သူတွေပိုင်တဲ့လယ်တွေကိုတော့ စိုက်ပျိုးမ‌ရအောင်နှောက်ယှက်တာတွေ၊ အသံအနံ့ပေးပြီး ခြောက်လှန့်တာတွေရှိခဲ့တယ်။

ဘုရင်ကိုယ်တိုင်အမိန့်စာနဲ့ခန့်အပ်ထားတဲ့အတွက် ကွင်းပိုင်တလိုင်းရဲ့အစွမ်းက မီးကွင်းရွာတစ်ဝိုက်မှာ ယှဉ်သူမရှိလောက်အောင် ဖြစ်ခဲ့ရတယ်။

တစ်နေ့တော့ မီးကွင်းရွာမှာ သောက်သုံးရေမသန့်တာကအစပြုပြီး ကာလဝမ်းရောဂါဖြစ်ပွားခဲ့တယ်။ နေ့မြင်ညပျောက်ဆိုတဲ့စကားက ကာလဝမ်းရောဂါကိုများ ရည်ညွှန်းတယ်လို့ထင်ရအောင် သေတဲ့သူတွေအလွန်များလာခဲ့တယ်။

သင်္ချိုင်းကုန်းမှာ လူသေအလောင်းတွေ မြုပ်မနိုင်ပဲ ဒီတိုင်းပစ်ထားရတဲ့အထိအခြေအနေဆိုးရွားလာတော့ ရွာကိုစွန့်ခွာပြီး ပြေးရတဲ့အထိဖြစ်လာခဲ့တယ်။

ယခင်က စည်ကားခဲ့တဲ့ မီးကွင်းရွာကလဲ နေ့ချင်းညချင်းဆိုသလို တိတ်ဆိတ်သွားပြီး ရွာပျက်ကြီးသဖွယ်ဖြစ်လာခဲ့တယ်။ ရုတ်တရက်သေဆုံးသွားကြတဲ့သူတွေကလဲ ဆွမ်းသွပ်ပေးမယ့်သူမရှိတဲ့အတွက် မကျွတ်မလွတ်တဲ့သူတွေအဖြစ်ရွာမှာရှိတဲ့ အိမ်အိုအိမ်ပျက်တွေအပေါ်မှာ မှီခိုနေထိုင်ရင်း ကျွတ်မယ့်ရက်ကိုစောင့်မျှော်နေခဲ့ကြတယ်။

ကွင်းပိုင်တလိုင်းကလဲ သူ့ကိုပူဇော်ပသမယ့်သူတွေမရှိတော့တဲ့အတွက် စားသောက်နေထိုင်ဖို့ အခက်အခဲဖြစ်လာခဲ့တယ်။

တစ်ခါတစ်လေ မျက်စိလည်လမ်းမှားပြီးရောက်လာကြတဲ့ ထင်းခုတ်သမားတွေ၊ တောလိုက်သမားတွေဆီမှာပါလာတဲ့ အစားအသောက်တွေကို ခြောက်လှန့်စားသောက်ပြီး နေထိုင်ရတာကို ဖိုးတလိုင်းစိတ်ပျက်လာခဲ့တယ်။

ဒါကြောင့် အခွင့်အာဏာနည်းတဲ့ ကွင်းပိုင်တွေပိုင်တဲ့နယ်မြေတွေကိုလုယူဖို့ ကြိုးစားခဲ့တယ်။ အခြားကွင်းပိုင်တွေကလဲ ဖိုးတလိုင်းရဲ့ အစွမ်းနဲ့ နောက်လိုက်အင်အားကိုမယှဉ်နိုင်တာကြောင့် အလျော့ပေးကာ အလိုက်အထိုက်နေထိုင်ခဲ့ကြတယ်။

ဒါကိုဖိုးတစ်လိုင်းက အခွင့်ကောင်းယူပြီး သူ့ကိုယ်သူဒီနယ်ရဲ့ကွင်းပိုင်အချုပ်လို့သမုတ်ကာ စိတ်ရှိသလိုထင်တိုင်းကျဲပါလေရော။

ဖိုးတစ်လိုင်းကိုအမှီသဟဲပြုပြီး နေထိုင်ကြတဲ့ နောက်လိုက်နာနာဘာဝတွေကလဲ နယ်မြေအပိုင်းအခြားကိုနားမလည်တော့ပဲ ရွှေကျွန်းအဖိုးပိုင်တဲ့ ရွာတွေမှာနေတဲ့ ရွာသားတွေကိုပါ ခြောက်လှန့်စားသောက်တဲ့အထိဖြစ်လာခဲ့တယ်။

ဒီအဖြစ်တွေက ကွင်းပိုင်ကြီးတစ်လိုင်းကို ဂူအောင်းအပြစ်ဒဏ်ပေးရခြင်းရဲ့လမ်းစတစ်ခုဆိုလဲမမှားခဲ့ဘူး။

ရွှေကျွန်းအဖိုးဆိုတာက ဖိုးတလိုင်းထက် နှစ်ပေါင်းနှစ်ရာလောက်စောပြီး ဒီလောကထဲကိုရောက်ရှိလာတဲ့သူလဲဖြစ်တယ်။ ရွှေကျွန်းအဖိုးက အသက်အရွယ်ကြီးလာပြီးဖြစ်တဲ့အပြင် အခြားဘဝကိုကူးပေါင်းတော့မယ့် ကာလဖြစ်လို့ သာမန်ကိစ္စတွေကို ဝင်မပါပဲ တရားဘာဝနာကိုသာအားထုတ်နေခဲ့တယ်။

