“အစိမ်းသေကျတ်တစ္ဆေ “(စ/ဆုံး)

“အစိမ်းသေကျတ်တစ္ဆေ “(စ/ဆုံး)

———————————————

” ကြံဝိုင်း သင်္ချိုင်း ” ဆိုတာ၊ 1990 အရှေ့ပိုင်းမှာမွေးသူ
တွေပဲသိတဲ့ ကျနော်တို့ဘက်က သင်္ချိုင်းတစ်ခုပါ။

1990 ပြည့်နှစ်မှာ မြေနေရာအခတ်အခဲကြောင့် နေရာ
ပြောင်းရွှေ့လိုက်ရတဲ့ သင်္ချိုင်းတစ်ခုဆိုလည်းမမှားပေ။

ဟိုတုန်းက ” သရဲမြင်ဖူးချင်လား ကြံဝိုင်းသွား ”

” သရဲမကြောက်တတ်ဘူးလား ကြံဝိုင်းသွား ” အစရှိတဲ့
ပြောစမှတ်တွေတောင်ရှိခဲ့ဖူး၏ဟု လူကြီးသူမတစ်ချို့ကဆို၏။

ဤဇာတ်လမ်းသည် ဖြစ်ရပ်မှန် နှင့် စိတ်ကူးယဉ်ကို
ပေါင်းစပ်ဖန်တီးထားသော ဇာတ်လမ်းတစ်ပုဒ်သာ
ဖြစ်ပါသည်။

1961 မှ 1990 ထိ ကြံဝိုင်းသင်္ချိုင်း၏၊
သုဘရာဇာဖြစ်ခဲ့ဖူးသော ဦးလေးကြီးအား ကျနော်
ကိုယ်တိုင် မေးမြန်းခဲ့ရာများမှာ စိတ်ဝင်းစားစရာကောင်းတဲ့
ဇာတ်လမ်းလေးတစ်ပုဒ်ကိုပဲ ရွေးချယ် မျှဝေလိုက်ပါတယ်။

( ၅ . ၃ . ၂၀၂၃ ) ( ဗုဒ္ဓဟူး )
**** **** **** **** *

1975 ဦးကျော်ဖေ ကြံဝိုင်းသင်္ချိုင်း၏ သုဘရာဇာအလုပ်
ကို လုပ်ကိုင်၍ 14 နှစ်အကြာ၊ဆောင်းဥတုရဲ့ တစ်ခုသော ညနေ၏ ညနေ ၆/၇ နာရီ
ဝန်းကျင်အချိန်။

ကြံဝိုင်းသင်္ချိုင်း ဇရပ်ပေါ်သို့ အလောင်းတစ်လောင်း
ရောက်ရှိလာ၍ သုဘရာဇဦးကျော်ဖေ တစ်ယောက်
အလုပ်ရှုပ်နေတော့၏။

အလောင်းလာပို့သူများ ငိုယိုအော်ဟစ်နေကြပေမဲ့
ဦးကျော်ဖေ အတွက်ကား ထိုမြင်ကွင်းက ရိုးအီနေပြီမို့
ဆေးလိပ်ကြီးတစ်ပိုင်းကိုကိုက်၊

အပေါ်ပိုင်းအင်္ကျီမပါပဲ ပုဆိုးနွမ်းကို ဒူးထိတင်ဝတ်ထား
ကာ သူလုပ်ရမည့်အလုပ်များကို လုပ်ဆောင်နေ၏။

သုဘရာဇာဆိုပေမဲ့ သူ့မှာ မိန်းမနှင့် သားတစ်ယောက်ရှိ
သေး၏။

မိသားစုက သူနှင့်အတူမနေပဲ မြို့ ဆင်ခြေဖုံးရပ်ကွက်
လေးတစ်ခုမှာနေထိုင်ကြ၏။

ဦးကျော်ဖေကတော့ အလုပ်မရှိတဲ့နေ့တွေမှာ ဇနီးနှင့်
သားဆီသို့ သွားလည်လေ့ရှိ၏။

သုဿာန်မှာသူနှင့်အတူနေသည်က အလောင်းပြင်သည့်
မိန်းမလျာ စိုးစိုးပင်ဖြစ်၏။

စိုးစိုး က အလောင်းလာပို့သူများနှင့်အတူ စကားစမြည်
ပြောနေ၏။

အလောင်းက ငယ်ငယ်ရွယ်ရွယ်နှင့် ချောမောလှပသော
မိန်းကလေးတစ်ယောက်၏ အလောင်းဖြစ်နေ၍
စိုးစိုး အံ့သွနေ၏။

” ဟယ်တော်၊ ကောင်မလေးက ငယ်ငယ်ချောချောလေးပဲ
ဘယ်လိုဖြစ်ရတာတုန်းတော့ ”

စိုးစိုးက မိန်းမလျာဖြစ်သည့်အလျောက် မိန်းကလေးလို
ပြောဆိုနေထိုင်လေ့ရှိ၏။

အမြဲတမ်းသနပ်ခါးပါးကွက်လိမ်း၊ နှုတ်ခမ်းနီဆိုးနဲ့
လှတပတနေလေ့ရှိပေမဲ့ မိန်းမအဝတ်အစားများကိုတော့
မဝတ်ဆင်ပေ။ ပုဆိုးကိုသာ ထဘီလိုဝတ်၏။

အလောင်းလာပို့သူအထဲမှ ယောကျာ်းကြီးတစ်ယောက်က
ဖြေ၏။

” အင်း၊ ဟုတ်တယ်၊ သူမက ငါ့တူမလေ၊ အသက်က ခုမှ
၁၉ နှစ်ပြည့်ခါစပဲရှိသေးတာ၊ သူကြိုက်နေတဲ့ကောင်လေး
နဲ့ အိမ်ကမိဘတွေ သဘောမတူလို့တဲ့ မြို့စွန်က ဆည်ထဲ
ခုန်ချ သတ်သေသွားတာ ”

” မိဘတွေ သဘောမတူတာနဲ့ပဲ သတ်သေရလားဟယ်၊
လူ့ဘဝဆိုတာ လွယ်လွယ်ရတယ်မှတ်နေကြလားမသိဘူး၊

မိဘတွေလည်း မိဘတွေပဲ၊ သူ့အချစ် သူရွေးချယ်ပါစေ
ဘာဖြစ်သွားမှာမို့တုန်း၊

ခုတော့ကြည့်၊ သူတို့ရဲ့ ချစ်လှပါတယ်ဆိုတဲ့ သမီးလေးကို
နောက်ထပ်မြင်တွေ့ခွင့်ရတော့မှာမဟုတ်ဘူး ”

