ကညင်ပင်စောင့် သဘက်ကြီး

ကညင်ပင်စောင့် သဘက်ကြီး(စ/ဆုံး)
——————————-

” ဟော့ဒီက …..ပဲပြုတ် ”

” အမခင်စိန်ရေ ကောက်ညှင်းပေါင်း ပူပူလေး ”

” ဟဲ့ တိုးတိုးလုပ်စမ်းပါ လှရီရယ် ဒီမှာ ကျေးဇူးရှင်တွေဖျားနေကြတယ်ဟဲ့ နင့်အကိုကိုထိန်ဝင်းအတွက်ပဲ နှစ်ရာဖိုးထားခဲ့လိုက် ပိုက်ဆံနှစ်ရာ ကွမ်းအစ်ထဲထည့်ထားတာရှိတယ်ယူသွား ”

” သြော် ဟုတ်ကဲ့ ဟုတ်ကဲ့ ဒီမှာထားခဲ့ပြီနော်အမ ဒါနဲ့ကလေးတွေက ဘာဖြစ်တာလဲ ”

” ဘာဖြစ်ရမလဲအေ နေပူပူထဲ မျောက်ရှုံးအောင်လိုက်ဆော့ပြီး အခုတော့သေနာထနေကြတာ ”

ငဲ့နေတဲ့ထမင်းအိုးရေစစ်သွားတာနဲ့ ယောက်မနဲ့ဘယ်ညာမွှေနေတဲ့မခင်စိန်က သူမနဲ့ညီအမလိုခင်မင်ရတဲ့ ကောက်ညှင်းပေါင်းသည်ကို သားနှစ်ယောက်အကြောင်းဖောက်သည်ချနေကြတာပါ။

” အိမ်ကဟာတွေလဲ ဘာထူးလဲ အမခင်စိန်ရယ် မနက်ခင်းကျောင်းသွားရင် မိဘက အဖြူနဲ့အစိမ်းကိုသပ်သပ်ရပ်ရပ်ဝတ်ပေးလိုက်တယ် ပြန်လာရင်ကျွဲပေါက်ဖြစ်လာတာပဲ ”

” အေးဟယ် မထူးပါဘူးအေ အခုလာမယ့် ဒီဇင်ဘာကျောင်းပိတ်ရင် အိမ်ကမျောက်နှစ်ကောင်ကို ကိုရင်ဝတ်ပေးလိုက်မယ် ညည်းသားရော ပါဦးမလား ”

” ကောင်းတယ် အမရေ ကျမလဲ စဥ်းစားနေတာ လုပ် လုပ် ဟီးဟီး ”

” ဟာ အမေ ကောက်ညှင်းပေါင်းဝယ်နေတာလား သားတို့ကိုကျွေးအုံးလေ ”

” ဖြန်း ဖြန်း ”

” အားလားလား အဟင့် ဟင့် ဟင့် ”

” ငါထပ်လုပ်ရင် နာဦးမယ် ရင်ကြပ်ပြီး ချောင်းတွေ ဒီလောက်ဆိုးနေတာ သောက်စားတွေ့တော့ မြိုချင်နေသေးတယ် သွား နှစ်ယောက်စလုံးသွားအိပ်နေ ”

အင်္ကျီလက်ရှည်လေးတွေကိုယ်စီဝတ်ထားတဲ့ မခင်စိန်ရဲ့ကလေးနှစ်ယောက်က မိခင်မုံ့ဝယ်နေသံကြားတော့ အိပ်ခန်းထဲကနေအပြေးထွက်လာပြီး ပူဆာနေတာကြောင့် ဒေါသထွက်သွားတဲ့မခင်စိန်လည်း ကလေးတွေရဲ့တင်ပါးတွေကို ခပ်ဆတ်ဆတ်လေးရိုက်လိုက်ခြင်းဖြစ်ပါတယ်။

” အီးဟီး ဟီး အဟင့် ဟင့် ”

သိပ်မနာပေမဲ့ မိခင်ရဲ့အဆူမခံလိုတာကြောင့် ကလေးနှစ်ယောက်လဲ ငိုယိုပြီး အိမ်ထဲပြန်ဝင်သွားကြချိန် မုန့်သည်မလှရီကတော့ ဝယ်သူကိုပြုံးပြနှုတ်ဆက်ရင်စး တောင်းလေးကိုပြန်ရွက်လို့ ထွက်သွားချေပြီ။

” ဟော့ မုန့်ဟင်းခါး တော်ရေ့ ”
” မေရီး …”
” ဘာတုန်း ကောက်ညှင်းက နင်တို့အဖေပြန်လာရင်စားဖို့ ငါလဲမစားဘူး ”

” ဟို…မုန့် ”

” ဟင်းနော် …သေနာကျတွေ လုပ်စာတပြားတချက်မရှိပဲနဲ့ ….ခေါ်လိုက် ”

ဒီလိုဆိုပြန်တော့လဲ မခင်စိန်က သဘောတော့ကောင်းရှာပါတယ်။ သူမမှာ တနေ့တနေ့ အိမ်အလုပ်ကတဖက် လယ်ထဲဆင်းနေတဲ့လင်သားဖြစ်သူကို အလျင်မီအောင် ထမင်းဟင်းပြေးပို့ဖို့ကတဖက်နဲ့ နားရတယ်မရှိ။

ဒီကြားထဲ သားတော်မောင်နှစ်ယောက်က နေမကောင်းထဖြစ်လိုက်သေးတာမလို့ သားတို့ကျောင်းကိုခွင့်ပြေးတိုင်ပြီး ပြုစုရပါသေးတယ်။ ကမ္ဘာအလုပ်လုပ်ရဆုံးလူသားကိုပြပါဆိုရင် အိမ်ထောင်စုစာရင်းထဲ မှီခိုလို့သာရေးထားတဲ့ မိခင်တွေကလွဲလို့ မည်သူရှိနိုင်ပါမလဲ။

မခင်စိန်တို့က ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ် မအူတန်းရွာမှာ နေထိုင်ကြပါတယ်။ ယောကျ်ားဖြစ်သူကိုထိန်ဝင်းကတော့ သားမယားအပေါ်တာဝန်ကျေပြီး အလုပ်ကြိုးစားသူဖြစ်လို့ စားဝတ်နေရေးတော်အနည်းငယ်ချောင်လည်ကြပါတယ်။