ရွှေကျွန်းအဖိုး နုစဉ်အခါက စတုမဟာရာဇ်နတ်မင်းတွေစွန့်ကျဲထားတဲ့ ရွှေကြိမ်လုံးဆိုတဲ့လက်နက်ကိုရခဲ့ဖူးတယ်။ ဒါပေမယ့် ရွှေကြိမ်လုံးနဲ့ရိုက်ခံထိတဲ့သူတွေတိုင်း အလွန်ပြင်းထန်တဲ့နာကျင်မှုကို ခံစားရတာမြင်တော့ တရားသမားဖြစ်တဲ့ ရွှေကျွန်းအဖိုးက မေတ္တာရှေ့ထားပြီး ကြိမ်လုံးကိုထုတ်မသုံးခဲ့တာ နှစ်အတော်ကြာခဲ့ပြီဖြစ်တယ်။

ဒါကို ဖိုးတလိုင်းက မသိပဲ ရွာထဲဝင်ပြီး ထင်တိုင်းကျဲနေတဲ့အတွက် ရွှေကျွန်းအဖိုးက သူ့ရဲ့လက်နက်ကိုနောက်ဆုံးအနေနဲ့ ထုတ်သုံးဖို့အကြောင်းဖန်လာခဲ့တယ်။
++++++++

တစ်ရက်မှာတော့ ရွှေကျွန်းအဖိုးပိုင်တဲ့ရွာထဲကို ဖိုးတလိုင်းဦးဆောင်တဲ့နာနာဘာဝတွေ အလုံးအရင်းနဲ့ဝင်လာပြီး ပူးကပ်ခြောက်လှန်းစားသောက်ကြပါလေရော။

ရွှေကျွန်းအဖိုးကလဲ ဝင်လာတဲ့အချိန် လွှတ်ပေးထားပြီး စားသောက်ပြီးလို့ ပြန်ထွက်တဲ့အချိန်ရောက်မှ ရွာထိပ်က ညောင်ပင်ပေါ်မှာ ရွှေကြိမ်လုံးကိုကိုင်ကာ ဖိုးတလိုင်းတို့ အုပ်စုကို စောင့်နေခဲ့တယ်။

ဖိုးတလိုင်းတို့အုပ်စုကလဲ ‌ရွှေကျွန်းအဖိုးဒီလိုလုပ်မယ်လို့မထင်ထားတဲ့အတွက် စိတ်လွတ်ကိုယ်လွတ်ထွက်လာတဲ့အချိန် အရှေ့ဆုံးမှာသွားနေတဲ့ ဖိုးတလိုင်းရဲ့ ညာဘက်လက်ပြင်တစ်ဖက် ပူခနဲဖြစ်သွားပြီး နာကျင်မှုဒဏ်က တစ်ကိုယ်လုံးကိုဖုံးလွှမ်းသွားခဲ့တယ်။

အဲဒီတော့မှ ရွှေကျွန်းအဖိုးသူတို့ကို ပညာပေးပြီဆိုတာသိလိုက်ရတဲ့ နောက်လိုက်တွေက ခြေဦးတည့်ရာကို ပြေးပါလေရော။

ရွှေကျွန်းအဖိုးက ဖိုးတလိုင်းကို မြေပေါ်ကနေ မထနိုင်အောင် ကြိမ်ဒဏ်တွေပေးနေတဲ့အချိန် စတုမဟာရာဇ်နတ်တွေထဲက ရွှေကျွန်းအဖိုးတို့ကို စောင့်ကြပ်နေတဲ့ မုဒ္ဒရာနတ်သားက ကောင်းကင်မှာပေါ်လာခဲ့ပြီး

” ရွာစောင့်အဖိုး သင်သည် ယခုလာမယ့် အရုဏ်တက်ချိန်မှာ အခြားဘဝတစ်ခုကို ကူးပြောင်းရတော့မှာဖြစ်တယ် ဒါကြောင့် သင်အနှစ်နှစ်အလလ ပြုလုပ်ခဲ့ဖူးတဲ့ ကုသိုလ်ကောင်းမှုတွေကို ဒီငမိုက်သားကြောင့် အပျက်စီးမခံပါနဲ့ သင့်ဒေါသကိုချုပ်ထိန်းပြီး နောင်ဘဝကိုကူးပြောင်းပါလော့ ဒီငမိုက်သားကို ကျုပ်တို့ခေါ်ဆောင်သွားပြီး နှစ်၅၀ဂူသွင်းအပြစ်ပေးအပ်မှာဖြစ်တယ် ” ဆိုပြီးပြောတော့မှ ရွှေကျွန်းအဖိုးစိတ်ကိုလျော့ကာ ဗိမ္မာန်ကိုပြန်လည်ကြွသွားခဲ့တယ်။

မုဒ္ဒရာနတ်သားလဲ ရွှေကျွန်းအဖိုးပြန်လည်ကြွသွားတာနဲ့ မြေကြီးပေါ်လဲကျနေတဲ့ ဖိုးတလိုင်းကို ကြိုးနဲ့တုပ်ကာ ခေါ်ဆောင်သွားခဲ့တယ်။

ဖိုးတလိုင်းပျောက်ကွယ်သွားတဲ့အချိန်ကစပြီး မီူကွင်းရွာတစ်ဝိုက်မှာ ကျက်စားနေကြတဲ့ နာနာဘာဝတွေလုံးဝငြိမ်ကျသွားခဲ့တယ်။

အရင်ကဖိုးတလိုင်းအားကိုးနဲ့ ဆိုးသွမ်းခဲ့ကြတဲ့ နာနာဘာဝတွေကို လက်ရှိစောင့်ကြပ်နေကြတဲ့ ကွင်းပိုင်တွေကလဲ အခွင့်ရှိရင်ရှိသလို ပညာပေးဆုံးမတာတွေရှိလာခဲ့တယ်။

ဒါပေမယ့် ဖိုးတလိုင်းပြန်လွတ်ဖို့ တစ်လလောက်အကြာမှာတော့ ငကျွဲကြီးလို့ခေါ်တဲ့ နှစ်ချို့တဘက်ကြီးတစ်ကောင်ရဲ့ဦးဆောင်မှုနဲ့အတူ ဖိုးတလိုင်းအုပ်စုတွေ ပြန်လည်ထကြွလာခဲ့တယ်။

