“ကြောက်ကျွဲခတ်သော်” (စ-ဆုံး)

“ကြောက်ကျွဲခတ်သော်” (စ-ဆုံး)

———————————–
ရေးသားသူ…ဖိုးကျော့

နေမွန်းတိမ်းစတွင် သစ်ဆွဲ ကျွဲတစ်ရှဉ်းကို ထမ်းပိုး ဖြုတ် လွှတ်လိုက်ရသည်။

မနက် ငါးနာရီကပင် တောတောင်ကန္တာရမှ သစ်တုံး သစ်လုံးများကို တစ်မနက်လုံး သယ်ပိုးထုတ်ဆွဲခဲ့ကြရသော ကျွဲနှစ်ကောင်မှာ ထမ်းပိုး ဖြုတ်လိုက်သည်နှင့် တစ်ပြိုင်နက် တညွှညွှမြည်ကာ စားကျက်ရှိရာသို့ ထွက်သွားကြသည်။

ကျွဲနှစ်ကောင် အစာစားရန် ထွက်သွားတော့မှ သစ်ဆွဲ သစ်တိုက်လုပ်သား ဦးလူမောင်လည်း မနက်ကပင် ထုတ်ယူလာခဲ့သော ထမင်းထုပ်ကို သစ်တစ်ပင်အောက်တွင် ဖြေစားရသည်။ ဦးလူမောင်သည် ထမင်းစားနေရင်းက သူ့ကျွဲနှစ်ကောင်၏ ဒိုးဒိုးဒေါင်ဒေါင် ခလောက်သံကို နားစွင့်နေသည်။ သို့မှသာ မိမိ၏ ကျွဲနှစ်ကောင်မှာ ဘယ်တောင် ဘယ်တောနားဆီ ရောက်သွားပြီဆိုသည်ကို သိရမည် မဟုတ်ပါလား။

ထမင်းစားပြီးသောအခါ သစ်တစ်ပင်အောက်တွင် ဆေးလိပ်ဖွာရင်း ကျွဲခလောက် (ဒုံဒင်)သံကို နားစွင့်ရပြန်သည်။

ကျွဲခလောက်သံများမှာလည်း ကညင်ချောင်းဖျားဘက် ရောက်သွားသဖြင့် သူ ထလိုက်လာ၏။

ကညင်ချောင်းဖျားဘက်မှာ မြိုင်ကောင်းသဖြင့် မြက်ပေါသည်။ ကျွဲကြိုက်နှစ်သက်သော နွယ်ကျတောများအပြင် စမ်းပေါက်ကျွဲလူးအိုင်များလည်း ရှိရာ သစ်ဆွဲကျွဲတိုင်း ကညင်ချောင်းဖျားကို မက်ကြသည်။ စားကျက်သိနေကြသည်။

သူ့ ကျွဲနှစ်ကောင်၏ ခလောက်သံကို နားစွင့်ကာ ဦးလူမောင် ကညင်ချောင်းဖျားဘက် တက်လာသည်။

သွားရင်းလာရင်း ညနေ ကျွဲကျောင်းအပြန်တွင် ခူးဆွတ်ခုတ်ဖြတ် ယူသွားနိုင်ရန် တောဟင်းတောင်ဟင်းများကိုလည်း တစေ့တစောင်း ရှာဖွေကြည့်ရှုလာလေသည်။

ထိုအချိန်မှာပင် ကျွဲခလောက်သံတွေက ရုတ်တရက် ရပ်သွား၏။

ကျွဲများ မှန်မှန်အစာစားနေလျှင် ကျွဲခလောက်သံမှာ ပုံမှန် ဒုံဒင်ဒုံဒင် မြည်နေတတ်သည်။ ယခု ဘာကြောင့်များ ကျွဲခလောက်များ ရပ်သွားပါလိမ့်ဟု သူ တွေးမိသည်။ စိတ်ထဲ ထင့်ခနဲ ဖြစ်သွားသဖြင့် စောစောက ကျွဲခလောက်သံများ ကြားရာဘက်သို့ ခပ်သွက်သွက် လျှောက်လာသည်။

