“ဖားသည်မအေးရီ”(စ/ဆုံး)

“ဖားသည်မအေးရီ”(စ/ဆုံး)

=====================

“ဟောဒီကဖားကင်တွေရမယ်နော်
ဖားကင် ယူကြအုံးမလား”

“ဟဲ့အေးရီ လာဦး”

“ဟုတ်လာပြီ ကိုဘထွန်း”

အရက်ဆိုင်ထဲမှာအရက်သောက်နေတဲ့
ကိုဘထွန်းကခေါ်လိုက်သဖြင့်မအေးရီ
လည်းဆိုင်ထဲကိုဝင်လာခဲ့သည်။

“ဖားကင်တစ်ကောင်ဘယ်လောက်လဲ”

“တစ်ကောင်၅၀၀ပါ”

“ဟဲ့နင့်များကစျေးကြီးလိုက်တာ”

“မကြီးပါဘူးကိုဘထွန်းရယ်
ကျွန်မဒီဖားတွေရဖို့ဘယ်လောက်
ဒုက္ခများလဲအဲ့ဒါရှင်သိလား”

“အေးပါ အေးပါ
ငါ့ကိုဖားကင်၃ကောင်ပေး”

“ရမယ်”

“ရော့ဒီမှာ၁၅၀၀ အေးရီ”

မအေးရီလည်းကိုဘထွန်း
ပေးသည့်ငွေ၁၅၀၀ကိုလှမ်းယူလိုက်သည်။

“ဒါဘာလုပ်တာလဲကိုဘထွန်း
ရှင့်လက်ကိုလွှတ်လိုက်နော်
ပြီးမှကျွန်မအဆိုးမဆိုနဲ့…”

“ငါကနင့်ကိုငွေ၁၅၀၀တင်မဟုတ်ဘူး
ငါ့ရဲ့အချစ်၁၅၀၀ကိုပါပေးချင်လို့ပါ
အေးရီရယ်… ”

“ရှင်ပြောလေကဲလေပါလား”

“ကဲဟယ် ……ဖြန်း”

“အားကျွတ်ကျွတ်ကျွတ်”

“ဟင်… အေးရီနင်ငါ့ကိုပါးရိုက်တယ်”

“ဟုတ်တယ်လေ ရိုက်တယ်
ဘာဖြစ်လဲ၊ရှင်ကျွန်မလက်ကိုဆွဲထားလို့
ပါးရိုက်လိုက်တာအဲ့ဒါဘာဖြစ်လဲ”

” ဒီမယ်အေးရီ နင်ငါ့ကိုလူလည်ခေါင်မှာပါးရိုက်တဲ့
အတွက်နင့်ကိုငါခွင့်မလွှတ်ဘူး။

“ခွင့်မလွှတ်တော့ကျွန်မက
ဘာလုပ်ရမှာလဲ ဂရုစိုက်နေရမှာလား။
မိန်းမဆိုပေမယ့် အလိုမတူပဲ
စော်ကားမော်ကားလာလုပ်လို့ကတော့
အေးရီမလက်ကပါးမရွေးဘူးဆိုတာ
မြဲမြဲမှတ်ထား ကိုဘထွန်း ဒါပဲ
ကျွန်မသွားမယ်……”

“တောက်”

မအေးရီလည်းဖားကင်ဗန်းကို
ရွက်ကာအရက်ဆိုင်ထဲမှထွက်သွားသည်။
ကိုဘထွန်းလည်းတက်တစ်ချက်ခေါက်
ရင်းအရက်ဆိုင်ထဲမှာကျန်နေခဲ့တော့
သည်။

=============

“ဂွမ်း”

“ဟဲ့ဖြည်းဖြည်းလုပ်ပါသမီးရယ်
လန့်လိုက်တာဘာဖြစ်လာတာလဲ”

