ခန္ဓာလုပွဲ

“ခန္ဓာ လုပွဲ (စ-ဆုံး)”

 

“ဒီအင်းကို ငါတို့ရွာနီးချုပ်စပ်ကလူ

အကုန်လုံးက ဗိုက်ပေါက်အင်းလို့ခေါ်ကြတယ်ကွ…နောက်နာမည်တစ်ခုကတော့ ကျောက်နဂါးအင်းလို့လည်းခေါ်တယ်”

 

“ဘာလို့လဲကြ..”

 

“ဒီလိုကွ…ငါတို့ရွာနဲ့သိပ်မဝေးတဲ့နေရာမှာ

စစ်တပ်တစ်တပ်ရှိတယ်…ငါတို့ငယ်ငယ်တုန်းကပေါ့ကွာ…အဲ့စစ်တပ်က စစ်သားနဲ့ ဗိုလ်ကြီးက ဒီအင်းမှာ ငါးလာဖမ်းနေကျကွ..

သူတို့ငါးဖမ်းတယ်ဆိုတာ မိုင်းခွဲပြီးဖမ်းတာကွ…ဒါပေမယ့် တကယ့်မိုင်းတော့မဟုတ်ဘူး…

လက်ပစ်ဗုန်းကို ဝါးလုံးရှည်ရှည်ထိပ်မှာသေချာချည်တယ်..

ပြီးတော့စနက်တံဖြုတ်တဲ့ကွင်းမှာကြိုးလေးနဲ့ ချည်ပြီး ဝါးလုံးထိပ်ကို ရေထဲနှစ်ပြီးမှ အဝေးကနေ စနက်တံနဲ့တွဲချည်ထားတဲ့ကြိုးကို ဆွဲပြီးးစနက်တံဖြုတ်လိုက်တာပေါ့ကွာ”

 

“ဟ…အဲ့လိုလည်းရှိတာပဲလား”

 

“ရှိတာပေါ့ကွာ…အေး…ရိုးရိုးစစ်သားတွေကတော့အဲ့လိုလုပ်တာပဲ..အန္တရာယ်ကင်းတာပေါ့ကွာ…ဒါပေမယ့် ဗိုလ်ကြီးကတော့အဲ့လိုမလုပ်ဘူးကွ…သူက

လက်ထဲမှာပဲစနက်တံဖြုတ်ပြီး ရေထဲပစ်ချတာကွ”

 

သူငယ်ချင်းဖြစ်သူ မြင့်ဦး ၏စကားကိုနားထောင်ရင်း အင်းပြင်ကျယ်ကြီးကို ကျနော်ငေးကြည့်နေမိသည်။မော်လမြိုင်

တက္ကသိုလ်တွင်ခင်မင်ခဲ့သော သူငယ်ချင်းဖြစ်သူ မြင့်ဦးနှင့် အာကာဦးတို့နေထိုင်သော ကျိုက်ထိုမြို့သို့

စာမေးပွဲအပြီးတွင် အလည်လာခဲ့ခြင်းဖြစ်သည်။မော်လမြိုင်မှ

ကားစီးလာခဲ့ပြီး ကျိုက်ထိုကားဂိတ်တွင်ဆင်းကာ မြင့်ဦးတို့နေထိုင်ရာ ရွာသို့ ထော်လာဂျီဖြင့်

ခရီးဆက်ရသည်။မြင့်ဦးက သူတို့ရွာအနီးမှ

ဗိုက်ပေါက်အင်း ခေါ် ကျောက်နဂါးအင်းအကြောင်း ပြောပြနေသည်ကို ကျနော်စိတ်ဝင်စားစွာ

နားထောင်နေမိသည်။ထော်လာဂျီစက်သံက

ကျယ်လောင်လှသဖြင့် သူတို့စကားပြောရာတွင် အသံကိုမြှင့်၍ပြောကြရသည်။

 

“အေး ဆက်စမ်းပါဦးကွ”

 

“အေးကွ…တစ်ရက်ကျတော့ သူတို့တွေ ငါးမိုင်းခွဲ…အဲအဲ…ငါးဗုံးခွဲဖို့ပဲဆိုပါတော့..ရောက်လာကြတယ်ကွ…သူတို့လာပြီဆိုရင်

ရွာနီးချုပ်စပ်ကလူတွေလည်း အဲ့အင်းဆီကို

စုဝေးလာတာပဲကွ…ဘာလို့လဲဆိုတော့ သူတို့က အဲ့လို မိုင်းခွဲပြီးရင် လိုသလောက်ငါးတွေယူပြီး ပြန်သွားရင် ကျန်တဲ့ငါးတွေကို အနီးအနားက ဘယ်သူတွေပဲကောက်ကောက်ပေါ့ကွာ…

ဗိုလ်ကြီးကလည်းအတော်သဘောကောင်းတာကွ..”

 

“အေးပါကွာ…လိုရင်းကိုပြောပါဟ”

 

“အေး…အဲ့နေ့မှာ လူတွေကလည်း တော်တော်များများရောက်နေတယ်ကွ…

ဗိုလ်ကြီးက ထုံးစံအတိုင်း လက်ပစ်ဗုံးတစ်လုံးကို စနက်တံဖြုတ်ပြီး

ရေထဲပစ်ချလိုက်တယ်ကွ…လက်ပစ်ဗုံးက

မပေါက်ဘူး…ယမ်း အ သွားတယ်ထင်ပါရဲ့…အဲ့ဒါနဲ့ခဏနေတော့

နောက်တစ်လုံးကို စနက်တံဖြုတ်လိုက်တယ်..ပြီးတော့ဗိုလ်ကြီးကသေချာအောင်ထင်ပါရဲ့..

ချက်ချင်းမပစ်သေးပဲ ခဏကြည့်နေလိုက်တယ်…အဲ့အချိန်မှာပဲ လက်ပစ်ဗုံးက ပေါက်ကွဲသွားတာပဲ”

 

“ဟာ….သေရောလားကွ”

 

ကျနော့် အမေးကြောင့် အာကာဦးက ခွီ ကနဲ့

တစ်ချက်ရယ်သည်။မြင့်ဦးက မျက်စောင်းတစ်ချက်လှမ်းထိုးရင်း ဘုဆက်ဆက်အသံဖြင့်…

 

“လက်ပစ်ဗုံးတစ်လုံးလက်ထဲမှာပေါက်ကွဲသွားတာ မသေရအောင် ဝူခုန်းမှမဟုတ်တာကွ..သေတာမှ အလောင်းတောင်ကောက်လို့မရတော့ဘူး…

အသားစတွေကို ရသလောက်ကောက်ပြီး

ဂုန်နီအိတ်ထဲစုထည့်ရတာပေါ့…ပြီးတော့

သွေးတွေဆိုတာမြင်မကောင်းဘူး”

 

“တော်ပါတော့ကွာ…ငါကြက်သီးထလာပြီ…

ကျောက်နဂါးအင်းလို့ခေါ်တာကရော”

 

