လင်ချစ်ဆေး

*လင်ချစ်ဆေး*📖📖📖

_________

**********************

အခန်း၁။

 

မလဲ့လဲ့ဆွေ ကလေးကို အဝတ်လဲပေးရင်း ခင်ပွန်းဖြစ်သူ ရှေ့နေကိုမျိုးဝင်းအား မသိမသာ ငဲ့စောင်းကြည့်လိုက်သည်။

 

ကိုမျိုးဝင်းက မလဲ့လဲဆွေကို ဂရုမပြုအား၊ မှန်ထဲက သူ့ကေသာကို ကြည့်၍ သပ်ရပ်အောင် ဖီးသင်နေ၏။သူ့ ကြည့်ရသည်မှာ အပြင်သွားရန် ပြင်ဆင်နေပုံရသည်။ ယနေ့ တနင်္ဂနွေနေ့ ဖြစ်၏။ ရုံးပိတ်ရက်ဖြစ်၍ ရုံးတက်ရန်တော့ မဖြစ်နိုင်။မလဲ့လဲ့ဆွေက ကလေးကို အဝတ်လဲပေးပြီးနောက် ပွေ့ချီလိုက်သည်။ ပြီးနောက် ကိုမျိုးဝင်း အနောက်မှာ မတတ်တတ်ရပ်ရင်း …

 

” ကိုမျိုး ဒီနေ့ ရုံးပိတ်ရက်မဟုတ်လား၊ မှန်ရှေ့ ဒီလောက် ကြာအောင် ခါင်းကိုဖီးနေတော့ … ရှင် အပြင်ကို သွားမလို့လား ”

 

ကိုမျိုးဝင်းသည် မျက်နှာကို နေလောင်ခံ ခရင် ပွတ်သပ်ပြီးနောက် ဇနီးနှင့်သားငယ် ဝေယံမျိုးဘက်သို့ လှည့်လာပြီး …

 

” အင်း ကိုယ် အပြင်မှာ အမှုသည်တယောက်နဲ့ စကားပြောဖို့ ချိန်းထားတယ် လဲ့ ၊ နေ့လယ်စာ အပြင်မှာပဲ စားလိုက်တော့မယ် ၊ ကိုယ့်ကို စောင့်မနေနဲ့နော် ”

 

မလဲ့လဲ့ဆွေ မျက်မှောင်ကြုတ်သွားသည်။ မနေ့ညကတည်းက မေးချင်နေခဲ့တာလေ၊ ကလေးက ကောင်းကောင်း မအိပ်သည်မို့ မမေးပဲ မြိုသိပ်ထားခဲ့ရသည်။ ယခု မနေနိုင်တော့ပါ၊ ဖွင့်ဟ မေးလိုက်တော့သည်။

 

” ရှင် မနေ့ညကလည်း တနာရီနီးပါး ဖုန်းပြောနေတယ် ၊ ဘယ်သူလဲ ကျမမေးတော့ အမှုသည်ပါလို့ ပြောတယ်။

အခုလည်း အပြင်သွားတွေ့ရမှာ အမှုသည်လို့ ပြောပြန်ပြီ။ ဘယ်က အမှုသည်လဲ။ ယောက်ကျားလား မိန်းမလား ကိုမျိုး ၊ ကျမတို့ သားအမိရော လိုက်ခဲ့လို့ ရမလား ”

 

ဒီတခါ ကိုမျိုးဝင်းက မျက်နှာ မဲ့တဲ့တဲ့ ဖြစ်သွားပြီး ၊ လေသံကလည်း ခပ်တင်းတင်းဖြင့် …

 

” ဟ … အမှုသည်ပါဆို မိန်းမလည်း ဖြစ်ချင် ဖြစ်မယ်၊ ယောက်ကျားလည်း ဖြစ်ချင် ဖြစ်မှာပေါ့ ။

နေပါဦး ၊ မင်းက ငါ့အလုပ်ကို သံသယဝင်နေတာလား ။ ရှေ့နေနဲ့အမှုသည် တွေ့တာ ဘာများ ဆန်းနေလို့တုန်းကွ။

လူမြင်ကွင်းမှာ တွေ့ကြတာပဲ၊ ဟိုတယ်အိပ်ခန်းထဲမှာ ချိန်းတွေ့နေတာမှ မဟုတ်တာ ။

မင်း ငါ့အလုပ်ကိစ္စတွေထဲ ဝင်မပါချင်စမ်းပါနဲ့။ ဒါ အလုပ်ကိစ္စကွ ”

 

ထိုသို့ ပြောပြီး ကိုမျိုးဝင်းသည် သူ၏ လက်ကိုင်အိတ်ကို ယူ၍ ခြေသံပြင်းပြင်းနှင့် ထွက်သွားလေ၏။ မလဲ့လဲ့ဆွေခမျာ သားငယ်ကို ချီပိုးရင်း ကျလာမည့် မျက်ရည်တို့ကို မျက်တောင်ဖြင့် ခတ်ကာ သိမ်းဆည်းလိုက်ရလေ၏။

 

မလဲ့လဲ့ဆွေသည် အကြောင်းမဲ့ ယောက်ကျားအပေါ် ထိမ်းချုပ်လိုခြင်း မရှိသလို ၊ သဝန်တိုခြင်းလည်း မရှိတတ်ပေ။ သို့ပေမဲ့ ယခုတလော ကိုမျိုးဝင်းသည် ရုံးလုပ်ငန်းကိစ္စများကို အကြောင်းပြ၍ တနေကုန်အောင် အပြင်ထွက်တတ်သည်။ ပြီးတော့ ဖုန်းပြောလျင်လည်း သူ့မျက်နှာက ချိုသာကြည်နူးနေပြီး မလဲ့လဲ့ဆွေ မကြားရလေအောင် အသံကို ခပ်တိုးတိုး ပြောတတ်နေ၏။

 

ယခုဆိုလျင် ကိုမျိုးဝင်းသည် တနင်္ဂနွေနေ့လို ရုံးပိတ်ရက်တွေမှာတောင် မိသားစုကို အချိန်မပေးနိုင်ပဲ၊ အပြင်မှာ အလုပ်ကိစ္စဟူ၍ အချိန်ကုန်လွန်နေတတ်၏။ နောက်တခုကတော့ ကိုမျိုးဝင်းသည် အပြင်ထွက်တိုင်း ဝတ်ကောင်းစားလှ ဝတ်ဆင်သွားတတ်သလို၊ တကိုယ်လုံးလည်း ရေမွှေးဆွတ်ထား၍ မွှေးကြိုင်နေတတ်၏။ ယခင်က အပြင်ထွက်လျင် လူရိုသေ ရှင်ရိုသေလောက်သာ ခပ်လတ်လတ် အဝတ်တို့ကို ဝတ်သွားလေ့ရှိပြီး ၊ ရေမွှေးဆွတ်ခြင်း ပြုလုပ်လေ့ မရှိပေ။ ထို့ကြောင့် မလဲ့လဲ့ဆွေသည် ခင်ပွန်းဖြစ်သူ ကိုမျိုးဝင်းအား သင်္ကာမကင်း ဖြစ်နေဟန်တူပါ၏။

 

အသက် ၃၅နှစ်ခန့်သာ ရှိသေးသော ရှေ့နေ ကိုမျိုးဝင်းသည် အရပ် ထောင်ထောင်မောင်းမောင်းနှင့် လူညိုချောဖြစ်၏။ အမှတ်တမဲ့ ကြည့်လျင် ရုပ်ရှင်မင်းသား ဖြိုးငွေစိုးနှင့်ပင် ခပ်ဆင်ဆင် တူလေ၏။ ၎င်းတို့လင်မယားတွင် အသက် ၅နှစ်အရွယ် နေယံမျိုး နှင့် အသက် ၃နှစ်အရွယ် ဝေယံမျိုးဟူ၍ သားနှစ်ယောက် ရှိလေ၏။

 

ကိုမျိုးဝင်းသည် နာမည်ရ ရှေ့နေဖြစ်ပြီး၊ ဝင်ငွေ ကောင်းသူ ဖြစ်၏။ မလဲ့လဲ့ဆွေကလည်း သူ့ဝင်ငွေနှင့်သူ ။ အပျိုဘဝကတည်းက ဈေးရောင်းလာသူ ဖြစ်၏။ အိမ်ရှေ့တွင် ဆန်ဆီဆား စသော ကုန်မျိုးစုံအပြင် ၊ မိတ်ကပ် ကလစ် သွားတိုက်ဆေးက အစ ကလေးကစားစရာ အရုပ်မျိုးစုံအထိ ရသော ကုန်စုံဆိုင်ကြီးကို အကူလုပ်သား နှစ်ဦး ခန့်အပ်၍ ဖွင့်ထား၏။ တနေ့ တနေ့ ရောင်းကြေးငွေက လေးငါးသိန်းဝန်းကျင် ရှိလေ၏။အရောင်းကူ နှစ်ဦးနှင့် လက်မလည်အောင် ရောင်းနေရသည်။ ထို့ကြောင့် အကြီးဆုံးသားလေးကို အဖိုးအဖွားများထံ ပို့ထားရသည်။

 

ကိုမျိုးဝင်းသည် မလဲ့လဲ့ဆွေနှင့် အိမ်ထောင်ကျပြီး ၃နှစ်လောက်နေမှ ရှေ့နေလောကမှာ နာမည်ရလာခြင်း ဖြစ်သည်။ အရင်က မလဲ့လဲ့ဆွေ၏ ဝင်ငွေအပေါ် မှီခိုနေရသူ ဖြစ်လေ၏။မလဲ့လဲ့ဆွေက ကိုမျိုးဝင်းလို ပညာတတ်ဘွဲ့ရတော့မဟုတ်။ ဆယ်တန်းကျပြီးကတည်း ဆက်မဖြေပဲ စီးပွားရေးလုပ်ကိုင်သူ ဖြစ်၏။ ထို့ကြောင့် တချို့သော ရုံးကိစ္စများကို နားမလည်ချေ။

