ခလောက်ကွေ့ကထွေးရီ

ခလောက်ကွေ့က ထွေးရီ (စဆုံး)

(ဖြစ်ရပ်မှန်)

(၁)

“ခင်ဗျားတို့ ဘောစိကားတစ်စီးထပ်တိုးဝယ်လိုက်တယ်ဆိုဗျ”

ကားသမား ကိုမောင်တင့်က ပြောပြောဆိုဆိုနှင့် ကိုအောင်မင်းထိုင်နေသည့် စားပွဲတွင်လာထိုင်လေသည်။ လက်ဖက်ရည်ဆိုင်မှ စားပွဲထိုးကောင်လေးက ပြေးလာသည့်အခါ ကိုမောင်တင့််က လက်ညိုးတစ်ချောင်းထောင်ပြလိုက်ရင်း

“ပုံမှန်အတိုင်းပဲလုပ်ဟေ့”

စားပွဲထိုးကလေးမှာ အနားသို့ပင်မလာတော့ဘဲ ခေါင်းညိတ်ကာပြေးဝင်သွားလေသည်။ ကိုအောင်မင်းလည်း ကိုမောင်တင့်အမေးကိုဖြေသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။

“ခင်ဗျားအဲဒီကားကိုမြင်ပြီးပြီလား”

ကိုအောင်မင်းခေါင်းခါလိုက်သည်။ စားပွဲထိုးကောင်လေးက လက်ဖက်ရည်တစ်ခွက်လာချသဖြင့် ကိုမောင်တင့်က ဇွန်းကိုကောက်ယူလိုက်ကာ လက်ဖက်ရည်ခွက်ကိုမွှေနေရင်း

“ဖြစ်နိုင်ရင် ခင်ဗျားအဲဒီကားကိုမမောင်းနဲ့”

အစမရှိ အဆုံးမရှိ ကိုမောင်တင့်၏ စကားကြောင့် ကိုအောင်မင်းမျက်လုံးပြူးသွားသည်။

“ဘာဖြစ်လို့လဲဗျ၊ ခင်ဗျားကလည်း”

“အဲဒီကားက နည်းနည်းရာဇဝင်ရှိတယ်ဗျ”

ကိုအောင်မင်းပင် အလွန်သိချင်မိသွားသည်။ ကားလောကတွင် ရာဇဝင်ရှိသည်ဆိုသည့်စကားမှာ အတိုက်အခိုက်၊ အသေအပျောက်ရှိဖူးသည်ဟု ဆိုလိုခြင်းဖြစ်သည်။

“ပြောစမ်းပါအုံး ကိုမောင်တင့်ရာ၊ ကိုမောင်တင့်က လိုင်းစုံတယ်မဟုတ်လား၊ ကျုပ်က ဒီရွှေကမ္ဘာကားဂိတ်မှာပဲ မောင်းနေတာမဟုတ်လား”

ကိုမောင်တင့်က လက်ဖက်ရည်တစ်ကျိုက်သောက်လိုက်ပြီးနောက်

“ကျုပ်ပြောမယ်၊ အဲဒီကားက အရင်တုန်းက ခလောက်ကွေ့မှာ မှောက်ဖူးသဗျ၊ လူတောင် သုံးလေးယောက်သေဖူးတယ်”

“ဟုတ်လားဗျာ”

“ကားကတော့ သိပ်မပျက်စီးဘူးဗျ၊ ဒါနဲ့ ပိုင်ရှင်က ပြန်ပြင်ပြီးဆက်မောင်းတော့ နောက်တစ်ခါလည်း ခလောက်ကွေ့မှာပဲ လူထပ်တိုက်မိသတဲ့ဗျာ၊ ဒါနဲ့ ပိုင်ရှင်က ကားကိုတခြားသူကိုရောင်းလိုက်တာဗျ၊ ရွှေခရီးကားဂိတ်ကပေါ့ဗျာ”

“သြော်၊ ရွှေခရီးဆိုတာ ကြားတော့ကြားဖူးတယ်၊ ဒါနဲ့ အဲဒီကားဂိတ်ပိုင်ရှင်က ဘာသာခြားဆိုဗျ၊ သူတို့က ပရိတ်တွေဘာတွေ၊ မရွတ်လို့နေမှာပေါ့ဗျ၊ ကားတိုက်ပြီး သန့်ရှင်းရေးမလုပ်လို့ဖြစ်မှာပေါ့”

“ခင်ဗျားအဲဒီလိုပြောမယ်ဆိုတာ ကျုပ်သိပြီးသား၊ ဒါနဲ့ သူက ဘယ်သူ့ကိုရောင်းလိုက်တယ်ထင်သလဲဗျ၊ အဏ္ဏဝါဂိတ်ကိုရောင်းလိုက်တာ”

“သြော်၊ ကိုကျော်မျိုးနိုင်တို့ကားဂိတ်ပေါ့”

“ဟုတ်တာပေါ့ဗျာ၊ အဏ္ဏဝါကိုကျော်မျိုးနိုင်က ကားကိုသေသေချာချာသန့်ရှင်းရေးလုပ်တယ်၊ ပရိတ်တွေဘာတွေရွတ်ပြီးမှ ခရီးဆွဲတာပဲဗျ၊ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်လလောက်က ကားမှောက်တာ ခင်ဗျားကြားတယ်မဟုတ်လား”

