“သေမင်းကိုမြင်ဖူးသူ”(စ/ဆုံး)

“သေမင်းကိုမြင်ဖူးသူ”(စ/ဆုံး)

————————————

ကျွန်မနာမည်ဆွေဆွေပါ။ကျွန်မအသက်က လေးဆယ့်ငါးကျော်ပါပြီ၊ အခုပြောပြမယ့်အဖြစ်က ကျွန်မဘဝမှာ သုံးကြိမ်သုံးခါလောက်ကြုံခဲ့ဖူးတဲ့အဖြစ်အပျက်ပါ။ ကျွန်မနေရာမှာ ရှင်တို့သာဆိုရင်တော့ ဘယ်လိုနေကြမယ်မသိပါဘူး၊ ကျွန်မက သေမင်းကို သုံးကြိမ်လောက်မြင်ဖူးတယ်ရှင့်။

(၁)
ပထမတစ်ခါကတော့ ကျွန်မတို့ခပ်ငယ်ငယ်တုန်းကပဲ၊ ခုနှစ်တော့အသေအချာ မမှတ်မိတော့ဘူးရှင့်၊ ကျွန်မတို့နေတာက မြို့ချောင်းဆိုတဲ့ရွာကလေးမှာနေတာ။ ပဲခူးတိုင်း၊ကျောက်တံခါးမြို့နယ်ထဲကပေါ့။ အခုတော့ ရန်ကုန်မနလေးအမြန်လမ်းကြီးဖြတ်ပြီးဖောက်ထားလို့ ရွာကလေးက စည်ကားသွားပါပြီ၊ ကျွန်မတို့ငယ်ငယ်တုန်းကတော့ ကျွန်မတို့ရွာကလေးက သိပ်ပြီးခေါင်တာပဲ၊ အဲဒီတုန်းက ရဲနွယ်ဆည်ကြီးတောင်မဆောက်ရသေးဘူးလေ၊ ဝေးလံခေါင်သီတဲ့ တောင်ခြေရွာကလေးတစ်ရွာပေါ့ရှင်။

အဲဒီနေ့က မိုးတွေတဖွဲဖွဲရွာနေတယ်။ ကျွန်မတို့ရွာအနောက်ဘက်မှာ လယ်ကွင်းတွေ၊ မြက်ခင်းကြီးတွေရှိတယ်၊ အဲဒီကနေဆက်သွားရင်တော့ ပဲခူးရိုးမပေါ်ကိုတက်လို့ရတယ်၊ စိမ်းညို့နေတဲ့ရိုးမတောင်တန်းကြီးကိုလည်း လှမ်းပြီးမြင်နေရတယ်လေ။ ကျွန်မတို့အဘိုးတွေ၊ အဖေတွေက နွားတွေမွေးကြတယ်၊ အဲဒါနဲ့ကျွန်မတို့တွေလည်း အလိုလိုနွားကျောင်းသားဖြစ်ကုန်ကြတယ်ပေါ့။

အဲဒီနေ့က ကျွန်မရယ်၊ ကျွန်မအမ သီတာရယ်၊ နောက်ပြီးတော့ ကျွန်မသူငယ်ချင်းနှစ်ယောက်ရယ် ရွာပြင်မှာနွားထွက်ကျောင်းရင်းနဲ့ မိုးတဖွဲဖွဲအောက်မှာ ဆော့နေကြတာပေါ့။ ဒီလောက်မိုးဖွဲလေးကတော့ ကျွန်မတို့လို ကျေးလက်နေတဲ့ကလေးတွေအတွက် မမှုပါဘူးရှင်၊ ပြောမယ့်သာပြောရတာ၊ ကျွန်မတို့ငယ်ငယ်တုန်းက ကျန်းမာရေးကတော့ ဒေါင်ဒေါင်မြည်ပဲ၊ မိုးရေထဲပြေးဆော့ကြတယ်၊ တော်ရုံမိုးဖွဲလောက်ဆို ထီးတွေဘာတွေလဲဆောင်းတာမဟုတ်ဘူး၊ ပြီးရင် ချောင်းထဲမှာလည်း ရေဆင်းကူးကြသေးတယ်၊ ဒါပေမယ့် တော်ရုံတန်ရုံဖျားနာခဲတယ်၊ အခုခေတ်ကလေးတွေကတော့ မိုးလေးနည်းနည်းမိလိုက်တာနဲ့ ဖျားနာသွားကုန်ကြတာပဲမဟုတ်လားရှင်။ အင်း၊ စကားပြောရင်း ဘယ်ကိုရောက်သွားမှန်းမသိဘူး၊ ကျွန်မတို့ဇာတ်လမ်းပြန်ဆက်ကြတာပေါ့။