ခင်ပွန်း၏ အလုပ်ကိုလည်း ဝင်မပါတတ်သူ ဖြစ်ပါ၏။

 

ယနေ့ မနက် ထိုသို့ စကားအခြေအတင် ပြောနေရသည်ကား အကြောင်းရှိ၏။ လွန်ခဲ့သော တပတ်က မလဲ့လဲ့ဆွေထံသို့ အမျိုးသမီးမိတ်ဆွေတဦးမှ သတင်းစကားပါးလာ၏။

 

” မလဲ့ရေ … စီးပွားပဲ နင်းကန် ရှာမနေနဲ့ဦး။ မလဲ့ ယောက်ကျားကိုလည်း ဂရုစိုက်ဦးနော် ”

 

” အို ဘာလို့လဲ မမကြီးရဲ့။ ကျမ… ကျမယောက်ကျားကိုမျိုးအပေါ် ဘာဝတ္တရားမှ မပျက်ဖူးပါဘူးနော် ။ သူ လိုအပ်မယ် ထင်သမျှ အကုန်ဖြည့်ဆ

ည်းပေးထားပါတယ် မမကြီးရဲ့ ”

 

” ပြောရမှာတော့ အားနာတယ်ကွယ်။

မမကြီးနဲ့ မလဲ့ယောက်ကျား အပြင်မှာ ၂ခါ၃ခါ ဆုံဖူးလို့ ခုလိုပြောရတာ ၊ တကယ်တော့ ပြောသင့်လား မပြောသင့်ခါး ချိန်ဆနေတာ ကြာပြီ ”

 

” အံမယ်လေး မမကြီးရယ် ၊ ကျမနဲ့မမကြီးဆိုတာက ခုမှ သိကြာတာမှတ်လို့၊ ကျမ အပျိုဘဝကတည်းက ခင်မင်လာခဲ့ကြတာကို ၊ စကားကို နိဒါန်းဆင်မနေစမ်းပါနဲ့ ၊ ပြောသာ ပြောလိုက်စမ်းပါ ၊ ဒီမှာ သိချင်လှပြီ ”

 

” ဟိုကွယ် မမကြီးကို တမျိုး မမြင်ပါနဲ့လို့ပဲ ကြိုတင်ပြီး တောင်းပန်ထားချင်တယ်။သူများ အိမ်ထောင်ရေး မပျက်စီးစေချင်တဲ့ စေတနာနဲ့ သတိပေးတာပါနော်။ အချိန်မှီ ဖျက်လို့ရအောင်ပါ။မလဲ့ယောက်ကျားကို တခြားမိန်းမ တယောက်နဲ့ အတူတွဲတွေ့တာ သုံးလေးခါ ရှိနေပြီ။

မမကြီးက မြေပွဲစားဆိုတော့ လမ်းထွက်ရတယ်မဟုတ်လား။အရောင်းအဝယ်ကိစ္စနဲ့ မြို့ထဲကို ခဏခဏ ထွက်နေရတော့ ကိုမျိုးဝင်းကို ခပ်ငယ်ငယ်မိန်းမတယောက်နဲ့ အတူတွဲပြီး တွေ့နေရတယ်။

မလဲ့ယောက်ကျားက မမကြီးကို မြင်ပုံမရဘူး။ သူတို့ကြည့်ရတာက အကဲမရဘူးကွယ်။ တခါတလေများဆို ကိုမျိုး ခါးကိုဖက်လို့ ၊ သာမန် မိတ်ဆွေ အဆင့်တော့ မကဘူး မလဲ့ရေ၊ ပါးလေးကိုင်လိုက်၊ ခါးလေးဖက်လိုက်ဆိုတော့လေ ”

 

” ရှင် … သေချာရဲ့လား မမကြီးရယ် ၊ ကျမ ယောက်ကျားက အဲ့သလို လူစားမဟုတ်ပါဘူး ”

 

” ေဩာ် ကျားကိုက်ပါတယ်ဆို အပေါက်လေးနဲ့လား လုပ်နေပြန်ပါပြီ ငါ့ညီမရယ်။ မယုံရင် မမကြီး ဓာတ်ပုံရိုက် ပို့ပေးလိုက်မယ်။ သူတို့ သွားတတ်တဲ့ နေရာတွေက မမကြီးတို့ ခြေစင်္ကြာဖြန့်နေကျ ၊ တနေ့မကြုံ တနေ့ကြုံဦးမှာပဲ ။ ဒီတခါ တွေ့ရင် အသေအချာ ဓာတ်ပုံရိုက် သက်သေယူထားလိုက်မယ်၊ ဟုတ်ပြီလား ”

 

မလဲ့လဲ့ဆွေ တယောက် ဒိန်းတလိန်းနတ် ပူးဝင်လေပြီ။ သူများတွေ ပြောသလို မုန့်ကိုသာ ဝေစားမယ်။ ယောက်ကျားကိုတော့ ဝေစားနိုင်မည်မဟုတ်။ သားကလေး နှစ်ယောက်နဲ့ တခုလပ်မတော့ အဖြစ်မခံနိုင်။ကလေးတွေကို အဖမဲ့သားတွေလို့လည်း အခေါ်မခံနိုင်ဘူး။

 

တောက်! ယောက်ကျား ဒီလောက်ရှားသလား ၊ ဘယ့်နှယ် သူများယောက်ကျားကိုမှ ကြောင်တောင်နှိုက်ချင်ချင်ရတယ်လို့ ။ ဘယ်လို လင်ဆာမနဲ့များ တွေ့နေပါလိမ့်။

 

အဲ့ဒီအကြောင်းပဲ စိတ်ထဲမှာ တအုံနွေးနွေးတွေးရင်း သွေးဆူလာ၏။ဒေါသတွေ ထွက်ပြီးရင်း ထွက်နေမိ၏။ အဲ့ဒီတော့ ဈေးရောင်းရတာက အဆင်မပြေတော့။ အလိုလိုနေရင်း စိတ်သာတိုနေမိတော့၏။

 

ထိုနေ့က မလဲ့လဲ့ဆွေခမျာ လင်ပူမိကာ ဈေးအကူရောင်းပေးသူ အလုပ်သမား ကောင်မလေးနှစ်ဦးကိုပဲ မကြာခဏ ဆူပူမာန်မဲနေမိတော့သည်။

 

____________

 

အခန်း၂။

 

မလဲ့လဲ့ဆွေသည် သားငယ် ဝေယံမျိုးကို အမေ့အိမ်မှာ ဝင်ထားခဲ့ပြီး၊ ဆိုင်ကယ်နှင့် မြေပွဲစား မမကြီး ချိန်းဆိုထားသည့် ၆၂လမ်းသို့ မောင်းလာခဲ့၏။

 

စိတ်က လူနဲ့မကပ်။ ချိန်းဆိုထားသည့် နေရာသို့ပင် ရောက်ချင်စိတ်စောနေမိသည်။ ထို့ကြောင့် တကြိမ်တွင် မျက်နှာချင်းဆိုင်က ကွေ့ဝင်လာသော ကားဖြင့် တိုက်မိမလိုလိုပင် ဖြစ်သွားသေး၏။ ကားပေါ်က လူငယ်က သူမအား မိန်းကလေးဖြစ်နေ၍ ဆဲမသွားပေမယ့် မကြည်မလင် ဘုကြည့်ကြည့်သွား၏။

 

၆၂လမ်း နန်းရှေ့ ရောက်သည့်အခါ မမကြီးက သူတို့မြေပွဲစားများ ထိုင်နေကျ လမင်းသာလ္ဘက်ရည်ဆိုင်ရှေ့မှ ထွက်စောင့်ပေးနေသည်ကို တွေ့ရလေ၏။

 

” လာ လာ ညီမလေး ၊ အမောပြေ လ္ဘက်ရည်ဖြစ်ဖြစ် ၊ အအေးဖြစ်ဖြစ် သောက်ပါဦးလား ၊ အစ်မရဲ့လူတယောက်ကို ဟိုတယ်ရှေ့မှာ ရပ်စောင့်ခိုင်းထားတယ်။သူတို့ အခုထိ ထွက်မလာကြသေးဘူးတဲ့”

 

” အို မသောက်တော့ပါဘူး မမကြီးရယ်၊ ကျမကိုသာ အဲ့ဒီဟိုတယ်ရှေ့ လိုက်ပို့ပေးပါတော့ ၊သူများလင်နဲ့ ဖောက်ပြန်တဲ့ ခွေးမကို မှတ်လောက်သားလောက်အောင် ဆုံးမချင်လှပြီ ”

 

ဟုတ်၏။ မလဲ့လဲ့ဆွေသည် သူမ၏ ခင်ပွန်းနဲ့ ဖောက်ပြန်နေသော မိန်းမကို ဆံပင်ဆွဲ၊ပါးရိုက်မည်ဟု စိတ်ထဲက ကြိမ်းဝါးလာ၏။ အခန့်မသင့်လို့ လုံးထွေးသတ်ပုတ်ရပါက ထမိန်ဖြင့်ဆို အဆင်မပြေနိုင်မှန်းသိ၍ တီရှပ်နှင့်ဂျင်းဘောင်းဘီစကကို ဝတ်လာခဲ့လေ၏။

 

သို့ဖြင့် ဆိုင်ကယ်ကို မမကြီးကမောင်း၍ မလဲ့လဲ့ဆွေက နောက်မှ ခွထိုင်လိုက်လာခဲ့သည်။ မကြာမီ ဗီးနပ်စ်ဟိုတယ်ရှေ့သို့ ရောက်လာခဲ့၏။

 