အခြားကွင်းပိုင်တွေကလဲ ဖိုးတလိုင်းလွတ်လာတော့မှာကိုသိတဲ့အတွက် ငကျွဲကြီးတို့အုပ်စုကို မသိချင်ယောင်ဆောင်ပြီး အလိုက်အထိုက်ပြန်နေခဲ့ကြတယ်။

ငကျွဲတို့အုပ်စုကလဲ သူတို့ကို မျက်နှာလွှဲထားတာသိတဲ့အတွက် အရင်ကထက်ပိုအတင့်ရဲလာပြီး ရွာထဲကိုဝင်ကာ ကံနိမ့်တဲ့သူတွေကို သတ်ဖြတ်ကြတဲ့အဆင့်ထိရောက်လာခဲ့တယ်။

ငကျွဲတို့အုပ်စုနဲ့ အောင်မြတ်သာတို့ဆုံခဲ့ကြတဲ့ အကြောင်းအရာတွေကိုတော့ “အောင်မြတ်သာနှင့်တစ်ပဲကုသိုလ်အကျိုးတူ၊ အောင်မြတ်သာနှင့် စားကျက်လုပွဲ” ဆိုတဲ့ဝတ္တုမှာဖတ်ရှုနိုင်ပါတယ်။

အောင်မြတ်သာတို့လဲ စားကျက်လုပွဲဝတ္တုထဲကအတိုင်း ညိုလွင်ကို လူ့ဘဝပြန်ပို့ပေးပြီး သက်ခိုင်နဲ့တောက်ရတို့ ပွဲကြမ်းထားတဲ့ မီးကွင်းရွာကိုပြန်လာခဲ့လိုက်တယ်။

အောင်မြတ်သာမီးကွင်းရွာကိုရောက်တော့ သက်ခိုင်နဲ့တောက်ရတို့ရဲ့ပညာစွမ်းကြောင့် ဖိုးတလိုင်းရဲ့တပည့်ကျော်ငကျွဲ ခြေတုန်လက်တုန်ဖြစ်ပြီး ဒူးထောက်တောင်းပန်နေတာကိုမြင်လိုက်ရတယ်။

သက်ခိုင်နဲ့တောက်ရကလဲ အောင်မြတ်သာကိုမြင်တော့

” ဆရာ ပြန်ရောက်လာပြီလား ဒီကောင်တွေ အတော်ခေါင်းမာတာ အချုပ်အင်းသုံးတာတောင် ပြန်ခုခံနေလို့ ခြောက်ကွက်စင်္ကြာအင်းကိုသုံးလိုက်ရတယ် ဒီတော့မှ အကုန်လုံး ငြိမ်ကျသွားတာ”

အောင်မြတ်သာက သက်ခိုင်စကားကြောင့် မလှမ်းမကမ်းမှာ ဒူးထောက်ထိုင်နေတဲ့ ငကျွဲကြီးကိုကြည့်ကာ

” သင်နာမည် ငကျွဲကြီးလား ”

” ဟုတ်တယ် ငါ့နာမည် ငကျွဲကြီး ”

ငကျွဲကြီးက အောင်မြတ်သာကို မမာမခန့်တဲ့ လေသံနဲ့ပြောလိုက်တဲ့အချိန် ဘေးမှာရှိနေတဲ့ တောက်ရက ဘာမပြောညာမပြောနဲ့ ငကျွဲဆီကိုပြေးဝင်ကာ ရင်ဝကိုကန်ချလိုက်ပြီး လည်မြိုကို ခြေထောက်နဲ့ နင်းချလိုက်တယ်။

” ဟေ့ကောင် မင်းခုနကလိုပြန်ပြောစမ်း အခုမင်းကိုမေးနေတာက ငါတို့ရဲ့ဆရာကွ ပမာမခန့်လုပ်ရအောင် မင်းကဘာကောင်လဲ ဟမ်”

တောက်ရ စိတ်တိုပြီး ငကျွဲရဲ့လည်မြိုကို ခပ်ကြမ်းကြမ်းဖိနင်းထားတာမြင်တော့ အောင်မြတ်သာက

” တောက်ရ စိတ်လိုက်မာန်ပါမလုပ်ပါနဲ့ လွှတ်ပေးလိုက်ပါ”

အောင်မြတ်သာစကားကြောင့် တောက်ရက နင်းထားတဲ့ခြေထောက်ကို ပြန်ခွာလိုက်ပြီး

” နောက်တစ်ခါ အဲလိုလေသံနဲ့ပြောရင်တော့ တကိုယ်လုံး မီးလောင်တိုက်သွင်းပြစ်မယ်” လို့ပြောကာပြန်ထွက်လာခဲ့တယ်။

တောက်ရရဲ့ခပ်ကြမ်းကြမ်းကိုင်တွယ်မှုကြောင့် ငကျွဲမျက်နှာအောက်ချပြီး ငြိမ်သွားခဲ့တယ်။

အောင်မြတ်သာက ကြောက်လန့်သွားတဲ့ ငကျွဲအရှေ့ကိုလမ်းလျောက်သွားပြီး

” သင့်ကိုမေးစရာလေးရှိသေးတယ် ကျုပ်မေးတာကို အမှန်တိုင်းဖြေပေးပါ”လို့ပြောလိုက်တော့ ငကျွဲက ခေါင်းကိုငြိမ့်ကာ လက်ခံခဲ့တယ်။

” သင်တို့ရဲ့ကွင်းပိုင်ကြီးက ဘယ်အချိန်လွတ်လာမှာလဲ”

အောင်မြတ်သာစကားကြောင့် ငကျွဲက မော့မကြည့်ပဲ

” ဒီနေ့ကသူ့လွတ်ရက်ပဲ ‌ဘယ်အချိန်ပြန်လာမယ်ဆိုတာတော့ ကျုပ်တို့မသိဘူး”

