တစ္ဆေဆိုး

တစ္ဆေဆိုး

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ဆုံရွာတောင်ဖျားရှိ ဒေါင်းမင်းသစ်စက် လမ်းကြားမှာ လူတချို့ ဝိုင်းအုံနေကြသည်။

 

သူတို့သည် လမ်းပေါ်မှာ သေနေသော အမျိုးသား အလောင်းတလောင်းအား ကြည့်ရှု့နေကြခြင်း ဖြစ်သည်။ အလောင်းမှာ မည်မျှ ကြာပြီမသိ။ မျက်နှာမှာ မည်းပြီး ပွယောင်းယောင်း ဖြစ်နေသည်။

 

သစ်စက်လမ်းကြားဟု ဆိုငြားလည်း ၎င်းလမ်းသည် ပေ၂၀လမ်းဖြစ်၏။

 

ယခင်က သစ်ကားအချို့ ဖြတ်သွားဖြတ်လာရှိသော်လည်း ယခုအခါ သစ်ရှားပါးမှုကြောင့် သစ်စက်မှာ မလည်တော့ပေ။ ထို့ကြောင့် ဒေါင်းမင်းသစ်စက်လမ်းကြားမှာ အသွားအလာ သိပ်မရှိချေ။

 

သစ်စက်သည် ဆုံရွာအတွင်းမဟုတ်။ ရွာနှင့်တော့ အတန်ငယ် လှမ်း၏။ လမ်း၏ ဘေးနှစ်ဖက်မှာ အပင်များနှင့် ခြုံများက တောထနေ၍ အကာအကွယ်ကောင်းသလို လူသူလည်း အသွားအလာပြတ်၏။

 

ထိုသို့သော အခွင့်အရေးကို အသုံးချသူများက မူးယစ်ဆေးစွဲနေသော လူငယ်တချို့နှင့် ဝိသမလောဘသား ဆေးရောင်းသူတို့သာ ဖြစ်ကြသည်။ ၎င်းတို့သည် ဒေါင်းမင်းသစ်စက်လမ်းကြားမှာ ဆေးရောင်းသူကရောင်း ၊ ဆေးထိုးသူကထိုး၊ ဆေးရှုသူ ရှုနှင့် သူတို့သာ စည်ကား မင်းမူနေကြသည်။

 

တခါတရံ တာဝန်ရှိသူများက လာဖမ်းသည့်အခါ၌လည်း အဖမ်းခံရသည်ရှိပေမယ့်၊ ရက်အနည်းငယ်ကြာသွားလျင် ပြန်ရောက်လာကြသည်သာ။ သေချာသည်မှာ လက်ကြီး မူးယစ်ဆေးရောင်းသူကိုတော့ ဖမ်းမိသည်ဟု မကြားမိချေ။

 

သေသူမှာ ဆေးထိုးအပ် တန်းလန်းနှင့်မို့ ၊ မူးယစ်ဆေးစွဲနေသူသာ ဖြစ်လိမ့်မည်။

 

လမ်းကြားလေးထဲသို့ ဆိုင်ကယ်နှစ်စီး၊ လူလေးယောက် မောင်းဝင်လာသည်။ ၃ဦးမှာ အမျိုးသားများဖြစ်ကြပြီး ၊ ကျန်တဦးမှာ အသက်၄၀ကျော် အမျိုးသမီးတဦး ဖြစ်လေ၏။

 

၎င်းတို့သည် အလောင်းအား လာရောက် ကြည့်ရှု့ကြခြင်းဖြစ်သည်။ အမျိုးသမီးကြီးအမည်မှာ ဒေါ်ယုမေ ဖြစ်သည်။

 

ဒေါ်ယုမေသည် အလောင်းကို တွေ့လျင် တွေ့ချင်း အော်ဟစ် ငိုယိုလိုက်သည်။ သေသူမှာ သူမ၏ သား ဇော်လွန်း ဖြစ်နေ၏။

 

” အံမယ်လေး အဖြစ်ဆိုးလှချည်လား ဇော်လွန်းရဲ့ ။ မနေ့ကတည်းက ပျောက်သွားတာ ။ ငါက မသွားပါနဲ့၊ မသွားပါနဲ့ အတန်တန်တားပါရဲ့နဲ့ ။ အခုတော့ နင် ခွေးသေဝက်သေ သေရပါပေါ့လား အီးဟီးဟီး ”

 

ဒေါ်ယုမေ ပြော၍ ငိုနေပုံအရဆို ဇော်လွန်းသည် မနေ့ကတည်းက သေသွားခဲ့ပုံရသည်။

 

ဇော်လွန်းသည် အသက် ၂၀ပင် မပြည့်သေးသော လူငယ်တယောက်ဖြစ်သည်။ သူသည် မူးယစ်ဆေး စွဲကာ မိဘကို ဒုက္ခအမျိုးမျိုးပေး၍ နှိပ်စက်နေသူ ဖြစ်သည်။

 

အိမ်ရှိ ပစ္စည်းမှန်သမျှ ဇော်လွန်းက ခိုးယူရောင်းချ၍ ဆေးသုံးသည်။ အိမ်ရှိ မိသားစုက ဇော်လွန်းကို အလွတ်မပေးစတမ်း စောင့်ကြည့်တော့၊ ဇော်လွန်းက သူ ဆေးသုံးရန် ကြံရဖန်ရတော့သည်။

 

သူငယ်ချင်းတွေ ဆိုင်ကယ်ကို ခဏလောက်ဆိုကာ ယူစီးသွားပြီး၊ ပေါင်နှံ၍ ဆေးသုံးသည်။

 

သူငယ်ချင်းများအိမ် ရောက်လျင် ထိုသူငယ်ချင်းရဲ့ မိသားစုတွေထဲက ဟန်းဖုန်းများကို အလစ်သုတ် ခိုးသည်။

 

