“မဖဲဝါအတိုက်”(စ/ဆုံး)

“မဖဲဝါအတိုက်”(စ/ဆုံး)
——————————————–

” ဆရာကြီးရေ. ..ဆရာကြီး.. ဆရာကြီးဦးမှိုင်းဝေရှိလားဗျ ”

” ရှိတယ်ကွ ..ဘယ်သူလည်း အိမ်ပေါ်တက်ခဲ့လေ ”

” ဟုတ်ကဲ့..ဆရာကြီး ”
ဆိုပြီး အောင်ထွန်းတစ်ယောက်လည်း ဦးမှိုင်းဝေ၏အိမ်ပေါ်သို့ တက်လာခဲ့လိုက်သည်။

” သြော်. .အောင်ထွန်းကိုကွ.. လာရင်းကိစ္စဆိုစမ်းပါအုံး ”

” ဟဲ ..ဟဲ ထုံးစံအတိုင်းပဲပေါ့ဆရာကြီးရာ ..ကျွန်တော်မနက်ဖြန်ကြရင် ဟိုဖက်ရွာမှာကြက်သွားတိုက်မလို့ဗျ ..အဲဒါ ”

” ငါက..မင်းကြက်ကိုနိုင်အောင် လုပ်ပေးရမယ်ဆိုပါတော့ ”

” ဒါပေါ့..ဆရာကြီးရ ”

” ရော့.. ဒီဆေးရည်ပုလင်းလေးယူသွား.. မင်းကြက်သွားတိုက်ခါနီးရင် ဒီဆေးရည်နဲ့မင်းကြက်ခေါင်းကိုပွတ်ပေးလိုက် မင်းကြက်နိုင်စေရမယ်ကွာ ”

ဆရာကြီးဦးမှိုင်းဝေလည်း ကြက်သမားအောင်ထွန်းအား ဆေးပုလင်းငယ်လေးတစ်ခုအား ပေးလိုက်လေသည်။

” အဲလို့တွေကြောင့် ဆရာကြီးကိုအားကိုးနေရတာ ဟဲ ဟဲ ”

” မင်းကြက်နိုင်လာရင်လည်း ငါ့ကိုမေ့မနေနဲ့အုံး ”

” မမေ့ပါဘူးဆရာကြီးရယ် စိတ်ချစမ်းပါ
.. ကျွန်တော်ကြက်နိုင်လာခဲ့ရင် ဆရာကြီးအတွက် အမဲသားငါးပိသာနဲ့ ငွေတစ်ရာယူလာခဲ့ပါ့မယ် ဗျ.. ”

” အေး ..မင်းယူလာမှပဲ ငါ့ကောင်ကြီးတွေကို ဝအောင်ကြွေးရတော့မယ် ဟား.. ဟား ..ဟား ”

ဤသို့ဖြင့် အောင်ထွန်းတစ်ယောက်သည်လည်း ဆေးရည်ပုလင်းအားယူ၍ ဦးမှိုင်းဝေ
အားနှုတ်ဆက်ကာ ရွာအပြင်ဘက်သို့ ထွက်ခွါသွားလေသည်။

စန္ဒာလမင်းကြီး၏ အလင်းရောင်တောက်ပနေသော သန်းခေါင်ယံအချိန်၌ …

သရက်တောရွာသင်္ချိုင်း၏မြေပုံတစ်ခုတွင်

” ဟေ့ကောင်ထွန်းလူ မြန်မြန်တူးကွ .. ဒီလိုကိစ္စမျိုးဆိုတာ အချိန်နက္ခတ်နဲ့ကြည့်ပြီးလုပ်ရတာ ”

” ဟုတ်ကဲ့ပါ ဆရာကြီး ”

ထွန်းလူတစ်ယောက်လည်း မြေပုံတစ်ခုအား ပေါက်တူးဖြင့်ပေါက်၍ အလောတကြီးတူးလိုက်ရာ

” ဒုတ်…ဒုတ်…ဒုတ် ”

” ဆရာကြီးရေ အခေါင်းပေါ်လာပြီဗျ ”

” အဲဒါဆို သံတူရွင်းနဲ့ထိုးကလော်ဖွင့်လိုက်တော့”

ထွန်းလူတစ်ယောက်လည်း ဆရာဖြစ်သူ ဦးမှိုင်းဝေညွှန်ကြားသည့်အတိုင်း မိမိတူးထား၍ ပေါ်လာသောအခေါင်းအား ဖွင့်လိုက်သောအချိန်၌ သင်္ချိုင်းအတွင်းရှိ သစ်ပင်ကြီးငယ်တို့မှငှက်ဆိုးများသည်လည်း

” ဂီး…ဂစ်…ဂစ်.. ”

” ဂီး… ဂီး … ဂီး ”

” ဖလပ်… ဖလပ် ..ဖလပ် ”

ဟူသောအသံများနှင့်အတူ ထပြန်သွားလေသည်။

” ဆရာကြီး ဒီမှာအလောင်းပေါ်လာပြီ ”

” ထွန်းလူ ..အဲဒီအစိမ်းသေအလောင်းက ဆံပင်နဲ့ခြေသည်းလက်သည်းကိုလှီးယူလိုက် ..ရော့ဓား ”

ထွန်းလူလည်း ဆရာကြီးဦးမှိုင်းဝေ ပေးသော ဓားအားယူလိုက်ပြီး အစိမ်းသေအလောင်း၏ ခြေသည်း၊လက်သည်း၊ဆံပင်များအား လှီးဖြတ်၍ယူလိုက်ပြီး အသင့်ပါလာသော အိတ်အတွင်းသို့ ထည့်လိုက်ကာ ဆရာကြီးဦးမှိုင်းဝေထံသို့ ပေးလိုက်သည်။ ထို့နောက် ဆရာကြီးဦးမှိုင်းဝေမှ

” ထွန်းလူ မင်း..အလောင်းကိုခေါင်းအဖုံးပြန်ဖုံးပြီး မြေပြန်ဖို့လိုက်တော့”

” ဟုတ်ကဲ့ဆရာကြီး ”

ထွန်းလူလည်း အလောင်း၏အခေါင်းအားအဖုံးပြန်ဖုံးလိုက်ပြီး မြေကြီးများဖို့လိုက်သည်။ ၎င်းကိစ္စများ ပြီးစီးသွားသောအခါ သရက်တောသင်္ချိုင်းအတွင်းမှ ထွက်ခွါလာခဲ့ကြသည်။ ဤသို့ဖြင့် မနက်မိုးသောက်အလင်းရောက်သောအခါ၌

” ဆရာကြီးရေ ဆရာကြီး ”

ဟူသောအသံနှင့်အတူ ဦးမှိုင်းဝေ၏အိမ်ပေါ်သို့ အသက်လတ်ပိုင်း လူရွယ်တစ်ယောက်တက်လာလေသည်။ ၎င်းလူရွယ်မှ

” ဆရာကြီး ကျွန်တော့အတွက် ပီယဆေးဖော်ပြီးပြီလား ”

” ဖော်ပြီးပြီကွ တစ်ခုတော့ရှိတယ် ဒီပီယဆေးက ငါနဲ့ထွန်းလူ အသက်စွန့်ပြီးဖော်ထားရတာဆိုတော့က ဈေးတော့ကြီးမယ် မောင်အောင်ချစ်ရ ”

” ကျွန်တော့အတွက် ငွေကအရေးမကြီးပါဘူးဆရာကြီးရယ် ပီယဆေးစွမ်းဖို့သာ အဓိကပါ ”

” ဟား ဟား ဟား ..ငါ့ပီယဆေးစွမ်းမစွမ်း မင်းသုံးကြည့်ရင်သိလာမှာပါ ငါ့ပီယဆေးမစွမ်းဘူးဆိုရင် တုံးပေါ်ဇက်တင်ပေးလိုက်မယ်ကွ …သဘောပေါက်လား မောင်အောင်ချစ်ရ ”

” ယုံပါတယ်ဆရာကြီးရယ်… ယုံလို့လည်း အခုလိုကိစ္စမျိုးကို ဆရာကြီးဆီအပူကပ်ရတာပေါ့ ”

” ကဲ ရော့… မောင်အောင်ချစ် မင်းလိုချင်နေတဲ့ ပီယဆေး ”

” ဟုတ်ကဲ့ဆရာကြီး”