ယောကျ်ားဖြစ်သူက စိတ်ရင်းကောင်းပေမဲ့ စိတ်တိုလာပြီဆိုရင် မိဘကိုတောင် ဘုကန့်လန့်
တိုက်တတ်တဲ့လူမျိုးဖြစ်လို့ သူမနဲ့လဲ မကြာခဏဆိုသလို တကျက်ကျက်ရန်ဖြစ်တတ်ပါသေးတယ်။ သို့ပေမယ့် ရန်ဖြစ်ပြီးတနာရီလောက်နေရင်တော့ ယောကျ်ားဖြစ်သူက လျော့ရင်လျော့မလျော့ရင် သူမကပဲအလျော့ပေးပြီး ပြေလည်သွားကြစမြဲပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

မအူတန်းရွာလေးက ရန်ကုန်-မန်းလေးလမ်းမကြီးဘေးမှာတည်ရှိတာကြောင့် ရွာသူရွာသားတို့စိုက်ပျိုးထားတဲ့ သီးနှံပင်စိမ်းစိမ်းလေးတွေက ကားနဲ့သွားလာလှုပ်ရှားနေရတဲ့လူတွေအတွက်တော့ မျက်စိပသာဒဖြစ်စရာနေရာလေးဆိုလဲ မမှားပါဘူး။ အလားတူပဲ ဝန်းကျင်ရွာတွေဖြစ်တဲ့ ရေဖြူ ကန်ကလေး ထော်နွတ်အစရှိတဲ့ ရွာတွေလဲရှိပါသေးတယ်။

အိမ်ခြေခုနှစ်ရာနီးပါးရှိတဲ့ မအူတန်းရွာလေးကို လာလည်မယ်ဆိုရင် ရွာလမ်းရဲ့တဖက်တချက်မှာ ကျူကလစ်ပင်(ကျူလစ်ပန်းမဟုတ်)တွေက အစီအရီပေါက်ရောက်နေပြီး ဆက်ဝင်လာခဲ့ရင်တော့ ရွာထိပ်မှာ လက်ပံပင်ကြီးတပင်(၂၀၁၃လောက်က မိုးကြိုးထိလို့ နိမိတ်မကောင်းတာနဲ့ ခုတ်ပစ်လိုက်ပြီလို့ သိရ) နဲ့ ကညင်ပင်ကြီးတပင်ကို မားမားကြီးမြင်ရပါလိမ့်မယ်။

ကညင်ပင်ကြီးနားမှာတော့ ရွာလမ်းတွေမြေဖို့စဥ်က မြေတွေသယ်ယူထားလို့ ကျင်းချိုင့်တွေဖြစ်နေတဲ့ လမ်းဘေး ရေအိုင်လေးတွေရှိပါတယ်။ မိုးတွင်းရေလျှံတဲ့အချိန် ဟိုင်းဝေးလမ်းမကြီးဘေးက ရေအိုင်တွေနဲ့ ဆက်သွားပြီး ငါတွေဝင်လာတတ်တာကြောင့် ဆောင်းဦးပေါက်လို ရေနည်းသွားတဲ့အချိန်ရောက်ရင် ရွာခံတချို့က ရေတွေပက်ထုတ်ပြီး ဖမ်းယူစားသောက်တတ်ကြပါသေးတယ်။

အနယ်နယ်အရပ်ရပ်က လူတွေအနေနဲ့ ကညင်ပင်ကို မြင်ဖူးတဲ့လူရှိသလို မမြင်ဖူးမတွေ့ဖူးတဲ့လူလဲ ရှိပါလိမ့်မည်။ ကညင်ပင်တွေမှာ အဖြူနဲ့အနီဆိုပြီး နှစ်မျိုးရှိပါတယ်။ ပင်စည်အဖြူရှိတဲ့ ကညင်ဖြူကတော့ နေရာစုံမှာပေါက်တတ်ပြီး ပင်စည်နီစွေးစွေးအရောင်ရှိတဲ့ ကညင်နီကတော့ နတ်အရမ်းကြီးတဲ့အတွက် တောနက်ကြီးတွေထဲမှာပဲ ပေါက်ရောက်လေ့ပါတယ်။ ဒါကလဲမထိုက်ရင် မမြင်ရဘူးလို့ ရှေးလူကြီးသူမတွေက ပြောစမှတ် ထားခဲ့ကြပါတယ်။

ကညင်ဖြူတွေမှာလဲ သေချာကြည့်ရင် ထူးခြားချက်ရှိနေပါသေးတယ်။ အပင်ငယ်စဥ်မှာ မထူးခြားပေမဲ့ အပင်ကြီးစဖြစ်ပြီဆိုကတည်းက ပင်စည်ဟာ တဖြောင့်တည်းတက်သွားပြီး ထိပ်ရောက်ကာမှ အကိုင်းအခက်တွေနဲ့ လှလှပပရှင်သန်တတ်တဲ့ အပင်မျိုးပါ။ ကျွန်းပင်လို အမြင့်ပင်တွေထဲပါလို့ အဝေးကလှမ်းကြည့်ရင် တခြားအပင်တွေထက် သူ့ကိုအရင်မြင်ရပါလိမ့်မယ်။

” ကိုစိုးမင်းရေ နားပြီလားဗျ ”

” အေးကွ ထိန်ဝင်းရ မနက်ဖြန် အကို့လယ်တွေစိုက်ရက်ရောက်ပြီဆိုတော့ ဒီနေ့စောစောနားရမယ်ဟေ့ ”

” ကျနော်တော့ မနားရသေးပါဘူး အကိုရာ ဒီထွန်တရေးပြီးရင် ပျိုးသွားနုတ်ရဦးမယ်ဗျို့ ”

” အေး အေး အလုပ်ကြိုးစားတာလဲ ကြိုးစားပေါ့ကွာ သိပ်မမှောင်စေနဲ့ဟေ့ ဟိုကညင်ပင်ကအကောင်ကြီးက အရမ်းကြမ်းပါဘိသနဲ့ ”

” အမလေး ကိုစိုးလွင်ရာ ကြောက်တက်ရန်ကော ကျနော်အတွက်မပူစမ်းပါနဲ့ဗျာ အဲ့ဒီသရဲတို့သဘက်တို့ဆိုတာတွေကို နည်းနည်းလေးမှ အယုံအကြည်မရှိဘူးဗျို့ ”

” ငါက သတိပေးတာပါဟ အေး အေး ဒါဖြင့် အကိုပြန်ပြီ မနက်ဖြန်မှတွေ့ရအောင်နော့ ”

” ဟုတ်ကဲ့ ဟုတ်ကဲ့ ”

” ကဲ့ ဖေ့သားကြီးတို့ သွား အစာစားပြီး အားဖြည့်ထားကြနော် အဖေ ပျိုးနုတ်လိုက်ဦးမယ် ”

” ဝမ်းဘဲ …..”

