လောကဇာတ်ခုံ(စ/ဆုံး)

လောကဇာတ်ခုံ(စ/ဆုံး)

#ပီယ
————————–

ကျနော့်ထံသို့ ကျနော်လွန်စွာမှချစ်ရတဲ့
သူငယ်ချင်း ဘမှန်ရောက်လာခဲ့သည်။
ဘမှန်သည်..သူ၏ဆံပင်များကို ဖီးသင်ခြင်းမပြုပဲ
ထားသောကြောင့် ဆံပင်များမှာ..စာပေါင်းသိုက်
ကဲ့သို့..ရှုပ်ထွေးပွယောင်း၍နေ၏။
ထိုပြင်..ဘမှန်ထံမှ..အရက်နံ့များမှာ..သူ့တကိုယ်လုံး
ထောင်းထအောင်..မွှန်ထူ၍နေ၏။

“ဘမှန်..မင်းအရက်တွေသောက်လာတယ်…
ဘာဖြစ်လို့သောက်ရတာလဲ..ဘမှန်ရာ…

ကျနော်က..ထိုကဲ့သို့ပြောဆိုသောအခါ..ဘမှန်က..
တစ်ချက်မဲ့၍.. .

“ခင်လေးနွယ်…ကျောက်ဆည်က..သူဌေးသားနဲ့
ယူတော့မယ်..မိုးအောင်…
ငါ..အဲဒါကြောင့်..အသည်းတွေကွဲပြီး…အရက်တွေ..
သောက်လာတာကွာ….
ခင်လေး..ရက်စက်တယ်ကွာ….ဟီး..ဟီး..

ပြောနေရင်းက..ဘမှန်က..ငိုချလိုက်သည်။
ကျနော်လည်း..သူငယ်ချင်းဘမှန်ကိုကြည့်ပြီး..
အလွန်စိတ်မကောင်းဖြစ်နေမိသည်။
ဘမှန်မှာ..စိတ့်သဘောထားဖြောင့်မက်တည်ကြည်
သလောက်..ပစ္စည်း ဥစ္စာကတော့..နွမ်းပါးရှာသည်။
ဘမှန်သည်..ရိုးသားသည်။
ကြိုးစားသည်။
နောက်…အလွန်စိတ်သဘောထားကောင်းသည်။
အတန်းပညာကလည်း…ငါးတန်းအောင်ယုံမျှသာ
နေခဲ့ရရှာသည်။

သည်လိုလူမျိုးနှင့်…ကုန်စုံဆိုင်ပိုင်ရှင်…ဒေါ်ငွေလှ၏
သမီး..ခင်လေးနွယ်တို့..ချစ်ကြိုက်ခဲ့ကြသည်။
ဘမှန်ထက်..စာလျှင်..ခင်လေးနွယ်မှာ…
အလွန်ပြည့်စုံကြွယ်ဝလှသည်။

ခု…တကယ်တမ်း..ဘဝကြင်ဖော်ရွေးကျတော့
ခင်လေးနွယ်က..ဘမှန်ကို..အသာခေါက်ပြီး…
သူဌေးသားတစ်ယောက်ကို..ရွေးချယ်ခဲ့သည်။
သည်တော့..ဓနဥစ္စာ..ချို့တဲ့ပြီး..ပညာပါနိမ့်ပါးရှာတဲ့
ဘမှန်..သေလုမတက်ခံစားနေရရှာသည်၊။

“လောကကြီးမှာ..ဒီမိန်းမတစ်ယောက်တည်း..
ရှိတာမဟုတ်ပါဘူး..ဘမှန်ရာ..ပေါပါတယ်ကွ…

ကျနော်က..ဘမှန်ဘက်က..မခံမရပ်နိူင်ဖြစ်၍
ပြောလိုက်သော်လည်း..ဘမှန်ကတော့…

“မိန်းမတွေပေါတယ်…ဒါပေမဲ့ အချစ်ကရှားတယ်…
ငါ..ခင်လေးကို..ရှိသမျှအချစ်တွေ..အကုန်ပေးပစ်ပြီးလို့
နောက်ထပ်..မိန်းမတစ်ယောက်ကို..ပေးစရာ..
ဘာအချစ်မှ..မရှိတော့ပါဘူးကွာ…

ပြောရင်း..ဘမှန်ခေါင်းငိုက်စိုက်ကျသွားလေသည်။

ကျနော်လည်း..ဘမှန်အနားက..ထ၍..
ကျနော်စုဆောင်းဝယ်ယူထားသော..စာအုပ်များ
ထဲမှနေ၍..စာအုပ်သုံးအုပ်အား…ဘမှန်အား
ပေးလိုက်၏။

“ဘမှန်..မင်း..ဒီရက်ပိုင်း..ဘာမှ..လုပ်ချင်ကိုင်ချင်စိတ်
ရှိမှာမဟုတ်ဘူး…ဒီတော့..မင်းဘဝအတွက်..
ဒီစာအုပ်သုံးအုပ်ကို..သေချာဖတ်ပါ…
အသည်းကွဲလို့..အရက်သောက် နေတာထက်စာရင်..
ဒီစာအုပ်သုံးအုပ်ဖတ်လိုက်တာက..မင်းအတွက်.
အများကြီး အကျိုးရှိတယ်သူငယ်ချင်း…

ကျနော်ချပေးလိုက်တဲ့..စာအုပ်သုံးအုပ်ကို…
ဘမှန်က ငေးစိုက်ကြည့်နေသည်။

“စာဖတ်သူငယ်ချင်း…မင်းတုိ့ငါတို့…ပညာရေး..
မဆုံးခန်းခဲ့တဲ့ကောင်တွေအတွက်..စာဖတ်ဖို့..
ပိုအရေးကြီးတယ်။ကျောင်းသင်ခန်းစာတွေက..
မပေးနိုင်တဲ့ အတွေ့အကြုံဗဟုသုတတွေကို
စာအုပ်တွေကပေးတယ်…မင်းဖတ်ကြည့်စမ်းပါ..

“ငါစာဖတ်မယ်…

ပြောပြီး..ဘမှန်က..စာအုပ်သုံးအုပ်ကို ယူပြီး
ကျနော့်ရှေ့ကထွက်သွားသည်။
…………………………..

မှတ်ချက်၊၊..ကျနော်ပေးလိုက်သော..စာအုပ်သုံးအုပ်မှာ
မည်ကဲ့သို့သောစာအုပ်များဖြစ်မည်ကို..စာဖတ်သူ
သိချင်ပေလိမ့်မည်။
“လွန်စွာဆင်းရဲနွမ်းပါးလှသော..
လူငယ်လေးတစ်ယောက်..ဘဝကိုစွန့်စား၍..
ခရီးထွက်ခဲ့ရာမှ…ပညာတက်ဘိုးတော်ကြီးတွေနှင့်
တွေ့ကာ…၎င်းတို့၏..ဘဝဒဿနများကို…
လေ့လာသင်ယူရင်း..
အောင်မြင်ကြီးပွားခဲ့သော…
လူငယ်တွေအကြောင်းချည်းရေးထားသော….
မင်းသိင်္ခ.. နှင့် မင်းမြတ်သူရတို့၏စာအုပ်များ
ဖြစ်လေ၏။”..😆😆
[စာရေးသူ]
………….

နောက်..သုံးရက်ခန့်ကြာသောအခါ..
ကျနော်ထံသို့..ဘမှန်ပြန်ရောက်လာ၏။

“မင်းကို..ငါသိပ်ကျေးဇူးတင်တယ်..မိုးအောင်..
ဒီနေ့ကစပြီး..ငါ့ဘဝအတွက်..အောင်မြင်ကြီးပွားဖို့
ငါ..ခရီးထွက်တော့မယ်ကွာ..

ဘမှန်.ပုံစံက..လန်းဆန်းပြီး..တက်ကြွနေသည်။

“ကောင်းတာပေါ့ကွာ..ဘဝအတွက်စွန့်စားသင့်တာပေါ့..

ကျနော်ကလည်း…မင်းသိင်္ခ.. မင်းမြတ်သူရတို့
စာအုပ်တွေဖတ်ပြီး…ဆရာကြီးလေသံဖြင့်..
ပြောလိုက်သည်၊။

“ဒါနဲ့..မိုးအောင်..ဆရာကြီးမင်းသိင်္ခနဲ့ဆရာမင်းမြတ်
သူရတို့ရေးထားတဲ့.ဇာတ်လမ်းတွေထဲကလို..
တကယ့်အပြင်လောကမှာ..ဆရာကြီးတွေက
တကယ်ရှိပါ့မလားကွ..မင်းဘယ်လိုထင်လဲ..

“ရေဆိုတာ..အမြဲတမ်းစီးဆင်းနေတဲ့ရေနဲ့…
မစီးဆင်းပဲ..ငြိမ်သက်နေတဲ့..ရေသေဆိုပြီး
နှစ်မျိုးရှိတယ်ကွ…ရေသေဟာ..မစီးဆင်းရတဲ့အတွက်
အမြဲစီးဆင်းနေတဲ့ရေလောက်..ကြည်လင်သန့်ရှင်းမှု့
မရှိဘူးကွ..အဲဒီတော့..လူတွေဟာ..ရေကို..ဥပမာယူပြီး..
တစ်နေရာထဲမှာ..ရှင်သန်နေမဲ့အစား..
ခရီးတွေများများထွက်ပြီး…ဘဝအတွက်..အတွေ့
ကြုံအသစ်ဆန်းတွေရှာဖွေသင့်တယ်ကွ…

ဘမှန်က..ကျနော့်စကားကို ကြားသောအခါ..
လွန်စွာနှစ်ထောင်းအားရ..ရှိပုံဖြင့်….

“ဟုတ်တယ်..သူငယ်ချင်း.. .
ချစ်ခြင်းမေတ္တာတွေဆိုတာ…တကယ်တမ်းကျတော့
ငွေစက္ကူ အကြွေတစ်ရွက် လောက်တောင်…
တန်ဖိုးထားမခံရဘူးဆိုတာ…ငါနားလည်သွားပြီ…
ငါ..ချမ်းသာအောင်..လုပ်မယ်…ကြီးပွားမှ
ငါပြန်လာတော့မယ်..မိုးအောင်…

စာအုပ်သုံးအုပ် ဖတ်ယုံမျှဖြင့်…မင်းသိင်္ခ.. .
မင်းမြတ်သူရတို့၏…စတိုင်လ်..ချက်ချင်းကြီး..
ပြောင်းသွားတဲ့..ဘမှန်ကိုကြည့်ပြီး..
ကျနော်..အံ့ဩနေမိသည်။

“ဘာမှ..ဖြစ်မလာရင်..ငါပြန်မလာတော့ဘူး..မိုးအောင်
မဖြစ်လျှင်မပြန်..ဘမှန်သွားပြီဟေ့….

ဆိုပြီး..ကာကီဘောင်းဘီအညိုရောင်နှင့်…
ဖလေဇာကုတ်အင်္ကျီအနက်ရောင်ကို.ကျနသေသပ်စွာ
ဝတ်ဆင်ပြီး…သက္ကလပ်ဦးထုပ်အနက်ရောင်ကို..
ဆောင်းပြီးသကာလ..ကျနော့်ရှေ့ကနေ..
ဘမှန်ထွက်ခွာသွားလေတော့သည်။

🏃🚶🏃🚶🏃🚶🏃🚶🏃

ထိုနေ့မှစ၍..ဘမှန်သည် သူမွေးဖွားရာ..တောမြို့
လေးကို စွန့်ခွာ၍သွားလေတော့သည်။
ကျနော်သည်လည်းတစ်ခါတရံ ဘမှန်ကိုသတိရ၍
တခါတရံတော့လည်း..ဘမှန်ကို..မေ့၍ပင်နေ၏။
ဘမှန်သွားစဉ်က..ကျနော်သည်..လူပျိုလူလွတ်
ဖြစ်သော်လည်း..ယခုအခါ၌..မေစိုးဟူသော..
မိန်းကလေးနှင့်အိမ်ထောင်ရက်သား..ကျနေခဲ့သည်မှာ
သုံးနှစ်တင်းတင်းပင်ပြည့်ခဲ့ပြီ။
ထိုသုံးနှစ်အတွင်း၌..မေစိုးမည်သော..
အိမ်သူဇနီး၏ အပြုအစုအယုအယ၌..သာယာနစ်မျော
နေမိသောကြောင့်..အင်မတန် ချစ်လှပါပြီဆိုသော..
သူငယ်ချင်း ဖြစ်သူ..ဘမှန်အား.
မေ့လျော့နေမိသည်ကို.ကျနော်ရိုးသားစွာဝန်ခံရပေ
လိမ့်မည်။

“ဦးမိုး…လမ်းထိပ်လက္ဘက်ရည်ဆိုင်မှာ..လူကြီး
တစ်ယောက်က..တွေ့ချင်လို့..ခုလာခဲ့ပါတဲ့..
သားကိုမှာလိုက်လို့…

ညနေပိုင်း..အလုပ်ကအပြန်.. ရေချိုးနေသော..
ကျနော့်ကို..ရပ်ကွက်ထဲက ကလေးက..လာပြော
ခြင်းဖြစ်သည်။

“ဟေ…ဟုတ်လား..ဘယ်သူတုန်းကွ..ငါ့ကိုတွေ့ချင်
တာ…

ထိုသို့..ကျနော်ကမေးတော့…ကလေးက..တစ်ချက်
စဉ်းစားပြီး.. .

“ဘမှန်…ဘမှန်တဲ့..ဦးမိုး…

“ဘမှန်….

ကျနော်လည်း..ဘမှန်အမည်ကိုကြားသောအခါ
တွေ့ချင်စိတ်တွေ..တဖွားဖွားဖြစ်၍လာ၏။
ဇနီးသည် မေစိုးအား…မိတ်ဆွေတစ်ယောက်နှင့်
တွေ့ဆုံရန်လမ်းထိပ်ခဏသွားမည့်အကြောင်း..
ပြောဆိုကာ..ဘမှန်ရှိနေသည်ဆိုသော…..
လမ်းထိပ်လက္ဘက်ရည်ဆိုင်လေးသို့..
ကမန်းကတမ်း ထွက်လာခဲ့လေသည်။

လက္ဘက်ရည် ဆိုင်လေးသို့ရောက်သောအခါ….
ထောင့်ကျကျစားပွဲမှ..လူတစ်ယောက်က ကျနော့်အား..
လက်ပြ၍နေလေ၏၊ဆိုင်တွင်း၌လည်း..ထိုလူ
တစ်ယောက်ကလွဲ၍..တခြားလူမရှိရကား…
ကျနော်လည်း..ယောင်နနဖြင့်..ထိုလူ့ထံသို့..
သွားလိုက်၏။ စိတ်ထဲ၌လည်း…

“ဘမှန်လည်း..မရှိပါလား..ဟူ၍..တဆက်တည်း
တွေးလိုက်မိပြန်၏။

“လာကွာ…သူငယ်ချင်း…မိုးအောင်….

ဆိုင်ထဲကလူက..နှစ်နှစ်ကာကာ ပြုံး၍…
နုတ်ဆက်လိုက်၏။

ဒီတော့မှ..အသံနဲ့ဟန်ကို..ကျနော်..ကျတ်မိသွားပြီး..

“ဘမှန်….မင်း..ဘမှန်လား…ဟေ့ကောင်..

ထိုလူက..ထိုင်ရာထ၍..ကျနော့်ကို..ပွေ့ဖက်သည်။
ဒီတော့မှ..ကျနော်ချစ်လှစွာသော..ငယ်သူငယ်ချင်းကြီး
ဘမှန်မှန်း…သိရတော့သည်။

ဘမှန်၏..ရုပ်သွင်မှာ..ဟိုးတုန်းကနှင့်..များစွာခြားနား
သွား၏။နီကျင်ကျင်…ကြဲကြဲတဲတဲဖြင့်..
ဘမှန်၏ဆံပင်များမှာ…ဦးရေများပေါ်၍
မွေးခါစ..ကလေးဦးခေါင်းအား
အနှီးစားထားသကဲ့သို့ဖြစ်နေ၏။

ထို့နောက်..ဘမှန်၏မျက်လုံးနှစ်လုံးမှာ..အတွင်းသို့
နက်ဝင်၍..မျက်တွက်းကြီးများမှာ..ဟောက်ပက်ကြီး
ဖြစ်ကာ…လူများမသုံးစွဲပဲ..ပစ်၍ထားသော..
ရေတွင်းပျက်ကြီးများကဲ့သို့ဖြစ်၍နေ၏။

ယခင်က..ပြည့်ပြည့်၀၀ ရှိခဲ့သော..သူ၏ပါးနှစ်ဖက်မှာ
ပါးချောင်နားချောင်များကျ၍…ပါးရိုးကြီးများမှာ…
ငေါထွက်၍နေလေသည်။
အရိုးပေါ်၌…အသားမျှပင်မရှိတော့ရှာပဲ..
အရေတင်ယုံလက်ကလေးများသည်..အကြောပြိုင်း
ပြိုင်းထ၍နေရှာ၏။
ခြုံ၍ပြောရလျင်.. .သေအံ့နီးလူမမာတစ်ယောက်
ကဲ့သို့..ဘမှန်၏ ပုံသဏ္ဏာန်က ဖြစ်နေ၏။

“ဘမှန်..မင်းကွာ…ထွက်သွားလိုက်တာ…
ပေါ်ကိုမလာတော့ဘူးကွာ…

“အေးကွာ…ငါလည်း…မကြီးပွားမချမ်းသာခဲ့ပေမဲ့
လူတွေအကြောင်းတော့..အတော်ကြီးကိုသိလာ
ခဲ့တာပါကြာ….

ဆွေးဆွေးနင့်နင့်ပုံစံမျိုးဖြင့်..ဘမှန်ကပြောလိုက်သည်။

“ဒါနဲ့ မိုးအောင်…မင်းမိန်းမရနေပြီဆို…ဝေရည်ညွန့်
နဲ့ပဲမဟုတ်လား….

“မဟုတ်ဘူးကွ….ငါ့မိန်းမနာမည်က..မေစိုးတဲ့..
ငါအလုပ်သွားလုပ်ရင်း…တောင်သာနယ်ဘက်က
တွေ့ပြီး..ညားသွားကြတာ..ဟဲ..ဟဲ…

ထိုအခါ..ဘမှန်က..ခေါင်းတဆက်ဆက်ငြိမ့်၍

“ဖူးစာဆိုတာ…အင်မတန်ဆန်းကြယ်တယ်ကွ..
ငါဆို..မင်းကို..ဝေရည်ညွန့် နဲ့ပဲ ညားလိမ့်မယ်
ထင်ခဲ့တာ..

“ဘမှန်..ခု..ငါက..ဝါသနာအရ စာတိုပေစလေးတွေ
ရေးနေတယ်ကွာ..အဲဒါ..မင်းအကြောင်း
ငါရေးချင်တယ်…မင်းခွင့်ပြုရင်ပေါ့လေ…

ထိုအခါ..ဘမှန်က..တဟားဟား ရယ်၍..

“ငါလိုဘာမှ..မဟုတ်တဲ့ကောင်အကြောင်း…..စာတစ်တန်..ပေတစ်တန်နဲ့…တခုတ်တရ…
ရေးချင်တယ်ဆိုတော့..ဂုဏ်တောင်ယူရမလိုပါလားကွာ..
မင်းရေးချင်ရေးလေ..ငါပြောပြပါ့မယ်…

[ရှေ့၌ ကျနော်ရေးသားမည့်..အကြောင်းအရာ များမှာ
ဘမှန်ကိုယ်တွေ့ကြုံခဲ့ရသော..အဖြစ်အပျက်များသာ
ဖြစ်သောကြောင့် စာဖတ်သူ..စိတ်ဝင်စားနိူင်လောက်
မည့်..အကြောင်းအရာများကို..ရွေးချယ်စီစစ်၍
ရေးသားထားပြီး…
တစ်ချို့အကြောင်းအရာများအား..ချန်လှပ်၍..
ထားခဲ့ပါသည်။
သည်လိုနဲ့ ကျနော့်ရဲ့ ချစ်လှစွာသော သူငယ်ချင်းကြီး
ဘမှန် အကြောင်းကို…
“လောကဇာတ်ခုံ..”
ဇာတ်လမ်းအမည်ဖြင့်….ဤနေရာမှ…..စတင်လိုက်ရပေတော့သည်။]

•••••••••••••••••••••••••••••••••••••••••

ချိုပလီမိန်းမနှင့်တွေ့ဆုံခြင်း
…………………………………………….

ထို့နေ့က..ဘမှန်..မိုးအောင်အားနုတ်ဆက်၍
သူတို့မြို့ကလေး၏..ခေါင်းရင်းကဖြတ်သွားတဲ့..
ရန်ကုန်မန္တလေး..အဝေးပြေးလမ်းမကြီးဆီသို့
သွားလိုက်သည်။ဘမှန်၏စိတ်ထဲ၌လည်း…
တွေ့ရာကားကို..တား၍စီးမည်ဟု..ဆုံးဖြတ်ချက်
ချထား၏။အဘယ်ကြောင့်ဆိုသော်…
ဆရာကြီးမင်းသိင်္ခနှင့်မင်းမြတ်သူရတို့၏..
ဇာတ်လမ်းများ၌..အောင်မြင်တိုးတက်လို၍
ခရီးထွက်ခဲ့သော..ဇာတ်လိုက်တိုင်းသည်..
များသောအားဖြင့်..ကြုံရာကားများကို..စီး၍..
ခရီးသွားကြသောကြောင့်ဖြစ်လေ၏။ 😆😆

မကြာမီ..ကုန်တင်ကားကြီးတစ်စီးသည်..မီးခိုးများ
ထောင်းထအောင်..ထွက်လျှက်..
တဂီးဂီးအော်မည်ကာ….ကားလမ်းမကြီးအတိုင်း
မောင်း၍လာလေသည်။
ထိုအခါ..ဘမှန်က..ကားလမ်းမကြီးဘေးမှ..
လက်တစ်ဖက်ကိုဆန့်တန်း၍..လက်ကိုလှုပ်ပြီး..
ကားကြီးကိုတားလိုက်၏။ကားကြီးသည်..
ဘမှန်အနားသို့..အမောဆို့နေသော
လူမမာတစ်ယောက်ကဲ့သို့..ညှော်နံ့တထောင်းထောင်း
ဖြင့်..စက်ရှိန်သပ်၍..ရပ်လိုက်ပြီး..ကားမောင်း
တဲ့လူက…

“ကားကို..ဘာလို့တားနေတာလဲ..ညီလေး…
ထိုအခါ..ဘမှန်က..