“သြော် အဲ့နာမည်ကကြာပြီကွ.. နွေရာသီရောက်လို့ ရေအတော်ခန်းသွားပြီဆိုရင် အင်း အလယ်လောက်ဆီမှာ ကျောက်ဆောင်တန်းတစ်ခုပေါ်လာတတ်တယ်ကွ…အဲ့ကျောက်ဆောင်တန်းက ထူးထူးခြားခြား နဂါးတစ်ကောင်နဲ့အတော်တူတယ်ကွ…အဲ့ဒါကြောင့် ဒီအင်းကိုနဂါးစောင့်တာဆိုပြီး

ကျောက်နဂါးအင်းလို့ခေါ်တာကွ…ကဲ…ငါတို့ရွာရောက်ပြီ…”

 

ထော်လာဂျီက နှစ်ထပ်ပျဉ်ထောင်အိမ်တစ်လုံးရှေ့တွင်

ထိုးရပ်လိုက်သည်။သူတို့လည်း ကားပေါ်မှဆင်းကာ တစ်ရွာတည်းသားဖြစ်သော ကားမောင်းသမားအား လက်ပြနှုတ်ဆက်လိုက်ပြီး မြင့်ဦးက…

 

“ကိုရွှေညာကြီးရေ…ညနေကျရင် ထန်းတောထဲမှာဆုံမယ်ဗျို့”

 

ဟု ပြောဆိုလိုက်ရာ ကားမောင်းသမားက

ခေါင်းကို ညှိတ်ပြပြီး ဆက်လက်မောင်းသွားတော့သည်။မြင့်ဦးက

သူ့အားခြံဝင်းထဲသို့ခေါ်သွားသည်။အာကာဦးက…

 

“ဘေးကအိမ်က ငါတို့အိမ်ပဲကွ…အထုပ်တွေပြန်ထားပြီးရင်

ငါပြန်လာခဲ့မယ် ပိုင်ကြီး”

 

“အိုခေ…”

 

ဟုဆိုကာ ကျနော်လည်းမြင့်ဦးနှင့်အတူ အိမ်ထဲလိုက်ဝင်ခဲ့သည်။ခရီးပန်းလာသောကြောင့် နေ့လည်ခင်းတွင် တစ်ရေးအိပ်ပြီးနောက် ညနေစောင်းတွင်တော့ ရွာအပြင်မှ ထန်းတောသို့သူတို့ချီတက်ခဲ့ကြသည်။ထန်းတောသို့အရောက်တွင် ထန်းပင်တစ်ပင်အောက်တွင် ထိုင်နေသော

ဝိုင်းအတွင်းမှ လူတစ်ဦးက…

 

“ဟေ့ကောင်မြင့်ဦး…ဒီဘက်လာခဲ့…မင်းဧည့်သည်ကိုပါခေါ်ခဲ့…ငါတို့က ရွာခံဆိုတော့ ပြုစုရမယ့်တာဝန်ရှိတယ်ကွ…ဒီမှာ ကိုရွှေညာကြီးလည်းရောက်နေတယ်”

 

ဟု လှမ်းခေါ်သဖြင့်သူတို့လည်းထိုဝိုင်းတွင်

ဝင်ထိုင်လိုက်ကြသည်။လှမ်းခေါ်သူမှာ

ကာလသားခေါင်း ကိုသံချောင်း ဆိုသူဖြစ်ပြီး

ရုပ်ရည်အသင့်အတင့်ရှိကာ ကိုယ်ကာယထွားကြိုင်းပြီး လွန်စွာ သဘောမနောကောင်းသူဖြစ်သည်။ထိုသို့ဖြင့်

ပင်ကျရည်ကိုသောက်ရင်း…ပဲကြမ်းသုပ်…

လယ်ကြွက်ကင် နှင့် ငါးရံ့ခြောက်ဖုတ် ဆီဆမ်း ကိုစားရင်းဖြင့် အတော်အတန် အရှိန်ရလာပြီး စကားပြောကောင်းလာကြသည်။ကျနော်ထိုင်နေသော နေရာမှလှမ်းကြည့်လျှင် ထန်းပင်များအစီအရီပေါက်နေသော လယ်ကွက်သုံးလေးကွက်ကိုမြင်ရသည်။

ထိုလယ်ကွက်များအဆုံးတွင် နေ့လည်က

တွေ့ခဲ့သော ကျောက်နဂါးအင်း ခေါ် ဗိုက်ပေါက်အင်းကိုလည်း လှမ်းမြင်နေရသည်။ကျနော် စကားစလိုက်သည်…

 

“ဒါနဲ့နေစမ်းပါဦး…နေ့လည်က မင်းပြောတဲ့

ကျောက်နဂါးအင်းနဲ့ပတ်သက်ပြီး အခြားထူးခြားတာမရှိတော့ဘူးလားကွ”

 

“ရှိတာပေါ့ကွာ…အင်းရဲ့ဟိုဘက်မှာတွေ့လား…အင်းအစပ်မှာပေါက်နေတဲ့အပင်ကြီးတွေလေ…အဲ့အပင်တွေမှာ သရဲတွေ တစ္ဆေတွေ…တဘက်တွေနေကြတယ်ကွ”

 

“မင်းပြောပုံက တိကျလှချည်လားကွ”

 

“မယုံမရှိနဲ့ငါ့ကောင်ရေ…အမှန်ပဲကွ”

 

မျက်နှာတည်တည်နှင့် ပြောလိုက်သော

အာကာဦး၏စကားကြောင့် ကျနော် သူ့ကို

ကလိလိုစိတ်ဖြစ်သွားကာ…

 

“အဲ့ဒါဆိုအတော်ပဲ…ငါဒီကနေပြန်ရင် အဖော်ရအောင်လို့ သရဲမချောချောလေးတစ်ကောင်လောက်

ခေါ်သွားဦးမယ်..ဟိဟိ”

 

ထိုသို့ ကျနော် စနောက်ပြောလိုက်ရာ ကိုသံချောင်း ၏မျက်နှာ

တစ်ချက်ပျက်သွားသည်ကို သတိထားလိုက်မိသည်။ကျန်လူများကလည်း ကိုသံချောင်းအား အားနာသည့် အမူအယာနှင့်ကြည့်ကာ မြင့်ဦးက…

 

“စိတ်မရှိပါနဲ့ကိုသံချောင်း…သူက အဲ့လိုပဲ

အတော်နောက်တဲ့ကောင်…ဟေ့ကောင် ပိုင်ကြီး အဲ့လိုမပြောနဲ့ကွ…မင်းမယုံရင်လည်း စိတ်ထဲမှာထားလိုက်…ကိုသံချောင်းကို

အားနာစရာကြာ”

 

ကျနော်လည်း အူကြောင်ကြောင်ဖြစ်သွားမိသည်။ခါတိုင်းလည်းဤကဲ့သို့ပင် စနောက်နေကျမဟုတ်လား။ခုတော့ သူတို့အားလုံးက ဘာမဟုတ်သည့်စကားတစ်ခွန်းအတွက် ဘာကြောင့် မျက်နှာပျက်နေကြသနည်း။

ကိုသံချောင်းက သဲ့သဲ့လေး ပြုံးလိုက်ကာ…

 

