မခေါ်ဘဲလာတဲ့ဧည့်သည်

မခေါ်ဘဲလာတဲ့ ဧည့်သည် (စ/ဆုံး)

——————————

“အတော်ပြောင်းလဲသွားပြီပဲ။ မရောက်တာကြာတော့ နေရာတွေကို မှတ်တောင်မမှတ်မိတော့ဘူး။ ဟိုကလေးမလေးလည်း လူပြန်ဖြစ်မယ်ဆိုရင် လေးဆယ်ကျော်လောက်ရှိပြီပေါ့”

 

ကျွန်တော်တို့စီးလာသည့်တက္ကစီကားက နတ်ချောင်းတံတားကိုကျော်ဖြတ်ပြီး ဘယ်ဘက်သို့ချိုးကွေ့လိုက်စဉ် ကျွန်တော့်ဇနီး မြင့်ထံမှအမှတ်မထင်ကြားလိုက်ရသည့်စကားကြောင့် အတွေးများပြတ်တောက်သွားပြီး လွန်ခဲ့သည့်နှစ်ပေါင်းလေးဆယ်ကျော်ကို ပြန် အမှတ်ရလိုက်မိသည်။ ထိုအချိန်က မေတ္တာညွန့်ရပ်ကွက်သည် ပျဉ်ထောင်အိမ်လေးများသာရှိခဲ့ပြီး ယခုကဲ့သို့စည်ကားခြင်းလည်းမရှိပေ။ ယခုအခါ လုံးချင်းအိမ်လေးများသည် ကန်ထရိုက်တိုက်များအဖြစ်သို့ပြောင်းလဲသွားကြပြီး လူနေထူထပ်ကာ စည်ကားနေ လေပြီ။

 

ကျွန်တော်တို့မိသားစုသည် မေတ္တာညွန့်ရပ်ကွက်ရှိ အိမ်လေးတစ်လုံး၌ နှစ်အတန်ကြာနေထိုင်ခဲ့ကြဖူးသည်။ ထိုစဉ်ကကျွန်တော်သည် အငှားယာဉ်လေးဘီးကားလေးတစ်စီးဖြင့်ရုန်းကန်ရှာဖွေခဲ့ရသဖြင့် အိမ်ပိုင်မဝယ်နိုင်ဘဲ မေတ္တာညွန့်ရပ်ကွက်မှ ပျဉ်ထောင် အိမ်လေးတစ်လုံးကိုငှားရမ်းနေထိုင်ခဲ့ရပေသည်။ မေတ္တာညွန့်ရပ်ကွက်၌ နေထိုင်ခဲ့ဖူးသော်လည်း ကျွန်တော်တို့မိသားစုမော်လမြိုင်မြို့သို့ပြောင်းရွှေ့သွားပြီးကတည်းက ပြန်မရောက်ဖြစ်သည်မှာ နှစ်ပေါင်းလေးဆယ်ကျော်ခန့်ရှိပြီဖြစ်သောကြောင့် အရာရာပြောင်းလဲ နေသဖြင့် အသွင်သစ် အမြင်သစ်ဖြစ်ကာ နေရာများကိုပင် မမှတ်မိတော့ပေ။

 

“လူပြန်ဖြစ်မယ် မဖြစ်ဘူးဆိုတာ ဘယ်ပြောလို့ရပါ့မလဲ အမေကြီးရာ”

 

“ဟုတ်တော့ ဟုတ်ပါတယ်။ မြင့်လည်း တွေးကြည့်မိတာပါ”

 

ကျွန်တော်တို့ဇနီးမောင်နှံတွင် သမီးတစ်ယောက်သာထွန်းကားခဲ့ပြီး သမီးသည် ယခုအခါ အသက်လေးငါးဆယ်နားကပ်၍ သားသမီးနှစ်ယောက်ပင်ရနေလေပြီ။ မေတ္တာညွန့်တွင် စတင်နေထိုင်ခဲ့ကြစဉ်က သမီး၏အသက်သည် လေးနှစ်ကျော်သာရှိပေသေး သည်။

 

“လူသေတိုင်း လူပြန်မဖြစ်ဘူး အမေကြီး။ လူပြန်ဖြစ်ဖို့ဆိုတာ လွယ်တာမှမဟုတ်တာ။ ကလေးမလေးက အစွဲလည်းကြီးတယ်၊ ဇွဲလည်းကြီးတယ်”

 

“ သနားစရာတော့ကောင်းပါတယ် အဖေကြီးရယ်။ အဲဒီကောင်မလေးအကြောင်းကို သမီးနဲ့တောင် ဟိုတလောကပြောဖြစ်ကြသေးတယ်။ သမီးကခုထိကြောက်နေတုန်း”

 

“ကြောက်မှာပေါ့။ ငါတို့တောင် ကြောက်ခဲ့ရသေးတာပဲ”

 

“သူတို့သားအဖနှစ်ယောက်က သနားစရာပါ”

 

“သနားစရာကောင်းတာက ငါတို့ပါကွာ။ အခန့်မသင့်ရင် အသက်ပါထွက်သွားနိုင်တယ်”

 

“အဲဒါတော့ဟုတ်တယ် အဖေကြီးရေ။ အဖေကြီး အသံနက်ကြီးနဲ့အော်လိုက်တဲ့အသံကို အခုထိ နားထဲကမထွက်ဘူး။ လူမဖြစ်နိုင်ဘူးဆိုရင်လည်း ဘယ်ဘဝများရောက်နေသလဲမသိဘူး”

 

“သိချင်ရင် လိုက်သွားကြည့်ပါလား”

 

“ဘာပြောတယ် အဖေကြီး။ ကျွန်မကို သေခိုင်းနေတာလား”

 

“အေးလေ၊ မင်းက ဟိုကလေးမ ဘယ်ဘဝရောက်နေသလဲဆိုတာ သိချင်တယ်မဟုတ်လား”

 

“အဖေကြီးပဲ ကိုယ်တိုင်သွားကြည့်တော့။ အဖေကြီးခေါ်လာတဲ့သူလေ”

 

ကားဆရာလေးက ကျွန်တော်တို့ပြောဆိုနေသည့်စကားများကိုနားစွင့်ပြီး နောက်ကြည့်မှန်ထဲမှကြည့်နေသဖြင့် ဆက်မပြောရန်အတွက် မြင့်၏ပေါင်ကိုလက်ကုတ်ပြီး သတိပေးလိုက်ရသည်။ မြင့်က ကျွန်တော့်ကို စိတ်ကောက်ပြိး စကားဆက်မပြောတော့ သဖြင့် ကျွန်တော်လည်း အတွေးများကို လွန်ခဲ့သည့်နှစ်ပေါင်းလေးဆယ်ကျော်ထံသို့ ပြန်လည်ပို့ဆောင်လိုက်တော့သည်။

 

************************

 

တန်ဆောင်မုန်းလပြည့်နေ့မို့ ကားဆွဲကောင်းသဖြင့် အချိန်ကိုပင် သတိမထားလိုက်မိပေ။ ရွှေတိဂုံဘုရားနှင့် တိရစ္ဆာန်ဥယျာဉ်ကို ခေါက်တုန့်ခေါက်ပြန်ပြေးဆွဲနေရပြီး မြေနီကုန်း ဆန်းသီရိရုပ်ရှင်ရုံရှေ့သို့ ခရီးသည်ပို့ပြီးအပြန်၌ ညရှစ်နာရီကျော်နေလေပြီ။ အ ချိန်လင့်နေသည့်အတွက် အိမ်သို့ပြန်ရန်ဆုံးဖြတ်လိုက်ပြီး မြေနီကုန်းဘက်သို့ချိုးကွေ့လိုက်သည့်အချိန်တွင် လမ်းပေါ်၌ရုတ်ရုတ်သဲသဲဖြစ်နေကြသည့်မြင်ကွင်းကို မြင်တွေ့လိုက်ရသည်။ ကိုယ်နှင့်မသက်ဆိုင်သည့်ကိစ္စမို့ မစပ်စုတေ့ဘဲ လူအုပ်ကြီးကို ကျော်ဖြတ်ရန်ပြင် လိုက်သည့်အချိန်တွင် အမျိုးသား လေးငါးယောက်က ကျွန်တော့်ကားရှေ့မှပိတ်ရပ်ပြီးလက်တားနေကြသဖြင့် ကားကိုရပ်လိုက်ပြီး အခြေအနေကြည့်လိုက်မိသည်။ ကားတားနေကြသူများသည် အိန္ဒိယနွယ်ဖွား အမျိုးသားများဖြစ်ပြီး ရုတ်ရုတ်သဲသဲဖြစ်နေကြသည်။

 

“ကားဆရာ…….လူနာတွေကို ဆေးရုံကို အမြန်ပို့ပေးပါ”

 

အကျိုးအကြောင်းမပြောဆိုဘဲ အမိန့်ပေးသကဲ့သို့ပြောဆိုနေသူကို ငြင်းပယ်ရန်ပြင်နေသည့်အချိန်မှာပင် ကားက သိမ့်ကနဲဖြစ်သွားသဖြင့် နောက်သို့လှည့်ကြည့်လိုက်သည့်အခါ လူနာများကို ကားပေါ်သို့တင်နေကြလေပြီ။

 

“ဘာဖြစ်ကြတာလဲဗျ”

 

“ကားတိုက်သွားတာ။ တိုက်တဲ့ကားက မောင်းပြေးသွားတယ်”

 

ခိုက်ရန်ဖြစ်ပွားခြင်းမဟုတ်ဘဲ ယာဉ်တိုက်မှုဆိုသည့်အတွက် လူနာကအရေးကြီးနေသဖြင့် ကျွန်တော်လည်း ဘာမှဆက်မပြောတော့ဘဲ လူနာတင်ပြီးသည်အထိ ရပ်စောင့်နေလိုက်သည်။

 

“ဘုံး…ဘုံး….”

 

“မောင်းလို့ရပြီဗျို့”

 

ကားနံဘေးကိုပုတ်ပြီး ပြောဆိုသံကိုကြားလိုက်သဖြင့် ဂီယာထိုး၍ လီဗာကိုဖိနင်းလိုက်တော့သည်။

 

“မြန်မြန်မောင်းပါ။ လူနာအခြေအနေမကောင်းတော့ဘူး”

 

“မောင်းနေတယ်ဗျို့…..”

 

ဦးဝိစာရလမ်းပေါ်သို့ရောက်သည့်အချိန်၌ ကားနောက်ခန်းမှခေါင်းပြူပြီး အမြန်မောင်းပေးရန်ပြောဆိုနေသဖြင့် အမြန်မောင်းနေကြောင်းပြန်လည်ပြောဆိုလိုက်ရသော်လည်း ငယ်သံပါအောင်အော်ဟစ်ပြီး ရုန်းနေရရှာသည့် B360 လေးဘီးကားလေး အင်္ဂျင် ပူပြီးကွဲ သွားမည်စိုးသဖြင့် ငဲ့ညှာရသေးသည်။ လူနာအခြေအနေကိုသိလိုသဖြင့် ကားနောက်ခန်းသို့လှည့်ကြည့်လိုက်သည့်အခါ ကြမ်းခင်းပေါ်တွင်ထိုင်နေသည့်အမျိုးသား၏ပေါင်ပေါ်၌ ဘေးတစောင်းလှဲနေသည့် အမျိုးသားလူနာတစ်ယောက်နှင့် စွပ်ကျယ်လက်ပြတ် နှင့်အမျိုးသား၏ကိုယ်ပေါ်မှ မိန်းကလေးငယ် တစ်ယောက်ကို မြင်လိုက်ရသည်။ မိန်းကလေးငယ်သည် သွေးများရွှဲနစ်နေပြီး ဇက်ကနောက်သို့လန်ကျနေသည်။

 

ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနသို့ရောက်သည့်အခါ ကားရပ်လိုက်ပြီး လူနာများကို ကူညီသယ်မရန် ကားနောက်သို့အမြန်ပြေးရလေသည်။

 

“ကားဆရာ…..ကောင်မလေးကိုခေါ်သွားပြီး ဆေးရုံဝန်ထမ်းတွေအမြန်ခေါ်လာပေးဗျာ”

 

“ဟုတ်ကဲ့….”

 

စွပ်ကျယ်လက်ပြတ်ဝတ်ဆင်ထားသည့် အိန္ဒိယနွယ်ဖွားအမျိုးသားက သူ့လက်ပေါ်မှကလေးမလေးကို ကျွန်တော့်ထံသို့လွှဲပြောင်းပေးလိုက်သဖြင့် ကျွန်တော်လည်း ကလေးမလေးကိုအမြန်ပွေ့ကာ အရေးပေါ်ဌာနထဲသို့ အပြေးအလွှားဝင်သွားပြီး ဆေးရုံဝန် ထမ်းများကို အကူအညီတောင်းရလေတော့သည်။ ကျွန်တော့်လက်ပေါ်မှ အန္ဒိယနွယ်ဖွားကလေးမလေးသည် အသက်ဆယ်နှစ်ဝန်းကျင်မျှသာရှိပြီး ဆင်းရဲနွမ်းပါးပုံရပေသည်။ အဖြူရောင်လက်ရှည်အင်္ကျီနှင့် အညိုရောင်ဘောင်းဘီတိုလေးဝတ်ဆင်ထားသည်။ ဆံပင် က ရှည်လျားပြီး ကျောလယ်မျှရှိပေသည်။ လူနာလိုက်ပို့သည့်အမျိုးသားထံမှ လက်ပြောင်းယူလိုက်သည့်အချိန်တွင် မျက်လုံးပွင့်လာပြီး ကျွန်တော့်မျက်နှာကို အသေအချာကြည့်နေသေးသဖြင့် အခြေအနေမဆိုးသေးဟုထင်ခဲ့မိသော်လည်း အရေးပေါ်ခန်းထဲသို့ရောက် သည့်အချိန်တွင် အသက်ပျောက်သွားခဲ့သည်။ ဒဏ်ရာရထားသည့် အမျိုးသားက ဘယ်ဘက်လက်သွင်သွင်ကျိုးပြီး အရိုးငေါထွက်နေသည်ကလွဲ၍ လှုပ်ရှားညည်းညူနိုင်သေးသည်။ ထိုသူ၏အခြေအနေကိုစောင့်ကြည့်ရန်က ကျွန်တော့်ကိစ္စမဟုတ်သည့်အတွက် ကျွန် တော့်တာဝန်ပြီးဆုံးသွားပြီမို့ လူနာလိုက်ပို့သည့် အမျိုးသားနှစ်ယောက်ကို အိမ်ပြန်တော့မည်ဖြစ်ကြောင်း အသိပေးလိုသော်လည်း လူနာနှင့်အလုပ်ရှုပ်နေကြသဖြင့် မပြောတော့ဘဲ ကားဆီသို့ထွက်လာခဲ့သည်။

 