အဲဒီလိုဆော့ကစားနေရင်းနဲ့ မိုးတွေကအုံ့မဲပြီးတက်လာတယ်၊ နွားတွေကတော့ မြင်ခင်းတွေထဲမှာ မြက်တွေစားနေကြတာပေါ့၊ ကျွန်မတို့က သစ်ပင်အုပ်အုပ်ကြီးတစ်ပင်အောက်မှာ ထွေခင်းတိုင်းဆော့နေကြတာပေါ့။ ဒီအချိန်မှာ တောထဲကနေ လူကြီးတစ်ဦးထွက်လာပြီး ရွာကိုလမ်းလျှောက်လာတာကိုတွေ့လိုက်သည်။ ကျွန်မတို့လည်းဆက်ကစားနေရင်း မကြာဘူး ကျွန်မတို့အနားကိုရောက်လာခဲ့တယ်၊ ရွာထဲကိုဝင်တဲ့လမ်းကိုလှမ်းပြီးကြည့်နေတယ်။ ကျွန်မလည်း အဲဒီလူကြီးကိုထူးဆန်းတာနဲ့ စိုက်ကြည့်မိတယ်၊ အဝတ်အစားကတော့ အနက်ရောင်ပိတ်စကြီးကို ခြုံထားတယ်၊ ကျွန်မက အစကပုဆိုးကြီးခြုံထားတယ်လို့ ထင်နေလိုက်တာ၊ ခေါင်းပေါ်မှာလည်း အနက်ရောင်ခေါင်းပေါင်းကြီးကိုပေါင်းထားတယ်၊ သူ့မျက်နှာကျတော့ မျက်တွင်းတွေကနက်နေပြီး နှာခေါင်းတိုတိုက အပေါ်ကိုလန်နေသေးတယ်၊ နှုတ်ခမ်းတွေက ခြောက်ပြီးအက်ကွဲနေတယ်၊ ဆောင်းတွင်းမှာ နှုတ်ခမ်းကွဲသလိုမျိုးပေါ့။ သူက ဟိုဒီကြည့်ရင်း ကျွန်မကိုလှမ်းခေါ်တယ်၊ အဲဒီအချိန်က ကျွန်မကြောက်ရကောင်းမှန်းမသိသေးဘူး၊ အသက်က ဆယ်နှစ်စွန်းစွန်းလောက်ပဲရှိတာပေါ့။ ကျွန်မလည်းဆော့နေတဲ့နေရာကနေ အဲဒီလူကြီးဆီကိုပြေးသွားလိုက်သည်။ ကျွန်မအနားရောက်တော့

“ဟဲ့ကောင်မလေး၊ ဒီရွာမှာ ဦးဖိုးကွန်းဆိုတဲ့လူကြီး ရှိသလား”

ကျွန်မလည်းခေါင်းညိတ်လိုက်တယ်။

“ရှိတယ်၊ ရွာလမ်းအတိုင်းတည့်တည့်ဝင်သွားရင် အိမ်ရှေ့မှာတမာပင်ကြီးနှစ်ပင်ခွပြီးပေါက်နေတဲ့အိမ်ဟာ၊ ဦးလေးဖိုးကွန်းတို့အိမ်ပဲ”

အဲဒီလူကြီးက ကျွန်မကိုပြုံးပြတယ်၊ သူ့အပြုံးကတစ်မျိုးကြီးပဲ၊ ပုံမှန်ဆိုပြုံးပြတယ်ဆို နှစ်သက်စရာကောင်းရမှာလေ၊ အခုသူ့အပြုံးကိုကြည့်ပြီး ကျွန်မကျောရိုးထဲကနေဆိမ့်ပြီး ချမ်းလာခဲ့တယ်”

“ဟဲ့ အငယ်မ၊ ဘာသွားလုပ်နေတာလဲ၊ အခုနင့်အလှည့်ရောက်ပြီ”

