“လျှာနှစ်ခွ စုန်း”(စ/ဆုံး)

Unicode Version

“လျှာနှစ်ခွ စုန်း”(စ/ဆုံး)
——————————
၂၀၁၅ခုနှစ် ၊ တပေါင်းလဆန်း ၃ရက်နေ့။ စနေနေ့။

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင် ၊စကားအင်းရွာရှိ မုန့်လက်ဆောင်းရောင်းသော မစန်းဦးနေအိမ်၌ မိန်းမတသိုက် သန်းဥနှိုက်ရင်း စကားတင်းဆိုနေကြ၏။

အိမ်ရှင် မစန်းဦးက မုန့်လက်ဆောင်းကြိုနေ၏။ သူမ အနီးမှာ သန်းဥတုပ်နေသူက မမြတင်။ ဆံပင် သွေ့ခြောက်ခြောက် ဖွာလန်ကျဲ၍ သန်းဥ အနှိုက်ခံသူက ချဲထီ ကော်မရှင်စား ရောင်းသူ မအေးကြည်။

မုန့်လက်ဆောင်းကြိုနေသော မစန်းဦးက …

” ဟဲ့ မြတင်၊ ရွာတောင်ပိုင်းက ကိုသန်းဌေး နွားကို တောင်ရိုးလေးက ဧကရာဇ်ပင်အောက်မှာ ပြန်တွေ့တယ်ဆို ”

သန်းဥ နှိုက်နေသော မမြတင်က ခေါင်းကိုင်မပျက် ပြန်ဖြေ၏။

” တွေ့သပါ့ အစ်မရယ်၊ ည၁၀နာရီလောက်မှ ပြန်တွေ့သတဲ့။ နွားကို တွေ့တော့ အသေတွေ့တာတဲ့တော့ ။ အစ်မ ပြောသလို ဧကရာဇ်ပင်အောက် တည့်တည့်က မြေပေါ် မှာ အသေကြီး ပြန်တွေ့တာဆိုပဲ ”

မစန်းဦးက စိတ်ဝင်တစားနဲ့၊

” ဟဲ့ သူ့နွားက အကောင်းကြီးမို့လား ၊ ဘယ်လိုဖြစ်လို့ သေရတာလဲ ။ ပိုးထိတာလားဟဲ့ ”

မမြတင်က အာဘောင်အာရင်းသန်သန်ဖြင့် …

” အကောင်းကြီး အလတ်ကြီးပါတော်။ ကိုသန်းဌေးက ဘောစိ။ နွားကောင်းပဲ ကိုင်တာ၊ နွားများ နည်းနည်း ‘ န ‘တာနဲ့ ငွေအလိုက်ပေး လဲပစ်တဲ့သူလေ။ နွားက ပိုးထိလို့ သေတာမဟုတ်ဘူး အစ်မရဲ့။ နတ်က ဖမ်းစားတာနဲ့ တူတယ်။ ဒဏ်ရာ မတွေ့ဘူး။ မျက်လုံး ပွင့်လျက်သားကြီး သေနေတာတဲ့ ”

သန်းဥ အနှိုက်ခံရင်း ငိုက်မြည်းနေတဲ့ မအေးကြည်က၊

” ငါပြောသားပဲ ၊ အဲ့ဒီ ကိုသန်းဌေးရော၊ သူ့မယား မစိန်စိန်ရောက စီးပွားဖြစ်နေတော့ သူတို့ကိုယ် သူတို့ ဟုတ်လှပြီထင်နေတာလေ။ ဘာကိုမှ အယုံအကြည် မရှိကြဘူး။ အိမ်တွင်းမှမတင်တာအေ့ ၊ အဲ့ဒါ အိမ်တွင်းအဖေကြီးက သူ့ကို ပစ်ထားလို့ သတိပေးတာ ၊ မှတ်ကရောပဲ ”

မအေးကြည်က တရွာလုံးကို ချဲထီ လှည့်ပတ် ရောင်းနေသူဆိုတော့ ဘယ်အိမ်က ဘာဟဲ့ဆို သူက အရင်သိပြီးသား။

အိမ်တွင်းအဖေကြီးဆိုတဲ့ နတ်ဆိုတာက မင်းမဟာဂီရိနတ်ကို ဆို၏။ ဤနေရာ၌ မင်းမဟာဂီရိ ခေါ် အိမ်တွင်းအဖေကြီး သမိုင်းကို အကျဉ်းရုံး ဖေါ်ပြလိုပါ၏။

တကောင်းပြည့်ရှင်ဘုရင်က ခွန်အားဗလအလွန်ကြီးမားသော ပန်းပဲမောင်တင့်တယ်၏ ပုန်စားမည်ကို ကြောက်၏။ ထို့ကြောင့် မောင်တင့်တယ်၏ နှမဖြစ်သူအား တော်ကောက်ကာ ပရိယယ်ဆင်၍ မောင်ဖြစ်

သူအား ခေါ်ဆောင်ကာ၊ စကားပင်ရင်း၌ ကြိုး တုတ် မီးရှို့သတ်ဖြတ်သောကြောင့် နှမဖြစ်သူပါ မီးပုံထဲခုန်ချ၍ အသေခံခဲ့သည်။

ထို့နောက် ထိုစကားပင်ကြီး၌ နတ်စိမ်းဖြစ်လေ၏။ အပင်ရိပ်ခိုသူ လူသူကျွဲနွားများကို

ဖမ်းစား သဖြင့် အပင်ကို ခုတ်ကာ ဧရာဝတီမြစ် အတိုင်းမျောလိုက်ရာ ပုဂံပြည်မြစ်ဆိပ်၌ဆိုက်ကပ်လေ၏။

ယင်းစကားပင်ကို ပုဂံသေလည်ကြောင်မင်းက ဆယ်ယူ

ပြီး ပုပ္ပါးတောင်သို့ပို့ဆောင်ခဲ့သည်။

ထိုမင်းလက်ထက်၌ နှစ်စဉ် နတ်တော်လအခါတွင် နတ်ပွဲကျင်းပလေ့ရှိသည်။

ကျွဲနွားတို့ကို ယဇ်ပူဇော်ကာ ဒေသဝန်းကျင်ရှိ အိမ်ရှေ့တိုင်းတွင်နတ်ကွန်းငယ်များပြုလုပ်ကာ ကြွင်းကျန်သောတိရိစ္ဆာန် အရိုးတို့ကို ချိတ်ဆွဲထားလေ့ရှိသည်။

ဤအစဉ်အလာကို ထေရဝါဒဗုဒ္ဓသာသနာပြုမင်းဖြစ်သော

အနော်ရထာလက်ထက်ကတားမြစ်ခဲ့သော်လည်း နောက်မင်းများလက်ထက်တွင် ပြန်လည်ထွန်းကားခဲ့ပြန်၏။

တဖန် ဒုတိယမြန်မာနိုင်ငံတော် ထူထောင်သော ဘုရင့်နောင်လက်ထက်၌ အိမ်ရှေ့တွင် နတ်စင်ရှိသော အိမ်များကိုအပြစ်ပေးဆုံးမတော်မူသဖြင့် နတ်စင်ကို အိမ်တွင်းသို့

ပြောင်းရွှေ့ပူဇော်ကြရာမှ အိမ်တွင်းမင်း မဟာဂီရိနတ်ဟူ၍ အမည်တွင်ခဲ့ပါသည်။

မီးလောင်ကျွမ်းတိမ်းပါးခဲ့သောကြောင့်အလင်းရောင်မရအောင် ခန်းဆီးစအနီ

ဖြင့်ပိတ်ထား၏။ မီးလောင်ဒဏ်အား သက်သာစေရန်ရည်ရွယ်ကာ အုန်းသီးဖြင့်ပူဇော်ခြင်းဖြစ်ကြောင်းအဆိုရှိပါသည်။

ယခု မအေးကြည်က ကိုသန်းဌေးတို့ လင်မယားက အိမ်တွင်း မတင်သဖြင့် နတ်က ဖမ်းစားသည်ဟု ဆိုလိုက်ခြင်း ဖြစ်လေ၏။ဒါက ကြုံတုန်းလေး မင်းမဟာဂီရိနတ်အကြောင်း ရှင်းပြတာပါ။

ကိုသန်းဌေးက လယ်ဧကများစွာ ပိုင်ဆိုင်ပြီး၊ အလုပ်ကြိုးစားသူ ဖြစ်သည်။

စီးပွားရေးက ကောင်းတော့၊ လယ်ရောင်းမည်ဆိုပါက၊ ပြေးဝယ်ပြီးသားပင်။

ထို့ကြောင့်ပင် ယခုအချိန်၌ ကိုသန်းဌေးတွင် လယ်ဧက ၂၀ခန့်အထိ တိုးပွားလာခဲ့ခြင်းဖြစ်သည်။

မစိန်စိန်က အိမ်မှာ ကုန်စုံဆိုင်ကြီး ဟီးနေအောင်ဖွင့်ပြီး ၊ စီးပွားရှာသူ ဖြစ်၏။ ငွေတိုးလည်း ပေး၏။

၎င်းတို့၌ သားတယောက် သမီးတယောက် ထွန်းကားပြီး၊ မကြာမီ ရှင်ပြုနားသ အလှုတော်ကြီး ခြိမ့်ခြိမ့်သဲ ကျင်းပရန် စီစဉ်နေကြချိန်ဖြစ်လေ၏။

နာမည်ကြီး မန္တလေးဆိုင်း၊ မန္တလေးဘိတ်သိတ်ပင် စရံသပ်ပြီးပြီဟု ကြားရသည်။ သားဖြစ်သူကို မောင်ရင်လောင်း လှည့်သည့်အခါ ဆင်ဖြင့်၊ သမီးဖြစ်သူကို ရွှေလှည်းဖြင့် အစစအရာရာ စီစဉ်ပြီး ဖြစ်သည်။

အိုးသစ်အိမ်သစ်ဖြင့် စီးပွားရေး အလွန်ကောင်းနေချိန်လည်း ဖြစ်သည်။ မကြာမီကမှ ၎င်းတို့၏ တိုက်သစ်တက်မင်္ဂလာ ကျင်းပပြီး၊ လာရောက်သူဧည့်သည်များကို အလှုကြီး ပေးလှုမည့်အကြောင်း ပြောနေကြသေးသည်ကို ကြားမိလေ၏။

နွားတကောင်ပျောက်တာ၊ ကိုသန်းဌေးအတွက် ပထမဆုံးသော ဆုံးရှုံးမှု ဖြစ်သည်။သို့သော် နွားကို ပြန်တွေ့ပေမယ့် သေနေလျက်သား ပြန်ရခဲ့ပါ၏။

ယင်းလက်သည်မပေါ်သော နွားတကောင် ဆုံးရှုံးမှု နောက်ကွယ်၌ကား …

___________

အခန်း၂။

“စိန်စိန်ရေ … ငါ့ကို ဆန်တပြည်နဲ့ ဆီအစိပ်သားလောက် ရောင်းပါအုံး ”

မစိန်စိန်သည် အကြွေးစာရင်း

တွက်စစ်နေရာမှ ခေါင်းမော့ကြည့်လိုက်သည်။

ဆိုင်ရှေ့တွင် ဒေါ်ငွေရရပ်နေသည်ကို မြင်လိုက်တော့ ချက်ချင်းပဲ …

” ဘာလဲ ဒေါ်ငွေရ … အကြွေးပဲလား ”

” အေးကွယ် … သားကြီး ဆန်းထူး ပြန်လာရင် ၊ အရင်ကအကြွေးရော ၊ အခု အကြွေးပါ ပေါင်းဆပ်ပါ့မယ်။ အဖိတ်နေ့ညနေ ဆန်းထူး ပြန်ရောက်မယ် ပြောတယ် ”

ဒေါ်ငွေရ ၏ သား ဆန်းထူးက မန္တလေးဘက် ပန်းရံ လိုက်လုပ်နေ၏။

ရက်တပါတ်တခါ ပြန်လာတတ်သည်။ မန္တလေး ထုံးစံက အဖိတ်နေ့ ငွေရှင်း၏။ဥပုသ်နေ့ အလုပ်နား၏။

မစိန်စိန်သည် စာရင်းစာအုပ်ကို ပိတ်ကာ၊ ထလာပြီးမျက်နှာထားတင်းတင်းနဲ့ …

” ကျွန်မ ဈေးရောင်းနေတာ ဒေါ်ငွေရရေ၊ အလှုပေးနေတာမဟုတ်ဘူးတော့ ။ဒေါ်ငွေရက အရင်က အကြွေးပဲ တသောင်း၅ထောင်ကျော်နေပြီ။ အခု စောစောစီးစီး ထပ်ပြီး အကြွေးလာယူပြန်ပြီ။ ကျွန်မ ပြောတော့ ကျွန်မ အလွန် ဖြစ်အုံးမယ် ”

မစိန်စိန်က ဒေါ်ငွေရမျတ်နှာ တည့်တည့်ကြည့်၍ ဆိုလိုက်ခြင်းဖြစ်သည်။

အမှန်တော့ ဒေါ်ငွေရ ဈေးလာဝယ်ချိန်က သိပ်တော့ အစောကြီး မဟုတ်ပါဘူး။ နံနက် ၁၀နာရီထိုးပြီးပြီ ဖြစ်၏။

တကယ်ဆို ဒေါ်ငွေရကို မစိန်စိန် ဒီလို မပြောသင့်။

မစိန်စိန်နဲ့ဒေါ်ငွေရတို့မှာ မကင်းရာမကင်းကြောင်း ရာဇဝင်လေးတခု ရှိခဲ့ဖူး၏။

ဒေါ်ငွေရ၏ ယောက်ကျား ဦးသိန်းမောင် မဆုံးခင်၊ ကင်ဆာဝေဒနာ ခံစားနေရစဉ်က မစိန်စိန်တို့ ဒီလောက် စီးပွားမဖြစ်သေး။ ကိုသန်းဌေးက လယ် ၃ဧကလောက်နဲ့ ရုန်းကန်နေရဆဲ။

မစိန်စိန်လည်း အခုလို ကုန်စုံဆိုင်ကြီးနဲ့ မဟုတ်။

အိမ်ဈေးဆိုင်လေးနဲ့ ၊ ငွေတိုးပေးစားနေရသည်။

ဒေါ်ငွေရခမျာ သူမခင်ပွန်း ဦးသိန်းမောင်ကို ဆေးကုဖို့ ငွေလိုလာတော့၊ မစိန်စိန်ဆီမှာ ဦးသိန်းမောင် ကျန်းမာစဉ်က လုပ်ကိုင်စားသောက်ခဲ့သော လယ်၃ဧကကို တဧကပြီး တဧက ပေါင်နှံခဲ့ရသည်။

လယ်ဧက ပေါင်နှံပြီး ရတဲ့ငွေနဲ့ ဆေးရုံဆေးပေးခန်း ပြေးရသည်။

ပေါင်နှံလို ရလာတဲ့ငွေက ဆင်ပါးစပ် နှမ်းပက်သလိုပင်။ ဓာတ်မှန်ရိုက်ရ၊ အာထရာဆောင်းရိုက်ရ၊ အသားစ စစ်ရနဲ့ တဖြုန်ဖြုန်ကေး တဖြည်းဖြည်းကုန်ရသည်။

နောက်ဆုံး ဦးသိန်းမောင် ဆုံးတော့၊ သားတယောက်မိခင် ဒေါ်ငွေရခမျာ ထိုလယ်၃ဧကကို ပြန်မရွေးနိုင်။ လက်ထဲလည်း ငွေကမရှိ။ ကြပ်တည်းရှာ၏။

ထို့ကြောင့် ဆွေမျိုးများက အကုန်မရောင်းဘဲ ၊ တဧကလောက်သာ ရောင်း၍ ကျန် ၂ဧကကို သားအမိနှစ်ယောက် ဒိုးတူပေါင်းဖက် လုပ်စားကြရန် အကြံပေး တားမြစ်ကြလေ၏။

ဆွေမျိုးထဲမှ လူကြီးတယောက်က …

” မသကာ ၂ဧက ရောင်းပေါ့၊ ကျန်တဲ့ လယ်တဧကနဲ့ စိုက်ပါလေ့အေ။ နင်တို့လည်း သားအမိနှစ်ယောက်ရှိတာ။လောက်ငမှာပါ။ အဲ့ဒီလယ်တွေက လူတိုင်း လိုချင်နေကြတာ၊ ငါတို့တော့ မရောင်းစေချင်ပါဘူး ”

သို့သော် တားနေသည့်ကြားက အတိုးအရင်းပေါင်း၍ မစိန်စိန်ထံ မတန်ရေတန်ရေနဲ့ ထိုးရောင်းခဲ့ရသည်။ တကယ်တော့ ဒေါ်ငွေရခမျာ အမ်းငွေ အနည်းငယ်သာ ရရှာ၏။

မစိန်စိန်က အဲ့သည်တုန်းက ဤသို့ စကားတွေ ရွှန်းရွှန်းဝေအောင် ပြောခဲ့သည်။

” ဒေါ်ငွေရလည်း အဆင်ပြေသွားအောင်ဆိုပြီး ကျွန်မက တိုက်တွန်းတာပါ။ ဇွတ်အတင်း မရောင်းခိုင်းပါဘူး။ တလ တလ ကျွန်မကို ဒေါ်ငွေရ အတိုးပေးနေရတာလည်း သက်သာအောင်၊ ငွေလုံးငွေရင်းလေးလည်း ပေါ်သွားအောင် အပြီးသာ ရောင်းလိုက်ပါလား ဒေါ်ငွေရရယ်။ ဒေါ်ငွေရ အခုလို လတိုင်း စိတ်မောနေရတာ ကျွန်မ မကြည့်ရက်ဘူး။ ကိုယ့်အဒေါ်အရင်းလို ဖြစ်နေပြီမဟုတ်လား။ကျွန်မက ကျွန်မဆီ ပေါင်ထားတယ်ဆိုပြီး ဈေးနှိမ် မဝယ်ပါဘူး ဒေါ်ငွေရရယ်။ ကာလပေါက်ဈေး ဒေါ်ငွေရ စုံစမ်းပေါ့ ။ ပြီးတော့ သင့်ရာသင့်ကြေး ဖြတ်ပြီး ကျွန်မ ယူပါ့မယ်၊ တယောက်နဲ့တယောက် ဆွေမျိုးရင်းချာတွေလို ဖြစ်နေကြပြီပဲရှင်၊ ကျွန်မက ဒေါ်ငွေရတို့အပေါ် နစ်နာအောင် လုပ်ပါ့မလား၊ နောက်လည်း ဒေါ်ငွေရတို့ လိုတာရှိ လာပြောနော်၊ အားနာစရာ မလိုဘူး ”

မစိန်စိန်တို့က အဲ့သလို။ သူ လိုအပ်တာရှိတုန်းတော့ ရွှန်းရွှန်းဝေလို့ ။ယခု ဒေါ်ငွေရ စီးပွားကျပြီး ဆင်းရဲချိန် ကျမှ ဒီစကားမျိုး ပြောထွက်ရက်သည်။

ပြောရမယ်ဆိုရင် ရွာမှာက

ဦးသိန်းမောင် လယ်မြေက မြေခံယာခံကောင်း၏။

စိုက်သမျှ ဖြစ်ထွန်းသည်ဟု နာမည်ကြီး၏။ တခြား လယ်နဲ့မတူ။ သီးနှံ ပိုထွက်၏။

တကယ်လည်း စိုက်သမျှ သီးနှံ အောင်မြင်သည်။ ဒါကြောင့် ကိုသန်းဌေးက ဦးသိန်းမောင်ရဲ့ လယ်၃ဧကကို မျက်စိကျနေတာ ကြာပြီလေ။

သူ့မိန်းမကို ဖွင့်ဟတိုင်ပင်ပြီး ထိုလယ်၃ဧကကို သူတို့လင်မယားက လက်ရောက်ရယူကြရန် တိုက်တွန်းတော့တာပေါ့။

နောက်ဆုံး၌ နူရာဝဲစွဲ၊ လဲကျသူ ကူထောင်းခံရသကဲ့သို့ ငွေကြေးကြပ်တည်းနေတဲ့ ဒေါ်ငွေရက ၊ သူ့သား ဆန်းထူးကလည်း လယ်ယာခွင် မဝင်ချင်သည့်အဆုံး ထိုလယ်၃ဧကကို မစိန်စိန်ထံ ထိုးပေးလိုက်ရ၏။

ကာလတန်ကြေး ပေးမည်ဟု စကားလှအောင် ပြောခဲ့ဖူးတဲ့ မစိန်စိန်က တကယ်တန်း လယ်မြေတန်ဘိုးအား ခုနှိမ် ပေးချေတော့၊ ဒေါ်ငွေရခမျာ ဘာမှ သိပ်မရလိုက်ချေ။

ငွေရှင်ဖြစ်တဲ့ မစိန်စိန်ကို ဒေါ်ငွေရခမျာ ပြောဖို့ အင်အားမရှိတာလား၊ မပြောချင်တော့လား မသိ။

ဒေါ်ငွေရ မစိန်စိန်ပေးသော ငွေအနည်းငယ်ဖြင့် ကျေနပ်လိုက်ရရှာ၏။

ထိုလယ်၃ဧကကို မစိန်စိန်တို့လင်မယား ရပြီဆိုကတည်းက စီးပွားရေးက ဒီရေအလား တိုးပွားလာခဲ့သည်မဟုတ်လား။

သီးနှံ အထွက်ကောင်းတော့ ဝင်ငွေကောင်း၏။

ဒီကြားထဲ ကိုသန်းဌေးက တရုတ်ဖက်စပ်ကုမ္ပဏီတခုနှင့် ပေါင်းကာ၊ သခွါးမွှေးမျိုးသစ်ကို စွန့်ဦး စိုက်ပျိုးခဲ့သည်။

သခွါးမျိူးသစ်က အောင်မြင်တော့ တရာသီတည်းနှင့် သိန်း၅၀ကျော် အသားတင် အမြတ်ကျန်ခဲ့၏။

သခွါးမျိုးသစ် စိုက်ပျိုးသည့်မြေက ဒေါ်ငွေရ အပေါင်ဆုံးခဲ့သော လယ်မြေ ၃ဧက။

ထို့ကြောင့် မစိန်စိန် လက်မထောင်နိုင်ခဲ့တာ ဒေါ်ငွေရ လယ်၃ဧကကြောင့်ဆိုရင် မှားမည်မထင်။

ဒေါ်ငွေရမျက်နှာက ညိုးကျသွား၏။ သို့ပေမယ့် လေပြေလေးထိုး တောင်းပန်ရှာသည်။

” တပြည် မရောင်းချင်လည်း နို့ဆီဘူး ၄လုံးလောက်တော့ ရောင်းပါအေ။ အဖိတ်နေ့ ညနေ ဆန်းထူး ပြန်ရောက်ရောက်ချင်း ငါ လာဆပ်ပါ့မယ်။ အိမ်မှာ ချက်စရာဆန်ကို တစေ့မှ မရှိတော့လို့ပါ စိန်စိန်ရယ် ။ နော် စိန်စိန် … လူရင်းတွေပဲဟယ် လုပ်ပါ ”

မစိန်စိန်က မျက်နှာ ရှစ်ခေါက်ချိုးဖြင့် …

” မပေးနိုင်ဘူး ဒေါ်ငွေရ။ ကျွန်မ စီးပွားရေး လုပ်နေတာ။ အားနာနေလို့ မဖြစ်တော့ဘူး ။ ကျွန်မ အပြတ်ပြောလိုက်မယ်။ အရင်အကြွေး တသောင်းငါးထောင် လာဆပ်ရင် ပေးမယ်။ မဆပ်လို့ကတော့ ထပ်ပြီး မပေးနိုင်ဘူး။ တခြားဆိုင်သာ သွားပြီး အကြွေးဝယ်ချေ။ ကဲ့ သွား သွား ဒေါ်ငွေရ ၊ ကျွန်မ စာရင်းလုပ်နေတာ ခေါင်းရှုပ်တယ် သွားတော့ ”

ဒီလိုအထိ အနှင်ခံရမယ်လို့ ဒေါ်ငွေရက ထင်ထားဟန် မတူဘူး။

မစိန်စိန်က အဲ့သလို လေသံမာမာနဲ့ နှင်လွှတ်တော့ ဒေါ်ငွေရ ဝမ်းနည်းသွားသည်။ ပြီးတော့ မစိန်စိန်ကို ခပ်စူးစူး တချက်ကြည့်ပြီး ၊ လက်ညှိုး ငေါက်ငေါက်ထိုးကာ

” အော် … ဒီလူနဲ့ ဒီလူ အဲ့သလောက် ပြောဖို့ လိုသလား စိန်စိန်။

ဒီမှာ စိန်စိန် နင့်အကြွေးကို ငါ သေရာပါအောင် မယူပါဘူးဟဲ့။ ငါ့သားလာရင် ဆက်ဆက် ပြန်ဆပ်မှာပါ ။

