“ရွှေဂူရှင်မ”(စ/ဆုံး)

“ရွှေဂူရှင်မ”(စ/ဆုံး)

–———————————-

စာရေးသူ-ဆရာတာတေအားလေးစားလျက်

 

ကျုပ်ကမြို့မှာရောက်နေတာဗျ။ မြို့မှာရောက်နေတာလို့ပြောတာထက် မြို့မှာသောင်တင်နေတာလို့ပြောရင် ပိုမှန်လိမ့်မယ်ဗျ။ဒီလိုဗျို့။ကျုပ်ကဘကြီးကိုတစ်နှစ်တစ်ခါလာပြီးကန်တော့နေကြလေဗျာ။အခုလည်း ဘကြီးကိုကန်တော့ဖို့ လာတာပဲဗျ။ ဘကြီးကိုကန်တော့ပြီး မြို့မှာတစ်ညအိပ်လိုက်တာဗျို့။ ကျုပ်အိပ်တဲ့ညမှာပဲကျုပ်ဘကြီး လေထဖြတ်တာ။

 

ညတစ်နာရီထိုးလောက်ကြီးဗျ။ ဘကြီးကအိပ်ရာထဲကနေ ဝူးဝူးဝါးဝါးတွေအော်နေတာနဲ့ ကျုပ်နိုးသွားပြီးပြေးကြည့်တော့ ပါးတစ်ခြမ်းရွဲ့ပြီးပါးစပ်ပါ ရွဲ့ရွဲ့ကြီးဖြစ်နေတာဗျို့။ စကားပြောလို့လုံးဝမရတော့ဘဲ ဝူးဝါးဝူးဝါးဖြစ်နေတာဗျ။ဒါပေမယ့်ဘကြီးကသတိတော့မလစ်ဘူး။ သူ့အိပ်ရာဘေးက စားပွဲကိုချည်း လက်ညှိုးထိုးပြနေတာ။ ကျုပ်လှည့်ကြည့်လိုက်တော့ငှက်ပျောဖူးပုလင်းနှစ်ပုလင်းတင်ထားတာတွေ့တယ်။ပုလင်းထဲမှာဝါဝါအရည်တွေ တွေ့တယ်ဗျ။

 

ဒီတော့မှ ကျုပ်သတိရသွားတာဗျ။ ဘကြီးအိမ်မှာလာနေပြီး ကျောင်းတက်တုန်းက ဘကြီးလေငန်းဆေးဖော်ဖော်ပြီး လူတွေကိုပေးတာ သွားပြီးသတိရလိုက်တာဗျို့။ အဲဒီတုန်းကဘကြီးပြောတာကို ချက်ချင်းသတိရသွားပြီး စားပွဲပေါ်က ငှက်ပျောဖူးပုလင်းကြီးကို ဆွဲယူလိုက်တယ်။ ပုလင်းကိုကပျာကယာဖွင့်ပြီး စားပွဲပေါ်မှာအဆင်သင့်တွေ့တဲ့ဇွန်းနဲ့ ဘကြီးပါးစပ်ထဲကိုဆေးရည်တွေခပ်ဖြည်းဖြည်းထည့်ပေးလိုက်တယ်။ဆေးရည်နှစ်ဇွန်းတိုက်ပြီးတော့ ဘကြီးရဲ့ရွဲ့နေတဲ့ပါးကိုဆေးရည်နဲ့နာနာပွတ်ပြီး ပြန်ဆွဲချပေးတာဗျ။

 

စွမ်းလိုက်တဲ့ဆေးဗျာ။ လွှတ်စွမ်းတာဗျ။ ကျုပ်ကဆေးလိမ်းလိုက်၊ ဆွဲချလိုက်လုပ်ပေးလိုက်တာ ဘကြီးရဲ့ပါးက တဖြည်းဖြည်းပြန်တည့်လာရောဗျာ။ ဆယ့်ငါးမိနစ်လောက်ကြာတော့ လုံးလုံးပြန်တည့်သွားရောဗျို့။ဘကြီးရဲ့ရွဲ့နေတဲ့ ပါးစပ်ရော ရွဲ့နေတဲ့ မျက်နှာတစ်ခြမ်းပါပြန်တည့်သွားတာဗျို့။ ဘကြီးကစကားလည်း ပြောနိုင်သွားပြီဗျ။ ဒါကတော့ဆေးရည်ကိုပါးစပ်က တိုက်လိုက်လို့ထင်တယ်ဗျ။

 

ကျုပ်ကဘကြီးရဲ့ လက်မောင်းတွေရော၊ ကျောကုန်းရော ကိုယ်တခြမ်းလုံးကို ဆေးရည်နဲ့ ခပ်ရွှဲရွှဲလိမ်းပြီး နှိပ်ပေးရတာပေါ့ဗျာ။ တစ်နာရီလောက် ကြာတော့ အက်ျီထူထူဝတ်ပေးပြီး စောင်ခြုံပေးထားလိုက်တယ်။

 

“တာတေ မင်းမြင်ပြီမို့လား ဘကြီးဆေးအစွမ်းကို”

 

“ဟုတ်ပ ဘကြီးရာ ဘကြီးဆေးကလွှတ်စွမ်းတာ ကျုပ်ကိုယ်တွေ့ပဲလေဗျာ”

 

“မင်းဒီမှာ ကျောင်းလာတက်နေတုန်းက ဒီဆေးဖော်တာ နှစ်ခါသုံးခါ တွေ့ဖူးတယ်မို့လား”

 

“တွေ့ဖူးတယ်လေ ဘကြီးရဲ့၊ ကျုပ်ပဲ ရှောက်ဘီလူးတွေ အရည်ညှစ်ပေးတာလေ”

 

“ဪ အေး အေး ဟုတ်သားပဲ တာတေရဲ့ မင်းပဲရှောက်သီးတွေ အရည်ညှစ်ပေးတာ”

 

ဘကြီးဖော်တဲ့လေငန်းဆေးကို ကျုပ်မှတ်မိတယ်ဗျ။ ရှောက်ဘီလူးတွေ တောကိုမှာရတယ်ဗျို့။ ရှောက်ဘီလူးဆိုတာ သံပုရာသီး သာသာလောက်ရှိတဲ့ ရှောက်သီးလေဗျာ။ အခွံထူထူမှာ အထွတ် အထွတ်တွေ ထွက်နေတဲ့ရှောက်သီးလေ။

 

အဲ့ဒီရှောက်ဘီလူးအရည် တစ်ပုလင်းရအောင်ညှစ်ရတယ်ဗျ။ တစ်ပုလင်းဆိုတာ ငှက်ပျောဖူးပုလင်းကို ပြောတာလေဗျာ။ ရှောက်ရည်တစ်ပုလင်းရအောင် တော်တော်လေး ညှစ်ရတာဗျ။ ရှောက်သီးက သံပုရာသီး သာသာလေးရှိတာလေဗျာ။

 

ရှောက်ရည်တစ်ပုလင်းနဲ့ ထန်းလျက်အရက် ၊ခေါင်ရည်သန့်သန့်တစ်ပုလင်း ရောရသဗျ။ ထန်းလျက်အရက်ဆိုတာတောအရက်ကိုပြောတာလေဗျာ။ အဲ့ဒီနှစ်ပုလင်းစာကို ကြွေရည်သုတ် ဇလုံထဲမှာထည့်ရတယ်။တစ်ခါတစ်လေတော့လည်း မြေအိုးနဲ့ကျိုရသဗျ။ အဲဒီနှစ်ပုလင်းစာကို တစ်ပုလင်းစာကျန်အောင်ကျိုရတယ်။ တစ်ပုလင်းစာကျန်ပြီဆိုတော့မှ အဆင်သင့်ဝယ်ထားတဲ့ ငါးလင်ဗန်းသည်းခြေ အစိုဖြစ်ဖြစ်၊ အခြောက်ဖြစ်ဖြစ်လေးခုငါးခုလောက် ထည့်ကျိုရတယ်။ ငါးလင်ဗန်းသည်းခြေထည့်လိုက်တော့အရည်ကို ဝါညိုညိုကြီးဖြစ်လာရောဗျ။ ပြီးရင်ကုလားအော်သီးလို့ခေါ်တဲ့ အာဝါးသီးရဲ့အလယ်က အူတိုင်သုံးခုထုတ်ပြီးထည့်ကျိုရတယ်။ ငရုတ်သီးရဲ့အူတိုင်မှာက ငရုတ်စေ့လေးတွေပါတာပေါ့ဗျာ။ အဲဒီအရည်ကိုအအေးခံပြီး ငှက်ပျောဖူးပုလင်း နဲ့ထည့်ထားရတယ်။ တစ်ယောက်ယောက်လေဖြတ်လို့ ဘကြီးကိုလာခေါ်ရင် ဘယ်အချိန်ဖြစ်ဖြစ်သူ့ဆေးပုလင်းကြီးကိုဆွဲပြီး လိုက်တော့တာပဲဗျ။

 

ဘကြီးက တဖြည်းဖြည်း နွေးလာပြီးအိပ်ပျော်သွားတယ်ဗျ။ ကျုပ်ကတော့ပြန်မအိပ်တော့ဘဲ ဘကြီးကိုစောင့်နေရတာပေါ့ဗျာ။ နောက်နေ့မနက်ရောက်တော့ ဆရာဝန်နဲ့တော့ပြရတာပေါ့ဗျာ။ ရွာကိုလူကြုံနဲ့အကြောင်းကြားတော့ အမေနဲ့အဘလည်းလိုက်ချလာကြတာပေါ့။

 

ဒါနဲ့ပဲကျုပ်လည်းမြို့မှာ သောင်တင်နေတော့တာဗျ။ ဘကြီးတော်တော်လေးကောင်းလာတော့ ကျုပ်လည်းပျင်းပျင်းရှိတာနဲ့မြို့ထဲကကျောင်းနေဘက်သူငယ်ချင်းတွေဆီ လျှောက်လည်ရတာပေါ့ဗျာ။

 

“ဟေ့တပည့်၊ အဲဒီရွှေမန်းကျည်းတောင့်တွေကိုမထိနဲ့မကိုင်နဲ့ ကြားလား၊ လျှောက် လျှောက် တည့်တည့်လျှောက် ငါ့နောက်ကသိပ်မခွာနဲ့ ၊ကပ်လျှောက်တပည့်၊ ကပ်လျှောက်။ဟေ့ကောင် တပည့် မင်းဘာမှ မကြောက်နဲ့ဘီလူးကောင်ကြီးလာနေပြီ။ လာနေပြီ။ငါလုပ်လိုက်မယ် မကြောက်နဲ့တပည့်မကြောက်နဲ့ ငါ့ဆေးတောင်ဝှေးနဲ့ ရမ်းလိုက်မယ်”