“ကျုပ်..ခရီးကြုံလိုက်ချင်လို့ပါ…ဗျာ..

“ဒါက..ခရီးသည်တင်တဲ့ကားမဟုတ်ဘူးလေကွာ..
ကုန်ကားကွ..ဟကောင်ရ…ခရီးသည်တင်တဲ့..
ကားတွေ..မကြာခင်ရောက်လာလိမ့်မယ်..
အဲဒီတော့မှ..မင်းတားပြီး..စီး…..

ဘေးနားက..ထိုင်လိုက်လာတဲ့..စပယ်ယာကပြော
လိုက်သည်။

“ကျုပ်..ဒီကားကြီးနဲ့ပဲလိုက်ချင်လို့ပါ..ခွင့်ပြုပေးပါနော်..

ဘမှန်စကားကိုကြားသောအခါ…ကားမောင်းတဲ့လူက

“ကဲ..အဲဒါဆိုလည်း…ငါ့ညီသဘောပဲ…ငါတို့က
မန္တလေးကိုသွားမှာ..ငါ့ညီက..ဘယ်ကိုသွားမှာလဲ..

“ဟို..ဟို…
ကျုပ်လည်း..မန္တလေးကိုပဲသွားမှာပါဗျာ….

သွားရမဲ့..နေရာဦးတည်ချက်မရှိတဲ့အတွက်…
ဘမှန်က..မန္တလေး ဟုပြောမိပြောရာပြောလိုက်ခြင်း
ဖြစ်သည်။တကယ်ဆို..ဘမှန်က…မန္တလေးကို
တစ်ခေါက်မျှမရောက်ဖူးပေ။

“ကဲ..ဒါဆို..ငါ့လူ..ကားနောက်ပိုင်းမှာ…ပဲအိတ်တွေ
ပါတယ်…အဲဒီပေါ်မှာသွားပေတော့….
ရှေ့ခန်းထဲက..တို့နှစ်ယောက်နဲ့တင်ပြည့်နေပြီ။

ကားစပယ်ယာက…မနှစ်မြို့သည့်ပုံဖြင့်..ဘမှန်အား
ပြော၏။ဘမှန်လည်း..ကျေးဇူးတင်စကားပြောပြီး
ကားကြီးကိုခိုတက်၍..ပဲအိတ်များပေါ်ထိုင်လိုက်၏။

“ဘာကောင်လည်း…အစ်ကိုကြီးရာ..
ကာကီဘောင်းဘီကြီးဝတ်ပြီး…
ဖလေဇာကုတ်နဲ့..သက္ကလပ်ဦးထုပ်ကြီးဆောင်းလို့..
ဒီကောင်..ဇာတ်ရူးထင်တယ်ဗျ…

ဆိုပြီး..ပြောလိုက်တဲ့..ကားစပယ်ယာရဲ့အသံကို
ကြားလိုက်တော့ဘမှန်ပြုံးလိုက်မိ၏။
ထိုသို့ဖြင့်…ဘမှန်သည်…ပဲအိတ်များအပြည့်…
တင်ဆောင်ထားသော…ကုန်တင်ကားအအိုကြီးကို
စီးလျှက်..သူ၏..စွန့်စားခန်းအား..စတင်ခဲ့လေသည်။

တအိအိမောင်းနေသော..ကုန်ကားကြီးက..တုန့်ကနဲ့
ရပ်သွားသောကြောင့်..ပဲအိတ်တွေပေါ်..
ပက်လက်လှန်ရင်း…မျက်စိမှိတ်လိုက်လာတဲ့..
ဘမှန်..ငုတ်တုတ်ထထိုင်လိုက်မိသည်။

ဘာများဖြစ်လို့ပါလိမ့်ဆိုပြီး…ဘမှန်တွေးနေတုန်း
ကားစပယ်ယာက.. .

“ဒီမယ်..ငါ့လူ..ကားတော့..အမောဆို့ပြီး
ရင်ကျပ်သွားပြီ…ဒီတော့..ခဏပြင်ရမယ်…
လိုအပ်တာတွေဆင်းပြီးကူအုံး….

ထိုအခါ..ဘမှန်က..ကားကြီးပေါ်က..အမြန်ခုန်ဆင်း
လိုက်ပြီး..ကားပြင်နေတဲ့..ကားဆရာနှင့်စပယ်ယာ
တို့အား…သူတို့ခိုင်းသမျှ…ကူညီပေးလေ၏။
မကြာမီ..ကားကြီးက..စက်ပြန်နှိုး၍..ရသွားလေ၏။

ဒီတော့မှ..ကားသမားနှင့်စပယ်ယာတို့မှာ…
ခိုင်း၍..ဖင်ပေါ့သော..ဘမှန်ကို..သဘောကျသွားကြ၏။
ထို့နောက်..ကုန်ကားကြီးကို..တရွေ့ရွေ့မောင်းလာရာ
မီးများလင်းထိန်ပြီး..အလွန်စည်ကားတဲ့..မြို့တစ်မြို့သို့
ရောက်လာတော့သည်။

စားသောက်ဆိုင် တစ်ဆိုင်ရှေ့သို့ရောက်သောအခါ
ကုန်ကားကြီးအား..ရပ်လိုက်လေသည်။

“ညီလေး…ဒီမြို့က..ကျောက်ဆည်မြို့လို့ခေါ်တယ်..
အစ်ကို..အိမ်..ခဏဝင်စရာရှိလို့…ညီလေးပါလိုက်ခဲ့
ပေါ့ကြာ….

ကားသမားက..ပြောလိုက်ခြင်းဖြစ်သည်။

ကျောက်ဆည်….

ကျောက်ဆည်ဆိုတဲ့..အသံကြားတော့..ဘမှန်..
ခင်လေးကို..သွား၍သတိရမိသည်။

“ခင်လေးများ…သူ့ယောက်ျား နဲ့..ကျောက်ဆည်မြို့ပေါ်
ရှိနေမလား…”

ဆိုပြီး..ဘမှန်တွေးလိုက်မိတော့..မျက်ရည်က..
အလိုလိုဝဲလာသည်။

“ခင်လေးကို..ဘယ်လိုအကြောင်းနဲ့မှ..ထားမသွားပါနဲ့
အကိုဘမှန်….

ခင်လေးစကားကို..ပြန်ကြားမိရင်း…ဘမှန်..ပိုပြီး
ဝမ်းနည်းလာမိသည်။

ဒင်ဒေါင်…ဒင်ဒေါင်…ဒင်ဒေါင်..ဒင်ဒေါင်

နာရီစင်ကြီးအနားက..ဖြတ်သွားရင်း..
ည၈နာရီထိုးလိုက်တဲ့..အသံကြောင့်..ဘမှန်..
အတွေးတွေ..ပျက်သွားသည်။

“ဟို..ရှေ့ကအိမ်က..အစ်ကို့အိမ်ပဲ..ငါ့ညီ..

ကားသမားက..ဘမှန်ပခုံးကိုပုတ်၍ပြောသည်။
ထို့နောက်..ပိတ်ထားတဲ့..ခြံတံခါးရှေ့မှ..

“ချစ်ရေ…ချစ်…

“အော်..မောင်ရောက်လာပြီ…

ပြောပြောဆိုဆို အမျိုးသမီးက..ခြံတံခါးကိုဖွင့်ပေး
လိုက်သည်၊။
ဘမှန်လည်း..ကားသမားနောက်ကနေ..အိမ်ထဲသို့
လိုက်သွားလိုက်သည်။

“ဖေဖေပြန်လာပြီ…..

၅နှစ်ခန့်အရွယ်..ကလေးမလေးက..ကားသမားကို
ပြေး၍..ပွေ့ဖက်သည်။ ကားသမားကလည်း…
သူ့သမီးလေးရဲ့ပါးကို..ဘယ်ပြန်ညာပြန် နမ်းရှုံ့၍.. .

“သမီးလေးက..အဖေ့ကိုမျှော်နေတာလား….

“မျှော်တာပေါ့..ဖေဖေသွားတာ…ကြာလှပြီ…

“ပဲအိတ်တွေ စောင့်တင်နေရလို့…တစ်ပါတ်လောက်
ကြာသွားတာပါသမီးရယ်…

ကားသမားက..သူ့သမီးရဲ့ခေါင်းကို..လက်ဖြင့်..
ပွတ်သပ်ရင်း..ပြောလိုက်သည်။
ထို့နောက်..သူ၏မိန်းမဘက်သို့လှည့်၍…

“ချစ်ရေ…ထမင်းပွဲပြင်လိုက်ပါကွာ…အောင်ဝေးနဲ့
ဟောဒီက..ညီလေးအတွက်ပါပြင်လိုက်…

“ဟုတ်ကဲ့မောင်…

ခဏနေတော့ ဘမှန်ရယ်..ကားသမားရယ်..
စပယ်ယာ.ကိုအောင်ဝေးရယ်..
ထမင်းစားကြသည်။
ထမင်းစားပြီးတော့…ကားသမားက..

“ချစ်..မောင်တို့သွားရင်..ခြံတံခါးကို သော့အသေချာ
ခတ်…နောက်ပြီး..အိမ်တံခါးကိုလည်း..အတွင်း..ကလန့်
ချပြီးအိပ်နော်…

ကားသမားက..ထိုကဲ့သို့..မှာ၏။
ထိုအခါ…ကားသမား၏မိန်းမက..

“စိတ်ချပါ..မောင်ရယ်…အားလုံးသော့ခတ်..
ကလန့်ချပြီး..ချစ်တို့သားမိအိပ်တာပါ…
ခေါင်းရင်းဘက်ခြံမှာလည်း…ဦးလေးမြင့်မောင်တို့
ရှိနေတာပဲ…စိတ်မပူနဲ့နော်….

ထိုအခါ..ကားသမားက…သူ့မိန်းမ၏..ပါးအား
ရွှတ်ကနဲ့ တစ်ချက်နမ်းလိုက်ပြီး….

“ဒီတစ်ခေါက်…မောင်ဘာဝယ်ခဲ့ရမလဲ….

“မောင့်သမီးအတွက်သာဝယ်ခဲ့ပါ…ချစ်က
မလိုပါဘူးကွယ်…

ကားသမား..မိသားစုကိုကြည့်၍..ဘမှန်..အားကျမိသည်။

“သူတို့..မိသားစုက..တော်တော်ချစ်ကြတာပဲ..
နောက်ပြီး..အိမ်ထောင်ရေးကလည်း…
သာယာလိုက်တာ……

ဤသို့ဖြင့် ဘမှန်တို့သည်…ခရီးဆက်ရန်..ကားကြီး
ဆီသို့..လမ်းလျှောက်၍ပြန်လာခဲ့ကြသည်။

“ညီလေး…မင်းပျင်းရင်..ရှေ့ခန်းထဲ..အစ်ကိုတို့နဲ့
ကပ်ညှက်ပြီးစီးပါ့လားကွ ..ညဘက်..နောက်ပေါ်မှာ
မင်းတစ်ယောက်တည်းဖြစ်နေလို့…..

“ရပါတယ် အစ်ကို..ကျုပ်နောက်ကပဲ..လိုက်ခဲ့ပါ့မယ်..

ဒီလိုနှင့်..ကားကြီးသည်..စတင်၍..ခရီးထွက်ခဲ့ရမှ

ရှေ့တစ်ဖာလုံခန့်မျှ..ခရီးပေါက်ယုံနှင့်..ရပ်တန့်၍
သွားပြန်လေ၏။

ဘမှန်လည်း..ကားနောက်က..အမြန်ဆင်းလိုက်၏။

“ပြဿနာပဲ..အောင်ဝေးရာ….အိမ်မှာ..
ငါ့လွယ်အိတ်မေ့နေခဲ့ပြီ..
လွယ်အိတ်ထဲမှာ…ပိုက်ဆံတွေရော…ငါ့ယာဉ်မောင်း
လိုင်စင်ပါ..ပါတယ်ကွ….

“ဒါဆို..ကျွန်တော်ပြန်ယူလိုက်မယ်…

ဆိုပြီး..အောင်ဝေးကပြောတော့..ဘမှန်က..

“ကိုအောင်ဝေး..ခန္ဓာကိုယ်ကြီးက..ဝတယ်…
သွက်သွက်လက်လက် ရှိမှာမဟုတ်ဘူး.. .
ကျုပ်ပြန်ယူလိုက်မယ်အစ်ကို…

“မင်း..ငါ့အိမ်..မှတ်မိလို့လား..ညီလေး…

“မှတ်မိပါတယ်ဗျာ..ဟိုမှာမြင်နေရတဲ့..နာရီစင်ကြီး
တောင်ဘက်က..နှစ်ခြံကျော်က..အိမ်..

“အေးကွာ…အဲဒါဆို..မင်းသွားလိုက်…ခြံတံခါး
ပိတ်ထားရင်..ငါ့မိန်းမလှမ်းခေါ်…
ဧည့်ခန်းက..အစ်ကိုထိုင်တဲ့..ထိုင်ခုံနားကတိုင်မှာ
ချိတ်ထားတယ်…

ဘမှန်လည်း…အပြေးတစ်လှည့်ဒုန်းတစ်လှည့်ဖြင့်
ကားသမားအိမ်သို့..သွားရ၏။
ခြံရှေ့သို့ရောက်သောအခါ..ခြံတံခါးက..စေ့ရုံသာ
စေ့ထားသဖြင့်..အတွင်းသို့..ဘမှန် ဝင်လာလိုက်၏။

အိမ်တံခါးမကြီးကလည်း..တစ်ဖက်သာပိတ်၍
ကျန်တစ်ဖက်ကဖွှင့်ထား၏။
ဘမှန်လည်း..အိမ်ထဲသို့ ဝင်လိုက်သောအခါ..
ကားသမား၏သမီးလေးက..ဧည့်ခန်းက ဆက်တီခုံ
အရှည်ပေါ်၌…အိပ်၍နေ၏။
ဘမှန်လည်း..ကားသမား၏ မိန်းမကို..သူရောက်
နေကြောင်း..အသိပေးရန်..ခေါ်မည်ပြုစဉ်.. .

“အိုကွယ်….သူသိပ်ကဲတာပဲ…ဟင်း..ဟင်း.နော်..

အိပ်ခန်းဖက်ဆီမှ..အသံတစ်ချို့..ဘမှန်ကြားလိုက်
ရသည်။

“ဒါ…ချစ်ဆိုတဲ့မိန်းမ..အသံပဲ..

ဘမှန်က..ခြေကိုအသာဖွ၍..အခန်းဝမှ..ခန်းစီးစကို
အသာလှပ်၍..ကြည့်လိုက်ရာ.. .
မြင်တွေ့လိုက်ရသောမြင်ကွင်းကြောင့်..အလွန်
အံ့ဩသွား၏။

ကားသမား၏မိန်းမသည်..ယောက်ျားတစ်ယောက်နှင့်
ကုတင်ထက်၌…..ကာမဂုဏ်အရှိန်တက်၍..
ပျော်ပါးဖောက်ပြန်နေသည်ကို..ဘမှန်တွေ့လိုက်ရ၏။

ထို့နောက်..ဘမှန်သည်..ဧည့်ခန်းက တိုင်၌ချိတ်ထား
သော..အိတ်အားယူ၍..အသာပြန်ထွက်ခဲ့၏။

မျက်လုံးထဲ၌လည်း…ဖောက်ပြန်နေသာ..ကားသမား
မိန်းမကို..ပြန်မြင်နေမိ၏။

“ယောက်ျားရှေ့မှာတော့…ကြင်နာဟန်တွေပြပြီး..
ကွယ်ရာမှာ..မျောက်ပွဲကနေတဲ့မိန်းမ…ကြောက်စရာ
ကောင်းလိုက်တာ….ဒါကြောင့် ကပ္ပိယကြီး
ဦးတောကျော်က..ပြောတာ..မိန်းမတွေကို..
အထင်ကြီးပြီး..ချီးကျူးမစောနဲ့..မိန်းမဆိုတဲ့မျိူးက..
သေခါမှ..စိတ်ချရတဲ့အမျိုး..ဆိုတာဟုတ်နေတာပဲ…

ဘမှန်က..ပြန်တွေးရင်း သူ့ချစ်သူ ခင်လေးနွယ် ရဲ့
မျက်နှာကိုပြန်မြင်လာမိသည်။

“တောက်.. .သစ္စာ မရှိလိုက်တဲ့..မိန်းမတွေ…

ကားကြီးနားရောက်တော့…အိတ်ကို..ဘမှန်က
ကားသမားကိုပေးလိုက်သည်။

“ကဲ..သွားစို့..ငါ့ညီရေ…အစ်ကို့သမီးလေး….အိပ်နေပလားကွ….

“ဟို..အင်း…အိပ်နေပြီဗျ…

ကားသမားကို..ကြည့်ပြီး..ဘမှန်..သနားသွားသည်။
မိသားစုအတွက်..ကုန်းရုံးပြီး..ရှေ့ကစီးပွားရှာနေပေမဲ့
နောက်က…မိန်းမက…နောက်မီးလင်းနေသည်။

“ဒီလို..သနားစရာ ယောက်ျားတွေ..
ဘယ်လောက်တောင်
ရှိလိုက်မလဲ….

မြို့တွင်းကနေ..ကားကြီးက…တအိအိနဲ့ထွက်ခွာ
လာခဲ့သည်။ပဲအိတ်တွေပေါ်အိပ်ရင်း..ဘမှန်..
စောစောက..ကားသမားမိန်းမ..ဖောက်ပြန်နေတာကို
ပြန်မြင်နေမိသည်။နောက်..သူ့ကို..သစ်စိမ်းချိုး..
ချိုးသွားခဲ့တဲ့ ချစ်သူ..ခင်လေးနွယ် ရဲ့..မျက်နှာကိုပါ
တစ်ပြိုင်တည်း..မြင်ယောင်နေမိသည်။

နောက်တော့..ဘမှန်..အံကိုကျိတ်၍ လက်သီးကို
ကျစ်ကျစ်ပါအောင် ဆုပ်ပြီး..ပဲအိတ်တွေကို..
တဘုန်းဘုန်းဖြင့်ထိုးချလိုက်တော့သည်။
…….. ………….. ……………

ပွဲတော်ပြောင်းသော..အိမ်ဦးနတ်
…………….. ……… …….. ……….

အိပ်နေရင်းလိုက်လာရတာ…ဘမှန်..ကြာတော့
ငြီးငွေ့လာသည်။ထို့ကြောင့်..ကားကြီး၏..
ရှေ့ခေါင်းခန်း၏အပေါ်..ဝက်ခြံထဲသို့ပြောင်းပြီး
ထိုင်လိုက်လာလိုက်လာသည်။
လမ်းဘေးဝဲယာတစ်လျှောက်..ကြည့်သမျှက..
ပိန်းပိတ်မှောင်နေသည်။ထိုညက..လကမသာ။

တနေရာအရောက်၌…ကားလမ်းမ..အလယ်က..
ဓာတ်မီးထိုး၍.. .ဝေ့ဝိုက်ကာ..မီးဖြင့်..အချက်ပြ
နေသည်ကို..ဘမှန်မြင်ရ၏။

“အင်း…ညဘက်..ငါလို..ကားကြုံလိုက်ချင်လို့..
ဓာတ်မီးရောင်နဲ့..ကားကိုတားနေတာထင်တယ်…
စကားပြောဖော်ရတာပေါ့လေ….

ကားကြီးက..ဓာတ်မီးရောင်နဲ့ ထိုး၍..တားနေသူ
အနားရောက်တော့..ရပ်လိုက်သည်။
ဘမှန်က..ကားခေါင်ပေါ်ဝက်ခြံထဲကမဆင်းပဲ..
ထိုင်နေလိုက်သည်။

“ညီလေး..အောက်ဆင်းခဲ့အုံးလေကွာ…

ကားသမားကပြောတော့..ဘမှန်..ကားပေါ်ကနေ
ဆင်းလိုက်သည်။အောက်သို့ရောက်သောအခါ….
မီးဖြင့်အချက်ပြ၍…ကားကိုတားနေသူကို..ဘမှန်
တွေ့လိုက်ရ၏။

ကားကို..ညကြီးမဲမဲ၌..မီးဖြင့်တားလိုက်သူမှာ..
ယောက်ျား တစ်ယောက်မဟုတ်ပဲ..မိန်းမနှစ်ယောက်
ဖြစ်နေတာကိုမြင်ပြီး..ဘမှန်..အ့ံ့အားသင့်နေမိ၏။
ထိုမိန်းမများသည်..သူမတို့၏ ဆံပင်များကို..
ဖျားလျားချထားပြီး…မျက်နှာတွင်လည်း…
ပွဲလမ်းသဘင် သွားမည်ကဲ့သို့..အလှအပများ..
ပြင်ထားကြ၏၊သူမတို့၏..ကိုယ်ခန္ဓာများမှ..
အမွှေး နံ့သာများက..မွှေးပျံ့ နေ၏။

“အစ်ကို…ပွဲရှာအုံးမလား….