အေး နင့်အကြွေးကို ငါဆပ်ပြီးရင်၊ ငါ့အကြွေးကို နင် ကြေအောင် ဆပ်ဖို့ ပြင်ထားဟေ့ ”

ဒေါ်ငွေရဟာ ထိုသို့ပြောအပြီး၊ မြေပြင်ပေါ်ကို ခြေဆောင့်၊ ထွီခနဲ့ တံတွေးတချက် မဲ့ကာရွဲ့ကာ ထွေးလိုက်၏။ ပြီးလျင် နောက်သို့ လုံးဝ လှည့်မကြည့်ပဲ ထွက်သွားလေ၏။

________

အခန်း၃။

” မုန့်လက်ဆောင်း နံကထီး ”

ဆွဲဆွဲငင်ငင် အော်လိုက်တဲ့ မစန်းဦးရဲ့အသံကြားရင် နေ့လယ် ၁၀နာရီကျော်ပြီဆိုတာ တရွာလုံးက သိကြ၏။

ဒီအချိန် ကလေးတွေ ဆော့ကစားနေကြတဲ့အချိန်၊ မစန်းဦးအသံကြားတာနဲ့ အမေတွေဆီ တန်းပြေးကြတော့တာပဲ။

ပြီးရင် တယောက်တကျပ်ကိုင်ပြီး မစန်းဦးရဲ့ မုန့်လက်ဆောင်း အိုးချရာ ကုက္ကိုပင်အောက်မှာ ဝိုင်းအုံလာကြသည်။

အုန်းခြစ်ဖွေးဖွေး အပေါ်ယံက ဖြူးထားတဲ့ ကောက်ညှင်းနဲ့ မုန့်လက်ဆောင်းဖတ်ကို ထန်းညက်(လျက်)ရေ အညိုရောင် အေးအေးလေးနဲ့ အားပါးတရ သောက်ကြ၏။

မစန်းဦးရဲ့ မုန့်လက်ဆောင်းအချိုရည်က တပေါင်းအပူပင် ငြိမ်းလျော့ထင်ရ၏။

တပေါင်းလဆန်းဆိုတာ နေ့ပူညချမ်းမဟုတ်လား။ နေ့လယ်နေ့ခင်း ဒီအရပ်က ပူ၏။ ပူတော့ ဒီလို မုန့်လက်ဆောင်းအေးအေးလေးကို ကလေးများက အလွန်နှစ်ခြိုက်၏။ ငွေတကျပ်နှင့် ဝမ်းအဆာလည်း ပြေသည်လေ။

မစန်းဦးကတော့ ဝယ်သူလာသမျှ မုန့်ပြင်ပေးပြီးရင်၊ ပြောင်းဖူးဖက်ကို မီးညှိပြီး ဖွာတော့တာပဲ။ ဆေးလေး တဖွာနှစ်ဖွာလောက် ဖွာလိုက်ရမှ သူ့ခမျာလည်း အမောပြေဟန်တူ၏။

သစ်စေးသုတ် ဗျတ်ပေါ်မှာ၊ မြေအိုးပြောင်ကို အဝတ်ပတ်ပြီး ရွက်လာရတာ မောရှာမပေါ့။ ဗျတ်ပေါ်မှာက ထန်ညက်ရည်အိုးအပြင် အုန်းခြစ်၊ မုန့်လက်ဆောင်းဖတ်၊ အုန်းနို့၊ ကောက်ညှင်းနဲ့ နှမ်းထောင်းကလည်း ပါသေး။ လေးလံရှာမည်။

မစန်းဦးဆီကို ကလေးတွေတင် ဝိုင်းအုံလာကြတာမဟုတ်ဘူး။ သူနဲ့ ပါတနာကျတဲ့ မိန်းမအချို့လည်း ရောက်လာပြီး စကားစမြည် ပြောကြ၏။

” ဟဲ့ အေးတင့် ၊ မစိန်စိန် ကုန်စုံဆိုင် သူခိုးဖေါက်ခံရလို့ဆို ၊ နင် ကြားထားပြီးပြီလား”

မစန်းဦးက လှမ်းမေးလိုက်တော့၊ အေးတင့်ဆိုသူက …

” အေးတော့ … တလောလေးကပဲ သူ့လင် ကိုသန်းဌေး မြို့ကအပြန် ထော်လာဂျီ မှောက်တာ ဘာကြာသေးတုန်း ၊ အခု ကုန်စုံဆိုင်ကို အဖေါက်ခံရပြန်ပြီ ။ ဒီမိန်းမတော့ အကုသိုလ်တွေ ဖိစီးနေတယ်နဲ့ တူပါရဲ့၊ မေတ္တာတွေ စူးကုန်ပြီလေ ”

တလောလေးက ကိုသန်းဌေး တံတားဦးမြို့သို့ လယ်ယာသုံး ဆေးဝါးနှင့် လိုအပ်သော စက်ပစ္စည်း အချို့ သွားဝယ်၏။ မြို့ကအပြန် စကားအင်း ကုန်းအမော့မှာ ဝိတ်နဲ့ကားနဲ့ မမျှ၍ လန်ကျကာ ကားမှောက်သွားခဲ့သည်။ ထိုစဉ်ကလည်း သိန်းဆယ်ချီ ဆုံးရှုံးခဲ့သည်ကို ပြောနေကြ၏။

” အေးနော် စိန်စိန်တို့က ပိုက်ဆံချမ်းသာလာတော့ လူချင်းတွေ့ရင် အထက်စီးက သိပ်ပြောတာအေ့။ သူ့ကြွေး မကင်းသူကတော့ သည်းခံကြမပေါ့ ။ တို့ကတော့ နေသာသပါ့ လေညာကပဲဟေ့ ၊ သူနဲ့ ခပ်ကင်းကင်းပဲ၊ ဂရုမစိုက်ပေါင် ”

” ဟုတ်ပါရဲ့အေ … ညည်းတို့လည်း ကြားကြမှာပါ။ ကိုယ့်ကျေးဇူးရှင်ကိုတောင် အကြွေး မပေးလို့ အိမ်ရိပ်လာမနင်းနဲ့လို့ နှင်သတဲ့ ။ ဒီမိန်းမ အောက်ခြေလွတ်နေတာများ ပြော မပြောချင်ပေါင်။ ငါဖြင့် အဲ့ဒီသတင်း ကြားတော့ ဒေါ်ငွေရကြီး သနားလိုက်တာ ”

” အစ်မစန်းဦးကလည်း ဒေါ်ငွေရက ရိုးရိုးကုပ်ကုပ် နေတတ်လို့နော် ၊ အရင်က ပညာသည်လို့ ပြောသံကြားဖူးတယ်။ ဦးလေး ဦးသိန်းမောင်နဲ့ ညားတော့မှ ဒေါ်ငွေရက သူ့ပညာတွေကို စကားအင်းမယ်တော်ကြီးဆီ လှုလိုက်တာတဲ့ ”

မစန်းဦးက …

” အေး … ငါလည်းကြားဖူးတယ်။ ဦးသိန်းမောင်နဲ့ မညားခင် ဒေါ်ငွေရ အပျိုဘဝကဆို သိပ်ထက်တာတဲ့။ ပညာသည်အချင်းချင်းတောင် သူ့ကို ကြောက်ရသတဲ့အေ့။

နောက်တော့ ဦးသိန်းမောင်ကို ချစ်လို့ သူ့ပညာတွေ အကုန် လှုလိုက်တယ်ဆိုပဲ။ ဒေါ်ငွေရကများ စိန်စိန်တို့ကို ကျိန်စာတိုက်လိုက်သလားပဲနော် ”

” အံမယ်လေး အစ်မစန်းဦးရယ်၊ ကြမ်းကြားလေကြား အစ်မမို့ ပြောထွက်ရဲတယ်။ မရှိ ခိုးနိုး၊ မလှ စုန်းရိုး ဖြစ်နေပါပြီ။ ဂျီးဒေါ်ငွေရက အဲ့သလို လုပ်မယ် မထင်ပါဘူး။ ပညာကုန် လှုထားတယ်မဟုတ်လား ။ အထင်နဲ့တော့ မရိုးစွပ်စေချင်ပါဘူးတော် ”

” ဟဲ့ ပညာသည်ဆိုတာ အစွယ်ချိုးခံရတောင် မာန်က ကျန်နေတုန်းအေ့ ။ မလုပ်ဘူးလို့ ညည်း အတတ်ပြောရဲလား။ အိုအေ ငါဖြင့် ဒေါ်ငွေရက လုပ်တယ်ဆိုရင်တောင် လက်ခုပ်တီး အားပေးလိုက်ချင်သေး။ ဘယ့်နှယ်တော်… ဒင်းးတို့လင်မယားက ရွာထဲမှာ တထောင်ထောင်နဲ့ ။ မျက်စေ့ စပါးမွှေးစူးလှတယ် ။ ကျေးဇူးရှင်ကို စော်ကားမှတော့ ဒင်းးတို့ ခုလိုဖြစ်တာ နည်းတောင် နည်းသေး”

ရွာထဲက မစိန်စိန်တို့လင်မယား အခုလို ဖြစ်တာကို ကြိတ်ပြီး ကျေနပ်နေကြသူတွေလည်း ရှိကြသည်။ သနားကြသူတွေလည်း ရှိကြသည်။

ခက်တာက မစိန်စိန်။ အခုလို ဖြစ်တာတောင် သူက မာန်မချသေး။ ပတ်ဝန်းကျင်ကို အပြစ်တင်နေပြန်၏။

” သူခိုး ခိုးလို့ စိန်စိန်တို့ စီးပွားပျက်မယ် ထင်နေကြသူတွေ ၊ ကြိတ်ပြီး ဝမ်းသာနေကြသူတွေ သိအောင် ပြောလိုက်အုံးမယ် ။

စိန်စိန်တို့က ဒီလောက်နဲ့တော့သွေးမပျတ်ဘူးဟေ့။ ရဲကို ပိုက်ဆံပေးပြီးကို သူခိုးအဖမ်းခိုင်းအုံးမှာ။ကားမှောက်တာကလည်း ကားသမားသောက်သုံးမကျလို့မှောက်တာ။ ဘာဖြစ်လဲ၊ ငါ့ယောကျ်ား ဘာမှမဖြစ်ရင်ပြီးရော၊ ပစ္စည်းဆိုတာ လူမသေသ၍ ပြန်မှာလို့ရသဟေ့နော်။ ငါတို့ချမ်းသာတာကို မနာလိုပြီးကွယ်ရာမှာ သောက်တင်းတုပ်နေတဲ့ဟာမတွေ နင်တို့ဆက်ပြီး မနာလိုဖြစ်ရအောင် ငါကဒီထက် ပိုချမ်းသာပြအုံးမှာဟေ့၊ ချမ်းသာအုံးမှာ ”

အဲ့သလိုပြောပြီး၊ မစိန်စိန်က လက်ကောက်တွေ တတောင်ဆစ်လောက်အထိ ဝတ်ပြ၊ ၅ကျပ်သား ရွှေဆွဲကြိုးကြီး ဆွဲပြနဲ့ ။ ရွာထဲကိုတောင် လည်ပြလိုက်သေး။

ကိုသန်းဌေးကတော့ ကားမှောက်တုန်းက ပွန်းပဲ့ ဒဏ်ရာလောက်ပဲ ရတာဆိုတော့ ၊ ယာထဲကိုင်းထဲ ဆင်းနေ၏။

ကားကတော့ ဘော်ဒီရုံ ပို့ထားရသည်။ အတော်လေး ပျက်စီးသွား၏။ သိန်း၂၀ကျော်ဘိုးလောက် ပြုပြင်ရမည်ဟုဆို၏။

မစိန်စိန်က အဲ့သလိုတွေသာ လူတွင်ကျယ်လုပ်ပြီး၊ အရွဲ့တိုက်တာ ။ လူကွယ်ရာကျ အခုတလော သူတို့ ဆုံးရှုံးရတာ များသမို့ ၊ ကူရာကယ်ရာ ရှာရလေ၏။

မိန်းမတွေက အိမ်စိးပွားရေး ကျလာရင် နတ်တို့ ဗေဒင်တို့ အားကိုးကြသည်။ မစိန်စိန်လည်း မိန်းမပဲလေ။ အရင်က ရိုးရာတောင် မတင်ခဲ့ဖူးတဲ့ မိန်းမက အခုဆို အိမ်အပေါ်ထပ်မှာ အုန်းပွဲငှက်ပျောပွဲတွေ အပြည့်။ မိန်းမနတ်ကတော် ၊ မိန်းမလျာနတ်ကတော်တွေလည်း သူ့အိမ်မှာ ခြေချင်းလိမ်လို့။

နတ်ကတော်က … အိမ်တွင်းအဖေကြီး တင်ဟဲ့ဆို ၊ အခုချက်ချင်း အိမ်တွင်း ထတင်လေ၏။

နတ်ကတော်ဆိုတာက ခြောက်၍လည်းစား၏။မြှောက်၍လည်းစား၏။

“မယုံကြည်ရင်နေ၊ မစော်ကားနဲ့၊ နတ်ဆိုတာက ကောင်းကျိုးသာ နှောင့်နှေးရင် နှောင့်နှေးမယ်၊ဆိုးကျိုးကတော့ ဒင်းခနဲနေအောင် ပေးလွယ်တယ်။ အေး သူ့ကို ယုံကြည်ကိုးကွယ်သူကိုတော့ နတ်က စောင့်ရှောက်နိုင်သကွဲ့ ဘယ်လို စောင့်ရှောက်သလဲဆို ၊ ရှိပြီးသား စည်းစိမ်ဥစ္စာကို မလျော့ပါးရလေအောင်၊ ရှိနေတဲ့ ဥစ္စာဓနကို တိုးပွားအောင် ကူညီနိုင်တယ်ပေါ့ကွယ် ”

နတ်ကတော်ဆိုတာ အဲ့သလို စကားကို ချုပ်ပြီးတုပ်ပြီး ပြောလေ့ရှိကြတာမဟုတ်လား။

ဒီတော့ မစိန်စိန်လည်း ရှိပြီးသား ဥစ္စာ မလျော့ပါးရလေအောင်၊ နတ်ကတော်နဲ့ပေါင်း၍ ၃၇မင်းသော နတ်အပေါင်းကို ဘော်ဒီဂတ် အဖြစ် အငှါး ပင့်ရတော့တာပေါ့။

တိုက်ဆိုင်တာလား။နတ်က တကယ်ပဲ မ,သလား မဆိုနိုင်ဘူး။ အဲ့ဒီနောက် မစိန်စိန်တို့ အိမ်မှာ ဘာအနှောက်အယှက်မှ မကြားရတော့ပြန်ဘူး။

သူတို့ အလှုတော်မင်္ဂလာရက်ကလည်း အတော်နီးကပ်လာပြီ ဖြစ်၏။

__________

အခန်း၄။

တရက်သား၌ မစိန်စိန်သည် သူ့သမီး အငယ်မ ၈နှစ်အရွယ် ထွေးစိန်လေးကို ခေါ်၍၊ တံတားဦးမြို့သို့ ဆိုင်ကယ်ဖြင့် ထွက်ခဲ့သည်။

အလှုမှာ နီးကပ်လာပြီမို့ အလှု့အမဖြစ်တဲ့ မစိန်စိန်ဟာ တံတားဦးမြို့က အမျိုးသမီးဝတ် အထည်ချုပ်ဆိုင်ကို မကြာခဏ သွားလေ့ ရှိ၏။

ကိုယ်တိုင်းပေးခြင်း၊ လိုချင်သည့် ပုံစံပြသခြင်း၊ အလှုဝင်ရက်၊ အလှုကြီးနေ့၊ မယ်ခံနေ့ စသည့် ၃ရက်အတွင်း ဝတ်မည့် အထည်တို့ကို သူ့အတွက်ရော သမီးငယ်အတွက်ပါ အလှပဆုံးဖြစ်အောင် ချုပ်နေခြင်း ဖြစ်သည်။

မစိန်စိန် စီးလာသော ဆိုင်ကယ်မှာ တရုတ် ဂျားလင်း စူပါကပ် ဖြစ်သည်။

အသွားတုန်းက ဆိုင်ကယ်က ဟုတ်တုတ်တုတ်။ မြို့ပေါ် ဈေးဝယ်စဉ်ကလည်း အကောင်း။နေ့လယ် နာရီပြန် ၂ချက်ထိုးတော့ ဈေးဝယ်ပြီးလေပြီ။

၂နာခွဲလောက်မှာ စက်ချုပ်ဆိုင်မှာ အလှုအဝင်အတွက်ဝတ်မည့် အင်္ကျီစ ဝင်အပ်ပြီး ပြန်အထွက်မှာ ဆိုင်ကယ်က လုံးဝ စက်မနိုးတော့ချေ။

ဒါနဲ့ အနီးအနားက ဆိုင်ကယ်ဝပ်ရှော့ကို တွန်းသွားပြီး ပြင်ရသည်။ ဝပ်ရှော့ဆရာက ဟိုနှိုက်ဒီနှိုက် လုပ်ပြီး နှိုးကြည့်သည်။ ဆိုင်ကယ်က ဖွတ်ချပ်ဖွတ်ချပ်နဲ့ နိုးလို စက်သေသွားလိုက် ဖြစ်နေ၏။

” အစ်မ ပလပ်လဲရမယ်၊ ကာဘရိုက်တာ ဂျီးဆေးရမယ်။ အဲ့ဒါမှ မရရင်တော့ ဝါယာရိမ်းဆရာ ပြကြည့်မှ ရမယ်နော် ၊ နည်းနည်းတော့ ကြာမယ်ခမျ ၊ ထိုင်စောင့်ပါအုံး”

ကိုယ်မှ မပြင်တတ်တာ။ စီးပဲ စီးတတ်တာလေ။ အဲ့ဒီတော့ ဝပ်ရှော့ဆရာလေး ပြောသလို ထိုင်စောင့်နေရုံပဲ ရှိတော့တာပေါ့။

ယောက်ကျားကိုတော့ ဖုန်းဆက်ထားလိုက်သည်။ ဆိုင်ကယ်ပြင်နေ၍ နည်းနည်းနောက်ကျမည်ဟု။

ဝပ်ရှော့ဆရာ ခန့်မှန်းသလိုပါပဲ။ သူနဲ့တင် မပြီး၊ ဝါယာရိမ်းဆရာ ခေါ်ပြတော့ မီးထုပ်ဆိုလား ဘာလား လဲရမည်တဲ့။ ဒါနဲ့ တခါ သံလိုက်အုံဘက်ခြမ်းကို ဖွင့်ပြီး၊ မီးထုပ်ဆိုတာကို လဲရပြန်၏။ အချိန်က တနာရီပြီး တနာရီ ကြာသွားသည်။ အားလုံး ပြင်ပြီးသွားတော့ ညနေ ၅နာရီ ထိုးသွားပြီ။

ရွာရောက်ဖို့ဆို နာရီဝက် ၄၅မိနစ်လောက် မောင်းရဦးမည်။ သို့ဖြင့် မစိန်စိန်တို့သားအမိသည် ဝပ်ရှော့လက်ခ ရှင်း၍ ခပ်မြန်မြန် မောင်းခဲ့သည်။

ဆောင်းဝင်ပြီဆိုတော့ နေကျမြန်၏။ ရွာ မရောက်ခင်မှာ မှောင်လေပြီ။ မှောင်ပေမယ့်ကြောက်စရာတော့ မရှိပါ။ ဒီလမ်းဒီခရီးက သွားနေကျ လာနေကျ လမ်းတွေပဲ မဟုတ်လား။

ဆိုင်ကယ်မောင်းနေရင်း၊ နောက်ကယ်ရီယာမှာ ခွထိုင် လိုက်ပါလာတဲ့ သမီးငယ်ကိုလည်း …

” သမီး အထွေးလေး… အိပ်ငိုက်မနေနဲ့အုံးနော် ။ရှေ့က လိုက်ပါဆိုလည်း မလိုက်ဘူး။ လိမ့်မကျအောင် အမေ့ခါးကို ဖက်ထားနော် ”

လမ်းမှာ ထိုသို့ မကြာခဏ သတိပေးရ၏။ ကလေးက အိပ်ငိုက်ပြီး ပြုတ်ကျရင် အခက်။

စကားအင်း အတက်ရောက်တော့ … သတိဖြင့် မောင်းရ၏။ ဒီအတက်က အတန်ငယ် မတ်၏။ ဒီစကားအင်းအတက်က ကိုသန်းဌေး ကားမှောက်သည့် နေရာ။

ရွာနှင့် တံတားဦး-မြို့သာကားလမ်းမကို စကားအင်းကန်ဘောင်လမ်းမှ ဖြတ်ရ၏။ စကားအင်းသည် အတော်အတန် ကြီးသော ရေဝင်အင်းကြီးဖြစ်၏။ အင်းပတ်လည်တွင် တာဘောင်ဖို့ထားသည်။ ထိုအင်းအမည်ကို အစွဲပြု၍ သူတို့ရွာအမည်ကို စကားအင်းရွာဟု ခေါ်ကြခြင်း ဖြစ်သည်။

စကားအင်းကား ပုဂံခေတ် အနော်ရထာမင်းလက်ထက်ကပင် ဆယ်ခဲ့သော အင်းကြီးဖြစ်သည်။

ရှေးယခင်က ဤဒေသ အနီးတဝိုက် သောက်ရေသုံးရေ ဖူလုံအောင် စနစ်တကျ ဆယ်ခဲ့ခြင်း ဖြစ်မည်။ ဤဒေသသည် ပုဂံခေတ်က ပြည့်စပါးကျီဖြစ်၏။ လယ်တွင်းကိုးခရိုင်ဟု သတ်မှတ်ခေါ်ဆိုကြသည်။

စကားအင်းအစပ်၌ သစ်သားဖြင့် ဆောက်လုပ်ထားသော စကားအင်းမယ်တော်ကြီး နတ်နန်း ရှိသည်။ အနီးနားတဝိုက် ရွာများက ကိုးစားကြသည်။

ကန်ဘောင်တွင် စီသွယ်တန်း၍ စိုက်ထားသော ခရေပင်များ ရှိသည်။ အချို့မှာ အတော်ပင် ကြီးနေကြလေပြီ။

မစိန်စိန် ဆိုင်ကယ်ရှေ့မီးကို ထွန်း၍ ခပ်ဖြေးဖြေး မောင်းလာခဲ့သည်။

ခရေပင်အထက်မှ ငှက်အချို့သည် အုပ်လိုက် ထပျံသွားကြသည်။ ရုတ်တရက်ကြီးဆိုတော့ အတောင်ခတ်သံ တဖျောင်းဖျောင်းက မစိန်စိန်အတွက် ရင်ဖိုစရာကောင်းလှသည်။ မစိန်စိန်ခမျာ မော်၍ပင် ကြည့်လိုက်မိသေး၏။

ခရေပင်တန်းကို ဖြတ်တော့၊

ဟင်! ဟိုးရှေ့နားက လူလား

ဆိုင်ကယ်မီးရောင်ဖြင့် မြင်ရသည်က ခရေပင် နှစ်ပင်အကြားတွင် လူတယောက်က် ငုတ်တုတ် ထိုင်နေသလိုလို …

သိပ်ပြီး မသဲကွဲချေ။ ရိုးတိုးရိပ်တိတ်သာ မြင်ရခြင်း ဖြစ်သည်။

ဒီအချိန် အင်းဘောင်ပေါ် ဘာလာလုပ်တာပါလိမ့် ။ မိုးတိုးမှောင်တောင်ထဲ တယောက်တည်း ငုတ်တုတ်ကြီး …

စိတ်ထဲ စနိုးစနှောင့် ဖြစ်သွားပြီး ဆိုင်ကယ် ဘရိတ်ကို နင်းလိုက်၍ ခေတ္တ ရပ်တန့်လိုက်သည်။ ငုတ်တုတ်ထိုင်နေသူက ထိုင်နေမြဲပင်။

ဆိုင်ကယ် ရပ်လိုက်သဖြင့်အနောက်က ထွေးစိန်လေးက …

” မေမေ ဘာလို့ ရပ်လိုက်တာလဲ။ သမီး ဗိုက်ဆာလှပြီ။ အိမ်ကို မြန်မြန်မောင်းပါ ”

” အော် … အေးအေး သမီး၊ သွားကြတာပေါ့ ”

-အို သူ့ဖာသူ ငုတ်တုတ်ပဲထိုင်ထိုင်၊ ခြေဆင်းပဲ ထိုင်ထိုင် ငါနဲ့ ဘာဆိုင်တာမှတ်လို့၊ ကိုယ့်လမ်းကိုယ် ဆက်သွားတာပဲ ကောင်းပါတယ်ဟု မစိန်စိန်က တွေးလိုက်မိဟန်တူ၏။

ဆိုင်ကယ်ကို လီဗာတင်၍ စထွက်လိုက်သည်။ ထိုအခါ မီးရောင်ဖြင့် မြင်နေရသော ငုတ်တုတ်ကြီးသည် မတ်တတ်ထလာ၏။