မမကြီး စောင့်ကြည့်ခိုင်းထားသော လူငယ်က သူတို့ ဆိုင်ကယ်အနီး ပြေးလာပြီး …

 

” ဝင်သွားတာတော့ တနာရီ ကျော်ပြီ။ ခုထိ ပြန်ထွက်လာတာ မမြင်သေးဘူး၊ အဲကွန်းနဲ့ နှပ်နေကြတယ်နဲ့တူတယ်”

 

လူငယ်က မလဲ့လဲ့ဆွေကို မသိ။ မမကြီးကိုသာ ဟာသသဘောနဲ့ ပြောလိုက်ခြင်းပင်။ ထိုစကားက မလဲ့လဲ့ဆွေ၏ ဒေါသရေချိန်ကို ဆောင့်ခွဲပစ်လိုက်သကဲ့သို့ ရှိလေ၏။ မလဲ့လဲ့ဆွေ ရှုးရှုးရှားရှားနှင် ဟိုတယ်ထဲ ဝင်သွားရန် ဆိုင်ကယ်ပေါ်မှ ဆင်းလိုက်သည်။

 

မြေပွဲစား မမကြီးက မလဲ့ လက်မောင်းကို လှမ်းဆွဲထားရင်း…

 

” ဟဲ့ ဟဲ့ ဟဲ့ နေဦးလေ မလဲ့ ၊ အဲ့ဒီလို မလုပ်နဲ့လေ ငါ့ညီမရဲ့၊ အကုန် လွဲချော်ကုန်တာ့မှာပဲကွယ် ”

 

မလဲ့လဲ့ဆွေက ဟိုတယ်အတွင်းဝင်၍ အခန်းထဲထိ လက်ပူးလက်ကြပ် ဖမ်းချင်သည်။သို့သော် မမကြီးက သဘောမတူ။ တော်နေကြာ ဟိုတယ်က ဝန်ထမ်းက သွားပြီး သတင်းပေးလိုက်ပါက နောက်ဖေးပေါက်မှ ထွက်သွားနိုင်သည်ဟု ရှင်းပြလေ၏။

 

ထိုသို့ဆိုတော့လည်း မလဲ့လဲ့ဆွေမှာ မခံချိမခံသာဖြင့် ဟိုတယ်ရှေ့ သစ်ပင်တပင် အကွယ်မှာ မမကြီးနဲ့အတူ စောင့်နေရတော့၏။ ထိုအချိန်သည် သူမအတွက် စိတ်အပင်ပန်းဆုံးနှင့်အကြာဆုံးသောကာလတခုဟု ထင်မိလေ၏။

 

မိနစ်၂၀သာသာခန့်မှာတော့ ဟိုတယ်ထဲမှ စုံတွဲတတွဲ ထွက်လာပါပြီ။နေကာမျက်မှန်ကိုယ်စီနှင့် အရှက်တရားကို ဖုံးကွယ်လာကြသည်။ထိုစုံတွဲမှာ မလဲ့လဲ့ဆွေ စောင့်မျှော်နေသော ကိုမျိုးဝင်းနှင့်မယားငယ် ဖြစ်လေ၏။

 

မလဲ့လဲ့ဆွေ ထိုမိန်းမကို မှတ်မိပါ၏။ လွန်ခဲ့သော ၆လက သူမအိမ်သို့ အမှုလာအပ်ဖူးသည်မဟုတ်လား။ ဆယ်နှစ်ဘီးကားသမား၏ မယား လှိုင်လှိုင်ဝင်းဆိုသူ ဖြစ်၏။ အိချောပိုကဲ့သို့ တောင့်တင်း၍ အချိုးကျလှပသော ခန္ဓာကိုယ် ရှိသူ လှိုင်လှိုင်ဝင်း။ဗမာစစ်စစ်ဟုတ်ဟန်မတူ။ လူမျိုးကွဲနှင့်တူလေ၏။ အဲ့သည်တုန်းက သူမယောက်ကျားထံ အမှုလာအပ်ခြင်း ဖြစ်သည်။

 

လှိုင်လှိုင်ဝင်း ယောက်ကျား ဆယ်နှစ်ဘီး ကားဆရာက တောင်ပေါ်ခရီးတခုတွင် လူနှစ်ယောက်စီးလာသော ဆိုင်ကယ်ကို တိုက်မိသွား၏။ ကံဆိုးစွာ ထိုလူနှစ်ယောက်လုံး သေဆုံးသွားကြသည်။ ထိုအမှုကို ရင်ဆိုင်ရန် ကိုမျိုးဝင်းထံ ရှေ့နေ လာငှားရမ်းခြင်း ဖြစ်လေ၏။ အဲ့ဒီကတည်းက လှိုင်လှိုင်ဝင်း၏ မျက်လုံးတွေကို မလဲ့လဲ့ဆွေ သဘောမတွေ့ခဲ့။ ကြာမူပါလှသည်ဟု အောက်မေ့ခဲ့သည်။ ယခုတော့ သူမ၏ အတွေးသဘောသည် မှန်ကန်နေကြောင်း သက်သေထူစရာမလိုတော့ပေ။မျက်လုံးနဲ့ တိုက်ရိုက်မြင်နေရပြီမဟုတ်လား။

 

ကြည့်ပါဦး။ သူများလင်ကို ပေါ်ပေါ်တင်တင် လက်ချင်းချိတ်လို့ ။ မှီနွဲ့လို့။

မူချင်တိုင်းမူ ၊ ကြူချင်တိုင်း ကြူနေလိုက်တာ။

 

တကယ် ပက်ပင်းတွေ့ရပြီဆိုတော့ မလဲ့လဲ့ဆွေ ဘာလုပ်ရမှန်းမသိတော့။ ဒူးတွေ တုန်လာ၏။ ရင်တွေ တဒိန်းဒိန်း ခုန်လာသည်။ ကိုမျိုး ငါ့အပေါ် လုပ်ရက်လိုက်တာဟူသော ခံစားချက်အတွေးက မျက်ရည်များ ဝဲတက်လာစေသည်။ ဒါပေမဲ့ သူမအသိုက်ကို လာဖျက်ဆီးတဲ့ စနှိုက်ကြော် ကောင်မကိုတော့ အလွတ်မပေးနိုင်။ အဲသည်တော့ မလဲ့လဲ့ဆွေ တယောက် စနှိုက်ကြော်မနဲ့ မျက်နှာချင်းဆိုင် တွေ့ကြပြီပေါ့။

 

မလဲ့လဲ့ဆွေကို မြင်လိုက်ရသော ကိုမျိုးဝင်း၏ မျက်နှာက သိသာစွာ ပျက်ယွင်းသွားသည်။ စကားပင် မဆိုနိုင်အောင် ဖြစ်သွားသည်။

 

အဲ့ဒီမှာ မလဲ့လဲ့ဆွေဟာ အရူးကြီးတပိုင်းလိုပါပဲ။ ငိုလိုက်ပြောလိုက် ထုလိုက် ရိုက်လိုက်ပဲပေါ့။ ဟိုတယောက်ကိုလည်း ရစရာမရှိအောင် ဆဲနည်းမျိုစုံနဲ့ ကော်ပက်တော့၏။ သိသိနဲ့ သူများလင်ကို ကြောင်တောင်နှိုက်ပါတယ်ဆိုမှ ဟိုကလည်း အရှက်ရှိပါ့မလားလေ။ ပြန်အော်၏။ ပြန်ဆဲ၏။

 

အဲ့ဒီတော့ နောက်ဆုံး လုံးထွေးသတ်ပုတ်ကြသည့်အဆင့်ထိ ဖြစ်ကုန်ကြလေ၏။ ဟိုတယ်ဝန်ထမ်းအချို့က ပြေးဆွဲ ရသည်။ ဖြန်ဖြေပေးရသည်။ အခြေအနေကိုကြည့်၍ လူစုခွဲပေးလိုက်ကြသည်။

 

သည်လိုနဲ့ မလဲ့လဲ့ဆွေနဲ့အတူ ကိုမျိုးဝင်းတယောက် ပြန်ပါသွားရလေတော့၏။ အိမ်ရောက်တော့ လင်မယားနှစ်ယောက် အကြီးအကျယ် စကားများကြသည်။ ကွဲမယ်ကွာမယ် အဆင့်ထိ ဖြစ်ကုန်ကြသည်။

 

သို့ပေမယ့် မကြာခင် နှစ်ဖက် မိဘများ ရောက်လာကြပြီး ဖောက်ပြန်သူ ကိုမျိုးဝင်းအား အပြစ်တင် ဆူပူမာန်မဲကြလေ၏။ ဒီတကြိမ် နောက်ဆုံးဖြစ်ပါစေဟု နှစ်ဖက်မိဘများ ရှေ့မှောက်၌ ဝန်ခံကတိပြုစေ၏။ မလဲ့လဲ့ဆွေကိုလည်း သားငယ်နှစ်ယောက်ရဲ့ ရှေ့ရေးကို ထောက်ရှု့၍ ကွဲကွာခြင်း မပြုရန် တောင်းပန်ကြသည်။ သို့ဖြင့် ထိုနေ့ညက ရန်ပွဲသည် အဆုံးသတ်သွားလေ၏။

 

_____________

 

အခန်း၃။

 

မုန်တိုင်းစဲတော့ လေပြေလာတတ်စမြဲ။ အခုတလော ကိုမျိုးဝင်းက ခြေငြိမ်နေသည်ဆိုတော့ မလဲ့လဲ့ဆွေလည်း ပူပူဆူဆူ မလုပ်တော့။ စနေတနင်္ဂနွေ ရုံးပိတ်ရက်တွေမှာ ကိုမျိုးဝင်း အိမ်မှာပဲ သားနှစ်ယောက်နဲ့ လုံးထွေးနေ၏။ ဒါပေမဲ့ ရုံးဖွင့်ရက်တွေမှာတော့ တခါတရံ အိမ်အပြန် နောက်ကျတတ်သည်။ ထိုအခါ ဖုန်းဆက်၍ သားငယ်ကို စကားပြောစေ၏။