 

အသံပြာပြာကြီးနဲ့အော်ပြောတာဗျ။ လူတွေလည်းအုံလို့။ ကျုပ်ချက်ချင်းသွားပြီး ကြည့်လိုက်တယ်။ ရသေ့ကြီးတစ်ပါးဗျ။ဆံပင်ကြီးဖားလျားချလို့။သက်န်းညိုညိုကြီးကလည်းစုတ်ပြတ်သတ်လို့ဗျာ။ လက်ထဲမှာသစ်ကိုင်းခြောက်တစ်ချောင်း ကိုင်ထားတယ်။

 

“ဟာ ရသေ့အရူးကြီးကွ”

 

ကလေးနှစ်ယောက် ကျုပ်ကိုတိုးပြီး လူအုပ်ထဲကိုဝင်သွားတယ်။ ဝိုင်းအုံကြည့်နေတဲ့ လူတွေရဲ့မျက်နှာကို ကျုပ်အကဲခတ်ကြည့်လိုက်တယ်။ လူ့စိတ်ဆိုတာ မျက်နှာမှာပေါ်နေတာပဲလေဗျာ။

 

တချို့ကတော့ ရသေ့အရူးကြီးကို သနားတဲ့စိတ်နဲ့ကြည့်နေတာဗျ။တချို့ကျတော့လည်းမျက်နှာက ပြုံးစေ့စေ့နဲ့၊ ရယ်စရာလို့သဘောထားတာပေါ့ဗျာ။

 

“ဟား ဟား ဟား ရသေ့ကြီးသိုက်တူးနေတာကွ”

 

“အေး ဟုတ်မယ်ကွ၊လက်ထဲက ကိုင်ထားတဲ့သစ်ကိုင်းခြောက်ကိုဆေးတောင်ဝှေးလိုသဘောထားပုံ ရသကွ”

 

“ဟုတ်တယ်လေကိုစရဲ့၊ အဲဒီဆေးတောင်ဝှေးနဲ့သိုက်ထဲက ဥစ္စာစောင့်ဘီလူးတွေ၊ သရဲတွေကိုရမ်းပစ်လိုက် ၊ထိုးပစ်လိုက် ၊ရိုက်လိုက်လုပ်နေတာလေဗျာ၊အတော်လေးတော့ရယ်စရာကောင်းသဗျ၊ ဟား ဟား ဟား”

 

ပြောရင်းနဲ့ ဒီလူရယ်ရောဗျ။

 

“ဟေ့ကောင်ဘမှိန်မရယ်နဲ့ကွ မင်းဝဋ်လိုက်နေဦးမယ်၊ ဒါရယ်စရာမဟုတ်ဘူးကွ၊ သနားဖို့ကောင်းတာ”

 

“ဟဲ့တပည့် မတီးနဲ့၊မတီးနဲ့၊ အဲဒီမောင်းကိုမတီးနဲ့၊ဟာဒီကောင်ပြောနေတဲ့ကြားက မောင်းကိုတီးလိုက်ပြီ။ ဟာရေတွေ ရေတွေ ဂူနံရံက ရေလုံးကြီးတွေ ပန်းထွက်လာပြီဟ။ကူးဟေ့ကူး၊ ကူး မသေချင်ရင် လွတ်အောင်ကူးကွ”

 

ရသေ့အရူးကြီးက ပြောပြောဆိုဆိုနဲ့ဝမ်းလျားမှောက်ချလိုက်ပြီး သဲထဲမှာရေကူးသလို ကူးနေရောဗျ။

 

“ဟား ဟား ဟား ဟား ဟား”

 

ကြည့်နေတဲ့ လူအုပ်ကြီးက ရယ်တော့တာပေါ့ဗျာ။ဒါပေမယ့်ရသေ့ကြီးကသူ့ကိုလူတွေအုံကြည့်နေတာကိုနည်းနည်းမှသတိထားမိပုံမရဘူးဗျ။ သဲတောထဲမှာ ရေကူးနေတော့တာပါပဲဗျာ။ကျုပ်လည်းဆက်မကြည့်ရက်တော့တာနဲ့လှည့်ထွက်လာခဲ့တယ်။ ဘယ်ကိုမှလည်း သွားချင်စိတ်မရ်ှတော့ပါဘူးဗျာ။ ဘကြီးအိမ်ကိုပဲကျုပ်ပြန်လာခဲ့တယ်။

 

ကျုပ်စိတ်မကောင်းဘူးဗျာ။ရသေ့ကြီးဦးဘောဂကိုကျုပ်မတွေ့တာတစ်နှစ်ကျော်ရှိပြီဗျ။ကျုပ်စိတ်ထဲမှာသတိတောင်သိပ်မရတော့ပါဘူး။ အခုလိုဗြုန်းကနဲ ပြန်တွေ့လိုက်တော့ ကျုပ် အံ့သြ သွားတာပေါ့ဗျာ။ ပြီးတော့တွေ့ရပုံ တွေ့ရနည်းကလည်း အရူးကြီးအနေနဲ့တွေ့ရတာဆိုတော့ ကျုပ်စိတ်ထဲမှာ တော်တော်ကိုမကောင်းတာဗျာ။

 

ရသေ့အရူးကြီး ဦးဘောဂကို ဝိုင်းကြည့်ပြီးတဟားဟားနဲ့ ရယ်နေတဲ့ လူတွေကတော့ ဒီရသေ့အရူးကြီးနဲ့ကျုပ်နဲ့ပတ်သက်ခဲ့တာကို ဘယ်သိကြမတုံးဗျာ။ဒီရသေ့ကြီးက ဘာဖြစ်လို့ရူးသွားတယ်ဆိုတာလည်း ဘယ်သိကြမှာတုံး။ ကျုပ်ကတော့သိတာပေါ့ဗျာ။ကျုပ်ကဦးဘောဂနဲ့ အတူတူပါသွားခဲ့တဲ့ကောင်လေဗျာ။

 

ခင်ဗျားကိုတော့ ဒီအကြောင်း ပြောပြရမှာပေါ့ဗျာ။ ဘာဖြစ်လို့တုံးဆိုတော့ ခင်ဗျားကကျုပ်ရဲ့ စာဖတ်ပရိတ်သတ်ကိုဗျ။

 

ကျုပ်သေသေချာချာကိုမှတ်မိနေတဲ့ အကြောင်းပါဗျာ။ ဒီတစ်သက်တော့ ကျုပ်ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ပါဘူး။

 

ပြာသိုလကြီးဗျ။ကျုပ်တို့အညာမှာလွှတ်အေးနေတဲ့ အချိန်ပေါ့ဗျာ။ အဘနဲ့ကျုပ်နဲ့က ဆောင်းမြေပဲတွေနှုတ်ပြီး သိမ်းစည်းပြီးလို့အားနေကြတာတစ်ပတ်လောက်ရှိပြီဗျ။နေ့ခင်းဘက်ဆိုရင် ဝိုင်းထဲမှာ ပဲလှမ်းရတာလောက်ပဲ အလုပ်ရှိတာပေါ့ဗျာ။

 

ပြာသိုညတွေဆိုတာကျုပ်တို့အညာမှာ ကောင်းကောင်းအိပ်လို့ရကြတာမှမဟုတ်တာဗျာ။စောင်ခြုံပြီးတော့သာ ကွေးနေရတာ။ မှေးကနဲပျော်သွားလိုက်၊ နိုးလာလိုက်၊ကွေးလိုက်နဲ့မိုးကိုလင်းရောကောင်းကောင်းအိပ်ပျော်တာမဟုတ်ဘူးဗျ။ မနက်ကျတော့လည်းအလုပ်ရှိတော့ ထကြရပြန်တာပါပဲဗျာ။ ကျုပ်တို့အညာသားတွေနဲ့ အညာနွားတွေကတော့ ဒီလိုပါပဲ။ နွားနဲ့ဖက်ပြီးကြီးလာတဲ့ကောင်တွေဆိုတာ ကျုပ်တို့မှအစစ်ဗျ။ ဒီနွားတွေနဲ့ ကျုပ်တို့နဲ့အတူတူ ယာထွန်လိုက်ကြ၊ အတူတူရေစည်တိုက်လိုက်ကြ၊ အတူတူသွားပြီးထင်းခုတ်လိုက်ကြ၊အတူတူသွားပြီးနှမ်းအိတ်၊ပဲအိတ်တိုက်လိုက်ကြ၊ ဟိုရွာဒီရွာကိုလှည်းနဲ့အတူတူသွားလိုက်ကြလေဗျာ။ ခုရက်ကလေးတော့နည်းနည်းအားတာနဲ့ ကျုပ်ကမနက်အစောကြီး မထဘူးဗျ။ အိပ်ရာထဲမှာ ဇိမ်လုပ်ပြီး ကွေးနေတာဗျို့။

 

“တာတေရေ တာတေ နိုးပြီလားဟေ့”

 

အို..ဘယ်သူများတုံးဗျာ။ ဝိုင်းဝကနေအာပြဲ ကြီးနဲ့ကုန်းအော်နေတာ။ကျုပ်လည်းခြုံထားတဲ့စောင်တွေကို ခွာချပြီးအိမ်ရှေ့ကို ထွက်ကြည့်လိုက်တယ်။ လှည်းနဲ့လာတာဗျ။ ဝိုင်းဝမှာလှည်းရပ်လို့ကျုပ်ကိုလှမ်းအော်နေတာ။ သေသေချာချာ ကြည့်လိုက်တော့မှ ဒါဆပ်သမြှောင်က ကိုအောင်ပွားဗျ။ လက်နှစ်ဖက်လုံးမှာလက်မလေးတွေ ပွားနေတာ။ဒီလူကျုပ်ဆီကို တစ်ခါမှလာဖူးတာမဟုတ်ဘူး။ ရွာတွေမှာ အလှူအတန်းရှိမှ ဆုံတတ်တာဗျ။

 

ဆပ်သမြှောင်ဆိုတာကျုပ်တို့ရွာ ထနောင်းကုန်းနဲ့ဆိုရင်တော်တော်လေးလှမ်းသေးတယ်။ ကြားမှာမီးလောင်ကုန်းတို့၊ ငွေတွင်းကုန်းတို့ ကျော်သွားရသေးတာ။ အဲဒီနှစ်ရွာကျော်ပြီးမှ ဆပ်သမြှောင်ကိုရောက်တာဗျ။