အမသီတာက လှမ်းခေါ်တော့မှ ကျွန်မလည်းကစားဝိုင်းနားကိုပြေးလာလိုက်တယ်။

“အမ ခုနကလူကြီးက တော်တော်ကြောက်ဖို့ကောင်းတာပဲနော်”

အမသီတာက အံ့ဩသွားပုံရတယ်။

“ဟဲ့ဘယ်လူကြီးလဲ၊ ငါတော့ဘယ်သူမှမတွေ့ပါဘူး”

“ခုနကလေ ရွာထဲက ဦးလေးဖိုးကွန်းတို့အိမ်ကိုမေးပြီးတော့ ဝင်သွားတာ”

အမရော၊ ကျန်နေတဲ့ကစားတဲ့သူငယ်ချင်းနှစ်ယောက်ပါ ကျွန်မကိုအထူးအဆန်းနဲ့ဝိုင်းကြည့်တယ်။

“မဟုတ်ပါဘူးဆွေဆွေရယ်၊ ငါတို့ဘယ်သူကိုမှမတွေ့လိုက်ပါဘူး”

ကျွန်မတို့အကုန် ရွာဝင်လမ်းကိုပြေးကြည့်ကြတယ်၊ ရွာဝင်လမ်းကြီးကဖြောင့်ဖြူးနေပေမယ့် လမ်းလျှောက်နေတဲ့လူတစ်ယောက်မှ မတွေ့ရဘူး၊ ကျွန်မလည်း အရမ်းထူးဆန်းနေတာပေါ့”

နောက်တော့ ကျွန်မတို့ဆက်ပြီးဆော့နေကြတယ်၊ မကြာပါဘူး အဲဒီလူကြီးနဲ့ ဦးလေးဖိုးကွန်းနဲ့ရွာပြင်ကိုထွက်လာကြတယ်၊ ကျွန်မလည်း ဝမ်းသာအားရနဲ့ အမကြီးတို့ကိုလက်တို့ပြီးတော့ လက်ညှိုးထိုးပြလိုက်တယ်။ ဒါပေမယ့် ကျွန်မလက်ညှိုးထိုးတော့ အဲဒီလူကြီးရော ဦးလေးဖိုးကွန်းပါ ပျောက်ခြင်းမလှပျောက်သွားတယ်။

“ဘာတုန်းအငယ်မရဲ့”

ကျွန်မဘာမှပြန်မပြောနိုင်တော့ဘူး၊ ကျွန်မစိတ်တွေခြောက်ချားလာခဲ့တယ်၊ ဦးလေးဖိုးကွန်းကို ကျွန်မသေချာသိတောပေါ့။ သူက ကျွန်မတို့နဲ့ ဆွေမျိုးမကင်းတော်တယ်၊ ရိုးမထဲအလုပ်သွားလုပ်ရင်း ငှက်ဖျားမိလာလို့ ငှက်ဖျားတက်ချိန်ဆို စောင်ကြီးခြုံပြီးနေရတတ်တယ်လေ။ အခုလည်း သူတို့နှစ်ယောက်ကို တစ်ချက်ရိပ်ခနဲတွေ့လိုက်ရပြီး ပျောက်သွားတယ်ဆိုတော့ တစ်ခုခုဆိုတာ ကျွန်မသိလိုက်ရပြီ။

ကျွန်မလည်း ထွေကိုလက်ထဲကနေပစ်ချပြီးတော့ အိမ်ကိုတစ်ချိုးတည်းပြန်လှည့်ပြေးခဲ့တော့တယ်။ အမကြီးတို့က အနောက်ကအော်ခေါ်ပေမယ့် ကျွန်မလှည့်မကြည့်တော့ဘူး၊ အိမ်ကိုရောက်တော့ အိမ်ရှေ့မှာထိုင်ရင်း နှီးဖြာနေတဲ့အဖေ့ဆီကိုပြေးပြီး အဖေ့ကိုပြေးဖက်ထားလိုက်တယ်။

“ဟာ၊ ဒီကောင်မလေး ဘာဖြစ်လာရပြန်တာလည်း၊ တစ်ကိုယ်လုံးလည်းရေတွေစိုနေလို့ပါလား”