“ဘာဖြစ်ရမလဲ
ဟိုနှာဗူးကိုဘထွန်းပေါ့။
စျေးဝယ်ရင်အသာမဝယ်ဘူးလက်ကိုဆွဲထားလို့ပါးရိုက်ပစ်ခဲ့တယ်အေးရော”

“သမီးရယ်ဒေါသကိုထိန်းမှပေါ့
ကိုယ်ကမိန်းကလေး တော်ကြာ
ဟိုကအားကောင်းမောင်းသန်နဲ့
လုပ်လိုက်မှဖြင့်”

“အိုအမေကလည်း
ကြောက်မနေနိုင်ပါဘူး။
ကိုယ့်အသားလာထိမှတော့ အေးရီမတို့ကတော့ ပြန်ဆော်မှာပဲ
လုပ်ရဲတဲ့သူလာလုပ်ကြည့်စမ်းပါ”

“သမီးကပြောရင်နားမထောင်ဘူး
အမေလည်းအသက်ကြီးပြီ
ဘယ်သူနဲ့မှပြဿနာမဖြစ်ပဲ
အေးအေးဆေးဆေးနေချင်ပြီ
သမီးရယ်.”

“အမေအခုအေးဆေးမနေရလို့လား
သမီးလည်းစျေးဗန်းရွက်ပြီးအမေ့ကို
ရှာကျွေးနေတာပဲလေ။

“ဖြစ်နိုင်ရင်သမီးကို ဒီဖားကင်ရောင်းတဲ့အလုပ်ကို
မလုပ်စေချင်ဘူးသမီးရယ်။
အကုသိုလ်ဝဋ်ကြွေးတွေ
အင်မတန်ကြီးလွန်းလို့
အမေ့သမီးကိုမလုပ်စေချင်ဘူး”

“ဟာအမေကလည်း
သမီးမှတခြားဘာမှမှမလုပ်တတ်တာ
ဒီဖားသတ်တဲ့အလုပ်ပဲလုပ်လာတာ
နှစ်ချီနေပြီ တခြားဘာပြောင်းလုပ်ရ
မှာလဲ။
လုပ်လည်းမလုပ်ချင်ဘူး
ပြီးတော့အမေပြောတဲ့ အကုသိုလ်ဝဋ်ကြွေးဆိုတာ နောင်ဘဝတောင်ခံချင်မှခံရမှာ။
သတ္တဝါဆိုတာလူချွတ်မှကျွတ်တာ
အမေရဲ့……”

ပြောဆိုကာထွက်သွားသည့်
သမီးဖြစ်သူကိုကြည့်ပြီးဒေါ်မိခင်
သက်ပြင်းချလိုက်မိသည်။

==============

“ဖြန်း”

“ဟားဟား ရှယ်ပဲနည်းတဲ့အကောင်ကြီးမဟုတ်ဘူး။
ဒါငါ့အတွက်သပ်သပ်ချန်ထားရမယ်”

မိုးဖွဲထဲတွင်ကြိမ်တုတ်တစ်ချောင်းဖြင့်
ဖားရိုက်ထွက်လာသည့်
မအေးရီတစ်ယောက်ကုန်းကုန်းကွကွ
နှင့်အလုပ်ရှုပ်နေသည်။

“ဖောင်း”

အားပါလှသည့်မအေးရီ၏
ရိုက်ချက်များကြောင့်
ဖားကြီးများမရှုမလှအသက်ထွက်ကုန်ကြသည်။
ရလာသည့်ဖားများကိုပလိုင်းထဲ
ထည့်ထားလိုက်သည်။

“အင်း ဒီလောက်ဆိုတော်ပြီ
အချိန်လည်းမရှိတော့ဘူးပြန်မှပဲ”

မအေးရီလည်းဓာတ်မီးတစ်လက်ဖြင့်
ရွာထဲသို့ပြန်ဝင်လာခဲ့သည်။

“ရှပ် ရှပ် ရှပ်”

“ဒုန်း ဒုန်းဒုန်း”