“ရပါတယ်ကွာ…သူက မသိလို့ပြောတာပဲ…

ပြီးတော့ ဒီအဖြစ်အပျက်တွေကလည်း ကြာခဲ့ပြီပဲ…ကိစ္စမရှိပါဘူး”

 

ဟုလေးတွဲ့စွာပြောလိုက်သည်။ကျနော်လည်း သူ့စကားကြောင့် စိတ်ဝင်စားသွားကာ…

 

“ဘာအဖြစ်အပျက်လဲဗျပြောပြလို့ရရင်

ပြောပြပါလား”

 

ဟုမေးလိုက်ရာ သူက…

 

“အင်း…မင်းသိချင်ရင်လည်းပြောပြရတာပေါ့ကွာ…ကြာတော့ ကြာခဲ့ပါပြီ…ငါ အဲ့တုန်းက လေးနှစ်သား အရွယ်လောက်ကပေါ့…ငါ့အဖေရဲ့ ခန္ဓာကိုယ် ထဲကို အဲ့ဖုတ်ကောင်က ဝင်ပြီး

လိုက်လာတာကွ…”

 

“ဗျာ….ဖုတ်ကောင်…ဟုတ်လား…ဘယ်က

ဖုတ်လဲဗျ”

 

သူက အင်းရေပြင်ကြီးကို ငေးရင်း ပြောသည်။

 

“အဲ့ အင်းရဲ့ ဟိုဘက်အစပ်က သစ်ပင်ကြီးတွေမှာနေတဲ့ကောင်တွေထဲကပေါ့ကွာ”

 

“ဟာ…ပြောစမ်းပါဦးဗျာ…ကျနော်က ဒါမျိုးဆိုအရမ်းစိတ်ဝင်စားတာဗျ”

 

“အင်း….အဖြစ်အပျက်က ဒီလိုကွ…ခန္ဓာလုပွဲလို့လည်း

ပြောလို့ရတာပေါ့ကွာ”

 

* * *

 

ကိုစိန်မောင် တစ်ယောက်အင်းထဲတွင် ညက ချထားသော ငါးပုံးများနှင့် သုတ်ကိုင်းများကို လိုက်ကြည့်ပြီး မိထားသော ငါးများကို ပလိုင်းထဲထည့်ကာ

သုတ်ကိုင်းတွင် မိနေသော ရေကြက် နှစ်ကောင်ကို ခြေထောက်များတွင် ကြိုးဖြင့်ပူးချည်ကာ လက်တစ်ဖက်ဖြင့်ဆွဲလာခဲ့သည်။အင်းအစပ်နားလေးတွင် ပေါက်နေသော သစ်ပင်ကြီး

တစ်ပင်အောက်သို့အရောက်တွင် ငါးထည့်ထားသော ပလိုင်းကိုချလိုက်သည်။

ရေကြက်နှစ်ကောင်ကိုလည်း ပလိုင်းဘေးတွင်ချလိုက်ပြီး အပင်အောက်တွင် ထိုင်ချလိုက်ကာ လွယ်အိတ်အတွင်းမှ ဇနီးဖြစ်သူ မခင်မြ ထည့်ပေးလိုက်သော ထမင်းထုပ်ကို ဖွင့်ကာ

အနည်းငယ်ကို တောစောင့် တောင်စောင့် နှင့်

အင်းစောင့်များကို စိတ်မှရည်မှန်းကာ ဓလေ့အတိုင်း ပင့်မြှောက်လိုက်သည်။

ထို့နောက် ငါးပိထောင်း…ငါးကြော်နှင့် သဖန်းသီး ဓညင်းသီး စသော တို့စရာတို့ဖြင့်

ထမင်းကို မြိန်ယှက်စွာစားနေမိသည်။သူက

ဟင်းကိုသိပ်မကြိုက်…ငါးပိ နှင့် တို့စရာရှိလျှင် ထမင်းစားမြိန်သူ။သူတို့မိသားစုက လေးယောက်ရှိသည်။သူရယ်…သူ၏ ဇနီးမခင်မြရယ်…ပြီးတော့ ၉ နှစ်အရွယ် သမီးကြီး အေးလှ..ပြီးတော့ သားငယ် သံချောင်း။သူတို့မိသားစုက ရွာတွင် အနေနည်းသည်။သူတို့၏ ဒူးရင်း…ကြက်မောက်…ကွမ်းသီး တို့စိုက်ထားသော ခြံထဲတွင်သာ အနေများသည်။သူတို့ခြံက အင်းကြီးနှင့် ရွာကြားတွင်ရှိသည်။ဘိုးဘွားစဉ်ဆက်ပိုင်ဆိုင်ခဲ့သော ခြံကြီးဖြစ်သည်။ခြံထွက်သီးနှံများ

ရောင်းချသောငွေများဖြင့် သူတို့မိသားစု

ချောင်ချောင်လည်လည်နေနိုင်သည်။အားလပ်သော အချိန်များတွင် အငြိမ်မနေတတ်သော သူက ယခုကဲ့သို့ပင်.တစ်နေကုန် အင်းထဲတွင် ငါးလာရှာတတ်သည်။ငါးရများလျှင် ညနေဘက်တွင် ဇနီးဖြစ်သူက ရွာထဲ လှည့်ရောင်းသဖြင့်အပိုဝင်ငွေလေးရသည်မဟုတ်ပါလား။

 

“ဝူးဝူး…ဂျွတ်ဂျွတ်”

 

သူ၏ အတွေးများက လေပြင်းပြင်းတိုက်သံ သစ်ကိုင်း အချို့ပွတ်တိုက်သံတို့ကြောင့် ရပ်တန့်သွားသည်။ဘေးဘီကိုကြည့်လိုက်တော့ ဘာမှ ထူးခြားမှုမရှိ။လေတိုက်နေသော်လည်း

လေညှင်းလေးသာ။ထိုသို့အသံအကျယ်ကြီး

ထွက်ရန်အကြောင်းမရှိ။သူဘေးဘီကို ကြည့်လိုက်တော့ ထူးခြားမှု မရှိသဖြင့် ထမင်းကို ငုံ့၍ ဆက်စားနေမိသည်။ဓညင်းသီး တစ်ခြမ်းကို

ထမင်းထဲတွင်မြှပ်၍အပေါ်မှ ငါးပိထောင်းကို

ပုံကာ အားရပါးရစားလိုက်သည်။ထို့နောက်

နောက်တစ်ခြမ်းကို နောက်ဆုံးကျန်သောထမင်းလက်ကျန်ပေါ်တွင်တင်၍ ငါးပိထောင်းကိုပုံချပြီး စားရန်အလုပ်….