 

” ဖေဖေကြီး ကျန်လာတေးဘူးလား၊ တားတားက ဖေဖေကြီးကို စောင့်နေရာ ၊ မြန်မြန် ကျန်ခဲ့တော့ ”

 

အဲ့ဒီလို သားငယ် ဝေယံမျိုးက ဖုန်းဆက်ရင် မကြာပါဘူး ကိုမျိုးဝင်း ပြန်ချလာတော့တာပေါ့။ ပြန်လာရင်တော့ သူ့မှာ အကြောင်းပြချက် တခုခုကတော့ ရှိစမြဲ။

 

ပြသနာဖြစ်ပြီး တလလောက်အကြာမှာတော့ ကိုမျိုးဝင်းဟာ ညတိုင်းနီးပါး အိမ်ပြန် နောက်ကျလာခဲ့၏။ အလုပ်ကိစ္စဆိုတော့ မလဲ့လဲ့ဆွေခမျာ မဆူသာမပူသာ။

 

” အကျဉ်းဦးစီးဌာနက ရစ်နေလို့ ၊ ကိုယ့်တရားခံနဲ့ စကားပြောဖို့ စောင့်နေရတာနဲ့ နောက်ကျသွားတယ် လဲ့ရေ”

 

” ဥပဒေအရာရှိက ခေါ်တွေ့လို့ စကားပြောနေရတာ လဲ့ရာ ၊ သူ ပြန်မှ ကိုယ်လည်း ပြန်လို့ရတာ ”

 

” ငယ်သူငယ်ချင်းတယောက်က ငွေကြေးအလိမ်ခံရလို့လေ ၊ ဘယ်လို အမှုဖွင့်ရမလဲ လာတိုင်ပင်တာနဲ့ နောက်ကျသွားတယ်နော် လဲ့၊ မိတ်ဆွေတို့ဝတ္တရား ရှိသကိုး ”

 

စသဖြင့် အကြောင်းအမျိုးမျိုးပြလာ၏။ ထပ်ခါထပ်ခါဆိုတော့ မလဲ့လဲ့ဆွေ စိတ်ထဲမှာ စနိုးစနှောက် ဖြစ်လာသည်။ ကိုမျိုးဝင်းရဲ့ ခြေလှမ်းပျက်လာတာကို သတိထားမိလာ၏။ ခုချိန်မှာ သူမ ဆူဆူပူပူ လုပ်လို့မဖြစ်။ တော်နေကြာ နာငြီးတယ်ဟု အကြောင်းပြကာ အပြင်ထွက်လိမ့်ဦးမည်။ သူမ ဘာလုပ်ရမည်ကို မစဉ်းတတ်တော့ချေ။

 

အဲ့ဒီတော့ သူမ တိုင်ပင်နေကျ မြေပွဲစား မမကြီးကိုပဲ ဖုန်းနဲ့ဆက်ပြီး တိုင်ပင်ရတော့တာပေါ့။ဒေါ်မမကြီးက …

 

” အင်း … မမက မလဲ့တို့လင်မယား အဆင်ပြေနေပြီလို့တောင် ထင်နေတာ။ အခုလို ကြားရတော့ တခုခုတော့ လုပ်မှ ဖြစ်မယ် မလဲ့ရေ ”

 

” ဟုတ် ပြောပါဦး မမကြီးရယ်၊ ကျမလည်း ဘာလုပ်ရမှန်းကို မသိတော့အောင်ပါပဲ။ အကြံကုန်နေပြီ။

ဟိုကောင်မနဲ့များ မပြတ်သေးတာလား မသိပါဘူး။ ညဘက် အိမ်ပြန်လာရင်လည်း ထမင်းတောင် တခါတလေမှ စားတယ်။ ပင်ပန်းတယ်ဆိုပြီး တခါတည်း အိပ်ရာဝင် ထိုးအိပ်တော့တာပဲ။

တကုတင်တည်း အတူအိပ်နေရပေမယ့် လင်ရယ် မယားရယ်လို့တောင် ဟုတ်သေးရဲ့လား မသိပါဘူး။ ကန်တော့ပါရဲ့ မမကြီးရယ်။ အတူတူ မနေဖြစ်တာ ကြာပြီ။ ကျမကိုလည်း စိတ်မဝင်စားတော့ဘူးနဲ့တူပါတယ်။ ကျောပေးအိပ်တယ်။

ကျမဖြင့် အဲ့ဒီအကြောင်းကို တွေးမိတိုင်း ငရဲကျနေသလိုပါပဲ။ ဘာလုပ်ရမလဲ အကြံပေးပါဦးနော် ”

 

” အင်း … အဲ့ဒါဆိုရင်တော့ ညီမလေးကို တခု အကြံပေးမယ်လေ။ လုပ်ချင်ရင် လုပ်ပေါ့။ တိုက်တော့ မတိုက်တွန်းပါဘူး။

မမကြီးတို့ မြေပွဲစားတွေမှာ ရောင်းမစွံတဲ့ မြေကွက်ကို ထွက်အောင်၊ ရောင်းရအောင် ကူညီပေးတဲ့ ပုဂ္ဂိုလ်တဦးရှိသကွဲ့။

အဲ့ဒီဆရာက လောကီပညာရပ်မှာ အတော် ကျွမ်းကျင်တာ။ သက်မဲ့ ဖြစ်တဲ့ မြေကွက်တို့ အိမ်တို့တောင် ရောင်းစွံအောင် လုပ်ပေးနိုင်တယ်ဆိုရင်၊ ငါ့ညီမလေးရဲ့ ယောက်ကျား ငါ့ညီမဆီ စိတ်လည်လာအောင် လုပ်ပေးဖို့ ခက်ခဲမှာ မဟုတ်ဘူး ။

ယုံကြည်ရင် ဆရာ ခိုင်းတဲ့အတိုင်းလုပ်ပေါ့။ မယုံကြည်ရင် မလုပ်နဲ့။ ဆရာနဲ့ တွေ့ကြည့်လိုက် ညီမလေးရေ၊ အဆင်ပြေသွားလိမ့်မယ် ၊ မမတို့တော့ လက်တွေ့ အဆင်ပြေတာပဲ၊

ဆရာက အဝေးကြီးမဟုတ်ဘူး၊ စစ်ကိုင်းမြို့ ငါးထပ်ကြီးဘုရားနားမှာ နေတယ်။ ညီမလေး သွားချင်ရင် မမ လိုက်ပို့ပေးမယ်လေ ”

 

ဒီအချိန်မှာ ရေနစ်သူ တယောက်ပမာ မလဲ့လဲ့ဆွေခမျာ ကောက်ရိုးမျှင်ကိုလည်း ဆွဲရတော့မှာပဲ မဟုတ်လား။ အဲ့ဒီတော့ မလဲ့လဲ့ဆွေသည် မမကြီး လမ်းညွှန်သည့် ဆရာဆိုသော လောကီရေးရာ ပုဂ္ဂိုလ်အား တွေ့ကြည့်ရန် ဆုံးဖြတ်လိုက်လေ၏။ဟိုရောက်မှ လုပ်သင့် မလုပ်သင့် ဝေဘန်ဆုံးဖြတ်တော့မည်။

 

နောက်တနေ့ နေ့လယ်ပိုင်းမှာ မလဲ့လဲ့ဆွေသည် မြေပွဲစား ဒေါ်မမကြီးနှင့်အတူ စစ်ကိုင်းမြို့ ငါးထပ်ကြီး ဘုရားအနီးက လောကီဆရာထံသို့ ထွက်လာခဲ့၏။

 

ဒေါ်မမကြီးကပဲ ရှေ့ဆောင်ပြီး စကားဦးသမ်းကာ မလဲ့လဲ့ဆွေ၏ လတ်တလော ဖြစ်အင်တွေကို ပြောသွားသည်။ တခု သတိထားမိတာက ထိုလောကီဆရာသည် ဒေါ်မမကြီး ပြောစကားကို လေးလေးနက်နက် နားစိုက်ထောင်ခြင်း၊ တခွန်းတပါဒမှ ဝင်မပြောခြင်းပင်။ ဒေါ်မမကြီးသည် ဆရာ၏ပညာစွမ်းကို မလဲ့လဲ့ဆွေ သိရှိနိုင်ရန်အတွက် ကိုမျိုးဝင်း ဖောက်ပြန်နေသည် ဇာတ်လမ်းကို မပြောပဲ ချန်လှပ်ထားခဲ့သည်။

 

နုတ်ခမ်းမွှေးထူထူ မျက်ခုံးကောင်းကောင်းနှင့် လောကီဆရာသည် ဒေါ်မမကြီး ပြောသမျှကို အာရုံစူးစိုက် နားထောင်ပေးပြီးနောက် ၊

 

မလဲ့လဲ့ဆွေဘက်သို့ လှည့်၍ စူးရှသော မျက်လုံးအစုံဖြင့် ကြည့်ပြီး၊

 

” အိမ်သားရဲ့ မွေးနံရယ် ခုနှစ်ရယ် အဲ့စာအုပ်ပေါ် ချရေးလိုက် ၊ ရေးတဲ့အခါ ရေးနေကျလို မရေးပဲ အပေါ်အောက် ဒေါင်လိုက် ရေးပါ ”

 

မလဲ့လဲ့ဆွေလည်း ဆရာပြောသည့်အတိုင်း သူမ၏ ခင်ပွန်း ကိုမျိုးဝင်း၏ မွေးနံနှင့် မွေးသက္ကရာဇ်ကို ဒေါင်လိုက် ရေးပေးလိုက်၏။

