“လျော်ကြေး “(စ/ဆုံး)

“လျော်ကြေး “(စ/ဆုံး)
———————————-

တန်းတင်ရွာ။
တောကြိုအုံကြားတည်ထောင်ထားပြီး၊
လမ်းပန်းဆက်သွယ်ရေးအရ
သွားလာရန်ခက်ခဲသော
အိမ်ခြေ (၃၀) နီးပါးခန့်သာရှိ၊ရွာသိမ် ရွာငယ်လေးတစ်ရွာသာဖြစ်၏ ။

ရွာနဲ့ခပ်လှမ်းလှမ်း တောင်ကုန်းထိပ်တွင် စေတီတဆူရှိပြီး ထိုစေတီအားတန်းတင်စေတီ ဟုသာအလွယ်တကူ ခေါ်ဝေါ်ကြ၏ ။
ထိုစေတီတော်မှာရှေးဟောင်း စေတီတော်တဆူဖြစ်သော်လည်း၊မည်သည့်ခေတ်ကာလကအချိန်
တည်ထောင်ထားသည်ဟု ကျောက်စာ အမှတ်အသားများမရှိသော၊ ရှေးဟောင်းစေတီ တစ်ဆူသာဖြစ်၏ ။

လမ်းပန်းဆက်သွယ်ရေးကြောင့်တန်းတင်ရွာငယ်
လေးမှာအမြဲတစေခြောက်ကပ်တိတ်ဆိတ်လျက်
ရှိနေသော်လည်း ။
နှစ်စဉ်စည်ကားသိုက်မြိုက်သောကာလတစ်ခု၊
အမြဲရှိနေတတ်၏ ။
ထိုအချိန်ကားတန်းခူးလကာလရောက်တိုင်း
ပုံမှန်ကျင်းပလေ့ရှိသော တန်းတင်စေတီ
ဘုရားပွဲကြောင့်ဖြစ်၏ ။

တန်းတင်ဘုရားပွဲစည်ကားရခြင်းအကြောင်းအရင်းမှာ တန်ခူးလ ဘုရားပွဲကာလအတွင်း
ဓတ်တော်ကွန့်မြူးတောက်ပခြင်းကြောင့် ဖူးမြော်လိုသောအနယ်နယ် အရပ်ရပ်မှ ဧည့်ပရိတ်သတ်များဖြင့် အထူးစည်ကားနေခြင်းပင်ဖြစ်၏ ။
ဘုရားပွဲ ကာလအတွင်း ဘုရားပွဲလာပရိတ်သတ်များသည်နေရေး၊ထိုင်ရေး အနည်းငယ်အခက်အခဲရှိသော်လည်း စားရေးသောက်ရေးအတွက်ပူပင်စရာမလိုပေ။
အနီးအနားရွာများမှ စေတနာသဒ္ဒါတရားထက်သန်လှသော အလှူရှင်များကား လာရောက်သမျ ဧည့်သည်များအားမနက်ညမပြတ်ကျွေးမွေးလျက်ရှိ
ရှိသောကြောင့်ဖြစ်၏ ။
ပိုက်ဆံမတတ်နိုင်သောသူများမှာလည်း
မိမိတို့လုပ်အားဖြင့် ထင်ရှာ၊ရေခတ်
ချက်ပြုတ်ပေးခြင့်တတ်အားသမျပါ၀င်ကုသိုလ်ယူကြ၏ ။

ဘုရားပွဲလာ ပရိတ်သတ်များအားထမင်းကျွေးမွေးကုသိုလ် ယူချင်သူအလှူ ရှင်များပြားလွန်းလှသောကြောင့် မဲနိုက်၍ပင် အလူရှင်ရွေးရချယ်ရသည်မှာလည်း
နှစ်စဉ်နှစ်တိုင်းပင်ဖြစ်၏ ။

ဤသည်ကား ချစ်စရာကောင်းလှသော မြန်မာလူမျိုးတို့ဓလေ့စရိုက်များထဲမှတစ်ခုပင်ဖြစ်သည်။
ဘုရားပွဲကာလအတွင်းနာမည်ကျော်ဇတ်အဖွဲ့များ ရုံသွင်းပြသ၍တမျိုး။အလကား ဗလာကပြ
သောအဖွဲ့များဖြင့်တဖုံ ဇတ်စင်ကြီးများ သုံးလေး
စင်မျတည်ဆောက်ထားရ၏ ။

ယခင်ကမှောင်မိုက်ခြောက်ကပ်၍သရဲပင်
ခြောက်မည်ထင်မှတ်ရသော ဘုရားပွဲကျင်းပရာ
ကွင်းပြင်ကြီးမှာ ဘုရားပွဲ ကာလတွင်
စျေးဆိုင်တန်းများ ၊စားသောက်ဆိုင်များ၊
အမျိုးမျိုးသောဆိုင်ငယ်လေးများ အစီအရီရှိနေပြီး
ဆီမီးရောင်တထိန်ထိန်ဖြင့်ဘုရားပွဲကာလ သုံးရက်အတွင်းဘုရားကွင်းတောင်ခြေဘုရားကွင်းတွင်စည်ကားသိုက်မြိုက်လျက်ရှိနေတတ်၏ ။

==========================

မင်းခေါင်တစ်ယောက် တန်းတင်ဘုရားပွဲကာလ
နီးနေပြီဖြစ်သောကြောင့်
တမိုးတွင်းလုံး ချောင်ထဲထိုးထည့်ထားသော မျက်လှည့်သေတ္တာ လေးသိမ်းဆည်းထားရာမှထုတ်လာ၏ ။
ပြီးနောက်
မျက်လှည့်ပြရာတွင်အသုံးပြုသောပစ္စည်း
တစ်ခုချင်းစီကို သေချာဂရုတစိုက်
ပွတ်တ်ိုက်ဆေးကြောလျက်ရှိနေ၏ ။
ဘုရားပွဲအတွင်းမင်းခေါင်မျက်လှည့်ပြသ
လေ့ရှိ၏ ။
မင်းခေါင်နေထိုင်သော ရွာမှာ
တန်းတင်ဘုရားဖြင့် ခြေလျင်လျောက်ပါက
တစ်နာရီခန့် လျောက်ရမည့်
အကွာအဝေးလောက်တွင်တည်ရှိသော၊ရွာလေးတစ်ရွာပင်ဖြစ်သည်။

မင်းခေါင်တွင်အဖေမရှိတော့ပေ။သူ့ညီငယ်
ငါးနှစ်သားအရွယ်ခန့်က ဖခင်ဆုံးပါးသွားသည်မှာ
ယခုသူ့ညီငယ်လေးပင် အသက်
၁၀ နှစ်တင်းတင်းပြည့်ပြီ ဖြစ်၏ ။

မင်းခေါင်ဖခင်မှာဒီနယ်သားတစ်ယောက်မဟုတ်ပဲ
နယ်လှည့်မျက်လှည့်ဆရာတစ်ယောက်ဖြစ်၏။

နာမည်ကျော်တန်းတင်ဘုရားပွဲ မျက်လှည့်လာပြရင်း၊ မိခင်ဖြစ်သူနဲ့အကြောင်း
ပါ၍ ဆံထုံးနောက်ယောင်ပါ
ဒီရွာလေးမှာပင်သောင်တင်နေခြင်းဖြစ်။

မင်းခေါင်ဖခင်ဖြစ်သူမှာ နယ်ပေါင်းစုံရောက်
ဖူးသလို ပညာပေါင်းစုံလည်းတတ်မြောက်သည်
ဟုဆိုရမည်ဖြစ်၏ ။
မျက်လှည့်ပြသခြင်းပညာရပ်အပါအဝင်။
ပယောဂကုခြင်း၊ စုန်းချွတ်ခြင်းများ
လည်းတတ်ကျွမ်းသူတစ်ယောက်လည်းဖြစ်၏။

မျက်လှည့်ပညာရပ်တွင်လည်းစေ့ငှစွာကျွမ်းကျင်
သူဖြစ်၏ ။
နယ်လှည့်ပြသနေသော
မျက်လှည့်ဆရာပီပီ ။ပညာစုံလျက်တချို့ မျက်လှည့်ပြကွက်များမှာထူးဆန်းသော
ပြကွက်မျိုးဖြစ်၏ ။

ဖခင်ဆုံးပါးချိန်တွင်
မင်းခေါင်မှာအသက်၂၅ အရွယ်ရှိနေပြီဖြစ်
သောကြောင့် ဖခင်ဖြစ်သူအမွေအနှစ်အဖြစ်
မျက်လှည့် ၊ပညာစိတ်နယ်လွန်ပညာများဖခင်သင်
ပြပေးမူဖြင့် တတ်မြောက်ခဲ့၏ ။