 

“ကိုအောင်ပွား၊ လာလေဗျာ။ လှည်းကိုဝိုင်းထဲအထိ မောင်းဝင်လိုက်”

 

ကျုပ်ကပြောပြောဆိုဆိုနဲ့ဝိုင်းထဲကိုပြေးဆင်းခဲ့တယ်။ ကိုအောင်ပွားကလည်း နွားဖြူကြီးနှစ်ကောင်ဆွဲတဲ့သူ့လှည်းကို ဝိုင်းထဲ မောင်းဝင်လိုက်တယ်။ ကိုအောင်ပွားရဲ့နွားကြီးတွေက တော်တော်ချောတာဗျ။ အလုံးရော ဒေါက်ရော ဘာမှကိုပြောစရာမရှိတဲ့ နွားချောကြီးတွေဗျ။

 

“လာဗျ၊ ကိုအောင်ပွား”

 

ကိုအောင်ပွားက နွားနှစ်ကောင်ကို လှည်းကနေဖြုတ်လိုက်တယ်။ နွားတင်းကုပ် ဒီဘက်ထိပ်မှာ နွားတွေချလိုက်တယ်။ ကျုပ်ကနွားစာခွက်ထဲကို စဉ်းပြီးသားပြောင်းရိုး ထည့်ပြီးရေပါ ထည့်ပေးလိုက်တယ်။ကျုပ်တို့အညာမှာကလူကိုတင်ဧည့်ခံတာမဟုတ်ဘူးဗျ။ နွားပါရင်နွားကိုပါ ဧည့်ခံကြရတာဗျို့။

 

ကိုအောင်ပွားကိုအမောပြေဖွာဖို့ နဂါးဆေးပေါ့လိပ်ကလေး မီးညှိပြီးတည်လိုက်တယ်။ အမေကလက်ဖက်သုတ်နဲ့ ရေနွေးကြမ်း ချပေးတယ်။ ကိုအောင်ပွားက အဘနဲ့အမေ ကိုနှုတ်ဆက်တယ်။

 

“အောင်ပွားမင်းအဘကိုဘိုးရင်နဲ့ မင်းအမေ မစွာတို့ နေကောင်းကြရဲ့လားကွ၊ မတွေ့တာအတော်ကိုကြာနေပြီဟေ့”

 

“နေကောင်းကြပါတယ် ဘိုးဉာဏ်၊ဘိုးဉာဏ်တို့အရီးတို့ရော နေကောင်းကြရဲ့လား”

 

“အေး ကောင်းပါတယ်ကွ၊ နို့ ထနောင်းကုန်းကို အလည်လာတာလား၊ ကိစ္စ ရှိလို့လား”

 

“တာတေ့ဆီကို လာတာဘိုးဉာဏ်ရဲ့ ကိစ္စ တစ်ခုရှိလို့ဗျ”

 

“ဪ..အေး၊အေး ကဲဒါဆို မင်းတို့ညီအစ်ကို နှစ်ယောက်ပြောကြဆိုကြ၊ဘိုးဉာဏ်နဲ့မင်းအရီးက တောင်ပိုင်းက ကိုညိုတို့အိမ်ကို ခဏသွားလိုက်ဦးမယ်။ ကိုညိုတို့အိမ်မှာ ဘုန်းကြီးဆွမ်းကပ်ရှိလို့ ဖိတ်ထားတာ မသွားလို့မကောင်းဘူးဟေ့”

 

အဘနဲ့အမေဝိုင်းကထွက်သွားကြတယ်။ ကျုပ်လည်းကိုအောင်ပွားကိုမေးလိုက်မိတယ်။

 

“ကိုအောင်ပွား၊ကျုပ်ဆီကိုလာတာ၊ ဘာကိစ္စရှိလို့ တုံးဗျ”

 

ကိုအောင်ပွားဆိုတဲ့လူက ကျုပ်ထက် ဆယ်နှစ်၊ ကိုးနှစ်လောက်ကြီးလိမ့်မယ်ထင်တယ်။ လူပုံက ပိန်ပိန်ရှည်ရှည်ကြီးဗျ။ လက်မနှစ်ဖက်စလုံးမှာ လက်ပွားလေးတွေနဲ့ဗျ။ဒီလူကလွှတ်သဘောကောင်းတာဗျာ။ ဆပ်သမြှောင်ကသာရေးနာရေးဆိုရင် ကိုအောင်ပွားမပါလို့ ပြီးတာမဟုတ်ဘူးဗျ။

 

“ဒီလိုတာတေရေ၊ ငါတို့ဆပ်သမြှောင်တောင်ကျောင်းက ဆရာတော်ဦးဥတမကိုမင်းသိတယ်မို့လား”

 

“ဟာ သိတာပေါ့ ကိုအောင်ပွားရဲ့”

 

“အေး ဆရာတော်လွှတ်လို့ ငါလာတာကွ ဆရာတော်ကျောင်းမှာ ရသေ့နှစ်ပါးရောက်နေတယ်”

 

“ရသေ့ ဟုတ်လား ဘယ်ကရသေ့တွေတုံးဗျ”

 

“ဘယ်ကရသေ့လည်းတော့ငါလည်းမသိဘူးကွ၊ ဆရာတော်ဦးဥတမနဲ့ တော့တော်တော်ရင်းနှီးပုံပဲ၊ ရသေ့ကြီးဘွဲ့က ဦးဘောဂ တဲ့ကွ၊ ရသေ့အငယ်လေးရဲ့ဘွဲ့က ကိုသောမတဲ့၊ ရသေ့ကြီးက အသက်ငါးဆယ်ကျော်လောက်ရှိမယ်၊ ရသေ့လေးသောမကအသက်နှစ်ဆယ်ကျော်လောက်ပဲ ရှိမယ်ကွ တာတေရ”

 

“သူတို့ ခင်ဗျားတို့ဆပ်သမြှောင်ကို ဘာလာလုပ်တာတုံးဗျ”

 

“သိုက်တူးမလို့တဲ့ကွ တာတေရ”

 

“ဘာဗျ၊ သိုက်တူးမလို့ ဟုတ်လား ဘယ်ကသိုက်တုံး”

 

“ပြဒါးပြာသိုက်လို့ပြောတာပဲကွ၊ ဘယ်မှာရှိတာတုံးတော့ ငါလဲမသိဘူး၊ ဒီသိုက်ကိုဖွင့်ဖို့အတွက် စနေသားတစ်ယောက်လိုနေတယ်တဲ့ကွ”

 

“ဗျာ စနေသားလိုနေတယ် ဟုတ်လား ကိုအောင်ပွား၊ ခင်ဗျားတို့ဆပ်သမြှောင်မှာ စနေသားတွေအများကြီးပါဗျာ၊ တင်ကြွေတို့တင်ငွေတို့ ညီအစ်ကိုတွေလည်း စနေသားတွေပဲဗျ”

 

“ဟာ မဟုတ်ဘူးကွ၊ လူတိုင်းကိုခေါ်လို့မရဘူးတဲ့တာတေရ၊ လွှတ်သတိရှိပြီး လွှတ်သစ္စာရှိရမှာဆိုပဲကွ၊ ဆရာတော်ကမင်းအကြောင်းပြောပြလိုက်တော့ရသေ့ကြီးဦးဘောဂကချက်ချင်းခေါ်ပေးပါလို့ ပြောတာနဲ့ငါလာခေါ်တာကွ”

 

ဒါမျိုးတွေက ကျုပ်ကြုံခဲ့ဖူးပါတယ်။ အဘနဲ့အမေပြန်လာတော့အကျိုးအကြောင်းပြောပြီး ကိုအောင်ပွားရဲ့လှည်းနဲ့ဆပ်သမြှောင်ကို ကျုပ်လိုက်ခဲ့တယ်။

 

ရသေ့ကြီးဦးဘောဂရဲ့ ဥပဓိရုပ်ကိုမြင်တော့ ကျုပ်သဘောပေါက်တယ်ဗျ။ရသေ့ကြီးဟာတစ်ခုခုကိုလုပ်တော့မယ် ဆိုရင် မဆုတ်မနစ်လုပ်မယ့်ရုပ်မျိုးဗျ။ ဒါပေမယ့် ရသေ့ကြီးရဲ့မျက်လုံးတွေက နည်းနည်းပြူးနေတယ်။ ဒါဟာအလိုလောဘကြီးတဲ့သဘောကိုပြတာဗျ။ သူ့တပည့်ရသေ့သောမကတော့ငယ်လည်းငယ်တယ်။ အသိဉာဏ်လည်းနည်းမယ့်ပုံပဲဗျ။

 

“ဒကာလေးတာတေ ကျုပ်ကိုကူညီပါကွယ်”

 

ရသေ့ကြီးဦးဘောဂကကျုပ်ကိုအကူအညီတောင်းတာဗျ။ ဆရာတော်ဦးဥတမကလည်း ကျုပ်ကိုကူညီဖို့ပြောတယ်ဗျ။

 

“နေပါဦးဘရသေ့ကြီးရဲ့၊ အခုတူးမယ့်သိုက်က ဘာသိုက်တုံး၊ ဘရသေ့ကဘာကို လိုချင်လို့တူးမှာတုံး”

 

ကျုပ်ကတည့်ပဲမေးလိုက်တယ်ဗျ။

 

“ဘရသေ့အခုတူးမယ့်သိုက်က ပြဒါးပြာသိုက်ကွဲ့၊ ဘရသေ့က ရွှေ၊ ငွေ၊ ကျောက်သံပတမြား ဘာမှမမက်မောဘူးကွဲ့၊ ပြဒါးပြာပဲလိုချင်တာ၊အဲဒီပြဒါးပြာရရင်ရွှေလိုချင်ရွှေ၊ ငွေလိုချင်ငွေဖြစ်မယ်။ပြီးတော့ဘရသေ့ထွက်ရပ်ကြွလို့ ရမယ်၊ ဒကာလေးတာတေ”

 

