“ကျားဆရာကြောင်”(စ/ဆုံး)
——————————————
(၁)
ဆောင်းလေတစ်ချက်ဝှေ့လိုက်သည့်အတွက် မီးပုံနံဘေးတွင်ထိုင်ရင်း မီးလှုံနေသည့် ဦးတောကျော်ပင် ကျောထဲစိမ့်အေးသွားတော့သည်။ ခန္ဓာကိုယ်တွင် ချည်ထည်စောင်ကြီးတစ်ထည်ကို ပတ်ထားကာ ခြံအတွင်းကျနေသည့် သစ်ရွက်ခြောက်၊ ဝါးရွက်ခြောက်များကို မီးရှို့ကာ ဆောင်းလယ်ကာလ၏ အအေးဓါတ်ကို ဦးတောကျော်တစ်ယောက် အံတုနေရသည်။ ရွှေကျီးမြင်ရွာကလေးမှာ ရိုးမတောင်ခြေတွင်တည်ရှိသည်မို့ ဆောင်းတွင်းကာလာတွင် အလွန်ချမ်းအေးလှသည်။ ယခုလိုမနက်ခင်းမျိုးဆိုလျှင် မြူထူများကျဆင်းကာ အုံ့ဆိုင်းနေတော့သည်။
မီးပုံကိုမျက်နှာမူထားသည်မို့ ခန္ဓာကိုယ်အရှေ့တစ်ခြမ်းက နွေးထွေးနေသော်လည်း ကျောဘက်သို့ ဆောင်းလေတိုးလျှင် ချမ်းနေသေးသည်၊ ဦးတောကျော်လည်း မီးပုံနံဘေးတွင်ချထားသည့် မြေရေနွေးကရားအိုးအတွင်းမှ ရေနွေးတစ်ခွက်ကိုငှဲ့ကာ တဖူးဖူးမှုတ်သောက်လိုက်တော့သည်။ ရေနွေးပူပူက လည်ချောင်းအတွင်းဆင်းသွားသည့်အခါမှ အနည်းငယ်နေသာထိုင်သာရှိသွားပြန်သည်။
ထိုစဉ်ခြံတံခါးမှာ ဝုန်းခနဲပွင့်သွားပြီး လူငယ်တစ်ဦးခြံအတွင်းသို့ဝင်လာလေသည်။
“ဗျို့၊ ဦးတောကျော်”
“ဟာ၊ ခွန်နောင်ပါလား၊ လာဟေ့၊ မတွေ့တာတောင်ကြာပေါ့ကွ”
ခွန်နောင်ဆိုသည့် လူငယ်က ဦးတောကျော်နံဘေး မီးပုံအနီးတွင်ထိုင်လိုက်လေသည်။ သူ့လက်များကို မီးတောက်များအနီးသို့တိုးကပ်လိုက်ရင်း ဦးတောကျော်ကို ပြုံးဖြီးဖြီးမျက်နှာထားဖြင့််ကြည့်နေလေသည်။
“ဒီကိုတောင် ရောက်လာပုံထောက်တော့ တစ်ခုခုထူးပြီနဲ့တူတယ်ခွန်နောင်”
“ထူးပါပြီရောဗျာ၊ ကျုပ်လည်း နောက်ဆုံးအားကိုးရာရှာကြည့်တော့ ဦးတောကျော်ကိုတွေးမိပြီး ဦးတောကျော်ဆီကို တန်းတန်းမတ်မတ်လာခဲ့တာပဲ”
“ဆိုပါအုံးကွ၊ ဘာတွေဖြစ်နေလို့လဲ”
“ဦးတောကျော် ရွှေကြောင်ဆိုတာကို ကြားဖူးသလား”
ဦးတောကျော်က တစ်ချက်စဉ်းစားလိုက်ပြီးနောက် ခေါင်းခါလိုက်သည်။
“အဲဒီနာမည်ကိုတော့ မကြားဖူးဘူးကွ၊ ဒါပေမယ့် ပုံစံပြောကြည့်ပေါ့ကွာ၊ ဒေသတစ်ခုနဲ့တစ်ခုက အခေါ်အဝေါ်တွေ၊ အပြောအဆိုတွေ ကွာတတ်တာပဲမဟုတ်လား”
ခွန်နောင်က ခေါင်းညိတ်လိုက်ရင်း
“ဒီလိုဗျ၊ သူ့ပုံစံကာ သာမန်အိမ်မွှေးကြောင်လိုပဲ၊ ကိုယ်လုံးကိုယ်ပေါက်ကတော့ အိမ်ကြောင်ထက် နှစ်ဆသုံးဆလောက်ပိုကြီးမယ်၊ သူ့ကိုရွှေကြောင်လို့ ခေါ်ရတာကတော့ တစ်ကိုယ်လုံးကို ရွှေရောင်အမွှေးတွေက ဖုံးအုပ်ထားတယ်”
ခွန်နောင်ပြောသည်များကို ဦးတောကျော်က သေသေချာချာစဉ်းစားလိုက်ပြီးနောက်
“ခေါင်းပေါ်မှာ အညိုရောင်အစင်းတွေကို အနက်ရောင်ကွပ်ထားတဲ့ အစင်းတွေပါတတ်တယ်၊ နားရွက်ထိပ်တွေက မဲနက်နေပြီးတော့ နားရွက်အလယ်ကတော့ မီးခိုးရောင်မဟုတ်လား၊ ဗိုက်နဲ့လက်ပြင်တွေမှာ အစက်အပျောက်တွေပါတတ်တယ်၊ ကျောကုန်းတစ်လျှောက် ခေါင်းကနေစပြီး အမြှီးအထိ အညိုရောင်အစင်းကြောင်းတွေ ပါတတ်တယ်မဟုတ်လား”
ဦးတောကျော်ပြောလိုက်သည့်အခါ ခွန်နောင်က ခေါင်းညိတ်ပြလေသည်။
“အဲဒီကြောင်ကို တို့ဘက်မှာတော့ ကြောင်မင်းလို့ခေါ်တယ်ကွ၊ မင်းတို့ဘက်မှာ ရွှေကြောင်ခေါ်တယ်မဟုတ်လား”
“ဟုတ်ပါတယ် ဦးတောကျော်”
“အေး၊ အထက်ဘက်ကျတော့ ကျားမင်းလို့ခေါ်တတ်တယ်ကွ၊ အဓိက ထူးခြားတာကတော့ မျက်လုံးတွေပဲကွ၊ မျက်လုံးနှစ်လုံးရဲ့ဘေးဖက်မှာ အဖြူရောင်အစင်းတွေပါပြီး ညညဆိုရင်လင်းနေတတ်တယ်လေ၊ ဒါပေမယ့် ဒီကြောင်တွေက သိပ်ရှားတယ်နော်”
ခွန်နောင်က ခေါင်းညိတ်လျှက်
“ရှားလို့လည်း မုဆိုးကြီးဆီရောက်လာတာပေါ့ဗျ၊ ဖြစ်ပုံကတော့ဒီလိုဗျာ၊ ယိုးဒယားဘက်က ဝယ်လက်တွေရောက်လာတယ်ဗျ၊ သူတို့က ရွှေကြောင် . . . အဲလေ . . . ကြောင်မင်းရဲ့သားမွှေးကို လိုချင်သတဲ့ဗျာ၊ တစ်ကောင်ကို ငွေဒင်္ဂါးတစ်ရာပေးမယ်တဲ့”
ဦးတောကျော်က မျက်ခုံးပင့်လိုက်ပြီးတော့
“ဟာ၊ အဲဒီလောက်ဈေးမရှိပါဘူးကွ၊ မင်းကလည်း”
“ရှိတယ်ဦးတောကျော်၊ ဒီယိုးဒယားတွေက ကြောင်မင်းကိုလိုက်ရှာနေတာကြာပြီ၊ ဒါပေမယ့် ကြောင်မင်းအစစ်ကိုမတွေ့သေးဘူးဗျ၊ တရုတ်တွေက သူနဲ့နည်းနည်းဆင်တဲ့ ကြောင်ဝါကို ကြောင်မင်းပါဆိုပြီး ရောင်းလိုက်လို့ ခံလိုက်ရသတဲ့ဗျာ”
“ဟား၊ ဟား၊ ဒါကတော့ ဆင်တာကိုးကွ၊ နေစမ်းပါအုံး၊ သူတို့ကဘာလုပ်ဖို့လဲ”
ခွန်နောင်က ဘေးဘီသို့တစ်ချက်ကြည့်လိုက်ပြီး
“ကျားပြီးဆေးဆိုလား ဖော်ဖို့တဲ့ဗျ”
ဦးတောကျော်လည်း ခေါင်းညိတ်လိုက်လေသည်။ သူတို့နှစ်ယောက်အရှေ့ရှိ မီးပုံမှာလည်း ပြာဖြစ်ကာ မီးငြိမ်းသွားပြီဖြစ်သည်။
“ကဲခွန်နောင်ရေ၊ ရောက်တုန်းရောက်ခိုက်၊ ငါ့အိမ်မှာ တစ်ရက်နှစ်ရက်လောက် နားလိုက်ပေါ့ကွာ၊ ပြီးတော့မှ ငါတို့တွေ ကြောင်မင်းအရှာထွက်တာပေါ့”
“ကျေးဇူးပါ ဦးတောကျော်ရာ၊ ဒါနဲ့ ကြောင်မင်းတကယ်ရရင် ဦးတောကျော်ကိုလည်း ကျုပ်ကခွဲပေးမှာပါဗျ”
“အေးပါကွာ၊ လာလာ၊ အိမ်ထဲဝင်ခဲ့၊ ထမင်းလေးဘာလေး စားရအောင်ဟေ့”