 

“ဂျွတ်….ဖြောင်း”

 

ဆိုသော အသံနှင့်အတူ လေပြင်းမတိုက်ပဲနှင့်

သူ၏ ဦးခေါင်းတည့်တည့်ပေါ်သို့ သစ်ကိုင်းကြီးတစ်ကိုင်းက ကျိုးကျလာသည်။

 

“ဒုတ်”

“အ”

 

အချိန်သည် ခေတ္တမျှသာကြာသည်ဟုထင်လိုက်မိသည်။

သူ့မျက်လုံးများအမှောင်ဖုံးနေရာမှ အလင်းထံပြန်ရောက်ချိန်တွင် သစ်ပင်အောက်တွင် လဲကျနေသော သူ့ခန္ဓာကိုယ် ကိုသူတွေ့လိုက်ရသည်။သူကတော့ ထိုခန္ဓာကိုယ်နှင့် မနီးမဝေးတွင်ရောက်နေသည်။

 

“ဟာ….ဘာ…ဘာလဲ…ငါ…ငါသေသွားပြီလား…ဟိုကောင်တွေကရော…ဘာကောင်တွေလဲ…ငါ့အလောင်းဘေးမှာ ဘာလို့ဝိုင်းအုံနေကြတာလဲ”

 

ဟုတ်ပါသည်…

တစ်ကိုယ်လုံးအမွှေးမည်းမည်းများ ဖုံးအုပ်ထားသော မျောက်ဝံကဲ့သို့အကောင်တစ်ကောင်…ပြီးတော့ မျက်လုံး…နှာခေါင်း မပါရှိပဲ ပါးစပ်နေရာတွင် အပေါက်သေးသေးလေးတစ်ပေါက်သာရှိသော မျက်နှာဂျပ်ပိတ်နှင့် အကောင်တစ်ကောင်…ပြီးတော့ လူနှစ်ကိုယ်စာခန့်ကိုယ်လုံးကြီးပြီး ဦးခေါင်းမှာ အလွန်သေးပြီး အလွန်ရုပ်ဆိုးသော အကောင်တစ်ကောင် တို့က သူ၏ အလောင်းပက်ပက်လည်တွင်

ဝိုင်းအုံကြည့်ရှုနေကြသည်။ထိုခဏမှာပင်

တစ်ကိုယ်လုံးပြောင်ချောနေသော ကောင်ကြီးက သူ၏ ကိုယ်ခန္ဓာအတွင်းသို့

ဝင်ရောက်ပူးကပ်သွားသည်ကိုသူတွေ့လိုက်ရသည်။သူ၏ အသက်မဲ့နေသော ခန္ဓာကိုယ်ကြီးက ငုတ်တုတ်ထထိုင်လိုက်သည်။ထို့နောက် ဘေးတွင် ချထားသော ရေကြက်နှစ်ကောင်ကို ကိုက်ဖြတ်စားသောက်နေသည်။ပြီးတော့ ငါးအစိမ်းများကိုလည်း စားနေပြန်သည်။

ထိုအချင်းအရာများကို သူတွေ့နေရသော်လည်း သူဘာမှလုပ်မရ။

သူ၏ ပါးစပ်မှ အော်ပြောနေသော်လည်း

အသံတို့က ထွက်မလာ။ရေကြက်နှစ်ကောင်

နှင့် ငါးများ ကုန်သွားသောအခါ သူ၏အသက်မဲ့နေသော သို့မဟုတ်..အပမှီနေသော ကိုယ်ခန္ဓာကြီးက

ထရပ်ပြီး သူ၏တဲအိမ်ဘက်သို့

လျှောက်သွားသည်။သူ၏ ဇနီးနှင့် သားသမီးများအတွက် စိုးရိမ်ကာ ကိုစိန်မောင် ထိုဖုတ်ကောင်ဝင်စီးထားသော

သူ၏ခန္ဓာကိုယ် နောက်သို့လိုက်ခဲ့သည်။

သူ၏ အိမ်သို့အရောက်တွင် ဇနီးက ထွက်လာပြီးကြိုသည်။

 

“အကို…ဒီနေ့ဘာမှမရခဲ့ဘူးလား…ကိစ္စမရှိဘူး…ဒီနေ့ ရွာထဲက ဦးကြည်စိုးတို့အိမ်မှာ

အမဲပေါ်လို့ တစ်ပိဿာ ယူလာတယ်…”

 

ဟု ဆီးကြိုပြောလိုက်သည်။ထိုစဉ် သူတို့အိမ်အောက်တွင်မွေးထားသော ရန်လုံဆိုသော ခွေးကလေးက ကိုစိန်မောင်ကို တစ်ခါမှမမြင်ဖူးသည့်အလား စူးစူးဝါးဝါးကြည့်ကာ ဟောင်သည်။ကိုစိန်မောင်က ပြန်၍ စူးစိုက်ကြည့်လိုက်သောအခါ အမြှီးကုပ်၍

တအီအီအသံပြုကာ ခပ်ဝေးဝေးတစ်နေရာသို့ထွက်သွားသည်။

 

“ဒီကောင်ရန်လုံကတော့…အဖေ့ကိုတောင်မမှတ်မိတော့ဘူး…သေတော့မှာပဲ”

 

လေးနှစ်သားအရွယ် သံချောင်းလေးက ပြောဆိုရင်း တုတ်ကလေးတစ်ချောင်းဖြင့်

ရန်လုံထွက်သွားရာနောက်သို့ လိုက်သွားသည်။ကိုစိန်မောင်က ဘာမှမပြောပဲ အပေါ်သို့တက်ကာ အိပ်ယာထဲဝင်အိပ်လိုက်တော့သည်။

ထိုအချိန်တွင်တော့…အိမ်၏ မနီးမဝေးတစ်နေရာတွင် မည်သူမှမမြင်နိုင်သော လူတစ်ယောက်သည်

အိမ်ကလေးထဲမှ အဖြစ်အပျက်ကိုကြည့်နေလေသည်။

 

* * *

 

ညစာစားချိန်ရောက်လာသဖြင့် မခင်မြ ထမင်းများကို ပန်းကန်ထဲခူးခပ်ထည့်ကာ

ဘေးတွင် ရပ်နေသော သမီးကြီးအား ကမ်းပေးသည်။သမီးကြီးက တစ်ခေါက်ပြီးတစ်ခေါက် ထမင်းပန်ကန်များကို ထမင်းစားပွဲထံယူသွားကာ နေရာချသည်။

အချိန်က ည ခြောက်နာရီကျော်။နေ့လည်က

ရလာသော အမဲသားကို တစ်ဝက်ချက်ပြီး

တစ်ဝက်ကို အခြောက်လှန်းထားလိုက်သည်။ထမင်းဝိုင်းတွင် ဟင်းက အမဲသားတစ်မျိုးတည်း။

သို့သော် ရှောက်သီးငါးပိနှင့် ဓညင်းသီး၊

ဆူးပုတ်ရွက်၊သခွားသီး၊ခရမ်းကြွပ်သီး အစရှိသဖြင့် တို့စရာ စုံစုံလင်လင်ရှိနေသည်။

သူ့ခင်ပွန်းနှင့်သူက ဟင်းကို သိပ်မကြိုက်။

တို့စရာနှင့်ငါးပိရှိလျှင် အဆင်ပြေပြီလေ။

သားနှင့်သမီးတို့ကတော့ ကလေးပီပီ ဟင်းမပါလျှင် ထမင်းမစားချင်။

 

“သမီးရေ…ညည်းအဖေကိုသွားခေါ်ချေတော့…ထမင်းစားမယ်လို့…ညည်းအဖေကလည်းပြန်လာကတည်းက အိပ်နေတာခုထိမထသေးဘူး…”

 

“ဟုတ်ကဲ့ အမေ”

