သားဇောမိခင်

အောင်မြတ်သာနှင့်သားဇောမိခင်

 

“အဝူးးးးးးး”

 

ညောင်သုံးပင်သင်္ချိုင်းအတွင်းက ချောက်ခြားဖွယ်ရာ ထွက်ပေါ်လာခဲ့တဲ့ခွေးအူသံကြောင့် သင်္ချိုင်းရှေ့ကနေဖြတ်ပြန်လာတဲ့ သာချိုတို့သုံးယောက် ကျောထဲကနေ စိမ့်ခနဲနေအောင် ချမ်းတက် လာခဲ့တယ်။

 

“ သာ သာချို ခွေး ခွေးတွေအူနေတယ်ဟ”

 

“ အေးပါ ငါလဲကြားပါတယ် ဒီလမ်းကနေမပြန်ရင် ရွာထဲကိုဝင်ဖို့အချိန်မမှီတော့လို့ပါ မင်းတို့ စိတ်ထဲဘာမှမထားနေနဲ့ ဘေးဘီဝဲယာလဲ လိုက်မကြည့်နဲ့ ခပ်သွက်သွက်လျောက်ကြ”

 

သာချိုစကားကြောင့် ဘေးမှာပါလာတဲ့လူနှစ်ယောက်က ဖြောင့်ဖြူးနေတဲ့ မြေနီလမ်းလေး အတိုင်းခပ်သွက်သွက်လျောက်လာခဲ့ကြတယ်။ ညောင်သုံးပင်သင်္ချိုင်းက ရွာသုံးရွာစုပေါင်းသုံးကြတဲ့ သင်္ချိုင်းဖြစ်တဲ့အတွက် ဧရိယာအားဖြင့်အတန်သင့်ကျယ်ဝန်းကာ အခြောက်အလှန့်ကလဲ ကြမ်းတမ်းတာကြောင့် ညမှောင်စပျိုးချိန်တွေဆိုရင် သင်္ချိုင်းရှေ့ကနေ ဘယ်သူမှမဖြတ်ရဲကြဘူး။ အခုလဲ သာချိုတို့သုံးယောက် ဟိုဘက်ရွာမှာ ထန်းရည်သောက်တာ အရှိန်လွန်သွားတဲ့အတွက် ဖြတ်လမ်းဖြတ်တဲ့ ညောင်သုံးပင်သင်္ချိုင်းရှေ့ကနေ မလွှဲမရှောင်သာဖြတ်ပြန်ခဲ့ကြရတယ်။

 

သင်္ချိုင်းမြေဧရိယာတစ်ဝက်လောက်လဲရောက်ရော

 

“ အဟင့် အဟင့် သားရေ သား အမေ့သားလေးရေ”ဆိုပြီးအော်ခေါ်နေတဲ့အသံကြောင့် သာချိုတို့သုံးယောက် ခေါင်းနပန်းတွေကြီးသွားပြီး လျောက်နေတဲ့ခြေလှမ်းတွေကို ရပ်ကာ အသံကြားရာဘက်ကို ခေါင်းငဲ့ကြည့်လိုက်ကြတယ်။

 

“ သာချိုရေ မင်းမွှေတဲ့မီးက အခုစပြီထင်တယ် လူလဲမမြင်ရဘူး အသံပဲကြားနေရတယ် သ သသရဲခြောက်နေတာလား”

 

“ ဟာ တက်ပုကလဲ သရဲခြောက်တယ်ဆိုရင် အကောင်အထည်လိုက် မြင်ရမှာပေါ့ အခုက မိန်းမတစ်ယောက်ယောက် သူ့ကလေးပျောက်လို့လိုက်ရှာနေတာဖြစ်မှာပါကွ”

 

“ မဟုတ် မဟုတ်သေးဘူးထင်တယ်နော် ဒီနေရာကလဲ အခြောက်အလှန့်ကြမ်းတာနဲ့ “

 

“ ဒါဖြင့်လဲ ခပ်မြန်မြန်လျောက်ကြကွာ မင်းတို့က ယောင်္ကျားရင့်မာကြီးတွေဖြစ်ပြီး သွေးကြောင်လိုက်တာ”

 

သာချိုက ဘေးမှာပါလာတဲ့ တက်ပုနဲ့ ချစ်ဆွေကို ဟောက်လိုက်ရင်း ဆက်လျောက်သွားတဲ့ အချိန် အနောက်ကနေ လိုက်လာတဲ့ခြေသံတစ်ခုကို ကြားလိုက်ရတယ်။

 

သာချိုတို့ လဲ စိတ်ထဲမလုံမလဲဖြစ်လာလို့ လှည့်ကြည့်လိုက်တော့ အမှောင်အတိကျနေတဲ့ လမ်းကလွဲပြီးဘာမှမမြင်ရ၊ ဆက်သွားပြန်တော့လဲ ခြေသံကအနောက်ကနေ လိုက်လာပြန်ရော။ တက်ပုကတော့ နဂိုထဲက ကြောက်တတ်သူပီပီ မဝံ့မရဲနဲ့အနောက်ကိုလှည့်ကြည့်လိုက်တဲ့အချိန် အဝါရောင်ပုလဲလုံးအင်္ကျီဝမ်းဆက်ကိုဝတ်ထားပြီး မျက်တွင်းဟောက်ပက်ဖြစ်ကာ လိုက်လာတဲ့ မိန်းမတစ်ယောက်ကိုတွေ့လိုက်ရတယ်။

 

ဒီတစ်ခါမှာတော့ တက်ပုတစ်ယောက် ငယ်သံပါအောင် အော်ပြီးပြေးပါလေရော။ သာချိုတို့ ကလဲ တက်ပုပြေးတော့ ဘူမသိကိုးမသိနဲ့ အနောက်ကနေ သုတ်ခြေတင်ကာပြေးလိုက်ရင်း ရွာထိပ်ကို ရောက်မှန်းမသိရောက်လာခဲ့တယ်။ ရွာထိပ်ရောက်တော့ တက်ပုက အမောဖောက်ကာ ဖားဖိုဆွဲပြီး သတိလစ်သလိုဖြစ်နေတာမြင်တော့ နီးစပ်ရာအိမ်တစ်အိမ်ကနေ ရေတစ်ခွက်တိုက်ပြီး မနည်းနှာနှပ်ယူခဲ့ရတယ်။

 

အဲဒီနောက်ပိုင်း ညောင်သုံးပင်သင်္ချိုင်းမှာ ပုလဲလုံးဝမ်းဆက်ဝတ်ထားတဲ့ မိန်းမတစ်ယောက် ခြောက်လှန့်တယ်ဆိုတဲ့သတင်းက ရွာနီးချုပ်စပ်ကိုပါပျံ့သွားခဲ့တယ်။ အသုဘကိစ္စရှိလို့ သွားရင်တောင် ကိစ္စမြန်မြန်ဖြတ်ပြီး ပြန်ကြရတဲ့အဆင့်ထိဖြစ်လာခဲ့တယ်။ ယခင်ကတော့ သင်္ချိုင်းစောင့်သုဘရာဇာဦးမြင့်ရှိတဲ့အတွက် အလောင်းမြေချဖို့ကိစ္စစိတ်မပူခဲ့ရပေမယ့် လွန်ခဲ့တဲ့ လက ဦးမြင့်တစ်ယောက် ပိုးထိပြီးဆုံးသွားတဲ့အတွက် မြေချဖို့ကိစ္စက ရွာသုံးရွာအတွက် အခက်အခဲဖြစ်ခဲ့ရတယ်။ သတ္တိကောင်းတဲ့သူအချို့ကတော့ သုဘရာဇာလုပ်ဖို့ ကြိုးစားခဲ့ပေမယ့် ပုလဲလုံးဝမ်းဆက်ဝတ်ထားတဲ့သရဲမရဲ့ဒဏ်ကိုမခံနိုင်ပဲ ထွက်ပြေးခဲ့ကြရတယ်။

 

ရွာထဲမှာ ပြောမရဆိုမရဖြစ်နေတဲ့ကလေးတွေဆိုရင် မပုလဲကိုခေါ်လိုက်ရမလားဆိုပြီး ပြောရုံနဲ့ အငိုတိတ် အဆော့ရပ်တဲ့ထိ ကြောက်လန့်ခဲ့ကြတယ်။ ဒီလိုနဲ့ နာမည်ကြီးနေတဲ့ ညောင်သုံးပင်သင်္ချိုင်းထဲကို အသုဘကသိုဏ်းရှုဖို့ အောင်မြတ်သာတို့ဆရာတပည့်တွေ ရောက်လာခဲ့ကြတယ်။ နေ့ခင်းကြောင်တောင်အချိန်မှာတောင် တိတ်ဆိတ်ခြောက်ကပ်နေတဲ့ ညောင်သုံးပင်သင်္ချိုင်းရဲ့မြင်ကွင်းက သာမန်ကြောက်တတ်သူအဖို့ သွေးလေချောက်ချားစေလောက် ပေမယ့် အောင်မြတ်သာတို့သုံးယောက်ကတော့ အကြောက်အလန့်မရှိပဲ မိမိတို့နေမယ့် ဇရပ်ထဲမှာ ကျနေတဲ့ ဖုန်နဲ့အမှိုက်သရိုက်တွေကို သစ်ကိုင်းခြောက်တစ်ကိုင်းနဲ့ ရှင်းလင်းနေခဲ့တယ်။

 

