နေ့စံညခံကိုဘမှန်

နေ့စံညခံကိုဘမာန်(စ/ဆုံး)

—————————

အချိန်အားဖြင့် လွတ်လပ်ရေးရပြီးကာစ ဖြစ်၏ ဗြိတိသျှတို့၏လက်အောက် ကျွန်သဘောက်ဘဝမှ လွတ်မြောက်လာခဲ့သော မြန်မာနိုင်ငံဟာ ဆင်းရဲတွင်းမှ ရုန်းတတ်နေရသော အခိုက်လဲ ဖြစ်ချေသည်။

ဧရာဝတီတိုင်း မအူပင်မြို့နယ်အပိုင် တောရွာလေးဖြစ်တဲ့ အလယ်တောရွာလေးမှာ ကိုဘမာန်နှင့်မခင်ဦးတို့ လင်မယားနှစ်ယောက် အချေချနေထိုင်ကြတယ်။

“..ကိုဘမာန်..”

“…ဘာတုန်းဟ…”

ဇနီးဖြစ်သူ မခင်ဦး၏ခေါ်သံကြောင့် ကိုဘမာန်
စိုက်လက်စ ဝါးပင်ငယ်ကို မြေများအမြန်ဖို့ရင်းနဲ့လှမ်းထူးလိုက်သည်။

“…တော်….ဘာပင်စိုက်နေတာတုန်း…
…ဟ….ဝါးပင်စိုက်နေတာ….နင်မမြင်ဘူးလား…”

ကိုဘမာန်စိတ်မရှည်ဟန်ဖြင့် ပြန်ပြောလိုက်တော့ခပ်လာသော သောက်ရေခွက်အား ကိုဘမာန်ကို လှမ်းကမ်းလိုက်ရင်းနဲ့။

“…ကိုဘမာန်…..တော့်ဝါးပင်က….ခြံစည်းရိုးအလယ်မှာ….ဘာလို့စိုက်ရတာတုန်း….”

“..ဟာ….ဒီမိန်းမ….ငါ့ခြံစည်းရိုးအလယ်ငါစိုက်တာ…ဘာဖြစ်သေးတုန်း…”

“..သြော်….ဘာမှတော့မဖြစ်ပါဘူး….သူများခြံဘက်ပါသွားမှာ….စိုးလို့ပါ….တော်ကလဲ…”

….နင်စကားမရှည်ပါနဲ့…ခင်ဦးရယ်….ငါအလယ်မှာစိုက်ထားတာပါဟ…”

ယောကျ်ားဖြစ်သူ၏ စိတ်ကိုသိနေသောကြောင့်
မခင်ဦး အငြင်းအခုံမလုပ်ချင်တော့ပေ မီးဖိုချောင်ထဲမှာ တည်ထားခဲ့တဲ့ ဟင်းအိုးကို သတိရသွားတာနဲ့ ထလာခဲ့လိုက်ပါတော့တယ် စိတ်ထဲတော့ သိပ်ဘဝင်မကြပေ ကိုဘမာန်ဟာ လက်သမားဆရာ ဘဝနဲ့ခေတ် ပျက်ကြီးထဲမှာ မခင်ဦးကို စားဝတ်နေရေး မပူပင်ရလေအောင် ရှာဖွေ​ကျွေးမွေးနေနိုင်တာကိုပဲ ကျေနပ်ရမှာပါလေ ကိုဘမာန်ဟာ တစ်ခါတစ်လေကြတော့
ပရဟိတအလုပ်များ ကုသိုလ်အရေးများ၌စွမ်းစွမ်းတမံ ပါဝင်တတ်ပြီး တစ်ရွာလုံးနှင့်တည့်အောင်လည်းပေါင်းသင်းဆက်ဆံရေး ကောင်းလှပါသည်။

==============

နေ့ရက်တို့ ကုန်လွန်လာသည်နှင့် အမျှ ကိုဘမာန်တို့ လင်ယားနှစ်ယောက်မှာ သမီးဦးဖြစ်တဲ့ မခင်ထားကို မွေးဖွားခဲ့လေသည် ကလေးကလဲ ရလာပြီဆိုတော့ ကိုဘမာန် အလုပ်ကို ပိုပြီး ကြိုးစားလုပ်ကိုင်ရပါတော့သည် အလုပ်က ပြန်လာသည်နှင့် အပင်စိုက်ဝါသနာကြီးသော ကိုဘမာန်ဟာ သူ့ခြံဝန်းအတွင်း သူစိုက်ပျိုး
ခဲ့သော အပင်များကို ရေလောင်းပေါင်းသင်နဲ့ ပီတိ ဖြစ်နေတတ်ပါတယ်။

“…ကိုဘမာန်…”

ခေါ်သံကြား၍ လှည့်ကြည့်လိုက်တော့ တစ်ဖက်ခြံပိုင်ရှင် ကိုသိန်းအောင် ဖြစ်နေသည်

“…ပြောလေ….ကိုသိန်းအောင်…”

ကိုသိန်းအောင်မျက်နှာ သိပ်မကောင်းပါ။

“..ခင်များအခုဘာလုပ်နေတာလဲ…”

“….ကျုပ်ခြံစည်းရိုး…ခတ်နေတာလေဗျာ…..

