**နှုတ်ကြောင့်သေ**📖📖📖
*******************************
ဤဇာတ်လမ်းသည် ဖြစ်ရပ်မှန်အား အခြေခံ၍ ရေးသားထားခြင်းဖြစ်ပါသည်။
ကျွန်တော့်နာမည်က ကျော်စွာ။ကျွန်တော့အလုပ်က ကားစပါယ်ယာ ဖြစ်သည်။
စပါယ်ယာ ဟုဆိုသော်လည်း အစ်ကိုမောင်းသောကား ထံသို့ လိုက်ရခြင်းဖြစ်သည်။
အချိန်က မိုင်းရှူးခေတ်ဖြစ်သည်။မိုင်းရှူးနယ်မြေတွင် ကျောက်များ ပေါများသောခေတ်တွင် မြို့တိုင်း၌ ကျောက်ဝိုင်းဟုပေါ်လာကာ ကလေးကစ မိန်းမတွေအဆုံး ကျောက်ကိုစိတ်ဝင်စားကြတဲ့ ခေတ်ကို စာဖတ်သူတွေထဲမှ မှတ်မိသူတွေရှိပေလိမ့်ဦးမည်။
ရှမ်းပြည်နယ်တွင် မိုင်းကိုးမိုင်း ဟူသော မိုင်းပါသောမြို့ ကိုးမြို့ ရှိလေရာ ထိုနယ်ကို စောင့်ရှောက်သောအဘ ကိုးမြို့ရှင်နတ်နန်းသည်လည်း ထိုမြို့နယ်များတွင် အထင်ကရ ရှိလေသည်။
ကျွန်တော်နေထိုင်သည်ကား တောင်ကြီးမြို့တွင်ဖြစ်ကာ မိုင်းရှူးသည် ရတနာနယ်မြေအဖြစ်ထင်ရှားလာချိန်တွင် ကျွန်တော်လည်း လူပျိုပေါက်အရွယ်ရောက်လေပြီဖြစ်သည်။
ကျွန်တော်နေထိုင်ရာ တောင်ကြီးမြို့တွင်လည်း ကိုးမြို့ ရှင်နတ်နန်းရှိလေရာ မြို့ခံများက လောကီစီးပွားရေးလုပ်ငန်းများ လုပ်ကြလျှင် ထိုကိုးမြို့ရှင်နတ်နန်းသို့ ပွဲပေးတတ်ကြသည်။
ထို့ပြင် ကား၊ဆိုင်ကယ် အသစ်ဝယ်လျှင်လည်း ကိုမြို့ရှင်နတ်နန်းတွင် နတ်ပြပြီးမှ အသုံးပြုလျှင် အန္တရာယ်များကင်းကာ စီးပွားရေးလာဘ်လာဘများ တိုးသည်ဟု ယုံကြည်သူများက ထိုနတ်နန်းသို့သွားကာ မိမိပစ္စည်းအသစ်များအား နတ်ပြပြီးမှသုံးလေ့ရှိကြသူများလည်းရှိသည်။
ကိုးမြို့ရှင်နတ်နန်းတည်ရာနေရာကား တောင်ကြီးမြို့ ရေအေးကွင်းရပ် အ.ထ.က.(၄)ကျောင်း၏ အရှေ့ဘက် ကပ်လျှက်တွင်ဖြစ်သည်။
တောင်ကြီးမြို့ အဝင်တွင်ကရင်မရေထွက်ဟူ၍လည်း ရှိသေးသည်။
ခရီးသွားရန် တောင်ကြီးမြို့မှထွက်လျှင် ကားများ ဆိုင်ကယ်များက ထိုကရင်မရေထွက်ရှိ သစ်ပင်ကြီးကို ဦးတိုက်ဟွန်းသုံးချက်တီးပြီး အရိုအသေပြုလေ့ရှိကြသည်။
ထိုကရင်မရေထွက်တွင် ကရင်မကြီးက မြို့အား စောင့်ရှောက်လျှက်ရှိသည်ဟု ဆိုစမှတ်ပြုကြသည်။
(ကရင်မရေထွက်အကြောင်းကြားဖူးသောအကြောင်းအရာတစ်ခုအားဖော်ပြရလျှင်)