“အဏ္ဏဝါက ကိုဝင်းဦးမောင်းတဲ့ကားမှောက်တာမဟုတ်လား၊ ကြားမိပါသေးတယ်ဗျာ”

“အဲဒါ အဲဒီကားပဲဗျ၊ မှောက်တဲ့နေရာကလည်း ခလောက်ကွေ့ပဲ”

“ဗျာ”

ကိုအောင်မင်းတစ်ယောက် ဘာမှမပြောနိုင်တော့ပေ။ ကိုမောင်တင့်က ဆက်လက်၍

“ကိုဝင်းဦးနဲ့ ခင်ဗျားနဲ့ ရင်းနှီးတယ်မဟုတ်လား၊ ကားမှောက်ပြီးတော့ ကိုဝင်းဦးလည်း ကြောင်တောင်တောင်ဖြစ်သွားလို့ အခုဆို စတီယာရင်မှ မကိုင်တော့တာ၊ ကားဝင်းထဲ ဈေးရောင်းနေတာ ခင်ဗျားအသိပဲ၊ သူ့ကားမှာလိုက်သွားတဲ့ စပယ်ယာချစ်ဆန်းဆိုရင် ရူးကြောင်ကြောင်ဖြစ်သွားလို့ အရူးထောင်ပို့ရသတဲ့ဗျာ”

“ဟာဗျာ၊ ဟေ့လူ၊ ခင်ဗျားပြောတာ ဟုတ်ရဲ့လား”

ကိုမောင်တင့်က ကိုအောင်မင်းကိုကြည့်လိုက်ကာ

“ဒီမှာကိုယ့်လူ၊ မောင်တင့်တို့က မဟုတ်တာမပြောဘူး၊ အခု အဏ္ဏဝါကိုကျော်မျိုးနိုင်က ခင်ဗျားတို့ ရွှေကမ္ဘာကို အဲဒီကားကိုအောက်ဈေးနဲ့ရောင်းထားတာ၊ ကားကိုတွေ့ရင်ခင်ဗျားကြည့်လိုက်၊ ကားညာဖက်ခြမ်းလေကာမှန်က ကွဲနေလို့ တိပ်တွေနဲ့ကပ်ထားလိမ့်မယ်၊ အဲဒါတခြားမဟုတ်ဘူးဗျို့၊ ကိုကျော်မျိုးနိုင်တို့ ကားကိုပရိတ်ရွတ်၊ ပရိတ်ရည်ဖြန်းတော့ ကားထဲမှာနေတဲ့သရဲက မကျေနပ်လို့ လေကာမှန်ကို ခွဲလိုက်တာတဲ့ဗျာ၊ ဘယ်သူမှမရှိ၊ ဘာမှမထိဘဲ လေကာမှန်က သူ့အလိုလိုအက်သွားတာ”

“ထူးဆန်းပါ့ဗျာ”

“ဒါကြောင့် ကျုပ်ခင်ဗျားကို သတိပေးတာပေါ့ ကိုအောင်မင်း၊ တကယ်လို့ ခင်ဗျားအဲဒီကားကို မောင်းရမယ်ဆိုရင် ပရိတ်ခွေမဖွင့်နဲ့၊ တရားခွေမဖွင့်နဲ့ဗျို့၊ ခုဈေးရောင်းနေတဲ့ ကိုဝင်းဦးက ကျုပ်ကိုသတိပေးသွားတယ်၊ ပရိတ်ဖွင့်ရင် တရားဖွင့်ရင် ကားထဲကသရဲက မကျေနပ်ဘူးတဲ့ဗျ၊ တအားကြမ်းတယ်ဆိုပဲ”

“ကျေးဇူးပါဗျာ၊ ကျုပ်လည်း ကားထွက်ချိန်နီးနေလို့ သွားလိုက်အုံးမယ်ဗျို့”

ကိုအောင်မင်း တစ်ယောက် လက်ဖက်ရည်လက်ကျန်ကို မော့သောက်ချလိုက်ပြီး ကိုမောင်တင့်ကိုလက်ပြနှုတ်ဆက်ကာ လက်ဖက်ရည်ဆိုင်အတွင်းမှ ထွက်လာခဲ့တော့သည်။ ကိုအောင်မင်း စိတ်ထဲတွင်တော့ ကိုမောင်တင့်ပြောသည့်စကားများကို သို့လော၊ သို့လော တွေးနေမိသည်။

(၂)

