သင်္ချိုင်းထဲမှာ ထမင်းစားခဲ့တဲ့ ကျောင်းဆရာ

သင်္ချိုင်းထဲမှာ ထမင်းစားခဲ့တဲ့ ကျောင်းဆရာ

————————————–

ကျွန်တော် တောကျောင်းကနေ မြို့ကျောင်းကိုပြောင်းလာပေမယ့် မြို့ပေါ်ကျောင်းမှာ နေရတာမဟုတ်ဘူး။ မြို့နဲ့ မနီးမဝေး မူလတန်းကျောင်းလေးကို ရောက်လာတယ်။ လေးတန်းအတန်းပိုင်တာဝန်ယူရတယ်။ ကျောင်းက ယိုင်တိုင်တိုင် စုတ်ချာချာ။ မိုးရွာ လေတိုက်ရင် မိုးလွတ်တဲ့နေရာ ခိုနေကြရတယ်။

 

ကျွန်တော့်လေးတန်းမှာ ကျောင်းသား ၂၄ ယောက်ရှိတယ်။ အဲဒီခေတ်က အုပ်စုလိုက်စစ်ဆိုတော့ အစိုးရစစ် လိုပဲ။ တစ်ကျောင်းနဲ့တစ်ကျောင်းပြိုင်နေကြတာဆိုတော့ တန်းလုံးကျွတ်အောင်တာကို ဂုဏ်ရှိတယ် ထင်နေကြ တာ။ ကျွန်တော့်ကျောင်းအုပ်ကြီးကတော့ တဝက်အောင်ရင်တော်ပြီ ဆိုပြီးနေတာ။

 

အတန်းထဲက ကလေးတွေမဆိုးပါဘူး။ အရည်အချင်းလေးတွေတော့ အရှိသား။ လေ့ကျင့်အားနည်းနေတယ်လို့ သုံးသပ်တယ်။ အရင်က ကျောင်းအုပ်ဆရာကြီးက တာဝန်ယူထားတာကိုး။ သူလည်းတခါတရံ သူ့ကိုယ်ရေးကိုယ်တာရှိလေတော့ အကြောင်းပြ ပြီး ကျောင်းလာတစ်ချက်၊ မလာတစ်ချက်ဆိုတော့ ကလေးတွေ ပညာငတ်နေကြတာပေါ့။

 

ကျွန်တော် အတန်းပိုင်ဖြစ်တော့ ကလေးတွေတစ်ဦးချင်းကို လေ့လာရတယ်။ အားလုံးအနေအထား ကောင်း တယ်။ တန်းလုံးကျွတ်အောင်နိုင်တဲ့ အနေအထားမှာရှိတယ်။ ကျွန်တော်ကလည်း တာဝန်ယူခဲ့တဲ့ကျောင်းတိုင်း မှာ တန်းလုံးကျွတ်အောင်တာကိုမှ ဂုဏ်ယူတတ်တာဆိုတော့ မောင်းရတော့တာပေါ့။

 

အတန်းထဲမှာ ဖြူမဆိုတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်။ ဖြူဖြူသေးသေးလေး။ စာအတော်လေးညံ့တယ်။ လက်ရေးညံ့တယ်။ သေသေချာချာ လေ့လာကြည့်တော့ ဖြူမက ဉာဏ်ကောင်းတယ်။ ဒါပေမဲ့ သူ့ကို အတန်း ထဲက အတန်းဖော်တွေက သိပ်အရောမဝင်တော့ ဂျစ်တစ်တစ်၊ ညစ်တစ်တစ်လုပ်ချင်နေတာ။ ကျွန်တော်က သူ့ကို လက်ရေးကစပြင်တော့ ကျွန်တော့်ကို နည်းနည်း အသိအမှတ်ပြုစဖြစ်လာတယ်။

 

တစ်နေ့တော့ ရွာထဲမှာ မဟာဒုတ်ပွဲဆိုပြီး အလှူတွေခံကြ၊ ပွဲတွေခံကြ၊ အကြီးအကျယ်လုပ်တယ်။ ကျွန်တော် ကလေးတွေရဲ့ လေ့ကျင့်ခန်းစာအုပ်တစ်ထပ်ကြီးနဲ့ အလုပ်ရှုပ်နေချိန်မှာ ဖြူမက မရဲတရဲ ကျွန်တော့်နားကပ် လာပြီး

 

“ဆရာ … သမီးတို့အိမ်က မဟာဒုတ် ဘုရားမဲပေါက်တယ်။ အဖေက ဆရာ့ကို အိမ်မှာ ထမင်းလာစားပါလို့ ဖိတ်ခိုင်းလိုက်လို့”

 

ကျွန်တော်ကလည်း သာမန်လောက်ပဲထင်ပြီး “အေး … အေး” လို့ပြောလိုက်တော့ သူက ထပ်ပြီး သေချာအောင်