 

သူမက သွက်လက်စွာပြန်ပြောရင်း ဖခင်အိပ်နေသော နေရာသို့သွားခေါ်နှိုးသည်။

 

“အဖေ…ထမင်းစားမယ်…ထတော့ အဖေ”

 

“အီး…အင်း…အဖေ ကိုယ်လက်တွေညောင်းညာပြီးနေမကောင်းသလိုဖြစ်နေလို့ နည်းနည်းနှိပ်ပေးပါလား”

 

“ဟုတ်ကဲ့”

 

သူမက ဖခင်ဖြစ်သူအားနှိပ်နင်းပေးလိုက်သည်။

အိမ်၏ မနီးမဝေး အမှောင်ရိပ်တွင်ကြည့်နေသော ကိုစိန်မောင်သည် ထိုအချင်းအရာကိုကြည့်ကာ သမီးဖြစ်သူအား အလွန်ပင် စိုးရိမ်သွားမိသည်။ဟုတ်ပါသည်…သမီးဖြစ်သူက ထို အပမှီနေသော သူ၏ ခန္ဓာကိုယ်ကို

ထိကိုင်နေသော အချိန်တွင် အထဲမှ ဖုတ်ကောင်က သမီးကိုယ်ထဲမှ ထွက်လာသော အငွေ့ကဲ့သို့အရာကို သူ၏ပါးစပ်သေးသေးလေးမှစုပ်ယူနေသည်ကို သူတွေ့နေရသည်။သမီးဖြစ်သူ ကြာနေသဖြင့် မိခင်က လှမ်းအော်သည်။

 

“သမီးရေ…ညည်းအဖေ မနိုးသေးဘူးလား…

ဒါဆိုလည်း သမီးအရင်လာစားနှင့် မောင်လေးနဲ့အတူစားလိုက်…အမေ ညည်းအဖေကိုစောင့်လိုက်မယ်”

 

ထိုအသံကြောင့် သမီးဖြစ်သူက မိခင်ရှိရာ ထမင်းဝိုင်းသို့ ပြန်သွားသည်။ထိုဖုတ်ကောင်က သမီးနှင့်

ဇနီးတို့ကို မကျေနပ်သည့်ဟန်ဖြင့်ကြည့်နေသည်။

 

“ငါ ဗိုက်မဆာသေးဘူး…ဆာမှထစားမယ်၊

နင်တို့တွေအရင်စားနှင့်”

 

အသံကမာဆက်ဆက်။သူမလည်း နေမကောင်းသောကြောင့်စိတ်မကြည်မလင်ဖြစ်နေသောကြောင့်ဟု သဘောထားကာ

ဘာမှမပြောတော့။

ညသန်းခေါင်ချိန်….

အိမ်ရှိလူများအားလုံးအိပ်မောကျနေသောအချိန်….ဝန်းကျင်တစ်ခုလုံး ပုရစ်အော်သံများ…ပိုးကောင်အော်သံများနှင့် အဝေးတစ်နေရာဆီမှ ခပ်ရှည်ရှည်ဆွဲကာ

အူလိုက်သော ခွေးအူသံမှလွဲ၍ တိတ်ဆိတ် ငြိမ်သက်နေသည်။ထိုအချိန်တွင် အိမ်ပေါ်မှ

တစ်စုံတစ်ယောက်သည် ခြေသံလုံလုံနင်းကာ အိမ်အောက်သို့ဆင်းခဲ့သည်။ထို့နောက်…

တဲအိမ်လေး၏အောက်တွင် အိပ်နေသော

ခွေးကလေးရန်လုံ၏လည်ပင်းကို လက်တစ်ဖက်ဖြင့် ညှစ်ကာ ကျန်လက်တစ်ဖက်က ရန်လုံ၏ဝမ်းဗိုက်ကို

ထိုးဖောက်လိုက်သည်။ရန်လုံက မချိမဆန့်

‘အီ’ ကနဲအသံထွက်ကာ ငြိမ်ကျသွားသည်။

ထိုသူက ရန်လုံ၏ဝမ်းဗိုက်အတွင်းမှ လက်ကိုပြန်ဆွဲထုတ်လိုက်ရာ အူများ ကလီစာများက လုံးထွေးပါလာသည်။

ထိုကလီစာများကို သူကအားရပါးရ ပလုပ်ပလောင်းစားလိုက်သည်။ထို့နောက်

ပါးစပ်တွင် ပေနေသော သွေးစသွေးနများကို

စင်အောင်သုတ်လုပ်ပြီး အိမ်ပေါ်သို့ ခြေသံလုံစွာဖြင့်ပြန်တက်အိပ်နေလိုက်သည်။

 

* * *

 

“ဆရာတော်ဘုရား…တပည့်တော်တို့မိသားစုကို ကယ်တင်တော်မူပါဘုရား”

 

ထပ်ခါထပ်ခါကြားနေရသောအသံကြောင့်

ဆရာတော်ကြီးကျိန်းစက်နေရာမှနိုးလာသည်။ဘယ်ကအသံပါလိမ့်…။ဆရာတော်ကြီးက ပတ်ဝန်းကျင်ကို ဝေ့ဝဲကာစူးစမ်းလိုက်သည်။

လရောင်အောက်တွင် ရေပြင်ကျယ်ကြီးကိုမြင်တွေ့လိုက်ရမှ

ကျောက်နဂါးအင်းသို့ရောက်နေကြောင်း

သတိထားမိသည်။

 

“ဆရာတော်ဘုရား…တပည့်တော်ကို ကယ်တင်တော်မူပါ”

 

အသံက ဆရာတော်၏ နောက်ဘက်နားလေးမှထွက်လာပြန်သဖြင့်

လှည့်ကြည့်လိုက်ရာ ကိုစိန်မောင်ကို တွေ့လိုက်ရသည်။

 

“သြော်…ဒကာကြီးစိန်မောင်…ဘာဖြစ်လို့လဲကွယ့်…”

 

“တင်ပါ့ဘုရား….တပည့်တော် သေဆုံးသွားတာ တစ်ပတ်ကျော်ပြီဘုရား”

 

“ဟေ…ဒကာက သေပြီ…ဟုတ်လား…ဒကာကြီးက အသက်ရှင်နေတုန်းပဲမဟုတ်လား”

 

“မဟုတ်ပါဘူးဘုရား…တပည့်တော် ရှင်းပြ

လျှောက်ထားပါ့မယ်ဘုရား…ဖြစ်ပုံက ဒီလိုပါဘုရား”

 

“တုံ…..တုံ…..တုံ…တုံတုံတုံ…..”