” ဝပ် ထရိန်း ”

” သြော် သြော် သိပ်မသွားချင်ကြရှာဘူးပဲ အမြှီးတွေတောင်မြှောက်လို့ အေးနော် ပျိုးခင်းတွေ ဝင်စားရင် ကြိမ်လုံးနဲ့ ရိုက်မှာနော် ”

ကိုထိန်ဝင်းက စိတ်ရှည်ချင်တဲ့အခါ အဲ့သလို တိရိစ္ဆာန်တွေနဲ့လဲ ကလေးပေါင်းပေါင်းတတ်သူပါ။ နွားနှစ်ကောင်ထွက်သွားနဲ့ ဇနီးဖြစ်သူလာပို့ထားတဲ့ထမင်းထုပ်ကို ဆာဆာနဲ့အားရပါးရထိုင်စားခိုက်တယ်။ ပြီးတော့ အချိုတည်းတဲ့အနေနဲ့ ကောင်ညှင်းပေါင်းလေး စားနေတဲ့အချိန် ဟင်းစားအတွက် ကန်စွန်းရွက်သွားခူးနေတဲ့ မခင်စိန်တယောက် ပြန်ရောက်လာပြီး

” ကိုထိန်ဝင်း ရှင့်ပျိုးခင်းတွေထဲ လယ်ပတူခူးနေရင်း ငါးလေးတွေတွေ့တယ်တော့ အဲ့ဒါ ”

” အေးပါ မိန်းမရယ် ငါသဘောပေါက်ပါတယ် မင်းတခါတည်း စောင့်ယူသွားမလား ငါမနက်ကတည်းက ရေဖောက်ချထားတာဆိုတော့ ပက်ထုတ်လိုက်ရင် ခဏလေးပဲ ”

” ကောင်းသားပဲ ညနေတော့ ကျမတို့မိသားစု ငါးလေးအိုးကပ်နဲ့ ထမင်းမိန်ပြီပေါ့ တော့်သားနှစ်ယောက်ကိုလဲ ငါးကြော်လေးနဲ့ ဆန်ပြုတ်ပြုတ်တိုက်လို့ရတယ် ”

” အေး လာကွာ ရေပက်ကူ ”

မောင်တထမ်းမယ်တရွက်နဲ့ ပျိုးခင်းထဲက ရေတွေကို တက်ညီလက်ညီပက်ပြီး ရေနည်းသွားတာနဲ့ ငါးသလဲထိုး ငါးဖျစ်စလက်ခေါက် ငါးနက်ပြာ ကပ်သပိုး အစရှိတဲ့ ငါးလေးတွေကို လက်နဲ့သဲ့ယူလိုက်ကြပါတယ်။ ဖမ်းမိထားတဲ့ငါးလေးတွေရွှံ့စင်သွားအောင် ရေဆေးနေတဲ့အချိန် ကိုထိန်ဝင်းက ပျိုးခင်ထဲရေပြန်ဖောက်ချပြီး နှုတ်ပြီးသားပျိုးပင်တချို့ကို အစည်းလေးတွေ စည်းနေခဲ့ပါတယ်။

” ကိုထိန်ဝင်း ပြန်ကြမယ်လေ တော်လဲ မောနေရောပေါ့ ”

” ကိုယ့်ဟာကို ပြန်နှင့်လေ ငါ ကိုကျင်မောင့်ဆိုင် ဝင်ဦးမှာ ”

” တော်ကလဲ ကျမမပြန်ရဲလို့ပါဆိုနေ ဟိုကညင်ပင်က နေ့ခင်းဘက်တောင် ခြောက်နေတယ်ကြားတယ်တော့”

” ပေါက်ပေါက်ရှာရှာကွာ ကြံဖန်ပြီးတော့ကို ကြောက်နေကြတယ် သွား သွား ထမင်းတောင်းငါယူခဲ့မယ် နွားတွေသွားဆွဲလာခဲ့ ”

လင်မယားနှစ်ယောက်ပြန်လာချိန်က နေဝင်ရီတရောဖြစ်နေတဲ့အပြင် ငါးအစိမ်းတွေလဲပါလာတာမလို့ ခပ်လှမ်းလှမ်းမှာမြင်နေရတဲ့ကညင်ပင်ကြီးက လေမတိုက်ပဲ လှုပ်ရမ်းလာတာကိုတော့ မခင်စိန်တယောက် သတိထားမိလိုက်ပါတယ်။ စိတ်ထဲကနေ ရသမျှဘုရားစာတွေရွတ်ပြီး ယောကျ်ားဖြစ်သူကိုကြည့်လိုက်တော့ သူလဲ ကညင်ပင်ကို မျက်ထောက်နီနဲ့လှမ်းကြည့်နေတာ တွေ့လိုက်ရပါတယ်။
အပင်အောက်နေဖြတ်လျှောက်လာတဲ့အချိန် သစ်ကိုင်းတကိုင်းက တအိအိနဲ့နိမ့်ဆင်းလာပြီး ငါးထည့်တဲ့တောင်းနားကို ကပ်လာခဲ့တာကြောင့် ကိုထိန်ဝင်းလဲ လက်ထဲပါလာတဲ့ကြိမ်လုံးနဲ့ သစ်ကိုင်းကို နာနာလေးလွှဲရိုက်လိုက်ပါတယ်။

” ဖြောင်း ”

” ကျွီ ”

သခင်အလိုက်ကိုသိတဲ့ ထွန်နွားနှစ်ကောင်ကလဲ သူတို့မြင်ရတဲ့အရာကိုကြည့်ပြီး တရှူးရှူးနဲ့နှာတွေမှုတ်နေတဲ့အချိန် အရိုက်ခံလိုက်ရတဲ့ သစ်ကိုင်းက မူလနေရာကိုပြန်ထောင်တက်သွားခဲ့ပါတယ်။

” တောက် စားချင်ရင်ရှာဖွေစားကြပါလား ထွီ ”

” လာစမ်းပါတော် ရှင့်မလဲ မမြင်ရတဲ့ဟာကို ရန်ဖက်ဖြစ်နေပြန်ပြီ ”

” ရော့ ထမင်းတောင်း အရင်ပြန်တော့ ငါနည်းနည်းအာစွတ်လိုက်ဦးမယ် ”

” အများကြီးမလုပ်လာနဲ့နော် ကျမ လာမတွဲနိုင်ဘူး ဒါပဲ ”

ကိုထိန်ဝင်းရဲ့ကြိမ်လုံးကို ကြောက်၍ပဲလား သူတို့ခြောက်တိုင်းငြိမ်မခံတတ်တဲ့လူကိုရှိန်သွား၍လား မပြောတတ်ပေမဲ့ အဲ့ဒီအချိန်ကစပြီး ကညင်ပင်ကြီးက အခြောက်အလှန့်မရှိသလောက်နည်းသွားခဲ့ပါတယ်။
လူတွေလဲ မေ့မေ့ပျောက်ပျောက်ဖြစ်နေတဲ့အချိန် ပြဿနာတွေက တကျော့ပြန်စလာခဲ့ပါတယ်။

