မရဏဆုံမှတ်

မရဏ ဆုံမှတ် (စ/ဆုံး)

~~~~~~~~~~~~~

မူရင်းရေးသားသူ_ဆရာတာတေ

 

ဓါတ်ဆက်ပြီးတော့ အမြင်ဖွင့်ပေးလို့ရတယ်

ဆိုတာကို ဘထစ်ရော၊ ကျုပ်ရော သိသွားကြတာပေါ့ဗျာ။

ဒါပေမဲ့ ဘထစ်က ပြောတယ်ဗျ။

 

“ဟေ့ကောင် တာတေ၊ ဒါ လူတိုင်းကို လုပ်ပေးလို့ မရဘူး။

မင်းက နဂိုဓါတ်ခံကောင်းလို့ ရတာ”

 

ကျုပ် နားမလည်ဘူးဗျ။ ဘထစ်ပြောတဲ့

နဂိုဓါတ်ခံဆိုတာ ဘာကိုပြောမှန်း ကျုပ် မသိဘူး။

ဒါပေမဲ့ မေးလည်း မမေးတတ်ဘူးဗျ။ဒီအတိုင်းပဲ ငြိမ်နေရတာပေါ့ဗျာ။

 

ကျုပ် မှတ်မိသေးရောဗျာ။ အဲဒီလက သီတင်းကျွတ်လဗျ။

ကျုပ်တို့တွေ ပထမအစမ်းစာမေးပွဲ ဖြေနေကြတာ။

ပထဝီဖြေတဲ့နေ့ ထင်တယ်ဗျ။ စာမေးပွဲဖြေပြီးလို့

အခန်းထဲကနေ ထွက်လာတော့ ဘထစ်က

ကျောင်းဝန်းထဲက မန်ကျည်းပင်အောက်မှာ

ရပ်ပြီး ကျုပ်ကို စောင့်နေတယ်ဗျ။

 

“တာတေ လာဦးကွ၊ မင်းကို ငါပြောစရာရှိလို့ ”

 

ကျုပ်က ဘထစ်ဆီကို လျှောက်သွားရင်း

လှမ်းပြောလိုက်တယ်။

 

“အေး ပြော၊ ဘာတွေ ပေါက်ပေါက်ရှာရှာ

လုပ်ဦးမလို့လဲကွ ဘထစ်ရ”

 

ဒီကောင် ကျုပ်ပြောတော့ ရယ်တယ်ဗျ။

 

“ဟာ ဘာမှ ပေါက်ပေါက်ရှာရှာ မလုပ်ပါဘူးကွာ။

ငါ သီတင်းကျွတ် ကျောင်းပိတ်ရက်မှာ ရွာပြန်မလို့ကွ”

 

“ဟေ ရွာ ဟုတ်လား ဘထစ်၊ မင်းမှာ ရွာရှိလို့လား ”

 

“ဟေ့ကောင် တာတေ၊ ဘထစ်က တောထဲမှာ

အလေ့ကျပေါက်တဲ့ သစ်ပင်မဟုတ်ဘူးကွ”

 

” ဟာ ဘထစ်ကလည်း ငါက အဲဒီလို ပြောတာ

မဟုတ်ပါဘူးကွာ၊ မင်းက မင်းငယ်ငယ်ကတည်းက

မိဘတွေ တိမ်ပါးကုန်လို့ မင်းရဲ့ ဘဘုန်းကြီးက

မွေးစားတာဆို ၊ ဆွေမျိုးသားချင်း ဆိုတာလည်း

မင်းမှာ လုံးဝမရှိဘူးလို့ မင်းပဲ ငါ့ကို

ပြောခဲ့တာလေ။ ဒါကြောင့် ငါ့က ပြောတာကွ”

 

“အေး ဟုတ်တယ်၊ မင်းပြောတာ မှန်တယ် တာတေ၊

ငါ အခု သွားမှာက ဘဘုန်းရဲ့ ကျောင်းကို သွားမှာ။

အဲဒီရွာမှာ ငါကြီးလာခဲ့ရတာ။ ဘဘုန်း မရှိပေမဲ့

တစ်ရွာလုံးက ငါ့ကို ခင်ကြတာကွ၊ပြီးတော့

သီတင်းကျွတ်လပြည့်မှာ ရွာဘုရားပွဲရှိတယ်။

လေးကျွန်းမာရ်အောင် ဘုရားပွဲကွ။

အားကြီးစည်တာ၊ ပျော်စရာအားကြီး

ကောင်းတာကွ၊ ဒီအချိန်ဆိုရင် ယင်းချောင်းကြီးက

ရေကျသွားလို့ သောင်တွေ ပေါ်နေပြီ။

အဲဒီမှာ ကြက်သွန်ခင်းတွေ စိုက်ဖို့ နေရာတွေ

မှတ်နေကြပြီပေါ့ကွာ”

 

“ဇာတ်ပွဲတွေရောပါလား ဘထစ်”

 

“ဟကောင်ရ ပါတာပေါ့ဟ ။ လေးကျွန်းမာရ်အောင်ဘုရား

ပွဲက နယ်နယ်ရရမှ မဟုတ်တာ။ မြို့ပေါ်တွေရော

အနီးအနားက ရွာဆယ်ရွာလောက်ကရော လာကြတာကွ”

 

“ဟာ ဒါဆို တော်တော်ကို ပျော်ဖို့ကောင်းမှာပဲနော်”

 

“အေး အဲဒါ မင်းကို ငါက ခေါ်သွားချင်တာ။

ရွာမှာ နှစ်ညလောက်အိပ်ပြီး ပြန်ခဲ့မှာပေါ့ကွာ၊

ကျောင်းမဖွင့်ခင် မင်းရွာကို ပြန်လို့ မီပါသေးတယ်ကွာ၊

ဘယ်လိုလဲ လိုက်မလား ”

 

“အင်း အဆင်တော့ ပြေသားကွ၊ အဘရော

အမေပါ ရောက်နေကြတယ်ကွ ၊ ဘကြီးကို

ကန်တော့ဖို့ လာကြတာ၊ ငါပြောရင် ရမှာပါ”

 

“ဟာ ဒါဆိုလည်း ပြောကွာ တာတေရာ၊

တို့ သူငယ်ချင်း နှစ်ယောက် ဘုရားပွဲမှာ

ပျော်ကြတာပေါ့”

 

ဘထစ်က တော်တော်ဝမ်းသာသွားတဲ့ပုံပဲဗျ။

ကျုပ်အိမ်ပြန်ရောက်တော့ အဘနဲ့ အမေကို

ပြန်ပြောပြရတာပေါ့ဗျာ။ အဘက ကျုပ်ကိုမေးတယ်။

 

“နို့ သူ့ရွာက ဘာတဲ့တုံး တာတေရဲ့ ”

 

“ကွေ့ကြီးလို့ ပြောတယ် အဘ”

 

ကွမ်းကြီးငုံပြီး နားထောင်နေတဲ့ ဘကြီးက

ခေါင်းကြီးညိတ်ပြီး ဝင်ပြောတယ်ဗျ။

 

“အင်း အင်း မြောက်ဘက်က ရွာတွေပေါ့ကွာ။

ကညင်ကိုးပင် စင်ကိုးစင်တို့၊ ခရေပင်ဇောက်ထိုးတို့၊

ကွေ့ကြီးတို့၊ စုန်းကွင်းတို့ဆိုတာ မြို့မြောက်ဘက်က

ရွာတွေကွ၊ နို့ သွားရင် မင်းတို့ ဘယ်လို

သွားရမှာတုံးကွ၊ တာတေရ”

 

“ဟိုကောင်ဘထစ် ပြောတာတော့ ဒီမြို့ကနေ

ဒေါ့ဂျစ်ကားကြီးစီးသွားရင် ဘုရားအိုရွာကို

ရောက်မယ်တဲ့။ အဲဒီကမှ လှည်းခေါ်ပြီး

ဆက်သွားရမှာလို့ ပြောတယ် ဘကြီးရ”

 

“အေး ဟုတ်တာပေါ့၊ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က

ငါ အဲဒီဘက်ကို တစ်ခေါက်ရောက်ဖူးတယ်

အဲဒီဘက်က ရွာတွေလည်း သူ့နေရာနဲ့သူတော့

စည်သားဟ”

 

ဟုတ်တော့ ဟုတ်တယ်ဗျ။ အဘတို့ အမေတို့က

ဘယ်မှ သိပ်ရောက်ဖူးကြတာ မဟုတ်ဘူးဗျ။

ရွာနီးချုပ်စပ်ရယ်၊ ဒီမြို့ရယ်ပဲ သူတို့

သွားလာနေတာ။

 

“အေး အေး မင်းလိုက်ချင်ရင် လိုက်သွားပေါ့ကွာ၊

ယောက်ျားဆိုတာ သွားတတ် လာတတ်လည်း

ရှိဦးမှကွ၊ ဗဟုသုတလည်းများမှ ကောင်းတာ၊

ကဲ ကဲ မင်း သူငယ်ချင်း ဘယ်သူ”

 

“ဘထစ်လေ အဘရဲ့ ”

 

“ဟဲ့ နင့်သူငယ်ချင်း နာမည်ကလည်း

အဆန်းပါလား ”

 

လို့ အမေက ဝင်ပြောတယ်။ ဒီတော့မှ ကျုပ်လည်း

