အဖော်မဲ့ခရီးသည်

အဖော်မဲ့ခရီးသည်(စ/ဆုံး)

——————————–

(က)

“ဆရာလေးရေ၊ အဲဒီတောင်နှစ်လုံးကို မိုးမချုပ်ခင်ရအောင်ဖြတ်”

ထိုစကားကိုပြန်ကြားယောင်ရင်း ကိုလွင်တစ်ယောက် ဆိုင်ကယ်ကိုအရှိန်မြှင့်ပြီးမောင်းနှင်လာခဲ့သည်။ ကိုလွင်မှာ ကျေးလက်ဒေသဖွံဖြိုးရေးလုပ်ငန်းများကို လုပ်ကိုင်သည့် အစိုးရမဟုတ်သည့်အဖွဲ့အစည်းဝန်ထမ်းတစ်ခုတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းတစ်ဦးဖြစ်သည်။ ယနေ့လဲ အနီးအနားရှိကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ လုပ်စရာရှိသည့်လုပ်ငန်းများ အားလုံး လုပ်ကိုင်ပြီးသည့်အခါ ညနေ ၅နာရီကျော်နေပြီဖြစ်သည်။

“ဆရာလေး ကျွန်တော်တို့ရွာမှာ ညအိပ်သွားဗျာ၊ ဆရာလေးအတွက် အားလုံးစီစဉ်ပေးထားတယ်”

“ဒါတော့မရဘူးသူကြီးရဲ့၊ ကျွန်တော်မြို့ကိုပြန်မှဖြစ်မယ်၊ မနက်ဖြန်မနက်ကျရင် ကျွန်တော်တို့ရုံးမှာ အရေးကြီးတဲ့အစည်းအဝေးတစ်ခုရှိတယ်ဗျ”

“ဒါဖြင့်လဲ ဆရာလေးရာ၊ ဒီမှာညအိပ်ပြီး မနက်စောစောထပြန်ပေါ့ မဖြစ်ဘူးလား”

“မိုးလဲချုပ်သေးတာမှမဟုတ်သေးတာသူကြီးရာ၊ အခုပြန်လဲ သိပ်မိုးမချုပ်ခင် မြို့ကိုပြန်ရောက်မှာပါ”

သူကြီးနှင့် ရွာခံများက မျက်နှာပျက်နေကြသည်။

“အမှန်အတိုင်းပြောရရင် အဲဒီတောင်နှစ်လုံးကြားက မှောင်ရင်မသွားတာအကောင်းဆုံးပဲဗျ”

“ရပါတယ်၊ ကျွန်တော်မကြောက်တတ်ပါဘူး”

“ပြန်မယ်ဆိုလဲ မြန်မြန်ပြန်ဆရာလေးရာ၊ အဲဒီတောင်နှစ်လုံးကို မိုးအရမ်းမချုပ်ခင် ရအောင်ဖြတ်နော်၊ ဟုတ်ပြီလား”

ကိုလွင်လဲ ခေါင်းကိုညိတ်ပြီးနောက် ထိုရွာလေးမှ ဆိုင်ကယ်ဖြင့်တစ်ယောက်တည်းပြန်လာခဲ့သည်။

အချိန်က ဆောင်းဦးပေါက်မို့ ရာသီဥတုကသိပ်မအေးသေးသော်လည်း တောင်ကြီးနှင့်နီးလာသည့်အခါတွင်တော့ တောရိပ်တောင်ရိပ်ကြောင့် အေးစိမ့်လာတော့သည်။ ကိုလွင်က ထိုဒေသခံတော့မဟုတ်၊ ယခုမြို့သို့ တာဝန်ကျသည်မှာ သိပ်မကြာသေးပေ။ တောင်ကြီးကိုအဝေးမှလှမ်းကြည့်လိုက်သည့်အခါ တောင်ကြီးပေါ်တွင် မြူခိုးတွေရစ်ဆိုင်းနေပြီး မှုန်ဝါးဝါးကြီးဖြစ်နေလေသည်။ ဆိုင်ကယ်မောင်းလာရင်း ညနေ ၆ နာရီခန့်ထိုးသည့်အခါတွင် တောင်ပေါ်သို့ စတင်တက်ဖြစ်သည်။