ဦးတောကျော်တစ်ယောက် ရေနွေးကြမ်းအိုးဆွဲကာ အိမ်ဆီသို့လှမ်းသွားရာ ခွန်နောင်ကလည်း ဦးတောကျော်အနောက်မှလိုက်ဝင်ခဲ့တော့သည်။
(၂)
ဦးတောကျော်က ထမင်းတစ်အိုးချက်ပြုတ်ပြီး တစ်လောက အမဲလိုက်ရင်းရခဲ့သည့် တောဝက်သားအား အချဉ်တည်ထားသည့် ဝက်သားချဉ်၊ ခြံအတွင်းအလေ့ကျပေါက်နေသည့် ကြံဟင်းရွက်၊ ဆူးပုတ်ရွက်များကိုခူးကာ ဆန်လှော်နှင့်် ဟင်းအရည်သောက်တစ်ခွက်ချက်ပြီး ငရုတ်သီးခြောက်များကို ဆားနှင့်ထောင်းထားသည့်် ဆားထောင်းတစ်ခွက်ကိုသာ မနက်စာအဖြစ်ပြင်ဆင်လိုက်လေသည်။
ခွန်နောင်မှာ ဦးတောကျော်လက်ရာဖြင့်ပင် ထမင်းနှစ်လုံးချက်ခန့် အားရပါးရစားသောက်လေရာ ထမင်းလေးလုံးချက်တစ်အိုးမှာ ဦးတောကျော်တို့နှစ်ယောက်နှင့်ပင် တက်တက်စင်အောင်ပြောင်လေတော့သည်။ ထမင်းစားပြီးသည့်အခါ ခွန်နောင်နှင့် ဦးတောကျော်မှာ အိမ်ရှေ့ကွပ်ပျစ်တွင်ထိုင်နေကြလေသည်။ နေအတော်မြင့်လာပြီဖြစ်သဖြင့်် အနွေးဓါတ်က ကြီးစိုးလာသော်လည်း ဆောင်းလေကတော့ အလွန်အေးမြစွာ တိုက်ခတ်နေဆဲဖြစ်သည်။
ခွန်နောင်က ဦးတောကျော်တည်ခင်းပေးသည့် ထန်းလျက်ခဲတစ်ခဲကို ကိုက်ဝါးလျှက် ရေနွေးကြမ်းတစ်ခွက်ကို အရသာခံသောက်နေလေသည်၊ ဦးတောကျော်ကတော့ ဆေးတံသောက်ရန်အတွက် ဆေးတံအတွင်းမှ မီးစွဲလောင်ပြီးဖြစ်သည့် ဆေးစာများကို တဒေါက်ဒေါက်နှင့် ခေါက်ချနေရင်း
“ပြောပါအုံးခွန်နောင်ရ၊ မင်းတို့ရှမ်းပြည်ဘက်လည်း ကြောင်မင်းတွေရှိတယ်မဟုတ်လား”
“ရှိတော့ရှိပါရဲ့ဗျာ၊ ဒါပေမယ့် ကျုပ်တို့က တောင်ပိုင်းဘက်ကဆိုတော့ ဒီကောင်တွေကို ဟိုးကျောက်တောင်တွေကြားသွားရှာမှရတာဗျ၊ ကြောင်ဆိုတာ ညဘက်မှအစာရှာထွက်တာမို့လို့ ညဘက်စောင့်ပစ်ရတာ၊ ဒီကောင်တွေက သိပ်ပြီးပေါ့ပါးတာဆိုတော့ သေနတ်သံကြားတာနဲ့ကို ကျွမ်းပစ်ပြီးရှောင်တာ၊ ထိဖို့ခဲတယ်ဗျာ”
ဦးတောကျော်က ပြုံးလိုက်ရင်း
“ကြောင်မင်းကို ဒီအတိုင်းလိုက်ပစ်တယ်ဆိုတော့ မင်းကအရူးပဲခွန်နောင်”
ဦးတောကျော်က ဆေးတံဆုံအတွင်းသို့ ဆေးစာများကိုသိပ်ထည့်နေလေသည်။
“အရူးပေါ့ဗျာ၊ ဒါကြောင့်လည်း အားကျမခံ ကိုင်းထောင်တယ်၊ အစာနဲ့မျှားသေးတယ်ဗျ”
“ဒါတောင် မမိဘူးလားကွ”
“မိပါ့မလားဗျာ၊ ဒီကောင်တွေက သိပ်ပါးနပ်တဲ့အကောင်တွေ၊ ကျုပ်တို့အစာတွေကို လုံးဝမစားတာဗျ၊ ခပ်ဝေးဝေးကလှမ်းကြည့်နေပြီးတော့ အနံ့ခံပြီးထွက်သွားတာ၊ ကျုပ်ဖြင့် ကျားကိုသာပစ်လိုက်ချင်တယ်၊ အဲဒီကြောင်မင်းကိုတော့ ပစ်ကိုမပစ်ချင်တော့တာ”
“ဒါဖြင့်ရင်လည်း မပစ်နဲ့ပေါ့ကွ”
ခွန်နောင်က ပြီတီတီဖြင့် ဦးတောကျော်ကိုကြည့်သည်။
“မပစ်လို့လည်းမရဘူးဗျ၊ ကျုပ်မိန်းမက ကြောင်မင်းပစ်ပေးမယ်ဆိုပြီးတော့ ငွေဒင်္ဂါးငါးဆယ်ကို ယိုးဒယားတွေဆီကနေ ကြိုယူထားလိုက်သတဲ့”
“ဟား၊ ဟား၊ ကောင်းပါ့ကွာ”
“အဲဒါ ကျုပ်ကလည်း ကြောင်ပစ်မရတော့ မိန်းမက နှင်ချတယ်ဗျ၊ ကြောင်သာရအောင်ပစ်ခဲ့၊ ကြောင်မင်းမရလာရင် အိမ်ပေါ်ပြန်မတက်နဲ့တဲ့ဗျာ”
“သိပြီ၊ သိပြီ၊ ဒါနဲ့ပဲ မုဆိုးကြီးခွန်နောင်တစ်ယောက် မိန်းမစကားနားထောင်ပြီး ကြောင်အရှာထွက်ရင်း ဒီကိုရောက်လာတယ်ဆိုပါတော့၊ ဟား၊ ဟား”
ခွန်နောင်က ဘာမှမပြောတော့ဘဲ ပြုံးရင်းခေါင်းသာကုပ်နေလိုက်သည်။ ဦးတောကျော်က ဆေးတံကိုမီးညှိလိုက်ပြီး တစ်ချက်ဖွာရှိုက်လိုက်လေသည်။
“ဒါနဲ့ ယိုးဒယားတွေက ဘာလို့ ဒီကြောင်ကိုလိုချင်သလဲဆိုတာ မင်းသိလား”
“ကျုပ်ပြောပြီးပြီလေဗျာ၊ ကျားပြီးဆေး စီရင်ဖို့တဲ့”
“ဟုတ်တယ်ခွန်နောင်၊ စကားပုံတစ်ခုရှိသေးတယ်မဟုတ်လား၊ ကျားဆရာ ကြောင်တဲ့ကွ၊ ကြောင်ထဲမှာမှ ဟောဒီ ကြောင်က ကြောင်တွေထဲမှာ ဘုရင်ပဲ၊ ဒါကြောင့် ကြောင်မင်းလို့ခေါ်တာပေါ့”
ခွန်နောင်က ခေါင်းညိတ်ကာထောက်ခံသည်။
“ကြောင်မင်းဆိုတဲ့အတိုင်း တောကြောင်၊ ကြောင်ကတိုး၊ ကြောင်နံ့သာ စတဲ့ကြောင်တွေထက်ကို ဒီကြောင်မင်းက သိပ်စွမ်းတယ်ကွ၊ အရမ်းလည်း ရန်လိုတဲ့အကောင်၊ သားကောင်တွေဘာတွေဖမ်းစားရင်လည်း သူ့ထက် သုံးလေးဆလောက်ကြီးတဲ့အကောင်ကိုတောင် ဖမ်းစားတာကွ၊ သမင်ပေါက်၊ ဒရယ်ပေါက်၊ ချေလောက်ကို ဖမ်းစားတာ၊ တစ်ခါတုန်းက ညောင်ညိုရွာဘက်မှာ အိမ်မွှေးကျွဲပေါက်ကိုတောင်မှ ဝင်ပြီးဆွဲသွားသတဲ့ကွ”
“ဟာ၊ ဒါဆို တော်တော်ရိုင်းတဲ့အကောင်ပဲဗျ”
“ဒါပေါ့ကွာ၊ ဒီကြောင်မင်းကို ကျားတွေကတောင် ကြောက်ရတယ်ကွ၊ ကျားဆရာကြောင်ဆိုတဲ့ စကားရှိလို့လားတော့မသိပါဘူးကွာ၊ ကျားတွေက ကြောင်မင်းကိုမြင်တာနဲ့ လန့်ပြီးပြေးတာပဲ၊ ယုတ်စွအဆုံး ကြောင်မင်းရဲ့သေးနံ့ရတာတောင်မှ မလာဝံ့ကြဘူးတဲ့ကွာ၊ ဒါကြောင့်လည်း အထက်ဘက်တွေက မုဆိုးတွေဆိုရင် ကျားမင်းလို့တောင် ခေါ်ကြတာပေါ့”
“ဖြစ်နိုင်တယ်ဗျ၊ ဒါကြောင့် ယိုးဒယားတွေလည်း ကျားပြီးဆေး စီရင်မယ်မဟုတ်လား”
“အဲဒါတကယ်ကွ၊ တို့ကရင်နယ်ဘက်တွေဆိုရင်လည်း ကြောင်မင်းကိုဖမ်းမိရင် ကြောင်မင်းအမွှေးကို ဆောင်ထားကြတယ်၊ မုဆိုးကြီးတွေဆိုရင်လည်း ကြောင်မင်းရဲ့ သားမွှေးကို ခေါင်းပေါင်းထဲထည့်ပြီး တောထဲသွားရင် ကျားမဆွဲဝံ့ဘူး ဆိုတဲ့အယူရှိတယ်”