ဇရပ်သန့်ရှင်းရေးကို အတန်ကြာအောင်ပြုလုပ်ပြီးချိန်မှာတော့ လူသုံးယောက် နေလို့ရမယ့် အကျယ်အဝန်းတစ်ခုကိုရလာခဲ့တယ်။ အောင်မြတ်သာတို့လဲ နေရာရပြီဆိုတာနဲ့ လွယ်အိတ်ထဲမှာ ပါလာတဲ့ တစ်ထွာသာသာဆင်းတုတစ်ဆူကို ဇရပ်ခေါင်းရင်းမှာတင်လိုက်ပြီး အနီးနားမှာပေါက် နေတဲ့ တောပန်းတွေကိုခူးကာ ပူဇော်ခဲ့ကြတယ်။ အားလုံးပြင်ဆင်ပြီးတဲ့အချိန်မှာတော့ သင်္ချိုင်းနားမှာ စီးဆင်းနေတဲ့ စမ်းချောင်းထဲမှာကိုယ်လက်သန့်စင်ပြီး အသုဘကသိုဏ်းရှုဖို့ တစ်ယောက်တစ်နေရာဆီထွက်ခွာခဲ့ကြတယ်။

 

တောခွေးတွေ ထိုးဆွထားတဲ့ဒဏ်၊ သေချာမတူးထားတာတွေကြောင့် လူသေကောင် အပုတ်အရွဲတွေက မြေကြီးပေါ်ကို ထိုးထိုးထောင်ထောင်ထွက်နေတာကို မှိန်ပြပြကျနေတဲ့ လရောင်အောက်မှာ မသတီစရာမြင်တွေ့ခဲ့ရတယ်။ အောင်မြတ်သာလဲ မြင်နေရတဲ့ အနိဌာရုံ မြင်ကွင်းတွေကို စူးစိုက်ကြည့်ကာ သထမကိုမြှင့်တင်နေတဲ့အချိန် ရှိုက်ကြီးတစ်ငင်ငိုကြွေးနေတဲ့ မိန်းမတစ်ယောက်ရဲ့အသံကို မလှမ်းမကမ်းကနေကြားလိုက်ရတယ်။ အောင်မြတ်သာလဲ ပတ်ဝန်းကျင်ကိုဂရုမစိုက်ပဲ မိမိလုပ်နေတဲ့အလုပ်ကိုသာ အာရုံစိုက်ပြီးလုပ်နေခဲ့ရာ ခဏကြာတော့ ငိုသံက ပျောက်ချင်းမလှပျောက်ကွယ်သွားခဲ့တယ်။ ညသန်းခေါင်အချိန်ရောက်တော့ အချိန်ပြည့်ပီမို့ နေထိုင်ရာဇရပ်ကိုပြန်လာခဲ့ရာ အနောက်ကနေ ကပ်လိုက်လာတဲ့ခြေသံတစ်ခုကို ကြားလိုက်ရပြန်ရော။

 

ဒီတစ်ခါတော့ အောင်မြတ်သာလဲ စရဏအားကိုအခြေခံပြီး အနောက်ကနေ လိုက်ခဲ့တဲ့သူကို ကြည့်လိုက်ရာ သွေးမရှိပဲဖြူဖျော့နေတဲ့အသားအရည်၊ ညိုမဲပြီးဟောက်ပက်ဖြစ်နေတဲ့မျက်ကွင်း၊ အရိုးခြောက်လိုပိန်ကပ်နေတဲ့ အသားရည်ရှိတဲ့ မိန်းမတစ်ယောက်ကိုမြင်လိုက်ရတော့ စိတ်ထဲကနေ

 

“ အသင် ကျုပ်အနောက်ကိုလိုက်နေတာ ဘာကြောင့်ပါလဲ”ဆိုပြီးမေးလိုက်တော့ အနောက်မှာရပ်နေတဲ့ မိန်းမက အရိုးကျလုနီးပါးဖြစ်နေတဲ့ လက်ချောင်းတွေနဲ့ မျက်ရည်တွေကို သုတ်လိုက်ပြီး

 

“ ကျွန်မ သားလေးကို ရှာပေးပါဦးဆရာတို့ရယ် ကျွန်မမှာ ဒီနေရာကနေ ခွာမရလို့ သားလေးကိုလိုက်ရှာလို့မရဘူးဖြစ်နေတယ် သူတို့ကလေ သားလေးနဲ့ ကျွန်မကို သေခွဲခွဲခဲ့ကြတာ ဒီလူတွေကို ကျွန်မတစ်သက်မကျေဘူး သားလေးကိုလဲ လွမ်းတယ် သူ့ကိုတစ်ခေါက်လောက်ပဲ တွေ့ခွင့်ရရင် တွေ့ချင်ပါတယ် ကျွန်မကို ကူညီပါဦးဆရာရယ်” လို့ပြောကာ ရှိုက်ကြီးတငင် ငိုပါလေရော။

 

“ အိမ်း သင့်အဖြစ်ကို အဓိဌာန်ပြီးတဲ့နေ့ကျရင် ကျုပ်တို့နိုင်သလောက်ကူညီပါ့မယ် လောလောဆယ် သင်နေတဲ့အရပ်မှာ ငြိမ်ငြိမ်သက်သက်နေပြီး ကျုပ်တို့ကို ကူညီပါ”

 

အောင်မြတ်သာပြောလိုက်တဲ့စကားကို အနောက်မှာရပ်နေတဲ့မိန်းမက နားလည်တဲ့အလား ခေါင်းကိုတစ်ငြိမ့်ငြိမ့်လုပ်ကာ အမှောင်ထုထဲကိုဝင်ရောက်ပျောက်ကွယ်သွားခဲ့တယ်။ နောက်ရက် တွေမှာတော့ အခြားနာနာဘာဝတွေရဲ့ ခြောက်လှန့်ခြင်း၊ အနံ့ပေးခြင်းတွေကိုသာကြုံတွေ့ခဲ့ရပြီး အဓိဌာန်ခုနှစ်ရက်ကို အောင်မြင်စွာပြီးဆုံးခဲ့ကြတယ်။ အဓိဌာန်ပြီးတဲ့ညသန်းခေါင်အချိန်မှာတော့ အောင်မြတ်သာက ဇရပ်ပေါ်မှာထိုင်ပြီး သူကူညီပေးမယ်လို့ပြောခဲ့တဲ့ မိန်းမကို အမိန့်ပြန်ပြီး ခေါ်လိုက်ရာ ခဏကြာတော့ သင်္ချိုင်းမြေပုံတွေကြားထဲကနေ လှုပ်လှီလှုပ်လဲ့နဲ့ထွက်လာတဲ့ မိန်းမ တစ်ယောက်ကို လရောက်အောက်မှာမှိန်ပြပြမြင်လိုက်ရတယ်။ သက်ခိုင်နဲ့ တောက်ရကတော့ အောင်မြတ်သာလုပ်သမျှကို ဘာမှမပြောပဲ အနောက်ကနေထိုင်ကြည့်နေတဲ့အချိန် ဆံပင်ကုတ်ဝဲ၊ ပုလဲလုံးဝမ်းဆက်ဝတ်ထားတဲ့မိန်းမက ဇရပ်အောက်ခြေကို ရောက်လာခဲ့တယ်။

 

“ကဲ အမိ သင့်ကိုပေးထားတဲ့ကတိအတိုင်း ကျုပ်တို့နိုင်သလောက် ကူညီပေးမယ် သင်ဖြစ်ချင်တဲ့ဆန္ဒကိုပြောပါ”

 

“ ဆရာတို့နဲ့တွေ့မှ ကျွန်မဖြစ်ခဲ့တဲ့အကြောင်းအရာတွေကို စုံစုံလင်လင်ပြောခွင့်ရတော့တယ် တကယ်တော့ ကျွန်မက မသေပဲနဲ့မြေမြုပ်ပြီးသတ်ခံထိတဲ့ လူတစ်ယောက်ပါ”

 

ခြောက်ကပ်အက်ကွဲတဲ့လေသံနဲ့တစ်ခွန်းချင်းပြောလိုက်တဲ့စကားကြောင့် အောင်မြတ်သာ အနောက်မှာထိုင်နေတဲ့ သက်ခိုင်နဲ့ တောက်ရတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး အံ့သြ တုန်လှုပ်သွားခဲ့တယ်။

 

“ ဘယ်လိုကြောင့် အရှင်လတ်လတ် မြေမြုပ်သတ်ခံထိတာလဲဆိုတာပြောပြပါ “

 