မိန်းမတစ်ယောက်က…ထိုသို့ပြောလိုက်သောအခါ..
ကားသမားက…

“အောင်ဝေး…မင်း..ဆော်ကြည်..အုံးမလား..

“အာစရိသဘောပဲလေ…ကျွန်တော်ကတော့..ဟဲဟဲ..

ကားသမားနှင့်စပယ်ယာ..ပြောနေတာတွေကို…
ဘမှန်ကနားမလည်။
ထို့နောက်ကားသမားက..ဘမှန်အား…

“ညီလေး..မင်းခဏစောင့်ကွာ…

လို့ပြောဆိုပြီး…တစ်တစ်ခဲခဲ..ဖွ့ံဖွ့ံထွားထွား..မိန်းမအား
လက်ကိုဆွဲ၍ ကားခေါင်းခန်းပေါ်သို့..
တက်၍သွားလေ၏။
စပယ်ယာ အောင်ဝေးကလည်း…ကျန်တဲ့မိန်းမအား
လမ်းဘေး..ခြုံတစ်ခြုံအကွယ်သို့..လက်ကိုဆွဲ၍
ခေါ်သွားပြန်လေ၏။

ထိုအခြေနေများကိုမြင်မှ..ဘမှန်..အရာအားလုံးကို
သဘောပေါက်လာ၏။

အော်..ကားကို..မီးနဲ့အချက်ပြတားတာ..ဖာသယ်မ
တွေကိုး….
မှတ်ချက်။..ဖာသယ်မဟူသော..မနှစ်မြို့ဖွယ်..
အသုံးနှုန်းကို..သုံးလိုက်ရသည်မှာ…
ဘမှန်၏..မူရင်းအပြောအတိုင်းရေးလိုက်ခြင်းဖြစ်သည်။
အကယ်၍..စာရေးသူအနေအနှင့်..ပြည့်တန်ဆာ..
အပျော်မယ်…ဟုသုံးနှုန်း၍..ရသော်လည်း…
၅တန်းမျှပင်ကျောင်းနေဖူးသော..ဘမှန်က..
အော်..ပြည့်တန်ဆာမ တွေကိုး….
အော်..အပျော်မယ်တွေကိုး…ဟုရေးသားပါက..
ယုတ္တိမရှိရာကျနေမှာစိုး၍…အရှိတိုင်း..ရေးသား
လိုက်ရပါသည်။🙏🙏🙏..[ စာရေးသူ ..]

ဘမှန်သည်…မကြာခင်က..ကားသမားကို..
ဖောက်ပြန်တဲ့မိန်းမကို..ရရှာတယ်..ဆိုပြီး..
သနားဂရုဏာသက်မိသည်။
ခုတော့..ကားသမားကိုယ်တိုင်က…လမ်းမှာတွေ့တဲ့..
မိန်းမတွေနဲ့…သူ့ရှေ့မှာတင်..အရှက်တရားကင်းမဲ့စွာ
ဖောက်ပြန်နေ၏။
ကားသမားသည်..သူ့မိန်းမနှင့်သမီးကလေးအား
အလွန်ချစ်ခင်ကြင်နာဟန်ဖြင့်..ဆက်ဆံပြောဆို
ခဲ့၏။ဘမှန်..ခုမှ..လူတွေအကြောင်း..သိရတော့၏။

လူတချို့သည်..အပြင်ပမ်း၌..ပျားသကာကဲ့သိုချိုပြီး..
အတွင်း..စိတ်က..ညစ်ထေးနံစော်..ရွံရှာဖွယ်..
ကောင်းသည်ကို..ကားသမားလင်မယားကိုကြည့်၍
ဘမှန်သဘောပေါက်သွား၏။

ကားသမားနှင့်..သူ့မိန်းမသည်..ပုလင်းတူ..ဗူးဆို့..
အိုးရွဲ့နဲ့စလောင်းရွဲ့..ချို[ဂျို]ကုတ်ရှိရာ..ချိုကွေးလာ..
ဆိုတဲ့..စကားပုံတွေလိုဖြစ်နေပြီး..အပေါ်ယံဟန်ဆောင်
ကောင်းပြီး..အိမ်ထောင်ရေးဖောက်နေကြသူများ
ဖြစ်နေကြ၏။

“ညီလေး..မင်းဝါသနာပါရင်..ကျိတ်လေ…

ဘမှန်အတွေးလွန်နေတုန်း..ကားတံခါးကို ဖွင့်ပြီး
ချွေးတလုံးလုံးဖြင့်..ကားသမားကဆင်းလာ၏။

ထိုအခါ..ဘမှန်က..အလန့်တကြားဖြင့်..

“ကျုပ်..မလုပ်ချင်ပါဘူးဗျာ….

ဆိုပြီးပြောလိုက်၏။

“ဘမှန်ရေ…မင်းရှေ့ခေါင်းခန်းကသာလိုက်ခဲ့တော့
ငါ..နောက်ကပဲ..လိုက်ခဲ့တော့မယ်။

စပယ်ယာ အောင်ဝေးက..ကားပေါ်ကနေလှမ်းပြော၏။

ထိုနောက်..ကားသမားသည် မိန်းမနှစ်ယောက် အား
ပိုက်ဆံအချို့ကို ပေးလိုက်၏။

“နောက်တစ်ခေါက်ကျမှ..ညီမလေးနဲ့…

ကားသမားသည်..အောင်ဝေးနဲ့..ပျော်ပါးဆက်ဆံ
ခဲ့သောမိန်းမအား..ထို့သို့ပြောဆိုပြီး..သူမ၏
ပါးကို..တစ်ချက်..အားပါးတရ နမ်းလိုက်ပြန်၏။

ထို့နောက်..ကားကြီးကိုမောင်း၍..ခရီးဆက်ခဲ့ပြန်၏။

“ငါ့ညီ..မင်းငါ့ကို ..ခုလိုမိန်းမတွေနဲ့..ဆက်ဆံ
လိုက်တာကို..အံ့ဩနေတာမဟုတ်လား…

ကားကိုမောင်းရင်း..ကားသမားက..မေးလိုက်၏။

“ဟုတ်တယ်ဗျ..ကျုပ်တွေးနေတာ…အစ်ကို့မိန်းမက
ကျုပ်အမြင်ပြောရရင်..မိန်းမလှတစ်ယောက်ပါဗျ..
ဒါနဲ့များ…..

ဘမှန်စကားကို..ကြားသောအခါ..ကားသမားက
တဟားဟား ရယ်လိုက်ပြီး…..

“ငါ့ညီက..တော်တော်ရိုးတာပဲ….ခု..အစ်ကိုမောင်းနေတဲ့
ဒီကားကြီးက…အကိုတို့..ညားစက..အကို့မိဘတွေက
လက်ဖွဲ့လိုက်တဲ့ကားကွ..အဲဒီတုန်းကတော့..
ကားကြီးက..အသစ်ကြီးပေါ့ကွာ…ခိုင်းပါများတော့
ကားကြီးက..အိုရွဲလာတာ..ငါ့ညီအမြင်ပဲကွာ..
ဒါတောင်..ပြုပြင်ထိန်းသိမ်းနေလို့နော်….
တကယ်တော့..ဒီကားကြီးကို..ငါမမောင်းချင်တော့ဘူး..
အိုပြီး..ရွဲလာတာရယ်…ရိုးလာတာရယ်ပါတာပေါ့ကွာ..
ဖြစ်နိူင်ရင်..ကားအသစ်တစ်စီးကို…မရရင်တောင်..
ထိုက်သင့်သလောက်ကောင်းတဲ့..ကားတစ်စီးတော့
ငါပြောင်းပြီး..မောင်းချင်လာမိတယ်..
မိန်းမတွေလည်း…အဲဒီလိုပဲ..ငါ့ညီ..
ကြာတော့..ရိုးအီလာလိ့ု..အကို..ပြောင်းနေလိုက်တာ..
မိသားစုဆိုတဲ့..သံယောဇဉ်ကတော့..အစ်ကို့မှာ
အပြည့်ရှိပါတယ်ကွာ….

ကားသမား၏အပြောကို…ဘမှန်..ဘဝင်မကျ
ဖြစ်သွားမိသည်။

လူနှစ်ယောက်..အိမ်ထောင်ပြုပြီဆိုကတည်းက.
ချစ်ခြင်း…
မေတ္တာကို..အခြေခံမှ..
အဲဒီ..အိမ်ထောင်ရေး..
သာယာလိမ့်မည်။ချစ်ချင်းမေတ္တာရဲ့..အတိမ်အနက်ကို
သိချင်ရင်..သစ္စာ ရှိရတယ်လို့..ဘမှန်ကြားဖူးသည်။

တကယ်ချစ်မြတ်နိူးသူများသည်..သစ္စာ ရှိကြသည်၊၊

ခုတော့..ကားသမားက..ရိုးအီသွားလို့…တခြားမိန်းမ
တစ်ယောက်နှင့်ဖောက်ပြန်သည်ဟုပြောနေသည်။
ကားသမား၏..မိန်းမကရော..ဘာကြောင့် များ
တခြားယောက်ျားနဲ့..ဖောက်ပြန်တာလဲ..
တွေးရင်းဘမှန်..စိတ်ညစ်လာမိသည်။

ဘာပဲပြောပြော..အိမ်ဦးနတ် ဟူသော..
အိမ်ထောင်ဦးစီး၊.. .

ကားသမားသည်..တည်နေကျပွဲတော်ကို ရိုး၍
ပွဲတော်ပြောင်း၍ တည်ခြင်းသာဖြစ်ပေတော့သည်။
……………

ဖွတ်ထွက်မှ တောင်ပို့မှန်းသိ
…………………..

ထို့သို့ ဖြင့်…ဘမှန် စီးလာသောကားကြီးသည်၊
နားလိုက်..မောင်းလိုက်ဖြင့် ခရီးဆက်ခဲ့ရာ..
မန္တလေးမြို့ရှိ..သီးနှံစုံရောင်းဝယ်သော..ပွဲရုံကြီးသို့
နံနက်..ဝေလီဝေလင်းအချိန်တွင်..ရောက်ရှိသွား၏။

“ကဲ..ငါ့ညီ..အစ်ကိုတို့..ခရီးတော့ဆုံးပြီ..
မင်းကရော..ဘယ်ကိုသွားမှာလဲ.. ..

“မန္တလေး ရောက်ပြီလားဗျ….

အူကြောင်ကြောင်ဖြင့်..ဘမှန်ကမေးလိုက်သည်၊၊

“ဟကောင်…ဒါ..မန္တလေးမြို့ကြီးလေကွာ…
ဟိုမှာ..မြင်နေရတဲ့..ဘုရားကြီး…တွေ့လား…
အဲဒါ…မဟာမြတ်မုနိ ဘုရားကြီးလေ…

ကိုအောင်ဝေးက..ထိုသို့ပြောလိုက်သည်။
မဟာမြတ်မုနိ.. ..ဘုရားကြီး..ဆိုတဲ့အသံ
ကြားလိုက်ကတည်းက…ဘမှန် စိတ်ထဲ…
သိမ့်ကနဲ့..ကြည်နူး စိတ်ဖြစ်မိသည်။
ကြားဖူးပေမဲ့..ဘမှန်က..တစ်ခါမှ..မဖူးဘူး။

“အစ်ကို…ကျုပ်ကို..ဒီထိရောက်အောင်..
ခေါ်ခဲ့တာ..ကျေးဇူးပါပဲဗျာ…ကျုပ်သွားတော့မယ်..
ကိုအောင်ဝေး..ကျုပ်သွားပြီဗျာ…

ဘမှန်က..ကားသမားနှင့်စပယ်ယာကို..နုတ်ဆက်ပြီး
အဝေးကပင်လှမ်းမြင်နေရတဲ့…ဘုရားကြီးဆီသို့
ဘုရားဖူးရန်..သွားလေသည်၊။

မန္တလေးမြို့၏..နံနက်ခင်းက..ကားတွေရောလူတွေပါ
ရှုပ်ထွေးလှသည်။တချို့..မိန်းကလေးများသည်..
ဘမှန်အားကြည့်၍..ပြုံးစိစိဖြစ်သွားကြသည်။
ဒါကို..ဘမှန်လည်း..သိသည်။

“ငါက..သူတို့အတွက် ဘာရယ်စရာများ..
ဖြစ်နေပါလိမ့်…

ဆိုပြီး မလုံမလဲဖြင့်..သူ့ကိုယ်သူ ဘမှန်..ငုံ့ကြည့်
မိသည်။တကယ်က..ကာကီဘောင်းဘီနှင့်..
ပလေဇာကုတ်အင်္ကျီအနက်ရောင်ကြီးကို

ဝတ်ဆင်၍…
သက္ကလပ်ဦးထုပ်ကြီးကို..ဆောင်းထားသော…

မှန်၏ပုံမှာ…အလွန်..ကို့ယို့ကားရားနိုင်ပြီး…
ရယ်စရာပင်ဖြစ်နေလေတော့၏။

ဘမှန်သည်..မန္တလေးသို့..ရောက်ဖူးခြင်းမရှိသော
ကြောင့်..ဟိုလမ်းဝင်..သည်လမ်းဖြတ်ဖြင့်..
ဘုရားကြီးကို မရောက်နိူင်ပဲဖြစ်နေတော့၏။

နောက်ဆုံး..မနက်၉နာရီလောက်ရောက်မှ..
ဘုရားကြီး..အရှေ့မုဒ်သို့..ရောက်လေတော့၏။
ဘုရားကြီးစောင်းတန်းမှ…စျေးရောင်းသော
မိန်းကလေးများသည်….များသောအားဖြင့်
.သူမတို့၏..မျက်လုံးလေး
များကို..မှိတ်၍..ပုတီးစိပ်နေကြ၏။
တချို့မိန်းကလေးများကျတော့..ပဋ္ဌာန်းစာအုပ်လေး
များကို..ဖတ်ခါ..ဟေတုပစ္စယော..အစရှိသည့်
ပဋ္ဌာန်းနိဿယ၂၄ပစ္စည်းကို..ရွတ်ပွားနေကြ၏။
ဘုရားရိပ်တရားရိပ်၌..ခုံလှုံရင်း..စျေးရောင်းကြသူ
မိန်းကလေးများပီပီ..အလွန်ယဉ်ကျေး..သိမ့်မွေ့
ကြောင်း..ဘမှန်တွေ့လိုက်ရ၏။..

ဘမှန်..ဘုရားကြီးစောင်းတန်းမှ လမ်းလျှောက်ရင်း
ရှေ့သို့ကြည့်လိုက်သောအခါ…
ရွှေရောင်..တဖိတ်ဖိတ်လက်၍…လွန်စွာ..
ကြည်ညိုသပ္ပါယ်လှသော..မဟာမြတ်မုနိ ဘုရားကြီး
ကို..ဖူးတွေ့လိုက်ရလေတော့သည်။

“ငါ..ခုလို..ခရီးမထွက်ရင်..ဒီလောက်ကြည်ညိုဖို့
ကောင်းတဲ့..ဘုရားကြီးကို ဖူးရမှာမဟုတ်ဘူး…

ဘမှန်က..ထိုသို့တွေးလိုက်ပြီး…ဘုရားကြီးအား
ရိုသေစွာ ဦးသုံးကြိမ်ချ၍..ကန်တော့လိုက်သည်။
ထို့နောက်..ရွှေဆိုင်းများဝယ်ယူကာ…
ရွှေသင်္ကန်းကပ်လှုပြီး….

“တပည့်တော်…ခရီးထွက်ခဲ့တာ..အစစအရာရာ
အဆင်ပြေချောမွေ့ရပါစေဘုရား….

ဟူ၍..ဆုတောင်းလိုက်၏။
ထို့နောက်..ဟာနေသော
ဝမ်းအားဖြည့်ရန်….ဘုရားကြီးဝင်းထဲမှ…
ခေါက်ဆွဲကြော်ဆိုင်တစ်ဆိုင်ထဲဝင်၍..ခေါက်ဆွဲကြော်
တစ်ပွဲ..မှာယူစားသောက်ပြီး…အရိပ်ရသော…
သစ်ပင်တစ်ပင်အောက်က..ခုံလေးပေါ်..
ဘမှန်ထိုင်ရင်း…ပတ်ဝန်းကျင်စိမ်းကို..ငေးနေမိ၏။

“ဒကာလေး…..ဦးဇင်းဆွမ်းစားချိန်ရောက်နေပေမဲ့..
ဆွမ်းဘုန်းပေးဖို့..အခက်ခဲဖြစ်နေလို့.. ဆွမ်းဖိုး
လေးလှုပါ..ဒကာလေး…

ပတ်ဝန်းကျင်ကို ငေးနေရာက..ကြားလိုက်တဲ့
အသံကြောင့်..ဘမှန်ကြည့်လိုက်တော့..
ဦးပဇင်းလေးတစ်ပါးဖြစ်နေသည်။

ဘမှန်..ရင်ထဲမှာလည်း…ကိုယ်တော်လေးကိုကြည့်ပြီး
ဂရုဏာသက်သွားမိသည်။
အသားဖြူဖြူ…အရွယ်က..၂၀ကျော်လောက်လေးနဲ့
ဦးဇင်းလေးက..ကြည်ညိုဖို့ကောင်းလှသည်။
ဘမှန်က..လက်အုပ်ချီလိုက်ပြီး…

“တင်ပါ့ဘုရား.. .တပည့်တော်…ဟို..ထမင်းဆိုင်
လေးမှာ..ဆွမ်းကပ်ပါရစေဘုရား…

ဦးဇင်းလေးက ထမင်းဆိုင်ကိုလှမ်းကြည့်ပြီး..
မလိုက်လိုဟန်ဖြင့်…..

“ဆွမ်းဖိုးသာ..လှုလိုက်ပါဒကာလေး…ဦးဇင်းက
ဆိုင်တွေထဲမှာ..ထိုင်ပြီး..မဘုန်းပေးချင်လို့ပါ…

“အရှင်ဘုရားက…ဘယ်အရပ်ကပါလဲ…
မန္တလေးကမဟုတ်လို့လားဘုရား…..

ဆွမ်းမဘုန်းပေးရသေးဘူး..ဆိုကတည်းက
ဦးဇင်းလေးဟာ…ဒီမြို့ပေါ်က..မဟုတ်လောက်ဖူး
ဆိုပြီး..ဘမှန်ကမေးလိုက်ခြင်းဖြစ်သည်။

“ဟုတ်တယ်..ဒကာလေး..ကျုပ်က..ပခုက္ကူဘက်ကပါ..
မန္တလေးကို..ဘုရားဖူးလာရင်း..အဖွဲ့တွေနဲ့..
လူချင်းကွဲနေခဲ့လို့..ပြန်စရာ..လမ်းစရိတ်ပါမရှိလို့
အခက်တွေ့နေလို့ပါဒကာလေး.၊.တခြားလူတွေကို
ဦးဇင်းအလှုမခံရဲပါဘူး…ဒကာလေးကတော့..
လူမြင်တာနဲ့သနားကြင်နာတက်သူမှန်း..သိလို့..
အလှုခံမိတာပါ….

ထိုအခါ..ဘမှန်သည်…သူ၏..အင်္ကျီအိတ်ထဲမှ..
ပိုက်ဆံအချို့ကိုထုတ်ပြီး…ဦးဇင်းလေးအား
လှုလိုက်လေ၏။
ထိုသို့..လှုဒါန်းလိုက်ရသည်ကိုလည်း..များစွာ..
ကျေနပ်အားရ..ပီတိဖြစ်နေရှာသည်။

“တပည့်တော်လည်း..ခုမှ..မန္တလေးကို..ရောက်ဖူးတာ
ပါဘုရား…အရှင်ဘုရားအတွက်..ဆွမ်း.ဖိုးနဲ့..
လမ်းစရိတ်..တပည့်တော်လှုလိုက်တာပါ….

ထိုအခါ..ကိုယ်တော်လေးက…

“ကျေးဇူးတင်လိုက်တာ..ဒကာလေးရယ်…
ပခုက္ကူကိုများရောက်ခဲ့ရင်…ဦးဇင်းတို့..ကျောင်း
တိုက်ကို..ရောက်အောင်ဝင်ခဲ့ပါအုံး….