“..ခြံစည်းရိုးခတ်တယ်….ဆိုရင်လဲ…..သေခြာကြည့်ပါဦးဗျ….ခင်များခြံစည်းရိုးက….ကျုပ်ခြံဘက်ကို…ရောက်နေတယ်လေဗျာ..”

ကိုဘမာန် နှီးဖြင့်ချည်နေသော ဝါးခြံစည်းရိုးကို ပြန်ကြည့်လိုက်ပြီးနောက်။

“…ကိုသိန်းအောင်ရယ်…ကျုပ်ဝါးပင်ကိုပဲ…ကျုပ်ကခတ်တာပါဗျ…..ခင်များမြေကို….အလွတ်တန်း…ဝင်ခတ်နေတာမဟုတ်ပါဘူး…”

ကိုဘမာန်စိုက်ခဲ့သော ဝါးပင်မှာ နှစ်ဖက်ခြံစည်းရိုးရဲ့ အလယ်၌ဖြစ်သောကြောင့် ဝါးမျှစ်များက တစ်ဖက်ခြံထဲသို့ ပေါက်ရောက်နေခြင်းဖြစ်၍ ထိုဝါးမျှစ်များကိုပါ ခြံဝင်ခတ်လေတော့ တစ်ဖက်ခြံရှင် ကိုသိန်းအောင်က သတိပေးခြင်းဖြစ်၏။

“…ကဲ…ဒါဆိုရင်လဲ…..ဒီလိုလုပ်ဗျာ….ခင်များဝါးတွေရင့်လို့…..ခုတ်ပြီးတဲ့အခါ…..အခုခြံစည်းရိုးကို…နောက်ဆုတ်ပြီး…..ပြန်ခတ်ပေးဗျာ…”

ကိုဘမာန် တစ်ချက် စဥ်းစားလိုက်ပြီးနောက်။

….ကဲ….ကောင်းပါပြီဗျာ…..ကျုပ်လုပ်ပေးပါ့မယ် ကိုသိန်းအောင် ပြန်လှည့်ထွက်သွားလေ၏ အမှန်တစ်ကယ်လည်း ကိုသိန်းအောင်ခြံထဲသို့ ကိုဘမာန်ရဲ့ ခြံစည်းရိုးက အတော် ကျွံဝင်နေခဲ့ခြင်းဖြစ်သည်ကို ကိုဘမာန် သိနေပါလျှက် မြေလိုချင်သော စိတ်နှင့် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့ခြင်းပင် ဖြစ်သည်။

=================

လက်သမားအလုပ်အပြင် သစ်လုပ်ငန်းပါတွဲဖက်၍ လုပ်ကိုင်လာသော ကိုဘမာန်တို့မိသားစု အတော် အဆင်ပြေခဲ့လေသည် သမီးအကြီး မခင်ထားတောင် ၅နှစ်ပင်ပြည့်ခဲ့လေပြီ ဒုတိယသားငယ် ဖိုးအေးလေးကို ထပ်၍မွေးဖွားခဲ့၏ ကလေးနှစ်ယောက်နှင့် သာယာစိုပြေသော မိသားစုဘဝကို ပိုင်ဆိုင်ထားသောကိုဘမာန်မှာ ကျေနပ်ပီတိဖြစ်၍ မဆုံးပေ သို့သော်
သူခတ်ထားခဲ့သော ဝါးပင်နှင့် ခြံစည်းရိုးကိုတော့အခုချိန် နောက်ပြန်မဆုတ်သေးပေ ဝါးပင်များ ရင့်လို့တစ်လုံးပြီး တစ်လုံးသာ ခုတ်သွားတာ ခြံစည်းရိုးကတော့ ဒီအတိုင်းပါပဲ တစ်ဖက်ခြံက ကိုသိန်းအောင်လည်း နှစ်ကြိမ်သုံးကြိမ် လာရောက်သတိပေးခဲ့ပြီးနောက် အချင်းမများချင်တာနဲ့ ဘာမှလာမပြောတော့ပေ ဒီလိုနဲ့ နေလာခဲ့ကြတာ တစ်နေ့တော့ ကိုဘမာန်သစ်ဝိုင်းဆီမှအပြန် ရေချိုးမှားပြီး အပြင်းဖျားလေ
တော့သည် ပြေပြေလည်လည် နေနိုင်သူမို့ ဆရာတွေနှင့်ကုသော်လဲ မည်သို့မှ အခြေအနေမထူးပဲ နောက်ဆုံးတော့ ကိုဘမာန်တစ်ယောက် လောကကြီးနဲ့ သူချစ်သော မိသားစုကို အပြီးတိုင် စွန့်ခွာသွားလေတော့သည် ကျန်ရစ်ခဲ့သော မခင်ဦးနှင့် ကလေးနှစ်ယောက်မှာ ကိုဘမာန် ရှာထားခဲ့တာတွေနဲ့ တင့်တင့်တယ်တယ်
နေထိုင်စားသောက်ခဲ့ရလို့ အများကြီးတော့ မပူပင်ရပေ။

“..ဘုတ်…..ဘုတ်……ဘုတ်..”