တစ်ခါသော် သောင်းကျန်းသူများ လက်ခမောင်းခတ်နေသော ကာလတစ်ခုတွင် နာမည်ကြီး ဓားပြအဖွဲ့သည် တောင်ကြီး မြို့ရှိ လူကုံထံ အသိုင်းအဝိုင်းများအား ဓားပြတိုက်ရန် မြေပြန့်ဒေသ တစ်ခုမှလာရောက်ကြလေသည်။
မြေပြန့်ဒေသမှ တောင်ကြီး မြို့သို့ ဝင်ရောက်ရမည်ဆိုပါက (ထိုစဥ်က အဆင်းလမ်း အတက်လမ်းမခွဲသေး)ကရင်မရေထွက်အား ဖြတ်ကျော်ပြီးမှ မြို့တွင်းသို့ဝင်ရောက်ရမည်ဖြစ်သည်။
ထိုစဥ်အခါက တောင်ကြီးမြို့သူဌေးများသည်သစ်တော်သီး ခြံ၊လိမ္မော်ခြံများ စိုက်ထားသော အိမ်ဝိုင်း အကျယ်ကြီးများတွင် နေထိုင်ကြသောကြောင့် ဓားပြတိုက်ရန် အဆင်ပြေသည့်ပတ်ဝန်ကျင်ဖြစ်နေသည်မို့ ဓားပြအဖွဲ့ မျက်စိကျသောဒေသတစ်ခု ဖြစ်နေသည်။
ထိုဓားပြအဖွဲ့လည်း လူသူလက်နက်အပြည့်အစုံဖြင့် ကားနှင့်တောင်ကြီးမြို့သို့တက်လာကြရာ မြို့ထဲ ဝင်ရန် ကရင်မရေထွက်အနီး ရောက်လာကြသည်။
သူတို့လာသည့်အချိန်က ညမှောင်ရီသန်းကာ လူပြတ်သောအချိန်ဖြစ်လေသည်။
ထိုဓားပြအဖွဲ့ ၏ကားလည်း ကရင်မရေထွက်နား အရောက် ၊ကရင်အင်္ကျီ ကရင်ထမီ ဝတ်ဆင်ကာ ဦးခေါင်းငယ်ထိပ်တွင် ဆံထုံး ထုံးထားသော ကရင်မကြီးက ကန့်လန့်ဖြတ်အနေအထားဖြင့် ခြေဆင်းကာ ကားလမ်းအပြည့်ပိတ်ထိုင်နေလေသည်။
ထိုကရင်မ အကြီးကြီး က လက်နှစ်ဖက်ကလည်း ဆန့်လျှက် သူ့ဒူးပေါ်တင်ထားလေသောကြောင့် ခါးက အနည်းငယ်ကုန်းနေသယောင် ထင်ရသည်။
ကားမီးထိုးကာ ဟွန်းတီးတော့ ထိုကားကို လှည့်ကြည့်လာသော အသက်ခပ်ကြီးကြီး မျက်နှာခပ်ဝိုင်းဝိုင်းခပ်ဝဝ ကရင်မအကြီးကြီးအား တွေ့သော ဓားပြအဖွဲ့ လည်း မြို့ထဲ မဝင်ရဲတော့ပဲ ကြောက်လန့်တကြား ကားအားပြန်လှည့် ကာထွက်ပြေးကြရတော့သည်။
ထိုကရင်မ ခန္ဓာကိုယ်အရွယ်အစားက သာမန်လူများထက် အဆများစွာကြီးသည်ဟု ဆိုကြလေသည်။
ဓားပြအဖွဲ့လည်းကားကို ပြန်ပြေးရင်း အောက်လမ်းမှ အပေါ်လမ်းပေါ်သို့လှည့်ကြည့်ရာ သစ်ပင်တွေကြားမှ မတ်တပ်ရပ်လျှက် သူတို့ ကားအား ရပ်ကြည့်နေသည့်ကရင်မကြီးကို ကြက်သည်းထဖွယ်တွေ့ကြရလေသည်။
သစ်ပင်များကထိုကရင်မကြီး၏ ရင်ညွန့်မျှသာ ရှိသည်ဟု ဆိုကြသည်။