” ကောင်းပြီ ဒါဆိုလဲ သင်တို့ဆရာကို စောင့်ရသေးတာပေါ့ ”

အောင်မြတ်သာစကားကြောင့် ငကျွဲက မျက်လုံးလှန်ကြည့်ပြီး

” ကျုပ်တို့ဆရာကိုစောင့်ပြီး ဘာလုပ်မလို့လဲ “လို့မေးလိုက်တော့ အောင်မြတ်သာက

” သင်တို့ဆရာလွတ်လာတာနဲ့ ရပ်ရွာတွေကို ဒုက္ခထပ်ပေးကြဦးမယ်ဆိုတာ ကျုပ်သိနေတယ် ဒါကြောင့် ဘယ်သူ့ကိုမှ ဒုက္ခမပေးနိုင်အောင် ဆုံးမဖို့ စောင့်နေတာပဲ”

အောင်မြတ်သာစကားကြောင့် ငကျွဲက မကျေမနပ်တဲ့ပုံစံနဲ့ မြေကြီးတွေကို လက်နှစ်ဖက်နဲ့ဆုပ်ယူပြီး ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တာ မြင်လိုက်ရတယ်။

သက်ခိုင်နဲ့တောက်ရကတော့ အခြေအနေမဟန်တာနဲ့ ဝင်သမရန် အသင့်အနေအထားပြင်ထားလိုက်တယ်။

အောင်မြတ်သာကတော့ စိတ်ပူဟန်မပြပဲ လက်ကိုနောက်ပြစ်ကာ မီးကွင်းရွာအပြင်ဘက်ကို ငေးကြည့်နေခဲ့တယ်။

မကြာမီအချိန်မှာတော့ ဖမ်းဆီးထားတဲ့ နာနာဘာတွေအားလုံးဆီကနေ ကြောက်မယ်ဖွယ်အော်သံတွေထွက်ပေါ်လာခဲ့တယ်။

အောင်မြတ်သာကတော့ အခြေအနေကိုရိပ်စားမိဟန်နဲ့ သက်ခိုင်နဲ့တောက်ရကို တစ်ချက်လှမ်းကြည့်လိုက်တယ်။ သက်ခိုင်တို့ကလဲ အကင်းပါးသူပီပီ အရပ်လေးမျက်နှာကို မျက်ခြေမပြတ်အောင်သတိထရင်း အင်းကွက်တွေကို အသင့်ပြင်ထားလိုက်ကြတယ်။

” ဝေါ ဝေါ ဝေါ ”
” ဖြောင်း ဂျွတ် ဝုန်း ”
ရုတ်တရက်တိုက်ခတ်လာတဲ့ လေပြင်းတွေကြောင့် မီးကွင်းရွာထဲမှာပေါက်နေတဲ့ အပင်ကြီးတွေရဲ့အကိုင်းအခက်တွေ ကျိုးကျကုန်တာကိုမြင်တဲ့ နာနာဘာဝတွေရဲ့ မျက်လုံးမှာ ရက်စက်ကြမ်းကြုတ်မှုတွေ ဒေါသ‌အရိပ်အယောင်တွေပေါ်လာခဲ့တယ်။

အချို့အတင့်ရဲကြတဲ့ နာနာဘာဝတွေက ချုပ်ထားတဲ့စင်္ကြာအင်းကိုဖောက်ထွက်ဖို့ကြိုးစားကြပေမယ့် ခိုင်မြဲလွန်းတဲ့အင်းကို မကျော်ထွက်နိုင်ခဲ့ကြဘူး။

အဲဒီအချိန်
” ရာရာစစ ငါ့ပိုင်နက်ထဲမှာ ငါ့တပည့်တွေကို အနိုင်ကျင့်နေကြပါလား” ဆိုတဲ့အသံနဲ့အတူ ပေါင်မှာထိုးကွင်းမှင်ကြောင်အပြည့်ထိုးထားပြီး အရပ်က ဆယ်ပေလောက်မြင့်တဲ့ လူထွားကြီးတစ်ယောက်ပေါ်လာခဲ့တယ်။

အောင်မြတ်သာကတော့ လူထွားကြီးကိုမြင်တော့
” ဖိုးတလိုင်းဆိုပြီးနာမည်ကြီးနေတာ အခုမှပဲမြင်ဖူးတော့တယ် အပြစ်ဒဏ်ခံရတဲ့အချိန်အတွင်းမှာ ပညာတွေအစွမ်းထက်လာခဲ့ရဲ့လား” ဆိုပြီး လောကွတ်ပြုလိုက်တယ်။

ဖိုးတလိုင်းက သူ့အကြောင်းအကုန်သိနေတဲ့ အောင်မြတ်သာကို အနည်းငယ်ရှိန်သွားပြီး
” သင်က ဘာကြောင့် ငါ့ပိုင်နက်ထဲမှာ ဝင်ရောက်ရမ်းကားနေတာလဲ ငါအခုမှ ပြစ်ဒဏ်ကလွတ်လာလို့ သင့်ကိုချမ်းသာပေးလိုက်မယ် သင်တို့ဖမ်းဆီးထားတဲ့ ငါ့တပည့်တွေကို လွှတ်ပေးပြီး လာရာလမ်းအတိုင်းပြန်လှည့်ကြ”

ဖိုးတလိုင်းရဲ့ လေသံကြောင့် သက်ခိုင်နဲ့ တောက်ရတို့စိတ်တိုသွားပြီး လက်ထဲမှာကိုင်ထားတဲ့ ခြောက်ကွက်အင်းနဲ့ လှမ်းပစ်ကာ အခြေအနေကိုထိန်းချုပ်ဖို့ကြိုးစားခဲ့ကြတယ်။