စပါးတွေရိပ်သိမ်းပြီးလို့ ရိုးပြတ်လှန်လယ်မြေတွေမှာ ပဲပင်လေးတွေ အစီအရီပေါက်လာတဲ့ချိန် တခုသော ကျောင်းပိတ်ရက်တရက်မှာ မအူတန်းရွာက ကလေးတသိုက်ဟာ ကညင်ပင်ကြီးနား ငါးလာမျှားခဲ့ကြပါတယ်။ စစမျှားနေချိန်မှာ မထူးခြားပေမဲ့ အချိန်အနည်းငယ်ကြာလာတော့ ပုလိုင်းထဲထည့်ထားတဲ့ငါးတချို့ပြိုက်ကနဲ ပြိုက်ကနဲကုန်သွားတာကို ကိုထိန်ဝင်းသားအကြီးကောင်က သတိထားမိသွားတယ်။

” မောင်ညွန့် မင်း ငါ့ငါးတွေ ယူထားတယ်မလား ဟေ့ကောင် ”

” ဟ ဘာလို့ယူရမှာလဲ မင်းမယုံရင် ငါ့ပုလိုင်းထဲကြည့်ကြည့်လေ ”

” ငါ ဟိုဘက်လှည့်နေတုန်း မင်းတနေရာရာမှာ ဖွက်ထားတာ မဟုတ်ဘူးလား ”

” ဟာကွာ ငါတကယ်မယူထားပါဘူးဆို ဟမ် ”

သူတို့လိုပဲ ငါးထိုင်မျှားနေတဲ့တခြားကလေးတွေလဲ ငါးတွေပျောက်နေလို့ အချင်းချင်းအငြင်းပွားနေချိန် မောင်ညွန့်ဆိုတဲ့ကလေးက လေမတိုက်ပဲလှုပ်ရမ်းနေတဲ့ ကညင်ပင်ကြီးကို သေချာစိုက်ကြည့်လိုက်တော့ လူကြီးပေါင်လုံးလောက်ရှိတဲ့ လက်မည်းမည်းကြီးတဖက်က ပင်စည်ကြီးကို ဖောက်ထွက်ပြီး ငါးတွေလှမ်းနှိုက်နေတာ မြင်လိုက်ရပါတယ်။

” ငလင်း ကုလားတို့နောက်ဟာကြီးက ဘာကြီးလဲ မင်းမြင်လား ”

” ဘယ်မှာလဲ ”

” ဟိုမှလေ ”

” ဟမျ အာ့ အာ့ ”

မောင်ညွန့်က သူပဲအမြင်မှားနေသလားလို့ထင်ပြီး ကိုထိန်ဝင်းသား ငလင်းကို လက်တို့လိုက်တော့ ငလင်းက လက်မဲကြီးကိုကြည့်ပြီး ကြောင်စီစီဖြစ်နေချိန် သစ်ပင်ပင်စည်ကနေ နီရဲနေတဲ့မျက်လုံးနှစ်လုံးနဲ့မျက်နာမဲကြီးတခုထပ်ထွက်လာတာကြောင့် ငါးထိုင်မျှားနေတဲ့ ကလေးတွေအားလုံးလဲ ကြောက်လန့်တကြားနဲ့ ဒရောသောပါးထွက်ပြေးရပါတော့တယ်။

” အား အမလေး သရဲ သရဲ အမေရေ သရဲ ”

” အီးဟီး ဟီး ဟေ့ကောင်တွေ ငါ့ကိုစောင့်ကြဦး ငါခြေမသန်ဘူးလေ အီးဟီးဟီး ”

” ဟီး ဟီး ဟီး ဟီး ”

” ဟက် ဟက် ဟက် ”

” အောင်မလေး အမေရဲ့ ”

နောက်တနေ့ကျောင်းဖွင့်ရက်မှာတော့ မနေ့ကငါးသွားမျှားကြတဲ့ကလေးတွေ တယောက်မှ ကျောင်းမလာကြလို့ သူတို့အတန်းပိုင်ဆရာက လာစုံစမ်းကြည့်တော့ အားလုံးက အပြင်းဖျားဖျားနေကြတာ သိလိုက်ရပါတယ်။ ရွာက အသက်ကြီးပိုင်းလူကြီးတချို့ကတော့ ကလေးတွေပေါက်ကရလုပ်လို့ ကညင်ပင်အစောင့်က ကိုင်လိုက်တာလို့ စကားမရှိစကားရှာပြောနေကြလေရဲ့။

အဲ့ဒီနောက်ပိုင်း ကညင်ပင်ကအကောင်က ကိုထိန်ဝင်းတယောက်ကိုသာရှောင်ပြီး ကျန်တဲ့သူဆိုရင် နေခင်းကြောင်တောင်မှာတောင် အသားစိမ်းပါတာနဲ့ လှမ်းလှမ်းဆွဲလို့ ရွာသားတွေလဲ ကညင်ပင်ရှိတဲ့လမ်းကိုကွင်းပြီး တခြားလမ်းကသာ ရွေးသွားနေကြရပါတော့တယ်။ ရက်တွေကြာလာတော့ သွားလာမဲ့သူမရှိတဲ့ ကညင်ပင်လမ်းက ချုံနွယ်မြက်တွေဖုံးအုပ်လာပြီး ဖုန်းဆိုးကုန်းလိုဖြစ်လာခဲ့ပါတယ်။

ကိုထိန်ဝင်းက လယ်သမားလုပ်နေပေမဲ့ ခေတ်ပညာကို ဆယ်တန်းအထိသင်ယူဖူးတော့ မူလွန်ကျောင်းကလေးသာရှိတဲ့ မအူတန်းရွာရဲ့ ရှေးရိုးစွဲဓလေ့တွေကိုသိပ်အယုံအကြည်မရှိသူပါ။ ဒီကနေ့မှာလဲ တဖက်ရွာမင်္ဂလာဆောင်ကအပြန် သတို့သားကိုယ်တိုင်က မိသားစုအတွက်ဆိုပြီးထည့်ပေးလိုက်တဲ့ ဝက်သားဟင်းထုပ်လေးကိုဆွဲပြီး ခြေတလှမ်းသိုင်းတကွက်နည်းဖြင့် အိမ်ပြန်နေခဲ့ပါတယ်။ သီချင်းလေးကလဲ တကြော်ကြော် လူကလဲကောင်းနေတာဆိုတော့ လယ်ကွင်းတွေထဲဖြတ်ပြန်လာရင်း ရွာထိပ်ကညင်ပင်နားကို ရောက်လာတဲ့အချိန်။