ခြေသံပြင်းပြင်းနင်းလိုက်သည့်
အသံကြောင့်ဒေါ်မိခင်ခေါင်းထောင်ပြီး
ကြည့်လိုက်သည်။

“သမီးပြန်လာပြီလား
မိုးချုပ်လိုက်တာသမီးရယ်…”

“အမေကမအိပ်သေးပဲ
ဘာလုပ်နေတာလဲ…”

“သမီးပြန်အလာစောင့်နေတာပေါ့
အမေစိတ်ချလက်ချဘယ်အိပ်နိုင်ပါ့မလဲ”

“အမေရယ်ဒီနားနဲ့ဟိုနား
ဘာစိတ်မချစရာရှိလဲအလကား
ကြံဖန်ပြီးစိတ်ပူနေပြန်ပြီ”

“အေးပါသမီးရယ်
အိပ်ခါနီးရင်အင်္ကျီအဝတ်အစားလဲ
ပြီးမှအိပ်တော်ကြာဖျားနာနေလိမ့်မယ်”

“အင်းပါ မအိပ်သေးပါဘူး
မနက်ကိုခင်စိန်အရက်ဆိုင်က
အော်ဒါမှာထားသေးလို့ပြီးမှအိပ်မှာ
အမေအိပ်နှင့်တော့”

“အေးအေး သမီးအမေသွားအိပ်တော့မယ်”

ဒေါ်မိခင်လည်းမအိပ်ခင်
ဘုရားခန်းထဲဝင်ပြီးဘုရားရှိခိုးလိုက်သည်။

“နမော တဿ ဘဂဝတော
အရဟတော သမ္မာသမ္ဗုဒ္ဓဿ

“လူနတ်ဗြဟ္မာသတ္တဝါအပေါင်း
ဘေးရန်ကြောင့်ကျဆင်းရဲကင်း၍
ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ
ကောင်းကျိုးလိုအင်ဆန္ဒပြည့်ဝကြပါစေ”

ဘုရားခန်းထဲကထွက်လာသည့်
မေတ္တာပို့သံကပတ်ဝန်းကျင်သို့
အေးချမ်းစွာထွက်ပေါ်လာတော့သည်။

==============

“ကိုခင်စိန် ကိုခင်စိန်”

“သြော် အေးရီပါလား”

“ဟုတ်တယ် မှားထားတဲ့ဖားကင်တွေ
လာပို့တာပါ”

“အေးအားလုံးပေါင်းအကောင်၂၀နော်”

“ဟုတ်ပါတယ် ကျွန်မအပို၃ကောင်
ထည့်ပေးလိုက်တယ်နော်ကိုခင်စိန်
ပြည့်မပြည့်ရေကြည့်ပါဦး”

“အေးအေး”

“၁ ၂ ၃ ၄ ၅”

“ပြည့်တယ်အေးရီ အကိုက်ပဲ
အပို၃ကောင်နဲ့ဆိုရင်၂၃ကောင်
ရော့ဒီမှာပိုက်ဆံ ရေကြည့်ဦး”

မအေးရီလည်းကိုခင်စိန်
လှမ်းပေးသည့်ပိုက်ဆံများကို
ရေတွက်ကြည့်လိုက်သည်။

“၁၀၀၀၀ပြည့်တယ် ကိုခင်စိန်
ဒါဆိုကျွန်မပြန်ဦးမယ်”

“အေးအေး
နောက်တစ်ခါလည်းမှာဦးမယ့်ဟေ့
အေးရီ”

“အချိန်မရွေးမှာလို့ရပါတယ်ရှင်”

မအေးရီလည်းအော်ဒါမှာထားသည့်
ဖားကင်များကိုပို့ပြီးကျန်နေသည့်
ဖားကင်များကိုရွာထဲလှည့်ပြီးရောင်း
လိုက်သည်။

==============

“အမေရော့ ဒီမှာ၁၀၀၀၀”