ထို့ကြောင့် နတ်ကြီးသောမြို့ အစောင့်အရှောက်ကြီးသောမြို့အဖြစ် နာမည်ကြီးခဲ့ဖူးလေသည်။
ကျွန်တော် ကျော်စွာသည်လည်း မိုင်းရှူးနှင့် တောင်ကြီးလိုင်းကားတွင် စပါယ်ယာလုပ်ရန်အကြောင်းဖန်လာသောအခါ ထုံးတန်းစဥ်အလာအရ ကိုးမြို့ရှင်နတ်နန်းတွင် အန္တာရယ် ကင်းရန် ကားကိုလည်း နတ်ပြ ၊နတ်နန်းအားပွဲလည်း ပေးရင်း အလုပ်အဆင်ပြေရန်ဆုတောင်းပြီးမှ ခရီးသွားခြင်းအမှုကို ပြုကြလေသည်။
ထိုစဥ်အခါက တောင်ကြီး မြို့ ပစောက်ကွေ့ ကားလမ်းသည် ကားများမကြာခဏ မှောက်ကာ လူအသေအပျောက်များသော နေရာ ၊လူစားသော နေရာအဖြစ် နာမည်ကြီးလေသည်။
တောင်ကြီးမြို့တွင် ဗိုလ်ချူပ်မောင်အေး တိုင်းမှူးဖြစ်စဥ်ကာလတွင် အေးသာယာမြို့သစ်တည်ကာ အေးသာယာစက်မှုဇုန်ကြီးကိုလည်း တည်ထောင်ပြီး မြို့ပေါ်ရှိစက်မှုလုပ်ငန်းများ အေးသာယာစက်မှုဇုန်သို့ ပြောင်းရွေ့ကြရသည်။
ထိုအခါ တောင်ကြီး -အေးသာယာ BM ကားလိုင်းကိုလည်း ပြေးဆွဲကြလေတော့သည်။
ထိုBM ကားများသည် မိုးတွင်း၌ပစောက်ကွေ့တွင် လမ်းချော်ကာမကြာခဏကားများမှောက်ဖူးလေရာ လူသေအပျောက်များလည်း ရှိဖူးလေသည်။
နေဝင်တရီအချိန်တွင် ကားသမားကား ပစောက်ကွေ့တွင် မကြာခဏ ပရလောကသားများနှင့်ဆုံဖူးကြလေသည်။
တစ်ခါသော် ကားတစ်စီးသည် ပစောက်ကွေ့အနီးတွင် ကားတား နေသော အမျိုးသမီးငယ်တစ်ဦးအား တွေ့လေသည်။
ထိုကားသမားလည်း ငယ်ငယ်ချောချော ထိုအမျိုးသမီးငယ်အား ဇယား ဟုထင်ကာ ကားပေါ်တင်ခေါ်လာသည်။
အချို့ညငှက်မများက အချိန်မရွေး နေရာမရွေးမှာ ပေါ်လာတတ်ကြပြီး မြို့သို့ လိုက်ပါလာတတ်သောကြောင့်ဖြစ်သည်။
ထိုအမျိုးသမီးငယ် ကားပေါ်တက်လိုက်သည်နှင့် ကားက အိနေအောင်ညွတ်ကျသွားကာ ကားမောင်းနေရသည်မှာလဲ ကုန်အဆမတန်တင်ကာ ဝိတ်များသကဲ့သို အိပဲ့ အိပဲ့ ဖြစ်နေလေသည်။
ကားခေါင်းတွင်ထိုင်ခိုင်းသော်လည်း မထိုင် နောက်ခန်းတွင် ထိုင်မည်ဟု ဆိုကာ ကားနောက်ခန်းမှလိုက်ပါလာခြင်းဖြစ်သည်။
ထိုအမျိုးသမီးငယ်က တောင်ကြီးမြို့ အဆုတ်ဆေးရုံမှာ ဆင်းမည်ဟု ဆိုသောကြောင့် အဆုတ်ဆေးရုံအနီးကားရပ်ပေးလိုက်သည်။