အိပ်ပျော်နေသော မခင်ဦးနားထဲသို့ မြေကြီးအပေါ်တစ်ခုခုပစ်ချနေသည့်အသံ အတိုင်းသားကြားနေရလေသည် မခင်ဦး အသာနားစွင့်နေလိုက်၏။

“…ဘုတ်…ဘုတ်….ဘုတ်..”

အသံလာဘက်ကို နားစွင့်လိုက်တော့ အိမ်နောက်ဖေးဘက်ကလာသော အသံဖြစ်နေ၏ မခင်ဦးအိပ်ယာမှလူးလဲထခါ အိမ်အလယ်၌ ချိတ်ဆွဲထားသော အောက်လင်းမီးအိမ်အား ဖြုတ်ယူပြီးနောက် ခြံထဲသို့ဆင်းပြီး အသံကြားရာ နောက်ဖေးဘက်သို့ သွားကြည့်သောအခါ ဘာမျှမတွေ့ရပေ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေပြီး ခုဏကြားရသော
အသံသည်လဲ တိတ်ဆိတ်သွားလေ၏ မီးအိမ်ကိုဆွဲခါစိတ်ထဲ ဇဝေဇဝါနှင့် အိမ်ပေါ်သို့ မခင်ဦး ပြန်တတ်ခဲ့လေသည် အိမ်ပေါ်ရောက်တော့ အိမ်ယာထဲပြန်ဝင်ပြီးအိပ်ပျော်ခါနီးတွင် ထိုအသံက ကြားနေရပြန်သည်။

“…ဘုတ်……ဘုတ်…..ဘုတ်…”

“…ဟင်…..ခုဏ…..ငါဆင်းကြည့်တာလဲ….ဘာမှမရှိပါလား….အခုပြန်ကြားနေရပြန်ပြီ….ခက်တော့….ခက်ပြီ”

သမီးကြီးနှင့်သားငယ်တို့ အိမ်မောကြနေပြီဖြစ်၍ခြေသံလုံလုံဖြင့် နောက်တစ်ခေါက် ဆင်းကြည့်လိုက်ပေမယ့် ဘာမျှမတွေ့ရပြန်ပါဘူး။

“..အင်း….ဘာများပါလိမ့်…”

ဒီလိုနဲ့ သုံးခေါက် လေးခေါက်လောက် ဆင်းကြည့်သော်လဲ ဘာမှ ထူးခြားတာ မတွေ့တဲ့အတွက် မခင်ဦးလည်း အိပ်ယာထဲသို့ဝင်ခါ အိပ်လေတော့သည်။

=================

“..ဟဲ့….မခင်ဦး…”

“…ဟော့….မသိန်းကြွယ်ပါလား….လာထိုင်လေ….”

မခင်ဦး ဆန်ပြာနေရာ နေရာသို့ တစ်ဖက်ခြံမှ ကိုသိန်းအောင်၏ဇနီး မသိန်းကြွယ် ဝင်လာရင်း ခေါ်လိုက်ခြင်းပင်ဖြစ်သည်။

“..ဆိုပါဦး…မသိန်းကြွယ်ရဲ့….မလာစဖူးအလာထူးလို့ပါလား….ဘာများ…အရေးရှိလို့တုန်း..”

မသိန်းကြွယ် ပတ်ဝန်းကျင်ကို ဝေ့လည်ကြည့်လိုက်ပြီးမှ။

“…ဒီလိုဟ…ကျုပ်ညဘက်..အပေါ့အပါးသွားရင်းနဲ့…တော်တို့နောက်ဖေးဘက်က….တစ်ဘုတ်ဘုတ်နဲ့..အသံတွေ….ကြားနေရတာ….နှစ်ရက်သုံးရက်ရှိနေပြီ…တော်ယောကျ်ားကလဲ…ဆုံးသွားတာမကြာသေးတော့….မိန်းမသားပဲရှိနေတဲ့….ဒီခြံထဲကို….အခုလိုခေတ်ပျက်ကြီးထဲ….မတော်သူတွေ…လာသလားလို့..ကျုပ်က….စိတ်ပူလို့….လာ​သတိပေးတာပါ…”

ဇကောထဲမှ စပါးစေ့များကို ရွေးရင်းနဲ့ မသိန်းကြွယ်ပြောသမျှကို နားထောင်နေသော မဦးခင်းက။

“…ဟုတ်တယ်….မသိန်းကြွယ်….ကျုပ်လဲ…ကြားနေရတာကြာပြီတော့်….ဒါပေမယ့်….ကျုပ်ဆင်းကြည့်ရင်…ဘာမှမတွေ့ရတော့ဘူး….မသိန်းကြွယ်ရေ..အစပိုင်းတော့…..ကျုပ်လဲ…..ဆင်းဆင်းကြည့်တယ်…ဘာမှမတွေ့ပါများတော့…..မကြည့်ဖြစ်တော့တာပါ…”

မသိန်းကြွယ် အသေအခြာစဥ်းစားနေရင်း တစ်စုံတစ်ခုကိုသတိရသွားဟန်ဖြင့် ထိတ်လန့်တုန်လှုပ်သော အမူအရာနှင့်။