ဖခင်ဆုံးပါးပြီးသကာလ မိသားစု စီးပွားရေးရှာအစ်ကိုကြီးအဖရာဆိုသလို
မင်းခေါင်ထံလွဲပြောင်းရောက်ရှိလာတော့၏ ။

မင်းခေါင်မှာလိမ်မာရေးခြားရှိကာ၊မိသားစုအပေါ်
သိတတ်သောသူတစ်ယောက်ဖြစ်၏ ။
မိခင်ဖြစ်သူနဲ့ ညီငယ်လေးတို့ကိုလယ်ယာလုပ်ငန်းလုပ်ကိုင်ရင်း ရှာဖွေကျွေးမွေး မိသားစုမျက်နှာမငယ်အောင်ကြိုး
စားရုန်းကန်ပေးရှာ၏ ။

သူဘ၀ကိုလည်းမိခင်နဲ့လူမမယ်ညီငယ်လေး
အတွက်ပေးဆပ်မြုတ်နှံထားသူဖြစ်၏။

အရပ်ရှည်ရှည် ချောမောခန့်ညားသော
မျက်နှာ အလုပ်ကြမ်းလုပ်ဖန်များ၍ ကျစ်လစ်သော ခန္ဓာကိုယ် နေပူဒဏ်ကြောင့် နဂိုဖြူသော်လည်းကြေးနီရောင် သန်းနေသော အသားအရေဖြင့် မင်းခေါင်မှာ ရွာမိန်းခလေးများ၏ သဘောကျနှစ်သက်ခြင်းကို ခံရသော်လည်း သူ့အနေဖြင့်အသက်ရွယ်ထောက်နေသောမိခင်အို၊
လူမမယ်ညီငယ်လေး မျက်နှာကို ထောက်ချိန်ကာအိမ်ထောင်မပြုပဲနေလာခဲ့သည်မှာ သူ့အသက် ၃၀ တင်းတင်းပြည့်၍ လူပျိုကြီး
စာရင်းဝင်အရွယ်ရောက်နေပြီဖြစ်၏ ။

” သားရေ …ထမင်းကျက်ပြီ…
ထမင်းစားရအောင် လုပ်စရာရှိတာ နောက်မှ
လုပ်တော့…”

မျက်လှည့်ပစ္စည်းများပွတ်တိုက်ဆေးကြောရင်း
အတွေးရေယဉ်ကြောတွင်မြောနေသော မင်းခေါင်
သူမိခင်ထမင်းစားလှမ်းခေါ်တော့မှ အတွေးစ
ပြတ်သွား၏ ။

“ဟုတ်ကဲ့ …အမေ ဒါနဲ့ ညီငယ်လေး မင်းနောင်ကော….တမနက်လုံးမတွေ့ပါလား…
ဘယ်တွေရောက်နေတာလဲ …”

“မိုးလင်းကထွက်သွားတာခုထိပြန်မလာသေးဘူး
…ဒီကောင်လေးတော်တော်… အဆော့မက်တယ် စားချိန်မသိ သောက်ချိန်မသိနဲ့…”

“ခလေးပဲ အမေရာ သူလည်းဆော့လို့ကောင်းတုန်း
အရွယ်တွေလေ……”

“ခုဟာက လွန်းလွန်းလို့ပြော… နေရတာ စားချိန်တောင်မလာလို့လေ…… ဟောပြောရင်းဆိုရင်း လာပါပြီ… ကိုယ်တောချော…”

မင်းခေါင်ဝတ်ပြီးအကျ စွတ်ကျယ်အဟောင်းမှာ
ညီဖြစ်မင်းနောင်အတွက်ဒူးအထိရောက်မျရှည်လျားနေသောကြောင့် ပခုံးစနှစ်ဖက် ကြိုးထုံးပြီးတိုထားကာ အရောင်လွင့်လွင့်
ဘောင်းဘီတိုတစ်ထည်၀တ်လျက် ဘီးတပ် နွားလှည်းရုပ်ကလေးကိုကြိုးဖြင့်ဆွဲလျက်
ပြန်လာသော မင်းနောင်အားခြံပေါက်၀တွင်တွေ့လိုက်ရ၏ ။

“…ဗိုက်ဆာတယ် …အမေရေ… ထမင်းစားမယ်…”

“သွားချင်ရာသွားပြီး ခုဗိုက်ဆာမှ …အိမ်ပြန်လာရသလား…ထမင်းဟင်း… မရှိတော့ဘူး အိုးဆေးပြီး မှောက်ထားပြီးပြီ…”

မင်းနောင်ကမိခင်စကားကို စပ်ဖြဲဖြဲမျက်နှာ
လုပ်ကာ ပြောင်ပြလိုက်၏ ။ပြီးနောက်
အိမ်ပေါ်ပြေးတက်၍မီးဖိုချောင်ထဲပြေး၀င်ကာအိုးခွက်ပုဂံများလှန်ကြည့်နေတော့၏။

“သိသားပဲ …အမေ …လိမ်မှန်း … ဟားဟား …သားကို…ဒါမျိုးလာလိမ်လို့ ဘယ်ရမလဲ…”

“ဟေ့…ဟေ့…အော်…ဒီကောင်လေး …လက်မဆေး… ခြေမဆေးနဲ့ …အိုးတွေကိုင်နေတယ်… ဟေ့….”

…ဟား …ဟား.….ဟား …ဟား…

သူ့ညီနဲ့ သူအမေ ဖြစ်ပျက်နေသည်ကိုကြည့်ပြီး မင်းခေါင်သဘောကျစွာဖြင့် တဟားဟား အော်ရယ်မိတော့၏ ။

ထမင်းဝိုင်းလေးတွင်စားသောက်နေရင်းမှ
မင်းနောက်တစ်ယောက်ခါတိုင်းနဲ့မတူ၊
ထူးဆန်းသော စကားဆိုလာ၏ ။

“အမေ …သားသူငယ်ချင်း… အောင်လှတို့ …ရန်နိုင်တို့ …ရှင်ပြု ကြတော့မလို့တဲ့သူတို့အဖေတွေဒီနေ့ပဲ ……ဘုန်းကြီးကျောင်းပို့လိုက်ပြီ …သားလည်းရှင်ပြုချင်တယ်အမေ…သားကိုလည်း
ရှင်ပြုပေးပါလားဟင်….”

မင်းနောင်စကားကြားလိုက်ရချိန်မင်းခေါင်တစ်
ယောက်ပါးစပ်ထဲရောက်နေသော ထမင်းလုတ်ကို
ယောင်ယောင်မှားမှား မဝါးပဲမြိုချလိုက်မိရာထမင်း
နင်သွား၏ ။
မိခင်ဖြစ်သူအား လှမ်းကြည့်ရာ
စားမည်ကျန်နေသော ထမင်းလုပ်ကိုပန်းကန်
တွင်ပြန်ထည့်ရင်း မျက်နှာညိူးသွားသည်ကို
စိတ်မကောင်းစွာ မင်းခေါင်တွေ့ရ၏ ။

မိခင်မှာစကားမပြောပဲခနမျငြိမ်နေပြီးမှ
မင်းနောင်ကိုပြုံးပြရင်..…

“အေးပါသားလေးရေ… သားလည်းမကြာခင်ပြုရမှာပေါ့ကွယ်…
အဲဒီချိန်ကျရင်…မင်းအကိုကြီးနဲ့…အမေကိုယ်တိုင်…ရွာကျောင်းဆရာတော်ဆီ
အပ်ပေးမယ်နော်…”

“တကယ်နှော်အမေ… အမေတကယ်ပြောတာနှော် …သားကိုလိမ်မပြောရဘူး….လိမ်ပြောသူက ငရဲကြီးတတ်တယ်လို့…အမေပြောထားတယ်…”

ခလေးပီပီ သူဖြစ်ချင်ရာလျောက်ပြောနေသော မင်းနောင်စကားများကြောင့် မိခင်ဖြစ်သူ
မျက်ရည်များစို့တက်လာခြင်းကိုမျက်တောင်တဖျပ်ဖျပ်ခပ်ရင်း ထိန်းနေခြင်းကို…မင်းခေါင်…စိတ်မကောင်းစွာမြင်တွေ့လိုက်ရ၏ ။

“အေးပါသားလေးရေ…အမေ… မလိမ်ပါဘူး …အမေဖြစ်အောင်လုပ်ပေးမှာပေါ့…”

“ဟေး… ဒါမှတို့အမေကွ …ဟိုကောင်တွေကို …
……သားလည်း ရှင်ပြုတော့မယ့်အကြောင်း…
…သွားကြွားရမယ်… ”