ကျွဲခလောက်သံများကို ပြန်ကြားရပြန်သည်။ သို့သော် ပုံမှန်မဟုတ်။

ပျောက်သွားလိုက် ပြန်ပေါ်လိုက် ကြားနေရသောအခါ ပို၍ စိုးရိမ်လာမိသည်။ ကျွဲစားကျက်တွင် အခြားကျွဲများနှင့်တွေ့ ၍ တစ်ကောင်ကို တစ်ကောင် ရန်စောင်နေကြလေပြီလား။

ဦးလူမောင် သူ့ကျွဲနှစ်ကောင်၏ ခလောက်သံကို ပိုပြီး ဂရုစိုက် နားထောင်နေမိသည်။ အခြားကျွဲများ၏ ခလောက်သံကို သူ မကြားရ။ သူ့ကျွဲနှစ်ကောင်ဖြစ်သော မဲလုံးနှင့် တိုင်းကျော်တို့၏ ခလောက်သံကသာ ပြတ်တောင်းပြတ်တောင်း ဒုံဒင် မြည်နေသည်။

ပြတ်တောင်း ပြတ်တောင်း ဒုံဒင်မြည်နေသော ကျွဲခလောက်သံကြားနေရာနားကို သူ ရောက်လာသည်။ သူ ကျွဲနှစ်ကောင်ကို မမြင်ရသေးသော်လည်း ယခု မြည်နေသော ဒုံဒင်သံမှာ သူ့ကျွဲနှစ်ကောင်၏ ခလောက်သံဖြစ်မှန်း သူ အတပ်သိသည်။

ထို့ကြောင့် ခလောက်သံ ကြားနေရသော ကျူတောမြိုင်ဘက် သူ ဝင်မလိုက်တော့ဘဲ သူ့ကျွဲနှစ်ကောင်ကိုသာ လူသံပေး ခေါ်လိုက်၏။

“မဲလုံးရေ… ရော့.. ရော့ ”

“တိုင်းကျော်ရေ… ရော့.. ရော့.. လာ.. လာ”

သူက အသံကို ဆွဲ၍ ခေါ်လိုက်ခါမှ သူ့ကျွဲနှစ်ကောင်၏ ဒုံဒင်သံမှာ ပိုပြီး မမှန်မကန် ဖြစ်လာသည်။

ဒုံဒင် ဒုံဒင် မြည်နေရာမှ ရပ်သွားလိုက်၊ မမှန်မကန် ပြန်မည်သံ လာလိုက်နှင့် စည်းဝါးမကျ ဖြစ်လာ၏။

“မဲလုံးရေ ရော့… ရော့”

“တိုင်းကျော်… ရော့.. ရော့… လာ… လာ”

သူ့အသံကို ကြားလျှင် သူ့ကျွဲနှစ်ကောင်မှာ လာနေကျဖြစ်သဖြင့် ဦးလူမောင်က ထပ်ခေါ်၏။

သို့သော် သူ့ခေါ်သံ မဆုံးခင်မှာပင် ဝေါင်းကနဲ ကျားဟိန်းသံကြီးတစ်ခုကို ကြားလိုက်ရသည်။

“ဒုံဒင်… ဒုံဒင်” နှင့် မြည်သော ကျွဲခလောက်သံများမှာလည်း အဆက်မပြတ် ပေါ်ထွက်လာကာ တစ်တောလုံး တစ်တောင်လုံး ဆူညံသွားသည်။

ရုတ်တရက်မူ ဦးလူမောင် ခေါင်းနားပန်းကြီးသွား၏။ တစ်ဆက်တည်းမှာပင် လွန်ခဲ့သည့် သုံးလေးရက်က ဦးသာရင် သတိပေးသွားသော စကားများကို ချက်ချင်း ပြန်လည်ကြားယောင်မိလိုက်သည်။