“…ဟဲ့…မခင်ဦး..မပေါ့ဆနဲ့ဟ….တော်ကြာ…နာနာဘဝတွေများ…..ဖြစ်နေမလားမသိပါဘူး…တော့်မှာက….ကလေးတွေနဲ့….သိတဲ့နားလည်တဲ့လူ…တစ်ယောက်ယောက်ကို…..တော်မေးကြည့်တာ….ပိုအဆင်ပြေမယ်ထင်တယ်…..ဒါမျိုးက…ကြာကြာထားလို့….မကောင်းဘူးတော်ရေ…”

မသိန်းကြွယ်၏စကားကို အသေအခြာစဥ်းစားကြည့်တော့ ဖြစ်နိုင်တယ် ဆင်းကြည့်ပေမဲ့ ဘာအရိပ်အယောင်မျှ မတွေ့ခဲ့ရဘူးလေ မခင်ဦးက အကြောက် အလန့်နည်းပေမယ့် ကလေးတွေ ဒုက္ခရောက်မှာတော့ စိုးရိမ်မိသည်။

“..အင်းပါ….ကျုပ်….ရွာမြောက်ပိုင်းက….ဦးစိန်အေးကို…..မေးကြည့်လိုက်ပါ့မယ်…..သူကဒါမျိုးတွေဆိုရွာထဲမှာ…..နည်းနည်းနှံ့စပ်တယ်…..မဟုတ်လား..”

“…ကောင်းတာပေါ့တော့်…..မခင်ဦးရေ…မေးဖြစ်အောင်မေးလိုက်ဦးနော်….ကျုပ်က….အိမ်နီးနားခြင်းမို့….တော့်ကို…သတိလာပေးတာ…ပြန်ဦးမယ်…”

“…ကျေးဇူးတင်ပါတယ်….မသိန်းကြွယ်ရေ…ကျုပ်မေးလိုက်ပါ့မယ်…”

================

ဦးစိန်အေး ကန်တော့ပွဲများကို အသေအခြာစီစစ်ပြီးနောက် အနောက်သို့လှည့်ခါ။

“…ဟဲ့….ခင်ဦး..”

“..ရှင်…”

“…နင်ပြောတာ….သေခြာတယ်နော်…”

“…ဟုတ်ကဲ့….အဘ….သေခြာပါတယ်…”

“…အေးဒါဆိုရင်….ဒီကန်တော့ပွဲတွေအနား….ကလေးတွေ….မကပ်စေနဲ့….ကြားလား…”

“…ဟုတ်ကဲ့ပါ….အဘ..”

…အေး…..ငါ…..နွားရိုင်းသွင်းချိန်ကြ….တစ်ခေါက်ပြန်လာခဲ့မယ်…”

“…ဟုတ်ကဲ့…”

ဦးစိန်အေး မခင်ဦးအား မှာစရာရှိတာများ မှာကြားပြီးနောက် အိမ်ပြန်သွားလေတော့သည် မခင်ဦးလဲ ကန်တော့ပွဲတွေအနား ကလေးတွေကို မကပ်ဖို့ သတိပေးထားပြီး လုပ်စရာရှိသည်များကို လုပ်ရင်း နေဝင်ရီတရော (သို့မဟုတ်) နွားရိုင်းသွင်းချိန်သို့ ရောက်ရှိလာလေတော့သည် ဦးစိန်အေး လွယ်အိတ်တစ်လုံးနဲ့
ရောက်လာပြီး ကန်တော့ပွဲတွေအနားဖယောင်းတိုင် အမွှေးတိုင်များထွန်းလျှက် အလုပ်စလေတော့သည်။

“…ကဲ….ဒီခြံထဲမှာ…ရှိနေတဲ့….နာနာဝ…အပယ်ဘုံသား….မင်းရှိနေတာကို….ငါသိနေတယ်နော်…..ဘာဖြစ်ချင်တာလဲ….ဘာလုပ်ချင်တာလဲ….ငါ့အရှေ့ကို….အခုလာ..ပြောစမ်း..”

ဦးစိန်အေး ထိုသို့ပြောလိုက်သည်နှင့် ပတ်ဝန်းကျင်ရှိအပင်ကြီးများ ခြံစည်းရိုးက ဝါးပင်များ လေမတိုက်ပါပဲ ယိမ်းထိုးလှုပ်ရှားလျှက် ဖယောင်းတိုင်မီးများတစ်ယောက်ယောက်က မှုတ်လိုက်သလို ငြိမ်းသွားလေ၏ ဦးစိန်အေး အနည်းငယ်လန့်သွားသည် သူထွန်းညှိသောမီးကို ငြိမ်းရဲသည့်အနေအထားသည် ပေါ့သေးသေးတော့ မဟုတ်တော့ပေ။

“…ကဲ…..မင်းတို့က….ငါ့ကိုပညာစမ်းချင်တာလား…ကဲ…..ရော့ကွာ..”

ဦးစိန်အေး လွယ်အိပ်ထဲသို့ လက်နှိုက်လိုက်ပြီး ပါလာသော အမှုန့်များဖြင့် အမှောင်ထဲသို့ လမ်းပက်လိုက်တော့သည် အမှောင်ထဲ၌ အရိပ်လိုလိုအရာများ ကူးလူး နေကြပြီး သိပ်မကြာခင်မှာပဲ။

“…ဖောင်း…”

“…အမလေးဗျ..”