“ထူးဆန်းပါပေ့၊ ဦးတောကျော်ရာ၊ ဒါနဲ့ ဒီကြောင်မင်းက ဟောဒီရိုးမထဲမှာရော ရှိသလား”
“ရှိတာပေါ့ကွ၊ ဒါပေမယ့် သူတို့က တောအုပ်တွေထက် တောင်တန်းတွေ၊ တောင်ကြားတွေမှာ နေရတာပိုကြိုက်တယ်ကွ၊ စားတာကလည်း အစုံပဲ၊ အများအားဖြင့်ကတော့ အဲဒီတောင်ကြားမှာနေတဲ့ ငှက်တွေဖမ်းစားတယ်၊ ငှက်သိုက်တွေက ဥတွေလိုက်တူးစားတယ်၊ ငှက်ဥက သိပ်ဆိမ့်တာကိုး၊ နောက်ပြီး ဖွတ်တို့၊ ပုတတ်တို့လည်းစားတယ်၊ ပိုပြီးထူးဆန်းတာက ကြောင်မျိုးချင်းတောင် မရှောင်ဘဲစားတယ်ကွ၊ သူတို့တောင်ပေါ်မှာ အစာရှားလာပြီဆိုမှ တောထဲဆင်းလာပြီး သားကောင်ရှာစားတတ်တာ”
“ဟုတ်ပါပြီဗျာ၊ ကဲ ဦးတောကျော်၊ ကျုပ်လည်း အချိန်သိပ်မရဘူး၊ အခုတောင်မှ ယိုးဒယားတွေက ကြောင်မင်းမရလို့ ကျုပ်တို့ယူထားတဲ့ငွေတွေကို ပြန်တောင်းနေပြီဗျ၊ ကျုပ်တို့ကလည်း လက်လွန်ပြီးသုံးထားပြီဆိုတော့ လက်ထဲမရှိတော့ဘူးပေါ့၊ တစ်ပတ်အတွင်း ကြောင်မင်းမရရင် စော်ဘွားမင်းကို တိုင်မယ်တဲ့ဗျာ”
ဦးတောကျော်က ခွန်နောင်ပုခုံးကိုပုတ်လိုက်ရင်း
“စိတ်ချစမ်းပါကွ၊ ကြောင်မင်းဆိုတာ ညအချိန်ထွက်တာမဟုတ်လား၊ ဒီတော့ မင်းအဆင်ပြေတယ်ဆိုရင် တို့တွေ အခုပဲ ရိုးမပေါ်တက်ကြရအောင်”
ဦးတောကျော်ပြောလိုက်တော့မှ ခွန်နောင်တစ်ယောက်ပြုံးနိုင်သွားတော့သည်။
“ကဲ၊ ဒါဆိုရင်လည်း သွားကြမယ်ဗျာ”
ဦးတောကျော်က သူ၏လက်စွဲတော် မီးပေါက်သေနတ်ကြီးကို ဆွဲယူလိုက်ပြီး ဖျင်စကြမ်းတစ်ခုဖြင့် တိုက်ချွတ်လိုက်လေသည်။ ထို့နောက် ယမ်းမှုန့်များထည့်ထားသည့် ကျွဲချိုအား မီးပေါက်သေနတ်ကြီး၏ ပြောင်းအတွင်းသို့ လောင်းထည့်လိုက်လေသည်။ အမြဲတမ်းအသုံးပြုနေသူမို့ ယမ်းမည်မျှထည့်ရမည်ကိုလည်း လက်မှန်းဖြင့်သိနေပြီဖြစ်သည်။ ထို့နောက် စက္ကူစတစ်ချို့ကိုထည့်လိုက်ကာ ယမ်းထောင်းတံနှင့် ကျစ်လျစ်သွားစေရန်အတွက် ခပ်ပြင်းပြင်းထောင်းထည့်လိုက်သည်။ ပြီးသည့်အခါမှ ဆီးဖြူသီးအစေ့ခန့်ရှိသည့် ခဲလုံးကလေးများ လေးငါးလုံးကို လက်ဝါးအတွင်းထည့်ကာ ပြောင်းအတွင်းသို့ လောင်းထည့်လိုက်ပြန်သည်။
“ကြောင်ကမြန်တော့ စရိတ်ကျည်ထည့်ရတယ်၊ ခွန်နောင်ရ”
ခွန်နောင်တစ်ယောက်လည်း သူယူဆောင်လာသည့် တူမီးသေနတ်အတွင်းသို့ စရိတ်ကျည်ဆန်ခေါ် ခဲဖူးအသေးလေးများကို ထည့်လိုက်သည်။ ထို့နောက် ဦးတောကျော်က ကာပတ်ဟုခေါ်သည့် အဝတ်စတစ်ခုကို ပြောင်းအတွင်းထိုးထည့်ကာ ယမ်းထောင်းတံဖြင့် ခပ်ပြင်းပြင်းထောင်းလိုက်ပြန်သည်။ စရိတ်ကျည်မှာ ကျည်လုံးသေးသဖြင့်် ထိုသို့ကာပတ်ခံထားမှသာ ကျည်ဆန်များ ပြောင်းအတွင်းမှ ထွက်မကျနိုင်တော့ပေ၊ နှစ်ဦးသား သေနတ်ကျည်ဆန်အသင့်ဖြည့်ပြီးသည့်အခါ လိုအပ်သည့် ပစ္စည်းကိရိယာများကို ယူဆောင်လျှက် ရိုးမအတွင်းသို့ တက်ခဲ့ကြတော့သည်။ အချိန်က မွန်းလွဲပိုင်းခန့်သာ ရှိပေဦးမည်။
(၃)
ရိုးမအတွင်းသို့ဝင်ခဲ့ပြီး မကြာခင် ဦးတောကျော်မှာ ရေစပ်စပ်ရှိသည့် စိမ့်တောမြေအတွင်းသို့ တိုးဝင်သွားလေသည်။ ခွန်နောင်လည်း အနောက်မှနေ၍ အသာကလေးလိုက်လာခဲ့မိသည်။ ဆောင်းတွင်းမို့ စိမ့်တောကြီးအတွင်း အေးမြနေသည်။ တောင်ပေါ်မှစီးဆင်းလာသည့် တောင်ကျချောင်းမှာ ယခုတောင်ကြားလျှိုကြီးအတွင်း ဖြတ်သန်းစီးဆင်းသွားရာမှာ စိမ့်တောကြီးတစ်ခုဖြစ်သွားတော့သည်။ စိမ့်တောအတွင်းရေမှာ ခြေမျက်စိသာသာခန့်ရှိပြီး ရေအိုင်ကလေးများ၊ ရေဝပ်နေသည့်နေရာများလည်း အများအပြားရှိကာ အချို့နေရာများတွင် ရေညှိရေမှော်ပင်များက စိမ်းလန်းစွာ ပေါက်ရောက်နေကြလေသည်။
နောက်ဆုံးတော့ ခွန်နောင်တစ်ယောက် သည်းမခံနိုင်တော့သည်မို့ ဦးတောကျော်ပုခုံးကိုအသာပုတ်လိုက်သည်။
“ဦးတောကျော်ပြောတော့ ဒီကောင်တွေက ကျောက်တောင်ကြားမှာနေတာဆို၊ အခုကျုပ်တို့ရောက်နေတာ စိမ့်တောကြီးဗျ”
ဦးတောကျော်က အသံခပ်အုပ်အုပ်ဖြင့်
“တိုးတိုးနေစမ်းပါကွာ၊ မင်းအသံကြားပြီးတော့ သားကောင်က ထွက်ပြေးသွားအုံးမယ်”
“ကျုပ်နားမလည်နိုင်တော့ဘူး ဦးတောကျော်၊ ဒီစိမ့်တောကြီးထဲမှာ ကြောင်မင်းရှိပါ့မလားဗျ”
“မင်းကလည်းကွာ၊ ကြောင်မင်းကို ငါကဒီနေရာလာဖမ်းပါ့မလားကွ၊ ငါလိုချင်တာက ကြောင်မင်းရဲ့အစာကိုလိုချင်တာ”
“ဗျာ၊ ကြောင်မင်းရဲ့အစာတဲ့လား”
ဦးတောကျော်က ခွန်နောင်အား အသံတိတ်နေရန် ပြောဆိုလိုက်ပြီး စိမ့်တောကြီးအတွင်း ဆက်လက်လျေျာက်လမ်းလာခဲ့သည်။ ညနေစောင်းနေပြီဖြစ်သော်လည်း သစ်ပင်များအုပ်အုပ်ဆိုင်းဆိုင်းနှင့်ပေါက်နေပြီး ချုံနွယ်ပင်များလည်း ထူထပ်သည်ဖြစ်ရာ စိမ့်တောကြီးမှာ တဖြည်းဖြည်းမှောင်မိုက်လာခဲ့သည်။ မကြာခင် ဦးတောကျော်မှာ ရေအိုင်ကလေးတစ်ခုအနီးတွင် ရပ်တန့်လိုက်လေသည်။ ထိုရေအိုင်ကလေးမှာ ရေအနည်းငယ်နက်ပြီး အနီးတွင်လည်း ချုံပင်များက အုပ်ဆိုင်းနေသည်။ ရေမှာကြည်လင်နေပြီး ကန်အတွင်း ငါးကလေးများ သွားလာနေသည်ကိုမြင်လိုက်ရသည်။