“လူမောင်… မင်း အခု ဘယ်သစ်ကွက်မှာ ဆွဲနေလဲ၊ ကျွဲတွေကို ဂရုစိုက်နော်၊ သစ်ပုတ်ပင် တောညိုဘက်မှာ သစ်ဆွဲကျွဲတွေကို ကျားတစ်ကောင် လိုက်လိုက်ကိုက်နေတာ နှစ်ပတ်လောက်ရှိပြီဆိုပဲ။ ကျားက ဧရာမကျားကြီး။ ရဲလည်း အရမ်းရဲတယ်ကွဲ့။ ကိုက်သတ်သမျှ ကျွဲတွေကို ကုပ်သွေးဖောက်ပြီး သောက်ပစ်ပစ်ထားခဲ့တာ။ သစ်တောဦးစီးမှူးတွေကိုယ်တိုင်က လိုက်ချောင်းတာတောင် ကျွဲသေကို ပြန်မစားတဲ့ ကျားကို ခုထိ မပစ်မိသေးဘူးလို့ ကြားခဲ့တယ်”

သူ ယခု သစ်ဆွဲနေသော ကညင်ချောင်းဘက်မှာ သစ်တစ်ပင် တောညိုဘက်နှင့် တောကြော တောင်ကြောချင်း ဆက်စပ်နေသဖြင့် ပိုစိုးရိမ်သွားသည်။

“ငါ့ကျွဲတစ်ကောင်ကောင်ကိုတော့ ကျားကိုက်ပလား”
ဟူသော အတွေးမဆုံးခင်မှာပင် သူ့ကျွဲနှစ်ကောင်သည် တညွှညွှမြည်ကာ ဖင်ချင်းပူးပြီး ကျွဲလူးအိုင်နားကွင်းစသို့ ထွက်လာကြသည်။

“မဲလုံး.. ရော့… ရေ…. ဟာ”

သူထင်သကဲ့သို့ပင် ကျားကြီးတစ်ကောင်သည် သူ့ ကျွဲနှစ်ကောင်နောက်သို့ လိုက်လာနေပြီ။ မည်သို့လုပ်ရမည်နည်း။

ဦးလူမောင်သည် အထိတ်တလန့်နှင့် …

“ကျားဗျို့… ကျား… ကျား… ဟေး… ဝေး… ဝေး”

တအားအော်ကာ ကျားကို ခြောက်လှန့်သံပေးလိုက်သည်။

သို့သော် ကျွဲများကို ကိုက်သတ်နေကျ ကျားကြီးသည် လူအော်သံကိုပင် လုံးဝ ဂရုမစိုက်ဘဲ ကျွဲနှစ်ကောင်ကိုသာ လှည့်ပတ်ကိုက်သတ်ရန်အတွက် အကွက်ရှာနေ၏။

ဦးလူမောင်သည် မဲလုံးနှင့် တိုင်းကျော် ကျွဲကြီးနှစ်ကောင်မှာလည်း တောအတွေ့အကြုံရှိပြီးသားအပြင် လည်သားတက်ဘို့တင်ကြီးများ ဖြစ်ကြသဖြင့် တစ်ကောင်နှင့်တစ်ကောင် ဖင်ချင်းပူးကာ ကျားကြီး သူတို့ အနားရောက်လာတိုင်း ဝှေ့ဝှေ့လိုက်ခတ်နေကြသည်။

ရုတ်တရက်မူ သစ်ဆွဲကျွဲကြီးနှစ်ကောင်ကို ကျားကလည်း ဝင်မကိုက်ရဲသေး။ အရှင်သခင် ဦးလူမောင်၏ အသံကို ကြားသဖြင့် အားရှိလာကာ ကျားကြီးကို ကျွဲကြီးနှစ်ကောင်မှာ တညွှညွှ အသံပြန်ပေးကာ လိုက်ခတ်နေကြသော်လည်း ဦးလူမောင်ကမူ ကြောက်ကြောက်လန့်လန့်နှင့် သူ့ကိုယ်သူ ဘယ်အချိန်ကပင် ညောင်ကြပ်ပင်တစ်ပင်ပေါ် ရောက်မှန်း သတိမထားမိလိုက်။