သက်ခိုင်နဲ့တောက်ရတို့ပစ်လွှတ်လိုက်တဲ့ အင်းချပ်တွေက ဖိုးတလိုင်းရဲ့ဦးခေါင်းထက်မှာပျံဝဲနေပြီး အင်းချပ်တွေထဲကနေ ပိုးအိမ်သဖွယ်ငွေမျှင်ရောင် အမျှင်တန်းတွေထွက်လာကာ ဖိုးတလိုင်းကို ချုပ်နှောင်ထားလိုက်တယ်။

ဖိုးတလိုင်းကတော့ ဘေးပတ်ပတ်လည်မှာ ကာရံထားတဲ့ ငွေကြိုးမျှင်တွေကိုကြည့်ပြီး ဟက်ဟက်ပက်ပက်ရယ်‌ကာ

” ငါ့ကိုအရင်လို ကွင်းပိုင်များထင်နေသလား ငါကအခု မင်းတို့သိထားတဲ့ကွင်းပိုင်မဟုတ်တော့ဘူးကွ” ဆိုပြီးကြိမ်းဝါးကို ငွေကြိုးမျှင်တွေကို ကြီးမားတဲ့လက်နှစ်ဖက်နဲ့ ဆွဲဖြတ်ပြစ်လိုက်တယ်။

သက်ခိုင်နဲ့တောက်ရလဲ ဖိုးတလိုင်းရဲ့အပြုအမူကိုမြင်တော့ မယုံနိုင်အောင်အံ့ဩသွားခဲ့ရတယ်။
အောင်မြတ်သာကတော့ ဘာမှဝင်မပြောပဲ ငွေကြိုးမျှင်တွေကို ဖြတ်ပြီးထွက်လာတဲ့ ဖိုးတလိုင်းကိုသာစေ့စေ့ကြည့်နေခဲ့တယ်။

သက်ခိုင်တို့ကလဲ အင်းစောင့်ပုဂ္ဂိုလ်တွေကို ဆင့်ခေါ်တဲ့ အင်းကိုအသုံးပြုကာ ဖိုးတလိုင်းကိုထပ်မံထိန်းချုပ်ရန်ကြိုးစားခဲ့ကြတယ်။

အင်းချပ်လေးချပ်ကို ဖိုးတလိုင်းနဲ့မလှမ်းမကမ်းကို ပစ်ချလိုက်တဲ့အချိန်မှာတော့ မြေကြီးထဲကနေ ရွှေအိုရောင်အဝတ်အစားကိုယ်စီဝတ်ထားပြီး ဓါးလွတ်နှစ်လက်ကိုယ်စီကိုင်ထားတဲ့ အင်းစောင့် ရှစ်ယောက်ပေါ်လာခဲ့တယ်။

အင်းစောင့်ပုဂ္ဂိုလ်တွေက ပေါ်လာတာနဲ့ အရှေ့မှာရပ်နေတဲ့ ဖိုးတလိုင်းဆီကိုပြေးဝင်ကာ ဓါးတွေနဲ့ခုတ်ပိုင်းဖို့ကြိုးစားခဲ့ကြတယ်။

” ကျား …ရွှပ် ရွှပ် ရွှပ်”

” ချွင် ချွင် ချွင် ”

ဓါးလွတ်ကိုင် အင်းစောင့်တွေခုတ်လိုက်တဲ့ ဓါးချက်တွေက ဖိုးတလိုင်းရဲ့ကိုယ်ကိုထိပြီးအနောက်ကိုပြန်ခုန်ထွက်လာကြတယ်။

ဖိုးတလိုင်းကတော့ အင်းစောင့်ပုဂ္ဂိုလ်တွေကို မထီလေးစားတဲ့ပုံနဲ့ ရင်ဘတ်ကိုကော့ပေးပြီး ထပ်ခုတ်ရန် စိန်ခေါ်လိုက်တယ်။

သက်ခိုင်နဲ့တောက်ရကလဲ မြင်လိုက်ရတဲ့အခြေအနေတွေကို နားမလည်တဲ့သဘောနဲ့ အောင်မြတ်သာကို လှမ်းကြည့်လိုက်တယ်။

အောင်မြတ်သာကတော့ ဘာမှလှုပ်ရှားမှုမပြပဲ အထက်ဂိုဏ်းဆရာကြီးတွေကိုအာရုံပြုကာ မျက်လုံးကိုခေတ္တမှိတ်လိုက်ပြီး ပြန်ဖွင့်လိုက်တဲ့အချိန်မှာတော့ မျက်လုံးထဲကနေ ရွှေရောင်အလင်းတန်းတွေထွက်လာခဲ့တယ်။

အလင်းတန်းတွေက ဖိုစတလိုင်းရဲ့ တစ်ကိုယ်လုံးကို ဆလိုက်မီးထိုးသလို ဖြစ်သွားတဲ့အချိန်မှာ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် သက်ခိုင်ရော တောက်ရပါ အံ့ဩကြီးစွာဖြစ်ခဲ့ရတယ်။

သက်ခိုင်နဲ့တောက်ရမြင်နေရတာက ဖိုးတလိုင်းရဲ့ ကိုယ်ပေါ်မှာ နီညိုရောင်အဆင်းရှိတဲ့ ကွန်ယက်တွေက တစ်ကိုယ်လုံးနေရာလပ်မရှိအောင် ဖုံးအုပ်ထားပြီး အင်းစောင့်ပုဂ္ဂိုလ်တွေရဲ့ ဓါးချက်တွေက နီညိုရောင်ကွန်ယက်ကို မထိုးဖောက်နိုင်တာကိုပါမြင်လိုက်ရတယ်။

ကွန်ယက်အစွမ်းကြောင့် သူ့ကိုထိခိုက်အောင်မလုပ်နိုင်တာကိုသိတဲ့ဖိုးတလိုင်းက သက်ခိုင်နဲ့ တောက်ရတို့ဆင့်ခေါ်ထားတဲ့ အင်းစောင့်ပုဂ္ဂိုလ်တွေကို သူ့ရဲ့ကြီးမားတဲ့လက်အစုံနဲ့ ရိုက်ထုတ်လိုက်ပြီး အောင်မြတ်သာရှိရာ ဘက်ကို ခြေလှမ်းကျဲကြီးနဲ့လျောက်လာခဲ့တယ်။