တချို့က ကိုယ့်အိမ်မှာကိုယ် ဧည့်ခန်းက မီးပလပ်ပေါက်မှာ ဖုန်းအားသွင်းထားတာမျိုးတို့ ၊အလွယ်တကူ စားပွဲပေါ်တင်ထားတတ်တာမျိုးတို့ဆိုတော့ ဇော်လွန်းအတွက် ခိုးယူရလွယ်၏။ ဆေးသမား မျက်လုံးကလည်း ခိုးယူရန် အမြဲချောင်းနေသည်မဟုတ်လား။

 

ဇော်လွန်းသည် သူ ခိုးဝှက်လိမ်ညာရသမျှကို ဆေးချပစ်သည်။ သူ့အတွက် ဆေးချဖို့ဆို ဘာကိုမျှ တွေးနေမည်မဟုတ်။ ခိုးသည် ၊ လိမ်သည်။

 

ဒေါ်ယုမေမှာ ထိုကဲ့သို့သော ပြဿနာအမျိုးမျိုးကို မကြာခဏဆိုသလို လိုက်လံ ဖြေရှင်းပေးနေရ၏။ ကြာတော့ ဇော်လွန်းကို သူငယ်ချင်းများက အိမ်အလာမခံကြတော့ချေ။ ဒေါ်ယုမေကို သွားတိုင်လျင် ကိုယ်ပစ္စည်း သို့မဟုတ် ပစ္စည်းတန်ကြေး ပြန်ရသော်လည်း အကျင့်ပျက်နေသော ဇော်လွန်းကို မပေါင်းသင်းကြတော့ပေ။

 

ယခုတော့ မူးယစ်ဆေး၏ကျေးကျွန်ဖြစ်သော လူဆိုးလူမိုက်တယောက် ငယ်ငယ်ရွယ်ရွယ်နှင့် လောကကြီးကို စွန့်ခွါသွားလေပြီ။

 

ဒေါ်ယုမေအတွက်တော့ သားတယောက် ဆုံးရှုံးသွားပြီဟု ကြေကွဲဝမ်းနည်းစရာ ဖြစ်ပေမယ့် ၊ တခြားဖက်က ကြည့်လျင် လူသားဆိုးသားတယောက်၏ဝဋ်ကနေ ကျွတ်သွားတာလို့ ဆိုရမည် ဖြစ်သည်။

 

____________

 

အခန်း(၂)

 

ဇော်လွန်းကို သင်္ဂြိုလ်ပြီး ရွာလူကြီး ခွင့်ပြုချက်နှင့် ရက်လည်သဘောမျိုး ၊ ဒေါ်ယုမေအိမ်မှာ ဖဲဝိုင်း ထောင်ကြသည်။ မသာအိမ်မှာ အစောင့်ရရန်ဖြစ်သည်။

 

ဇော်လွန်း သူငယ်ချင်းအချို့လည်း ဒေါ်ယုမေကို သနားသဖြင့် နာရေးအိမ်မှာ ဖဲရိုက်ရင်း အစောင့်အနေသဘော ညအိပ်စောင့်ပေးကြသည်။

 

တညတွင် ဇော်လွန်းသူငယ်ချင်း တဦးဖြစ်သူ အောင်မျိုးဦးကိုယ်၌ ဇော်လွန်း၏ ဝိဉာဥ်က လာရောက် ပူးကပ်ဟန်တူသည်။

 

ထိုစဥ်က အောင်မျိုးဦးသည် တခြားသော သူငယ်ချင်းများနှင့်အတူ ရှမ်းကိုမီး ဖဲကစားနေ၏။

 

ဖဲရိုက်နေသော အောင်မျိုးဦးသည် ည ၁၁နာရီ ဝန်းကျင်လောက်တွင် တဝါးဝါးနဲ့ သမ်းဝေလာသည်။

 

ထို့အပြင် ဆေးသမားများ ယင်းထသလို နားထင်ကို လက်ဖြင့်ကုတ်ခြင်း၊ နှာခေါင်းကို ပွတ်ချေခြင်း၊ ခေါင်းတခါခါ လည်တခါခါ ပြုခြင်းတို့ပါ ပြုလုပ်လာ၏။

 

တခဏအကြာ အောင်မျိုးဦးသည် လက်ထဲက ဖဲချပ်များကို ဝိုင်းအလယ်သို့ ပစ်ပေါက်၍ အသံကျယ်ကြီးနဲ့ အော်ပြောလိုက်လေသည်။

 

” အမေ … အမေ … ကျုပ်ကို ပိုက်ဆံ နည်းနည်းလောက် ပေးစမ်းပါ ”

 

“ဟာ! ”

 

“ဟင်! ”

 

ဖဲဝိုင်းက လူများ အံဩသွားကြသည်။ အောင်မျိုးဦး ပါးစပ်က ထွက်လာသော အသံမှာ အောင်မျိုးဦး၏ ပင်ကိုယ်သံမဟုတ်။

 

ကွယ်လွန်သူ ဇော်လွန်း၏ အသံ ခပ်ဩဩဖြစ်နေသည်။

 

ထို့အပြင် အောင်မျိုးဦး၏ မျက်လုံးများက ဂဏှာမငြိမ်၊ တောင်မြောက် ကစားနေသည်။

 

ဒေါ်ယုမေမှာ မအိပ်သေး၍ သူ့သားအသံဖြင့် အောင်မျိုးဦးက အမေဟု ခေါ်လိုက်သောအခါ ၊ ဖဲဝိုင်းအနီးသို့ ရောက်လာတော့သည်။

 

ဒေါ်ယုမေမှာ မယုံနိုင်ဟန်ဖြင့် အောင်မျိုးဦးအား မေးလိုက်သည်။

 

” နင် … နင် ဘယ်သူလဲ ”

 

ထိုအခါ အောင်မျိုးဦးထံမှ ဂျစ်ကန်ကန် အမူအယာဖြင့် …

 

” အောင်မာ … ဦးနော်မိန်းမကြီးကတော့ … ကိုယ့်သားကိုယ်တောင် မမှတ်မိတော့ဘူးလားဗျ ”