တောင်နှစ်လုံးဟုဆိုသော်လည်း ထိုတောင်နှစ်လုံးမှာ တစ်ဆက်တည်းရှိသည်မဟုတ်ပေ။ တောင်တစ်လုံးပြီးသွားသည့်အခါတွင် ကျေးရွာလေးများရှိပြီး မြေပြန့်သဖွယ်ဖြစ်နေကာ ထိုမှဆက်သွားပါက နောက်ထပ်တောင်ကြီးတစ်ကောင်ကို ထပ်မံဖြစ်သန်းရသည်။ ထိုတောင်နှစ်လုံးကျော်သည့်အခါတွင်တော့ သူတို့ရုံးအခြေစိုက်သည့် မြို့ကလေးသို့ရောက်မည်ဖြစ်သည်။ ထိုတောင်ကြီးနှစ်တောင်အကြောင်းကို ဒေသခံများက အမျိုးမျိုးပြောဆိုကြသည်ကို ကြားဖူးသော်လည်း ကိုလွင်က သရဲတစ္ဆေမကြောက်တတ်၊ အယုံအကြည်လဲမရှိသည်မို့ အေးအေးလူလူပင် ဆိုင်ကယ်ကိုမောင်းနှင်လာသည်။ အနွေးထည်မဝတ်ထားသော ကိုလွင်မှာ အအေးဓါတ်ကြောင့် ချမ်းအေးလာသည်။ တောင်ကြီးပေါ်တွင်လဲ ကျေးရွာများမရှိဘဲ လမ်းဘေးတစ်ဖက်တစ်ချက်တွင် သစ်တောကြီးများနှင့် ချောက်ကမ်းပါးကြီးများသာရှိသည်။ ၆နာရီကျော်သာရှိသေးသော်လည်း တောရိပ်ကြောင့် မှောင်မိုက်နေပြီး ထိုလမ်းပေါ်တွင်လဲ လမ်းသွားလမ်းကာ၊ ကားသွားကားလာမရှိဘဲ ကိုလွင်ဆိုင်ကယ်တစ်စီးသာ တောင်ပေါ်တက်ရင်း ကွေ့ပတ်မောင်းနှင်လျှက်ရှိသည်။

ကိုလွင်သည် သရဲမကြောက်တတ်သော်လည်း တစ်တောင်လုံးတွင် သူတစ်ယောက်တည်းသာရှိသည်မို့ အနည်းငယ်ခြောက်ချားလာသည်။

“လမ်းကလဲရှင်းလိုက်တာကွာ၊ ကားလေး၊ ဆိုင်ကယ်လေး ဖြတ်သွားတာတောင်မတွေ့ရဘူး”

ထိုသို့ရေရွတ်လိုက်ရင်း ဆက်မောင်းလာခဲ့သည်။ တောင်ကြီးတစ်ခုလုံး တိတ်ဆိတ်ကာ မှောင်ပိန်းနေသည်။ လေတိုက်သံ၊ သစ်ရွက်လှုပ်သံများနှင့် စမ်းရေစီးသံများက သရဲတစ္ဆေများ အော်ဟစ်နေသည်နှင့် ဆင်တူနေသလို လေတိုက်သဖြင့် သစ်ပင်ကြီးများ ဝါးပင်ကြီးများ ယိမ်းနွဲ့နေသည်ကလည်း ခြေကားယားလက်ကားယားနှင့် သရဲကြီးများ ယိမ်းထိုးကခုန်နေသည်နှင့် ဆင်တူနေတော့သည်။ ကိုလွင်လဲ စိတ်ကိုတင်းထားရင်း တောင်ပေါ်စတက်လာခဲ့သည်။ ဆိုင်ကယ်ကိုအရှိန်တော့ သိပ်မတင်ရဲပေ၊ တောင်တက်လမ်းမို့ လမ်းကအကွေ့အကောက်များသဖြင့် ဖြေးဖြေးချင်းထိမ်းမောင်းလာရသည်။

(ခ)