ထိုအခါမှ မိန်းမကြီးတယောက်မှန်း မစိန်စိန် သတိထားမိသွားသည်။ထိုမိန်းမသည် မစိန်စိန်အား ကျောပေး၍ ရွာဘက်သို့ ဦးတည် လျှောက်သွားနေ၏။

မကြာခင် မစိန်စိန်သည် ထိုမိန်းမကြီးအနီးသို့ ရောက်လာ၏။ မိန်းမကြီးသည် တချက်မျှ နောက်လှည့်မကြည့်။ သူ့လမ်းကိုသာ တွင်တွင် လျှောက်နေပါသည်။ထိုမိန်းမကြီးကို ဖြတ်အကျော်တွင် …

” ဖွီး ! နံလိုက်တာ …

ဘာအနံ့ကြီးလဲ ”

သိသိသာသာ မစိန်စိန်၏ နှာခေါင်းထဲ အပုပ်နံ့ကြီးက ဝင်လာ၏။ ဆိုင်ကယ်နောက်က အထွေးလေးကပင် …

” အော့ … မေမေ ဘာနံ့ကြီးလဲ ၊ နံ့လိုက်တာ ” ဟု အသံထွက်လာလေ၏။

မစိန်စိန် မသိလိုက်မသိဖာသာဖြင့် ထိုမိန်းမကြီးကို ငဲ့စောင်းကြည့်လိုက်သည်။

မစိန်စိန် စိတ်ထဲက ထိတ်လန့်စွာ ရေရွတ်လိုက်မိသည်။

” အံမယ်လေး ဘာကြီးလဲ ”

မိန်းမကြီးမျက်နှာမှာ ကြောက်စရာ အလွန်ကောင်းလေ၏။ အရိုးပေါ် အရေတင်ရုံ ပိန်ခြောက်ကပ်နေသည်။ ဟောက်ပက်ပက် မျက်တွင်းချိုင့်ထဲက မျက်လုံးကြီးက ပြူးကျယ်နေ၏။ အတော် ရုပ်ဆိုးလေ၏။

ဤမျှ ပိန်လှီခြောက်ကပ်လှသော ၊ အရေပြားပေါ် ဇရာ အရေးအကြောင်းများစွာ တွန့်လိမ်ရှုပ်ထွေးနေသော မိန်းမကြီးကို တခါမျှ မမြင်ဖူးခဲ့ချေ။

ဆိုင်ကယ်ကို ဖြည်းဖြည်းမောင်းရင်းနဲ့ အဲ့ဒီမိန်းမကို ကျော်သွားရော၊ အနောက်က ထိုင်လိုက်လာတဲ့ အထွေးလေးထံမှ စူးစူးဝါးဝါး အော်ဟစ်လိုက်သံ ကြားလိုက်ရလေ၏။

” အမေရေ ! ကယ်ပါအုံး ”

မစိန်စိန် ဆိုင်ကယ်ကို ကမန်းကတန်း ရပ်ပစ်လိုက်ရသည်။ မရပ်လို့ မဖြစ်။ သူ့သမီးကို ထိုမိန်းမကြီးက ဆိုင်ကယ်ပေါ်က အတင်းဆွဲချလိုက်တာ ခံလိုက်ရသည်မဟုတ်လား။

ဆိုင်ကယ်ပေါ်က ဆင်းဆင်းချင်း သားသမီးဇောနဲ့ မစိန်စိန်က ရန်တွေ့အော်ဟစ်လိုက်သည်။

” ရှင် ရှင် … ဒါ ဘာလုပ်တာလဲ ၊ ကျမသမီးကို အခု ချက်ချင်းလွှတ်စမ်း ”

အထွေးလေး ဆံပင်စုစည်းကို ထိုမိန်းမကြီးက လက်တဖက်နှင့် ကိုင်လျက် တရွတ်တိုက် ဆွဲခေါ်နေ၏။

အထွေးလေးမှာ နာကျင်လွန်း၍ ‘အမေ ရေ အမေရေ’ဟု အော်ဟစ် အကူအညီ တောင်းခံရင်း ငိုနေရှာသည်။

မစိန်စိန် ထိုမိန်းမကြီးထံ ပြေးသွားပြီး ၎င်း၏လက်ကို အတင်း ဖမ်းဆွဲယူလိုက်သည်။

သူမလက်ထဲ ပိန်လှီသေးကွေးသော လက်ချောင်းကို မိမိရရ ဆုပ်ကိုင်မိသွားသည်။ ဆံပင်ပေါ်ကနေ အတင်းဆွဲဖယ်၏။ သို့သော် ထိုမျှ ပိန်လှီလှသော လက်ချောင်းသည် မြဲမြံလှ၏။ အထွေးလေး ဆံပင်ကို လွှတ်မပေးချေ။

” ရှင် ဘယ်သူလဲ ! ဘာကိစ္စ ကျမ သမီးကို ခုလို လုပ်ရတာလဲ ”

ထိုမိန်းမကြီးသည် မစိန်စိန်အား စူးစူးစားစား ကြည့်ရင်း

” နင့်ကို မုန်းလို့ ” ဟု တခွန်းတည်း ပြန်ဖြေ၏။ သူမနှင့် တခါမျှလည်း မြင်ဖူးတွေ့ဖူးခြင်း မရှိသော မိန်းမကြီးက မုန်းတီးသည်ဆိုသောကြောင့် မစိန်စိန် အံဩသွား၏။

သို့ဖြင့် အထွေးလေး ဆံပင်စုစည်းအား လွှတ်မပေးသော ထိုမိန်းမကြီး၏ လက်ကို မစိန်စိန်သည် ကုန်း၍ ကိုက်တော့လေ၏။

မစိန်စိန် ကိုက်လိုက်သည်ကတော့ မိန်းမကြီး၏လက်ပင်၊ သို့သော် …

” အံမယ်လေး နာလိုက်တာ အမေရဲ့ ၊ သေပါပြီတော့ ”

အော်လိုက်သည့်အသံက မိန်းမကြီးထံမှ ထွက်လာခြင်း မဟုတ်။ မစိန်စိန်၏ သမီးငယ် အထွေးလေးထံမှ နာကျင်စွာ ထွက်လာခြင်း ဖြစ်သည်။

မစိန်စိန် ကိုက်နေရာမှ လွှတ်ပေးလိုက်သည်။ သို့သော် သူမ ပါးစပ်ထဲ ဆံပင်အချို့ ပါလာ၏။ သူ ကိုက်နေသည်မှာ မိန်းမကြီး၏ လက်ဖျံမဟုတ်။ အထွေးလေး၏ ဦးခေါင်း ဖြစ်နေသည်။

မိန်းမကြီးသည် မည်သို့သော ပညာဖြင့် သူမအား လှည့်စားလိုက်သည်မသိ။

အထွေးလေး ဦးခေါင်းမှာ အကွင်းလိုက် အရာကြီးဖြင့် သွေးစို့သွား၏။ အထွေးလေးသည် နာကျင်လွန်း၍ တဟီးဟီးဖြင့် ငိုနေရှာ၏။

မစိန်စိန် မိန်းမကြီးကို တအံတဩ မော့ကြည့်လိုက်သည်။သူ အခုတွေ့နေရသည့် မိန်းမကြီးသည် သာမန်လူမဟုတ်မှန်း သိသွားဟန်တူ၏။ ကြောက်ရွံထိတ်လန့်စွာ အထွေးလေးကို ပွေ့ဖက်ထားလိုက်မိသည်။

မိန်းမကြီးသည် မစိန်စိန်အား လှောင်ရယ်ဟန်ဖြင့် …

” နင့်ကို နင့်အိမ်မှာ လုပ်မရရင်၊ အပြင်မှာ လုပ်မဟေ့ ၊ အခု နင် ဘာတတ်နိုင်သေးလဲ၊ ဟီးဟီးဟစ်ဟစ်ဟီးဟီး ”

ထိုမိန်းမကြီးသည် သဘောကျစွာ ရယ်မောအပြီး ၊ မစိန်စိန်ထံ တိုးကပ်လာ၏။ မစိန်စိန် ပါးစပ်က အော်ဟစ်လိုက်သည်။

” ရှင် ကျမကို လုပ်ချင်သလို လုပ်ပါ။ ကျမ သမီးလေးကိုတော့ ချမ်းသာပေးပါရှင် ”

” ဟဲ့ အခုမှ နင့်ပါးစပ်က တောင်းပန်သံ ထွက်လာတာပါလား ၊ ညည်းက တောင်းပန်တတ်သားပဲကိုး။ ဒီမှာဟေ့ ချဉ်သီးပင်ကတော့ ချဉ်သီးပဲ သီးတော့မပေါ့ ။ ဘယ် အချိုသီး ရချင်လို့ ဖြစ်ပါ့မတုန်း။ နင့်သမီးလည်း နင့်လိုပဲ နေမှာ။ ရုပ်ကလေး သနားကမားနဲ့ နင့်လို အယုတ်တမာမလေးပဲနေမှာပါ ။ စောစောကတည်းက ရှင်းထားတာအကောင်းဆုံးပဲ ”

ထိုမိန်းမကြီးက ပါးစပ်က ဘာကို ရွတ်သည်မသိ။ မစိန်စိန် မျက်လုံးတွေက မိန်းမောနေသူပမာ။ တစုံတခုသော အရာက မစိန်စိန်၏ စိတ်ကို ညှို့ငင်ဖမ်းစားနေဟန်တူ၏။ ထိုအရာက ခိုင်းသည်ကို ပင်ကိုယ်စိတ် ထိမ်းချုပ်မှုမဲ့စွာ လှုပ်ရှားမိတော့လေ၏။

မစိန်စိန်ရဲ့ လက်နှစ်ဘက်ဟာ အထွေးလေးကိုယ်ကို ပွေ့ဖက်ထားရာမှ ၊ အထွေးလေးရဲ့ လည်မျိုဆီသို့ တရွေ့ရွေ့ တက်လာကြ၏။

မစိန်စိန် သူမလက်ကို သူမကြည့်၍ အံဩနေမိသည်။ သူမလက်သည် အခြားသူ လက်ပမာ သမီးငယ် အထွေးလေး၏ လည်မြိုကို တင်းတင်း ဆုပ်ကိုင်နေသည်မဟုတ်လား ။

အထွေးလေးကား အသက်ရှုရခက်လှဟန်တူ၏။ ခြေလက်များ အတင်းရုန်းကန်နေရှာသည်။ မျက်လုံးမှာ အဆမတန် ပြူးကျယ်လာ၏။

ထိုအခိုက် ဆိုင်ကယ်စက်သံအချို့ ကျယ်လောင်စွာ ကြားလိုက်ရသည်။ မိန်းမကြီးသည် တောက် တချက် ပြင်းစွာခေါက်၍ ခရေပင်ကြီးအောက် အမှောင်ရိပ်ထဲ ပြေးဝင် ပျောက်ကွယ်သွားလေ၏။

မစိန်စိန်ကား အထွေးလေး လည်းပင်းကို ညှစ်နေမြဲ ကျန်ရစ်ခဲ့သည်။ အထွေးလေးကား အသက်ရှု မရတော့ဟန် တူ၏ ။ သတိလစ်သွားရှာသည်။

ဆိုင်ကယ်နှစ်စီးသည် မစိန်စိန်အနီး ထိုးရပ်သွားပြီး လူတယောက်က အရင်ပြေးဆင်းလာ၏။ ထိုလူက မစိန်စိန်တို့သားအမိ ဖြစ်ပျက်နေပုံကို မြင်၍ ၊

” ဟာ စိန်စိန် နင် ငါ့သမီးကို ဘာလုပ်နေတာလဲ !

ထိုလူက ပြောလည်းပြော၊ မစိန်စိန်အား သူ့လက်ဖြင့် အားပါပါ ရိုက်ချလိုက်သည်။

” ကဲဟာ … ”

ဖျောင်း !

ဆိုင်ကယ်ပေါ်က အရင်ဦးစွာ ဆင်းလာသူက မစိန်စိန်၏ ခင်ပွန်း ၊ ကိုသန်းဌေး ဖြစ်သည်။ သူ့နောက်က လူသုံးယောက်လည်း အနီးသို့ ကူညီရန် ရောက်လာကြသည်။

ကိုသန်းဌေးက မစိန်စိန်ကို သူ၏ လက်ဖြင့် ခပ်ပြင်းပြင်း ရိုက်ထည့်လိုက်ခြင်း ဖြစ်သည်။

မစိန်စိန် လဲကျသွားသည့်အခါ ၊ ကိုသန်းဌေးသည် သမီးငယ် အထွေးလေးကို ပြေးပွေ့၏။ အထွေးလေးကား ကိုသန်းဌေး လက်ပေါ် ပျော့ခွေနေလေပြီ။ မျက်နှာမှာလည်း ဖြူဖျော့နေ၏။

မစိန်စိန်မှာ ကိုသန်းဌေးက ရိုက်လိုက်သည်ကြောင့် အသိစိတ် ကပ်သွားဟန်တူ၏။

သူမ ဘာလုပ်မိသည်ကို မမှတ်မိ။ လက်ရှိ အခြေအနေကို နားမလည်သလို ဖြစ်နေရှာသည်။

ပြူးတူးကြောင်တောင်နဲ့ အနီးက လူတွေကို လိုက်ကြည့်နေသည်။ ကိုသန်းဌေးက သမီးငယ်ကို အတင်းလှုပ်နှိုးနေတာမြင်မှ …

” ဟင်! ကျမ သမီးလေး ဘာဖြစ်တာလဲ ကိုသန်းဌေး ”

ကိုသန်းဌေးက ဒေါသဖြင့် မစိန်စိန်အား ပြန်ကြည့်ရင်း

” နင်ပဲ ငါ့သမီးကို လည်ပင်းညှစ်သတ်နေတာလေ ။ အခုမှ ဘာလို့ ရူးသလိုလို ကြောင်သလိုလို လာလုပ်နေတာလဲ။ ငါ့သမီးသာ တခုခု ဖြစ်ကြည့် နင့်ကို ငါ အရှင်မထားဘူး စိန်စိန် … ”

ကိုသန်းဌေးမှာ မိန်းမနဲ့သမီး အိမ်အပြန်နောက်ကျနေသဖြင့်၊ မိတ်ဆွေအချို့ကိုခေါ်ကာ ဆိုင်ကယ်နှစ်စီးဖြင့် လိုက်လာခြင်းဖြစ်သည်။ ဒီကိုရောက်တော့ မစိန်စိန်ကအထွေးလေးကို လည်ပင်းညှစ်နေတာကိုသာ မြင်ခြင်းဖြစ်သည်။

မစိန်စိန်က သတိရသွားဟန်ဖြင့် …

” ခုနက ကျမသမီးကို ဆွဲချသွားတဲ့ မိန်းမကြီးရော ၊ ရှင်တို့ မမြင်လိုက်ကြဘူးလား ”

ကိုသန်းဌေးက အံဩသွားဟန်တူ၏။

” ဘာ! မိန်းမကြီး ဟုတ်လား ၊ ဘယ်လိုပုံစံလဲ ၊ ငါတော့ မမြင်မိပါဘူး ”

မစိန်စိန်က ခရေပင်ကြီးကို လက်ညှိုးထိုးပြရင်း …

” မျက်နှာက အရိုးပေါ်အရေတင် ပိန်လှီလို့ ၊ မျက်တွင်းက ဟောက်ပက်နဲ့ မျက်လုံးခပ်ပြူးပြူးနဲ့ မိန်းမကြီးလေ ။ ဘာလဲ ရှင်က အဲ့ဒီမိန်းမကြီးကို သိလို့လား ”

မစိန်စိန်ရဲ့ အဲ့ဒီမေးခွန်းက ကိုသန်းဌေး အရှိုက်ကို တည့်တည့်ထိမှန်သွားသလိုပင်။

ဘာလို့လဲဆိုတော့၊ သူ ကားမမှောက်ခင် မိနစ်ပိုင်းအလိုကလည်း အဲ့ဒီမိန်းမကြီးကို မြင်တွေ့ခဲ့သည်မဟုတ်လား ။

ကိုသန်းဌေးသည် မစိန်စိန်၏ မေးခွန်းကို မဖြေတော့။ ကလေးကို ပွေ့ချီ၍ …

” လာ လာ သွားကြစို့ ။ ကလေးကို ဆေးခန်း ပြကြရအောင် ။ ကလေးက အသက်တော့ ရှုတယ်။ ဒါပေမဲ့ သတိက မလည်သေးဘူး ”

ကိုသန်းဌေး လော်ဆော်တာနဲ့၊ အားလုံးက ဆိုင်ကယ်တွေပေါ်တက်ပြီး ရွာထဲက ဒေါက်တာမောင်မောင်ရဲ့ ဆေးခန်းဆီသို့ ဒရောသောပါး တန်းမောင်းကြတော့လေ၏။

သူတို့ထွက်သွားပြီဆိုတော့မှ ခရေပင်ကြီးပေါ်က ငှက်ဆိုးထိုးသံကြီးဟာ ထိတ်လန့်ဖွယ်ရာ၊ မသတီစရာ၊ စိတ်ညစ်ညူးဖွယ်ရာ ထွက်ပေါ်လာတာကို အားလုံး ခပ်လှမ်းလှမ်းကနေ ကြားလိုက်ကြရလေ၏။

__________

အခန်း၅။

ဒေါက်တာမောင်မောင်ထံရောက်တော့ ကလေးက သတိ ပြန်ရလာသည်။ သို့ပေမဲ့ ကြောင်စီစီ ဖြစ်နေရှာ၏။ သူ့အမေကို တအား ကြောက်နေဟန်တူသည်။

အထွေးလေးသည် မစိန်စိန်ကို လုံးဝ အကပ်မခံပေ။သူ့အဖေပေါ်သာတွယ်ကပ် နေရှာ၏။ စကားလည်း တလုံးမှ ပီသစွာမဆို။ ဝူးဝူးဝါးဝါး သာ အသံထွက်၏။

” ခင်များတို့ သမီးက အတော်လေး ကြောက်နေရှာတယ်။ စိတ်လှုပ်ရှားစရာ ၊ ထိတ်လန့်စရာ မြင်တွေ့ခဲ့ရပုံပဲ ။ ဒါကြောင့် ခုလောလောဆယ်၊ သူ စကားပြောနိုင်အုံးမှာမဟုတ်ဘူး ။ တဖြည်းဖြည်းတော့ ပြန်ပြောလာနိုင်မှာပါ”

” အံမယ်လေး ကိုယ်ကျိုးတော့နည်းပါပြီဆရာရယ် ။ စကားက ဘယ်လောက်ကြာမှ ပြန်ပြောနိုင်မှာလဲ ။ ကျမတို့က မကြာခင် အလှု လှုတော့မှာ ဆရာ ”

” ဒါက တပ်အပ်တော့ မပြောနိုင်ဘူး မစိန်စိန်။ တချို့ကလေးတွေတော့ သုံးလေးရက်နေ ပြန်ပြောနိုင်ကြတယ်။ တချို့ကျလည်း တနှစ်တန်သည် ၂နှစ်တန်သည် ကြာတတ်ကြတယ်။ သူ့လည်ပင်းကို ညှစ်စဉ်က အသံထွက်တဲ့ အင်္ဂါကို ထိခိုက်သွားစေနိုင်တယ်လေ ။ စောင့်ကြည့်ပါအုံး။ ရက်ပိုင်းနဲ့ စကားမပြောလာခဲ့ရင် ဓာတ်မှန် ရိုက်ကြည့်ကြတာပေါ့ ”

သိုဖြင့် ဒေါက်တာမောင်မောင် အကြံပေးသည့်အတိုင်း ဒီရက်ပိုင်း စောင့်ကြည့်ရန်သာ တတ်နိုင်တော့၏။

ဆေးခန်းကနေ အိမ်ပြန်ရောက်တော့ ကိုသန်းဌေးက ၊

” ငါ ကားမှောက်တုန်းက ဘယ်သူ့မှ ပြောမပြခဲ့ဘူး စိန်စိန်။ ငါပြောရင် လည်းဆင်ခြေပေးတယ်လို့ပဲ ထင်မှာ။ဒါကြောင့် ငါ ဘာမှ မပြောခဲ့တာပါ။

ငါတို့ ကား ဂုံး(ကုန်း)အတက်မှာ အရှိန်နဲ့ ပြေးတက်နေတုန်း ၊ ခုနက နင်မြင်ခဲ့တဲ့ မိန်းမကြီးက ကားရှေ့တည့်တည့်ကနေ ဘွားခနဲ ပေါ်လာတာဟ ။

တိုက်မိမှာ စိုးပြီး အရှိန်ကိုထိမ်းဖို့ ဘရိတ်ကို အုပ်တော့ ကားက ရုတ်တရက်ကြီး စက်သေသွားတယ်လေ။ အဲ့ဒီမှာ နောက်ပြန်လန်ပြီး ကားက မှောက်သွားတာ ။

ငါအဲ့ဒီမိန်းမကြီးကို ကောင်းကောင်း မြင်လိုက်ရတယ် ။

မျက်နှာပေါ်မှာ အရေးအကြောင်းတွေ အများကြီးနဲ့ မျက်လုံးပြူးပြူး မျက်တွင်းဟောက်ပက်ကြီး ။ ရုတ်တရက်ဆို မြင်ရသူအဖို့ ကြောက်စရာမျက်နှာကြီးပါဟာ ။

လူလို့တောင် မထင်ရဘူး ၊ ကားမှောက်ပြီး ငါက ဘာမှ မဖြစ်ဘူး ။ နည်းနည်းပါးပါးပဲ ပွန်းပဲ့တာဆိုတော့ အဲ့ဒီမိန်းမကြီးကို ချက်ချင်း လိုက်ရှာတယ်။ ဘယ်ပျောက်သွားလဲ မသိဘူး။ လုံးဝ ရှာမတွေ့တော့တာ ၊ လူရော ဟုတ်ရဲ့လားလို့ ငါ အဲ့ဒီကတည်းက သံသယဝင်ခဲ့မိတယ်။

ဒီကနေ့ မင်းက အိမ်အပြန် နောက်ကျနေတော့ ငါ အဲ့ဒီမိန်းမကြီးကို တွေးမိပြီး၊ လိုက်လာခဲ့တာပဲ ”

ကိုသန်းဌေးပြောတော့ မစိန်စိန် စဉ်းစားရလေပြီ။ ထိုမိန်းမကြီးသည် သူတို့လင်မယားကိုသာ ဒုက္ခပေး ခြောက်လှန့်ခြင်း ဖြစ်သည်။

တခြား ရွာသားများကို ခြောက်လှန့်ခြင်း မရှိ။ ဘာကြောင့်ဆိုတော့ ရွာထဲက တယောက်ယောက်ကိုသာ ခြောက်လှန့်ခံရပါက သူတို့ ကြားသိရမည်မဟုတ်လား။

ပြီးတော့ အရင်ကလည်း အဲ့ဒီနေရာမှာ သရဲခြောက်သည်ဟု မကြားဖူးကြချေ။ အခုကျမှ လင်မယား ၂ယောက်စလုံး ကိုယ်တွေ့ကြုံကြရသည်။

မစိန်စိန် စဉ်းစားသည့်အထဲတွင် ထိုမိန်းမကြီး ပြောသွားသည်ကိုလည်း အလေးအနက် ထား စဉ်းစားမိလေ၏။

” နင့်အိမ်မှာ လုပ်လို့မရရင်၊ ရတဲ့နေရာမှာ လုပ်မယ်ဟေ့ “ဟု မိန်းမကြီးက ဆိုခဲ့သည်။

ထိုစကားကြောင့်ဆိုလျင် အနှီမိန်းမကြီးသည် သူတို့မိသားစုကိုသာ ရည်ရွယ်တိုက်ခိုက်နေခြင်း ဖြစ်၏။

အိမ်မှာ လုပ်လို့ မရတော့ဘူးဆိုတာက မစိန်စိန်က နတ်ကတော် အကြံပေးသလို အိမ်တွင်းအဖေကြီး တင်၏။ အုန်းဆွဲ၏။

ထို့ကြောင့် အိမ်ခြံဝင်းအတွင်း အန္တရာယ် မပေးနိုင်ခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်၏။

ဒါမှမဟုတ် အလှုအောင်မြင်ဖို့အတွက် သာသနာပွဲ ပွဲကြီး ၃ပွဲ ထိုးထား၍ နတ်ကောင်းနတ်မြတ်များက စောင့်ရှောက်နေကြဟန်လည်း တူပါ၏။

မစိန်စိန် စိတ်ထဲ သို့လော သို့လော နှင့် သံသယ ဝင်လာမိသည်။ အဲ့ဒါကတော့ ရွာထဲမှာ လူပြောများနေတဲ့ သူနှင့် ဒေါ်ငွေရတို့၏ ပြသနာသတင်းပဲ ဖြစ်၏။