မိခင်ဖြစ်သူမှာ ထမင်းဝိုင်းမှအရင်ဆုံးထထွက်သွား၏။
မင်းခေါင်လည်းထမင်းစားချင်စိတ်မရှိပေ။ရင်ထဲမှဆို့နင့်သလိုကြီးခံစားနေရမိသည်။
သူတုန်းက ဖခင်ရှိတုန်းမို့ရှင်ပြုလိုက်ရသော်လည်း ခုညီငယ်အလှည့်တွင် ဟိုနှစ်ဒီနှစ်ဖြင့်အထမမြောက်ပေ။
ယခုနှစ်
စပါးပေါ်ချိန် ရှင်ပြုရန်မှန်းထားသော်လည်း မိုးတွင်းမိခင်မကျန်းမာ၍ စပါးတိုး ချေးကာကုလိုက်ရသောကြောင့် အိမ်စားရုံ
မျိုးထားရုံလောက်သာ စပါးကျန်ရှိ၏ ။

မင်းခေါင်ထမင်းစားချင်စားဝိုင်းမှထွက်လာရင်းအိမ်အောက် သရက်ပင်ကြီးဘေးကွပ်ပြစ်တွင် ဆေးပေါ့လိပ်တစ်လိပ်ထိုင်ဖွာရင်း ပိုက်ဆံဘယ်လိုရှာရမလဲဆိုတာတွေးနေမိ၏။
သို့ရာတွင် ပိုက်ဆံရပေါင်ရလမ်းအလုပ်အကိုင်
စဉ်းစား၍ပင်မရချေ။
ယခုအချိန်မိခင်ဖြစ်သူမှာလည်းသားများကွယ်ရာ
နေရာတွင်တရူံရူံဖြင့် ငိုနေမည်ကိုမင်းခေါင်သိနေ၏။

သားလိုအင်ဆန္ဒမဖြည့်ပေးနိုင်သော မိခင်တစ်ယောက်သောကအစိုင်အခဲကြီးက
ထုထည်ကြီးမားမည်မှာမလွဲပေ။ သို့ရာတွင်
မိခင်ကို နှစ်သိမ့်ပေးခြင်းသော်လည်းနှစ်သိမ့်
ပေးစရာစကား မင်းခေါင် မစဉ်းစားတတ်အောင်
ရှိနေပါတော့၏ ။

==========================
မနက်ဖြန်ဆိုလျင်တန်းတင် ဘုရားပွဲစတော့မည့်ပွဲတော်စနေ့ပင်ဖြစ်၏ ။

မင်းခေါင်မှာလည်းဖခင်ထံမှသင်ကြားထားသော
မျက်လှည့်ပြကွက်များအားအသည်းအသန်လေ့ကျင့်လျက်ဖြင့်ရှိနေ၏ ။

တစ်နှစ်တစ်ခါ ဘုရားပွဲတွင်ပြကွက်ကောင်းလေး
များပြသရင်း ပရိတ်သတ်အာရုံကို ဖမ်းစားမည်
ဟုမင်းခေါင်စိတ်ကူးယဉ်နေမိ၏ ။

တန်းတင်ဘုရားပွဲကြီးမှာ
စည်ကားသိုက်မြိုက်စွာဖြင့်စတင်နေပြီဖြစ်၏။

လွင်တီးခေါင်မြေကွက်လပ်ကြီးကယခုမူ
စားသောက်ဆိုင်များ စျေးဆိုင်တန်းများ ရဟတ်ကွင်းများ ဇတ်စင်ကြီးများနဲ့အတူ အနယ်နယ် အရပ်ရပ်မှ လှည်းဖြင့်တသွယ် မော်တော်ဘုတ်ဖြင့်တမျိုး လာရောက်ကြသော ဘုရားဖူးခရီးသွားများဖြင့် ကွင်းလုံးပြည့်
ကြက်ပျံမကျစည်ကားလျက်ရှိနေ၏ ။

ကြော်လှော်ချက်ပြုတ်ရာမှ ထွက်လာသောအနံ့၊အမွေးတိုင်နံ့ ရေနံ့ ဆီမီးခွက်မှ ထွက်လာသော ရေနံမိူင်းနံ့များ လှပျို ဖြူလေးများပြင်ဆင်ချယ်သ သောအမွေးနံသာရနံ့များဖြင့် ရနံ့ပေါင်းစုံကလည်း
ကြိုင်လိူင်စွာထွက်နေလျက်ရှိ၏ ။

မင်းခေါင်၊မင်းနောင် ညီအစ်ကိုနှစ်ယောက်မှာ
ဘုရားပွဲတော်သို့ရောက်ရှိနေကြ၏ ။
မင်းခေါင်မှာဘုရားပွဲလာကြည့်ခြင်းမဟုတ်ပဲ
သူ့မျက်လှည့်ပညာပြသရန်အဓိကဦးတည်
ချက်ဖြင့်ရောက်ရှိလာခြင်းဖြစ်၏ ။
ညီဖြစ်သူ မင်းနောင်သူ့အားဘုရားပွဲလိုက်ရန်ပူဆာ ဂျီကျလျက် သူအားမခေါ်၍ အော်ငိုကာ မိခင်ထံသွားတိုင်တောတော့၏ ။

မိခင်ဖြစ်သူမှာလည်းမင်းခေါင်ပါနေခြင်းကြောင့်
ညီဖြစ်သူကိုပါလိုက်ပါခွင့်ပြုလိုက်ခြင်းဖြစ်။
လူစုမကွဲစေရန် မင်းနောင်အားဂရုစိုက်ရန်စကားကို
မသွားခင်အကြိမ်ကြိမ်မှာကြားနေရှာ၏ ။

မိခင်ဖြစ်သူမှာ မင်းနောင်ကိုအသက်ကြီးမှရသည့်အပြင်
ဖတဆိုးလေးမို့အချစ်ပိုရှာသည်။

မင်နောင်မှာ မိခင်အသဲကျော်တစ်ယောက်ပင်။
မင်းခေါင်မှာ လယ်ယာလုပ်ငန်းတခြားသော
အလုပ်များဖြင့်၊အိမ်တွင် ရှိနေချိန်ကနည်းလှ၏။
မိခင်ဖြစ်သူမှာမင်းနောင်ဖြင့်သာအဖော်ပြုနေရသည်ကများ၏ ။

“မင်းနောင် အစ်ကို လက်ကိုမလွတ်နဲ့နော် …
လူတအားများတယ်…
လူကွဲသွားရင်ရှာဖို့မလွယ်တော့ဘူး…”

…ဟုတ်ကဲ့…

အဝတ်အစားသစ်ကလေးများဝတ်လျက်မင်းခေါင်
လက်ကိုကိုင်ထားသောမင်းနောင်မှာ အရောင်အသွေးအသွေးစုံလူအုပ်ကြီးအကြား
မြင်ကွင်းဆန်းများကိုငေးလျက်ဖြင့် မင်းခေါင်
နောက်သို့လိုက်နေရှာ၏ ။

မင်းခေါင်မှာပွဲစျေးတန်းလူအုပ်ကြီးကို
တိုးဝှေ့ရှောင်ရှားရင်း ဆီးမီးရောင် တထိန်ထိန် ဖြင့် သပ္ပါယ် စွာရှိနေသောစေတီတောရှိရာတေ
ဘုရားတောင်ပေါ်ညီငယ်လက်ကိုဆွဲရင်းတက်
ရောက်လာခဲ့၏ ။
ပွဲတော်ကာလမို့ ဘုရားတောင်ပေါ်တွင်ဘုရားဖူးသူ
လူပရိတ်သတ်များဖြင့်စည်ကားစွာရှိနေသည်။

ယူဆောင်လာသောဆီမီးအမွေးနံ့သာများကို
မင်းနောင်ကစေတီတော်တွင်ကပ်ညှိပူ ဇော်ရင်း ဘုရားရင်ပြင်တော်မှပြန်ဆင်းလာခဲ့ကြတော့၏။

ပြီးနောက်ပွဲစျေးတန်းအစွန်ဖက်လွတ်နေသော
နေရာတစ်ခုတွင်ယူဆောင်လာသော လက်ဆွဲအိတ်အတွင်းမှ မိုးကာစကိုမြေပေါ်တွင်
ခင်းလိုက်သည်။
ရွာမှာတခါတည်းယူလာသော အုန်းပွဲငှက်ပျော
ပွဲကိုပွဲစျေးသို့မလည်မှီအပ်နှံထားရာဆိုင်မှသွား
ယူ၍ထိုဆိုင်မှထိုင်ခုံငယ်တစ်ခုတစ်ပါတည်း
ငှါးလာခဲ့၏။