ဆေးရုံမှပြန်သည့်အချိန်တွင် ညကိုးနာရီကျော်နေလေပြီ။ ကျွန်တော့်အဝတ်အစားများပေါ်တွင် ကလေးမလေး၏သွေးများ ပေကျံနေသဖြင့် သွေးညှီနံ့များထောင်းထောင်းထနေသည်။ ဗိုလ်ချုပ်အောင်ဆန်းလမ်းအတိုင်းမောင်းနှင်လာပြီး သိမ်ဖြူလမ်းဘက်သို့ ချိုးကွေ့ လိုက်သည့်အချိန်တွင် ခေါင်းခန်းနှင့်ကားနောက်ပိုင်းကိုခြားထားသည့်မှန်အား ထုနှက်နေသည့်အသံကိုကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်သည့်အခါ သေးသွယ်သည့် လက်နှစ်ဖက်ကိုမြင်တွေ့လိုက်ရလေသည်။ ဆေးရုံကြီးအရေးပေါ်ဌာနအရှေ့၌ ကားရပ် ထားစဉ် ကလေးတစ်ယောက်တက်ဆော့ပြီး ကားပေါ်ပါလာခဲ့သည်ဟုထင်မှတ်သဖြင့် ကားကိုလမ်းဘေး၌ကပ်ရပ်လိုက်ပြီး ဆင်းကြည့်သည့်အခါ ကားနောက်ခန်း၌မည်သူမျှမရှိဘဲ အရှေ့ဘက်ထောင့်စွန်း၌ ထိုင်ခုံပေါ်တင်ထားသည့် ဖျာခေါက်တစ်ခုကိုသာ မြင်တွေ့ လိုက်ရသည်။ ဖျာခေါက်ကိုယူကြည့်လိုက်သည့်အခါ အသစ်စက်စက် သင်ဖြူးဖျာတစ်ချပ်ဖြစ်နေသဖြင့် ခရီးသည်တစ်ယောက်ယောက်ကျန်ခဲ့သည့်ဖျာဖြစ်နိုင်ပေသည်။ ပိုင်ရှင် မည်သူမည်ဝါဆိုသည်ကိုလည်း မသိနိုင်သည့်အပြင် တန်ဖိုးကြီးမားသည့် ပစ္စည်းလည်းမ ဟုတ်သည့်အတွက် ဖျာခေါက်ကို ကားရှေ့ခန်းထဲမှ ထိုင်ခုံပေါ်သို့ပစ်တင်လိုက်သည်။

 

ကျွန်တော့်စိတ်ထဲ၌ဘဝင်မကျမိသည့်အချက်က မှန်ကိုထုနှက်သည့် အသံနှင့် မှန်ပေါ်မှလက်နှစ်ဖက်ကို အသေအချာကြားခဲ့၊ မြင်တွေ့ခဲ့ရသော်လည်း ကားနောက်၌ လူသူတစ်ယောက်မှရှိမနေခြင်းဖြစ်သည်။ ကားနောက်ခန်းတွင် သွေးညှီနံ့က ထောင်း ထောင်းထနေသဖြင့် တစ်နေရာရာ၌ ကားကိုရေဆေးချင်သော်လည်း ညကိုးနာရီကျော်နေပြီဖြစ်သည့်အတွက် အိမ်ရောက်မှဆေးကြောတော့မည်ဟုဆုံးဖြတ်ကာ ကားပေါ်သို့တက်၍ အိမ်သို့မောင်းလာခဲ့တော့သည်။

 

 

**************************

 

“မြင့်ရေ…..မြင့်”

 

“လာပြီ ကိုရေ….၊ ဟင်……ကို …သွေး.. သွေးတွေ။ ဘာ.. ဘာဖြစ်လာတာလဲ”

 

မြင့်က အိမ်တံခါးဖွင့်ပေးရင်း ကျွန်တော့်ကိုယ်ပေါ်မှ သွေးများကိုမြင်လိုက်သဖြင့် အလန့်တကြားဖြစ်သွားလေသည်။

 

“အေးကွာ….မြေနီကုန်းမှာ ကားတိုက်မှုဖြစ်လို့ လူနာကိုဆေးရုံလိုက်ပို့နေရတာနဲ့ နောက်ကျသွားတယ်”

 

“ဟယ်……။ ကို တိုက်လိုက်တာလား”

 

“မဟုတ်ပါဘူး။ အခြားကားတစ်စီးက တိုက်ပြီးမောင်းပြေးသွားတာ”

 

“တော်သေးတာပေါ့။ ဿွေးတွေမြင်လိုက်လို့ ကိုဘာများဖြစ်ပြီလဲဆိုပြီး လန့်သွားတာ။ ရင်တွေတောင်တုန်တယ်။ အတိုက်ခံရတဲ့သူရော အခြေအနေရောကောင်းရဲ့လား”

 

“မကောင်းဘူးကွာ။ ကလေးမလေးက ဆယ်နှစ်ဝန်းကျင်လောက်ပဲရှိမယ်။ နောက်တစ်ယောက်က ယောကျ်ားကွ။ ကိုယ့်ထက် အသက်ကြီးပုံရတယ်။ ကလေးမလေးက ဆေးရုံရာက်မှဆုံးသွားတယ်။ ဟိုလူကတော့ ဘယ်လိုနေသလဲမသိဘူး”

 

“အို…ကျွတ်…ကျွတ်….သနားပါတယ်။ ကလေးမလေးတော့ တော်တော် ခံစားရရှာမှာပဲ။ သူ့မိဘတွေတော့ ရင်ကျိုးပါပြီ ကိုရယ်။ ဟိုလူနဲ့ ကောင်မလေးက ဘာတော်သလဲ ကို”

 

“အဲဒါတော့ ကိုလည်းဘယ်သိပါ့မလဲ။ နှစ်ယောက်စလုံးက ကုလားလူမျိုးတွေ။ ဟိုလူကလည်း စုတ်စုတ်ပြတ်ပြတ်၊ ကောင်မလေးကလည်း စုတ်စုတ်ခြာခြာနဲ့ ဆင်းရဲနွမ်းပါးပုံရတယ်။ သမီးလေး အိပ်သွားပြီလား”

 

“ခုနလေးကမှ အိပ်သွားတယ်။ သမီးကိုသိပ်ရင်း ကို့ကိုစိတ်ပူလို့စောင့်နေတာ။ ကားစက်သံကြားလို့ ထွက်လာတာ”

 

“ရေချိုးရင်း ကားရေဆေးလိုက်ဦးမယ်ကွာ”

 

“ဟုတ်ကဲ့ကို။ ရေချိုးပြီး ထမင်းစားမှာမဟုတ်လား၊ ဟင်းတွေနွှေးထားလိုက်မယ်နော်”

 

“နွှေးချင်လည်း နွှေးထားလိုက်”

 

“ဟုတ်ကဲ့ကို။ မြန်မြန်လုပ်နော်…..အအေးမိဦးမယ်”

 

“ရော့…….ဖျာယူလိုက်ဦး”

 

“ကို ဝယ်လာတာလား”

 

“မဟုတ်ဘူး။ ကားပေါ်မှာကျန်ခဲ့တာ။ ပိုင်ရှင်ဘယ်သူမှန်းလဲမသိ။ တန်ဖိုးလည်းကြီးတာမဟုတ်တော့ ယူထားလိုက်ကြတာပေါ့ကွာ”

 

“ဟုတ်ကဲ့ ကို”

 

************************

 

ထမင်းစားသောက်ပြီး ဆေးလိပ်ဖွာရင်းအနားယူနေသည့်အချိန်တွင် ကျွန်တော့်ဇနီး မြင့်က အိမ်နောက်ဖေး၌ စားပြီးသားပန်းကန်ခွက်ယောက်များဆေးကြောနေသည်။ ထိုအချိန်တွင် ကျွန်တော်ထိုင်နေသည့် ပက်လက်ကုလားထိုင်ကျောမှီအား တစ်စုံတစ် ယောက်က ကိုင်လှုပ်သကဲ့သို့လှုပ်သွားသဖြင့် နောက်သို့လှည့်ကြည့်လိုက်မိသည်။ သို့သော်လည်း မည်သူမျှရှိမနေသဖြင့် စိတ်ထဲ၌တစ်မျိုးတစ်မည်ဖြစ်သွားခဲ့သည်။ အနီးအနားတွင် တစ်ယောက်ယောက်ရှိနေသကဲ့သို့ခံစားရပြီး နှာခေါင်းထဲတွင်လည်း သွေးညှီနံ့ရနေ သည်။ ကားရေဆေးပြီး အိမ်ပေါ်သို့တက်လာကတည်းက စိတ်ထဲ၌ မသိုးမသန့်ဖြစ်နေမိသည်။

 

“မေမေ…မေမေ…မေမေ…ဟီး…….ဟီး..”

 

“ဝုန်း…..”

 

အခန်းထဲမှ သမီးလေး၏အသံကိုကြားလိုက်သဖြင့် သမီးလေးဆီသို့သွားရန် ပက်လက်ကုလားထိုင်မှထလိုက်သည့်အချိန်တွင် ပက်လက်ကုလားထိုင်ခေါက်သွားပြီး ညပ်နေသဖြင့် ထိုင်မရ ထမရဖြစ်သွားလေသည်။ ပက်လက်ကုလားထိုင်ခေါက်သွားရခြင်းက လည်း ထူးဆန်းလှသည်။ ထိုင်ရာမှထလိုက်စဉ် ပက်လက်ကုလားထိုင်ကျောမှီအား နောက်မှဆွဲမလိုက်သလိုဖြစ်ပြီး ခေါက်သွားခဲ့ခြင်းဖြစ်ကြောင်း ကျွန်တော်သိသည်။

 

“မေမေလာပြီသမီးလေး”

 

မြင့်က သမီးလေးဆီသို့ပြေးသွားသဖြင့် ကျွန်တော်လည်း ညပ်နေသည့်ပက်လက်ကုလားထိုင်ခုံကြားမှ ရုန်းထွက်ကာ သမီးဆီသို့သွားရလေသည်။

 

“သမီးလေး ဘာဖြစ်တာလဲ မြင့်”

 

“လန့်ပြီး ငိုနေတာ။ ခုနက ဝုန်းကနဲကြာလိုက်တယ်။ ဘာဖြစ်တာလဲ ကို”

 

“သမီးလေးဆီလာမလို့ထလိုက်တာ ပက်လက်ကုလားထိုင်ခေါက်ပြီးညပ်သွားလို့”

 

“သမီးကြောက်တယ်….မေမေ”

 

“ဘာမှမကြောက်နဲ့သမီး…မေမေရှိတယ်”

 

မိခင်က ရင်ခွင်ထဲတွင်ပွေ့ပိုကထားသော်လည်း သမီးလေး၏မျက်လုံးများက တောင်ကြည့်မြောက်ကြည့်ဖြင့် ကြောက်လန့်နေသဖြင့် ကျွန်တော့်စိတ်ထဲ၌ သံသယရှိလာခဲ့သည်။

 

“ကို ပရိတ်ရေသွားယူလိုက်ဦးမယ်”

 

“ဟုတ်ကဲ့ ကို”

 

ဘုရားစင်ပေါ်မှ ပရိတ်ရေယူရန် အိမ်ရှေ့ခန်းသို့ ထွက်လာသည့်အချိန်တွင် ကျွန်တော့်နံဘေးနားမှဖြတ်သွားသည့် အဖြူရောင်အရိပ်တစ်ခုကို ခပ်ရေးရေးမြင်တွေ့လိုက်ရသည်။ ထိုအဖြူရောင်အရိပ်သည် အိမ်ရှေ့ခန်းသို့အရောက်တွင် ရုတ်တရက်ပျောက် ကွယ်သွားသည်။ စိတ်ထဲ၌ စနိုးစနောင့်ဖြစ်သွားခဲ့သော်လည်း ထင်ထင်ရှားရှားမြင်တွေ့ရခြင်းမဟုတ်သဖြင့် ပရလောကသားဟုပြောဆိုရန်ခက်နေပေသည်။ ကျွန်တော်လည်း ဘုရားစင်ပေါ်မှ ပရိတ်ရေယူကာ အိမ်ရှေ့ခန်အနှံ့ပက်ဖျန်းလိုက်ပြီး သမီးလေးနှင့် အိပ်ခန်း ကိုပါ ပရိတ်ရေဖျန်းလိုက်သည်။

 

“ဘာမှမဖြစ်တော့ဘူးနော် သမီး၊ မေမေရှိတယ်။ ပြန်အိပ်တော့နော်”

 

“ဟုတ်ကဲ့ မေမေ”

 

“ကိုရေ…….ဇလုံထဲက ဆေးလက်စပန်းကန်တွေကို အိမ်ထဲထည့်ပြီး နောက်ဖေးတံခါးပိတ်လိုက်နော်။ မီးတွေပိတ်ဖို့လည်း မမေ့နဲ့ဦး”

 

“အေး….အေး…။ ကို လုပ်လိုက်မယ်”

 

မြင့်နှင့် သမီးလေးတို့ ခြင်ထောင်ထဲသို့ဝင်သွားသည့်နောက် ကျွန်တော်လည်း အိမ်နောက်ဖေးသို့ဝင်သွားပြီး ရေကပြင်ပေါ်မှ ဆေးလက်စပန်းကန်များထည့်ထားသည့် ရေဇလုံကို အိမ်ထဲသို့ထည့်ပြီး နောက်ဖေးတံခါးပိတ်မည်ပြုစဉ် အိမ်သာတံခါးက အလိုလို ပွင့်လာသဖြင့် အိမ်သာကို လှမ်းကြည့်လိုက်မိသည်။ အိမ်သာနှင့်ရေကပြင်သည် ဆယ်ပေမျှသာဝေးသဖြင့် ရေကပြင်၌ထွန်းထားသည့်မီးရောင်ဖြင့် အိမ်သာထဲသို့ ကောင်းစွာမြင်တွေ့ရပေသည်။ အိမ်သာထဲတွင်ရပ်နေသည့် မိန်းကလေးတစ်ယောက်ကို မြင်တွေ့လိုက် ရသည့်အခိုက် ရုတ်တရက်လန့်သွားမိသည်။ ထိုမိန်းကလေးသည် ကျွန်တော့်ကားဖြင့်တင်ပြီးဆေးရုံကြီးသို့ပို့ခဲ့သည့်မိန်းကလေးဖြစ်နေသည်။ ခေါင်းငုံ့၍ မျက်လုံးကိုလှန်ကြည့်နေသည့်အကြည့်က မကျေနပ်ကြောင်းဖော်ပြနေသည်။ ကျွန်တော်လည်း တံခါးကိုအမြန် ပိတ်ပြီး ပြုခဲ့ဖူးသည့်ကုသိုလ်များကို အမျှပေးဝေလိုက်သည်။ ထို့နောက် အိမ်တံခါးများကိုစစ်ဆေးပြီး မီးဖိုဆောင်မှ မီးလုံးတစ်လုံးပဲဖွင့်ထားပြီး ကျန်မီးများအားလုံးပိတ်ကာ အိပ်ခန်းထဲသို့ဝင်၍ မြင့်၏ဘေးတွင်လှဲအိပ်လိုက်သည်။

 

***********************

 