ကိုအောင်မင်း မှာ ကားသမားဖြစ်သည်။ ကိုအောင်မင်းတို့ ကားဂိတ်မှာ ရွှေကမ္ဘာကားဂိတ်ဖြစ်ကာ ခရီးသည်တင် ကားများကိုမောင်းနှင်ရလေသည်။ အချိန်အားဖြင့်် (၂၀၁၀) ခုနှစ်ခန့်ဖြစ်သည်။ ကိုအောင်မင်းတို့ ကားဂိတ်မှာ နယ်မြို့ကြီးနှစ်မြို့ကို အရှေ့မှအနောက်သို့ မောင်းရခြင်းဖြစ်သည်။ ထိုခေတ်က မှန်လုံယာဉ်များမှာ ဒေဝူးကားများ အများဆုံးဖြစ်သည်။ ကိုအောင်မင်းမှာ အသောက်အစားရှိသော်လည်း အလုပ်ချိန်အတွင်း သောက်စားလေ့မရှိ၊ ကားမောင်းရာတွင်လည်း အလွန်တိကျကာ ကျွမ်းကျင်သဖြင့် စိတ်ချရသူဖြစ်သည်။ ယခု မောင်းနှင်နေသည့်် ရွှေကမ္ဘာကားလိုင်းတွင်လည်း ဆယ့်ငါးနှစ်နီးပါး မောင်းနှင်နေသူဖြစ်သဖြင့်် ကားဂိတ်တစ်ခုလုံးတွင် ဖင်အမြဲဆုံးလူအဖြစ် အားလုံးက ချီးကျူးကြသည်။ ရွှေကမ္ဘာကားလိုင်းမှ ကားလိုင်းပိုင်ရှင်မှအစ၊ ယာဉ်နောက်လိုက်များအဆုံး ကိုအောင်မင်းကို တလေးတစားဆက်ဆံကြသည်။

နယ်မြို့နှစ်မြို့ကိုဆက်သွယ်ထားသော်လည်း လမ်းကြမ်းခြင်း၊ ကြားတွင် ခရီးသည်အတက်ဆင်းများခြင်း၊ ကုန်စည်သယ်ဆောင်မှု များပြားခြင်းတို့ကြောင့်် ခရီးစဉ်အစမှ အဆုံးထိဆိုလျှင် တစ်နေ့နှင့်တစ်ညနီးပါး မောင်းနှင်ရသည်။ လမ်းတွင် ကားပျက်နေလျှင် ထိုထက်ပိုမိုအချိန်ကြာတတ်လေသည်။

ကိုအောင်မင်း ကားဂိတ်သို့မဝင်ခင်မှာပင် ကားဂိတ်အဝတွင်ရပ်တန့်ထားသည့် ကားသစ်တစ်စီးကိုတွေ့လိုက်ရသည်။ ကားသစ်ဟုဆိုရခြင်းမှာ အသစ်အတိုင်းဖြစ်နေ၍မဟုတ်၊ သူတို့လိုင်းတွင် မရှိဖူးသေးသည့် ကားတစ်စီးဖြစ်သောကြောင့်သာ အသစ်ဟုခေါ်ရခြင်းဖြစ်သည်။ ကားများအားလုံးလိုလိုမှာ ဂျပန်တစ်ပတ်ရစ်ကားများ၊ ကိုရီးယားတစ်ပတ်ရစ်ကားများဖြစ်သည်။ ကားသစ်ကိုလှည့်ပတ်ကြည့်သည့်အခါ ရှေ့လေကာမှန်ကြီးမှာ ခရီးသည်များအတက်အဆင်းပြုသည့်အခြမ်းတွင် ကွဲအက်နေသဖြင့် တိပ်အကြည်များဖြင့် ကပ်ထားသည်ကိုတွေ့ရသည်။ ကားမောင်းသမားအခြမ်းမဟုတ်သဖြင့် အန္တရာယ်မရှိလှသော်လည်း ကိုအောင်မင်းတစ်ယောက် ကိုမောင်တင့်ပြောထားဖူးသည့် စကားကြောင့် ထိတ်လန့်သွားလေသည်။

သက်ပြင်းတစ်ချက်ချပြီး ဂိတ်ထဲသို့ဝင်လိုက်စဉ် ဂိတ်ရုံးတွင် ကားဂိတ်ပိုင်ရှင်အုံနာက သူ့အားစောင့်နေလေသည်။

“ကိုအောင်မင်း ရောက်လာပြီကိုး၊ ကျုပ်ခင်ဗျားကိုစောင့်နေတာ”

“ပြောပါ အာစရိ”

“ရှေ့မှာကားသစ်တွေ့တယ်မဟုတ်လား၊ ကျုပ် အဲဒီကားကို ကိုကျော်မျိုးနိုင်ဆီက ဝယ်လိုက်တာဗျ၊ ကျုပ်တို့မှာ ခရီးသည်တွေရှိပေမယ့် ကားနည်းလို့ ခရီးစဉ်မလုံလောက်ဘူးမဟုတ်လား၊ အခု ဒီကားထပ်ဝယ်လိုက်တော့ ခရီးစဉ်ထပ်တိုးလို့ရတာပေါ့ ကိုအောင်မင်း”

“ကောင်းပါတယ်အာစရိ”

“အဲဒါ အခု ဒီည အဲဒီကားနဲ့ထွက်မယ့် ပထမဆုံးအဖွင့်ခရီးစဉ်ကို ကိုအောင်မင်းကို မောင်းစေချင်တယ်”

ကိုအောင်မင်းထူပူသွားလေသည်။

“ခင်ဗျာ”

ဘာမှပြန်မပြောနိုင်ပဲ ခင်ဗျာဟုသာ အသံအကျယ်ကြီးဖြင့်ထူးမိတော့သည်။ ကားအုံနာက အထူးအဆန်းဖြင့်

“ကိုအောင်မင်း မမောင်းနိုင်လို့လား၊ ဘာအခက်အခဲရှိလို့လဲ”