” ဟာ ဟေ့ ဟေ့ ဘယ်ကသူခိုးလဲ ငါ့ဟင်းထုပ်ကိုဆွဲတာ နာချင်လို့လား ကဲ့ကွာ ကဲ့ကွာ ”

အကောင်အထည်မမြင်ရတဲ့အရာတခုကို လက်သီးနဲ့ထိုးနေတဲ့ကိုထိန်ဝင်းတယောက် လူကလဲမူးနေတာဆိုတော့ အချိန်ကြာလာတာနဲ့ လက်ပန်းကျလာခဲ့ပါတယ်။ သို့ပေမယ့်လည်း ဟင်းထုပ်ကိုအပါမခံ၊ဆွဲထားတဲ့ လက်မဲကြီးကို ကျင်ငယ်နဲ့ လှမ်းပန်းလိုက်တော့

” တောက် ” ဆိုတဲ့ ဒေါသတစ်ကြီးတောက်ခေါက်သံနဲ့အတူ လက်ကြီးက ပျောက်ကွယ်သွားပါတော့တယ်။

ချွေးသံတရွှဲရွှဲနဲ့ပြန်ရောက်လာတဲ့ ယောကျ်ားဖြစ်သူကိုကြည့်ပြီး မခင်စိန်တယောက် ထိတ်ထိတ်ပြာပြာဖြစ်သွားခဲ့ပါတယ်။

” ကိုဝင်း ရှင်ဘာဖြစ်လာတာလဲ သူများမင်္ဂလာဆောင်မှာ မူးရူးပြီး ရန်ဖြစ်လာပြန်တာလား ”

” ရေအရင်တိုက်စမ်းပါဟာ ငါမူးနေတာတောင်ဘယ်ရောက်သွားမှန်းမသိဘူး ”

” သြော် ရော့ ရော့ ဖြည်းဖြည်းသောက် သီးမယ် ”

” ဂွပ် ဂွပ် ” ” ရော့ အဲ့ဒါမင်းတို့သားအမိတွေစားဖို့ ငါ့သူငယ်ချင်းက ထည့်ပေးလိုက်တာ ”

” ဒုက္ခရှာလို့တော် ဟင်းတောင်ပေးလိုက်သေးတာဆိုတော့ မင်္ဂလာဆောင်မှာ ရန်ဖြစ်စရာလဲမရှိပါဘူး ပြောပါဦး ကျမစိုးရိမ်လို့ပါ ”

” တော်တော်သိချင်နေတယ် ဟုတ်လား အေး ပြောပြမယ် နင့်အမေလင် သဘက်နဲ့ဟေ့ သဘက်နဲ့ဟဲ့ ”

မခင်စိန်က အကြောင်းစုံသိသွားတော့ ယောကျ်ားဖြစ်သူနဲ့ပါလာတဲ့ ဟင်းထုပ်ကို စားရကောင်းမလား စွန့်ပစ်ရကောင်းမလားတွေဝေနေတဲ့အချိန် သားနှစ်ယောက်က နေ့လည်ထမင်းစားကျောင်းဆင်းချိန်ရောက်လို့ လွယ်အိတ်ကိုယ်စီနဲ့ အိမ်ပြန်ရောက်လာခဲ့ပါတယ်။ ကိုထိန်ဝင်းကတော့ ရေတခွက်သောက်ပြီး မောမောနဲ့ အိပ်ပျော်သွားလေပြီ။

” ဟာ ဝက်သားဟင်းတွေ အမေ့ ပေး ပေး သားတို့စားမယ် အမေရောလာလေ အတူတူစားမယ် ”

” ကိုလင်း ညီလေး အဆီဖက်တွေမစားချင်ဘူး ရော့ ”

” မင်းကတော့နော် ပေး ပေး မလွှင့်ပစ်နဲ့ ”

မထူးတော့ပြီလေ။ ကလေးတွေကတောင်မကြောက်မလန့်နဲ့ စားသောက်နေတာ တဝက်ကုန်နေပြီမို့ မခင်စိန်လဲ ထမင်းဝိုင်းထဲ ဝင်ထိုင်ကာ အတူတူစားပစ်လိုက်ပါတော့တယ်။ ​

အဲ့ဒီနေ့ညက မခင်စိန်တယောက် တော်တော်နဲ့ အိပ်မပျော်လို့ သန်းခေါင်ကျော်အချိန်အထိ ထထိုင်နေတဲ့အချိန် အိမ်ရှေ့မှာညလုံးပေါက်ထွန်းထားတဲ့ဘတ်ထရီမီးချောင်းလေးက ဖျက်ခနဲ ဖျက်ခနဲဖြစ်သွားလို့ လှမ်းကြည့်လိုက်မိပါတယ်။

” အမလေး ဘာကြီးပါလိမ့် ”

အရပ်ဆယ့်နှစ်ပေလောက်ရှိတဲ့ မဲမဲအကောင်ကြီးတကောင်က မိမိတို့အိမ်ကို သေသေချာချာစိုက်ကြည့်ပြီး နွားတင်းကုပ်ထဲဝင်သွားတာကို မခင်စိန်မြင်တော့ ယောကျ်ားဖြစ်တဲ့ ကိုထိန်ဝင်းကို လှုပ်နှိုးလိုက်ပါတယ်။

” ကိုဝင်း ထဦး ကိုဝင်း ”

” ဘာလဲဟာ ငါမနက်ဖြန် ပဲခင်းဆေးဖြန်းရဦးမယ် ”

” ထစမ်းပါတော် ”

” ဝမ်းဘဲ!!!! ”

” ဟင် ဟာ ”

” ငါ့နွားမအသံပဲ ဘာဖြစ်တာပါလိမ့် ”

အိပ်ချင်မူးတူးနဲ့စကားပြန်ပြောနေတဲ့ ကိုထိန်ဝင်းတယောက် ပြီးခဲ့တဲ့တလကျော်ကျော်ကမှ ကလေးမွေးထားတဲ့ သူ့နွားမလေးအသံကြားတော့ လက်နှိပ်ဓာတ်မီးကို ဆတ်ကနဲဆွဲယူပြီး အိမ်ပေါ်ကပြေးဆင်းသွားခဲ့ပါတယ်။