 

အုန်းမောင်းခေါက်သံကြောင့် ဆရာတော်

ကျိန်းစက်နေရာမှ နိုးလာသည်။အိပ်နေရာမှ

ချက်ချင်းထကာ ခြေလက်သန့်စင်လိုက်သည်။ထို့နောက် ကျောင်းအောက်မှ ကပ္ပိယကြီးဦးဘခင် ကိုလှမ်းခေါ်လိုက်သည်။စာတစ်စောင်ကို

အမြန်ရေးကာ ကပ္ပိယကြီးအားလှမ်းပေးလိုက်ပြီး…

 

“ကဲ ကပ္ပိယကြီး…ဒီစာကို ဒကာကြီးစိန်မောင်ရဲ့ ဇနီး ဒကာမလေးမခင်မြကို တိုးတိုးတိတ်တိတ်ပေးလိုက်ကွယ့်…ဒကာကြီးစိန်မောင်ကိုတော့မသိစေနဲ့…ပြီးတော့ သူတို့သားအမိသုံးယောက်လုံးကို တစ်ခါတည်းကပ္ပိယကြီးနဲ့အတူခေါ်ခဲ့…

လိုကာမယ်ကာ ဟောဒီပရိတ်ရေဘူးလေး

ယူသွား…တကယ်လို့ ဒကာစိန်မောင်က ပြဿနာ ရှာလာမယ်ဆိုရင် ပရိတ်ရေနဲ့ပက်ပေါ့…ကဲကဲ…သွားတော့”

 

ကပ္ပိယကြီးက ဆရာတော်အားနားမလည်

ဟန်ဖြင့်ကြည့်လိုက်သည်။သို့သော်…ဘာမှပြန်မပြောဖြစ်ပဲ ဆရာတော်အားဦးချကာ ကိုစိန်မောင်တို့အိမ်ဘက်သို့ထွက်ခဲ့သည်။

အချိန်က မနက် လေးနာရီခွဲခန့်။ရွာလမ်းတစ်လျှောက် လကထိန်ထိန်သာလျှက်။ကပ္ပိယကြီးလည်း

မပြေးရုံတမယ်ခြေလှမ်းများဖြင့်ကိုစိန်မောင်တို့နေထိုင်ရာ ခြံကလေးဆီသို့လှမ်းခဲ့သည်။

ခြံကလေးအတွင်းမှ ကိုစိန်မောင်တို့အိမ်အနီး

ရောက်တော့ အိမ်ဘေးဘက်တွင် မီးဖိုထားသည်ကိုတွေ့လိုက်ရသည်။မခင်မြ

ထမင်းထချက်နေပြီဟု သိလိုက်ရသည်။

အိမ်ပတ်ဝန်းကျင်သည် တစ်ခုခု ထူးခြား

နေသည်ဟု သူထင်လိုက်မိသဖြင့် ဘာများထူးခြားပါလိမ့်ဟု သေချာလေ့လာကြည့်လိုက်သည်။

 

“ဟာ…လရောင်က ဒီအိမ်ပေါ်ကိုမကျပါလား…ဒီအိမ်တစ်နေရာတည်း မဲမှောင်နေပါလား…”

 

အမှန်ပင် လရောင်က ထိုအိမ်ပတ်ဝန်းကျင်ကို မကျ။အိမ်ဝန်းကျင်တစ်ခုလုံး မှောင်မိုက်လျှက်။ကပ္ပိယကြီးက ချောင်းဟန့်ကာ ပြောလိုက်သည်။

 

“အဟမ်း အဟမ်း…မခင်မြရေ…ဆွမ်းချိုင့်လာပေးတာဟေ့…ဒီမှာလာယူလှည့်”

 

“ဟင် ကပ္ပိယကြီး လာတာလား…ကျောင်းသားတွေလွှတ်လိုက်လည်းရသားနဲ့”

 

မခင်မြက ပြောပြောဆိုဆို ကပ္ပိယကြီးထံ ရောက်လာသည်။ကပ္ပိယကြီးက ဆွမ်းချိုင့်ကို လှမ်းပေးရင်း အခြားလက်တစ်ဖက်မှ ဆရာတော်ရေးပေးလိုက်သော စာကိုပါ

ပေးလိုက်သည်။ထို့နောက်..

 

“ကဲ…ငါဒီမှာပဲစောင့်နေမယ်…နင့်ကလေးတွေကို ခုပဲသွားနှိုးပေတော့…နင်တို့အိမ်မှာ တစ်ခုခုဖြစ်နေပြီထင်တယ်”

 

ဟုလေသံတိုးတိုးဖြင့်ပြောလိုက်သည်။

မခင်မြကလည်း နားလည်စွာ ခေါင်းညှိတ်ပြသည်။ထို့နောက် မီးဖိုနားသွားကာ ဆရာတော်ပေးလိုက်သော

စာအားဖတ်ကြည့်လိုက်သည်။

 

“ဒကာမကြီး…ကပ္ပိယကြီးနဲ့အတူလိုက်ခဲ့ပါ..

ဒကာကြီးစိန်မောင်ကိုယ်ထဲမှာ အပမှီနေတယ်…ဆရာတော်”

 

မခင်မြလည်း အိမ်ပေါ်သို့ ခြေသံဖွဖွနင်းကာ

တက်သွားပြီး သမီးကြီးနှင့် သားငယ်လေးတို့အား နှိုးကာ ပြန်ဆင်းခဲ့သည်။စောင့်နေသော ကပ္ပိယကြီးထံရောက်သောအခါ သူတို့လည်း မပြေးရုံတမယ်ခြေလှမ်းများဖြင့် ဘုန်းကြီးကျောင်းရှိရာသို့ထွက်ခဲ့သည်။

ရွာလည်သို့အရောက်တွင် သူတို့၏နောက်မှ

ခြေသံတစ်ခုကိုကြားလိုက်ရသဖြင့်လှည့်ကြည့်လိုက်ရာ ကိုစိန်မောင် ကိုတွေ့လိုက်ရသည်။သူတို့လည်း ကလေးနှစ်ယောက်အား တစ်ယောက်စီချီကာ သုတ်ခြေတင်ပြေးခဲ့တော့သည်။

 

“ဟေ့ကောင်မတွေ..နင်တို့ကိုဘာပြောထားလဲ…သေချင်နေကြပြီပေါ့…

ဟုတ်လား…ခုရပ်စမ်း”

 

ဆို၍ အော်ဟစ်ကာပြေးလိုက်လာသည်။

ကံကောင်းထောက်မစွာဖြင့် သူတို့လူစုကို

မီလုမီခင်တွင် ကျောင်းဝင်းအတွင်းသို့

သူတို့ရောက်သွားသည်။ကိုစိန်မောင်က ကျောင်းဝင်းထဲမဝင်၊အပြင်မှနေ၍ အော်ဟစ်ပြောဆိုကြိမ်းမောင်းကာ ကျန်ခဲ့သည်။သူတို့ကျောင်းပေါ်သို့ရောက်သောအခါ အာရုဏ်ဆွမ်းဘုန်းပြီး၍ သူတိုအား စောင့်နေသော ဆရာတော်အား

တွေ့လိုက်ရသည်။သူတို့က ဆရာတော်အား

ဦးချလိုက်ပြီးသည်နှင့် ဆရာတော်က မိန့်သည်။

 

“ကဲ ဒကာမကြီး…ဖြစ်ကြောင်းကုန်စင်ကို

လျှောက်တင်ပေတော့…ဒကာကြီးစိန်မောင်ပြောပြလို့ သိသင့်သလောက်တော့ ဆရာတော်လည်းသိပြီးပါပြီ…ကြည့်စမ်း