“ ကျွန်မနာမည်က ဝါနုလို့ခေါ်ပါတယ် နေတာကတော့ ဇရပ်ဖြူကုန်းဆိုတဲ့ရွာမှာနေတာပါ ကျွန်မအသက်၁၉နှစ်မှာ မိဘတွေနဲ့ကျေးဇူးမကင်းတဲ့ လယ်ပိုင်ရှင်ဦးမင်းကြည်ရဲ့သားဖြစ်သူ ကိုမင်းနိုင်နဲ့လက်ထပ်ခဲ့ရပါတယ်။ သူတို့က ရှေးရိုးအရမ်းစွဲကြတယ် ပြီးတော့ နတ်လိုလိုစုန်းလိုလို အယူအဆတွေကို အရမ်းယုံကြည်ကြပါတယ်။ အိမ်ထောင်သက်တမ်း ၂နှစ်မှာ ကျွန်မရဲ့ပထမဆုံးကိုယ်ဝန်ကိုရခဲ့တယ်။ အဲဒီအချိန်မှာ မိုးတွေကခေါင် စပါးအထွက်နှုန်းတွေကလဲ ကျခဲ့တဲ့အတွက် ကျွန်မလွယ်ထားတဲ့ ကလေးက ကောင်းကျိုးမပေးဘူးဆိုပြီး ဥပေက္ခာပြုခဲ့ကြတယ်။ သူတို့ရဲ့လက်လွတ်စပယ်ထားတဲ့ အကျိုးကြောင့် ကလေးအတွက်လိုအပ်တဲ့ အာဟာရတွေမရခဲ့ပဲ မွေးလာတော့ နှုတ်ခမ်းရော အာခေါင်ရောကွဲနေပြီး ကြည့်ရအရမ်းဆိုးတဲ့ အခြေအနေဖြစ်ခဲ့တယ်။ ကျွန်မမီးတွင်းထဲက မထွက်ခင်မှာပဲ ကလေးကိုယူပြီး အခြားတစ်ယောက်ကိုပေးလိုက်ကြတယ်။ ကျွန်မလဲ သားဆိပ်တက်တဲ့ အရှိန်၊ သွေးနုသားနု ဖြစ်တဲ့အချိန်မှာ ကလေးကိုယူသွားကြတဲ့ဒဏ်တွေကြောင့် အိပ်ယာထဲမထနိုင်ပဲ အပြင်းဖျားခဲ့တယ်။ ကျွန်မသတိလစ်မေ့မျောနေတဲ့အချိန်မှာ ဦးမင်းကြည်ရဲ့လက်ပါးစေတွေက ဒီသင်္ချိုင်းထဲမှာ အရှင်လတ်လတ်မြုပ်နှံပစ်ခဲ့ကြတယ်။ သူတို့ကိုးကွယ်တဲ့ နတ်ဆရာကလဲ ကျွန်မ ဒီသင်္ချိုင်းထဲကနေ မထွက်နိုင်အောင် အစီအရင်တွေနဲ့လုပ်ထားခဲ့ကြသေးတယ်။ ဒါကြောင့် ဖြတ်သွား ဖြတ်လာလူတွေကို အကူအညီတောင်းဖို့ကြိုးစားခဲ့ပေမယ့် အားလုံးက ကျွန်မကိုမြင်ရင် ကြောက်လန့်တစ်ကြားထွက်ပြေးခဲ့ကြတာချည်းပါပဲ။ ကျွန်မဒီဘဝရောက်နေပေမယ့် သားလေးကို မြင်ခွင့်ရရင်မြင်ချင်ပါသေးတယ်။ နောက်ပြီး ကျွန်မကို အရှင်လတ်လတ်သတ်ခဲ့တဲ့ သူတွေကို လက်စားပြန်ချေချင်သေးတယ်ဆရာ။ ဆရာတို့ကူညီနိုင်ရင် ကျွန်မအလောင်းပေါ်မှာပတ်ထားတဲ့ ချည်မန်းကွင်းတွေကို ဖြုတ်ပေးစေချင်ပါတယ်”

 

“ ဟုတ်ပြီ သင့်ကိုချည်မန်းကွင်းတွေဖြုတ်ပေးမယ်ဆိုရင် သင်ဘာဆက်လုပ်မှာလဲ”

 

“ ကျွန်မတို့သားအမိကို သေကွဲခွဲခဲ့တဲ့သူတွေကို ပြန်သတ်မယ် သူတို့အားလုံးမွန်းကြပ်တဲ့ ဒဏ်ကိုခံစားရအောင်သတ်ပစ်မယ်”

 

“ မဟုတ်သေးဘူးအမိ သင့်ရဲ့ရည်ရွယ်ချက်က သူတစ်ပါးကိုသတ်ဖြတ်ဖို့ဖြစ်တဲ့အတွက် ကျုပ်တို့သင့်ကိုမလွှတ်ပေးနိုင်ပါဘူး သင့်အတိတ်ဘဝမှာ သူတစ်ပါးကို အခုလိုသတ်ဖြတ်ခဲ့လို့ ယခုဘဝမှာသင်ပြန်ခံစားရတာ ဒါတွေကို သင်ပုန်းမချေနိုင်သရွေ့ သံသရာကလည်ပတ်နေဦးမှာပဲ သင်အခုရွေးချယ်ရမှာနှစ်ခုရှိတယ် သင့်သားကို တွေ့ခွင့်လိုချင်တာလား သင့်ကိုဒုက္ခပေးတဲ့သူတွေကို လက်စားပြန်ချေမှာလား သင်ရွေးချယ်မှုမှန်ကန်ပါစေလို့ ကျုပ်တို့မျှော်လင့်ပါတယ်”

 

‌အောင်မြတ်သာစကားကြောင့် ဇရပ်အောက်မှာရပ်နေတဲ့မိန်းမက ခေတ္တငြိမ်သက်သွားပြီး

 

“ ကျွန်မနဲ့သားလေးကိုတစ်ကြိမ်တွေ့ခင်ရအောင်လုပ်ပေးမယ်ဆိုရင် ကျန်တဲ့ကိစ္စတွေကို သင်ပုန်းချေပေးပါ့မယ်”လို့ပြောကာ အမှောင်ထုထဲကိုဝင်ရောက်သွားခဲ့တယ်။

 

နောက်တစ်နေ့မနက်ရောက်တော့ အောင်မြတ်သာတို့ကတိပေးထားတဲ့အတိုင်း ကူညီပေးရန် ဇရပ်ဖြူကုန်းရွာဘက်ကို ထွက်လာခဲ့ကြတယ်။ လှည်းတစ်စီးသွားလို့ရတဲ့ရွာအဝင်လမ်းကို ဖြတ်ကျော်ခဲ့ပြီးတဲ့အချိန်မှာတော့ အဖြူရောင်ဆီဆေးသုတ်ထားတဲ့ ဇရပ်တစ်ခုကိုမြင်တွေ့လိုက်ရ တယ်။ ဇရပ်အပေါ်မှာတော့ နေရိပ်ခိုနေကြတဲ့ ခရီးသွားတွေအပြင် ပြေးလွှားဆော့ကစားနေကြတဲ့ ကလေးငယ်တွေကိုလဲမြင်တွေ့ခဲ့ကြတယ်။ အောင်မြတ်သာတို့လဲ ဇရပ်ဘေးမှာရှိတဲ့လမ်းထဲကို ဆက်ဝင်ခဲ့ကြရာ ဆယ်မိနစ်ခန့်အကြာမှာတော့ လူနေအိမ်တွေနဲ့စည်ကားနေတဲ့ ဇရပ်ဖြူကုန်းရွာကို ရောက်ရှိခဲ့ကြတယ်။

 

ရွာထဲကိုစဝင်ဝင်ချင်းမှာပဲ ခြံတစ်ခြံအရှေ့မှာ လူတွေစုပြုံတိုးဝှေ့ကာ တစ်ခုခုကိုကြည့်နေတာ မြင်တော့ မယောင်မလည်နဲ့အနားကပ်ပြီးကြည့်လိုက်ရာ မျက်လုံးပြုးမျက်ဆန်ပြုးဖြစ်နေတဲ့ လူတစ်ယောက်ကို ခြိမ်းခြောက်ဟိန်းဟောက်ကာ အပနှင်နေတဲ့ အသက်ငါးဆယ်အရွယ်မိန်းမ တစ်ယောက်ကိုတွေ့လိုက်ရတယ်။ ရပ်ကြည့်နေတဲ့လူတွေက မျက်နှာစိမ်းဖြစ်တဲ့ အောင်မြတ်သာ တို့ကိုမြင်တော့

 

“ ဒီကမိတ်ဆွေတို့ကို ရွာမှာအရင်ကမမြင်ဖူးပါဘူး ဘယ်ကလာကြတာလဲ”

 

“ ဟုတ်တယ်နောင်ကြီးရေ ကျုပ်တို့က ခရီးသွားရင်း လူတွေစုပြုံတိုးဝှေ့နေတာမြင်လို့ လာဝင် ကြည့်တာပါ ဟိုလူက ဘာဖြစ်နေတာလဲ”

 

“ အာ ဒီလူက နတ်ဆရာမ မသွားဖို့ပြောတဲ့နေရာကို အရဲစွန့်ပြီးသွားတယ်လေ အဲမှာ ဘာဝင်ပြီး ပူးကပ်လာတယ်မသိပါဘူး မျက်လုံးပြူး မျက်ဆန်ပြူးဖြစ်ပြီး သွားရည်တစ်မြားမြားကျ နေလို့ ဆရာမက ကုပေးနေတာ ကျုပ်တို့ရွာမှာ ဒီဆရာမရှိတာ တကယ်ကံကောင်းတာပဲ တစ်ခုခုဆို ဆရာမကိုပဲအားကိုနေရတာ”

 

ပေါက်တူးကိုထမ်းထားတဲ့လူက အောင်မြတ်သာတို့ကိုပြောပြီးတော့ အလုပ်လုပ်ဖို့ကျန်နေတဲ့ လယ်ကွင်းဘက်ကို ထွက်သွားခဲ့တယ်။ အောင်မြတ်သာကတော့ အိမ်ပေါ်မှာရှိနေတဲ့အရာတွေကို အာရုံစူးစိုက်ကာကြည့်လိုက်တော့ ထိုင်နေတဲ့လူရဲ့ဂုတ်ပေါ်မှာ ခွစီးထားတဲ့ အမွှေးစုတ်ဖွားအကောင် တစ်ကောင်ကိုတွေ့လိုက်ရတယ်။ နတ်ဆရာမထိုင်နေတဲ့ ဘေးမှာတော့ အရွယ်စုံ သဏ္ဍာန်စုံ နာနာဘာဝတွေက ထိုင်နေတဲ့လူကိုကြည့်ပြီး လှောင်လိုက် ပြောင်လိုက်လုပ်နေတာကိုမြင်တော့ အောင်မြတ်သာ ခေါင်းကိုတစ်ချက်ခါရမ်းလိုက်ပြီး ရွာပြင်ကိုပြန်ထွက်လာခဲ့လိုက်တယ်။