ကိုအောင်ချစ်လည်း ဆရာကြီးဦးမှိုင်းဝေပေးသော ဖန်ပုလင်းငယ်လေးအား လှမ်းယူလိုက်ပြီး

” ဆရာကြီး .. ဒီပီယဆေးကို ကျွန်တော်ကဘယ်လိုသုံးရမှာလည်း ”

” ဒီလိုကွ …မောင်အောင်ချစ်ရ မင်းနှစ်သက်တဲ့မိန်းမပျိုတစ်ဦးကို စကားပြောခါနီးကြရင် ဒီပီယဆေးကို မင်းဦးခေါင်းကိုအနည်းငယ်သုတိလိုက်… ပြီးရင်
* ဉုံ ရာဇသတ္တံ ပီယံမမ *
ဂါထာကို အသက်အောင့်ပြီး ၇ခေါက်ရွတ်ပြီး စကားသွားပြော အဲဒီမိန်းကလေးက မင်းကိုပြန်ချစ်လာရောကွ..ဟား ဟား ဟား ”

” ဒါဆိုဟန်ကြတာပေါ့ ဆရာကြီးရယ် ”

ဟုပြောကာ ကိုအောင်ချစ်လည်း ဝမ်းသာအားရဖြစ်ကာ ငွေအသပြာတစ်ထုပ်ကို ကန်တော့လိုက်ပြီး ဆရာကြီးအားနှုတ်ဆက်ကာ ပြန်သွားလေသည်။

( မှတ်ချက် = ဤပီယဆေးဖော်သောအခန်းတွင် စာရေးသူသည် စိတ်ကူးယဉ်၍ ရေးသားထားခြင်းဖြစ်လေသည်။
သို့ဖြစ်ပါသောကြောင့် စာဖတ်သူများအနေဖြင့် ထိုသို့လိုက်မလုပ်ရန်နှင့် ၎င်းဂါထာအား လိုက်၍မရွတ်ဆိုရန် မေတ္တာရပ်ခံအပ်ပါသည်။ )

ဤသို့ဖြင့် နွေမိုးဆောင်း ရာသီတွေအလီလီပြောင်းခဲ့လေရာ အောက်လမ်းဆရာကြီး ဦးမှိုင်းဝေပင် ကွယ်လွန်ခဲ့လေသည်။ ဦးမှိုင်းဝေကွယ်လွန်ပြီးနောက် ထွန်းလူသည် လက်ရင်းတပည့်ဖြစ်သဖြင့် ဆရာကြီးဦးမှိုင်းဝေ၏နေရာအား ဆက်ခံလေသည်။
++++++++++++++++++++

သရက်တောရွာလေး၏ ရွာလယ်လမ်းမကြီးထက်၌

” အရီးမြ ဆရာတော်ကြီးနေမကောင်းဘူးဆို ”

“ဟုတ်တယ် အေးပုံရဲ့ …ဆရာတော်ကြီးကြည့်ရတာ အခြေနေသိပ်မဟန်ပါဘူးဟယ် ”

” အဲဒါမှဒုက္ခပါပဲ အရီးမြရယ် ”

” ဘာတုန်းဟဲ့အေးပုံရဲ့ .. နင့်စကားက အစမရှိအဆုံးမရှိနဲ့ ”

” ဒီလိုအရီးမြရဲ့ ဆရာတော်ကြီးပျံလွန်တော်မူသွားရင် ကျောင်းထိုင်ကိစ္စပြသနာတတ်မှာ တော့… ”

” ညည်းကလည်းဟယ်.. ဒါများ ဆရာတော်ကြီးမရှိတော့ရင် ခန်းနေဥူဇင်းလေး ဦးတေဇောကို ကျောင်းထိုင်တင်မှာပေါ့ဟဲ့.. ”

” အရီးပြောတဲ့ဥူဇင်းလေးက ကျမတို့ရွာမြောက်ပိုင်းက ဒေါ်ရွှေမိရဲ့သားမဟုတ်လား ”

” ဟုတ်တာပေါ့အေ့ ကိုယ့်မြောက်ပိုင်းကဥူးဇင်းလေးကို ကျောင်းထိုင်တင်တော့ မကောင်းဘူးလား ”

” ကောင်းတာပေါ့ အရီးမြရဲ့ ”

အရီးမြနှင့်မအေးပုံတို့သည်လည်း စကားတစ်ပြောပြောဖြင့် လမ်းလျှောက်လာရာ ဘုန်းကြီးကျောင်းသို့ပင် ရောက်လာလေသည်။
ဘုန်းကြီးကျောင်းသို့ ရောက်သောအခါ နာမကျန်းဖြစ်နေသော ဆရာတော်ကြီးအား ပြုစုလုပ်ကိုင်ပေးကာ ကျောင်းပေါ်ရှိ အိုး၊ခွက်၊ပန်းကန်များအား တိုက်ချွက်ဆေးကြော
ပေးပြီး သာသန့ာဝေယျာဝစ္စများအား ပြုလုပ်ပေးလေသည်။

ဤသို့ဖြင့် ရက်အနည်းငယ်ကြာသောအခါ…

သရက်တောရွာလေး၌ ဆရာတော်ကြီး ပျံလွန်တော်မူသွားပြီ ဆိုသောသတင်းမှာ ဝမ်းနည်းဖွယ်ရာ ပျံလွင့်လာလေသည်။

ထိုသို့ဆရာတော်ကြီး ပျံလွန်တော်မူသွားသည့် ကိစ္စနှင့်ပတ်သက်၍ ဘုန်းကြီးကျောင်း၌ ရွာသူရွာသားများစုဝေးကာ ရောက်ရှိနေလေသည်။

” ကဲ.. ရွာသူရွာသားတွေကို ခေါ်လိုက်ရတဲ့ အကြောင်းရင်းကတော့ ဆရာတော်ကြီးရဲ့ ဇာပနကိစ္စပဲဖြစ်တယ် ”

ရွာသူကြီးဦးညိုမောင်းမှ ထိုသို့စကားအစချီလိုက်ရာ

” ဟုတ်ကဲ့ပါသူကြီး ဆရာတော်ကြီးဇာပနကိစ္စနဲ့ပတ်သတ်၍ ကျွန်တော်တို့ကတော့ စည်ကားသိုက်မြိုက်စွာ ကျင်းပချင်ပါတယ် ”

” ဟုတ်ပါတယ် သူကြီး ”

” ဟုတ်ပါတယ် သူကြီး ”

” ကျမတို့လည်း ဆရာတော်ကြီးဇာပနကို စည်ကားသိုက်မြိုက်စွာ ကျင်းပချင်ပါတယ် ”

” ဟုတ်ပါပြီ ရွာသူရွာသားတွေရဲ့သဘောအတိုင်းပါပဲ.. ကျုပ်ကလည်း ဆရာတော်ကြီးရဲ့ဇာပနပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပေးပါ့မယ် ”

သူကြီးဦးညိုမောင်းမှ ဤကဲ့သို့ပြောလိုက်၏။

ရွာသူရွာသားများလည်း မိမိတို့စိတ်တိုင်းကျ ဆရာတော်ကြီး၏ဇာပနပွဲအား ကျင်းပခွင့်ရသဖြင့် ဝမ်းသာအားရဖြစ်သွားကာ ဇာပနပွဲအား ချိမ့်ချိမ့်သဲသဲ ကျင်းပလေသည်။

ဆရာတော်ကြီး၏ ဇာပနပွဲအားကျင်းပ၍ ပြီးစီးသွားသောအခါ သူကြီးဦးညိုမောင်းအိမ်၌ ရွာသူရွာသားများ စုရုံးနေလေသည်။
အဘယ့်ကြောင့်ဆိုသော်… ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူသွားခဲ့သည်ဖြစ်ရာ ၎င်းကျောင်း၌ကျောင်းထိုင်ဆရာတော် အသစ်တင်ရန်အတွက် ဖြစ်လေသည်။ ထိုအခါ သူကြီးဦးညိုမောင်းမှ..

