ဖခင်တစ်ယောက်၏ မေတ္တာကွန်ချာ

*ဖခင်တစ်ယောက်၏ မေတ္တာကွန်ချာ *📖📖📖

*******************

မိဘတွေရဲ့ မေတ္တာတရားက တကယ်ကြီးမားလွန်းပါတယ်။

မာတာပီတ မိနှင့်ဖ။ အမေနဲ့ အဖေ။

သားသမီးအတော်များများက အမေကို ပိုချစ်ကြတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ သားသမီးတိုင်းက အမေ့မေတ္တာကြောင့် သွေးသားဆီကနေ စိမ့်ထွက် စီးဆင်းလာတဲ့ နို့ရည်ချိုကို သောက်စို့ခဲ့ရတာကိုး။ နောက်တစ်ခုက အနေနီးစပ်မှု။ ဒီတော့ အမေကို ပိုချစ်ကြတာ မဆန်းပါဘူး။

ဒါပေမယ့် တစ်ဖက်က အဖေကိုတော့ အမေနဲ့ ယှဉ်ရင် လျော့ရဲကြတယ်။ ခေတ်စကားအရပြောရင် အချစ်ပေါ့ကြတယ်။

ဒါဟာ ဘာကြောင့်လဲဆိုတော့ အထက်က ပြောခဲ့တဲ့ နှစ်ချက်ကို အဖေတွေက ပြုမူခွင့်မရကြဘူးလေ။ ခြွင်းချက်အနေနဲ့ အဖေကို ကဲကဲသာသာချစ်ကြသူတွေလည်း ရှိပါတယ်။

တကယ်တော့ မာတာရော ပီတကပါ သားသမီးတွေကို ချစ်ကြတာတော့ အတူတူပါပဲ။ အခုခေတ် တဏှာပူးပီး ခြေလွန်လက်လွန် ရလာတဲ့ သားသမီးကို စွန့်ကြသူတွေတော့ မပါဘူးပေါ့။

ထားပါတော့ ဒါက တမင် နိဒါန်းကိုးတာ။ ပြောချင်တာက ကိုယ်တိုင်ကြုံဖူးခဲ့တဲ့ ဆဋ္ဌမအာရုံခေါ်မလား၊ သားသမီးအပေါ်ထားတဲ့ မေတ္တာကွန်ချာ ခေါ်မလားဘဲ။

ဒီအထဲက မှတ်မှတ်ထင်ထင် နှစ်ခုသုံးခုလောက် ကျွန်တော်တော့ ပြောပြချင်တယ်။

ကျွန်တော် တောင်ပေါ်ဒေသကို စပြီးပြောင်းရတော့ သမီးလေးက သုံးနှစ်ကျော်။ ဇနီးသည် မွေးလုဖွားခင်။

ဇာတိမြို့ကနေ ပြောင်းလာပြီး တာ၀န်ကျတဲ့ဋ္ဌာနေဆီကို ရောက်တော့ အခန်းက မရှင်းလင်းရသေးဘူး။

အထဲမှာ ရှုပ်ပွပေရေနေတာ။ အဲ့ချိန် ဇနီးသည်က ကိုယ်လေးလက်၀န်ကြီးနဲ့ ကားမူးလို့ အော့အန်နေတယ်။

ဒါနဲ့ပဲ ကျွန်တော့်မှာ အိမ်နီးနားချင်းတွေအကူအညီနဲ့ အခန်းရှင်း ပစ္စည်းတွေခင်းနဲ့ တစ်နေကုန် တစ်ညလုံး အလုပ်ရှုပ်။

ညဘက်ရောက်တော့ ဇနီးသည်က ဗိုက်နာချင်လာတယ်။ အဲ့ဒါနဲ့ စောင့်ကြည့်ရင်း မိုးလင်းမှမှေးခနဲ အိပ်ပျော်သွားကြရလေရဲ့။

ဒါနဲ့ပဲ မိုးလင်းတော့ နဲနဲပြန်နာလာပြန်တယ်။ ရက်ချိန်းကလည်း နှစ်ပါတ်လောက်လိုသေးတော့ ခရီးလမ်းကြောင့် ကားစီးတာကြောင့် ကလေးများ ထိရော့သလားလို့ စိုးရိမ်စိတ်၀င်မိရတယ်။

ဒါနဲ့ ချက်ချင်းပဲ ဆေးရုံပြေးတော့ သားဖွားမီးယပ်ဆရာ၀န်က ကလေးက တအားထွားနေတာမို့ ချက်ချင်းမွေးဖို့ ပြောလာကော။

ကျွန်တော် ဘုရားတမိရတယ်။ မနေ့ကမှ အိမ်ထောင်ပြောင်းလာတာ ဒီနေ့ ဇနီးက ကလေးမီးဖွားရမယ်ဆိုလေတော့ လူက ထူပူနေပြီ။ မဖြစ်သာတော့လည်း မွေးလေပေါ့။

အဲ့ဒီ့နေ့ ညနေ ၆ နာရီမှာတော့ သားသားကို မီးဖွားခဲ့ပါလေရော။

အဲ့ဒီ့မှာ ပြဿနာထပ်တက်ပြန်တာက လူနာစောင့်ကိစ္စ။

အမျိုးသမီးဆောင်မှာ အမျိုးသားမစောင့်ရ စည်းကမ်းရှိတယ်။ အခြားစောင့်ပေးမယ့်သူကတည်း မရှိတော့ သမီးလေးလက်ကို ဆွဲရင်း ကျွန်တော် တိုင်ပတ်ရပြီ။