 

“တကယ်လာမှာလားဆရာ … အဖေ့ကို ပြန်ပြောလိုက်မယ်”

 

ကျွန်တော်ကလည်း သာမန်လောက်သဘောထားပြီး ခေါင်းငြိမ့်ပြလိုက်တယ်။

 

ညနေကျောင်းဆင်းတော့ ကလေးတွေအားလုံး မရှိချိန်မှာ ဆရာမ တစ်ယောက်က ကျွန်တော့်ဆီလာပြီး

 

“ဆရာ ဖြူမတို့အလှူကို ဆရာ တကယ်သွားမှာလား”

လို့လာမေးတယ်။

 

“သွားမှာပေါ့ ဆရာမရဲ့၊ ဘာဖြစ်လို့လဲ”

 

“ဖြူမတို့က သင်္ချိုင်းထဲမှာနေတာဆရာ။ သူ့အဖေက သုဘရာဇာ၊ ဆရာသွားလို့ဖြစ်ပါ့မလား”

 

ကျွန်တော် ဘာဖြစ်လို့ ဖြူမတစ်ယောက် သိမ်ငယ်စွာနဲ့ အတန်းထဲမှာဖြစ်နေတယ်ဆိုတာ သဘောပေါက်လိုက် တယ်။ ဘာဖြစ်ဖြစ် အဲဒီအလှူကို ကျွန်တော် သွားဖြစ်အောင်သွားဖို့ ဆုံးဖြတ်လိုက်တယ်။

 

နောက်တစ်နေ့ ကျောင်းကို စောစောလာတော့ ဖြူမက ကျောင်းလှေခါးကနေ လာစောင့်နေတယ်။ ကျွန်တော့် လွယ်အိတ်လေးကို လာပြေးယူပြီး

 

“ဆရာ သမီးနဲ့ တစ်ခါတည်းလိုက်ခဲ့မှာလား” လို့မေးလိုက်တယ်။ ကျွန်တော်လည်း ခေါင်းညိမ့်ပြလိုက်ပြီး သူ့ နောက်ကလိုက်ခဲ့တယ်။

 

သင်္ချိုင်းက ရွာပြင်မှာ။ ကျွန်တော် သင်္ချိုင်းထဲဝင်လိုက်ချိန်မှာ အုတ်ဂူကြားလေးတွေကနေ ​ချောင်းကြည့်နေကြတဲ့ ကလေးအချို့ကိုလည်းတွေ့လိုက်ရတယ်။ သင်္ချိုင်းနဲ့လှမ်းလှမ်းက ကုန်းလေးပေါ်မှာ ဝါးတဲလေးတစ်ခုရှိတယ်။ သပ်ရပ်ပြီး ပြောင်နေတယ်။ အခင်းတွေက ဝါးခင်းတွေပဲ။ ကျွန်တော် အိမ်ပေါ်တက်ထိုင်လိုက်ချိန်မှာ ဖြူမရဲ့ အဖေက အခန်းထဲက ထွက်လာပြီး ဘာပြောရမှန်းမသိသလိုနဲ့ ယောင်နနဖြစ်နေတယ်။ သူက

 

“မထင်ပါဘူးဆရာကြီးရယ်၊ သမီးကပြောလို့သာ၊ ဆရာကြီးတကယ်လာမယ်လို့ ကျွန်တော် လုံးဝမထင် ထားပါဘူး” တဲ့။ တုန်တုန်ရီရီနဲ့ ပြောရှာတယ်။

 

ကျွန်တော်ကလည်း “ကိုကျော်မင်းရယ် ခင်ဗျားအိမ်ကို မဟာဒုတ်မဲပေါက်လို့ ဘုရားတောင် ကြွလာသေးတာပဲ။ ကျုပ်က ဘာလို့ မလာရမှာလဲ” လို့ပြောလိုက်တယ်။

 

ထမင်းဝိုင်းပြင်ပြီးတော့ ကျွန်တော့ကို တပည့်ဖြူမက လာခေါ်တယ်။ အိမ်ဦးခန်းမှာ နေရာယူပြီး စားဖို့ပြင်တော့ ကျွန်တော်တစ်ယောက်တည်း။ ကျွန်တော်က

 

“ကိုကျော်မင်း လာလေဗျာ။ ကျွန်တော်တစ်ယောက်တည်း။ ခင်ဗျားလည်း လာစားလေ”

 

လို့ပြောလိုက်တော့ ဖြူမအဖေက အတင်းငြင်းတယ်။ နောက်ဆုံး ကျွန်တော်က

 

“ကိုကျော်မင်း … ခင်ဗျား မစားရင် ကျွန်တော်လည်း မစားဘူး” ဆိုမှဝင်ထိုင်တယ်။

 