သတိရသွားပြီး …

 

“ဟာ မဟုတ်ဘူး အမေရဲ့၊ ဒီကောင်နာမည်က ဘထစ်

မဟုတ်ဘူးဗျ၊ ဘချစ်တဲ့။ ဒါပေမဲ့ ဒီကောင်က

စကားပြောရင် အားကြီးထစ်တာဗျ။ ဒါကြောင့်

ကျုပ်တို့ သူငယ်ချင်းတွေက သူ့ကို ဘထစ်လို့

ပြောင်ခေါ်ရာနေ နာမည်တွင်သွားတာ”

 

အဲဒီညက အဘရယ်၊ အမေရယ်၊ ကျုပ်ရယ်

ဘကြီးကို သီတင်းကျွတ် ကန်တော့ကြတယ်

ပြီးတော့ ဘထစ်နဲ့ လိုက်သွားဖို့ လမ်းစရိတ်နဲ့

ဘုရားပွဲမှာ သုံးစွဲဖို့ ပိုက်ဆံပေးတယ်။

 

ဘကြီးကလည်း ကျုပ်ကို မုန့်ဖိုးပေးသေးတယ်လေ။

စာမေးပွဲပြီးတော့ ကျုပ် ဘထစ်နဲ့ လိုက်ခဲ့တာပေါ့ဗျာ။

ဒေါ့ဂျစ်ကား အစုတ်ကြီးက တစ်လမ်းလုံး

မောင်းလိုက် ရပ်သွားလိုက်၊ နည်းနည်းပါးပါး

ပြင်ပေးလိုက် ပြန်မောင်းလိုက်နဲ့ ဆွမ်းစားချိန်

ရောက်တော့ ဘုရားအိုဆိုတဲ့ ရွာကို ကျုပ်တို့

ရောက်ခဲ့ရောဗျို့။ အဲဒီက အကြော်တဲကလေးတစ်တဲကို

ဝင်ပြီး ဘထစ်နဲ့ ကျုပ်နဲ့ အကြော်စားတယ်။

 

စားသောက်ပြီး တအောင့်ကြာတော့ နွားလှည်းလာတယ်။

ဘထစ်က လှည်းသမားကို ကွေ့ကြီးသွားမလို့လို့

ပြောတယ်။ လှည်းသမားက ပြောတယ်။

 

ကျုပ်လှည်းက ကွေ့ကြီးတော့ မရောက်ဘူး။

စုန်းကွင်းအထိပဲရောက်မှာ၊မင်းတို့ ဟိုဘက်ကို

လမ်းလျှောက်ရမှာပဲ။ ဘာဝေးတာမှတ်လို့၊

တစ်တိုင် တစ်တိုင်သာသာ ရှိတာပါ”

 

“အင်း ဟုတ်ပြီ၊ ကျုပ်တို့နှစ်ယောက်

စုန်းကွင်းအထိ လိုက်မယ်”

 

ဘထစ်နဲ့ ကျုပ်နဲ့ လှည်းပေါ်တက်ပြီး လိုက်ခဲ့ကြတယ်။

တစ်လမ်းလုံး ဘထစ်နဲ့ လှည်းသမားက စကားဖောင်

ဖွဲ့လာကြတာဗျို့။ ဘုရားအိုက ထွက်လာပြီး

ပွေးကုန်းရောက်တော့ ကညင်ပင်ကိုးပင်ကို

သွားမယ့် အဘိုးနှစ်ယောက် ပါလာတယ်ဗျ။

 

အဲဒီမှာတင် အဲဒီအဘိုးကြီးနှစ်ယောက်နဲ့

လှည်းသမားနဲ့ စကားဖောင်ဖွဲ့ကြရောဗျို့။

သူတို့ပြောတာက နှမ်းအကြောင်း၊ပဲအကြောင်း

မဟုတ်ဘူးဗျ။ စုန်းအကြောင်း ပြောကြတာ။

 

“ပြောရဦးမယ် ဘိုးကျင်ရေ”

 

လှည်းသမားနဲ့ ဒီအဘိုးကြီးနှစ်ယောက်က

နဂိုတည်းက ရင်းနှီးကြတာဗျ။

 

“ဟေ ဘာတုံး ငမောင်ရ”

 

“ကျုပ်လည်း လှည်းသမားဘဝနဲ့ ဒီနေရာမှာ

မောင်းလာတာ ကြာပေါ့ ဘိုးကျင်ရေ ၊ တစ်ခါ

တစ်ခါတော့လည်း အထူးအဆန်းတွေ ကြုံရသားဗျ”

 

အဘိုးကြီးနှစ်ယောက်က ကျုပ်တို့နဲ့ မျက်နှာချင်းဆိုင်

ထိုင်နေတာဗျ။ လှည်းလမ်းဘေးက မြေပဲခင်းတွေကို

ငေးကြည့်ရင်း ပြောနေကြတာ။

 

“ဘာများတွေ့လို့တုံး”

 

“မနေ့ကလေဗျာ၊ ဘုရားအိုက ဘိုးစံဝနဲ့ သူ့မိန်းမ

အရီးမယ်မြလေ၊ သူတို့ အရီးတစ်ယောက်

တော်တော်မမာနေလို့ သတင်းမေးဖို့ ဆိုပြီး

စုန်းကွင်းကို လိုက်ပို့ခိုင်းလို့ ကျုပ် လိုက်ပို့ရပါရောလား။

ပြန်တော့ မိုးချုပ်သွားရော ဘိုးကျင်ရဲ့၊

လကလည်း မိုက်နေတော့ ကျုပ်က လှည်းကို

ခပ်သုတ်သုတ် မောင်းလာတာဗျ။

 

စုန်းကွင်းကျော်လာပြီး ပဲခင်းနှစ်ခင်းလောက်

ကျော်တော့ ခြံထဲက မီးလုံးကြီးတစ်လုံး တက်လာတာဗျ။

ကျုပ်ဖြင့် လန့်လိုက်တာဗျာ။ နွားတွေလည်း

လန့်ပြီး ရှေ့ဆက်မသွားတော့လို့ ကျုပ်မှာ

မနည်းကို မောင်းခဲ့ရတာ”

 

“နို့ အဲဒီမီးလုံးကြီးက ဘယ်ရောက်သွားတုံး”

 

ဘိုးကျင်ဆိုတဲ့ အဘိုးကြီးက မေးတယ်ဗျ။

ကျုပ်နဲ့ ဘထစ်ကတော့ သူတို့ပြောနေတာကို ငြိမ်ပြီး

နားထောင်နေကြတာပေါ့ဗျာ။

 

“လူနှစ်ရပ်လောက် အမြင့်မှာ ဝဲနေတာဗျ။

ခြုံပုတ်ကြီးတွေပေါ်မှာ ဝဲပြီး ပျံနေတာဗျို့။

ဒါနဲ့ ကျုပ်လည်း နွားတွေကို နှင်တံနဲ့ တို့ပြီး

ခပ်သုတ်သုတ် မောင်းခဲ့ရောဗျို့။

 

“အဲဒီ ဘာလို့ထင်တုံး ငမောင်”

 

ဘိုးကျင်က မေးတော့ လှည်းသမား ကိုမောင်က

လက်ထဲက နှင်တံကို ဘေးချပြီး ကြိုးကို လှည်းကြန်တိုင်မှာ

ချိတ်လိုက်တယ်။ပြီးတော့မှ ခေါင်းမှာ ပေါင်းထားတဲ့

ပုဆိုးကို ဖြည်ပြီး ခေါင်းပေါင်းကို အကျအန

ပြန်ပေါင်းလိုက်တယ်။ ကြိုးနဲ့ နှင်တံကို ပြန်ကိုင်း

ပြီးတော့ ဘိုးကျင်ကို တစ်ချက် လှည့်ကြည့်တယ်။

 

“ကျုပ် မသိဘူးဗျ ဘိုးကျင်ရဲ့ ”

 

“အဲဒါ ချေးစားစုန်းပေါ့ကွ ငမောင်ရ”

 

“ဟ ဟုတ်လား၊ ကျုပ်က ကြားဖူးရုံသာ ရှိတာ၊

ဒီလို တစ်ခါမှ မြင်ဖူးတာ မဟုတ်ဘူး ဘိုးကျင်ရ”

 

ကျုပ်နဲ့ ဘထစ်လည်း တော်တော်ကို စိတ်ဝင်စားသွားကြတာဗျို့။

 

“ဟိုတုန်းကတော့ စုန်းကွင်းဘက်မှာ ဒါတွေ တော်တော်ပေါတာကွ၊

ခုတော့ မရှိတော့ပါဘူး၊ ဒီစုန်းက ဘယ်ကဟာလည်းမှ

မသိတာ”

 

ဘိုးကျင်နဲ့ အတူထိုင်နေတဲ့ အဘိုးကြီးက ဝင်ပြောတာဗျ။

 

“ဟုတ်တယ် ကိုပေါ်လာရဲ့၊ ဒီခေတ်ထဲမှာ မရှိသလောက်

ဖြစ်နေပါပြီ။ ဒီချေးစားစုန်းက ဘယ်ကပေါ်လာတာလဲ

မသိဘူး”

 