ထိုင်ခုံပေါ်တွင်ကန်တော့ပွဲတင်လျက်
ဖယောင်းတိုင်ကြီးသုံးတိုင် စီတန်းထွန်းကာ
အမွေးနံ့သာတိုင်များထွန်းညှိ၍ မြင်အပ်၊မမြင်အပ်
သောအစောင့်အရှောက်များထံ ခွင့်တောင်းလိုက်၏။ ရေနံဆီထည့်ရသောမီးအိမ်ကြီးကို မီးစာမြှင့်လိုက်
မျက်လှည့်ပွဲစတင်ရန် ပစ္စည်းများထုတ်ယူလျက် လင်ကွင်းတချမ်းချမ်းတီးကာလူအများအရုံကို
ဆွဲခေါ်လိုက်၏ ။

..လက်လှည့်၊မျက်လှည့် စိတ်ဝင်စားတယ်
ဆိုရင်ဖြင့် ကျွန်တော်ရဲ့လက်လှည့် ၊မျက်လှည့်..
ပြကွက်လေးများကိုကြည့်ရူအားပေးကြဖို့
ဖိတ်ခေါ်အပ်ပါတယ် ခင်ဗျာ.…

အဖြူရောင်အင်္ကျီလက်ရှည်အနက်ရောင်ယော
ပုဆိုးကိုဝတ်ဆင်ထားသော ချောမောခန့်ညားသော
လူငယ်တစ်ယောက်က ခလေးတစ်ယောက်နဲ့
မည်သည့်အရာရောင်းချမလဲ၊ဘာလုပ်မလဲစိတ်ဝင်
စားကာတစေ့တစောင်းအကဲခတ်နေကြသူများမှာ
မင်းခေါင်ဖိတ်ခေါ်ကြော်ငြာသံကြားရသောအခါမှ
မျက်လှည့်ပြသမည့်သူဖြစ်ကြောင်းသိကြရတော့၏။

အစပထမ လူတစ်ယောက်၊ပြီးနှစ်ယောက် …..
ထိုမှ.…ထိုမှ…တစ…တစ… မင်းခေါင်အနီး လူတဖြည်းဖြည်းဝိုင်းကာ တဆင့်စကားဖြင့်
လူငယ်သော်လည်းမျက်လှည့်ပြကွက်အဆင့်
မြင့်သော မင်းခေါင်အနီး လူများ ဝိုင်းလာကြ၏။

မင်းခေါင်မှာသာမာန်မျက်လှည့်ဆရာများပြသလေ့ရှိသော
လက်အားလေပေါ်ဝှေ့ယမ်း၍ ခိုဖြူလေးတစ်ကောင်သူ့လက်ပေါ်ရောက်လာခြင်း
ခိုဖြူလေးအား ခြေထောက်မှကိုင်ကာဆွဲဖြဲလိုက်ရာ
နှစ်ကောင်ဖြစ်သွားခြင်း။ ငွေစက္ကူတစ်ရွက်ကို
အစိတ်စိတ်အမွာမွာလုံးချေဆွဲဖြဲပြီး လက်ပြန်ဖြန့်
လိုက်ချိန်အကောင်းပကတိရှိနေခြင်း။
ကြိုးတစ်ချောင်းအားအဝတ်ဖြင့်အုပ်ထား၍ပြန်
ဖွင့်လိုက်ချိန်ပါးပျဉ်းခွက်နေသောမြွေဟောက်
ကြီးတစ်ကောင်ဖြစ်နေပြီး၊နောက်တစ်ကြိမ်
အဝတ်ဖြင့်အုပ်လိုက်သောအခါ ကြိုးပြန်ဖြစ်နေခြင်း။ကြည့်ရူနေသော
ပရိတ်သတ်တယောက်ထံမှ လက်စွတ်တကွင်းတောင်းယူကာအဝေးသို့လွင့်ပစ်လိုက်၏၊ ထိုလက်စွတ်က တခြားသောလူတစ်ယောက်အိတ်ကပ်မှသွားယူ
ပြခြင်းပြကွက်များနဲ့တခြားသောပြကွက်များကို
စကားတပြောပြော ဟန်အမူအယာပိုင်နိူင်စွာ
ဖြင့်ပြသလျက်ရှိနေတော့၏ ။

ပရိတ်သတ်များမှာ… ဟင်ခနဲ …ဟာခနဲ …
မင်းခေါင်ပြကွက်များကိုစိတ်ဝင်တစားရှိနေကြသလိုလက်ခုပ်သံတဖြောင်းဖြောင်းဖြင့်ကြည့်ရူသူနဲ့
မျက်လှည့်ဆရာကြား အသားကျသွားတော့သည်။

မင်းနောင်မှာအစ်ကိုဖြစ်သူအားလူများသဘောကျကာလက်ခုတ်တီးနေကြခြင်းကိုသဘောအကျကြီးကျလျက် ပရိတ်သတ်နည်းတူ
သူပါလက်ခုတ်တီးအားပေးနေ၏ ။ သူ့အကို
မျက်လှည့်ပြကွက်များကိုလည်းယခုမှကြည့်ဖူးရာ
အစ်ကိုဖြစ်သူအပေါ်အထင်ကြီးလေးစားနေတော့သည်။
မျက်လှည့်ပြရာရှေ့ချထားသောဖလားအတွင်း ပရိတ်သတ်ချီးမြင့်ထားသောဆုကြေးငွေအတော်ရနေပြီဖြစ်သလို ညကလည်းတဖြည်းနက်လာခဲ့
ပြီဖြစ်၏။
ညတစ်နာရီထိုးလောက်တွင်မင်းခေါင်မှာ
ပရိတ်သတ်အားတောင်းပန်ပြန်လွတ်ရင်း
နောက်နေ့များတွင်ဆက်လက်ပြသမည့်အကြောင်း
သတင်းပါး၍မျက်လှည့်ပွဲကိုသိမ်းလိုက်တော့သည်။

မင်းနောင်လည်းမျက်လှည့်ပစ္စည်းများသိမ်းဆည်းပြီး မင်းနောင်အားခေါ် ပွဲစျေးအတွင်းအဆာပြေမုန့်များ ၀ယ်စားကြရင်အိပ်ချိန်တွင်ဘုရားရင်ပြင်မှ လွတ်နေသော ထောင့်လေးတွင်၀င်ခွေရင်း
အိပ်ရန်ပြုကြ၏ ။ မင်းနောင်မှာခါတိုင်းယခုအချိန်
သိုးနေအောင်အိပ်နေပြီဖြစ်သော်လည်း ယခုကား
မအိပ်ပဲရှိနေ၏ ။

” …အစ်ကိုကြီး ကြိုးက ဘယ်လိုမြွေဖြစ်သွား
တာလဲဟင် နောက်ငှက်ကလေးက ဘယ်ကဘယ်လို အစ်ကိုကြီးဆီရောက်လာတာလဲ
တစ်ကောင်က နှစ်ကောင်တောင်ဖြစ်သွားသေးတယ်…”

”… မအိပ်ချင်သေးဘူးလား ညီလေးရာ
အစ်ကိုကြီးအိပ်ချင်နေပြီ…”

” …မအိပ်ပါနဲ့အုံးအစ်ကိုကြီးရာ ညီလေးသိချင်လို့ပါ …ပြောပြပါနော် …”

မင်းခေါင်မှသူမဖြေသမျအိပ်မည်မဟုတ်သော
ညီငယ်အကြောင်းသိနေ၍ ပြုံးလိုက်မိ၏ ။

”…အဲတာတွေက အစ်ကိုကြီး ဂါထာတွေရွတ်ပြီး
မန်းမူတ်လိုက်တာလေ….”

”…ဟာ… မိုက်တယ်နော် ညီလေးကိုရော
အဲဂါထာသင်ပေးပါလား …ညီလေးလည်း
တတ်ချင်လို့ သင်ပေးနော်…”

” …အဲတာက အခုသင်လို့မရဘူး ညီလေးရ
အစ်ကိုကြီးအရွယ်လောက်ညီလေးရောက်မှ
သင်လို့ရမှာ…”

”…ဒီလိုဆိုရင်တော့ကြာအုံးမှာပဲ အစ်ကိုကြီးအရွယ်
ခုတောင်ရောက်ချင်နေပြီ…အစ်ကိုကြီးအရွယ်ရောက်ရင်တော့တစ်ကယ်သင်ပေးနော်…”

”… အင်းပါ…အစ်ကိုကြီးထက်တော်အောင်သင်ပေးမယ် ..
ဟုတ်လား ညနက်နေပြီ အိပ်တော့…”

သူညီအရွယ်ဖြင့်ထိုပညာသဘောတရားများကို
ရှင်းပြ၍နားမလည်နိူင်သောကြောင့်ပြီးစလွယ်
မင်းခေါင်ဖြေလိုက်၏ ။ မင်းနောင်မှာသူသိလိုရာ
သိပြီးပြီမို့ မင်းခေါင်ဘေးတွင်ချက်ခြင်းအိပ်ပျော်
လျက်ရှိနေတော့သည်။