” ကဲ .. ရွာသူရွာသားတွေ ကျောင်းထိုင်ဆရာတော်ကြီးလည်း ပျံလွန်တော်မူသွားပြီဆိုတော့ ကျောင်းထိုင်နေရာကို ဘယ်ဥူးဇင်းကိုတင်မြှောက်ကြမလဲ ”

” သူကြီး..ကျွန်တော်တို့ကတော့ ဦးဇောတိကကို ကျောင်းထိုင်တင်မယ် ”

” သူကြီး.. ကျမတို့ကတော့ ဦးတေဇောကို ကျောင်းထိုင်တင်မယ် ”

” ဦးတေဇောကို ကျောင်းထိုင်တင်မယ် ”

” ဦးဇောတိကကို ကျောင်းထိုင်တင်မယ် ”

ဟုပြောကာ ရွာသူရွာသားများသည်လည်း အပြိုင်အဆိုင် မိမိတို့အပိုင်းက ဥူးဇင်းအား ကျောင်းထိုင်တင်မြှောက်ရန် သူကြီးအားတောင်းဆိုလေသည်။

ဤသို့ဖြင့် ရွာတောင်ပိုင်းက ဦးဇောတိကကိုကျောင်းထိုင်ဆရာတော်အဖြစ် တင်မြှောက်ချင်သလို ရွာမြောက်ပိုင်းကလည်း ဦးတေဇောကို ကျောင်းထိုင်ဆရာတော်အဖြစ် တင်မြှောက်ချင်လေသည်။ ဥူးဇင်းနှစ်ပါးလုံးသည်လည်း ပျံလွန်တော်မူသွားသော ဆရာတော်ကြီး၏ တပည့်အရင်းချာများပင်ဖြစ်သောကြောင့် မည်သည့်ဥူးဇင်းကို ကျောင်းထိုင်တင်သင့်သည်ကို သူကြီးဦညိုမောင်းတစ်ယောက် ဝေခွဲရခက်နေ၏။ သရက်တောရွာလေးသည်လည်း တောင်ပိုင်းနှင့်မြောက်ပိုင်းဟူ၍ နှစ်ခြမ်းကွဲနေကာ တစ်ခြမ်းနှင့်တစ်ခြမ်း ပြိုင်ဆိုင်နေကြသဖြင့် မတည့်ကြပေ။ ထိုအခါ သူကြီးမှ…

” ကဲ.. ရွာသူရွာသားတွေ ကျုပ်တစ်ခုပြောပြမယ်…ဦးတေဇောနဲ့ဦးဇောတိက တို့နှစ်ပါးလုံးက ပျံလွန်တော်မူသွားတဲ့ ဆရာတော်ကြီးရဲ့တပည့်အရင်းတွေပဲ … အဲဒီတော့ ဘယ်ဥူးဇင်းပဲဖြစ်ဖြစ် ကျောင်းထိုင်ဆရာတော်ဖြစ်ဖို့ ထိုက်တန်တယ်မဟုတ်လား ”

” ဟုတ်တော့ဟုတ်ပါတယ်သူကြီး.. ဒါပေမဲ့ကျမတို့ကတော့ မြောက်ပိုင်းသားဖြစ်တဲ့
ဥူးဇင်းလေးဦးတေဇောကိုပဲကျောင်းထိုင်ဆရာတော် ဖြစ်စေချင်ပါတယ် ”

သရက်တောရွာလေး၏ မြောက်ပိုင်းတွင်နေထိုင်သောအရီးမြမှ သူကြီးအားထိုသို့ပြောလိုက်ရာ

” ဒီမယ်သူကြီး . . ကျုပ်တို့ကတော့ တောင်ပိုင်းသားဖြစ်တဲ့ ဥူးဇင်းလေးဦးဇောတိကကိုပဲ ကျောင်းထိုင်ဆရာတော်အဖြစ် မြင်ချင်ပါတယ် ”

ရွာတောင်ပိုင်းတွင်နေထိုင်သော ဦးဘတုပ်မှ လေသံခပ်မာမာဖြင့် သူကြီးအားထိုသို့ပြောလိုက်လေရာ … သူကြီးမှ

” ကဲ ကောင်းပြီ . . မျှမျှတတဖြစ်အောင် မဲနှိုက်ဆုံးဖြတ်ကြတာပေါ့… အားလုံးသဘောတူလား ”

” တူပါတယ် သူကြီး ”

” သဘောတူပါတယ် သူကြီး ”

ဤသို့ဖြင့် ကျောင်းထိုင်ဆရာတော်နေရာအား သူကြီးမှမဲနှိုက်လိုက်ရာ… ပေါက်မဲမှာ ဦးတေဇောဖြစ်သဖြင့် ကျောင်းထိုင်နေရာအား မြောက်ပိုင်းသားဖြစ်သည့် ဦးတေဇောအား တင်မြှောက်လိုက်ပြီး တိုက်အုပ်နေရာအား ဦးဇောတိကကို ထားရှိလိုက်လေသည်။

ထိုသို့ဖြစ်သွားသည်ကို မကျေနပ်နိုင်သူတစ်ဦးရှိလေသည်။ ထိုသူမှာ ဦးဘတုပ်ပင်။ အဘယ့်ကြောင့်ဆိုသော် ဦးဘတုပ်သည် မိမိ၏တူတော်ဖြစ်သော ဦးဇောတိကကို ကျောင်းထိုင်တင်မည့်အရေးမှာ နိမ့်ပါးသွားသောကြောင့် ဖြစ်လေသည်။ ဦးဘတုပ်သည် ငါ၏တူတော်မောင် ဦးဇောတိကသည်သာ ဝိနည်းသိက္ခာပုဒ်နှင့်ညီ၍ ကျောင်းထိုင်နေရာကို ထိုက်တန်လော။
တခြားဥူးဇင်းများသည် ကျောင်းထိုင်နေရာအား မည်သို့မှမထိုက်တန်ပေ ဟူသော အတ္တအစွဲသည် ဦးဘတုပ်ရင်ထဲ၌ ကိန်းအောင်းနေလေသည်။

“ဆရာ .. ဆရာ ဆရာထွန်းလူရှိလားဗျို့ ”

” ရှိတယ်ကွ ဘယ်သူလည်း အိမ်ပေါ်တက်ခဲ့လေ”

” အွန်း ”
ဆိုပြီး အသက်၅၀ဝန်းကျင်ခန့်ရှိသော လူကြီးတစ်ယောက်သည် ဆရာထွန်းလူအိမ်ပေါ်သို့ တက်လာလေသည်။

” သြော်..ကျုပ်ကဘယ်သူများလည်းလို့ ခဗျားကို.. ”

” ဟုတ်တယ်ဆရာထွန်းလူ ကျုပ်အကူအညီတစ်ခုလောက်တောင်းချင်လို့ … အဲဒါဆရာထွန်းလူဘက်က ကူညီနိုင်မလား ”

၎င်းလူမှ ဆရာထွန်းလူအား ထိုကဲ့သို့ပြောလိုက်ရာ ဆရာထွန်းလူမှ

” ကျုပ်ဘက်ကကူညီနိုင်တယ် မကူညီနိုင်ဘူးဆိုတာ ခဗျားအပေါ်မူတည်တယ် ဟဲ.. ဟဲ.. ဟဲ.. ”

ဆရာထွန်းလူလည်း လက်ညှိုးနှင့်လက်မကို ထိုလူရှေ့တွင်ဝိုင်းပြကာ အဓိပ္ပါယ်ပါသောအပြုံးတစ်ခုအားပြုံးလိုက်ပြီး တဟဲဟဲဖြင့်ရယ်လိုက်လေသည်။

” အဲဒီအတွက်တော့ မပူပါနဲ့ဆရာထွန်းလူရယ်…ရော့ ဒီမှာဆရာအတွက် ”

ထိုလူမှ ဆရာထွန်းလူအား ပိုက်ဆံထုပ်တစ်ထုပ်ကို ပေးလိုက်လေသည်။ ထိုအခါ ဆရာထွန်းလူမှ

” ကဲ ကျုပ်ကငွေလက်ခံပြီးပြီဆိုတော့ ခဗျားကိစ္စကိုကူညီမယ်ဗျာ… ကျုပ်ဘာလုပ်ပေးရမလည်းသာပြော ”

” ဒီလိုဆရာထွန်းလူရ ကျုပ်ကို……အဲဒီလိုလေးလုပ်ဆောင်ပေးနိုင်မလား ”

” ဆရာထွန်းလူဆိုတဲ့ကျုပ်က ပိုက်ဆံသာရမယ်ဆိုရင် ငရဲမင်းရဲ့ဆံပင်မွှေးတောင် နှုတ်မဲ့လူမျိုးဗျ ဟား ဟား ဟား … ခဗျားကိစ္စအဆင်ပြေပြီလို့သာ သက်မှတ်လိုက်တော့ဗျာ”

” ဟုတ်ကဲ့ပါဆရာထွန်း အားကိုးပါတယ်ဗျာ ”