လှည်းသမား ကိုမောင်ကမေးတော့ ဘိုးကျင်က

စိတ်မရှည်သလို ဖြစ်သွားပြီး …

 

“သေချာတာပေါ့ ငမောင်ရ၊ ဟောဒီ ကိုပေါ်လာတို့

ငါတို့ ငယ်ငယ်တုန်းက ဆိုရင် ဒီတစ်ကြောမှာ စုန်းတွေ

သိပ်ပေါတာကွ၊ နို့ နေပါဦးကွ၊ အဲဒီမီးလုံးကြီး

ဘယ်ရောက်သွားလဲ၊ မင်းတွေ့ခဲ့သေးလား ”

 

“ကျုပ် လှည့်ကြည့်တော့ ထန်းပင်နှစ်ပင်နားက

ခြုံပုတ်ကြီးတွေထဲ ဝင်သွားပြီး ပျောက်သွားတာပဲဗျ”

 

“အေး အဲဒါ ချေးစားစုန်း အစစ်ပေါ့ကွ၊

အဲဒီခြုံပုတ်ထဲမှာ လူတွေ စွန့်ထားတဲ့ မစင်တွေကို

လိုက္စားတာကြ”

 

“သြော် ဒါကြောင့် ခြုံပုတ်တွေပေါ်မှာ ဝဲနေတာကိုး”

 

“ဟုတ်ပါ့ဗျာ၊ အဲဒါတွေကို လိုက်ရှာတာဟေ့။

အချိန်တန်ရင် ဒီစုန်းတွေက မစားဘဲကို မနေနိုင်တာတဲ့ကွ”

 

“ဖြစ်မှ ဖြစ်ရလေဗျာ”

 

လှည်းသမား ကိုမောင်ကပြောရင်း ကျုပ်နဲ့ ဘထစ်ကို

လှည့်ကြည့်ပြီး ရယ်ပြတယ်ဗျ။ ကျုပ်တို့လည်း

ရယ်မိတာပေါ့ဗျာ။

 

“စုန်းဆိုလို့ ပြောရဦးမယ် ကိုကျင်ရေ”

 

ကိုပေါ်လာ ဆိုတဲ့ အဘိုးကြီး ပြောလိုက်တယ်

 

“အင်း ပြောစမ်းပါဦး၊ ကိုပေါ်လာရဲ့ ”

 

“အင်း ကျုပ်တို့က ငယ်ငယ်ရှိပါသေးရော၊

ကျုပ်တို့ရွာမှာ ကိုပန်းမောင် ဆိုတဲ့ လူနဲ့ သူ့မယား

မဆော့ ဆိုတာ ရှိသဗျ။ မဆော့က ကျုပ်တို့ရွာသူ

မဟုတ်ဘူးဗျ။ တခြားက မိန်းမ၊ ကိုပန်းမောင်နဲ့

အကြောင်းပါမှ ကျုပ်တို့ရွာကို ရောက်လာတာ။

အဲဒီ မဆော့က ချေးစားစုန်းမဗျ”

 

“အို ဖြစ်မှဖြစ်ရလေဗျာ၊ ဒါကို သူ့ယောင်္ကျားက

သိသလား”

 

“ဘယ်သိမလဲ ကိုကျင်ရာ၊ သိမှာတော့ ဘယ်သူက

ချေးစားစုန်းမကြီးကို ယူမှာတုံးဗျ”

 

“သြော် ဒီလူလည်း သနားစရာပါလား ကိုပေါ်လာရ”

 

“ဟုတ်ပါ့ဗျာ၊ လူကလည်း လူရိုးကြီးဗျ။ ရိုးလွန်းတော့

အဆိုသလိုပေါ့ဗျာ။ ဘာမှကို မသိဘူးဗျ။ ဒီတုန်းက

ကျုပ်တို့ရွာမှာ အိမ်သာတွေ ဘာတွေ ထားကြတာမှ

မဟုတ်တာ။ ရွာပြင်ထွက်ပြီး

ခြုံပုတ်တွေထဲပဲ ရှင်းလိုက်ကြတာ မဟုတ်လား။

ဒီစုန်းမက ဟန်ကို ကျနေတာပေါ့ဗျာ၊ ညညဆို မီးလုံးကြီး

သူတို့အိမ်က ပျံထွက်လာပြီး အဲဒီခြုံပုတ်တွေထဲမှာ

ဝင်သွားလိုက်၊ ပျံထွက်လာလိုက် လုပ်နေတာ

ရွာသားတွေက တွေ့ကြရောဗျို့။

ဒီတော့ ကိုပန်းမောင်ကို လူကြီးတွေက

တိုးတိုးတိတ်တ်ိတ် ခေါ်ကြတာပေါ့။

အဲဒီကိုပန်းမောင်ဆိုတဲ့ လူရိုးကြီးက

ဒါကိုသိတော့ ငိုလိုက်တာတဲ့ဗျာ”

 

“သြော် သြော် ဒီတော့မှ သူသိတာကိုးဗျ။

သားသမီးတွေ ဘာတွေ ရနေပြီလားဗျ”

 

“ဟာ မရဘူးဗျ။ သားသမီးတော့ ကိုပန်းမောင်တို့မှာ

မရှိဘူး ”

 

“ဒါနဲ့ ရွာထဲက လူတွေ အကြံပေးတဲ့အတိုင်း

ကိုပန်းမောင်က စောင့်ဖမ်းတာပေါ့ဗျာ။

သူအိပ်ချင်ယောင်နေတာတဲ့ဗျ။ သန်းခေါင်လောက်

ရောက်တော့ ဒီမိန်းမက ကိုပန်းမောင် အိပ်မအိပ်ကို

သေသေချာချာ အကဲခတ်တယ်ဆိုပဲ။

ပြီးတော့မှ သူ့လင် အိပ်မောကျနေပြီထင်ပြီး

သူ့လည်ပင်းကို သူ့လက်နဲ့ ရစ်လိုက်တာ

ခေါင်းကြီးပြတ်ထွက်သွားပြီး မီးလုံးကြီးလို

အရောင်တွေ တောက်လာတယ်ဆိုပဲ။

အဲဒီမီးလုံးကြီးက အိမ်ထဲမှာ

ပတ်ပျံနေသေးတာတဲ့ဗျို့။

ကိုပန်းမောင် တကယ်အိပ်လား၊ မအိပ်လား

ဆိုတာ စစ်နေတာတဲ့။ ဟိုလူကလည်း

ငြိမ်ပြီး အိပ်ချင်ယောင်ဆောင်နေတော့

စိတ်ချပြီး စုန်းမက အိမ်ထဲက ထွက်သွားရောတဲ့ဗျို့”

 

“သူ့မိန်းမစုန်းဆိုတာ သူကိုယ်တိုင် သိသွားတာပေါ့

ဘိုးပေါ်လာရာ”

 

လှည်းသမား ကိုမောင်က ဝင်ပြောတယ်ဗျ။

 

“အေးပေါ့၊ ဒီမှာတင် ရွာထဲက လူတွေ

မှာထားတဲ့အတိုင်း ခေါင်းလျှော်ဖို့ လုပ်ထားတဲ့

တရော်ရည်နဲ့ ခေါင်းပြတ် လည်ငုတ်ကြီးကို

ခပ်ရွှဲရွှဲပွတ်ထားလိုက်သတဲ့ကွ၊ တစ်နာရီ

နှစ်နာရီလောက်ကြာတော့ မီးလုံးကြီး

ပျံလာပြီး အိမ်ထဲကို ဝင်လာတယ်။

သူ့ခေါင်းကို လည်ပင်းမှာ ပြန်တပ်တော့

ကိုပန်းမောင် သုတ်ထားတဲ့ တရော်တွေနဲ့

ချော်နေတော့တာပေါ့ကွာ။ တပ်လို့ကို

မရဘဲ ချော်ထွက်နေတော့မှ ကိုပန်းမောင်က

အိပ်ရာကထပြီး လက်ပူးလက်ကြပ်

ဖမ်းတော့တာပေါ့”

 

“အင်း ဒီတော့ သူ့မယားက သူ့ကို

ဘာပြောတုံးဗျ၊ ကိုပေါ်လာရဲ့ ”

 

“ငိုယိုပြီး သူ့ကို ခွင့်လွှတ်ဖို့ ပြောသတဲ့ ၊

ကိုပန်းမောင်က ဒီအတိုင်းတော့ ဘယ်လိုမှ

မဖြစ်တဲ့ အကြောင်းနဲ့ ဒီပညာကို စွန့်ချင်ရင်စွန့်၊

ဒါမှမဟုတ် သူနဲ့ ကွဲချင်ကွဲဖို့ပြောတော့ ဒီပညာကို

စွန့်ပါမယ်လို့ ပြောသတဲ့ ။ ဒါနဲ့ ကိုပန်းမောင်က

တရော်တွေကို ရေနဲ့ ဆေးပေးလိုက်တော့မှ

သူ့ခေါင်းက ပြန်တပ်လို့ ရသွားတယ်ဆိုပဲ”

 

“ဒါနဲ့ ချေးစားစုန်းမက သူပညာတွေကို

စွန့်လိုက်ရောလား”

 

“ဟား ဟား ဟား ဟား ဘယ်စွန့်မှာတုံးဗျာ၊