အဆက်မပြတ်ဆွဲနေသည့် ရထားဥဩသံကြောင့် ကျွန်တော်လန့်နိုးသွားခဲ့သည်။ ရထားဥဩသံဣှင့် ရထားခုတ်မောင်းသံများကို နေ့စဉ်နှင့်အမျှကြားနေရသဖြင့် အလေ့အကျင့်ဖြစ်နေခဲ့သော်လည်း ယနေ့ကျမှ လန့်နိုးခဲ့ရသည်။ မြင့်နှင့်သမီးလေးက တုပ်တုပ် မျှမလှုပ်ကြဘဲ တခေါခေါဖြင့် အိပ်မောကျနေကြသည်။ ရထားသံတိတ်ဆိတ်သွားသော်လည်း အိပ်ရာဘေးမှ စားပွဲတင်နာရီထံမှ တစ်ချက်ချက်မြည်သံကိုကြားနေရပြန်သည်။ လန့်နိုးသွားသဖြင့် မျက်လုံးများကျယ်ပြီး ပြန်အိပ်လို့မရတော့သော်လည်း မနက်စောစော ထပြီး ကားဆွဲရဦးမှာမို့ ဇွတ်မှိတ်အိပ်ရန်ကြံလိုက်စဉ် ခန်းစီးလိုက်ကာလှုပ်သွားသဖြင့် ခေါင်းထောင်ကြည့်လိုက်မိသည်။ ကျွန်တော်တို့အိပ်ခန်းတွင် တံခါးမရှိဘဲ ခန်းဆီးလိုက်ကာသာတပ်ဆင်ထားသဖြင့် လုံခြုံမှုမရှိသော်လည်း အိမ်ငှားဖြစ်သည့်အတွက် တံခါးမတပ် တော့ဘဲ သည်အတိုင်းထားလိုက်ရသည်။ ခန်းဆီးလိုက်ကာလှုပ်သွားသော်လည်း ဆက်ပြီးမထူးခြားသဖြင့် ခေါင်းအုံးပေါ်သို့ခေါင်းချလိုက်သည့်အချိန်မှာပင် ခြေရင်းဘက်မှခြင်ထောင်ကို တဖြည်းဖြည်းဆွဲတင်နေသည်ကို မြင်တွေ့လိုက်သဖြင့် ကျွန်တော် ချက်ချင်းထ ထိုင်လိုက်သည်။ ခြင်ထောင်အနားစကိုဆွဲမထားသကဲ့သို့ အလယ်လောက်တွင်ရပ်တန့်နေသဖြင့် ကြက်သီးမွေးညင်းများထသွားခဲ့သည်။ မြင့်ကို နှိုးရကောင်းနိုးစဉ်းစားနေစဉ် ဆန့်ထားသည့်ကျွန်တော့်ခြေထောက်ကို အေးစက်သည့်လက်ဖြင့်ဆုပ်ကိုင်လိုက်သလို ခံစား လိုက်ရသဖြင့် ခြေထောက်ကိုအမြန်ရုပ်ပြီး ဆောင့်ကြောင့်ထိုင်နေလိုက်သည်။ ခြင်ထောင်အနားစက ပြန်မကျသေးဘဲ တန့်နေသဖြင့် ကျွန်တော်လည်း သမ္ဗုဒ္ဓေဂါထာတော်ကို အသံထွက်ရုံရွတ်ဆိုပြီး အခြေအနေကို စောင့်ကြည့်နေလိုက်သည်။

 

ခဏအကြာတွင် ခြင်ထောင်အနားစပြန်ကျသွားပြီး ခြင်ထောင်အပြင်ဘက်တွင် ဆောင့်ကြောင့်ထိုင်နေသည့် မိန်းကလေးတစ်ယောက်ကို ထင်ထင်ရှားရှားမြင်တွေ့လိုက်ရလေသည်။ မိန်းကလေးက ခေါင်းကိုအနည်းငယ်ငုံ့ပြီး ကျွန်တော့်ကိုမျက်လှန်ကြည့်နေ သဖြင့် ကျောထဲမှစိမ့်တက်လာသည်။ မြင့်ကိုနှိုးလိုက်ပြန်လျှင်လည်း ကြောက်လန့်ရုံမှလွဲ၍ဘာမှမထူးသဖြင့် မနှိုးတော့ဘဲ ခြေရင်းမှစောင်ကိုဆွဲယူကာ ခေါင်းမြီးခြုံထားလိုက်သည်။ ခြင်ထောင်ဘက်သို့ ကျောမပေးရဲသဖြင့် သမီးလေးဘက်သို့လှည့်အိပ်နေသည့် မြင့်နှင့် ကျောချင်းထိကပ်ကာ ခြင်ထောင်ဘက်သို့မျက်နှာမူထားလိုက်သည်။

 

စောင်ကိုခေါင်းမြီးခြုံပြီး နားစွင့်ထားသည့်အချိန်တွင် ကျွန်တော့်လက်မောင်းကို လက်ဖြင့်ကုတ်နေသဖြင့် ဆံပင်မွေးများထောင်ထသွားသည်။ စောင်စလွတ်သွားမည်စိုးသဖြင့် ခြေလက်များနှင့်သာမက ကိုယ်နှင့်ပါ ဖိထားရသည်။

 

“အမ်…….ဘာလဲ သမီးလေး….”

 

မြင့်အသံကြားလိုက်ရသဖြင့် စောင်ကိုလှပ်ပြီးကြည့်လိုက်သည့်အခါ ငုတ်တုပ်ထိုင်နေသည့် သမီးလေးကို တွေ့လိုက်ရသည်။

 

“ရှုပေါက်မလို့လား သမီးလေး”

 

“ဟုတ်ကဲ့”

 

“လာ….. မေမေ အိမ်သာလိုက်ပို့ပေးမယ်”

 

မြင့်နိုးလာသည့်အခါမှ အသက်အောင့်ထားသမျှဖြေလျှော့လိုက်ရတော့သည်။ ထိုအခါမှ ဆီးသွားချင်သည့်စိတ်၊ ရေသောက်ချင်သည့်စိတ်က အလျှိုလျှိုပေါ်လာခဲ့လေသည်။

 

“ကိုလည်း လိုက်ခဲ့မယ်”

 

“ရှုပေါက်ချင်လို့ ဖေဖေ့ကိုနှိုးတာ နှိုးလို့မရလို့ မေမေ့ကိုနှိုးလိုက်ရတာ”

 

သမီးလေးပြောသည့်အခါမှ ကျွန်တော့်ပခုံးကိုကုတ်နေသူသည် သမီးလေးဖြစ်ကြောင်းသိလိုက်ရလေသည်။

 

“ဟုတ်လား……မေမေ့ကိုနှိုးလည်းရပါတယ်သမီးရယ်။ လာ…လာ…….အပြင်ထွက်”

 

“ဝုန်း…….”

 

“အမလေး…..ဘာသံကြီးလဲ”

 

ခြင်ထောင်အပြင်သို့ ကျွန်တော်တို့သားအမိသားအဖသုံးယောက်ထွက်ပြီးသည့်အချိန်တွင် အိမ်ရှေ့ခန်းမှ တစ်ခုခုပြုတ်ကျသည့်အသံကြားလိုက်ရလေသည်။

 

“သမီးလေးကို ရှုသွားတည်လိုက်။ ကို အိမ်ရှေ့သွားကြည့်မယ်”

 

မြင့်နှင့်သမီးလေးတို့ အိမ်နောက်ဖေးထွက်သွားသည့်အခါ ကျွန်တော်လည်း အိမ်ရှေ့သို့သွား၍ မီးဖွင့်လိုက်သည်။ မီးချောင်းက ချက်ချင်းလင်းမလာသေးဘဲ တဖျပ်ဖျပ်ဖြစ်နေသည့်အချိန်တွင် အိမ်ရှေ့တံခါးကို ကျောပေးရပ်နေသည့် မိန်းကလေးကို မြင်လိုက်ရ လေတော့သည်။ ကျွန်တော်လည်း ဘာမှစဉ်းစားမနေတော့ဘဲ ဘုရားစင်ပေါ်မှ ပရိတ်ရေပုလင်းကိုအမြန်ယူကာ အိမ်ရှေ့ခန်းတစ်ခုလုံးကို ပက်ဖျန်းလိုက်တော့သည်။ ထိုအခါမှ မိန်းကလေးလည်းပျောက်ကွယ်သွားလေတော့သည်။ မီးချောင်းလင်းလာသည့်အခါ အိမ် ရှေ့ခန်းကို စစ်ဆေးကြည့်သော်လည်း မည်သည့်ပစ္စည်းမှပြုတ်ကျနေခြင်းမရှိသဖြင့် မီးချောင်းပြန်မပိတ်တော့ဘဲ နောက်ဖေးသို့ဝင်ခဲ့သည်။

 

မြင့်က သမီးလေးကို ရေကပြင်၌ ရှုတည်နေသဖြင့် ကျွန်တော်က အိမ်သာသို့သွားကာ ဆီးသွားလိုက်သည်။ ကိစ္စပြီး၍ အိမ်သာမှထွက်လာသည့်အခါ ကြက်သီးဖျန်းကနဲထသွားခဲ့သည်။ ဆီးသွားပြီး၍ ကြက်သီးထသည်ဟုသာထင်မှတ်လိုက်သည်။

 

“မြင့်လည်း ရှုရှပေါက်လိုက်ဦးမယ်။ သမီးလေးကို ခဏကြည့်ထားလိုက်နော်”

 

“အေး…..အေး”

 

မြင့် အိမ်သာထဲဝင်နေခိုက် ကျွန်တော်နှင့်သမီးလေးက အိမ်နောက်ဖေး ရေကပြင်နားတွင် ထိုင်စောင့်နေကြသည်။

 

“ဘာလဲ သမီးလေး”

 

သမီးလေးက ကျွန်တော့်ပခုံးကို လက်ဖြင့်ကုတ်ပြီး အိမ်သာခေါင်မိုးပေါ်သို့ လက်ညှိုးထိုးပြနေသဖြင့် ကြည့်လိုက်သည့်အခါ အိမ်သာခေါင်မိုးပေါ်တွင် လက်နှစ်ဖက်ရှေ့သို့ထောက်၍ ဆောင့်ကြောင့်ထိုင်နေသည့် မိန်းကလေးကိုမြင်လိုက်သဖြင့် ကျွန်တော့် တစ် ကိုယ်လုံး အေးစက်တောင့်တင်းသွားပြီး ကြက်သီးမွေးညင်းများထသွားလေသည်။

 

“သမီး…မကြည့်နဲ့။ မြင့်….မြန်မြန်လုပ်”

 

“ဘာဖြစ်လို့လဲ ကို”

 

“မြန်မြန်လုပ်ပါဆိုမှကွာ”

 

“ပြီးပါပြီ ကိုရဲ့။ အိမ်သာတက်ချင်လို့လား”

 

“စကားမများနဲ့ကွာ။ မြန်မြန်ထွက်လာခဲ့”

 

သမီးလေးကိုဆွဲလှည့်ပြီး အိမ်ရှေ့ဘက်သို့ မျက်နှာမူခိုင်းရင်း ဇနီးသည်ကို အမြန်ထွက်လာဖို့ပြောရသည်။ မိန်းကလေးသည် မည်သည့်အတွက် ကျွန်တော့်ကို ခြောက်လှန့်နေမှန်းမသိပါ။

 

“အိမ်သာတက်ချင်တာများ တစ်ခါတည်းတက်လိုက်ပါတော့လား ကိုရယ်။ မြင့်က အောင့်ထားလို့ရပါတယ်”

 

“စကားမများနဲ့၊ အိမ်ထဲအမြန်ဝင်”

 

လက်မောင်းကိုကိုင်ကာ အိမ်ထဲသို့ဆွဲသွင်းပြီး တံခါးအမြန်ပိတ်နေသည့်ကျွန်တော့်ကို မြင့်က နားမလည်သလိုကြည့်နေသည်။

 

“ဘာဖြစ်နေတာလဲ ကို။ ကို့ကိုကြည့်ရတာ တစ်ခုခုဖြစ်နေသလိုပဲ”

 

“နောက်မှမေးပါကွာ။ အခန်းထဲသွားကြမယ်”

 

“သရဲတွေ့လို့ မေမေရဲ့”

 

“ဟင်…..”

 

“သရဲမဟုတ်ပါဘူး သမီးရာ။ ဌင်းတပါ”

 

“ဟုတ်ပါဘူး။ သမီး မြင်ပါတယ်”

 

“မြင့်ကိုလည်း ပြောကြပါဦး။ သားအဖနှစ်ယောက် ဘာတွေဖြစ်နေကြတာလဲ”

 

“အိမ်သာအမိုးပေါ်မှာ သရဲမထိုင်နေတာ သမီးတွေ့တယ်မေမေ”

 

“ဟင်…ဘုရား…..ဘုရား….”

 

“လာကြပါကွာ။ သမီးကလည်း မဟုတ်တာမပြာရဘူး”

 

“ဟုတ်ပါတယ်ဆို။ သရဲက ကုလားမလေး မေမေရဲ့”

 

“ဟင်…..”

 

“တော်တော်လျှာရှည်တဲ့ သမီးပါလား။ လာ……”

 

ကျွန်တော်လည်း စိတ်မရှည်တော့သဖြင့် သမီးလေးကိုပွေ့ချီပြီး အိပ်ခန်းထဲသို့ခေါ်သွားလိုက်တော့သည်။ မြင့်ကလည်း ကြောက်ကြောက်လန့်လန့်ဖြင့် ကျွန်တော့်နောက်မှ ကပ်ပြီးလိုက်လာလေသည်။ ထိုနေ့ညက သမီးလေးသာ အိပ်ပျော်သွားသော်လည်း ကျွန်တော်နှင့်မြင့်တို့ ကျောဆန့်ရင်းမိုးလင်းခဲ့ရတော့သည်။

 

********************

 

“တစ်ညလုံးအိပ်ရေးပျက်ထားတာ ဒီနေ့ ကားမဆွဲပါနဲ့လား ကိုရယ်”

 

မြင့်ပြောတာ မှန်ပါသည်။ တစ်ညလုံးမအိပ်ရသေးသဖြင့် မူးဝေပြီး ငိုက်မျဉ်းနေသည်။

 

“အေးကွာ။ မနက်စာစားပြီး ခဏအိပ်လိုက်ဦးမယ်။ အိပ်ရာကနိုးမှပဲ ကားထွက်ဆွဲတော့မယ်”

 

“မြင့်လည်း ချက်ပြုတ်စားသောက်ပြီးရင် ခဏအိပ်မှဖြစ်မယ်။ မူးနောက်နောက်ဖြစ်နေပြီ”

 

“ဈေးသွားမနေပါနဲ့ကွာ။ ရှိတာနဲ့ဖြစ်သလိုသာချက်လိုက်တော့”

 

“ဟုတ်ကဲ့ ကို။ ဘဲဥပဲကြော်စားလိုက်ကြတာပေါ့။ သမီးလေးလည်းကြိုက်တယ်”

 

“အေး…အေး…”

 

မနက်စာစားပြီးကတည်းက အိပ်ငိုက်လာသဖြင့် အိမ်ရှေ့ခန်းတွင် ဖျာခင်းပြီး အိပ်စက်လိုက်သည်မှာ ညနေ လေးနာရီထိုးခါနီးမှ နိုးလာခဲ့တော့သည်။

 

“မြင့်…….မြင့်….”