“ဘာမှတော့ မရှိပါဘူးဗျာ၊ ဒါပေမယ့် ကျွန်တော်တစ်ခု အကြံပေးချင်တယ်၊ ကားအသစ်ဆိုတော့ ညခရီးစဉ်မမောင်းသေးဘဲ နေ့ခရီးစဉ် အရင်စဆွဲသင့်တယ်လို့ထင်တယ်”

အုံနာမှာမျက်နှာပျက်သွားသည်။

“ဘာဖြစ်လို့လဲဗျ”

“ကျုပ်မောင်းနေကျ ၂၂၉၄တို့၊ ၇၅၆၈ တို့ဆိုရင် ကားကဘယ်လိုအထာရှိတယ်ဆိုတာ အလွတ်ရနေပြီအာစရိ၊ ဒီတော့ နေ့မောင်းမောင်း၊ ညမောင်းမောင်း ကိစ္စမရှိဘူး၊ ကားအသစ်ကျတော့ ကျုပ်တို့နဲ့ လက်ပွန်းတတီးမဖြစ်သေးဘူး၊ အထာမကျသေးဘူး၊ ပြီးတော့ ညဘက်ခရီးစဉ်က နေ့ဘက်ခရီးစဉ်ထက် ပိုပြီးအာရုံစိုက်ရတယ်မဟုတ်လား”

“ဒါဆို ကိုအောင်မင်းက မမောင်းနိုင်ဘူးလို့ ပြောချင်တာလား”

“ဒီလိုမဟုတ်ပါဘူးအာစရိ၊ ကျုပ်က အသက်ဆယ့်ခြောက်နှစ်ကတည်းက ကားမောင်းလာခဲ့တာ၊ အခု အသက်လေးဆယ်ကျော်ပြီဆိုတော့ ကားမောင်းသက် နှစ်ပေါင်းနှစ်ဆယ်ကျော် သုံးဆယ်နားကပ်နေပါပြီ၊ ကျွန်တော်မောင်းလာတဲ့သက်တမ်းတစ်လျေျာက် ကိုယ့်ဖက်ကမှားလို့ ကားတိုက်တာ တစ်ခါမှမရှိခဲ့ဖူးဘူးမဟုတ်လား၊ ကားတိုက်တယ်ဆိုရင်တောင်မှ အပျက်အစီးနည်းနိုင်သမျှ နည်းအောင် ရှောင်နိုင်ခဲ့တယ်၊ ဒါကြောင့် အခုပြောနေရတာ ကျွန်တော်မမောင်းနိုင်လို့ ဆင်ခြေဆင်လက်ပေးနေတာ မဟုတ်ပါဘူးအာစရိ”

“အေးပါဗျာ၊ ကိုအောင်မင်းအကြောင်း ကျုပ်အသိဆုံးပါ၊ ကျုပ်က ကိုအောင်မင်းကို ရွေးရတယ်ဆိုတာက ကိုအောင်မင်းက ကျုပ်တို့ဟောဒီရွှေကမ္ဘာယာဉ်လိုင်းမှာ သက်တမ်းအကြာဆုံး ဒရိုင်ဘာတစ်ယောက်၊ ပြီးတော့ ကားကိုလည်း သေသေချာချာ ကျွမ်းကျွမ်းကျင်ကျင်မောင်းတတ်ပြီးသားဆိုတော့ ကျုပ်ကိုအောင်မင်းကို ယုံလို့၊ ဒီတာဝန်ကို ခိုင်းရတာပါ၊ ကိုအောင်မင်း ဒီတစ်ခေါက်တော့ မငြင်းပါနဲ့ဗျာ၊ ပထမဆုံးခရီးစဉ်ဆိုတော့ နှောင့်နှေးလို့လည်း မကောင်းဘူးမဟုတ်လား”

နောက်ဆုံးမတတ်သာတော့သဖြင့် ကိုအောင်မင်းခေါင်းညိတ်လိုက်ရတော့သည်။

“ဟုတ်ကဲ့ပါ အာစရိ”

အုံနာက မတ်တပ်ထလိုက်ကာ ကိုအောင်မင်းပုခုံးကိုပုတ်လိုက်ရင်း

“ကြိုးစားပေးပါဗျာ၊ အလယ်ဂိတ်မှာ ကိုကျော်တက်လိမ့်မယ်၊ ခင်ဗျားသူနဲ့ တစ်ယောက်တစ်လှည့်စီမောင်းပေါ့၊ စပယ်ယာကတော့ ရန်နိုင်ကိုခေါ်သွားပါ”

ကိုအောင်မင်းမျက်မှောင်ကြုတ်လိုက်မိသည်။ ကိုကျော်မှာလည်း ကားမောင်းအထူးကျင်လည်သူဖြစ်သဖြင့် ပြောစရာမရှိ၊ သို့သော် ရန်နိုင်မှာ စပယ်ယာဖြစ်တာ တစ်နှစ်ခန့်ပင်ရှိသေးသဖြင့် အတွေ့အကြုံနုသေးသည်။ ကားအုံနာကလည်း ကိုအောင်မင်းမျက်နှာကို အကဲခတ်မိသည်။

“ဘာဖြစ်လို့လဲ ကိုအောင်မင်း”

“ဘာမှမဖြစ်ပါဘူး အာစရိ၊ အဆင်ပြေပါတယ်”