မခင်စိန်လဲ ကြောက်ကြောက်နဲ့ ယောကျ်ားဖြစ်သူနောက်လိုက်သွားကြည့်တော့ ဓာတ်မီးရောင်အောက်မှာ ခွေခွေလေးလဲနေတဲ့နွားပေါက်ကလေးကို မြင်လိုက်ရပါတယ်။ သေချာကြည့်တော့မှ နွားပေါက်ကလေးရဲ့ဗိုက်က လေလျော့နေတဲ့ ကားဘီးကြီးလို ပြားချပ်ပြီး မစင်စွန့်တဲ့အပေါက်ကနေ သွေးတွေမြင်မကောင်းအောင်ထွက်နေတာ မြင်လိုက်ရပါတယ်။

” အမလေး ”

” တောက် !!! ” ” ခွေးမသား သဘက် မင်းတော့လား တွေ့ကြသေးတာပေါ့ကွာ ”

ဒေါသတွေတလိပ်လိပ်ထွက်နေတဲ့ ကိုထိန်ဝင်းက တုတ်တချောင်းကို အဝတ်စပတ်ပြီး ရေနံချေးပုံးထဲထည့်နှစ်ကာ မီးရှို့လိုက်တာကြောင့် နွားအော်သံ လူအော်သံတွေ​ကြားလို့ အိပ်ရာနိုးလာတဲ့ အိမ်နီးချင်းတွေက ချက်ချင်းပြေးလာပြီး။

” ထိန်ဝင်း မလုပ်နဲ့ ဘာလို့ ကိုယ့်အိမ်ကိုယ်မီးနဲ့ရှို့မှာလဲကွာ ”
” ဟာ ခင်ဗျားဘာတွေလာပြောနေတာလဲ ကိုအေးလွင်ရာ ငါ့အိမ်ငါရှို့စရာလား မင်းဒီကနေကြည့်နေ ဟိုးက ကညင်ပင်ကို ငါသွားရှို့မှာ ”

” ဟာ ဟေ့ကောင် ”

” ဟဲ့ ခင်စိန် နင့်ယောကျ်ားက ဘာထဖြစ်တာလဲ ပြောစမ်းပါဦးဟ ”

” တင်းကုတ်ထဲကိုသာ လာကြည့်လိုက်ပါတော့ ကိုအေးလွင်ရယ် ကျမတို့ နွားပေါက်လေး သဘက်ကြီးစားသွားလို့ သေပြီတော့ အဟင့် ဟင့် ”

” ဟာကွာ ဒီကောင်ကြီး တော်တော်ဆိုးလာပါလား ”

ကိုထိန်ဝင်းတယောက် ကညင်ပင်နားကိုရောက်လာတော့ အသင့်ပါလာတဲ့ ကောက်ရိုးထုံးကို အပင်ပတ်လည်က အမြစ်ဆုံတွေကြားညှပ်ပြီး မီးတုတ်နဲ့ မီးရှို့လိုက်ပါတယ်။ မီးတောက်လာတော့ နီးစပ်ရာသစ်ကိုင်းခြောက်တွေထပ်ပုံပြီး နောက်ကို ခြေဆယ်လှမ်းလောက်ဆုတ်ကာ မီးတုတ်ကိုပါ ပစ်ထည့်လိုက်ပြန်ပါတယ်။

” အား အမလေး ပူတယ် အမေ ”

” အား ပူလိုက်တာ ”

လေတိုက်သံလိုလို ညည်းညူသံလိုလို အသံတချို့က ပင်စည်ထဲကနေ ထွက်လာတာကို ပီပီသသကြီးကြားလိုက်ရတော့ ကိုထိန်ဝင်းလဲ မဲ့ပြုံးတချက်ပြုံးရင်း အိမ်ပြန်လာခဲ့လိုက်ပါတယ်။

” ဟေ့ကောင် ထိန်ဝင်း မင်းနဲ့ငါက မကျေသေးဘူးနော် ငါမရှိတုန်း ငါ့မိသားစုကို ဒုက္ခပေးတယ်ပေါ့ ရတယ်လေ မင်းအလှည့်လည်း မကြာခင်လာမယ်ဟေ့ တောက် !!! ”

ညကအိပ်ရေးပျက်သွားလို့ ဆေးဖြန်းကပြန်လာတာနဲ့ ရေမိုးချိုးထမင်းစားပြီး တရေးတမောအိပ်နေတုန်း သဘက်ကြီးက ဒေါသတွေတရှူးရှူးထွက်ပြီး သူ့ကိုကြိမ်းမောင်းပြောဆိုနေတာကို အိမ်မက်မက်ခဲ့ပါတယ်။

ဒီကာလဟာ မအူတန်းရွာနဲ့ ရွာနီးချုပ်စပ်ကရွာတွေအတွက် လှောင်ထားတဲ့စပါးတွေကိုထုတ်ရောင်းပြီး သူ့နဲ့ငါအပြိုင်အဆိုင် အလှူမင်္ဂလာပွဲတွေ ကျင်းပကြတဲ့ ကာလဖြစ်ပါတယ်။ ဘယ်သူ့အလှူကတော့ ဆိုင်းပါတယ် မပါဘူးနဲ့ ကာလသားတွေအတွက် မြူးပျော်ရတဲ့ရာသီဆိုလဲမမှားပါဘူး။

ကိုထိန်ဝင်းတို့လယ်ကလဲ ဒီနှစ်အထွက်ကောင်းတာမလို့ မခင်စိန်ရည်ရွယ်ထားတဲ့ သားနှစ်ယောက်ရဲ့ ရှင်ပြုအလှူလေးကို လာမဲ့ဒီဇင်ဘာကျောင်းပိတ်ရက်ထဲမှာ ပြုလုပ်ဖို့ တိုင်ပင်ထားကြပါတယ်။ ကိုယ့်အိုးနဲ့ကိုယ့်ဆန်တန်သလောက်ပဲ လုပ်ကြမှာမလို့ ရှင်လောင်းရှစ်ဦ နဲ့ ရဟန်းလောင်းသုံးဦးကိုသာ ပါဝင်စေခဲ့ပါတယ်။

မနက်ခင်းရှင်လောင်းလှည့် ညနေဆံချပြီး ကလေးတွေ ကိုရင်ရဟန်းဖြစ်သွားကြချိန် ညဦးပိုင်းမှာတော့ နောက်တနေ့ အလှူကြီးအတွက်ဧည့်ခံကျွေးမွေးရန် ချက်ပြုတ်ပြင်ဆင်နေကြပါတယ်။ အလှူအိမ်နဲ့ ဝါးလေးပြန်စာလောက်ပဲဝေးတဲ့ ဘုန်းကြီးကျောင်းဆီက ရဟန်းကိုရင်တွေရဲ့ဘုရားဝတ်ပြုသံအပြီး တီးလိုက်တဲ့ ကြေးစည်သံလေးဟာဆိုရင် တရွာလုံးမှာရှိတဲ့လူတွေရဲ့ နှလုံးအိမ်ကို ရိုက်ခတ်သွားခဲ့ပါတယ်။