ဦးဇင်းလေးက ကျောင်းတိုက်တစ်ခု၏..နာမည်ကို..
ဘမှန်အား..ရွတ်ပြလိုက်ပြီး..ဘမှန်အနားက
တည်ငြိမ် အေးချမ်းစွာဖြင့်..ထွက်ခွာသွားလေ၏။

ထိုနောက်..ဘမှန်လည်း..မြို့ထဲသို့.လျောက်ပက်
ကြည့်ရင်း..အလုပ်တစ်ခုကိုရှာဖွေနေမိ၏။
ဤသို့..သွားရင်းလာရင်းဖြင့်..တစ်နေဝင်လျိုး၍..
တမိုးချုပ်ခြင်းသို့ရောက်ပြန်လေ၏။

ညဘက်သို့ရောက်သောအခါ…စားသောက်ဖွယ်ရာ
မျိုးစုံအပြင်..အဝတ်စားပါမကျန်…တိုလီမိုလီမှအစ
အကုန်ရောင်းသော…ညစျေးတန်းလေးတစ်ခုကို..
ဘမှန်တွေ့ရ၏၊ထိုညစျေးတန်း၌လည်း..လူများ..
စည်းကားလှပြီး..တိုးဝှေ့နေကြ၏၊

“မန္တလေးမြို့ကြီးပေါ်က..လူတွေဟာ…ညဖက်တွေလည်း
မအိပ်ကျဘူးထင်တယ်…နေခင်းတုန်းကလည်း..
လူတွေကအများကြီး..အခု..လည်း..တိုးကျိတ်နေ
ကြတယ်….ငါတို့မြို့လေးမှာဆို..ဒီအချိန်..ဘာသံမှ
မကြားရတော့ဘူး…

ထိုသို့တွေးလိုက်မိသည်နှင့်တပြိုင်နက်…
မွေးရပ်မြေကို..ဘမှန်သတိရလွမ်းဆွတ်လာမိ၏။

“စိတ်တွေလေနေရင်..အရက်သောက်မဲ့အစား..
စာဖတ်..ဘမှန်…

စာအုပ်ဆိုင်လေးတစ်ဆိုင်နားရောက်တော့….
မိုးအောင်ပြောတာကို…ဘမှန်ပြန်သတိရနေမိသည်။
စာအုပ်ဆိုင်လေး..ဆိုပေမဲ့..ခုံတစ်ခုံပေါ်၌..
စာအုပ်များကို..အစီရီထပ်ထားခြင်းသာဖြစ်၏။

ဘမှန်သည် ..စာအုပ်ဆိုင်လေးနားသို့သွားလိုက်ပြီး
စာအုပ်လေးတွေဝယ်ဖို့…တစ်အုပ်ကို..ကောက်ကိုင်
ပြီး..ဖွှင့်ဖတ်လိုက်သည်။ဘေး၌လည်း..သူလို..
စာအုပ်ဝယ်ဖို့..ရွေးနေသည့်…လူငယ်သုံးယောက်
ကိုလည်းတွေ့ရ၏..

ဘမှန်သည်…စာအုပ်ထဲက..စာတစ်ပိုဒ်ခန့်..ဆုံးအောင်
ဖတ်ပြီးသောအခါ..မျက်လုံးပြူးမျက်ဆံပြူးဖြင့်..
စာအုပ်လေးကို..အမြန်..ပြန်ချလိုက်ပြီး.. .
ထိုဆိုင်လေးမှ..အမြန်ထွက်လိုက်၏။
ထိုအခါ..စာအုပ်ရောင်းသည့်..ကုလားကြီးက..

“ကောင်လေး…အသစ်တွေလည်း..ပါတယ်လေ…
စုံအောင်ကြည့်ပါကွ..လာလာ…

ဆိုပြီး..ဘမှန်အား..အတင်းခေါ်တော့၏။
ဘမှန်က..မကြားလေဟန်ပြု၍…ထိုစာအုပ်ဆိုင်

လေးနားမှ..ထွက်ခဲ့လေတော့သည်။

ဘယ့်ကြောင့်ဆိုသော်…ထိုစာအုပ်အားလုံးမှာ
ယောက်ျားနှင့်မိန်းမ…လိင်ဆက်ဆံကြသည်ကို..
ဇာတ်လမ်းသဏ္ဌာန်ရေး၍…တစ်တစ်ခွခွ..
ညစ်ညစ်ပက်ပက်..ရေးထားသော…လိင်အသားပေး
ကာမစာအုပ်များ..ဖြစ်သောကြောင့် ဖြစ်၏။
ညစျေးတန်း၌..ထိုကဲ့သို့..စာအုပ်ဆိုင်လေးများကို
အများအပြား ဘမှန်တွေ့ရ၏၊

မှတ်ချက်။ ထိုအချိန်က…ယခုခေတ်ကာလကဲ့သို့
ဆိုရှယ်မီဒီယာ မထွန်းကားသေးပေ။
အင်တာနက်ဆိုသည်ကို…လူအနည်းစုသာ..
သိ၍..အနည်းစုသာ..အသုံးပြုနိူင်ကြ၏။
[စာရေးသူ]

ညစျေးတန်း၌ လျှောက်ပက်ကြည့်ရင်း..ညသည်
တဖြည်းဖြည်း ကုန်လွန်လာ၏။
ထိုကြောင့် တနေရာ၌အိပ်စက်ရန်..ဘမှန်နေရာ
ရှာနေမိ၏။ထိုသို့ရှာနေရင်း..တိုက်ကြီးတစ်လုံး၏
ဘေး၌ လူသုံးယောက်..အိပ်စက်နေသည်ကို..
တွေ့တာနှင့်..၎င်းတို့၏မလှမ်းမကမ်း၌..ဘမှန်
ကျောခင်းလိုက်၏။ကျောခင်းလိုက်သည်နှင့်..
တစ်နေ့လုံး သွားလာလှုပ်ရှားထားသည့်အတွက်..
ပင်ပန်းကာ..ဘမှန်အိပ်ပျော်သွားလေတော့၏။

“ဟဲ့ကောင်လေး….ဟဲ့ကောင်လေး..ထထ..

သူ့ပခုံးကိုကိုင်၍..အတင်းလှုပ်နှိုးနေသောကြောင့်
ဘမှန်..အိပ်နေရာကနေ မျက်လုံးကို ဖွင့်ကြည့်လိုက်၏။
ခပ်ဝဝမိန်းမကြီးတစ်ယောက်က..သူ့ကိုနှိုးလိုက်ခြင်း
ဖြစ်သည်။ပတ်ဝန်းကျင်၌လည်း…နံနက်လင်းရောင်
ခြည်နှင့်အတူ..လူတွေသွားလာလှုပ်ရှားနေကြပြီ။

“မင်းအိပ်နေတဲ့နေရာက..ငါတို့ဆိုင်ခင်းမဲ့နေရာဖြစ်
နေလို့…

“အော်..ဟုတ်ကဲ့.. ဟုတ်ကဲ့…

ရှက်ရှက်နဲ့ ဘမှန်ထိုနေရာက..သုတ်ခြေတင်လာလိုက်၏
လမ်းဘေးရေအိုးစင်လေး၌ .ရေတစ်ခွက် အဝသောက်ပြီး…မျက်နှာသစ်လိုက်၏။
ထိုနောက် စျေးချိုကြီးတစ်ဝိုက်၌..
ဘမှန်လျောက်ကြည့်ရင်း..သူအတွက်..အလုပ်တစ်ခု
ရှာနေမိ၏။ .ကိုင်းတန်းစျေးဘက်သို့..ရောက်သောအခါ
သစ်သီးပွဲရုံတစ်ခုရှေ့၌….
[အလုပ်သမားတစ်ယောက်..အလိုရှိသည်..]
ဟူ၍..ကြော်ငြာ ထားသော..ဆိုင်းဘုတ်တစ်ခုကို
တွေ့ရ၏။ဘမှန်လည်း..ပွဲရုံအတွင်းသို့ဝင်သွားပြီး..
ကောင်တာတွင်ထိုင်နေသော..အမျိုးသမီးကြီးထံသို့.
သွား၍..သူအလုပ်လုပ်လိုကြောင်းပြောဆိုလေ၏။
ထိုအခါ..အမျိုးသမီးက..လုပ်နိူင်မလုပ်နိူင်..စမ်းလုပ်
ကြည့်ရန်ခွင့်ပြု၏။..ဘမှန်လည်းအလုပ်တစ်ခုရသည့်
အတွက်..အလွန်ဝမ်းသာနေမိ၏။
ထိုသစ်သီးပွဲရုံ၌..ကားများဖြင့်..သစ်သီးမျိုးစုံကို..
လာ၍ရောင်းချကြပြီး..တစ်ချို့က..ပြန်လည်ရောင်းချရန်
ပွဲရုံမှ..သစ်သီးများကို..ဝယ်ယူကြလေသည်။
ဘမှန်နှင့်..အလုပ်သမား..ဆယ်ယောက်တို့က
လာ၍ရောင်းချသော..သစ်သီးများကို ကားများ..
ပေါ်မှချပေးရပြီး…ပြန်လည်ရောင်းချရန် ဝယ်ယူ
သူတို့၏သစ်သီးများကိုလည်း..၎င်းတို့၏..ကားကြီး
ကားလေး..များစွာတို့အပေါ်တင်ပေးကြရလေသည်။

ဘမှန်သည်..အလုပ်ကို..မခိုမကပ်ပဲ..ကြိုးစားလုပ်သည်။
နေ့လည်စာ..ထမင်းစားချိန်သို့ရောက်သောအခါ..
ဆိုင်ရှင်အမျိုးသမီးက…ဘမှန်အား..သူ၏အလုပ်
စားပွဲနားသို့..ခေါ်ပြီး…

“မင်း..ဒီအလုပ်ကို..လုပ်နိူင်ရဲ့လား…

“လုပ်နိုင်ပါတယ်ဗျာ..

အမျိုးသမီးက..ဘမှန်ကို..သေချာ..အကဲခတ်ပြီး..

“မင်းဇာတိက..ဘယ်ကလဲ….

ထိုအခါ..ဘမှန်က..သူ့၏အကြောင်းအား..အလုံးစုံ
ပြောပြလိုက်လေ၏။

“ဒါဆို….မင်းက..မနေ့ကပဲ..မန္တလေးကိုရောက်တာ
ပေါ့..ဟုတ်လား…

“ဟုတ်ပါတယ်ဗျာ..မနေ့ကရောက်တာပါ…..

“ဒါဆို..မင်းဘယ်မှာနေတာလဲ…

“အမျိုးသမီးက မေးတော့ ..ဘမှန်ပြုံးလိုက်မိသည်။

“မနေ့ညကတော့..ဟိုး..ဘက်က..အဆောက်အဦးကြီး
ဘေးမှာ..ကျုပ်အိပ်လိုက်တယ်…

ဘမှန်စကားကိုကြားသောအခါ အမျိုးသမီးက..
ခေါင်းတဆက်ဆက်ငြိမ့်၍.. .

“ဒါဆို..မင်းဒီည…ပွဲရုံမှာအိပ်ပေါ့…ပွဲရုံစောင့်တဲ့
ညစောင့်အဖိုးကြီး..ခဏနေရင်..ရောက်လာလိမ့်မယ်..

“ကျေးဇူးတင်ပါတယ်ဗျာ…

ဤသို့ဖြင့် ဘမှန်သည်..ထိုနေ့ညအဖို့..ပွဲရုံတွင်..
အိပ်စက်ခွင့်ရသွားလေသည်။

နောက်တစ်နေ့သို့ရောက်သောအခါ…ပွဲရုံမှ..အလုပ်
သမားများသည်…ဘမှန်အား..မလိုလားတဲ့…
မျက်လုံးများဖြင့် ကြည့်နေကြ၏။
ထိုသူတို့ကိုကြည့်၍..ဘမှန်..နားမလည်နိုင်အောင်
ဖြစ်နေမိ၏။

“ငါလည်း..သူတို့ကို ဘာမှမလုပ်ပဲနဲ့…ဘာလို့များ..
ငါ့ကိုအမြင်မကြည်ကြပါလိမ့်….

နေ့ခင်းဘက်သို့ရောက်သောအခါ…အခွံနွာပြီးသား…
အုန်းသီးခြောက်များတင်ဆောင်လာသော..
ကားတစ်စီး..ပွဲရုံသို့ရောက်လာလေ၏။

အလုပ်သမားများသည်…အလုပ်ရှင်း၍နားနေခိုက်..
နေပူပူ၌ရောက်လာသော..အုန်းသီး..ကားအား..
ဗျစ်တောက်ဗျစ်တောက်ဖြင့်..မကြားတကြား..
ဆဲဆိုကြိမ်းမောင်းနေကြ၏။

ဘမှန်က..နားနေရာမှ..အမြန်ထ၍..
အုန်းသီးလုံးခြောက်များ..ထည့်ထားသော..
အိတ်များကို..ကားပေါ်မှ..ထမ်း၍ချတော့၏။
ဘမှန်တစ်ယောက်တည်း..အလုပ်လုပ်နေသည်ကို
မြင်သောအခါ..ပွဲရုံပိုင်ရှင်..အမျိုးသမီးက..

“ကိုအောင်စည်တို့..ဝင်းဖေတို့..ရှင်တို့အဖွဲ့က..
ဘာလုပ်နေကျတာလဲ..ဒီမှာ..မောင်ဘမှန်..
တစ်ယောက်တည်း..အိတ်တွေချနေတာလေ…
မမြင်ကျဘူးလား….

ထိုအခါ..အောင်စည်က..သောက်လက်စ
ဆေးပေါ့လိပ်ကို..မြေကြီးဖြင့်ထိုးချေကာ…
တောက်တစ်ချက် ခေါက်လိုက်ပြီး…

“တောက်…ဒီတောကနွားရောက်လာမှကွာ……

အုန်းသီးများချပြီးသောအခါ..ဘမှန်သည်..
ထိုင်၍အမောဖြေနေလေသည်။
ထိုအချိန်တွင်..အောင်စည်နှင့်အလုပ်သမားများက
ဘမှန်အနားလာ၍….

“ဟေ့ကောင်…မင်းအသားမနာချင်ရင်..ဒီနေရာက
ထွက်သွားတော့…..

အလုပ်သမားတစ်စုက..ဘမှန်အား…စားတော့ဝါး
တော့မည်ကဲ့သို့..မကျေမနပ်ကြည့်နေကြ၏။

“ကျုပ်အလုပ်..ကျုပ်လုပ်တာလေ..ဘာများ..
အစ်ကိုတို့ကိုထိခိုက်နေလို့လဲဗျာ….

“ဘာကွ…မင်းက..ကပ်ဖားရပ်ဖားလုပ်ပြီး..
အလုပ်တွေရှေ့ကလုပ်ပြနေတော့…ငါတို့က..
ခိုကပ်နေတဲ့ပုံစံဖြစ်နေပြီကွ….

“မဟုတ်သေးပါဘူး..အကိုတို့ရာ..ကျုပ်က..
ဘာမှရည်ရွယ်ပြီး..လုပ်တာမဟုတ်ပါဘူး…..

ဘမှန်က..ရှင်းပြလိုက်သည်။
ထိုအခါ…ကိုအောင်စည်ဆိုသူ..အလုပ်သမားခေါင်းက

“အို..ကြာတယ်ကွာ…ဒီလောက်တောင်ကောင်….

ခွပ်…ခွပ်…

ဘမှန်၏မျက်နှာအား..နှစ်ချက်ဆင့်ထိုးချလိုက်၏။
ဘမှန်သည်..ထိုးနှက်လိုက်သည့်အရှိန်ကြောင့်..
နောက်သို့..ဖင်ထိုင်လဲကျသွား၏။

“မင်းမသွားသေးဘူးလား….

ဒေါသတကြီးဖြင့် ဝင်းဖေဆိုသည့်..လူက..မေး၏။
ထိုအခါ..ဘမှန်သည်..လဲကျနေရာမှ..အသင့်တွေ့
ရသော..အသားတိုကို..ဖျက်ကနဲ့ ကောက်၍..
အောင်စည်၏ခေါင်းအား..ရိုက်ချလိုက်၏။

ဖျောင်း….

အား…..

အောင်စည်က..သူ၏ခေါင်းကိုလက်ဖြင့်ဖိ၍..
ရှေ့သိုံကားခနဲ့..မှောက်ရက်ကျသွား၏။
ကျန်လူများက..ထို့သို့ထင်မှတ်မထား၍..ဘမှန်ကို..
ကြောင်ပြီးကြည့်နေကြ၏။

“မင်းက…ကိုအောင်စည်ကိုရိုက်တယ်..ဟလား…

ဝင်းဖေဆိုတဲ့လူက..သတိဝင်လာပြီး…ဘမှန်ရှေ့သို့
ဒေါသတကြီးတက်လာသည်။
ဘမှန်က..ဝင်းဖေမျက်နှာကို…အသားတိုဖြင့်..
ဖျက်ရိုက်ချလိုက်ပြန်၏။

ဖျောင်း…..

အမလေးဗျ…

ဝင်းဖေ..တစ်ချက်ယိုင်ထွက်သွားပြီး…

“ဟေ့ကောင်တွေ..ဝိုင်းရိုက်လေ…မင်းတို့ပထွေးမို့
ဒီတိုင်းကြည့်နေတာလား…

ထိုသို့..ဒေါသတကြီးဖြင့် အော်ပြောလိုက်သောအခါ
အလုပ်သမားများသည်…တွေ့ရာ..လက်နက်ကို
ကိုင်ပြီး..ဘမှန်ကို..ရိုက်နှက်ရန်..ရှေ့သို့တိုးလာ
ကြလေ၏။ထိုအခါ..ဘမှန်သည်..အများနှင့်
တစ်ယောက်..မိမိဘက်က..အရေးမသာနိူင်သည်ကို
တွေးလျှက်..သစ်သီးပွဲရုံမှ..ခြေဦးတည့်ရာ…
ပြေးထွက်လာခဲ့လေသည်။

ထိုသို့ ပြေးထွက်လာရင်းက..ဘမှန်သည်…ဘုရားကြီး
အနောက်မုဒ်သို့ ရောက်လာပြန်၏။
သူသည်..ဘုရားကြီးအတွင်းသို့ဝင်၍…ကြေးရုပ်ထုကြီး
များထားရာ..အဆောက်အအုံ၏ဘေးတွင်ထိုင်းရင်း.
အမောဖြေနေမိ၏။တကယ်တမ်း..ပြင်ပလောကသည်..
မလွယ်ကူမှန်းလည်းသိလာရ၏။
နေကိုမော့ကြည့်လိုက်တော့..နေမွန်းတိမ်းနေပြီ။

“ဒကာလေး….ဦးပဇင်းမှာ…လမ်းစရိတ်ပြက်သွားလို့
ဖြစ်နိူင်ရင် တက်နိူင်သလောက်..လှုပါအုံး……

မောပန်းလွန်း၍…မျက်စိကိုမှိန်းနေရာမှ…ဘမှန်..
ဖွင့်ကြည့်လိုက်သည်။
သူ့၏ရှေ့၌ရပ်နေသော..ကိုယ်တော်ကိုမြင်လိုက်တာနဲ့
ဒေါသအလွန်ဖြစ်သွားပြီး….

“မင်းက..လူလိမ်ကိုး……

“ဟင်…

ဘမှန်စကားကြောင့်…ကိုယ်တော်လေးမှာ…တအံ့တဩ
ဖြစ်သွားသည်။ထို့နောက်..အလွန်တည်ငြိမ်..ရင့်ကျက်
သော..ပုံဖြင့်….

“မလှုချင်နေပါဒကာ….မစော်ကားမစွပ်စွဲကောင်းပါဘူး..
ရဟန်းသံဃာကို..ပစ်မှားရင်..
အပယ်လားတက်ပါတယ်…..

ထိုအခါ..ဘမှန်သည်..ထိုင်နေရာမှ..ထလိုက်ပြီး..

“ဒီမယ်…ဟေ့ကောင်..ငါက..ဘုရား..တရား..သံဃာ
ရတနာသုံးပါးကို..သက်ဝင်ယုံကြည်…
ကိုးကွယ်ကြည်ညိုတဲ့…ဗုဒ္ဓ.. ဘာသာ
စစ်စစ်ကွ…မင်းသာ…သာသနာ့အရေခြုံပြီးလိမ်စားလို့
အဝီစိဂျိုးကပ်မှာ…မင်းနားလည်လား….

ထိုအခါ…ဦးပဇင်းလေးသည်…ဘမှန်၏မျက်နှာအား
အသေအချာကြည့်၍..ထိုနေရာမှ သုတ်ကနဲ့…
တချိုးထဲ..ထွက်သွားလေတော့သည်။

သည်တော့မှ..ဘမှန်လည်း..များစွာ..စိတ်မကောင်း
ဖြစ်ကာ..မိမိအဖြစ်ကိုတွေးရင်း..မျက်ရည်များပင်
ဝိုင်းလာလေတော့သည်။
သူ…လွန်ခဲ့သော..သုံးရက်က..ဖြစ်ခဲ့ရသော..
ပီတိက..ခုတော့..သူ့အတွက်..စိတ်မကောင်းစရာ..
ဖြစ်သွားသောကြောင့်ဖြစ်၏။

“ထို . .ကိုယ်တော်လေးသည်…လွန်ခဲ့တဲ့ သုံးရက်က
ဘုရားကြီးသို့..ဘမှန်ရောက်လာစဉ်..ဆွမ်းဖိုးနှင့်..
လမ်းစရိတ်..အလှုခံ၍..
သူလှုခဲ့သော..ကိုယ်တော်လေး..ဖြစ်နေ
သောကြောင့်ဖြစ်သည်။လူလိမ်သည်…သာသနာ့
အရေ..သင်္ကန်းကိုခြုံ၍..လိမ်စားနေခြင်းဖြစ်သည်။
သူသည်..ဘမှန်ကို..မမှတ်မိပဲ..နောက်ထပ်တစ်ကြိမ်…
ရိုက်စားလုပ်ရန်ဖြစ်သည်။
သို့သော်..ဘမှန်က….မှတ်မိသွားသောကြောင့်
ထိုနေရာမှ..လစ်သွားခြင်းဖြစ်သည်။

“အော်…ငါ့အဖြစ်နှယ်နော်..
ဒါကြောင့်..ရှေးလူကြီးတွေကပြောခဲ့တာနေမှာ…
ဘုရားမှတ်လို့ရှိခိုးမိပါတယ်…ဖွတ်ထွက်ကာမှ
တောင်ပို့မှန်းသိ.. ဆိုတာလိုဖြစ်နေပါရောလား….