 

ဒေါ်ယုမေ ရင်ဘတ်ကို ဖိ၍ ထိတ်လန့်သွားဟန်ဖြင့် …

 

” အံမယ်လေး … ဒါ ဒါ ဇော်လွန်းမှ ဇော်လွန်း အစစ် ၊ သူ .. သူ စိတ်တိုရင် ငါ့ကို ဦးနော်မိန်းမကြီးလို့ ခေါ်လို့ခေါ် အဖွားကြီးလို့ ခေါ်လို့ခေါ် … အမြဲ ခေါ်နေကျ”

 

အားလုံးက ဒေါ်ယုမေစကားကြောင့် အောင်မျိုးဦးကို စိတ်ဝင်စား သွားကြသည်။ သေသူ ဇော်လွန်းသည် အောင်မျိုးဦး ကိုယ်၌ ဝင်ရောက် ပူးကပ်နေကြောင်း လက်ခံသွားကြသည်။

 

အောင်မျိုးဦးသည် အသိစိတ်ကင်းကွာနေသူ တယောက်ပမာ သူ ပြောချင်ရာ ပြောနေသည်။

 

” အမေ ကျုပ်ကို ထမင်း ခူးပေးစမ်းဗျာ ၊ ကျုပ် ထမင်းမစားရတာ ၃ရက်တောင် ရှိနေပြီ ”

 

ဒေါ်ယုမေမှာ မျက်ရည်စက်လက်ဖြင့် သူ့သားအတွက် ဇလုံတခုတွင် ထမင်းမောက်မောက် ထည့်ယူလာပြီး၊ ဟင်းများ ပုံယူလာပေးသည်။ ထည့်လာသည်မှာ လူနှစ်ယောက်စာလောက် ရှိလိမ့်မည်။

 

ဇော်လွန်းဝင်ပူးနေသော အောင်မျိုးဦးသည် ထိုထမင်းဇလုံကို ယူ၍ အငမ်းမရ စားသည်။ တခဏအတွင်း ဟင်းတွေထမင်းတွေ ပြောင်စင်သွား၏။

 

စားပြီးသည့်အခါ ဒေါ်ယုမေက ရေတခွက် ခပ်ပေးပြန်သည်။ သို့သော် ဇော်လွန်းဝိဉာဥ် ပူးကပ်နေသော အောင်မျိုးဦးသည် ရေကိုတော့ မသောက်ချေ။ အေ့ခနဲ လေချဥ်တက်ကာ ဖဲဝိုင်းမှာ ဖဲကစားသူတယောက် ချထားသော သောက်လက်စ ဆေးလိပ်တိုတတိုကို ယူဖွာလေ၏။

 

အားလုံးက အောင်မျိုးဦး လုပ်နေပုံကို အထူးအဆန်းသဖွယ် ငေးကြည့်နေကြသည်။ တချို့မှာ အောင်မျိုးဦး၏ ထူးဆန်းသော အမူအယာကို ကြည့်၍ ကြက်သီး ဖြန်းနေကြသည်။

 

အောင်မျိုးဦးက ဘယ်သူ့ကိုမှ ဂရုမစိုက်၊ ဆေးပေါ့လိပ်ကို မျက်စိ မှေးစင်းလျက် ဖွာရှိုက်နေသည်။

 

” ငါ့သား … ဇော်လွန်း … ”

 

မနေနိုင်သူ ဒေါ်ယုမေက အောင်မျိုးဦးနှင့် မျက်နှာချင်းဆိုင် ဝင်ထိုင်ပြီး ခပ်တိုးတိုး ခေါ်လိုက်သည်။ အောင်မျိုးဦးက မှေးစင်းထားသောမျက်လုံးကို ဖွင့်လိုက်ပြီး …

 

” ဘာလဲ … ”

 

” ဟို … ဟို … ငါ့သားကို ဘယ်သူ သတ်တာလဲဟင် ၊ အမေ့ကို ပြောပြပါလား ”

 

” ဘာတွေလာမေးနေတာလဲ ဒီအဖွားကြီးကတော့ … ဘယ်သူမှ မသတ်ဘူး ။ ကျုပ်ဖာသာ ဆေးထိုးလွန်ပြီး ရှော့ဖြစ်သေတာ ။ ပြဿနာ ရှာမနေနဲ့ ”

 

သားဖြစ်သူ၏ အဖြေကြားရသောအခါ ဒေါ်ယုမေမှာ တဟင့်ဟင့်ဖြင့် ရှိုက်ငိုရှာသည်။

 

” ဒါဆို မင်း အမေ့ဆီက ယူသွားတဲ့ ကျောက်စိမ်းနားကပ်ကလေးရော ဘယ်ထားခဲ့လဲဟင် ”

 

” ဒါက ခင်ဗျားကြီး ကျုပ်ကို ပိုက်ဆံမပေးလို့ ခင်ဗျားအိပ်နေတုန်း အဲ့ဒီနားကပ်ကို ယူပြီး ၊ ရွာလယ်က ဒေါ်မြယာဆီမှာ ပေါင်ပစ်ခဲ့တယ် ။ အဲ့ဒီက ရတဲ့ ပိုက်ဆံနဲ့ ကျုပ် ဆေးသွားသုံးတာပဲ ”

 

ဒေါ်မြယာဆိုတော့ အားလုံးက သိကြ၏။ ဒေါ်မြယာဆိုတာ ကုန်စုံဆိုင်ဖွင့်ထားသလို ၊ တဖက်မှလည်း ငွေချေးငှါးတာ ၊ ပစ္စည်းအပေါင်ခံတာ လုပ်၏။ ဒေါ်မြယာသည် အတိုးကြီးကြီး ယူသူ ဖြစ်သည်။

 

” အမေ ငါ့သားအတွက် ဘုရားသခင်ဆီမှာ ဆုမွန်ကောင်း တောင်းပေးမယ်နော်။ ပြီးတော့ … ”

 