သို့နှင့် ထိုသရဲစီးနေသည်ဆိုသည့် ကားသစ်ကြီးကို ညခရီးစဉ်မောင်းနှင်ရန်အတွက် ကိုအောင်မင်း ဆုံးဖြတ်လိုက်ရတော့သည်။

(၃)

ညနေလေးနာရီခန့်တွင် ကားကစတင်ထွက်ခွာလာခဲ့သည်။ ခရီးစဉ်အစမို့ ကားမှာလူနည်းသေးသည်။ ကားဝင်းမှထွက်လာပြီးနောက် မြို့ကိုပတ်နေရသည်။ ထိုအချိန်တွင် ကားစပယ်ယာ ရန်နိုင်မှာ ပရိတ်ခွေတစ်ခွေကို စက်ထဲထည့်ဖွင့်လိုက်သည်။ ထိုစဉ်က ခရီးသည်တင်ကားများတွင် တီဗီများတပ်ဆင်ထားကာ မြန်မာဇတ်ကားများကို ခရီးစဉ်တစ်လျှောက် ပြသတတ်ကြလေရာ ထိုကားများမပြသခင် ကားစထွက်ထွက်ခြင်းအချိန်တွင်တော့ ပရိတ်ပဌာန်းအခွေများကို ဖွင့်တတ်ကြသည်က ထုံးစံဖြစ်သည်။ ကိုအောင်မင်း ကားမောင်းနေရင်း ကိုမောင်တင့်ပြောဆိုသည့် စကားတစ်ခုကိုအမှတ်ရလိုက်မိသည်။

“အဲဒီကားကိုမောင်းရင် ပရိတ်ခွေမဖွင့်နဲ့”

ကိုအောင်မင်းမှာ ရန်နိုင်အားတားမြစ်မည်ဟု အကြံဖြစ်လိုက်သော်လည်း တကယ်တမ်းတော့ မတားဖြစ်လိုက်ပေ၊ အကြောင်းမှာ ကိုမောင်တင့်ပြောသည့်စကားကို မယုံသောကြောင့်ဖြစ်သည်။ ကားကိုမောင်းနှင်လာရင်း မြို့အထွက်နားသို့ရောက်လာခဲ့သည်။ ကားလမ်းပေါ်တွင် ကားများက ရှုပ်ထွေးနေဆဲဖြစ်သည်။ သို့သော် ကားးမောင်းနေရင်း တစ်ခုခုထူးခြားလာသည်။ ထိုသည်ကတော့ ကားမောင်းနေစဉ်မှာပင် ကားက လမ်းဘေးသို့ ထိုးထိုးကျသွားခြင်းဖြစ်သည်။

ကိုအောင်မင်းကိုင်ထားသည့် စတီယာရင်မှာလည်း လေးလံလာသလို တစ်စုံတစ်ဦးက ဆွဲထားသည်ဟုခံစားရသည်။ ကားစတီယာရင်မှာ မလှုပ်သော်လည်း ကားက မောင်းနေရင်း တဖြည်းဖြည်း လမ်းဘေးသို့ထိုးဆင်းလာသည်။ ကိုအောင်မင်းလည်း စတီယာရင်ကို ခြေကုန်ဆွဲလှည့်ရသည်။ တစ်ချီတွင်တော့ ကားမှာလမ်းဘေးသို့ ထိုးမကျဘဲ တစ်ဖက်ယာဉ်ကြောပေါ်သို့ထိုးတက်သွားသည်။ မျက်နှာချင်းဆိုင်ယာဉ်ကြောမှလာသည့် ဆိုင်ကယ်တစ်စီးဖြင့် တိုက်မိမလိုပင်ဖြစ်သွားကာ ကိုအောင်မင်းတစ်ယောက် ကားကိုအမြန်ဆွဲချလိုက်ရသည်။ ကားပင်တစ်ချက်ယိမ်းခါသွားပြီး ခရီးသည်များမှာထိတ်လန့်သွားကြသည်။

“ရန်နိုင် တရားခွေပိတ်လိုက်”

“ဘာဖြစ်လို့လဲဆရာ”

“ပိတ်ဆိုပိတ်လိုက်စမ်းပါကွာ”

ယာဉ်နောက်လိုက် ရန်နိုင်လည်း ပရိတ်ခွေကို စက်အတွင်းမှထုတ်လိုက်ကာ မြန်မာသံသီချင်းခွေအားထည့်လိုက်တော့သည်။ တိုက်ဆိုင်သည်လားတော့မပြောတတ်သေ သီချင်းသံထွက်ပေါ်လာသည့်အခါမှ စတီယာရင်မှာပေါ့ပါးသွားပြီး ကားမှာလည်း လမ်းဘေးသို့ဆင်းမသွားတော့ပေ၊ သရဲ၊ တစ္ဆေကို အယုံအကြည်မရှိသည့် ကိုအောင်မင်းပင် နည်းနည်းယုံချင်ချင်ဖြစ်လာခဲ့သည်။