ဦးတောကျော်က ရေအိုင်ကလေးအနီးတွင် ပေါက်ရောက်နေသည့် သစ်ပင်များကိုတစ်ချက်မော့ကြည့်နေရင်း
“လာတော့မယ်ဟေ့၊ မင်းသေနတ်ကိုအသင့်ပြင်ထားနော်”
မကြာခင် သစ်ပင်သစ်ကိုင်းများအပေါ်တွင် ကြောင်တစ်ကောင်မှာ ခုန်ပေါက်ပြေးလွှားနေလေသည်။ သို့သော် ထိုကြောင်မှာ ကြောင်မင်းမဟုတ်ဘဲ၊ မီးခိုးရောင်အမွှေးများအပေါ်တွင် အနက်ရောင်အစက်အပျောက်များပါသည့် ကြောင်တစ်ကောင်ဖြစ်နေသည်။
“ဦးတောကျော်၊ အဲဒါ ကြောင်မင်းမှမဟုတ်တာ”
“ငါသိပါတယ်၊ အဲဒါ ကြောင်တံငါကွ”
“ဗျာ၊ ကြောင်တံငါတဲ့လား”
ကြောင်မှာ သစ်ပင်တစ်ခု၏ ပင်စည်ကိုကုပ်ဖက်ဆင်းလာကာ ရေကန်အနီးသို့ အသာကလေးတိုးကပ်သွားလေသည်။ ကြည်လင်သည့် ရေကန်မျက်နှာပြင်အောက်တွင် ငါးများကအုပ်စုဖွဲ့ကာ ငြိမ်သက်နေသည်။ ထိုငါးများမှာ ငါးကြင်းရိုင်းဟုခေါ်သည့် လူကြီးလက်တစ်ဝါးအရွယ်ခန့်ရှိသည့် ငါးများဖြစ်သည်။ ငါးများမှာ ကြောင်တံငါဆင်းလာသည်ကို သတိမမူမိဘဲ ငြိမ်နေလေသည်။
ခွန်နောင်လည်း အလွန်စိတ်လှုပ်ရှားစွာနှင့် ကြည့်နေရင်း သေနတ်ဖြင့်ထိုးချိန်လိုက်သည်။ သို့သော်လည်း ဦးတောကျော်က မပစ်ခတ်ရန်အတွက် ခေါင်းကိုခါပြသဖြင့် စိတ်ရှည်ရှည်နှင့် ဆက်လက်စောင့်ကြည့်နေမိသည်။ ကြောင်တံငါမှာ လျှင်မြန်စွာပြေးလွှားလိုက်ပြီးနောက် ငါးအုပ်တည်ရှိရာ ရေမျက်နှာပြင်အပေါ်သို့ ဗွမ်းခနဲခုန်ချလိုက်လေသည်။ ကန်ရေပြင်က လှုပ်ရှားမှုဖြစ်ပေါ်သွားပြီးနောက် ကြောင်တံငါမှာ ရေးကူးရင်း ကမ်းစပ်သို့တက်လာခဲ့သည်။ သူ၏ပါးစပ်ထဲတွင်လည်း ငါးကြင်းတစ်ကောင်ကို ကိုက်ချီထားသေးသည်။ ငါးကြင်းကောင်မှာ မသေသေးဘဲ ကြောင်တံငါ၏ ပါးစပ်ထဲတွင် လူးလွန့်နေသေးသည်။ ကြောင်တံငါမှာ ကုန်းပေါ်ရောက်ပြီးနောက် ငါးကြင်းကိုချလိုက်ကာ တစ်ကိုယ်လုံးရှိရေများကို ပြောင်စင်အောင် ခါနေသေးသည်။ ဦးတောကျော်က ခေါင်းညိတ်ပြလိုက်သဖြင့် ခွန်နောင်တစ်ယောက် သေနတ်မောင်းခလုပ်ကိုဆွဲညှစ်ချလိုက်တော့သည်။
“ဒိန်း”
ကျယ်လောင်သည့် သေနတ်သံတစ်ချက်ပေါ်ထွက်လာပြီးနောက် စိမ့်တောကြီးအတွင်း အိပ်တန်းတက်နေကြသည့် ငှက်များမှာ ပျံလွှားသွားကြလေသည်။ ခွန်နောင်ပစ်လိုက်သည့် စရိတ်ကျည်ဆန်ကိုထိမှန်သွားသည့် ကြောင်တံငါမှာ သစ်ပင်ပေါ်သို့ ပြေးတက်လိုက်သေးသည်။ သို့သော် လူကြီးခါးစောင်းခန့်အမြင့်အရောက်တွင်တော့ ပြန်လည်ပြုတ်ကျလာကာ ငြိမ်သက်သွားတော့သည်။
ဦိးတောကျော်နှင့် ခွန်နောင်လည်း ချုံအတွင်းမှ ပြေးထွက်လာကာ ကြောင်တံငါကို ကောက်ယူလိုက်သည်။ ခွန်နောင်က ထိုကြောင်အား ထူးဆန်းစွာဖြင့်ကြည့်နေလေသည်။
“မင်းတို့ဘက်မှာ ကြောင်တံငါမရှိဘူးလား၊ ခွန်နောင်”
ခွန်နောင်က ခေါင်းခါပြသည်။
“အေးလေ၊ မင်းတို့ဘက်က တောတွေက တောင်ပေါ်ဆိုတော့ ရေတွေဘာတွေနည်းမှာပေါ့ကွ”
ဦးတောကျော်က ကြောင်တံငါကိုထမ်းပိုးလိုက်သည်။ ကြောင်တံငါမှာ ခွေးတစ်ကောင်နီးနီးရှိပြီး သူ့ကိုယ်တွင်အသားထက် အဆီများကဖုံးလွှမ်းနေလေသည်။ ဦးတောကျော်က ကြောင်တံငါဖမ်းထားသည့် ငါးကြင်းကောင်ကို ကောက်ယူခဲ့သေးသည်။
“ကြောင်တံငါဆိုတဲ့အတိုင်း ရေငုပ်ပြီးတော့ ငါးဖမ်းတာပဲဗျနော်”
“အေးပေါ့၊ ခွန်နောင်ရ၊ ဒါကြောင့်လည်း ကြောင်တံငါလို့ခေါ်တာပေါ့၊ ရေထဲမှာနေတဲ့ငါးတွေကို ဖမ်းစားတတ်တယ်၊ အထူးသဖြင့် ဒီလိုညနေပိုင်းအချိန်ပေါ့ကွာ၊ ညမှောင်လာရင် ငါးတွေက မျက်လုံးသိပ်မမြင်တော့ဘူးကွ၊ ဒီတော့ ငါးဖမ်းလို့ကောင်းတာပေါ့”
“ဟုတ်မယ်ဗျ၊ ဒါကြောင့် ငါးတွေငြိမ်နေတာ”
“ကြောင်တံငါက သိပ်ညနက်လွန်းရင်လည်း သားကောင်မလိုက်ဘူး၊ ကြောင်တွေက ညဘက်ကိုမြင်နိုင်ပေမယ့်် ရေအောက်ထဲကိုကျတော့ အမြင်သိပ်မကောင်းဘူးထင်ပါတယ်”
“ဒါနဲ့ ကျုပ်လိုချင်တာ ကြောင်တံငါမှမဟုတ်တာပဲ ဦးတောကျော်”
“ငါသိတာပေါ့ကွာ၊ ငါတို့ ကျောက်တောင်ကြီးဆီကို သွားကြမယ်၊ ကြောင်မင်းဆိုတာ ကြောင်တံငါကိုသိပ်ကြိုက်တာကွ၊ ဘာလို့လဲဆိုတော့ ကြောင်တံငါအတွက်က ဟင်းစားမပူရဘူးမဟုတ်လား၊ ပြီးတော့ ဆူဖြိုးပြီး အဆီတွေနဲ့ဆိုတော့ မွှေးတာပေါ့ကွာ၊ ကြောင်မင်းက သိပ်ကြိုက်တာပေါ့”
“ကျုပ်သိပြီ၊ ကြောင်တံငါကိုအသုံးချပြီးတော့ ကြောင်မင်းကိုထောင်ဖမ်းဖို့မဟုတ်လား”
ခွန်နောင်အမေးကို ဦးတောကျော်က ခေါင်းညိတ်ပြီးပြန်ဖြေလိုက်လေသည်။ ခွန်နောင်က ဦးတောကျော်လက်တစ်ဖက်တွင်ကိုင်ထားသည့် ငါးကြင်းကိုကြည့်ရင်း
“ဒါနဲ့ ဒီငါးကရော ဘာလုပ်ဖို့လဲဗျ”
“ဒါကတော့ ဒုတိယအစီအစဉ်ပေါ့ကွာ”
သူတို့နှစ်ဦး စိမ့်တောကြီးအတွင်းမှ ထွက်ခဲ့ကာ အလွန်မြင့်မားမက်စောက်သည့် တောင်ကြီးတစ်ခုထံသို့ ခြေဦးလှည့််ခဲ့တော့သည်။
(၄)
ကျွဲမင်းတောင်ဟု အမည်ရသည့်် တောင်ကြီးမှာ ကျောက်တုံးကျောက်သား အလွန်ထူထပ်သည့် တောင်တစ်ခုဖြစ်သည်။ ရိုးမတောင်တန်းကြီးအတွင်းမှ သီးသန့်ခွဲထွက်နေသည့် တောင်ကြီးတစ်ခုလည်းဖြစ်သည်။ ထိုတောင်ကြီးအားအဝေးမှကြည့်လိုက်လျှင် ကျွဲကြီးတစ်ကောင် ဝပ်နေသည်နှင့်ပင်တူညီနေလေသည်။ ထိုတောင်ခြေသို့ ဦးတောကျော်နှင့် ခွန်နောင်တို့နှစ်ယောက် ရောက်လာသည့်အခါ မိုးပင်အတော်ချုပ်နေပြီဖြစ်သည်။