ကျုပ်လိုက်ခဲ့ပါ့မယ်လို့ကတိပေးလိုက်တယ်။အဲဒီညဆပ်သမြှောင်တောင်ကျောင်းမှာ တစ်ညအိပ်ပြီး မနက်စောစော ခရီးထွက်ခဲ့တယ်။ အလယ်ရိုးမပေါ်ကိုကျုပ်တို့ရောက်တော့ ဘရသေ့ကြီးကသူ့ရဲ့ ဆေးတောင်ဝှေးကြီးကိုထောက်ရင်း ထောက်ရင်းနဲ့ရှေ့ကကြွတယ်။ သူ့နောက်က ကျုပ်ကလိုက်ရတယ်။ ကျုပ်နောက်ကမှရသေ့လေးသောမက လိုက်လာတယ်။တောထဲကိုရောက်ကတည်းက ရသေ့သောမကဘုရားဂုဏ်တော်ကိုမပြတ်ရွတ်တော့တာပဲဗျ။

 

ညရောက်တော့ညောင်ပင်အကြီးကြီးနှစ်ပင်ပေါက်နေတဲ့ကြားကကျောက်ဖျာပေါ်မှာ ကျုပ်တို့အိပ်ကြတယ်။ ကျုပ်တို့ဆိုတာက ကျုပ်နဲ့ရသေ့သောမရယ်ပေါ့ဗျာ။ ဘရသေ့ကြီးဦးဘောဂကတော့တစ်ညလုံး ပုတီးထိုင်စိပ်နေတာဗျ။ လကလည်းတစ်တောလုံး ၊တစ်တောင်လုံး လင်းနေအောင်ကို သာနေတာဗျ။

 

မနက်မိုးလင်းတော့ ဘရသေ့ကြီးက ကျုပ်နဲ့ရသေ့သောမရယ်ကိုနှိုးပြီး ကောက်ညှင်းကျည်တောက်အဆာပြေ ကျွေးတယ်။

 

“မောင်တာတေ ကျုပ်တို့တော့ လာရှာတဲ့နေရာကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ပြီကွဲ့”

 

“ဟာ ဟုတ်လား ဘရသေ့၊ ဒါဆိုရှေ့ဆက်သွားဖို့ မလိုဘူးပေါ့”

 

“ဟုတ်တယ်ကွဲ့၊ဒီညောင်ပင်ကြီးနှစ်ပင်အောက်ကမောင်တာတေတို့တစ်ညလုံးတက်အိပ်နေတဲ့ ကျောက်ဖျာကြီးဟာပြဒါးပြာသိုက်ကြီးရဲ့ ဝင်ပေါက်ကြီးပဲကွဲ့။ ကဲအပေါ်က သစ်ရွက်ခြောက်တွေ ဖယ်ပြီး ကျောက်ဖျာကြီးကိုနည်းနည်းလောက် ပွတ်တိုက်ကြည့်စမ်းကွယ်”

 

ရသေ့သောမနဲ့ကျုပ်က တောင်ထန်းလက်အခြောက်တစ်ခုစီကောက်ယူပြီး ကျောက်ဖျာကြီးပေါ်ကသစ်ရွက်ခြောက်တွေကို လှည်းထုတ်ပစ်လိုက်တယ်။ ပြီးတော့မှ ကျောက်ဖျာကြီးပေါ်မှာ သေသေချာချာကြည့်လိုက်တော့မှ ထောင့်လေးထောင့်မှာဘီလူးရုပ်တွေ တွေ့တော့တာဗျို့။

 

“ကဲသေချာပြီ မောင်တာတေ သောမနဲ့မောင်တာတေ နောက်ဆုတ်ကြ၊ နောက်ဆုတ်ကြ၊ ကျုပ်သိုက်တံခါးဖွင့်တော့မယ်”

 

ရသေ့သောမနဲ့ကျုပ်နဲ့က ညောင်ပင်ကြီး နှစ်ပင်ရဲ့ပင်စည်ကို ရောက်သွားတဲ့အထိဆုတ်လိုက်ကြတယ်။ ရသေ့ကြီးက ပါးစပ်ကနေ မန်တန်တွေမပြတ်ရွတ်ပြီးလက်ထဲက ဆေးတောင်ဝှေးနဲ့ ကျောက်ဖျာကို လွှဲရိုက်လိုက်တယ်။

 

“ဝုန်း”

 

ဟာကျုပ်တို့ရပ်နေတဲ့မြေကြီးဆိုတာ ဆတ်ဆတ်ခါအောင် တုန်လှုပ်သွားလိုက်တာ ရသေ့သောမခမျာ ဖင်ထိုင်ရက်တောင် လဲကျသွားရောဗျ။

 

“ဝုန်း ဂျုန်း၊ ဂျုန်း”

 

ဟာပွင့်သွားပြီဗျို့။ ကျောက်ဖျာကြီးအလယ်ကကွဲပြီး ရွှေ့သွားပြီဗျာ။ဟာ ကျောက်က်ဖျာအောက်မှာအောက်ကိုဆင်းတဲ့ ကျောက်လှေကားကြီးဗျ။ ကျုပ်ငုံ့ကြည့်လိုက်တော့ကျောက်လှေကားကြီးအဆုံးမှာ ကျောက်ဘီလူးရုပ်ကြီး တစ်ရုပ်ဗျ။ အစွယ်ပြူးပြူးနဲ့ မျက်လုံးကြီးတွေရဲရဲတောက်နေတာဗျ။ လက်ကလေးဖက်။ လက်တိုင်းမှာ ဓားတစ်လက်စီ ကိုင်ထားတာဗျို့။

 

ဘာမှမပြောမဆိုတော့ဘဲ ရသေ့ကြီးက ဘောက်ဆတ်ဘောက်ဆတ်နဲ့ ရှေ့ကဆင်းသွားတယ်။ ကျုပ်နဲ့ရသေ့သောမလည်းကျောက်လှေကားထစ်တွေအတိုင်း နင်းပြီးရသေ့ကြီးဦးဘောဂရဲ့နောက်က လိုက်ကြရတော့တာပေါ့ဗျာ။ကျောက်လှေကားထစ် ဆယ့်တစ်ထစ် ဆင်းပြီးတာနဲ့ ဆင်စွယ်ရောင်လိုဖွေးနေတဲ့ ကျောက်သားကြမ်းပြင်ကြီးကိုခြေထောက်နဲ့ နင်းမိရောဗျ။ ကျုပ်တို့အားလုံး ကျောက်သားကြမ်းပြင်ကြီးပေါ်ကို ရောက်တာနဲ့ တစ်ပြိုင်နက် တည်းမှာပဲ လက်လေးဖက်နဲ့ကျောက်ဘီလူးရုပ်ကြီးက အသက်ဝင်လာတော့တာပဲဗျို့။

 

“ဝီး ဝီး ဝီး ဝီ”

 

လက်လေးဖက်မှာကိုင်ထားတဲ့ဓားတွေဟာ ဝင်းကနဲ ဝင်းကနဲ အကွက်ကျကျကိုလှည့်နေတော့ တာဗျာ။ ကျုပ်တို့လူတွေမှာ လက်နှစ်ဖက်နဲ့ဓားနှစ်လက်သိုင်းကိုတောင် မနည်းလှည့်နေရတာဗျ။ ဒီဘီလူးရုပ်ကြီးကအသက်ဝင်လာပြီး လက်လေးဖက်နဲ့ ဓားလေးချောင်းကို လှည့်နေလိုက်တာများဗျာ ဝီကနဲ ဝီကနဲ ဖြစ်နေတာဗျို့။

 

ကျုပ်ရော ရသေ့သောမရောကြောက်လိုက်ကြတာ မပြောပါနဲ့တော့ဗျာ။ ရသေ့ကြီးနောက်မှာကပ်နေကြရတော့တာဗျ။ ရသေ့ကြီးဦးဘောဂကတော့ အေးအေးဆေးဆေးပဲဗျ။ သူ့လက်ထဲကဆေးတောင်ဝှေးနဲ့အသက်ဝင်နေတဲ့ဘီလူးရုပ်ကြီးကိုထိုးမလိုလုပ်လိုက်တာဗျ။ ဘီလူးရုပ်ကြီးချက်ချင်းငြိမ်ကျသွားပြီး နဂိုအတိုင်းကျောက်ရုပ်ကြီးပြန်ဖြစ်နေရောဗျ။ ပညာတော်တော်ထက်တဲ့ ရသေ့ကြီးပဲလို့ ကျုပ်တွေးလိုက်မိတယ်။

 

ရသေ့ကြီးကရှေ့ဆက်သွားတယ်။ အခန်းကျယ်ကြီးထဲကို ကျုပ်တို့ဖြတ်ဝင်လိုက်တော့..

 

“ဟေး ခုတ်ကြဟေ့၊ခုတ်ကြ၊ တစ်ယောက်မကျန် ခုတ်ဟေ့”

 

လို့ညာသံပေးပြီး ပြေးထွက်လာတဲ့ ဓားသမားတွေ ဆယ်ယောက်ကျော်ကျော်လောက်ရှိတယ်ဗျ။

 

ဓားသမားတွေအားလုံးဟာ အရပ်ထောင်ထောင်မောင်းမောင်းကြီးတွေဗျ။ သျှောင်တစောင်းတွေနဲ့ပုဝါအနီတွေ ပေါင်းလို့။ လက်ထဲမှာကျစ်ကျစ်ပါအောင် ကိုင်ထားတဲ့ ဓားရှည်တွေကအရောင်တလက်လက်ကိုဖြစ်နေတာဗျ။

 

“ဟိတ်”

 

ရသေ့ကြီးက သူ့လက်ထဲက ဆေးတောင်ဝှေးကို ဝှေ့ရင်း ‘ဟိတ်’လို့အော်လိုက်တာ ပြေးထွက်လာတဲ့ဓားသမားတွေဟာပြေးလာတဲ့ပုံစံအတိုင်း ငြိမ်ကျသွားပြီးကျောက်ရုပ်ကြီးတွေဖြစ်ကုန်ရောဗျို့။ ဒီတော့မှကျုပ်လည်း အခန်းကျယ်ကြီးကို လှည့်ပတ်ကြည့်လိုက်မိတာဗျ။ ကျောက်သားနံရံကြီးတွေကဖြူဖွေးပြီး ချောမွေ့နေတာဗျ။ဒီဂူကြီးဟာ အလယ်ရိုးမတောင်ကြီးထဲမှာ ရှိနေတယ်ဆိုတာ တောင် ယုံဖို့ခတ်နေတာဗျ။ နန်းတော်တစ်ခုထဲကိုရောက်နေသလိုခံစားမိတယ်။ ဘရသေ့ကကျောက်ရုပ်ဓားသမားတွေကြားကနေဖြတ်ပြီးရှေ့ဆက်သွားတယ်။ ကျုပ်နဲ့ရသေ့သောမလည်း ဘရသေ့နောက်ကကပ်ပြီး လိုက်ကြရတာပေါ့ဗျာ။တော်တော်လေး သွားမိတော့ ပိတ်ထားတဲ့နံရံကြီးနဲ့ကျောက်တံခါးကြီးတစ်ခုကို တွေ့ရောဗျ။ ဘရသေ့ကအချိန်မဆိုင်းဘဲ သူ့ရဲ့ဆေးတောင်ဝှေးနဲ့ ကျောက်တံခါးကြီးကို နှစ်ချက်ဆင့်ထိုးလိုက်တယ်။