သူ့ကျွဲနှစ်ကောင်က တညွှညွှအော်မြည်ကာ သူ့ သခင်ကို နှုတ်ဆက်အားပေးနေကြရာမှ သူကလည်း ကျွဲနှစ်ကောင်ကို ပြန်အော် အားပေးနေရသလို ဖြစ်သွားသည်။

“မဲလုံး… တိုင်းကျော်… ဝေး… ဟေး… ကျား… ဟေး… ဟေး… ဝေးလာကြပါဗျို့၊ ကယ်ကြပါဦး ကယ်ကြပါဦး။ ကျုပ်ကျွဲတွေကို ကျားလိုက်ကိုက်နေပြီ”

“ဝေး ဟေး ဟေး”

ဦးလူမောင်ကသာ သွေးရူးသွေးတန်းနှင့် သစ်ပင်ပေါ်က လှမ်း အကူအညီတောင်းပြီး ကျားကြီးကို မောင်းနေသော်လည်း အစာမြင်ထားသော ကျားကြီးကမူ ဦးလူမောင်၏အော်မောင်းသံကို လုံးဝ ဂရုမစိုက်။ ကျွဲနှစ်ကောင်မှ တစ်ကောင်ကောင်ကိုသာ အမိအရကိုက်ပြီး ကုပ်သွေးဖောက်သောက်ရန် ကြိုးစားနေ၏။

သို့သော် လည်သားတက် ကျွဲကြီးနှစ်ကောင်ကလည်း ကျားကြီး၏အထာကို သိသဖြင့် တစ်ကောင်နှင့်တစ်ကောင် ဖင်ချင်းပူး၊ ချိုနှင့် ခထားကြရာမှ လုံးဝမခွာ။

သူတို့၏ ချွန်မြရှည်ကားသော ချိုကြီးတွေကို ဆတ်ခနဲ ဆတ်ခနဲ ခါဝှေ့ကာ ကျားကြီးကို လိုက်ခတ်နေကြ၏။

ကျွဲလူးအိုင် ကွင်းစနားတွင် ကျွဲကြီးတစ်ကောင်ကောင်ပေါ် ခုန်တက်လိုက်လျှင် ကျွဲချိုဖျား အသက်ပါသွားမှာ သိသော ကျားကြီးက ကျွဲနှစ်ကောင်ကို ကိုက်သတ်ရန် အကွက်မဝင်သောအခါ နည်းပရိယာယ်တစ်မျိုး ဆင်လာပြန်သည်။

ကျားကြီးသည် ကျွဲနှစ်ကောင်နား လှည့်ပတ်ချောင်းမြောင်းနေရာမှ ချုံပုတ်တောစနားသို့ ဆုတ်သွားသည်။

သူဆုတ်သွားသလို ကျွဲကြီးနှစ်ကောင်က လိုက်ပါလာပြီး ချုံပုတ်များကို ဦးချိုနှင့် ဝှေ့ခတ်ကြလိမ့် မည်။ ထိုအခါ ချုံပုတ်ပေါ်ရှိ ခုံညင်းနွယ်ပင်ကြီးများနှင့် ဦးချိုငြိပြီး ကျွဲနှစ်ကောင်မှာ ထင်သလို လှည့်ခတ်၍မရ ဖြစ်သွားနိုင်သည်။ ဤအခါကျမှ ကျားကြီး ချုံပေါ်မှ ခုန်အုပ်ပြီး ကျွဲကြီး၏ ကုပ်ကို ကိုက်သတ်နိုင်မည် ဖြစ်သည်။

ဤနည်းပရိယာယ်နှင့် ကျားကြီးက ကျွဲကြီးနှစ်ကောင်ကို မြူဆွယ် လှည့်ခေါ်နေသည်။ ဤသည်ကို သိသော သစ်ပင်ပေါ်မှ ဦးလူမောင်မှာ ရင်တထိတ်ထိတ်နှင့်…