သို့ဖြင့် မစိန်စိန်သည် သူ့ခင်ပွန်း ကိုသန်းဌေးအား တိုင်ပင်သလို မေးမြန်းလိုက်မိသည်။

” ကိုသန်းဌေး … ကျမတို့ အခုလို ပြသနာ တခုပြီး တခုတက်နေတာ ဒေါ်ငွေရနဲ့များ ဆိုင်နေမလား မသိဘူးနော် ”

” နင့် ငါပြောသားပဲ စိန်စိန်။ ဒေါ်ငွေရကို နင် နှင်ထုတ်တုန်းက နင်လွန်တယ်လို့ …”

မှန်၏။ ထိုပြသနာတုန်းက ကိုသန်းဌေးက မစိန်စိန်အား နောက်ခါ ငွေရ လာလျင် တောင်းပန်ရန် ပြောခဲ့ဖူး၏။ သို့ပေမယ့် ဒေါ်ငွေရက အဲ့ဒီကတည်းက ပေါ်မလာတော့ချေ။ ဆန်ဖိုးအကြွေးကိုတောင် လူကြုံနဲ့ လှမ်းဆပ်ခဲ့ခြင်း ဖြစ်၏။

” ရွာထဲက ပြောနေကြသလို ဒေါ်ငွေရကြီးက … ပညာသည်များ ဖြစ်နေမလား … အံမယ်လေး! အဲ့ဒါဆို သူက ကျမတို့ တမိသားစုလုံးအပေါ် အငြိုးထားတော့မှာပေါ့ ။ ဘုရား ဘုရား ကျမ ဘယ်လို လုပ်ရမလဲ ကိုသန်းဌေး ။ ခရေပင်တန်းတုန်းက မြင်ခဲ့ရတဲ့ မိန်းမကြီးကတော့ ကြောက်စရာကြီးတော့ ”

” အေး ငါလည်း အဲ့တာကို စိတ်ပူနေတာ စိန်စိန်။ သူက ငါတို့ အလှုကိုပါ ဖျက်မယ့်သဘောရှိတယ် ။

ဒီတော့ဟာ ငါတို့ လင်မယား ဒေါ်ငွေရ ကျေနပ်လောက်အောင်အထိ သွားတောင်းပန်ရမှာပေါ့ ။

သူ လယ်၃ဧက ဝယ်တုန်းကလည်း ငါတို့ မတန်တဆ ဈေးနှိမ်ခဲ့ကြတာ မဟုတ်လား။ တကယ်ဆို ငါတို့ ၂ဧကဖိုးပဲ ပေးပြီး ၊ တဧက အလကားရထားတာပဲ ။

ပြီးတော့ နင်အသိဆုံး။

ငါတို့ အဲ့ဒီ လယ်တွေ ဝယ်ပြီးမှ စီးပွား ဖြစ်ထွန်းလာခဲ့ကြတာ ။ တကယ်ဆို သူ့ကျေးဇူး မကင်းဘူးဟဲ့ ”

” ဒါဆိုရင် ကျမတို့ ဘယ်လို တောင်းပန်ကြမလဲ ကိုသန်းဌေး … ရှင် ဘယ်လို လုပ်ချင်လဲ ”

ကိုသန်းဌေး တခုခုကို အပြီးတိုင် ဆုံးဖြတ်လိုက်ဟန်နှင့် …

” သူနဲ့ ငါတို့ အရောင်းအဝယ်လုပ်စဉ်က နင် ပြောဖူးတယ်လေ။ နောက် တနှစ် ၂နှစ်နေ ဒေါ်ငွေရ လိုချင်ရင် လယ်တဧကကို ပြန်ပေးပါ့မယ်။ ကျန်တဲ့ အတိုးကိုလည်း မဆပ်ပါနဲ့တော့ဆို ။ နင် အတိုးပေါ် အတိုးဆင့်ပြီး မတရား ယူခဲ့လို့ သူ လယ်တဧက က ငါတို့ လက်ထဲ ထိုးအပ်ခဲ့ရတာဥစ္စာ။

အခု သူ့ပြန်ပေးလိုက်ရုံပေါ့။ ဒါဆို သူ ကျေနပ်သွားမှာပါ။ ငါတို့လည်း အခုဆို လယ်တွေ အများကြီး ပိုင်နေကြပြီပဲ။ ပြန်သာ ပေးလိုက်ကြရအောင်ပါ ”

မစိန်စိန်က နှမြောသလိုလို ရှိပေမယ့်၊ ကိုသန်းဌေး ပြောတာက မှန်နေသည့်အတွက် ခေါင်းငြိမ့် သဘောတူလိုက်ရသည်။

နောက်ဆုံး သူတို့လင်မယားသည် ရွာထဲက လူရိုသေ ရှင်ရိုသေ ဖြစ်သော ဘိုးလေးဦးမြင့်အား ခေါ်၍ ဒေါ်ငွေရအိမ်သို့ တောင်းပန်ရန် ထွက်ခဲ့ကြသည်။

ဒေါ်ငွေရ ခြံဝိုင်းရှေ့ ရောက်သည့်အခါ ဘိုးလေးဦးမြင့်က ခြံတံခါးကို အသာတွန်းဖွင့်ကြည့်သည်။ မပွင့်ပေ။

ဘယ်ပွင့်ပါမလဲ။ တံခါး၌ သော့ဂလောက်တခု ခတ်ထားတွေ့ရလေ၏။

” မငွေ ဟဲ့ မငွေ ။ ငါ လာသဟေ့ ၊ အိမ်ထဲ ရှိသလားဟ

တံခါး လာဖွင့်ပေးပါအုံး”

ထိုအခါ ပြတင်းတံခါးများ ပိတ်ထားသော အိမ်ထဲက အသံထွက်လာ၏။

” ဘိုးလေးမြင့်တော့ ခြံထဲ ဝင်ခဲ့ပါ ။ ဟိုလင်မယားတော့ လုံးဝ ငါ့ခြံထဲ ခြေမချလေနဲ့။ ငါ့ခွင့်ပြုချက် မရဘဲ ဝင်ရင် နင်တို့ထိုက်နဲ့ နင်တို့ကံပဲဟေ့ ”

ဒေါ်ငွေရသည် အိမ်ထဲမှ မထွက် ၊ အထဲမှ လှမ်းအော်ပြောလိုက်ခြင်းဖြစ်သည်။

ကိုသန်းဌေးနှင့် မစိန်စိန်တို့သည် ထိုအသံ ကြားရ၍ မျက်နှာများ ပျက်သွားကြလေ၏။ ဘိုလေးဦးမြင့်ကိုလည်း လင်မယားနှစ်ယောက်က အားကိုးတကြီး လှမ်း ကြည့်ကြရှာ၏။

ကိုသန်းဌေးလက်ထဲတွင် ဆန်တပြည် ၊ ၅ပိဿဝင် ဆီတပုံးကိုင်ထားပြီး၊ မစိန်စိန်က ကန်တော့ပွဲကို ရွက်ထား၏။

ဘိုးလေးဦးမြင့်က ဘာမှ မပူနဲ့ ငါ ကြည့်လုပ်လိုက်မယ်ဟူသော မျက်နှာပေးဖြင့် …

” ဟဲ့ မယ်ငွေ ၊ နင် ဘယ်လိုစကားမျိုး ပြောထွက်တာလဲ။ ငါ တယောက်လုံး ပါလာတာတောင် နင်က ရိုင်းပြချင်သေးတာလား ”

ဘိုးလေးဦးမြင့်ရဲ့ အသံက တော်တော်မာ၏။ ငေါက်ဆတ်ဆတ်နိုင်လှသည်။

ထိုအခါ တဲတံခါး ပွင့်လာပြီး ဒေါ်ငွေရ ထွက်လာသည်။ ကိုသန်းဌေးရော မစိန်စိန်ပါ ဒေါ်ငွေရကို ကြည့်၍ အံဩထိတ်လန့်သွားကြသည်။

ဒေါ်ငွေရသည် အရင်ကနဲ့မတူ အတော် ပိန်လှီသွား၏။

မျက်နှာမှာလည်း ရှိရင်းစွဲအသက်ထက်ပို၍ အိုစာလွန်းနေသည်။

မဖီးမသင်ပဲ ထားသော ဆံပင်များမှာ အဖြူတဝက်အနက်တဝက် ကျောမပေါ် ဖွာဆံကြဲနေ၏။

အထူးခြားဆုံးက မျက်ကွင်းနှစ်ဘက်စလုံးမှာ ညိုမည်းနေ၏။ မျက်လုံးများက ပြူးကျယ်နေသည်။

ထမိန်ရင်လျားကြီးနဲ့ ထွက်လာခြင်း ဖြစ်၍ ပခုန်းနှစ်ဘက်က အနာများက ပြည်စို့ပြည်နာတည်နေကြသည်ကို မြင်ရသည်မှာ အော့နှလုံးနာချင်စဖွယ်။ ဆံပင်များ ဖုံးနေ၍သာ ။ ကျောမ၌လည်း အနာများ ပေါက်နေလောက်၏။

ဒေါ်ငွေရက သူ့အိမ်ရှေ့ကနေ လှမ်းအော်ပြောသည်။

” ကျုပ် ဘိုးမြင့်ကို မရိုင်းဝန့်ပါဘူးတော်။ ဒီလင်မယားကိုတော့ မုန်းလွန်းလို့ပါ ”

မစိန်စိန် အူတွေအသည်းတွေ ဗြောင်းဆန်သွားသလား မှတ်ရသည်။ ‘ ဒီလင်မယားကို မုန်းလွန်းလို့ပါ ‘ ဟူသော စကားသံက သူ မနေ့ညက ကြုံတွေ့ခဲ့ရသော ခရေပင်တန်းက မိန်းမကြီးအသံနှင့် တထပ်တည်း တူနေသောကြောင့်ပင်။ မစိန်စိန် ဒေါ်ငွေရကို အဝေးကပင် ရဲရဲ မကြည့်ဝန့်တော့ပေ။

” ကဲ မငွေ … ငါလည်း နင့်ဆီကို အပျင်းပြေ အလည်လာတာမဟုတ်ဘူး ။ ကိုယ့်တရွာတည်းသားတွေ မဖြစ်သင့်တာ မဖြစ်ကြရလေအောင် ငါက ကြားဝင် ညှိနှိုင်းပေးရအောင်ဆိုပြီး လိုက်လာတာ။ နင့် အကြောင်းလည်း ငါသိသလို ၊ ငါ့အကြောင်းလည်း နင်သိမှာပါ ။ ငါ ဘယ်တုန်းကမှ မတရားတဲ့ဘက်က မရပ်တည်ခဲ့ဖူးဘူး ။အဲ့ဒီတော့ နင့်ခြံထဲကို ငါတို့ ဝင်ခဲ့မယ်။ ဒီ လင်မယားကို နင် အန္တရာယ်မပြုပါနဲ့ ။ သူတို့က သူတို့အမှားသိလို့ နင့်ကို လာတောင်းပန်ကြတာဟဲ့ ”

ဒေါ်ငွေရက ဘိုးလေးဦးမြင့်စကားကြောင့် စိတ်ကို လျော့ချလိုက်ဟန်တူ၏။ သက်ပြင်း ချလိုက်သည်။

” ဒါဆိုလည်း ဝင်ခဲ့တော်၊ တံခါးက ပိတ်မထားပါဘူး ”

” ချောက် ”

ခြံတံခါးသော့သည် သူ့အလိုလို ပွင့်သွား၏။ ဘိုးလေးမြင့်ကတော့ အံဩဟန်မပြ။ တံခါးကို တွန်းဖွင့်၍ အရင်ဝင်လေ၏။

ကိုသန်းဌေးတို့ လင်မယားမှာသာ ခြံထဲ ဝင်ရကောင်းနိုးနိုး ၊ ခြံရှေ့ပဲ ရပ်နေရကောင်းနိုးနိုးနဲ့ တွန့်ဆုတ် တွန့်ဆုတ် လုပ်နေကြသည်ဖြစ်ရာ …

” ကဲ လာကြ လာကြ ၊ နင်တို့ကို မငွေက ဘာမှ မလုပ်ပါဘူး ။ ဘိုးလေး အာမခံပါတယ်။ ဝင်ခဲ့ကြပါ ”

ထိုအခါမှ သူတို့လင်မယားသည် မရဲတရဲနဲ့ ဝင်လာကြသည်။ အိမ်ရှေ့၌ တတောင်လောက် အမြင့်ရှိသော ကွပ်ပြစ်ကြမ်းပြင် ရှိရာ ၊ ထိုကြမ်းပြင်ပေါ်သို့ ဘိုးလေးက ဝင်ထိုင်လိုက်ရင်း ၊

” မယ်စိန် … နင့်ခေါင်းပေါ်က ကန်တော့ပွဲ ဒီနား လာချကွဲ့။ ဟို မောင်သန်းဌေး မင်းလက်ထဲက ဆန်နဲ့ဆီလည်း ဒီမှာပဲ လာတင်လေကွယ် ”

ဒေါ်ငွေရသည် ရပ်နေမြဲ ရပ်နေ၏။သူ့ကြည့်ရတာ အိမ်ရှင် ဖြစ်ပေမယ့် ဘိုးလေးဦးမြင့်နဲ့ ကြမ်းတပြေးတည်း ထိုင်ဝန့်ပုံမရပေ။

ထိုအခါ ဘိုးလေးဦးမြင့်က …

” ကဲ မငွေ ၊ ဒီမှာ လာထိုင်။ နင့်ကို ဒီလင်မယားက ကန်တော့ပြီး သူတို့အမှားကို ဝန်ချ တောင်းပန်တာကို ကောင်းမွန်စွာ လက်သင့်ခံလိုက် ။ ဟုတ်ပြီလား ”

ဘိုးလေးမြင့်က ထိုင်ဆိုမှ ၊ ဒေါ်ငွေရ လာထိုင်ရဲ၏။ ဘိုးလေးမြင့်က ဒေါ်ငွေရ ကျောပေါ်မှ အနာတွေကို မြင်သွားသည့်အခါ …

” ကိုယ်ပြုတဲ့ကံ ကိုယ့်ထံ ပြန်လာတတ်တယ်ဆိုတာ နင် မေ့လျော့နေသလား မငွေ။ သူ့အကုသိုလ်နဲ့ သူ သွားရမှာကို နင်က အဆင်းဘီးထည့်တွန်းချင်သေးသကိုး ။ တယ်လည်း ခက်ပါ့ ”

ဒေါ်ငွေရ ဘာမှ ပြန်မပြောရဲချေ။ ဘိုးလေးမြင့်ကို လေးစားကြောက်ရွံသည်မှာ ထင်ရှားလေ၏။

” ကဲ ဟိုနှစ်ယောက်က ငါ့ကို သက်သေထားပြီး နင့်ကို တောင်းပန်ပါတယ်တဲ့။နောက်နောင် မရိုမသေ မလုပ်တော့ပါဘူးတဲ့ ။ နောက်ပြီးတော့ သူတို့ ဝယ်ထားတဲ့ လယ်၃ဧကထဲက တဧကကိုလည်း ပြန်ယူပါတဲ့ ။ နင့်မှာ စိုက်ဖို့ပျိုးဖို့ အရင်းအနှီးနဲ့လူမရှိရင် မောင်သန်းဌေးကပဲ လူရောငွေရော စိုက်ပြီး လုပ်ပေးပါ့မယ်တဲ့။

သူတို့လည်း နောင်တ တကယ်ရသွားကြပြီပဲ ။ နင်လည်း ကျေနပ်လိုက်ပေါ့။ ငါ ပြောတာ ဘယ်လို သဘောရလဲ မငွေ ”

ဒေါ်ငွေရက မြေပေါ် ဒူးတုပ်ထိုင်ပြီး လက်အုပ်ကလေးချီနေကြတဲ့ လင်မယားကို တချက်ကြည့်သည်။ ပြီးတော့ သက်ပြင်း ချ၏။

” ဘိုးလေး ဝင်ပြောနေမှတော့၊ ကျမ မကျေနပ်စရာ ဘာအကြောင်းရှိအုံးမှာလဲ ၊ ကျေနပ်ရတော့မှာပေါ့။ ကျမ လယ်တဧကကို ဒီလို ပါးစပ်ပေး ပေးလို့တော့ မဖြစ်ဘူးပေါ့။ ကျမ ပေးခဲ့စဉ်ကလို စာချုပ်နဲ့ လက်ရောက် ပေးမှ ဖြစ်မယ် ဘိုးလေး ”

ထိုသို့ ဒေါ်ငွေရက သူတို့လင်မယားအပေါ် ယုံကြည်သေးဟန်မတူသောစကားကို ဆိုလိုက်သည်။

ထိုအခါ ကိုသန်းဌေးက ပြာပြသလဲ ဝင်ဖြေ၏။

” ဟာ စိတ်ချပါ ဒေါ်ငွေရ။ အခုလည်း ကျနော် စာချုပ်စာတမ်းတွေ တပါတည်း ထည့်ယူလာခဲ့ပါတယ်ခင်မျ ”

သို့ဖြင့် နှစ်ဦးနှစ်ဖက် အဆင်ပြေသွားကြလေ၏။ဘိုးလေးဦးမြင့်က ပြန်ခါနီးမှာ တထွာခန့် ဆေးပုလင်းတလုံးကို ဒေါ်ငွေရအား ပေးရင်း ၊ ဟိုလင်မယား၂ယောက် မကြားရအောင် ခပ်တိုးတိုးကြိတ်ဆူ၏။

” မိုက်လိုက်တဲ့ မိငွေ ၊ နင်မို့ စကားအင်း မယ်တော်ကို လှုထားပါရဲ့နဲ့ ပညာကို ထုတ်သုံးရဲတယ် ၊ ဟိုက နင့်ကို အသေလုပ်လိမ့်မယ် ၊ နင် မကြောက်ရော့လား မိငွေရယ် ”

” မကြောက်ပဲလား ဘိုးလေးရဲ့။ ကျမလည်း ချီးချမ်းအောင် ကြောက်ပါ့ ။ ပညာ မသုံးခင်မှာ မယ်တော့်နတ်နန်း သွားပြီး ပွဲထိုးတယ်လေ။ စော်ကားလွန်းလို့ ဆုံးမခွင့်ပြုပါဆိုပြီး ခွင့်ပြုမိန့်တောင်းလာခဲ့တာ ဘိုးလေးရဲ့ ”

” အေး အေး အဲ့သလိုဆိုရင်လည်း ပြီးပါလေရော။ ဆုံးမတယ်ဆိုလည်း အသေအပျောက်တော့ မရှိစေနဲ့ဟေ့ ။ လွန်လာရင်တော့ ငါလည်း ဝင်ပါသင့် ဝင်ပါရမှာပဲ။ ငါ ရှိနေလျက်နဲ့တော့ ရွာကို ဘယ်ပညာသည်မှ မစော်ကားစေရဘူး ။ ကြားလား မိငွေ ”

” ဟုတ်ကဲ့ပါ ဘိုးလေး။ နောင် ဒီလို မဖြစ်စေရပါဘူး ”

” အေး ပြီးပါလေရော ၊ နင်က ပညာကို လှုထားတယ်ဆိုတာ ငါသိပေမယ့် ၊ နင့်လို လျှာနှစ်ခွပါတဲ့ စုန်းမများဟာ အချိန်မရွေး ပညာကို ပြန်ယူနိုင်တယ်ဆိုတာကိုလည်း ငါသိနေတယ်နော် မိငွေ ။ နင်တို့က လမ်းကောင်းနဲ့ လမ်းဆိုး ဘယ်ပညာလမ်းကို တက်တက် ၊ ထက်မြက်ကြတယ်ဆိုပြီး မာန်မတက်လေနဲ့ ။ ငါလည်း ရွာထဲမှာ ရှိနေတယ်ဟေ့ ၊ ရှိနေတယ် ”

ဘိုးလေးမြင့် ပြန်တော့ ၊ ဒေါ်ငွေရက ဘိုးလေးမြင့်ကို ထိုင်ကန်တော့သည်။

ဤသို့ဖြင့် မစိန်စိန်တို့ ပြသနာမှာ ပြေလည်သွားခဲ့သည်။ မစိန်စိန်သည် ထိုအချိန်မှစ၍ ရွာထဲမှာ မထောင်လွှားရဲတော့ချေ။

မကြာခင်မှာပဲ ကိုသန်းဌေးနဲ့မစိန်စိန်တို့ရဲ့ အလှုတော်မင်္ဂလာပွဲကြီးဟာလည်း စကားအင်းရွာမှာ ခြိမ့်ခြိမ့်သဲ ကျင်းပ အောင်မြင်ခဲ့ပါလေတော့သတည်း။

ပီပီ(မန္တလေး)

Zawgyi Version

“လွ်ာႏွစ္ခြ စုန္း”(စ/ဆံုး)
——————————
၂၀၁၅ခုႏွစ္ ၊ တေပါင္းလဆန္း ၃ရက္ေန႔။ စေနေန႔။

မႏၲေလးတိုင္းေဒသႀကီး၊ေက်ာက္ဆည္ခ႐ိုင္ ၊စကားအင္း႐ြာရွိ မုန႔္လက္ေဆာင္းေရာင္းေသာ မစန္းဦးေနအိမ္၌ မိန္းမတသိုက္ သန္းဥႏႈိက္ရင္း စကားတင္းဆိုေနၾက၏။

အိမ္ရွင္ မစန္းဦးက မုန႔္လက္ေဆာင္းႀကိဳေန၏။ သူမ အနီးမွာ သန္းဥတုပ္ေနသူက မျမတင္။ ဆံပင္ ေသြ႕ေျခာက္ေျခာက္ ဖြာလန္က်ဲ၍ သန္းဥ အႏႈိက္ခံသူက ခ်ဲထီ ေကာ္မရွင္စား ေရာင္းသူ မေအးၾကည္။

မုန႔္လက္ေဆာင္းႀကိဳေနေသာ မစန္းဦးက …

” ဟဲ့ ျမတင္၊ ႐ြာေတာင္ပိုင္းက ကိုသန္းေဌး ႏြားကို ေတာင္႐ိုးေလးက ဧကရာဇ္ပင္ေအာက္မွာ ျပန္ေတြ႕တယ္ဆို ”

သန္းဥ ႏႈိက္ေနေသာ မျမတင္က ေခါင္းကိုင္မပ်က္ ျပန္ေျဖ၏။

” ေတြ႕သပါ့ အစ္မရယ္၊ ည၁၀နာရီေလာက္မွ ျပန္ေတြ႕သတဲ့။ ႏြားကို ေတြ႕ေတာ့ အေသေတြ႕တာတဲ့ေတာ့ ။ အစ္မ ေျပာသလို ဧကရာဇ္ပင္ေအာက္ တည့္တည့္က ေျမေပၚ မွာ အေသႀကီး ျပန္ေတြ႕တာဆိုပဲ ”

မစန္းဦးက စိတ္ဝင္တစားနဲ႔၊

” ဟဲ့ သူ႔ႏြားက အေကာင္းႀကီးမို႔လား ၊ ဘယ္လိုျဖစ္လို႔ ေသရတာလဲ ။ ပိုးထိတာလားဟဲ့ ”

မျမတင္က အာေဘာင္အာရင္းသန္သန္ျဖင့္ …

” အေကာင္းႀကီး အလတ္ႀကီးပါေတာ္။ ကိုသန္းေဌးက ေဘာစိ။ ႏြားေကာင္းပဲ ကိုင္တာ၊ ႏြားမ်ား နည္းနည္း ‘ န ‘တာနဲ႔ ေငြအလိုက္ေပး လဲပစ္တဲ့သူေလ။ ႏြားက ပိုးထိလို႔ ေသတာမဟုတ္ဘူး အစ္မရဲ႕။ နတ္က ဖမ္းစားတာနဲ႔ တူတယ္။ ဒဏ္ရာ မေတြ႕ဘူး။ မ်က္လုံး ပြင့္လ်က္သားႀကီး ေသေနတာတဲ့ ”

သန္းဥ အႏႈိက္ခံရင္း ငိုက္ျမည္းေနတဲ့ မေအးၾကည္က၊

” ငါေျပာသားပဲ ၊ အဲ့ဒီ ကိုသန္းေဌးေရာ၊ သူ႔မယား မစိန္စိန္ေရာက စီးပြားျဖစ္ေနေတာ့ သူတို႔ကိုယ္ သူတို႔ ဟုတ္လွၿပီထင္ေနတာေလ။ ဘာကိုမွ အယုံအၾကည္ မရွိၾကဘူး။ အိမ္တြင္းမွမတင္တာေအ့ ၊ အဲ့ဒါ အိမ္တြင္းအေဖႀကီးက သူ႔ကို ပစ္ထားလို႔ သတိေပးတာ ၊ မွတ္ကေရာပဲ ”

မေအးၾကည္က တ႐ြာလုံးကို ခ်ဲထီ လွည့္ပတ္ ေရာင္းေနသူဆိုေတာ့ ဘယ္အိမ္က ဘာဟဲ့ဆို သူက အရင္သိၿပီးသား။