 

ရွာထိပ်ဇရပ်ကိုရောက်တော့ သင့်တင့်လျောက်ပတ်တဲ့နေရာတစ်ခုမှာ ထိုင်ချလိုက်ပြီး

 

“ ဒီမိန်းမကြီးက ရွာခံလူတွေကို အယုံသွင်းထားတာပဲ ငါတို့လက်ဆုပ်လက်ကိုင်မရှိပဲ ဒီတိုင်း သွားပြောရင် တစ်ရွာနဲ့တစ်ယောက်ဖြစ်သွားလိမ့်မယ်”

 

“ဒါဆိုရင် ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲဆရာ ကျွန်တော်အထင်ပြောရရင် ဒီမိန်းမကြီးက အောက်လမ်းနည်းနဲ့ သရဲတစ္ဆေတွေကိုမွေးထားပြီး ခိုင်းစားနေတာဖြစ်မယ် အခုဝင်ပူးနေတဲ့ အကောင်ကလဲ သူမွေးထားတဲ့ကောင်ပဲဖြစ်ရမယ်”

 

“ ဟုတ်တယ် သက်ခိုင် ဒါကြောင့် ငါဆက်မကြည့်တော့ပဲထွက်လာတာ ဒီညနေ မင်းတို့ နှစ်ယောက်က ရွာထဲကိုသွားပြီး ဝါနုရဲ့သားဖြစ်သူအကြောင်းကို စုံစမ်းလာခဲ့ပါ ပြီးမှ ဘာဆက်လုပ် ရမလဲဆို ငါပြောမယ်”

 

အောင်မြတ်သာစကားကိုကြားတော့ သက်ခိုင်နဲ့ တောက်ရက ခေါင်းကိုပြိုင်တူငြိမ့်လိုက်ပြီး ဇရပ်ပေါ်မှာရှိနေတဲ့ အခြားသူတွေရှိရာဘက်ကိုထွက်သွားကာ မိတ်ဆွေဖွဲ့ရင်း စကားပြောနေပါလေ ရော။ စကားပြောညက်တဲ့ တောက်ရနဲ့ သက်ခိုင်ကို ရွာခံလူတွေ အတော်အတန်ရင်းနှီးသွားပြီး ညနေ ရွာထဲမှာရေနွေးကြမ်းသောက်ဖို့ဖိတ်ခေါ်ပါလေရော။

 

သက်ခိုင်နဲ့တောက်ရကတော့ သူတို့အကြံနဲ့သူတို့မို့ ဖိတ်‌ခေါ်တာကိုမငြင်းပဲ ဆိတ်ဆိတ်နေခဲ့ ကြတယ်။ ညနေမှောင်စပျိုးတဲ့အချိန်ရောက်တော့ ရွာအပြင်ဇရပ်ကို သက်ခိုင်နဲ့ တောက်ရတို့ ပြန်ရောက်လာခဲ့ပြီး အောင်မြတ်သာအနားမှာထိုင်ချလိုက်တယ်။

 

“ဆရာရေ ကြားရတာကတော့ စိတ်မကောင်းစရာပဲ ဝါနုရဲ့ ယောက္ခထီးကြီးက တကယ့် ဦးနှောက်မရှိတဲ့လူပါဗျာ သူ့ယောင်္ကျားကလဲ အဖေစကားအတိုင်းလိုက်လုပ်တဲ့ လူယုတ်မာဗျ”

 

တောက်ရက စိတ်တိုစွာပြောလိုက်တာကြောင့် အောင်မြတ်သာက သမင်လည်ပြန်လှည့် ကြည့်ပြီး

 

“ ဘယ်လိုသတင်းတွေကြားလာလို့လဲဆိုတာ သေချာပြောပြကြဦး”

 

“ ဒီလိုဆရာရေ ရွာသားတွေအားလုံး ဝါနုက မီးတွင်းထဲမှာဆုံးတယ်ဆိုပြီးပဲသိကြတာ နောက်ပြီး မွေးထားတဲ့ကလေးက တစ်ပတ်လောက်အရောက်မှာ ဆုံးသွားတယ်ဆိုပြီးပြောကြတယ် ကလေးဆုံးတာကိုတော့ ရွာသားတွေမယုံကြဘူး ကလေးကအရမ်းကိုကျန်းမာတယ်လို့ လက်သည် မလှရင်ရဲ့ယောင်္ကျားကပြောတယ် နတ်ဆရာမက ဝါနုမွေးတာ လူမဟုတ်ဘူးဆိုပြီး သတင်းလွှင့် သေးတာ ကျွန်တော့်အထင် ဒီကလေးကိုသူတို့သတ်လိုက်ကြပြီလားမသိဘူး”

“ဟုတ်တယ်ဆရာ ကျွန်တော်လဲ တောက်ရပြောတာကိုလက်ခံတယ် ဝါနုယောင်္ကျားဆိုတာ ကလဲ အာစေးမိနေသလို အင်မလုပ်အဲမလုပ်ဗျ ဒါတွေအားလုံးက သူ့အဖေနဲ့ ဟိုမိန်းမကြီးလက်ချက် လို့ကျွန်တော်ထင်တယ်”

 

“အရင်ဆုံးဝါနုရဲ့သားဖြစ်သူကိုအရင်ဆုံးတွေ့အောင်ရှာရမယ် ဒီအကြောင်းတွေကို သူ့ရဲ့ ယောင်္ကျားကအသိဆုံးဖြစ်မယ် အခုချက်ချင်းငါတို့လုပ်ရမယ့်ကိစ္စတစ်ခုရှိတယ် လူခြေတိတ်ချိန် ငါတို့ရွာထဲကိုသွားရမယ် သူတို့အိမ်ဘယ်မှာရှိတယ်ဆိုတာမင်းတို့သိတယ်မဟုတ်လား”

 

“ သိတယ်ဆရာ ဆရာသွားမယ့်အချိန် ကျွန်တော်တို့လိုက်ဖို့အသင့်ပါပဲ”

 

သက်ခိုင်နဲ့တောက်ရစကားအဆုံးမှာ အောင်မြတ်သာက တစ်ခုခုကိုတွေးမိတဲ့ဟန်နဲ့ အင်းစမ တစ်ချပ်ကိုအလျင်အမြန်ရေးဆွဲလိုက်တယ်။ အင်းစမရဲ့အလယ်မှာတော့ မင်းနိုင်ဆိုတဲ့အမည် တစ်ခုကို အမှတ်မထင်မြင်တွေ့လိုက်ရတယ်။

 

ကျေးလက်တောရွာတွေရဲ့ဓလေ့အရ ညမှောင်တာနဲ့ တံခါးပိတ်မီးမှိတ်ပြီးအိပ်ကြတဲ့ အတွက် အောင်မြတ်သာတို့သုံးယောက်ရွာထဲကိုဝင်လာတာကို ဘယ်သူမှမသိမထားမိခဲ့ကြပေ။ ရွာခံခွေး တွေကလဲ အောင်မြတ်သာတို့ကိုမြင်တော့ ရင်းနှီးနေတဲ့ဟန်နဲ့ အမြှီးတစ်လှုပ်လှုပ်လုပ်ပြီး ကြိုဆို ခဲ့ကြတယ်။ ခြေတံရှည်ပျဉ်ထောင်အိမ်တစ်လုံးဘေးကိုရောက်တော့ အောင်မြတ်သာက လွယ်အိတ် ထဲမှာပါလာတဲ့ အင်းပြားတစ်ချပ်ကိုထုတ်လိုက်ပြီး အလယ်မှာ ဖယောင်းတိုင်တစ်တိုင်ကို ထွန်းလိုက် ပြီး ပါးစပ်ကနေ တစ်ခုခုကိုတီးတိုးရွတ်ဆိုလိုက်တဲ့အချိန်မှာပဲ အိမ်ခေါင်းရင်းဘက်မှာရှိနေတဲ့ အခန်းထဲကနေ မီးအလင်းရောင်မှိန်ပြပြ ထွက်ပေါ်လာခဲ့တယ်။ မကြာခင် အိမ်ပေါ်ကနေ လူတစ်ယောက် မီးခွက်ကိုကိုင်ပြီး အောင်မြတ်သာတို့ရှိရာဘက်ကို လျောက်လာတာကိုမြင်လိုက် ရတယ်။

 

လူပုံစံက မပိန်မဝနဲ့ အတော်အသင့်ကြည့်ကောင်းပေမယ့် မျက်လုံးတွေက ပုံမှန်လူတွေလို မဟုတ်ပဲ ထိန်းချုပ်ခံထားရသလို ရီဝေဝေဖြစ်နေတာကိုလဲ သတိထားမိခဲ့တယ်။ မီးခွက်ကိုင်ထားတဲ့ လူကအရှေ့ကိုရောက်တော့ အောင်မြတ်သာက

 