ကျွန်မအရမ်းကြောက်နေတယ်၊ အဲဒီလူကြီးက သရဲလို့ကျွန်မထင်လိုက်တယ်၊ မိုးရေစိုလို့မဟုတ်ဘဲ ကျွန်မတစ်ကိုယ်လုံးတုန်ယင်နေတယ်၊ သိပ်မကြာခင်မှာဘဲ ရွာထဲကလူတွေ ရုံးစုရုံးစုဖြစ်နေကြတယ်၊ မိုးတွေကလည်း သည်းလာပြီး မိုးခြိမ်းသံတွေကလည်းဆူညံနေတာပဲ၊ အမျိုးတစ်ယောက်က အိမ်ထဲကိုပြေးဝင်လာတယ်။

“မြင့်ဆွေရေ၊ ဦးဖိုးကွန်းဆုံးသွားပြီတဲ့ဟ”

ဘကြီးဖြစ်သူလာပြောတော့ အဖေက အံ့ဩနေသေးတယ်။

“ဘယ်လိုဖြစ်ရတာလဲဗျာ၊ မနက်ကအထိတောင် ကျုပ်နဲ့စကားပြောနေသေးတာ”

“အေးကွာ၊ ငှက်ဖျားပိုးခေါင်းထဲဝင်တယ်လို့တော့ ထင်တာပဲကွ”

အဖေတို့က စကားတွေဆက်ပြောနေကြတယ်၊ ကျွန်မကတော့ ဘာကိုမှသတိမထားနိုင်တော့ဘူး။

“ဒါဆို ခုနကတွေ့ခဲ့တဲ့လူကြီးက မေမေတို့ပြောတဲ့ သေမင်းကြီးများဖြစ်နေမလား၊ ဒါဆို ဦးလေးဖိုးကွန်းရဲ့အသက်ကို လာနှုတ်ယူသွားခဲ့တာလား”

ကျွန်မတွေးရင်း တစ်ကိုယ်လုံးပူခြစ်လာခဲ့တယ်၊ အဲဒီညပဲ ကျွန်မဖျားတယ်၊ ကျွန်မအိပ်မက်တွေထဲမှာ အဲဒီလူကြီးရဲ့ကြောက်စရာအပြုံးကြီးကို ပြန်မြင်နေမိတယ်။

“ညည်းတို့တွေ မိုးထဲရေထဲ မဆော့ပါနဲ့လို့ အတန်တန်မှာထားလျက်သားနဲ့အေ”

အဘွားက ကျွန်မဘေးမှာထိုင်ပြီးတော့ ကျွန်မကိုဆူနေတယ်။ အဲဒါကတော့ ကျွန်မနဲ့ပထမဆုံး ဆုံတွေ့မှုလေးပေါ့ရှင်။

(၂)

ဒုတိယတစ်ခါဖြစ်တော့ ကျွန်မအိမ်ထောင်ကျခါစကပေါ့။ ကျွန်မအမျိုးသားက အစိုးရဝန်ထမ်းလေ၊ ဒါနဲ့သူတာဝန်ကျတဲ့ ပြည်မြို့မှာကျွန်မလိုက်နေတယ်။ ညားခါစဆိုတော့ သားသမီးလည်းမရှိတော့ အဆင်ပြေသေးတယ်။ အစိုးရလိုင်းခန်းက တန်းလျားကလေးဆောက်ထားပြီးတော့ အခန်းရှစ်ခန်းလောက်ရှိတယ်။ အဲဒီလိုတန်းလျားကလေး လေးငါးခု ဝင်းထဲမှာဆောက်ထားကြတာပေါ့။ တန်းလျားကလေးရဲ့အရှေ့မှာတော့ အုတ်ကန်နဲ့ရေတုံကင်ထားတယ်။ ကျွန်မတို့ရေသုံးချင်တယ်ဆိုရင် အဲဒီအုတ်ကန်မှာပဲသုံးကြရတာပေါ့။