“ဟယ်သမီးများလှချေလား
ပိုက်ဆံတွေက”

“ဒီနေ့အော်ဒါရှိတယ်လို့
အမေ့ကိုသမီးပြောထားတယ်လေ။
ကျန်တာကိုတော့နောက်ရက်
လိုတာသုံးဖို့ချန်ထားတယ်”

“အေးကွယ် အမေလည်း
ပိုက်ဆံရှိတုန်းအလှူလေးဘာလေး
လုပ်လို့ရတာပေ့ါ”

“ဒါကအမေ့သဘောပါ
လှူချင်လှူပေါ့၊ဒါနဲ့ထမင်းကျက်ပြီလား”

“ကျက်ပြီလေ”

“ဒါဆိုသမီးစားတော့မယ်”

“ဟင်းတွေကကြောင်အိမ်ထဲ
မှာရှိတယ်နော် သမီး”

“သမီးအတွက်ဟင်းမလိုပါဘူး
ဖားတစ်ကောင်ရရင်သမီးအတွက်
ဟင်းဖြစ်တယ်”

“သမီးရယ် ဖားတွေနေ့တိုင်းစားနေတာ
မမုန်းဘူးလား တစ်ခါတလေ
အပြောင်းအလဲလေးဖြစ်အောင်
စားဦးမွေပါ့”

“ရတယ် ကိစ္စမရှိဘူး
သမီးကထမင်းစားရင်ဖားမပါပဲ
မစားတတ်တာအမေလည်း
သိသားနဲ့”

“အေးပါ
သမီးအဆင်ပြေရင်ပြီးတာပါပဲ”

မအေးရီလည်းမီးဖိုထဲဝင်ကာ
ထမင်းခူးခပ်လိုက်သည်။
ထို့နောက်ထမင်းစားပွဲ၌ထိုင်ပြီး
ထမင်းနှင့်ဖားကင်ကိုအားပါးတရစား
တော့သည်။

“အင်း…စားလို့သိပ်ကောင်း”

“ဒါမျိုးမှအရသာရှိတာ”

မအေးရီတစ်ယောက်ဖားကင်ကို
ချီးမွမ်းခန်းဖွင့်ကာစားနေတော့သည်။

==============

“အမေ သမီးသွားတော့မယ်နော်”

“အေးအေး သမီးဂရုစိုက်သွားဦး”

“အင်းပါ အမေရဲ့”

မအေးရီလည်းဝါးခမောက်ကို
ဆောင်းပြီးမိုးဖွဲထဲထွက်သွားသည်။

===============

ဓာတ်မီးတစ်လက်ဖြင့်
ဖားရှာရိုက်ကာကျေနပ်သည့်
ဖားအကောင်ရေရမှပြန်ခဲ့သည်။

တချို့ အကောင်များကို
အရှင်ဖမ်းလာပြီးရေအိုးထဲထည့်ထား
လိုက်သည်။

နောက်နေ့မနက်လင်းတော့
ဒေါ်မိခင်တစ်ယောက်မျက်နှာသစ်ရန်
အတွက်ရေအိုးထဲအမှတ်မထင်ငုံ့ကြည့်
လိုက်သည်။

“ဟဲ့ သမီးဖားအရှင်တွေက
ဘာလုပ်ဖို့လဲ သမီးရဲ့”

“စားဖို့ပေါ့အမေရ”

“ဟင်…အရှင်တွေကိုသမီးက
စားမယ်ဟုတ်လား”

“ဟုတ်တယ်လေ
လတ်လတ်ဆတ်ဆတ်စားချင်လို့
အရှင်ဖမ်းလာတာ။
အသေသားစားရတာကြာတော့
ငြီးငွေ့လာလို့ ”

“ဘုရားဘုရား
သမီးရယ် ငရဲကြီးပြီးဝဋ်လိုက်လိမ့်မယ်
သမီးရဲ့”