ဟိုနေ့ စွန့်မယ်၊ ဒီနေ့ စွန့်မယ်နဲ့ လုပ်နေပြီး

တစ်ရက်တော့ ကိုပန်းမောင်အလစ်မှာ

ရွာကနေ အပြီးထွက်သွားရောဗျို့။

ကိုပန်းမောင်လည်း စိတ်မကောင်းဖြစ်တာပေါ့ဗျာ။

ဒါပေမဲ့ သူ့လမ်းကို သူရွေးတာပဲဆိုပြီး

နေလိုက်တော့တာပေါ့ ”

 

အင်း လူ့လောကကြီးကလည်း တယ်ပြီး

ရှုပ်ထွေးတာကိုး ကိုပေါ်လာရယ်”

 

“ဟုတ်ပါ ကိုကျင်ရယ်၊ အင်း ပြောလက်စနဲ့

ပြောရဦးမယ်ဗျ။ ဒီကလေးတွေလည်း ဗဟုသုတ

ရတာပေါ့လေ”

 

“ဟာ ပြောပါ ဘိုးပေါ်လာရဲ့၊ ကျုပ်ကလည်း

ဒါမျိုးမှာ နားထောင်ရရင် အားကြီးစိတ်ဝင်စားတာဗျ”

 

လှည်းသမား ကိုမောင်ကလည်း တော်တော်ကို

စိတ်ဝင်စားတာဗျ။

 

“အေး အေး ဒီလိုကွ။ ငါ ငယ်ငယ်က

ချင်းတွင်းဘက်မှာ နေခဲ့တာ၊ သစ်လုပ်ငန်းမှာ

လုပ်ခဲ့တာကွ၊ အဲဒီဘက်တွေမှာ တောတွေကလည်း

အားကြီးနက်တော့ သားရဲတရစ္ဆာန် လွှတ်ပေါတာဟေ့။

ကျားတွေလည်း ရှိသကွ၊ အဲဒီအထဲမှာ

လူကျားတွေလည်း ရှိတယ် ”

 

“ဗျာ လူလည်းဟုတ်လား၊ ဘိုးပေါ်လာ”

 

လှည်းသမားက တအံ့တသြ မေးတယ်ဗျ။

ဦးပေါ်လာဆိုတဲ့ အဘိုးကြီးက ခေါင်းလေးညိတ်ပြီး …

 

“လူကျားဆိုတာ သမန်းကျားကို ပြောတာပေါ့ကွာ

လူကနေ ကျားဘဝကို ပြောင်းသွားတာလေ”

 

“ဟင် အဲဒါ တကယ်ရှိလို့လား ဘိုးရဲ့ ”

 

ဘထစ်ဆိုတဲ့ကောင်က အဘိုးကြီး ဦးပေါ်လာကို

အ,ထစ် အ,ထစ်နဲ့ မေးတယ်ဗျ၊ ကျုပ်ကတော့

ငြိမ်ပြီးတော့ပဲ နားထောင်နေတာပါ။

 

“ဟာ တကယ်ရှိတာ ကလေးရဲ့၊ ငါ့ကိုယ်တွေ့ပါကွာ၊

မယုံမရှိပါနဲ့ ”

 

“အို ကျုပ်က ပုံပြင်တွေလို့ ထင်နေခဲ့တာ”

 

“ဘယ်ပုံပြင်ဟုတ်မလဲကွာ၊ တကယ်ရှိတာပါ၊

ရုပ်ပြောင်းရုပ်လွဲ ဆေးထိုးရတာကွ၊ ထိုးတိုင်း

စွမ်းတာတော့ မဟုတ်ဘူးကွ၊ လူတစ်ရာထိုးမှ

တကယ်ရှိလား။ အဲဒါကို သမန်းဆေးလို့ခေါ်တယ်၊

ရှေးဟောင်းမှော်ဆေးတစ်မျိုးပါကွာ”

 

“ဘိုးတွေ့ခဲ့ပုံကို ပြောပါဦးဗျ”

 

ဘထစ်က တော်တော်ကို သိချင်နေတဲ့ပုံပြပြီး

အတင်းမေးတော့တာပဲ။

 

“ချင်းတွင်းက ရွာလေးတစ်ရွာမှာ စံမောင်ဆိုတဲ့ကောင်

တစ်ယောက် ရှိတယ်ကွ၊ ဒီကောင်က သမန်းဆေးထိုးတာ

စွမ်းတယ်လို့ ပြောကြတယ်။ ဒါပေမဲ့ စံမောင်

ကျားဖြစ်သွားတာကို တွေ့ဖူးတဲ့ လူကတော့

တစ်ယောက်မှ မရှိပါဘူးကွာ၊ ငါလည်း

မတွေ့ဖူးပါဘူး ၊ အေး တစ်နေ့တော့ ဒီကောင်က

သစ်လုပ်ငန်းထဲ ဝင်လာတယ်။ တိုက်တိုက်ဆိုက်ဆိုက်ပဲ

ငါ့အဖွဲ့မှာ ပါလာတယ်၊ ကျွန်းပင်ကြီးတွေ

သင်းသတ်ရတဲ့အခါဆိုရင် တောကြီးထဲမှာ

လနဲ့ချီပြီး အလုပ်လုပ်ကြရတာကွ၊

တစ်ခါတော့ အစားအသောက်ကလည်း

ပြတ်လပ်လာတဲ့အချိန် စံမောင်က

ငါ့အနားကပ်လာပြီး ပြောတယ် ”

 

“ဆရာရေ အဖွဲ့မှာ အစားအသောက်က

ပြတ်နေပြီ၊ ကျုပ် အမဲလေး ဘာလေး

ထွက်ရှာဦးမယ် ”

 

“ဟေ၊ မင်းက အမဲပစ်တတ်လို့လားကွ”

 

“ဟာ အမဲ မပစ်ပါဘူးဗျ၊ ကျုပ်က

သမန်းအောင်ထားတာဆိုတော့ ကျားဘဝပြောင်းပြီး

အမဲကောင် လိုက်ရှာမှာပေါ့ဗျ”

 

“ဟေ ဟုတ်လား စံမောင်၊ မင်း တကယ်အောင်ထားတာလား”

 

“မယုံရင် ဆရာ လိုက်ခဲ့လေ။ တခြားသူတွေကိုတော့

ပြန်မပြောနဲ့ ”

 

လို့ ပြောတာနဲ့ ကျုပ်လည်း သူ့နောက်ကို တိတ်တိတ်

လိုက်သွားရောဗျို့။ တောနက်ထဲရောက်တော့

ကျုပ်ကို ဒီကောင်က ခပ်ဝေးဝေးမှာ နေခိုင်းတယ်ဗျ။

ပြီးတော့မှ ခြုံပုတ်ကလေးအကွယ်မှာ သူ့အဝတ်အစားတွေကို

ချွတ်ချလိုက်တာ။ နောက်တော့ မတ်တတ်ရပ်လျက်ကနေ

လက်အုပ်ချီတာ တွေ့ရတယ်။ ပြီးတော့

ပါးစပ်က ပွစိ ပွစိ လုပ်ပြီး ရွတ်ဖတ်နေတော့ပဲဗျ။

 

ကျုပ်လည်း နည်းနည်းကြောက်လာတာနဲ့

သစ်ပင်ကြီးတစ်ပင်ပေါ်ကို ဖက်တက်ပြီး

နေလိုက်တယ်။ ရှိတွေ ဘာတွေ ခိုးလည်းပြီးရော

ဒီကောင် မြေကြီးမှာ လက်ထောက်ပြီး

နောက်ကျွမ်းပစ်လိုက်တာ၊ ဟာဗျာ။

ဘာပြောကောင်းမလဲ တကယ့်ကျားကြီး

ဖြစ်သွားရောဗျို့။

 

‘ဝေါင်း ဝေါင်း ‘ နဲ့ နှစ်ချက်လောက် ဟိန်းလိုက်သေးတာ။

ပြီးတော့ တောထဲကို ပြေးဝင်သွားရောဗျို့။

 

“ဟာ တကယ်ပေါ့ ဘိုး ဟုတ်လား ”

 

ဘထစ်က မေးပြန်ရောဗျို့

 

“သြော် တကယ်ကို ကျားဖြစ်သွားတာပါကွာ၊

ငါလည်း သစ်ပင်အောက်ကို ပြန်မဆင်းရဲတော့ဘဲ

အပေါ်ထပ်တက်ရတော့တာပေါ့။ ဒီကောင် တော်တော်နဲ့ကို

ပြန်မလာတာကွ။ တစ်နာရီလောက်ကြာတော့မှ

‘ဟင်း ဟင်း ဟင်း ‘ဆိုပြီး မာန်ဖီတဲ့အသံကြီး

ကြားလို့ သစ်ပင်အောက်ကို ငုံ့ကြည့်လိုက်တော့မှ

နည်းတဲ့ကျားကြီးမှ မဟုတ်တာ၊ ကိုးတောင်ကျားကြီးကွ။

ပါးစပ်မှာ ဆတ်ကြီးတစ်ကောင်ကိုက်ပြီး ဆွဲလာတာဟေ့။

ငါ့စိတ်ထဲမှာ ဒါ စံမောင်ကျားမှ ဟုတ်ရဲ့လား။

 

တခြားကျားများလားလို့ တွေးမိပြီး သစ်ပင်ပေါ်

နောက်တစ်ဆင့် ထပ်တက်မိပြန်ရောပေါ့။