ကားပေါ်မှ ဆင်းသောခြေသံများ မပြီးနိုင်သောကြောင့် ကားသမားလည်း ကားနောက်ခန်းမီးကိုဖွင့်လိုက်ပြီးကား နောက်ကြည့်မှန်မှတစ်ဆင့် ကြည့်လိုက်လျှင် သွေးသံရဲရဲနှင့် ရုပ်ပျက်ဆင်းပျက် လူများက ကားထဲမှ အလုအယက် ဆင်းနေကြသည်ကို မြင်ရလျှင် ထိုကားသမားလဲ အကြောက်လွန်ကာ သတိလစ်မေ့မြောသွား၏။
ထိုကားခေါင်းခန်းတွင် ဘုရားပုံတော်ပါလာသောကြောင့် ထိုနာနာဘာဝလောကသားက ကားခေါင်းတွင် မထိုင်ခြင်းဖြစ်မည်ဟု နောက်မှအတွေးပေါက်မိလေသည်။
ကျော်စွာလည်း မိုင်းရှူးနှင့် တောင်ကြီးခရီးစဥ်ပြေးဆွဲမှုတွင် စပါယ်ယာ လိုက်ခဲ့သည်မှာ လအနည်းငယ်ကြာလာသောအခါ အထှာသိစပါယ်ယာလေးတစ်ဦးဖြစ်လာသည်။
တောင်ကြီးမှမိုင်းရှူးသိုအသွားတွင် ခရီးသည်တွေမျက်နှာကား မျှော်လင့်ချက်ကြီးစွာဖြင့် ကျားမ အရွယ်စုံတွေ့ကြရသည်။
အပြန်ခရီးသည်များတွင် ကျောက်အောင်သူများက ပြုံးပျော်နေသလောက် အဆင်မပြေသူများကား မျက်နှာညှိုးရော်စွာ တွေ့ရတတ်သည်ကား အဆန်းမဟုတ်တော့။
ကျော်စွာ့တာဝန်ကား ခရီးသည်ရအောင်တင်မည်။နေရာချမည်။ကားခတောင်းမည်။ခရီးသည်ပစ္စည်းများကူကာ တင်ပေးချပေးမည်။
လမ်းခုလတ်တွင်ကားကြုံလိုက်စီးလာသောခရီးသည်များ နေရာစီစဥ်ချထားပေးရသည်လည်းရှိသေးသည်။
တစ်ခါသော် အလွန်ထူးဆန်းအံ့သြ ဖွယ်အဖြစ်နဲ့ကျော်စွာတို့ ကြုံရလေတော့သည်။
ထိုအဖြစ်အပျက်အား ကျော်စွာမေ့မရ။ပြန်တွေးကြည့်လျှင် မနေ့တစ်နေ့ကလိုပင်ထင်မိနေတုန်းပင်။
ထိုနေ့ကား
“ကဲကျော်စွာရေ ခရီးသည် စုံပြီလား ပစ္စည်းတွေ သေချာ ခေါင်မိုးပေါ်မှာကြိုးတုပ်ပြီးပြီလား”ဟု အစ်ကိုဖြစ်သူက မေးရာ “စုံပြီ ကိုထွန်း “ဟုဆိုလိုက်သည်။
ထို့နောက် ကျော်စွာက
“ကဲခရီးသည်တွေ ကိုယ့်တန်ဖိုးကြီး ပစ္စည်းတွေ သေချာသိမ်းကြပါဗျ ၊လမ်းဆင်းလေး တွေလဲ ကြိုပြောပေးကြပါဗျ ၊ကားခပေးဖို့ကျန်တဲ့ခရီးသည်လေးတွေ ကားခရှင်းဖို့ အဆင်သင့် ထုတ်ထားပေးကြပါဗျ”
ဟု အော်နေကျအတိုင်းအော်ကာ ကားခများ ကောက်လေသည်။
ထိုစဥ် အင်္ကျီကုတ်အနီရောင်နှင့်အမျိုးသမီးက ကားခမပေးရသေးတာကြောင့်
“ဟိုအင်္ကျီအနီနဲ့ အစ်မကြီး ကားခလေး ကျန်နေသေးရင် ရှင်းပေးပါဗျ”