အိမ္တြင္းအေဖႀကီးဆိုတဲ့ နတ္ဆိုတာက မင္းမဟာဂီရိနတ္ကို ဆို၏။ ဤေနရာ၌ မင္းမဟာဂီရိ ေခၚ အိမ္တြင္းအေဖႀကီး သမိုင္းကို အက်ဥ္း႐ုံး ေဖၚျပလိုပါ၏။

တေကာင္းျပည့္ရွင္ဘုရင္က ခြန္အားဗလအလြန္ႀကီးမားေသာ ပန္းပဲေမာင္တင့္တယ္၏ ပုန္စားမည္ကို ေၾကာက္၏။ ထို႔ေၾကာင့္ ေမာင္တင့္တယ္၏ ႏွမျဖစ္သူအား ေတာ္ေကာက္ကာ ပရိယယ္ဆင္၍ ေမာင္ျဖစ္

သူအား ေခၚေဆာင္ကာ၊ စကားပင္ရင္း၌ ႀကိဳး တုတ္ မီးရႈိ႕သတ္ျဖတ္ေသာေၾကာင့္ ႏွမျဖစ္သူပါ မီးပုံထဲခုန္ခ်၍ အေသခံခဲ့သည္။

ထို႔ေနာက္ ထိုစကားပင္ႀကီး၌ နတ္စိမ္းျဖစ္ေလ၏။ အပင္ရိပ္ခိုသူ လူသူကြၽဲႏြားမ်ားကို

ဖမ္းစား သျဖင့္ အပင္ကို ခုတ္ကာ ဧရာဝတီျမစ္ အတိုင္းေမ်ာလိုက္ရာ ပုဂံျပည္ျမစ္ဆိပ္၌ဆိုက္ကပ္ေလ၏။

ယင္းစကားပင္ကို ပုဂံေသလည္ေၾကာင္မင္းက ဆယ္ယူ

ၿပီး ပုပၸါးေတာင္သို႔ပို႔ေဆာင္ခဲ့သည္။

ထိုမင္းလက္ထက္၌ ႏွစ္စဥ္ နတ္ေတာ္လအခါတြင္ နတ္ပြဲက်င္းပေလ့ရွိသည္။

ကြၽဲႏြားတို႔ကို ယဇ္ပူေဇာ္ကာ ေဒသဝန္းက်င္ရွိ အိမ္ေရွ႕တိုင္းတြင္နတ္ကြန္းငယ္မ်ားျပဳလုပ္ကာ ႂကြင္းက်န္ေသာတိရိစာၦန္ အ႐ိုးတို႔ကို ခ်ိတ္ဆြဲထားေလ့ရွိသည္။

ဤအစဥ္အလာကို ေထရဝါဒဗုဒၶသာသနာျပဳမင္းျဖစ္ေသာ

အေနာ္ရထာလက္ထက္ကတားျမစ္ခဲ့ေသာ္လည္း ေနာက္မင္းမ်ားလက္ထက္တြင္ ျပန္လည္ထြန္းကားခဲ့ျပန္၏။

တဖန္ ဒုတိယျမန္မာႏိုင္ငံေတာ္ ထူေထာင္ေသာ ဘုရင့္ေနာင္လက္ထက္၌ အိမ္ေရွ႕တြင္ နတ္စင္ရွိေသာ အိမ္မ်ားကိုအျပစ္ေပးဆုံးမေတာ္မူသျဖင့္ နတ္စင္ကို အိမ္တြင္းသို႔

ေျပာင္းေ႐ႊ႕ပူေဇာ္ၾကရာမွ အိမ္တြင္းမင္း မဟာဂီရိနတ္ဟူ၍ အမည္တြင္ခဲ့ပါသည္။

မီးေလာင္ကြၽမ္းတိမ္းပါးခဲ့ေသာေၾကာင့္အလင္းေရာင္မရေအာင္ ခန္းဆီးစအနီ

ျဖင့္ပိတ္ထား၏။ မီးေလာင္ဒဏ္အား သက္သာေစရန္ရည္႐ြယ္ကာ အုန္းသီးျဖင့္ပူေဇာ္ျခင္းျဖစ္ေၾကာင္းအဆိုရွိပါသည္။

ယခု မေအးၾကည္က ကိုသန္းေဌးတို႔ လင္မယားက အိမ္တြင္း မတင္သျဖင့္ နတ္က ဖမ္းစားသည္ဟု ဆိုလိုက္ျခင္း ျဖစ္ေလ၏။ဒါက ႀကဳံတုန္းေလး မင္းမဟာဂီရိနတ္အေၾကာင္း ရွင္းျပတာပါ။

ကိုသန္းေဌးက လယ္ဧကမ်ားစြာ ပိုင္ဆိုင္ၿပီး၊ အလုပ္ႀကိဳးစားသူ ျဖစ္သည္။

စီးပြားေရးက ေကာင္းေတာ့၊ လယ္ေရာင္းမည္ဆိုပါက၊ ေျပးဝယ္ၿပီးသားပင္။

ထို႔ေၾကာင့္ပင္ ယခုအခ်ိန္၌ ကိုသန္းေဌးတြင္ လယ္ဧက ၂၀ခန႔္အထိ တိုးပြားလာခဲ့ျခင္းျဖစ္သည္။

မစိန္စိန္က အိမ္မွာ ကုန္စုံဆိုင္ႀကီး ဟီးေနေအာင္ဖြင့္ၿပီး ၊ စီးပြားရွာသူ ျဖစ္၏။ ေငြတိုးလည္း ေပး၏။

၎တို႔၌ သားတေယာက္ သမီးတေယာက္ ထြန္းကားၿပီး၊ မၾကာမီ ရွင္ျပဳနားသ အလႈေတာ္ႀကီး ၿခိမ့္ၿခိမ့္သဲ က်င္းပရန္ စီစဥ္ေနၾကခ်ိန္ျဖစ္ေလ၏။

နာမည္ႀကီး မႏၲေလးဆိုင္း၊ မႏၲေလးဘိတ္သိတ္ပင္ စရံသပ္ၿပီးၿပီဟု ၾကားရသည္။ သားျဖစ္သူကို ေမာင္ရင္ေလာင္း လွည့္သည့္အခါ ဆင္ျဖင့္၊ သမီးျဖစ္သူကို ေ႐ႊလွည္းျဖင့္ အစစအရာရာ စီစဥ္ၿပီး ျဖစ္သည္။

အိုးသစ္အိမ္သစ္ျဖင့္ စီးပြားေရး အလြန္ေကာင္းေနခ်ိန္လည္း ျဖစ္သည္။ မၾကာမီကမွ ၎တို႔၏ တိုက္သစ္တက္မဂၤလာ က်င္းပၿပီး၊ လာေရာက္သူဧည့္သည္မ်ားကို အလႈႀကီး ေပးလႈမည့္အေၾကာင္း ေျပာေနၾကေသးသည္ကို ၾကားမိေလ၏။

ႏြားတေကာင္ေပ်ာက္တာ၊ ကိုသန္းေဌးအတြက္ ပထမဆုံးေသာ ဆုံးရႈံးမႈ ျဖစ္သည္။သို႔ေသာ္ ႏြားကို ျပန္ေတြ႕ေပမယ့္ ေသေနလ်က္သား ျပန္ရခဲ့ပါ၏။

ယင္းလက္သည္မေပၚေသာ ႏြားတေကာင္ ဆုံးရႈံးမႈ ေနာက္ကြယ္၌ကား …

___________

အခန္း၂။

“စိန္စိန္ေရ … ငါ့ကို ဆန္တျပည္နဲ႔ ဆီအစိပ္သားေလာက္ ေရာင္းပါအုံး ”

မစိန္စိန္သည္ အေႂကြးစာရင္း

တြက္စစ္ေနရာမွ ေခါင္းေမာ့ၾကည့္လိုက္သည္။

ဆိုင္ေရွ႕တြင္ ေဒၚေငြရရပ္ေနသည္ကို ျမင္လိုက္ေတာ့ ခ်က္ခ်င္းပဲ …

” ဘာလဲ ေဒၚေငြရ … အေႂကြးပဲလား ”

” ေအးကြယ္ … သားႀကီး ဆန္းထူး ျပန္လာရင္ ၊ အရင္ကအေႂကြးေရာ ၊ အခု အေႂကြးပါ ေပါင္းဆပ္ပါ့မယ္။ အဖိတ္ေန႔ညေန ဆန္းထူး ျပန္ေရာက္မယ္ ေျပာတယ္ ”

ေဒၚေငြရ ၏ သား ဆန္းထူးက မႏၲေလးဘက္ ပန္းရံ လိုက္လုပ္ေန၏။

ရက္တပါတ္တခါ ျပန္လာတတ္သည္။ မႏၲေလး ထုံးစံက အဖိတ္ေန႔ ေငြရွင္း၏။ဥပုသ္ေန႔ အလုပ္နား၏။

မစိန္စိန္သည္ စာရင္းစာအုပ္ကို ပိတ္ကာ၊ ထလာၿပီးမ်က္ႏွာထားတင္းတင္းနဲ႔ …

” ကြၽန္မ ေဈးေရာင္းေနတာ ေဒၚေငြရေရ၊ အလႈေပးေနတာမဟုတ္ဘူးေတာ့ ။ေဒၚေငြရက အရင္က အေႂကြးပဲ တေသာင္း၅ေထာင္ေက်ာ္ေနၿပီ။ အခု ေစာေစာစီးစီး ထပ္ၿပီး အေႂကြးလာယူျပန္ၿပီ။ ကြၽန္မ ေျပာေတာ့ ကြၽန္မ အလြန္ ျဖစ္အုံးမယ္ ”

မစိန္စိန္က ေဒၚေငြရမ်တ္ႏွာ တည့္တည့္ၾကည့္၍ ဆိုလိုက္ျခင္းျဖစ္သည္။

အမွန္ေတာ့ ေဒၚေငြရ ေဈးလာဝယ္ခ်ိန္က သိပ္ေတာ့ အေစာႀကီး မဟုတ္ပါဘူး။ နံနက္ ၁၀နာရီထိုးၿပီးၿပီ ျဖစ္၏။

တကယ္ဆို ေဒၚေငြရကို မစိန္စိန္ ဒီလို မေျပာသင့္။

မစိန္စိန္နဲ႔ေဒၚေငြရတို႔မွာ မကင္းရာမကင္းေၾကာင္း ရာဇဝင္ေလးတခု ရွိခဲ့ဖူး၏။

ေဒၚေငြရ၏ ေယာက္က်ား ဦးသိန္းေမာင္ မဆုံးခင္၊ ကင္ဆာေဝဒနာ ခံစားေနရစဥ္က မစိန္စိန္တို႔ ဒီေလာက္ စီးပြားမျဖစ္ေသး။ ကိုသန္းေဌးက လယ္ ၃ဧကေလာက္နဲ႔ ႐ုန္းကန္ေနရဆဲ။

မစိန္စိန္လည္း အခုလို ကုန္စုံဆိုင္ႀကီးနဲ႔ မဟုတ္။

အိမ္ေဈးဆိုင္ေလးနဲ႔ ၊ ေငြတိုးေပးစားေနရသည္။

ေဒၚေငြရခမ်ာ သူမခင္ပြန္း ဦးသိန္းေမာင္ကို ေဆးကုဖို႔ ေငြလိုလာေတာ့၊ မစိန္စိန္ဆီမွာ ဦးသိန္းေမာင္ က်န္းမာစဥ္က လုပ္ကိုင္စားေသာက္ခဲ့ေသာ လယ္၃ဧကကို တဧကၿပီး တဧက ေပါင္ႏွံခဲ့ရသည္။

လယ္ဧက ေပါင္ႏွံၿပီး ရတဲ့ေငြနဲ႔ ေဆး႐ုံေဆးေပးခန္း ေျပးရသည္။

ေပါင္ႏွံလို ရလာတဲ့ေငြက ဆင္ပါးစပ္ ႏွမ္းပက္သလိုပင္။ ဓာတ္မွန္႐ိုက္ရ၊ အာထရာေဆာင္း႐ိုက္ရ၊ အသားစ စစ္ရနဲ႔ တျဖဳန္ျဖဳန္ေကး တျဖည္းျဖည္းကုန္ရသည္။

ေနာက္ဆုံး ဦးသိန္းေမာင္ ဆုံးေတာ့၊ သားတေယာက္မိခင္ ေဒၚေငြရခမ်ာ ထိုလယ္၃ဧကကို ျပန္မေ႐ြးႏိုင္။ လက္ထဲလည္း ေငြကမရွိ။ ၾကပ္တည္းရွာ၏။

ထို႔ေၾကာင့္ ေဆြမ်ိဳးမ်ားက အကုန္မေရာင္းဘဲ ၊ တဧကေလာက္သာ ေရာင္း၍ က်န္ ၂ဧကကို သားအမိႏွစ္ေယာက္ ဒိုးတူေပါင္းဖက္ လုပ္စားၾကရန္ အႀကံေပး တားျမစ္ၾကေလ၏။

ေဆြမ်ိဳးထဲမွ လူႀကီးတေယာက္က …

” မသကာ ၂ဧက ေရာင္းေပါ့၊ က်န္တဲ့ လယ္တဧကနဲ႔ စိုက္ပါေလ့ေအ။ နင္တို႔လည္း သားအမိႏွစ္ေယာက္ရွိတာ။ေလာက္ငမွာပါ။ အဲ့ဒီလယ္ေတြက လူတိုင္း လိုခ်င္ေနၾကတာ၊ ငါတို႔ေတာ့ မေရာင္းေစခ်င္ပါဘူး ”

သို႔ေသာ္ တားေနသည့္ၾကားက အတိုးအရင္းေပါင္း၍ မစိန္စိန္ထံ မတန္ေရတန္ေရနဲ႔ ထိုးေရာင္းခဲ့ရသည္။ တကယ္ေတာ့ ေဒၚေငြရခမ်ာ အမ္းေငြ အနည္းငယ္သာ ရရွာ၏။

မစိန္စိန္က အဲ့သည္တုန္းက ဤသို႔ စကားေတြ ႐ႊန္း႐ႊန္းေဝေအာင္ ေျပာခဲ့သည္။

” ေဒၚေငြရလည္း အဆင္ေျပသြားေအာင္ဆိုၿပီး ကြၽန္မက တိုက္တြန္းတာပါ။ ဇြတ္အတင္း မေရာင္းခိုင္းပါဘူး။ တလ တလ ကြၽန္မကို ေဒၚေငြရ အတိုးေပးေနရတာလည္း သက္သာေအာင္၊ ေငြလုံးေငြရင္းေလးလည္း ေပၚသြားေအာင္ အၿပီးသာ ေရာင္းလိုက္ပါလား ေဒၚေငြရရယ္။ ေဒၚေငြရ အခုလို လတိုင္း စိတ္ေမာေနရတာ ကြၽန္မ မၾကည့္ရက္ဘူး။ ကိုယ့္အေဒၚအရင္းလို ျဖစ္ေနၿပီမဟုတ္လား။ကြၽန္မက ကြၽန္မဆီ ေပါင္ထားတယ္ဆိုၿပီး ေဈးႏွိမ္ မဝယ္ပါဘူး ေဒၚေငြရရယ္။ ကာလေပါက္ေဈး ေဒၚေငြရ စုံစမ္းေပါ့ ။ ၿပီးေတာ့ သင့္ရာသင့္ေၾကး ျဖတ္ၿပီး ကြၽန္မ ယူပါ့မယ္၊ တေယာက္နဲ႔တေယာက္ ေဆြမ်ိဳးရင္းခ်ာေတြလို ျဖစ္ေနၾကၿပီပဲရွင္၊ ကြၽန္မက ေဒၚေငြရတို႔အေပၚ နစ္နာေအာင္ လုပ္ပါ့မလား၊ ေနာက္လည္း ေဒၚေငြရတို႔ လိုတာရွိ လာေျပာေနာ္၊ အားနာစရာ မလိုဘူး ”

မစိန္စိန္တို႔က အဲ့သလို။ သူ လိုအပ္တာရွိတုန္းေတာ့ ႐ႊန္း႐ႊန္းေဝလို႔ ။ယခု ေဒၚေငြရ စီးပြားက်ၿပီး ဆင္းရဲခ်ိန္ က်မွ ဒီစကားမ်ိဳး ေျပာထြက္ရက္သည္။

ေျပာရမယ္ဆိုရင္ ႐ြာမွာက

ဦးသိန္းေမာင္ လယ္ေျမက ေျမခံယာခံေကာင္း၏။

စိုက္သမွ် ျဖစ္ထြန္းသည္ဟု နာမည္ႀကီး၏။ တျခား လယ္နဲ႔မတူ။ သီးႏွံ ပိုထြက္၏။

တကယ္လည္း စိုက္သမွ် သီးႏွံ ေအာင္ျမင္သည္။ ဒါေၾကာင့္ ကိုသန္းေဌးက ဦးသိန္းေမာင္ရဲ႕ လယ္၃ဧကကို မ်က္စိက်ေနတာ ၾကာၿပီေလ။

သူ႔မိန္းမကို ဖြင့္ဟတိုင္ပင္ၿပီး ထိုလယ္၃ဧကကို သူတို႔လင္မယားက လက္ေရာက္ရယူၾကရန္ တိုက္တြန္းေတာ့တာေပါ့။

ေနာက္ဆုံး၌ ႏူရာဝဲစြဲ၊ လဲက်သူ ကူေထာင္းခံရသကဲ့သို႔ ေငြေၾကးၾကပ္တည္းေနတဲ့ ေဒၚေငြရက ၊ သူ႔သား ဆန္းထူးကလည္း လယ္ယာခြင္ မဝင္ခ်င္သည့္အဆုံး ထိုလယ္၃ဧကကို မစိန္စိန္ထံ ထိုးေပးလိုက္ရ၏။

ကာလတန္ေၾကး ေပးမည္ဟု စကားလွေအာင္ ေျပာခဲ့ဖူးတဲ့ မစိန္စိန္က တကယ္တန္း လယ္ေျမတန္ဘိုးအား ခုႏွိမ္ ေပးေခ်ေတာ့၊ ေဒၚေငြရခမ်ာ ဘာမွ သိပ္မရလိုက္ေခ်။

ေငြရွင္ျဖစ္တဲ့ မစိန္စိန္ကို ေဒၚေငြရခမ်ာ ေျပာဖို႔ အင္အားမရွိတာလား၊ မေျပာခ်င္ေတာ့လား မသိ။

ေဒၚေငြရ မစိန္စိန္ေပးေသာ ေငြအနည္းငယ္ျဖင့္ ေက်နပ္လိုက္ရရွာ၏။

ထိုလယ္၃ဧကကို မစိန္စိန္တို႔လင္မယား ရၿပီဆိုကတည္းက စီးပြားေရးက ဒီေရအလား တိုးပြားလာခဲ့သည္မဟုတ္လား။

သီးႏွံ အထြက္ေကာင္းေတာ့ ဝင္ေငြေကာင္း၏။

ဒီၾကားထဲ ကိုသန္းေဌးက တ႐ုတ္ဖက္စပ္ကုမၸဏီတခုႏွင့္ ေပါင္းကာ၊ သခြါးေမႊးမ်ိဳးသစ္ကို စြန႔္ဦး စိုက္ပ်ိဳးခဲ့သည္။

သခြါးမ်ိဴးသစ္က ေအာင္ျမင္ေတာ့ တရာသီတည္းႏွင့္ သိန္း၅၀ေက်ာ္ အသားတင္ အျမတ္က်န္ခဲ့၏။

သခြါးမ်ိဳးသစ္ စိုက္ပ်ိဳးသည့္ေျမက ေဒၚေငြရ အေပါင္ဆုံးခဲ့ေသာ လယ္ေျမ ၃ဧက။

ထို႔ေၾကာင့္ မစိန္စိန္ လက္မေထာင္ႏိုင္ခဲ့တာ ေဒၚေငြရ လယ္၃ဧကေၾကာင့္ဆိုရင္ မွားမည္မထင္။

ေဒၚေငြရမ်က္ႏွာက ညိဳးက်သြား၏။ သို႔ေပမယ့္ ေလေျပေလးထိုး ေတာင္းပန္ရွာသည္။

” တျပည္ မေရာင္းခ်င္လည္း ႏို႔ဆီဘူး ၄လုံးေလာက္ေတာ့ ေရာင္းပါေအ။ အဖိတ္ေန႔ ညေန ဆန္းထူး ျပန္ေရာက္ေရာက္ခ်င္း ငါ လာဆပ္ပါ့မယ္။ အိမ္မွာ ခ်က္စရာဆန္ကို တေစ့မွ မရွိေတာ့လို႔ပါ စိန္စိန္ရယ္ ။ ေနာ္ စိန္စိန္ … လူရင္းေတြပဲဟယ္ လုပ္ပါ ”

မစိန္စိန္က မ်က္ႏွာ ရွစ္ေခါက္ခ်ိဳးျဖင့္ …

” မေပးႏိုင္ဘူး ေဒၚေငြရ။ ကြၽန္မ စီးပြားေရး လုပ္ေနတာ။ အားနာေနလို႔ မျဖစ္ေတာ့ဘူး ။ ကြၽန္မ အျပတ္ေျပာလိုက္မယ္။ အရင္အေႂကြး တေသာင္းငါးေထာင္ လာဆပ္ရင္ ေပးမယ္။ မဆပ္လို႔ကေတာ့ ထပ္ၿပီး မေပးႏိုင္ဘူး။ တျခားဆိုင္သာ သြားၿပီး အေႂကြးဝယ္ေခ်။ ကဲ့ သြား သြား ေဒၚေငြရ ၊ ကြၽန္မ စာရင္းလုပ္ေနတာ ေခါင္းရႈပ္တယ္ သြားေတာ့ ”

ဒီလိုအထိ အႏွင္ခံရမယ္လို႔ ေဒၚေငြရက ထင္ထားဟန္ မတူဘူး။

မစိန္စိန္က အဲ့သလို ေလသံမာမာနဲ႔ ႏွင္လႊတ္ေတာ့ ေဒၚေငြရ ဝမ္းနည္းသြားသည္။ ၿပီးေတာ့ မစိန္စိန္ကို ခပ္စူးစူး တခ်က္ၾကည့္ၿပီး ၊ လက္ညႇိဳး ေငါက္ေငါက္ထိုးကာ

” ေအာ္ … ဒီလူနဲ႔ ဒီလူ အဲ့သေလာက္ ေျပာဖို႔ လိုသလား စိန္စိန္။

ဒီမွာ စိန္စိန္ နင့္အေႂကြးကို ငါ ေသရာပါေအာင္ မယူပါဘူးဟဲ့။ ငါ့သားလာရင္ ဆက္ဆက္ ျပန္ဆပ္မွာပါ ။

ေအး နင့္အေႂကြးကို ငါဆပ္ၿပီးရင္၊ ငါ့အေႂကြးကို နင္ ေၾကေအာင္ ဆပ္ဖို႔ ျပင္ထားေဟ့ ”

ေဒၚေငြရဟာ ထိုသို႔ေျပာအၿပီး၊ ေျမျပင္ေပၚကို ေျခေဆာင့္၊ ထြီခနဲ႔ တံေတြးတခ်က္ မဲ့ကာ႐ြဲ႕ကာ ေထြးလိုက္၏။ ၿပီးလ်င္ ေနာက္သို႔ လုံးဝ လွည့္မၾကည့္ပဲ ထြက္သြားေလ၏။

________

အခန္း၃။

” မုန႔္လက္ေဆာင္း နံကထီး ”

ဆြဲဆြဲငင္ငင္ ေအာ္လိုက္တဲ့ မစန္းဦးရဲ႕အသံၾကားရင္ ေန႔လယ္ ၁၀နာရီေက်ာ္ၿပီဆိုတာ တ႐ြာလုံးက သိၾက၏။

ဒီအခ်ိန္ ကေလးေတြ ေဆာ့ကစားေနၾကတဲ့အခ်ိန္၊ မစန္းဦးအသံၾကားတာနဲ႔ အေမေတြဆီ တန္းေျပးၾကေတာ့တာပဲ။

ၿပီးရင္ တေယာက္တက်ပ္ကိုင္ၿပီး မစန္းဦးရဲ႕ မုန႔္လက္ေဆာင္း အိုးခ်ရာ ကုကၠိဳပင္ေအာက္မွာ ဝိုင္းအုံလာၾကသည္။

အုန္းျခစ္ေဖြးေဖြး အေပၚယံက ျဖဴးထားတဲ့ ေကာက္ညႇင္းနဲ႔ မုန႔္လက္ေဆာင္းဖတ္ကို ထန္းညက္(လ်က္)ေရ အညိဳေရာင္ ေအးေအးေလးနဲ႔ အားပါးတရ ေသာက္ၾက၏။