စိုးစိုး ၏ စကားကြောင့် ကောင်မလေး၏ မိသားစုဖြစ်ဟန်
တူသူတို့က မျက်စောင်းပစ်ကြည့်နေကြ၏။

” ဟေ့၊ နင် အပြောအဆိုဆင်ခြင်၊ ဟိုမှာ ပူဆွေးသောက
ရောက်နေကြတယ်မတွေ့ဘူးလား၊ မိဘတိုင်းက ကိုယ့်သားသမီး ကောင်းစားကြီးပွားတာကိုပဲ မြင်ချင်ကြတာ
ဟေ့၊ နင် ဘာသိလို့လဲ၊

တိတ်တိတ်နေပြီး ငါ့တူမကို အလှဆုံးဖြစ်အောင်သာ
ပြင်ပေးစမ်းပါ ”

” မဟုတ်သေးပါဘူး၊ ကျုပ်ပြောတာကို ရှင်သဘောမပေါက်
ဘူးပဲ၊

မိဘတိုင်းက ရှင်ပြောသလိုတော့ ဟုတ်ပါတယ်၊ အဲဒါ
မှားတယ်လို့ မပြောပါဘူး၊

ဒါပေမဲ့ အကြောင်းအကျိုး ချင့်ချိန်ပြီး နားဝင်အောင်
ပြောပြရင် ပိုမကောင်းပေဘူးလား၊

အဲလိုဆို မိဘတွေကိုလည်း သားသမီးတွေက အမုန်း
မပွားတော့ဘူးလေ၊ မိဘတွေလည်း သူတို့ရဲ့ သွေးသား
ကို ဆုံးရှုံးစရာမလိုတော့ဘူးပေါ့ ”

” ဟေ့စိုးစိုး၊ နင် ဘာတွေ စကားများနေတာတုန်း၊
လုပ်စရာရှိတာပဲ လုပ်စမ်းပါ”

ဦးကျော်ဖေ လှမ်းအော်လိုက်၍ စိုးစိုးလည်း စကားလမ်း
ကြောင်းပြောင်းလိုက်၏။

” ဒါနဲ့၊ ဒီည ဘယ်သူတွေ အလောင်းစောင့်ကြမလဲ ”

စိုးစိုးရဲ့စကားကြောင့် အလောင်းလာပို့သူတို့ တစ်ယောက်
မျက်နှာ တစ်ယောက် ကြည့်ကုန်ကြ၏။

” ဘာလဲ၊ ဘယ်သူမှ မစောင့်ဘူးတော့ မပြောကြနဲ့နော်၊
ကျုပ်တို့တော့ မစောင့်နိုင်ဘူး ”
စိုးစိုး ညဉ်းရင်းပြောလိုက်၏။

” နားလည်စမ်းပါဟာ ”

” အလိုတော်၊ ကျုပ်က ဘာကိုနားလည် …… ”

စိုးစိုးရဲ့ စကား မဆုံးမီမှာပင်
အလောင်းလာပို့သူထဲမှ ယောကျာ်းတစ်ယောက်က
သူ့လက်ညိုးမှာ ဝတ်ထားတဲ့ လက်စွပ်ကိုချွတ်ကာ စိုးစိုး
အားကမ်းပေးလိုက်၏။

စိုးစိုးက ဦးကျော်ဖေအား တစ်ချက်လှမ်းကြည့်ကာ
လက်စွပ်ကို ယူပြီး အင်္ကျီအိတ်ထဲ ထည့်ထားလိုက်၏။

” ကဲ၊ ရပြီမို့လား၊ ကျုပ်တို့ပြန်တော့မယ်၊ ကျုပ်တူမကို
အလှဆုံးဖြစ်အောင်ပြင်ထားပေး၊ မနက်ဖြန်မှ
ကျုပ်တို့လာခဲ့မယ်၊ အလှဆုံးတော့ ဖြစ်နေပါစေနော်၊

မဟုတ်လို့ကတော့ ဂုတ်အချိုးပဲ ”

” ရှင်၊ ရှင်ဘာပြောတယ် ”

လက်စွပ်ချွတ်ပေးသော ယောကျာ်းမှ ပြောလိုက်သော
စကားကြောင့် စိုးစိုး အထိတ်တလန့်ဖြစ်သွားခဲ့ရ၏။

” ဘာမှ မဟုတ်ဘူး၊ ကျုပ်တို့သွားပြီ ”

ပြောရင်းဆိုရင်းနှင့် အလောင်းလာပို့သူများ ထွက်သွား၍
စိုးစိုးကား သူတို့၏ ကျောပြင်ကိုကြည့်ကာ နားမလည်စွာ
ဖြင့် ကျန်နေခဲ့တော့၏။
**** **** *****

” ဟေ့ စိုးစိုး၊ တကယ်ပဲ နင်ပြောသလိုဟ၊ ကောင်မလေးက
ငယ်ငယ်ချောချောလေးပဲ၊ မိဘတွေတော့ ရင်ကွဲတော့မှာပဲ၊
သူ့ခမျာ အခေါင်းတောင်မရခဲ့ပါလား၊ သနားစရာပါပဲ၊

အင်း၊ သေနေတယ်ဆိုတာထက် အိပ်ပျော်နေတဲ့အတိုင်း
ပါပဲလား ”

သုဘရာဇာ ဦးကျော်ဖေက သူ့အလုပ်တွေပြီးတဲ့အခါ
ဇရပ်ပေါ်တက်လာပြီး၊ စိမ်းညိုရောင် ဖျာလိပ်နှင့် လိပ်ထား
တဲ့ ကောင်မလေးရဲ့ အလောင်းကိုကြည့်ကာ ပြောလိုက်၏။

” ကောင်မလေးက နဂိုကတည်းက လှပြီးသားဆိုတော့
ကျုပ်ရဲ့ မိတ်ကပ်နဲ့ လုံးဝကွက်တိ ”

” တော်စမ်းပါ၊ နင့်မိတ်ကပ်က သရဲတောင် ကြောက်ပြေး
မယ် ”

” ဦးကျော်!!!