တောတောင်အနေအထားကို ခွန်နောင်အကဲခတ်ကြည့်လိုက်သည့်အခါ ကြောင်မင်းများနေထိုင်လောက်သည့်အနေအထားဖြစ်နေသည်ကိုတွေ့ရသည်။ တောင်ကြီးပေါ်တွင် သစ်တောကြီးကြီးမားမားမရှိဘဲ ချုံနွယ်များနှင့် အပင်ငယ်ကလေးများကသာ မင်းမူထားလေသည်။ ကျောက်လွှာ၊ ကျောက်ထပ်ပေါများပြီး ဆင်ခြေလျှောကြီးတစ်ခုလုံးကို အရွယ်အစားစုံလင်သည့် ကျောက်တုံးကြီးများကဖုံးလွှမ်းထားလေသည်။ ဦးတောကျော်က အရှေ့မှသွားနေရင်း သစ်ရွက်ချုံပင်တစ်ချို့ကို လိုက်လံနမ်းကြည့်နေလေသည်။
“ဦးတောကျော်၊ ဘာလုပ်တာလဲ”
“ကြောင်မင်းရှိမရှိ၊ အနံ့ခံတာလေကွ”
“ဗျာ၊ ကြောင်မင်းကို အနံ့ခံလို့ရတယ်လား”
“ဒါပေါ့ကွ၊ ကြောင်မင်းဆိုတာ သူတို့ကျက်စားတဲ့ပိုင်နက်နေမြေကို သီးသန့်သတ်မှတ်ထားလေ့ရှိတယ်ကွ၊ အဲဒီပိုင်နက်နယ်မြေတွေကို သတ်သတ်မှတ်မှတ်ဖြစ်စေချင်တဲ့သဘောနဲ့ နယ်မြေတစ်ဝိုက်ကို သူ့သေးနံ့နဲ့ အနံ့ပေးထားလေ့ရှိတယ်၊ နေရာတိုင်းကိုတော့ သေးလိုက်ပန်းတာမဟုတ်ဘူးကွ၊ ထင်သာမြင်သာရှိတဲ့နေရာတွေမှာ အမှတ်အသားလုပ်ထားတာ၊လူတွေလိုပေါ့ကွာ”
ဦးတောကျော်က အနံ့ခံကြည့်နေရင်း မကြာခင် သစ်ပင်ပုလေးတစ်ပင်အနီးသို့ရောက်လာခဲ့သည်။ လူတစ်ရပ်သာသာရှိမည့် သစ်ပင်ကလေးဖြစ်ပြီး ကျောက်ချပ်၊ ကျောက်သားများကို အံတုကာပေါက်နေသည်မို့ သာမန်အပင်များကဲ့သို့ မဖွံ့ထားဘဲ သေးငယ်ကြုံလှီနေလေသည်။ ဦးတော်ကျော်က သစ်ပင်၏ ပင်စည်အနီးသို့ နမ်းကြည့်လိုက်ရင်း
“ဟုတ်ပြီ၊ ခွန်နောင် လာနမ်းကြည့်စမ်း၊ ဒီအနံံံ့ပဲ”
ဦးတောကျော်ပြောလိုက်သဖြင့် ခွန်နောင်က သစ်ပင်ပင်စည်ကို သွားနမ်းရှုံ့လိုက်သည်၊ အလွန်ပြင်းထန်သည့် သေးနံ့ကိုရလိုက်သည်မို့ ခွန်နောင်ပင် အော်ဂလီဆန်သွားသည်။ ကြောင်မင်း၏ ဆီးအနံ့မှာ ငံပြာရည်ခပ်ပုတ်ပုတ်အနံ့နှင့် တူညီနေလေသည်။ ခွန်နောင်က နှာခေါင်းကိုပိတ်လိုက်ရင်း
“နံလိုက်တာဗျာ”
“ဒါတောင်မှ လတ်လတ်ဆတ်ဆတ်ပေါက်ထားတာမဟုတ်ဘူးကွ၊ ငါ့အထင်တော့ လွန်ခဲ့တဲ့သုံးလေးရက်လောက်က ပေါက်ထားတဲ့သေးဖြစ်မယ်”
“တော်တော်နံတာပဲဗျ”
“အေးပေါ့ကွ၊ ဒါမှ သူတို့ပိုင်နက်ကိုလည်း မှတ်မိမယ်၊ နောက်ပြီးတော့ တခြားတိရစ္ဆာန်တွေကိုလည်း သူတို့ပိုင်နက်နယ်မြေအဖြစ် အသိပေးပြီးသားဖြစ်တာပေါ့ကွာ၊ တောဘုရင်လို့ခေါ်ကြတဲ့ ကျားတွေဆိုရင် ဒီသေးနံ့ကိုရတာနဲ့ ရှေ့ဆက်မတိုးဝံ့ဘဲ လှည့်ပြန်ကြတာကွ”
ခွန်နောင်က ပြံုံးလိုက်ရင်း
“ဒါကလည်း ကြောင်မင်းကိုကြောက်တာမဟုတ်ဘဲ သေးနံ့နံလွန်းလို့ ထွက်ပြေးတာဖြစ်မယ်ဗျ၊ ဟား၊ ဟား”
ဦးတောကျော်လည်း ရယ်မောလိုက်ပြီးနောက် တောင်စောင်းပေါ်သို့တက်လိုက်သည်။ ခွန်နောင်လည်း အနောက်မှဆက်လိုက်လာသည်။ ကျောက်တုံးကျောက်သားများ ထူထပ်လှသည်မို့ တက်ရောက်ရသိပ်မလွယ်ပေ၊ မကြာခင် တောင်ကမ်းပါးယံသို့ရောက်ခဲ့ကြသည်။ မတ်စောက်သည့် တောင်ကမ်းပါးယံကြီးမှ ကျောက်သားကျောက်စိုင်များမှာ လရောင်ကြောင့် ဖွေးဆွတ်နေလေသည်။ ဦးတောကျော်မှာ နွားကြီးတစ်ကောင်နီးပါး ကြီးမားလှသည့်် ကျောက်တုံးကြီးနှစ်တုံးအနီးတွင် ထိုင်ချလိုက်လေသည်။
“ငါတို့ ဒီမှာစောင့်မယ်ကွာ၊ ကြောင်မင်းက ဒီအချိန်ဆို အစာရှာထွက်အုံးမှာမဟုတ်သေးဘူး၊ ဒီကောင်တွေက တစ်နေ့လုံးအိပ်နေကြပြီးတော့ ညည့်နက်တော့မှ ထွက်လာတတ်တဲ့အကောင်တွေကွ”
ဆောင်းလေအေးက တောင်စောင်းပေါ်သို့ ပင့်ကာတိုက်ခတ်နေလေရာ ခွန်နောင်မှာ ကျောက်တုံးတစ်ခုကို အကာအကွယ်ပြုထားသည့်တိုင် လေတိုးသည့်ဒဏ်ကိုအလူးအလဲခံံနေရသည်။
“ဦးတောကျော်၊ မီးဖိုလိုက်ရင်ကောင်းမယ်”
ဦးတောကျော်က ခေါင်းခါသည်။
“မဖိုနဲ့ကွ၊ မီးဖိုလိုက်ရင် ငါတို့ရောက်နေတာကို ကြောင်မင်းသိသွားလိမ့်မယ်၊ ငါတို့ ဒီအတိုင်းစောင့်ကြရအောင်၊ ကဲ ငါတို့လုပ်ငန်းစရအောင်”
လကထိန်ထိန်သာနေသဖြင့်သာ တော်သေးသည်။ လပြည့်နီးပြီမို့ ပတ်ဝန်းကျင်တစ်ခွင်လုံး လရောင်ဖြင့်ဝင်းလက်နေသည်။ သစ်ပင်များသိပ်မရှိဘဲ ကျောက်တုံးများသာ ရှိသည်မို့ ပတ်ဝန်းကျင်ကို အတိုင်းသားမြင်နေရသည်။ ဦးတောကျော်က ကြောင်တံငါ၏ ဝမ်းဗိုက်ကိုခွဲလိုက်သည့်အခါ အဆီပြင်များက အိတ်တစ်ခုသဖွယ်တည်ရှိနေလေသည်။ ထိုအဆီပြင်များကို ဦးတောကျော်က ထိုးဖောက်လိုက်ကာ အဆီများကိုထုတ်ရင်း ဦးခေါင်းနှင့် နဖူးပေါ်တွင် သုတ်လိမ်းလိုက်သည်။
“ဘာလုပ်တာလဲဦးတောကျော်”
“ကြောင်မင်းက သိပ်အနံ့ခံကောင်းတာကွ၊ ငါတို့လူတွေမှာလည်း လူနံ့ဆိုတာရှိတယ်၊ ကြောင်တံငါရဲ့အဆီကသိပ်မွှေးတာကွ၊ ဒါသုတ်ထားလိုက်ရင် ကြောင်မင်းက လူနံ့ရတယ်ဆိုရင်တောင်မှ ဇဝေဇဝါဖြစ်နေလိမ့်မယ်”
သို့နှင့်ခွန်နောင်လည်း ဦးခေါင်းနှင့်ဆံပင်တွင် ကြောင်တံငါ၏ အဆီတစ်ချို့ကိုသုတ်လိမ်းလိုက်လေသည်။