—–———————————-

#လောကဇာတ်ခုံ (၂)ဇာတ်သိမ်းပိုင်း
………………………..
#ပီယ

မရောက်မပြန် ဘမှန် နှင့် လောပန်းလောင်းများ
——————————————-

“ဘူတာကြီး..စျေးချို….စျေးချို..ဘူတာကြီး..

လိုင်းကားတစ်စီးက..ထိုးရပ်လိုက်ရင်း..ကားစယ်ယာက
အသံကုန်အော်၍ ခရီးသည်ခေါ်နေသည်။
ဘမှန်သည်..ဘယ်သွား၍ဘယ်လာရမှန်းမသိ..
ဖြစ်နေ၏။ထိုကြောင့်..ရပ်ထားသောကားပေါ်သို့
တက်လိုက်၏။ထိုအခါ..ကားစပယ်ယာက.. ..

“အကိုလေးက..ဘယ်လိုက်မှာလဲ…

“ဘူတာကြီး….

ပါးစပ်ထဲတွေ့ကရာ….ဘမှန်ကပြောလိုက်ခြင်းဖြစ်သည်။

ဤသို့ဖြင့် ကားလေးသည်..ခရီးသည်တင်လိုက်..
မောင်းလိုက်ဖြင့်..ဘူတာကြီးသို့….ရောက်လာခဲ့
လေသည်။ဘူတာရုံထဲ၌..ခရီးသည်များ..စျေးသည်များ
ကုန်တင်ကုန်ချလုပ်သူများနှင့်..စည်ကားနေလေ၏။

ဘမှန်သည်..ယောင်နနဖြင့်..ဟိုကြည့်…သည်ကြည့်
ဖြစ်နေစဉ်….ဘူတာရုံ၌ရပ်ထားသော..
ကုန်တင်မီးရထားကြီးသည်…ဥဩသံပေး၍
စတင်ထွက်ခွာလေတော့သည်။
ဘမှန်သည်….ထွက်စပြုနေသော..ရထားကြီး၏
တွဲတစ်ခုပေါ်သို့…အမြန်ခုန်၍ တက်လိုက်လေသည်။
သူ၏စိတ်ထဲ၌လည်း…ရောက်လိုရာရောက်စေတော့
ဟူ၍..စိတ်ကို….ဒုန်းဒုန်းချလိုက်တော့သည်။

ညသည်..တဖြည်းဖြည်း မှောင်လာသည်။
ထို့အတူ…မန္တလေးမြို့ကြီးသည်လည်း..တဖြည်းဖြည်း
ဝေး၍..ဝေး၍ကျန်ခဲ့၏။
လယ်ကွင်းများကြား….တခါတရံ…
သစ်တောများကြားတွင်…
ကုန်တင်ရထားကြီးက..ဖြေးဖြေး မှန်မှန် နှင့်
တဂျုန်းဂျုန်းမြည်သံပေး၍..ခရီးဆက်နေ၏။
ကုန်တွဲပေါ်မှာ..မှောင်မှောင်မည်းမည်းထဲ၌…
တစ်ယောက်တည်းထိုင်ရင်း..ဘမှန်စိတ်ထဲ၌အားငယ်သလိုဖြစ်လာ၏။

“ငါယောက်ျားပဲ…ယောက်ျားဆိုတာ….ဇွဲ..လုံ့လ..
ဝီရိယကို ..သေခါမှလျှော့ရတယ်….
တကယ်လုပ်ရင်..အဟုတ်ဖြစ်ရမယ်..

လက်သီးကိုကျစ်ကျစ်ပါအောင်..ဆုပ်ပြီး..ဘမှန်..

သူ့့ကိုယ်သူ..အားပေးလိုက်သည်။

ကုန်တင်ရထားကြီးသည်….တစ်ညလုံးခုတ်မောင်း
လာရင်း..နံနက်ဝေလီဝေလင်းတွင်..မြို့လေးတစ်မြို့၏
ဘူတာရုံလေး၌..ရပ်လိုက်ပြန်၏။

ဘမှန်သည်..ရထားတွဲပေါ်မှဆင်း၍…ဘူတာရုံလေး
အနားမှ…လက္ဘက်ရည်ဆိုင်လေးထဲသို့ဝင်၍…
လက္ဘက်ရည်နှင့်မုန့်များစားလိုက်၏။
ထိုစဉ်..လူတစ်ယောက်..ဆိုက်ရှေ့ရောက်လာပြီး….

“ကဲ..ဒီဆိုင်ထဲမှာ…လောပန်းလောင်းတွေရှိလား..
ရှိတယ်ဆိုရင်…ကျွန်တော်တို့ကား…မှော်ထဲကို
ထွက်တော့မယ်…

ဘမှန်သည်…ထိုင်ရာမှအမြန်ထ၍….

“အစ်ကို…မှော်ထဲကို ရောက်ရင်ဘာလုပ်ရမှာလဲ…

ဘမှန်စကားကြားတော့..ထိုလူက..ဘမှန်ကို..
နားမလည်သလိုပုံစံဖြင့်ကြည့်ပြီး….

“မှော်ထဲပါဆိုမှ..ကျောက်ရှာရတာပေါ့…ကံကောင်းလို့
ကျောက်အောင်သွားရင်..သူဋ္ဌေးဖြစ်ပြီပဲ…
မှော်ထဲမှာရှိတဲ့လူတိုင်းဟာ..အကုန်လုံးက..
လောပန်းလောင်းတွေချည့်ပဲ…

“ဒါဆို..ကျုပ်လည်း.. မှော်ထဲကိုလိုက်ချင်တယ်…

“ဒါဆို..မြန်မြန် ကြွပါ ..လောပန်း..

ဤသို့ဖြင့်..ဘမှန်သည်..မိုးညှင်းဆိုသောမြို့လေး၏
ဘူတာရုံလေးမှ…ကားတစ်စီးဖြင့်…မှော်ထဲသို့
လိုက်ပါခဲ့လေ၏။
သူ၏စိတ်ထဲ၌လည်း.. .

“ငါသူဋ္ဌေးဖြစ်ဖို့..လမ်းစ..ရှာတွေ့ပြီ…

ဆိုပြီး..အလွန်စိတ်အားတက်ကြွနေလေ၏။
ဘမှန်တို့စီးလာသောကားလေးသည်..တောင်တန်း
ကြီးများပေါ်တက်လိုက်..လျိုမြောင်တွေထဲဆင်းလိုက်
ဖြင့်…ခရီးဆက်ခဲ့၏။သည်လိုနှင့်..လမ်းမှာ..တစ်ည
အိပ်ရပြန်၏။

နောက်တစ်နေ့သို့ရောက်သောအခါ…ဆက်၍
ခရီးဆက်ကြပြန်၏။သစ်ပင်..ဝါးပင်ကြီးများက
နေပြောက်မထိုးနိူင်အောင်..ပိတ်သည်းပြီး..
တောနက်ထဲ၌..ကားလမ်းက..ဖောက်ထားခြင်း
ဖြစ်၏။

“ကဲဗျာ…စာတွေ..ကဗျာတွေ..သီချင်းတွေထဲမှာ
ပါတဲ့..အမတ်ကြီး လက်ဝဲသုန္ဒရကို..ဘုရင်က
ပြည်နှင်ဒဏ်ပေးခဲ့တဲ့..မဲဇာတောင်ဆိုတာ..
ဒီတောင်ကြီးပါပဲဗျာ….

ကားနားကြရင်းနဲ့..လူတစ်ယောက်ကပြောလိုက်
သည်။

“ေဩာ်…ဘုရင့်အမြတ်တော်ရှပြီး..အမတ်ကြီး
လက်ဝဲသုန္ဒရကို မဲဇာပို့လိုက်တယ်..ဆိုတာ..
ဒီတော..ဒီတောင်ကြီးပဲကိုး…
ငါလည်း..ငါ့မွေးရပ်မြေကို..လွမ်းလိုက်တာ…

ဘမှန်ကတွေးလိုက်ရင်း..မျက်ရည်တွေက..
မျက်လုံးမှာ..စို့တက်လာသည်။
ဝေးကွာလွန်းတဲ့အရပ်ကို..ရောက်လာတော့..
သူ့မွေးရပ်မြေမြို့ကလေးကို..မှန်းဆကြည့်မိသည်။
ဘယ်အရပ်..ဘယ်နားရယ်လို့..မှန်းဆလို့မရတော့ပေ။
လက်ဝဲသုန္ဒရ အမတ်ကြီးဟာ..မဲဇာတောင်မှာ..
ပြည်နှင်ဒဏ်ခံရင်းက…
သူလုပ်မိတဲ့လုပ်ရပ်အတွက်..နောင်တတွေရပြီး..
အားငယ်..ဝမ်းနည်းခဲ့ရှာသည်။
ခု…ဘမှန်လည်း…မွေးရပ်မြေက…ချစ်ဦးသူ..
ခင်လေးနွယ်ကို..မဲဇာမှာ..သတိရ..လွမ်းဆွတ်..
နေမိသည်။

“ကဲ…ခရီးဆက်ကြရအောင်ဗျို့….

ကားသမားစကားသံကြောင့်….

အဆွေးမြစ်ထဲက…

အလွမ်းလှေပေါ်မှာထိုင်ပြီး….

အတိတ်ကို..လှော်ခတ်ရင်း…

ငယ်ချစ်ကို..လွမ်းနေမိတဲ့…

.ဘမှန်..သတ်ိပြန်ဝင်လာပြီး..ကားပေါ်သို့
အမြန်တက်ထိုင်လိုက်တော့သည်။

မိုးညှင်းဘူတာရုံလေးမှ..နှစ်ညအိပ်ခရီးမောင်းပြီး
သောအခါ..ဘမှန်တို့လူစု
စီးလာသောကားလေးသည်..တာမခန်ဟူသော…
အဖိုးတန်ကျောက်မျက်ရတနာများထွက်ရာ..
မြို့လေးသို့ရောက်လာခဲ့လေသည်။

“ကျုပ်ဘယ်မှာ..အလုပ်လုပ်ရမှာလဲဗျာ..

ဘမှန်သည်…ကားပေါ်မှ..ရီစိုင်းဟူသော..ရှမ်းတရုတ်
တစ်ယောက်ထံ..အကူညီတောင်းလိုက်၏။
ထိုအခါ..ရှမ်းတရုတ် ရီစိုင်းက…

“မှော်ထဲမှာ..အလုပ်သမားနှစ်မျိုးရှိတယ်..
တစ်မျိုးက..သူဋ္ဌေးတွေရဲ့..လုပ်ကွက်တွေမှာ..
လခစားပြီးအလုပ်လုပ်ကြတယ်။
နောက်တစ်မျိုးက…ကိုယ်ထူကိုယ်ထလုပ်ပြီး
စွန့်ပစ်ထားတဲ့..ဗြုန်းပုံတွေထဲမှာ..ရေမဆေးကျောက်
ရှာကြတယ်။ခုမှ..စရောက်တဲ့..လူတွေအတွက်
အကောင်းဆုံးကတော့…လစားလုပ်ရင်း..
မှော်ထဲကို..အရင်လေ့လာသင့်တယ်…

ဒီလိုနှင့် ဘမှန်သည်…ရှမ်းတရုတ်ကပြား..ရီစိုင်း၏
အကူညီဖြင့်..သူဋ္ဌေးတစ်ယောက်၏လုပ်ကွက်၌..
လစားဖြင့်လုပ်ကိုင်လေတော့၏။
…………………………………………….

………………..

လောပန်းလောင်း နှင့်..ဖူးစာဖက်
…………….. ……… ………………..

စက်ကြီးများဖြင့်..တောင်ကြီးများကိုဖြို၍…ရလာသော
မြေစာပုံကြီးများကို..အားကောင်းသော..ရေပန့်များဖြင့်
ထိုး၍..ကျောက်ရှာခြင်းအလုပ်ကို..ပင်ပမ်းကြီးစွာဖြင့်
ဘမှန်..နေ့စဉ်..လုပ်ကိုင်ရ၏။

ညနေစောင်းသောအခါ..ကျောက်တွင်းမှ အလုပ်သမား
များသည်…အရက်ဆိုင်သို့တချို့…
လောင်းကစားဝိုင်းများသို့ တချို့..
ပြည့်တန်ဆာခန်းများသို့..တချို့..
ကိုယ်သန်ရာ..သန်ရာသို့..သွားရောက်ပြီး..
တစ်နေ့တာ..ပင်ပမ်းသမျှကို..အပမ်းဖြေကြ၏။
တချို့ဆိုလျင်..ဘိန်းခန်းများသို့သွား၍..စည်းစိမ်
ခံစားကြ၏။

ဘမှန်ကတော့..သူဋ္ဌေးကြွေးသော..ထမင်းကိုစား၍
ညစျေးတန်း၌ ဦးဖိုးစုံဟူသော..အဖိုးကြီးဖွင့်ထားသည့်
လက္ဘက်ရည်ဆိုင်လေးသို့..ညတိုင်းလာ၍ထိုင်ဖြစ်၏။

ဦးဖိုးစုံကလည်း…အလွန်ရိုးသားတဲ့..ဘမှန်ကို..
ခင်တွယ်ပြီး..သံယောဇဉ်ဖြစ်မိ၏။

“အဘစုံ…ဒီမှော်ထဲကို..ရောက်လာတဲ့လူတွေက
တကယ်ချမ်းသာသွားကြတာလား….

“လူလေးက..ဘယ်လိုထင်လိုလဲ…

“မှော်ထဲကလူတော်တော်များများက…သူတို့ရတဲ့
ပိုက်ဆံကို..ဘိန်းခန်း..အရက်ဆိုင်..လောင်းကစား
ဝိုင်းနဲ့..အပျော်အပါးတွေအတွက်ဖြုန်းပြစ်ကြတော့
ဒီလူတွေ..သူဋ္ဌေးမဖြစ်နိူင်ဘူးလို့..ကျုပ်က..
ထင်လို့ပြောတာပါ…အဘစုံ..

ထိုအခါ..ဦးဖိုးစုံက..

“သိပ်ဟုတ်တာပေါ့..လူလေးရာ..ဒီကလူတော်တော်များ
များက..ရလာတဲ့ငွေကို..အပျော်အပါးနောက်လိုက်ပြီး
ဖြုန်းပစ်ကြတာများတယ်ကွ…
ဒီတော့..ဘယ်ကလာ..လောပန်းဖြစ်တော့မှာလဲကွာ..

အေး…ဒါပေမဲ့..တချို့ကတော့.ကံရယ်..ဥာဏ်ရယ်.
ဝီရိယရယ်..သုံးချက်..အကြောင်းသင့်သွားတော့

သူဋ္ဌေးဖြစ်သွားကြတာတွေရှိတယ်ပေါ့ကွာ..
ဒါကလည်း..တစ်သောင်းမှာ..တစ်ယောက်..ဖြစ်ခဲ
ပါတယ်ကွာ..အဓိကကတော့..ရတဲ့ငွေကို..
ကျစ်ကျစ်ပါအောင် မစုဆောင်းနိူင်ကြလို့ပဲ…

ထိုသို့ဖြင့် ဘမှန်သည်…ညစဉ်ညတိုင်း..ဦးဖိုးစုံ၏
လက္ဘက်ရည်ဆိုင်လေးသို့ လာ၍ထိုင်၏။
…………………………….

ဘမှန်….မှော်ထဲ၌အလုပ်လုပ်လာ
သည်မှာ ၂နှစ်ကျော်လာခဲ့ပြီ။
မှော်တွင်းမှ..ဓလေ့စရိုက်မျိုးစုံကိုလည်း…
နားလည်သဘောပေါက်လာပြီး…
ရသမျှငွေကိုလည်း..စည်းကမ်းတကျ ကျစ်ကျစ်ပါအောင်စုဆောင်းထား၏။
သူ၏ရည်မှန်းချက်က…ကြီးပွားတိုးတက်မှ
မွေးရပ်မြေသို့ပြန်ချင်၏။
ဘာမှမဖြစ်သေးသမျှ..ဘယ်တော့မှ..ဇာတိမြေကို
မပြန်ဟု..သံဓိဋ္ဌာန်ချမှတ်ထား၏။

ထိုနေ့ညက..စိတ်ပျင်းပျင်းရှိတာနှင့် …
ဘမှန်ခြေဦးတည့်ရာ…လမ်းလျောက်နေမိ၏။
နေလို့လည်း..သိပ်ပြီးမကောင်းတာနှင့်..နေ့ခင်းဖက်က
အလုပ်ကိုပင်..မဆင်းပဲနေလိုက်၏။
ကျန်းမာရေး မကောင်းတော့..မွေးရပ်မြေက
ခင်တွယ်ရသူတွေကိုပိုပြီးသတိရနေမိ၏။
ဆရာဝန်ကိုပြကြည့်တော့..ငှက်ဖျားမိနေတာဖြစ်ကြောင်း
ပြောပြီး…အနားယူရန်…ပြောဆိုသည်။

“နင်တို့မတရားမလုပ်နဲ့နော်…မလိုက်ဖူးလို့..
ငါပြောနေတယ်နော်….ခုလွှတ်….

“နင်မလိုက်လို့မရဘူး…လာ..လိုက်ခဲ့..

အတွေးနယ်ချဲ့ပြီး..လမ်းလျှောက်လာတဲ့..ဘမှန်..
သူ့ရှေ့က..ရုန်းရင်းဆန်ခက်.ဖြစ်နေတာတွေ
ကြောင့်….အတွေးစတွေပျက်ပြယ်သွားပြီး..
ပတ်ဝန်းကျင်ကို..ဂရုစိုက်ကြည့်မိသည်။
မိန်းကလေးတစ်ယောက်ကို..ယောက်ျားနှစ်ယောက်က
အတင်းဆွဲ၍..တနေရာသို့ခေါ်နေခြင်းဖြစ်၏။

ထိုနေရာသို့ရောက်တော့..ဘမှန်က..တစ်ခုခုပြောရန်
စဉ်းစားပြီးမှ….

“မှော်ထဲမှာ..ကိုယ်နဲ့မဆိုင်ရင်..ဘာကိုမှ..ဝင်ပြီး
မပက်သက်တာအကောင်းဆုံးပါပဲလေ…..

ထိုသို့တွေးလိုက်မိပြီး..မသိသလိုလုပ်ခါ..ဘမှန်က..
ရှောင်ထွက်သွားလိုက်သည်။

“အစ်ကို…ညီမကို..ကယ်ပါအုံးရှင်…..

ရှောင်ထွက်သွားတဲ့ ဘမှန်ကို မိန်းကလေးက
လှမ်း၍..အကူညီတောင်းလိုက်သည်။
သူကရှောင်ပေမဲ့…သနားတက်တဲ့ဥာဉ်က..
ဘမှန်ခြေလှမ်းတွေကို..တုန့်ကနဲ့ ဖြစ်သွားစေသည်။

ခုလိုမှောင်မှောင်မည်းမည်းထဲ၌..ဒုက္ခရောက်နေတဲ့
မိန်းကလေးတစ်ဦးကို..ဖြစ်လိုရာဖြစ်စေတော့
ဆိုပြီး ဥပေက္ခာပြုလိုက်ပြန်ရင်လည်း…စာနာစိတ်..
ကင်းမဲ့လွန်းရာကျလိမ့်မည်။
ထို့ကြောင့် ဘမှန်က..နောက်သို့ပြန်လှည့်လိုက်ပြီး..

“မိန်းကလေး အလိုမတူရင်..အတင်းမလုပ်ပါနဲ့ဗျာ…

“ကိုယ့်ချောင်ထဲကိုသွားပြီး အသာဝပ်နေစမ်း…..ခွေးကောင်….ငါတို့ကိုလာပြီး..ဟောင်မနေစမ်းနဲ့..

လူနှစ်ယောက်ထဲမှ….အသားနက်ကြုတ်ကြုတ်ဖြင့်
လူက..ဒေါသတကြီးဖြင့် ပြောလိုက်သည်။
သည်လူတွေဟာ…လွယ်လွယ်နဲ့ ပြောလို့မဖြစ်နိူင်မှန်း
ဘမှန်သဘောပေါက်သွားသည်။
ထို့ကြောင့် အနားမှာတွေ့ရတဲ့..အုတ်နီခဲကျိုးကို..ကောက်ပြီး…ငမဲကောင်ရဲ့..မျက်ခွက်ကို.. ဝုန်းပစ်
လိုက်သည်။

အား….

မထင်မှတ်ပဲ.. .ဘမှန်ကတိုက်ခိုက်လိုက်တာကြောင့်..
မျက်နှာကိုအုပ်ပြီး..နောက်သို့..ထိုလူလန်ကျသွားသည်။
ထိုအခါ..အရပ်ကရှည်ရှည်ဖြင့်..ကလန်ကလားနဲ့
လူက..ဘမှန်ဆီပြေးလာပြီး..မျက်နှာကို..သူ၏လက်သီး
ဖြင့်..ထိုးချလိုက်၏။..

“သေစမ်း..စောက်ရေးမပါတဲ့ ခွေးကောင်….

ဘမှန်က..သူမျက်နှာဆီသို့..ဝှီးကနဲ့..အသံပေးပြီး
ဝင်လာတဲ့..ကိုလောရှည်ရဲ့..လက်သီးချက်ကို..
ခန္ဓာကိုယ်ကို..အသာရို့ပြီး..ငုံ့ရှောင်လိုက်၏။
ထိုးလိုက်တဲ့လက်သီးမထိတဲ့အတွက်..ရှည်ကိုင်းကိုင်း
နဲ့လူသည်..ဟန်ချက်ပျက်သွား၏၊
ဒါကိုအခွင့်ကောင်းယူ၍..ဘမှန်က..ကိုလောရှည်၏
နံစောင်းသို့..လက်သီးနှစ်လုံးပစ်သွင်းလိုက်၏။

ဘုန်း…ဘုန်း..