အောင်မျိုးဦးက ဇော်လွန်းအသံဖြင့် ဖြတ်ပြောလိုက်သည်။

 

” ဘာမှ ဆုတောင်းမနေနဲ့ ၊ ဆုတောင်းလဲ အပိုပဲ။ ကျုပ်ကိုသာ ဆေးပေးစမ်းပါ ။ ကျုပ် အရမ်း ယင်းထနေပြီဗျ ဟီးဟင်းဟင်း ”

 

အောင်မျိုးဦး အမူအယာက တကယ့် ယင်းထနေသော ဆေးသမားတယောက်နှင့် တူလှသည်။ ဒေါ်ယုမေကို ဆေးဝယ်ပေးရန်သာ တွင်တွင် တောင်းဆိုနေ၏။

 

အများက သိထားသော အောင်မျိုးဦးမှာ မူးယစ်ဆေးမပြောနဲ့ ဆေးလိပ်တို့ ကွမ်းယာတို့ပင် သုံးစွဲသူတယောက်မဟုတ်ချေ။

 

နောက်ပြီး အောင်မျိုးဦးသည် နောက်နောက်ပြောင်ပြောင် နေတတ်သူလည်းမဟုတ်ပါ။ ယခုကိစ္စ၌ အောင်မျိုးဦးသည် စနောက်နေသည့်ဟန် တစက်မှ မရှိချေ။ အမှန်တကယ် ဇော်လွန်း၏ ဝိဉာဥ် ပူးကပ်နေသည်ဟု အားလုံးက ယုံကြည်ကြသည်။

 

အောင်မျိုးဦးနှင့် ဇော်လွန်းသည် ကျောင်းနေဘက် သူငယ်ချင်းဆိုငြားလည်း ဘာသာမတူကြချေ။ အောင်မျိုးဦးက ဗုဒ္ဓဘာသာဝင် ဖြစ်သည်။

 

အောင်မျိုးဦးကို တစ္ဆေ ပူးကပ်နေသည်ဟု သတင်းကြားရသောကြောင့် အောင်မျိုးဦး၏ မိဘများက ဒေါ်ယုမေ၏ အိမ်သို့ ရောက်လာကြသည်။

 

အောင်မျိုးဦး၏ ဖခင် ဦးတင့်ဝေက ဂိုဏ်းတော်ဆေး ထိုးထားသူ ဖြစ်၍ သူ့သားကိုယ်မှာ ပူးကပ်နေသော တစ္ဆေကို နှင်ပေးလိုက်သည်။

 

တစ္ဆေသည် ပရဘုံသားဘဝမှ ကျွတ်လွတ်ရန်ကို ခွင့်မတောင်းဘဲ၊ သူ လူ့ဘဝက စွဲလန်းခဲ့သော မူးယစ်ဆေးကိုသာ တွင်တွင်တောင်းနေပါသည်။

 

ဦးတင့်ဝေက အောင်မျိုးဦးအား ပရိတ်ရေမန်း ဖျန်းခြင်း၊ ပရိတ်ရေ တိုက်ခြင်းတို့ ပြုလုပ်ပေးလိုက်သည်။ မကြာမီ တစ္ဆေ သို့မဟုတ် ဇော်လွန်း၏ဝိဉာဥ်သည် အောင်မျိုးဦး ကိုယ်ထဲမှ ထွက်ခွါသွားလေ၏။

 

သတိ ပြန်လည်လာသော အောင်မျိုးဦးကိုလည်း သူ့မိဘနှစ်ပါးက ပြန်ခေါ်သွားကြသည်။ ထိုနေ့မှစ၍ အောင်မျိုးဦးသည် နာရေးအိမ်သို့ တခေါက်မျှ ပေါ်မလာတော့ချေ။

 

ပို၍ ထူးဆန်းသည်က ဇော်လွန်း ဝင်ပူးကပ်စဥ်က ပြောထား၍၊ ဒေါ်ယုမေသည် ရွာလယ်က ဒေါ်မြယာဆီကို သွား၍ သူ့သားက ဒေါ်မြယာဆီမှာ ကျောက်စိမ်း နားကပ် ပေါင်ထားခဲ့သလားဟု မေးမြန်းခဲ့သည်။

 

ဒေါ်မြယာက ဇော်လွန်း ပေါင်ခဲ့ကြောင်း အမှန်ကို ဝန်ခံသည်။ ဒေါ်ယုမေလည်း သူ၏နားကပ်ကို စစ်ဆေးခါ ကျသင့် တန်ဖိုးကို ပေး၍ ပြန်ရွေးခဲ့လေ၏။

 

ဤသို့ဆိုလျင် ဆေးသမား ဇော်လွန်းသည် တစ္ဆေဖြစ်နေသည်မှာ သေချာသည်မဟုတ်ပါလော။

 

_____________

 

အခန်း(၃)

 

ဆေးသမား ဇော်လွန်းသည် သေပြီး နောက် ၃လခန့်ကြာသည်အထိ၊ တစ္ဆေအဖြစ်နဲ့ လူတွေကို တမျိုးမဟုတ် တမျိုး ခြောက်လှန့် နေပါသည်။

 

ဒေါ်ယုမေတို့ အိမ်ရှေ့လမ်းမှ ဖြတ်သွားဖြတ်လာအချို့မှာ ဆေးသမား ဇော်လွန်းတစ္ဆေ အခြောက်ခံကြဖူးသည်။ တဦးနှင့်တဦး ခြောက်လှန့်ခံရပုံမတူပါ။ အမျိုးမျိုးအဖုံဖုံပင်။

 

တခါက တရုတ်မ မရှောက်မေသည် ညနေ နေဝင်ရီတရော် အချိန်၌ ဒေါ်ယုမေတို့ အိမ်ရှေ့မှ ဖြတ်သွားဖြစ်သည်။

 

ထိုနေ့က မိုးတဖွဲဖွဲ ရွာနေပါသည်။ မရှောက်မေသည် ထီးတချောင်းကို ဆောင်း၍ အိမ်သို့ ပြန်လာခြင်း ဖြစ်သည်။