“ အခုကစပြီး သင်သည် ကျုပ်မေးသည်များကို အမှန်တိုင်းမခြွင်းမချန်ဖြေဆိုရမည် သင့်ကိုယ်ထဲမှာရှိနေတဲ့ မကောင်းတဲ့အငွေ့အသက်များအားလုံး ကျုပ်လက်နဲ့သပ်ချလိုက်သည့် အချိန်မှစ၌ မြူမှုန်တစ်စမျှပင်မကျန်အောင် ပျောက်ကင်းစေသား”လို့ပြောပြီး ညာဘက်လက်နဲ့ ခေါင်းကနေ ခြေဖျားအထိသပ်ချလိုက်ရာ ခြေဖဝါးအောက်ကနေ မီးခိုးရောင်အခိုးငွေ့တွေ ထွက်သွား တာကို သက်ခိုင်နဲ့တောက်ရတို့မြင်တွေ့လိုက်ရတယ်။

 

အခိုးငွေ့တွေထွက်တာရပ်သွားတဲ့အချိန်ရောက်တော့ မီးခွက်ကိုင်ထားတဲ့လူရဲ့မျက်လုံးက သာမန်လူတွေလိုပြန်ဖြစ်သွားပြီး အောင်မြတ်သာတို့ကို အံ့သြတဲ့အကြည့်နဲ့ကြည့်ကာ

 

“ ခင်ဗျားတို့ကဘယ်သူတွေလဲ ဒီအချိန်ကြီး ကျုပ်အိမ်နားကိုဘယ်လိုရောက်နေတာလဲ”

 

“ သိပ်လဲမစိုးရိမ်ပါနဲ့ ကျုပ်တို့က ခင်ဗျားကိုရန်ပြုမယ့်သူတွေမဟုတ်ပါဘူး ကျုပ်တို့ သိချင်တာတစ်ခုမေးမလို့လာတာပါ”

 

“ ဒါဆိုလဲ မြန်မြန်မေးဗျာ ကျုပ်အဖေနိုးလာရင် ခင်ဗျားတို့ပါဒုက္ခရောက်ကုန်မယ်”

 

“ ကဲဗျာ ကျုပ်တို့စကားကိုမဝေ့ပဲမေးတော့မယ် ခင်ဗျားနဲ့ ဝါနုတို့ကနေ သားတစ်ယောက် ရခဲ့ဖူးတယ်မဟုတ်လား အဲဒီကလေးအကြောင်းကိုကျုပ်တို့သိချင်တယ် ခင်ဗျားအခုပြောရတာ ခက်နေတယ်ဆိုရင် ရွာထိပ်ကဇရပ်မှာကျုပ်တို့ရှိမယ် အချိန်မရွေးလာခဲ့လို့ရပါတယ် အော် ဒါနဲ့ ခင်ဗျားရဲ့ဇနီးဖြစ်တဲ့ ဝါနုရဲ့အကူညီတောင်းမှုကြောင့် ကျုပ်တို့ဒီကိုရောက်လာရတယ်ဆိုတာ သိထားပါ”

 

အောင်မြတ်သာက စကားကိုခပ်ပြတ်ပြတ်ပြောပြီး ရွာထိပ်ဘက်ကိုပြန်ထွက်လာခဲ့တဲ့အချိန် မင်းနိုင်က ခြံစည်းရိုးထောင့်မှာ မီးခွက်ကိုကိုင်ပြီး ငိုင်တိုင်တိုင်ရပ်နေခဲ့တယ်။ ဇရပ်ပေါ် ပြန်ရောက် တော့ သက်ခိုင်က

 

“ ဆရာ သူက ကျွန်တော်တို့ဆီကိုလာရောလာပါ့မလား”

 

“ သူလာမှာပါ သူ့ရဲ့မသိစိတ်ထဲမှာ မကျေနပ်မှုတွေရှိနေတာကို ငါမြင်နေရတယ် မနက်ဖြန် သူဆက်ဆက်လာလိမ့်မယ်”

 

နောက်တစ်နေ့ မနက်စောစော လူရှင်းချိန်မှာတော့ ရွာထဲကနေ ခပ်သုတ်သုတ်လျောက်တဲ့ မင်းနိုင်ကိုတွေ့လိုက်ရတယ်။ မင်းနိုင်က ဘေးဘီဝဲယာကို ကြည့်လိုက်ပြီး ဇရပ်ပေါ်ကိုတက်လာကာ

 

“ ခင်ဗျားတို့က ဝါနုနဲ့ဘယ်လိုသိကြတာလဲ သူက မီးတွင်းထဲမှာဆုံးသွားတာ အတော်ကြာပီ”

 

“ မဟုတ်သေးဘူး မင်းနိုင် ဝါနုက အရှင်လတ်လတ်မြေမြုပ်ပြီးသတ်ခံထိသွားတာ သူက ဘဝပြောင်းသွားတာတောင် သူ့သားလေးကိုစွဲတဲ့စိတ်နဲ့ စိတ်မဖြောင့်ဘူးဖြစ်နေတယ်”

 

“အဲဒါ ကျွန်တော်အသုံးမကျတာ အိမ်က အဖေကလဲ နတ်ဆရာမအလိုကျ လိုက်ကနေတာ များတယ် အရင်နေ့တွေကဆိုရင် ဝါနုအကြောင်းလုံးဝမတွေးမိခဲ့ဘူး မနေ့ည ခင်ဗျားတို့နဲ့တွေ့မှ သူ့အကြောင်းပြန်သတိရလာခဲ့တာ နောက်ပြီး ကျွန်တော့သားအကြောင်းလဲပြောပြချင်လို့ အမှန် တိုင်းပြောရရင် ကျွန်တော်လဲ သားမျက်နှာကိုတစ်ခါမှမမြင်ဖူးဖူး မီးတွင်းထဲကထွက်တာနဲ့ နတ်ဆရာမက သူ့အသိတွေကိုပေးမယ်ဆိုပြီး ယူသွားတယ်လို့ပဲသိရတယ်”

 

“ မင်းပြောတဲ့ပုံအရ ကလေးရဲ့ပုံပန်းသဏ္ဍာန်ကိုတောင် မမှတ်မိဘူးပေါ့”

 

“ နေဦး လက်သည်မိန်းမပြောတာက ကလေးညာဘက်မျက်နှာမှာ အမဲရောင်အမှတ်တစ်ခု ပါတယ်တဲ့ အဲဒါပဲသိတယ်”

 

“ ဒီလောက်သိရရင် ငါတို့အတွက်လုံလောက်ပါတယ် ကိစ္စတွေအားလုံးပြီးဆုံးတဲ့အခါ မင်းရဲ့ မိန်းမဖြစ်သူကို အကြောင်းစုံရှင်းပြပေးပါ့မယ် မင်းတွေ့ချင်တယ်ဆိုရင်လဲ သူရှိတဲ့နေရာကို ခေါ်သွားပေးပါမယ်”

 

“ သူ့ကိုမျက်နှာချင်းဆိုင်ဖို့ ကျွန်တော်အင်အားမရှိပါဘူး အားလုံးက ကျွန်တော့်အပြစ်တွေပါ သူလဲ ကျွန်တော်ကိုခွင့်လွှတ်မှာမဟုတ်ဘူးဆိုတာလဲသိပါတယ် ကျွန်တော့်မှာအချိန်မရလို့ သွားလိုက် ဦးမယ်”

 

မင်းနိုင်က အောင်မြတ်သာတို့ကို အလောတစ်ကြီးပြောပြီး ဇရပ်ပေါ်ကနေ ခပ်သုတ်သုတ် ဆင်းကာ ရွာထဲကိုပြန်ဝင်သွားခဲ့တယ်။ နေ့လည်ဘက်အချိန်ရောက်တော့ အောင်မြတ်သာက ဇရပ် ပေါ်ကနေဆင်းပြီး ရွာစည်းရိုးအစပ်မှာရှိတဲ့ ညောင်ညိုပင်အောက်ကိုသွားကာ တစ်ယောက်ယောက် နဲ့စကားပြောနေတဲ့ဟန်ကို သက်ခိုင်တို့မြင်လိုက်ရတယ်။ အတန်ကြာပြောဆိုပြီးတဲ့အချိန်မှာတော့ ဇရပ်ပေါ်ပြန်တက်လာပြီး

 

“နတ်ဆရာမရဲ့ယုတ်မာမှုက အတိုင်းဆမရှိတော့ဘူးသက်ခိုင် ဒီမိန်းမကို လွှတ်ထားရင် တစ်ရွာလုံး လုံးပါးပါးသွားလိမ့်မယ်”

 

“ ဆရာကဘယ်လိုဖြစ်စေချင်တာလဲ ကျွန်တော်တို့ဘာများလုပ်ပေးရမလဲ”

 

“ ဒီကိစ္စက လူများတဲ့ချိန်လုပ်လို့အဆင်မပြေလောက်ဘူး ညဘက်လူခြေတိတ်ချိန် နတ်ဆရာမအိမ်ထဲကို ငါတို့ဝင်ရလိမ့်မယ် “

 

“ နတ်ဆရာမနဲ့ ကျွန်တော်တို့ရှာနေတဲ့ ကလေးက ဘယ်လိုများပတ်သတ်နေလို့လဲဆရာ”

 

“ အင်း ညောင်ညိုပင်စောင့်နတ်ပြောတာကတော့ ကလေးကလူ့ဘဝမှာမရှိတော့ဘူးတဲ့ နတ်ဆရာမက သူ့အစီအရင်နဲ့ကလေးကိုခိုင်းစားနေတယ်လို့ပြောတယ်”

 