 

“ဒေါက် ဒေါက် ကျွိ ဝုန်း ဝုန်း”

 

ဟာကျောက်တံခါးကြီးက အတွင်းဘက်ကိုလည်ပြီး ပွင့်သွားပြီဗျို့။

 

ဘရသေ့ကပွင့်သွားတဲ့ တံခါးပေါက်ကနေတန်းဝင်သွားတာဗျ။ ကျုပ်တို့လည်း လိုက်ရတာပေါ့ဗျာ။ ဒီအခန်းကပထမအခန်းနဲ့ အကျယ်အဝန်းကအတူတူလောက်ပဲဗျ။ ဒါပေမယ့် နံရံတွေရောကြမ်းခင်းရောက ငွေရောင်ဗျ။ ကျောက်သားတော့ကျောက်သားပဲငွေရောင်ကျောက်သားဗျ။ နံရံမှာကျောက်ဖယောင်းတိုင်ကြီးတွေ ထွန်းထားတော့ လင်းထိန်နေတာဗျ။ ပထမဖြတ်ခဲ့တဲ့ဆင်စွယ်ရောင်အခန်းမှာလည်း ဒီလိုကျောက်ဖယောင်းတိုင်တွေနံရံမှာကပ်ပြီး ထွန်းထားတာပဲဗျ။

 

ဟောလာပြီဗျို့။ ထွက်လာပြီ ၊အစိမ်းရောင်၊အဝါရောင် ၊ပိုးသားထမီ၊ အက်ျီတွေဝတ်ထားတဲ့ နတ်မိမယ်လေးတွေဗျ။ တရွေ့ရွေ့နဲ့ ထွက်လာကြတာ။ သူတို့ထွက်လာတာနဲ့ ငွေရောင်အခန်းကြီးထဲမှာ မွှေးကြိုင်သွားတာဗျို့။ နတ်မိမယ်လေးတွေ နှစ်ဆယ်လောက် ရှိမယ်။ အားလုံးကလက်အုပ်ကလေးတွေချီပြီး ထွက်လာကြတာဗျ။

 

“မောင်တာတေနဲ့သောမသတိထား၊ဒါတွေဟာသိုက်နန်းရှင်ရဲ့မာယာတွေပဲ။ဘာပဲပြောပြော စကားတစ်ခွန်းမှ ပြန်မပြောကြနဲ့ကြားလား။ ငါ့အနောက်မှာကပ်နေနော်သောမ၊ မောင်တာတေက အတွေ့အကြုံရှိခဲ့တော့ စိတ်မပူဘူး”

 

တရွေ့ရွေ့နဲ့ လျှောက်လာတဲ့ နတ်မိမယ်လေးတွေက နှစ်စုခွဲလိုက်ကြတယ်ဗျ။ တစ်စုကကျုပ်တို့ရဲ့လက်ယာဘက်၊တစ်စုကကျုပ်တို့ရဲ့လက်ဝဲဘက်ကိုကပ်လာတယ်။ အစိမ်ရောင်နတ်မိမယ်လေးတွေကတစ်စု၊ အဝါရောင်နတ်မိမယ်လေးတွေကတစ်စုဗျ။

 

ဒီတော့မှ ကျုပ်သေသေချာချာကြည့်မိတာ ဝတ်ထားတဲ့အဝတ်စတွေက ပါးပါးလွှာလွှာလေးတွေဗျ။ အတွင်းကနတ်မိမယ်တွေရဲ့ အလှအပကို အထင်းသားမြင်နေရတာဗျို့။ ကျုပ်ရသေ့သောမကိုလှည့်ကြည့်လိုက်တော့ ရသေ့သောမကမျက်လုံးကြီးတွေပြူးပြီး နတ်မိမယ်လေးတွေကိုလိုက်ကြည့်နေရောဗျ။ ရသေ့သောမရဲ့အသားတွေလည်း တဆတ်ဆတ်တုန် နေတာဗျို့။ နတ်မိမယ်လေးတွေက သူတို့ရဲ့ဖွေးနုနေတဲ့ လက်သွယ်သွယ်လေးတွေကို ထိုးပေးပြီး..

 

“နှမတော်ကို ချစ်ကျွမ်းဝင်တယ်ဆိုရင် လက်ကလေးကိုကိုင်လိုက်ပါမောင်တော်၊ ချက်ချင်းပဲမောင်တော်နဲ့နှမတော် ပန်းမွေ့ယာပေါ်ကိုရောက်သွားမှာပါ။မောင်တော်စိတ်တိုင်းကျ ပျော်မွေ့နိုင်မှာပါမောင်တော်။ နှမတော်ရဲ့လက်ကိုသာ ကိုင်လိုက်ပါ”

 

ရသေ့ကြီးက မန်တန်တစ်ပုဒ်ကိုရွတ်လိုက်ပြီး

 

“ဟိတ် ၊ ဖျန်း”

 

‘ဟိတ်’ ကနဲအော်ပြီး ငွေရောင်ကြမ်းပြင်ကို ဖနောင့်နဲ့ ‘ဖျန်း’ကနဲမြည်အောင်ပေါက်လိုက်တာ။

 

ဟာ၊ ပျောက်သွားပြီဗျို့ ၊နတ်မိမယ်လေးတွေ ပျောက်သွားပြီ ၊ဒီတော့မှ ရသေ့သောမလည်းအတုန်အရီတွေ ရပ်သွားသဗျို့။

 

ရသေ့ကြီးကခပ်သုတ်သုတ်ပဲ ရှေ့ဆက်သွားတယ်။ ရှေ့မှာကျောက်တံခါးကြီးတစ်ချက် ပိတ်နေရောဗျာ။

 

“တောက်”

 

ရသေ့ကြီးကတောက်တစ်ချက်ခေါက်လိုက်ပြီးတော့ကျောက်တံခါးကြီးကိုဆေးတောင်ဝှေးနဲ့ နှစ်ချက်ဆင့်ထိုးလိုက်တယ်။

 

“ဒေါက် ဒေါက်”

 

မပွင့်ဘူးဗျ။တံခါးကပွင့်ဖို့နေနေသာ လှုပ်တောင်မလှုပ်ဘူး။ ရသေ့ကြီးကမန်တန်တစ်ခုရွတ်တယ်။ ပြီးတော့သူ့ရဲ့ဆေးတောင်ဝှေးနဲ့ကျောက်တံခါးကြီးကို ရိုက်လိုက်တယ်။

 

“ဒုန်း ဝုန်း ဝုန်း ကျွိ ကျွိ”

 

ဟောပွင့်ပြီဗျို့။ ကျောက်တံခါးကြီးပွင့်သွားပြီ။ ဟာ..ရွှေရောင်တွေ ဝင်းနေပါလား။

 

“မောင်တာတေနဲ့သောမသတိထားကြ၊ ဒါနောက်ဆုံးစမ်းသပ်တဲ့အခန်းပဲ၊ဒီအခန်းကျော်သွားရင် ကျုပ်လိုချင်တဲ့ပြဒါးပြာ တွေ့လိမ့်မကွဲ့။ ဒီအခန်းထဲက ပစ္စည်းတွေကိုယူဖို့မပြောနဲ့ထိတောင်မထိနဲ့ ကြားလား၊ စကားတစ်ခွန်းမှ မပြောနဲ့ ၊ဘာ ပစ္စည်း ကိုမှမထိနဲ့ ၊ ကြားကြလား ကဲလာ ဝင်မယ်”

 

ရသေ့ကြီးက သူ့ရဲ့ဆေးတောင်ဝှေးကြီးကို တဒေါက်ဒေါက်ထောက်ပြီး ရှေ့ကဝင်သွားတယ်။ ကျုပ်တို့က သူ့နောက်က လိုက်ရတာပေါ့ဗျာ။

 

အို.. များလိုက်တဲ့ ရတနာတွေဗျာ။ အခန်းကြီးတစ်ခုလုံးကရွှေရောင်ဗျ။ နံရံတွေရော၊ကြမ်းခင်းရော ရွှေရောင်ဗျ။ နံရံမှာထွန်းထားတဲ့ကျောက်ဖယောင်းတိုင်ကြီးတွေအားလုံးလည်း ရွှေရောင်ပဲဗျာ။ မီးရောင်အောက်မှာ ဟောင်းလောင်းပွင့်နေတဲ့ ရတနာသေတာတွေဟာ ဘယ်နှလုံးဆိုတာရေတောင်မရေနိုင်ပါဘူးဗျာ။ ရွှေရောင်ကြမ်းပြင်ပေါ်မှာပုံထားတဲ့ ရတနာတွေ ၊ရွှေမန်းကျည်းတောက်တွေ၊ ရွှေဒဂ်ါးပြားတွေ၊ ရွှေရုပ်တုတွေ၊ရွှေပုတီး ၊ရွှေဆွဲကြိုး၊ရွှေလက်ကောက်၊ ရွှေခြေကျင်း၊ ပတမြား၊မြ၊ နီလာ၊စိန်၊သန်တာ၊ ဂေါ်မုတ်၊ပုလဲရတနာမျိုးစုံကမီးရောင်အောက်မှာ တလက်လက်တဖိတ်ဖိတ်နဲ့ လူတစ်ယောက်ရဲ့ လောဘကို ဖိတ်ခေါ်နေတာပေါ့ဗျာ။

 

ရတနာပုံကြီးကိုကျော်ဖြတ်ပြီးသွားတော့ ရွှေတံခါးကြီး ပိတ်လို့ဗျ။ ရသေ့ကြီးကမန်တန်သုံးလေးပုဒ်ရွတ်ပြီးသူ့ရဲ့ဆေးတောင်ဝှေးနဲ့ရိုက်လိုက်တယ်။

 

“ဒုန်း ဝုန်း ဝုန်း”

 