 

“ကို နိုးပြီလား”

 

“နိုးပြီ။ သမီးလေးရော”

 

“သမီးလေးက အခန်းထဲမှာ။ ခုထိအိပ်တုန်း”

 

“ညနေစောင်းနေပြီ။ နှိုးလိုက်တော့လေ။ ညမအိပ်နိုင်ဘဲနေမယ်”

 

“ခဏနေမှ နှိုးလိုက်တော့မယ်။ သားအဖနှစ်ယောက်စလုံးအိပ်နေလိုက်တာများ တခူးခူးနဲ့”

 

“မင်းက မအိပ်ဘူးလား”

 

“အိပ်မလို့ပဲ။ အဝတ်တွေလျှော်စရာရှိတာနဲ့မအိပ်တော့ဘဲ အဝတ်တွေလျှော်လိုက်တာ။ ကို့အင်္ကျီနဲ့ပုဆိုးမှာပေနေတဲ့ သွေးတွေက စွန်းနေပြီ။ လျှော်လို့မရတော့ဘူး”

 

“လွှတ်ပစ်လိုက်ပါကွာ”

 

“ခြစ်ခြစ်ကုပ်ကုပ်နဲ့ဝယ်ထားရတော့ နှမြောလို့”

 

“စွန်းနေမှတော့ ဘာလုပ်တော့မှာလဲ မြင့်ရာ”

 

“ပင်မင်းပို့ကြည့်ပါဦးမယ်”

 

“သဘောပဲကွာ”

 

“ကို ကားထွက်လိုက်ဦးမယ်”

 

“လန်းလန်းဆန်းဆန်းဖြစ်သွားအောင် ရေချိုးပြီးမှ သွားလေ”

 

“အချိန်သိပ်မရှိတော့ဘူးကွာ။ ရေချိုးရင်ကြာနေလိမ့်မယ်။ ပြန်လာမှပဲချိုးတော့မယ်”

 

“ဟုတ်ကဲ့ ကို”

 

*********************

 

ကားဆွဲမကောင်းသဖြင့် ကျွန်တော်စိတ်ပျက်လာမိသည်။ ညနေကားစထွက်ကတည်းက ညရှစ်နာရီကျော်သည်အထိ ခရီးသုံးကြောင်းပဲပို့ရသေးသည်။ ခရီးသည်ရသည့် တရုတ်တန်းလိုနေရာမျိုးမှာပင် ကားတားမည့်သူမရှိပေ။ ကားဆက်ဆွဲချင်စိတ်လည်း မရှိတော့တာကြောင့် အိမ်သို့ပြန်လာခဲ့တော့သည်။ စိတ်ပျက်လက်ပျက်ဖြင့် ပြန်လာစဉ် ဆယ့်လေးလမ်းထိပ်အရောက်၌ သံဃာတော်နှစ်ပါး လက်တားနေသဖြင့် ရပ်တန့်ပေးလိုက်သည်။ သံဃာတော်နှစ်ပါးသွားလိုသည့်နေရာက ဝေးဝေးလံလံမဟုတ်ဘဲ သရက်တော ကျောင်းတိုက်သို့ဖြစ်နေသဖြင့် ကိုသိုလ်ယူ ဒါနပြု၍ လိုက်ပို့လိုက်သည်။ သရက်တောကျောင်းတိုက်ရှေ့တွင်ကားရပ်လိုက်သည့်အခါ ရှေ့ခန်းမှသံဃာတော် ကားပေါ်မှမဆင်းခင် နောက်ခန်းမှသံဃာတော်က ရှေ့ခန်းသို့လာပြီး ကျွန်တော့်ကို ပြောဆိုသဖြင့် ကျွန်တော် အံ့အားသင့်သွားမိသည်။

 

“ဒကာကြီး……။ ကားကို သန့်စင်လိုက်ဦးဗျ။ ဒကာကြီးရဲ့ကားပေါ်မှာ မကျွတ်မလွတ်သေးတဲ့သူရှိနေတယ်”

 

“တင်ပါ့ဘုရား။ တပည့်တော် ဘယ်လိုလုပ်ရမလဲဘုရား”

 

“သံဃာတော်တွေပင့်ဖိတ်ပြီး ဆွမ်းကပ်၊ အမျှအတန်းပေး။ သံဃာတော်တွေကို ပင့်ဖိတ်တဲ့အခါ ကမ္မဝါပါရွတ်ပေးပါလို့ အရင်ဦးဆုံးလျှောက်တင်ဗျ။ မဟုတ်ရင် ရိုးရိုးဆွမ်းကပ်တယ်ထင်ပြီး ကမ္မဝါစာယူလာကြမှာမဟုတ်ဘူး”

 

“တင်ပါ့ဘုရား”

 

သံဃာတော်နှစ်ပါဆင်းသွားပြီးနောက် ဗိုလ်ချုပ်လမ်းဘက်သို့ချိုးကွေ့လိုက်ပြီး ဗိုလ်ချုပ်လမ်းမီးပွိုင့်သို့ရောက်သည့်အခါ မီးပွိုင့်နီနေသဖြင့် စောင့်ဆိုင်းနေသည့်အချိန်တွင် ကားနောက်ခန်းနှင့် ခေါင်းခန်းကိုခြားထားသည့်မှန်အား သုံးလေးချက်ခန့်ပုတ်လိုက်သံ ကြားလိုက်သဖြင့် နောက်ကြည့်မှန်မှ နောက်ခန်းကိုကြည့်လိုက်မိသည်။

 

“ဟာ……..”

 

လက်နှစ်ဖက်ဖြင့် သံတန်းကိုင်ကာ မျက်လုံးပြူးပြီး ကျွန်တော့်ကိုကြည့်နေသူသည် ကျွန်တော့်အားခြောက်လှန့်နေသည့်မိန်းကလေးဖြစ်ကြောင်း ပြောစရာမလိုတော့ပေ။ အရဲစွန့်ပြီး နောက်လှည့်ကြည့်လိုက်သည့်အခါ မမြင်တွေ့ရဘဲ နောက်ကြည့်မှန်မှကြည့် လျှင်သာ မြင်တွေ့ရသည်။ ထိုအတိုင်းဆိုပါက သရက်တောကျောင်းတိုက်တွင်ဆင်းသွားသည့် သံဃာတော်ကြီးပြောသလို လုပ်ရတော့မည်ဟုတွေးနေစဉ် မီးစိမ်းသွားသောကြောင့် ဆက်လက်မောင်းနှင်ခဲ့သည်။ ကားမောင်းနေရင်း နောက်ကြည့်မှန်ကို မကြာခဏကြည့် မိသော်လည်း အိမ်ရောက်သည်အထိ မတွေ့ရတော့ပေ။

 

အိမ်သို့ရောက်သည့်အခါ အိမ်ရှေ့၌ ကားရပ်လိုက်ပြီး မြင့်ကို ဟွန်းတီး၍ ခေါ်လိုက်သည်။

 

“တီ……တီ….”

 

“ဖေဖေပြန်လာပြီမေမေရေ……”

 

“သမီး…..အိမ်ပေါ်မှာပဲနေ။ အောက်ဆင်းမလာနဲ့။ မေမေရာ”

 

“မေမေ နောက်ဖေးမှာရှိတယ်”

 

“မေမေ့ကို ဘုရားစင်ပေါ်ကပရိတ်ရေယူလာခဲ့လို့ပြောလိုက်”

 

“ဟုတ်ကဲ့ဖေဖေ”

 

သမီးလေးနှင့်ပြောဆိုနေစဉ် မြင့်ရောက်လာသဖြင့် အတော်ြဖစ်သွားသည်။

 

“ကို….ပရိတ်ရေယူမလို့လား”

 

“အေး…”

 

“ခဏလေးနော်။ သမီး….အိမ်အောက်မဆင်းနဲ့”

 

“ဟုတ်ကဲ့ မေမေ”

 

မြင့်က သဘောပေါက်ပုံရပေသည်။ ဘုရားစင်ပေါ်မှ ပရိတ်ရေပုလင်းကို အမြန်ပြေးယူလာပြီး ကျွန်တော့်ကိုပေးလေသည်။

 

“ပရိတ်ရေက လက်သုံးလုံးပဲကျန်ပါတော့လား။ မနေ့ညကတင် တစ်ဝက်ကျော်ကျော်ရှိသေးတယ်”

 

“ဟုတ်တယ် ကို။ ခုနက တစ်အိမ်လုံးဖျန်းလိုက်ရလို့ အဲဒါပဲကျန်တော့တာ”

 

“ဟင်…..”

 

“အိမ်ပေါ်ရောက်မှ ပြောပြမယ်။ ကို လုပ်စရာရှိတာလုပ်။ ရေချိုးမှာမဟုတ်လား”

 

“အေး…”

 

ရေလဲလုံချည်နဲ့ တဘက်သွားယူလိုက်ဦးမယ်။ သမီးလေးကို ခဏကြည့်ထားလိုက်နော်”

 

မြင့် ရေလဲလုံချည်သွားယူနေစဉ် လက်ကျန်ပရိတ်ရေဖြင့် ကားတစ်စီးလုံးကို ပက်ဖျန်းလိုက်တော့သည်။

 

 

***********************

 

ရေချိုးပြီး အဝတ်အစားလဲနေစဉ် မြင့်က ကျွန်တော့်ကို လက်ကုတ်ပြီး အိပ်ခန်းထဲသို့ဝင်သွားသဖြင့် ကျွန်တော်လည်း မြင့်အနောက်မှအိပ်ခန်းထဲသို့ လိုက်သွားခဲ့သည်။

 

“ဘာဖြစ်လို့လဲ”

 

“ပြောစရာရှိလို့”

 

“ပြောလေ…”

 

“ညနေခုနစ်နာရီလောက်မှာ မြင့်က သမီးလေးကို ထမင်းခွန့်နေတယ်။ ထမင်းခွန့်ကျွေးနေတဲ့အချိန်မှာ သမီးလေးဆော့တဲ့ ကော်ပတ်ရုပ်က အဝတ်ခြင်းတောင်းပေါ်ကနေပြုတ်ကျလာတယ်။ ကြွက်တိုးလို့ပြတ်ကျတယ်ထင်ပြီး မြင့်လည်း သမီးလေးကို ထမင်း ဆက်ခွန့်နေတယ်။ ခဏနေတော့ ကော်ပတ်ရုပ်က မြင့်တို့အိပ်ခန်းအဝနဲ့ အိမ်နောက်ဖေးကို လမ်းလျှောက်နေတယ် ကို”

 

“ဟေ…..သမီးလေးတွေ့သွားလား”

 

“မတွေ့ဘူး။ သမီးက နောက်ဖေးကို ကျောပေးထားတယ်။ ကော်ပတ်ရုပ် နောက်ဖေးဝင်သွားတာနဲ့ မြင့်လည်း ပရိတ်ရေယူပြီး တစ်အိမ်လုံးဖျန်းပစ်လိုက်တယ်”

 

“ညနေစောင်းပဲရှိသေးတာတောင် အဲဒီလိုဖြစ်နေတာလား”

 

“ဟုတ်တယ်ကို”

 

ကျွန်တော်ကြုံခဲ့သည့်အကြောင်းကို မပြောပြတော့ဘဲ ကျွန်တော်သိလိုသည့်အကြောင်းကိုမေးလိုက်သည်။

 

“အဲဒီတော့ ကော်ပတ်ရုပ်က ဘာဖြစ်သွားလဲ”

 

“ရေကပြင်ဘက်ကိုထွက်သွားတာပဲမြင်လိုက်တယ်။ မြင့်လည်း သွားမကြည့်ရဲလို့ နောက်ဖေးတံခါးပဲပိတ်ထားလိုက်တယ်”

 

“ရေကပြင်တံခါးက မပိတ်ရသေးဘူးပေါ့”

 

“ဟုတ်တယ် ကို”

 

“ကို သွားကြည့်ပြီး တံခါးပိတ်ခဲ့မယ်။ သမီးလေးနဲ့အတူနေလိုက်”

 

“သတိထားပြီးသွားနော်”

 

“အေးပါ….”

 

မြင့်အရှေ့မှာမို့ မကြောက်ချင်ဟန်ဆောင်နေရသော်လည်း ကျွန်တော်ကြာက်လန့်နေမိသည်။ အိမ်နောက်ဖေးတံခါးကိုဖွင့်ပြီး နောက်သို့လှည့်ကြည့်သည့်အခါ မြင့်က ကျွန်တော့်ကိုစိတ်မချသဖြင့် အိမ်ရှေ့ခန်းမှနေ စောင့်ကြည့်နေသည်။ မီးဖိုဆောင်မီးဖွင့်ထား သော်လည်း ရေကပြင်မီးဖွင့်မထားသဖြင့် ရေကပြင်သို့ထွက်သည့်တံခါးကိုပိတ်ရန် ကျောနည်းနည်းချမ်းမိသည်။ တံခါးက အပြင်သို့ဖွင့်သည့်တံခါးဖြစ်သည့်အတွက် ရေကပြင်သို့ထွက်ပြီး တံခါးကိုဆွဲပိတ်မှပိတ်၍ရပေသည်။ မပိတ်လို့လည်းမဖြစ်သည့်အတွက် ရေက ပြင်သို့ထွက်ပြီး တံခါးပေါင်ကိုကိုင်လိုက်သည့်အချိန်မှာပင် ကျွန်တော့်လက်ကို ဆုပ်ကိုင်လိုက်သည့် လက်တစ်ဖက်ကိုမြင်တွေ့လိုက်ရသဖြင့် လန့်ပြီးအော်လိုက်မိသည်။

 

“ အမလေးဗျ”

 

“ကို…..ကိုဘာဖြစ်တာလဲ”

 

ကျွန်တော်အော်လိုက်သည့်အသံကြောင့် မြင့်နှင့်သမီးလေးတို့ ပြေးလာကြသလို ခြေရင်းနှင့် ခေါင်းရင်းအိမ်များကလည်း ပြူတင်းပေါက်တံခါးများဖွင့်ကြည့်ကြသဖြင့် ကျွန်တော်ရှက်သွားမိသည်။

 

“ဘာ….ဘာမှမဖြစ်ဘူး….ရေကပြင်ပေါက်ထဲ ခြေထောက်ကျွံသွားလို့”

 

ကျွန်တော် လိမ်ညာပြောခြင်းဖြစ်ကြောင်း မြင့်က သိသည်။ ရေကပြင်တံခါးကို ချက်ထိုးနေသည့်လက်များက တုန်နေသဖြင့် အပေါက်အလမ်းမတည့်ဖြစ်နေသည့်အချိန်တွင် မြင့်က တံခါးချက်များထိုးပေးလေသည်။ ကျွန်တော် ကြောက်လန့်တာ တစ်ခါမျှမ မြင်ဘူးသည့်အတွက် အလွန်ချောက်ချားစရာကောင်းသည့်အရာကိုမြင်တွေ့လိုက်ရသဖြင့် ယခုလိုဖြစ်ပျက်သွားမှန်း မြင့်သဘောပေါက်ပုံရပေသည်။ မြင့်က ကျွန်တော့်ကို ဘာမှမမေးဘဲ သောက်ရေတစ်ခွက်ခပ်တိုက်လေသည်။

 

“ကို…အိမ်ရှေ့သွားရအောင်”

 

“အင်း…….”