အဲဒီကျားက ဆတ်သေကြီးကို ငါတက်နေတဲ့

သစ်ပင်အောက်မှာ ထားခဲ့ပြီး ဆက်သွားတယ်။

 

စောစောက ခြုံပုတ်ကလေးဘက်ကို သွားတာ။

အဲဒီခြုံနားမှာ ပျောက်သွားတယ်။ ခဏနေတော့

ခြုံထဲကနေ စံမောင် ထွက်လာတယ်။

 

သူ့အင်္ကျီ၊ ပုဆိုးတွေ ပြန်ဝတ်ထားတယ်။

ဒီတော့မှ ငါလည်း သစ်ပင်ပေါ်က ဆင်းခဲ့ရတာပေါ့လေ။

သစ်ပင်အောက်ကို ရောက်တော့ စံမောင်က

ငါ့ကို ပြုံးပြုံးကြီးကြည့်ပြီး …

 

“ကဲ ဘယ့်နှယ်လဲ ဆရာ၊ သမန်းကျား ဆိုတာကို

ဆရာ ယုံသွားပြီလား။ ဒါပေမဲ့ ဘယ်သူ့ကိုမှ

မပြောနဲ့ ဆရာ၊ တစ်ရွာလုံးက ကျုပ် ဆေးအောင်တာကို

သိကြတယ်။ ဒါပေမဲ့ ကျုပ် ကျားဘဝပြောင်းတာကိုတော့

သူတို့ တစ်ခါမှ မတွေ့ကြဘူး၊ ဒါကြောင့်

ဒါတွေဟာ ပုံပြင်ပါလို့ ထင်နေကြတာ။

ကျုပ်ကလည်း မဟုတ်ဘူးလို့ပဲ အမြဲငြင်းထားတာ”

 

“အေးပါကွာ ငါ ပါးစပ်လုံပါတယ် စိတ်ချပါ

ကဲ ဒီဆတ်ကြီးကို ဒီအတိုင်း သယ်သွားလို့

ကောင်းပါ့မလား ”

 

“ရပါတယ် ဆရာရဲ့၊ ဆရာနဲ့ ကျုပ်နဲ့ တောထဲမှာ

အမဲထောင်ထားတယ်လို့ ကျုပ်က

ပြောထားတာ၊ ဓါးရာလေး ဘာလေးနည်းနည်းပေးပြီး

ယူသွားကြတာပေါ့”

 

စံမောင်က အဲဒီလို ပြောပြီး ဆတ်ကြီးကို ဓါးချက်

နည်းနည်းပေးလိုက်တယ်၊ ပြီးတော့ သူနဲ့ ငါနဲ့

ဆတ်သေကြီးကို ရှေ့နောက်ထမ်းပြီး စခန်းကို

သယ်ခဲ့ကြတာပေါ့ကွာ၊ တောထဲမှာ ဟင်းစား

ငတ်တိုင်း စံမောင်နဲ့ ငါနဲ့ ဒီ အလုပ်ကို လုပ်နေကြတာကွ”

 

“နောက်တော့ အဲဒီလူ ဘာဖြစ်သွားလဲ ဘိုးပေါ်လာရဲ့ ”

 

လှည်းသမားက မေးပြန်ရောဗျို့၊ ဘိုးပေါ်လာက

ခေါင်းလေးညိတ်လိုက်ပြီးတော့ …

 

“အေးကွ၊ နောက်တစ်နှစ်လောက်ကြာတော့

စံမောင်တို့ ရွာက လူတွေ ပြောတယ်၊ ပြာသိုလကြီးတဲ့၊

တအားအေးတဲ့ ညမှ သူတို့ရွာနားမှာ ကျားဟိန်းသံတွေ

ကြားရတယ်တဲ့၊ အဲဒီအသံတွေ ကြားတော့

စံမောင်က ရွာထဲမှာ ဂဏှာမငြိမ်ကို ဖြစ်လာတာတဲ့ဟေ့။

နောက်ဆုံးတော့ သူတို့ရွာသားတွေ ဝိုင်းချုပ်နှောင်ထားတဲ့

ကြားကပဲ အဝတ်အစားတွေ အတင်းချွတ်ပစ်ပြီး

နောက်ကျွမ်းပစ်လိုက်တာ၊ ကျားကြီးဖြစ်သွားရောတဲ့။

 

ရွာသားတွေလည်း အိမ်ပေါ်တွေ တက်ပြေးကြရတော့တာပေါ့။

အဲဒါ စံမောင်ကျားက အသံကျယ်ကြီးနဲ့

ဟိန်းသတဲ့၊ ရွာအပြင်က ကျားတွေက ဟိန်းလိုက်၊

ရွာထဲက ကျားက ဟိန်းလိုက်နဲ့ နောက်ဆုံးတော့

ရွာစည်းရိုးကို ခုန်ကျော်ပြီး ထွက်သွားရောတဲ့ဟေ့။

အဲဒီညကတည်းက စံမောင် ရွာကို ပြန်မလာတော့တာ

ဒီနေ့အထိဆိုပဲ၊ ငါလည်း သစ်တောက

ထွက်လာပြီးတဲ့နောက် အဲဒီဘက်ကို

ပြန်မရောက်တော့ စံမောင်သတင်းကို သိပ်မကြားတော့ဘူး။

 

မနှစ်က ရန်ကုန်ကို ရွှေတိဂုံဘုရားကြီးဖူးဖို့

သွားတော့မှ သစ်တောက လုပ်ဖော်ကိုင်ဖက်တစ်ယောက်

ပြောပြလို့ စံမောင် ရွာပြန်မလာတော့ဘူးဆိုတာ

သိလာရတာ ”

 

“အို …ဖြစ်မှဖြစ်ရလေဗျာ”

 

ဘိုးကျင်က စုတ်ကလေး တသပ်သပ်လုပ်ပြီး

ပြောတယ်ဗျ။

 

“ဒီလူ တစ်ခါတည်း ကျားဖြစ်သွားတယ်

ထင်တယ်ဗျ၊ ဘိုးကျင်ရ ”

 

လှည်းသမားကလည်း သူ့ထင်ကြေးကို

ပေးတယ်ဗျ။

 

“အင်း ဖြစ်နိုင်တာပေါ့ ငမောင်ရာ၊ လူစိတ်ကို

ပြန်မလည်တော့တာဖြစ်မှာပေါ့။ အရိုင်းစိတ်ကြီးနဲ့ပဲ

တောထဲ တောင်ထဲမှာ လျှောက်သွားရင်း

ဘဝဆုံးသွားသလားမှ မသိတာ”

 

ဘိုးရင်ကလည်း သူ့အထင်ကို ပြောတယ်

ဒီလိုနဲ့ စကားတပြောပြောနဲ့ လှည်းမောင်းလာလိုက်တာ

နာရီပြန် နှစ်ချက်လောက်မှာ ကညင်ကိုးပင်ကို

ရောက်တယ်။ အဘိုးကြီးနှစ်ယောက် လှည်းသမားကို

ပိုက်ဆံပေးကြတယ်၊ ပြီးတော့မှ လှည်းပေါ်က

ဆင်းသွားတယ်၊ ကျုပ်တို့ နှစ်ယောက်ကိုတောင်

သေသေချာချာ နှုတ်ဆက် သွားသေးတယ်။

 

“ဒါ ကညင်ကိုးပင်၊ စင်ကိုးစင်လေကွာ

ဒါလည်း အဓိကရနေရာတစ်ခုပဲကွ၊

ဒီအကြောင်းကိုတော့ နောက်တစ်ခါကြုံမှ

ပြောပြတော့မယ်ဟေ့ ”

 

“ဟုတ်ကဲ့ပါ အဘိုးတို့ ”

 

လို့ ကျုပ်က နှုတ်ဆက်လိုက်ရတယ်၊ ဒါမျိုးကျတော့

ဘထစ်က ထစ်နေလို့ စကားက ထွက်မလာဘူးလေဗျာ။

ကျုပ်လည်း ဒီတော့မှ ကညင်ပင်ကြီးတွေကို မော့ကြည့်မိတယ်။

 

ဟုတ်တယ်ဗျို့။ ကညင်ပင်ကြီးတွေက အမြင့်ကြီးတွေဗျ။

အပင်တစ်ပင်မှာ နတ်ကွန်းလို စင်ကလေးတစ်စင်စီ ရှိတယ်။

 

ကညင်ပင်ကြီးတွေက အားလုံးကိုးပင်ဆိုတော့

စင်တွေကလည်း ကိုးစင်ပေါ့ဗျာ။ကညင်ကိုးပင်

စင်ကိုးစင်တဲ့။ ကျုပ်စိတ်ထဲက ရွတ်ကြည့်လိုက်မိတယ်။

နောက်တစ်ခါတွေ့မှ ဒီအကြောင်း ပြောပြဦးမယ်ဆိုပဲ။

 

ဒီကညင်ပင်ကြီးကိုးပင်မှာ ဘာအကြောင်းတွေများ

ရှိနေလို့လဲ၊ စင်ကိုးစင်ကို ဆောက်ပေးထားရတာကော

ဘာကြောင့်များလဲ။

 

“ဒီကညင်ပင်ကြီးတွှေဲ့အောက်မှာ သိုက်ကြီးရှိတယ်လို့

ပြောကြတာကွ၊ ကညင်ကိုးပင်သိုလ်ပေါ့။