ဘုရားပွဲသုံးရက်အတွင်းမင်းခေါင်အိမ်သို့မလာရန်အမေ့အားမှာခဲ့ပြီးသားမို့ နေ့လည်ပိုင်းများတွင်လည်းသူ့မျက်လှည့်ပွဲအားဆက်တိုက်ပြသလာသည်မှာ ယခုဆိုလျင်ပိုက်ဆံအတော်ပင်ရနေချေပြီ။တဆင့်စကားတဆင့်နားဖြင့် မင်းခေါင်မှာ ဘုရား
ပွဲလာပရိတ်သတ်များကြား မျက်လှည့်ဆရာ
ကောင်ချောလေးအဖြစ်နာမည်ရနေ၏ ။

ယနေ့မှာ ဘုရားပွဲနောက်ဆုံးရက်ပင်ဖြစ်သည့်
အတွက်
ထပ်ရောက်လာသောဘုရားဖူးခရီးသွားများဖြင့်နောက်ဆုံးနေ့မို့လူကပိုများလျက်ရှိနေ၏ ။

မင်းခေါင်နေ့လည်ပိုင်းသူခါတိုင်းနေ့မျက်လှည့်ပြရာ အရိပ်ကောင်းရသော ညောင်ပင်ကြီးအောက်တွင် ခါတိုင်းနေ့များကဲ့သို့မျက်လှည့်ပြကွက်များပြသ
လျက်ဖြင့်ရှိနေ၏ ။
ညနေပိုင်းရောက်လာပြီမို့ ညပိုင်းမှနောက်တစ်ခေါက် ပြသမည့်အကြောင်း
ပြောရင်းလူအုပ်ခွဲရန်ပြုနေစဉ်
တောက်တောက်ပြောင်ပြောင်၀တ်ဆင်ထားသောလူကြီးနှစ်ဦးမင်းခေါင်ရှေ့သို့ ရောက်ရှိလာကြ၏။

လူကြီးနှစ်ယောက်ပုံစံကြည့်ရုံမျဖြင့်ပင် ကြေးရတတ်လူချမ်းသာများဆိုတာပေါ်လွင်နေသည်။

” ဒီကမောင်ရင် လေးပြသွားတဲ့ ပြကွက်တွေက အရမ်းကောင်းတာပဲ …လူငယ်ပေမယ့် ပညာရပ်က
မငယ်ပါဘူးတကယ်တော်တယ်…”

ထိုသူနှစ်ယောက်ထဲမှ ခပ်၀၀ လူကြီးကစကားစတင်ပြောလိုက်ခြင်းပင်။

“ဟုတ်ကဲ့… ကျေးဇူးပါဦး ဒီလောက်လည်း မဟုတ်ပါဘူး…လေ့လာသင်ယူဆဲပါ
လိုအပ်ချက်များပါသေးတယ်…”

“ဘယ်ကလာမဟုတ်ရမှာလဲ…မောင်ရင်လေးကွက်တွေက

အရမ်းအဆင့်မြင့်တယ်…ဦးကမျက်လှည့်
ဝါသနာရှင်တစ်ယောက်မို့သိတယ်…

နောက်ပြီး ဦးခပ်ငယ်ငယ်က ကြည့်ဖူးတဲ့ မျက်လှည့်ဆရာတစ်ယောက်ပြကွက်တွေနဲ့…

မောင်ရင်လေးပြသွားတာတစ်ထပ်တည်းပဲ… အရမ်းတော်တဲ့ မျက်လှည့်ဆရာတစ်ယောက်ပဲ

ဒါနဲ့မောင်ရင်လေးကရော ဒီပညာဘယ်ကနေသင်ထားတာလဲ…”

“ကျွန်တော်ဖေဖေ မဆုံးခင်သင်ပေးခဲ့တဲ့ ပညာတွေပါဦး…”

“ကဲ ကိုထင်ကျော် ပြန်ကြရအောင်ဗျာ…
ခင်ဗျားပြောပြော နေတဲ့ ပညာရပ်မရှိပါဘူးဗျာ…”

သူ့ဘေးမှအဖော်ဖြစ်သူပြောစကားကြောင့်
ခပ်၀၀လူကြီးမျက်နှာသည် ဒေါသဖြင့် နီရဲသွား၏။

“ဒီမှာ… ကိုအောင်သောင်း ကျုပ်ကိုလူလိမ်လို့ထင်
တာကျုပ်အမုန်းဆုံးပဲ……
ကျုပ်ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်ပြီးမှယုံခဲ့တဲ့ကောင်ပါဗျ…ခင်များမျက်စိနဲ့
မမြင်ရတိုင်းမရှိဘူး၊မယုံဘူးဆိုတဲ့ စကားမပြောပါနဲ့……”

“ဟင်း…ဟင်း…လူတစ်ယောက် ကိုအသက်မဲ့အောင်လုပ်ပြီး အသက်ပြန်သွင်းတဲ့ ပညာ လောကကြီးမှာ မရှိပါဘူးဗျာ…ဖြစ်လည်း
မဖြစ်နိူင်ပါဘူး…”

“ရှိတယ်ဗျ ရှိတယ် ကျုပ်လက်တွေ့ကြုံခဲ့၊
မြင်ခဲ့တာ……”

နောက်ရောက်လာသောလူကြီးနှစ်ယောက်မှာ
သူငယ်ချင်းများဖြစ်ဟန်တူပြီး တစ်စုံတရာသောအကြောင်းအရာကို ရှိ၏၊မရှိ၏
စကားဖြင့်ငြင်းခုန်၍အခြေအတင်ဖြစ်နေကြခြင်းပင်။
ထိုလူကြီးများပြောသောပညာရပ်ကိုမင်းခေါင်မှာ
ရင်းနှီးကျွမ်းဝင်ရှိသူဖြစ်သောကြောင့်စကားဝိုင်းသို့
ဝင်ပါလိုက်မိ၏ ။

“ဦးတို့ပြောနေတဲ့အကြောင်းက ဝိညဉ်ပျောက်အတတ်ထင်တယ်…”

မင်းခေါင်တစွန်းတစ၀င်ပြောလိုက်သော
စကားကြောင့် ခပ်၀၀လူကြီးမျက်နှာမှာအံ့အြတကြီးဖြစ်၍၀မ်းသာသွားဟန်တွေ့ရ၏ ။သူ့ဖက်မှစစ်ကူတစ်ယောက်ရ
သွားတက်သောကြောင့် အားတက်သရောဖြင့်

“အဲဒီပညာကိုမောင်ရင်လေးသိတယ်..ဟုတ်လား တတ်ရင် ဒီလူကိုတစ်ချက်ပြလိုက်စမ်းပါကွာ ဦးခပ်ငယ်ငယ်က မျက်လှည့်ဆရာကြီးတစ်ယောက် ပြတာကြည့်ဖူးတယ် …
လူအရှင်လတ်လတ်ကသေ သွားပြီး ပြန်အသက်ရှင်လာအောင်လုပ်တာ ဘာ..ဝိညဉ် ဖျောက်အတတ်..ဟုတ်လားမောင်ရင်လေး”

“ဟုတ်ပါတယ်…. ဒါပေမယ့် ကျွန်တော်မပြပါရစေနဲ့… ဦးအရမ်းအန္တရယ်များ
တဲ့ပြကွက်တစ်ခုဖြစ်တာကြောင့်မို့ပါ…. ”

“ဖြစ်နိုင်ရင်ပြပေးစမ်းပါ…မောင်ရင်လေးရယ် …ဒီတစ်ယောက်က အဲအကြောင်းပြောတိုင်း
ကျုပ်ကိုလှောင်နေတာ ကြာပြီမောင်ရင်လေးရဲ့ …ကျုပ်သူ့ကိုလက်တွေ့ပြပြီးသူ့ကို လက်စားချေချင်လို့ပါ လုပ်ပါ မောင်ရင်…”

”…မဖြစ်နိူင်လို့ပါ ဦးရယ် …ခုကလည်း…
ဦးတို့စကားကြားလို့ရှိမရှိဝင်ပြောမိရုံပါ…”

”…တန်ဖိုးဖြတ်တယ်လို့တော့မထင်စေချင်ဘူး
တကယ်လို့ မောင်ရင်လေးသာ အဲဒီပြကွက်ကို
ပြပေးနိူင်ရင် ဒီငွေအကုန်လုံးကို မောင်ရင်
လေးယူလိုက်ပါ…”