” စတာပါဟာ၊ နင်ကလည်း၊ ဒါနဲ့ အလောင်းစောင့်ဖို့
ဘယ်သူမှ မလာကြဘူးလား ”
သုဘရာဇာကြီးက ဇရပ်ထောင့်တွင်ထိုင်ကာ ဆေးလိပ်ကို
မီးညှိရင်း မေးလိုက်၏။

” အဲအတွက် မပူနဲ့၊ နိဗ္ဗာန်လမ်း ( သုဿာန်အဝင်လမ်း)
ထိပ်ဘေးနား ကွမ်းယာဆိုင်က မာလီသားဖကို ပိုက်ဆံ
နည်းနည်းပေးပြီး ခေါ်လိုက်ရင်ရတယ် ”

” ပြီးရော၊ ငါ ကျင်းသွားတူးလိုက်အုန်းမယ်၊ နင်လည်း
မာလီတွေနဲ့ ကြည့်ကြပ်ပေါင်း တော်ကြာ ….. ”

ဦးကျော်ဖေ ပြုံးစီစိနှင့်ပြောကာ ဇရပ်ပေါ်မှ ဆင်းသွား
တော့၏။

စိုးစိုးလည်း မိတ်ကပ်စတဲ့ ပစ္စည်းတွေကို သိမ်းဆည်းကာ
ဇရပ်မှ ဆင်းသွားပြန်၏။

ဇရပ်ပေါ်၌ ကျန်နေခဲ့သည်က သေနေသည်ဟု ထင်ရက်
စရာပင်မရှိတဲ့ ချောမောလှပသည့်ကောင်မလေး
အလောင်းတစ်လောင်းသာ။
**** **** ****

အချိန်အနည်းငယ်ကြာတဲ့အခါ စိုးစိုး ပြန်ရောက်လာပြီး၊
သူနှင့်အတူ မာလီနှစ်ယောက်လည်း ပါလာ၏။

” ပြန်ရောက်ပြီလားဟ၊ ငါတောင် ကျင်းတူးလို့မပြီးသေး
ဘူး ”
ဦးကျော်ဖေ ပေါက်တူးကိုမြောက်ပြရင်း လှမ်းနှုတ်ဆက်
လိုက်၏။

ထိုနေ့ညက လပြည့်ညမဟုတ်ပေမဲ့ လရောင်အတန်အသင့်
ရှိသလို၊ ဇရပ်နဘေးမှာ မွှေးထားတဲ့ မီးပုံရယ်၊ အလောင်း
စင် နလေးမှာထွန်းထားတဲ့ မီးအိမ်ရယ်တို့ကြောင့်
အတော်အသင့်မြင်ရ၏။

” ဦးကျော်၊ ရှင့်မလည်းလေ ကျင်းတစ်ကျင်းတူတာ
ဒီလောက်ထိ ကြာစရာလိုလို့လားရှင် ”

” တစ်ကျင်းမဟုတ်ဘူးဟ၊ နင့်အတွက်ပါ တူးနေတာ”

ဦးကျော်ဖေရဲ့ စကားကြောင့် စိုးစိုး စိတ်ဆိုးကာ ဇရပ်ပေါ်
သို့ ခြေဆောင့်ကာ တတ်သွားတော့၏။
*** *** ***

” အားးးးးး၊ ဦးကျော်ဖေ!!!

စိုးစိုးရဲ့ အော်သံက တိတ်ဆိတ်နေတဲ့ သုဿာန်တစ်ခုလုံး
လွှမ်းခြုံသွားပါတော့၏။

” ဟေ့ စိုးစိုး၊ နင့်ကြည့်ရတာ သရဲ သဘက် မြင်လိုက်ရသ
လိုပဲ၊ ဘာလို့ အသံဆိုး အသံပျက်နဲ့အော်နေတာတုန်း ”

ဦးကျော်ဖေ ကျင်းတူးရင်း လှမ်းမေးလိုက်၏။
မာလီ သားဖကတော့ အလောင်းကို ကြည့်ကာ အနားမှာ
ထိုင်လိုက်ကြ၏။

” ဦးကျော်၊ ရှင် အလောင်းကို ဘာလုပ်ထားတာတုန်း ”

” ဟန် ”

စိုးစိုး ထိုသို့ ပြောလိုက်၍ ဦးကျော်ဖေ ကျင်းပေါ်မှတက်လာ
ခဲ့ပြန်ကာ၊ ဇရပ်ပေါ်သို့ရောက်လာခဲ့ပြန်၏။

” ဟ၊ နင့်စကားက ဘာကြီးတုန်း၊ ငါက အလောင်းကို
ဘာလုပ်ရ ….. ”

ဦးကျော်ဖေ အံ့သြသွား၏။
သူမြင်လိုက်ရသည်က အလောင်းကို လိမ်းပေးထားတဲ့
မိတ်ကပ်များ အကုန်ပျက်ပြယ်နေပြီး၊ အလောင်းမျက်နှာ
တစ်ခုလုံး ညိုမဲနေခြင်းကိုပင်။

” ဟာ၊ စိုးစိုး၊ ငါ ဘာမှမလုပ်ဘူးနော်၊ နင် ထွက်သွား
ကတည်းက ငါ ကျင်းတူးနေခဲ့တာပဲ၊ ထူးတော့ထူးဆန်း
တယ် ”

” မိတ်ကပ်တွေ ဒီလောက် စျေးကြီးတာကို၊ ရှင်နော်
ရှင် …”

စိုးစိုးလည်း ဗျစ်တောက်ဗျစ်တောက် မြည်ရင်း အလောင်း
ကို ဒုတိယအကြိမ် မိတ်ကပ်လိမ်းပေးရပြန်တော့၏။
**** **** ****

ကိစ္စတွေ အကုန်လုံး ပြီးတဲ့အခါ မာလီသားအဖ ယူလာခဲ့
သော အရက်ကို လေးယောက်သား ဝိုင်းဖွဲ့သောက်ကြ၏။

စိုးစိုးက မိန်းမလျာဆိုပေမဲ့ အရက်တော့ကြိုက်၏။
သုဿာန်ထဲမှာမို့ အမြည်းကတော့ ပဲကြမ်းလှော်မျှသာ။