” နောင် ဝေ ဝေ ဝေ ”

” အူး ဝူး ဝူး ဝူး ”

ရွာထဲက ခွေးတွေကလဲ သူတို့ဘာသာဘာဝသာဓုခေါ်နေသည့်အလား ကြေးစည်သံနဲ့လိုက်ကာ အူနေကြပြန်ပါတယ်။ အဲ့ဒီအချိန် ကိုထိန်ဝင်းရဲ့အလှူမှာ ကူညီပေးနေတဲ့ အရက်ပုံးသည်ကိုကျင်မောင်တယောက် အသားတွေတဆတ်ဆတ်တုန်လာပြီး သူလုပ်နေတဲ့နေရာနားက ပစ္စည်းမှန်သမျှကို ဝုန်းဒိုင်းကြဲသောင်းကျန်းပါတော့တယ်။

ရုတ်တရက်မလို့ အားလုံးကကြောင်ကြည့်နေကြပေမဲ့ အတွေ့အကြုံရှိတဲ့လူကြီးတယောက်က

” ဟာ ပူးနေပြီး ကျင်မောင်ကို တကောင်ကောင်ပူးနေပြီ လုပ်ကြပါဦးဟ ” လို့အော်လိုက်တော့မှ အားလုံးသတိဝင်လာကြပါတယ်။

” မကျေနပ်ဘူး လုံးဝမကျေနပ်ဘူး သတ်မယ် အဟင်း ဟင်း ဟင်း ”
” ဘာမကျေနပ်တာလဲ ကျင်မောင် ဘာဖြစ်လို့လဲ ”

ဝက်သားဟင်းအိုးမွှေပြီးပြန်လာတဲ့ ကိုထိန်ဝင်းက လူတွေ စုရုံးစုရုံးဖြစ်နေတဲ့အနားကို အမြန်ရောက်လာပြီး မေးလိုက်တာကြောင့် သရဲဝင်ပူးနေတဲ့ ကိုကျင်မောင်က
” မင်းကို မကျေနပ်တာ ထိန်းဝင်း ငါ့နေရာ ငါ့မိသားစုကို ဖျက်ဆီးသလို မင်းအလှူကိုလဲ ငါဖျက်ဆီးပြမယ် ပြီးရင် မင်းရော မင်းမိသားစုကိုရော ငါသတ်ပြမယ် ဟင်း ဟင်း ဟင်း ”

ကိုကျင်မောင်က တံခွန်ကုက္ကားတွေနဲ့အလှဆင်ထားတဲ့ အလှူမဏ္ဍပ်ကို ရစရာမရှိအောင် ပစ်ချိုးရိုက်ခွဲနေရင်းက ဝက်သားချက်ထားတဲ့ မိုးဗြဲဒယ်အိုးနားကို အပြေးထွက်သွားခဲ့ပါတယ်။ မီးငွေ့ငွေ့နဲ့တည်ထားတဲ့ ဟင်းအိုးကို လက်နဲ့နှိုက်ဖို့အလုပ် ကိုထိန်ဝင်းက

” ကဲကွာ ကဲကွာ ဘုန်းကြီးတောင်မကပ်ရသေးတာကို လက်ရဲဇက်ရဲနှိုက်ရဲတဲ့ကောင် အကုသိုလ်ကောင် ဒီဘဝရောက်နေတာတောင် မမှတ်သေးဘူး ”
” ဖြောင်း ဖြောင်း ” ” အား ”
” မှတ်ထား အဲ့တာရိုးရိုးကြိမ်လုံးမဟုတ်ဘူး သာမညဆရာတော်ဘုရားချီးမြှင့်ထားတဲ့ သိဒ္ဓိဝင်ကြိမ်လုံးဟေ့”
ကိုထိန်ဝင်းတယောက် ကြိမ်လုံးတဝင့်ဝင့်နဲ့ စကားပြောနေပုံက ပယောဂကုတဲ့ဆရာပုံစံလိုဖြစ်နေတာကြောင့် ဝင်ပူးခံရသူရော ပွဲကြည့်သူတွေကပါ ပါးစပ်အဟောင်းသားနဲ့ ဖြစ်နေခဲ့ပါတယ်။

” မင်းအရင်မှားတာလေ ခွေးမသားရဲ့ ငါ့ဟင်းထုပ်ကိုမရလို့ ငါ့နွားပေါက်လေးကို အူလာဖောက်စားတာ မင်းမဟုတ်ဘူးလား ငါ့ပစ္စည်းထိလို့ ငါပြန်လုပ်တာ မှားသလား ”

” မသိဘူး ငါသတ်မယ် မင်းကို ငါသတ်မယ် အကုန်ဖျက်ဆီးပစ်မယ် ဟင်း ဟင်း ဟင်း ”

” အေး ရတယ်လေ ဟေ့ မခင်စိန် ဘုရားစင်ပေါ်က ရေမန်းယူလာခဲ့စမ်း မြန်မြန်လာ ”

” ရော့ မြည်းကြည့် ”
” အား လား လား လား ပူတယ် ပူတယ် အမလေး ကယ်ကြပါဦး ”

” အခုချက်ချင်း ငါခြံထဲကရော ငါ့ရွာထဲကပါ ထွက်သွား သွား !!! ”

ဝင်ပူးသူက ဖျက်ကနဲထွက်သွားတော့ ကိုကျင်မောင်တယောက် အရုပ်ကြိုးပြတ်လဲကျသွားပြီး ရွာသားတွေက ဝိုင်းဝန်းပြုစုလိုက်ရပါတယ်။ ကိုထိန်ဝင်းကလဲ ရေမန်းအနည်းငယ်ထပ်ပက်လိုက်တော့ ကိုကျင်မောင်တယောက် မျက်လုံးအပြူးသားနဲ့ သတိပြန်ရလာခဲ့ပါတယ်။

” ကျ ကျနော် ဘာဖြစ်သွားတာလဲ ”

” မင်းကို ဟိုကညင်ပင်က အကောင်ဝင်ပူးတာဟေ့ တော်သေးတာပေါ့ ထိန်ဝင်းက မကြောက်မလန့် ဝင်ထိန်းပေးလို့ ပြန်ထွက်သွားတာ ”

” ဟေ့ မပုတို့ လှအေးတို့ မဏ္ဍပ်ထဲဘာတွေပျက်စီးကုန်လဲ မြန်မြန်ပြန်ပြင်ကြ မိုးလင်းတော့မယ် ”