ညည်းသမီးကြီးလည်း အတော်လေးကို

ပိန်သွားတာပါကလား”

 

ဟုတ်ပါသည်…အေးလှမှာ ရက်ပိုင်းအတွင်းတွင်ပင်အရိုးပေါ်အရေတင်ကာ ပိန်လှီသွားသည်။မခင်မြက အံ့အားသင့်စွာပြန်မေးလျှောက်လိုက်သည်။

 

“ကိုစိန်မောင်လာပြောပြတာ…ဟုတ်လားဘုရား”

 

“အေး ဟုတ်တယ် ဒကာမကြီးရေ…သူ့ခမျာလည်း ဒကာမကြီးတို့ကို အရမ်းစိတ်ပူနေရတယ်ကွယ့်”

 

မစိန်မြ မျက်ဝန်းမှမျက်ရည်များ ရစ်ဝဲကျလာသည်။သူမ ထင်သည့်အတိုင်း ဖြစ်နေပါပကောလား။

 

“ဖြစ်ပုံက ဒီလိုပါဘုရား”

 

* * *

 

“မေမေရေ….ရန်လုံသေပြီ…ဟီးဟီး…ဗိုက်ပွင့်ပြီးသေနေတာ…အူတွေလည်းမရှိတော့ဘူး”

 

အိမ်အောက်မှ သားငယ်လေး သံချောင်း၏ အသံကြောင့် မနေ့နေ့လည်က အခြောက်လှမ်းထားသော အမဲသားတွဲကို

လိုက်ရှာနေသော မခင်မြ အိမ်အောက်သို့

ပြေးဆင်းသွားသည်။ဟုတ်ပါသည်…ရန်လုံ

မှာ ဗိုက်ပွင့်ကာ သွေးအိုင်ထဲ အသက်ပျောက်နေလေပြီ။အတွင်းကလီစာများမရှိတော့။

 

“ဟဲ့…ဘယ်လိုဖြစ်တာလဲဟဲ့…အမဲသားလှန်းထားတာလည်းပျောက်နေတယ်”

 

မခင်မြက ညည်းညူလိုက်ကာ အိမ်ပေါ်ပြန်တက်ခဲ့သည်။သမီးကြီးက ဖခင်ဖြစ်သူက နှိပ်ခိုင်းသဖြင့် နှိပ်နယ်ပေးနေသည်။သမီးကြီးကို ကြည့်ရသည်မှာ ပိန်သွားသကဲ့သို့ သူမထင်နေမိသည်။မျက်တွင်းများကျကာ

အသားအရည်က ဖြူဖတ်ဖြူလျော်ဖြစ်နေသည်။ကိုစိန်မောင်က ခါတိုင်း အနင်းအနှိပ်ခံလေ့ရှိသူမဟုတ်။

ယခုတော့ အချိန်ရလျှင်ရသလို နင်းနှိပ်ခိုင်းနေတတ်သည်။သူမလည်း ထမင်းအိုးတည်ပြီးနောက် ရွာဘက်သို့

ဓျေးဝယ်ထွက်ရန်ပြင်ဆင်ကာ ဓျေးခြင်းတောင်းကို ဆွဲကိုင်လိုက်သည်။

 

“အမဲသားဝယ်ခဲ့”

 

ကိုစိန်မောင်က အေးစက်စက်လေသံဖြင့်ပြောသည်။

 

“မနေ့ကပဲ အမဲသားချက်ပြီးပြီလေ…ဒီနေ့

ငါးဟင်းချက်မလားလို့”

 

“မလိုဘူး…အမဲသားပဲဝယ်ခဲ့”

 

သူမ ဘာမှမပြောတော့ပဲ ရွာဘက်သို့ထွက်ခဲ့သည်။ကံကောင်းထောက်မစွာ အမဲပေါ်သူရှိ၍ အမဲသားရခဲ့သည်။ထိုနေ့ကလည်း ကိုစိန်မောင် တစ်နေကုန်ထမင်းမစား။ခေါ်လည်းမရ…

အိပ်၍သာနေသည်။ညဦးပိုင်းရောက်မှ ချက်ထားသောထမင်းနှင့် အမဲသားဟင်းများကိုအကုန်စားလိုက်သည်။သူမ ဘာမှပြန်မပြောမိ။

ညသန်းခေါင်ကျော်…

အပေါ့သွားချင်လာသဖြင့်မခင်မြ အိပ်နေရာမှ နိုးလာသည်။ဘေးတွင် ကိုစိန်မောင်ကို မတွေ့ရ။သူလည်း တပိုတပါး

သွားခြင်းဖြစ်မည်ဟု တွေးကာသူမ အိမ်သာဘက်သို့ထွက်ခဲ့သည်။အိမ်သာက

အိမ်နှင့်ခပ်လှမ်းလှမ်းတွင်ဆောက်ထားခြင်းဖြစ်သည်။အိမ်သာဘေးမနီးမဝေးတွင်တော့

ကြက်အကောင် သုံးဆယ်ခန့်မွေးထားသော

ကြက်ခြံရှိသည်။သူမ အိမ်သာအနီးသို့အရောက်တွင် ကြက်ခြံဘက်မှ ကြက်များလန့်အော်သံကို ကြားလိုက်ရသဖြင့် သူမ နားစွင့်ကာ ခြေသံလုံလုံဖြင့် ကြက်ခြံအတွင်း လှမ်းကြည့်လိုက်သည်။သူခိုး ကပ်နေတာလား။အသံများပြန်လည်ငြိမ်သက်သွားသည်။တစ်စုံတစ်ယောက်သည် ဆူဖြိုးသော ကြက်နှစ်ကောင်ကို လက်တစ်ဖက်စီတွင်ဆွဲကာ သစ်ပင်ရိပ်တစ်ခုသို့ထွက်သွားသည်။သူမ အသာအယာ နောက်မှလိုက်ကြည့်မိသည်။

သူခိုးပေပဲ…ဘယ်သူပါလိမ့်…။ထိုသူက…

သစ်ပင်အောက်တွင် ထိုင်ကာ လည်လိမ်ထားသဖြင့် ဆန့်ငင်ဆန့်ငင်ဖြင့်

အကြောဆွဲနေသော ကြက်တစ်ကောင်၏

လည်ပင်းကို ကိုက်ဖြတ်လိုက်သည်။ထို့နောက် ပန်းထွက်လာသောသွေးများကို ပါးစပ်ဖြင့်

ခံကာမော့သောက်နေသည်။

 

“အေမ့”

 

သူမ နှုတ်မှ ယောင်ယမ်းကာ အသံထွက်သွားမိသည်။ကိုစိန်မောင်ပါလား…ဘယ်လိုဖြစ်လို့ကြက်သွေးအစိမ်းကို သောက်နေပါလိမ့်။သူမ အသံကြောင့် ကိုစိန်မောင်က သူမရှိရာသို့ စောင်းငဲ့ကြည့်သည်။သူမကိုတော့ မြင်ဟန်မတူ။ထို့နောက် နောက်ထပ်ကြက်တစ်ကောင်ကိုလည်း