သို့သော် တောင်တက်လမ်းတစ်နေရာတွင် သူ့နောက်မှ ဆိုင်ကယ်မီးရောင်ကိုလှမ်းမြင်လိုက်ရသည်။ ကိုလွင်လဲ ဆိုင်ကယ်မီးရောင်မြင်သဖြင့် အားတက်သွားသည်။ ဘာပဲပြောပြော တောင်ကြီးကို တစ်ယောက်ထဲတက်နေတာထက်စာလျှင် အတူတူခရီးသွားသည့် ဆိုင်ကယ်တစ်စီးကိုမြင်လိုက်ရသဖြင့် အားရှိသွားတာတော့အမှန်ဖြစ်သည်။ ထိုဆိုင်ကယ်က သူ့ဆိုင်ကယ်နောက် ခပ်လှမ်းလှမ်းမ မောင်းနှင်နေသည်။ ကိုလွင် အနောက်သို့ နောက်ကြည့်မှန်မှတဆင့် လှည့်ကြည့်လိုက်သည့်အခါ ဆိုင်ကယ်သမားမှာ အပေါ်ပိုင်းတွင် ရှပ်အကျီအကွက်ကြားကလေး ဝတ်ဆင်ထားပြီး
အပေါ်မှ ဓါတ်ပုံဆရာများဝတ်လေ့ဝတ်ထရှိသည့် ဝတ်စကုပ် ကလေးကိုလဲဝတ်ဆင်ထားကာ အေးအေးလူလူပင်ဆိုင်ကယ်မောင်းနေသည်ကိုတွေ့ရသည်။ ထိုသူ၏မျက်နှာကိုတော့ ဆိုင်ကယ်မီးရောင်ကြောင့် သဲသဲကွဲကွဲမမြင်ရပေ။

ကိုလွင်က လမ်းကျောဖြောင့်သည့်အခါတွင် ဆိုင်ကယ်ကိုအရှိန်မြှင့်တက်လိုက်ရာ ထိုသူမှာလဲ ကိုလွင့်နည်းတူ အရှိန်လိုက်မြှင့်သည်။ ကိုလွင်က ထိုသူ့ကိုမြင်ချင်သဖြင့် ဆိုင်ကယ်ကိုအရှိန်လျော့လိုက်သည့်အခါတွင်လဲ ထိုသူက အရှိန်လိုက်လျှော့သည်။ ထိုသူက ကိုလွင့်ဆိုင်ကယ်အနောက်မှ ဝါးတစ်ပြန်အကွာလောက်မှနေ၍ ပုံမှန်ကလေးခွာပြီးလိုက်လာနေသည်။

ဆယ့်ငါးမိနစ်ခန့်တောင်တက်ပြီးသော် တောင်ဆင်းလမ်းရောက်ပြီဖြစ်သည်။ လမ်းကွေ့တစ်ခုကို ကွေ့ချလိုက်ပြီးသည့်အခါတွင် သူ့အနောက်မှဆိုင်ကယ်ကိုမတွေ့ရတော့ပေ။ ကိုလွင်လဲတွေးမိသည်။

“ဒီတောင်ပေါ်မှာ ရွာဖြစ်ဖြစ်၊ စခန်းဖြစ်ဖြစ်တစ်ခုခုရှိတယ်ထင်တယ်၊ သူအဲ့ဒီကို ချိုးဝင်သွားတာဖြစ်မယ်”

ိထိုသို့တွေးရင်း တောင်ဆင်းလမ်းအတိုင်း ဆိုင်ကယ်ကိုဆက်ဆင်းလာမိသည်။ တောင်ကိုဆင်းပြီးသည့်အခါ လမ်းကလေးက ပြန့်ပြူးလာသည်။ မကြာမီလမ်းဘေးရှိ ရွာကလေးများမှ မီးရောင်တလက်လက်ကို မြင်တွေ့လာရသည်။ ကိုလွင်လဲ ထိုရွာတန်းကလေးများအတိုင်းဆက်မောင်းလာမိသည်။ ရွာကလေးများတွင် ဆိုင်များရှိသော်လည်း ထိုဆိုင်များမှာ အကုန်ပိတ်ကုန်ပြီဖြစ်သည်။ ကိုလွင်လဲ မောင်းလာရင်း သူနှင့်သိသည့် ထမင်းဆိုင်တစ်ဆိုင်ရှေ့တွင် ဆိုင်ကယ်ကိုရပ်လိုက်သည်။ ထိုအခါ သူ့အသိက ထမင်းဆိုင်ထဲမှပြေးထွက်လာသည်။

“ဗျို့ဆရာလေး၊ ညကြီးမင်းကြီး ဘယ်ကပြန်လာတာလဲ”