“မဲလုံး ကျားခေါ်ရာကို မလိုက်နဲ့။ တိုင်းကျော် ချုံနားကို မလိုက်နဲ့။ နင်တို့ကို ကိုက်သတ်မလို့ လှည့်ခေါ်နေတာ။ မလိုက်နဲ့ … တောစချုံထဲ ဝင်မလိုက်နဲ့”
ဟု ထိတ်ထိတ်လန့်လန့် အော်ပြောနေ၏။

သူ့ကျွဲကြီးနှစ်ကောင်မှာလည်း ဦးလူမောင်စကားကို နားလည်သကဲ့သို့ပင် တညွှညွှ အသံပြန်ပေးကာ ကျွဲလူးအိုင်နားရှိ ကွင်းစကသာ လည်ခါချိုလှုပ်၍ ဟန်ရေးပြပြီး မာန်သွင်းနေကြ၏။

ကျွဲနှစ်ကောင် လည်ခါ ချိုလှုပ်လုပ်လေတိုင်း သူတို့လည်ပင်း၌ ဆွဲထားသော ခလောက်များကလည်း ဒုံဒင် ဒုံဒင်မြည်ကာ ကျွဲကြီးနှစ်ကောင်ကို သတိပေးနေကြသည်။

သူ့ကျွဲနှစ်ကောင်သည် ကျားကြီးပရိယာယ်နှင့် လှည့်ခေါ်နေသော တောစချုံပုတ်ထဲ မသိသားဆိုးဝါးစွာ လိုက်ပါသွားကြလေမလားဟု ရင်ထိတ်နေရသော ဦးလူမောင်မှာ ကျားကြီးက မည်သို့ခေါ်ခေါ် လူသံကြားပြီး အရှင်သခင်နှင့်နီးသော ညောင်ကြပ်ပင်နား ကွင်းထဲသို့သာ လှည့်လာကြသည်ကို မြင်ရသောအခါ …

“ဒါမှ မဲလုံးကွ၊ ငါ့သား တိုင်းကျော်”
ဟု စိတ်ထဲက ကျွဲနှစ်ကောင်ကို ဝမ်းသာအားရ ချီးကျူးနေမိ၏။

သို့သော် သူ၏ ဝမ်းသာလုံးက ရင်ထဲမကျခင်မှာပင် ကျားကြီးသည် ကျွဲကြီးနှစ်ကောင်နားသို့ ပြန်ရောက်လာပြန်သည်။

ဤကျွဲနှစ်ကောင်မှာ သူ့ထောင်ချောက်ထဲ ဝင်မလာကြသဖြင့် ပိုပြီး ဒေါသကြီးလာပုံရသည်။ အသံသေး အသံကြောင်တွေအပြင် ဝမ်းခေါင်း အာခေါင်း သံတွေပါမကျန် ညှစ်ထုတ်မာန်ဖီကာ ကျွဲကြီးတစ်ကောင်ကောင်ကို အမိအရ ခုန်ကိုက်ရန် ကျွဲကြီးနှစ်ကောင်နား အတင်းတိုးကပ်လာ၏။

သစ်ဆွဲကျွဲကြီးနှစ်ကောင်မှာ ကျားကြီးအနားသို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် ချက်ချင်း ပြန်ပူးလိုက်ကြကာ လှည့်ပတ်ဝင့်ခံနေကြသည်။

သည်လိုနှင့် နာရီဝက်ခန့် ကြာသွားသောအခါ ကျားကြီးမှာ ပိုပြီး ဒေါသကြီးလာ၏။ နေအညိုမှာ ပိုပြီး ဝမ်းဟာ ဒေါသကြီးလာသော ကျားကြီးသည် ဝေါင်းခနဲ အသံပေးကာ မဲလုံး၏ ကုပ်ပေါ်ကို ရုတ်ခနဲ ခုန်အုပ်လိုက်၏။