အဲဒီသိုက်စောင့်တွေက မောင်နှမ ကိုးယောက်ရှိတယ်။

သူတို့ကို ကညင်ပင်မောင်နှမတွေလို့ ခေါ်ကြတယ်

ဒီနားက ရွာတွေမှာ ဘုရားပွဲတို့၊ ကထိန်တို့ရှိလို့

ပွဲလမ်းသဘင်ရှိရင် သူတို့မောင်နှမတွေ

လူစုခွဲပြီး သွားကြတယ် ”

 

“ဟင် ဟုတ်လားဗျ၊ ဦးမောင်ရဲ့ ”

 

လှည်းဆရာရဲ့ နာမည်ကို ကျုပ်တို့ သိသွားပြီဆိုတော့

သူ့ကို ရင်းရင်းနှီးနှီးပဲ နာမည်ခေါ်ပြီး ပြောလိုက်တာပေါ့ဗျာ။

 

” ဒီအနီးအနားရွာတွေက သူတို့ကို မတွေ့ဘူးတဲ့။။

လူမရှိသလောက်ပဲကွ၊ လူတွေကိုလည်း

အနှောက်အယှက် ဘယ်တော့မှ မလုပ်ဘူး။

အေး သူတို့နေရာမှာ မဟုတ်တာ သွားလုပ်ရင်လည်း

ဘယ်တော့မှ အရှင်မထားဘူးကွ၊ အသေလုပ်လိုက်တာချည်းပဲ”

 

“ဟင် သတ်ပစ်တယ် ဟုတ်လားဗျ ဦးမောင်”

 

လှည်းက ကညင်ပင်ကြီးတွေနဲ့ တော်တော်ကို

ဝေးလာပြီဗျ။ ဒါကြောင့်လည်း ကျုပ်က

မေးဝံ့တာပေါ့။

 

“နေဦးဗျ၊ ကျုပ်တို့က အခု ကွေ့ကြီးက

လေးကျွန်းမာရ်အောင်ဘုရားပွဲကို သွားကြမှာ၊

အဲဒီကိုရော ဒီကညင်ပင်မောင်နှမတွေ လာတတ်သလားဗျ”

 

“ဟာ အဲဒီဘုရားပွဲက ဒီအနီးအနားမှာ အစည်းကားဆုံး

လေကွာ။ ဒီမောင်နှမတွေက အဲဒီဘုရားပွဲကို

အဓိက သွားကြတာပေါ့ကွ”

 

‘ဟင် ဟုတ်လား၊ ဒါဆိုရင် ကျုပ်တို့များ တွေ့နေဦးမလား

မသိဘူးနော် ”

 

ကျုပ်စကားကိုကြားတော့ ဘထစ်က ကျုပ်ကို

တစ်ချက် လှည့်ကြည့်တယ်။ ပြီးတော့

အ,ထစ် အ,ထစ်နဲ့ ပြောတယ်ဗျ။

 

“မင်း ကံကောင်းရင်တော့ တွေ့ရမှာပေါ့ကွာ’တဲ့။

 

အင်းလေ တွေ့တော့ တွေ့ဖူးချင်သားဗျ။

ကညင်ပင်မောင်နှမကိုးယောက်တဲ့။

စိတ်ဝင်စားစရာတော့ တော်တော်ကောင်းတာပဲ။

ညနေ လေးနာရီလောက်မှာ စုန်းကွင်းကို

လှည်းရောက်တယ်။ ကျုပ်တို့နှစ်ယောက်

စုန်းကွင်းကနေ ကွေ့ကြီးကို ကုန်းကြောင်း

လျှောက်ခဲ့ကြတယ်။ မြေပဲခင်းတွေကိုဖြတ်ပြီး

ကျုပ်တို့ နှစ်ယောက် ခပ်သုတ်သုတ်

လျှောက်ခဲ့ကြတာ ငါးနာရီထိုးတော့

ကွေ့ကြီးကိုရောက်ပြီး ဘထစ်ကို မွေးစားခဲ့တဲ့

ဘဘုန်းရဲ့ ကျောင်းက ရွာတောင်ဘက်မှာဗျ။

ဘုရားပွဲက ရွာအရှေ့ပိုင်းမှာ ။ကျုပ်တို့

ဘုန်းကြီးကျောင်းရောက်တော့ လက်ရှိ

ကျောင်းထိုင် ဆရာတော်က ဘထစ်ကို

ဝမ်းသားအားရ ဆီးကြိုတယ်။ ဘထစ်ပြောတာ

ဟုတ်တယ်ဗျ။ ကျုပ်တို့ ရွာထဲကို ဖြတ်လျှောက်

လာတော့ ဒီကောင့်ကို တွေ့တဲ့လူတိုင်းက

နှုတ်ဆက်တာဗျ။

 

“ဟေ့ကောင် ဘထစ်၊ တစ်ရွာလုံး မင်းအသိတွေချည်း

ပါလားကြ”

 

“ငါ ဆွမ်းခံလိုက်ခဲ့ရတဲ့ အိမ်ချည်းပဲလေကွာ၊

ငါ့ကို မသိဘဲ ဘယ်နေပါမလဲ၊ ဟဲ ဟဲ ဟဲ ”

 

ကျောင်းက ကိုရင်တွေ ဦးပဉ္ဇင်းတွေးကလည်း

ဘထစ်တော်တော်ခင်ကြတာဗျ။

 

ကျုပ်တို့နှစ်ယောက် ဆရာတော်ကို ဦးချကြတယ်

ပြီးတော့ ဘထစ်က ကျုပ်နာမည်ကို ပြောပြတယ်။

ဆရာတော်ကလည်း ကျုပ်ကို ခင်သွားပုံပဲဗျ။

 

“ကဲ ဘထစ်ရော မင်းသူငယ်ချင်း မောင်တာတေရော

ဒီကျောင်းမှာ လွတ်လွတ်လပ်လပ်သာနေကြ၊

ညရောက်တော့ ဘုရားပွဲမှာ လျှောက်လည်ကြ၊

ဒီညတော့ ပန်တျာကြည်လင်ဇာတ် ကမှကွ၊

ဒီညဆိုရင် ဘုရားပွဲက ငါးညမြောက်ပဲ။

လာလိုက်တဲ့လူတွေဆိုတာ မနည်းပါဘူးကွာ၊

ညရောက်တော့ တွေ့ကြမှာပါ”

 

“တင့်ပါဘုရား တပည့်တော်တို့ ပွဲတော့

မကြည့်ပါဘူး ဘုရား၊ လျှောက်ပြီး ကြည့်ရုံပဲ

ကြည့်မှာပါ ”

 

“အေး အေး မင်းတို့သဘောပဲ၊

ဟေ့ ကျော်မောင်နဲ့ ကျော်အောင် ခဏလာကြဦး”

 

ဘုန်းကြီး ခေါ်လိုက်တော့ ကျောင်းသားနှစ်ယောက်

ရောက်လာတယ်ဗျ။ ဆရာတော်ရှေ့မှာ ဒူးကလေးတွေ

တုပ်ပြီး ထိုင်နေကြတယ်

 

“ကဲ ကျော်အောင်နဲ့ ကျော်မောင် ဒီက မင်းတို့

အစ်ကိုကြီးဘချစ်နဲ့ သူ့သူငယ်ချင်း ကိုကြီးတာတေတို့

ညစာစားဖို့ စီစဉ်လိုက်ကြကွယ်”

 

“တင့်ပါ ဘုရား၊ ကိုကြီးအုန်းညွန့်တို့ စီစဉ်နေပါပြီဘုရား”

 

“ဟေ အုန်းညွန့် ဟုတ်လား၊ အုန်းညွန့်က

သူ့ရွာပြန်မလို့ဆို”

 

“တင့်ပါ မပြန်ဖြစ်သေးဘူးဘုရား၊ မနက်ဖြန်မှပဲ

ပြန်တော့မယ် ပြောတယ်ဘုရား ”

 

‘သြော် အေး အေး မင်းတို့နှစ်ယောက်က

ဒီအစ်ကိုတွေလိုတာ လုပ်ပေးကြကွဲ့၊ ကဲ

ဘချစ်တို့ ရေမိုးချိုးချင်ရင် ရေတွင်းမှာ ချိုးကြလေကွယ်

ဘချစ်က ဒါ မင်းကျောင်းပဲဟာ၊မောင်တာတေကို

လိုတာလုပ်ပေးလိုက်ပေတော့ ”

 

“တင်ပါ့ဘုရား၊ ဒါဆိုရင် တပည့်တော်တို့

သွားလိုက်ပါဦးမယ်ဘုရား ”

 

“ကဲ မင်းတို့ အဝတ်အစားအိတ်တွေကို ဟိုမြောက်ဘက်

အခန်းထဲ ယူသွားကြ ၊ အဲဒီအခန်းမှာ ကုတင်

အလွတ်နှစ်လုံးရှိတယ်၊ အဲဒီမှာ ဒီည အိပ်ပေတော့

ဟုတ်လား ဘချစ် ”

 

“တင့်ပါဘုရား ”

 

ကျုပ်နဲ့ ဘထစ် မြောက်ဘက်ခန်းကို

လာခဲ့တယ်။ ရေတွင်းမှာ ရေတစ်ဝချိုးပြီး