“ဟိုဘက်တောင်ကြောနောက်က ရွာတွေဆီကပြန်လာတာဗျ၊ ဗိုက်ဆာပြီဗျာ၊ ဘာဟင်းကျန်သေးလဲ”

ကိုလွင်က ထိုထမင်းဆိုင်တွင်ပင် ညစာစားလိုက်သည်။ အချိန်က ည ၇ နာရီကျော်နေပြီဖြစ်သည်။ ညစာစားနေချိန်တွင် ဆိုင်ရှင်နှင့် စကားပြောဖြစ်သည်။

“ဆရာလေး မိုးလဲချုပ်နေပြီ၊ ဒီမှာပဲအိပ်သွားပါလား”

“မရဘူးဗျ၊ မနက်ဖြန် ရုံးမှာအရေးကြီးကိစ္စရှိတယ်၊ ကျွန်တော်ရုံးကိုပြန်မှဖြစ်မယ်”

ထိုအခါ ဆိုင်ရှင်၏မျက်နှာသည် ထိတ်လန့်သွားတော့သည်။

“ဟာ ဆရာလေးကလဲ တစ်ယောက်တည်းရယ်၊ မသွားပါနဲ့တော့။ အဲဒီတောင်က မြေကြမ်းတယ်ဗျ၊ ဒီနားကလူတွေ ညဘက်ဆို အဲဒီတောင်ကိုမဖြတ်ဝံ့ဘူး”

သို့သော် စိတ်ဆုံးဖြတ်ချက်ချထားသော ကိုလွင်ကိုတော့ ဆိုင်ရှင်က စိတ်မပြောင်းစေနိုင်။

“ဒါဆိုလဲ ဆရာလေးရာ မြန်မြန်စား၊ ပြီးရင်မြန်မြန်သာသွားတော့”

ဆိုင်ရှင်က တိုင်ကပ်နာရီကို လှမ်းကြည့်လိုက်သေးသည်။

“အခု ၇ နာရီကျော်ပြီဆိုတော့ ဆရာလေး ည ၈နာရီမကျော်ခင် အဲဒီတောင်ကိုရအောင်ဖြတ်၊ ၈ နာရီကျော်ရင်တော့ မကောင်းတာတွေဖြစ်တတ်တာအမှန်ပဲ”

ကိုလွင်ထမင်းစားပြီးတော့ ဆိုင်ရှင်နှင့် စကားစမြည်ပြောဖို့ပင်အချိန်မရပေ၊ ဆိုင်ရှင်က ကိုလွင်အား အတင်းနှင်လွှတ်နေသဖြင့် ထမင်းစားပြီးပြီးချင်း ဆိုင်ကယ်ပေါ်တက်မောင်းလာခဲ့ရသည်။

“ဒီကလူတွေကလဲ အစွဲတွေများတာပဲ၊ အမှန်ဆို ၇ နာရီကျော်ဆိုတာ အစောကြီးရှိပါသေးတယ်”

ထိုသို့ရေရွတ်ရင်း ဆိုင်ကယ်ကိုပြန်မောင်းလာသည်။ ဆယ်မိနစ်ခန့်မောင်းလာပြီးသည့်အခါတွင် ရွာတန်းတွေကိုကျော်လွန်ခဲ့ပြီး တောင်ခြေသို့ရောက်လာခဲ့သည်။ ထိုတောင်ကြီးက ပထမတောင်ထက်ပိုမြင့်သည်။ မတ်စောက်သည့်တောင်ကြီးဖြစ်ပြီး ငူငူကြီးထွက်နေကာ အဝေးမှလှမ်းကြည့်ရုံနှင့်ပင် သရဲကြီးတစ်ကောင် ငုတ်တုတ်ထိုင်နေသလို ထင်ရသည်။ ကိုလွင်လဲ ဆိုင်ကယ်ကိုဆက်မောင်းနှင်ရင်း တောင်တက်လာခဲ့သည်။

တောင်တက်လမ်း တစ်ကွေ့ပြီးတော့ နှစ်ကွေ့အမြောက်တွင် အနောက်ဘက်မှ ဆိုင်ကယ်မီးရောင်ကိုတွေ့လိုက်ရပြန်သည်။ ကိုလွင်လဲ လှည့်ကြည့်လိုက်ရာ ယခင်ကတွေ့ခဲ့သည့်သူပင်ဖြစ်နေတော့သည်။ ကိုလွင်လဲအဖော်ရပြီဆိုပြီးတွေးနေမိသော်လည်း စိတ်ထဲတော့ ထူးဆန်းနေသည်။