“အမလေးဟဲ့ စပါယ်ယာကလဲ ချစ်တီးလက်ထက်ကျန်နေတဲ့ စပါယ်ယာ လားမသိပါဘူး ။ငါ့များ သေရွာသွားမယ့်မသာကျနေတာ ။ပေးမှာပေါ့ နင့်စောက်ဆံ “
ဟုဆိုကာ အာကြမ်းလျှာကြမ်းနဲ့ ကျော်စွာအား ဆဲလေသည်။
ကျော်စွာလည်း စိတ်တိုသော်လည်း ခရီးသည် အမျိုးတစ်ဦးမို့သည်းညည်းခံကာ နေလိုက်သည်။
လမ်းတွင် ခရီးသည် အတင်အချတွင်လည်း ကြာသည်ဟုဆိုကာ ရွတ်ဖတ်စောင်းမြောင်းနေတော့သည်။
ထိုမိန်းမသည် သူ့ကိုယ်ပေါ်တွင်လည်း အနည်းငယ်ကြီးသော စလင်းဘတ်အိတ်တစ်လုံးကိုလည်း ပွေ့ဖက်ထားလေသည်။
ထိုအမျိုးသမီးက ဘေးခုံက ကြပ်သည်ဟုဆိုကာ အလယ်ခုံထံ ပြောင်းလိုက်သည်။
ထိုစဥ်ကားများက ဘေးနှစ်ဖက်တွင် ခုန်းတန်းရှည် နှစ်ဖက်က မျက်နှာချင်းဆိုင် ဖြစ်ကာ အလယ်တွင်သစ်သားခွေးခြေခုန်အပုလေးဖြင့် ထိုင်ကြရသည်။
ထိုအမျိုးသမီးအလယ်ခုန်သို့ ပြောင်းထိုင်ပြီး သူဘေးက ခရီးသည်နှစ်ဦးဆင်းကာ အမျိုးသမီးသုံးဦးထပ်မံတက်လာကြသည်။
ထိုအမျိုးသမီးသုံးဦးကတိုင်းရင်းသူများ ဟုယူဆရကာ ပလိုင်းကိုယ်စီလွယ်လျှက် ကားပေါ်တက်ကာ ထိုအင်္ကျီအနီနဲ့ အမျိုးသမီးဘေးလွတ်သောနေရာတွင် ထိုင်လိုက်ကြသည်။
ထိုအမျိုးသမီးများ၏ပလိုင်းက အင်္ကျီအနီနဲ့ အမျိုးသမီးနှင့် သိပ်မလွတ်သောကြောင့် အနည်းငယ်ပိုကြပ်လာသောကြောင့် အင်္ကျီနီနဲ့ အမျိုးသမီးက ထိုတိုင်းရင်းသူ အမျိုးသမီးသုံးဦး အား ဆဲလေတော့သည်။
ကျော်စွာလည်း ကားပေါ်တွင် အမျိုးသမီးချင်းပြသနာတက်မည်ကို စိုးရိမ်လျှက်ရှိသော်လည်း ထိုအမျိုးသမီးသုံးယောက်သည် ထိုမိန်းမအား ဘာတစ်ခွန်းမှပြန်မပြော အပြုံးပင်မပျက် ရှိနေသောကြောင့် ကျော်စွာလည်း အံ့ဩလျှက်ရှိလေသည်။
ထိုအမျိုးသမီးများက ဆဲနေသော မိန်းမထက် အတော်ငယ်ကြဟန်ရှိကာ ဆံပင်အား ကျစ်စမြီးနှစ်ခွကျစ်ချထားပြီး ရုပ်ရည်အားဖြင့် လှပချောမောသူများဟု ဆိုလျှင်လည်းမမှား။
ကျော်စွာပင် ကြားက အားနာလျှက် ရှိလေရာ “အစ်မတို့သုံးယောက်က ဘယ်မှာဆင်းမှာလဲ ဟုဆိုတော့ “ဟဲဟိုးမှာ ဆင်းမယ်မောင်လေး”ဟု သာ ပြန်ဖြေလေသည်။
ကြာတော့ ကျော်စွာလည်း ဆဲနေသောမိန်းမအား
“ခင်ဗျား ပါးစပ် ပိတ်ထားတော့ ဗျာ တစ်လမ်းလုံး နားကိုညီးနေတာပဲ”