” စိုးစိုး၊ နင့် အလောင်းက လှုပ်သွားသလိုပဲ ”
အရက်သောက်နေရင်းကနေ မာလီနှစ်ယောက်အနက်
အကြီးဖြစ်တဲ့ မာလီက ပြောလိုက်၏။

” အောင်ဝင်းသိန်း၊ အရက်ကလေး တစ်ခွက်သောက်ပဲ
သောက်ရသေး မူးသွားပြီလား၊ အလောင်းက ဘာလို့
လှုပ်ရမှာတုန်း ”

” မဟုတ်ဘူး၊ ကြည့် ”

လေးယောက်သား ခဏကြာသည်အထိ အလောင်းကို
စိုက်ကြည့်လိုက်ကြ၏။
သို့သော် မည်သည့်လှုပ်ရှားမှုကိုမှ မတွေ့ရပေ။

ထိုအခါ သားဖြစ်တဲ့ မာလီက ထသွားခဲ့ပြီး၊ အလောင်း
အနားသွားကာ၊ အလောင်းရဲ့ ခြေကို လှုပ်ကြည့်လိုက်၏။

ပြီးသည်နှင့် အလောင်းရဲ့ ပါးပြင်ကို ဆွဲကြည့်၏။

” အောင်စည်၊ ဘာလုပ်နေတာလည်း ”
စိုစိုး မေးလိုက်၏။

” မဟုတ်ပါဘူးဗျာ၊ ကျနော်က တကယ်လှုပ်မလှုပ်စမ်း
ကြည့်နေတာပါ၊ လှုပ်ဖို့နေနေသာဗျာ၊ ပါးရည်တွေတောင်
မာကြောနေပြီ ”

အောင်စည်ဆိုတဲ့ မာလီက ထိုသို့ပြောကာ စိုးစိုးတို့အနား
သို့ အလာ၊ အလောင်းကို ကျောအခိုင်းမှာ၊ အလောင်း
နဘေးမှာ ထွန်းထားတဲ့ မီးအိမ်က လေမတိုက်ပါပဲ၊
ရုတ်တရက် ငြိမ်းသွားပါတော့၏။

” ဟ၊ ဘယ်လို ဖြစ်ရတာတုန်း၊ မီးစာ ကုန်သွားတာလား၊
စိုးစိုး နင့်ကိုငါ ပြောပေါင်းလည်း မနည်းပြီ၊ မီးအိမ်ကို
မီးစာ အသစ်လဲပါလဲပါဆို၊ နင်မှ ငါ့စကားနားမထောင်
တာ၊ ကဲ အခု ဖြစ်ပြီမလား ”

” မဟုတ်သေးပါဘူး၊ ရှင်ပြောလွန်းလို့ တစ်နေ့ကမှ
ကျုပ် မီးစာအသစ်လဲထားတာတော့ ”
စိုးစိုး ထိုသို့ပြောကာ မီးအိမ်ကို စစ်ကြည့်လိုက်၏။

” မီးစာမှ မကုန်သေးတာ၊ လေတိုက်လို့ ငြိမ်းသွားတာ
နေမှာပါ ”
စိုးစိုးက ပြောရင်း မီးအိမ်ကို ဖွင့်ကာ မီးစာမှာ မီးညှိလိုက်
ပြန်၏။

ထိုမီးအိမ်က လေလုံတဲ့ ဖန်မီးအိမ်အမျိုးအစားဆိုတာကို
စိုးစိုးမေ့သွားပုံရ၏။

ပြီးသည်နှင့် အရက်ဝိုင်းမှာ ပြန် ထိုင်မည်အပြု …..

” ဟီးးးး၊ ဟီးးးး ”

” အောင်မလေးတော့ ”
ရုတ်တရက် ကြားလိုက်ရသည့် ငိုသံကြောင့် စိုးစိုးလန့်
သွား၏။

” စိုးစိုး၊ ဘာဖြစ်လို့လဲ ”

” ကျုပ် ကျုပ် ငိုသံတစ်သံ ကြားလိုက်တယ်တော့ .. ”

” ဘာလဲ၊ နင်လည်း မူးနေပြီလား ”
ဦးကျော်ဖေ စနောက်လိုက်၏။

” အရက်လေး နှစ်ခွက်သုံးခွက်နဲ့ ကျုပ် ဘယ်တုန်းက
မူးဖူးလို့လဲ၊ မိန်းလျာဆိုပေမဲ့ အရက်ဆို ကိုကြီးကျော်နဲ့ပါ
ပြိုင်သောက်နိုင်တယ်နော်၊ ဘာမှတ်တုန်း ”

စိုစိုး ထိုသို့ပြောကာ အလောင်းအနားသို့သွားပြီး ကြည့်
လိုက်တော့၊ အလောင်းရဲ့ မိတ်ကပ်များ ပျက်နေသည်ကို
ထပ်တွေ့လိုက်ရပြန်တော့၏။

” ဟာ၊ ဒါက ဘယ်လို ဖြစ်ရပြန်တာလဲ၊ စောနကပဲ ငါ
ထပ်ပြီး လိမ်းပေးခဲ့တယ်လေ ”

” စိုးစိုး၊ ဘာဖြစ်ပြန်ပြီလဲ ”

ဦးကျော်ဖေလည်း စိုးစိုး အနားသို့ ရောက်လာခဲ့၏။

” ဟာ၊ အလောင်းရဲ့ မိတ်ကပ်က ပျက်ပြန်ပြီလား ”

ဦးကျော်ဖေရော စိုစိုးပါ၊ နားမလည်စွာဖြင့် ခေါင်းကုတ်နေ
ကြတော့၏။

” စိုးစိုး၊ ဒီအလောင်းတော့ တစ်ခုခုပဲ၊ ငါ့စိတ်ထဲ မသိုးမသန့်
ဖြစ်လာပြီဟ ”

” ဦးကျော်၊ ကြည့်၊ အလောင်းက ပုံစံပြောင်းလာသလိုပဲ”

” ဟမ် ”

ထိုအခါ မာလီတို့ သားဖနှစ်ယောက်လည်း စိုးစိုးတို့အနား
သို့ ရောက်လာခဲ့တော့၏။

” ဟုတ်တယ်ဟ၊ အလောင်းက လာပို့စတုန်းကထက်
ပို အသက်ကြီးသွားသလိုပဲ ”