“ဒီလူ ခုနကတောင်ဆင်းတော့လဲပါမလာဘူး၊ လမ်းမှာလဲ ဆိုင်ကယ်တစ်စီးမှမတွေ့ရဘဲနဲ့ ဘာလို့အခုကျတော့ပေါ်လာပြန်တာလဲ”

ကိုလွင်က စဉ်းစားမိလိုက်ပြီး ဆိုင်ကယ်ကို ဖြေးဖြေးကလေးမောင်းနှင်လိုက်သည်။ ထိုလူလဲ သူ့အတိုင်းပင် ဖြည်းဖြည်းကလေးမောင်းနေပြန်သည်။ ကိုလွင်အရှိန်တင်ပြန်တော့လဲ ကိုလွင့်နည်းတူအရှိန်လိုက်တင်ပြန်သည်။ ထူးတော့ထူးနေပြီ။ သို့သော် ကိုလွင်က သရဲတစ္ဆေဟု မတွေးမိသေးဘဲ ထိုလူမည်သို့ပေါ်လာသည်ကို ဖြစ်နိုင်သည့် နည်းလမ်းများဖြင့် တွေးတောနေမိသော်လည်း အဖြေရှာမရပေ။

နောက်ဆိုင်ကယ်တစ်စီးဟု ဆိုရအောင်ကလည်း မောင်းသူကလဲထိုသူပင်ဖြစ်ပြီး အဝတ်အစားပါ အားလုံးဆင်တူဖြစ်သည်။ သူ့နောက်က လိုက်လာသည်ဟုဆိုရအောင်ကလဲ ထမင်းဆိုင်မှထွက်လာကတည်းက သူ့နောက်တွင် ဘာကား၊ ဘာဆိုင်ကယ်မှ တစ်စီးမှပါမလာပေ။ တောင်ခြေတွင်လဲ ဘယ်သူမှမရှိဘဲ တောင်အလယ်လောက်ရောက်မှ ဘွားကနဲပေါ်လာသည်ကိုက ထူးဆန်းနေတော့သည်။ ကိုလွင်စိတ်ထဲ ကြောက်ရမည်ထက် စူးစမ်းချင်စိတ်များပိုတိုးလာသည်။

တောင်ထိပ်ရောက်ပြီး တောင်ပေါ်မှပြန်ဆင်းလာသည့်အခါ ထိုသူကပ်ပါလာသည်။ ကိုလွင်က တောင်ဆင်းလာရင်း လမ်းကွေ့အတိုင်း ကွေ့ဆင်းလာခဲ့သည်။ ထိုနေရာသည်တောင်ခြေနေရာကလေးဖြစ်သည်။ လမ်းကွေ့ကြီးကို ကွေ့ဆင်းလာပြီးသည့်အခါတွင် လမ်းဘေးတွင် အလှူခံမဏ္ဍပ်ကလေးတစ်ခုကိုတွေ့လိုက်ရသည်။ နေ့ဘက်တွင်အနီးအနားမှ ရွာသားများက အလှူခံရန်အတွက် ဆောက်လုပ်ထားသည့် လမ်းဘေး မဏ္ဍပ်ကလေးဖြစ်သည်။

“ဟုတ်ပြီ၊ ငါဒီမှာရပ်ပြီး ဟိုလူ့ကိုစောင့်နေရမယ်၊ သူသာလူဆိုရင်တော့ သူ့ကိုဘယ်လိုလာတာလဲလို့ မေးလို့ရမယ်”

ထိုသို့တွေးပြီး မဏ္ဍပ်ကလေးတွင် ဆိုင်ကယ်ကိုရပ်ကာ စောင့်နေမိသည်။ ငါးမိနစ်၊ ဆယ်မိနစ်၊ ကိုလွင်စောင့်နေသော်လည်း ထိုတောင်ပေါ်မှ မည်သူမှဆင်းမလာ။ ကိုလွင်လဲ ဆက်ပြီးစောင့်နေမိရာ နာရီဝက်ခန့်တွင်တော့ စိတ်လျှော့လိုက်ပြီဖြစ်သည်။