၎င်း အသက်၅၀ ဝန်းကျင်ခန့်ရှိ လူကြီးသည်လည်း ဆရာထွန်းလူအား ကိစ္စတစ်ခုကိုလျှို့ဝှက်စွာ လုပ်ဆောင်ခိုင်းလိုက်ပြီးနောက် ဆရာထွန်းလူကိုနှုတ်ဆက်ကာ ပြန်သွားလေသည်။

+++++++++++++++++++++++

တိတ်ဆိတ်ငြိမ်သက်သော ညသန်းခေါင်ယံအချိန်၌

” အမယ်လေး … သေပါပြီ ”

” အောင့်တယ်… အောင့်တယ် ”

” ကျွတ်.. ကျွတ် ..အား ”

ဟူသော ညည်းငြူသံသည် သရက်တောရွာ၏ဘုန်းကြီးကျောင်းပေါ်ရှိ ဆရာတော်ဦးတေဇောထံမှ ထွက်ပေါ်လာလေသည်။ ဆရာတော်ဦးတေဇော၏ ညည်းညူသံအား အခန်းခြင်းကပ်ရက်နေထိုင်သူ ဦးဇောတိက ကြားလိုက်ရသောအခါ

” ကိုရင်ဝိသုတ ကိုရင်ဝိသုတ … ထအုံး ”

” တင်ပါ့ဘုရား ထပြီဘုရား ”

ကိုရင်ဝိသုတတစ်ယောက်လည်း ဥူးဇင်းဇောတိကနှိုးလိုက်သဖြင့် ကာပြာကယာ ထလိုက်လေသည်။

” ကိုရင် ဆရာတော် အောင့်တယ်ဆိုပြီးအော်နေတယ်. . အဲဒါ ရွာထဲကဆေးဆရာကို သွားပင့်ချေ ”

” တင်ပါ့ဘုရား တပည့်တော်အခုပဲ သွားပင့်လိုက်ပါ့မယ်ဘုရား ”

ကိုရင်ဝိသုတတစ်ယောက်လည်း ဆေးဆရာပင့်ရန် ကျောင်းပေါ်မှဆင်း၍ ရွာထဲသို့ထွက်သွားလေသည်။ တခနအကြာတွင် ကိုရင်ဝိသုတသည် အသက်၅၀ခန့်ရှိ လူကြီးတစ်ယောက်နှင့်အတူ ကျောင်းပေါ်သို့တက်လာလေသည်။ ထိုလူကြီးပါလာသည်ကို ဦးဇောတိကတွေ့လိုက်ရသောအခါ

” ဒကာကြီး ဒီဘက်ကိုကြွပါ ”

ဟုပြောပြီး ဆရာတော်၏အခန်းသို့ ထိုလူကြီးနှင့်အတူ လိုက်ပါဝင်လိုက်လေသည်။ အခန်းအတွင်းသို့ရောက်သော် လဲလျောင်းနေသော ဆရာတော်အား

” ဆရာတော် ဘယ်လိုဖြစ်တာပါလည်းဘုရား ”

” ဘယ်လိုဖြစ်မှန်းကိုမသိပါဘူး ဒကာကြီးရယ် တစ်ချက်တစ်ချက် ထိုးထိုးအောင့်နေတာပါပဲ ”

” အခုရော သက်သာလားဘုရား ”

” သက်သာပါတယ် ဒကာကြီးဦးညိုမောင်းရယ် ”

သူ့ကြီးဦးညိုမောင်းသည် သူကြီးဖြစ်ရုံမကပဲ ဆေးဆရာတစ်ဦးလည်း ဖြစ်လေသည်။ဦးညိုမောင်းလည်း မိမိရဲ့ဆေးပညာဖြင့် ဆရာတော်ရဲ့ဗိုက်အောင့်ဝေဒနာအား စမ်းသပ်လေရာ ရောဂါပင်ရှာမတွေ့ပေ။
ဤသို့ဖြင့် သုံးလေးရက်ကြာသည်ထိ ဆရာတော်ရောဂါမှာ မသက်သာသဖြင့် မြို့ဆေးရုံသို့ပင် တင်လိုက်ရလေသည်။
ဆရာတော်ဆေးရုံရောက်နေစဉ်အခိုက် သရက်တောရွာလေး၏ သန်းခေါင်ယံအချိန်၌

” အူး … ဝူး … ဝူး …”

” အူး… ဝူး … ဝူး… ”

” အူး…ဝူး…ဝူး ”

” ဟ ..ခွေးတွေအူလှချီလား ရွာကိုများသူခိုးကပ်လေသလား ”

ဟု ပါးစပ်မှတီးတိုးစွာရေရွတ်လိုက်ပြီး အရီးမြတစ်ယောက် ရေနံဆီမီးခွက်လေးအား ကိုင်ကာ အိမ်အောက်သို့ဆင်းလိုက်ပြီး ခြံအပြင်သို့ ရေနံဆီမီးခွက်လေးအားမြှောက်၍ ကြည့်လိုက်ရာ မှောင်မိုက်နေသောည၏ အမှောင်ထုအား ရေနံဆီမီးခွက်၏အလင်းရောင်လေးက ဖောက်ထွင်းသွားစဉ် ၎င်းအလင်းရောင်အတွင်း၌ ပုံရိပ်တစ်ခုအား အရီးမြတစ်ယောက် မြင်လိုက်ရလေသည်။

” အမယ်လေး မ…မဖဲဝါကြီးတော့ ”

ဟုပြောကာ ထိုနေရာ၌ပင် သတိလစ်သွားလေသည်။

မနက်မိုးသောက်အလင်းရောက်သော် မအေးပုံတစ်ယောက်အိပ်ယာမှနိုးလာ၍ မျက်နှာသစ်ရန် ခြံထဲရှိရာဝင်ရေအိုးကြီးများဆီသို့ လျှောက်လာလေသည်။ မအေးပုံလည်း မျက်နှာများသစ်ပြီးနောက် တစ်ဖက်ခြံအားကြည့်လိုက်ရာ ထိတ်လန့်သွား၏။ အဘယ့်ကြောင့်ဆိုသော် အိမ်၏အရှေ့ခြံထဲ၌ လဲလျောင်းနေသော အရီးမြအား တွေ့လိုက်ရသောကြောင့်ဖြစ်လေသည်။ မအေးပုံလည်း အရီးမြအားစိုးရိမ်ကာ ပြေးပွေ့လိုက်ပြီး

” အရီးမြ . . အရီးမြ .. သတိရပါအုံးတော့ ”

” ဟဲ့အေးပုံ အရီးမြ ဘာဖြစ်တာလည်း”

” ခြေမကိုချိုးလိုက် အေးပုံ”

မအေးပုံ၏အော်ခေါ်သံကြောင့် ဘေးအိမ်နီးနားခြင်း များပါရောက်လာပြီး အရီးမြအားသတိရအောင် ဝိုင်းကူလုပ်ပေးလေသည်။ခနအကြာတွင်…

” ကျွတ်…ကျွတ်..”

ဟူသောစုပ်သပ်သံနှင့်အတူ အရီးမြသတိရလာပြီး

” မဖဲဝါ… မဖဲဝါ.. ”

ဟု ကယောင်ကတန်း ထအော်လေသည်။

” အရီးမြ .. အရီးမြသတိထားလေ… သမီးအေးပုံလေအရီးမြရဲ့ ”

” သြော်… အေးပုံတို့ပါလား ”

” ဟုတ်တယ်အရီးမြ မနက်ကသမီးမျက်နှာသစ်ပြီး အရီးမြတို့အိမ်ဘက်ကိုကြည့်လိုက်တော့ အရီးမြခြံထဲမှာလဲနေတာ တွေ့လို့က်လို့ရတယ် …အဲဒါနဲ့ပဲသမီးလည်း အရီးမြဆီကိုပြေးလာတာ ”

” အေးပုံရယ် ငါညကလေ … အိမ်ရှေ့မှာ ..အိမ်ရှေ့မှာလေ အဝါရောင်ထမီကိုရင်လျားထားပြီး ခေါင်းကြီးကိုရွက်လို့ လမ်းလျှောက်နေတဲ့ မဖဲဝါကြီးကိုတွေ့လိုက်ရတယ်ဟေ့ ကြောက်စရာကြီး ဟီး ဟီး ”

အရီးမြလည်း ညကမိမိမြင်လိုက်ရသော မြင်ကွင်းများအား ပြန်လည်ပြောပြရင်း ကြောက်လန့်ကာ တုန်ရီလာလေသည်။

” ဟာ ”

” ဟင် ဒီအတိုင်းဆို တို့ရွာတော့ခိုက်ပြီထင်တယ် ”

အရီးမြခြံ၏နှစ်ခြံကျော်က ဦးအုန်းမောင်မှ ဝင်ပြောလိုက်ခြင်းဖြစ်လေသည်။

ဤသို့ဖြင့် သရက်တော့ရွာလေး၏ ရွာမြောက်ပိုင်းတွင် ညသန်းခေါင်ယံအချိန်သို့ရောက်သော်

” အူး… ဝူး…ဝူး..”