 

ဆရာသည် သူ့လက်ထဲ ရောက်လာသော စာအုပ်မှ မလဲ့လဲ့ဆွေ ရေးမှတ်ထားသော စာရွက်ကို ဆုတ်ဖြဲယူလိုက်ပြီး အလိပ်သဖွယ် လိပ်လိုက်သည်။ အလယ်တွင် ဖယောင်းတိုင်သွပ်ထည့်လိုက်၏။

 

ထိုဖယောင်းအလိပ်ကို ယူ၍ နောက်ကျောဘက်က ကန်တော့ပွဲထဲသို့ ထည့်ပြီး မျက်စိကို စုံမှိတ်ကာ ပါးစပ်မှ ဆီမန်း မန်းသကဲ့သို့ တတွတ်တွတ်ဖြင့် ရေရွတ်၏။ ပြီးသော် ၃မိနစ်ခန့်ကြာသည်အထိ ငြိမ်သက်စွာ အာရုံပြုနေလေ၏။ တအောင့်ခန့်ကြာသော် ဆရာသည် မလဲ့လဲ့ဆွေဘက်သို့ ပြန်လှည့်လာကာ အလွန်တည်ငြိမ်သော အိနြေ္ဒဖြင့် …

 

” ဒီက နှမရဲ့ အိမ်သားက အပြင်မှာ တခြားမိန်းမနဲ့ ဖောက်ပြန်နေတာပါလား…၊ အဲ့ဒီမိန်းမက ကိုယ်လုံးခပ်တောင့်တောင့်နဲ့ ယဉ်ညိုချော မဟုတ်လား ၊ ငါ့နှမထက် ငယ်လည်းငယ် ချောလည်း ချောသကွဲ့ ၊ ဟုတ်ရဲ့လား”

 

ဆရာသည် ထိုသို့ ပြောအပြီး၊ ထပ်မံ အာရုံယူဟန်ဖြင့် မျက်လုံးအစုံကို မှိတ်လျက်သား ရှိနေပြန်သည်။ မလဲ့လဲ့ဆွေကတော့ အလွန်အမင်း အံဩနေ၍ ခေါင်းကိုသာ ငြိမ့်ပြခြင်းဖြင့်သာ ဝန်ခံရှာ၏။

 

” လူမျိုးကွဲလည်း ဖြစ်သကွဲ့ ၊ အင်း… ဒင်းက လောကီအစွမ်းလည်း ရှိသမို့ နှမကြီးရဲ့ အိမ်သားကို လောကီအစီအရင်ဖြစ်တဲ့ အင်းအတတ်နဲ့ ချုပ်ထားလေရဲ့ ။ ဒါကြောင့် နှမကြီးရဲ့ အိမ်သားဟာ အဲ့ဒီမိန်းမအပေါ် အစွဲကြီး စွဲနေတော့တာကိုး ၊ ဒီလို အစီအရင်မျိုး စီရင်ခံရသူက မြစ်ကူးချောင်းချားတောင် မနေနိုင်ဘူး ငါ့နှမရေ။ တမ်းတမ်းစွဲ လိုက်လေ့ရှိတယ်။

ဒါပေမဲ့ မပူပါနဲ့။ သူ လုပ်ထားတဲ့အင်းက ‘သုဝဏ္ဏဂေဟအစီအရင်’ဆိုတော့ ဖျက်ရလွယ်ပါတယ်။

ဖျက်ဖို့တော့ အစီအရင်တချို့ ငါ့နှမကြီးဘက်က လုပ်ပေးရလိမ့်မယ်။ လုပ်ကော လုပ်နိုင်ပါ့မလား ”

 

” ကျမ ယောက်ကျားသာ ပြန်ပြီး စိတ်လည်လာမယ်ဆိုရင် ကျမ ဘာပဲလုပ်ရလုပ်ရ လုပ်ပါ့မယ် ဆရာ၊ လုပ်ရမယ့် အစီအရင်ကိုသာ ပြောပါ ”

 

” ဒဏ်(တန်)ပြန်အစီအရင် လုပ်ရမယ် ၊ အခု လုပ်လို့ မရသေးဘူး ၊ လာမယ့် လကွယ်ညကျ ရင် ဆရာ အစီအရင် တခုကို အသက်သွင်း ပေးလိုက်မယ် ၊

အဲ့ဒီ ဆရာပေးမယ့်အစီအရင်ရယ် ၊ ငါ့နှမရဲ့ ချိုးရေတခွက်ရယ် ရောပြီး သုံးရမယ် ။ ဘယ်လို ချိုးရေလဲဆိုတော့ ငါ့နှမကြီးက မီးနေထမိန်တထည်ကို ဝတ်ပြီး ဦးခေါင်းပေါ်က လောင်းချိုးတဲ့ ချိုးရေကို ခြေဖျားအောက်ကနေ ခံယူထားရမယ်ကွဲ့။ လုပ်ရမယ့် အစီအစဉ်ကတော့ … …. … ”

 

ဆရာက အစီအစဉ်ကို ပြောပြသည်။ နားမလည်ကို မလဲ့လဲ့ဆွေက ပြန်မေးခွန်းထုတ်၏။ အစီအစဉ်ကို နားလည်သည့်အခါ မလဲ့လဲ့ဆွေက ၎င်းနည်းအတိုင်း တသွေမတိမ်း လုပ်ဆောင်ပါမည်ဟု ဝန်ခံ၏။

 

ဆရာလည်း လကွယ်ည ကျော်လွန်သည့် နောက်တရက်တွင် ၎င်းစီမံထားသော အစီအရင်ကို လာယူပါရန် မှာလိုက်လေ၏။

 

____________

 

အခန်း၄။

 

မလဲ့လဲ့ဆွေသည် ဆရာထံမှ အစီအရင်ကို ရသည့်အခါ ထိုအစီအရင်နှင့် မိန်းမချိုးရေတို့ကို ရောနှောလိုက်သည်။

ပြီးသော ရေသန့်ဘူးငယ်တဘူးတွင် ထည့်ထားလိုက်၏။ မိန်းမ မီးနေသည် ထမိန်ကိုတော့ အရပ်လက်သည် မငွေကိုပဲ ပိုက်ဆံပေး ရှာခိုင်းလိုက်၏။ ငွေပေးတော့ အလွယ်တကူ ရလာခဲ့သည်။ ချိုးရေသည် ထိုမိန်းမမီးနေသည်ထမိန်ကို ဝတ်၍ သူမ ချိုးထားသော ရေကို ခံထားခြင်းဖြစ်ပါသည်။

 

” ငါ ဒီလိုလုပ်တာ သင့်တော်ပါ့မလား၊ ဒါ အောက်လမ်းအတတ်ပညာတွေလို့ ကြားဖူးထားတော့ ငါ့ယောက်ကျားမှာရော ဘေးဥပါဒ် မဖြစ်နိုင်ဘူးလား ”

 

ထိုရေသန့်ဘူးကို လက်ထဲမှ ကိုင်ကြည့်ရင်း မလဲ့လဲ့ဆွေသည် ချီတုံချတုံ ဖြစ်နေရှာ၏။ ယောက်ကျားအပေါ် ဘေးဥပါဒ် သက်ရောက်မှာကိုလည်း ခမျာမှာ စိုးရိမ်နေရှာ၏။

 

သို့ပေမယ့် လူမမယ် သားငယ်နှစ်ယောက်ရဲ့ မျက်နှာကို ပြန်လည် မြင်ယောင်မိလေတော့ …

 

” အို … ဒင်းကတောင် ငါ့ယောက်ကျားကို စွဲလန်းအောင် ပြုစားထားသေးတာပဲ၊ ငါ ဒီလိုမှ မလုပ်ရင် ငါ့သားလေးနှစ်ယောက် အဖေခေါ်စရာ မရှိပဲ ဖြစ်နေရှာလိမ့်မယ်။ ငါ သနားနေလို့ မဖြစ်ဘူး။

ပြီးတော့ ဆရာကလည်း အသေအချာ မှာလိုက်တာပဲ။ လိုတာထက် ပိုမသုံးရင် ယောက်ကျားဖြစ်သူမှာ ဘေးမသက်ရောက်စေရပါဘူးတဲ့။

ဘာဖြစ်ဖြစ် ငါ လုပ်ကို လုပ်ရမယ်။ဟုတ်တယ်။ ငါ့ယောက်ကျား ငါ့ဆီ ငါပြန်လာအောင် လုပ်ကို လုပ်ရမယ် ”

 

ထိုသို့ ဆုံးဖြတ်ပြီးသောအခါ မလဲ့လဲ့ဆွေသည် ကိုမျိုးဝင်းအတွက် မနက်စာ ပြင်လေ၏။ ထမင်းဝိုင်းတွင် သောက်ရေ တခွက်လည်းရှိလေ၏။ ထိုရေခွက်ထဲသို့ အစီအရင် ပြုထားသော ရေအနည်းငယ် ထည့်ရောထားလိုက်သည်။ ဟင်းချိုပန်းကန်ထဲလည်း တစက်မျှ ထည့်၏။ထမင်းပန်းကန်ပေါ်သို့လည်း တစက်မျှ ချ၏။

 

ပြီးသော် ထိုရေဖန်ခွက်အား သူမ၏ လက်ဖြင့် ထိတွေ့ထားပြီး ဆရာသင်ပေးလိုက်သည့်အတိုင်း ရွတ်ဆိုလေ၏။

 

” ဥုံ သိဒ္ဓိတော်ဝင် ဤပွဲတော် ၊ ကြာသာပတေးသားကြီး စားတော်ခေါ်၊

စားတော်ခေါ်လို့ ဝသော် ၊ ငါ့အပေါ် ချက်ချင်း စိတ်လည်ပါစေသောဝ် ”

 