နေဝင်သည့်အချိန်တွင် ကားမှာဟိုင်းဝေးလမ်းမကြီးပေါ် တက်ခဲ့ပြီဖြစ်သည်။ ကိုအောင်မင်းမှာ ထိုလမ်းအား အမြဲမောင်းနေကျမို့ မည်သည့်နေရာတွင် အရှိန်တင်နိုင်သည်။ မည်သည့်နေရာတွင် ချိုင့်ရှိသည်၊ မည်သည့်နေရာတွင် လမ်းကြမ်းသည်ဆိုသည်ကို အရည်ကြိုသောက်ထားသလို သိနေလေရာ ဟိုင်းဝေးလမ်းကို အသာကလေးထိမ်းမောင်းလာခဲ့သည်။ သို့သော်လည်း ကား၏ ရာဇဝင်ကိုသိထားသူမို့ စိတ်ကိုသတိကြီးကြီးကပ်ကာ မျက်စိနှင့် နားကိုစွင့်၍ မောင်းနှင်လာခဲ့သည်။

ရန်နိုင်နှင့် ခရီးသည်များကတော့ ကားအကြောင်းမသိကြသေးဖြင့် အေးအေးလူလူပင် သီချင်းနားထောင်ရင်းလိုက်ပါလာသည်။ သီချင်းခွေဆုံးသည်နှင့် ရန်နိုင်က မြန်မာကားစပြသည်။ ထိုစဉ်က လူကြိုက်များသည့် နေတိုးကားတစ်ကားဖြစ်သည်။ ခရီးသည်များမှာ ဇာတ်ကားကြည့်ရင်း လိုက်ပါလာကြသူများရှိသလို၊ အချို့ကလည်း အိပ်ရင်းလိုက်လာကြလေသည်။

“အောင်မယ်လေး၊ ကယ်ကြပါအုံး”

ကားမောင်းနေရင်း ကိုအောင်မင်းနားထဲ အသံတစ်သံကိုကြားလိုက်ရသည်။ မိန်းကလေးအသံမျိုး ခပ်စူးစူးဖြစ်သည်။ သို့နှင့် ခရီးသည်များထံသို့ နောက်ကြည့်မှန်မှလှမ်းကြည့်ရင်း

“ရန်နိုင်၊ မင်းကြားလိုက်သလားကွ”

“ကြားလိုက်တယ်၊ ဇာတ်ကားထဲက အော်တဲ့အသံပါဗျ”

ကိုအောင်မင်းလည်း ကားဆက်မောင်းနေရင်း ဆယ်မိနစ်ခန့်ကြာသည့်အခါ အော်သံကိုကြားရပြန်သည်။ ယခုတစ်ခေါက်တော့ ထင်ထင်ရှားရှားအော်သံဖြစ်သဖြင့် အခြားခရီးသည်များပင် ထိတ်လန့်သွားသည်။

“သရဲမကြီး၊ သရဲမကြီး”

ကားအနောက်ပိုင်းတွင်ထိုင်နေသည့် ခရီးသည်မိန်းမတစ်ဦးက သူ့နံဘေးတစ်ဖက်ခြမ်းရှိထိုင်ခုံသို့ လက်ညှိုးထိုးကာ အော်နေလေသည်။ ရန်နိုင်လည်းအမြန်ပြေးသွားပြီး

“ဘာဖြစ်တာလဲဗျ”

“သရဲမကြီး၊ ခုနက ဒီခုံမှာဆံပင်အရှည်နဲ့ သရဲမကြီးတစ်ယောက်ထိုင်နေတယ်”

ရန်နိုင်လည်း သူပြသောနေရာသို့ကြည့်လိုက်ပြီး

“ဘာမှမရှိပါဘူးဗျ၊ အမစိတ်ထင်တာဖြစ်မှာပါ”

ထိုမိန်းမမှာ ကြောက်လန့်ကာ တုန်ယင်နေလေသည်။ ရန်နိုင်လည်း အဆင်ပြေအောင်စီစဉ်ပေးရတော့သည်။

“အမက အနောက်မှာတစ်ယောက်တည်းစီးတော့ ကြောက်ပြီးထင်ချင်ရာထင်နေတာနေမှာ၊ အရှေ့မှာလာပြောင်းစီးဗျာ၊ ကျုပ်နေရာပေးမယ်”

ထိုအမျိုးသမီးမှာ ကားအရှေ့ဘက်ပိုင်းသို့ရောက်လာခဲ့သည်။ ခရီးသည်ထိုင်ခုံအလွတ်တစ်ခုတွင်နေရာပေးလိုက်တော့မှ ထိုထိုင်ခုံတွင်ထိုင်လိုက်တော့သည်။ ကိုအောင်မင်းတော့ တစ်ခုခုထူးခြားနေပြီမှန်းသိလိုက်သည်။

ဆက်လက်မောင်းနှင်လာနေရင်း ကောင်းခန်းရောက်တော့သည်။ ဖြစ်ချင်တော့ ဇာတ်ကားအတွင်းတစ်နေရာတွင် မင်းသားအမေသေသွားသဖြင့် အသုဘချသည့်အခန်းပါဝင်ရာ ထိုအခန်းတွင်ဘုန်းကြီးတရားဟောသည့်အသံကိုထည့်သွင်းထားလေသည်။ တရားသံများထွက်ပေါ်လာသဖြင့် ကားမှာ နွားရိုင်းတစ်ကောင်လို ထိန်းချုပ်မရတော့ဘဲ လူးလွန့်နေလေသည်။ ဘရိတ်လည်းဖမ်းလို့မကောင်း၊ လီဗာလည်း နင်းလို့မရနှင့်် အတော်စိတ်ပျက်စရာကောင်းသည်။ သို့နှင့်အရှေ့တစ်နေရာအရောက်တွင် ကားကိုလမ်းဘေးသို့ ထိုးရပ်လိုက်တော့သည်။