သို့သော် မဲလုံး၏ ကုပ်ပေါ်ကို ကျားကြီးက မကိုက်မိလိုက်။ ကျားကြီးက ခုန်အအုပ်၊ မဲလုံးက ကျုံးအခတ်တွင် မဲလုံး၏ ရှည်ဝိုင်းချွန်မြသော ဦးချိုတစ်ဖက်ဖျားတွင် ကျားကြီးက တန်းလန်းစွပ်ပါသွား၏။

ထိုအခါ တိုင်းကျော်နှင့် ဖင်ချင်းပူးထားသော မဲလုံးမှာ သွေးရူးသွေးတန်းနှင့် လည်ပင်းကို တအားခါခတ်သည်။ သို့သော် လည်ပင်းတစ်ခြမ်းကို စွဲဝင်စူးနစ်နေသော ကျွဲချိုမှာ ကျားကြီးအား ပြုတ်ကျမသွား။

ဆန့်ငင် ဆန့်ငင်ဖြစ်ကာ သွေးရူးသွေးတန်းနှင့် လျှောက်ပြေးနေသော မဲလုံး၏ ဦးချိုပေါ်၌သာ ခလောက်ဆွဲသလို တန်းလန်းကြီး ပါနေ၏။

မဲလုံးမှာ ထိတ်ထိတ်လန့်လန့် လျှောက်ပြေးရင်း ချိုတွင် စွပ်ပါနေသော ကျားကြီးကို လည်တယမ်းယမ်းနှင့် ခါထုတ်နေသော နောက်ကို တိုင်းကျော်ကလည်း ထိတ်ထိတ်လန့်လန့်နှင့် တညွှညွှအော်ကာ လျှောက်လိုက်နေသည်။

ကြောက်လန့်တကြား ကြည့်နေသော ဦးလူမောင်အထင်မှာ ကျားကြီးသည် မဲလုံး၏ကုပ်ပေါ်ကို မလွတ်တမ်း ခဲထားပြီးဖြစ်သဖြင့် မဲလုံးမှာ သွေးရူးသွေးတန်းနှင့် ကျွဲလူးအိုင်နား လှည့်ပတ်ပြေးနေပြီဟု ထင်လိုက်၏။

ထို့ကြောင့် အထိတ်တလန့်နှင့် …

“ဝေး ဟေး … ကူကြပါဦး၊ ကယ်ကြပါဦး”
ဟုသာ သစ်ပင်ပေါ်က အော်ဟစ်နေသည်။

သူဦးချိုပေါ်တွင် တန်းလန်းကြီးပါနေသော ကျားကြီးကို မဲလုံးကလည်း အကြောက်လွန်နေပုံရ၏။ ထို့ကြောင့် သူ့အရှင်သခင် အသံကြားရာ ညောင်ကြပ်ပင်ကြီးနား ကျားကြီးတန်းလန်းနှင့် ပြေးချလာသည်။

သို့သော် ညောင်ကြပ်ပင်ရင်းတွင် သူ့အရှင်သခင်ကို မတွေ့ရသောအခါ ကြောက်ကြောက်လန့်လန့်နှင့် ညောင်ကြပ်ပင်ကြီးကို တအား ဝင်အောင်း ဝှေ့ခတ်ပစ်လိုက်၏။

ထိုအခါ သူ့ဦးချိုပေါ်တွင် တန်းလန်းကြီးဖြစ်နေသော ကျားကြီးမှာ မြေပြင်ပေါ်သို့ ဝုန်းခနဲ ပြုတ်ကျသွား၏။

ပြီးပါပြီ

(ရောင်ပြန်အထူးထုတ်၊ ဧပြီ၊ ၂၀၀၈)

✍ ဖိုးကျော့

📒 ရောင်ပြန်မဂ္ဂဇင်း(အထူးထုတ်) (ဧပြီ၊ ၂၀၀၈)