ဟောရွှေတံခါးကြီး ပွင့်သွားပြီဗျို့။ ဟာပတမြားအရောင်ပါလား။ အခန်းတစ်ခုလုံးပတမြားအရောင်တောက်နေပြီး ရဲရဲနီနေတဲ့အခန်းကြီးဗျ။ နံရံလည်းပတမြား၊ ကြမ်းခင်းလည်းပတမြား၊မျက်နှာကျက်လည်းပတမြား။ ဟာသိုက်နန်းရှင်ပါလား။ အနီရောင်ထမီနဲ့ ခါးတောင်အက်ျီဝတ်ထားတဲ့အမျိုးသမီးတစ်ယောက် မတ်တတ်စုံရပ်ပြီးရသေ့ကြီးကိုလက်အုပ်ချီထားတယ်။ လှလိုက်တဲ့မိန်းမဗျာ။ ကျုပ်တစ်သက်မြင်ဖူးသမျှမိန်းမတွေနဲ့ ဘယ်လိုမှကိုမယှဉ်သာအောင်လှတဲ့ မိန်းမဗျာ။ငွေရောင်အခန်းထဲမှာတွေ့ခဲ့တဲ့ နတ်မိမယ်တွေလှတယ်လို့ထင်ခဲ့တဲ့အတွေးဟာဘယ်ပျောက်သွားမှန်းကိုမသိတော့တာပေါ့ဗျာ။ဆင်စွယ်ကိုထုထားတဲ့ပန်းပုရုပ်ကလေးများလားလို့တောင် ထင်မိရဲ့ဗျာ။ ပြေပြစ်လှတဲ့နဖူးပြင်ရဲ့အောက်မှာ နက်မှောင်တဲ့မျက်ခုံးနှစ်ခုက ဇင်ယော်တောင်လိုကော့ကော့လေးဗျ။ ဝိုင်းစက်နေတဲ့မျက်လုံးနှစ်လုံးက မဟူရာလိုနက်မှောင်ပြီး ကြယ်ပွင့်လေးတွေလို တလက်လက်တောက်ပနေတယ်။ မျက်ခုံးနှစ်ခုကြားကဖြောင့်စင်းတဲ့ နှာတံလေးက လေးကိုင်းသဖွယ်နှုတ်ခမ်းကလေးရဲ့အပေါ်မှာ အဆုံးသတ်ပြီးနီစွေးစွေးနှုတ်ခမ်းနှစ်မွှာက မပြုံးပေမယ့် ပြုံးနေသယောင်ယောင်လေးဗျ။ ခန္ဓာကိုယ်ကလည်း မဆူမကြုံ၊ မနိမ့်မမြင့် အလွန်ကိုတင့်တယ်လွန်းပါတယ်ဗျာ။ ရေအပြင်ထက်မှာ ငွားငွားစွင့်စွင့်ပွင့်နေတဲ့ ပဒုမာကြာပန်းတစ်ပွင့်ကို ကြည့်နေရသလိုပါပဲဗျာ။

 

သူရပ်နေတဲ့အနောက်မှာ ရွှေလှေကားထစ်တွေဗျ။ အားလုံးကိုးထစ်ရှိတယ်။ အဲ့ဒီအပေါ်မှာတော့ရတနာမျိုးစုံစီခြယ်ထားတဲ့ ရွှေပလင်လေးဗျ။အမြင့်ကကျုပ်ရင်စို့လောက်ရှိမယ်။ အဲဒီရွှေပလင်ပေါ်မှာမှ ရွှေကြာပွင့်ကြီးတစ်ပွင့်၊ ရွှေကြာပွင့်ရဲ့အလယ်က ပန်းဝတ်ဆံနေရာမှာ ရွှေကလပ်တစ်ခုဗျ။ အဲဒီရွှေကလပ်ပေါ်မှာ ဖန်ပေါင်းချောင်နဲ့အုပ်ထားတဲ့ ရွှေကြုတ်ကလေးဗျ။ နှစ်လက်မလုံးလောက်ရှိပြီး အမြင့်ကခြောက်လက်မလောက်ရှိမယ်။ ရွှေကြုတ်ရဲ့အပေါ်မှာ ရုပ်ကြွလေးတွေဖော်ထားသေးသဗျ။ ရသေ့ကြီးရဲ့မျက်လုံးတွေက အဲ့ဒီရွှေကြုတ်ကို စိုက်ကြည့်ပြီး မေးလိုက်တယ်။

 

“သိုက်နန်းရှင် မဟုတ်လား”

 

“မှန်ပါ့ဘုရား တပည့်တော်မဟာ ဟောဒီရွှေဂူသိုက်နန်းကြီးရဲ့ သိုက်နန်းရှင်ပါဘုရား”

 

“အော် အော် ရွှေဂူရှင်မ နန်းကြာမုံဆိုတာ ဒကာမလေးပေါ့”

 

“ဟုတ်ပါတယ်ဘုရား၊ တပည့်တော်ရွှေဂူရှင်မ နန်းကြာမုံပါဘုရား၊ ဒီပြဒါးပြာသိုက်ကို စောင့်ရတဲ့ သူပါဘုရား”

 

ဘရသေ့ခေါင်းညိတ်ပြလိုက်ပြီး ပြောတယ်ဗျ။

 

“ဒီမှာ ရွှေဂူရှင်မနန်းကြာမုံဘရသေ့ထွက်ရပ်လမ်းကို မြန်းကြွဖို့ရာ ဟောဒီပြဒါးပြာရမှဖြစ်မှာမို့ ဟောဟိုကကြာကလပ်ပေါ်ကတင်ထားတဲ့ ပြဒါးပြာရွှေကြုတ်ကို အလှူခံပါတယ် ဒကာမလေး”

 

“ဒီပြဒါးပြာဟာ လှူလို့လည်းမရ၊ပေးလို့လဲမရတဲ့အရာပါဘုရား၊ အထက်ကဘိုးဘိုးကြီး ဘုရားတို့ရဲ့အမိန့်အရအသက်ပေးပြီး ကာကွယ်ရမှာပါဘုရား။ တပည့်တော်မအနူးအညွတ်တောင်းပန်ပါတယ်။ ရွှေ၊ငွေ၊ရတနာ ကျောက်သံပတမြား တွေကို အရှင်ဘုရားတို့ကြိုက်သလောက်ယူသွားပါဘုရား။ ဒီပြဒါးပြာကိုတော့ ပေးဖို့နေနေသာသာ လက်နဲ့တောင် အထိမခံနိုင်ပါဘူးဘုရား။တပည့်တော်မကိုသနားတယ်ဆိုရင် ဒီကပဲလှည့်ပြီးပြန်တော်မူပါ၊ ဘရသေ့ကြီးဘုရား”

 

“ဪ ဒီလိုလား ဒီလိုဆိုမှဖြင့် ရအောင်ယူရတော့မှာပေါ့လေ”

 

ဘရသေ့ကသူ့ဆေးတောင်ဝှေးကိုကြမ်းပြင်မှာ ဒေါက်ကနဲမြည်အောင်ထောက်လိုက်တယ်ဗျ။ ဒီမှာတင်ပတမြားခန်းဆောင်ရဲ့ ထောင့်လေးထောင့်မှာ ရပ်နေတဲ့ တင်းပုတ်ကိုင် ဘီလူးရုပ်ကြီးလေးရုပ် အသက်ဝင်လာရောဗျို့။ တင်းပုတ်ကြီးတွေကို လက်နှစ်ဖက်နဲ့ စုံကိုင်ပြီး ကျုပ်တို့ဘက်ကိုလျှောက်လာရောဗျာ။ ဒီအချိန်မှာ ဘရသေ့ကမျက်စိစုံမှိတ်ပြီးမန်တန်ရွတ်နေတာဗျ။ ဘရသေ့က မန်တန်ကို အရပ်လေးမျက်နှာလှည့်ပြီး ရွတ်တာ။ သူ့လက်ထဲမှာကိုင်ထားတဲ့ဆေးတောင်ဝှေးကနေ အခိုးအလျှံတွေ ထွက်လာတာဗျို့။ ကျောက်ဘီလူးရုပ်ကြီးလေးကောင်က တရွေ့ရွေ့နဲ့ကပ်လာကြတာ ကျုပ်တို့နဲ့ ဆယ်ပေလောက်ပဲကွာတော့တာဗျ။

 

“ဟိတ်”

 

ဘရသေ့ထအော်လိုက်တော့ ဘီလူးရုပ်ကြီးလေးရုပ်ဟာလက်ကြီးတွေမြောက်ရက်သားနဲ့ ကျောက်ရုပ်ပြန်ဖြစ်သွားကြရောဗျို့။

 

“ဟဲ့ ဖယ်စမ်းရွှေဂူရှင်မ”

 

ဘရသေ့ကပြောပြောဆိုဆိုနဲ့သူ့တောင်ဝှေးနဲ့ရွှေဂူရှင်မဘက်ကိုဝှေ့လိုက်တာ တောင်ဝှေးကမီးခိုးလုံးကြီး ထွက်သွားပြီး ရွှေဂူရှင်မဟာ နေရာမှာတင် ခွေကျသွားရောဗျို့။ ကျုပ်ဖြင့်ရွှေဂူရှင်မကို သနားလိုက်တာဗျာ။ ပြေးပြီးပွေ့ထူပေးချင်လိုက်တာ။ စိတ်ကိုမနည်းထိန်းထားရတယ်။

 

ဘရသေ့ကရှေ့ဆက်သွားပြီ။ ကျုပ်လည်းနောက်ကကပ်လိုက်လာတယ်။ ဘရသေ့ကရွှေလှေကားကိုးထစ်ကို စပြီးတက်ပြီဗျ။ တစ်ထစ်၊နှစ်ထစ်၊သုံးထစ်၊လေးထစ်၊ငါးထစ်။

 

“စည်းပေါက်သွားပြီဟေ့၊ ဝိုင်းကြဟ၊ ဝိုင်းကြ”

 

ဂူကြီးတစ်ခုလုံးဟိန်းထွက်သွားတဲ့အသံကြီးဗျ။ ကျုပ်လည်းလန့်ပြီး နောက်ကိုလှည့်ကြည့်လိုက်တယ်။

 

“ဟာ”

 

ရသေ့သောမက ကျုပ်နောက်မှာပါမှမလာဘဲ။ သတိမေ့ပြီးလဲကျနေတဲ့ ရွှေဂူရှင်မကို ရသေ့သောမကပွေ့ထားလို့ပါလား။

 

“နောင် နောင် နောင် နောင်”

 