ဒီလိုအဖြစ်အပျက်ကိုမြင်တဲ့ နာနာဘာဝတွေကလဲ သွေးပျက်ဖွယ်အသံမျိုးစုံနဲ့အော်ဟစ်ကာ ဖိုးတလိုင်းကို အားပေးနေကြတယ်။

အောင်မြတ်သာကတော့ ဖိုးတလိုင်း လျောက်လာတာကိုမြင်ပေမယ့် တစ်ချက်မျှမလှုပ်ပဲ အရှေ့တည့်တည့်ကိုသာစူးစိုက်ပြီးကြည့်နေခဲ့တယ်။

ဖိုးတလိုင်းက အောင်မြတ်သာအနားကိုရောက်တော့ ဘယ်ဘက်ခြေထောက်ကို မြေကြီးပေါ်ဆောင့်ချလိုက်ရာ သာမန်လူအဖြစ်ကနေ ‌အစွယ်တွေ အမွှေးအမျှင်တွေထွက်လာပြီး ခန္ဓာကိုယ်ကလဲ တစ်ဖြေးဖြေးကြီးထွားလာခဲ့တယ်။

ဖိုးတလိုင်းကတော့ သူ့ရဲ့အစွမ်းကိုမြင်ပြီး နောက်ဆုတ်သွားမယ့်အထင်နဲ့ လူတစ်ဖက်ခန့်ကြီးမားတဲ့ပါးစပ်ကိုဖြဲကာ အောင်မြတ်သာကို ခြောက်လှန့်ဖို့ကြိုးစားခဲ့တယ်။

သာမန်လူအဖို့ နှလုံးသွေးပျက်နိုင်တဲ့ မြင်ကွင်းမျိုးဖြစ်ပေမယ့် အောင်မြတ်သာက တုန်လှုပ်ခြင်းအလျဉ်းမရှိပဲ ဖိုးတလိုင်းကိုတည်ငြိမ်စွာရင်ဆိုင်နေခဲ့တယ်။

အောင်မြတ်သာတည်ငြိမ်လေလေ ဖိုးတလိုင်း စိတ်တိုဒေါသထွက်လေလေဖြစ်နေခဲ့တယ်။ နောက်ဆုံး အောင်မြတ်သာကိုသွေးပျက်‌အောင် ခြောက်လှန့်လို့မရတော့မှန်းလဲသိရော ကိုယ်ထိလက်ရောက် စော်ကားဖို့ခြေလှမ်းစလာခဲ့တယ်။

ဂူအောင်းအပြစ်ပေးခံနေစဉ်ကာလအတွင်း အပိုးကျိုးခဲ့သည့်ဖိုးတလိုင်း အခုကျတော့ ဒေါသစိတ်ဒေါသမာန်တွေထွက်လာပြီး အောင်မြတ်သာရဲ့ ကိုယ်ကိုဆွဲယူကိုင်ပေါက်ဖို့အတွက် ညာဘက်လက်ကိုရွယ်လိုက်တဲ့အချိန် အနက်ရောင်ကြာပွတ်တစ်ချောင်းက ဖိုးတလိုင်းရဲ့ ညာဘက်လက်မှာလာရောက်ရစ်ပတ်သွားတာကို ဘေးမှာရှိနေတဲ့သူတွေအားလုံးမြင်လိုက်ရတယ်။

ဖိုးတလိုင်းကလဲ ညာဘက်လက်တစ်ဖက်လှုပ်မရသည့်တိုင် ဒေါသစိတ်အမှောင်ဖုံးနေတဲ့စိတ်နဲ့ လှုပ်လို့ရသေးတဲ့ ဘယ်ဖက်လက်နဲ့ အောင်မြတ်သာကိုရိုက်သတ်ဖို့ကြိုးစားပြန်ရော။

ဘယ်ဘက်လက်ကိုမြှောက်ပြီး ရိုက်ချဖို့အလုပ်မှာ အနက်ရောင်ကြာပွတ်နောက်တစ်ချောင်းက ဘယ်ဘက်လက်မှာ လာရောက်ရစ်ပတ်လိုက်ပြန်တယ်။

အကောင်အထည်မမြင်ရပဲ ကြာပွတ်ကြိုးကိုသာမြင်နေရတဲ့ဖိုးတလိုင်းက ကြောက်မယ်ဖွယ်အသံနဲ့အော်မြည်ရင်း ကြာပွတ်ကနေလွတ်အောင် အားကုန်ရုန်းကန်နေခဲ့တယ်။

ဖိုးတလိုင်းရုန်ကန်လေလေ ကြာပွတ်ကြိုးကတင်းလေလေဖြစ်လာကာ လက်ကောက်ဝတ်တစ်ခုလုံးစုတ်ပြတ်သွားခဲ့တယ်။ အလွန်အမင်းနာကျင်တဲ့ဒဏ်ကိုခံစားနေရတဲ့ ဖိုးတလိုင်းက မာန်ကိုမချသေးပဲ ခြေနဲ့လှမ်းခတ်ဖို့ ရွယ်လိုက်သေးတယ်။

အဲဒီအချိန်မှာမှ ဘေးနှစ်ဖက်မှာရှိတဲ့ လေဟာပြင်ထဲကနေ အစိမ်းရောင်ဝတ်စုံကိုဝတ်ဆင်ထားတဲ့ ဂုမ္ဘာန်နှစ်ပါးပေါ်လာခဲ့တယ်။

အစိမ်းဖျော့ရောင်မကိုဋ်ကိုဆောင်းထားပြီး အစိမ်းရင့်ရောင် တန်ဆာကိုဝတ်ဆင်ထားတဲ့ ကုမ္ဘာန်နှစ်ကောင်က အံကိုကြိတ်ထားပြီး ဖိုးတလိုင်းလက်ကိုချည်ထားတဲ့ကြာပွတ်ကို မလွှတ်တမ်းဆွဲထားကြတယ်။