အဲဒီတုန်းကတော့ နွေရာသီကြီး။ ပြည်မြို့က မြန်မာပြည်အလယ်ပိုင်းမှာရှိတာဆိုတော့ ရာသီဥတုကတော့ တော်တော်ပူတယ်၊ နွေဆိုတော့ ကျွန်မတို့တွေ ညနက်မှ ရေချိုးပြီးအိပ်ကြတယ်။ အဲဒီညက ခုနစ်နာရီလောက်ရှိမှာ ကျွန်မနဲ့ ကျွန်မအမျိုးသားနဲ့အုတ်ကန်မှာရေထွက်ချိုးကြတယ်၊ အဲဒီအချိန်ဆိုရင် လူလဲရှင်းသွားပြီ။ ကျွန်မက အရင်ချိုးပြီးတော့ ယောက်ျားချွတ်တဲ့အဝတ်တွေကို တစ်ခါတည်းလျှော်နေလိုက်တယ်၊ အဲဒီအချိန်မှာ ကျွန်မတို့အစိုးရဝင်းရဲ့ ဝင်ပေါက်ကနေပြီးတော့ လူကြီးတစ်ယောက် ငိုက်စိုက်စိုက်နဲ့လမ်းလျှောက်လာတာကိုမြင်လိုက်ရတယ်။

အဲဒီခေတ်က သင်္ဘောမီးသီးလို့ခေါ်ကြတဲ့ ခြောက်ဆယ်ဝပ်မီးလုံးကြီးကို ဝင်းတံခါးအဝင်နဲ့ တန်းလျားထိပ်တွေမှာ ထွန်းထားတာမို့လို့ အလင်းရောင်ကောင်းကောင်းရနေတယ်။ ကျွန်မလည်း အဲဒီလူကြီးကိုကြည့်ရင်း သွေးပျက်လာခဲ့တယ်၊ ဘာလို့လဲဆိုတော့ ကျွန်မငယ်ငယ်ကတွေ့ခဲ့ရတဲ့လူကြီးဖြစ်နေလို့ပါပဲ။

အဲဒီလူကြီးက ဝင်းထဲဝင်လာပြီးတော့ ကျွန်မကိုလှမ်းကြည့်နေတယ်၊ ကျွန်မလည်းကြောက်လိုက်တာ ပြောမနေပါနဲ့တော့ရှင်၊ အဲဒီလူကြီးရဲ့ မျက်တွင်းနက်နက်မျက်လုံးအကြည့်တွေကို ကျွန်မအရမ်းကြောက်တယ်၊ နောက်တော့ အဲဒီလူကြီးက ကျွန်မကိုပြုံးပြတယ်”

“မလာနဲ့၊ မလာနဲ့ထွက်သွား”

ကျွန်မအော်ဟစ်လိုက်တော့ မလှမ်းမကမ်းမှာရေချိုးနေတဲ့ ကျွန်မအမျိုးသားက လန့်သွားတယ်။

“ဆွေ ဘာဖြစ်တာလဲ၊ ဘာတွေ့လိုက်လို့လဲ”

“ဟို၊ ဟိုမှာ ဝတ်စုံနက်နဲ့လူကြီးတစ်ယောက်”

ကျွန်မလက်ညှိုးထိုးလိုက်တဲ့နေရာကို ကျွန်မအမျိုးသားက သေချာကြည့်နေတယ်။

“ဘာမှမရှိပါဘူးကွ”

ကျွန်မလည်းကြောက်ကြောက်နဲ့ အမျိုးသားကိုဆွဲဖက်လိုက်တယ်၊ သူ့ရင်ဘတ်ထဲမှာ ပုန်းနေလိုက်ပြီး ချိုင်းကြားကနေ မဝံ့မရဲနဲ့ကြည့်လိုက်တော့ အဲဒီလူကြီးမရှိတော့ဘူး။ ကျွန်မအရမ်းကြောက်ပြီးတော့ တုန်ယင်နေရတယ်။ နောက်တော့ အိမ်ခန်းထဲကို အမျိုးသားနဲ့အတူတူပြန်ဝင်လာခဲ့တယ်။

“ကျွန်မအဲဒီညက အိပ်မပျော်ဘူး၊ ဒီလူကြီးလာတာ တစ်ခုခုပဲလို့ စိတ်ထဲတွေးနေမိတယ်၊ ဒါပေမယ့် အဲဒီအချိန်အထိ လိုင်းခန်းထဲမှာ ဘာအသေအပျောက်သတင်းမှ မကြားရသေးဘူး”

မနက်သုံးနာရီလောက်မှာတော့ အော်သံတွေ၊ ငိုသံတွေကြားလို့ ကျွန်မလန့်နိုးသွားတယ်။ အမျိုးသားက အိမ်ရှေ့ရောက်နေတာမို့လို့ အိမ်ရှေ့ကိုလိုက်ထွက်လာခဲ့တယ်၊ လိုင်းခန်းထဲကလူတွေ ရုံးစုရုံးစုဖြစ်နေပြန်ပြီ။