” အူး… ဝူး..ဝူး ”

ဆွဲငင်သောခွေးအူသံများ ထွက်ပေါ်လာပြီးနောက် ရွာလမ်းမကြီးထက်၌ အဝါရောင်ထဘီအားရင်လျားထားပြီး ကြီးမားသောအခေါင်းကြီးအားထမ်းထားကာ လမ်းလျှောက်နေသော အမျိုးသမီးတစ်ဦးအား ရွာသူရွာသားများမှ တွေ့ရလေသည်။ ညတိုင်းဆိုသလို ထိုသို့ခြောက်လန့်ခံနေရသဖြင့် ရွာသူရွာသားများသည်လည်း ကြောက်လန့်လာကာ မိုးစချုပ်တာနဲ့တံခါးပိတ်၍ စောစောပင်အိပ်ယာ ဝင်ကြလေသည်။ ညနေညခင်းများတွင် အပေါ့အပါးများပင် မသွားရဲကြပေ။ မည်သည့်အသံကြားကြား ထမကြည့်ဝံပေ ။အကြောက်တရားများသည် ရွာသူရွာသားများအပေါ်၌ ကြီးစိုးနေလေသည်။ ထိုသို့ဖြင့် ရွာမြောက်ပိုင်း၏အဝတွင်

*ညမထွက်ရ*

ဟူသောဆိုင်းဘုတ်အား ချိတ်ဆွဲထားလေသည်။

ဤကိစ္စနှင့်ပတ်သတ်၍ သူကြီးဦးညိုမောင်းတစ်ယောက် ခေါင်းအင်မတန်ခဲလေသည်။ မြို့ဆေးရုံ၌ သွားကုသနေသော ဆရာတော်ကလည်း မသက်သာချေ။ မိမိအုပ်ချူပ်ရသော သရက်တောရွာရဲ့မြောက်ပိုင်းမှာလည်း မဖဲဝါ၏ခြောက်လန့်မှုကြောင့် ရွာသူရွာသားများမှာ အထိတ်တလန့်ဖြစ်ကာ ကျီးလန့်စာစားဖြစ်နေလေသည်။ မိမိရပ်ရွာအေးချမ်းရေးအတွက် ရှေးရှုကာ တတ်သိနားလည်သောလူကြီးသူမများဖြင့်တိုင်ပင်ကာ ပရောဂါဆရာ ရှာပုံတော်ဖွင့်လေသည်။
++++++++++++++++++++++

မင်းအောင်နှင့်ပြည့်ဖြိုးတို့ ဆရာတပည့်နှစ်ယောက်လည်း လုံးဟီးရွာလေး၏ ကဝေအတိုက်အား ကယ်တင်ကုသပြီးခရီးဆက်လာရာ သရက်တောရွာလေး၏အဝသို့ပင်ရောက်လာလေသည်။

” ဆရာ.. ဒီဆိုင်းဘုတ်နဲ့ ရွာလမ်းမက ထူးဆန်းနေသလိုပဲ ”

ကျွန်တော်လည်း ပြည့်ဖြိုးပြောလို့ကြည့်လိုက်ရာ… ရွာအဝင်လမ်းမကြီးမှာ နှစ်ခုဖြစ်နေပြီး လမ်းမကြီးတစ်ခု၏ ဘေးရှိသစ်ပင်၌
* ညဘက်မထွက်ရ *
ဟူသောစာသားအား သစ်သားပြားပေါ်တွင် အနီရောင်ဆေးများဖြင့် ရေးသားထားသည်ကို ထူးဆန်းစွာတွေ့မြင်လိုက်ရလေသည်။ ထို့နောက် ကျွန်တော်လည်း စိတ်ထဲထင့်နေသဖြင့် အာရုံစူးစိုက်၍ကြည့်လိုက်ရာ ၎င်းရွာအတွင်း၌ အမဲရောင်အခိုးအငွေ့များ များစွာပျံလွင့်နေသည်ကို တွေ့လိုက်ရ၏။
ထို့ထက်ထူးဆန်းသည်ကား ၎င်းအမဲရောင်အခိုးအငွေ့များသည် ရွာ၏မြောက်ပိုင်းတွင်သာ ပျံလွင့်နေလေပြီး တောင်ပိုင်းသည်ကား ပုံမှန်အတိုင်းပင်ဖြစ်လေသည်။

” ပြည့်ဖြိုးရေ.. တို့တွေဒီရွာထဲကိုသွားကြမယ် ”

” ဟုတ်ကဲ့ ဆရာ ”

ပြည့်ဖြိုးလည်းဆရာဖြစ်သူ၏ ဆုံးဖြတ်ချက်အတိုင်း ရွာထဲသို့ဝင်လာလိုက်လေသည်။မိမိ၏စိတ်ထဲတွင်ကား ဤရွာ၏ထူးဆန်းမှုများအား ဆရာဖြစ်သူမင်းအောင်ကို မေးရန်ကြံရွယ်နေစဉ်အခိုက်…

” ပြည့်ဖြိုး မင်းဒီရွာရဲ့ထူးဆန်းမှုတွေကို သိချင်နေတာမဟုတ်လား ”

” ဟုတ်တယ်ဆရာ… တခြားရွာတွေဆို ရွာဝင်လမ်းမက တစ်လမ်းထဲပဲရှိတာ.. အခုရွာက ရွာဝင်လမ်းမ နှစ်လမ်းတောင်… နောက်ပြီး ဟိုသစ်ပင်မှာလည်း ညဘက်မထွက်ရ ဆိုတဲ့စာတန်းရေးဆွဲထားသေးတယ် ”

” ဒီလိုကွပြည့်ဖြိုးရ ရွာလမ်းနှစ်ခုရှိရတဲ့အကြောင်းအရင်းက ရှင်းပါတယ်ကွာ … ရွာတောင်ပိုင်းနဲ့မြောက်ပိုင်းမတည့်လို့ ရွာဝင်လမ်းနှစ်ခုလုပ်ထားတာ … မင်းပြောတဲ့ ညဘက်မထွက်ရ ဆိုတဲ့ဆိုင်းဘုတ်အကြောင်းကတော့ မကြာခင်သိရလာမှာပါကွာ ”

ပြည့်ဖြိုးလည်း ဆရာဖြစ်သူမင်းအောင်က ရွာရဲ့အခြေနေကို ပါးနပ်စွာသုံးသပ်ပြသွားပုံကို ကြည့်ပြီးသဘောကျကာ

” ဆရာက ဥာဏ်အတော်ထက်တာပဲ ” ဟု ချီးမွန်းခန်းဖွင့်လေသည်။

” ဒါကတော့..ဓမ္မစကားနေ့တိုင်းကြား စိတ်ထားဖြူစင် ဉာဏ်စင်ထက်၏ ဆိုသလို ဓမ္မတရားတော်တွေကို များများနာယူလေဉာဏ်စင်ထက်လေပဲပေါ့ကွာ … မင်းလည်းဉာဏ်စင်ထက်ချင်ရင် တရားများများနာပေါ့ကွာ ”

” ဟုတ်ကဲ့ဆရာ.. ကျွန်တော်အားတဲ့အချိန်တရားတော်တွေ နာယူပါ့မယ် ”

မင်းအောင်နှင့်ပြည့်ဖြိုးတို့ စကားပြောရင်းလမ်းလျှောက်လာရာ ရွာလမ်းထက်၌ အမျိုးသမီးတစ်ဦးလမ်းလျှောက်လာသည်ကို တွေ့လိုက်ရသဖြင့်

” အစ်မ တစ်ခုလောက်မေးချင်လို့ဗျ ”

” ဟုတ်ကဲ့ မေးပါရှင့် ”

” ဒီရွာက သူကြီးအိမ်ကိုသွားချင်လို့ပါ … အဲတာသူကြီးအိမ်ကို လမ်းညွှန်းပေးနိုင်မလား အစ်မ ”