လေးယောက်သား အလောင်းကို အနီးကပ် စိုက်ကြည့်နေ
ရင်းကနေ၊ အလောင်းရဲ့ အရည်တွေဟာ တစ်ဖြည်းဖြည်း
တွန့်ရှုံ့လာပြီး၊

အလောင်းရဲ့ မျက်နှာပြင်တစ်ခုလုံး ညိုမဲလာပါတော့၏။

” စိုးစိုး၊ ငါ အလောင်းရဲ့ ကျောဘက်ကို ကြည့်ချင်တယ်”

” ဟင် ”

မာလီကြီး အောင်ဝင်းသိန်း၏ စကားကြောင့် စိုးစိုး အံ့သြ
သွား၏။

” ရှင်က၊ အလောင်းကို ဘာလုပ်မလို့တုန်း၊ ဒါ အလောင်း
နော်၊ အလောင်းမှ စိမ်းသေသေထားတဲ့အလောင်း၊
ကြံကြီးစည်ရာတွေ မကြံပါနဲ့ရှင် ”

စိုးစိုး မိတ်ကပ် ပစ္စည်းတွေကို တစ်ခါ ပြန်ထုတ်ရင်း
ပြောလိုက်၏။

” နင်ပြောသလို မဟုတ်ပါဘူး၊ ငါက ဒီမှာ ကွမ်းယာ
မရောင်းမီတုန်းက ရင်ခွဲရုံမှာ နှစ်အတော်ကြာ လုပ်ဖူးတယ်
ဟ၊ ဒေါက်တာတော့ မဟုတ်ပေမဲ့ အလောင်းနဲ့ပက်သက်
ပြီး သိသင့်တာ တစ်ချို့ကိုတော့ ငါလည်း သိပါတယ်ဟာ”

သို့နှင့် ဦကျော်ဖေက အလောင်းရဲ့ ပုခုံးနှစ်ဖက်ကိုကိုင်၊
အောင်စည်က အလောင်းရဲ့ ခြေအစုံကိုကိုင်ကာ
အလောင်းကို စောင်းပစ်လိုက်ကြ၏။

” အင်္ကျီကို နည်းနည်း မ,ကြည့် ”
အောင်ဝင်းသိန်း ထိုသို့ပြောတဲ့အခါ စိုးစိုးက မယုံသင်္ကာ
အကြည့်ဖြင့် ကြည့်ပြန်၏။

” စိုးစိုး၊ နင့်အကြည့်ကို ငါသိတယ်နော်၊ ငါပြောသလိုပဲ
လုပ်စမ်းပါဟာ ”
စိုးစိုးလည်း အလောင်းရဲ့ အနားသို့တိုးကပ်ကာ
အင်္ကျီစကို နည်းနည်း မ,ကြည့်လိုက်၏။

” အောင်မလေး ”

အလောင်းရဲ့ ကျောမှာ ဟောင်းလောင်းဖြစ်နေ၍
လေးယောက်လုံး အထိတ်တလန့်ဖြစ်သွားခဲ့ရတော့၏။

အလောင်းရဲ့ ဝမ်းဗိုက်ထဲ အူစတဲ့အရာတွေ တစ်ခုမှရှိမနေ
ပဲ သည်အတိုင်း ဟောင်းလောင်းကြီးဖြစ်နေ၏။

” ဒါ ဒါက … ”

” စိုးစိုး၊ အလောင်းလာပို့တဲ့သူက ဘာတွေပြောခဲ့တုန်း”

” အင်း၊ ပြောခဲ့ ပြောခဲ့တယ်၊ သူတို့ ပြောခဲ့တာက၊ မြို့ပြင်
မြို့စွန်က ဆည်ထဲ ခုန်ချ သတ်သေသွားတာတဲ့ ”

” ဟာ၊ ဒီအလောင်းက ရေနစ်သေတဲ့အလောင်းမှ မဟုတ်
တာ၊ ပြီးတော့ ဒီမြို့စွန်မှာ ဘာဆည်မှမရှိဘူးလေ၊
အဲဒါကို နင်မေ့နေတာလား ”

ထိုအခါမှ စိုးစိုးရော ဦးကျော်ဖေပါ ထပ်အံ့သြရပြန်၏။

မာလီ အောင်ဝင်းသိန်းပြောသလိုပင်၊ မြို့ရဲ့ အနောက်
စွန်းစွန်းမှာ ပင်လယ်ကြီးကလွဲပြီး၊ လူသေလောက်တဲ့အထိ
နက်တဲ့ ဘာဆည်မှ မရှိချေ။

လေးယောက်သား ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေ
တုန်း၊ အလောင်းမှာ ဝုန်းကနဲ တစ်ဖက်သို့ လိမ့်သွားပါ
တော့၏။

” အောင်မလေး ”
လေးယောက်လုံး နောက်ဆုတ်သွားကြ၏။

” အဖေ၊ သားတို့သွားကြရအောင် ကျနော် ကြောက်နေပြီ
ဗ် ”
အောင်စည် ထိုသို့ပြောကာ ဇရပ်ပေါ်မှ ဆင်းပြေးမလို
လုပ်နေ၍ မနည်းဆွဲထားရ၏။

” ဦးကျော်၊ ကျုပ်တို့ ဘယ်လိုလုပ်ကြမလဲ ”
စိုးစိုးလည်း မိတ်ကပ်ပစ္စည်းတွေကို ဂရုမစိုက်နိုင်တော့ပေ။

” ဟ၊ ဘယ်လိုလုပ်ရမလဲဟ၊ ငါတို့ ဒီအတိုင်း မနက်ရောက်
တဲ့အထိ စောင့်ရုံပဲရှိတော့တာပေါ့၊ မနက်ရောက်လို့
အလောင်းပိုင်ရှင်တွေလာမှ ဒီကိစ္စကို ရှင်းရမယ် ”

” ဝုန်း ”

ပြောနေရင်း အလောင်းက တစ်ဖက်သို့ စောင်းသွားပြန်၏။

အလောင်းရဲ့ အနေအထားက ဦးကျော်ဖေတို့ဖက်သို့
ကျောပေးအနေအထားဖြစ်နေ၏။

” အောင်ဝင်းသိန်း၊ အလောင်းကို ဖျာပေါ်တင်ရအောင်ဗျာ”