“ဆွေရေ၊ ကိုလှမောင်ကြီး ဆုံးသွားလို့တဲ့”

အဲဒီစကားကိုကြားလိုက်တော့ ကျွန်မစိတ်ထဲအလွန်ထိတ်လန့်သွားခဲ့တယ်။

“ဘယ်၊ ဘယ်လိုဆုံးတာလဲ”

“ညက အိပ်ရာဝင်တော့အကောင်းပဲတဲ့၊ အခုသူ့မိန်းမက တရေးနိုးရေထသောက်ရင်း ခေါ်ကြည့်တော့ နှိုးမရတော့ဘဲ၊ အသက်လည်းမရှိတော့ဘူးတဲ့၊ ဆရာဝန်ကိုသွားပင့်ထားတယ်၊ သူရောက်လာရင်တော့ ဘာကြောင့်သေရတာလဲဆိုတာ သိရမှာပါ”

ယောက်ျားပြောတဲ့စကားတွေကို ကျွန်မနားအဝင်တော့၊ ဒါနဲ့ဆိုရင် ကျွန်မဘဝမှာ နှစ်ကြိမ်တိုင်တိုင်ရှိခဲ့ပြီ၊ ထိုလူကြီးနှင့်တွေ့သည့်အခါတိုင်း လူတစ်ယောက်မဟုတ်တစ်ယောက်သေဆုံးနေတာမို့လို့ ကျွန်မတုန်လှုပ်နေမိတာ ဆန်းသလားရှင်၊ အဲဒီနောက်ပိုင်းတော့ ကျွန်မဘုရားတရားပိုပြီးလုပ်ဖြစ်တယ်၊ ဒါပေမယ့် အဲဒီလူကြီးရဲ့ ကြောက်စရာအပြုံးကြီးကိုတော့ ကျွန်မအမြဲမှတ်မိနေတယ်။

(၃)

နောက်ဆုံးတစ်ခါကတော့ သိပ်မကြာသေးခင် တစ်နှစ်လောက်ကဖြစ်သွားခဲ့တာပါပဲ၊ ကျွန်မလည်း သားနှစ်ယောက်အမေဖြစ်နေပြီ၊ သားအကြီးတောင် ဆယ့်ရှစ်နှစ်၊ သားငယ်ကအသက် ဆယ့်ခြောက်နှစ်ပေါ့။ ကျွန်မတို့လည်း ရန်ကုန်ကိုပြောင်းနေကြပြီးတော့ လှိုင်မှာတိုက်ခန်းဝယ်နေတယ်၊ ကျွန်မတို့တိုက်က ခြောက်လွှာရှိပြီးတော့ ကျွန်မတို့က လေးလွှာမှာနေတာပေါ့။

“အမေ၊ အပြင်သွားမယ်ဆိုရင် မက်စ်တပ်အုံးနော်၊ ဖေ့ရှီးလ်လဲအုပ်သွား၊ ဆံပင်တွေကိုလည်း အုပ်သွား၊ လက်အိပ်လဲ သေချာတပ်အုံး”

သားငယ်က သေချာသတိပေးတယ်၊ သူ့အမေကိုစိတ်ပူတာကိုး။ အဲဒီအချိန်တုန်းကလည်း ကိုဗစ်ဒုတိယလှုင်းအပြီး တတိယလှိုင်းအစဖြစ်နေတဲ့အချိန်ကိုး။ ဈေးကလည်း မဝယ်မဖြစ်မို့ ကျွန်မလည်းဆွဲခြင်းကလေးဆွဲပြီးတော့ တိုက်ခန်းထဲကနေထွက်လာခဲ့တာပေါ့။

ပုံမှန်ဆိုရင် သားကြီးဖြစ်ဖြစ်၊ သားငယ်ဖြစ်ဖြစ်ဈေးကိုအတူလိုက်လေ့ရှိပေမယ့် အခုတော့ ကျွန်မသူတို့ကိုမခေါ်တော့ဘဲ တစ်ယောက်တည်းဆင်းလာခဲ့တယ်။ တိုက်ခန်းလှေကားကျဉ်းကျဉ်းကလေးအတိုင်းဆင်းလာရင်း ဒုတိယထပ်လောက်ရောက်တော့ အောက်ကနေလူကြီးတစ်ယောက်တက်လာပြန်ရော။