 

အိမ်ရှေ့သို့ထွက်လာရင်း ဒူးချောင်နေသလိုခံစားရသဖြင့် တစ်ချက်တစ်ချက် ခွေကျသွားမတတ်ဖြစ်နေသည်။

 

“ရလား ကို”

 

“ရတယ် မြင့်”

 

“မြင့်တို့ အိမ်ပြောင်းကြမယ် ကို”

 

“အိမ်နဲ့မဆိုင်ဘူးထင်တယ်”

 

“အိမ်ရှေ့ရောက်မှ ပြောကြမယ်နော်။ တစ်ခုခုလုပ်မှဖြစ်တော့မယ်”

 

အိမ်ရှေ့ရောက်သည့်အခါ ပက်လက်ကုလားထိုင်ပေါ်တွင်ထိုင်ချလိုက်ပြီး မျက်စိကိုပိတ်ကာ အသက်ကိုဝအောင်ရှုရင်း စိတ်ကိုငြိမ်အောင်လုပ်နေရသည်။ ကျွန်တော်မြင်တွေ့လိုက်ရသည့်လက်သည် သေးသွယ်ပြီး မည်းနက်နေသည်။ လက်တစ်ခုလုံးကိုမြင်ရ ခြင်းမဟုတ်ဘဲလက်ဖျံအထိသာမြင်တွေ့ရသဖြင့် လက်ပြတ်ကဲ့သို့ဖြစ်နေသည်။ ကျွန်တော့်လက်ကိုဆုပ်ကိုင်လိုက်စဉ်က အေးစက်ပြီး မာတောင့်နေသည့်အထိအတွေ့ကိုခံစားလိုက်ရသဖြင့် ရုတ်တရက်လန့်ပြီး အော်လိုက်မိခြင်းဖြစ်ပေသည်။

 

“သက်သာရဲ့လား ကို”

 

မြင့်က ဘေးမှယက်ခပ်ပေးရင်းမေးနေသဖြင့် ကျွန်တော်ခေါင်းညိတ်ပြလိုက်သည်။

 

“မြင့်တို့ တစ်ခုခုလုပ်မှဖြစ်တော့မယ်”

 

“အိမ်ပြောင်းရင်လည်း လိုက်နေမှာပဲနဲ့တူပါတယ်”

 

“ဘာဖြစ်လို့လဲ ကို”

 

“အိမ်မှာ နဂိုကတည်းကရှိနေတဲ့ဟာတွေမှမဟုတ်တာ”

 

“ဒါဆို ဘာလုပ်ကြမလဲ”

 

“ဘုန်းကြီးပင့်ပြီး ပရိတ်ရွတ်၊ အမျှအတန်းပေး။ ကမ္မဝါရွတ်ရတော့မှာပဲ မြင့်ရယ်”

 

“မေမေ…..မေမေ…ဟိုမှာ……”

 

မြင့်နှင့်ကျွန်တော်တို့ စကားပြောဆိုနေကြစဉ် သမီးလေးက မြင့်ကိုလက်ကုတ်ပြီး ကျွန်တော့်နောက်ကျောဘက်သို့ လက်ညှိုးထိုးပြနေသဖြင့် လည်ပြန်လှည့်ကြည့်လိုက်သည်။ နောက်ကျောဘက်တွင် ဘာမျှမရှိသော်လည်း တစ်ယောက်ယောက်ရှိနေသကဲ့သို့ ကျွန်တော့်စိတ်က ထင်နေမိသည်။ ဘေးအိမ်မှ မိသားစုများလည်း မအိပ်ကြသေးသဖြင့် အနည်းငယ်တော့ အားရှိသည်။

 

“ဘာမှမရှိပါဘူး သမီးရဲ့”

 

“ကုလားမလေး မေမေ။ ဖေဖေ့နောက်မှာရပ်ပြီး သမီးကိုစိုက်ကြည့်နေတယ်”

 

သမီးပြောလိုက်မှ ကျွန်တော် ကြက်သီးမွေးညင်းထသွားပြီး ထိုင်ရာမှအမြန်ထလိုက်ရလေသည်။ မြင့်ကလည်း ရုတ်တရက်ထကာ ပက်လက်ကုလားထိုင်နောက်ဘက်သို့ကြည့်နေသည်။

 

“မြင့်…….သမီးပြောတာ တွေ့ရလို့လား”

 

မြင့်က ခေါင်းညိတ်ပြသဖြင့် ကျွန်တော် ဘာဆက်လုပ်ရမှန်းမတွေးတတ်တော့ပေ။

 

“ကိုးနာရီတောင်ခွဲတော့မှာပဲ။ ဟိုကြီးကြီး မအိပ်လောက်သေးဘူးထင်တယ်”

 

“ဘယ်သူလဲ မြင့်”

 

“သုံးအိမ်ကျော်က အကြားအမြင်ဆရာမကြီး။ ပရောဂလည်းကုတယ်တဲ့။ သမီးလေးနဲ့ ခဏစောင့်နေ၊ မြင့် သွားပင့်လိုက်ဦးမယ်”

 

“မြင့်က ဘယ်လိုလုပ်သိတာလဲ”

 

“စုံစမ်းထားရတာပေါ့။ သမီးလေးကို ကြည့်ထားလိုက်”

 

မြင့်က ပြောပြောဆိုဆိုဖြင့် တံခါးဖွင့်ပြီးထွက်သွားသည်။ သမီးလေးက ကျွန်တော့်အနားသို့ကပ်လာပြီး ပေါင်ကြားထဲသို့တိုးဝင်ကာ သူ့ကိုယ်ကိုပုဆိုးဖြင့်အုပ်ထားလေသည်။

 

“မကြောက်နဲ့သမီးလေး။ ဖေဖေရှိတယ်”

 

“ဟင့်အင်း…….သမီးကြောက်တယ်။ သမီးတို့ရှေ့မှာရပ်နေတယ်”

 

သမီးကိုမကြောက်ဖို့ပြောနေရသော်လည်း ကျွန်တော်ကိုယ်တိုင်က ဒူးတုန်နေသည်။

 

“ဟေ့……ငါ့သမီးကို လာမခြောက်နဲ့။ ငါ့ကို ဘာကောင်မှတ်နေသလဲ။ သေသွားမယ်။ ကဲ……ဖေဖေပြောလိုက်ပြီ။ မကြောက်……..”

 

“ဝုန်း…….”

 

သမီးလေးကြောက်နေသဖြင့် ထန်နှင့်မာန်နှင့် ခြိမ်းခြောက်လိုက်သည့်အချိန်မှာပင် ပက်လက်ကုလားထိုင်ကို နောက်ကျောမှဆွဲလှန်လိုက်သဖြင့် ပက်လက်ကုလားထိုင်ခေါက်ပြီးကျသွားလေသည်။

 

“ဖေဖေ……ကြောက်တယ်….သမီးကြောက်တယ်”

 

ကျွန်တော်လည်း ဘာဆက်လုပ်ရမှန်းမသိဘဲ ကျွန်တော့်ပေါင်ကြားထဲမှ သမီးလေး၏ကျောကုန်းကို ပွတ်သပ်ပြီးချော့နေမိသည်။

 

“ဟူး……ကြီးကြီး မအိပ်သေးလို့ တော်ပါသေးရဲ့”

 

အိမ်ပေါ်သို့တက်လာသည့် မြင့်ကိုမြင်လိုက်သည့်အခါ သမီးလေးက ကျွန်တော့်ထံမှ မိခင်ဆီသို့ပြေးသွားပြီး အတင်းဖက်၍ငိုတော့သည်။

 

“သမီးလေး…..တိတ်…..တိတ်…။ ဘွားဘွားကြီးရောက်လာပြီနော်။ အိမ်ပေါ်ကြွပါ ကြီးကြီး။ ကိုရေ…ကြီးကြီးကို ဖျာခင်းပေးလိုက်ပါဦး”

 

မြင့်နှင့်အတူပါလာသည့် အမေကြီးက အိမ်ပေါ်သို့မတက်သေးဘဲ အိမ်ပေါက်ဝတွင်ရပ်ကာ အိမ်ရှေ့ခန်းကို အသေအချာကြည့်နေသည်။

 

အိမ်ရှေ့ခန်းထောင့်တွင်လိပ်ထားသည့်သင်ဖြူးဖျာကို ကျွန်တော် သွားယူမည်ပြုစဉ် အမေကြီးက ဖျာမယူရန် အလျင်အမြန်တားဆီးလိုက်သဖြင့် ကျွန်တော့်ခြေလှမ်းများ တုန့်ကနဲရပ်သွားလေသည်။

 

“သား…မယူနဲ့၊ မယူနဲ့။ ဖျာလိပ်ကို လုံးဝမယူနဲ့”

 

အမေကြီးက အိမ်ပေါ်သို့တက်လာပြီး ဘုရားစင်ရှေ့တွင် ကျုံ့ကျုံ့ထိုင်ကာ ဘုရားကို ဦးသုံးကြိမ်ချလိုက်သည်။

 

“အမေဆိုသလို လိုက်ဆိုပြီး အမေကန်တော့သလို လိုက်ကန်တော့ကြ။ မြေးလေးလည်း လိုက်ကန်တော့နော်”

 

“ဟုတ်ကဲ့ ကြီးကြီး”

 

“ဟုတ်ကဲ့ဘွားဘွား”

 

“ဗုဒ်ဓံသရဏံ ဂစ်ဆာမိ….”

 

“ဓမ်မံသရဏံ ဂစ်ဆာမိ….”

 

“သံဃံသရဏံ ဂစ်ဆာမိ”

 

ကျွန်တော်တို့မိသားစုလည်း အမေကြီးပြောသည့်အတိုင်း သရဏဂုံဆောက်တည်ကာ ဘုရားကို ဦးသုံးကြိမ်ချလိုက်ကြသည်။ ထို့နောက် အမေကြီးက မျက်စိမှိတ်ကာ ငြိမ်သက်သွားလေသည်။ ခဏအကြာတွင် အမေကြီးထံမှစကားကိုကြားလိုက်ရသည့်အခါ ကျွန်တော်နှင့်မြင့်တို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ခန္တာကိုယ်ချင်း ပူးကပ်လိုက်ကြသည်။

 

“ဖျာလိပ်ထဲမှာ ဝင်ပုန်းနေတာ အမေမြင်ပါတယ်ကွယ်။ အမေရောက်လာတာနဲ့ ပြေးပုန်းတော့တာပဲ။ ဒီမိသားစုကို ဘာကြောင့်ဒုက္ခပေးနေရတာလဲ။ အမေ့ကိုပြောပါဦး”

 

အမေကြီးပြောလိုက်သည့်အခိုက် ဖျာလိပ်က လဲကျသွားသည်။ လဲကျသွားသော်လည်း ပြေမသွားဘဲ အလိပ်လိုက်ဖြစ်နေသည်။ အမေကြီးက မျက်လုံးမှိတ်၍ ငြိမ်သက်နေပြီး ခေါင်းတညိတ်ညိတ်လုပ်နေသည်။ အတော်ကြာသည့်အခါမှ မျက်လုံးပြန်ပွင့်လာ ပြီး ကျွန်တော်တို့ဘက်သို့လှည့်၍ ထိုင်လေသည်။

 

“အင်း……….။ ဒီကသားနာမည်က ဘယ်လိုခေါ်သလဲကွယ့်”

 

“မြအေးပါ ကြီးကြီး”

 

“အေး…သားရေ။ ကလေးမလေးက သူ့အဖေကို ရှာမတွေ့လို့ သားကို အကူအညီတောင်းနေတာတဲ့။ နောက်ပြိး သားက သူ့ဖျာကို ယူထားတယ်တဲ့”

 

“ဗျာ………”

 

“သူ့အဖေက မြေနီကုန်းက ကားဝပ်ရှော့မှာ အလုပ်လုပ်တာတဲ့။ သူ့မှာ အမေမရှိတော့ဘူးတဲ့။ သူ့မှာ မွေးချင်းမောင်နှမ မရှိဘူးတဲ့။ သူ့အဖေနဲ့အတူ အိမ်ပြန်မလို့ ကားလမ်းကူးနေတုန်း ကားတိုက်ခံရတာတဲ့။ သူ့အဖေကို ရှာမတွေ့လို့ သားကိုအကူအညီ တောင်းရတာပါတဲ့။ ဖျာက အဲဒီနေ့ကမှဝယ်ထားတဲ့ အသစ်ကျပ်ချွတ်တဲ့”

 

“ဗျာ…………”

 

“ဒီလိုလုပ်ပါလား သား”

 

“ဟုတ်ကဲ့ကြီးကြီး”

 

“အဲဒီနေရာကိုသွားပြီး သူ့အဖေရဲ့အခြေအနေကို စုံစမ်းပေးလိုက်ပါ”

 

“ဟုတ်…ဟုတ်ကဲ့။ မနက် သွားလိုက်ပါ့မယ်”

 

“အကျိုးအကြောင်းသိရရင် အမေ့ကိုလာခေါ်နော်။ အမေ ကူညီပေးမယ်”

 

“ဟုတ်ကဲ့ ကြီးကြီး”

 

“အခုလောလောဆယ်တော့ ဘာမှမလုပ်ပါနဲ့ဦး။ ကလေးမလေးက သူ့အဖေကိုလိုက်ရှာနေတာ။ သူ့အဖေဘယ်မှာရှိတယ်ဆိုတာသိရင် သူ့ဟာသူထွက်သွားပါလိမ့်မယ်”

 

“ဟုတ်..ဟုတ်ကဲ့ ကြီးကြီး။ သူ့အိမ်လိပ်စာနဲ့နာမည်ကိုရော ပြောသလားကြီးကြီး”

 

“အိမ်လိပ်စာတော့ မမေးမိဘူး။ နာမည်တော့ပြောတယ် သား။ ဗမာနာမည်မဟုတ်တော့ အမေလည်းအသေအချာမမှတ်တတ်ဘူး”

 

“ဟုတ်ကဲ့ ကြီးကြီး။ ကျွန်တော် မနက်အိပ်ရာကနိုးတာနဲ့ စုံစမ်းပါ့မယ်”

 

“အမေ ပြန်တော့မယ်နော်”

 

“ဟုတ်ကဲ့ ကြီးကြီး။ ကြီးကြီးကို သမီးတို့ ဘယ်လိုကန်တော့ရမလဲရှင့်”

 

“မလိုပါဘူး သမီးရယ်။ အမေက သတ္တဝါတွေကိုကယ်တင်ပြီး ကုသိုလ်ပြုပါ့မယ်လို့ ကတိခံထားတယ်”

 

“ဟုတ်ကဲ့ ကြီးကြီး”

 

“ဖျာကို မလွှင့်ပစ်နဲ့နော် သား။ မနက်ဖြန် သားပြန်လာရင် ဘာလုပ်ရမယ်ဆိုတာ အမေပြောပါ့မယ်”

 

“ဟုတ်ကဲ့ခင်ဗျ။ မလွှင့်ပစ်ပါဘူး”

 

“အမေပြန်တော့မယ်။ သမီး လိုက်မပို့နဲ့တော့နော်”

 

“ဟုတ်ကဲ့ ကြီးကြီး။ ကျေးဇူးတင်ပါတယ်ရှင့်”

 

အမေကြီး ပြန်သွားပြီးနောက် မြင့်က သမီးလေးနှင့်အတူ အိပ်ခန်းထဲဝင်သွားသဖြင့် ကျွန်တော်လည်း အိမ်ရှေ့တွင် တစ်ယောက်တည်းမနေရဲတော့ဘဲ အိမ်ရှေ့မီးကိုပိတ်ကာ အိပ်ခန်းထဲသို့ အမြန်ဝင်လိုက်ရလေတော့သည်။

 

******************

 

သန်းခေါင်ကျော်အချိန်လောက်တွင် ငိုရှိုက်နေသည့်အသံကြားလိုက်သဖြင့် ကျွန်တော်နိုးလာပြီး နားစွင့်လိုက်မိသည်။ မြင့်လည်း ခေါင်းထောင်လာသဖြင့် မြင့်ကို အသာလက်ကုတ်ပြီး နှစ်ကိုယ်ကြားရုံ လေသံဖြင့်မေးလိုက်သည်။

 

“နိုးလာတာလား…”

 

“ဟုတ်တယ် ကို။ ကိုရော ကြားလို့နိုးလာတာလား”

 

“ဟုတ်တယ်။ အသံက အိမ်ရှေ့ကကွ”

 

“ဟုတ်တယ်။ သမီးလေးဘက် နံရံနားက။ အပြင်ထွက်မကြည့်နဲ့နော်”

 

“အေးပါ…….”