 

ဒေါ်ယုမေတို့ အိမ်ရှေ့ ရောက်ခါနီးမှာ မရှောက်မေသည် ကြက်သီး ဖြန်းဖြန်းထလာ၏။ ဘာကြောင့်မှန်းတော့မသိ။ မရှောက်မေသည် သူ၏ အနောက်ကို မကြာခဏ လည်ပြန် ကြည့်နေမိသည်။

 

သူမစိတ်ထဲဝယ် တစုံတယောက်က သူမ၏ အနောက်မှ ကပ်ပါလာသည်ဟု ထင်မြင်မိနေသည်။ တခါတရံ ခြေသံလိုလိုလည်း ကြားရသည်။ အသံမှာ ရာဘာဖိနပ်နှင့် မြေကြီးထိတွေ့သံကဲ့သို့ ‘ တဖတ်ဖတ် ‘ ကြားလိုက်ရခြင်း ဖြစ်သည်။

 

ထိုဖိနပ်သံကြားတိုင်း မရှောက်မေသည် နောက်သို့ လည်ပြန်ကြည့်နေခြင်း ဖြစ်သည်။ သူမ ကြည့်လိုက်တိုင်း ဘာကိုမျှ မတွေ့ရချေ။

 

မှောင်ကလည်း မှောင်၊ မိုးကလည်း ရွာနေသဖြင့် လမ်းပေါ် လူတွေ မထွက်တော့ချေ။ မရှောက်မေ တဦးတည်းသာ လမ်းမှာ ရှိနေသည်။

 

မရှောက်မေသည် ရွာတောင်ဖျား၊ တောလိုက်မုဆိုး ကိုထင်ကျော်တို့အိမ်မှ ပြန်လာခဲ့ခြင်း ဖြစ်သည်။ မရှောက်မေရဲ့ ယောက်ကျား ကိုအားလီက ဆံပြုတ်နှင့် ချေသားခြောက်ကြော် စားချင်သည်ဆို၍ ချေသားခြောက် သွားဝယ်ခဲ့ခြင်းဖြစ်သည်။

 

ကိုအားလီ ဖျားနေသည်မှာ ရက်တပတ်ကျော်ခဲ့လေပြီ။ အဖျားပျောက်စ နလန်ထမို့ ပါးစပ်က အရသာပျက်ခါ ခံတွင်းမလိုက်သေးချေ။ ထို့ကြောင့် သူ့စိတ်ထဲ စားချင်တာကို မေး၍ မရှောက်မေက တကူးတက သွားဝယ်ခဲ့ခြင်းပင်။

 

ထီးလက်ကိုင်ကောက်မှာ ပလပ်စတစ်အိတ်ပါးနဲ့ ထည့်ထားသော ချေသားခြောက်ကို ဆွဲလာခဲ့သည်။

 

မရှောက်မေ အနောက်က ရာဘာဖိနပ်သံသည် ပျောက်သွားလိုက်၊ ပေါ်လာလိုက်နှင့် တဖြည်းဖြည်း သူမ ကျောဘက် အတော်နီးနီးကို ရောက်လာသလိုပင်။

 

မိုးမှာ တ​ဖျောက်ဖျောက်ကျနေသဖြင့် မရှောက်မေသည် သူပဲ နားကြားမှားနေသလားဟု တွေးနေမိစဥ် …

 

” ဟင်! ”

 

မရှောက်မေ ကိုင်ထားသော ထီးမှာ ငိုက်ကျသွားသည်။ ထီးကိုင်လက်ကောက်မှ ချေသားခြောက်ထုပ်ကို ဆွဲယူခံရခြင်းကြောင့် ဖြစ်သည်။

 

မရှောက်မေမှာ ရုတ်တရက်ဆိုတော့ လုပ်မိလုပ်ရာ တုန့်ပြန်လိုက်မိသည်။ သူ ထီးကို ပြန်ဆွဲယူလိုက်ခြင်း ဖြစ်သည်။

 

ထိုအခါ ထီးလက်ကိုင်ကောက်မှာ ချိတ်ထားသော ချေသားခြောက်ထုပ်သည် ပြတ်ကျသွားပြီး မြေပေါ် ကျသွားလေ၏။ မရှောက်မေ ကျသွားသော ချေသားခြောက်ထုပ်ကို ပြန်ကောက်ယူရန် ခါးကို ကိုင်းလိုက်သည်။

 

” အောင်မယ်လေး ”

 

မရှောက်မေ လန့်သွားသည်။ မလန့်ဘဲလား။ မရှောက်မေကိုယ်ကို တစုံတယောက်က တွန်းလိုက်သလို အတွန်းခံလိုက်ရတော့ ခါးကိုင်းထားတဲ့ မရှောက်မေခမျာမှာ ရှေ့သို့ ဟပ်ထိုးလဲကျမလိုလို ဖြစ်သွား၏။

 

မရှောက်မေ လဲကျမသွားအောင် ပြုပြင်လိုက်ပြီး ချေသားခြောက်ထုပ်ရှိရာသို့ လှမ်းကြည့်လိုက်သည်။ သူမ ကြည့်နေရင်း မျက်လုံးအစုံ ပြူးကျယ်သွားသလို ပါးစပ်လည်း ဟောင်းလောင်း ဖြစ်သွားသည်။

 

ပလပ်စတစ်အိတ်ကို ခွေးတကောင်က ဆွဲသွားသလို ချေသားခြောက်အိတ်သည် အနောက်သို့ တရွတ်တိုက် ရွေ့လျားသွားသည်ကို မြင်လိုက်ရသည်။

 

နည်းနည်း လှမ်းသည့်နေရာ ရောက်သည့်အခါ ထုပ်ထားသော ပလပ်စတစ်အိတ်မှာ ပြဲသွားပြီး၊ ချေသားခြောက်များ ထွက်ကျလာသည်။ တဆက်တည်းပင် …