ကျွန်တော်လည်း ထိုအမျိုးသမီးအားထိုကဲ့သို့ပြောလိုက်ရာ

” သြော်.. ဒီကမောင်လေးတွေက သူကြီးအိမ်သွားချင်တာကို… အစ်မလိုက်ပို့ပေးပါ့မယ် ”

” ဟုတ်ကဲ့ ကျေးဇူးပါအစ်မ ”

သရက်တောရွာလေး၏ မြေသားရွာလမ်းမကြီးထက်သို့ အမျိုးသမီးတစ်ဦးသည် ရှေ့ကနေဦးဆောင်၍လျှောက်လာကာ ထိုမိန်းကလေး၏နောက်တွင်ကား လူရွယ်နှစ်ဦးတို့သည် ထက်ကြပ်မကွာလျှောက်လာလေ၏။ ထိုသုံးယောက်တို့သည် နေရာတစ်ခုသို့အရောက်တွင် လျှောက်နေသော ခြေလှမ်းများအားရပ်လိုက်ပြီး

” သူကြီးရေ … သူကြီး.. သူကြီး ”

အော်ခေါ်ကာ အေးပုံတစ်ယောက် သူကြီးခြံထဲသို့ ဝင်လာလေသည်။ အေးပုံ၏အော်ခေါ်သံကြောင့် သူကြီးဦးညိုမောင်းတစ်ယောက် အိမ်ထဲကနေ ထွက်လာကာ

” ဘာဖြစ်လို့လည်း အေးပုံ ”

” ဒီလိုသူကြီးရဲ့..ဒီကဧည့်သည်နှစ်ယောက်က သူကြီးဆီလာချင်တယ်ဆိုလို့ အဲဒါလိုက်ပို့ပေးတာ ”

သူကြီးဦးညိုမောင်လည်း အေးပုံခေါ်လာသော ဧည့်သည်နှစ်ယောက်ကို မျက်ခုံးများပင့်ကာ တစ်ချက်ကြည့်လိုက်ပြီး

” မောင်ရင်တို့က ဘယ်သူတွေလည်း ”

” ကျွန်တော်တို့က ခရီးသွားတွေပါဦးကြီး.. ခရီးဆက်ရင်းအချိန်လင့်နေပြီမို့ ဦးကြီးတို့ရွာမှာ တစ်ညလောက်တည်းခိုချင်လို့ပါ ”

” အွန်း …ငါတူတို့ကခရီးသွားတွေဆိုတော့လည်း ဒီတစ်ညတော့ ဦးကြီးရဲ့အိမ်မှာပဲတည်းပေါ့ကွယ် … ဒါပေမဲ့ ”

ဟုဖြင့် စကားတစ်ဝက်တစ်ပျက်ဖြင့် မျက်မှောင်တစ်ချက် ကျုံ့သွားလေသည်။

” ဦးကြီး ..ဘာကိစ္စရှိလို့လည်း ကျွန်တော်တို့ကိုအားမနာပါနဲ့ … ဦးကြီးတို့ဘက်ကအဆင်မပြေရင်လည်း ကျွန်တော်တို့တခြားရွာမှာ တည်းခိုလိုက်ပါ့မယ် ”

လို့ ကျွန်တော်လည်း စကားဝင်ထောက်လိုက်ရာ

” ငါ့တူတို့ကို မတည်းစေချင်လို့မဟုတ်ပါဘူး.. ဦးကြီးတို့ရွာမှာ အခက်အခဲတစ်ခု ကြုံနေရလို့ပါ ”

” ဦးကြီးတို့ ကြုံနေရတဲ့အခက်အခဲက ရွာရဲ့ဆရာတော်က ဗိုက်အောင့်နေတဲ့ဝေဒနာကိုခံစားနေရပြီး ရွာရဲ့မြောက်ပိုင်းမှာ ညဘက်တွေဆို ခွေးတွေတစ်စီစီအူပြီး
မိန်းမတစ်ယောက်အခေါင်းထမ်းပြီးလမ်းလျှောက်နေတာကို မြင်နေရတာမဟုတ်လား ”

” ဟာ… ငါ့တူကဘယ်လိုသိတာလည်း ”

” ကျွန်တော်တို့က အထက်လမ်းပညာမတောက်တခေါက်တက်ပါတယ် ဉာဏ်မှီသလောက်လေး မစို့မပို့သိတာပါ ”

” ဟား ဟား မိုက်တယ်ဟေ့… ရေငတ်နေတုံးရေတွင်းထဲကျဆိုသလို ရွာမှာဖြစ်နေတဲ့အခက်အခဲအတွက် ဆရာရှာနေတုံး ဆရာတွေကရွာကိုရောက်လာတယ်ဟေ့ ”

” ဆရာလေးတို့ အပေါ်ကြွကြပါရှင် ”

ကျွန်တော်တို့ကို အထက်လမ်းဆရာတွေမှန်းလည်းသိရော သူကြီးနဲ့သူ့မိသားစုတို့ကပါ ပြာပြာသလည်း ဧည့်ခံလေသည်။

ထိုနောက် ကျွန်တော်လည်း စကားစလိုက်၏။

” ဦးကြီး ရွာအခုလိုတွေဖြစ်လာပုံကို ကျွန်တော်တို့ကိုပြောပြလို့ရမလား ”

” ရတာပေါ့ဆရာလေးတို့ရ…ဖြစ်ပုံကဒီလိုဗျ….”

ဦးညိုမောင်းလည်း မိမိတို့ရွာဒုက္ခရောက်နေသောအချိန်၌ မမျှော်လင့်ပဲရောက်လာသော ဆရာလေးတွေအား… ဆရာတော်ကြီးပျံလွန်တာကစလို့ အရီးမြသတိလစ်သည်ထိ အကြောင်းစုံအသေးစိပ်အား စိတ်ရှည်လက်ရှည် ရှင်းပြလိုက်လေသည်။

” သြော်.. ဒီလောက်သိရရင်လုံလောက်ပါပြီ မနက်ဖြန်ကြရင်ကျွန်တော်တို့ အခုဖြစ်နေတဲ့ပြသနာတွေအကုန်လုံးကို ရှင်းပေးပါ့မယ် … ဦးကြီးအနေနဲ့က ဆရာတော်ကိုဆေးရုံကနေ ရွာကိုပြန်ပင့်ပေးပါ … ဆရာတော်ကိုသက်သာအောင် ကျွန်တော်တို့လှမ်းတားပေးထားပါ့မယ် ”

” ဟုတ်ကဲ့ဆရာလေး… ဒါပေမဲ့ဆရာတော့်ကို ဆေးရုံကပေးဆင်းပါ့မလား ”

” အဲဒါလွယ်ပါတယ်ဦးကြီးရယ် ဆရာတော်ရွာကိုပြန်ပြီးဝါပန်မလို့ ခေတ္တဆင်းပရစေဆိုပြီး ဆေးရုံအုပ်ကြီးကိုပြောလိုက်ပေါ့ ”

ပြည့်ဖြိုးမှ ဝင်ပြောလိုက်ခြင်းဖြစ်လေသည်။

” ဆရာလေးကတယ်လည်း ဉာဏ်ကောင်းသကို… ”

ဦးညိုမောင်းမှပြည့်ဖြိုးအား ချီးမွမ်းခန်းဖွင့်လိုက်သောအခါ ပြည့်ဖြိုးမှာပြုံးစိစိဖြစ်သွားလေသည်။ ဤသို့ဖြင့် မင်းအောင်နှင့်ပြည့်ဖြိုးလည်း သူကြီးညိုမောင်းအိမ်၌ တည်းခိုလိုက်လေသည်။ ညရောက်သောအခါ

” အူး …ဝူး…ဝူး.. ”

” အူး…ဝူး…. ဝူး… ”

” ပြည့်ဖြိုး ခွေးအူသံတွေကြားလား ”

” ကြားတယ်ဆရာ ခွေးကဆွဲဆွဲငင်ငင်ကိုအူနေတာနော် ”

” ဟုတ်တယ်ကွ… မင်းအထက်ဆရာကြီးတွေဆီက အမြင်စက်တောင်းပြီး ရွာလမ်းမကိုကြည့်ကြည့်လိုက် ”

” ဟုတ်ကဲ့ဆရာ ”

ပြည့်ဖြိုးလည်း အထက်ဆရာသခင်များထံမှ အမြင်စက်များတောင်းခံပြီး ရွာလမ်းမအားကြည့်လိုက်ရာ…