ဟာ ဂူကြီးတစ်ခုလုံးမောင်းတီးသံတွေဆူညံပြီး ကျောက်တုံးကြီးတွေလိမ့်ကျလာတဲ့ အသံတွေလည်းကြားရတယ်ဗျာ။ လူတစ်ထောင်လောက် ညာသံပေးပြီးပြေးလာတဲ့ ခြေသံတွေကြားနေရတယ်။ ကျုပ်တစ်ကိုယ်လုံးမှာကြက်သီးတွေ တဖျန်းဖျန်းထလို့ဗျာ။

 

“ဝုန်း ဝေါ ဝေါ”

 

ဟာကျောက်နံရံကြီးတွေမှာ အပေါက်ကြီးတွေပေါ်လာပြီး ရေလုံးကြီးတွေ ပန်းထွက်လာရောဗျို့။

 

“ပြေး ပြေး မောင်တာတေ။ ပြေးတော့ တော်တော်မိုက်တဲ့သောမ၊ ဒင်းကြောင့်ဖြစ်ရတာ။မောင်တာတေ လွတ်အောင်ပြေးပေတော့”

 

ကျုပ်လည်းတစ်ကိုယ်လုံးထူပူပြီးစွတ်ပြေးခဲ့ရတာပေါ့ ဗျာ။ ထွက်ပေါက်ကိုရောက်ပြီဗျ။ ကျောက်လှေကားတွေအပေါ်ကို ပြေးအတက်မှာ…

 

“ဝုန်း”

 

နောက်ကပါလာတဲ့ရေလုံးကြီးက ကျုပ်ကိုပြေးရိုက်လိုက်တယ်။ကျုပ်ရေလုံးကြီးနဲ့ပါသွားရောဗျို့။ ကျုပ်သတိရလာလို့ ကြည့်လိုက်တော့ စမ်းချောင်းကြီးတစ်ခုဘေးကကျောက်တုံးကြီးတစ်ခုပေါ်မှာဗျ။ တစ်ကိုယ်လုံးလည်းနာကျင်နေတာပဲဗျာ။ ကျုပ်ဘယ်နေရာရောက်နေမှန်းလည်းမသိဘူး။ သတိမေ့နေတာဘယ်လောက်ကြာသွားမှန်းလည်း မသိဘူးဗျ။

 

စမ်းချောင်းထဲကရေကိုလက်ခုပ်နဲ့ခပ်သောက်ပြီး မျက်နှာသစ်လိုက်တယ်။ပြီးတော့မှ တောထဲကထွက်ဖို့မှန်းပြီးလျှောက်လာတယ်။တော်တော်လေးလျှောက်မိတော့ ကျုပ်ရှေ့မှာတွေ့လိုက်ရတာက ညောင်ပင်ကြီးနှစ်ပင်ဗျ။

 

“ဟာ”

 

ကျုပ်တစ်ကိုယ်လုံးမှာကြက်သီးတွေတဖျန်းဖျန်းထသွားတော့တာဗျို့။ဒါ ရွှေဂူသိုက်ကြီးရဲ့ဝင်ပေါက်က ညောင်ပင်ကြီးတွေဗျ။ ကျုပ်လျှောက်ရင်းနဲ့ ရွှေဂူသိုက်ကြီးရှိတဲ့နေရာကို ပြန်ရောက်လာတာပဲ။ ကျုပ်လည်းဘာမှမတွေးတော့ဘဲ နောက်ကိုချာကနဲလှည့်ထွက်လိုက်တယ်။

 

“မောင်တာတေ နေပါဦးကွဲ့”

 

ကြက်သီးတွေဖျန်းကနဲထပြီး ဆံပင်တွေတောင်ထောင်သွားတယ်လို့ ထင်လိုက်မိတယ်ဗျာ။ ကျုပ်နာမည်ကို ဘယ်သူခေါ်လိုက်တာတုံး။သိုက်ထဲက ကျောက်ဘီလူးကြီးတွေ များလားလို့ တွေးမိပြီးကျုပ်နောက်ကို လှည့်ကြည့်မိလိုက်တော့ ညောင်ပင်ကြီးတစ်ပင်ရဲ့နောက်က ထွက်လာတဲ့ အဘိုးကြီးတစ်ယောက်ဗျ။ အပေါ်ဖြူ၊အောက်ဖြူ၊ပုဝါဖြူကြီးပေါင်းလို့ လွယ်အိတ်ကြီးတစ်လုံးလည်းလွယ်ထားတယ်။ လွယ်အိပ်ကတော့အစိမ်းရောင်ဗျ။

 

“ဟာ.. အဘိုးပါလား”

 

ဟုတ်တယ်ဗျ။ (မဖဲဝါ မဝင်ရ)မှာ ကျုပ်ပြောပြခဲ့ဖူးတဲ့ ကုန်းတန်းရွာဟောင်းကြီးက အဘိုးဆရာကြီးဗျ။ကျုပ်ကိုအင်းလက်ကိုင်ပုဝါ စည်းပြီး ရွာဟောင်းကြီးအကြောင်းကို ပြခဲ့တာလေဗျာ။ အဖေရှင်လို့ခေါ်တဲ့အဘိုးဆရာကြီးလေ။ (ခင်ဗျားမေ့နေရင်တော့ ‘မဖဲဝါ မဝင်’ ကိုပြန်ပြီး ဖတ်ကြည့်ဗျာ)

 

“မောင်တာတေ အဘိုးကိုမှတ်မိသားပဲ၊ ဘယ့်နှယ့်တုံးကွဲ့ မောင်တာတေရဲ့ ၊ရသေ့သိုက်ဆရာနဲ့ အဖော်လိုက်ခဲ့တာ တော်တော်မှဗဟုသုတ ရရဲ့လား”

 

“ဟာ မပြောပါနဲ့တော့ အဘိုးရယ်၊ ကျုပ်ဖြင့် ကံကောင်းလို့ မသေတာဗျာ”

 

“ဟား ဟား ဟား ဟား မင်းကွာ တော်တော်စပ်စုချင်တဲ့သူငယ်ပဲ၊ ရသေ့သိုက်ဆရာကိုဘယ်လိုများတွေ့ပြီးလိုက်လာတာတုံး”

 

ကျုပ်ကအဘိုးဆရာကြီး အဖေရှင်ကို အကျိုးအကြောင်းပြောပြလိုက်တော့အဘိုးက ကျုပ်ကိုခေါင်းတညိတ်ညိတ်နဲ့ ကြည့်တယ်ဗျ။

 

“ကဲ မောင်တာတေ အဘိုးပြောတာနားထောင် သိုက်ထဲမှာ ရွှေဂူရှင်မ အခုထိသတိမရသေးဘူးကွဲ့”

 

“ဟာ ဟုတ်လား အဘိုး”

 

“အေး ဟုတ်တယ်မောင်တာတေ သိုက်ဆရာရသေ့ရဲ့ပညာက တော်တော်မြင့်တာကွဲ့၊ ရွှေဂူရှင်မ ကိုကယ်ဖို့ လူကလေးသိုက်ထဲကိုပြန်ပြီးဝင်မှ ဖြစ်မယ်”

 

“ဗျာ ကျုပ်သိုက်ကြီးထဲကိုပြန်ဝင်ရမယ် ဟုတ်လားအဘိုး၊ ကျုပ်ကိုကျောက်ဘီလူးကြီးတွေ ဝိုင်းပြသတ်ကြမှာပေါ့အဘိုးရဲ့”

 

“မသတ်ပါဘူး မောင်တာတေရယ်၊ဟောဒီဆေးတောင့်ကိုယူသွား သိုက်ထဲရောက်တော့ဒီဆေးတောင့်ကို သွေးပြီးမောင်တာတေကိုယ်တိုင် သိုက်နန်းရှင် မရဲ့မျက်နှာမှာ သနပ်ခါးလိမ်းသလို လိမ်းပေးလိုက်ပေတော့။ ရွှေဂူရှင်မ ကောင်းသွားလိမ့်မယ်ကွဲ့”

 

“ဖြစ်ပါ့မလား အဘိုးရယ်”

 

“ဟာ ဖြစ်ပါတယ်ကွဲ့ မောင်တာတေအပေါ်ကို ဘာအန်တရာယ်မှမကျရောက်စေရပါဘူး၊ ပြီးတော့မောင်တာတေလာမှာကိုသူတို့ကြိုသိလို့စောင့်နေကြပါပြီ၊သူတို့သခင်မအတွက်သူတို့တွေမှာ မျက်ရည်နဲ့မျက်ခွက်ဖြစ်နေကြရရှာတာပါကွယ်။ကိစ္စ ပြီးရင်သာချက်ချင်းပြန်ထွက်လာခဲ့ ၊ ကျုပ်ဒီညောင်ပင်ကြီးတွေအောက်ကပဲစောင့်နေမယ်”

 

အဘိုးဆရာကြီး အဖေရှင်က သူ့ခေါင်းမှာပေါင်းထားတဲ့ ပုဝါအဖြူလေးကို ဖြုတ်ယူပြီး ကျုပ်ခေါင်းမှာ အဘိုးကိုယ်တိုင် ပေါင်းပေးလိုက်တယ်။ ပြိးတော့ကျုပ်ကို ဆေးတောင့်အပ်တယ် ။

 

“ဝုန်း ဝုန်း ကျွိ ကျွိ”

 

ဟာသိုက်တံခါးကြီး ပွင့်သွားပြီဗျို့။ ကျောက်လှေကားကြီးတွေကိုမြင်နေရပြီ။

 

“ကဲ မောင်တာတေ သွားပေတော့၊ သူတို့သိုက်တံခါး ဖွင့်ပေးလိုက်ပြီ”

 

ကျုပ်လည်းဆေးတောင့်ကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ကျောက်လှေကားအတိုင်းဆင်းလာလိုက်တယ်။ ဟိုနေ့ကတွေ့တဲ့လက်လေးဖက်ပါတဲ့ ကျောက်ဘီလူးရုပ်ကြီးက ဒီတစ်ခါတော့ လှုပ်တောင်မလှုပ်ဘူးဗျ။

 

ကျုပ်ခြေလှမ်းကျဲ ကြီးတွေနဲ့လျှောက်ဝင်လိုက်တယ်။ ဆင်စွယ်ရောင်အခန်းကြီးကို ဖြတ်လိုက်တယ်။ ဘယ်သူ့ကိုမှမတွေ့ဘူးဗျ။

 

“ဝုန်း ဝုန်း”

 