ထိုနည်းအတိုင်း လည်ပင်းကိုကိုက်ဖြတ်ကာ

သွေးများကို သောက်သုံးနေပြန်သည်။မခင်မြလည်း တိုးတိုးတိတ်တိတ်ဖြင့် နောက်သို့ပြန်လှည့်ကာ အိပ်ယာပေါ်တွင် ဟန်မပျက် ပြန်အိပ်နေလိုက်သည်။ခဏအကြာတွင်

အိမ်ပေါ်တက်လာသော ခြေသံတစ်ခုကို

တိုးတိုးလေးကြားလိုက်ရသဖြင့် တစ်ဖက်သို့ စောင်းကာ အိပ်ချင်ယောင်ဆောင်နေလိုက်သည်။

အိပ်ယာ သိမ့်ကနဲ ဖြစ်သွားသဖြင့် ကိုစိန်မောင်ပြန်ရောက်လာပြီမှန်း သူမ သိလိုက်ရသည်။သူမ ရင်တို့ တဒိတ်ဒိတ်ဖြင့်

တုန်ယင်နေသည်။နာရီဝက်ခန့်အကြာတွင်

ကိုစိန်မောင် ထံမှ အသက်ရှူသံ မှန်မှန် ထွက်လာသဖြင့် အိပ်ပျော်သွားပြီဟု

သုမ သိလိုက်ရသည်။ယောင်သလိုနှင့် ကိုစိန်မောင်ဘက်သို့လှည့်လိုက်သည်။

ထို့နောက် ပိတ်ထားသော မျက်လုံးတို့ကို

ဖွင့်ကြည့်လိုက်ရာ သူမကို ပြူးကျယ်သော

မျက်လုံးနီရဲရဲကြီးများဖြင့် ကြည့်နေသော

ကိုစိန်မောင်အားတွေ့လိုက်ရရာ သူမလည်း

လန့်မအော်မိစေရန် မနည်းထိန်းလိုက်ရတော့သည်။

 

“ဒီလိုဆိုရင် ဒကာမလည်းသိနေတာပဲပေါ့…

ဒါနဲ့များဘာလို့ ရွာက လူတွေကိုအကူအညီ

မတောင်းတာလဲကွယ့်”

 

“တင်ပါ့ဘုရား…တပည့်တော်မ လည်းအဲ့လိုလုပ်ချင်ပါတယ်ဘုရား…ဒါပေမယ့် အဲ့ညက

တပည့်တော် သူ့အကြောင်းသိသွားတာကို

သူကလည်း သိနေတော့ တပည့်တော်မ အပြင်သွားရင် သမီးကြီး…ဒါမှမဟုတ်ရင် သားငယ်လေးသံချောင်း တစ်ယောက်ယောက်ကိုသူ့အနားမှာခေါ်ထားတတ်တယ်ဘုရား…တပည့်တော်ကိုလည်း

ပြောသေးတယ်ဘုရား….ဒီအကြောင်းတွေ

သူများကိုလိုက်ပြောရင် နင်ပြန်လာရင်

နင့်ကလေးတွေသေပြီမှတ်တော့တဲ့ဘုရား….

ပြီးတော့ နင်လည်းသေမယ် ဆိုပြီး တပည့်တော်မကိုပြောတယ်ဘုရား…ဒါကြောင့်တပည့်တော်မလည်း ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေရတာပါဘုရား”

 

မခင်မြ၏ အသံက တုန်ရီနေသည်။ဘေးမှ သမီးကြီးနှင့်သားငယ်အားကြည့်ကာ မျက်ရည်များရစ်ဝိုင်းလာသည်။

 

“ကဲပါ…. ဒကာမကြီးရယ်…အခုဘာမှကြောက်ဖို့မလိုတော့ပါဘူးလေ…”

 

အရှေ့ဘက် ကောင်းကင်တွင် ရောင်နီသန်းလာပေပြီ…။ရောင်နီသည်…

အလင်းတို့၏ နိဒါန်းပင်မဟုတ်ပါလား။

 

* * *

 

“ဒါဆို…ကိုသံချောင်းတို့အဖေရဲ့ ကိုယ်ထဲမှာရှိနေတဲ့ ဖုတ်ကောင်ကို”

 

“အေးပေါ့ကွ…တစ်ဖက်ရွာက ပယောဂဆရာကြီးကို ဆရာတော်ကခေါ်ခိုင်းပြီး ထုတ်ခိုင်းလိုက်တာပေါ့…ထူးဆန်းတာက

အဲ့လိုဖုတ်ထုတ်တဲ့အချိန်မှာ ဆရာကြီးက

အခေါင်းတစ်လုံးကို အရင်ရိုက်ခိုင်းတယ်ကွ..အဲ့အခေါင်းကို

အိမ်ရှေ့မြေကွက်လပ်မှာချခိုင်းပြီးမှ ဖုတ်ကောင်ကိုထုတ်တာကွ…ပထမတော့ အာခံနေသေးတယ်…နောက်တော့ ဆရာကြီးကိုသူမနိုင်မှန်းသိတော့ထွက်ပြေးရတာပေါ့…အဲ့မှာဆရာကြီးက သူ့ကို ကိုယ်တိုင် အခေါင်းထဲပေးဝင်တာကွ…

အခေါင်းထဲမှာ ဆန့်ဆန့်ကြီးလည်းအိပ်ပြီးရော…ဖုတ်ကောင်ကထွက်သွားရော…အဲ့မှာပဲ အလောင်းကြီးက ချက်ချင်းပုပ်ပွပြီးလောက်တွေတောင်တွယ်နေတာကိုတွေ့ရတော့တာပဲကွာ”

 

ကိုသံချောင်းက စကားအဆုံးတွင် သူ့မျက်နှာက ဝမ်းနည်းရိပ်သန်းသွားသည်။

 

“ကျနော် စကားပြောမှားသွားတဲ့အတွက် တောင်းပန်ပါတယ် အကို”

 

ကျနော်က စိတ်ထဲမှ လိုလားစွာတောင်းပန်လိုက်သည်။သူက ကျနော့်ကို ပြုံး၍ ကြည့်သည်။

 

“ရပါတယ်ကွ…ဒါနဲ့ မင်း အဲ့အပင်ကြီးတွေဆီက တစ်ကောင်လောက်

မခေါ်သွားချင်တော့ဘူးလား”

 

ဟု ပြန်နောက်လိုက်သည်။

 

“မခေါ်တော့ပါဘူးဗျာ”

 

“လုပ်ပါဟ…တစ်ကောင်တည်းပါ…”

 

“ဟားဟားဟား…..”

“ဟားဟားဟား……”

 

သူတို့အားလုံးရယ်မောလိုက်မိကြသည်။

ပုဇွန်ဆီရောင် နေလုံးကြီးသည် အနောက်အရပ်သို့ တိုးဝင်နေပေပြီ။လောက တစ်ခွင်လုံး လိမ္မော်ရောင်တို့လွှမ်းခြုံနေသည်။သြော်…

ညတစ်ခု အစပြုပေတော့မည်။

 

ပြီးပါပြီ….

 

စာဖတ်သူများအား အစဉ်လေးစားလျက်…

 

ကြိုးစားပါဦးမည်…

 

#ငဓူဝံ

#ညမဖတ်ရ