‌ ” အိုးဟိုး… ဆရာရေနည်းနည်းနောနောမဟုတ်ဘူးဗျ ရွာလမ်းမတစ်လျောက်မှာ အရွယ်စုံနာနာဘာဝတွေကို ပြည့်နေတာပဲဗျ … နာနာဘာဝတွေအလယ်မှာ မိန်းမတစ်ယောက်က အဝါရောင်ထမီကိုရင်လျားထားပြီး ခေါင်းတစ်လုံးကိုထမ်းပြီး လမ်းလျောက်နေတာဗျ ”

” အေး အဲဒါမဖဲဝါကွ ”

” ဗျာ… မဖဲဝါတောင်စေခိုင်းပြီး ရွာကိုတိုက်နိုင်တယ်ဆိုတော့ ဒီလူရဲ့ပညာကမခေဘူးပဲနော်ဆရာ ”

” ဟုတ်တယ်ပြည့်ဖြိုး အဲဒီလူကကိုးကျင်းအောင်ထားတဲ့ အောက်လမ်းဆရာပဲ… မနက်ကြတော့ တွေ့ကြတာပေါ့ကွာ ”

ကျွန်တော်နဲ့ပြည့်ဖြိုးလည်း ထိုည၌မနက်ဖြန်ကုပွဲအတွက် လိုအပ်တာများပြင်ဆင်ပြီး အိပ်ယာဝင်ခဲ့လိုက်သည်။

” အောက်.. အီး…အီး..အွတ် ”

‌” အောက်..အီး..အီး.. အွတ်.. ”

လင်းကြက်တွန်သံနှင့်အတူ ကျွန်တော်နှင့်
ပြည့်ဖြိုးလည်းနိုးလာကာ .. . သူကြီးဦးညိုမောင်းပြင်ပေးထားသော မနက်စာအားစားလိုက်ပြီး ကျွန်တော်လည်း

” ဦးကြီးတို့ဆေးကုဖို့ဘယ်မှာစီစဉ်ထားလဲ ”

” ဘုန်းကြီးကျောင်းမှာ စီစဉ်ထားတယ်ဆရာလေး … နောက်ပြီး ဆေးရုံကနေဆရာတော်ကိုပြန်ပင့်ဖို့အတွက်လည်း ရွာသားနှစ်ယောက်ကိုလွှတ်လိုက်တယ်… ညနေလောက်ဆို ဆရာတော်ပြန်ရောက်လောက်ပြီဆရာလေး ”

” ဟုတ်ကဲ့ဦးကြီး ဒါဆိုကျွန်တော်တို့ ဘုန်းကြီးကျောင်းကိုသွားကြတာပေါ့ ”

” ဟုတ်ကဲ့ဆရာလေး ”

ကျွန်တော်နှင့်ပြည့်ဖြိုးလည်း သူကြီးဦးညိုမောင်းနှင့်အတူ ဘုန်းကြီးကျောင်းရှိရာဘက်သို့ လျှောက်လာခဲ့လိုက်သည်။ သိပ်၍ပင်မလျှောက်လိုက်ရ ထမင်းအိုးတစ်လုံးချက်လောက်အကြာတွင် ဘုန်းကြီးကျောင်းသို့ ရောက်လာခဲ့သည်။ ထို့နောက် ကျွန်တော်တို့လည်း ဆေးကုသရန်အတွက် အုန်း၊ငှက်ပျော၊အမွှေးနံသာစုံလင်စွာဖြင့် ဆေးပွဲတစ်ပွဲအား ပြင်လိုက်ပြီးသောအခါ နတ်ဝင်သည်နေရာအား မအေးပုံကိုထားရှိလိုက်ပြီး ရွာကိုနှောက်ယှက်ထားသော ပုဂ္ဂိုလ်အားဆင့်ခေါ်လိုက်လေသည်။ ခနအကြာတွင် မအေးပုံတစ်ယောက် တုန်ရီလာကာ

” ငါ့ကို ခေါ်တာဘာကိစ္စလည်း ”

ဟုအသံသြသြကြီးဖြင့်ပြောလေသည်။

” ဒီမယ်မဖဲဝါ …ခဗျားဘာလို့ရွာကိုနှောက်ယှက်ထားတာလည်း ”

ကျွန်တော်လည်း ထိုသို့ပြောလိုက်ရာ

” ဟား… ဟား… ဟား.. ငါဘယ်သူလည်းဆိုတာပါသိနေပါလား ဘယ်ဆိုးလို့လည်း ဆရာပေါက်စလေးတွေရ ”

” ကျုပ်ကခဗျားကို မေတ္တာနဲ့ပြောရင်မေတ္တာနဲ့ တုန့်ပြန်ပါ… မဟုတ်ရင်ခဗျားဒဏ်ပေးခံရမယ် ”

” ဆရာပေါက်စတွေကလည်း အလာကြီးပါလား ”

” ဒီလောက်တောင်ဖြစ်တာ…လက်ယာလက်ဝဲဂုမ္ဘာန်ကြီးများ အဲဒီအစွဲကို နှဖူးနဲ့ကြမ်းပြင်ကို ဆယ်ချက်လောက်ပြင်းပြင်းလေးတိုက်ပေးပါ ”

ကျွန်တော်လည်းထိုသို့ပြောလိုက်ရာ မဖဲဝါဝင်ပူးခံနေရသော မအေးပုံတစ်ယောက် နှဖူးနှင့်ကြမ်းပြင်အား ” တဒုန်း…ဒုန်း..ဒုန်း “ဖြင့်
ဆောင့်လေသည်။

” ကဲ… မဖဲဝါဘယ်လိုလည်း ကျုပ်တို့မေးတာဖြေမလား ဒဏ်ပေးခံမလား ”

” ဆရာလေးတို့မေးတာဖြေပါ့မယ် ဒဏ်မပေးပါနဲ့တော့ ”

” ကောင်းပြီ ….ဒါဆိုရင်ကျုပ်မေးမယ် ခဗျားဒီရွာမြောက်ပိုင်းကို စနေသားဆရာခိုင်းလို့လုပ်ထားတာမဟုတ်လား ”

” ဟုတ်ပါတယ်… ကျမကိုအမဲသားငါးပိသာ ကျွေးပြီး ဒီရွာမြောက်ပိုင်းကိုနှောက်ယှက်ခြောက်လန့်ခိုင်းထားတာပါ ”

” ကောင်းပြီ ခဗျားနောက်နောင်ဒီရွာကို မနှောင့်ယှက်နဲ့တော့..ကြားလား ”

” ဟုတ်ကဲ့ .. နောက်မနှောက်ယှက်တော့ပါဘူး ”

” ဒါဆို ခဗျားဒီရွာကိုနောက်နောင် မနှောက်ယှက်ပါဘူးဆိုတာ သစ္စာရေသောက်သွားရမယ် ပြီးရင်ခဗျားရဲ့နောက်လိုက်နောက်ပါ နာနာဘာဝတွေကိုပါ တစ်ခါထဲပြန်ခေါ်သွားရယ် ”

” ဟုတ်ကဲ့သောက်ပါ့မယ် ကျမရဲ့နောက်လိုက်တွေကိုလည်း ပြန်ခေါ်သွားပါ့မယ် ”

ကျွန်တော်လည်းမဖဲဝါအား သစ္စာရေ
စမမန်းရေအားတိုက်ကာ ပြန်လွှတ်လိုက်ပြီးနောက် ရွာသူရွာသားများအား စမရေမန်းများကို တစ်ယောက်ခြင်းစီတိုက်လိုက်ရ၏။အချိန်ပင် ညနေစောင်းသို့ပင် ရောက်ရှိလာလေသည်။

” ဆရာလေးတို့က ပညာအတော်ထက်တာပဲနော် မဖဲဝါကိုတောင်အသာလေးနိုင်တယ် ”

ဦးညိုမောင်းမှ ပြောလိုက်ခြင်းပင်ဖြစ်လေသည်။

” မဖဲဝါအဆင့်က သရဲအဆင့်ပဲရှိပါတယ်ဦးကြီးရာ ဒီကိစ္စတွေရဲ့အဓိကတရားခံက နောက်ကွယ်က ခိုင်းစေသူပဲဗျ ”

ကျွန်တော်နှင့်ဦးညိုမောင်းပြောနေစဉ်အခိုက်

” လမ်းဖယ်… လမ်းဖယ် ဆရာတော်ကြွလာပြီ ”