လူကြီးမှာပြောစကားနဲ့အတူ သူ့ဘေးလွယ်အိပ်အတွင်းမှငွေစက္ကူအထပ်လိုက်ကြီးဆွဲထုတ်၍မင်းခေါင်မျက်လှည့်ပြရာတွင်ချထား
သောဖလားကြီးအတွင်းထည့်လိုက်၏ ။သူယုံကြည်
မူအတွက်ငွေဘယ်လောက်ကုန်ကုန်အရေးမစိုက်
တတ်သောလူမျိုးဖြစ်ဟန်တူ၏ ။

မင်းခေါင်တစ်ယောက် ငွေစက္ကူအထပ်လိုက်ကြီး
ကိုကြည့်ရင်းမှင်တက်နေမိ၏ ။သူ့တစ်သက်တွင်
ယခုကဲ့သို့ငွေမျိုးကိုပိုင်ဆိုင်ဖူးရန်ဝေး၊မြင်ပင်မမြင်
ဖူးသောပမာဏဖြစ်၏ ။ ထိုငွေကသူ့အပိုင်ဖြစ်ရန်
ပြကွက်တစ်ခုသာပြရန်လိုအပ်နေ၏ ။

ဖခင်ပြောစကားများကိုလည်းမင်းခေါင်နားတွင်
ကြားယောင်လာ၏ ။ ဝိညဉ်ဖျောက်အတတ်ပညာစသင်ကတည်းမှာထားသောစကားတစ်ခွန်းရှိ၏ ။

ထိုပညာမှာ ဝိညဉ်နဲ့လောကဖြင့်ဆိုင်သောပညာ
ရပ်မျိုးဖြစ်၍ အန္တရယ်များလွန်းလှကြောင်း။
အကယ်၍လူတစ်ယောက်အား ဝိညဉ်နဲ့
ကိုယ်ခန္ဓာကိုအချိန်တစ်ခုအထိသာ
ခွဲထား၍ရပြီး၊သတ်မှတ်ထားသောအချိန်
ကိုယ်အတွင်းပြန်မသွင်းနိုင်ပါကဝိညဉ် ခန္ဓာအတွင်းပြန်မ၀င်နိုင်တော့ပဲအသက်ဆုံးရူးရတတ်သောကြောင့်ပညာနုနယ်သေးသော
အရွယ်တွင်မပြသသင့်ကြောင်းသတိပေးစကား
ဆိုဖူး၏ ။
မင်းခေါင်မှာ သူ့ရှေ့ကငွေအထပ်လိုက်ကိုကြည့်ရင်းမျက်လုံးမခွာနိူင်ပဲရှိနေ၏ ။
ယခုလိုအခွင့်အရေးမျိုး၊အချိန်အခါမျိုးနောက်တကြိမ်ပြမရနိူင်မှန်းတွေးနေမိပြန်၏ ။
မသေခင် ညီငယ်လေးအားရှင်ပြု ပေးသွားချင်သော မိခင်ဖြစ်သူအကြောင်းလည်း
ခေါင်းထဲသို့တရစ်ဝဲဝဲရောက်လာပြန်၏။
အသက်နဲ့လဲထပ်ရသောအလောင်းအစားမျိုး
မို့စိုးရိမ်စိတ်ကလည်းရှိနေပြန်သည်

….ပြပါဗျို့…အဲဒီလိုပြကွက်ဆန်း
တခါမှမမြင်ဖူးသေးဘူး….

…မျက်လှည့်ဆရာလေး ဘာတွေတွေးနေတာလဲ
ပိုက်ဆံလာပေးတာငြင်းလွတ်ရလား….

…အဲဒီပြကွက်ကိုပြပေးပါဗျို့ …

ပရိတ်သတ်များသည်လူစုခွဲနေရာမှတစ်ယောက်စကားတစ်ယောက်နားဖြင့် လူစုလူဝေးကြီးအဖြစ်ပြန်လည်ပြည့်နှက်လာပြီဖြစ်ကာ
မင်းခေါင်အား ဝိညဉ်နူတ်ပြကွက်ပြပေးရန်တစ်ယောက်တပေါက်
ဝိုင်းဝန်း၍တောင်းဆိုလျက်ရှိနေကြ၏ ။

မင်းခေါင်မှာပြသင့်၊ဟူသောစိနှစ်ခုလွန်ဆွဲနေရာ
မှထိုပြကွက်ကိုပြသရန်ဆုံးဖြတ်ချက်ခိုင်မာစွာချလိုက်ပါတော့၏ ။

“ကျွန်တော်အဲပြကွက်ကို ပြပါမယ် အချိန်အတိုင်းအတာတစ်ခုပြည့်တာနဲ့ဝိညဉ် ပြန်ထည့်ရမှာမို့ သိပ်အကြာကြီးလူသေလို နေခိုင်းလို့မရပါဘူး… ဒါကိုတော့ …ဦးနားလည်ပေးပါ…”

” ရပါတယ်ကွာ အသက်ရှိမရှိ ဒီကောင်ကို
သေချာစမ်းခိုင်းမယ်…အဲတာဆိုရပြီ… မင်းသတ်မှတ်ချိန်မကျော်စေရပါဘူး”

မင်းခေါင်သတ္တာအတွင်းမှ လိုအပ်သောပစ္စည်းများထုတ်လိုက်ရင်းနေရင်း
ညီအားတစ်ချက် လှမ်းကြည့်လိုက်၏ ။

ယခုပြကွက်အတွက်တစ်ခြားသူများမှာလိပ်ပြာ
လွင့်မည့်အရေးမို့မည်သူမျလုပ်ရဲမည်မဟုတ်တာ
သေချာနေ၏ ။
တခြားသူအားရွေးစရာအခွင့်အရေး မင်းခေါင်အတွက် အချစ်ရဆုံးညီဖြစ်သူကို လိပ်ပြာအလွင့်ခံမည့်သူအဖြစ်မိုက်ရူးရဲဆန်စွာရွေးချယ်ထားပြီးဖြစ်။

“…ကိုကြီးကို… ယုံပါ… ညီလေးရယ်…
မင်းဘာမှမဖြစ်စေရပါဘူး… ”

မင်းနောင်ကားသူတို့ပြောစကားများအား
နားမလည်ပေ။
မျက်လှည့်ပြရာ ညောင်ပင်အောက်တွင်ပွဲစျေးမှ
မင်းခေါင်၀ယ်ပေးထားသောအရုပ်ကလေးများဖြင့် ပျော်ရွင်စွာဆော့နေ၏ ။

မင်းခေါင်သူ့ညီနားသွားကာမင်းနောင်ခေါင်းမှ
ဆံပင်များကိုလက်ဖြင့်ဖွဖွလေးသပ်တင်ပေးနေမိ၏။

“ညီလေး… ဒီတခါအကိုကြီးမျက်လှည့်ပြမလို့ ညီလေးပါမလား……ဟိုမှာလူတွေကညီလေးကိုပါ
အစ်ကိုကြီးနဲ့အတူမျက်လှည့်ပြစေချင်လို့တဲ့”

” ညီလေးပါပါရမယ်ဟုတ်လား…ပါချင်တာပေါ့
ဒါပေမယ့် ညီလေးမှမျက်လှည့်မပြတတ်တာ…”

”အစ်ကိုကြီးရှိနေတာပဲ အစ်ကိုကြီးသင်ပေးမှာပေါ့
လာခဲ့့… အစ်ကိုကြီးတို့အတူတူမျက်လှည့်သွား
ပြကြမယ်…”

မင်းနောင်မှာမျက်လှည့်ပြပွဲအတွင်းသူပါရမည်ဆိုသောကြောင့်ဝမ်းသာနေသော်လည်းကိုယ်တိုင်ကိုယ်ကျမျက်လှည့်ပြရမည်ဆိုသောသူ့အစ်ကိုစကားကြောင့်ယခုအချိန်တွင်လူများဝိုင်းကြည့်နေမူကို
ရှက်ရွံ့နေရှာသောအမူအယာဖြင့်ရှိနေ၏ ။

“လာ… ညီလေးက… ဒီမှာ… အိပ်ပြီး မျက်လုံးမှိတ်ထား… မျက်လုံးဖွင့်မကြည့်ရဘူးနော်…အကိုကြီး ပြောတာကိုသေချာနားထောင်ကြားလား…”

”…ဟုတ်ကဲ့အစ်ကိုကြီး…..”