 

အသံလာရာက သမီးလေးအိပ်နေသည့် နံရံဘက်မှဖြစ်နေသည်။ ထိုနေရာသည် အိမ်ရှေ့ခန်းထောင့်စွန်းဖြစ်ပြီး ဖျာလိပ်ရှိနေသည့်နေရာဖြစ်ပေသည်။ ကျွန်တော်နှင့်မြင့်တို့ နားစိုက်ထောင်နေကြစဉ် ငိုသံရုတ်တရက်တိတ်သွားလေသည်။ ထို့နောက် ကြမ်းပြင် ကိုခြေဖဝါးတို့ပွတ်တိုက်ပြီးလျှောက်သည့် တရှပ်ရှပ်ခြေသံကိုကြားလိုက်ရသည်။ ခြေသံက အိမ်ရှေ့မှ နောက်ဖေးသို့ဝင်လာနေသည့်အသံဖြစ်နေသဖြင့် ကျွန်တော်တို့နှစ်ယောက် နာစွင့်နေကြသည်။ ခြေသံက ကျွန်တော်တို့အခန်းဝတွင်ရပ်တန့်သွားသဖြင့် ကျွန်တော် နှင် မြင့်တို့ ပြိုင်တူခေါင်းထောင်ပြီးကြည့်လိုက်သည့်အခါ လိုက်ကာအောက်ခြေ လွတ်နေသည့်နေရာ၌ ခြေထောက်နှစ်ဖက်ကို မြင်တွေ့လိုက်ရသည်။ ကျွန်တော်က အသေအချာကြည့်နေသော်လည်း မြင့်က သမီးလေးဘက်သို့လှည့်ပြီး သမီးနှင့်အတူ စောင်ခေါင်းမြီးခြုံ လိုက်သဖြင့် ကျွန်တော်လည်း ခြေရင်းမှစောင်ကို ခြေထောက်ဖြင့်ညှပ်၍ဆွဲယူလိုက်ပြီး ခေါင်းမြီးခြုံထားလိုက်သည်။

 

အချိန်အတော်ကြာသည်အထိ မည်သို့မျှမထူးခြားသဖြင့် စောင်ကိုအသာလှပ်ပြီး ကြည့်လိုက်သည့်အခါ ကျွန်တော့်ဘေးမှ ခြင်ထောင်အပြင်ဘက်တွင် ငုတ်တုပ်ထိုင်နေသည့် ကလေးမလေးအားမြင်တွေ့လိုက်ရလေသည်။ ထိတ်လန့်သွားသဖြင့် ရုတ်တရက် အော်လိုက်မည့်အချိန်တွင် ပါးစပ်ကို စောင်ဖြင့်အချိန်မီပိတ်လိုက်နိုင်ခဲ့သောကြောင့် သမီးလေး လန့်နိုးမသွားခဲ့ပေ။ သို့သော်လည်း ကျွန်တော့်ပါးစပ်မှ စကားများ အလိုလိုထွက်သွားခဲ့သည်။

 

“ငါတို့ကို မခြောက်ပါနဲ့။ မနက်ကျရင် မင်းအဖေကိုစုံစမ်းပေးပါ့မယ်”

 

ကျွန်တော်ပြောဆိုလိုက်ပြီး မကြာခင်မှာပင် အိမ်ရှေ့ခန်းသို့ထွက်သွားသည့် ခြေသံကိုကြားလိုက်ရသည်။

 

“အိမ်ရှေ့ကိုထွက်သွားပြီ”

 

စောင်ခေါင်းမြီးခြုံထားသည့် မြင့်ထံမှအသံထွက်လာသဖြင့် မြင့်လည်းမအိပ်သေးဘဲ နားစွင့်နေကြောင်းသိလိုက်ရသည်။

 

“ကို့ဘေးမှာ ငုပ်တုပ်ထိုင်နေတာကွ”

 

“အမလေး….။ ကို့ဆီက အုကနဲအသံကြားလိုက်တယ်”

 

“ဒီညတော့ အိပ်လို့ရမယ်မထင်ပါဘူးကွာ”

 

“ခဏလောက်တော့ မှေးလိုက်ပါလား။ မနက်သွားစရာရှိတယ်မဟုတ်လား”

 

“မျက်လုံးကျယ်နေပြီ”

 

“ဘုရားကို အာရုံပြုပြီး မျက်လုံးမှိတ်ထားလိုက်”

 

“အင်း….”

 

မြင့်ပြောသလို ဘုရားကိုအာရုံပြုပြီး မျက်စိမှိတ်ထားသော်လည်း မျက်လုံးထဲ၌ ဘုရားကိုမမြင်ဘဲ ကလေးမလေး၏မျက်နှာကိုသာ မြင်နေမိသည်။ ကလေးမလေး၏အကြည့်သည့် အသက်ပျော်ကာနီး ကျွန်တော့်ကိုကြည့်သွားသည့် အကြည့်မျိုးဖြစ်နေသည်။ သူ၏ဖခင်နှင့် ဖျာလိပ်ပေါ်တွင် စိတ်စွဲပြီး ကျွန်တော်နှင့်အတူပါလာပုံရပေသည်။ မနက်မိုးလင်းသည်နှင့် မြေနီကုန်းသို့သွားပြီးစုံစမ်းရမှာဖြစ်သည့်အတွက် မိုးမြန်မြန်လင်းပါစေဟုသာ ဆုတောင်းနေမိတော့သည်။

 

********************

 

မနက်ဆယ်နာရီကျော်ပြီမို့ မြေနီကုန်းတစ်ဝိုက် စည်ကားနေသည်။ ကားပစ္စည်းဆိုင်များ၊ ကားဝပ်ရှော့များ လုပ်ငန်းစတင်လုပ်ကိုင်မည့်အချိန်ကိုမှန်းပြီး မနက်ကိုးနာရီကျော်မှထွက်လာခဲ့သည်။ လမ်း၌ ခရီးသည်သုံးယောက် လက်တားသဖြင့် ကားရပ်ပြီး သွားလိုသည့်နေရာကိုမေးကြည့်ရာ စမ်းချောင်း ကျွန်းတောလမ်းဖြစ်နေသဖြင့် ဟန်ကျသွားလေသည်။ ကျွန်းတောလမ်း၌ ခရီးသည်များကိုချပေးပြီး မြေနီကုန်းသို့မောင်းလာခဲ့သည်။ မြေနီကုန်းပန်းခြံရောက်သည့်အခါ ပန်းခြံအကျော်တွင်ကားရပ်လိုက်ပြီး လူရှင်းနေ သည့်ကွမ်းယာဆိုင်သို့လျှောက်လာခဲ့သည်။ ဆိုက္ကားဂိတ်နှင့် ကွမ်းယာဆိုင်သည် စုံစမ်းမေးမြန်းရန်အသင့်တော်ဆုံးနေရာဖြစ်သောကြောင့် ကွမ်းယာဆိုင်ကို ရွေးလိုက်ရခြင်းဖြစ်ပေသည်။

 

“အစ်ကိုကြီးရေ…..ဟိုတစ်နေ့ညက ကားတိုက်ခံလိုက်ရတဲ့ ကလေးမလေးနဲ့ အမျိုးသားတစ်ယောက်က ဘယ်ကလဲခင်ဗျ”

 

ပါးမြိုင်းမွေး၊ မုတ်ဆိတ်မွေးများနှင့်ကွမ်းယာသည်ကြီးက ကျွန်တော့်မျက်နှာကို အသေအချာကြည့်ပြီး …..

 

“ဘာကိစ္စရှိလို့လဲ”

 

“ကိစ္စလေးနည်နည်းရှိလို့ပါ။ အဲဒီလူနာနစ်ယောက်ကို ကျွန်တော့်ကားနဲ့ ဆေးရုံလိုက်ပို့ခဲ့တာပါ”

 

“ဖျောင်း…..ဖျောင်း…ဖျောင်း…မူဆာရေ…..မူဆာ…..”

 

“ဘာလဲ….”

 

“ဒီကို ခဏ။ ကိစ္စရှိလို့”

 

ကွမ်းယာသည်ကြီးက ပလက်ဖောင်းပေါ်တွင်စကားပြောဆိုနေသည့်သူကို လက်ခုပ်တီးပြီးခေါ်လိုက်သည့်အခါ မူဆာဆိုသူက ကျွန်တော်တို့ဆီသို့ လျှောက်လာလေသည်။ ထိုသူသည် လူနာသွားပို့သည့်နေ့က ကလေးမလေးကိုကျွန်တော့်လက်ထဲ လွှဲပေးလိုက် သည့် စွပ်ကျယ်လက်ပြတ်နှင့်လူဖြစ်နေသဖြင့် ဝမ်းသာသွားမိသည်။

 

“ဘာကိစ္စလဲ ဟာရှင်ဘိုင်”

 

“ဒီလူက နားသံသီးဘယ်မှာနေသလဲဆိုတာသိချင်လို့တဲ့။ သူ့ကိုမေး၊ နားသံသီးက မူဆာနဲ့အတူအလုပ်လုပ်နေတဲ့သူ”

 

“ဟုတ်ကဲ့”

 

မူဆာက ပုဆိုးကို ပေါင်ကြားထဲညှပ်လိုက်ပြီး ကွမ်းတံတွေးကိုပျစ်ကနဲထွေးကာ ကျွန်တော့်ကို ခြေအဆုံးခေါင်းအဆုံးကြည့်နေသည်။

 

“ကျွန်တော့်ကို မှတ်မိလား။ ကားတိုက်ခံရတဲ့လူနာနှစ်ယောက်ကို ဆေးရုံလိုက်ပို့ပေးခဲ့တဲ့ လေးဘီးကားသမားလေ”

 

“မှတ်တော့မမှတ်မိဘူး။ ဘာကိစ္စရှိလို့လဲ”

 

“ကားတိုက်ခံလိုက်ရတဲ့ ကလေးမလေးနဲ့ ဟိုလူဘယ်လိုနေသေးလဲဆိုတာ သိချင်လို့ပါ”

 

“ကောင်မလေးက သေသွားပြီ။ နားသံသီးကတော့ လက်ကျိုးသွားတယ်။ ခြေထောက်အရိုးအက်သွားတယ်”

 

“ဟာ…ဟုတ်လာ၊ သနားစရာဗျာ။ သူတို့က ဘယ်မှာနေကြတာလဲဗျ”

 

“မအူကုန်းမှာ”

 

“သူ့ဆီကိုသွားချင်လို့ဗျာ။ လိပ်စာလေးပေးပါလား”

 

“သူ့အိမ်သွားလည်း ဘယ်သူမှရှိမှာမဟုတ်ဘူး။ နားသံသီးက ကြည့်မြင်တိုင်အရိုးဆေးရုံရောက်နေတယ်”

 

“ဟုတ်လား။ နားသံသီးဆိုတာ နာမည်အရင်းလားဗျ”

 

“နားမှာအသီးကြီးရှိနေလို့ နားသံသီးလို့ခေါ်တာ။ သူ့နာမည်က အလီ၊ ဗမာနာမည်က လှမြင့်”

 

“ကျေးဇူးတင်ပါတယ်ဗျာ။ အဆင်ပြေမယ်ဆိုရင် သူ့ရှိတဲ့အဆောင်နဲ့အခန်းကိုပြောပါလားဗျာ။ သူ့ကို ပေးစရာလေးရှိနေလို့ပါ”

 

“ရပါတယ်….”

 

ကိုမူဆာပေးသည့် အဆောင်ကို အသေအချာမှတ်ထားပြီး အိမ်သို့အမြန်ပြန်မောင်းလာခဲ့သည်။

 

***********************

 

“တီ….တီ….”

 

အိမ်ရှေ့မရောက်ခင် သုံးလေးအိမ်အကွာလောက်ကတည်းက ဟွန်းသံပေးထားသဖြင့် သမီးလေးနှင့်မြင့်က အိမ်တံခါးပေါက်ဝ၌ရပ်ပြီး ဆီးကြိုနေကြသည်။

 

“ဘယ်လိုလဲကို။ အဆင်ပြေရဲ့လား”

 

“အဆင်ပြေတယ်။ သူ့အဖေရှိတဲ့နေရာကို သိပြီ”

 

ကားပေါ်မှဆင်းပြီး အိမ်ပေါ်သို့တက်လိုက်သည့်အခါဘုရားစင်အောက်တွင်ထိုင်နေသည့် အမေကြီးကို တွေ့လိုက်ရလေသည်။

 

“ကြီးကြီးရောက်နေတာလား…..”

 

အမေကြီးက ကျွန်တော့်ကိုပြုံးပြီးခေါင်းညိမ့်ပြသည်။

 

“ကို ထွက်သွားကတည်းက အိမ်မှာမနေရဲလောက်အောင်ဖြစ်နေလို့ ကြီးကြီးကိုသွားခေါ်ရတာ””

 

“ဟေ….ဘယ်လိုဖြစ်တာလဲ”

 

“သမီးကိုသရဲခြောက်လို့ ဖေဖေ”

 

“ဟင်…..ဟုတ်လား သမီး”

 

“ဟုတ်တယ် ကို”

 

“မနက်တောင်ခြောက်တယ်ဆိုတော့ ဘယ်လိုဖြစ်တာလဲကွာ”

 

“သမီးရဲ့ ကော်ပတ်ရုပ်က အိမ်ရှေ့မှာလျှောက်ပြေးနေတယ်။ သမီးက မြင့်ကိုခေါ်ပြလို့ အိမ်ရှေ့ကိုပြေးကြည့်တော့ ကော်ပတ်ရုပ်ခေါင်းက ချာလပတ်လည်နေတယ် ကိုရေ”

 

“ဟေ………….”

 

“သူပျော်နေလို့ပါ သားရယ်။ သားက သူ့အဖေကိုစုံစမ်းပေးမယ်လို့ မနေ့ညက ပြောထားတယ်ဆို”

 

“ဗျာ…ဟုတ်၊ ဟုတ်ပါတယ်”

 

“သားထွက်သွားတော့ ပျော်လို့လုပ်တာပါတဲ့”

 

“သူပျော်တာကအရေးမကြီးဘူး ကြီးကြီးရယ်။ သမီးတို့သားအမိ ကြောက်လွန်းလို့ သေတော့မယ်။ ဘေးအိမ်တွေကို အော်ခေါ်ပြန်ရင်လည်း မကောင်းလို့ ကြီးကြီးဆီပြေးလာခဲ့တာ”

 

“သူ့ကိုယ်သူ သေသွားပြီဆိုတာ မသိရှာသေးဘူး”

 

“ဗျာ……..။ ဒါဆို ကော်ပတ်ရုပ်ထဲကိုဝင်ပူးတာက ဘယ်လိုကြောင့်လဲ ကြီးကြီး”

 

“ဝိညာဉ်အဖြစ်နဲ့ရှိနေတဲ့အချိန်မှာ သူ့စိတ်ထဲမှာဖြစ်နေတဲ့ခံစားချက်ကို လုပ်ပြနိုင်တဲ့အရာနဲ့ လုပ်တဲ့သဘောပါ။ လူတွေသိအောင်လုပ်ပြဖို့က ဒီနည်းပဲရှိတာ။ ရုပ်မရှိတဲ့ နာမ်ဆိုတော့ သူတို့မှာဒီလိုလုပ်ပြမှဖြစ်မှာပေါ့ သားရယ်။ ကလေးမလေးက ကားတိုက် ခံရတာ ကိုပဲသိတယ်။ သေသွားပြီဆိုတာ မသိရှာသေးဘူး။ ကလေးပဲရှိသေးတော့ ဝိညဉ်ဘဝနဲ့ မသွားတတ်မလာတတ် ယောင်လည်လည်ဖြစ်နေရှာတာ။ သူ့အဖေကို မတွေ့လို့ သားနောက်ကိုလိုက်လာတာတဲ့။ သားက သူ့ကိုဆေးရုံလိုက်ပို့ပေးတာ သူမှတ်မိတယ်တဲ့။ သူ့ဖျာကိုလည်း ပြန်တောင်းနေတယ်”

 

“ဪ……..”