ထိုသို့ ပါးစပ်မှ အသံထွက်ကာ ခုနှစ်ခါတိတိ စုပ်လေ၏။ ဂါထာ စုပ်ပြီးသော် မလဲ့သည် သက်ပြင်းကို ဟူးခနဲ ချလေ၏။

 

သူမ ထမင်းဝိုင်းမှာ ပြင်နေတုန်း ကိုမျိုးဝင်းသည် ထမင်းစားခန်း အတွင်းသို့ ဝင်လာ၏။

 

” လဲ့ ကိုယ် ထမင်းစားတော့မယ်။ ဒီကနေ့ အမှုသည်တယောက်နဲ့ ချိန်းထားလို့ စောစော သွားရမယ် ”

 

ကိုမျိုးဝင်းက ထမင်းစားပွဲဝိုင်းရှေ့မှ ခုံတလုံးကို ယူထိုင်ရင်း ထိုသို့ပြောလိုက်သည်။ မလဲ့မှာ လက်ထဲတွင် အစီအရင်ပြုထားသော ရေသန့်ဘူးငယ်ကို ကိုင်ထားလျက် ယောင်ကန်းကန်း ဖြစ်သွားသည်။ တော်သေးသည်ဟုပြောရမည်။ အစီအရင် ပြုထားသော ရေမှာ ရောယှက်ပြီး ဖြစ်လေ၏။

 

” အင်း ကိုမျိုး … အရန်သင့် စားရုံပဲလေ ၊ အကုန်ပြင်ထားပြီးပြီ ”

 

ကိုမျိုး ထမင်းစားနေတုန်းမှာ မလဲ့သည် အပြင်ကို ထွက်လာခဲ့၏။

 

” ဟူး တော်ပါသေးရဲ့၊ ငါ သူသောက်မယ့် ရေခွက်ထဲ ရောထည့်နေတာကို မမြင်သွားလို့ …”

 

ထိုအခိုက် အငယ်ကောင် ဝေယံမျိုးက အခန်းထဲမှ ဗြဲခနဲ အော်ဟစ် ငိုယိုသံကြောင့် မလဲ့သည် လက်ထဲက ရေသန့်ဘူးကို တီဗွီစင်ပေါ် တင်ထားခဲ့ပြီး အခန်းထဲသို့ ပြေးဝင်သွားလေ၏။

 

အခန်းထဲမှာ သားငယ် ဝေယံမျိုး အိပ်ရာမှ နိုးလာခြင်းဖြစ်ပြီး ၊ အမေကို မတွေ့ရ၍ အော်ငိုခြင်းသာ ။ မလဲ့သည် သားငယ်ကို ပွေ့ချီ ချော့မော့လိုက်သည်။ ကလေးငယ်မှာ အတော်နှင့် အငိုမတိတ်။

 

” လဲ့ရေ … ကိုယ် ရုံးသွားပြီနော် ၊ ခြံတံခါး စေ့ရုံ စေ့ထားခဲ့မယ်။ တော်နေကြာ မင်း အလုပ်သမားတွေ ရောက်လာတော့မယ်မဟုတ်လား ”

 

” အင်း အင်း ၊ ရတယ် ကိုမျိုး ၊ တံခါးကို စေ့ရုံပဲ စေ့ထားခဲ့ ၊ ခဏနေ စန္ဒီတို့ ရောက်တော့မှာပါ ”

 

မလဲ့လည်း ကလေးကို အငိုတိတ်အောင် ချော့နေတုန်းမို့ ၊ အခန်းထဲကနေပဲ နုတ်ဆက်လိုက်သည်။

 

သည်လိုနဲ့ နေ့လယ် ၁၀နာရီခွဲလောက်ကျမှ မလဲ့သည် အစီအရင် ပြုလုပ်ထားသော သောက်ရေသန့်ဘူးကို သတိရကာ တီဗွီစင်ရှေ့သို့ ရောက်သွားလေ၏။ မလဲ့ တီဗွီစင်ရှေ့ ရောက်သည့်အခါ မျက်လုံးပြူးသွားသည်။

 

အစီအရင် ပြုလုပ်ထားသော ရေသန့်ဘူးမှာ မရှိတော့ချေ။ သို့ဖြင့် ဈေးအကူရောင်း ဝန်ထမ်းများ ဖြစ်ကြသော စန္ဒီနှင့်လှလှမူကို မေးမြန်းကြည့်သည်။ ထိုနှစ်ယောက်ကလည်း သူတို့ မယူပါ။ မသိပါဟုဆိုကြလေ၏။ မလဲ့ ခေါင်းခြောက်သွားသည်။ ရေသန့်ဘူးက ဘယ်ကို ခြေထောက်ပေါက် လမ်းလျှောက်သွားလို့လဲပေါ့။

 

နောက်တော့ သူမ သတိရသွားသည်။ ကိုမျိုးဝင်းများ ရေသန့်ဘူးအမှတ်နဲ့ ယူသွားသလားပေါ့။ သေချာအောင် သူမ ဖုန်းဆက် မေးလိုက်သည်။

 

ကိုမျိုးဝင်းဘက်မှ အရေးတကြီးဖြစ်ဟန်နှင့် …

 

” လဲ့ … ကိုယ် တရားခွင် ဝင်ရတော့မှာ ၊ ဘာကိစ္စလဲ ၊ အရေးမကြီးရင် နောက်မှ ကိုယ်ပြန်ခေါ်လိုက်မယ် ”

 

” မဟုတ်ဘူး ကိုမျိုး ၊ တီဗွီစင်ပေါ်က ရေသန့်ဘူး ကိုမျိုး ယူသွားသေးလားလို့ မေးမလို့ပါ ”

 

” ဟာကွာ … ဘာများလဲလို့ ၊ အေး ဟုတ်တယ် ကိုယ်ယူလာခဲ့တယ် … ဒါပဲ ဒါပဲ … တရားခွင်စတော့မယ် ”

 

ထိုသို့ ပြောအပြီး ကိုမျိုးဝင်းက ဖုန်းကို ချသွားလေ၏။ မလဲ့လဲ့ဆွေမှာ ပြောချင်တာတောင် မပြောလိုက်ရ။

 

” တစက် နှစ်စက်ဆို လုံလောက်ပြီ၊ အများကြီး သောက်မိရင် စိတ်ဂယောင်ချောက်ချား ဖြစ်တတ်တယ် ”

 

ဆရာ အသေအချာ မှာလိုက်သော စကားကို အခုမှ နားထဲ ကြားယောင်လာတော့သည်။

 

_____________

 

အခန်း ၅။

 

ဟိုတယ်တစ်ခု၏ အိပ်ခန်းတခန်းတွင် ကိုမျိုးဝင်းသည် မလှိုင်လှိုင်ဝင်းနှင့်အတူ ကုတင်ပေါ်၌ ရှိနေလေ၏။

 

တကယ်တော့ ကိုမျိုးဝင်းသည် လှပသော၊ ဆွဲဆောင်မှု အပြည့်ရှိသော၊ရမ္မက်ကြီးသော လှိုင်လှိုင်ဝင်း၏ အပြုအစုအောက်မှာ သာယာနေပြီ ဖြစ်၏။

 

” ကိုကို … လှိုင့်ကို ချစ်လား ”

 

ကိုမျိုးဝင်း၏ ရင်ခွင်ထဲမှ လှိုင်လှိုင်ဝင်းက ကြာမူပါပါ မျက်လုံးလေးဝင့်ကာ မေးလိုက်၏။မောဟိုက်သံ အလိုပြည့်သွားဟန်နှင့် ချွဲပြစ်ပြစ် သူမ၏ လေသံအောက်မှာ အပျော်ကြီး ပျော်မြူးနေသော ကိုမျိုးဝင်းက …

 

” သိပ်ချစ် … အရမ်းချစ် ၊ ချစ်လို့ကို မဝနိုင်အောင်ပါပဲ လှိုင်ရယ် ”

 

” ဒါဆိုရင် … လှိုင့်ကို ကိုကို လက်ထပ်မှာလားဟင် ၊ လှိုင်တို့ အတူတူ လွတ်လွတ်လပ်လပ်ကြီး ပျော်ကြရအောင်လေ။ အခုလိုနေရတာကျ ကိုကို့မယားကြီးရန်ကို ကြောက်နေရတယ် ကိုကိုရဲ့ ၊ ဗိုက်ပူခါးတုတ်နဲ့ အဲ့ဒီမိန်းမကို ကွာပစ်လိုက်ပါလားကိုကိုရာ နော် ဘာမှလည်း မက်စရာမရှိပါဘူး”

 

” ဟူး … လှိုင်က ပြောတော့ အလွယ်လေး ၊ ကိုကိုလည်း သူ့ကို ကွာချင်တာပေါ့ ၊ ဒါပေမဲ့ လောလောဆယ်က မလွယ်သေးဘူး အချစ်ရဲ့။

ကဲပါ လှိုင်ရယ်၊ ကိုကို ကြံပါဦးမယ်၊ ကိုကိုလည်း အပြစ်လွတ် ၊ သူနဲ့လည်း ကွာရှင်းပြီး ၊ လှိုင်နဲ့ အတူတူနေရအောင် ကိုကို စီစဉ်ပါ့မယ်။

ကိုကိုက ဥပဒေသမားဆိုတော့ ၊ ဥပဒေကြောင်းအရ အပြစ်မဖြစ်အောင် လုပ်ဖို့ လိုတယ်လေ။

စိတ်မပူပါနဲ့ အချစ်ကလေးရယ်၊ ကိုကို အခုဆို သူနဲ့ အတူမနေတာ ကြာပြီ ၊ သူလည်း တဖြေးဖြေး ကိုကို့ကို စိတ်ကုန်ခမ်းလာမှာပါ။သူ့ဘက်ကတောင် ကိုကို့ကို ကွာရှင်းခွင့် အရင်တောင်းလာမလား မသိဘူးရယ်။