“အို…ငရဲတွေဝဋ်တွေ
နားမလည်ဘူး ကိုယ်စားချင်သလို
စားရဖို့ပဲအရေးကြီးတယ်အမေ
ဘာမှလာပြောမနေနဲ့”

ဒေါ်မိခင်လည်းသမီးဖြစ်သူအား
ထပ်မံပြီးမပြောတော့ပဲအိမ်ထဲဝင်
လာခဲ့သည်။

“ဒီအမေနဲ့ခက်တော့တာပဲ
အသက်ကြီးလာရင်ပွစိပွစိနဲ့
နေရာတကာလိုက်ပြောနေတာ
နားငြီးလိုက်တာတကယ်ပဲ။

မအေးရီလည်းမိခင်ဖြစ်သူအား
ပြစ်တင်ပြောဆိုပြီးရေအိုးထဲမှ
ဖားအရှင်တစ်ကောင်အားနှိုက်ယူ
လိုက်သည်။

“ကဲဟယ် နင်တို့ကြောင့်ငါအပြောခံရတာ”

“ဂွက်”

နံဘေးမှာရှိသောငရုပ်ဂျပွေ့
နှင့်ဖားအရှင်လေးကိုထုသတ်လိုက်သည်။

ထို့နောက်ကျောကုန်းကို
ဓားထိပ်ဖြင့်ထိုးခွဲပြီးအရေခွံအား
ခွာလိုက်သည်။
ပြီးမှရင်ကိုခွဲကာအတွင်းမှအူများအား
ထုတ်ပစ်လိုက်သည်။

ဖားအကောင်ကိုဇိမ်ပြေနပြေ
လုပ်ပြီးမှမီးဖိုပေါ်တင်ကာကင်လိုက်
တော့သည်။

“ဟား အနံ့လေးကိုမွှေးနေတာပဲ
ဒီနေ့ထမင်းစားရင်တော့ရှယ်ပဲ”

“အမေ အမေ့အတွက်ဘာချက်လိုက်ရမလဲ”

“နေနေ အမေ့ပါသာအမေ
လက်ဖက်ကလေးသုပ်စားလိုက်မယ်”

“ဒါဆိုလည်းပြီးရောအမေရေ
သမီးကတော့ဖားသားလတ်”ဆတ်”
လေးနဲ့ဝါးတီးဆွဲပြီအမေရေ”

ဒေါ်မိခင်လည်းသမီးပြောသည့်
စကားများအားကြားပြီးခေါင်းသာ
တွင်တွင်ရမ်းမိတော့သည်။

“အင်း…ငါ့သမီးလေး
ဘယ်တော့များမှအသိတရားရပါ့မလဲနော်
အမေသမီးကိုကြည့်ပြီးကြောက်တောင်
လာပြီသမီးရယ်…”

==============

“အေးရီရေ အေးရီ”

“ဟဲ့…တင်လှဆွေပါလား
ငါ့ဆီဘာလာလုပ်”

“နင့်ကိုပြောစရာရှိလို့လာခဲ့တာအေ့”

“ဟင်…ဘာလဲပြောလေ”

“မနက်ဖြန်ရွာဦးကျောင်းမှာ
ကြာဇံဟင်းခါးတိုက်မှာတဲ့လေ
အဲ့ဒါငါမနက်ဖြန်သွားမလို့
နင်လည်းလိုက်မှာလား”

“အေးကြာဇံဟင်းခါးတော့
ငါလည်းကြိုက်တယ် လိုက်ခဲ့မယ်အေ”

“ဒါဆိုမနက်ဖြန်ငါလာခဲ့လှည့်မယ်”

“နေပါဦး ကြာဇံဟင်းခါးက
ဘာလို့တိုက်တာလဲ တင်လှဆွေရဲ့”

“ဆရာတော်မွေးနေ့မလို့
ကုသိုလ်ပြုနာလေ တစ်ရွာလုံးကြိုက်တဲ့
သူလာသောက်လို့ရတယ်တဲ့လေ
ဒါကြောင့်နင့်လာခေါ်တာအေ့”