“ဘာလဲ နင်ကနင့်မယားတွေကို ပြောလို့နာနေတာလား”ဟု ကျော်စွ့ာကို တစ်ဖန်ရန်တွေ့ပြန်လေသည်။
ထိုအခါ အမျိုးသမီးသုံးယောက်ထဲမှ တစ်ဦးကသူတို့ဆင်းမည့်နေရာရောက်သော် “နေပါစေ မောင်လေး သူ့စိတ်ကြိုက်ဆဲပါစေ ကြာကြာမဆဲနိုင်တော့ပါဘူး တောင်ပေါ်တောင်မရောက်ဘူး”ဟု ပြောကာ ဆင်းသွားကြ၏။
ထိုအမျိုးသမီး သုံးဦးကားပေါ်မှဆင်းသွားပြီး ချိန်မှစ၍ ဆဲနေသောအမျိူးသမီးက “ချမ်းတယ် ချမ်းတယ်” ဟုဆိုကာ ကိုယ်ပူလာပြီး ဖျားလေတော့သည်။
ထိုအမျိုးသမီးကိုကြည့်ကာ ကားပေါ်မှသူများကလည်း အဆဲသန်သူမို့ ဖာသိဖာသာ ပင် နေကြလေရာ တောင်ကြီးမြို့သို့ တောင်ပေါ်ခရီးစတက်စဥ်တွင် အဖျားအလွန်ကြီးလျှက် ကယောင်ကတမ်းအော်ကာ သေဆုံးသွားလေတော့သည်။
ထိုအခါကားပေါ်ခရီးသည်များက ကြောက်လန့်လျှက်ရှိသောကြောင့် ထိုအမျိုးသမီး အလောင်းနှင့် သူ့အိတ်အားကား ရှေ့ခန်းသို့ရွှေ့ကာ တောင်ကြီးမြို့ ဆေးရုံသို့ မောင်းပို့ကြရလေသည်။
မြို့ပေါ်ရောက်သောအခါ ဂိတ်သို့ဖုန်းဆက်အကြောင်းကြားကာ ကားတစ်စီးလွှတ်စေလျှက် ခရီးသည်များအား ကားပြောင်းစီးစေပြီး ကျော်စွာတို့ညီအစ်ကိုလည်း ထိုအမျိုးသမီးသေဆုံးမှုအတွက် အလုပ်ရှုပ်လျက်ရှိနေလေတော့သည်။
ညကိုးနာရီခန့်ကတောင်ကြီးမြို့သို့ပြန်ရောက်သော်လည်း အိမ်သို့ ညတစ်နာရီခန့်မှပြန်ခွင့်ရကြလေသည်။
ကျော်စွာတို့ညီအစ်ကိုလဲ ခရီးပန်းမှုရော ၊စိတ်ပင်ပန်းမှုရောကြောင့် အိမ်ရောက် ပြီး ကိုယ်လက်သန့်စင်ကာ မအိပ်သေးပဲ မိသားစုဝင်များအား အဖြစ်အပျက်များအား ပြောပြလျှက်ရှိသည်။
ထိုအချိန်တွင် ကားမှ ဟွန်းထမြည်လေသည်။
ကျော်စွာတို့ တစ်အိမ်လုံးလဲ လန့်သွားကာ ကျော်စွာ့အစ်ကိုက
” ဟာ ကားသော့လည်း ခတ်ထားတယ် ကားဟွန်းက ဘယ်လိုထမြည်ပါလိမ့်”
ဟုဆိုကာ လွတ်အိတ်ထဲမှကားသော့အား မိသားစုဝင်များထံသို့ ပြလိုက်လေသည်။
ထိုအချိန်တွင်ပင် ကားမီးများဖွင့်လိုက်ပိတ်လိုက် နှင့် ကားဟွန်းက ထမြည်လျှက်ရှိလေသည်။
ကျော်စွာ့အဖေနှင့်အစ်ကိုက ဓာတ်မီးယူကာ အိမ်အောက်ဆင်းလျှက်ကားအနီးသွားကြည့်ကြလေတော့သည်။
မကြာမီ နှစ်ဦးသား ချွေးများ ဖြင့်အမောတကော အိမ်ပေါ်ပြန်တက်လာရာ ကျော်စွာက “အဖေဘာမြင်ခဲ့လဲ”ဟု သိချင်ဇောဖြင့် မေးလိုက်သည်။