ဘယ်သူဖြစ်ရမလည်းရှင်၊ ကျွန်မတစ်ချိန်က တွေ့ခဲ့တဲ့လူကြီးပဲပေါ့၊ နှစ်တွေပြောင်းသွားပြီးတော့ ကျွန်မတောင်မှအသက်တွေကြီးသွားတယ်၊ အဲဒီလူကြီးက ကျွန်မငယ်ငယ်ကတွေ့ခဲ့တဲ့ရုပ်အတိုင်းပဲ ဘာမှမပြောင်းလဲဘူး။

သူကအောက်ကတက်လာပြီး လှေကားခွင်လေးရောက်တော့ ကျွန်မကိုမော့ကြည့်တယ်၊ ကျွန်မကလည်းအပေါ်ကအဆင်းဆိုတော့ သူနဲ့ကျွန်မနဲ့မျက်နှာချင်းဆုံကြပါလေရော၊ သူ့မျက်နှာကြီးက အရင်ကလိုပဲ အရမ်းကြောက်ဖို့ကောင်းနေတယ်၊ သူက ကျွန်မကိုသေသေချာချာကြည့်ပြီးတော့ပြုံးပြလိုက်သေးတယ်။

သူ့အပြုံးကိုမြင်လိုက်တော့ ကျွန်မတစ်ကိုယ်လုံး တဆတ်ဆတ်တုန်ယင်လာတယ်။ သူက လှေကားပေါ်ဆက်တက်လာတာမို့လို့ ကျွန်မလည်းလှေကားကိုနောက်ပြန်တက်ပြီး လှေကားခွင့်ကလေးမှာ နံရံနဲ့တစ်သားတည်းဖြစ်အောင်ကပ်နေလိုက်သည်။ သူကတော့ ဆက်ပြီးတက်လာပြီး ကျွန်မအနားရောက်လာတယ်၊ သူအနားရောက်လာတော့ အော်ဂလီဆန်စရာအနံ့ကြီးတစ်ခုကိုရတယ်၊ ဘယ်လိုအနံ့မှန်းတော့ မပြောပြတတ်ပါဘူးရှင်၊ ညှီစို့စို့ ချဉ်စုတ်စုတ်နဲ့ တော်တော်ဆိုးတဲ့အနံ့ကြီးပါ။ နောက်တော့ ကျွန်မအနားကနေဖြတ်ပြီးအပေါ်ထပ်ကို ဆက်တက်သွားတော့တယ်။

ကျွန်မဒူးတွေမခိုင်တော့ဘူး၊ တစ်ကိုယ်လုံးလည်းတုန်ယင်နေတာကြောင့် ဈေးသွားဖို့စိတ်မကူးတော့ဘဲ အပေါ်ကိုပြန်တက်လာခဲ့တယ်၊ ကျွန်မဒူးတွေကို ကျွန်မထိမ်းမရတာကြောင့်မို့လို့ လှေကားလက်တန်းကိုသေချာကိုင်ပြီး လှေကားတစ်ထစ်ခြင်းဆီကို အတော်ကိုတက်ယူရတယ်၊

သားငယ်က အိမ်တံခါးဖွင့်ပေးလိုက်တာနဲ့ ကျွန်မအိမ်ထဲပြေးဝင်လိုက်တယ်။ ထိတ်ထိတ်ပြာပြာဖြစ်နေတဲ့ကျွန်မကိုကြည့်ပြီး သားငယ်က အံ့ဩနေတယ်။

“အမေဘာဖြစ်လာတာလဲ”

“ဘာ၊ ဘာမှမဖြစ်ဘူးငါ့သား၊ အမေ့ကိုစိတ်မပူနဲ့နော်”

အဲဒီလိုပြောပြီး ကျွန်မလည်းအိပ်ခန်းထဲကိုဝင်ပြီး လှဲမှောက်နေလိုက်ရတယ်။

“ဒီကောင်ကြီးနဲ့တွေ့ပြီဆိုတော့ တစ်ခုခုတော့ ထူးတော့မယ်ထင်တယ်၊ ဘယ်သူမှ ဘာမှမဖြစ်ပါစေနဲ့၊ သတဝါတွေ ဘေးကင်းကြပါစေ”