မစန္းဦးရဲ႕ မုန႔္လက္ေဆာင္းအခ်ိဳရည္က တေပါင္းအပူပင္ ၿငိမ္းေလ်ာ့ထင္ရ၏။

တေပါင္းလဆန္းဆိုတာ ေန႔ပူညခ်မ္းမဟုတ္လား။ ေန႔လယ္ေန႔ခင္း ဒီအရပ္က ပူ၏။ ပူေတာ့ ဒီလို မုန႔္လက္ေဆာင္းေအးေအးေလးကို ကေလးမ်ားက အလြန္ႏွစ္ၿခိဳက္၏။ ေငြတက်ပ္ႏွင့္ ဝမ္းအဆာလည္း ေျပသည္ေလ။

မစန္းဦးကေတာ့ ဝယ္သူလာသမွ် မုန႔္ျပင္ေပးၿပီးရင္၊ ေျပာင္းဖူးဖက္ကို မီးညႇိၿပီး ဖြာေတာ့တာပဲ။ ေဆးေလး တဖြာႏွစ္ဖြာေလာက္ ဖြာလိုက္ရမွ သူ႔ခမ်ာလည္း အေမာေျပဟန္တူ၏။

သစ္ေစးသုတ္ ဗ်တ္ေပၚမွာ၊ ေျမအိုးေျပာင္ကို အဝတ္ပတ္ၿပီး ႐ြက္လာရတာ ေမာရွာမေပါ့။ ဗ်တ္ေပၚမွာက ထန္ညက္ရည္အိုးအျပင္ အုန္းျခစ္၊ မုန႔္လက္ေဆာင္းဖတ္၊ အုန္းႏို႔၊ ေကာက္ညႇင္းနဲ႔ ႏွမ္းေထာင္းကလည္း ပါေသး။ ေလးလံရွာမည္။

မစန္းဦးဆီကို ကေလးေတြတင္ ဝိုင္းအုံလာၾကတာမဟုတ္ဘူး။ သူနဲ႔ ပါတနာက်တဲ့ မိန္းမအခ်ိဳ႕လည္း ေရာက္လာၿပီး စကားစျမည္ ေျပာၾက၏။

” ဟဲ့ ေအးတင့္ ၊ မစိန္စိန္ ကုန္စုံဆိုင္ သူခိုးေဖါက္ခံရလို႔ဆို ၊ နင္ ၾကားထားၿပီးၿပီလား”

မစန္းဦးက လွမ္းေမးလိုက္ေတာ့၊ ေအးတင့္ဆိုသူက …

” ေအးေတာ့ … တေလာေလးကပဲ သူ႔လင္ ကိုသန္းေဌး ၿမိဳ႕ကအျပန္ ေထာ္လာဂ်ီ ေမွာက္တာ ဘာၾကာေသးတုန္း ၊ အခု ကုန္စုံဆိုင္ကို အေဖါက္ခံရျပန္ၿပီ ။ ဒီမိန္းမေတာ့ အကုသိုလ္ေတြ ဖိစီးေနတယ္နဲ႔ တူပါရဲ႕၊ ေမတၱာေတြ စူးကုန္ၿပီေလ ”

တေလာေလးက ကိုသန္းေဌး တံတားဦးၿမိဳ႕သို႔ လယ္ယာသုံး ေဆးဝါးႏွင့္ လိုအပ္ေသာ စက္ပစၥည္း အခ်ိဳ႕ သြားဝယ္၏။ ၿမိဳ႕ကအျပန္ စကားအင္း ကုန္းအေမာ့မွာ ဝိတ္နဲ႔ကားနဲ႔ မမွ်၍ လန္က်ကာ ကားေမွာက္သြားခဲ့သည္။ ထိုစဥ္ကလည္း သိန္းဆယ္ခ်ီ ဆုံးရႈံးခဲ့သည္ကို ေျပာေနၾက၏။

” ေအးေနာ္ စိန္စိန္တို႔က ပိုက္ဆံခ်မ္းသာလာေတာ့ လူခ်င္းေတြ႕ရင္ အထက္စီးက သိပ္ေျပာတာေအ့။ သူ႔ေႂကြး မကင္းသူကေတာ့ သည္းခံၾကမေပါ့ ။ တို႔ကေတာ့ ေနသာသပါ့ ေလညာကပဲေဟ့ ၊ သူနဲ႔ ခပ္ကင္းကင္းပဲ၊ ဂ႐ုမစိုက္ေပါင္ ”

” ဟုတ္ပါရဲ႕ေအ … ညည္းတို႔လည္း ၾကားၾကမွာပါ။ ကိုယ့္ေက်းဇူးရွင္ကိုေတာင္ အေႂကြး မေပးလို႔ အိမ္ရိပ္လာမနင္းနဲ႔လို႔ ႏွင္သတဲ့ ။ ဒီမိန္းမ ေအာက္ေျခလြတ္ေနတာမ်ား ေျပာ မေျပာခ်င္ေပါင္။ ငါျဖင့္ အဲ့ဒီသတင္း ၾကားေတာ့ ေဒၚေငြရႀကီး သနားလိုက္တာ ”

” အစ္မစန္းဦးကလည္း ေဒၚေငြရက ႐ိုး႐ိုးကုပ္ကုပ္ ေနတတ္လို႔ေနာ္ ၊ အရင္က ပညာသည္လို႔ ေျပာသံၾကားဖူးတယ္။ ဦးေလး ဦးသိန္းေမာင္နဲ႔ ညားေတာ့မွ ေဒၚေငြရက သူ႔ပညာေတြကို စကားအင္းမယ္ေတာ္ႀကီးဆီ လႈလိုက္တာတဲ့ ”

မစန္းဦးက …

” ေအး … ငါလည္းၾကားဖူးတယ္။ ဦးသိန္းေမာင္နဲ႔ မညားခင္ ေဒၚေငြရ အပ်ိဳဘဝကဆို သိပ္ထက္တာတဲ့။ ပညာသည္အခ်င္းခ်င္းေတာင္ သူ႔ကို ေၾကာက္ရသတဲ့ေအ့။

ေနာက္ေတာ့ ဦးသိန္းေမာင္ကို ခ်စ္လို႔ သူ႔ပညာေတြ အကုန္ လႈလိုက္တယ္ဆိုပဲ။ ေဒၚေငြရကမ်ား စိန္စိန္တို႔ကို က်ိန္စာတိုက္လိုက္သလားပဲေနာ္ ”

” အံမယ္ေလး အစ္မစန္းဦးရယ္၊ ၾကမ္းၾကားေလၾကား အစ္မမို႔ ေျပာထြက္ရဲတယ္။ မရွိ ခိုးႏိုး၊ မလွ စုန္း႐ိုး ျဖစ္ေနပါၿပီ။ ဂ်ီးေဒၚေငြရက အဲ့သလို လုပ္မယ္ မထင္ပါဘူး။ ပညာကုန္ လႈထားတယ္မဟုတ္လား ။ အထင္နဲ႔ေတာ့ မ႐ိုးစြပ္ေစခ်င္ပါဘူးေတာ္ ”

” ဟဲ့ ပညာသည္ဆိုတာ အစြယ္ခ်ိဳးခံရေတာင္ မာန္က က်န္ေနတုန္းေအ့ ။ မလုပ္ဘူးလို႔ ညည္း အတတ္ေျပာရဲလား။ အိုေအ ငါျဖင့္ ေဒၚေငြရက လုပ္တယ္ဆိုရင္ေတာင္ လက္ခုပ္တီး အားေပးလိုက္ခ်င္ေသး။ ဘယ့္ႏွယ္ေတာ္… ဒင္းးတို႔လင္မယားက ႐ြာထဲမွာ တေထာင္ေထာင္နဲ႔ ။ မ်က္ေစ့ စပါးေမႊးစူးလွတယ္ ။ ေက်းဇူးရွင္ကို ေစာ္ကားမွေတာ့ ဒင္းးတို႔ ခုလိုျဖစ္တာ နည္းေတာင္ နည္းေသး”

႐ြာထဲက မစိန္စိန္တို႔လင္မယား အခုလို ျဖစ္တာကို ႀကိတ္ၿပီး ေက်နပ္ေနၾကသူေတြလည္း ရွိၾကသည္။ သနားၾကသူေတြလည္း ရွိၾကသည္။

ခက္တာက မစိန္စိန္။ အခုလို ျဖစ္တာေတာင္ သူက မာန္မခ်ေသး။ ပတ္ဝန္းက်င္ကို အျပစ္တင္ေနျပန္၏။

” သူခိုး ခိုးလို႔ စိန္စိန္တို႔ စီးပြားပ်က္မယ္ ထင္ေနၾကသူေတြ ၊ ႀကိတ္ၿပီး ဝမ္းသာေနၾကသူေတြ သိေအာင္ ေျပာလိုက္အုံးမယ္ ။

စိန္စိန္တို႔က ဒီေလာက္နဲ႔ေတာ့ေသြးမပ်တ္ဘူးေဟ့။ ရဲကို ပိုက္ဆံေပးၿပီးကို သူခိုးအဖမ္းခိုင္းအုံးမွာ။ကားေမွာက္တာကလည္း ကားသမားေသာက္သုံးမက်လို႔ေမွာက္တာ။ ဘာျဖစ္လဲ၊ ငါ့ေယာက်္ား ဘာမွမျဖစ္ရင္ၿပီးေရာ၊ ပစၥည္းဆိုတာ လူမေသသ၍ ျပန္မွာလို႔ရသေဟ့ေနာ္။ ငါတို႔ခ်မ္းသာတာကို မနာလိုၿပီးကြယ္ရာမွာ ေသာက္တင္းတုပ္ေနတဲ့ဟာမေတြ နင္တို႔ဆက္ၿပီး မနာလိုျဖစ္ရေအာင္ ငါကဒီထက္ ပိုခ်မ္းသာျပအုံးမွာေဟ့၊ ခ်မ္းသာအုံးမွာ ”

အဲ့သလိုေျပာၿပီး၊ မစိန္စိန္က လက္ေကာက္ေတြ တေတာင္ဆစ္ေလာက္အထိ ဝတ္ျပ၊ ၅က်ပ္သား ေ႐ႊဆြဲႀကိဳးႀကီး ဆြဲျပနဲ႔ ။ ႐ြာထဲကိုေတာင္ လည္ျပလိုက္ေသး။

ကိုသန္းေဌးကေတာ့ ကားေမွာက္တုန္းက ပြန္းပဲ့ ဒဏ္ရာေလာက္ပဲ ရတာဆိုေတာ့ ၊ ယာထဲကိုင္းထဲ ဆင္းေန၏။

ကားကေတာ့ ေဘာ္ဒီ႐ုံ ပို႔ထားရသည္။ အေတာ္ေလး ပ်က္စီးသြား၏။ သိန္း၂၀ေက်ာ္ဘိုးေလာက္ ျပဳျပင္ရမည္ဟုဆို၏။

မစိန္စိန္က အဲ့သလိုေတြသာ လူတြင္က်ယ္လုပ္ၿပီး၊ အ႐ြဲ႕တိုက္တာ ။ လူကြယ္ရာက် အခုတေလာ သူတို႔ ဆုံးရႈံးရတာ မ်ားသမို႔ ၊ ကူရာကယ္ရာ ရွာရေလ၏။

မိန္းမေတြက အိမ္စိးပြားေရး က်လာရင္ နတ္တို႔ ေဗဒင္တို႔ အားကိုးၾကသည္။ မစိန္စိန္လည္း မိန္းမပဲေလ။ အရင္က ႐ိုးရာေတာင္ မတင္ခဲ့ဖူးတဲ့ မိန္းမက အခုဆို အိမ္အေပၚထပ္မွာ အုန္းပြဲငွက္ေပ်ာပြဲေတြ အျပည့္။ မိန္းမနတ္ကေတာ္ ၊ မိန္းမလ်ာနတ္ကေတာ္ေတြလည္း သူ႔အိမ္မွာ ေျခခ်င္းလိမ္လို႔။

နတ္ကေတာ္က … အိမ္တြင္းအေဖႀကီး တင္ဟဲ့ဆို ၊ အခုခ်က္ခ်င္း အိမ္တြင္း ထတင္ေလ၏။

နတ္ကေတာ္ဆိုတာက ေျခာက္၍လည္းစား၏။ေျမႇာက္၍လည္းစား၏။

“မယုံၾကည္ရင္ေန၊ မေစာ္ကားနဲ႔၊ နတ္ဆိုတာက ေကာင္းက်ိဳးသာ ေႏွာင့္ေႏွးရင္ ေႏွာင့္ေႏွးမယ္၊ဆိုးက်ိဳးကေတာ့ ဒင္းခနဲေနေအာင္ ေပးလြယ္တယ္။ ေအး သူ႔ကို ယုံၾကည္ကိုးကြယ္သူကိုေတာ့ နတ္က ေစာင့္ေရွာက္ႏိုင္သကြဲ႕ ဘယ္လို ေစာင့္ေရွာက္သလဲဆို ၊ ရွိၿပီးသား စည္းစိမ္ဥစၥာကို မေလ်ာ့ပါးရေလေအာင္၊ ရွိေနတဲ့ ဥစၥာဓနကို တိုးပြားေအာင္ ကူညီႏိုင္တယ္ေပါ့ကြယ္ ”

နတ္ကေတာ္ဆိုတာ အဲ့သလို စကားကို ခ်ဳပ္ၿပီးတုပ္ၿပီး ေျပာေလ့ရွိၾကတာမဟုတ္လား။

ဒီေတာ့ မစိန္စိန္လည္း ရွိၿပီးသား ဥစၥာ မေလ်ာ့ပါးရေလေအာင္၊ နတ္ကေတာ္နဲ႔ေပါင္း၍ ၃၇မင္းေသာ နတ္အေပါင္းကို ေဘာ္ဒီဂတ္ အျဖစ္ အငွါး ပင့္ရေတာ့တာေပါ့။

တိုက္ဆိုင္တာလား။နတ္က တကယ္ပဲ မ,သလား မဆိုႏိုင္ဘူး။ အဲ့ဒီေနာက္ မစိန္စိန္တို႔ အိမ္မွာ ဘာအေႏွာက္အယွက္မွ မၾကားရေတာ့ျပန္ဘူး။

သူတို႔ အလႈေတာ္မဂၤလာရက္ကလည္း အေတာ္နီးကပ္လာၿပီ ျဖစ္၏။

__________

အခန္း၄။

တရက္သား၌ မစိန္စိန္သည္ သူ႔သမီး အငယ္မ ၈ႏွစ္အ႐ြယ္ ေထြးစိန္ေလးကို ေခၚ၍၊ တံတားဦးၿမိဳ႕သို႔ ဆိုင္ကယ္ျဖင့္ ထြက္ခဲ့သည္။

အလႈမွာ နီးကပ္လာၿပီမို႔ အလႈ႕အမျဖစ္တဲ့ မစိန္စိန္ဟာ တံတားဦးၿမိဳ႕က အမ်ိဳးသမီးဝတ္ အထည္ခ်ဳပ္ဆိုင္ကို မၾကာခဏ သြားေလ့ ရွိ၏။

ကိုယ္တိုင္းေပးျခင္း၊ လိုခ်င္သည့္ ပုံစံျပသျခင္း၊ အလႈဝင္ရက္၊ အလႈႀကီးေန႔၊ မယ္ခံေန႔ စသည့္ ၃ရက္အတြင္း ဝတ္မည့္ အထည္တို႔ကို သူ႔အတြက္ေရာ သမီးငယ္အတြက္ပါ အလွပဆုံးျဖစ္ေအာင္ ခ်ဳပ္ေနျခင္း ျဖစ္သည္။

မစိန္စိန္ စီးလာေသာ ဆိုင္ကယ္မွာ တ႐ုတ္ ဂ်ားလင္း စူပါကပ္ ျဖစ္သည္။

အသြားတုန္းက ဆိုင္ကယ္က ဟုတ္တုတ္တုတ္။ ၿမိဳ႕ေပၚ ေဈးဝယ္စဥ္ကလည္း အေကာင္း။ေန႔လယ္ နာရီျပန္ ၂ခ်က္ထိုးေတာ့ ေဈးဝယ္ၿပီးေလၿပီ။

၂နာခြဲေလာက္မွာ စက္ခ်ဳပ္ဆိုင္မွာ အလႈအဝင္အတြက္ဝတ္မည့္ အက်ႌစ ဝင္အပ္ၿပီး ျပန္အထြက္မွာ ဆိုင္ကယ္က လုံးဝ စက္မႏိုးေတာ့ေခ်။

ဒါနဲ႔ အနီးအနားက ဆိုင္ကယ္ဝပ္ေရွာ့ကို တြန္းသြားၿပီး ျပင္ရသည္။ ဝပ္ေရွာ့ဆရာက ဟိုႏႈိက္ဒီႏႈိက္ လုပ္ၿပီး ႏႈိးၾကည့္သည္။ ဆိုင္ကယ္က ဖြတ္ခ်ပ္ဖြတ္ခ်ပ္နဲ႔ ႏိုးလို စက္ေသသြားလိုက္ ျဖစ္ေန၏။

” အစ္မ ပလပ္လဲရမယ္၊ ကာဘ႐ိုက္တာ ဂ်ီးေဆးရမယ္။ အဲ့ဒါမွ မရရင္ေတာ့ ဝါယာရိမ္းဆရာ ျပၾကည့္မွ ရမယ္ေနာ္ ၊ နည္းနည္းေတာ့ ၾကာမယ္ခမ် ၊ ထိုင္ေစာင့္ပါအုံး”

ကိုယ္မွ မျပင္တတ္တာ။ စီးပဲ စီးတတ္တာေလ။ အဲ့ဒီေတာ့ ဝပ္ေရွာ့ဆရာေလး ေျပာသလို ထိုင္ေစာင့္ေန႐ုံပဲ ရွိေတာ့တာေပါ့။

ေယာက္က်ားကိုေတာ့ ဖုန္းဆက္ထားလိုက္သည္။ ဆိုင္ကယ္ျပင္ေန၍ နည္းနည္းေနာက္က်မည္ဟု။

ဝပ္ေရွာ့ဆရာ ခန႔္မွန္းသလိုပါပဲ။ သူနဲ႔တင္ မၿပီး၊ ဝါယာရိမ္းဆရာ ေခၚျပေတာ့ မီးထုပ္ဆိုလား ဘာလား လဲရမည္တဲ့။ ဒါနဲ႔ တခါ သံလိုက္အုံဘက္ျခမ္းကို ဖြင့္ၿပီး၊ မီးထုပ္ဆိုတာကို လဲရျပန္၏။ အခ်ိန္က တနာရီၿပီး တနာရီ ၾကာသြားသည္။ အားလုံး ျပင္ၿပီးသြားေတာ့ ညေန ၅နာရီ ထိုးသြားၿပီ။

႐ြာေရာက္ဖို႔ဆို နာရီဝက္ ၄၅မိနစ္ေလာက္ ေမာင္းရဦးမည္။ သို႔ျဖင့္ မစိန္စိန္တို႔သားအမိသည္ ဝပ္ေရွာ့လက္ခ ရွင္း၍ ခပ္ျမန္ျမန္ ေမာင္းခဲ့သည္။

ေဆာင္းဝင္ၿပီဆိုေတာ့ ေနက်ျမန္၏။ ႐ြာ မေရာက္ခင္မွာ ေမွာင္ေလၿပီ။ ေမွာင္ေပမယ့္ေၾကာက္စရာေတာ့ မရွိပါ။ ဒီလမ္းဒီခရီးက သြားေနက် လာေနက် လမ္းေတြပဲ မဟုတ္လား။

ဆိုင္ကယ္ေမာင္းေနရင္း၊ ေနာက္ကယ္ရီယာမွာ ခြထိုင္ လိုက္ပါလာတဲ့ သမီးငယ္ကိုလည္း …

” သမီး အေထြးေလး… အိပ္ငိုက္မေနနဲ႔အုံးေနာ္ ။ေရွ႕က လိုက္ပါဆိုလည္း မလိုက္ဘူး။ လိမ့္မက်ေအာင္ အေမ့ခါးကို ဖက္ထားေနာ္ ”

လမ္းမွာ ထိုသို႔ မၾကာခဏ သတိေပးရ၏။ ကေလးက အိပ္ငိုက္ၿပီး ျပဳတ္က်ရင္ အခက္။

စကားအင္း အတက္ေရာက္ေတာ့ … သတိျဖင့္ ေမာင္းရ၏။ ဒီအတက္က အတန္ငယ္ မတ္၏။ ဒီစကားအင္းအတက္က ကိုသန္းေဌး ကားေမွာက္သည့္ ေနရာ။

႐ြာႏွင့္ တံတားဦး-ၿမိဳ႕သာကားလမ္းမကို စကားအင္းကန္ေဘာင္လမ္းမွ ျဖတ္ရ၏။ စကားအင္းသည္ အေတာ္အတန္ ႀကီးေသာ ေရဝင္အင္းႀကီးျဖစ္၏။ အင္းပတ္လည္တြင္ တာေဘာင္ဖို႔ထားသည္။ ထိုအင္းအမည္ကို အစြဲျပဳ၍ သူတို႔႐ြာအမည္ကို စကားအင္း႐ြာဟု ေခၚၾကျခင္း ျဖစ္သည္။

စကားအင္းကား ပုဂံေခတ္ အေနာ္ရထာမင္းလက္ထက္ကပင္ ဆယ္ခဲ့ေသာ အင္းႀကီးျဖစ္သည္။

ေရွးယခင္က ဤေဒသ အနီးတဝိုက္ ေသာက္ေရသုံးေရ ဖူလုံေအာင္ စနစ္တက် ဆယ္ခဲ့ျခင္း ျဖစ္မည္။ ဤေဒသသည္ ပုဂံေခတ္က ျပည့္စပါးက်ီျဖစ္၏။ လယ္တြင္းကိုးခ႐ိုင္ဟု သတ္မွတ္ေခၚဆိုၾကသည္။

စကားအင္းအစပ္၌ သစ္သားျဖင့္ ေဆာက္လုပ္ထားေသာ စကားအင္းမယ္ေတာ္ႀကီး နတ္နန္း ရွိသည္။ အနီးနားတဝိုက္ ႐ြာမ်ားက ကိုးစားၾကသည္။

ကန္ေဘာင္တြင္ စီသြယ္တန္း၍ စိုက္ထားေသာ ခေရပင္မ်ား ရွိသည္။ အခ်ိဳ႕မွာ အေတာ္ပင္ ႀကီးေနၾကေလၿပီ။

မစိန္စိန္ ဆိုင္ကယ္ေရွ႕မီးကို ထြန္း၍ ခပ္ေျဖးေျဖး ေမာင္းလာခဲ့သည္။

ခေရပင္အထက္မွ ငွက္အခ်ိဳ႕သည္ အုပ္လိုက္ ထပ်ံသြားၾကသည္။ ႐ုတ္တရက္ႀကီးဆိုေတာ့ အေတာင္ခတ္သံ တေဖ်ာင္းေဖ်ာင္းက မစိန္စိန္အတြက္ ရင္ဖိုစရာေကာင္းလွသည္။ မစိန္စိန္ခမ်ာ ေမာ္၍ပင္ ၾကည့္လိုက္မိေသး၏။

ခေရပင္တန္းကို ျဖတ္ေတာ့၊

ဟင္! ဟိုးေရွ႕နားက လူလား

ဆိုင္ကယ္မီးေရာင္ျဖင့္ ျမင္ရသည္က ခေရပင္ ႏွစ္ပင္အၾကားတြင္ လူတေယာက္က္ ငုတ္တုတ္ ထိုင္ေနသလိုလို …

သိပ္ၿပီး မသဲကြဲေခ်။ ႐ိုးတိုးရိပ္တိတ္သာ ျမင္ရျခင္း ျဖစ္သည္။

ဒီအခ်ိန္ အင္းေဘာင္ေပၚ ဘာလာလုပ္တာပါလိမ့္ ။ မိုးတိုးေမွာင္ေတာင္ထဲ တေယာက္တည္း ငုတ္တုတ္ႀကီး …

စိတ္ထဲ စႏိုးစေႏွာင့္ ျဖစ္သြားၿပီး ဆိုင္ကယ္ ဘရိတ္ကို နင္းလိုက္၍ ေခတၱ ရပ္တန႔္လိုက္သည္။ ငုတ္တုတ္ထိုင္ေနသူက ထိုင္ေနၿမဲပင္။

ဆိုင္ကယ္ ရပ္လိုက္သျဖင့္အေနာက္က ေထြးစိန္ေလးက …

” ေမေမ ဘာလို႔ ရပ္လိုက္တာလဲ။ သမီး ဗိုက္ဆာလွၿပီ။ အိမ္ကို ျမန္ျမန္ေမာင္းပါ ”

” ေအာ္ … ေအးေအး သမီး၊ သြားၾကတာေပါ့ ”

-အို သူ႔ဖာသူ ငုတ္တုတ္ပဲထိုင္ထိုင္၊ ေျခဆင္းပဲ ထိုင္ထိုင္ ငါနဲ႔ ဘာဆိုင္တာမွတ္လို႔၊ ကိုယ့္လမ္းကိုယ္ ဆက္သြားတာပဲ ေကာင္းပါတယ္ဟု မစိန္စိန္က ေတြးလိုက္မိဟန္တူ၏။