အောင်မြတ်သာကတော့ ဖိုးတလိုင်းဖြစ်နေကိုကြည့်ပြီး သနားဂရုဏာသက်နေစဉ် ဖိုးတလိုင်းရပ်နေတဲ့ မြေကြီးထဲကနေ တိုးထွက်လာတဲ့ ဘီလူးနှစ်ယောက်ကို ထပ်တွေ့လိုက်ရတယ်။

အနက်ရောင်မကိုဋ်ကိုဆောင်းထားပြီး ညိုညစ်ညစ်တန်ဆာကိုဝတ်ဆင်ထားတဲ့ ဘီလူးနှစ်ကောင်က လက်ထဲမှာကိုင်ထားတဲ့ သန်လျက်နဲ့ ဖိုးတလိုင်းရဲ့ ခြေခြင်းဝတ်တွေကို ခုတ်ချလိုက်ရာ မတ်တပ်ရပ်နေတဲ့ဖိုးတလိုင်း မဟန်တော့ပဲ ဒူးထောက်ခွေယိုင်သွားခဲ့တယ်။

ဖိုးတလိုင်းလဲ အဲဒီတော့မှ အထိတ်တလန့်နဲ့ နောက်ကြောင်းပြန်လှည့်ပြီး ထွက်ပြေးဖို့ဟန်ပြင်လိုက်တဲ့အချိန် ဦးခေါင်းထိပ်ကနေ ရွှေရောင်မကိုဋ်ကိုဆောင်းထားပြီး ရွှေရောင်သန်လျက်ကိုင်ထားတဲ့ ဂုမ္ဘာန်တစ်ကောင်ပေါ်လာကာ ဖိုးတလိုင်းရဲ့ဦးခေါင်းကိုသန်လျက်နဲ့ထိုးချလိုက်တယ်ဆိုရင်ပဲ ခန္ဓာကိုယ်မှာဝတ်ဆင်ထားတဲ့ နီညိုရောင်ကွန်ယက်က ဖြောက်‌ခနဲ ဖြောက်ခနဲမြည်ကာ ပြတ်ထွက်ကုန်တယ်။

ကွန်ယက်မရှိတော့တဲ့ ဖိုးတလိုင်းက အမြှီးမရှိတဲ့ မိချောင်း၊ အစွယ်မရှိတဲ့မြွေလိုဖြစ်သွားပြီး အောင်မြတ်သာကိုသာ စူးစူးရဲရဲ စိုက်ကြည့်နေတာကိုမြင်လိုက်ရတယ်။

ဖိုးတလိုင်းရဲ့ဦးခေါင်းပေါ်မှာ ရပ်နေတဲ့ ဂုမ္ဘာန်က ကွန်ယက်ကိုဖျက်စီးပြီးတာနဲ့ အောင်မြတ်သာရှိတဲ့ဆီကိုဆင်းလာပြီး လက်အုပ်ချီကာ

” ဆရာပင့်ဖိတ်မှုကိုရတာနဲ့ ချက်ချင်းလာခဲ့သော်ငြား အချိန်အနည်းငယ်နောက်ကျသွားခဲ့ရပါတယ် ဒီအတွက် ကျွန်ုပ်တို့ကိုခွင့်လွှတ်ပေးပါ” ဆိုပြီးတောင်းပန်တော့ အောင်မြတ်သာက

” အသင်ဂုမ္ဘာန်နတ်မင်း သင်တို့ငယ်သားကို သင်တို့သာအပြစ်စီရင်ပါလေ ကျုပ်အနေနဲ့ ဝင်မစွက်ဖက်လိုပါဘူး ဒါပေမယ့် ဒီလိုဆိုးသွမ်းမိုက်မဲတဲ့အကျင့်ရှိသူကို ဘယ်လိုကြောင့် နီညိုရောင်ကွန်ယက်ဝတ်စုံပေးအပ်ခဲ့တာလဲ”

” ဆရာထင်သလိုမဟုတ်ပါဘူး ဒီငမိုက်သားက အပြစ်ကလွတ်ပြီးတဲ့အချိန် ဂူပေါက်မှာ စောင့်ကြပ်နေတဲ့ ယက္ခအချင်းချင်း တာဝန်လဲလှယ်တဲ့အချိန် ချွတ်ထားရတဲ့ အဆင်တန်ဆာကိုခိုးယူလာခဲ့တာဖြစ်ပါတယ် ဒီအတွက်လဲ ကျွန်ုပ်တို့ထိုက်တန်တဲ့အပြစ်ဒဏ်ကိုပေးအပ်မှာဖြစ်ပါတယ် ”

” ကောင်းပြီ အသင်ဂုမ္ဘာန်နတ်မင်း သင်တို့ပေးတဲ့အပြစ်ကို ကျုပ်နားထောင်နေပါမယ် ”

ရွှေရောင်အဆင်တန်ဆာဝတ်ဆင်ထားတဲ့ ဂုမ္ဘာန်နတ်မင်းက အောင်မြတ်သာစကားအဆုံးမှာ ဖိုးတလိုင်းဘက်ကိုလှည့်ပြီး

” ယခုသင့်အပြစ်ကိုသင်သိပြီလား ” ဆိုပြီးသုံးကြိမ်တိတိမေးခဲ့ရာ ဖိုးတလိုင်းက သုံးကြိမ်တိတိ ဝန်ခံခဲ့တယ်။