ဟူသောအသံနှင့်အတူ ယိုင်နဲ့နေသောဆရာတော်အား ဘေးမှရွာသားနှစ်ယောက်ကတွဲကာ ဆေးကုသရာနေရာသို့ ခေါ်ဆောင်ဘာလေသည်။ ကျွန်တော်တို့လည်း ဆရာတော်အား သင့်တင့်လျောက်ပတ်သောနေရာ၌ ထိုင်စေပြီး ခုနကမအေးပုံအား ဆရာတော်ကိုယ်စား တည်ကုလေသည်။ မအေးပုံး၏ လက်ယာ လက်ဝဲ အနောက်အား မီးစက်သုံးခုချလိုက်လေပြီးကိုယ်စား တည်ကုလေသည်။ မအေးပုံ၏ လက်ယာ လက်ဝဲ အနောက်အား မီးစက်သုံးခုချလိုက်လေပြီး မီးစက်မီးတောက်ဆရာကြီးများအား ပင့်ဖိတ်လိုက်လေသည်။

” ကဲ ..မအေးပုံ လက်အုပ်လေးချီထား ဘုရားကိုအာရုံပြုထားနော် ”

” ဟုတ်ကဲ့ ဆရာလေး ”

” ဆရာတော်အား ပြုစားနှောက်ယှက်ထားသောပုဂ္ဂိုလ်သည် ပဋ္ဌမံမီးစက်အတွင်းသို့ ချည်ပြီးတုပ်ပြီး ရောက်ရှိပါစေသား… ”

ဟုကျွန်တော်မှာပြောလိုက်ရာ မအေးပုံတစ်ယောက် တင်ပလ္လင်ခွေထချိတ်ကာ

” မသေချင်ရင်ငါ့ကိစ္စဝင်မရှုပ်နဲ့… ကိုယ့်လမ်းကိုယ်သွား ဆရာပေါက်စလေးတွေရဲ့ ”

” ခဗျားကိုယ်ခဗျား တော်တော်အထင်ကြီးနေပါလား … ခဗျားဘယ်သူလည်းဆိုတာ ကျုပ်သိတယ် ”

” ဘယ်ဆိုးလို့လည်းကွ… ငါ့အကြောင်းတောင်သိနေပါ့လား ”

” ခဗျားဆရာတော်ကို ဘာဖြစ်လို့အခုလိုလုပ်ထားတာလည်း ”

ကျွန်တော်လည်း ထိုသို့မေးလိုက်ရာ

” ငါ့ကို သူများပိုက်ဆံပေးပြီးလုပ်ခိုင်းလို့ လုပ်တာကွာ ဘာဖြစ်လည်း ”

” ခဗျား ဆရာတော်ကို့ ဘာနဲ့လုပ်ထားတာလည်း ”

” ဟား ဟား မင်းတို့လိုဆရာပေါက်စလေးတွေ ဗဟုသုတရအောင် ပြောပြရသေးတာပေါ့ကွာ… နာမ်စားကဝေရုပ်ကို သိမ်ဝင်အပ်နဲ့ထိုးပြီး ပြုစားထားတာကွ …ကြားတောင်ကြားဖူးရဲ့လား ဆရာပေါက်စလေးတွေရဲ့… ”

” ကျုပ်မေတ္တာရပ်ခံတယ် ခဗျားဆရာတော်ကိုလုပ်ထားတာတွေ အကုန်ပြန်ယူသွားပါ ”

ကျွန်တော်လည်း မေတ္တာရပ်ခံလိုက်ရာ

” ဟား ဟား ဟား ငါဆိုတဲ့ကောင်က ထွေးပြီးသားတံတွေးကို ပြန်မြိုလေ့မရှိဘူးကွ ”

” ဖျောင်း.. ဖျောင်း..ဖျောင်း ”

အသံနဲ့အတူ အောက်လမ်းဆရာဝင်ပူးနေသော မအေးပုံတစ်ယောက် ခေါင်းငိုက်စိုက်သွားသည်။ အကြောင်းမှာ ဘေးနားမှထိုင်နေသော ပြည့်ဖြိုးမှဝင်ရိုက်လိုက်ခြင်း ဖြစ်လေသည်။ ကျွန်တော်လည်း

” ပြည့်ဖြိုး စိတ်ထိန်း ..သူ့အကုသိုလ်နဲ့သူသွားလိမ့်မယ် ”

ကျွန်တော်လည်း ၎င်းအောက်လမ်းဆရာအား ချော့တစ်ခါခြောက်တလှည့်ဖြင့် သူ့ပညာများပြန်ယူအောင်ပြောသော်လည်း ထိုအောက်လမ်းဆရာမှာ တင်းခံနေလေသည်။

” ကဲ ..ကျုပ်နောက်ဆုံးမေးမယ်… ခဗျားပညာခဗျား ပြန်ယူသွားမလား မယူသွားဘူးလား ”

” မယူဘူးကြာ လုံးဝမယူဘူး ”

” ကောင်းပြီ ခဗျားဘက်ကအဲလောက်မိုက်နေမှတော့ ကျုပ်လည်းလုပ်သင့်တာလုပ်ရတော့မှပေါ့ ”

ကျွန်တော်လည်း အထက်ဆရာသခင်များအားတိုင်တည်ပြီး တန်ပြန်စမဖယောင်းတိုင်အား ကြွေပန်ကန်းလုံးပေါ်၌တင်ထွန်းလိုက်လေသည်။ တဖြည်းဖြည်းနှင့်မီးတောက်များ လောင်ကျွမ်းလာပြီး စမဖယောင်းတိုင်ကုန်ခါနီးသောအခါ

” ဖောင်း…အား ”

အသံနဲ့အတူ တန်ပြန်စမဖယောင်းတိုင်အောက်က ခံထွန်းထားသော ကြွေပန်းကန်လုံးလည်းကွဲ အောက်လမ်းဆရာဝင်ပူးနေသော မအေးပုံလည်း ” အား ” ဟုအော်ကာ လဲကျသွားလေသည်။ ထို့နောက် မအေးပုံ၏မျက်နှာအား ရေမန်းဖြင့်တောက်ပေးလိုက်ရာ သတိပြန်လည်လာလေသည်။
ကျွန်တော်လည်းဆရာတော်အား စမရေမန်း တစ်ခွက်တိုက်လိုက်၏။ ဆရာတော်သည် ကျွန်တော်တိုက်သော စမရေမန်းအားသောက်ပြီးသောအခါ ထူထူထောင်ထောင်ဖြစ်လာလေသည်။ ဆေးကုခြင်းလုပ်ငန်းများ ပြီးစီးသောအခါ မိုးပင်ချုပ်နေလေသည်ဖြစ်သဖြင့် ထိုည၌ ကျွန်တော်တို့သည် ဆရာတော်ကျောင်း၌သာ တည်းခိုလိုက်လေသည်။
၎င်းညမှစ၍ ဆရာတော်၏ဗိုက်အောင့်သော ဝေဒနာလည်း ပျောက်ကင်းသွားပြီး သရက်တောရွာလေး၏မြောက်ပိုင်းတွင်လည်း တိဆိတ်ငြိမ်သက်ကာ အေးချမ်းသွားလေသည်။

မနက်မိုးသောက်အလင်းရောက်သော် ကျွန်တော်တို့ ဆရာတပည့်နှစ်ယောက်လည်း ဆရာတော်အား နှုတ်ဆက်ကန်တော့ကာ အဝေးတစ်နေရာသို့ ဦးတည်၍ထွက်ခွာလာလေသည်။

ထိုနေ့မှစ၍ သရက်တောရွာလေးတွင် အောက်လမ်းဆရာထွန်းလူတစ်ယောက် မရှိတော့ပေ။ အဘယ်ကြောင့်ဆိုသော် မိမိ၏မကောင်းမှုအတ္တတွေကြောင့် တန်ပြန်စမဖယောင်းတိုင်ရဲ့ ဇီဝိန်ချုပ်ခြင်းအားခံလိုက်ရလေသည်။ ထိုကိစ္စများဖြစ်ပြီးနောက် ဦးဘတုပ်တစ်ယောက် အသိစိတ်ပျောက်ကာ ရူးသွပ်သွားလေသည်။ စမဖယောင်းတိုင်မှာ သူ့မနောသူပြန် သူဒဏ်သူခံ ဆိုသောအရာများ ပါသည်မဟုတ်ပေလေားးးးးး။

## ပြီး ##
စာရေးသူ = ပိုင်လေး (မအူပင်မြေ )