ညစာ စားကြတယ်။ ကျောင်းသားတွေရော

ကိုရင်တွေကပါ ဧည့်ဝတ်တော်တော်ကောင်းကြပါတယ်

ကျုပ်ဖြင့် အားတောင်နာလာတယ်ဗျာ။

 

ကျုပ်တို့ စားသောက်ပြီးတော့ မိုးချုပ်နေပြီ။

ည (၇)နာရီ ထိုးတော့ ဘထစ်နဲ့ ကျုပ် ဘုရားပွဲစျေးကို

ထွက်လာခဲ့တယ်။ လေးကျွန်းမာရ်အောင်ဘုရားက

ယင်းချောင်းနံဘေးက တောင်ကုန်းမြင့်မြင့်

ကလေးပေါ်မှာဗျ။

 

မီးကို ထိန်နေတာပါပဲဗျာ။ ဘုရားကတော့

ရှေးဘုရားဗျ။ ဥာဏ်တော်လည်း အတော်မြင့်သားပဲ။

ကျုပ်တို့ ဘုရားပေါ်တက်ခဲ့တယ်။ တရုတ်စကားပင်တွေ

စိုက်ထားတဲ့ ဘုရားတောင်ပေါ်ကနေ ယင်းချောင်းနံဘေးက

ပွဲစျေးတန်းကလေးကို ငုံ့ကြည့်ရတာ တော်တော်ကို

ပျော်စရာကောင်းတာပဲဗျာ။

 

ယင်းချောင်းကတော့ ရေကျချိန်ဆိုတော့

ရေတိမ်တိမ် ရှိတာပါ။ ပန်တျာကြည်လင်ရဲ့

ဇာတ်ရုံကတော့ ကွင်းကြီးထဲမှာဗျ။

ရဟတ်ကြီးတစ်ခုလည်းပါတော့ လူကို

တရုန်းရုန်းဖြစ်နေတာပါဗျာ။

 

ယင်းချောင်းနံဘေးက သောင်ပြင်မှာက

ဆိုင်တန်းကြီးပေါ့ဗျာ။ လူကိုကြိတ်ကြိတ်တိုးနေတာပါပဲ။

ဘထစ်နဲ့ ကျုပ်က ကြရည် တစ်ယောက်တစ်ခွက်

သောက်တယ်၊ ပြီးတော့ ဇာတ်ရုံဘက်ကို သွားတယ်

ဟိုလျှောက် ဒီလျှောက်ပေါ့ဗျာ။ လူကတော့

တော်တော်ကို စည်တာဗျ။

အဲဒီမှာ ကျုပ်က လူတွေ မျက်နှာကို လိုက်ကြည့်ပြီး

အကဲခတ်နေတာကို ဘထစ်က တွေ့တော့

ပြုံးပြုံးကြီးလုပ်ပြီး …

 

“ဟေ့ကောင် တာတေ မင်း ဘယ်သူ့ကို

လိုက်ရှာနေတာတုံး”

 

လို့ မေးတယ်။ကျုပ်ကလည်း ခပ်ပြုံးပြုံးလုပ်ပြီး …

 

“ကညင်ကိုးပင်လေကွာ”

 

လို့ ပြောတော့ ဘထစ်က ရယ်လိုက်တာဗျာ။

 

“မင်းကွာ ၊ လူတွေ ဒီလောက်များနေတာ

ဘယ်သူက လူ၊ ဘယ်သူက ဥစ္စာစောင့်ဆိုတာ

သိနိုင်မှာလဲကွာ ”

 

“အေးကွ၊ ဒါတော့ ဟုတ်တာပဲ ”

 

လို့ ကျုပ်က ပြန်ပြောပြီး ယင်းချောင်းနံဘေးက

ပွဲစျေးတန်းဘက်ကို ဆင်းလာခဲ့တယ်။ စည်လိုက်တဲ့

လူဗျာ။ အထည်တွေ ဝယ်ကြ၊ ဘာတွေဝယ်၊

ဒန်အိုးဒန်ခွက်တွေ၊ ကြွေပန်ကန်တွေဝယ်ကြ။

ကလေးကစားစရာတွေ ဝယ်ကြ၊ စာအုပ်တွေ။

စောင်၊ ခြင်ထောင်တွေ ဝယ်ကြနဲ့ တော်တော်ကို

ပျော်ကြတာဗျ။ ကျုပ်ဖြင့် သူတို့ဆီက အပျော်တွေ

ကူးပြီး ကျုပ်ပါ ပျော်နေတာဗျ။

 

ဘထစ်လည်း ကျုပ်လိုပဲ ပျော်နေပုံပဲဗျ။

ကျုပ်တို့နှစ်ယောက် ပွဲစျေးတန်းအဆုံးက

ရေမန်းကျည်းပင်ကြီးတစ်ပင်အောက်မှာ ထိုင်ပြီး

ယင်းချောင်းကလေးထဲမှာ လရောင်ထိုးကျနေတာကို

ကြည့်နေကြတာဗျ။ အချိန်ကတော့ ညကိုးနာရီခွဲလောက်

ရှိမယ်ထင်တယ်။ ပွဲတောင် ထွက်နေပြီဗျ။

 

အဲဒီတုန်းမှာ ဘထစ် မျက်လုံးပြူးပြီး

ယင်းချောင်းအလယ်ကို လှမ်းကြည့်နေတယ်

ပြီးတော့ …

 

“ဟာ …ဟိုမှာ မ..မ..ဖဲဝါကြီးကွ၊ ခေါင်းကြီးထမ်းပြီး

ယင်းချောင်းကို လှမ်းကျော်လိုက်တာကွ”

 

“ဘာကွ ဘထစ်၊ မဖဲဝါကြီး ဟုတ်လား၊

မင်းကွာ မဟုတ်တာ ပြောဦးမယ် ဒီယင်းချောင်းကို

မဖဲဝါက ဘယ်လိုလုပ် ကျော်မှာလဲကွ”

 

“မင်း မင်း မသိဘူး တာတေ၊ သူက ကြိုက်သလို

ဖနဆင်းလို့ရတယ် အခု သူ့အရပ်ကြီးကို ထန်းပင်နှစ်ပင်လောက်

အမြင့်ကြီး ဖန်ဆင်းထားတာ၊ ဟော ဟော ဒီဘက်

ကမ်းကို ရောက်လာပြီ၊ ပုခုံးပေါ်မှာ ခေါင်းကြီး

တစ်လုံးလည်း ထမ်းထားတယ်ကွ”

 

“ဟေ ဟုတ်လား ဘထစ်၊ ခေါင်းကြီးထမ်းလာတယ်

ဟုတ်လား ၊ ဒါ ဘာလုပ်ဖို့လာတာတုံးကွာ၊

ဒါ ဘုရားပွဲ မဟုတ်လား၊ လာချင်ရင် ဒီအတိုင်းလာပေါ့

ခေါင်းကြီးက ဘာဖြစ်လို့ ထမ်းလာတာတုံး”

 

“ဟော ယင်းချောင်းအတိုင်း အထက်ဘက်ကို

လျှောက်သွားနေတယ်ကွ၊ လာ လာ တာတေ၊

သူ့နောက်က လိုက်ကြည့်မယ်၊ ကဲ ဒီလိုလုပ်ကွာ၊

မင်းပါ မြင်ရအောင် အရင်တစ်ခါတုန်းကလို

ငါ့လက်ကို ဆုပ်ထား၊ အေး ဟုတ်ပြီ၊ ဆေးတော်စောင့်ကြီးဗျာ

ကျုပ် သူငယ်ချင်းကို အမြင်ဖွင့်ပေးပါဗျာ

ကဲ တာတေ၊ မျက်စိခဏ ပိတ်ထားလိုက်

ပြီးတော့မှ ဖြည်းဖြည်းပြန်ဖွင့်လိုက်”

 

ကျုပ်က ဒီအတွေ့အကြုံ ရှိပြီးသားဆိုတော့

ဘထစ် ပြောသလို လုပ်လိုက်တာပေါ့ဗျာ။

 

“ဟာ ဟုတ်သားပဲ ဘထစ်ရ၊ မဖဲဝါကြီးက အရပ်

အရှည်ကြီး ဖန်ဆင်းထားတာကိုးကွ၊ ဒါကြောင့်

ယင်းချောင်းကို ခွကျော်နိုင်တာပေါ့။ ဒါ ဘယ်ကို

သွားနေတာတုံးကွ”

 

“ငါလည်း မသိဘူး တာတေ၊ ငါ့လက်ကို

မလွှတ်နဲ့တော့၊ ဆုပ်ထား ဆုပ်ထား၊

ဒါမှ မင်းမြင်ရမှာ ၊ ဟာ ချောင်းအကွေ့မှာ

ပျောက်သွားပါရောလားကွ”

 

ကျုပ်တို့နှစ်ယောက် ယင်းချောင်းကွေ့အထိ

လိုက်ကြည့်သေးတယ်ဗျ။ ဘာမှမတွေ့တော့ဘူး။

သဲသောင်ပေါ်မှာ ခြေရာတွေ ဘာတွေ ကျန်မလားလို့လည်း

လိုက်ရှာကြည့်ကြသေးတယ်။ခြေရာလည်း မတွေ့ပါလား”

 

“ဘထစ် ဒါ ဘာဖြစ်တာတုံးကွ၊ ဒီလောက်