ခဏကြာတော့ သားငယ်က အခန်းတံခါးကိုလာခေါက်တယ်။

“အမေရေ၊ ခြောက်လွှာက အန်တီထားဆုံးသွားပြီတဲ့”

အဲဒီအသံကိုကြားလိုက်ရတော့ ကျွန်မရင်တွေအရမ်းတုန်သွားတယ်၊ ကျွန်မဆုတောင်းမပြည့်ခဲ့ဘူးပေါ့၊ ဒါနဲ့ပဲ အခန်းထဲကနေ သားငယ်ကိုပြန်အော်မေးလိုက်တယ်။

“သေချာလို့လားသားရဲ့”

“အခုပဲ ဖေ့ဘုတ်ပေါ်တက်လာတာအမေရ၊ သူ့သမီးတင်ထားတာ၊ ကိုဗစ်နဲ့ထင်တယ်၊ အောက်စီဂျင်ပြတ်ပြီး ဆုံးသွားပုံရတယ်”

အန်တီထားဆိုတာက ကျွန်မတို့တိုက်အပေါ်ဆုံးလွှာမှာနေတဲ့မိန်းမကြီးတစ်ယောက်ပေါ့၊ သူ့အသက်က ကျွန်မထက်တော့ လေးငါးနှစ်ပိုကြီးမယ့်ပုံပါပဲ၊ သေမင်းကြီးက သူ့ကိုတက်ခေါ်တာဖြစ်မှာပေါ့လေ၊ ကျွန်မတော့ဖြင့် သိပ်ပြီးအံ့ဩမနေတော့ပါဘူး။

အဲဒီအကြိမ်ကတော့ နောက်ဆုံးတွေ့ခဲ့တဲ့အချိန်ပဲပေါ့၊ သူ့ကိုကျွန်မဘဝမှာ မြင်မြင်နေရပြီး မြင်ရတဲ့အချိန်တိုင်းလည်း မကောင်းတဲ့သေဆုံးခြင်းတွေ ဖြစ်နေတတ်ခဲ့တာကို ကျွန်မသတိထားမိတယ်။ သေမင်းရှိတယ်မရှိဘူးက ကျွန်မတို့ဘာသာမှာ ငြင်းခုန်နေကြဆဲဆိုပေမယ့် ကျွန်မကတော့ အဲဒီလူကြီးကို သုံးကြိမ်သုံးခါတိတိမြင်ဖူးနေတယ်၊ ဆရာတော်တစ်ပါးကိုလျှောက်တော့ သေမင်းမဟုတရင်တောင်မှ မရဏသေဆုံးခြင်းအငွေ့အသက်တွေကို ခံစားနေမိတာဖြစ်နိုင်တယ်လို့ ပြောသွားတယ်။

ဒါတွေကိုကျွန်မလိုက်တွေးဖို့ ဉာဏ်မမီသေးပါဘူးရှင်၊ ဒါပေမယ့် သေချာတာတစ်ခုကတော့ ကျွန်မအဲဒီလူကြီးနဲ့သေချာဆုံဖူးပြီး သူ့ကိုသေချာမှတ်မိနေတာပါပဲ၊ သူကလည်း ကျွန်မကိုမှတ်မိမယ်ထင်ပါရဲ့၊ သူပြုံးပြတဲ့အဲဒီအပြုံးကြီးကိုတော့ဖြင့် ကျွန်မအခုအချိန်ပြန်မြင်ယောင်ရင် ကျောချမ်းနေဆဲပါပဲ။

နောက်ထပ်လည်းဆက်မြင်ရအုံးမလားတော့ မသိတော့ပါဘူး၊ သေချာတာကတော့ ကျွန်မတစ်ချိန်တော့ ကြိမ်းသေပေါက်သူနဲ့ပြန်ဆုံဖြစ်မယ်ထင်တယ်၊ ကျွန်မဘဝရဲ့နောက်ဆုံးအချိန်ကိုရောက်တဲ့အခါ ကျွန်မကိုလာခေါ်သွားမယ့်သူက သူပဲဖြစ်နေမလားမသိပါဘူး။

ပြီးပါပြီ။
#စာ​ရေးသူ =အဂ္ဂဇော်အားလေးစားလျက်

PageကိုLike&shareလေးနဲ့အားပေးသွားကြပါအုံး