“ ဟာ ဒီလိုဖြစ်တာ မင်းနိုင်အဖေက မသိဘူးလား ဒါမှမဟုတ် သူကလဲ အလိုတူ အလို “ ဟာ ဒီလိုဖြစ်တာ မင်းနိုင်အဖေက မသိဘူးလား ဒါမှမဟုတ် သူကလဲ အလိုတူ အလိုပါ ဖြစ်နေတာလား”

 

“ ငါ့အထင်ပြောရရင် ဒီရွာကလူတွေအားလုံး နတ်ဆရာမရဲ့ သြဇာကိုမလွန်ဆန်နိုင်အောင် ပြုလုပ်ခံထားရတယ်လို့ထင်တယ် ဒီကိစ္စတွေအားလုံး ညကျရင်အဖြေပေါ်လာပါလိမ့်မယ်”

 

အောင်မြတ်သာကစကားအဆုံးမှာ ဇရပ်ထောင့်ဘက်အစွန်းကို သွားပြီး မျက်လုံးစုံမှိတ်ကာ တစ်ခုခုကိုအလေးအနက်စဉ်းစားနေခဲ့တယ်။ ညဘက်လူခြေတိတ်ချိန်ရောက်တော့ အောင်မြတ်သာ တို့ရွာထဲကိုဝင်လာခဲ့ကြတယ်။ လမ်းတစ်လျောက်မှာတော့ လူပျိုလှည့်နေတဲ့ ကာလသား အချို့ကို မြင်တွေရပေမယ့် သူတို့က အောင်မြတ်သာတို့ကိုမမြင်တဲ့အလား ဘေးကနေကျော်သွားခဲ့ကြတယ်။ ရွာထဲကိုရောက်တော့ ဝါးပိုးဝါးတွေကိုခွဲခြမ်းပြီး ခြံခတ်ထားတဲ့ ပျဉ်ထောင်အိမ်တစ်လုံးအရှေ့မှာ ရပ်လိုက်ပြီး ခြံထဲကို လေးကွက်အင်းတစ်ရွက်ပစ်ချလိုက်တယ်ဆိုရင်ပဲ ခြံစည်းရိုးအတွင်းမှာ လှုပ်ရှားသွားလာနေကြတဲ့ နာနာဘာဝအချို့ကို ရှင်းရှင်းလင်းလင်းမြင်လိုက်ကြရတယ်။

 

အချို့ကအိမ်လှေကားရင်းမှာ ဆောင့်ကြောင့်ထိုင်ပြီး စောင့်ကြပ်နေသလို အချို့ကျတော့လဲ ခြံစည်းရိုးဟိုဘက်ဒီဘက်ကို လေးလံတဲ့ခြေလှမ်းတွေနဲ့ သွားလာရင်း ပတ်ဝန်းကျင်ကို အကဲခတ်နေ ကြတာကိုမြင်တဲ့အောင်မြတ်သာက လွယ်အိတ်ထဲမှာပါလာတဲ့ သိမ်ဝင်အပ်ချည်လုံးထဲက အပ်ချည် အချို့ကိုဖြတ်တောက်ပြီး ခြံထဲကို ပစ်လွှတ်လိုက်တယ်ဆိုရင်ပဲ သိမ်ဝင်အပ်ချည်ကြိုးတွေက နာနာဘာဝတွေရဲ့ခန္ဓာကိုယ်ကိုရစ်ပတ်ပြီး လှုပ်ရှားအော်ဟစ်လို့မရအောင် ချည်နှောင်လိုက်ကြတယ်။

 

အားလုံးရှင်းသွားပြီဆိုမှ အောင်မြတ်သာက အိမ်ပေါ်ကိုတက်လာပြီး ပိတ်ထားတဲ့တံခါးကို လက်နဲ့သပ်ချလိုက်ရာ အတွင်းကနေ ချောက်ဆိုတဲ့အသံနဲ့အတူ တံခါးမကြီးက အလိုအလျောက် ပွင့်ထွက်လာခဲ့တယ်။ အခန်းတွင်းမှာတော့ များပြားလှတဲ့ နတ်ရုပ်ထုတွေအပြင် အမျိုးအမည် မသိကြောက်မက်ဖွယ်ကောင်းတဲ့ ဘီလူးရုပ်တွေကိုလဲမြင်တွေ့ခဲ့ကြရတယ်။

 

အုန်းပွဲကန်တော့ပွဲပေါင်းများစွာနဲ့ရှုပ်ယှက်ခက်နေတဲ့ နတ်ဆရာမရဲ့အိမ်ဦးခန်းထဲမှာတော့ ဘုရားရှင်နဲ့ပတ်သတ်တဲ့ ရုပ်ထုတစ်ခုတစ်လေ‌မှမရှိခဲ့ဘူး။ အောင်မြတ်သာကတော့ အနေအထားကို အကဲခတ်ပြီးတာနဲ့ မတ်တပ်ရပ်လျက်ပင် ကြမ်းပြင်ပေါ်ကို ဖနောင့်နဲ့ဆောင့်ချလိုက်ရာ အိမ်ခန်းထဲ နေ နာကျင်စွာညဉ်းညူသံအချို့ထွက်လာခဲ့တယ်။

 

ခဏနေ့တော့ နားထင်နှစ်ဖက်ကို လက်နှစ်ဖက်နဲ့ဖိကိုင်ရင်း ဆံပင်ဖားလျားချကာ ထွက်လာတဲ့ နတ်ဆရာမကိုမြင်လိုက်ရတယ်။ နတ်ဆရာမက သူ့အိမ်ဦးခန်းမှာ မာန်အပြည့်နဲ့ မတ်တပ်ရပ်နေကြတဲ့ အောင်မြတ်သာတို့သုံးယောက်ကိုမြင်တော့ အံ့သြသွားပြီး

 

“ လက်စသတ်တော့ ငါတစ်ခေါင်းလုံး မူးဝေကြိမ်းစပ်အောင်လုပ်နေကြတာ နင်တို့ကိုး ညအချိန်မတော် ဘာကိစ္စနဲ့ င့ါအိမ်ပေါ်ထိ တက်လာကြတာလဲ”လို့ပြောကာ ခြံအပြင်ဘက်ကို မသိမသာလှမ်းမျှော်ကြည့်လိုက်တယ်။

 

“ သင်မွေးထားတဲ့ နာနာဘာဝတွေကိုအားကိုးဖို့တော့ မစဉ်းစားနဲ့ သူတို့ကို လှုပ်လို့မရအောင် ဆရာကချုပ်ထားပြီးပြီ “

 

သက်ခိုင်စကားကြောင့် နတ်ဆရာမက မျက်ထောင့်နီနဲ့စိုက်ကြည့်ရင်း

 

“ အော် နင်တို့က ငါ့သားသမီးတွေကို ချုပ်နှောင်ထားကြတာကိုး နင်တို့ဘာလိုချင်လို့လဲ ရွှေလားငွေလား “

 

နတ်ဆရာမစကားကိုကြားတော့ အောင်မြတ်သာက ခနဲတဲ့တဲ့ပြုံးလိုက်ပြီး

 

“ ကျုပ်တို့က ရွှေလဲမလိုဘူး ငွေလဲမလိုဘူး သင့်ရဲ့မကောင်းတဲ့အကျင့်စရိုက်ကို ပယ်သတ်ပေးဖို့ပဲလိုတာ”

 

“ ဟက်ဟက် နင်တို့က ငါ့အိမ်ပေါ်ကိုတက်လာပြီး ငါ့ကိုလာအကြပ်ကိုင်တာပေါ့လေ နင်တို့က ညကြီးသန်းခေါင်ငါ့ကိုမဟုတ်တာကြံစည်နေပါတယ်လို့အော်လိုက်ရင် ဘာဖြစ်သွားမယ်ထင်လဲ”

 

နတ်ဆရာမက သူ့အကြံသူသဘောကျဟန်နဲ့ တစ်ဟားဟားရယ်မောကာ အောင်မြတ်သာတို့ကို ခါးထောက်ပြီးရပ်ကြည့်နေခဲ့တယ်။

 

“ သင်အော်မယ်ဆိုလဲ အော်ကြည့်ပေါ့ သင့်အသံက ဒီအိမ်အထဲကနေ အပြင်ကိုပေါက်ထွက် မယ်လို့ထင်နေတာလား … ကျုပ်တို့ကို ခပ်ညံ့ညံ့လူတွေလို့ထင်လိုက်တာက သင့်အမှားပဲ”

 

အောင်မြတ်သာစကားကြောင့် နတ်ဆရာမက ဘေးပတ်ဝန်းကျင်ကိုအကူညီတောင်းတဲ့ သဘောနဲ့ အော်ဟစ်လိုက်ပေမယ့် ပတ်ဝန်းကျင်ကတုပ်တုပ်မျှမလှုပ်တာကို သတိထားမိလာခဲ့တယ်။

 

“ နင် နင်တို့ကဘယ်သူတွေလဲ ဘာအတွက်နဲ့ငါ့ဆီကိုရောက်လာကြတာလဲ ငါ့ကိုပွင့်ပွင့် လင်းလင်းပြောကြစမ်း”

 

“ သင်ပြောခိုင်းမှတော့ ကျုပ်တို့လဲပြောရတာပေါ့ လွန်ခဲ့တဲ့ လေးနှစ်က ဝါနုဆိုတဲ့ မိန်းကလေး မွေးခဲ့တဲ့ ကလေးကို သင်ဘာလုပ်လိုက်လဲ။ အဲဒီကလေးကရော အခုဘယ်မှာရှိနေလဲ”

 