 

” ပလပ်! ပလပ်! ပလပ်! ”

 

ကိုယ်ထည်သဏ္ဍာန်ကို မမြင်ရဘဲ၊ သူ ဝယ်လာသော ချေသားခြောက်များကို အားပါးတရ ဝါးစားနေသော အသံကို မရှောက်မေ နားဖြင့် ဆက်ဆက်ကြားလိုက်ရသည်။

 

မရှောက်မေ ဆက်ပြီး သတ္တိမကောင်းနိုင်တော့ပါ ။

 

” အံမယ်လေး သရဲ … သရဲ ”

 

ဟု အော်ဟစ်ခါ နောက်ကို လုံးဝ လှည့်မကြည့်ဘဲ၊ သူ့အိမ်ကို တချိုးတည်း ပြေးတော့လေသည်။

 

ဤကား ဒေါ်ယုမေ အိမ်ရှေ့မှာ ဖြစ်သွားခြင်းပင်။ ထို့ကြောင့် ဆေးသမား တစ္ဆေ ဇော်လွန်း ခြောက်လှန့်လိုက်ခြင်း ဖြစ်မည်ဟု ရွာထဲမှာ ပြောနေကြတော့လေသည်။

 

___________

 

အခန်း(၄)

 

တစ္ဆေခြောက်လှန့်ခံရသူ နောက်တဦးကတော့ အသက်၁၈နှစ်အရွယ်သာ ရှိသေးသော မိန်းကလေးတဦးဖြစ်သည်။ သူမ အမည်မှာ ခင်မြဝိုင်းဖြစ်သည်။

 

ခင်မြဝိုင်းသည် ဆယ်တန်းကျောင်းသူ ဖြစ်ပါသည်။ သူမသည် သူငယ်ချင်းဖြစ်သော သဇင်ဖူးနှင့်အတူ စာတော်သော ထွေးထွေးတို့အိမ်သို့ သွား၍ သူငယ်ချင်း၃ယောက် စာအတူကျက်လေ့ရှိသည်။ သူမတို့ မရှင်းသော ပုစ္ဆာများကို ထွေးထွေးက စိတ်ရှည်လက်ရှည် ပြန်ရှင်းပြလေ့ရှိသည်။

 

ခင်မြဝိုင်းသည် ည ၉နာရီ/၁၀နာရီလောက်မှ စာကျက်ပြီး၍ သဇင်ဖူးနှင့်အတူ ဆိုင်ကယ်ဖြင့် အိမ်သို့ ပြန်လေ့ရှိသည်။

 

တလမ်းတည်းအတူနေသော သဇင်ဖူးမှာ သူမနှင့် တအိမ်ကျော်သာ ခြားလေ၏။ အဖေါ်ပါသဖြင့် ခင်မြဝိုင်း၏ မိဘများကလည်း စိတ်ချလေ၏။

 

တရက်၌ သဇင်ဖူးမှာ ဗိုက်အောင့်နေသဖြင့် စာကျက်ရန် အတူမလိုက်ပါနိုင်ချေ။ ဖြစ်ချင်တော့ ထိုနေ့က ခင်မြဝိုင်းသည် သင်္ချာ ပုစ္ဆာတပုဒ်ကို အဖြေရှာမရ ဖြစ်နေသည်။ ဆရာမ သင်စဥ်က အသေအချာ နားမထောင်ခဲ့မိ၍ နောင်တရနေမိသည်။

 

ထို့ကြောင့် သဇင်ဖူး မပါသော်လည်း ထိုနေ့က ခင်မြဝိုင်း တယောက်တည်း ထွေးထွေး အိမ်သို့ ထွက်လာခဲ့လိုက်သည်။ သူမ စိတ်ထဲ ယနေ့တော့ သဇင်ဖူး မပါသဖြင့် စောစောပြန်မည်ဟု တွေးထားခဲ့သေးသည်။

 

သို့သော် ထွေးထွေး အိမ်သို့ ရောက်သည့်အခါ ၊ သူမ နားမလည်သော သင်္ချာပုစ္ဆာကို ထွေးထွေးက ရှင်းပြသဖြင့် နားလည်သွားသော်လည်း ၊ ထွေးထွေးက …

 

” နေပါအုံး အဝိုင်းရ၊ နင်ကလဲ နင့်သင်္ချာပြီးတာနဲ့ ပြန်တော့မလို့လား ။

ဒီမယ် ဘိုင်အို(ဇီဝဗေဒ)ဆရာကြီးက ဒီနှစ် စာမေးပွဲမှာ အမေးနိုင်ဆုံး မေးခွန်းက ဒါတဲ့ ”

 

ထွေးထွေးက ဇီဝဗေဒ ပုံနှိပ်စာအုပ်ကို လှန်၍ စာများကိုပြသည်။

 

” ဒီည နင်နဲ့ငါ ဒီတပုဒ်ကို အပြီး ကျက်ကြမယ်ဟာ ၊ ဘယ်လိုလဲ ”

 

စာမေးပွဲမှာ မေးလာနိုင်တဲ့ မေးခွန်းဆိုတော့ ခင်မြဝိုင်း စိတ်ပါဝင်စားသွားသည်။ သို့နှင့် သူမသည် ထွေးထွေးနဲအတူ ဇီဝဗေဒဘာသာကို အတူတူ ကျက်ဖြစ်သွား၏။

 

ထွေးထွေးက ခင်မြဝိုင်း အသံထွက် မှားသည့်အခါ ပြင်ပေးသလို ၊ တချို့ကို စာလုံးပေါင်း မှန်ကန်အောင် ရေးကျက်စေသည်။

 

စာကျက်ရင်း ည ဆယ်နာရီထိုးသွားသည်။ သူမတို့ စာကျက်နေသော နေရာသို့ ထွေးထွေး၏ အမေ ရောက်လာပြီး …

 