” အင်း ”

ဦးကျော်ဖေ နှင့် အောင်ဝင်းသိန်းတို့ အလောင်းရဲ့ အနား
သို့ ကပ်သွားကြ၏။

” အဖေ၊ မထိနဲ့ ”
အောင်ဝင်းသိန်း အလောင်းရဲ့ ခြေကို ထိခါနီး အောင်စည်
အော်ပြောလိုက်၏။

” ဘာမှ မဖြစ်ပါဘူးကွာ ”
” ကြိ ကြိ ”

ဦးကျော်ဖေ နှင့် အောင်ဝင်းသိန်းတို့ အလောင်းကို ထိမည်
အပြု၊ အလောင်းရဲ့ ခြေလက်တွေက ရုတ်တရက် ကွေး
ကောက်သွားပါတော့၏။

” အောင်မလေးဟ ”
နှစ်ယောက်လုံး နောက်ဆုတ်သွား၏။

အလောင်းမှာ တစ်ဖက်သို့ စောင်းပြီး ကွေးနေတာကြောင့်
ဟောင်းလောင်းဖြစ်နေတဲ့ ကျောပြင်က သွေးပျက်စရာ
ဖြစ်နေ၏။

လေးယောက်လုံး ဇရပ်ပေါ်မှ ဆင်းလိုက်ကြ၏။

” ဦးကျော်၊ တစ်ခုခုလုပ်ပါအုန်း၊ ဒီမှာ ကျုပ် ကြောက်လို့
သေတော့မယ် ”
စိုးစိုးကား အကြောက်လွန်၍ အသားပင် တစ်ဆက်ဆက်
တုန်နေ၏။

” ငါဘာလုပ်ရမှာလဲ စိုးစိုး၊ သုဘရာဇာ လုပ်လာတဲ့ တစ်
လျောက် ဒီလို တစ်ခါမှ မကြုံဖူးတာ၊ ခုလို လှုပ်ရှားနေတဲ့
အလောင်းနဲ့ ကြုံရလိမ့်မယ်လို့ ငါထင်ပါ့မလားဟာ ”

” အောင်ဝင်းသိန်း၊ ခင်ဗျား ရင်ခွဲရုံမှာ လုပ်ဖူးတယ်ဆို၊
ဒါဆို ဒီအလောင်းက ဘာဖြစ်နေတာလည်း ခင်ဗျား မပြော
ပြနိုင်ဘူးလားဗျာ ”

” ဘုန်း ”

“အောင်မလေးတော့ ”

ဦးကျော်ဖေ စကားပြောနေတုန်း ဇရပ်ပေါ်မှ တစ်ခုခုပြုတ်
ကျသွား၍ စိုးစိုး လန့်အော်လိုက်၏။

ဦးကျော်ဖေ နှင့် အောင်ဝင်းသိန်းတို့ ပြေးကြည့်လိုက်ကြတဲ့
အခါ ပြုတ်ကျသွားသည့်အရာကား အလောင်းကောင်ပင်
ဖြစ်နေပါတော့၏။

” ကျုပ်တို့ ဘယ်လိုလုပ်ကြမလဲ ”
အောင်ဝင်းသိန်းကမေး၏။

ထိုအခါ အောင်ဝင်းသိန်း၏ သားဖြစ်သူက အနားသို့ရောက်
လာပြီး၊

” အဖေ၊ ဘာလုပ်ရှင်သေးလို့တုန်း၊ ဒီမှာ ကျနော်ကြောက်
လွန်းလို့ မတ်တပ်တောင်ကောင်းကောင်း ရပ်မရတော့ဘူး၊
ကျနော်တို့ ပြန်ကြရအောင် အဖေ ” ဟု ပြောလိုက်၏။

” သား၊ မင်းနဲ့ စိုးစိုး သွားကြကွာ၊ အဖေ ဦးကျော်ဖေ့ကို
ကူညီလိုက်မယ်၊ ဒီလို အခြေအနေမှာ သူ့ကို တစ်ယောက်
တည်း ထားခဲ့လို့ ဘယ်ဖြစ်ပါ့မလဲ ”

” ဟာဗျာ ”

” စိုးစိုး၊ နင် သွားချင်သွားတော့၊ မနက်မှ ပြန်လာခဲ့၊
တစ်ယောက်ယောက်ကတော့ အလောင်းစောင့်နေခဲ့ရမှာ
ပဲ၊ ဒီအတိုင်း ထားခဲ့လို့မှ မဖြစ်တာ ”

စိုးစိုး အနီးနားက အိုဟောင်းနေတဲ့ အုတ်ဂူတစ်ခုပေါ်တွင်
ထိုင်ချလိုက်၏။

” ကျုပ် ကြောက်နေတာ မှန်ပါတယ်၊ ဒါပေမဲ့ ဦးကျော်ကို
ထားခဲ့ပြီး ကိုယ်လွတ်ရုံးဖို့အထိတော့ သူရဲဘောမကြောင်
သေးပါဘူး၊ စောင့်ချင်းစောင့် မနက်ထိ အတူတူစောင့်ကြ
တာပေါ့၊

အဆိုးဆုံး ဘာဖြစ်နိုင်မှာမို့လဲ ”

စိုးစိုး ထိုသို့ ပြောပြီးတဲ့အခါ ဦးကျော်ဖေတို့ အနားသို့လာ
ရပ်၍၊ အောင်စည်လည်း ဘာမှ မပြောတော့ပဲ သူတို့နဲ့အတူ
ရပ်လိုက်တော့၏။
**** *****

လေးယောက်သား အချိန် အနည်းငယ်ကြာတဲ့အထိ
အလောင်းကို မနီးမဝေးလေးက ကြည့်နေပြီးတဲ့အခါ
နောက်ထပ်ရွေ့လျားတာကို မမြင်ရတော့၍၊ ဇရပ်ပေါ်သို့
ပြန်ရွှေ့ရန် ဆုံးဖြတ်လိုက်ကြ၏။

စိုးစိုးနှင့် အောင်စည်က ဇရပ်ပေါ်တတ်ပြီး၊ မီးအိမ်ကို ယူခဲ့
လိုကျကွ၏။

ဦးကျော်ဖေ နှင့် အော်ဝင်းသိန်းတို့က အလောင်းကို
မ, ကာ ဇရပ်ပေါ်သို့ ရွှေ့ရန်ပြင်ကြပါတော့၏။