နတ်ဆရာမက ဝါနုဆိုတဲ့စကားကြောင့် အနောက်ကိုခြေလှမ်းအနည်းငယ်ဆုတ်သွားပြီး

 

“ ဝါနု နဲ့ နင်တို့ကဘယ်လိုသိကြတာလဲ သူက သေသွားတာကြာပီပဲ “

 

“ သင် ကျုပ်တို့မေးတာကိုပဲဖြေပါ ကျုပ်တို့ကိုမေးခွန်းပြန်မထုတ်နဲ့ ဝါနုမွေးထားတဲ့ ကလေး အခုဘယ်ရောက်နေလဲ”

 

“ နင်တို့ဒီလောက်သိချင်ရင်ငါပြောပြမယ် ဒါပေမယ့် သူကငါခေါ်မှာလာတာဖြစ်လို့ အရှေ့ကနေ‌လမ်းပြပြီးခေါ်သွားပေမယ်”

 

အောင်မြတ်သာလဲ နတ်ဆရာမစကားကိုလက်ခံတဲ့ဟန်နဲ့ အရှေ့ကသွားဖို့လက်ပြလိုက်ပြီး ဘေးကိုဖယ်ပေးလိုက်တယ်။ နတ်ဆရာမလဲ အောင်မြတ်သာတို့လမ်းဖွင့်ပေးတာနဲ့ ခြံထဲကိုပြေးဆင်း သွားပြီး အိမ်အောက်မှာချိတ်ထားတဲ့ ထမင်းစားပန်းကန်အရွယ် မောင်းကိုတီးပြီး ရွာထဲကိုပြေးဝင်သွားခဲ့တဲ့အချိန် ခြံအနောက် ဘက်ဝါရုံတောဘက်ကနေ တရှဲရှဲမြည်သံတွေ ကြားလိုက်ရပြီး အလန့်တစ်ကြားထပျံသွားကြတဲ့ ကျီးတစ်အုပ်ကိုမြင်လိုက်ရတယ်။

 

အောင်မြတ်သာကတော့ နတ်ဆရာမလုပ်သမျှကို လက်ပိုက်ကာရပ်ကြည့်နေတဲ့အချိန် ဝါးရုံပင်တွေကြားထဲကနေ ခုန်ပေါက်ပြီးထွက်လာကြတဲ့ မဲမဲအကောင်တွေကို လရောင်အောက်မှာ ဝိုးတဝါးမြင်လိုက်ရတယ်။

 

“ ဆရာ ဒီမိန်းမ ကျွန်တော်တို့ကိုလိမ်ပြီထင်တယ်”

 

တောက်ရက စိုးရိမ်တစ်ကြီးလှမ်းပြောရင်း လွယ်အိတ်ထဲကို လက်ထည့်ကာ အင်းစမချပ် တွေကိုကိုင်လိုက်တာမြင်တော့ အောင်မြတ်သာက လက်ကာပြပြီး

 

“ ထားလိုက်ပါ သူဘယ်လိုပြေးပြေးငါတို့လက်ကမလွတ်ပါဘူး” လို့ရေရွတ်ကာ လက်ထဲမှာ အသင့်ကိုင်ထားတဲ့ ဆီစိမ်စက္ကူအင်းစမကို ညာဘက်နဲ့အုပ်ပြီး လေပေါ်ပစ်တင်လိုက်ရာ အရောင်တစ်ဖျတ်ဖျတ်တောက်ပနေတဲ့ လိပ်ပြာအသွင်ဖြစ်သွားပြီး ရွာအနောက်ဘက်ကို ပျံသန်း သွားခဲ့တယ်။

 

“ဆရာ ဟိုမှာ ပြေးလာနေကြတာ နည်းနည်းနောနောမဟုတ်ဘူး”

 

သက်ခိုင်ရဲ့အသံကြောင့် အောင်မြတ်သာအနောက်လှည့်ကြည့်လိုက်ရာ အရွယ်စုံ သဏ္ဍာန်စုံ နာနာဘာဝတွေက ကြောက်မယ်ဖွယ်အော်ဟစ်ရင်း ခြံစည်းရိုးကိုကျော်တက်လာကိုမြင်လိုက် ရတယ်။

 

သက်ခိုင်နဲ့တောက်ရကတော့ တည်ငြိမ်လွန်းတဲ့ အောင်မြတ်သာကိုကြည့်ပြီး အားမလို အားမရဖြစ်ကာ အံတစ်ကြိတ်ကြိတ်ဖြစ်နေတဲ့အချိန် မျက်နှာမူရာဘက်ကနေ ကြည်လင်ပြီး ပါးလွှာတဲ့ ဒိုင်းကာတစ်ခုရုတ်တရက်ပေါ်ပေါက်လာခဲ့တယ်။ နာနာဘာဝတွေကလဲ အောင်မြတ်သာ တို့ကို အစိမ်းလိုက်ဝါးစားမယ့်ဟန်နဲ့ပြေးလာရင်း ဒိုင်းကာကိုဖြတ်လိုက်တဲ့အချိန် တဗျစ်ဗျစ်မြည်သံ နဲ့အတူ အခိုးငွေ့တွေအဖြစ်ပျောက်ကွယ်သွားခဲ့တာကိုမြင်လိုက်ရတယ်။

 

အရှေ့ကနေ အားကြိုးမာန်တက်ပြေးလာကြတဲ့ နာနာဘာဝတွေ အစနပင်ရှာမရအောင် ပျောက်သွားတာမြင်တော့ အနောက်ကလိုက်လာတဲ့ကောင်တွေအကုန်လုံး ရှေ့ဆက်မတိုးရဲတော့ပဲ လာရာလမ်းအတိုင်းပြန်လှည့်ကာ တစ်ချိုးထဲပြေးပါလေရော။ အောင်မြတ်သာတို့လဲ ဝါးရုံပင်ထဲက ထွက်လာတဲ့ နာနာဘာဝတွေရန်ကို ရှင်းပြီးတာနဲ့ ရွာအနောက်ဘက်ကို ဆက်လက်ထွက်လာခဲ့ ကြတယ်။ ဒီနေ့မှပဲ တစ်ရွာလုံး အပ်ကျသံပင်မကြားလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေတာ မြင်တော့ သက်ခိုင်က အံ့သြကြီးစွာနဲ့

 

“ဆရာ ဒီရွာက ငြိမ်လှချည်လား ချောင်းဟန့်သံ ကလေးငိုသံ ခွေးဟောင်သံတွေတောင် မကြားရဘူး”လို့ပြောတော့ အောင်မြတ်သာက လွယ်အိတ်ထဲမှာ ထည့်ထားတဲ့အင်းစမတစ်ချပ်ကို သက်ခိုက်ဆီထိုးပေးကာ အရှေ့ကနေထွက်သွားခဲ့တယ်။

 

သက်ခိုင်လဲ အောင်မြတ်သာပေးတဲ့အင်းစမကိုကြည့်လိုက်ရာ လူတစ်ယောက် အိပ်မောကျနေတဲ့ပုံကို စမအက္ခရာတွေနဲ့ရေးဆွဲထားတာမြင်လိုက်ရတော့မှ အိပ်ငွေ့ချအင်းကို ဆရာသုံးထားပါလားဆိုတာကို သဘောပေါက်ခဲ့တယ်။

 

အောင်မြတ်သာတို့ မိနစ်အနည်းငယ် လျောက်လာပြီးတဲ့အချိန်မှာတော့ စပါးတွေတောင်လို ပုံထားတဲ့ လယ်ကွင်းပြင်တစ်ခုကိုလှမ်းမြင်လိုက်ရတယ်။ လယ်ကွင်းထဲမှာတော့ အညိုရောင် အခိုးငွေ့တွေက ကောင်းကင်ထက်ကို ‌ဝေ့တက်နေတာမြင်တာနဲ့ အောင်မြတ်သာက လေအဟုန်လို မြန်တဲ့အရှိန်နဲ့ ပြေးဝင်သွားပြီး ဝဲပျံတက်နေတဲ့ အခိုးငွေ့တွေကြားထဲကို အင်းစမတစ်ချပ် ပစ်ထည့် လိုက်ရာ လူတစ်ယောက်အပေါ်ကနေ ခြေကားယားလက်ကားယားပြုတ်ကျလာခဲ့တာကို မြင်လိုက် ရတယ်။

 

သက်ခိုင်တို့လဲ သတိကြီးစွာထားရင်း ပြုတ်ကျလာတဲ့ လူအနားကို ကပ်ပြီးကြည့်လိုက်တဲ့ အချိန်မှာတော့ တဘက်ကိုခေါင်းပေါင်းထားတဲ့ အသက်ခြောက်ဆယ်အရွယ်လူကြီးတစ်ယောက်ကို မြင်လိုက်ရတယ်။

 

“ ဟင် နတ်ဆရာမလဲမဟုတ်ပါလား ဒီလူက ဘယ်သူများလဲ”

 

တောက်ရစကားကြောင့် အောင်မြတ်သာက မျက်မှောင်တစ်ချက်ကျုံ့ကာ လူးလိမ့်အော်ဟစ် နေတဲ့ လူကြီးကိုကြည့်ပြီး

 

“ လက်စသတ်တော့ ဒီကိစ္စတွေအားလုံးကို ကြိုးကိုင်ထားတာ ခင်ဗျားဖြစ်နေတာကိုး”

 

“ ဆရာ သူကဘယ်သူလဲ နတ်ဆရာမကရော ဘယ်ပျောက်သွားတာလဲ”

 