ဆိုင္ကယ္ကို လီဗာတင္၍ စထြက္လိုက္သည္။ ထိုအခါ မီးေရာင္ျဖင့္ ျမင္ေနရေသာ ငုတ္တုတ္ႀကီးသည္ မတ္တတ္ထလာ၏။

ထိုအခါမွ မိန္းမႀကီးတေယာက္မွန္း မစိန္စိန္ သတိထားမိသြားသည္။ထိုမိန္းမသည္ မစိန္စိန္အား ေက်ာေပး၍ ႐ြာဘက္သို႔ ဦးတည္ ေလွ်ာက္သြားေန၏။

မၾကာခင္ မစိန္စိန္သည္ ထိုမိန္းမႀကီးအနီးသို႔ ေရာက္လာ၏။ မိန္းမႀကီးသည္ တခ်က္မွ် ေနာက္လွည့္မၾကည့္။ သူ႔လမ္းကိုသာ တြင္တြင္ ေလွ်ာက္ေနပါသည္။ထိုမိန္းမႀကီးကို ျဖတ္အေက်ာ္တြင္ …

” ဖြီး ! နံလိုက္တာ …

ဘာအနံ႔ႀကီးလဲ ”

သိသိသာသာ မစိန္စိန္၏ ႏွာေခါင္းထဲ အပုပ္နံ႔ႀကီးက ဝင္လာ၏။ ဆိုင္ကယ္ေနာက္က အေထြးေလးကပင္ …

” ေအာ့ … ေမေမ ဘာနံ႔ႀကီးလဲ ၊ နံ႔လိုက္တာ ” ဟု အသံထြက္လာေလ၏။

မစိန္စိန္ မသိလိုက္မသိဖာသာျဖင့္ ထိုမိန္းမႀကီးကို ငဲ့ေစာင္းၾကည့္လိုက္သည္။

မစိန္စိန္ စိတ္ထဲက ထိတ္လန႔္စြာ ေရ႐ြတ္လိုက္မိသည္။

” အံမယ္ေလး ဘာႀကီးလဲ ”

မိန္းမႀကီးမ်က္ႏွာမွာ ေၾကာက္စရာ အလြန္ေကာင္းေလ၏။ အ႐ိုးေပၚ အေရတင္႐ုံ ပိန္ေျခာက္ကပ္ေနသည္။ ေဟာက္ပက္ပက္ မ်က္တြင္းခ်ိဳင့္ထဲက မ်က္လုံးႀကီးက ျပဴးက်ယ္ေန၏။ အေတာ္ ႐ုပ္ဆိုးေလ၏။

ဤမွ် ပိန္လွီေျခာက္ကပ္လွေသာ ၊ အေရျပားေပၚ ဇရာ အေရးအေၾကာင္းမ်ားစြာ တြန႔္လိမ္ရႈပ္ေထြးေနေသာ မိန္းမႀကီးကို တခါမွ် မျမင္ဖူးခဲ့ေခ်။

ဆိုင္ကယ္ကို ျဖည္းျဖည္းေမာင္းရင္းနဲ႔ အဲ့ဒီမိန္းမကို ေက်ာ္သြားေရာ၊ အေနာက္က ထိုင္လိုက္လာတဲ့ အေထြးေလးထံမွ စူးစူးဝါးဝါး ေအာ္ဟစ္လိုက္သံ ၾကားလိုက္ရေလ၏။

” အေမေရ ! ကယ္ပါအုံး ”

မစိန္စိန္ ဆိုင္ကယ္ကို ကမန္းကတန္း ရပ္ပစ္လိုက္ရသည္။ မရပ္လို႔ မျဖစ္။ သူ႔သမီးကို ထိုမိန္းမႀကီးက ဆိုင္ကယ္ေပၚက အတင္းဆြဲခ်လိုက္တာ ခံလိုက္ရသည္မဟုတ္လား။

ဆိုင္ကယ္ေပၚက ဆင္းဆင္းခ်င္း သားသမီးေဇာနဲ႔ မစိန္စိန္က ရန္ေတြ႕ေအာ္ဟစ္လိုက္သည္။

” ရွင္ ရွင္ … ဒါ ဘာလုပ္တာလဲ ၊ က်မသမီးကို အခု ခ်က္ခ်င္းလႊတ္စမ္း ”

အေထြးေလး ဆံပင္စုစည္းကို ထိုမိန္းမႀကီးက လက္တဖက္ႏွင့္ ကိုင္လ်က္ တ႐ြတ္တိုက္ ဆြဲေခၚေန၏။

အေထြးေလးမွာ နာက်င္လြန္း၍ ‘အေမ ေရ အေမေရ’ဟု ေအာ္ဟစ္ အကူအညီ ေတာင္းခံရင္း ငိုေနရွာသည္။

မစိန္စိန္ ထိုမိန္းမႀကီးထံ ေျပးသြားၿပီး ၎၏လက္ကို အတင္း ဖမ္းဆြဲယူလိုက္သည္။

သူမလက္ထဲ ပိန္လွီေသးေကြးေသာ လက္ေခ်ာင္းကို မိမိရရ ဆုပ္ကိုင္မိသြားသည္။ ဆံပင္ေပၚကေန အတင္းဆြဲဖယ္၏။ သို႔ေသာ္ ထိုမွ် ပိန္လွီလွေသာ လက္ေခ်ာင္းသည္ ၿမဲၿမံလွ၏။ အေထြးေလး ဆံပင္ကို လႊတ္မေပးေခ်။

” ရွင္ ဘယ္သူလဲ ! ဘာကိစၥ က်မ သမီးကို ခုလို လုပ္ရတာလဲ ”

ထိုမိန္းမႀကီးသည္ မစိန္စိန္အား စူးစူးစားစား ၾကည့္ရင္း

” နင့္ကို မုန္းလို႔ ” ဟု တခြန္းတည္း ျပန္ေျဖ၏။ သူမႏွင့္ တခါမွ်လည္း ျမင္ဖူးေတြ႕ဖူးျခင္း မရွိေသာ မိန္းမႀကီးက မုန္းတီးသည္ဆိုေသာေၾကာင့္ မစိန္စိန္ အံဩသြား၏။

သို႔ျဖင့္ အေထြးေလး ဆံပင္စုစည္းအား လႊတ္မေပးေသာ ထိုမိန္းမႀကီး၏ လက္ကို မစိန္စိန္သည္ ကုန္း၍ ကိုက္ေတာ့ေလ၏။

မစိန္စိန္ ကိုက္လိုက္သည္ကေတာ့ မိန္းမႀကီး၏လက္ပင္၊ သို႔ေသာ္ …

” အံမယ္ေလး နာလိုက္တာ အေမရဲ႕ ၊ ေသပါၿပီေတာ့ ”

ေအာ္လိုက္သည့္အသံက မိန္းမႀကီးထံမွ ထြက္လာျခင္း မဟုတ္။ မစိန္စိန္၏ သမီးငယ္ အေထြးေလးထံမွ နာက်င္စြာ ထြက္လာျခင္း ျဖစ္သည္။

မစိန္စိန္ ကိုက္ေနရာမွ လႊတ္ေပးလိုက္သည္။ သို႔ေသာ္ သူမ ပါးစပ္ထဲ ဆံပင္အခ်ိဳ႕ ပါလာ၏။ သူ ကိုက္ေနသည္မွာ မိန္းမႀကီး၏ လက္ဖ်ံမဟုတ္။ အေထြးေလး၏ ဦးေခါင္း ျဖစ္ေနသည္။

မိန္းမႀကီးသည္ မည္သို႔ေသာ ပညာျဖင့္ သူမအား လွည့္စားလိုက္သည္မသိ။

အေထြးေလး ဦးေခါင္းမွာ အကြင္းလိုက္ အရာႀကီးျဖင့္ ေသြးစို႔သြား၏။ အေထြးေလးသည္ နာက်င္လြန္း၍ တဟီးဟီးျဖင့္ ငိုေနရွာ၏။

မစိန္စိန္ မိန္းမႀကီးကို တအံတဩ ေမာ့ၾကည့္လိုက္သည္။သူ အခုေတြ႕ေနရသည့္ မိန္းမႀကီးသည္ သာမန္လူမဟုတ္မွန္း သိသြားဟန္တူ၏။ ေၾကာက္႐ြံထိတ္လန႔္စြာ အေထြးေလးကို ေပြ႕ဖက္ထားလိုက္မိသည္။

မိန္းမႀကီးသည္ မစိန္စိန္အား ေလွာင္ရယ္ဟန္ျဖင့္ …

” နင့္ကို နင့္အိမ္မွာ လုပ္မရရင္၊ အျပင္မွာ လုပ္မေဟ့ ၊ အခု နင္ ဘာတတ္ႏိုင္ေသးလဲ၊ ဟီးဟီးဟစ္ဟစ္ဟီးဟီး ”

ထိုမိန္းမႀကီးသည္ သေဘာက်စြာ ရယ္ေမာအၿပီး ၊ မစိန္စိန္ထံ တိုးကပ္လာ၏။ မစိန္စိန္ ပါးစပ္က ေအာ္ဟစ္လိုက္သည္။

” ရွင္ က်မကို လုပ္ခ်င္သလို လုပ္ပါ။ က်မ သမီးေလးကိုေတာ့ ခ်မ္းသာေပးပါရွင္ ”

” ဟဲ့ အခုမွ နင့္ပါးစပ္က ေတာင္းပန္သံ ထြက္လာတာပါလား ၊ ညည္းက ေတာင္းပန္တတ္သားပဲကိုး။ ဒီမွာေဟ့ ခ်ဥ္သီးပင္ကေတာ့ ခ်ဥ္သီးပဲ သီးေတာ့မေပါ့ ။ ဘယ္ အခ်ိဳသီး ရခ်င္လို႔ ျဖစ္ပါ့မတုန္း။ နင့္သမီးလည္း နင့္လိုပဲ ေနမွာ။ ႐ုပ္ကေလး သနားကမားနဲ႔ နင့္လို အယုတ္တမာမေလးပဲေနမွာပါ ။ ေစာေစာကတည္းက ရွင္းထားတာအေကာင္းဆုံးပဲ ”

ထိုမိန္းမႀကီးက ပါးစပ္က ဘာကို ႐ြတ္သည္မသိ။ မစိန္စိန္ မ်က္လုံးေတြက မိန္းေမာေနသူပမာ။ တစုံတခုေသာ အရာက မစိန္စိန္၏ စိတ္ကို ညႇိဳ႕ငင္ဖမ္းစားေနဟန္တူ၏။ ထိုအရာက ခိုင္းသည္ကို ပင္ကိုယ္စိတ္ ထိမ္းခ်ဳပ္မႈမဲ့စြာ လႈပ္ရွားမိေတာ့ေလ၏။

မစိန္စိန္ရဲ႕ လက္ႏွစ္ဘက္ဟာ အေထြးေလးကိုယ္ကို ေပြ႕ဖက္ထားရာမွ ၊ အေထြးေလးရဲ႕ လည္မ်ိဳဆီသို႔ တေ႐ြ႕ေ႐ြ႕ တက္လာၾက၏။

မစိန္စိန္ သူမလက္ကို သူမၾကည့္၍ အံဩေနမိသည္။ သူမလက္သည္ အျခားသူ လက္ပမာ သမီးငယ္ အေထြးေလး၏ လည္ၿမိဳကို တင္းတင္း ဆုပ္ကိုင္ေနသည္မဟုတ္လား ။

အေထြးေလးကား အသက္ရႈရခက္လွဟန္တူ၏။ ေျခလက္မ်ား အတင္း႐ုန္းကန္ေနရွာသည္။ မ်က္လုံးမွာ အဆမတန္ ျပဴးက်ယ္လာ၏။

ထိုအခိုက္ ဆိုင္ကယ္စက္သံအခ်ိဳ႕ က်ယ္ေလာင္စြာ ၾကားလိုက္ရသည္။ မိန္းမႀကီးသည္ ေတာက္ တခ်က္ ျပင္းစြာေခါက္၍ ခေရပင္ႀကီးေအာက္ အေမွာင္ရိပ္ထဲ ေျပးဝင္ ေပ်ာက္ကြယ္သြားေလ၏။

မစိန္စိန္ကား အေထြးေလး လည္းပင္းကို ညႇစ္ေနၿမဲ က်န္ရစ္ခဲ့သည္။ အေထြးေလးကား အသက္ရႈ မရေတာ့ဟန္ တူ၏ ။ သတိလစ္သြားရွာသည္။

ဆိုင္ကယ္ႏွစ္စီးသည္ မစိန္စိန္အနီး ထိုးရပ္သြားၿပီး လူတေယာက္က အရင္ေျပးဆင္းလာ၏။ ထိုလူက မစိန္စိန္တို႔သားအမိ ျဖစ္ပ်က္ေနပုံကို ျမင္၍ ၊

” ဟာ စိန္စိန္ နင္ ငါ့သမီးကို ဘာလုပ္ေနတာလဲ !

ထိုလူက ေျပာလည္းေျပာ၊ မစိန္စိန္အား သူ႔လက္ျဖင့္ အားပါပါ ႐ိုက္ခ်လိုက္သည္။

” ကဲဟာ … ”

ေဖ်ာင္း !

ဆိုင္ကယ္ေပၚက အရင္ဦးစြာ ဆင္းလာသူက မစိန္စိန္၏ ခင္ပြန္း ၊ ကိုသန္းေဌး ျဖစ္သည္။ သူ႔ေနာက္က လူသုံးေယာက္လည္း အနီးသို႔ ကူညီရန္ ေရာက္လာၾကသည္။

ကိုသန္းေဌးက မစိန္စိန္ကို သူ၏ လက္ျဖင့္ ခပ္ျပင္းျပင္း ႐ိုက္ထည့္လိုက္ျခင္း ျဖစ္သည္။

မစိန္စိန္ လဲက်သြားသည့္အခါ ၊ ကိုသန္းေဌးသည္ သမီးငယ္ အေထြးေလးကို ေျပးေပြ႕၏။ အေထြးေလးကား ကိုသန္းေဌး လက္ေပၚ ေပ်ာ့ေခြေနေလၿပီ။ မ်က္ႏွာမွာလည္း ျဖဴေဖ်ာ့ေန၏။

မစိန္စိန္မွာ ကိုသန္းေဌးက ႐ိုက္လိုက္သည္ေၾကာင့္ အသိစိတ္ ကပ္သြားဟန္တူ၏။

သူမ ဘာလုပ္မိသည္ကို မမွတ္မိ။ လက္ရွိ အေျခအေနကို နားမလည္သလို ျဖစ္ေနရွာသည္။

ျပဴးတူးေၾကာင္ေတာင္နဲ႔ အနီးက လူေတြကို လိုက္ၾကည့္ေနသည္။ ကိုသန္းေဌးက သမီးငယ္ကို အတင္းလႈပ္ႏႈိးေနတာျမင္မွ …

” ဟင္! က်မ သမီးေလး ဘာျဖစ္တာလဲ ကိုသန္းေဌး ”

ကိုသန္းေဌးက ေဒါသျဖင့္ မစိန္စိန္အား ျပန္ၾကည့္ရင္း

” နင္ပဲ ငါ့သမီးကို လည္ပင္းညႇစ္သတ္ေနတာေလ ။ အခုမွ ဘာလို႔ ႐ူးသလိုလို ေၾကာင္သလိုလို လာလုပ္ေနတာလဲ။ ငါ့သမီးသာ တခုခု ျဖစ္ၾကည့္ နင့္ကို ငါ အရွင္မထားဘူး စိန္စိန္ … ”

ကိုသန္းေဌးမွာ မိန္းမနဲ႔သမီး အိမ္အျပန္ေနာက္က်ေနသျဖင့္၊ မိတ္ေဆြအခ်ိဳ႕ကိုေခၚကာ ဆိုင္ကယ္ႏွစ္စီးျဖင့္ လိုက္လာျခင္းျဖစ္သည္။ ဒီကိုေရာက္ေတာ့ မစိန္စိန္ကအေထြးေလးကို လည္ပင္းညႇစ္ေနတာကိုသာ ျမင္ျခင္းျဖစ္သည္။

မစိန္စိန္က သတိရသြားဟန္ျဖင့္ …

” ခုနက က်မသမီးကို ဆြဲခ်သြားတဲ့ မိန္းမႀကီးေရာ ၊ ရွင္တို႔ မျမင္လိုက္ၾကဘူးလား ”

ကိုသန္းေဌးက အံဩသြားဟန္တူ၏။

” ဘာ! မိန္းမႀကီး ဟုတ္လား ၊ ဘယ္လိုပုံစံလဲ ၊ ငါေတာ့ မျမင္မိပါဘူး ”

မစိန္စိန္က ခေရပင္ႀကီးကို လက္ညႇိဳးထိုးျပရင္း …

” မ်က္ႏွာက အ႐ိုးေပၚအေရတင္ ပိန္လွီလို႔ ၊ မ်က္တြင္းက ေဟာက္ပက္နဲ႔ မ်က္လုံးခပ္ျပဴးျပဴးနဲ႔ မိန္းမႀကီးေလ ။ ဘာလဲ ရွင္က အဲ့ဒီမိန္းမႀကီးကို သိလို႔လား ”

မစိန္စိန္ရဲ႕ အဲ့ဒီေမးခြန္းက ကိုသန္းေဌး အရႈိက္ကို တည့္တည့္ထိမွန္သြားသလိုပင္။

ဘာလို႔လဲဆိုေတာ့၊ သူ ကားမေမွာက္ခင္ မိနစ္ပိုင္းအလိုကလည္း အဲ့ဒီမိန္းမႀကီးကို ျမင္ေတြ႕ခဲ့သည္မဟုတ္လား ။

ကိုသန္းေဌးသည္ မစိန္စိန္၏ ေမးခြန္းကို မေျဖေတာ့။ ကေလးကို ေပြ႕ခ်ီ၍ …

” လာ လာ သြားၾကစို႔ ။ ကေလးကို ေဆးခန္း ျပၾကရေအာင္ ။ ကေလးက အသက္ေတာ့ ရႈတယ္။ ဒါေပမဲ့ သတိက မလည္ေသးဘူး ”

ကိုသန္းေဌး ေလာ္ေဆာ္တာနဲ႔၊ အားလုံးက ဆိုင္ကယ္ေတြေပၚတက္ၿပီး ႐ြာထဲက ေဒါက္တာေမာင္ေမာင္ရဲ႕ ေဆးခန္းဆီသို႔ ဒေရာေသာပါး တန္းေမာင္းၾကေတာ့ေလ၏။

သူတို႔ထြက္သြားၿပီဆိုေတာ့မွ ခေရပင္ႀကီးေပၚက ငွက္ဆိုးထိုးသံႀကီးဟာ ထိတ္လန႔္ဖြယ္ရာ၊ မသတီစရာ၊ စိတ္ညစ္ညဴးဖြယ္ရာ ထြက္ေပၚလာတာကို အားလုံး ခပ္လွမ္းလွမ္းကေန ၾကားလိုက္ၾကရေလ၏။

__________

အခန္း၅။

ေဒါက္တာေမာင္ေမာင္ထံေရာက္ေတာ့ ကေလးက သတိ ျပန္ရလာသည္။ သို႔ေပမဲ့ ေၾကာင္စီစီ ျဖစ္ေနရွာ၏။ သူ႔အေမကို တအား ေၾကာက္ေနဟန္တူသည္။

အေထြးေလးသည္ မစိန္စိန္ကို လုံးဝ အကပ္မခံေပ။သူ႔အေဖေပၚသာတြယ္ကပ္ ေနရွာ၏။ စကားလည္း တလုံးမွ ပီသစြာမဆို။ ဝူးဝူးဝါးဝါး သာ အသံထြက္၏။

” ခင္မ်ားတို႔ သမီးက အေတာ္ေလး ေၾကာက္ေနရွာတယ္။ စိတ္လႈပ္ရွားစရာ ၊ ထိတ္လန႔္စရာ ျမင္ေတြ႕ခဲ့ရပုံပဲ ။ ဒါေၾကာင့္ ခုေလာေလာဆယ္၊ သူ စကားေျပာႏိုင္အုံးမွာမဟုတ္ဘူး ။ တျဖည္းျဖည္းေတာ့ ျပန္ေျပာလာႏိုင္မွာပါ”

” အံမယ္ေလး ကိုယ္က်ိဳးေတာ့နည္းပါၿပီဆရာရယ္ ။ စကားက ဘယ္ေလာက္ၾကာမွ ျပန္ေျပာႏိုင္မွာလဲ ။ က်မတို႔က မၾကာခင္ အလႈ လႈေတာ့မွာ ဆရာ ”

” ဒါက တပ္အပ္ေတာ့ မေျပာႏိုင္ဘူး မစိန္စိန္။ တခ်ိဳ႕ကေလးေတြေတာ့ သုံးေလးရက္ေန ျပန္ေျပာႏိုင္ၾကတယ္။ တခ်ိဳ႕က်လည္း တႏွစ္တန္သည္ ၂ႏွစ္တန္သည္ ၾကာတတ္ၾကတယ္။ သူ႔လည္ပင္းကို ညႇစ္စဥ္က အသံထြက္တဲ့ အဂၤါကို ထိခိုက္သြားေစႏိုင္တယ္ေလ ။ ေစာင့္ၾကည့္ပါအုံး။ ရက္ပိုင္းနဲ႔ စကားမေျပာလာခဲ့ရင္ ဓာတ္မွန္ ႐ိုက္ၾကည့္ၾကတာေပါ့ ”

သိုျဖင့္ ေဒါက္တာေမာင္ေမာင္ အႀကံေပးသည့္အတိုင္း ဒီရက္ပိုင္း ေစာင့္ၾကည့္ရန္သာ တတ္ႏိုင္ေတာ့၏။

ေဆးခန္းကေန အိမ္ျပန္ေရာက္ေတာ့ ကိုသန္းေဌးက ၊

” ငါ ကားေမွာက္တုန္းက ဘယ္သူ႔မွ ေျပာမျပခဲ့ဘူး စိန္စိန္။ ငါေျပာရင္ လည္းဆင္ေျခေပးတယ္လို႔ပဲ ထင္မွာ။ဒါေၾကာင့္ ငါ ဘာမွ မေျပာခဲ့တာပါ။

ငါတို႔ ကား ဂုံး(ကုန္း)အတက္မွာ အရွိန္နဲ႔ ေျပးတက္ေနတုန္း ၊ ခုနက နင္ျမင္ခဲ့တဲ့ မိန္းမႀကီးက ကားေရွ႕တည့္တည့္ကေန ဘြားခနဲ ေပၚလာတာဟ ။

တိုက္မိမွာ စိုးၿပီး အရွိန္ကိုထိမ္းဖို႔ ဘရိတ္ကို အုပ္ေတာ့ ကားက ႐ုတ္တရက္ႀကီး စက္ေသသြားတယ္ေလ။ အဲ့ဒီမွာ ေနာက္ျပန္လန္ၿပီး ကားက ေမွာက္သြားတာ ။

ငါအဲ့ဒီမိန္းမႀကီးကို ေကာင္းေကာင္း ျမင္လိုက္ရတယ္ ။

မ်က္ႏွာေပၚမွာ အေရးအေၾကာင္းေတြ အမ်ားႀကီးနဲ႔ မ်က္လုံးျပဴးျပဴး မ်က္တြင္းေဟာက္ပက္ႀကီး ။ ႐ုတ္တရက္ဆို ျမင္ရသူအဖို႔ ေၾကာက္စရာမ်က္ႏွာႀကီးပါဟာ ။

လူလို႔ေတာင္ မထင္ရဘူး ၊ ကားေမွာက္ၿပီး ငါက ဘာမွ မျဖစ္ဘူး ။ နည္းနည္းပါးပါးပဲ ပြန္းပဲ့တာဆိုေတာ့ အဲ့ဒီမိန္းမႀကီးကို ခ်က္ခ်င္း လိုက္ရွာတယ္။ ဘယ္ေပ်ာက္သြားလဲ မသိဘူး။ လုံးဝ ရွာမေတြ႕ေတာ့တာ ၊ လူေရာ ဟုတ္ရဲ႕လားလို႔ ငါ အဲ့ဒီကတည္းက သံသယဝင္ခဲ့မိတယ္။

ဒီကေန႔ မင္းက အိမ္အျပန္ ေနာက္က်ေနေတာ့ ငါ အဲ့ဒီမိန္းမႀကီးကို ေတြးမိၿပီး၊ လိုက္လာခဲ့တာပဲ ”

ကိုသန္းေဌးေျပာေတာ့ မစိန္စိန္ စဥ္းစားရေလၿပီ။ ထိုမိန္းမႀကီးသည္ သူတို႔လင္မယားကိုသာ ဒုကၡေပး ေျခာက္လွန႔္ျခင္း ျဖစ္သည္။