ထိုအခါ ကျော်စွာ့အစ်ကို ကိုထွန်း က ကားပေါ်တွင် ဆံပင်ဖားလျား ချလျှက် အမျိုးသမီး တစ်ဦး ကားခေါင်းတွင်ထိုင်လျှက် ပစ္စည်း တစ်စုံတစ်ခုကို ရှာဖွေနေပုံရကြောင်း ၊ပစ္စည်းမတွေ့တော့ ကားဟွန်းတီးလိုက် ကားမီးဖွင့်လိုက် လုပ်နေပြီး ထိုအမျိုးသမီး ၏သဏ္ဌာန်မှာ လမ်းတွင် သေဆုံးသွားသော အမျိူးသမီး၏ပုံသဏ္ဌာန်နှင့်ဆင်တူကြောင်း ပြောပြသည်။
ထိုပတ်ဝန်းကျင်အိမ်များမှလည်းကား ဟွန်းများကပ်သံကြောင့်အိပ်မရကြ ။
ကျော်စွာမိသားစုလည်း မိုးမြန်မြန်လင်းပါစေဟုသာ ဆုတောင်းနေကြရတော့သည်။
မိုးလင်းသောအခါ ကျော်စွာ့အစ်ကိုက ကားခေါင်းအား ဖွင့်ကြည့်ရာ ထိုအမျိုးသမီး အိတ်ထဲမှ ထွက်ကျခဲ့ဟန်တူသော အနက်ရောင် အမျိုးသမီးကိုင်လက်ကိုင်အိတ်လေးတစ်လုံးအား တွေ့လိုက်ကြရသည်။
ညကသေဆုံးသူ အမျိုးသမီး ၏အိတ်ကြီးနှင့် ပစ္စည်းတွေ အား ရဲအရာရှိထံ အပ်နှံထားပြီးဖြစ်သည်။
ထိုလက်ကိုင်အိတ်အမဲလေးအား ဖွင့်ကြည့်ရာ သေဆုံးသူ အမျိုးသမီး၏မှတ်ပုံတင်၊ငွေအချို့နှင့် လက်ပတ်နာရီတစ်လုံး ၊ကျောက်ထုတ်တစ်ထုတ်အားလည်း တွေ့ကြရလေသည်။
သူသည် သူ့ကျောက်ထုတ်အား စိတ်မချဖြစ်ကာ သေဆုံးခဲ့ပုံရသည်။
ထိုပိုက်ဆံအိတ်တွင်ပါသော ဖုန်းနံပါတ်ထံဆက်ရာ အမျိုးသမီး၏ သမီးဖြစ်သူ ဖုန်းကိုင်လေ သည်။
ကျော်စွာ့အစ်ကို ကိုထွန်းလဲ ထိုအမျိုးသမီး၏သမီးဖြစ်သူထံသူမ၏ပစ္စည်းများအားသွားရောက်ပေးအပ်ကာ အပြန်တွင် ဘုန်းကြီးကျောင်းသို့ ဝင်လေသည်။
ဘုန်းကြီးထံ အကျိုးအကြောင်းလျှောက်လေရာ ဘုန်းကြီးမှ ကားပေါ်တွင် တရားဟောကြားပေးပြီး ပရိတ်ရေ ပရိတ်သဲများဖြင့် ကားပေါ်ပက်ဖြန်းပေးလေသည်။
ကျော်စွာတို့လည်း ဘုန်းကြီးထံ ထိုအမျိူးသမီးအားရည်စူးလျှက် ဝတ္ထုငွေအချို့လှူဒါန်းကာ အိမ်သို့ပြန်လာကြလေတော့သည်။
နောက်ညတွင်ကား၌ မည်သည့်ခြောက်လှန့်မှုမှမကြုံရတော့ချေ။
ကျော်စွာဘဝတွင်လည်း နှုတ်ကြမ်းသူ အမျိုးသမီးတစ်ဦး နှုတ်ကြောင့် သေရသည်ကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရဖူးလေတော့သည်။
လေးစားလျက်
စာရေးသူ Nan Kyarnyoအားလေးစားလျက်