“ငါတို့အစီအစဉ်ကတော့ လွယ်ပါတယ်ကွာ၊ ငါက ဒီကျောက်တုံးနှစ်တုံးကို အကာအကွယ်ယူပြီးတော့ ကြောင်တံငါကိုကိုင်ထားပြီး ရုပ်သေးပြသလိုပြမယ်ကွာ၊ ကြောင်မင်းက ဟိုးတောင်စောင်းပေါ်ကနေ ဆင်းလာမှာပဲကွ၊ မင်းက ငါတို့ဘေးဘက် ဟောဟိုကျောက်တုံးနားမှာ ဝပ်ပြီးတော့ စောင့်နေ၊ ကြောင်မင်း အနားကိုကပ်လာရင်ပစ်ကွ”
ခွန်နောင်က ခေါင်းညိတ်သည်။
“ကျည်ဆန်ကိုတော့ ကျည်လုံးမကြီးမသေးထည့်ထားကွ၊ ကြောင်မင်းက အကောင်ကြီးတော့ စရိတ်ကျည်လောက်နဲ့ဆိုရင် သေမှာမဟုတ်ဘူး”
ခွန်နောင်က ဦးတောကျော်ပြောနေသည်များကို လိုက်လံမှတ်သားသည်။ မကြာခင်ညည့်နက်လာပြီဖြစ်သည်။ လမင်းပင်လျှင် ကောင်းကင်အလယ်တည့်တည့်သို့ ရောက်ရှိတော့မည်။ ဦးတောကျော်က တောင်ကမ်းပါးယံကြီးကို မမှိတ်မသုန်ဖြင့် သေနတ်ပိုက်လျှက် ထိုင်ကြည့်နေလေသည်။ ခဏကြာသည့်အခါ ခွန်နောင်လက်ကိုပုတ်သည်။
“ဟိုမှာကြည့်စမ်း”
တောင်ကမ်းပါးယံ ကျောက်အချပ်ကြားမှ ဝါဝါထိန်ထိန်လင်းလက်နေသည့် မီးလုံးကြီးနှစ်လုံးက တိုးထွက်လာလေသည်။ ခွန်နောင်လည်း အံံ့သြသွားပြီးနောက်
“အဲဒါ၊ အဲဒါကြောင်မင်းပဲ၊ ကြောင်မင်းရဲ့မျက်လုံးတွေက ညဘက်ဆို ဝါထိန်နေတတ်တယ်”
“ကဲ ခွန်နောင်၊ မင်းက တောင်စောင်းအောက်က ကျောက်ခဲတွေကို အကာအကွယ်ပြိးတော့ ပတ်သွားပေတော့၊ ငါက ကြောင်တံငါနဲ့ ရုပ်သေးပြလိုက်အုံးမယ်ဟေ့”
ခွန်နောင်မှာ သေနတ်ဆွဲကိုင်ပြီးနောက် တောင်စောင်းအောက်ဘက်သို့ ဆင်းသွားလေတော့သည်။ ဦးတောကျော်ကတော့ ကြောင်တံငါအသေကောင်ကြီးအား ဝမ်းဗိုက်အတွင်းသို့ လက်ထိုးထည့်လိုက်ပြီး ကျောက်တုံးကြီးအနောက်တွင် ပုန်းကွယ်ကာ ထိုကျောက်တုံးမျက်နှာပြင်ပေါ်တွင် ခုန်ပေါက်သွားလာနေသကဲ့သို့ ပြုလုပ်တော့သည်။ ဦးတောကျော်က ကျောက်တုံးနှစ်ခုအကြားမှချောင်းကြည့်သည့်အခါ ညဘက်တွင် အလွန်အမြင်အာရုံကောင်းမွန်သည့် ကြောင်မင်းမှာ ဦးတောကျော်ကိုင်ထားသည့် ကြောင်တံငါကို သေသေချာချာစူးစိုက်ကြည့်နေသည်ကိုတွေ့ရလေသည်။
တစ်ဖက်သို့ကြည့်လိုက်ရာတွင်လည်း ခွန်နောင်က တောင်စောင်းမှကျောက်တုံးများကိုအကာအကွယ်ယူကာ လေးဖက်ထောက်ကုန်းလျက်အသာကလေး တိုးကပ်သွားသည်။ ကြောင်မင်းမှာ ဦးတောကျော်၏ ကြောင်တံငါကိုသာ အာရုံထားနေသဖြင့် ခွန်နောင်ကိုမမြင်ပေ။ ထို့နောက် ကြိုတင်တွက်ဆထားသည့်အတိုင်း ကြောင်မင်းမှာ ဦးတောကျော်ထံသို့ တစ်လှမ်းချင်းဆင်းလာလေသည်။ ကြောင်တံငါ၏ အနံ့ကိုလည်းရပြီး၊ လှုပ်ရှားနေသည်ကိုလည်း တွေ့မြင်နေပါသော်လည်း ကြောင်မင်းမှာ အခြားသားကောင်များကဲ့သို့ ကမူးရှူးထိုးမဟုတ်ဘဲ သေချာအောင်တစ်လှမ်းချင်းလှမ်းလာရင်း စစ်ဆေးနေသေးသည်။
ကြောင်တံငါနှင့် ဆယ်တောင်ခန့်ကွာသည့်နေရာကိုရောက်သည့်အခါ ကြောင်မင်းမှာ မျက်လုံးအပြူးသားနှင့် မြေပြင်တွင်ဝပ်လိုက်လေသည်။ လက်နှစ်ဖက်ကို ရင်ညွန့်နားတွင် အားပြုထောက်ထားပြီးနောက် အမြီးကိုအသာလှုပ်ယမ်းနေသည်။ ထိုအချိန်မှာ ကြောင်တစ်ကောင်အတွက် သားကောင်ကိုခုန်အုပ်ရန်ပြင်ဆင်နေသည့််အချိန်ဖြစ်သည်၊ ဦးတောကျော်က ခွန်နောင်ထံသို့ကြည့်လိုက်သည့်အခါ ခွန်နောင်မှာလည်း သေနတ်နှင့်အကျအနချိန်နေလေတော့သည်။ ကြောင်မင်းမှာ ဖင်ပိုင်းကိုဘယ်ညာလှုပ်ယမ်းလိုက်ပြီးခုန်အုပ်ရန်ပြင်ဆင်လိုက်စဉ် ခွန်နောင်မှာ သေနတ်မောင်းခလုပ်ကိုညှစ်ချလိုက်လေသည်။
“ဒိန်း”
ဦးတောကျော်မှာ ကျောက်တုံးနောက်သို့ဝပ်ကာ အကာအကွယ်ယူလိုက်သည်။ သေနတ်သံကြားရပြီး ကတောင်ခနဲအသံကိုကြားလိုက်ရသဖြင့် သေနတ်ကျည်ဆန်မှာ ကြောင်မင်းအားမထိမှန်ဘဲ ကျောက်တုံးကိုထိမှန်ပြီး ကျည်ပြန်ကန်သွားသည့်အသံဖြစ်မှန်း ဦးတောကျော်သိလိုက်သည်။ ထိုစဉ်မှာပင် ကြောင်မင်းမှာ ဦးတောကျော်အရှေ့သို့ လွှားခနဲပြုတ်ကျလာသည်။ ဦးတောကျော်လည်း ကြောင်မင်းကိုမြင်ပြီး လန့်သွားသကဲ့သို့ ကြောင်မင်းမှာလည်း ဦးတောကျော်ကိုမြင်ကာ ထိတ်လန့်ပြီးကြောင်နေလေသည်။ ဦးတောကျော်က သတိကပ်လိုက်ပြီးနောက် ကြောင်တံငါအသေကောင်ကိုပစ်ချလိုက်ကာ အနားတွင်ချထားသည့် တူမီးသေနတ်ကိုဆွဲယူလိုက်သည်။
ကြောင်မင်းမှာ ဦးတောကျော်ချထားလိုက်သည့် ကြောင်တံငါကို လည်ကုပ်မှ အမိအရကိုက်ချီလိုက်ပြန်သည်။ ဦးတောကျော်က သေနတ်နှင့်ထိုးချိန်ရန် အချိန်မရတော့သဖြင့် သေနတ်ပြောင်းတံဖြင့် ကြောင်မင်း၏ ငယ်ထိပ်ကိုရိုက်ချထည့်လိုက်သည်။
“ခွပ်”
ခွပ်ခနဲအသံကြီးမြည်သွားသော်လည်း ကြောင်မင်းမှာ တစ်ချက်လွှားခနဲခုန်လိုက်ကာ ကျောက်တုံးပေါ်သို့ပြေးတက်သွားသည်။ သေနတ်ပြောင်းမှာ သံဖြင့်ပြုလုပ်ထားသော်လည်း ကြောင်မင်းကိုရိုက်သည့် အရှိန်နည်းသွားသော်ကြောင့် ကြီးကြီးမားမားမထိခိုက်ခြင်းဖြစ်မည်၊ ကြောင်မင်းမှာ ကျောက်တုံးကိုခုန်ကျော်လျှက် တောင်စောင်းပေါ်သို့ပြေးတက်လေရာ ဦးတောကျော်လည်း တူမီးသေနတ်နှင့်ထိုးချိန်ပြီး ခလုပ်ကိုညှစ်ချလိုက်သည်။
“ဒိန်း”
“ဖရော . . . ဖရော”
“ဟိုက်၊ သွားပဟ”
ဦးတောကျော်သေနတ်ထဲတွင် ထည့်ထားသည့်ကျည်ဆန်များမှာ စရိတ်ကျည်များဖြစ်နေသည်။ ကြောင်မင်းအား ထိမှန်သွားပုံမရဘဲ ကြောင်မင်းမှာ တောင်စောင်းပေါ်သို့အပြေးတက်သွားလေသည်။