ဦးစိန်အေးအရှေ့တည့်တည့် ကန်တော့ပွဲထဲမှအုန်းသီးဖောင်းခနဲ ထပေါက်သွားခြင်းဖြစ်၍ ဦးစိန်အေးကြောက်လန့်ပြီး ထပြေးလေတော့သည် မလှမ်းမကမ်း၌ထိုင်ကြည့်နေကြသော မခင်ဦးနှင့် မသိန်းကြွယ်တို့လဲ ဦးစိန်အေးအနောက်သို့ ပြေးလိုက်ခါ။

“..ဟာ….အဘစိန်အေး….အဘ….နေဦးလေ…”

“…မနေဘူးဟေ့….ဆက်နေရင်….ငါသေလိမ့်မယ်…”

ဦးစိန်အေး ထိုသို့ လှည့်အော်ခဲ့ပြီး နောက်ကြောင်းသို့ လှည့်မကြည့်နိုင် ဒရောသောပါးနှင့် ပြေးလေတော့သည် ထိုနေ့ည မခင်ဦးလည်း မအိပ်ရဲတာနဲ့ ကလေး
တွေကိုခေါ်ပြီး မသိန်ကြွယ်တို့အစ်မ အပျိုကြီး
မလှခင်တို့အိမ်မှာ သွားအိပ်ရတော့သည် မခင်ဦးတို့ရဲ့ခြံထဲက တစ်ဘုတ်ဘုတ် မည်သံကြီးကတော့ ပျောက်မသွားပဲ ညဆိုကြားနေရမြဲပင်ဖြစ်သည်။

=====================

ထိုနေ့က မခင်ဦးတို့ရဲ့ကံကြမ္မာ အလှည့်အပြောင်းးနေ့ဆိုရင်လည်း မမှားတဲ့နေ့ပါပဲ မိမိတို့ အိမ်နဲ့ခြံရှိနေပါလျှက် ပြန်မအိပ်ရဲ၍ သူများအိမ်မှာ အိပ်နေရတာ တစ်လနီးပါး ကြာမြင့်ခဲ့ပြီဖြစ်သည် အိမ်ရှင်တွေက သဘောကောင်းကြပေမယ့် ကလေးတွေနဲ့မို့ မခင်ဦး အားနာလှပြီလေ ဒါကြောင့် ရွာနီးချုပ်စပ် နာမည်ကြီးသော ပယောဂဆရာများကို ခေါ်ပြီး မိမိတို့ခြံအား
ကြည့်စေသော်လဲ အဖြေတောင်ကောင်း
ကောင်းမသိရပဲ လာသမျှဆရာတွေ ပုဆိုးမပါပဲပြန်ပြေးရ သတိလစ်သူကလစ် နှာနပ်ယူရတဲ့သူကယူရ အဆင်မပြေခဲ့ပါ ဒီနေ့တော့ မခင်ဦးတို့ နေထိုင်ရာ အလယ်တောရွာလေးသို့ ရောဂီဝတ်ဆရာကြီး တစ်ယောက် ကြွလာ၏ ထိုဆရာကြီးလာသည့် အကြောင်းအရင်းသည်ရွာထဲမှ လေးဖက်နာဖြစ်နေသော ဦးကျော်လှတို့အိမ်
ကို ဗမာတိုင်းရင်းဆေးများဖြင့် ကုသပေးရန် ရောက်ရှိလာခဲ့ခြင်းဖြစ်သည် စပ်စုတတ်သူပီပီ မသိန်းကြွယ်တစ်ယောက် ဆရာကြီး၏ ဂုဏ်သတင်းကို သူကြားသမျှ မခင်ဦးအားပြန်ပြောပြလေတော့သည်။

“..ဟဲ့….မခင်ဦး…”

“…ပြောလေ…..မသိန်းကြွယ်…ရွာကို…တိုင်းရင်းဆေးဆရာကြီးတစ်ယောက်….ရောက်နေတယ်ဟ”

“…ဟင်…ဟုတ်လား…”

“…အေး…..ဟုတ်တယ်ဟ….ဆရာကြီးက..
..သီလ….သမာဓိနဲ့…အတော်ပြည့်စုံလို့….ရောက်
တဲ့အရပ်…..ပယောဂတွေလဲ….ကုပေးခဲ့တာတဲ့..”

“ဟုတ်လား..ဒါဆိုရင်…ကျုပ်တို့တော့…ကံကောင်းပြီးထင်တယ်….မသိန်းကြွယ်ရေ…”

မခင်ဦး စိတ်ထဲ ပြောမပြတတ်လောက်အောင် ပျော်ရွှင်နေရသည်။

…..အေး…..ဆရာကြီးနာမည်က…ဦးသိုက်ထွန်း…တဲ့…တွံတေးဘက်က….လာတယ်လို့….ပြောတယ်ဟ…”

​….သြော်….ဟုတ်လား….