ထမင်းဝိုင်းမှာ ကျွန်တော်ကြိုက်တဲ့ ငါးဘတ်ခေါင်းကို ကြက်ပေါင်သီးနဲ့ ချက်ထားတာတွေ့လိုက်ရတယ်။ ငပိရည် တို့စရာတွေကလည်းစုံနေတာပဲ။ ကိုကျော်မင်းက ကျွန်တော့် ပန်းကန်ထဲကို ငါးဘတ်ခေါင်းကြီးတစ်ခေါင်းလုံး ခတ်ထည့်ပေးလိုက်တယ်။

 

ကျွန်တော်က တစ်ဝက်ဖဲ့ပြီးသူ့ပန်းကန်ထဲပြန်ထည့်ပေးလိုက်ရော ကိုကျော်မင်း ထမင်းဝိုင်းကနေ ထပြေးပြီး အိမ်ခန်းထဲဝင်သွားတော့တယ်။ အိမ်ခန်းထဲမှာ ဟီး…ဟီး..ဆိုတဲ့ ငိုသံကြီး ကြား လိုက်ရတော့ ကျွန်တော်တောင် မျက်ရည်ဝဲတယ်။ တအောင့်နေတော့ ပြန်ထွက်လာပြီး

 

“ဆရာကြီးရယ် ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ကို သုဘရာဇာဆိုပြီး တစ်ရွာလုံးက အဖက်လုပ်ကြတာ မဟုတ်ဘူး” လို့ ပုဆိုးနဲ့ မျက်ရည်တွေသုတ်ပြီးပြောတယ်။

 

ကျွန်တော်သူ့ကို တရားဟောမနေတော့ဘူး။ ထမင်းကို ဆာဆာနဲ့ အားရပါးရစားပြလိုက်တယ်။ သူတို့ မိသားစုလည်း ဝမ်းသာလွန်းလို့ ပီတိဖြစ်နေတာကို ကျွန်တော် မျက်ရည်မကျမိအောင် မနည်းထိန်းရင်းက စားနေရတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ်ပဲသိတယ်။

 

အဲဒီနေ့ကစပြီး ဖြူမ အချိုးပြောင်းလာတယ်။ ခိုင်းရင်လုပ်တယ်။ အရမ်းကြိုးစားတယ်။ အဲဒီကလေးအတွက် စိတ်ပူနေရာက နောက်ဆုံး စတုတ္ထတန်းအောင်စာရင်းထွက်လာတော့ ကျွန်တော့်ကလေး ၂၄ ယောက်စလုံး အောင်တယ်။ ဒီရွာသမိုင်းမှာ တန်းလုံးကျွတ်အောင်တဲ့ ပထမဆုံးအောင်ပွဲပဲ။

 

ကျွန်တော့်အောင်ပွဲက ဒီမှာတင်မရပ်ဘူး။ ကျောင်းအိုကျောင်းဟောင်းလေးကို ပြင်ဆောက်ဖို့ ရွာထဲလိုက် အလှူခံတော့ ဆေးလိပ်ခုံတစ်ခုကို ရောက်သွားတယ်။ ဆေးလိပ်ခုံသူဌေးက ကျွန်တော့်ကို ကြည့်ပြီး

 

“သင်္ချိုင်းထဲ ထမင်းသွားစားတဲ့ဆရာလား” လို့မေးလိုက်တယ်။

 

သူကကျွန်တော့်ကို အိမ်ထဲခေါ်သွားပြီး

 

“ဆရာ့စိတ်ဓာတ်ကိုလေးစားတယ်ဗျာ။ ကျွန်တော်လည်း အဲဒီလိုဘဝက သူဌေးဖြစ်လာတာ။ ကိုင်း အလှူ လိုက်ခံ မနေနဲ့။ ဆရာ့ကျောင်းကို ကျွန်တော်ပြန်ဆောက်ပေးမယ်။ ဒီနှစ်တန်းလုံးကျွတ်အောင်တယ်ဆိုက တည်းက ဘာလုပ်ပေးရင်ကောင်းမလဲ စဉ်းစားနေတာ”

 

လို့ပြောလိုက်တယ်။

 

ကျွန်တော်ဒီကျောင်းနဲ့ပတ်သက်ပြီး ဒုတိယတစ်ကြိမ် မျက်ရည်လည်ခဲ့ရတယ်။

 

ခုတော့ ကျွန်တော်မရှိတော့ပေမယ့် ကျောင်းလေးကတိုက်ကျောင်း၊ ကွန်ကရစ်လမ်းတွေနဲ့ စည်ကားနေပြီလို့ ကြားတယ်။ ဖြူမတစ်ယောက်လည်း ဘာတွေဖြစ်နေပြီလဲလို့ သိချင်လှတယ်။

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

စာစီရင်းမျက်ရည်လည်သူ

မောင်လူလှ ~ ကညင်မြေ