ကဲပါကွာ … အချိန်ရှိတုန်းလေး ကိုကိုတို့ နောက်တခေါက်လောက် ချစ်ကြရအောင်နော် …”

 

” ဟွန်း ဒါမျိုးတော့ သူ တော်တော်တတ်၊ အဲ့ဒါဆို ခဏနေဦး ၊ လှိုင် ရေချိုးခန်း ခဏဝင်လိုက်ဦးမယ် ”

 

လှိုင်လှိုင်ဝင်းက ကိုမျိုးဝင်းရင်ခွင်ထဲမှ လူးလဲ ထလိုက်ပြီး ရေချိုးခန်းထဲသို့ ဝင်သွား၏။ ကိုမျိုးဝင်းသည် လှိုင်လှိုင်ဝင်း၏ နောက်ပိုင်းအလှကို တပ်မက်စွာ ကြည့်ရင်း အာခေါင်ခြောက်လာဟန်တူ၏။ သူ အိမ်က ယူလာသော ရေသန့်ဘူးထဲမှ ရေကို တဂွတ်ဂွတ်နဲ့ အငမ်းမရ မော့သောက်ချလိုက်သည်။ ထိုရေသန့်ဘူးသည် သူ တီဗွီစင်ပေါ်မှ ယူလာသော ရေသန့်ဘူး ဖြစ်သည်။

 

ရေသန့်ဘူးကို သောက်ရသည်မှာ ဒီတခါ ချိုနေသလားပင်။ အိမ်က မိန်းမ မလဲ့သည် ရေးကြီးခွင်ကျယ် လုပ်ပြီး ဒီရေသန့်ဘူးကို ယူသွားသလားဟု ဖုန်းဆက်ကာ တကူးတက မေးနေသေးသည်။

 

အင်း အခုတလော မလဲ့ကို ကြည့်ရတာလည်း ကြောင်တာင်တောင်ဟု ကိုမျိုးဝင်း စိတ်ထဲ တွေးလိုက်မိသည်။

 

ရေသောက်ပြီးသည့်အခါ သူ၏ စိတ်သည် တမျိုးကြီး ဖြစ်လာ၏။ ရေသောက်ရင် ရင်ထဲ အေးမြသွားရမည့်အစား အခု သူ့ရင်ထဲ ပူလောင်လာသလိုပင်။ ပြီးတော့ အဲကွန်းဖွင့်ထားသော ဤအခန်းသည် တငွေ့ငွေ့ ပူလာသည်ဟုလည်း ခံစားလာရသည်။

 

မျက်လုံးတွေထဲမှာ အခန်းနံရံသည် နီးလာလိုက် ဝေးသွားလိုက် ဖြစ်နေ၏။

ကိုမျိုးဝင်း ခေါင်းကို အသာခါရမ်းလိုက်မိသည်။သို့သော် ပို၍သာ ဆိုးလာလေ၏။ အခန်းသည် မျက်လုံးထဲ ချာချာလည်နေတော့၏။ သူ အားနည်းသွားတာလား ဟု တွေးမိပြန်၏။ မဖြစ်နိုင် ဒီဟိုတယ်မလာခင် သူ Top roll အားဆေး တလုံး သောက်လာခဲ့သည်ပဲ။ မျက်လုံးအစုံကို တအောင့်မျှ ပိတ်ထားလိုက်၏။

 

မျက်လုံးကို မှိတ်လိုက်မှ ပိုဆိုးသွားသည်။ သူ၏ အာရုံထဲတွင် ခေါင်းစုတ်ဖွားနှင့် အရိုးပြိုင်းပြိုင်း ထနေသော ရုပ်ပျက်ဆင်းပျက် မိန်းမတယောက်ကို မြင်တွေ့လိုက်ရသည်။

 

ထိုရုပ်ဆင်းအင်္ဂါ ပျက်ယွင်းနေသော မိန်းမသည် သူ့အား ပြီတီတီ မျက်နှာပေနှင့် ကြည့်နေလေ၏။ ပါးစပ်က ဟလာ၏။ စကားပြောခြင်း ဖြစ်မည်။ ထိုအခါ ထိုမိန်းမ ပါးစပ်မှ အပုပ်နံ့တွေ ဟောင်ထလာ၏။ အခန်းတခုလုံး အပုပ်နံ့ကြီးက ဆိုးဆိုးရွားရွား ဖုံးလွှမ်းသွားသည်။ ထိုအနံ့သည် လူသေပုပ်နံ့နှင့် တူလေ၏။ ကိုယ်တွင်းရောဂါဖြင့် သေလွန်ပြီးနောက် ၃ရက်မျှအကြာတွင် ထွက်လာတတ်သော အလောင်းကောင်၏ အပုပ်နံ့ အလွန်တူလေ၏။တခန်းလုံး အပုပ်နံ့က ထောင်းထောင်းထလာ၏။ ကိုမျိုးဝင်းသည် မျက်လုံးကိုသာမက နှာခေါင်းကိုပါ လက်ဖြင့် ပိတ်လိုက်မိသည်။

 

သူ မည်မျှ ကြာအောင် မျက်လုံးကို မှိတ်ထားမိသည် မသိ။ သူ့အနီးသို့ ရေချိုးခန်းမှ အမွှေးနံ့သာ ဆွတ်ဖျန်းလာသော လှိုင်လှိုင်ဝင်း ပြန်ရောက်လာသည်ကိုပင် သတိမထားမိချေ။

 

လှိုင်လှိုင်ဝင်းက ကိုမျိုးဝင်း၏ မဲ့ရှုံ့နေသော မျက်နှာအနေအထားကို ကြည့်၍ ကိုကို ဘာဖြစ်နေတာလဲကွာဟု ချွဲချွဲနွဲ့နွဲ့ဖြင့် မေးလိုက်သည်။

 

ထိုအသံသည် ကိုမျိုးဝင်းနားထဲတွင်တော့ ခါတိုင်းကဲ့သို့ ပျော်ဝင်မသွား။ အက်ကွဲ ရှတတနိုင်သော အသံဆိုးကြီးတခုက သူ့အနီး ကပ်ခါ ပြောလိုက်သကဲ့သို့ ဖြစ်သွားလေတော့၏။

 

ကိုမျိုးဝင်းသည် စိတ်ကယောင်ချောက်ချား ဖြစ်ကာ မျက်လုံးကို ဖွင့်ကြည့်လိုက်၏။ သူ့ရှေ့တည့်တည့်တွင် အရိုးပေါ်အရေတင် ခြောက်သယောင်းသောကိုယ်နှင့် အရိုးခေါင်းကို ပြောင်းဖူးမွှေးစွပ်ပေးထားသည် မျက်နှာကြီးအား မြင်တွေ့လိုက်ရသည့်အခါ …

 

” အား ! အံမယ်လေး ဘာကြီးလဲ

ထွက်သွား ထွက်သွား … ငါ့အနားက ထွက်သွား ”

 

ကိုမျိုးဝင်းသည် ကြောက်လန့်လွန်း၍ ကုတင်ပေါ်မှ ခုန်ထလိုက်မိသည်။ ချွတ်ထားသော အဝတ်တို့ကိုပင် မဝတ်နိုင် ၊ ကိုယ်လုံးတီးကြီးဖြင့် ကြောက်လန့်တကြား အော်ဟစ်နေခြင်း ဖြစ်သည်။

 

” ကိုကို ဘာဖြစ်နေတာလဲ ၊ လှိုင့်ကို နောက်နေတာလား ၊ တော်ပြီကွာ ၊ အဲ့သလိုကြီး ဆက်မနောက်နဲ့ ၊ လှိုင် ကြောက်လာပြီ ”

 

လှိုင်လှိုင်ဝင်းမှာ သူမအား ကိုမျိုးဝင်းက စနောက်နေသည်ဟု အောက်မေ့နေ၏။ ကိုမျိုးကား အမှန်တကယ် ကြောက်လန့်နေခြင်း ဖြစ်သည်။

 

လှိုင်လှိုင်ဝင်းသည် ကုတင်ပေါ်မှ ဆင်းကာ ကိုမျိုးဝင်း ရပ်နေရာသို့ လျှောက်သွားလေ၏။ ကိုမျိုးဝင်းက ကြောက်လွန်းလို့ တကိုယ်လုံး တုန်ရီနေသည်။ ကိုမျိုးဝင်း မျက်လုံးထဲမှာ လှိုင်လှိုင်ဝင်း၏ အလှအပတို့ကို မမြင်တော့။ အလွန်ကြောက်မက်ဖွယ်ရာကောင်းသော သရဲမကြီးတကောင်ဟုသာ မြင်မိနေခြင်း ဖြစ်ပါ၏။

 

လှိုင်လှိုင်ဝင်းက ရှေ့သို့ တိုးလာလေ ကိုမျိုးဝင်းက ကြောက်လန့်ပြီး နောက်ကို ဆုတ်လေ ဖြစ်နေ၏။ မကြာမီ ကိုမျိုးဝင်းသည် အခန်းနံရံက စားပွဲပုလေး အနီးသို့ ရောက်သွား၏။ ထိုစားပွဲပေါ်တွင် သူတို့ စားသောက်ထားသော စားကြွင်းစားကျန်ပန်းကန်များ၊ ဘီယာပုလင်းများ ဖန်ခွက်များ ရှိသည်။

 

ကိုမျိုးဝင်းသည် သူထံ တလှမ်းချင်း တိုးကပ်လာသော လှိုင်လှိုင်ဝင်းအား သရဲမကြီးတကောင်ဟု ထင်ယောင်မြင်မှားလာသည့်အခါ …

 

” နင် နင် … ရှေ့တိုးမလာနဲ့နော်၊ ငါ့နား ကပ်မလာနဲ့ … သွား သွား ထွက်သွား … ”