“ဆရာ ပေါက်တောလွှတ်မလို့လား”

“အေး၊ သွားချင်တဲ့လူတွေရှိရင် သွားပါစေ၊ တို့တော့ ခဏနားပြီးမှ ပြန်မစမယ်ဟေ့”

အပေါ့သွားချင်သူများက ကားပေါ်မှဆင်းကာ ကားလမ်းနံဘေးတွင်ဆင်းသွားကြတော့သည်။ ကိုအောင်မင်းလည်း အောက်စက်ရီမုတ်ကိုယူလိုက်ကာ ထိုအခန်းကို ခပ်မြန်မြန်ကျော်ပစ်လိုက်သည်။ ထိုအခန်းပြီးသွားတော့မှ ဇာတ်ကားကိုရပ်လိုက်ကာ ကားကိုဆက်မောင်းနှင်လာခဲ့သည်။

လမ်းရှိကျေးရွာများ၊ မြို့ငယ်ကလေးများတွင် စောင့်နေကြသည့် ခရီးသွားများကို ရပ်တင်သွားခဲ့ရာ၊ ညဆယ်နာရီကျော်သည့််အချိန်တွင် အလယ်ဂိတ်ဟုခေါ်သည့် နေရာသို့ရောက်လာခဲ့သည်။ ခရီးစဉ်မှာလည်း တစ်ဝက်နီးပါးကျိုးနေပြီဖြစ်သည်။ ထိုမှဆက်မောင်းနှင်လျှင် နောက်တစ်နေ့မနက် စောစောတွင် ခရီးစဉ်ပြီးဆုံးရာ မြို့သို့ရောက်ရှိတော့မည်ဖြစ်သည်။

အလယ်ဂိတ်တွင် ရွှေကမ္ဘာယာဉ်လိုင်း၏ ဂိတ်တစ်ခုရှိရာ ထိုနေရာတွင် ဆယ့်ငါးမိနစ်ခန့်ရပ်နားလိုက်သည်။ အနီးတွင် ညလုံးပေါက်ဖွင့်သည့် စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များရှိရာ ခရီးသည်များက အစားအသောက်များဝယ်ယူစားသောက်ကြသည်။ ထိုဂိတ်တွင် အကူယာဉ်မောင်း ကိုကျော်တက်လာလေသည်။

“ကိုအောင်မင်း ညောင်းနေပြီလားဗျ”

“အေး၊ ညောင်းတော့ မညောင်းပါဘူးကွာ၊ ဒီလမ်းတွေက ငါတို့မောင်းနေကျပဲမဟုတ်လား”

“မညောင်းဘူးဆိုပြီးတော့လည်း မနားဘဲမနေနဲ့ဗျ၊ အခု ကျွန်တော်ရောက်လာပြီဆိုတော့ ကိုအောင်မင်းနားတော့ဗျာ၊ ရှေ့ဆက်ပြီး ကျွန်တော်မောင်းတော့မယ်”

ကိုအောင်မင်းမှာ မနားချင်ပေ၊ ကိုကျော်မည်မျှကားမောင်းကျွမ်းကျင်စေကာမူ ယခုကားနှင့်တော့ ဖြစ်မည်မဟုတ်ဟု ဆုံးဖြတ်မိ၍ဖြစ်သည်။ သို့သော် ကိုကျော်ကို တားမရတော့ပေ၊

“ကိုကျော်၊ ကားကိုသတိထားမောင်းနော်”

“စိတ်ချပါ ကိုအောင်မင်းရာ၊ ကဲ ကျွန်တော်ကားမောင်းမယ်၊ ကိုအောင်မင်းက ဟိုးအနောက်ဆုံးခုံတန်းမှာ တစ်ရေးတစ်မောလောက်သွားအိပ်လိုက်ဗျာ”

ကိုအောင်မင်းလည်း စိတ်တထင့်ထင့်ဖြင့် အနောက်ဆုံးခုံတန်းသို့လာခဲ့သည်။ အဝေးပြေးကားကြီးများ၏ အနောက်ဆုံးခုံတန်းမှာ ယာဉ်မောင်းများအတွက် အိပ်ရန်နေရာဖြစ်သည့်အတွက် ကိုအောင်မင်းလည်း လှဲချလိုက်တော့သည်။ ကားမောင်းသူတစ်ယောက်အဖို့ ကားပေါ်တွင်ပင် အိပ်တတ်အောင် လေ့ကျင့်ထားရလေရာ ကိုအောင်မင်းတစ်ယောက် ခေါင်းချပြီးသည်နှင့် သူ့အလိုလိုအိပ်ပျော်သွားတော့သည်။

(၄)