လူစည်ကားတဲ့ နေရာကို မဖဲဝါကြီး ဘာလာလုပ်တယ်လို့

မင်း ထင်လဲ”

 

“ကဲ မင်း ငါ့လက်ကို ဖြည်လိုက်တော့၊ မဖဲဝါမှ

မရှိတော့တာ”

 

ကျုပ်က လက်ဆုပ်ကို ဖြည်လိုက်တယ်။

 

ဘထစ်က သက်ပြင်းတစ်ချက် ချလိုက်တယ်။

ပြီးတော့မှ အ,ထစ် အ,ထစ်နဲ့ ပြောတယ်ဗျ။

 

“တာတေ ဒါတော်တော်ကို မကောင်းတဲ့ အတိတ်နိမိတ်ကြီးကွ

အင်မတန်ဖြစ်ခဲတာ၊ မဖဲဝါ ခေါင်းထမ်းတာ

အကြောင်းမဲ့ မထမ်းဘူး၊ ဒီနေရာမှာ လူတွေ

အများကြီး သေတော့မှာမို့လို့ကွ”

 

“ဟေ ဟုတ်လား ဘထစ်၊ မင်း သိတယ်ဟုတ်လား”

 

“အေး ငါသိတယ်ကွ၊ ငါ တိတိကျကျကို ကြားဖူးတာ။

အခုမှ မြင်ဖူးတွေ့ဖူးတာ၊ ဒီနေရာမှာတော့ တစ်ခုခုဖြစ်ပြီး

လူတွေ အများကြီး သေလိမ့်မယ် ”

 

“ဒါဆိုရင် လူတွေကို မင်းနဲ့ငါ အသိလိုက်ပေးကြမလား”

 

“ဟာ တာတေရာ၊ မင်းနဲ့ ငါ လျှောက်ပြောတော့ရော

ဘယ်သူက ယုံမှာတုံးကွ”

 

ဘာဖြစ်မယ်လို့ မင်းထင်လဲ၊ ဘထစ်”

 

“အဲဒါတော့ ငါလည်း မတွေးတတ်ဘူးကွ၊

ကဲ တာတေ၊ မင်းနဲ့ငါ ဘုရားတောင်ပေါ်

တက်ကြရအောင်၊ ဘုရားကိုပဲ အာရုံပြုပြီး

လူတွေကို ဘေးမသီ ရန်မခဖို့ မေတ္တာပို့ကြတာပေါ့ကွာ”

 

ပြောပြောဆိုဆို ဘထစ်နဲ့ ကျုပ်နဲ့ ဘုရားတောင်ပေါ်ကို

တက်ခဲ့ကြတယ်။ ဘုရားမှာ လူတောင် တော်တော်

ရှင်းနေပြီဗျ။ အားလုံး ပွဲခင်းထဲရောက် ဆိုင်တန်းတွေဘက်

ရောက်ပေါ့ဗျာ၊ ဘထစ်နဲ့ ကျုပ် ဘုရားရှိခိုးပြီး

မေတ္တာသုတ် ရွတ်ကြတယ်။

 

ပြီးတော့ နှစ်ယောက်သား လူတွေကို

မေတ္တာပို့ကြတာပေါ့ဗျာ၊ ဘုရားပွဲလာတဲ့သူတွေ

ဘေးဥပါဒ်အန္တရာယ် ကင်းကြပါစေပေါ့ဗျာ။

 

ကျုပ်တို့နှစ်ယောက် မေတ္တာပို့လို့ တော်တော်ကလေး

ကြာသွားတော့ …

 

“ဂျိမ်း ဂျိမ်း ဂျိမ်း ”

 

မိုးခြိမ်းသံကြီးဗျ၊ ခပ်လှမ်းလှမ်းက ကြားလိုက်တာ။

ကျုပ်ကြားသလို ဘထစ်လည်းကြားတယ်။

သူ ချက်ချင်း ထိုင်ရာကနေ ဆတ်ခနဲ ထတယ်။

ပြီးတော့ ယင်းချောင်းရှိတဲ့ဘက်ကို ပြေးသွားတယ်။

ကျုပ်လည်း ဘုမသိ ဘာမသိနဲ့ ဘထစ်နောက်က

ပြေးလိုက်ခဲ့ရတာပေါ့ဗျာ။ ဘုရားလူကြီးတွေလည်း

တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး

ကောင်းကင်ကို မော့ကြည့်ကြတယ်။

 

“နောက်ကျသွားပြီ တာတေရေ၊ မိုးစက်တွေတောင်

ကျလာပြီကွ၊ ဟိုးအထက်ဘက်က တောင်တွေပေါ်မှာ

မိုးရွာနေပြီ၊ မကြာခင် ယင်းချောင်းထဲကို

ရေတွေ ဒလဟော ကျလာတော့မယ်။

ဟော ဟိုမှာတွေ့လား မိုးစက်တွေ ကျလာလို့

လူတွေ သဘောပေါက်သွားပြီကွ၊

ပြေးနေကြပြီ တွေ့လား၊ ပြေးနေကြပြီ၊

လွတ်ပါမလား၊ လွတ်ပါ့မလား”

 

ဘထစ်ပါးစပ်က တတွတ်တွတ် ပြောနေတယ်ဗျ။

ကျုပ်က ယင်းချောင်းအထက်ဘက်ကို ကြည့်နေမိတယ်

 

“ဟာ ဘထစ် ဟိုမှာ ဟိုမှာ ရေလုံးကြီး ကျလာပြီ၊

ရေလုံးကြီး ဟိုမှာ ”

 

ကျုပ် အလန့်တကြား အော်လိုက်တယ်။

ဟုတ်တယ်ဗျာ။ ရေလုံးကြီးတွေ ဖျာလိပ်ကြီး

လိမ့်သလို လိမ့်ကျလာတာ။ ဒါမျိုးပေါ့ဗျာ၊

မြင်းပြေးလို့တောင် မလွတ်ဘူးဆိုတာပေါ့

 

“ဝေါ ဝေါ ဝေါ”

 

အသံကြီးကို မြည်ပြီးတော့ ကျလာတာဗျို့

စောစောက စည်ကားနေတဲ့ ဘုရားပွဲ စျေးတန်းကလေးမှာ

ငရဲ ပွက်သလို အသံတွေ၊ အော်ကြ ဟစ်ကြတဲ့

အသံတွေ ကျွက်ကျွက်ကို ညံသွားတာပေါ့ဗျာ။

မြန်လိုက်ပါဘိတော့ဗျာ။ ခဏကလေးအတွင်းမှာကို

ယင်းချောင်းတစ်ခုလုံးကို ရေတွေ ပြည့်သွားတာဗျို့။

 

ဆိုင်ခန်းကလေးတွေလည်း ခေါင်မိုးတွေပဲ

ပေါ်တော့တာ၊ တစ်ချို့လည်း ရေစီးနဲ့ ကျွတ်ပါသွားပြီ။

 

ဇာတ်ရုံထဲက လူတွေလည်း ပြေးထွက်လာကြပြီဗျို့။

ပွဲလည်း ပျက်သွားပါပြီ။

 

“ဝေါ”

 

မိုးတွေ ဝေါခနဲ ရွာချလိုက်ပြီဗျို့။ ဒီမိုးတွေ ချက်ချင်း

ဘယ်ကဘယ်လို တက်လာမှန်းကို မသိလိုက်ပါဘူးဗျာ။

ယင်းချောင်းကြီးထဲမှာ ရေတွေဖွေးလို့။

 

ဆိုင်တွေ ရေအောက်ကို မြှုပ်ကုန်ပြီ။

လူတွေရော ဘယ်လောက်လွတ်ပြီး ဘယ်လောက်

ရေနဲ့ပါသွားသလဲ။ ကျန်တဲ့လူတွေက မိုးရေတွေစိုလို့။

 

ကျုပ်ရော ဘထစ်ရော မိုးရေတွေ ရွှဲလို့ပေါ့ဗျာ။

 

ဟော ကွေ့ကြီးရွာထဲက လူတွေလည်း

ပြေးထွက်လာကြတယ်ဗျို့။ ဒါပေမဲ့ ဘယ်သူက

ဘာတတ်နိုင်မှာလဲဗျာ။

 

ကျုပ် မျက်စိမှာတော့ ထန်းပင်နှစ်ပင်စာလောက်ရှိတဲ့

အရပ်ကြီးနဲ့ သောင်ပြင်မှာ ခေါင်းကြီးတစ်လုံးထမ်းပြီး

လျှောက်သွားနေတဲ့ မဖဲဝါကြီးကိုပဲ မြင်နေမိတယ်ဗျာ။

 

ဒီည ဒီနေရာဟာ ဘဝအဆက်ဆက်က ပါလာတဲ့

အကုသိုလ်တရားတွေ လာဆုံတဲ့ မရဏဆုံမှတ်တစ်ခုပဲပေါ့ဗျာ။

 

ပွီးပါပီခဗျာ

 

သံလက်ဝါး မဖဲဝါ စာအုပ်မှ ကောက်နှုတ်တင်ပြသည်

 

ဤဝတ္တုလေးအား ကြိုက်နှစ်သက်တယ်ဆိုရင် like and share လေးနဲ့ အားပေးသွားပါအုံးဗျ