အု…..

မျက်ခွက်ကိုခဲထိထားတဲ့..ငမဲကောင်က..သတိလစ်
နေပြီး..ကိုလောရှည်က…ဘမှန်လက်သီးစာမိပြီး..
မက်တပ်မရပ်နိူင်ပဲဖြစ်နေ၏။

“မင်းဒီနားက..အမြန်သွားတော့လေ…
ဘာရပ်လုပ်နေတာလဲ.. .

မျက်လုံးအဝိုင်းသားနဲ့..ကြောက်လန့်တကြား

ကြည့်နေတဲ့ မိန်းကလေးကို..ဘမှန်ကပြောလိုက်သည်။

“ညီမ..တစ်ယောက်ထဲ…မပြန်ရဲတော့လို့ပါ…

မိန်းကလေးကိုကြည့်ပြီး..ဘမှန်သက်ပြင်းတစ်ချက်
ချလိုက်သည်။

“ကဲ..ဒါဆိုလာ…

ဘမှန်က..မိန်းကလေးလက်ကို..ဆွဲပြီး..ထိုနေရာမှ
အမြန် ထွက်လာလိုက်သည်၊
တကယ်လို့များ..ဟိုလူနှစ်ယောက်ရဲ့အပေါင်းပါတွေ
ရောက်လာခဲ့ရင်…သူနဲ့မိန်းကလေး..ဒုက္ခ
ရောက်သွားနိူင်သည်။

အတန်ငယ်သွားမိသောအခါ….အိမ်လေးတစ်လုံး..
ရှေ့သို့ရောက်လာသည်။

“ဒါ..ညီမ နေတဲ့..အိမ်ပါအစ်ကို…..

“အဲဒါဆို…ငါသွားတော့မယ်…

ဘမှန်က…ထိုသို့ပြော၍ နေရာကပြန်လှည့်လိုက်သည်။

“နေပါအုံး.. အစ်ကို…

မိန်းကလေးက..ဘမှန်၏လက်ကို..ဆွဲလိုက်ပြီး….
မျက်နှာကလေးငုံ့၍…

“ညီမ..တစ်ယောက်ထဲ..ကြောက်လို့ပါရှင်…

“ဘယ်လို….ကြောက်လို့..ဟုတ်လား…

“ဟုတ်ပါတယ်..အစ်ကို…ညီမကို..ထားမသွားပါနဲ့
ညီမကြောက်လို့ပါ….

မိန်းကလေး..အပြောကြောင့် ဘမှန်..အံ့အားသင့်သွားသည်။

“မင်းမှာ..အတူနေတဲ့..တခြား..မိသားစုမရှိဘူးလား..

“မရှိလို့ပါ..အစ်ကိုရယ်..ဟင့်..ဟင့်…

ပြောရင်း..မိန်းကလေးက ငိုလိုက်သည်။
မိန်းကလေးသည်..အိမ်လေးထဲဝင်၍…ဖယောင်းတိုင်
တစ်တိုင်ကိုထွန်းလိုက်သည်။

“လာပါ..အစ်ကို.. အိမ်ထဲဝင်ပါနော်….

မိန်းကလေးက..ခေါ်နေ၍..ဘမှန်..အိမ်လေးထဲသို့
ဝင်လိုက်သည်။

“ညီမ..နာမည်က..နန်းစံပါအစ်ကို..ညီမနဲ့..
ဒီအိမ်လေးမှာ..အတူနေတဲ့..နန်းခင်မွှေး..
ဆိုတဲ့မိန်းကလေးက
မနက်ကမှ..သူ့ယောက်ျား နေမကောင်းလို့
မြို့ပေါ်ကဆေးရုံမှာ.တက်နေရလို့…ခု..ညီမ
တစ်ယောက်ထဲ..ဖြစ်နေတာပါ..ခုလည်း..လမ်းထိပ်မှာ
လိုတဲ့..ပစ္စည်းလေးရှိလို့..ထွက်ဝယ်ရာကနေ..
ဲဒီလူတွေနဲ့..ဆုံပြီး..အနှောက်ယှက်ခံရတာပါအစ်ကို..

“ဒီလိုနေရာမျိုးမှာ..မိန်းမသားတစ်ယောက်ထဲ..
ဘယ်လိုမှ..မနေသင့်ဘူးလေ…အဲဒါမင်းမသိဘူးလား..

ဘမှန်က..နန်းစံဆိုသော……မိန်းကလေးကိုမေးလိုက်သည်။

“သိတာပေါ့..အစ်ကိုရယ်..ညီမမှာ..ပြန်စရာနေရာ
မရှိလို့ပါ…

“အော်….

နန်းစံရဲ့စကားကိုကြားတော့..ဘမှန်စိတ်မကောင်း
ဖြစ်သွားမိသည်။

“ဒါဆို..ဒီအိမ်လေးမှာ မင်းနဲ့ငါ..နှစ်ယောက်ထဲနော်..
မင်းငါ့ကို..ယုံတယ်ပေါ့…

“နန်းစံ..အစ်ကို့ကို ယုံတယ်…အစ်ကိုက…
ယုတ်မာတဲ့လူစားမျိုး
မဟုတ်ဖူးဆိုတာ နန်းစံ သိတယ်…

နန်းစံက သူမ၏..မျက်ဝန်းနက်တွေနဲ့ …
ရွှန်းရွှန်းစားစားကြီး….
ကြည့်ပြီး ဘမှန်ကိုပြောလိုက်သည်။

“ဟုတ်ပြီလေ…ဒီည..မင်းကြောက်တယ်ဆိုရင်…
ငါ့စောင့်အိပ်ပေးမယ်…ဒါပေမဲ့..အိမ်တံခါးတွေ
အားလုံး…အတွင်းကလန့်ချပြီး..အိပ်ပါ…
ငါက..အိမ်အပြင်က…ကွပ်ပျစ်လေးပေါ်မှာ..အိပ်မယ်..

“အို…အစ်ကိုကလည်း…အပြင်မှာ နှင်းတွေတဖွဲဖွဲ
ကျပြီး အရမ်းအေးမှာပေါ့လို့….အိမ်ထဲ…

“တော်စမ်း…မိန်းကလေး….မင်းက..ငါ့အကြောင်း
ဘယ်လောက်သိလို့…ခုလိုတစ်အိမ်ထဲမှာ…
အတူအိပ်ဖို့ပြောနေတာလဲ…

ဘမှန်က..ဒေါသတကြီး ပြောလိုက်တော့..
နန်းစံမျက်နှာလေးက..ငိုမဲ့မဲ့လေးဖြစ်သွားရှာသည်။

“အစ်ကို..အပြင်မှာ..အေးနေမှာစိုးလို့..နန်းစံက
ပြောမိတာပါ..

“ရပါတယ်ကွာ…ငါအပြင်မှာအိပ်ပါ့မယ်..
မင်းသာ..စိတ်ချလက်ချအိပ်ပါ..နန်းစံ..

သူ..အော်လိုက်မိတဲ့အတွက်..စိတ်မကောင်းဖြစ်သွားရှာတဲ့…
နန်းစံကို ဘမှန်သနားသွားမိသည်။အော်လိုက်မိတာ
မှားပြီဆိုပြီးလည်း…တွေးလိုက်မိသည်။

“ရော့..အစ်ကို…စောင်နဲ့ခေါင်းအုံး…
ခြင်ထောင် ထောင်လို့..အဆင်မပြေလို့ နန်းစံ…
ခြင်ဆေးခွေထွန်းပေးထားတယ်နော်အစ်ကို..

တံခါးတွေအားလုံးပိတ်ပြီး…နန်းစံက..အိမ်လေးထဲ
ဝင်သွားသည်။ အပြင်က..ကွပ်ပျစ်လေး ပေါ်မှာ..
ဘမှန်..ငုတ်တုတ်ထိုင်ရင်း..စဉ်းစားနေမိသည်။

“ငါရိုက်ခဲ့တဲ့..ကောင်တွေက ငါ့ကို..အခဲကြေမှာ
မဟုတ်ဘူး…ငါ့မှာ..ရန်ငြိုးရန်စ..ရှိသွားပြီ…

နှင်းတွေတဖွဲဖွဲ ကြွေဆင်းနေတဲ့ညမှာ..
အမှောင်ထုကလည်း..တဖြည်းဖြည်း..
နက်ရှိုင်းလာသလို..အအေးဓာတ်ကလည်း..
ပိုပြီး..အေးလာသည်။

ထိုင်နေရာက..ဘမှန်..ခေါင်းအုံးလေးပေါ်..
ခေါင်းချပြီး…မွှေးပွစောင်လေးကို…သူ့ကိုယ်ပေါ်
လွှမ်းခြုံလိုက်သည်။

လူတွေရဲ့..အသုံးအဆောင် တော်တော်များများသည်
သုံးသည့်လူအပေါ်မူတည်၍…အနံ့အသက်တွေက
စွဲထင်နေတက်သည်။

ခေါင်းအုံးလေးပေါ်ခေါင်းချလိုက်တာနဲ့..မွှေးပျံ့တဲ့
သင်းရနံ့က..ဘမှန်နှာခေါင်းထဲ..တိုးဝင်ပြီး..
ကလူကျီစယ်သလိုဖြစ်နေသည်။

ကိုယ်ပေါ်မှာခြုံထားတဲ့စောင်လေးရဲ့..နွေးထွေးမှု့နဲ့
စောင်လေးဆီကရတဲ့..သင်းရနံ့ကြောင်.ဘမှန်..
ရင်ထဲ..မောဟိုက်ဟိုက်ကြီးဖြစ်ပြီး..ရင်တုန်ပမ်းတုန်
ကြီးဖြစ်လာသည်။သူအုံးထားတဲ့ခေါင်းအုံးနဲ့
သူခြုံထားတဲ့စောင်တွေဆီက..သင်းရနံ့ဟာ…
စောစောကသူနဲ့အနီးကပ်ထိုင်ပြီး..စကားတွေ
ပြောခဲ့တဲ့..နန်းစံဆီက..ရတဲ့..ကိုယ်သင်းရနံ့လို့
ပြောရမလား..ဒါမှမဟုတ်..နန်းစံသုံးတဲ့..အသုံး
အဆောင်ပစ္စည်းတွေရဲ့..မွှေးရနံ့လား…

ဘယ်လိုပဲဖြစ်ဖြစ်…ဘမှန်စိတ်ထဲမှာ..ခြုံထားတဲ့
စောင်လေးရဲ့နွေးထွေးမှု့နဲ့သင်းရနံ့ဟာ.
.နန်းစံကိုယ်တိုင်..သူ့ကို..
ထွေးဖက်ထားသလိုမျိုးကြီး..ဖြစ်နေမိသည်။

“သွားစမ်းကွာ…

ဘမှန်က..ခြုံထားတဲ့စောင်လေးနဲ့..ခေါင်းအုံးလေးကို..
ခပ်လှမ်းလှမ်းကို..လွှင့်ပစ်လိုက်သည်။
သူသည်..ကိလေသာတွေကုန်ခမ်းပြီး..မဂ်လမ်း..
ဖိုလ်လမ်းကို..လျှောက်နေတဲ့..အရိယာသူတော်စင်
မဟုတ်။ထို့ကြောင့်…အမြင်..အကြား..အနံ့..
အရသာ..အထိအတွေ့ ဆိုတဲ့..ကာမဂုဏ်အာရုံ
ငါးပါးထဲက..အနံ့ကြောင့်..ဖောက်ပြန်လာတဲ့စိတ်ကို
ဘမှန်ထိန်းလိုက်သည်။

“ကျားကြောက်လို့..ရှင်ကြီးကိုး..
ရှင်ကြီးကျားထက်ဆိုး..ဆိုတဲ့အဖြစ်မျိုး..ငါအဖြစ်
မခံနိူင်ဘူး…

ညကတစတစ..ပိုပြီးနက်လာသည်။
အေးဓာတ်ကလည်း..တဆစ်ဆစ်နဲ့ပိုပြီး..
အေးစိမ့်လာသည်။

ငှက်ဖျားအရှိန်နဲ့အနားယူနေရတဲ့..ဘမှန်ကိုယ်ခန္ဓာက
ဆက်ဆက် တုန်လာသည်။
တုန်ချမ်းနေတဲ့ကြားထဲက..ဘမှန်..ဝါးကွပ်ပျစ်လေးပေါ်
ခေါင်းချလိုက်သည်။
……………………………….

“ခင်လေး…….

ဘမှန်က.အသံခပ်အုပ်အုပ်ဖြင့်..တံခါးနားကပ်၍
ခေါ်လိုက်သည်။

ဒေါက်..ဒေါက်…

ခင်လေး…..

တံခါးကိုခပ်ဖွဖွလေးခေါက်ပြီး…ဘမှန်က..ခေါ်လိုက်
ပြန်သည်။
……………….

“ခင်လေး…….

“အို..ဘမှန်ရယ်..အမေတို့မြင်ကုန်တော့မှာပဲ..

ကုန်စုံဆိုင်မှာစျေးထိုင်ရောင်းနေတဲ့..ခင်လေးနွယ်ကို
ဘမှန်က..စျေးဝယ်လာသလိုနှင့်..လက်ကလေး
ကိုင်လိုက်ခြင်းဖြစ်သည်။

“ခင်လေး….နင်နဲ့ငါက..ချစ်သူတွေဖြစ်ကတည်းက
ဘယ်တုန်းက..အေးအေးဆေးဆေးတွေ့ရလို့လဲ..
နင်ငါ့ကိုမချစ်ပါဘူးဟာ….

ဘမှန်က..စိတ်မကောင်းစွာနဲ့ ဆိုင်လေးထဲက..
လှည့်ပြန်သွားသည်။

ဟုတ်တော့လည်းဟုတ်သည်..ဘမှန်နှင့်သူမ..
ချစ်သူတွေဖြစ်ကတည်းက ခုထိ..လွတ်လပ်စွာ
မတွေ့ရသေး။
ခင်လေးနွယ်က..စျေးစာရင်း..အဝင်
အထွက်..မှတ်တဲ့..စာအုပ်ကြီးထဲမှ…စာရွက် တစ်ရွက်
ဆုတ်ပြီး..စာတစ်စောင် ရေးလိုက်သည်။…
ထို့နောက်အိမ်က..
အကူကောင်မလေးကို..ဘမှန်ထံ..စာအပေးခိုင်းလိုက်
သည်။

“ဘမှန်…ညကျရင်…အဖေခရီးသွားလို့
အ်ိမ်မှာ..မရှိဘူး…
အမေရယ်..ဒေါ်လေးရယ်..ငါရယ်..သုံးယောက်ထဲ
အိမ်မှာရှိမှာ…အဲဒါ..နင်..ညဘက်..ငါ့ဆီလာခဲ့နော်..
အိမ်တံခါးတွေရဲ့..အတွင်းကလန့်တွေကို..ငါဖွင့်ပေး
ထားမယ်..အိမ်ကြီးရဲ့အပေါ်ထပ်က..အခန်းက..
ငါ့အခန်းပဲ ..ဆက်ဆက်လာခဲ့နော်…ငါမျှော်နေမယ်..
………………..

ချစ်သူက..ချိန်းထား တာကြောင့်..ဘမှန်..ခင်လေးနွယ်
တို့အိမ်ကြီးပေါ်ရောက်နေခြင်းဖြစ်သည်။

ပြောထားတဲ့အတိုင်း..ခြံဝင်းတံခါးမှအစ..အိမ်တံခါးအားလုံးကို…အတွင်းမှ..ချက်မချပဲ..

ခင်လေးနွယ်က ဖွှင့်ပေးထားသည်။

“ခင်လေး…..

နောက်တစ်ခွန်း..ဘမှန်က တိုးတိုးလေးခေါ်လိုက်
ပြန်သည်။
အခန်းတံခါးက..ပွင့်လာပြီး..ခင်လေးနွယ်က..

“ဘမှန်ရယ်..နောက်ကျလိုက်တာ..ငါနင့်ကိုမျှော်ရင်း
မှေးကနဲ့ အိပ်ပျော်သွားတာ…

နုတ်ခမ်းလေးကိုစူ၍…ချစ်သူကပြောတာကိုကြည့်ပြီး
ဘမှန်..အသည်းတွေယားလာသည်၊
ထို့ကြောင့်..ခင်လေးနွယ်၏..ခန္ဓာကိုယ်လေးကို..
စွေ့ကနဲ့ ပွေ့လိုက်ပြီး….
ရှင်မတောင်သနပ်ခါးလေးလိမ်းခါ
ပါးကွက်ကြားလေးဖြင့်..လှနေတဲ့..မျက်နှာနုနုလေးမှ
ပါးဖောင်းဖောင်းလေးကို..ဘယ်ပြန်ညာပြန်..
အားပါးတရနမ်းလိုက်သည်။

“အို..ဘမှန်..နင်နော်….

ခင်လေးနွယ်က ဘမှန်ကို..တွန်းဖယ်ပြီးရုန်းသည်။
ဒါပေမဲ့..အားမပါ…ဟန်မျှသာဖြစ်သည်။

ဘမှန်နှင့်..ခင်လေးနွယ်တို့..ချစ်သူနှစ်ဦးသည်…

ကျယ်ဝန်းနက်ရှိုင်းလှတဲ့..အချစ်သမုဒ္ဒရာကြီးထဲ..

နှစ်ယောက်အတူ..ကူးခတ်ပြီး..မမောနိူင်..မပမ်းနိူင်..

ချစ်တေးတွေ..နှစ်ယောက်သံပြိုင်သီဆိုရင်းပျော်မြူး
နေကြသည်။

ဒိန်းတလိန်းနတ် ဖမ်းစားခြင်းခံထားရတဲ့….ချစ်သူနှစ်ဦးသည် အရာအားလုံးကို မေ့လျော့သွား
လောက်အောင်..အချစ်ရေလျဉ်မှာ..မျောပါနေမိ
ကြသည်။

“ဒုန်း…ဒုန်း..

“ဟေ့ တံခါးဖွင့်စမ်း.. ..

အပြင်ကနေ..ပိတ်ထားတဲ့ တံခါးကြီးကို..ခြေထောက်နဲ့
ကန်ကျောက်ပြီး..တံခါးဖွင့်ပေးဖို့..ဒေါသတကြီးနဲ့
ဦးထွန်မင်း အော်လိုက်သည်။

“ဘမှန်…အဖေပြန်လာတာ..ဘယ်လိုလုပ်ကြမလဲ..
ငါတို့နှစ်ယောက်လုံးကို..အဖေကသတ်မှာ….

မျက်စိလေးမှိတ်ပြီး..ဘမှန်ခေါ်ဆောင်ရာ..အချစ်တိုင်း
ပြည်ကို..အလည်အပတ်လိုက်ရင်း..
အပျော်ကြီးပျော်နေတဲ့ ..ခင်လေးနွယ်..
သူမ.ဖခင် ဦးထွန်းမင်း၏ အသံကြောင့်..သေလောက်အောင်
ကြောက်ရွံ့ သွားရင်းနဲ့…ဘမှန်ကိုပြောလိုက်ခြင်း
ဖြစ်သည်။

“ဖြစ်လာမှတော့..ရင်ဆိုင်ယုံပေါ့..ခင်လေးရယ်..

ဘမှန်က..တံခါးကို..ဖွင့်ပေးလိုက်သည်။
ထိုအခါ..ငှက်ကြီးတောင်ဓားကြီးကို..ကိုင်၍..
ဒေါသတွေ များစွာထွက်နေသော..ဦးထွန်းမင်းက.. .

“တောက်….ခွေးမျိုး..သေလိုက်စမ်း…မင်းကများ..
ငါ့သမီးကို…

ဓားကိုဝင့်၍…ဘမှန်အား..ခုန်ချလိုက်သည်။

“ဘမှန်….

ဘမှန်ကို…ခုတ်လိုက်တဲ့…ဦးထွန်းမင်း၏..ဓားချက်အား
ခင်လေးနွယ်က ဘမှန်ရှေ့ကနေ..ဆီး၍ခံလိုက်သည်။
ဦးထွန်းမင်း၏ ဓားချက်က..ခင်လေးနွယ်၏..
ဦးခေါင်းထဲ..စိုက်ဝင်သွားသည်။

ဒုတ်…

ခင်လေး………ခင်လေး….
ဟီး..ဟီး….

ညွှတ်ခွေကျသွားတဲ့..ခင်လေးနွယ်၏ ခန္ဓာကိုယ်လေးကို
ဘမှန်က ပွေ့ချီရင်း..ဝမ်းပမ်းတနည်း.. .
ရှိုက်ကြီးတငင် ငိုချလိုက်သည်။
………………….

ခင်လေး……ခင်လေး….

အစ်ကို..အစ်ကို…အစ်ကို….

အိမ်အပြင်ကနေ..အလန့်တကြားအော်လိုက်တဲ့
ဘမှန်ရဲ့အသံကြောင့်..နန်းစံ..အိပ်ယာထဲက..
အမြန်ထပြီး..ဘမှန်ထံ လာခဲ့သည်။
တကိုယ်လုံး တဆက်ဆက် တုန်ပြီး…အသားတွေက
မီးကင်ထားသလို…ကျစ်ကျစ်တောက်ပူနေသည်။
ပါးစပ်ကလည်း..ကယောင်ကတမ်း တွေပြောနေသည်။

နန်းစံက အတင်းလှုပ်နှိုးတော့မှ….ဘမှန်က အသ်ိစိတ်
လွတ်နေတဲ့..ပုံစံမျိုးဖြင့်…နန်းစံကို..စူးစိုက်၍..
ကြည့်နေသည်။

ခင်လေး မသေဘူးနော်…အစ်ကိုဘမှန်ကို..
မထားခဲ့ပါနဲ့..ခင်လေးရယ်….