ပရိတ်သတ်သည် မီးကို ရေနဲ့ ငြိမ်းလိုက်သည့်အလားငြိမ်သက်တိတ်ဆိတ်စွာဖြင့်
မင်းခေါင်ဘာဆက်လုပ်မလဲ
စိတ်၀င်တစားစောင့်ကြည့်နေကြ၏ ။

မင်းခေါင်မှာ မီးငြိမ်းနေသောကန်တော့ပွဲကိုအမွေးတိုင်၊ဖယောင်းတိုင်အသစ်များလဲလှယ်ထွန်းညှိလိုက်၏။
ညီဖြစ်သူကိုလည်းပိတ်ဖြူအဝတ်ခင်းထားသော
မြေပြင်ပေါ်ပက်လှန်လဲစေလျက်ရင်ဘတ်ပေါ်
လက်ကိုယှက်ထားကာ မျက်လုံးများမှိတ်ခိုင်း
ထားလိုက်၏ ။
မင်းခေါင်မှာ
ခွက်ကလေးတစ်ခုအတွင်းဆေးမူန့်များအနည်းငယ်ဖြန်းထည့်မီးရိူ့လျက် ငြိမ်ငြိမ်လေးလှဲနေသော ညီဖြစ်သူနှာ၀နားတေ့ကာ ထွက်လာသောမီးခိုး
များကိုရူခိုင်းနေ၏ ။
ထို့နောက်
မန္တန်တစ်ပုဒ်ကိုပါးစပ်လူပ်ရုံ တီးတိုးအဆက်မပြတ် ရွတ်ဆိုနေလျက်မှညီဖြစ်သူညာဘက်ခြေမလေးတွင် ရွေရောင်ချည်ကြိုးလေးတစ်ပင် ချည်လိုက်ပြီး၊ဖန်ပြွန် ဗူးငယ်လေးကိုလက်မှကိုင်၍ ညီငယ်
ခြေထောက်တွင်ချည်နှောင်ထားသောငွေရောင်
ကြိုးလေးနောက်တစ်စကို ဖန်ပြွန်ထိပ်ဖက်တွင်
ချည်နှောင်ကာ ပိတ်ထားသောအဖုံးကိုဖွင့်လိုက်၏ ။
မင်းခေါင်မှာ ပါးစပ်မှရွတ်ဆိုမူကိုမပြတ်စေပဲ
ဖန်ပြွန်ပုလင်းကိုကိုင်၍ခြေမနဲ့ချည်နှောင်ထားသောကြိုးနဲ့
ဖန်ပြွန်ထိပ်မှကြိုးတင်းနေစေရန်ပြုလုပ်ထား၏။
မင်းခေါင်လက်မှကိုင်ထားသောဖန်ပြွန်ပုလင်းမှ
ကြိုးနဲ့ သူညီငယ်ခြေမတွင်ချည်နှောင်ထားသော
ကြိုးအကွာအဝေးမှာ ခုနှစ်တောင်ခန့်မျအကွာအဝေးရှိနေ၏ ။
မင်းခေါင်လုပ်ဆောင်ချက်များမှာ
နာရီ၀က်နီးပါးခန့်တော့ကြာမြင့်သွားချိန်
ဖြည်းညှင်းစွာ အသက် ရူနေသော ညီဖြစ်သူတစ်ကိုယ်လုံးတောင့်တင်းသွား၏။
မင်းခေါင်မှာထိုအခါကျမှဖန်ပုလင်းအဖုံးကို
ပိတ်လိုက်တော့သည်။ဝိညဉ်ခွဲခြင်းလုပ်ငန်းတ၀က်အောင်မြင်ပြီဖြစ်၏ ။

“ကဲ …ဦးတို့နှစ်ယောက်ပဲ ဒီကိုလာပြီးစမ်းသပ်ပါ…
ရွေရောင်ကြိုးလေးကိုတော့မထိမိစေဖို့အထူး
သတိထားစေချင်ပါတယ်… ”

ထိူလူကြီးနှစ်ယောက်မှာမင်းနောက်အနီးတိုးကပ်၍
နှာခေါင်းကိုလက်ဖြင့် လေခံကြည့်လိုက် ၊လက်ကောက်၀တ်သွေးခုန်နူန်အားစမ်းလိုက် ၊ရင်ဘတ်အားနားကပ်ထောင်လိုက်ဖြင့်စမ်းသပ်နေကြ၏ ။

ဦးထင်ကျော်ဆိုသူမှာ အားရ၀မ်းသာ မျက်နှာဖြင့်
ပိုင်နိူင်စွာပြုံးရင်းသူသူငယ်ချင်းကိုကြည့်လိုက်၏။

“ဘယ်လိုလဲ… အောင်သောင်း…
…ငါ့ကိုလူလိမ်လို့ခေါ်စမ်းပါအုံး…”

“ဟုတ်တယ်ဗျာ… ခင်များပြောတုန်းကလုံး၀မယုံခဲ့ဘူး …လက်တွေ့ကြုံမှယုံရတော့တယ်… ဒီကောင်လေး သေနေပြီ…”

“ကဲ…ဦးလေးတို့စမ်းသပ်တာကျေနပ်ရင်
ရင်ဘေးခနဖယ်နေပေးကြပါ
ကျွန်တော်ဒုတိယအဆင့် ဝိညဉ်ပြန်ထည့်ရမှာမို့ပါ….”

လူကြီးနှစ်ယောက်စိတ်ကြိုက်စမ်းသပ်၍ကျေနပ်မူ
ရသောအခါ၊ မင်းခေါင်မှာ ဖန်ပုလင်းအဖုံးကိုပြန်ဖွင့်၍
၀ိညဉ်ခေါ်ဂါထာမန်းမူတ်နေချိန် မှာပင်မထင်မှတ်သောအဖြစ်အပျက်တစ်ခုဖြစ်လာ၏။

…ထောက်…

…ဟာ…

ညီငယ်ဖြစ်သူခြေမနဲ့ ဖန်ပြွန်တွဲဆက်ချည်နှောင်
ထားသော ရွေရောင်ကြိုးလေးပြတ်သွားသိ
ထောက်ကနဲဆိုသောအသံလေးမှာ မင်းခေါင်အတွက့်နားတွင် မီးတောင်ကြီးပေါက်ကွဲသွားသလိုကြားလိုက်ရမိ၏ ။
မင်းခေါင်စိတ်ပူပန်မူများ
အဆုံးထိမြင့်တက်သွားသလိုစိုးရိမ်များငယ်
ထိပ်ဆောင့်တက်သလိုခံစားရကာ ခြေမကိုမိ
လက်မကိုင်မိဖြစ်သွားရတော့၏ ။

အနှေင့်အယှက်ပေါ်ပြီ မင်းခေါင်
ထိန်းချုပ်ထားသော ဝိညဉ်အား သူ့ထိန်းချုပ်မူအောက်မှ နှောင့်ယှက်၍
ဖယ်ထုတ်လိုက်ခြင်းကြောင့်ဖြစ်၏ ။

မင်းခေါင်ရွတ်နေသော ဂါထာရပ်လိုက်ရင်းမှ
ပရိတ်သတ်ဖက် မျက်နှာမူလိုက်၏ ။

“ကျွန်တော့်အလုပ် ကိုနှောင့်ယှက်သူတစ်ယောက်ရှိနေပါတယ်…
ကျွန် တော်တောင်းပန်ပါတယ်အချိန်မှီသာ ကျွန်တော်ညီလေးဝိညဉ်အချိန်မှီ
ပြန်မထည့်နိုင်ရင်ကျွန်တော့်ညီလေး အသက်ဆုံးရူးရပါလိမ့်မယ် …ဒါကြောင့်ပြန်လွတ်ပေးပါလို့ကျွန်တော် တောင်းပန်ပါတယ်…”

ပရိတ်သတ်အသံများတစ်ယောက်တစ်ပေါက်ဆူညံနေသလို မင်းခေါင်ရင်ထဲတွင် စိုးရိမ်စိတ်ဖြင့်ဗလောင်ဆူနေပြီဖြစ်သည်။

“ကျွန်တော်နောက်တစ်ခေါက်ထပ်တောင်းပန်ပါတယ်ကျွန်တော်ပညာရှင်မဟုတ်ဘူးတကယ်လို
့ပညာစမ်းနေတယ်ဆိုရင်လည်း ကျွန်တော်အရူံးပေးပါတယ်ပြန်လွတ်ပေးပါ
အချိန်ကပြည့်တော့မှာမို့ပါ တောင်းပန်ပါတယ်
ပိုက်ဆံလိုချင်လို့လုပ်တာဆိုရင်လည်းကျွန်တော်ရှေ့ကပိုက်ဆံအကုန်ယူသွားနိူင်ပါတယ် …
ကျွန်တော်ညီငယ်လေးဝိညဉ်ကိုပြန်လွတ်ပေးပါ…”

မင်းခေါင်မျက်ရည်များကျကာ ပရိတ်သတ်ဖက်ငိုယိုရင်းအကြိမ်ကြိမ်တောင်းပန်
နေသော်လည်း ပြောင်းလဲသွားသောအခြေအနေကိုကြောင်ငေး
ကြည့်နေသောပရိတ်သတ်ထံမှ အခြေအနေထူးခြားမလာပေ။

အချိန်ပြည့်ပြီ။

မင်းခေါင်ဒူးထောက်ထိုင်ချရင်းသည်းထန်စွာဖြင့်ညီငယ်ဖြစ်သူအလောင်းအားဖက်၍ ငိုချလိုက်သည်။

“ညီလေးရယ် အစ်ကိုကြီးက်ို ခွင့်လွတ်ပါ မင်းကို အစ်ကိုကြီးသတ်တလိုက်မိတာပါကွာ….အီး…ဟီး…ဟီး….”