“ နတ်ဆရာမဆိုတာ တကယ်တော့ အယောင်ပြသက်သက်ပဲ ဒီလူကြီးက အကုန်လုံးကို ထိန်းချုပ်ထားတာ မင်းနိုင်ကိုလဲ ဘာမှမပြောနိုင်အောင် သူပဲလုပ်ထားခဲ့တာ”

 

အောင်မြတ်သာကပြောရင်းဆိုရင်း လဲကျနေတဲ့ လူကြီးရဲ့ဘေးပတ်ပတ်လည်ကို အင်းစမ တွေနဲ့ချုပ်ထားလိုက်ပြီး

 

“ ဝါနုကို သတ်ခဲ့တာ ခင်ဗျားလား လိမ်မယ်တော့မကြံနဲ့နော် ကျုပ်ဆွဲထားတဲ့အင်းတွေက အမှန်ပြောတာလား လိမ်ပြောတာလားဆိုတာ သိတယ် “

 

“ မင်း မင်းတို့ကြောင့် ငါ့အကြံတွေပျက်ခဲ့ရတာ ငါ့တစ်ဘဝလုံး ရင်းနှီးထားခဲ့သမျှ အခုသဲထဲ ရေသွန်ဖြစ်ပြီ “

 

“ ကျုပ်မေးတာကိုခင်ဗျားဖြေပါ ဝါနုနဲ့ သူ့သားကိုသတ်ခဲ့တာ ခင်ဗျားလား”

 

“ ဟုတ်တယ် ငါသတ်တာ ဒီကောင်မက ငါ့သားကို ဖျားယောင်းသွေးဆောင်ပြီး ကြံစည်ခဲ့လို့ အခွင့်ရတာနဲ့သတ်ခဲ့တာ”

 

“ ခင်ဗျားဗျာ အတော်အကြံပက်စက်တဲ့လူပဲ ဝါနုက ခင်ဗျားသားကို ဖျားယောင်းပါတယ်ဆိုတာ ခင်ဗျားရဲ့လုပ်ဇာတ်ပါ နောက်ပြီး ခင်ဗျားရဲ့သားနဲ့ရတဲ့ ကလေးကရော ဘာအပြစ်ရှိလို့သတ်ပစ်လိုက်ရတာလဲ “

 

“ ဒီကောင်မရဲ့သွေးသားကိုမလိုချင်လို့သတ်ပစ်လိုက်တာ နင်တို့ဘာသိချင်သေးလဲ အခုငါက နင်တို့လက်ခုပ်ထဲကရေဖြစ်နေပြီဆိုတော့ ဘာလုပ်ကြမလဲ ငါသေမှာမကြောက်ဘူးနော် ဟက်ဟက်”

 

“ တောက် “

 

ကျယ်လောင်တဲ့တောက်ခတ်သံနဲ့အတူ အောင်မြတ်သာရဲ့ကိုယ်ထဲကနေ အညိုရောင် အလင်းဓါတ်တွေထွက်ပေါ်လာခဲ့တာကို သက်ခိုင်နဲ့ တောက်ရတို့ ထူးဆန်းစွာမြင်တွေ့လိုက်ရတယ်။ အဲဒီအချိန် “ လူလေး ဒေါသကိုချုပ်တီးပါ မကောင်းမှုလုပ်တဲ့သူရဲ့လမ်းဟာ ဘယ်တော့မှ မဖြောင့် ဖြူးဘူး သူ့ကိုသက်ဆိုင်တဲ့ပုဂ္ဂိုလ်တွေအပြစ်ပေးလိမ့်မယ် စိတ်ကိုလျော့ပါ”ဆိုတဲ့အသံက လေးဘက်လေးတန်ကနေပေါ်လာတော့မှ အောင်မြတ်သာရဲ့ကိုယ်ထဲကနေ ထွက်နေတဲ့ အညိုရောင် အလင်းဓါတ်တွေပျောက်သွားပြီး ဖြူဖွေးသန့်စင်တဲ့အလင်းတန်းတွေထွက်ပေါ်လာခဲ့တယ်။

 

ခဏနေတော့ အင်းစမစည်းထဲမှာ ရှိနေတဲ့ လူကြီးရဲ့ ငယ်သံပါအောင် အော်ဟစ်တဲ့အသံနဲ့အတူ တစ်ကိုယ်လုံးမှာ အရှိုးရာတွေပေါ်လာခဲ့တယ်။ သိပ်မကြာခင် စပါးပုံ အနောက်ဘက်ကနေ မိန်းမတစ်ယောက်ရဲ့ အော်ဟစ်သံကြားလို့သွားကြည့်ရာ ကျောကော့အောင် ရိုက်ခံထိနေတဲ့ နတ်ဆရာမကိုပါထပ်မြင်လိုက်ရတယ်။

 

နတ်ဆရာမက အောင်မြတ်သာတို့ကိုမြင်တော့

 

“ ဒါတွေအကုန်လုံးက ဦးမင်းကြည်လုပ်ခိုင်းလို့လုပ်ခဲ့ရတာပါ သူအကြပ်ကိုင်လို့ ဒီပညာကို သင်ခဲ့ရတာပါ ငါ့ကိုလွှတ်ပေးပါ ရိုက်ခံထိလို့သေပါတော့မယ် အမလေး နာလှချည်ရဲ့ အားးးးး”

 

“ သင်မှန်မှန်ပြောစမ်း ဝါနုရဲ့ကလေး အခုဘယ်မှာလဲ”

 

“ အမလေး ပြောပါတော့မယ် ပြောပါတော့မယ် သူ့ကလေးက ငါ့အိမ်အနောက်က သရက်ပင်မှာရှိတယ် မှတ်ကြီးလို့ခေါ်လိုက်ရင် သူဆင်းလာလိမ့်မယ် ငါ့ကိုလွှတ်ပေးပါတော့ အမလေး သေပါတော့မယ် “

 

အောင်မြတ်သာတို့လဲ စပါးခင်းထဲမှာ နာကျင်စွာအော်ဟစ်နေတဲ့ လူနှစ်ယောက်ကို မျက်နှာလွှဲ ပြီး နတ်ဆရာမအိမ်ရှိရာဘက်ကိုပြန်လှည့်လာခဲ့ကြတယ်။ နတ်ဆရာမအိမ်ကိုရောက်တော့ သရက်ပင်ပေါ်မှာ ပရိတ်ကြိုးနဲ့ချည်ခံထားရတဲ့ လေးနှစ်အရွယ်ကလေးတစ်ယောက်ရဲ့ဝိဉာဉ်ကို မြင်တွေ့လိုက်ရတယ်။

 

အောင်မြတ်သာက မျက်နှာမှာအမဲရောင်အမှတ်အသားပါတဲ့ ကလေးသရဲကို ကြည့်ပြီး စိတ်မကောင်းစွာ စုတ်တစ်ချက်သတ်လိုက်ကာ ချုပ်နှောင်ထားတဲ့ ကြိုးကိုဖြေပေးကာ ခြံရှေ့ကို ခေါ်ဆောင်လာခဲ့တယ်။

 

အောင်မြတ်သာတို့ထွက်လာတာမြင်ကြတဲ့ အခြားချုပ်နှောင်ခံ နာနာဘာဝတွေကလဲ သူတို့ကို လွှတ်ပေးဖို့သနားစဖွယ်တောင်းဆိုလာကြတဲ့အတွက် နောက်နောင် ဒီရွာထဲကိုမဝင်လာတော့ပါဘူး ဆိုတဲ့ကတိကိုတောင်းကာ ပြန်လွှတ်ပေးခဲ့လိုက်တယ်။

 

နောက်တစ်နေ့မနက်ရောက်တော့ တစ်ကိုယ်လုံးအရှိုးရာတွေနဲ့ ငိုယိုအော်ဟစ်ကာ ရွာထဲ ပတ်ပြေးနေတဲ့ ဦးမင်းကြည်နဲ့ နတ်ဆရာမကို ရွာသားတွေအံ့သြစွာမြင်တွေ့လိုက်ကြရတယ်။ ဒီကိစ္စတွေဖြစ်ပြီးတဲ့နောက်မှာတော့ ပုလဲလုံးဝမ်းဆက်ဝတ်ထားတဲ့မိန်းမက ဗိုက်ပူပူ နှာခေါင်းပြဲပြဲ ကလေးတစ်ယောက်ကိုလက်တွဲကာ သင်္ချိုင်းတွင်းလျောက်သွားနေတယ်လို့ သင်္ချိုင်းဓုတင်လာဝင် ကြတဲ့ ရဟန်းတော်တွေကြားပြောသံကြားခဲ့ရတယ်။

 

အောင်မြတ်သာတို့လဲ သူတို့ကတိအတိုင်း သားအမိတွေဆုံတွေ့အောင်လုပ်ပေးပြီးနောက် မှာတော့ ရှေးဟောင်းဘုရားတစ်ဆူမှာ မကျွတ်လွတ်ပဲစောင့်နေရတဲ့ မိရွှေအ ဆိုတဲ့ပုဂ္ဂိလ်ကို လိမ်မာ အောင်ဆုံးမခဲ့ရသေးတယ်။ မိရွှေအ ဘယ်လောက်ထိအခြောက်အလှန့်ကြမ်းလဲ ဘယ်လောက်ထိ လူတွေကိုစိတ်ဒုက္ခပေးလဲဆိုတာကိုတော့ အောင်မြတ်သာနှင့် ကျောက်တိုင်စောင့်မိရွှေအ ဆိုတဲ့ ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

 

လေးစားစွာဖြင့်

 

ဇေယန(ရာမည)