ပြောရင်း…ဘမှန်က…နန်းစံကို…..အတင်းဖက်လိုက်သည်။

“အို….

ဘမှန်ရဲ့..လုပ်ရပ်ကြောင့်..နန်းစံ..ရှက်သွေးဖျာပြီး
မျက်နှာလေး..ရဲကနဲ့ဖြစ်သွားသည်။

“အပြင်ကအေးတယ်အစ်ကို…အိမ်ထဲသွားကြမယ်နော်..

ကလေးတစ်ယောက်လို.ခေါင်းညိမ့်ပြီး…ဘမှန်က..
နန်းစံ..ခေါ်တဲ့ဆီလိုက်လာသည်။

.ဆောင်းလေအေးအဝေ့မှာ…လင်းလိုက်မှိန်လိုက်ဖြင့်
ဖယောင်းတိုင် မီးတောက်လေးက..ဘယ်ညာယိမ်း၍
ကခုန်နေသည်။

“ခင်လေး….အကိုဘမှန်ချမ်းတယ်…အကိုဘမှန်ကို..
ဖက်ထားစမ်းပါကွယ်…

နန်းစံက…ဘမှန်ကို….သူမရင်ခွင်ထဲထား၍…
ဖက်ထားလိုက်သည်။

ဘမှန်က..ကလေးတစ်ယောက်လိုမျိုး…နန်းစံ..
ရင်ခွင်ထဲ အတင်းတိုး၍…ပြန်လည်သိုင်းဖက်ထားသည်။

ထိုအချိန်တွင် ဖယောင်တိုင်းမီးလေးက..ဟုပ်ကနဲ့…
ငြိမ်းသွားတော့သည်။

“ချစ်တယ်….ခင်လေးရယ်

“အို…အစ်ကို..မဟုတ်….

အရာအားလုံးက…အမှောင်အတိကျသွားသည်…

အဲဒီ..အမှောင်ထဲမှာ…ဘမှန် နဲ့ နန်းစံတို့ နှစ်ယောက်..

ပိုပြီး..တိုး၍..ဝင်သွားခဲ့ကြသည်။

……………….

နေခြည်နုနုလေးက….အိမ်ပြတင်းရဲ့ခန်းဆီး…
လိုက်ကာလေးရဲ့..ကြားထဲကနေ…ဘမှန်မျက်နှာ
ပေါ်သို့..ခပ်စူးစူးလေးကျရောက်နေသည်။
မျက်စိကိုမဖွင့်ပဲ.. .ဘမှန်..ခုသူရောက်နေတဲ့..
လက်ရှိအခြေအနေကို..တွေးလိုက်မိသည်။
သူရောက်နေတဲ့..အိပ်ယာရာက…အိစက်ညက်ညောပြီး
မွှေးပျံ့ နေသည်။ တကယ်ဆို..ညက..သူအပြင်က
ကွပ်ပျစ်လေးမှာ..အိပ်ခဲ့တာပါ..
ခု…..ဘယ်လိုကြောင့် ဒီအိပ်ယာပေါ်ရောက်နေတာလဲ.
နောက်တော့..အခြေနေတွေကို..စပ်ဆက်တွေးမိ
သောအခါ..အလန့်တကြားဖြင့်..ဘမှန်..မျက်လုံးတွေကို
ဖွင့်ကြည့်လိုက်သည်။

ဟာ…..

နန်းစံ ဆိုတဲ့မိန်းကလေးက…အဝတ်စားတွေ..
ဖရိုဖရဲနှင့်..အရှက်တွေမျှပင်..မလုံနိူင်ပဲ…သူ့ကို
သိုင်းဖက်၍..အိပ်နေသည်။
ညက..မက်ခဲ့တဲ့ အိပ်မက်ကိုလည်း..ဘမှန်ပြန်ပြီး
သတိရလာသည်။

“ဒါဆို….ဒီမိန်းကလေးကို…ငါ..ခင်လေးနဲ့..မှားပြီး..
ဟာ….သေလိုက်ပါတော့ကွာ.. ..

ဘေးမှာ..သူ့ကိုသိုင်းဖက်ပြီး..အိပ်နေတဲ့ နန်းစံကို
ဘမှန်ကြည့်လိုက်သည်။
ရှမ်းမလေးမို့….ပါးအို့လေးတွေက…နီမြန်းပြီး…
နုတ်ခမ်းလေးတွေက…နီထွေးထွေး ဖြင့်..ချစ်စရာ
တော့ကောင်းသည်။သို့ပေမဲ့..သူ့ကိုယုံပြီး…
အားကိုးတကြီးနဲ့ အကူညီတောင်းခဲ့တာကို…
သူက…ကျုးလွန်မိတဲ့အတွက်…ဘမှန်..ကိုယ့်ကိုယ်ကို
ဒေါသဖြစ်နေမိသည်။

တောက်…

ဒေါသကြောင့်..ဘမှန်..တောက်တစ်ချက်..လွှတ်ခနဲ့
ခေါက်လိုက်မိသည်။ဘမှန်..တောက်ခေါက်သံကြောင့်
နန်းစံ..အိပ်ယာကနေ..လန့်ပြီး..နိုးလာသည်။
နန်းစံသည်..အိပ်ယာထဲက အမြန်ထ၍
သူမ၏..အဝတ်အစားများကို..ပြုပြင်လိုက်ပြီး
တဖက်သို့လှည့်၍ ခေါင်းလေးငုံ့နေရှာသည်။

ထိုအခါ..ဘမှန်က…နန်းစံ၏..ပခုံးလေးကိုင်ပြီး..

“အစ်ကို…တောင်းပန်ပါတယ်..နန်းစံ..အစ်ကို..နန်းစံကို
တာဝန်ယူပါ့မယ်….

ထိုအခါ..နန်းစံသည်..ဘမှန်ဘက်သို့..ဆက်ကနဲ့
လှည့်၍…မီးဝင်းဝင်းတောက်နေတဲ့ မျက်လုံးများဖြင့်
ကြည့်၍…..နုတ်ခမ်းကို..မဲ့ကာ..

“ဟွန့်….တာဝန်ယူစရာမလိုပါဘူး….ကျွန်မအတွက်
တော့…တဏှာရူးနေတဲ့..ယောက်ျားတွေ အနိူင်ကျင့်
တာ..ခံရတာ..ရိုးနေပါပြီ….တစ်ခါသေဖူးတာတောင်
ပျဉ်ဖိုးနားမလည်ပဲ…ရှင့်ကိုယုံကြည်မိတဲ့..ကျွန်မကိုယ်
ကျွန်မပဲ..အော့နှလုံးနာတာပါ….

“မင်း….မင်းဘာပြောလိုက်တာလဲ.. .နန်းစံ..

နန်းစံစကားကြောင့်.ဘမှန်..ဒေါသဖြစ်သွားပြီး..
သူမပခုံးနှစ်ဖက်ကို..ခပ်ကြမ်းကြမ်း ဖျစ်ညှစ်၍
လှုပ်ခါပစ်လိုက်သည်။

“ငါက…မင်းပြောသလို…မင်းထင်သလို..ကောင်စားမျိုး
မဟုတ်ဘူးကွ.. ..

နန်းစံက..ဘမှန်ကိုကြည့်ပြီး…တသည်းသည်းဖြင့်
ငိုလိုက်သည်။

ဟင့်..ဟင့်..ဒါပေမဲ့ အစ်ကို…ညီမကို..အနိူင်ကျင့်
ခဲ့တယ်လေ….

..နန်းစံသည်..ဘမှန်..ရင်ခွင်ထဲအား..
တိုးဝင်၍..သူငယ်နာမစင်သေးသော..
ကလေးငယ်ကဲ့သို့…ဝမ်းပမ်းတနည်း ငိုလိုက်လေတော့သည်။

ဘမှန်ကလည်း..နန်းစံကို..အလွန်ဂရုဏာသက်စွာဖြင့်
ထွေးပွေ့ပြီး ထားလေသည်။

“နန်းစံ…

“ရှင်..အစ်ကို..

“အစ်ကို့ကို..ချစ်လားဟင်…

“သွားပါ…လူလည်ကြီး….

နန်းစံက..ရှက်သွေးဖျာပြီး ဘမှန်၏..ရင်ခွင်ထဲသို့
ခေါင်းလေးတိုးဝင်ပြီး..ပုန်းလျိုးလိုက်ပြန်သည်။

ဘမှန်သည်လည်း..အသစ်စက်စက် ချစ်သူလေးအား
ကြည့်၍..မချင့်မရဲဖြစ်ကာ…မျက်နှာလေးအား..
မော့စေ၍…ချစ်သူ၏..ပါးပြင်ထက်၌..အနမ်းပန်းတို့
ခြွေလိုက်ပြန်လေ၏။
ဘမှန်နှင့်နန်းစံ..မည်သော..ချစ်သူနှစ်ဦးသည်.. .
ထွန်းသစ်စပြုနေတဲ့..မနက်ခင်းရဲ့..
နေရောင်ခြည်ကို…မျက်ကွယ်ပြုပြီး…
ညက..သူတို့မက်ခဲ့တဲ့..အိပ်မက်တွေကို..
အရည်ဖျော်ကာ…နှစ်ဦးသား..အချစ်ပင်လယ်ကြောမှာ..
ကူးလူးပျော်ပါးကြပြန်သည်။ထိုနောက်……အချစ်ပင်လယ်ရေကို..
အားပါးတရသောက်ကြရင်း…
သောက်လေ..သောက်လေ…ငတ်မပြေ
ဖြစ်နေတော့လေသည်။
……………………………..
………………

နေထိပန်း
…………..

“အစ်ကို…

“ဟင်..နန်းစံ..ပြောလေ..

“အစ်ကို..နန်းစံနဲ့အတူနေလို့မဖြစ်ပါဘူးရှင်..

“ဘာလို့လဲ..နန်းစံ..အစ်ကိုက..နန်းစံအတွက်..
ဘဝလက်တွဲဖော်မဖြစ်နိူင်လို့လား….

ဘမှန်က..ဆို့နင်နေတဲ့ ပုံစံနဲ့ နန်းစံကိုမေးလိုက်သည်။

“အဲလိုမဟုတ်ပါဘူး..အစ်ကိုရယ်…အစ်ကိုဟာ..
ယောက်ျားကောင်းတစ်ယောက်ဆိုတာ…နန်းစံ
သိပါတယ်ရှင်….နန်းစံရဲ့ဘဝက…..

“ဆက်မပြောပါတော့နဲ့..နန်းစံရယ်…အစ်ကိုလေ…
နန်းစံကို..ဘာမှတွေးပဲနဲ့ကို..ချစ်တာပါကွယ်…

နန်းစံရဲ့..တဆက်ဆက် တုန်နေတဲ့ နုတ်ခမ်းလေးကို
ဘမှန်က..သူ၏လက်ဖြင့် ခပ်ဖွဖွလေး ပိတ်လိုက်သည်။
ထိုအခါ..နန်းစံက ခေါင်းကို..ဖြေးညင်းစွာရမ်း၍…

“မဟုတ်ဘူး..အစ်ကို..နန်းစံရဲ့အကြောင်းကို..အရင်ဆုံး
အစ်ကိုနားထောင်ပေးပါ…ပြီးမှ…ဆုံးဖြတ်ပါရှင်..

ဟင်း….

ဘမှန်က သက်ပြင်းတချက် လေးတွဲ့စွာချလိုက်ပြီး

“နန်းစံက..ပြောရမှအဆင်ပြေမယ်ဆိုလဲ…ပြောပါ..
အစ်ကိုကတော့..အရာအားလုံးကို..ခွင့်လွှတ်ပြီး..
နန်းစံကို..ချစ်သွားမှာပါ…

ဘမှန်..ပြောစကားကိုကြားရတော့..နန်းစံ..ဝမ်းနည်း
ရသည်၊။

“အစ်ကိုရယ်….ခုလိုအချိန်ကျမှများ…
တွေ့ရတယ်လို့ရှင်….

နန်းစံက..မချိတင်ကဲ ဖြင့်..သူမ၏ဘဝဇာတ်ကြောင်း
ကို..ပြောပြလေတော့သည်။

……………..

ရှမ်းပြည်မြောက်ပိုင်းက..အင်ဝိုင်းဆိုတဲ့..ရွာလေးမှာ..

နန်းစံကို..မွေးခဲ့တာ၊နန်းစံငယ်ငယ်ကတည်းက…
မေက..သေသွားလို့..အမေဆိုတာ..မြင်တောင်
မမြင်ဘူးခဲ့၊ဖခင်..ဦးစိုင်းလုံသာ..အဖေ..ဦးစိုင်းလုံသာ..
အမေ..ဖြစ်ခဲ့ရသည်။

တစ်နေ့ကျတော့…သူမဘဝ..ကျွမ်းထိုးမှောက်ခုံ.. ဖြစ်ဖို့အကြောင်းက..ဖန်လာခဲ့
သည်။တောင်ယာထဲမှာ..စိုက်ထားတဲ့..ပြောင်းဖူးတွေ
ကို…တောဝက်တွေ..ဖျက်ဆီးလို့..စောင့်ရှောက်ရင်းက..
တောဝက်အပက်ခံရပြီး…ဦးစိုင်းလုံ သေဆုံးသွား
ခဲ့သည်။နန်းစံ..အတွက်..ကမ္ဘာကြီးက..ကွက်ပြီး..
ပြိုကျသွားခဲ့သည်။

ဦးစိုင်းလုံ..နာရေးမှာ…ဘန့်ဘွေးမြို့က..နန်းစံ အဒေါ်
လည်းလာခဲ့သည်။
အဒေါ်နဲ့အတူ..ပါလာခဲ့တဲ့…ဒေါ်နန်းခမ်း ဆိုတဲ့
အမျိုးသမီးကြီးက..အားကိုးရာမဲ့သွားတဲ့နန်းစံကို..
သူမနဲ့အတူလိုက်ခဲ့ရန်ပြောဆိုလေသည်။
သူမနှင့်အတူလိုက်ခဲ့ပါက…လုပ်ခလစာ..ကောင်းမွန်
တဲ့ပြင်..လုပ်ရမည့်အလုပ်မှာလည်း..များစွာ..
မပင်ပန်းကြောင်းပြောဆိုလေသည်။
အားကိုးရာ..မဲ့သွားတဲ့..နန်းစံသည် ဒေါ်နန်းခမ်း
အား..ရေနစ်သူအတွက်..ကောက်ရိုးတမျှင်ကို..
ဖမ်းဆွဲရသည့်အလား…ဖြစ်လိုရာဖြစ်စေတော့ဟု..
နှလုံးပိုက်လျှက်..ဒေါ်နမ်းခမ်းခေါ်ဆောင်ရာသို့
လိုက်ခဲ့လေတော့သည်၊
လမ်းခရီး၌..ဒေါ်နန်းခမ်းသည်…နန်းစံအား..
သမီးလေးတစ်ယောက်ကဲ့သို့..ယုယကြင်နာ ၏။

ဤသို့ဖြင့် နန်းစံသည်..ဒေါ်နန်းခမ်း၏..ခေါ်ဆောင်
မှု့ဖြင့်…အဖိုးတန်..ကျောက်မျက်များထွက်ရာ..
.တာမခန်မြို့သို့ရောက်လာလေတော့သည်။
ဒေါ်နန်းခမ်းသည်…နန်းစံအား…ခမ်းနားကောင်းမွန်
သော အဆောက်အဦးကြီးထဲသို့..ခေါ်ဆောင်သွား၏။

ထိုအဆောက်ဦးထဲ၌..နန်းစံနှင့်အတူ..မိန်းမပျို..
အယောက်၂၀ခန့်ရှိနှင့်နေ၏။

ဒေါ်နန်းခမ်းသည်…အဆောက်အဦးကြီး၏..ပိုင်ရှင်
ဦးအိုက်ပန်ဆိုသော..သူဋ္ဌေးဆီမှ..ပိုက်ဆံတစ်ထပ်
အားယူပြီး..ထိုနေရာမှ..ထွက်ခွာသွားလေ၏။
ဒေါ်နန်းခမ်းအား..ထိုနေ့မှစ၍..နန်းစံမတွေ့ရတော့ပေ..

ညဖက်သို့ရောက်သောအခါ..ခင်မေသန်းဆိုသော..
အမျိုးသမီးက…နန်းစံအား..အလှအပများပြင်စေပြီး..
အခန်းတစ်ခန်းအတွင်းသို့..ထားခဲ့လိုက်၏။
အခန်းထဲ၌..လွန်စွာကြီးမားသော နှစ်ယောက်အိပ်ကုတင်ကြီးပေါ်တွင်..မွေ့ယာ..ခေါင်းအုံး
စသဖြင့်..စုံလင်စွာနှင့်..ဘေးက စားပွဲခုံ ပေါ်၌..
နိုင်ငံခြားဖြစ်..အကောင်းစားအရက်နှင့်..အမြည်း
များကိုတွေ့ရလေသည်။
ရိုးသားလွန်းသော…ရှမ်းမလေး..နန်းစံသည်..အဘယ်
ကြောင့်..သူမအား..ထိုအခန်းထဲသို့..ထားခဲ့သည်ကို
စဉ်းစား၍မရနိူင်ပဲ..ဖြစ်နေရှာ၏။

ခဏမျှကြာသော်.. တံခါးကိုဖွှင့်ပြီး..လူတစ်ယောက်
ဝင်လာ၏။ထိုလူသည်…ဦးအိုက်ပန်ပင်ဖြစ်လေသည်။
ဦးအိုက်ပန်သည်..အရက်များကို..တမြည့်သောက်ရင်း
နန်းစံ၏ကိုယ်ခန္ဓာကို..တကိုယ်လုံးသိုင်းခြုံပြီး..
အငမ်းမရကြည့်နေလေ၏။ထို့နောက်..နန်းစံအား
အတင်းပွေ့ဖက်နမ်းရှုံ့လေတော့၏။

သည်တော့မှ..နန်းစံသည်..သူမအဖြစ်ကိုသိပြီး..
ဝမ်းပမ်းတနည်းဖြင့်…ဦးအိုက်ပန်အား..ရှိခိုး၍
တောင်းပန်လေ၏။သို့သော်..စားနေကျ..ကြောင်ဖားကြီး
ဦးအိုက်ပန်သည်…နန်းစံဟူသော…မိန်းကလေးမှာ..
တကယ်..အပျိုစင်အရိုင်းလေးမှန်းသိလေ…
ပိုပြီး..သူ၏..ကာမစိတ်ရိုင်းတွေက..သောင်းကျန်းလေ
ဖြစ်လာ၏။

နန်းစံသည်…ဦးအိုက်ပန်..ပွေ့ဖက်နေရာကရုန်း၍..
စားပွဲခုံပေါ်က.. .
အရက်ပုလင်းကြီးဖြင့်…ဦးအိုက်ပန်၏ ခေါင်းအား
ရိုက်ချလေတော့သည်၊ထိုအခါ..ဦးအိုက်ပန်၏
ခေါင်းမှ..သွေးများယိုစီးလာပြီး..ဦးအိုက်ပန်သည်
ဒေါသတကြီးဖြင့် နန်းစံအား..အတင်းရိုက်နှက်..
ကန်ကျောက်လေရာ…နန်းစံခမျာ..မေ့မြော၍
သွားရှာလေတော့သည်။

နန်းစံသတိရတော့…နန်းစံ၏ခန္ဓာကိုယ်မှာ..အဝတ်အစားမပါ…ဗလာနတ္ထိဖြစ်နေလေ၏။
နန်းစံ၏..ပန်းဦးကို..အိုက်ပန်က..အတင်းအဓမ္မ..
ခူးခြွေပြစ်လိုက်လေတော့သည်။

ထိုနေ့မှစ၍ ဦးအိုက်ပန်သည် နန်းစံအား..နေ့ည..
စိတ်လိုလက်ရ…ပြုကျင့်လေ၏၊
တစ်ပါတ်ခန့်ကြာသောအခါ..နန်းစံအား..အခြားသော..
တဏှာရူးများဖြင့်..ပျော်ပါးဆက်ဆံခိုင်းလေတော့၏။
ထိုအချိန်မှစ၍..ယောက်ျားများသည်…စာနာစိတ်
ကင်းမဲ့ယုံမျှမက..တကိုယ်ကောင်းဆန်ပြီး..
တဏှာရူး နေတဲ့ ဘီလူးတွေချည်းဖြစ်ကြောင်း…
နန်းစံ သတ်မှတ်လိုက်လေတော့သည်။

ပျက်စီးပြီး..ရစရာမရှိတော့တဲ့ဘဝကို…နန်းစံ..
ရေစုန်မျှောပြီး..အနစ်ခံလိုက်လေ၏။
အနစ်မခံလို့လည်း..ဘဝက..လုံးဝစုတ်ပြက်သွားပြီ။

တစ်နှစ်လောက်ကြာတော့..တာမခန်မြို့ရဲ့..အဝတ်စား
ဆိုင်တစ်ဆိုင်မှာ..စျေးဝယ်ရင်း…နန်းစံ၏ငယ်သူငယ်ချင်း
နန်းခင်မွှေးဆိုတဲ့ မိန်းကလေးဖြင့်ဆုံလေ၏။
ထိုအခါနန်းစံက သူမဘဝကို..ဝမ်းနည်းစွာပြောဆို
လေ၏၊နန်းခင်မွှေးသည်…နန်းစံအား..သူမနှင့်အတူ
လိုက်ခဲ့ပြီး..ငရဲခန်းက..ပြေးရန်ပြောလေ၏။

နန်းစံလည်း..သူငယ်ချင်း နန်းခင်မွှေး..ခေါ်ဆောင်ရာ
တာမခန်မြို့နှင့်ဝေးရာ…မှော်ထဲသို့…လိုက်ခဲ့လေတော့သည်၊၊
အိုက်ပန်၏…
ပြည်တန်ဆာခန်းမှ..ထွက်ပြေးပုန်းရှောင်၍..
၃ရက်ခန့်မျှကြာသောအခါ…နန်းခင်မွှေး ၏..ခင်ပွန်း..
ကိုကျော်စိုးသည်…မှော်ထဲတွင်လုပ်ကိုင်နေရင်း..
မတော်တဆ..ထိခိုက်ဒဏ်ရာရ၍…မြို့ပေါ်သွားပြီး
ဆေးကုသရတော့၏။နန်းစံပါ..မြိုပေါ်သို့လိုက်ပါက..
အိုက်ပန်တို့အဖွဲ့နှင့်တွေ့နိုင်တာကြောင့်…ခုလို..
တစ်ယောက်တည်း..မှော်ထဲက..အိမ်လေးမှာကျန်နေ
ခဲ့ခြင်းဖြစ်သည်။

“မိုးချုပ်မှ…ထွန်းစရာဖယောင်းတိုင်..ကုန်နေတာ
သိလို့..လမ်းထိပ်ထွက်ဝယ်ရာက…အိုက်ပန်ရဲ့ခွေး
တွေ..ဝိုင်းဆွဲတာခံရတော့တာပါပဲရှင်..