အရူးတစ်ယောက်လိုညီငယ်ဖြစ်သူ အလောင်းအားဖက်၍ အော်ဟစ်ငိုယ်ိုနေသော မင်းခေါင်ကိုကြည့်၍မျက်လှည့်ပွဲစရန်စီစဉ်သော လူကြီးအပါအ၀င်ဝိုင်းကြည့်နေသော လူအုပ်စိတ်မကောင်းစွာဖြင့်ငြိမ်သက်စွာရှိနေကြ၏။
ထူးဆန်းသောအကြောင်းအရာများကြောင့်သတင်းကြား၍လာကြည့်သူများလည်းတစတစများလာရာ
မင်းခေါင်မှာ လူအုပ်ကြီးအလယ်တွင်ရှိနေတော့၏ ။

မင်းခေါင်မှာညီဖြစ်သူအတွက်မချိတင် ယူကြုံးမရ
ငိုကြွေးနေရာမှ မတ်တတ်ရပ်လာ၏ ။မျက်ရည်များဖြင့်စိုစွတ်နေသောမျက်လုံးကနီရဲ
ခက်ထန်နေလျက် မေးရိုး
အံကြိတ်ထားဟန်ဖြင့်မေးရိုးကြီးများထောင်ထနေ၏

”…ကျွန်တော်ကို ငှက်ပျောပင်အပင်ပျို တစ်ပင်လောက်ရှာပေးကြပါလား…အပင်ပျို(အသီးမသီးရသေးသောအပင်)

မင်းခေါင်အဖြစ်ကိုသနားနေသောလူအုပ်ကြီးမှာ
မင်းခေါင်စကားဆုံးသည်နဲ့တပြိုင်နက် ပရိတ်သတ်ထဲမှယေက်ကျားကြီးတစ်ယောက်မှာခပ်လှမ်းလှမ်းတွင်ရှိနေသောငှက်ပျောတောမှ အပင်တပျိုတပင်အားအလျင်မြန်ခုတ်ကာပြန်ရောက်လာ၏ ။
ငှက်ပျောပင်ရသောအခါမင်းခေါင်မှာငှက်ပျောပင်ကိုသူညီခြေရင်းတွင်တွင်းတူးစိုက်လျက် ငှက်ပျောပင်အားငွေရောင်အပ်ချည်ဖြင့်ပတ်ချည်ကာကျန် ကြိုးတစ်စအားသူ့ညီ ဘယ်ဖက်ခြေမတွင်ချည်လိုက်၏ ။ ထို့နောက် ဂါထာတပုတ်တီးတိုးရွတ်ဆိုလိုက်ရင်းငှက်ပျောပင်
ပင်စည်ကိုဓားဖြင့်အားကုန် ပိုင်းချလိုက်တော့၏ ။

…ဝုန်း…

…ဝုန်း…

ပထမအသံမှာငှက်ပျောပင်အဖျားမြေပေါ်လဲပြိုသံဖြစ်ပြီးဒုတိယအသံမှာကားရပ်ကြည့်နေသောလူအုပ်အတွင်းလူတစ်ယောအရိုပ်ကြိုးပြတ်လဲကျသံ
ပင်ဖြစ်၏ ။

…အားလုံးပဲခုလဲကျသေသွားသူဟာ ကျွန်တော့်
ညီကိုသတ်တဲ့သူပါပဲ…

..ဟာ..

..ဟင်…

..အလိုလေး…

..ဘုရား..ဘုရား…

..ဟိုကောင်လေးကိုသတ်တာဘယ်သူများပါလိမ့်….

မင်းခေါင်စကားအဆုံးမတူညီသော အမေဋိတ်သံမျိုးစုလူအုပ်ကြားမှထွက်လာကာ
လူအုပ်အတွင်းလဲကျနေသူထံအားလုံးအကြည့်ရောက်ကုန်ကြ၏။
လဲကျသေဆုံးနေသူမှာ
အဘွားအိုတစ်ယောက်ဖြစ်ပြီးထူးခြားသည်ကားလည်ပင်းမှသွေးတစိမ့်စိမ့်ထွက်ကာသေဆုံးနေခြင်းပင်ဖြစ်သည်။

“ဒါ …ငါတို့ရွာ စုန်းမကြီး ဒေါ်မြသာ ပဲ ဘယ်လိုဖြစ်တာလဲ…”

..သေတာကောင်းတယ် ခလေးကိုသတ်တဲ့..
အပါယ်လားမဲ့ ဟာမကြီး…

… သူမှန်းသိရင် ဟိုကောင်လေးမသတ်ခင်
ဒင်းကိုငါအရင်သတ်မိမှာ …

…တောက်..လူစိတ်မရှိတဲ့ဟာမကြီး..ဖွီ…

အားလုံးသောမျက်လှည့်ကြည့်ပရိတ်သတ်များ
စုန်းမကြီးဆိုသူအားဝိုင်းကြည့်ပြီးတယောက်တမျိုး
ပြစ်တင်ဆဲဆိုကြိမ်းမောင်းလျက်ရှိနေကြ၏ ။

ထိုသေဆုံးသွားသောဒေါ်မြသာမှာ ဒီနယ်တဝိုက်
ဆယ့်နှစ်ကြိုးကဝေစုန်းမကြီးအဖြစ် မကောင်း
သတင်းဖြင့်ကျော်ဇောနာမည်ကြီးသူပင်ဖြစ်တော့၏။

ညီအလောင်းအားပွေ့လျက်မင်းခေါင်လူအုပ်ကြားမှ
တိတ်ဆိတ်စွာထွက်လာခဲ့တော့၏

မျက်လှည့်ပစ္စည်းများ… ပိုက်ဆံများမှာဒီအတိုင်းပင်ကျန်နေရစ်ခဲ့ကြ၏

၀င်လုဆဲဆဲနေရောင်အောက်တွင်လေးပင်သောအလောင်းတစ်လောင်းကိုပွေ့ချီပြီးသွားနေသောသူတစ်ယောက်ရှိနေပါ၏ ။

အရူးတစ်ယောက်လိုငိုလိုက် ရယ်လိုက်
အသက်မရှိသော အလောင်းကို စကားပြောလိုက် နမ်းရူတ်လိုက်ဖြင့်ရှိနေသောထိုသူပြောစကားများမှာ

”…အမေက်ို ငါဘယ်လိုပြောရမှာလည်း

ညီလေးရယ် .ငါတို့ပြန်အလာကို

အမေစောင့်နေတယ်လေ….

မင်းကိုဘယ်သူသတ်လိုက်တာလဲ မေးရင်ကော
အစ်ကိုကြီး ဘယ်လိုပြန်ဖြေရမှာလဲ…

ဒါပေမယ့် အစ်ကိုကြီးဖြေပါ့မယ်ကွာ…

ညီလေးခုလိုအပစ်မရှိပဲသေရတာ အစ်ကိုကြီး

လောဘကြောင့်ပဲ ညီလေးကိုတစ်ခြားလူ

သတ်တာမဟုတ်ပါဘူး…ဟောဒီက…မင်းချစ်တဲ့ …အစ်ကိုကြီး

သတ်တာပါ ခွင့်မလွတ်ပါနဲ့ညီလေးရေ…..

အစ်ကိုကြီးလိုအစ်ကိုမျိုးက

ခွင့်လွတ်မူနဲ့မထိုက်တန်တာမို့ ခွင့်မလွတ်ပါနဲ….”

နေလုံးကြီးမှာအနောက်ဂေါယာကျွန်းသို့ငုတ်လျိုး
ကွယ်ပျောက်သွားပြီမို့အမှောင်ထုများချည်းနင်း
ဝင်ရောက်လာ၏ ။တစ်ခါတရံရွေးချယ်စရာ
မရှိပဲ။မဖြစ်မနေရွေးချယ်လိုက်ရသောရွေးချယ်မူများမှား
ယွင်းသွားပါက ဘဝနဲ့ရင်း၍ပေးရသောအဖိုးအခ
လျော်ကြေးများရှိနေတတ်ပါသည်။

==========================

(ပြီးပါပြီ)

စာ​ရေးသူ =မြူခိုးအလင်္ကာအားလေးစားလျက်

#အသစ်တင်တိုင်းဖတ်ရှုရအောင်PageကိုLike&Shareလေးလုပ်ပေးသွားပါအုံး