” ဟဲ့ သမီး အဝိုင်း၊ ဆယ်နာရီတောင် ထိုးသွားပြီ။ မိုးချုပ်နေပြီလေ။ မနက်ဖြန်မှ ဆက်ကျက်တော့နော် ။ ပြန်တော့ … ပြန်တော့ သမီး ”

 

ထွေးထွေးရဲ့အမေ ပြောမှ ခင်မြဝိုင်း နာရီကို ကြည့်မိသည်။ သို့ဖြင့် သူမသည် စာအုပ်များကို သိမ်း၍ ထွေးထွေးတို့ သားအမိကို နုတ်ဆက်ကာ ဆိုင်ကယ်ဖြင့် ပြန်လာခဲ့သည်။

 

ခင်မြဝိုင်း ပြန်လာတဲ့ လမ်းတလျှောက် လူသွားလူလာမပြောနဲ့၊ ခွေးတကောင် ကြောင်တမြီးပင်မတွေ့ရ။တိတ်ဆိတ်နေသည်။

 

ခင်မြဝိုင်း စီးလာတဲ့ ဆိုင်ကယ်အိပ်ဇောက ထွက်သော အသံသာ ကြားနေရသည်။ သူမ၏ ဆိုင်ကယ်သည် ဟွန်ဒါ ဒရင်း 125 ဖြစ်သည်။

 

ခင်မြဝိုင်း ဆိုင်ကယ်က ရှေ့မီး မကောင်း။ အလင်းအားနည်းသည်။ သူမ အဖေက ဒီလကုန်ရင် မီးခွက် လဲပေးမည်ဟု ပြောထား၏။

 

ဆိုင်ကယ်စီးလာနေရင်း ရှေ့မီးရောင် မှိန်မှိန်မှာ ဖျတ်ခနဲ အရိပ်တခု ဖြတ်ပြေးသွားသလို မြင်လိုက်ရ၍ ခင်မြဝိုင်းသည် ကမန်းကတန်း ဘရိတ်ကို နင်းလိုက်သည်။

 

ဆိုင်ကယ်က တုန့်ခနဲ ရပ်သွား၏။ ဖြတ်သွားသော အရိပ်မှာ လျင်မြန်လွန်း၍ အသေအချာ မမြင်လိုက်ရချေ။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ သူမသည် ဒေါ်ယုမေတို့ အိမ်ရှေ့နား ရောက်နေသည်ကို သတိထားမိသွားသည်။

 

တလောလေးကပင် တရုတ်မ မရှောက်မေ ဤအိမ်ရှေ့မှာ သရဲအခြောက်ခံရသည်ဆိုသော သတင်းကို သူမ ကြားမိထား၍ ရင်က ဒိတ်ခနဲ ခုန်သွားသည်။ လက်ဖျံနှင့်လက်မောင်းတလျှောက်လည်း ကြက်သီးဖုလေးများ အဖီးဖီးထသွား၏။

 

ခင်မြဝိုင်းသည် သတိဝင်လာသည်နှင့် ဆိုင်ကယ်ကို ပြန်ထွက်လိုက်သည်။ ခုဏက ဘရိတ်အုပ် ရပ်လိုက်၍ ဂီယာ မချိန်းရသေး၍လားမသိ။ ဆိုင်ကယ်သည် သိသိသာသာ လေးလံနေသည်။ အတော်နှင့်မထွက်ချေ။

 

သိုဖြင့် သူမသည် ဂီယာကြီးကို ပြောင်းချိန်း၍ ထွက်တော့မှ ဆိုင်ကယ်က မောင်းလို့ ရသည်။

 

ဒေါ်ယုမေတို့ အိမ်ရှေ့လမ်းသည် မြေသားအမာ ဖြစ်သည်။ သို့သော် ဆိုင်ကယ်သည် သဲထဲမှာ ရုန်းနေရသလိုပင်။ လေးလံလွန်းနေ၏။

 

ဆိုရလျင် … ခင်မြဝိုင်းသည် ဆိုင်ကယ်နောက်ပိုင်းမှာ လေးလံသော ကုန်ပစ္စည်းတခု တင်လာရသကဲ့သို့ ဖြစ်နေသည်။

 

ခါတိုင်း ဒီလိုမဟုတ်။ ဆိုင်ကယ်သည် အင်ဂျင်ကောင်းသလို ရုန်းအားဆွဲအားလည်း ကောင်း၏။

 

ခင်မြဝိုင်းသည် ဆိုင်ကယ်စီးလာရင်း ဂုတ်ပိုးမှာ ယွစိစိ ဖြစ်လာသည်။ အကောင်တကောင် ကပ်ပါသလိုပင်။ ထို့ကြောင့် လက်တဖက်ဖြင့် ဂုတ်ပိုးကို ပွတ်သပ်ပစ်လိုက်သည်။

 

အယားပျောက်သွားသည်။ တခါ … သူမ ပခုန်းပေါ်သို့ အကောင်တကောင် တရွရွ တက်သလို ခံစားလာရပြန်သည်။ ခုဏလိုပဲ ပခုန်းကို လက်ဖြင့် စမ်းကြည့်လိုက်ပြန်သည်။

 

ထိုအခါ သူမလက်သည် ပျော့စိစိ အရာတခုကို စမ်းမိလိုက်သဖြင့် ကြောက်လန့်တကြားနှင့် ပခုန်းကို လက်ဖြင့် အမြန် ရိုက်ခါလိုက်သည်။ ထိုအခါ ပျော့စိစိ အရာသည် ပြုတ်ကျ ကျန်ခဲ့လေသလား မသိ။ မရှိတော့ချေ။

 

ခင်မြဝိုင်းသည် ယနေ့ည၏ ထူးခြားမှုကြောင့် ကြောက်စိတ်ဝင်လာသည်။ အိမ်ကို ပြန်ရောက်ချင်ဇောဖြင့် ဆိုင်ကယ်ကို လီဗာမြင့် ဆွဲပေမယ့် ဆိုင်ကယ်မှာ လေးလံနေမြဲပင်။

 