“တောက်၊ နာတာပဲကွာ”
“ဟုတ်တယ်ဗျာ၊ ကျုပ်လည်း သေသေချာချာချိန်တာပဲဗျ”
ဦးတောကျော်က ခေါင်းခါလိုက်ပြီး
“မင်းးပစ်တာ နှစ်ချက်မှားတယ်ကွ၊ တစ်အချက်က လေကတောင်အောက်ကနေပင့်တိုက်နေတာရယ်၊ နှစ်အချက်ကတော့ သားကောင်ကိုခုန်အုပ်တော့မယ့်အချိန်မှာ အမိအရပစ်ခတ်ရတယ်ဆိုပေမယ့် မင်းက နည်းနည်းကလေးနောက်ကျသွားတယ်”
“ဒါတော့ဟုတ်တယ်ဗျ၊ ကျုပ်ပစ်လိုက်တဲ့ကျည်ဆန်က ကြောင်မင်းရဲ့အမြီးအနားကနေ ဖြတ်သွားတာပဲဗျာ”
ဦးတောကျော်ရော၊ ခွန်နောင်ရော မကျေမချမ်းနှင့် ရေရွတ်လျှက် ပုန်းကွယ်ရာအသီးသီးမှထွက်လာကြလေသည်။ သူတို့နှစ်ယောက် ညည်းညူနေစဉ်မှာပင် ခွန်နောင်က မြေပြင်တွင် အကွက်အပျောက် ကလေးများကိုတွေ့လိုက်ရသည်။
“ဦးတောကျော်၊ သွေးတော့ သွေးဗျ”
“ဟေ၊ ဒါဆို ခုနက ငါပစ်လိုက်တဲ့ စရိတ်ကျည်ဆန်က ကျည်တစ်လုံးတစ်လေများ ထိသွားလေသလား”
ဦးတောကျော်က ရေရွတ်ရင်း သွေးကွက်များကိုကြည့်လိုက်သည်။ ထို့နောက် ခွန်နောင်နှင့် နှစ်ယောက်သား တောင်စောင်းပေါ်သို့ပြေးတက်ခဲ့ကြသည်။ လက်ထဲမှသေနတ်များကိုလည်း ကျည်များဖြည့်ထားလိုက်ပြန်သည်။ သွေးကွက်များမှာ တောင်စောင်းပေါ်သို့ရောက်လေလေ များလာလေလေဖြစ်သည်။ စရိတ်ကျည်၏ သဘောမှာ ပြင်းကန်အားနည်းသဖြင့် သားကောင်တစ်ကောင်အား လဲပြိုသွားစေရန်မဖြစ်နိုင်ပေ၊ အထူးသဖြင့်် ကြောင်မင်းကဲ့သို့ ထွားထွားကျိုင်းကျိုင်းသားကောင်မျိုးကို လဲကျသွားစေရန်မဖြစ်နိုင်။
တောင်စောင်းပေါ်သို့တက်လာရင်း မကြာခင် တောင်ကမ်းပါးယံကြီးတစ်ခုအနီးသို့ရောက်လာသည်။ ထိုနေရာတွင် လူတစ်ဦးလေးဖက်ထောက်ဝင်နိုင်လောက်သည့် ဂူပေါက်ကလေးတစ်ခုရှိသည်။ ဂူပေါက်အနီးတွင် ကြောင်ချေးနံ့၊ သေးနံ့များက မွှန်ထူနေသဖြင့် ကြောင်မင်း၏ အသိုက်ဖြစ်မှန်းသိနိုင်သည်။ ခွန်နောင်က လေးဘက်ထောက်ကုန်းလိုက်ရာ
“ခွန်နောင် တအားမဝင်နဲ့ကွ”
“ဘာဖြစ်လို့လဲဗျ”
“ကြောင်မင်းဆိုတာ အတော်လည်တဲ့အကောင်ပဲ၊ သူက အသိုက်ထဲကိုပြေးပါ့မလား”
ထိုစဉ်အသိုက်ထဲတွင် ကြောင်ကလေးများ၏ အော်သံကိုကြားလိုက်ရသည်။ ခွန်နောင်က လက်ဖြင့်နှိုက်ကြည့်ရာ အလွန်သေးငယ်လှသည့် ကြောင်ပေါက်ကလေးတစ်ကောင်ကို တွေ့လိုက်ရသည်။
“ခွီး”
ထိုစဉ် ခွန်နောင်၏ မျက်နှာချင်းဆိုင်ရှိ လူတစ်ရပ်ကျော်မြင့်သည့် ကျောက်တုံးချပ်တစ်ခုအပေါ်မှ ကြောင်မင်းမှာ ခွီးခနဲအသံပေးလျှက် ခွန်နောင်အား ခုန်အုပ်လိုက်လေသည်။ ရုတ်တရက်မို့ ခွန်နောင်လည်း းရှောင်ချိန်မရတော့ဘဲ ကြောင်မင်းက ခွန်နောင်၏ မျက်နှာပေါ်သို့ ပြုတ်ကျလာလေသည်။ ခွန်နောင်မှာ ကြောက်လန့်တကြားအော်ဟစ်ပြီးနောက် လဲကျသွားသည်။ ကြောင်မင်းက ခွန်နောင်လဲကျသွားသည့်တိုင် အလျော့မပေးဘဲ ခွန်နောင်၏ မျက်နှာကို လက်သည်းခြေသည်းများဖြင့် ကုပ်ခြစ်တိုက်ခိုက်လေရာ ခွန်နောင်မှာ လူးလိမ့်နေတော့သည်။
ဦးတောကျော်လည်း ကြောင်မင်းအာား သေနတ်ဖြင့််ထိုးချိန်လိုက်သည်။ သို့သော် ခွန်နောင်နှင့်် လုံးထွေးနေသဖြင့် ပစ်ကွင်းမကောင်းလှပေ၊ အပစ်မတော်လျှင် ကြောင်မင်းရော၊ ခွန်နောင်ရော နှစ်ဦးစလုံးကို ကျည်ဆန်ခဲလုံးက ဖောက်ထွက်သွားနိုင်ပေသည်။ သို့နှင့် ဦးတောကျော်လည်း သေနတ်ကိုပစ်ချလိုက်ပြီး ခါးကြားမှဓါးမြှောင်ကိုထုတ်ကာ ကြောင်မင်းဆီသို့ခုန်အုပ်လိုက်သည်။ ကြောင်မင်း၏ ဝမ်းဗိုက်အတွင်းသို့ ဓါးမြှောင်ကိုတစ်ဆုံးထည့်သွင်းလိုက်သည့်တိုင် ကြောင်မင်းမှာ မသေသေးဘဲ ဦးတောကျော်အား ပြန်လည်လှည့်ကာ ကုတ်သေးသည်။ ဦးတောကျော်က လက်ဖျံဖြင့်ကာလိုက်သဖြင့် လက်ဖျံသားများကိုသာ ကုတ်ခြစ်မိတော့သည်။
ကြောင်မင်းမှာ ဓါးတန်းလန်းဖြင့်ပင် လူတစ်ရပ်နိးပါးအမြင့်ရှိသည့် ကျောက်တုံးကြီးပေါ်သို့ လွှားခနဲခုန်တက်သွားသည်။ ထို့နောက် ကျောက်တောင်ကြီးပေါ်ရှီ ကျောက်တုံးများ၊ ကျောက်ချပ်များပေါ်သို့ လွှားခနဲလွှားခနဲ ခုန်တက်သွားလေရာ ဦးတောကျော်လည်း တူမီးသေနတ်ကို ပြေးကောက်လိုက်ပြီးနောက် ကြောင်မင်းအား ထိုးချိန်ကာ ပစ်ခတ်လိုက်တော့သည်။
“ဒိန်း”
ယမ်းပေါက်ကွဲသံတစ်ချက် ကျယ်လောင်စွာထွက်ပေါ်လာပြီးနောက် ကျောက်ချပ်များပေါ်တွင် ခုန်ပေါက်နေသည့် ကြောင်မင်းမှာ အောက်သို့ပြုတ်ကျလာလေသည်။ ကျည်ဆန်ထိမှန်သည့်ဒဏ်၊ ကျောက်တောင်ကမ်းပါးမှ ပြုတ်ကျသည့််ဒဏ်ကြောင့် ထိုကြောင်မင်းအသက်မရှင်နိုင်မှန်း ဦးတောကျော်သိလိုက်သည်မို့ လဲကျနေသည့် ခွန်နောင်ထံသို့ ပြေးလာခဲ့တော့သည်။
“ခွန်နောင်၊ မင်းရရဲ့လား”
ခွန်နောင်မှာ သူ့မျက်နှာကိုလက်ဖဝါးဖြင့်အုပ်ထားလေသည်။ ဦးတောကျော်လက်ကိုဖယ်ကြည့်လိုက်ရာ ခွန်နောင်၏ ညာဖက်မျက်လုံးမှာ ပေါက်ထွက်နေပြီးနောက် အတွင်းမှ အဖြူရောင်ပျစ်ချွဲချွဲမျက်သားများပင် ပေါက်ထွက်နေပြီဖြစ်သည်။ ခွန်နောင်မှာ နာကျင်လွန်းသဖြင့် ညည်းညူနေလေသည်။ ဦးတောကျော်လည်း ခွန်နောင်ကိုတွဲထူလိုက်သည်။