“သေချာတယ်၊ ဒါဆိုရင်တော့ လူမဖြစ်နိုင်ဘူး၊ သရဲပဲနေမှာ”

ထိုသို့ရေရွတ်လိုက်ပြီးနောက် မြို့သို့ဆက်လက်မောင်းနှင်လာတော့သည်။

(ဂ)

နောက်တစ်နေ့ ရုံးတွင်အစည်းအဝေးလုပ်ပြီး ပြီးစီးသောအခါ လူကြီးများနှင့် စကားပြောဖြစ်သည်။ ထိုအခါ ကိုလွင်က ခင်မင်သည့်သူများကို ညက မြင်ခဲ့သည့် ဆိုင်ကယ်အကြောင်းကို ပြန်ပြောပြလိုက်တော့ လူကြီးတွေက အံ့သြကုန်ကြသည်။

“အဲဒါကိုလွင်ကံကောင်းတာပေါ့၊ သရဲက ကိုလွင့်ကိုအဖော်လိုက်ပို့ပေးတာပေါ့ ဟား . .ဟား”

“ဒါနဲ့ ဦးလေးတို့က အဲဒီဆိုင်ကယ်အကြောင်း ကြားဖူးလို့လား”

“အေး၊ ဒီဆိုင်ကယ်နဲ့ ဒီတောင်ကြီးနှစ်လုံးနဲ့က ဒီနယ်မှာ နာမည်ကြီးကွ၊ အဲဒီတောင်ကြီးကို ညဘက်ဖြတ်တဲ့လူတိုင်း တွေ့ကြရတဲ့ ခေါင်းပြတ်မောင်းတဲ့ဆိုင်ကယ်ကြီးပေါ့”

“ဗျာ၊ ခေါင်းပြတ်မောင်းတယ်ဟုတ်လား”

ထိုလူကြီးက ခေါင်းညိတ်လိုက်သည်။

“ဒါကြောင့် ကိုလွင်ကံကောင်းတယ်လို့ပြောတာပေါ့၊ တစ်ချို့ဆို ခေါင်းပြတ်ကြီးမောင်းလာတဲ့ဆိုင်ကယ်မြင်ပြီး လန့်ကြ ဖျားကြနဲ့၊ တစ်ခါတစ်လေ အဲ့ဒီသရဲက အော်လိုက် ဟစ်လိုက်နဲ့ အမျိုးမျိုးအခြောက်ခံကြရတာ”

ထိုတော့မှ ကိုလွင်လဲ ကြက်သီးများထလာတော့သည်။ သူပြန်စဉ်းစားကြည့်တော့လဲ ထိုလူ၏မျက်နှာကို မမြင်ရခဲ့ပေ။ ဆိုင်ကယ်မီးရောင်ကြောင့် ဖြစ်မည်ဟု သူကထင်နေမိသေးသည်။ အမှန်တော့ ထိုဆိုင်ကယ်မောင်းသူက ခေါင်းပြတ်ကြီးဖြစ်နေသည်မဟုတ်ပါလား။

ကိုလွင်လဲနောက်ပိုင်း ထိုလမ်းကိုညဘက်မဖြတ်ဖြစ်တော့။ မိုးချုပ်သွားပါကလဲ အသိများရှိသည့် ရွာတွင်သာ တစ်ညတည်းခိုဖြစ်သည်။ သို့သော် ထိုတောင်ပေါ်မှ ဖြတ်သန်းသွားတိုင်း သူ့အနောက်က လိုက်ပို့ခဲ့သည့် ခေါင်းပြတ်ဆိုင်ကယ်ကြီးကို ပြန်မြင်ယောင်ရင်း ကြက်သီးထမိသည်။ အခုဆိုနှစ်တွေကြာခဲ့ပြီ၊ ကိုလွင်လဲ ထိုနယ်မှပြောင်းရွှေ့ခဲ့သည်မှာ တော်တော်ကြာပြီဖြစ်သော်လည်း ထိုဆိုင်ကယ်နှင့်တွေ့ခဲ့သည့် ဖြစ်ရပ်ကြီးကတော့ မနေ့တစ်နေ့ကဖြစ်ပျက်ခဲ့သလိုပင် ပြန်လည်အမှတ်ရနေမိပါသေးသည်။

ပြီးပါပြီ။

စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီအား အစဉ်လေးစားလျှက်

#အဂ္ဂဇော်