ဒါနဲ့ နောက်ဆုံးတော့ မနေသာတဲ့ အစ်မတစ်ယောက်က အဲ့ဒီ့ညကို စောင့်ပေးလာတယ်။

ဒီလိုနဲ့ မွေးပြီးပြီးချင်း တစ်ညတာ အဆင်ပြေခဲ့ရတယ်။

ဒါပေမယ့် နောက်တစ်ညကျတော့ လူနာစောင့်က မရှိတော့ပြန်ဘူး။ ဒီအခါမှာတော့ ဆေးရုံအုပ်က ကျွန်တော်တို့ကို သနားတာလားမသိ၊ အမျိုးသားကို စောင့်ပါစေဆိုတော့ ကျွန်တော်တို့သားအဖ ဇနီးသည်နဲ့ သားလေးရဲ့ ကုတင်နံဘေးမှာ စောင့်အိပ်ခွင့်ရကြတယ်။

ပထမညမှာတော ကိစ္စမရှိဘူး။ အဲ…ကိစ္စရှိလာတာက ဒုတိယည။

အဲ့ဒီ့ည သမီးလေးက ကျွန်တော့်ရဲ့ ဘယ်ဘက်မှာ အိပ်နေတယ်။ ရုတ်တရက် အိပ်မောကျနေတဲ့ မှိတ်စက်ထားတဲ့ ကျွန်တော့်မျက်လုံးထဲမှာ သမီးလေးဆီကို ရှည်မျောမျော အကောင်တစ်ကောင် ပြေးလာနေတာ။

ကျွန်တော် စိတ်က လန့်ခနဲ။ မျက်လုံးတောင် မဖွင့်နိုင်ခင် သမီးလေးကို ညာဘက်ကို ဆွဲပွေ့ချလိုက်တယ်။ ပြီးတော့ လက်က ပြေးလာတဲ့ အကောင်ကို ပုတ်ထုတ်လိုက်မိတာ။

” ကင်း…ကင်း…”

ကျွန်တော်အော်မိတော့ အားလုံးနိုးလာကြတယ်။ အဲ့ဒီ့အချိန် သမီးကို ချီပြီး ကျွန်တော် အိပ်ရာဆီက ပြေးထွက်ပြီးနေပြီ။ ရဲရဲနီနေတဲ့ နစ်ထွာကျော်ကျော် တောင်ပေါ် ကင်းခြေများက ကျွန်တော်သားအဖရဲ့ စောင်ပုံထဲမှာ။

သမီးကို သူ့အမေဆီ ပေးလိုက်ပြီး စောင်ကို ဖြည်ချလိုက်တော့ အထဲက လိမ့်ပြီး ထွက်လာတဲ့ ကင်းခြေများကောင်။

ဘာမှမတွေးနိုင်ခင်မှာ ငါ့သမီးကို ကိုက်မိရင်ဆိုတဲ့အသိက ၀င်လာပြီး ဖနောင့်နဲ့ အကြိမ်ကြိမ် ပေါက်ချနေမိလိုက်တော့တယ်။

ဒါက တစ်ကြိမ်။

နောက်တစ်ခါကျ သမီးလေးနဲ့အတူ ကုတင်ပေါ်မှာ အိပ်နေမိတယ်။

ရုတ်တရက် မျက်စိတွေ မှိတ်ထားတဲ့ ကျွန်တော့်မြင်ကွင်းမှာ သမီးလေးလိမ့်ထွက်ပြီး ကုတင်အောက်ကို ပြုတ်ကျတာ။

၀ုန်းခနဲ ကျွန်တော် ထဆွဲလိုက်မိတယ်။ တော်သေးတယ်။ သမီးလေး အောက်ကို မကျဘူး။ ကျွန်တော်လက်ထဲမှာ တန်းလန်းလေး။ တကယ်လို့သာ အောက်ကို ကျရင်တော့ အကာအကွယမရှိ သံမံတလင်းပေါ်ကို သမီးကျမှာ။ ကုတင်ကလည်း ပေါင်လယ်လောက်ရှိတယ်။ ကျသာကျသွားရင် မတွေးဝံ့စရာဘဲ။

ဒါက ကြုံဖူးတာတွေထဲက မှတ်မှတ်ထင်ထင် နှစ်ခုကို ပြောပြတာ။ယ

ှနှစ်ကြိမ်စလုံးမှာ ကျွန်တော် မျက်စိမှိတ်ပြီး အိပ်မောကျနေခဲ့တယ်။ ဒါပေမယ့် သမီးအပေါ် ကျရောက်လာမယ့် အန္တရာယ်ကိုတော့ မျက်စိဖွင့်ထားသူလိုပဲ ကျွန်တော်မြင်နေရတယ်။

ကျွန်တော့်လိုပဲ လူတိုင်းနီးပါးလည်း ကြုံဖူး ဖြစ်ဖူးကြမယ် ထင်ပါရဲ့။

ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ အခုနံဘေးမှာ အိပ်နေတဲ့ သမီးလေးကိုကြည့်ပြီး စိတ်ကူးပေါ် သတိရမိလို့ “ဖခင်တစ်ယောက်၏​ေမ​တ္တာကွန်ချာ” ရယ်လို့ ခေါင်းစဉ်တပ် စာဖွဲ့ပြီး ရေးချလိုက်ပြီ။

စာ​ရေးသူ =နောင်ရိုး (ဆေးတပ် )အားလေးစားလျက်

ရွင်လန်းချမ်းမြေ့ကြပါစေ

Like&shareလေးနဲ့အားပေးကြပါအုံး