တျခား ႐ြာသားမ်ားကို ေျခာက္လွန႔္ျခင္း မရွိ။ ဘာေၾကာင့္ဆိုေတာ့ ႐ြာထဲက တေယာက္ေယာက္ကိုသာ ေျခာက္လွန႔္ခံရပါက သူတို႔ ၾကားသိရမည္မဟုတ္လား။

ၿပီးေတာ့ အရင္ကလည္း အဲ့ဒီေနရာမွာ သရဲေျခာက္သည္ဟု မၾကားဖူးၾကေခ်။ အခုက်မွ လင္မယား ၂ေယာက္စလုံး ကိုယ္ေတြ႕ႀကဳံၾကရသည္။

မစိန္စိန္ စဥ္းစားသည့္အထဲတြင္ ထိုမိန္းမႀကီး ေျပာသြားသည္ကိုလည္း အေလးအနက္ ထား စဥ္းစားမိေလ၏။

” နင့္အိမ္မွာ လုပ္လို႔မရရင္၊ ရတဲ့ေနရာမွာ လုပ္မယ္ေဟ့ “ဟု မိန္းမႀကီးက ဆိုခဲ့သည္။

ထိုစကားေၾကာင့္ဆိုလ်င္ အႏွီမိန္းမႀကီးသည္ သူတို႔မိသားစုကိုသာ ရည္႐ြယ္တိုက္ခိုက္ေနျခင္း ျဖစ္၏။

အိမ္မွာ လုပ္လို႔ မရေတာ့ဘူးဆိုတာက မစိန္စိန္က နတ္ကေတာ္ အႀကံေပးသလို အိမ္တြင္းအေဖႀကီး တင္၏။ အုန္းဆြဲ၏။

ထို႔ေၾကာင့္ အိမ္ၿခံဝင္းအတြင္း အႏၲရာယ္ မေပးႏိုင္ျခင္းလည္း ျဖစ္ေကာင္းျဖစ္ႏိုင္၏။

ဒါမွမဟုတ္ အလႈေအာင္ျမင္ဖို႔အတြက္ သာသနာပြဲ ပြဲႀကီး ၃ပြဲ ထိုးထား၍ နတ္ေကာင္းနတ္ျမတ္မ်ားက ေစာင့္ေရွာက္ေနၾကဟန္လည္း တူပါ၏။

မစိန္စိန္ စိတ္ထဲ သို႔ေလာ သို႔ေလာ ႏွင့္ သံသယ ဝင္လာမိသည္။ အဲ့ဒါကေတာ့ ႐ြာထဲမွာ လူေျပာမ်ားေနတဲ့ သူႏွင့္ ေဒၚေငြရတို႔၏ ျပသနာသတင္းပဲ ျဖစ္၏။

သို႔ျဖင့္ မစိန္စိန္သည္ သူ႔ခင္ပြန္း ကိုသန္းေဌးအား တိုင္ပင္သလို ေမးျမန္းလိုက္မိသည္။

” ကိုသန္းေဌး … က်မတို႔ အခုလို ျပသနာ တခုၿပီး တခုတက္ေနတာ ေဒၚေငြရနဲ႔မ်ား ဆိုင္ေနမလား မသိဘူးေနာ္ ”

” နင့္ ငါေျပာသားပဲ စိန္စိန္။ ေဒၚေငြရကို နင္ ႏွင္ထုတ္တုန္းက နင္လြန္တယ္လို႔ …”

မွန္၏။ ထိုျပသနာတုန္းက ကိုသန္းေဌးက မစိန္စိန္အား ေနာက္ခါ ေငြရ လာလ်င္ ေတာင္းပန္ရန္ ေျပာခဲ့ဖူး၏။ သို႔ေပမယ့္ ေဒၚေငြရက အဲ့ဒီကတည္းက ေပၚမလာေတာ့ေခ်။ ဆန္ဖိုးအေႂကြးကိုေတာင္ လူႀကဳံနဲ႔ လွမ္းဆပ္ခဲ့ျခင္း ျဖစ္၏။

” ႐ြာထဲက ေျပာေနၾကသလို ေဒၚေငြရႀကီးက … ပညာသည္မ်ား ျဖစ္ေနမလား … အံမယ္ေလး! အဲ့ဒါဆို သူက က်မတို႔ တမိသားစုလုံးအေပၚ အၿငိဳးထားေတာ့မွာေပါ့ ။ ဘုရား ဘုရား က်မ ဘယ္လို လုပ္ရမလဲ ကိုသန္းေဌး ။ ခေရပင္တန္းတုန္းက ျမင္ခဲ့ရတဲ့ မိန္းမႀကီးကေတာ့ ေၾကာက္စရာႀကီးေတာ့ ”

” ေအး ငါလည္း အဲ့တာကို စိတ္ပူေနတာ စိန္စိန္။ သူက ငါတို႔ အလႈကိုပါ ဖ်က္မယ့္သေဘာရွိတယ္ ။

ဒီေတာ့ဟာ ငါတို႔ လင္မယား ေဒၚေငြရ ေက်နပ္ေလာက္ေအာင္အထိ သြားေတာင္းပန္ရမွာေပါ့ ။

သူ လယ္၃ဧက ဝယ္တုန္းကလည္း ငါတို႔ မတန္တဆ ေဈးႏွိမ္ခဲ့ၾကတာ မဟုတ္လား။ တကယ္ဆို ငါတို႔ ၂ဧကဖိုးပဲ ေပးၿပီး ၊ တဧက အလကားရထားတာပဲ ။

ၿပီးေတာ့ နင္အသိဆုံး။

ငါတို႔ အဲ့ဒီ လယ္ေတြ ဝယ္ၿပီးမွ စီးပြား ျဖစ္ထြန္းလာခဲ့ၾကတာ ။ တကယ္ဆို သူ႔ေက်းဇူး မကင္းဘူးဟဲ့ ”

” ဒါဆိုရင္ က်မတို႔ ဘယ္လို ေတာင္းပန္ၾကမလဲ ကိုသန္းေဌး … ရွင္ ဘယ္လို လုပ္ခ်င္လဲ ”

ကိုသန္းေဌး တခုခုကို အၿပီးတိုင္ ဆုံးျဖတ္လိုက္ဟန္ႏွင့္ …

” သူနဲ႔ ငါတို႔ အေရာင္းအဝယ္လုပ္စဥ္က နင္ ေျပာဖူးတယ္ေလ။ ေနာက္ တႏွစ္ ၂ႏွစ္ေန ေဒၚေငြရ လိုခ်င္ရင္ လယ္တဧကကို ျပန္ေပးပါ့မယ္။ က်န္တဲ့ အတိုးကိုလည္း မဆပ္ပါနဲ႔ေတာ့ဆို ။ နင္ အတိုးေပၚ အတိုးဆင့္ၿပီး မတရား ယူခဲ့လို႔ သူ လယ္တဧက က ငါတို႔ လက္ထဲ ထိုးအပ္ခဲ့ရတာဥစၥာ။

အခု သူ႔ျပန္ေပးလိုက္႐ုံေပါ့။ ဒါဆို သူ ေက်နပ္သြားမွာပါ။ ငါတို႔လည္း အခုဆို လယ္ေတြ အမ်ားႀကီး ပိုင္ေနၾကၿပီပဲ။ ျပန္သာ ေပးလိုက္ၾကရေအာင္ပါ ”

မစိန္စိန္က ႏွေျမာသလိုလို ရွိေပမယ့္၊ ကိုသန္းေဌး ေျပာတာက မွန္ေနသည့္အတြက္ ေခါင္းၿငိမ့္ သေဘာတူလိုက္ရသည္။

ေနာက္ဆုံး သူတို႔လင္မယားသည္ ႐ြာထဲက လူ႐ိုေသ ရွင္႐ိုေသ ျဖစ္ေသာ ဘိုးေလးဦးျမင့္အား ေခၚ၍ ေဒၚေငြရအိမ္သို႔ ေတာင္းပန္ရန္ ထြက္ခဲ့ၾကသည္။

ေဒၚေငြရ ၿခံဝိုင္းေရွ႕ ေရာက္သည့္အခါ ဘိုးေလးဦးျမင့္က ၿခံတံခါးကို အသာတြန္းဖြင့္ၾကည့္သည္။ မပြင့္ေပ။

ဘယ္ပြင့္ပါမလဲ။ တံခါး၌ ေသာ့ဂေလာက္တခု ခတ္ထားေတြ႕ရေလ၏။

” မေငြ ဟဲ့ မေငြ ။ ငါ လာသေဟ့ ၊ အိမ္ထဲ ရွိသလားဟ

တံခါး လာဖြင့္ေပးပါအုံး”

ထိုအခါ ျပတင္းတံခါးမ်ား ပိတ္ထားေသာ အိမ္ထဲက အသံထြက္လာ၏။

” ဘိုးေလးျမင့္ေတာ့ ၿခံထဲ ဝင္ခဲ့ပါ ။ ဟိုလင္မယားေတာ့ လုံးဝ ငါ့ၿခံထဲ ေျခမခ်ေလနဲ႔။ ငါ့ခြင့္ျပဳခ်က္ မရဘဲ ဝင္ရင္ နင္တို႔ထိုက္နဲ႔ နင္တို႔ကံပဲေဟ့ ”

ေဒၚေငြရသည္ အိမ္ထဲမွ မထြက္ ၊ အထဲမွ လွမ္းေအာ္ေျပာလိုက္ျခင္းျဖစ္သည္။

ကိုသန္းေဌးႏွင့္ မစိန္စိန္တို႔သည္ ထိုအသံ ၾကားရ၍ မ်က္ႏွာမ်ား ပ်က္သြားၾကေလ၏။ ဘိုေလးဦးျမင့္ကိုလည္း လင္မယားႏွစ္ေယာက္က အားကိုးတႀကီး လွမ္း ၾကည့္ၾကရွာ၏။

ကိုသန္းေဌးလက္ထဲတြင္ ဆန္တျပည္ ၊ ၅ပိႆဝင္ ဆီတပုံးကိုင္ထားၿပီး၊ မစိန္စိန္က ကန္ေတာ့ပြဲကို ႐ြက္ထား၏။

ဘိုးေလးဦးျမင့္က ဘာမွ မပူနဲ႔ ငါ ၾကည့္လုပ္လိုက္မယ္ဟူေသာ မ်က္ႏွာေပးျဖင့္ …

” ဟဲ့ မယ္ေငြ ၊ နင္ ဘယ္လိုစကားမ်ိဳး ေျပာထြက္တာလဲ။ ငါ တေယာက္လုံး ပါလာတာေတာင္ နင္က ႐ိုင္းျပခ်င္ေသးတာလား ”

ဘိုးေလးဦးျမင့္ရဲ႕ အသံက ေတာ္ေတာ္မာ၏။ ေငါက္ဆတ္ဆတ္ႏိုင္လွသည္။

ထိုအခါ တဲတံခါး ပြင့္လာၿပီး ေဒၚေငြရ ထြက္လာသည္။ ကိုသန္းေဌးေရာ မစိန္စိန္ပါ ေဒၚေငြရကို ၾကည့္၍ အံဩထိတ္လန႔္သြားၾကသည္။

ေဒၚေငြရသည္ အရင္ကနဲ႔မတူ အေတာ္ ပိန္လွီသြား၏။

မ်က္ႏွာမွာလည္း ရွိရင္းစြဲအသက္ထက္ပို၍ အိုစာလြန္းေနသည္။

မဖီးမသင္ပဲ ထားေသာ ဆံပင္မ်ားမွာ အျဖဴတဝက္အနက္တဝက္ ေက်ာမေပၚ ဖြာဆံႀကဲေန၏။

အထူးျခားဆုံးက မ်က္ကြင္းႏွစ္ဘက္စလုံးမွာ ညိဳမည္းေန၏။ မ်က္လုံးမ်ားက ျပဴးက်ယ္ေနသည္။

ထမိန္ရင္လ်ားႀကီးနဲ႔ ထြက္လာျခင္း ျဖစ္၍ ပခုန္းႏွစ္ဘက္က အနာမ်ားက ျပည္စို႔ျပည္နာတည္ေနၾကသည္ကို ျမင္ရသည္မွာ ေအာ့ႏွလုံးနာခ်င္စဖြယ္။ ဆံပင္မ်ား ဖုံးေန၍သာ ။ ေက်ာမ၌လည္း အနာမ်ား ေပါက္ေနေလာက္၏။

ေဒၚေငြရက သူ႔အိမ္ေရွ႕ကေန လွမ္းေအာ္ေျပာသည္။

” က်ဳပ္ ဘိုးျမင့္ကို မ႐ိုင္းဝန႔္ပါဘူးေတာ္။ ဒီလင္မယားကိုေတာ့ မုန္းလြန္းလို႔ပါ ”

မစိန္စိန္ အူေတြအသည္းေတြ ေျဗာင္းဆန္သြားသလား မွတ္ရသည္။ ‘ ဒီလင္မယားကို မုန္းလြန္းလို႔ပါ ‘ ဟူေသာ စကားသံက သူ မေန႔ညက ႀကဳံေတြ႕ခဲ့ရေသာ ခေရပင္တန္းက မိန္းမႀကီးအသံႏွင့္ တထပ္တည္း တူေနေသာေၾကာင့္ပင္။ မစိန္စိန္ ေဒၚေငြရကို အေဝးကပင္ ရဲရဲ မၾကည့္ဝန႔္ေတာ့ေပ။

” ကဲ မေငြ … ငါလည္း နင့္ဆီကို အပ်င္းေျပ အလည္လာတာမဟုတ္ဘူး ။ ကိုယ့္တ႐ြာတည္းသားေတြ မျဖစ္သင့္တာ မျဖစ္ၾကရေလေအာင္ ငါက ၾကားဝင္ ညႇိႏႈိင္းေပးရေအာင္ဆိုၿပီး လိုက္လာတာ။ နင့္ အေၾကာင္းလည္း ငါသိသလို ၊ ငါ့အေၾကာင္းလည္း နင္သိမွာပါ ။ ငါ ဘယ္တုန္းကမွ မတရားတဲ့ဘက္က မရပ္တည္ခဲ့ဖူးဘူး ။အဲ့ဒီေတာ့ နင့္ၿခံထဲကို ငါတို႔ ဝင္ခဲ့မယ္။ ဒီ လင္မယားကို နင္ အႏၲရာယ္မျပဳပါနဲ႔ ။ သူတို႔က သူတို႔အမွားသိလို႔ နင့္ကို လာေတာင္းပန္ၾကတာဟဲ့ ”

ေဒၚေငြရက ဘိုးေလးဦးျမင့္စကားေၾကာင့္ စိတ္ကို ေလ်ာ့ခ်လိုက္ဟန္တူ၏။ သက္ျပင္း ခ်လိုက္သည္။

” ဒါဆိုလည္း ဝင္ခဲ့ေတာ္၊ တံခါးက ပိတ္မထားပါဘူး ”

” ေခ်ာက္ ”

ၿခံတံခါးေသာ့သည္ သူ႔အလိုလို ပြင့္သြား၏။ ဘိုးေလးျမင့္ကေတာ့ အံဩဟန္မျပ။ တံခါးကို တြန္းဖြင့္၍ အရင္ဝင္ေလ၏။

ကိုသန္းေဌးတို႔ လင္မယားမွာသာ ၿခံထဲ ဝင္ရေကာင္းႏိုးႏိုး ၊ ၿခံေရွ႕ပဲ ရပ္ေနရေကာင္းႏိုးႏိုးနဲ႔ တြန႔္ဆုတ္ တြန႔္ဆုတ္ လုပ္ေနၾကသည္ျဖစ္ရာ …

” ကဲ လာၾက လာၾက ၊ နင္တို႔ကို မေငြက ဘာမွ မလုပ္ပါဘူး ။ ဘိုးေလး အာမခံပါတယ္။ ဝင္ခဲ့ၾကပါ ”

ထိုအခါမွ သူတို႔လင္မယားသည္ မရဲတရဲနဲ႔ ဝင္လာၾကသည္။ အိမ္ေရွ႕၌ တေတာင္ေလာက္ အျမင့္ရွိေသာ ကြပ္ျပစ္ၾကမ္းျပင္ ရွိရာ ၊ ထိုၾကမ္းျပင္ေပၚသို႔ ဘိုးေလးက ဝင္ထိုင္လိုက္ရင္း ၊

” မယ္စိန္ … နင့္ေခါင္းေပၚက ကန္ေတာ့ပြဲ ဒီနား လာခ်ကြဲ႕။ ဟို ေမာင္သန္းေဌး မင္းလက္ထဲက ဆန္နဲ႔ဆီလည္း ဒီမွာပဲ လာတင္ေလကြယ္ ”

ေဒၚေငြရသည္ ရပ္ေနၿမဲ ရပ္ေန၏။သူ႔ၾကည့္ရတာ အိမ္ရွင္ ျဖစ္ေပမယ့္ ဘိုးေလးဦးျမင့္နဲ႔ ၾကမ္းတေျပးတည္း ထိုင္ဝန႔္ပုံမရေပ။

ထိုအခါ ဘိုးေလးဦးျမင့္က …

” ကဲ မေငြ ၊ ဒီမွာ လာထိုင္။ နင့္ကို ဒီလင္မယားက ကန္ေတာ့ၿပီး သူတို႔အမွားကို ဝန္ခ် ေတာင္းပန္တာကို ေကာင္းမြန္စြာ လက္သင့္ခံလိုက္ ။ ဟုတ္ၿပီလား ”

ဘိုးေလးျမင့္က ထိုင္ဆိုမွ ၊ ေဒၚေငြရ လာထိုင္ရဲ၏။ ဘိုးေလးျမင့္က ေဒၚေငြရ ေက်ာေပၚမွ အနာေတြကို ျမင္သြားသည့္အခါ …

” ကိုယ္ျပဳတဲ့ကံ ကိုယ့္ထံ ျပန္လာတတ္တယ္ဆိုတာ နင္ ေမ့ေလ်ာ့ေနသလား မေငြ။ သူ႔အကုသိုလ္နဲ႔ သူ သြားရမွာကို နင္က အဆင္းဘီးထည့္တြန္းခ်င္ေသးသကိုး ။ တယ္လည္း ခက္ပါ့ ”

ေဒၚေငြရ ဘာမွ ျပန္မေျပာရဲေခ်။ ဘိုးေလးျမင့္ကို ေလးစားေၾကာက္႐ြံသည္မွာ ထင္ရွားေလ၏။

” ကဲ ဟိုႏွစ္ေယာက္က ငါ့ကို သက္ေသထားၿပီး နင့္ကို ေတာင္းပန္ပါတယ္တဲ့။ေနာက္ေနာင္ မ႐ိုမေသ မလုပ္ေတာ့ပါဘူးတဲ့ ။ ေနာက္ၿပီးေတာ့ သူတို႔ ဝယ္ထားတဲ့ လယ္၃ဧကထဲက တဧကကိုလည္း ျပန္ယူပါတဲ့ ။ နင့္မွာ စိုက္ဖို႔ပ်ိဳးဖို႔ အရင္းအႏွီးနဲ႔လူမရွိရင္ ေမာင္သန္းေဌးကပဲ လူေရာေငြေရာ စိုက္ၿပီး လုပ္ေပးပါ့မယ္တဲ့။

သူတို႔လည္း ေနာင္တ တကယ္ရသြားၾကၿပီပဲ ။ နင္လည္း ေက်နပ္လိုက္ေပါ့။ ငါ ေျပာတာ ဘယ္လို သေဘာရလဲ မေငြ ”

ေဒၚေငြရက ေျမေပၚ ဒူးတုပ္ထိုင္ၿပီး လက္အုပ္ကေလးခ်ီေနၾကတဲ့ လင္မယားကို တခ်က္ၾကည့္သည္။ ၿပီးေတာ့ သက္ျပင္း ခ်၏။

” ဘိုးေလး ဝင္ေျပာေနမွေတာ့၊ က်မ မေက်နပ္စရာ ဘာအေၾကာင္းရွိအုံးမွာလဲ ၊ ေက်နပ္ရေတာ့မွာေပါ့။ က်မ လယ္တဧကကို ဒီလို ပါးစပ္ေပး ေပးလို႔ေတာ့ မျဖစ္ဘူးေပါ့။ က်မ ေပးခဲ့စဥ္ကလို စာခ်ဳပ္နဲ႔ လက္ေရာက္ ေပးမွ ျဖစ္မယ္ ဘိုးေလး ”

ထိုသို႔ ေဒၚေငြရက သူတို႔လင္မယားအေပၚ ယုံၾကည္ေသးဟန္မတူေသာစကားကို ဆိုလိုက္သည္။

ထိုအခါ ကိုသန္းေဌးက ျပာျပသလဲ ဝင္ေျဖ၏။

” ဟာ စိတ္ခ်ပါ ေဒၚေငြရ။ အခုလည္း က်ေနာ္ စာခ်ဳပ္စာတမ္းေတြ တပါတည္း ထည့္ယူလာခဲ့ပါတယ္ခင္မ် ”

သို႔ျဖင့္ ႏွစ္ဦးႏွစ္ဖက္ အဆင္ေျပသြားၾကေလ၏။ဘိုးေလးဦးျမင့္က ျပန္ခါနီးမွာ တထြာခန႔္ ေဆးပုလင္းတလုံးကို ေဒၚေငြရအား ေပးရင္း ၊ ဟိုလင္မယား၂ေယာက္ မၾကားရေအာင္ ခပ္တိုးတိုးႀကိတ္ဆူ၏။

” မိုက္လိုက္တဲ့ မိေငြ ၊ နင္မို႔ စကားအင္း မယ္ေတာ္ကို လႈထားပါရဲ႕နဲ႔ ပညာကို ထုတ္သုံးရဲတယ္ ၊ ဟိုက နင့္ကို အေသလုပ္လိမ့္မယ္ ၊ နင္ မေၾကာက္ေရာ့လား မိေငြရယ္ ”

” မေၾကာက္ပဲလား ဘိုးေလးရဲ႕။ က်မလည္း ခ်ီးခ်မ္းေအာင္ ေၾကာက္ပါ့ ။ ပညာ မသုံးခင္မွာ မယ္ေတာ့္နတ္နန္း သြားၿပီး ပြဲထိုးတယ္ေလ။ ေစာ္ကားလြန္းလို႔ ဆုံးမခြင့္ျပဳပါဆိုၿပီး ခြင့္ျပဳမိန႔္ေတာင္းလာခဲ့တာ ဘိုးေလးရဲ႕ ”

” ေအး ေအး အဲ့သလိုဆိုရင္လည္း ၿပီးပါေလေရာ။ ဆုံးမတယ္ဆိုလည္း အေသအေပ်ာက္ေတာ့ မရွိေစနဲ႔ေဟ့ ။ လြန္လာရင္ေတာ့ ငါလည္း ဝင္ပါသင့္ ဝင္ပါရမွာပဲ။ ငါ ရွိေနလ်က္နဲ႔ေတာ့ ႐ြာကို ဘယ္ပညာသည္မွ မေစာ္ကားေစရဘူး ။ ၾကားလား မိေငြ ”

” ဟုတ္ကဲ့ပါ ဘိုးေလး။ ေနာင္ ဒီလို မျဖစ္ေစရပါဘူး ”

” ေအး ၿပီးပါေလေရာ ၊ နင္က ပညာကို လႈထားတယ္ဆိုတာ ငါသိေပမယ့္ ၊ နင့္လို လွ်ာႏွစ္ခြပါတဲ့ စုန္းမမ်ားဟာ အခ်ိန္မေ႐ြး ပညာကို ျပန္ယူႏိုင္တယ္ဆိုတာကိုလည္း ငါသိေနတယ္ေနာ္ မိေငြ ။ နင္တို႔က လမ္းေကာင္းနဲ႔ လမ္းဆိုး ဘယ္ပညာလမ္းကို တက္တက္ ၊ ထက္ျမက္ၾကတယ္ဆိုၿပီး မာန္မတက္ေလနဲ႔ ။ ငါလည္း ႐ြာထဲမွာ ရွိေနတယ္ေဟ့ ၊ ရွိေနတယ္ ”

ဘိုးေလးျမင့္ ျပန္ေတာ့ ၊ ေဒၚေငြရက ဘိုးေလးျမင့္ကို ထိုင္ကန္ေတာ့သည္။

ဤသို႔ျဖင့္ မစိန္စိန္တို႔ ျပသနာမွာ ေျပလည္သြားခဲ့သည္။ မစိန္စိန္သည္ ထိုအခ်ိန္မွစ၍ ႐ြာထဲမွာ မေထာင္လႊားရဲေတာ့ေခ်။

မၾကာခင္မွာပဲ ကိုသန္းေဌးနဲ႔မစိန္စိန္တို႔ရဲ႕ အလႈေတာ္မဂၤလာပြဲႀကီးဟာလည္း စကားအင္း႐ြာမွာ ၿခိမ့္ၿခိမ့္သဲ က်င္းပ ေအာင္ျမင္ခဲ့ပါေလေတာ့သတည္း။

ပီပီ(မႏၲေလး)