“အေးပါ ငါလိုက်ခဲ့ပါ့မယ်
နင်သာဆက်ဆက်လာခေါ်နော်
ကောင်မ”

“အေးအေး
ငါသွားပြီသူငယ်ချင်း”

တင်လှဆွေလည်းအေးရီအား
နှုတ်ဆက်ပြီးထွက်သွားလေသည်။

==============

“သမီးဘယ်သွားမလို့အလှတွေ
ပြင်နေတာလဲ”

“ရွာဦးကျောင်းသွားမလို့အမေရေ”

“ဟဲ့ဘာလုပ်သွားမှာတုန်းသမီးရဲ့”

“ဆရာတော်မွေးနေ့တဲ့လေ
အဲ့ဒါရွာလုံးကျွတ်ကြာဇံဟင်းခါး
တိုက်မှာတဲ့အမေရဲ့
အဲ့ဒါသမီးရယ်တင်လှဆွေရယ်သွား
သောက်ကြမလို့”

“အေးအေး ဆရာတော်ဘုရားကိုလည်း
ဝင်ကန်တော့ခဲ့ကြနော်”

“အင်းပါအမေရဲ့”

“အေးရီရေ ပြီးပြီလား”

“ဝင်လာခဲ့တင်လှဆွေရေ”

“ဟယ်နင်ကပြင်လိုက်ဆင်လိုက်
တော့လည်းလှသားပဲအေးရီမရဲ့”

“အံမယ် ငါကမပြင်လည်း
လှပြီးသားပါတင်လှဆွေရယ်
ငါ့အလှကိုငါသိပါတယ်”

“အံမယ်ကောင်မ
ကိုယ့်ဟာကိုယ်အမွှန်းတင်နေပြန်ပြီ”

“ကဲလာသွားမယ်”

“အန်တီသွားပြီနော်”

“အေးအေး”

အေးရီနှင့်တင်လှဆွေလည်း
ရွာဦးကျောင်းဆီသို့ရောက်လာခဲ့ကြ
သည်။

ရွာထဲမှသက်ကြီးရွယ်အိုများ
ကလေးငယ်များ၊ကာလသားများနှင့်
အတူမိန်းမပျိုလေးများစွာလည်း
ဆရာတော်ကျောင်းဆီသို့ရောက်နေကြ
သည်။

ကျောင်းကြီးအလယ်၌
စားပွဲခုံအကြီးကြီးများစီရီစွာခင်းထားသည်
အငွေ့တထောင်းထောင်းထနေသည့်
ကြာဇံဟင်းခါးများကလည်း
သောက်ချင်စဖွယ်ကောင်းလွန်းလှသည်။

အေးရီနဲ့တင်လှဆွေလည်း
စားပွဲဝိုင်းတစ်ခု၌ဝင်ထိုင်လိုက်ကြသည်။

“ဟေ့ ဒီဝိုင်းကိုကြာဇံလာထည့်
ပေးလိုက်ဦးဟေ့ ကောင်လေးတွေ”

“လာပြီလာပြီ”

လူကြီးတစ်ယောက်ကအော်လိုက်
သဖြင့်ကြာဇံဟင်းခါးချိုင့်အား
ကိုင်ဆွဲထားသောကောင်လေးလည်း
အပြေးအလွှားရောက်လာသည်။

ထိုစဉ် အေးရီတို့ထိုင်နေသည့်
စားပွဲနားသို့ကလေးငယ်တစ်ဦး
ဖြတ်ပြေးသွားလေသည်။

“ဟေ့ ဟေ့ တိုက်မိမယ်ကလေး”

ကလေးငယ်လည်းအရှိန်မထိန်းနိုင်ပဲ
ကြာဇံဟင်းခါးချိုင့်ကိုင်ဆွဲလာသော
ကောင်လေးအားဝင်တိုက်မိသွားသည်။