ဟာ နောက်တံခါးတစ်ချပ်ပွင့်ပြန်ပြီဗျို့။ ကျုပ်ဝင်လာခဲ့တယ်။ ရွှေရောင်ခန်းမကြီးထဲက ရတနာတွေကြားထဲကို ကျုပ်ရောက်လာတယ်။နတ်မိမယ်တစ်ယောက်တောင်မှမတွေ့ဘူးဗျ။ကျုပ်ဆက်လျှောက်တယ်။

 

“ဝုန်း ဝုန်း”

 

နောက်ဆုံးတံခါးကြီး ပွင့်သွားပြီ။ ပတမြားအရောင်ခန်းမကြီးဗျ။ ရွှေလှေကားထစ်တွေနဲ့ ရွှေပလင်၊ရွှေကြာပွင့်ကြီးပေါ်က ရွှေကြုတ်နဲ့ ထည့်ထားတဲ့ ပြဒါးပြာ။ရသေ့ကြီးဦးဘောဂသိပ်လိုချင်တဲ့ ပစ္စည်းပေါ့ဗျာ။ ကျုပ်ကပတမြားခန်းမကြီးထဲကိုလှည့်ပတ်ကြည့်လိုက်တော့ အစိမ်းရောင်တင်းတိန်ကာထားတဲ့ အခန်းတစ်ခန်းကို တွေ့လိုက်တယ်။ အရှေ့မှာ ရပ်နေတဲ့ နတ်မိမယ်လေးတွေ အစိမ်းရောင်နဲ့ ရွှေရောင်အဝတ်တွေနဲ့ဗျ။

 

ကျုပ်ကသူတို့ဘက်ကိုလျှောက်သွားလိုက်တယ်၊ သူတို့အားလုံးကြမ်းပြင်ပေါ်မှာဒူးတုပ်ထိုင်ပြီး ကျုပ်ကိုလက်အုပ်ချီထားကြတယ်။

 

“ဆေးသွေးဖို့ပေးပါ”

 

ကျုပ်ပြောလိုက်တာနဲ့ တင်းတိန်ကိုဖွင့်ပြီး နတ်မိမယ်လေးတစ်ပါးထွက်လာတယ်။ ရေထည့်ထားတဲ့ရွှေခွက်တစ်ခုနဲ့ မြကျောက်ပြင်တစ်ချက်ပေးတယ်။ ကျုပ်ကပတမြားကြမ်းပြင်မှာ ထိုင်ပြီး ဆေးသွေးတယ်။ ရွှေခွက်ထဲကရေကိုထည့်လိုက် သွေးလိုက်နဲ့မြကျောက်ပြင်မှာ ဆေးတော်တော်ရလာတော့ ကျုပ်ကဆေးတောင့်ကိုပြန်သိမ်းပြီးမြကျောက်ပြင်ကိုယူတယ်။

 

ကျုပ်လုပ်သမျှမျက်တောင်မခတ်ပဲ ကြည့်နေတဲ့ နတ်မိမယ်လေးတွေက သူတို့ပါထရပ်ပြီး အစိမ်းရောင်ပိုးသားတင်းတိန် ဟိုဘက်ဒီဘက်ကိုင်ပြီးဖွင့်ပေးကြတယ်။ အတွင်းကိုလှမ်းကြည့်လိုက်တော့ ရွှေသလွန်ပေါ်မှာ ဆန့်ဆန့်လေးလှဲနေတဲ့ ရွှေဂူရှင်မ နန်းကြာမုံ ကိုတွေ့လိုက်ရတယ်။ တစ်ကိုယ်လုံးပတမြားရောင်နီရဲနေတဲ့ ထိုင်မသိမ်းနဲ့ ခါးတောင်အက်ျီကိုဝတ်ထားတယ်ဗျ။ အခန်းတစ်ခုလုံးမွှေးကြိုင်နေတာပဲဗျို့။ တင်းတိန်ကာထားတဲ့အခန်းထဲမှာအစိမ်းရောင်ဝတ်ထားတဲ့နတ်မိမယ်လေးတွေက ရွှေယပ်ကိုကိုင်ပြီး ရွှေဂူရှင်မ ကိုယပ်ခတ်ပေးနေကြတယ်။

 

ကျုပ်လည်းရွှေဂူရှင်မ လဲလျောင်းနေတဲ့ ရွှေသလွန်ဘေးကို ကပ်သွားပြီး မထိရက်လောက်အောင်လှတဲ့ လူလား၊နတ်လားမသိနိုင်တဲ့ ရွှေဂူရှင်မ ရဲ့မျက်နှာလေးပေါ်မှာ အဘိုးဆရာကြီးရဲ့ဆေးတော်ကို သေသေချာချာ လိမ်းပေးလိုက်တယ်။

 

ဆေးကုန်အောင်လိမ်းပြီးတာနဲ့ ကျုပ်ကလက်ထဲမှာကိုင်ထားတဲ့ မြကျောက်ပြင်ကို နတ်မိမယ်လေးတစ်ယောက်ကို လှမပေးလိုက်တယ်။ဒီအချိန်လေးမှာပဲ..

 

“ဟာ သခင်မ သတိရလာပြီ”

 

လို့ရွှေယပ်ကိုင်နတ်မိမယ်လေးတစ်ပါးပြောလိုက်တဲ့ အသံကိုကျုပ်ကြားလိုက်တယ်။ နတ်မိမယ်လေးတွေအားလုံးရွှေသလွန်ဘေးမှာဝိုင်းအုံပြီး ကြည့်ကြတယ်။

 

“ဝမ်းသာလိုက်တာ သခင်မရယ်”

 

ကျုပ်ကတော့မလှမ်းမကမ်းမှာပဲ ရပ်ကြည့်နေလိုက်တယ်။

 

“သခင်မနေကောင်းပါပြီကွယ်၊ ကဲ ကဲ ညီမတော်တို့ ဖယ်ကြဦးကွဲ့၊ သမားတော်လေးကို ကျေးဇူးပြုရပေ ဦးမယ်”

 

ရွှေဂူရှင်မက ရွှေသလွန်ညောင်စောင်းမှာ အသာလေးထထိုင်လိုက်တယ်။ ကျုပ်ကရပ်နေတဲ့နေရာမှာပဲ ကြုံ့ ကြုံ့ထိုင်လိုက်တယ်။

 

“အဖေရှင်ရဲ့ကျေးဇူးကြီးမာလှပါပေတယ်။ဟောဒီကမောင်ငယ်သမားတော်လေးကိုလည်း နန်းကြာမုံ ကျေးဇူးအထူးတင်လှပါတယ်ကွယ်။ကဲ သမားတော်လေးကြိုက်တဲ့ရွှေငွေရတနာတွေကို ကြိုက်သလောက်ယူသွားနိုင်ပါတယ်”

 

“ဟာ ကျုပ်အဲ့တာတွေ ဘာကိုမှမလိုချင်ပါဘူးဗျာ၊ ရွှေဂူရှင်မကျန်းမာသွားရင်ပဲ ကျုပ်စိတ်ချမ်းသာလှပါပြီ”

 

“သမားတော်လေးရဲ့ စိတ်ထားမွန်မြတ်ပါပေတယ်၊ ဒါဆိုရင်တော့ဟော့ဒီရွှေကြက်ဖလေးကို လက်ဆောင်အဖြစ်သခင်မပေးလိုက်ပါ့မယ်။ ဒါကိုတော့ယူပါကွယ်”

 

ရွှေဂူရှင်မက သူ့လက်ဝါးပေါ်မှာဘွားကနဲ ပေါ်လာတဲ့ ကြက်ဥလုံးအရွယ်လောက်ရှိတဲ့ရွှေကြက်ဖရုပ်ကလေးကို ကျုပ်ကိုပေးတယ်။

 

“အဘိုးဆရာကြီး က ကျုပ်ကို အပြစ်တင်နေပါဦးမယ်ဗျာ”

 

“ဟာ အပြစ်မတင်စေရပါဘူးကွယ်၊ နန်းကြာမုံ ဟောဒီကနေ အဖေရှင်ကို လှမ်းပြီးလျှောက်ထားလိုက်ပါ့မယ်၊ ကဲယူပါမောင်ငယ်”

 

ကျုပ်ရိုရိုသေသေသွားပြီးယူလိုက်တယ်။ပြီးတော့ကျုပ်ပြန်ဖို့ပြင်တယ်။ အဘိုးဆရာကြီးကကိစ္စပြီးရင်သာချက်ချင်းပြန်ထွက်လာခဲ့ လို့မှာလိုက်တယ်လေဗျာ။

 

ပြဒါးပြာသိုက်ကြီးထဲကနေ ကျုပ်ပြန်ထွက်လာတော့အဘိုးဆရာကြီးကညောင်ပင်ကြီးအောက်ကနေ ကျုပ်ကိုစောင့်နေတယ်။

 

ကျုပ်ကခေါင်းကပုဝါနဲ့ဆေးတော်ကို အဘိုးဆရာကြီးကိုပြန်အပ်လိုက်တယ်။ အဘိုးဆရာကြီးကကျုပ်ကိုဆပ်သမြှောင် သွားတဲ့လမ်းအရောက် လိုက်ပို့ပေးတယ်။ ခဏလေးနဲ့ ဆပ်သမြှောင်ကိုပြန်ရောက်လာတာ။ ကျုပ်တို့ကိုမျှော်နေကြတဲ့ ဆရာတော်ဦးဥတမနဲ့ ကိုအောင်ပွားကို တွေ့တယ်။ ကျုပ်ကဖြစ်သမျှအကြောင်းတွေကိုလျှောက်ထားလိုက်တယ်။

 

ဆရာတော် တော်တော်ကိုစိတ်မကောင်းဖြစ်သွားတာပေါ့ဗျာ။ ကိုအောင်ပွားက ကျုပ်ကိုလှည်းနဲ့ပြန်ပို့ပါတယ်။ ကျုပ်ခါးပိုက်ထောင်ထဲမှာ ထည့်ထားတဲ့ ရွှေကြက်ဖလေးအကြောင်းကိုတော့ ဆရာတော်ဦးဥတမကိုရော ကိုအောင်ပွားကိုရောပြောမပြခဲ့ဘူးဗျ။

 

ထနောင်းကုန်းကိုပြန်ရောက်တော့ရွှေဂူရှင်မပေးလိုက်တဲ့ ရွှေကြက်ဖလေးကို ဘယ်သူမှမသိအောင် ကျုပ်ရဲ့ သံသေတာထဲမှာအသာကလေး သိမ်းထားလိုက်တယ်။

 

ပြီးပါပြီ

 

အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်