“..အေး…ဦးကျော်လှရဲ့သား…..တွံတေးဘက်ကို…အလုပ်ကိစ္စနဲ့သွားရင်း….ဆရာကြီးရဲ့… ဂုဏ်သတင်းကိုကြားပြီး….တစ်လက်စထဲ…ပင့်ခဲ့တာ….တဲ့…”

“…အတော်ပဲ….မသိန်းကြွယ်….ညနေကြရင်….ကျုပ်တို့ခြံကိစ္စ….သွားပင့်ဦးမှ…”

“…အေးဟုတ်တယ်ဟ….တော်လဲ…ကလေးတွေနဲ့..ဒုက္ခရောက်လွန်းလို့….ကျုပ်ကသတင်းကောင်း…လာပေးတာ….ပြန်ဦးမယ်…မခင်ဦးရေ…”

“..ကျေးဇူးတင်ပါတယ်…..မသိန်းကြွယ်ရေ…”

မသိန်းကြွယ် ပြန်သွားသည်နှင့် လုပ်စရာရှိသည်များ အမြန်လုပ်လိုက်ပါသည်။

=================

ညနေစောင်းပြီဖြစ်၍ မခင်ဦး ဆရာကြီးရှိရာ
ဦးကျော်လှတို့ အိမ်ဘက်သို့ သဘက်ကလေး ခေါင်းပေါင်းကာ ထွက်လာခဲ့၏ ဟိုရောက်တော့ ဆရာကြီးဆိုသူသည် အသက်ငါးဆယ် ဝန်းကျင်ခန့်ရှိပြီး အသားညိုညို ဆေးတံခဲရင်း ရွာထဲမှ လူကြီးများနှင့် စကားဝိုင်းဖွဲ့ပြောနေကြသည် မခင်ဦး အိမ်ပေါ်သို့ တတ်သွားသည်နှင့် ဆရာကြီးက။

“…လာလေ….သမီး….ထိုင်…”

“…ဟုတ်ကဲ့….ဆရာကြီး..”

မခင်ဦး ဆရာကြီးနှင့် မျက်နှာခြင်းဆိုင်မှာ ဝင်ထိုင်လိုက်ပြီး လက်အုပ်လေးချီကာ။

“..ဆရာကြီးရှင့်…”

“…ကဲ…..ငါ့သမီး….မောလာတယ်…မဟုတ်လား…အကြမ်းရေလေး…အရင်င်သောက်လိုက်ပါဦး…”

ဆရာကြီးက အမောပြော အကြမ်းရေ အရင်သောက်ခိုင်းတော့ တစ်ခွက်ငှဲ့ခါ သောက်လိုက်ပြီးနောက်။

“…ကဲ…ကဲ….ငါ့သမီးပြန်တော့…..ညနေကြရင်….
ငါ့သမီးတို့ခြံဘက်….အဘ….လာခဲ့မယ်..”

“..ရှင်..”

မခင်ဦး ဘာမှတောင် မပြောရသေးပဲ ဆရာကြီးကသိနှင့်နေသော အမူအယာဖြင့် ပြောလာသောကြောင့် အင်မတန်ပင် အံသြလေးစားမိပါသည်။

“..သြော်….ဒါနဲ့….ငါသမီး….ကလေးနှစ်ရှိတယ်..မဟုတ်လား..”

“…ဟုတ်….ရှိပါတယ်….ဆရာကြီး..”

“…အေး….အေး…ကလေးတွေကို…အသေအခြာရေမိုးချိုးပြီး….အမွှေးနံ့သာလိမ်းပေးထားနော်….သမီး…”

“…ဟုတ်….ဟုတ်ကဲ့ပါ….ဆရာကြီး…”

“…အေး….ငါသမီးပြန်တော့….ကလေးတွေ…မျှော်နေလောက်ပြီ…”

“…ဟုတ်….ကျေးဇူးတင်ပါတယ်…ဆရာကြီးရယ်…”

ဘယ်လိုပဲဖြစ်ဖြစ် မခင်ဦး ဆရာကြီး၏ သီလသမာဓိအား မလေးစားပဲမနေနိုင်ပါချေ ဝိုင်းဖွဲ့စကားပြောနေကြသော လူကြီးများလဲ အံ့သြမှင်သက်ခြင်းတွေနဲ့ ကျန်ရစ်ခဲ့လေတော့သည်။

=============

အချိန်က နေဝင်ရီတရော အချိန်ပင်ဖြစ်သည်
မခင်ဦးတို့အိမ်အပေါ် ဘုရားခန်း၌ ပန်းဆီမီးရေချမ်းများ ကပ်လှူပူဇော်ထားပြီး ဆရာကြီး ဘုရားဦးတိုက်ခါ ခေတ္တမျှ ငြိမ်သက်နေလေသည် ရွာထဲမှ လူကြီးတစ်ချို့နှင့် မခင်ဦးတို့ မိသားစုလဲ အိမ်ထဲ၌ရောက်ရှိ နေကြလေသည် ကွမ်းတစ်ယာညက် လောက် ကြာသောအခါ။

“…အီး…..ဟီး….ဟီး..”