“ဂွမ်း”

“အောင်မယ်လေး”

“ပူတယ် ပူတယ်”

“ဟာ”

“ဟင်”

“ဟာအေးရီအပေါ်ကိုကြာဇံချိုင့်ကြီး
မှောက်ကျသွားပြီ”

“အား…ပူတယ် ပူတယ်
လုပ်ကြပါဦး”

“ဟဲ့လုပ်ကြပါဦး
အပူလောင်နေတယ်
လာကြပါဦးကောင်လေးတွေ”

အေးရီလည်းမျက်နှာနှင့်
ခန္ဓာကိုယ်တစ်ခုလုံးအားအငွေ့
တထောင်းထောင်းထနေသည့်
ကြာဇံဟင်းခါးအရည်များ
ကြောင့်ငရဲကျသလိုခံစားနေရတော့
သည်။

“ဟဲ့ သူငယ်ချင်းမပွတ်နဲ့လေ
အရေခွံတွေကွာကျလာပြီ
အေးရီ မပွတ်နဲ့ဆိုနေဟာ”

“ပူတယ် ပူတယ်”

“ဘာဖြစ်ကြတာလဲဟေ့”

“ကြာဇံချိုင့်ကအေးရီအပေါ်
မှောက်ကျသွားတာပါဘုရား”

“ပေါ့ဆလိုက်ကြတာဒကာတို့ရာ
ဘယ်လိုဖြစ်ရတာလဲ”

“ကလေးတစ်ယောက်က
ပြေးလာပြီးကြာဇံချိုင့်ပုံးနဲ့
ဝင်တိုက်မိပြီးအေးရီအပေါ်
လောင်းမိသွားတာပါဘုရား”

“မဖြစ်ဘူးမဖြစ်ဘူး
ဒီဒကာမကိုဆေးရုံမြန်မြန်ပို့ပေးလိုက်ကြ”

“တင်ပါ့ဘုရား”

ကာလသားများလည်း
ပြာပြာသလဲဖြစ်ကာအေးရီအား
ဆေးရုံသို့ပို့ဆောင်ရန်စီစဉ်ကြ
တော့သည်။

============

“အန်တီမိခင် အန်တီမိခင်”

“ဘယ်သူလဲ”

“ကျွန်မတင်လှဆွေပါ
အန်တီ့သမီးအေးရီလေ အေးရီ”

“ငါ့သမီးလေးဘာဖြစ်လို့လဲ”

“ကြာဇံချိုင့်ကသူ့အပေါ်မှောက်ကျပြီး
အပူလောင်လို့အခုဆေးရုံပို့ထားကြတယ်”

“ဟေ…လုပ်လုပ်ကြပါဦး
ငါ့သမီးလေးကို ကယ်ကြပါဦး”

“အန်တီမိခင်ကျွန်မနဲ့
လိုက်ခဲ့ဆေးရုံကိုလိုက်သွားရအောင်”

“အေးအေး”

ဒေါ်မိခင်လည်းသားသမီး
အပေါ်ထားသည့်မေတ္တာတရားကြောင့်
ပြာပြာသလဲဖြစ်နေတော့သည်။

===========

“အမေ့သမီးလေး ဘယ်လိုဖြစ်ရတာလဲ
ကြည့်ပါဦးမျက်နှာတစ်ခုလုံးလည်း
ရစရာမရှိတော့ဘူး။
အပူလုံးကြီးတွေကမျက်နှာပြင်တစ်ခုလုံး
ပြည့်နေတာပဲ သမီးလေးရယ်”

“အီးဟီးဟီး”

“အမေ သမီးတစ်ကိုယ်လုံး
ပူလောင်လိုက်တာအမေရယ်
သမီးကိုကယ်ပါဦးနော်”