 

“သူ့အဖေသတင်း စုံစမ်းလို့ရသလား သား”

 

“ဟုတ်ကဲ့ ကြီးကြီး။ သူ့အဖေက မသေဘူး။ လက်ကျိုးသွားတယ်၊ ခြေထောက်အရိုးအက်သွားတယ်တဲ့။ အခု ကြည့်မြင်တိုင်အရိုးဆေးရုံမှာ တင်ထားတယ်လို့ကြားခဲ့တယ်”

 

“ကောင်းလိုက်တာ…..။ ကဲ…အမေ သူနဲ့စကားပြောတော့မယ်။ ငြိမ်ငြိမ်လေးနေပေးကြနော်”

 

“ဟုတ်ကဲ့ ကြီးကြီး”

 

အမေကြီးက ဘုရားစင်ဘက်သို့လှည့်ကာ ဦးသုံးကြိမ်ချပြီး ပါးစပ်ကလည်း တတွတ်တွတ်ဖြင့်ပြောဆိုနေသည်။ ခဏအကြာတွင် မနေ့ညကကဲ့သို့ မျက်လုံးမှိတ်ပြီး ငြိမ်သက်သွားလေသည်။ ကျွန်တော်တို့မိသားစုက အမေကြီးနှင့် ခပ်လှမ်းလှမ်းတွင်ထိုင်နေ ကြပြီး အမေကြီးနှင့်နံရံထောင့်တွင်ထောင်ထားသည့် သင်ဖြူးဖျာလိပ်ကို သတိထားပြီးကြည့်နေကြသည်။

 

“ဖျာကို မြင့်ပြန်လိပ်လိုက်တာလား”

 

“မဟုတ်ဘူး၊ ကြီးကြီးလိပ်ပေးတာ။ မြင့်လည်း မကိုင်ရဲဘူး”

 

မြင့်နှင့်ကျွန်တော် လေသံဖြင့်ပြောဆိုနေကြစဉ် သမီးလေးက ကျွန်တော့်ပေါင်ကို လက်ဖြင့်ကုတ်ပြီး ဖျာလိပ်ကိုလက်ညှိုးထိုးပြနေသဖြင့် ကျွန်တော်နှင့်မြင့်တို့၏အကြည့်က အခန်းထောင့်မှဖျာလိပ်ဆီသို့ရောက်သွားကြသည်။ သင်ဖြူးဖျာလိပ်က မသိမသာ လှုပ်ရှားလာပြီး အနည်းငယ် ယိမ်းခါနေသည်။ ညဖက်မဟုတ်သဖြင့် အလွန်အမင်းကြောက်လန့်ခြင်းမရှိသော်လည်း အနည်းငယ်တော့ ကျောထဲစိမ့်မိသည်။

 

“မေမေ……ဟိုမှာ…..ဟိုမှာ….ဖျာလိပ်ထဲက ခေါင်းထွက်နေတယ်”

 

သမီးက အသံတိုးတိုးလေးဖြင့်ပြောပြီး မြင့်ရင်ခွင်ထဲသို့တိုးကာ မျက်နှာဝှက်ထားလေသည်။

 

“သမီးက မြင်ရလို့လား”

 

ကျွန်တော်က သမီးလေးအနားသို့ကပ်ပြီး လေသံတိုးတိုးဖြင့်မေးလိုက်သည့်အခါ သမီးလေးက မျက်နှာဝှက်ထားရင်းမှ ခေါင်းညိမ့်ပြသည်။

 

“ကဲ…သမီးတို့ရေ….”

 

“အမလေး…..”

 

အမေကြီးက ကျွန်တော်တို့ဘက်ကိုကျောခိုင်းထားရာမှ ရုတ်တရက်ပြောလိုက်သဖြင့် ဖျာလိပ်ကို အသေအချာစိုက်ကြည့်နေကြသည့် မြင့်နှင့်ကျွန်တော်တို့နှစ်ယောက်လန့်သွားကြပြီး မြင့်က လန့်ပြီးအော်လိုက်မိသည်။

 

“ဘာဖြစ်လို့လဲ သမီး”

 

“ဘာ…..ဘာမှမဟုတ်ပါဘူး ကြီးကြီး။ ကြီးကြီးက ရုတ်တရက် ကဲ…ဆိုပြီးပြောလိုက်လို့ လန့်သွားတာပါ”

 

“ဖြစ်ရလေ သမီးရယ်။ အမေ့အသံ နည်းနည်းကျယ်သွားတယ်ထင်တယ်။ ဘာလုပ်ရမယ်ဆိုတာ အမေပြောပြမယ်”

 

“ဟုတ်ကဲ့ ကြီးကြီး”

 

အမေကြီးက ကျွန်တော်တို့ဘက်သို့ လှည့်ထိုင်လိုက်ပြီး …

 

“သားက ညနေလူနာတွေ့ချိန်ကျရင် ဆေးရုံကိုသွားပြီး သူ့အဖေကိုသွားတွေ့လိုက်ပါ။ ဘာမှ မပြောနဲ့။ ဖျာလိပ်ကျန်ခဲ့လို့ လာပေးတယ်လို့သာပြောလိုက်နော်။ ဘာသာခြားဆိုတော့ ယုံမယ် မယုံဘူးဆိုတာ အမေလည်းမသိဘူး”

 

“ဟုတ်ကဲ့ခင်ဗျ”

 

“သမီးတို့မှာ ကြည့်မှန်အသေးရှိလား၊ လက်ကိုင်မှန်လေ”

 

“အဲဒါမျိုးတော့မရှိဘူး ကြီးကြီး။ သမီးသနပ်ခါးလိမ်းတဲ့ မှန်ပဲရှိတယ်။ သိပ်တော့မကြီးဘူး”

 

“ကြီးရင် လက်နှစ်ဖက်နဲ့ကိုင်တဲ့အခါ အဆင်မပြေမှာစိုးလို့။ သမီးရဲ့မှန်က ဈေးကြီးရင်တော့ ဈေးပေါတဲ့မှန်သွားဝယ်လိုက်ပါ သမီး”

 

“ဈေးမကြီးပါဘူး။ ဘာလုပ်မလို့လဲ ကြီးကြီး”

 

“ပြောပြပါ့မယ်။ သား…….အမေပြောတာ အသေအချာနားထောင်နော်။ အမေက ဖျာလိပ်ကိုအခန်းထဲထည့်ပေးခဲ့မယ်။ သားတို့က ပြူတင်းပေါက်တွေ မီးတွေပိတ်ထားပေးပါ။ အလင်းရောင်နည်းနည်းပါးပါးရှိနေခဲ့ရင် ကိစ္စမရှိပါဘူး။ သားလုပ်ရမှာက အိမ်က မထွက်ခင်မှာ ဖျာလိပ်ကိုပုတ်ပြီး ရှဗီဒမ်ခေါ်မိုးမိုးအေး၊ နင့်အဖေနဲ့တွေ့ဖို့ ငါနဲ့လိုက်ခဲ့ဆိုပြီး သုံးခါပြောပါ။ အဲဒီလိုလုပ်တဲ့အချိန်မှာ သားတစ်ယောက်တည်းရှိနေရမယ်။ သမီးတို့သားအမိက အမေ့အိမ်မှာ ခဏလာနေကြ”

 

“ဗျာ…….”

 

“မကြောက်နဲ့နော် သား”

 

“ဟုတ်…ဟုတ်ကဲ့”

 

“အရေးကြီးတဲ့အချက်ကို အမေပြောမယ်”

 

“ဟုတ်ကဲ့ကြီးကြီး”

 

“အမေပြောတဲ့အတိုင်းပြောပြီးတာနဲ့ သားက ဖျာလိပ်ကိုကျောပေးပြီး မှန်ထဲကနေ နောက်ကိုကြည့်ပါ။ ကလေးမလေးကို ဖျာလိပ်ဘေးမှာတွေ့ရင် အဆင်ပြေပြီ။ သားနဲ့လိုက်ခဲ့မယ်ဆိုတဲ့သဘောပဲ”

 

“ဗျာ…….”

 

“ဘယ်လိုပုံစံပဲမြင်ရပါစေ မကြောက်နဲ့နော် သား။ ကလေးမလေးကို ဖျာလိပ်ဘေးမှာမတွေ့ရင်တော့ တစ်ခုခုမှားနေပြီ”

 

“အဲ…အဲဒါဆို ဘာဆက်ဖြစ်မလဲ ကြီးကြီး”

 

“မှားပြီဆိုတာ နာမည်မှားတာ အခေါ်အပြောမှားလို့ပါ။ ဘာမှမဖြစ်ပါဘူး”

 

“ကျွန်…ကျွန်တော် တစ်ယောက်တည်းလုပ်ရမှာလား ကြီးကြီး။ ကြီးကြီးပါ နေပေးလို့မရဘူးလား”

 

“သားတစ်ယောက်တည်းလုပ်ရမှာ၊ ဘေးမှာ ဘယ်သူမှရှိလို့မရဘူး။ သားက သူ့ဖျာကိုယူလာခဲ့မိတဲ့အတွက် တောင်းပန်ရမှာ”

 

“ဗျာ……”

 

“အမေပြောတာ အသေအချာနားထောင်”

 

“ဟုတ်…ဟုတ်ကဲ့”

 

“ဖျာလိပ်ဘေးမှာ ကလေးမလေးကိုတွေ့ရင် နင့်ဖျာမှန်းမသိလို့ယူမိပါတယ်၊ နင့်အဖေနဲ့တွေ့ဖို့ ငါနဲ့လိုက်ခဲ့ပါလို့တစ်ခါပဲပြောပါ။ အခြား ဘာမှမပြောမိစေနဲ့။ ပြောပြီးတာနဲ့ မှန်ကို ကြမ်းပေါ်မှာ မှောက်ခုံထားလိုက်တော့။ ပြန်မကြည့်နဲ့နော်”

 

“ဟုတ်…ဟုတ်ကဲ့”

 

“အဲဒါတွေလုပ်ပြီးသွားရင် ဖျာလိပ်ကိုပိုက်ပြီး သူ့အဖေဆီခေါ်သွားပေတော့။ သူ့အဖေကိုပေးပြီးရင် သားရဲ့ကိစ္စပြီးပြီ။ ကျန်တာ အမေဆက်လုပ်မယ်”

 

“ဘယ်အချိန်လုပ်ရမှာလဲ ကြီးကြီး”

 

“ညနေလူနာကြည့်ချိန်အရောက်သွားရမှာဆိုတော့ မသွားခင်လုပ်ပေါ့။ အခုကတည်းက ကြိုမလုပ်နဲ့နော်၊ သွားခါနီးလုပ်ပြီး တစ်ခါတည်းယူသွား”

 

“ဟုတ်ကဲ့ ကြီးကြီး”

 

“ပြောရမယ့်စကားတွေ မေ့သွားပြီလား။ မေ့သွားရင် အမေပြန်ပြောပြမယ်။ မှားလို့မဖြစ်ဘူး။ ကလေးမလေးရဲ့နာမည်ကိုရော မှတ်မိရဲ့လား”

 

“မှတ်မိပါတယ်”

 

“ဒါဆို အမေ့ကို ဖျာလိပ်ထားဖို့ အခန်းတစ်ခုပေးပါ”

 

“သမီးတို့အိပ်တဲ့အခန်းပဲရှိတယ် ကြီးကြီး။ အဲဒီအခန်းဆို ရလား”

 

“ရပါတယ်။ နည်းနည်းမှောင်နေရင်ပြီးတာပဲ။ ကြမ်းပေါက်နဲ့ နံရံကတော့ အလင်းရောင်ဝင်မှာပဲလေ။ အဲဒီလောက်ကတော့ ရပါတယ်။ အမေ့ကို အခန်းပြ”

 

“ဟုတ်ကဲ့ ကြီးကြီး၊ သမီးနဲ့လိုက်ခဲ့။ ကိုရေ…..သမီးကို ခဏခေါ်ထားလိုက်ပါ”

 

အမေကြီးက ဖျာလိပ်ကိုပွေ့ပြီး မြင့်အနောက်မှ အခန်းထဲသို့လိုက်သွားလေသည်။ ခဏအကြာတွင် မြင့်နှင့် အမေကြီးတို့နှစ်ယောက် အခန်းထဲမှ ပြန်ထွက်လာကြသည်။

 

“အခန်းထဲကို ဘယ်သူမှ မဝင်နဲ့တော့နော်။ အခန်ထဲကို ကလေး မဝင်မိစေနဲ့နော် သမီး”

 

“ဟုတ်ကဲ့ ကြီးကြီး။ ဂရုစိုက်ပြီး ထိန်းထားပါ့မယ်”

 

“အမေ ပြန်တော့မယ်”

 

“ထမင်းစားသွားပါဦး ကြီးကြီး။ ထမင်းကျွေးချင်လို့ပါ”

 

“မစားတော့ဘူး သမီး။ အိမ်ကအဘိုးကြီးက ထမင်းစားစောင့်နေမှာ။ သား လုပ်စရာရှိတာလုပ်တော့မယ့်အချိန်မှာ သမီးတို့သားအမိက အမေ့ဆီလာနေကြနော်”

 

“ဟုတ်ကဲ့ကြီးကြီး”

 

******************

 

အခန်းဝ၌ရပ်ပြီး စိတ်ကိုတည်ငြိမ်အောင်ထားသော်လည်း ရင်ဘတ်ထဲမှ တဒိန်းဒိန်းမြည်သံကို အတိုင်းသားကြားနေရသည်။ ညနေအထိမစောင့်နိုင်တော့ဘဲ နေ့လယ်သုံးနာရီခွဲကတည်းက မြင့်နှင့်သမီးလေးကို အမေကြီးတို့အိမ်သို့ လွှတ်လိုက်သည်။ မြင့်က စိတ်မချဖြစ်နေသည့်အတွက် နေ့လယ်နေ့ခင်းမို့ ကြောက်စရာမလိုကြောင်း ပြောဆိုလိုက်ရသော်လည်း မြင့်တို့သားအမိ အမေကြီးတို့အိမ်ကိုထွက်သွားကတည်းက တစ်ယောက်တည်း ထိုင်မရ ထမရဖြစ်နေခဲ့သည်။ အိမ်ဘေးအိမ်မှ ကလေးများဆော့ကစားသံနှင့် လူ ကြီးမျာ စကားပြောဆိုနေကြသံကိုကြားနေရသခြင့် စိတ်အနည်းငယ်သက်သာရာရပေသည်။ တကယ်လုပ်ရတော့မည်ဆိုပြန်တော့ ဒူးနှစ်ဖက်က တဆတ်ဆတ်တုန်နေလေပြီ။ ချေဖျားလက်ဖျားများ အေးစက်ပြီး အခန်းဝ၌ ချီတုံချတုံဖြစ်နေမိသည်။

 