နန်းစံက..သူမဘဝအကြောင်းကို..ပြောပြီး..
တရှုံ့ရှုံ့ဖြင့်..ကျိတ်ငိုလိုက်သည်။
ဘမှန်ကိုယ်တိုင်လည်း…ဘာပြောရမှန်း မသ်ိပဲ..
ငူငူငိုင်ငိုင်ကြီးဖြစ်နေတော့သည်။

“ဘယ်လိုလဲ..အစ်ကို နန်းစံကို..တာဝန်ယူချင်
သေးရဲ့လား….မိန်းမပျက်တစ်ယောက်ကို…
ဘယ်ယောက်ျားမှ တန်ဖိုးမထားပါဘူးရှင်…

တသိမ့်သိမ့် ရှိုက်ငိုနေတဲ့..နန်းစံကို..ဘမှန်က
သူ့ရင်ခွင်ထဲ ဆွဲ၍ထွေးပွေ့လိုက်သည်။

“အစ်ကိုက..နန်းစံဘဝကိုကြားပြီး..စိတ်မကောင်း
ဖြစ်သွားလို့ပါ…နန်းစံကို..အစ်ကိုချစ်တယ်…
တစ်သက်လုံးလည်း..စောင့်ရှောက်မယ်….

“မဖြစ်နိူင်ပါဘူးအစ်ကိုရယ်….နန်းစံက..ယောက်ျားတွေ
အများကြီးနဲ့..အိပ်ထားတဲ့…မိန်းမပျက်တစ်ယောက်
ပါရှင်…အစ်ကိုနဲ့..မတန်ပါဘူး…

ထိုအခါ..ဘမှန်သည်..နန်းစံ၏အိပ်ယာဘေးမှ..
ညတုန်းက..နန်းစံခေါင်းမှာ..ပန်ခဲ့သော..
နွမ်းကြေနေတဲ့ ပန်းပွင့်လေးကို..ကောက်ယူလိုက်ပြီး..

“ပန်းတစ်ပွင့်ကို…ကိုယ်က တကယ်တန်ဖိုးထားပြီး

မြတ်နိူးမိပြီဆိုင်ရင်…အဲဒီပန်းဟာ…နမ်းပြီးသားလား..

နွမ်းပြီးသားလား.. ဆိုတာ….

အစ်ကို မတွေးချင်ဘူး နန်းစံ.

ပန်တော်ကျလား..ပန်းဦးလားဆိုပြီးလည်း…

အစ်ကို..မစဉ်းစားချင်ဘူး….

လူတွေက…..ပန်းဆိုရင်…

ဦးဦးဖျားဖျားမှ…ခူးချင်..မွှေးချင်ကြတာ…

အစ်ကိုကတော့လေ…နန်းစံဆိုတဲ့..

ဟောဒီက..အစ်ကို့ရဲ့..အချစ်ပန်းလေး…

အများကြီးနွမ်းလို့…အများကြီး..အနမ်းခံရပါစေ..

တယုတယ…ကောက်ယူပြီး..တစ်သက်လုံး ..

မွှေးနေအာင်..ထားချင်တာပါ..

ပန်းဆိုတာ..တန်းဖိုးထားတက်ရင်…

နွမ်းနေလည်း..လှတယ်..

လန်းနေလည်း..လှတာပါပဲ..နန်းရယ်…

အစ်ကို..နန်းစံကို ချစ်တယ်..ဘာမှမတွေးပဲနဲ့ကို
ချစ်တာပါ..ယုံပါ..နန်းစံရယ်..

“အစ်ကိုရယ်….

……………………

“လူရှိလား….အိမ်ထဲမှာလူရှိလား…

တစ်ယောက်ကိုတစ်ယောက်..သိုင်းဖက်၍
ထားရာကနေ..ဘမှန်ရောနန်းစံပါ..အပြင်ဘက်က
လူရဲ့အသံကြောင့်..အလန့်တကြားဖြစ်သွားကြသည်။

‘”မေးနေတယ်လေကွာ….

“ဘုန်း..ဘုန်း…

အပြင်ကလူက..စိတ်မရှည်တော့သည်နှင့်…
တံခါးကို..သူ့ခြေထောက်ဖြင့် ကန်လိုက်သည်။

“အစ်ကို..အသာနေခဲ့နော်…

နန်းစံက..ပြောပြီး..အိမ်အပြင်သို့ထွက်လိုက်သည်။

“သူများနေရာလာပြီး..ဘာကိစ္စ ရှင်တို့ကရိုင်းစိုင်း
နေရတာလဲ….

နန်းစံက..ဒေါသတကြီးနဲ့ အပြင်ကလူသုံးယောက်ကို
ပြောလိုက်သည်။ထိုအခါ…အသားနက်ကြုတ်ကြုတ်ဖြင့်
လူက….

“မင်းငါတို့နဲ့ပြန်လိုက်ခဲ့ရမယ်…မင်းကို..မပါပါအောင်
ခေါ်ခဲ့ဖို့..ငါတို့ကို..လောပန်းက..အမိန့်ပေးလိုက်တယ်..

“ဘာရယ်…ကျွန်မက..ရှင်တို့နဲ့လိုက်ရမယ်…
ရှင်တို့မှ..ကျွန်မ မသ်ိတာ….

ထိုအခါ…မျက်နှာတွင်..ပလာစတာကပ်ထားတဲ့
အသားနက်ကြုတ်ကြုတ်နှင့်..လူက..

“အရူးကွက်တွေ..နင်းမနေနဲ့ ကောင်မ…ငါတို့နဲ့
ခုလိုက်ခဲ့….

“ရှင်တို့..လူမှားနေတယ်..ကျွန်မရှင်တို့ကို..
တကယ်မသိတာပါရှင်…

နန်းစံက..အချိုသက်ပြီး..ပြောကြည့်လိုက်သည်။

ဖျောင်း…ဖျောင်း…ဖျောင်း..

“သိပ်ကောင်းတဲ့…အိုက်တင်ပါလား…နန်းစံ..

လက်ခုပ်..တဖျောင်းဖျောင်း..တီးပြီး..နောက်ကပြော
လိုက်တဲ့အသံကြောင့်..နန်းစံ..အလန့်တကြား..
လှည့်ကြည့်လိုက်သည်။

“ဦးအိုက်ပန်…..

“သိပ်ဟုတ်တာပေါ့ကွာ….မင်းတကိုယ်လုံးမှာ…
မှဲ့ဘယ်နှစ်လုံး..ရှိတယ်ဆိုတာတောင်..ငါကသိတယ်
နန်းစံ…နှိုက်နှိုက်ချွတ်ချွတ်ကို..ငါက..မင်းကို..သိတာ..
ဟားဟား.. ..ဟား…

ဟားဟား.. .ဟား…

အိုက်ပန်၏..နောက်လိုက်ခွေးတွေကပါ..
ဝိုင်း၍..တဟားဟား ရယ်ကြ၏။
အိုက်ပန်ကိုမြင်ရတော့..နန်းစံ..အော်ဂလီဆန်ချင်စရာ
ကောင်းလောက်အောင် ရွံသွားမိသည်။
ထို့ကြောင့်..အိုက်ပန်၏..မျက်နှာအား..သူမလက်ဝါးဖြင့်
ရိုက်ချလိုက်၏။

“ခွေးလောက်တောင် အကြင်နာတရားမရှိတဲ့..
တဏှာရူးကြီး…

ဖျန်း…ဖျန်း…

မမျှော်လင့်ပဲ..အရိုက်ခံရလို့ အိုက်ပန်…ဒေါသဖြစ်သွား
သည်။

“နင်ကများ…ငါ့ကိုထိတယ်…သေစမ်း..
စောက်ကောင်မ…

ဖျန်း..ဖျန်း..

“အမေ့ …

အိုက်ပန်၏ ရိုက်ချက်ကြောင့် နန်းစံ..ကိုယ်လုံးလေး
ညွှတ်ခွေကျသွား၏။

ထိုအခါ..ဘမှန်သည်..အိမ်ထဲ၌..မနေတော့ပဲ..
ပြေးထွက်လာပြီး…အိုက်ပန်အား..
အတင်းထိုးကျိတ်လေတော့သည်။

“လူယုတ်မာကြီး..သေစမ်း..

ခွပ်..ခွပ်..ခွပ်..

လဲကျသွားတဲ့ အိုက်ပန်၏ကိုယ်ပေါ်ကို..ခွ၍..
ဘမှန်က..စိတ်ရှိလက်ရှိ ထိုးကျိတ်လေတော့၏။
အိုက်ပန်တပည့်များကလည်း…..ကြောင်ပြီးကြည့်နေကြ၏။

“ဟေ့ကောင်တွေ…မင်းတို့ပထွေးမို့ ကြည့်နေတာလား..
အသေသတ်စမ်း…

ဒီတော့မှ…အိုက်ပန်..ကိုယ်ပေါ်မှ..ဘမှန်ကို
ဝိုင်းပြီး..ထိုးကျိတ်ကြလေတော့၏။

“အဲဒီခွေးကို..ချုပ်ထားစမ်း…

ဒေါသတကြီးနဲ့ အိုက်ပန်က..အမိန်ပေးလိုက်တာနဲ့..
ဘမှန်ကို..တစ်ဖက်တစ်ချက်ကိုင်ပြီး..
အိုက်ပန်တပည့်..နှစ်ယောက်က..ဖမ်းချုပ်ထားလိုက်၏။

ထိုအခါ..အိုက်ပန်သည်..သူ၏ကားပေါ်မှ..
သုံးပေခန့်ရှည်သော..သံပိုက်လုံးအားယူ၍..
ဘမှန်၏။..ခြေထောက်တစ်ဖက်အား..ဆင့်ကာ
ဆင့်ကာ..ရိုက်နှက်လေတော့၏။

ဒုတ်..

သေစမ်း..ခွေးသား..

ဒုတ်..ဒုတ်…

အား…….

ဖျောင်း…

ဘမှန်၏..ခြေထောက်တစ်ဖက်က..အရိုးသည်..
ဖျောင်းကနဲ့..မြည်ကာ..သွင်သွင်ကျိုးသွားလေတော့၏။

“တော်ပါတော့…အစ်ကို့ကို..မရိုက်ပါတော့နဲ့…
နန်းစံပြန်လိုက်ခဲ့ပါ့မယ်….

သူမအတွက်..အရိုက်နှက်ခံနေရရှာတဲ့..ဘမှန်ကို
နန်းစံ မကြည့်ရက်တော့တာနဲ့ ထို့သို့ အော်၍..
တားလိုက်ခြင်းဖြစ်၏။

“နောက်တစ်ခါဆို..ခြေတစ်ဖက်နဲ့မရဘူးနော်..
မင်းကိုအသေသတ်ပစ်မှာ…ကြားလား..ခွေးသား…

ဘမှန်ရိုက်နှက်ခဲ့တဲ့..အရပ်ရှည်ရှည်နဲ့လူက..
ဘမှန်၏..ဝမ်းဗိုက်ကို..ဘုန်းကနဲ့..ခြေထောက်နဲ့
ကန်ပြီး..ကြိမ်းဝါးလိုက်သည်။

“ခွေးမကို..ကားပေါ်ဆွဲတင်စမ်း…

အိုက်ပန်က..အမိန့်ပေးတော့..သူ့တပည့်တွေက..
နန်းစံကို..ကားပေါ်ဆွဲတင်သွားကြသည်။

“နန်းစံ…

“အစ်ကို..

“နန်းစံရယ်…ဟီး…ဟီး..

မောင်းထွက်သွားတဲ့..ကားကိုကြည့်ပြီး..ဘမှန်က
..အော်ခေါ်လိုက်သည်။
သွင်သွင်ကျိုးသွားတဲ့..ခြေတစ်ဖက်ကို..တရွတ်ဆွဲပြီး

ကားနောက်သို့..သွေးရူးသွေးတမ်းဖြင့်..ဘမှန်..
လိုက်ရင်း..ရင်ကွဲပက်လက်..ကျန်နေခဲ့ရှာသည်။

……………………………

နိဂုံး
…….

“အဲဒီနောက်..ဦးဖိုးစုံက..ငါ့ကို..ကူညီစောင့်ရှောက်ပေး
ခဲ့တယ်။ဒုက္ခိတဖြစ်သွားတဲ့ငါ့ကို…အိုက်ပန်တို့နဲ့
မပတ်သက်ဖို့ပြောဆိုတာပေါ့ကွာ…
ဒီလိုနဲ့..ဦးဖိုးစုံ..လက္ဘက်ရည်ဆိုင်လေးမှာ..ကူညီ
လုပ်ကိုင်ရင်းနဲ့ တစ်လလောက်ကြာတော့…
ကိုရွှေပြည်ဆိုတဲ့လူနဲ့..ရင်းနှီးရာက…စကားစပ်မိကြရင်း
ငါနဲ့..နန်းစံအကြောင်းကို..ပြောဖြစ်ကြတယ်။
ဒါနဲ့.ကိုရွှေပြည်က..ဦးအိုက်ပန်ရဲ့..ပြည့်တန်ဆာခန်းကို
သူသိတယ်…နန်းစံအကြောင်း..သူ..ဒီတစ်ခါ..
မြို့ပေါ်ရောက်ရင်..စုံစမ်းခဲ့မယ်လို့ပြောတော့..
ငါဝမ်းသာမိတယ်ကွာ…
နောက်တစ်လလောက်နေတော့..ကိုရွှေပြည်..
ရောက်လာခဲ့တယ်…သူပြောတာက…
နန်းစံဆိုတဲ့မိန်းကလေးက…လွန်ခဲ့တဲ့..နှစ်ပါတ်လောက်
က..သူ့ကိုယ်သူ..အဆိပ်သောက်ပြီး..
သေကြောင်းကြံသွားတယ်တဲ့ကွာ….
အဲဒီနေ့ကစပြီး…ငါ့ရဲ့.အသက်ရှင်နေထိုင်မှု့က
အဓိပ္ပါယ် မဲ့သလိုဖြစ်လာတယ်လို့..ငါခံစားရတယ်..
စိတ်ထောင်းတော့..ကိုယ်ကြေဆိုတဲ့..စကားလို..
အဲဒီနောက်ပိုင်း..ငါ့ကျန်းမာရေးက..တဖြည်းဖြည်း
ပိုပြီး..ဆိုးဝါးလာခဲ့တယ်။ဦးဖိုးစုံတို့..တားနေတဲ့..
ကြားက..ငါဟာ..သူတို့အတွက်..
အကူညီမဖြစ်တဲ့အပြင်…လူမမာတစ်ယောက်လို..
ဖြစ်နေတဲ့အတွက်..မှော်ထဲကနေပြန်ဖို့..ငါဆုံးဖြတ်
လိုက်တယ်။ဒီလိုနဲ့..ကားတွေအဆင့်ဆင့်စီးပြီး..
နောက်ဆုံး..မိုးညှင်းဘူတာလေးကနေ..ငါရထားစီး
ခဲ့တယ်၊၊လူကိုယ်တိုင်က..မကျန်းမာတဲ့အပြင်..
ခရီးပမ်းတဲ့ဒဏ်ကြောင့်…မန္တလေး ဘူတာကြီး
ရောက်လို့..ရထားပေါ်ကအဆင်းမှာ….ငါ..လဲကျပြီး
မေ့မြောသွားခဲ့တယ်။သတ်ိရတော့..ဆေးရုံကြီးပေါ်
ငါရောက်နေပြီ။ဆရာဝန်က..ငါ့ကိုမေးတယ်..
ခဗျား..ဘယ်ကလာတာလဲ..တဲ့..
ကျုပ်..မှော်ထဲကပြန်လာခဲ့တာ..ဆိုတော့
ဆရာဝန်က..ခေါင်းတဆက်ဆက်ငြိမ့်ပြီး…
ခဗျားမှာ..HIVပိုးကူးစက်ခံထားရလို့..
AIDSရောဂါဖြစ်နေပါပြီ…လို့လည်း..ပြောလိုက်ရော..
ငါ….ငါကွာ..ချုံးပွဲချပြီးကို..ငိုမိတယ်..
အေကိုက်ထားလို့..ဝမ်းနည်းပြီးငိုတယ်လို့..
မင်းထင်လား..မိုးအောင်..
မဟုတ်ဖူးကွ..ငါ..နန်းစံကိုသတိရပြီးငိုမိတာ…
အရာအားလုံးအတွက်…နန်းစံကိုခွင့်လွှတ်သလို..
ဖြစ်လာတဲ့အရာအားလုံးကိုလည်း..ငါကျေကျေနပ်နပ်
ခံယူပါတယ်ကွာ…ငါ..နန်းစံကို..သိပ်ချစ်မိသွားတယ်
ဆိုတာ..သူနဲ့ဝေးတော့မှ..ပိုသိလာရတယ်ကွာ…

မျက်တွင်းနက်နက်ကြီးတွေ ထဲက

ကျလာတဲ့..မျက်ရည်စတွေကို..

သူ့ရဲ့..အင်္ကျီလက်ဖမိုးနဲ့သုတ်ရင်း..

ဘမှန်က..ဝမ်းပမ်းတနည်း ငိုရှာသည်။

ကျနော်လည်း..အလွန်အင်မတန်မှ ချစ်ရတဲ့
သူငယ်ချင်း ဘမှန်ကိုကြည့်ပြီး..ရင်ထဲမှာ..
ဆို့နင့်..ကြေကွဲနေမိသည်။

ငှက်တစ်ကောင်ရဲ့..ခြေထောက်တွေလို..ဖြစ်နေတဲ့
သူ့လက်ကလေးကို ကျနော်က..ဆုပ်ကိုင်လိုက်ပြီး..

“ဒါဆို….မင်းက…

“ဟုတ်ပါတယ်ကွာ…ငါက…
.ခြေတစ်ဖက်ဆာနေတဲ့..ဒုက္ခိတ..
အေကိုက်နေတဲ့..ဂီလာနတစ်ယောက်ပါကွာ…

ဝမ်းနည်းနေရှာတဲ့..ဘမှန်ကို..ကျနော်က..အားပေး
နှစ်သိမ့်ရင်း….လက္ဘက်ရည်ဆိုင်လေးထဲကနေ
လမ်းခွဲခဲ့ကြသည်။

ပြန်ခါနီးသူပြောတဲ့..စကားတစ်ခွန်းက…

“ငါအတွက်..ပြည်စုံသွားပါပြီ..မိုးအောင်…
မင်းနဲ့လည်းတွေ့ပြီးပြီ…ငါ့မွေးရပ်မြေကိုလည်း
ရောက်ပြီဆိုတော့..ငါသေလို့ရပါပြီကွာ…
………………
…………………

ကျနော်..အိမ်ကိုပြန်ရောက်တော့..ညကိုးနာရီ
ကျော်နေပါပြီ။ထမင်းစားချင်စိတ်ပင်….မရှိတော့တာကြောင့်..အိပ်ရာထဲဝင်ပြီး..
ဘမှန်အကြောင်းတွေ..တွေးရင်း..အတော်ကြီး..
ညနက်မှ..ကျနော်အိပ်ပျော်သွားခဲ့သည်။

မနက်..ရှစ်နာရီလောက်ရောက်တော့…ကျနော့်ဆီကို
ဘမှန်ဦးလေး..ရောက်လာသည်။
ညက…မနက်တစ်နာရီလောက်မှာ..
ဘမှန်ဆုံးသွားပြီတဲ့…….

ဆရာကြီးမင်းသိင်္ခနဲ့ဆရာမင်းမြတ်သူရတို့ရဲ့
ဇာတ်လိုက်တွေက..ခရီးတွေထွက်..စွန့်စားပြီး..
အောင်မြင်ကြီးပွားသွားကြပေမဲ့….
ကျနော့်ရဲ့..ချစ်လှစွာသော ငယ်သူငယ်ချင်းကြီး
ဘမှန်ကတော့………..

ပြီးပါပြီ။

 

#ပီယ