လူပျိုခေါင်းကိုစိုးလွင်က ပျက်စီးသွားတဲ့အရာမှန်သမျှပြန်လဲဖို့ မရှိရင် ရှိတဲ့အိမ်က သွားငှားဖို့ စီစဥ်ပြောဆိုနေတဲ့အချိန် ကိုထိန်ဝင်းကတော့ ကြိမ်လုံးကိုင်ပြီး တန်းလျားတခုမှာ ထိုင်စောင့်နေခဲ့ပါတယ်။ မနက်မိုးလင်းတော့ ကျောင်းထိုင်ဆရာတော်အပါအဝင် ကျောင်းရှိသံဃာသာမဏေ အကုန်ဆွမ်းစားကြွလာတော့ သူကပဲ ခြေဆေးပေးခြေသုတ်ပေးလုပ်ပေးပြီး ကုသိုလ်ယူခဲ့ပါတယ်။

” ပျော်စရာ အလှူပွဲမှာ 🎼အလှူ့ဒါယကာကြီးက အပြုံးတွေဝေဆာ🎼 ”

အသံချဲ့စက်က အလှူသီချင်းတွေစဖွင့်တော့ ရွာလုံးကျွတ်မီးခိုးတိတ်အလှူပွဲကြီးက စတင်အသက်ဝင်လာပါတော့တယ်။ အလှူဒါယကာ ကိုထိန်းဝင်း အလှူ့ဒါယိကာမ ဒေါ်ခင်စိန်တို့ရဲ့ အယုတ်၊အလတ်၊အမြတ်မရွေးအလှူပွဲလေးမှာတော့ မြို့ပေါ်ကအသိ ရွာနီးချုပ်စပ်ကအသိတွေအားလုံးကပါ လာရောက်ကြတာမို့ အသံချဲ့စက်သီချင်းထဲကလို နှစ်ယောက်လုံးက ပျော်မဆုံးဖြစ်နေခဲ့ပါတယ်။

အားလုံးစားသောက်ပြီးကြလို့ ရေစက်ချတရားနာတော့မယ့်အချိန် ကိုထိန်ဝင်းကို ရှာမတွေ့လို့ ဟိုဟိုဒီဒီလိုက်ရှာတော့ ရွာမှာရှိနေတဲ့ခွေးလေခွေးလွင့်တွေကို တနေရာထဲစုပြီး အစာလိုက်ကျွေးနေတာ မြင်လိုက်ရပါတယ်။ ညကတော့ ဒေါသတကြီးမောင်းထုတ်ထားပြီး မနက်ရောက်တော့ ထမင်းနဲ့ဟင်းတွေ တထုပ်ထုပ်ကာ ကညင်ပင်နားသွားချပေးတာလဲ သူပါပဲ။ ကညင်ပင်ကိုလဲလက်နဲ့ပုတ်ပြီး သူအလှူ့မှာ တရားလာနာဖို့ ဖြစ်ခဲ့တဲ့ပြဿနာတွေလဲ ကျေအေးပေးဖို့ ပြောဆိုပြီး သူ့လာခေါ်တဲ့ ကာလသားတွေနောက်ပြန်လိုက်လာခဲ့ပါတယ်။

ဆရာတော်တရားဟောနေတဲ့အချိန် အပျိုကြီးမပုတယောက်လဲ ကိုကျင်မောင်လို တုန်တုန်ရီရီဖြစ်လာပြီး ဘုန်းကြီးပုလ္လင်ရဲ့ရှေ့နားလေးမှာထိုင်နေတဲ့ ကိုထိန်ဝင်းကို လှမ်းကြည့်နေတာကြောင့် ရွာသားတွေလဲ တယောက်ခါးတယောက်တို့ပြီး အလှူဒါယကာကို အသိပေးလိုက်ကြပါတယ်။

ကိုထိန်ဝင်းလဲ နောက်ကိုတချက်လှည့်ကြည့်ပြီး တရားဟောပုလ္လင်ကို လက်ညိုးထိုးကာ လက်အုပ်ချီပြလိုက်တော့ မပုကလဲ ခေါင်းတဆတ်ဆတ်ညိမ့်ပြီး တုန်ရီနေတဲ့လက်တွေကိုပူးကာ ဆရာတော်တိုင်ပေးတာကိုလိုက်ဆိုနေခဲ့ပါတယ်။

ဒီတော့မှ ညကလို ထသောင်းကျန်းရင် ပြေးမလို့ကြံနေတဲ့ ရွာသားတွေလဲ ရင်ဘက်ကိုယ်စီဖိပြီး သက်ပြင်းချရင်း တရားကိုအာရုံပြုနိုင်ကြပါတော့တယ်။ ဆရာတော်က မေတ္တာသုတ်တော်ရွတ်အပြီးမှာ မမြင်အပ်တဲ့သတ္တဝါတွေကိုပါ တရားဟောပြီး ရေစက်ချအမျှဝေပေးလိုက်တော့ မပုလဲ သာဓုသုံးကြိမ်ခေါ်ကာ ပစ်လဲသွားပါတော့တယ်။

ပြသနာတွေကိုကြားသိပြီးဖြစ်တဲ့ ဆရာတော်က ရွာသူရွာသားတွေပါ စိတ်ချမ်းသာသွားအောင် ဝါရင့်သံဃာတော်တွေနဲ့အတူ ကမ္မဝါစာပါ ဖတ်ကြားပေးလိုက်တော့ အားလုံးက အားရဝမ်းသာ သာဓုခေါ်လိုက်ကြပါတယ်။ အဲ့ဒီနောက်မှာတော့ အသံချဲ့စက်ကထဖွင့်လိုက်တဲ့ ဗြောသံနဲ့အတူ ငွေဖလားကြီးကိုမြှောက်ပြီး ရွှေမိုးငွေမိုးလိုက်ကြဲနေတဲ့ အလှူ့ဒါယကာ ဒါယိကာမနှစ်ယောက်ရဲ့ ကျေနပ်ပျော်ရွှင်နေတဲ့မျက်နာက ပရိတ်သတ်တွေအကြား မမေ့နိုင်စရာဖြစ်သွားခဲ့ပါတယ်။

” ဟောဒီက ငါးတွေ တော်ရေ ယူကြဦးမလား ”

” ဝက်သားတွေ ရမယ်နော် ”

” ကောက်ညှင်းပေါင်း ”

စျေးသည်တွေ လူးလားခေါက်ပြန်သွားလာနေကြပေမဲ့လို့ မအူတန်းရွာထိပ်မှာရှိတဲ့ ကညင်ပင်ကြီးကတော့ အရင်ကဖြစ်ပျက်ခဲ့သမျှကို သူမဟုတ်တော့တဲ့အတိုင်း ပကတိငြိမ်သက်သွားခဲ့ပါပြီ။

ကျန်းမာကြပါစေ …..။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မောင်လူလှ – ကညင်မြေ