“…ဟဲ့….ဟဲ့…..သမီးကြီး….ခင်…ခင်ထား…”

မခင်ဦး၏ သမီးအကြီးဖြစ်သော မခင်ထားမှာ
တစ်ကိုယ်လုံး တုန်ယင်လျှက် ရှိုက်ကြီးတငင် ငိုကြွေးနေလေတော့ လူများက ကလေးဆီသို့ အာရုံဏ်ရောက်လာကြသည် မခင်ဦးက ကလေးထငိုသည်ဟု ထင်မှတ်ခါ ရိုတ်ပုတ်မယ် ဟန်ပြင်တဲ့အခါ။

“….ဟဲ့….ငါ့သမီး…..ကလေးကို….မရိုတ်ရဘူး…”

ဆရာကြီး ကလေးဘက်သို့လှည့်ခါ ပြောလိုက်ခြင်းကြောင့် မခင်ဦး မရိုတ်တော့ပါ။

“…ကဲ…..ကဲ…ငိုမနေပါနဲ့….ကံ….ကံ၏အကျိုးတွေကြောင့်….သိ၍ဖြစ်စေ…မသိ၍ဖြစ်စေ….ကိုယ်ပြုသမျှ….ကိုယ်ပြန်ပေးဆပ်ကြရတာပါပဲ….ကဲ…အရှေ့ကိုတိုးခဲ့ပါ….မောင်ဘမာန်…”

ကိုဘမာန်ဆိုသော စကားကြောင့် မခင်ဦးနှင့် လူများအံ့သြ ဝမ်းနည်းခြင်းတွေအပြည့်ဖြင့် ဝိုင်းကြည့်နေကြလေသည် မခင်ထားလေး ဆရာကြီးအရှေ့သို့ တိုးထိုင်ရင်း မျက်ရည်တို့ အသွင်သွင်စီးကျလျှက် လက်အုပ်ချီခါ။

“…ကျွန်…..တော်….အမှားတွေပါ…ဆရာကြီးရယ်…မခင်ဦး….ငါ့အနားကိုလာပါဦးဟာ…..ငါနင့်ရဲ့…ယောကျ်ား….ကိုဘမာန်ပါ..”

မခင်ဦး မျက်ရည်တို့ ဖြေမဆည်နိုင်တော့ပေ။

“…ကို….ကိုဘမာန်….တော်…တော်….ဘယ်လိုဖြစ်ရတာလဲရှင်…”

“…ကဲ….အားလုံးကို….ငါ….ငါပြောပြပါ့မယ်
…မသိန်းကြွယ်..”

မခင်ဦးအနောက်မှာ ထိုင်နေသော မသိန်းကြွယ်အားလှမ်းခေါ်လိုက်ခြင်းကြောင့်။

“…ရှင်….ကို….ကိုဘမာန်…”

“…ခင်များယောကျ်ား….ကိုသိန်းအောင်ကို….သွားခေါ်ပေးပါဗျာ….”…ဟုတ်…. ဟုတ်ကဲ့..”

မသိန်းကြွယ် သူ့အမျိုးသား ကိုသိန်းအောင်ကို
သွားခေါ်လေ၏ မကြာခင်ကိုသိန်းအောင်ပါ ပါလာခဲ့သည်။

“.ကဲ…လူစုံပြီဆိုတော့..ကို…ကိုသိန်းအောင်..”

“…ကိုဘမာန်….ပြောလေ…”

“…ကျုပ်ဟာ…ခင်များမြေမှန်း….သိနေပါလျှက်နဲ့…ခြံစည်းရိုးအလယ်…ဝါးပင်စိုက်….မျှစ်ထွက်လာတော့….ခြံတိုးခတ်….မတော်လောဘနဲ့….ခင်များရဲ့မြေကြီးတွေကို…..ခိုးယူမိခဲ့ပါတယ်…”

“…သြော်…ရ….ရပါတယ်….ကိုဘမာန်…”

ကိုသိန်းမောင်က ထိုသို့ပြောတော့။

“…ခင်များက….ရပေမယ့်….မကောင်းမှု့…..
…အကုသိုလ်က….မရဘူးဗျ….အခုဆိုရင်…ကျုပ်မှာ…နေ့ဘက်ဆိုရင်..ကျုပ်ပြုခဲ့တဲ့….ကောင်းမှု့တွေ​ကြောင့်….နတ်ဘုံနတ်နန်းတမျှ….ခံစားစံစားနေရပြီး……ညရောက်ပြီဆိုတာနဲ့….ပြိတ္တာဘုံသားဘဝနဲ့…ကျုပ်ခြံထဲက….​ကျုပ်ခင်များဆီက….ခိုးယူမိထားတဲ့…မြေကြီးတွေကိုတူးပြီး…..ခင်များခြံထဲကို….မိုးလင်းတဲ့အထိ….တူးပြီးပြန်ပို့ပေးနေရတယ်ဗျ…အီး…..ဟီး….ဟီး….

ပြောရင်းနဲ့ ကိုဘမာန်ပူးကပ်နေတဲ့ မခင်ထားလေးရှိုက်ကြီးတငင် ငိုကြွေးပါတော့တယ်။

….ကျုပ်….ကျုပ်….တူးနေရတဲ့အချိန်မှာလဲ….အရမ်းပူလောင်နေသလို….အရမ်းပင်ပန်းတယ်…ကိုသိန်းအောင်…..ကျုပ်ကိုခွင့်လွှတ်ပေးပါဗျာ….

လက်အုပ်ချီလျှက် ကိုသိန်းအောင်ကို အခါခါတောင်းပန် နေလေတော့သည်။

….ဟာ…ရပါတယ်….ကိုသိန်းမောင်ရဲ့..