သူမ အိမ်အနီးသို့ ရောက်ခါနီးတွင် သူမ၏ ခါးကို တစုံတယောက်က လက်ဖြင့် ကိုင်လိုက်သလို ခံစားမိလိုက်ပြန်သည်။ ထိုလက်သည် တရွေ့ရွေ့ဖြင့် ခါးဆီမှ သူမ၏ ဝမ်းပြင်သားပေါ် ဖုံးထားသော ထမိန်စပေါ် ကူးပြောင်းလာနေသည်။

 

သူမ ကြောက်ရွံစိတ်က ငယ်ထိပ်သို့ ဒိန်းခနဲ စောင့်တက်လာပြီး၊ ဝမ်းဗိုက်ဆီကို ကြည့်လိုက်မိသည်။

 

” ဒုတ် ”

 

ဘရိတ်ကို ဆောင့်အုပ်လိုက်သဖြင့် ဆိုင်ကယ်က ရပ်သွားသည်။ခင်မြဝိုင်းသည် ဆိုင်ကယ်ကို တွန်းလှဲ ပစ်လိုက်ပြီး ၊ သူမမိဘအိမ်သို့ ဒရောသောပါး ပြေးသွားသည်။ ပါးစပ်ကလည်း …

 

” အား ! အမေရေ ကယ်ပါအုံး”

 

ခင်မြဝိုင်းသည် ငယ်သံပါအောင် အသံထွက် အော်ဟစ်လိုက်လေသည်။ သူမ ဘာကို မြင်လိုက်ပါသလဲ။

 

ခင်မြဝိုင်း မြင်လိုက်တာက မသတီစဖွယ်၊ ရွံရှာစက်ဆုပ်ဖွယ်ကောင်းသော ညစ်ထေးစုပ်ပြတ်နေသော လက်မည်းမည်းကြီးနှစ်ဖက်။

အဲ့ဒီ လက်မည်းကြီးက သူ့ကို ဖက်တွယ်ရန် ကြိုးစားနေခြင်းပင်။

 

ခင်မြဝိုင်း အော်သံကြောင့် အိမ်ရှေ့ ထွက်စောင့်နေတဲ့ မိဘနှစ်ပါးလည်း ခင်မြဝိုင်းထံ ပြေးသွားလိုက်ကြသည်။

 

ခင်မြဝိုင်းမှာ မိဘနှစ်ပါး ရင်ခွင်ထဲ ပြေးဝင်၍ ကြောက်စိတ်လွန်ကဲစွာ သတိလစ် မေ့မြောသွားလေတော့သည်။

 

ခင်မြဝိုင်း အဖေက ဆိုင်ကယ်လဲကျရာ လှမ်းကြည့်လိုက်တော့ အရိပ်မည်းမည်းတခုက ဆိုင်ကယ်ပေါ်မှ ဆင်း၍ လှစ်ခနဲ အမှောင်ထဲ ပြေးဝင် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရပါသည်ဟု ဆိုလေ၏။

 

______________

 

အခန်း(၅)

 

တဖြည်းဖြည်းနဲ့ လူတွေကို ခြောက်လှန့်နေသော ဆေးသမား ဇော်လွန်း တစ္ဆေအကြောင်း ရွာထဲမှာ လူပြောများလာသည်။

 

တစ္ဆေဇော်လွန်း ခြောက်လှန့်ခံရသူမှာ သုံးလေးဦး မကတော့ပေ။ တချို့မှာ ဒေါ်ယုမေ၏ အိမ်ရှေ့ကို မဖြတ်ဘဲ နေရသည်မဟုတ်။ အကြောင်းကိစ္စ ကြီးငယ်ရှိက ဖြတ်သွားရသည်ပင်။

 

ထို့ကြောင့် ရွာက လူတချို့က ဒေါ်ယုမေအား ဖွင့်ပြောတိုင်ပင်၍ တခုခု လုပ်ကြရန် ကြံရွယ်မိကြသည်။

 

နောက်ဆုံး၌ ဒေါ်ယုမေကို ဖွင့်ပြောသူက ပြောကြသည်။ ဒေါ်ယုမေလည်း မကြာခဏ ကြားလာရသည့်အခါ ၊ ဇော်လွန်းအတွက် ရည်ရွယ်၍ သူ့အိမ်မှာ ဘာသာရေးဆရာများခေါ်၍ ဝတ်ပြုဆုတောင်းပွဲများ ပြုလုပ်ပေးသည်။

 

ဒါ့အပြင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများကို ပင့်ဖိတ်၍ ပဌာန်းရွတ်ဖတ်ခြင်း ၊အိမ်အတွင်းနှင့် အိမ်ရှေ့ လမ်းတလျှောက်မှာ ပရိတ်ရေ ဖျန်းခြင်းများ ပြုလုပ်စေသည်။

 

ထိုသို့ ပြုလုပ်ပြီးနောက်ပိုင်းမှာတော့ ဇော်လွန်းသည် ဤအိမ်၊ဤခြံ၊ဤလမ်း၊ဤရွာထဲ၌ နေမရတော့လေသလားမသိ။ ထပ်မံ ခြောက်လှန့်ခြင်း မရှိတော့ချေ။

 

ဒေါ်ယုမေလည်း ဒီအိမ်မှာ ဆက်၍ မနေလိုတော့သဖြင့် သူမ၏ အိမ်နှင့်ခြံလေးကို သော့ခတ်၍ မြို့မှာ နေသော သူ့သမီးထံ အပြီးတိုင်ရွေ့ပြောင်းသွားလေသည်။

 

သေချာသည်ကတော့ တရွာလုံးကို ခြောက်လှန့် ဒုက္ခပေးနေသော တစ္ဆေဆိုး ဇော်လွန်းကို ဘယ်သူမှ နောက်ထပ် မမြင်ကြတော့ပေ။

 

ပြီးပါပြီ။

 

ပီပီ၊မန္တလေး၊

၂၈၊၃၊၂၀၂၃