ဇရပ်ပေါ်သို့ရောက်ပြီး၊ အလောင်းကို ဖျာပေါ်တွင်
နေရာတကျ ချပြီးသည်အထိ ဘာမှ မဖြစ်ပေမဲ့၊
လေးယောက်သား ဇရပ်ပေါ်မှ ဆင်းကာနီး …

” ဖူး ”
စိုးစိုး လက်ထဲမှ မီးအိမ်ကို တစ်ယောက်ယောက်က မှုတ်
လိုက်၍၊ မီးငြိမ်းသွားပါတော့၏။

” ဟာ ”

” ဟေ့၊ ဘယ်လို ဖြစ်တာလဲ၊ မီးမြန်မြန် ထွန်းဟ ”

” ဟင် ”

” အောင်စည်၊ ရော့ မီးခြစ်ဆံဘူးကိုယူ မီးညှိ၊ ကျုပ် မီးအိမ်
ကို ကိုင်ထားပေးမယ် ”
အောင်စည် စိုးစိုးလက်ထဲမှ မီးခြစ်ဆံဘူးကို ယူကာ
မီးညှိရန် ကြိုးစားပါတော့၏။

” ချွန်း ”

” ဖူး ”

သည်အကြိမ်တွင် မီးခြစ်ဆံမှ မီးကို မှုတ်ပစ်လိုက်သော
မျက်နှာကို အောင်စည် တစ်ယောက် အသေအချာမြင်
လိုက်ရပါတော့၏။

ထိုမျက်နှာပိုင်ရှင်ကား …

” အောင်မလေး၊ အမေ့!!!

အောင်စည် အထိတ်တလန့်အော်ကာ ဇရပ်ပေါ်မှ ခုန်ချ
သွား၍၊ တစ်ခြားသူတို့လည်း လျင်မြန်စွာပင် ဆင်းလိုက်
ကွ၏။

” အောင်စည်၊ ဘာဖြစ်တာလည်း၊ ဘာမြင်လိုက်လို့လဲ ”

” အဖေ၊ အဖေ၊ သား သား မြင်လိုက်တယ် ”
အောင်စည် ဇရပ်ပေါ်သို့ ကြည့်ကာ ပြောလိုက်၏။

” သား၊ ဘာမြင်လိုက်တာလဲ၊ အဖေ့ကိုပြော အဖေ့ကိုပြော”
ထိုအချိန်၌ စိုးစိုးကား ဇရပ်အနီးမှာ မွှေးထားတဲ့ မီးပုံက
မီးစတစ်စကိုယူ မီးအိမ်မှာ မီးညှိပြီး၊

မီးအိမ်ကို မြှောက်ကာ …

” ဦးကျော်၊ အောင်ဝင်းသိန်း ဟိုမှာ ” ဟု ပြော၍၊
ဦးကျော်ဖေ ဇရပ်ပေါ်သို့ ကြည့်လိုက်တော့၊

သူတို့ကို ကျောပေးကာ ဇရပ်ပေါ်မှ ခြေကို တွဲလျားချပြီး
ထိုင်နေသော ကောင်မလေးကို တွေ့လိုက်ရပါတော့၏။
***** *****

ထိုတစ်ညလုံး မည်သူမျှ ဇရပ်အနားသို့မကပ်ကြပဲ
မနီးမဝေးကသာ စောင့်ကြည့်နေကြ၏။

ကောင်မလေးလည်း ဇရပ်ပေါ်မှာ ခြေတွဲလျားချကာ
တစ်ညလုံး ထိုင်နေပြီး၊ တစ်ခါတခါ ခြေကို လှုပ်ယမ်းတတ်
သေး၏။

သို့နှင့် အရုဏ်တက်မည့်အချိန်သို့ နီးကပ်လာပါတော့၏။

” ဟာ၊ မရှိတော့ဘူးဟေ့ ”
ရုတ်တရက် ထ ပြောလိုက်သည်က ဦးကျော်ဖေပင်။

ဦးကျော်ဖေရဲ့ စကားကြောင့် ကျန်တဲ့သူတွေလည်း ဇရပ်
ပေါ်သို့ ကြည့်လိုက်တော့ ကောင်မလေးကို မတွေ့ရတော့
ချေ။

ထိုအခိုက်မှာပင် သုဿာန်အဝင်ဝဖက်က မီးရှုး၊ မီးတုတ်
ကိုယ်စီနှင့် ဆူဆူညံညံဖြင့် လာနေသော လူတစ်စု၏ အသံကို ကြားလိုက်ကြရပါတော့၏။

” ဦးကျော်၊ သေဆုံးသူရဲ့ မိသားစုဝင်တွေ လာကြပြီထင်
တယ်၊ ကျုပ်တို့ ဘယ်လိုလုပ်ကြမလဲတော့ ”
စိုးစိုး၊ စိုးရိမ်စွာ ပြောလိုက်၏။

” ပြဿာနာပါပဲ၊ ငါတို့ ဘာလုပ်ကြမလဲဟ၊ ကောင်မလေး
ရဲ့ အလောင်း တစ်နေရာရာမှာများ ရှိနိုင်လောက်မလား၊
ရှာကြည့်ကြတာပေါ့ ”

သို့နှင့် လေးယောက်သား ဂူတွေကြားထဲ ရှာကြည့်ကြပေမဲ့
ရှာမတွေ့ပေ။

သုသာန်ထဲ ဝင်လာသည့် လူအုပ်ရဲ့ အသံကလည်း
တဖြည်းဖြည်းနီးကပ်လာနေ၍၊ အကုန်လုံး အထိတ်တလန့်
ဖြစ်နေကြ၏။

” ဒုက္ခပဲကွာ၊ မိသားစုဝင်တွေရောက်လာလို့ ကောင်မလေး
ရဲ့ အလောင်းကို မတွေ့ရင် ငါတို့တော့ မရှုမလှ ဒုက္ခ
ရောက်တော့မှာပဲ၊

စိုးစိုး၊ နင် ဇရပ်ပေါ်သို့ သွားကြည့်လိုက်ဟာ၊ ငါတို့ အောက်
မှာ ရှာကြည့်မယ် ”