မဖြစ်မနေလုပ်ရတော့မည့်ကိစ္စဖြစ်နေသည့်အတွက် အားတင်းကာ လိုက်ကာကိုဆွဲဖွင့်ပြီး အိပ်ခန်းထဲသို့ဝင်လိုက်ရတော့သည်။ ပြူတင်းပေါက်ကြား၊ နံရံကြားနှင့် ကြမ်းခင်းများမှတိုးဝင်နေသည့် အလင်းရောင်ကိုမြင်လိုက်ရမှ စိတ်သက်သာရရလေသည်။ ကျွန်တော်လည်း အချိန်ဆွဲမနေတော့ဘဲ အမေကြီးပြောခဲ့သည့်အတိုင်း အမှားအယွင်းမရှိအောင်ပြောဆို၍ ဖျာလိပ်ကို သုံးချက်ပုတ်လိုက်သည်။ မည်သို့မျှ မထူးခြားသဖြင့် မှန်ကိုထောင်ပြီးနောက်သို့ကြည့်လိုက်သည့်အခါ ကျွန်တော့်တစ်ကိုယ်လုံး အေးစက်တောင့် တင်းသွားပြီး အသက်ရှုရပ်မတတ်ဖြစ်သွားလေသည်။ ဖျာလိပ်ဘေးတွင်ရပ်နေသည့် ကလေးမလေးသည် ယခင်ကလိုမဟုတ်တော့ဘဲ မျက်နှာက ဖူးယောင်ဖောင်းကားနေသည်။ မျက်လုံးနှစ်လုံးက အပြင်သို့ပြူးထွက်နေသည်။ ယခင်ကလို အဖြူရောင်အင်္ကျီလက်ရှည် နှင့် အညိုရောင်ဘောင်းဘီတိုဝတ်ဆင်ထားခြင်းမဟုတ်တော့ဘဲ တစ်ကိုယ်လုံး ပိတ်ဖြူများဖြင့်ပတ်ထားသည်။

 

“နင့်ဖျာမှန်းမသိလို့ယူမိပါတယ်၊ နင့်အဖေနဲ့တွေ့ဖို့ ငါနဲ့လိုက်ခဲ့ပါ”

 

ကိစ္စအမြန်ပြီးမှဖြစ်တော့မှာမို့ အမေကြီးမှာသည့်အတိုင်း အသေအချာပြောဆိုကာ ကြည့်မှန်ကို ကြမ်းပြင်ပေါ်သို့ မှောက်လျက်ချထားလိုက်ပြီး ဖျာလိပ်ကိုပိုက်ကာ အိမ်ရှေ့သို့အမြန်ထွက်လာခဲ့တော့သည်။ ဖျာလိပ်သည် ပေါ့ပါးမနေဘဲ လေးလံနေကြောင်း ကျွန်တော်သတိထားလိုက်မိသည်။ အိမ်ရှေ့ရောက်သည့်အခါ တံခါးလည်းအဆင်သင့်ဖွင့်ထားသဖြင့် ကားဆီသို့သွားပြီး ကားနောက်ခန်းထဲသို့ ဖျာလိပ်ကိုထည့်လိုက်သည်။ အမေကြီးတို့အိမ်ရှေ့မှ ရပ်ကြည့်နေကြသည့် မြင့်နှင့်သမီးလေးကို မြင်လိုက်သဖြင့် လက်ပြ လိုက်ပြီး ကားပေါ်သို့ အမြန်တက်ကာ စက်နှိုးလိုက်တော့သည်။

 

*******************

 

ကြည့်မြင်တိုင်အရိုးဆေးရုံကြီးသို့ရောက်သည့်အခါ လူနာကြည့်ချိန်မရောက်သေးသဖြင့်ကားပေါ်ထိုင်ပြီး စောင့်နေရသည်။ လူနာကြည့်ချိန်ရောက်သည့်အခါ ဖျာလိပ်ပိုက်ပြီး ဟိုမေးသည်စမ်းဖြင့် အလီခေါ် ကိုလှမြင့်ကိုရှာဖွေရပြန်သည်။ မကြာခင်မှာပင် ကျွန်တော်တွေ့လိုသည့် ကိုလှမြင့်ထံသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ခဲ့ရလေတော့သည်။ ဘယ်ဘက်လက်နှင့် ညာဖက်ခြေထောက်တွင် ပတ်တီးများစည်းနှောင်ထားပြီး ခုတင်ပေါ်တွင်လှဲနေသည့် ကိုလှမြင့်ကိုကြည့်ပြီး ရင်ထဲဆို့နင့်သွားမိသည်။ ကိုလှမြင့်သည် ဆင်းရဲနွမ်းပါးပုံရပေသည်။

 

“ကိုလှမြင့်မဟုတ်လား”

 

“ဟုတ်ပါတယ်”

 

“ကျွန်တော့်နာမည် မြအေးပါ။ ကိုလှမြင့်တို့ကို ဆေးရုံလိုက်ပို့ပေးတဲ့ လေးဘီးမောင်းတဲ့သူပါ”

 

“ဪ….ထိုင်ပါ…..ထိုင်ပါ။ ကျေးဇူးတင်လိုက်တာဗျာ။ ကျွန်တော်ထိုင်လို့မရလို့ လှဲပြီးစကားပြောတာ စိတ်မရှိပါနဲ့”

 

ကိုလှမြင့်သည် ကျွန်တော့်ထက် အသက်ကြီးသော်လည်း ရိုရိုသေသေပြောဆိုသည်။ ဖော်ရွေသည်။

 

“သမီးလေးအကြောင်းကြားတာ စိတ်မကောင်းဘူးဗျာ။ ကျွန်တော်လည်း အမြန်မောင်းတာပဲ။ ကျွန်တော့်လက်ပေါ်မှာ ဆုံးသွားတာပါ”

 

“အလ္လာပေးသလောက်ပဲ နေရမှာပေါ့ဗျာ”

 

“ကိုလှမြင့်ကို လာကြည့်ရင်းနဲ့ ကျွန်တော့်ကားပေါ်မှာကျန်ခဲ့တဲ့ ကိုလှမြင့်တို့ရဲ့ဖျာလာပေးတာပါ”

 

“ဟာ…နေပါစေဗျာ။ ဘာမှတန်ဖိုးရှိတာကို တကူးတကလာပေးစရာမလိုပါဘူး”

 

“တန်ဖိုးရှိပါတယ် ကိုလှမြင့်။ ကျွန်တော့်ကားပေါ်မှာကျန်ခဲ့တာဆိုတော့ ခင်ဗျားသမီးက ဒီဖျာကိုသဘောကျလို့ လက်ကမလွှတ်ဘဲကိုင်လာခဲ့တယ်နဲ့တူပါတယ်”

 

“အဲဒါတော့ ဟုတ်တယ်ဗျ။ အဲဒီနေ့က ဖျာရောင်းတဲ့အသည်က ဆိုင်ရှေ့ကဖြတ်သွားတော့ ကျွန်တော့်ကိုအတင်းပူဆာတယ်။ သူအိပ်တဲ့ဖျာက အစတွေထွက်ပြီးဆူးလို့ ဖျာဝယ်ပေးပါ ပါပါ…….လို့…..ပြော….ပြောတယ်…….”

 

စီကျလာသည့်မျက်ရည်များကိုသုတ်နေသည့် ကိုလှမြင့်ကိုကြည့်ရင်း ကျွန်တော်မျက်ရည်ဝဲလာခဲ့သဖြင့် အခြားအကြောင်းကိုမေးမြန်းပြီး စကားလွှဲလိုက်ရသည်။

 

“လူနာစောင့်မရှိဘူးလား ကိုလှမြင့်”

 

“ရှိတယ် အစ်ကို။ ကျွန်တော့်တူတစ်ယောက် ညစောင့်ပေးတယ်။ ကျွန်တော့်ညီမက အလုပ်တစ်ဖက်နဲ့ဆိုတော့ ထမင်းပို့ချိန်ပဲလာနိုင်တယ်”

 

“ညနေစာလာပို့သွားပြီလား”

 

“ညနေစာက ကျွန်တော့်တူလာမှ ယူလာလိမ့်မယ်အစ်ကို”

 

“ဒါဆို ကျွန်တော်ပြန်တော့မယ်ဗျာ။ ကားဆွဲလိုက်ဦးမယ်”

 

“ဟုတ်ကဲ့ အစ်ကို။ ကျွန်တော်ကတော့ ခြေတွေလက်တွေကောင်းမှပဲ အလုပ်ပြန်လုပ်နိုင်တော့မယ်။ မြေနီကုန်းရောက်ရင် ကျွန်တော့်နာမည်မေးလိုက်ပါ။ ကားပစ္စည်းတွေလိုအပ်ရင် ကျွန်တော်နဲ့အရင်ဆက်သွယ်ပြီးမှ ဝယ်နော်။ နားသံသီးလို့မေးရင် ကလေး ကအစသိတယ်”

 

“ဟုတ်ကဲ့ ကိုလှမြင့်”

 

ကိုလှမြင့်အား ငွေအားဖြင့်ကူညီလိုသော်လည်း ကျွန်တော်ကိုယ်တိုင်က ကားဆွဲမှ ထမင်းစားနေရသည့်ဘဝမို့ မကူညီနိုင်ခဲ့ပေ။ ဆေးရုံမှအပြန်တွင် ကျွန်တော့်ရင်တစ်ခုလုံး ပေါ့ပါးနေသည်။ အိမ်ရောက်သည့်အခါ မြင့်နှင့်သမီးလေးတို့က တံခါးဝမှဆီးကြိုနေ ကြသည်။ အမေကြီးက ကြည့်မှန်ကို မှောက်လျက်ထား၍ထုခွဲလိုက်ပြီး ချောင်းထဲသို့လွှင့်ပစ်လိုက်ကြောင်း မြင့်ပြောပြသဖြင့် သိခဲ့ရသည်။ ထိုနေ့ထိုအချိန်မှစ၍ ကျွန်တော်တို့အိမ်တွင် မခေါ်ဘဲရောက်လာသည့်ဧည့်သည်တစ်ယောက် ပေါ်မလာတော့ဘဲ ပျောက်သွား လေတော့သည်။ မြေနီကုန်းသို့ မကြာခဏရောက်သော်လည်း ကိုလှမြင့်ထံသို့ မရောက်သဖြင့်ကိုလှမြင့် အလုပ်ဆက်လုပ်နိုင်သည်လား အခြားအလုပ်ပြောင်းလုပ်နေသည်လားဆိုသည်ကို ကျွန်တော် မသိပေ။ ကလေးမလေးသည်လည်း သူ့ဖခင်နှင့်အတူရှိနေသည်လား အခြားဘုံဘဝသို့ ကူးပြောင်းသွားပြီလားဆိုသည်ကိုလည်း ကျွန်တော်မသိပေ။

 

**********************

 

“အဖေကြီး……..မြင်သာဈေး ရောက်တော့မယ်။ ပစ္စည်းတွေ စစ်ဦး။ မေ့ကျန်ခဲ့ဦးမယ်”

 

“ဟေ….ဟုတ်လား”

 

“အင်းလေ…….။ မီးပွိုင့်ကျော်ရင်မြင်သာဈေးလေ”

 

“အေး…ဟုတ်သားပဲ။ ကားဆရာလေးရေ။ မြင်သာဈေးနားမှာပဲ ရပ်လိုက်ပါဗျာ”

 

“ဟုတ်ကဲ့အဘ”

 

“ဘာတွေတွေးလာတာလဲ အဖေကြီးရယ်။ တစ်လမ်းလုံးငြိမ်နေတာပဲ”

 

“အမေကြီးက စိတ်ကောက်ပြီးစကားမပြောတော့ မေတ္တာညွန့်မှာနေခဲ့တုန်းကအကြောင်းတွေပြန်တွေးနေတာပေါ့ကွ”

 

“မေ့လိုက်ပါတော့ အဖေကြီးရယ်”

 

“ငါမေ့နေတဲ့ကိစ္စကို မင်းပဲအစဖော်လိုက်တာလေ အမေကြီးရဲ့”

 

“ဟုတ်ပါပြီ။ ဒါလေးပြောမိတာကို ဖြစ်နေလိုက်တာ။ ရောက်ပြီ….ဆင်းတော့”

 

ကားရပ်လိုက်သည့်အခါ ကျွန်တော်က အရင်ဆင်းပြီး မြင့်က ကျွန်တော့်နောက်မှဆင်းလိုက်လာသည်။

 

“ကြီးမေ……ထီးကျန်ခဲ့တယ်”

 

“ဪ..ဟုတ်သားပဲ။ ကျေးဇူးပဲသားရေ”

 

“ငါ့ကျတော့ ပစ္စည်းမေ့ကျန်မယ်လို့ပြောပြီး သူကထီးမေ့ကျန်ခဲ့တယ်။ ကောင်းရောကွာ”

 

“အဖေကြီးကို ဂရုစိုက်နေရတာနဲ့ ထီးမေ့သွားတာ”

 

“အံ့ပါ့ဗျာ………တစ်လမ်းလုံး စကားမပြောဘဲ စိတ်ကောက်နေတာများ ဂရုစိုက်နေတာလို့ပြောရသေးတယ် ”

 

“တော်ပြီ အဖေကြီး။ ရော့သားရေ…..ကားခ ။ စစ်ကြည့်လိုက်ဦးနော်”

 

ကားဆရာလေးက ပိုက်ဆံရေတွက်ပြီး ကျွန်တော်တို့နှစ်ယောက်ကို ပြုံးစိစိဖြင့်ကြည့်ကာ မောင်းထွက်သွားသည်။

 

“ကားဆရာလေးက အသက်ငယ်ပေမယ့် သစ္စာရှိတယ်။ သူများပစ္စည်းကို အချောင်လိုချင်စိတ်မရှိဘူး”

 

“ထီးမို့လို့ သတိပေးတာပေါ့ကွ။ ပိုက်ဆံအိတ်တို့ ဖုန်းတို့ကျန်ခဲ့ကြည့်ပါလား”

 

“အမယ်…..ဖျာလိပ်တောင် ပြန်မပေးတဲ့သူရှိသေးတာပဲ”

 

“မင်းဘယ်သူ့ကို စောင်းပြောနေတာလဲ အမေကြီး”

 

“အဖေကြီးကို တည့်တည့်ပြောနေတာ။ ရှင်းပြီလား”

 

“တော်ကွာ…….”

 

“ဈေးထဲမဝင်ဘဲ ဘယ်သွားမလို့လဲ။ ဒီအဘိုးကြီးတော့ ကားတိုက်ပြီး သေတော့မှာပဲ”

 

ကျွန်တော်လည်း ကိုယ့်အတွေးနှင့်ကိုယ်မို့ ဈေးထဲမဝင်ဘဲ လမ်းဖြတ်ကူးဖို့ရွယ်လိုက်စဉ် မြင့်က ကျွန်တော့်လက်မောင်းကို ဆောင့်ဆွဲလိုက်သဖြင့် မီးပွိုင့်ဖြတ်လာသည့် ဘတ်စ်ကားနှင့် ပွတ်ကာသီကာဖြစ်သွားလေသည်။

 

“ဟုတ်တယ်ဟေ့…..ဟိုကလေးမလေး ဘယ်ဘဝရောက်နေတယ်ဆိုတာ သွားကြည့်မလို့ကွ”

 

“အဖေကြီးသွားတာကအရေးမကြီးဘူး။ ကျွန်မ သရဲကြောက်တယ်”

 

“ဘာကွ……………”

 

***************************

 

ပြီးပါပြီ

 

ချစ်ခင်လေးစားစွာဖြင်

 

မူရင်းစာရေးဆရာလွင်ဦးဟန်အား လေးစားစွာဖြင့် credit ပေးပါသည်ခဗျ