 

လှိုင်လှိုင်ဝင်းသည် ကိုမျိုးဝင်း၏ ထူးဆန်းသော အပြုအမူကို မြင်တွေ့နေရသည့်အခါ စိတ်ကောက်ဟန်ဖြင့် ခြေဆောင့်ကာ အော်လိုက်၏။

 

” ကိုကိုး ဘာဖြစ်နေတာလဲ ”

 

ဒါပေမဲ့ အဲ့ဒီအသံကိုတော့ ကိုမျိုးဝင်းနားထဲတွင် …

 

” နင့်ကို ငါ ဂုတ်ချိုးသတ်မယ် ” ဟု ကြားယောင်ကာ သူ့အနီးက စားပွဲပုပေါ်က ပန်းကန်ပြားတို့ကို ကောက်ယူ၍ လှိုင်လှိုင်ဝင်းထံသို့ ပစ်ပေါက်လေ၏။

 

” ခွမ်း ခလွမ်း ”

 

” ဖောင်း ဒိုင်း ”

 

လှိုင်လှိုင်ဝင်း ဒီတခါတော့ တကယ်လန့်သွားသည်။ ကိုမျိုးဝင်းက တကယ် ပစ်ပေါက်နေတာမဟုတ်လား ။ ပစ်ပေါက်နေတာမှ ပန်းကန်ပြားတွေ၊ ဖန်ခွက်တွေသာမက ပုလင်းခွံများနဲ့ပါ ပစ်ပေါက်နေပြီ ဖြစ်သည်။ တခန်းလုံးသည် ပုလင်းပစ်သံ ၊ ကျကွဲသံ ၊ အော်ဟစ်သံတို့ဖြင့် ဆူညံပွက်လောရိုက်ကုန်၏။

 

တကြိမ်တွင် ပစ်လိုက်သောဖန်ခွက်က လှိုင်လှိုင်ဝင်း၏ ပခုန်းစွန်းကို ထိမှန်ကာ လဲကျသွားတော့လေ၏။ ကိုမျိုးဝင်း၏ အမူအယာမှာလည်း ကြောက်ရွံစဖွယ် ဖြစ်လာ၏။ လဲကျသွားသော လှိုင်လှိုင်ဝင်းအား အဆုံးသတ်ရန် စားပွဲပေါ် အလှတင်ထားသော ဖန်ပန်းအိုးကို လက်ဖြင့် ကိုင်ရွယ်လာ၏။ သူ လှိုင်လှိုင်ဝင်း လဲကျရာသို့ လျှောက်လာသည်။ ထိုဖန်ပန်းအိုးဖြင့် လှိုင်လှိုင်ဝင်း၏ ခေါင်းကို ရိုက်ခွဲရန် ရည်ရွယ်လာပုံရသည်။

 

လဲကျနေသော လှိုင်လှိုင်ဝင်းသည် အတော်နဲ့ မထနိုင်။ ပခုန်းစွန်းကို ထိချက်ပြင်းပြင်း မှန်သွားသဖြင့် အတော်နာကျင်နေဟန်တူ၏။ ကိုမျိုးဝင်းက နီးကပ်လာချေပြီ။ ထိုဖန်ပန်းအိုးဖြင့် ခေါင်းကိုသာ ရိုက်ခံရပါက သက်သာမည်မဟုတ်။

 

” မလုပ် မလုပ်နဲ့နော် ကိုကို ၊ စိတ်ကို ထိမ်းပါဦး လှိုင်လေ ကိုကို့ရဲ့ လှိုင်ပါ … အားကျွတ်ကျွတ် ”

 

လှိုင်လှိုင်ဝင်းသည် ပခုန်းတဖက်ကို လက်ဖြင့် အသာဖိအုပ်ထားရင်း ကိုမျိုးဝင်းအား တောင်းပန်နေရှာ၏။ သို့သော် ကိုမျိုးဝင်းသည် လှိုင်လှိုင်ဝင်းအား သတ်ရန်ကိုသာ စိတ်ထက်သန်နေ၏။

လှိုင်လှိုင်ဝင်း ကံကြမ္မာကား တွေးရဲစရာမရှိ။

 

သို့ပေမဲ့ လှိုင်လှိုင်ဝင်းအဖို့ ကံကောင်းသွားသည်ဟုဆိုရမည်။ သူတို့အခန်းက ဆူညံသံတွေကြောင့် ဟိုတယ်ဝန်ထမ်းများသည် သော့အပိုဖြင့် အခန်းတံခါးကို ဖွင့်၍ ဝင်လာကြပြီး ကိုမျိုးဝင်းအား ဝိုင်းဆွဲထားကြလေ၏။

 

အတင်းရုန်းကန်နေသော ကိုမျိုးဝင်းထံတွင် မူလ အသိစိတ် မကပ်သကဲ့သို့ ရှိနေတော့သည်။ ထို့ကြောင့် ကိုမျိုဝင်းအတွက် ဆရာဝန်ခေါ်ကာ စိတ်ငြိမ်ဆေး ထိုးပေးလိုက်ရသည်။

 

ဟိုတယ်ဝန်ထမ်းများက တိုးတိုးတိတ်တိတ် ကြိတ်၍ လုပ်ပေးလိုက်ကြပေမဲ့ ၊ အဝတ်မဲ့နေသော ကိုယ်လုံးတီးဖြင့် လူသား၂ယောက်မှာ အရှက်ဖြန်ဖြန်းကွဲရသည်မဟုတ်လား။ တခြားအခန်းက စပ်စုလာကြသည့် လူငယ်စုံတွဲများလည်း မြင်တွေ့သွားကြလေသည်။

 

အဆိုးဆုံးက လူတယောက်က သူတို့အဖြစ်အပျက်ကို ဖုန်းကင်မရာဖြင့် ဓာတ်ပုံရိုက်ယူသွားခြင်းပင်။

 

လုံခြုံသော အဝတ်တို့ကို ဝတ်စားပြီးသည်နှင့် လှိုင်လှိုင်ဝင်းသည် သူမ လက်ကိုင် အိတ်ထဲက အင်းပြားလေးကို ထုတ်ကြည့်လိုက်သည်။

 

အင်းပြားပေါ်၌ အင်္ဂါအစုံပါ ကိုယ်လုံးတီး မိန်းမအရုပ် နှင့် အင်္ဂါအစုံပါ ကိုယ်လုံးတီး ယောက်ကျားပုံရုပ် နှစ်ရုပ်ပါသည့်အနက် ၊ ယောက်ကျားရုပ်သည် ညိုမည်း ပြာကျသကဲ့သို့ မည်းတူးနေသည်။ အရုပ်နှစ်ခုမှာ မျက်နှာချင်းဆိုင်အနေအထား ရေးဆွဲထားသည်ဖြစ်ရာ ယောက်ကျားရုပ်မှ အညိုအမည်းအကွက်တို့သည် မိန်းမရုပ်သို့ ကူးစက်တော့မည့်ဟန် ပေါ်လွင်နေ၏။

 

လှိုင်လှိုင်ဝင်း ထိတ်လန့်သွားသည်။ တဖက်က လူသည် သူ့အား အသေသတ်လိုက သတ်နိုင်သည်မှာ ထင်ရှားနေသည်မဟုတ်လား။ ပညာစွမ်းထက်သူကို ယှဉ်ပြိုင်တိုက်ခိုက်နေပါက သူမ အသက်သာ ဆုံးရှုံးရမည်ကို သိလေ၏။

သူတို့လောက၌ မယှဉ်နိုင်သူကို ယှဉ်ပြိုင်ခြင်းသည် ရူးမိုက်ရာကျ၏။

 

ထို့ကြောင့် ကိုမျိုးဝင်းအပေါ် သူမ ဆက်လက် ဖက်တွယ်မနေသင့်တော့မှန်း နားလည်သွားဟန်တူသည်။

 

ကိုမျိုးဝင်းအား ထားခဲ့ပြီး ဟိုတယ်မှ တိတ်တဆိတ် ထွက်ခွာသွားလေတော့သည်။ သူမ ရေးဆွဲထားသော အင်းပြားကိုလည်း ဖျက်ဆီး ပစ်ခဲ့လိုက်သည်။

 

အဲ့သည်နောက်ပိုင်းမှာတော့ ကိုမျိုးဝင်းသည် လေးငါးလကြာသည်အထိ ကယောင်ချောက်ချား ဖြစ်နေခဲ့သည်။ ရှေ့နေအလုပ်မှလည်း အနားယူသွားခဲ့ရသည်။ တနှစ်လောက် အကြာမှာတော့ ပြန်ကောင်းသွား၏။ သို့သော် ကိုမျိုးဝင်းကို မေးကြည့်ရာ လွန်ခဲ့သောတနှစ်က ဟိုတယ်အခန်းထဲက အဖြစ်အပျက်ကို သူ လုံးဝ မမှတ်မိပါဟု ဆိုလေ၏။

 

မလှိုင်လှိုင်ဝင်းကတော့ နောက်နောင် ထိုလောကီဆရာထံမှ အကူအညီ လုံးဝ မယူတော့ပါဟု သံဓိဋ္ဌာန် ချလိုက်လေ၏။ ဘာလို့လဲဆိုတော့ အစီအရင် ပြုလုပ်မိသော သူမသည်လည်း ညဘက်တွေ ကောင်းကောင်း အိပ်မပျာ်ချေ။ ညဘက် သူမတို့ အိမ်ထဲတွင် မကောင်းဆိုးဝါး တကောင် ရောက်ရှိနေသည်ဟု ခံစားမိနေသောကြောင့် ဖြစ်သည်။

 

ပြီးပါပြီ။

 

စာ​ရေးသူ ==ပီပီ၊မန္တလေး၊အားလေးစားလျက်