“ကြောင်မင်းရော၊ ကြောင်မင်းရော ဦးတောကျော်”
“စိတ်မပူပါနဲ့ကွာ၊ ဒီကောင်သေပါပြီ၊၊ မင်းမျက်လုံးတစ်ဖက်ပေါက်သွားတာကိုပဲ စိတ်ပူစမ်းပါ”
ကြောင်မင်းကိုကြည့်လိုက်သည့်အခါ ကြောင်မင်းမှာ အမကြီးဖြစ်သည်။ သားပေါက်နေစဉ်ဖြစ်သဖြင့် နို့များက တွဲကျနေလေသည်။ ဝမ်းဗိုက်တွင် ဓါးဒဏ်ရာရှိသလို၊ လက်ပြင်တစ်ဖက်မှ ကျည်ဆန်တစ်ခုက ဖောက်ထွက်သွားသည်ကိုလည်းတွေ့ရသည်။ စရိတ်ကျည်မည်သည့်အနား ထိသွားမှန်းတော့ ရှာမတွေ့သေး၊ အလင်းရောင်ကောင်းစွာရတော့မှ မြင်ရမည်ဖြစ်သည်။
ကြောင်မင်း၏ အသိုက်တွင်းထဲကြည့်လိုက်သည့်အခါ ကြောင်ကလေးသုံးကောင်ကိုတွေ့ရသည်။ ထိုကြောင်ကလေးများမှာလည်း ကြောင်မင်းများပင်ဖြစ်သည်။ ကြောင်မင်းသားပေါက်များမှာ ငယ်စဉ်တွင် သာမန်အိမ်ကြောင်ပေါက်များကဲ့သို့ သေးငယ်လှသည်။ မွေးဖွားပြီး ခြောက်ပတ်ခန့်ကြာသည့်အခါမှသာ အလွန်ထွားကျိုင်းလာကြခြင်းဖြစ်သည်။ ခွန်နောင်က ကြောင်ကလေးသုံးကောင်ကို ဂုတ်မှကိုင်၍ဆွဲထုတ်ကြည့်လိုက်ရာ မျက်လုံးပွင့်သည်မှာ ကြာသေးပုံပင်မရပေ။
“ဒီလောက်ဆိုရပြီထင်တယ်ခွန်နောင်၊ ကြောင်ပေါက်ကလေးတွေကိုလည်း တို့တွေယူသွားကြစို့ကွာ”
ကြောင်မင်းသားပေါက်ကလေးများမှာတော့ သူတို့အမေကြောင်မကြီးသေဆုံးသွားသည်ကို သတိထားမပုံမရသေးဘဲ ကြောင်တံငါကိုသာ အလုအယက်ကိုက်ဖဲ့နေကြလေသည်။ ထိုအရွယ်မှာ အစွယ်ကောင်းကောင်းမပေါက်သေးသဖြင့် စားသောက်၍မရသေးသော်လည်း တောရိုင်းကောင်သဘာဝပြသည့်နှယ် ကြောင်ကလေးများမှာ ကြောင်တံငါ၏ ဝမ်းဗိုက်အပေါက်ကြီးကို လျှာနှင့်လျှက်နေကြကာ အဆီများကို စားသုံးနေကြလေသည်။
“ဆာလိုက်တာဗျာ”
ကြောင်ကလေးများအား ဦးတောကျော်ခြုံလွှမ်းထားသည့် အဝတ်စကြီးဖြင့် ထုပ်ပိုးထားသည်။ အလွန်ချမ်းအေးလှသည်မို့ ဦးတောကျော်က မီးဖိုတစ်ခုဖိုလိုက်သည်။ ထို့နောက် လွယ်အိတ်ထဲထည့်ထားသည့် လက်တစ်ဝါးခန့်ရှိသည့် ငါးကြင်းကောင်ကိုထုတ်လိုက်ကာ တုတ်နှင့်ထိုး၍ မီးဖိုတွင်ကင်လိုက်သည်။
“သြော်၊ ဒါကြောင့်ကိုး”
“အေးလေ၊ ဒါကြောင့် ဒီငါးက တို့ရဲ့ ဒုတိယအစီအစဉ်လို့ပြောတာပေါ့ကွာ၊ ဒီငါးလေးအရင်စားထားအုံး၊ ကြောင်တံငါရဲ့အသားကိုလည်း မြည်းကြည့်စမ်းပါအုံး”
ကြောင်တံငါအသားများကို ဦးတော်ကျော်က လွှာလိုက်ပြီး မီးကင်လိုက်လေရာ အလွန်မွှေးကြိုင်သည့်အနံ့ကိုရရှိပြီး ကြောင်သားမှာလည်း အဆီတဝင်းဝင်းနှင့် စားကောင်းလှပေသည်။ ခွန်နောင်မှာ မျက်လုံးတစ်ဖက်ပျက်သွားသော်လည်း သိပ်ပြီးဝမ်းနည်းနေပုံမရသည်ကိုပင် ဦးတောကျော်က ချီးကျူးနေမိသည်။ မုဆိုးအလုပ်ဟူသည် အလွန်အသည်းမာရပြီး ဖြစ်လာလျှင်လည်း ခံနိုင်ရည်ရှိရသည်မဟုတ်ပါလား။
သို့နှင့် မနက်ဝေလီဝေလင်းအချိန်တွင် သူတို့နှစ်ဦး ရိုးမအတွင်းမှ ပြန်ဆင်းလာခဲ့ကြသည်။ နေ့တစ်ဝက်နီးပါး ခရီးနှင်ပြီးသည့်အခါမှ ရွှေကျီးမြင်ရွာသို့ပြန်ရောက်သည်။
“ခွန်နောင်၊ ရွာမှာနေပါအုံးကွ”
“မနေတော့ပါဘူး ဦးတောကျော်ရာ၊ ခုနစ်ရက်မပြည့်ခင် ကျုပ်ပြန်မှဖြစ်မယ်မဟုတ်လား”
“အေးပါကွာ၊ မင်းလည်း မင်းအခက်အခဲနဲ့ကိုး”
ခွန်နောင်က ဦးတောကျော်အားကြည့်လိုက်ရင်း
“ဒါနဲ့ဦးတောကျော်၊ ကျုပ်တို့ ဝေစုခွဲဖို့အတွက်ဆိုရင် ဦးတောကျော် ကျုပ်နဲ့အတူတူလိုက်ခဲ့မှရမှာ”
“နေပါစေကွာ၊ မင်းဝေစုကို ငါမလိုချင်ပါဘူး၊ မင်းသာ မျက်လုံးကိုကုလိုက်အုံး ဟေ့ကောင်”
ခွန်နောင်က ပြုံးလျှက်
“မျက်လုံးတစ်လုံးမရှီတော့ ပိုကောင်းသွားတာပေါ့ ဦးတောကျော်ရာ”
“ဟာ၊ ဟေ့ကောင် မင်းကတော့ ပေါက်ကရပြောတော့မယ်”
“ဟုတ်တယ်လေဗျာ၊ သေနတ်ချိန်တဲ့အခါ မျက်စေ့တစ်ဖက်မှိတ်ရသေးတယ်မဟုတ်လား၊ အခုမျက်လုံးတစ်ဖက်မရှိတော့ မျက်စိတစ်ဖက်မှိတ်ရတာ သက်သာသွားတာပေါ့ဗျာ”
“ဟား၊ ဟား ခွန်နောင်ကတော့ စံပါပဲကွာ”
ဦးတောကျော်လည်း သူတတ်သလောက်မှတ်သလောက် ဆေးရွက်များကိုထုထောင်းကာ ခွန်နောင်၏မျက်လုံးကို ထည့်ကာစီးနှောင်ပေးလိုက်လေသည်။ ခွန်နောင်ကတော့ ကြောင်မင်းကောင်ကြီးကိုတစ်ဖက်၊ ကြောင်မင်းသားပေါက်ကလေးများကို စောင်နှင့်ထုပ်ထားသည်ကိုတစ်ဖက် ထမ်းပိုးတစ်ခုနှင့်ထမ်းပိုးကာ ရွာမှပြန်သွားတော့သည်။ ဦးတောကျော်လည်း ခွန်နောင်အား ရွာထိပ်အထိလိုက်ပို့ကာ လက်ပြနှုတ်ဆက်လိုက်လေသည်။
“သွားပေအုံးတော့ ခွန်နောင်ရေ”
ဦးတောကျော်လည်း ရွာဘက်သို့လှည့်ပြန်လာခဲ့သည်။ ညနေစောင်းပြီဖြစ်သဖြင့် ရွာရှိကာလသားများက ရွာထိပ်မြေကွက်လပ်တစ်ခုတွင် ခြင်းဝိုင်းဖွဲ့နေကြပြီဖြစ်သည်။ ကာလသားတစ်ယောက်က ဦးတောကျော်အားလှမ်းကြည့်ပြီး
“ဗျို့ ဦးတောကျော်၊ ခြင်းမခတ်တော့ဘူးလားဗျ”
ဦးတောကျော်က ပြုံးလိုက်ပြီးနောက် ပုဆိုးအောက်အနားစကိုဆွဲလိုက်ကာ ခါးတောင်းမြောင်နေအောင်ကျိုက်လိုက်ပြီး ခြင်းဝိုင်းဆီသို့ပြေးဝင်သွားလေသည်။ ခြင်းခတ်သံ တဖတ်ဖတ်က ညနေခင်းအချိန်တွင် စီးချက်ညီစွာ ထွက်ပေါ်နေပါတော့သည်။
ပြီးပါပြီ။
ရေးသားသူ-အဂ္ဂဇော်
#crd