” ဒါဖြင့် သင့်ကိုအပြစ်ပေးတဲ့အနေနဲ့
ပေးအပ်ထားတဲ့ နယ်မြေတွေကို ပြန်လည်သိမ်းယူတဲ့အပြင် ရရှိပြီးတဲ့တန်ခိုးအစွမ်းတွေကိုလဲသိမ်းယူရလိမ့်မယ် သင်သည် ယနေ့မှစ၍ ဤနယ်မြေဒေသနဲ့လုံးဝမသက်ဆိုင်တော့ပေ သင့်သည် စားသောက်စရာခက်ခဲတဲ့ လျှိုမြောင်ချိုင့်ဝှမ်းများအတွင်း၌သာ ရှင်သန်နေထိုင်ရလိမ့်မယ် ရှင်သန်နေထိုင်စဉ်အတွင်း ရရှိတဲ့အစားအသောက်များရဲ့ သုံးပုံတစ်ပုံကိုသာ အကောင်းပကတိစားသောက်ရစေ ကျန်နှစ်ပုံသည် အလိုအလျောက် ပျောက်ကွယ်၍သော်လည်းကောင်း၊ သင်ထက် ဝါရင့်ပုဂ္ဂိုလ်များရဲ့ လုယူစားသောက်ခြင်းသော်လည်းကောင်းခံစေရမည် ကျွန်ုပ်၏အမိန့်သည် ဝိရူဠကနတ်မင်းရဲ့ အမိန့်တော်အတိုင်းပင်ဖြစ်သည် မြေပေါ်မြေအောက်အစောင့်များကလဲ ဤငမိုက်သားကိုအမြဲမပြတ်စောင့်ကြပ်ကြစေ”
လို့အမိန့်ပေးလိုက်တာနဲ့ ကြာပွတ်နဲ့ဆွဲထားတဲ့ ဂုမ္ဘာန်နှစ်ကောင်က ဖိုးတလိုင်းကို ဆွဲခေါ်ကာ ပျောက်ကွယ်သွားကြတယ်။

ရွာထဲမှာရှိတဲ့ နာနာဘာဝတွေကလဲ သူတို့သခင်ဖြစ်သူရဲ့ အဖြစ်ကိုမြင်ပြီး ကြောက်လန့်တကြားဖြစ်ကာ အောင်မြတ်သာကို အားကိုးတကြီး ဒူးထောက်တောင်းပန်ခဲ့ကြတယ်။

အောင်မြတ်သာကတော့ နာနာဘာဝတွေကို ပြောဆိုဆုံးမပြီး နောက်နောင်လိမ်မာစွာနဲ့ ဝဋ်ကြွေးတွေကိုပေးဆပ်ရန်မှာကြားကာ မီးကွင်းရွာကနေထွက်ခွာလာခဲ့ကြတယ်။

သက်ခိုင်နဲ့ တောက်ရကတော့ သူတို့ကို ပမာမခန့်လုပ်ပြီး အင်းစောင့်တွေကို ရိုက်ချသွားတဲ့ ဖိုးတလိုင်းကို မကျေမနပ်ဖြစ်ကာ အောင်မြတ်သာနောက်ကို လိုက်လာခဲ့ကြတယ်။

မီးကွင်းရွာကနေထွက်လာပြီး နေ့တစ်ဝက်လောက်ရောက်တော့ ဆံရစ်ဝိုင်းနဲ့ကလေးတွေ ဆော့ကစားနေကြတဲ့ ကုက္ကိုပင်အောက်ကိုရောက်လာခဲ့တယ်။

ကလေးငယ်တွေအချင်းချင်းဆော့ကစားနေရင်း ခပ်စွာစွာပုံစံပေါက်တဲ့ ကလေးမက အခြားကလေးတစ်ယောက်ကို လက်ညိုးထိုးကာ

” ဟဲ့ ငါ လုပ်လိုက်ရင် နင့်ရင်ဘတ်ထဲက အသည်းတွေကြေမွကုန်မယ် ရှင်ထွေးကို ဘယ်မှတ်နေလဲ” ဆိုပြီး မျက်နှာထိမျက်နှာထားတဲ့ပြောလိုက်တာကိုမြင်တဲ့ ကျန်ကလေးတွေက လက်ခုပ်လက်ဝါးတီးပြီး အားပေးကြတာကိုမြင်လိုက်ရတယ်။

ရှင်ထွေးနေရာကို ဝင်သရုပ်ဆောင်တဲ့ ကလေးမကလဲ သူ့ကိုအားပေးကြတဲ့ သူငယ်ချင်းတွေကိုမြင်တော့ ကျေနပ်သွားပြီး

” ငါသရုပ်ဆောင်တာ အမရှင်ထွေးနဲ့တူလား”

” တူတယ်ဟေ့ လုံးဝကိုတူတာ အမရှင်ထွေးဟိုတစ်နေ့ကပြောတဲ့ပုံစံနဲ့ချွတ်စွပ်ပဲ ဟီးဟီး”

အောင်မြတ်သာက ကလေးငယ်တွေ ဆော့ကစားနေကြတဲ့ပုံကိုကြည့်ပြီး နှုတ်ခမ်းလေးတွန့်ရုံပြုံးလိုက်တာကို သက်ခိုင်ကအမိအရမြင်သွားခဲ့တယ်။

ဒီအပြုံးကိုပြုံးရင် ဘာဆက်ဖြစ်မလဲဆိုတာ သိနေတဲ့သက်ခိုင်က လေပူတစ်ချို့ကိုမှုတ်ထုတ်ရင်း သက်ပြင်းရှည်တစ်ချက်ကိုချလိုက်မိတယ်။

+++++

အောင်မြတ်သာတို့ကြားခဲ့ရတဲ့ ရှင်ထွေးဆိုတဲ့အမျိုးသမီးရဲ့ဘဝဇာတ်ကြောင်းကဘယ်လိုပုံစံရှိခဲ့လဲ။

ရှင်ထွေးဆိုတဲ့ အမျိုးသမီးကို ကလေးတွေ ဘာကြောင့်အတုခိုးနေတာလဲ ဆိုတာကိုသိရဖို့ အောင်မြတ်သာနှင့် တံငါသည်ရှင်ထွေးဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်‌
ဇေယန(ရာမည)

#ညမဖတ်ရ