“ခင်များရပေမယ့်….ကျုပ်မရဘူး…ကိုသိန်းအောင်”

….ဟဲ့….မခင်ဦး….

….ရှင်…..

….ငါစိုက်ထားတဲ့….ဝါးပင်ကို ငါ့တို့ခြံဘက်ကနေပြီး…ခြံစည်းရိုး….ပြန်ခတ်ပေးလိုက်ပါ…..ဝါးပင်ကို…ကိုသိန်းအောင်….ခြံထဲဘက်….ရောက်နေပါစေနော်..ကလေးတွေကိုလဲ….ဂရုစိုက်….ငါ့ဖို့လဲ…အလှူအတန်းလေးလုပ်ပြီး….အမျှဝေပေး….ကြားလား..”

…ဟုတ်ကဲ့ပါ…..ကိုဘမာန်….အဟင့်…..ဟင့့်….

အားလုံးကို မှာကြားပြီးနောက် ဆရာကြီးဘက်သို့လှည့်ခါ လက်အုပ်ချီရင်း။

…ကျေးဇူးကြီးပါတယ်….ဆရာကြီးရယ်…ဆရာကြီး…သာရောက်မလာရင်….ကျွန်တော်…ဘယ်အချိန်ထိ….တူးပြီးထမ်းနေရမလဲ….မသိတော့ပါဘူး….ဒါကြောင့်မို့လဲ….ဆရာကြီးရွာရောက်တာနဲ့….ကျွန်တော်…အိမ်မက်လာပေးရတာပါ….ဆရာကြီးကို….ကန်တော့ပါရစေ……ဆရာကြီးအား…ဦးတိုက်ပြီး..ကဲ….မခင်ဦး….ငါသွားတော့မယ်ဟာ….ငါပူးကပ်ထားတဲ့….ငါ့သမီးကို….ငါပြန်သွားရင်…ဘာမှမဖြစ်အောင်….ငါလုပ်ထားပါတယ်…သူတပါးမြေကို….ခိုးယူတဲ့အကြောင်း…..ဆရာကြီးက….မပြောချင်တာနဲ့…ငါ့ကို…ဒီအခွင့်အရေးပေးလို့….ငါသမီးကို…ပူးကပ်ပြီး…..လာပြောပြရတာပါ…..ကဲငါသွားပြီ….

….ဘုန်း….

…..ဟဲ့…..ဟဲ့….လုပ်ပါဦး….

မခင်ထားလေး နောက်ပြန် လဲကျသွားလေတော့သည် လူများ တစ်ယောက်တစ်ပေါက်နှင့် ကလေးအား ဝိုင်း၍ ပြုစုပေးကြတဲ့အခါ မကြာခင်ပဲ ပြန်လည်သတိရလာပြီး ကောင်းကောင်းမွန်မွန်ပဲ ရှိနေပါသည်။

….ကဲ….ငါ့သမီး…မခင်ဦး..

….ရှင်…..

…သမီးယောကျ်ား….မှာခဲ့တာတွေ….မမေ့နဲ့နော်…လုပ်ပေးလိုက်ပါ….

…ဟုတ်ကဲ့ပါ….ဆရာကြီး….

…ကဲ….အဘလဲ…ပြန်တော့မယ်…

….ကျေးဇူးတင်ပါတယ်….ဆရာကြီးရယ်….

ဆရာကြီးအား ဦးတိုက်လိုက်ပြီး ကိုဘမာန်မှာကြားခဲ့တဲ့အတိုင်း မနက်ဖြန်တော့ အ​သေအချာ လုပ်ပေးရမှာပေါ့။

ခြံစည်းရိုးကို ကိုဘမာန်မှာခဲ့တဲ့အတိုင်း ပြန်ပြင်ခတ်ပေးလိုက်ပြီး ကိုသိန်းအောင်ရဲ့ ခွင့်လွှတ်ခြင်းကို ခံယူခါ ဘုန်းကြီးငါးပါးကို ဆွမ်းကပ်ရင်း အမျှကုသိုလ် ပေးဝေးလိုက်ပါတော့သည် ထိုနေ့မှ စ၍ တဘုတ်ဘုတ် မြည်နေသော အသံသည်လည်း ပျောက်ခြင်းမလှ ​ပျောက်ကွယ်သွားလေတော့သည်။

လောက၌ သိ၍ဖြစ်စေ
မသိ၍ ဖြစ်စေကိုယ်ပြုသမျှ
ကိုယ်သာ ခံရပြီးနောက်
မတော်လောဘတို့သည်
သံသရာလည်စေသည်ကို
သိစေချင်သော အလို့ငှာ
ဤဖြစ်ရပ်မှန် ဇာတ်လမ်းအား
ရေးသားလိုက်ရခြင်းပင်ဖြစ်၏
လူအခြင်းခြင်းလှည့်ပတ်ခြင်း
ကင်းရှင်းကြပါစေ…။🙏🙏🙏
.
.
စာ​ရေးသူ =လေလွင့်လူ(တွံတေး)

ရွင်လန်းချမ့်းမြေ့ကြပါစေ

#ညမဖတ်ရ