“အင်း အင်းအမေ့သမီးလေးကို
အမေကယ်မှာပေါ့သမီးရဲ့။
ဒီကဆရာဝန်ကြီးတွေကလည်း
သမီးကိုအကောင်းဆုံးကုသပေး
ပေးနေတာပဲလေ”

“သမီးမျက်နှာအရင်လို
ပြန်မဖြစ်တော့ဘူးလားအမေ
သမီးဒီလိုဘဝကြီးမှာမနေချင်ဘူး
သမီးရှက်တယ်”

“အို…သမီးရယ်ဘာတွေပြောနေတာလဲ
အမေတစ်ယောက်လုံးရှိတယ်လေ
ဘာမှအားငယ်မနေနဲ့နော်”

“အမေ အမေပြောတာ
သိပ်မှန်တာပဲအမေရယ်”

“ဘာကိုလဲသမီးလေးရဲ့”

“ဝဋ်လိုက်လိမ့်မယ်ဆိုတာလေ
အမေပြောတဲ့ငရဲတွေဝဋ်တွေက
သမီးဆီရောက်လာကြပြီထင်တယ်
အမေ။
သမီးကြောက်တယ်အမေ”

“သမီးလေးရယ် ဘာမှမဖြစ်ပါဘူး
သမီးလေးစိတ်ကိုအေးအေးထားနော်”

“ပူ ပူလိုက်တာအမေရယ်
သမီးကိုကူညီပါဦးနော်”

“အေးအေး အမေ့သမီးလေး
အနားမှာအမေအမြဲရှိတယ်နော်
သမီးဘာမှမကြောက်နဲ့
စိတ်ကိုအားတင်းထား”

“အမေသမီးဆေးရုံက
ဆင်းရင်လေစျေးမရောင်းရဲတော့ဘူး
သမီးရဲ့ဒီမျက်နှာကြီးကိုလည်း
ဘယ်သူမှကြည့်ရဲမှာမဟုတ်ဘူး
အမေ သမီးသေသာသေလိုက်ချင်တယ်
အမေရယ် အီးဟီးဟီး”

“သမီးရယ်အမေ့ကို
ဒီလိုစကားတွေမပြောပါနဲ့လား
သမီးရယ်၊သမီးစျေးမရောင်းရဲရင်
အိမ်မှာပဲနေပေါ့ အမေရှာကျွေးမှာပေါ့
သမီးရယ် နော် ဘာမှစိတ်အားမငယ်နဲ့
သမီးလေးအမေရှိတယ်နော်”

“ဟုတ်ကဲ့ပါအမေ”

မအေးရီလည်းဆေးရုံကဆင်းပြီး
ပျက်စီးသွားသည့်မျက်နှာကြောင့်
အိမ်ထဲမှအိမ်အပြင်သို့မထွက်တော့ပေ။

ဖားလေးတွေမြင်တိုင်းပြုခဲ့ဖူးသည့်
ပုံရိပ်ယောင်များကိုပြန်မြင်ယောင်ကာ
နောင်တအကြီးအကျယ်ရနေတော့သည်။

ဖားသည်မအေးရီ ဘဝက
ပြုခဲ့ဖူးသည့်အကုသိုလ်ဝဋ်ကြွေးများက
သူ့ကိုပြန်လည်ဒဏ်ခက်လိုက်သည်ဟု
မအေးရီတထစ်ချယုံကြည်နေမိ
တော့သည်။

ထိုနေ့မှစပြီးမအေးရီလည်း အကုသိုလ်၏အပြစ်ကိုသိရှိကာ
အကုသိုလ်နှင့်ကင်းအောင်
နေထိုင်လေတော့သည်။

“ဝဋ်မှာအမြဲ ငရဲမှာအပ”

ပြီးပါပြီ………

တခြားသူတွေလည်းဗဟုသုတရအောင်
Shareသွားကြနော်စာဖတ်သူတို့ချစ်မိတ်ဆွေများ

#စာ​ရေးသူ-အောင်ဓူဝံအားလေးစားချက်