စိုးစိုးလည်း ဦးကျော်ဖေရဲ့စကားကို မငြင်းတော့ပဲ ဇရပ်
ပေါ်သို့ ချက်ချင်းတက်သွား၏။

” အားးးး၊ ဦးကျော်၊ ဦးကျော်၊ ဒီမှာ လာကြည့်ပါအုန်း ”
စိုးစိုးရဲ့ အော်သံကြောင့် ဦးကျော်ဖေတို့လည်း ဇရပ်ပေါ်
သို့ ပြေးတက်လာခဲ့ကြ၏။

” စိုးစိုး၊ ဘာဖြစ်လို့လဲ၊ ဘာမြင် ….. ”
ဦးကျော်ဖေ အသံတိတ်သွားတော့၏။

သူမြင်လိုက်ရသည်က ဟောင်းနွမ်းညစ်ပေကာ၊ သဲတွေ
လူးကပ်နေတဲ့ ဖျာနှင့် လိပ်ထားသော ဧရာမဖွတ်ကြီးတစ်
ကောင်ကို တွေ့လိုက်ရပါတော့၏။

” ဒါ၊ ဒါက …. ”

ဦးကျော်ဖေက ဖွတ်ကြီးရဲ့ ကျောဘက်ကိုကြည့်လိုက်တဲ့
အခါ၊ ကောင်မလေးရဲ့အလောင်းလို ဟောင်းလောင်းဖြစ်
နေပါတော့၏။

” ဦးကျော်၊ ဒါက ဘယ်လိုဖြစ်တာတုန်းတော့၊ ခဏနေ
မိသားစုတွေရောက်လာရင် ကျုပ်တို့ ဘယ်လိုပြောရမတုန်း
တော့ ”
စိုးစိုး၊ စိုးရိမ်စွာဖြင့်၊ ဟိုဘက်သည်ဘက်လမ်းလျှောက်လိုက်၊
ဖျာနဲ့လိပ်ထားတဲ့ဖွတ်ကြီးကို ကြည့်လိုက်နှင့် ပြော၏။

” ဟေ့၊ နေအုန်း၊ ခုနက မီးရှုးမီးတုတ်တွေနဲ့ လာနေကြတဲ့
လူတွေရဲ့ စကားပြောသံကို ကြားကြသေးလား ”

သုံးယောက်လုံး ခေါင်းခါပြ၏။

“ခုနက မီးရှုးမီးတုတ်တွေနဲ့ လာနေကြတဲ့ လူအုပ်ကို
မြင်လိုက်ကြသလို၊ သူတို့ စကားပြောသံတွေကိုလည်း
ကြားလိုက်ကြတယ်မလား ”

” အင်းလေ ”

” ဒါဆို၊ အဲ့လူအုပ်ကြီးက ခု ဘယ်မှာတုန်း ”
ထိုအခါမှ တစ်ခြားသူများလည်း သဘောပေါက်သွားကြ၏။

” ငါထင်တယ်၊ အစကတည်းက ဒီအလောင်းက ထူးဆန်း
နေပါတယ်လို့၊ သေချာပေါက် သူတို့တွေက လူစင်စစ်
မဟုတ်ဘူး ”

” ဟင် ”

” အဲဒါ၊ ကျတ်တစ္ဆေတွေနေမှာ ”

ကျတ်တစ္ဆေဆိုတာကို စိုးစိုး နားလည်ပေမဲ့၊ မာလီတို့သား
အဖကား ခေါင်းကုတ်နေကြ၏။

” ဦးကျော်၊ ဒါဆို မနေ့ညက ဦးကျော်တူးထားတဲ့ကျင်း … ”

စိုးစိုးဘာကို ဆိုလိုမှန်း ဦးကျော်ဖေ သဘောပေါက်၍၊

” မပူပါနဲ့ဟာ၊ ငါလည်း ၂ပေ ၃ပေလောက်ပဲ တူးရသေး
တယ်စိုးစိုးရ၊ မြေမြှပ်မလား၊ မီးသင်္ဂြိုလ်မလား ငါမှ မမေး
လိုက်ရသေးတာ ”

သို့နှင့် ဖွတ်ကြီးရဲ့ အလောင်းကို ဖျာလိပ်ကလေးနဲ့ပဲ
လိပ်ပြီး၊ ဦကျော်ဖေတူးထားတဲ့ ကျင်းထဲ ထဲမြှပ်လိုက်ကြ
တော့၏။

မြေဖို့ခါနီး၊ စိုးစိုး တစ်ယောက် အလောင်းလာပို့တဲ့လူထဲမှ
လူတစ်ယောက်ပေးထားတဲ့သော လက်စွပ်ကို သတိရ၍
ထုတ်ကြည့်လိုက်တော့၊

သေပြီး ခြောက်ကပ်နေသော အိမ်မြှောင်တစ်ကောင်ဖြစ်နေ
သည်ကို တွေ့လိုက်ရ၍၊
ကျင်းထဲပစ်ချကာ တစ်ခါတည်းမြေမြှပ်ပစ်လိုက်တော့၏။

ကိစ္စတွေပြီးတဲ့အခါ မာလီသားဖလည်း ပြန်သွားသလို၊
စိုးစိုးလည်း မိတ်ကပ်ပစ္စည်းတွေကို သွားသိမ်း၏။

ဦးကျော်ဖေကား ဖွတ်ကြီးကို မြှပ်ထားတဲ့ မြေစာပုံနဘေးမှာ
ထိုင်ကာ ….

” အော်၊ လူတွေကို မြှပ်တဲ့ သုဿာန်မြေမှာ မြှပ်နှံ့ခွင့်ရတဲ့
ကျတ်တစ္ဆေလေးပါလား၊
ကောင်းရာမွန်ရာရောက်ပါစေကွယ် ” ဟု မေတ္တာပို့ပြီး၊

” ဟူးး၊ ငါ့မှာဖြင့် ကြောက်လိုက်ရတာ တစ်ညလုံးပဲ၊
လက်စသက်တော့ လူမှမဟုတ်ပဲကိုး ” ဟု ညဉ်းကာ

ကိုယ့်အဖြစ်ကိုယ်ပြန်တွေးပြီး ပြုံးလိုက်ပါတော့၏။
**** ***** ***** *****

(ပြီးပါပြီ )

ရေးသားသူ-Wizard

#likeနဲ့shareလေးလုပ်ပြီးအားပေးပါဦးနော်