ကားကဆက်လက်မောင်းနှင်လာရင်း ခလောက်ကွေ့အနားသို့ရောက်လာခဲ့သည်။ ခလောက်ကွေ့ဆိုသည်မှာ ခလောက်ရွာအနီးတွင်ရှိသည့်် လမ်းကွေ့တစ်ခုဖြစ်သည်။ ထို့ကြောင့် ခလောက်ကွေ့ဟုသာ ခေါ်ဝေါ်ကြသည်။ ကားမှာ ထိုအနီးသို့ရောက်လာစဉ် လမ်းဘေးတစ်နေရာမှ အသက်ဆယ့်သုံးနှစ်အရွယ်ခန့်ရှိသည့် မိန်းကလေးတစ်ဦးက ကားလမ်းမပေါ်သို့ပြေးတက်လာလေသည်။ ကိုအောင်မင်းလည်း ထိုမိန်းကလေးကို မရှောင်နိုင်တော့သဖြင့် ကားနှင့်ပစ်တိုက်လိုက်ရတော့သည်။ မိန်းကလေးမှာ ကား၏အရှိန်ကြောင့် ခပ်ဝေးဝေးသို့လွင့်ထွက်သွားပြီး ကားမှာလည်း ထိုမိန်းကလေးအား တက်ကြိတ်လိုက်လေတော့သည်။

“အူး၊ အူး၊ အား”

ကိုအောင်မင်းမျက်လုံးများပွင့်သွားကာ အသံအကျယ်ကြီးဖြင့် ထအော်သော်လည်း အော်ဟစ်၍မရပေ၊ ကိုအောင်မင်း အိပ်မက်မက်နေခြင်းဖြစ်သည်။ အိပ်မက်မှနိုးသဖြင့် အမြန်ထရန်ပြင်ဆင်သော်လည်း မထနိုင်ဘဲ တစ်ကိုယ်လုံးလေးလံနေသည်။ ထိုအခိုက် ကိုအောင်မင်းခြေရင်းဘက်မှ အနက်ရောင်သရဲကြီးတစ်ကောင်က တဖြည်းဖြည်းသူ့ကိုယ်လုံးပေါ်သို့တက်လာခဲ့သည်။ ဆံပင်အရှည်ကြီးများရှိပြီး တစ်ကိုယ်လုံးနက်မှောင်နေသည်။ ကိုအောင်မင်းကိုယ်လုံးပေါ်သို့တက်လာရင်း နောက်ဆုံး ကိုအောင်မင်း၏ ရင်ဘတ်ပေါ်တွင်ငုတ်တုတ်ထိုင်ကာ အစွယ်ကြီးများကိုဖြဲပြလေသည်။

ကိုအောင်မင်း အတင်းအကြပ် ရုန်းကန်သော်လည်း ရုန်းမရပေ၊ သူ့အား သရဲစီးထားပြီဖြစ်သည်။ အသံလည်းမထွက်နိုင်ပေ၊ သို့နှင့် အကူအညီရလိုရငြား တစ်ကိုယ်လုံးကိုလှုပ်ယမ်းနေမိသည်။ ကံကောင်းချင်တော့ ကိုအောင်မင်းခြေရင်းတွင် တင်ထားသည့် ရန်နိုင်၏ အဝတ်အစားထုပ်မှာအောက်သို့ပြုတ်ကျရာ ရန်နိုင်တစ်ယောက် အပြေးထလာကာ အထုပ်ကိုလာကောက်သည်။

“ကိုအောင်မင်း ဘာဖြစ်နေတာလဲ”

ရန်နိုင်က သူ့ကိုလက်နှင့်ပုတ်လိုက်တော့မှ လှုပ်ရှား၍ရတော့သည်။ ကိုအောင်မင်းလည်း ငေါက်ခနဲကောက်ထထိုင်ပြီး ရေဘူးရှာကာ ရေသောက်လိုက်မိသည်။ တစ်ကိုယ်လုံးလည်း ချွေးတွေရွှဲနစ်နေချေပြီ။

“အဲကွန်းကားထဲအိပ်တာတောင် ချွေးထွက်တယ်ဆိုတော့ အဲကွန်းက မအေးဘူးထင်တယ်”

ကိုအောင်မင်း ဘာမှပြန်မပြောနိုင်တော့။

“ဘယ်နားရောက်ပြီလဲကွ”

“ခလောက်ရွာကိုလွန်ခဲ့ပြီ ဆရာ”

ကိုအောင်မင်းလည်း မျက်လုံးပြူးကာ ကားယဉ်မောင်းနေရာသို့ အတင်းပြေးလာခဲ့သည်၊ အရှေ့တွင် ခလောက်ကွေ့ကိုမြင်တွေ့နေရပြီဖြစ်သည်။ ညအချိန် ဆယ့်နှစ်နာရီခန့်ရှိတော့မည်ဖြစ်သည်။ ကားက အရှိန်လျှော့ပြီး လမ်းကွေ့အား ကွေ့ချလိုက်သည်။ ထိုအခါ တစ်ဖက်ယာဉ်ကြောမှ မှန်လုံအိတ်စပတ် ခရီးသည်တင်ကားကြီးတစ်စီးမှာ သူတို့ကားနှင့် မျက်နှာချင်းဆိုင် တွေ့ကြလေသည်။

ကားမောင်းနေသည့်် ကိုကျော်မှာ စတီယာရင်ကိုဆွဲကွေ့ရန်လုပ်လိုက်သော်လည်း စတီယာရင်ကိုလှည့်မရပေ၊ စတီယာရင်အား ကိုအောင်မင်းက လက်ဖြင့်ဆုပ်ကိုင်ထားခြင်းဖြစ်သည်။ ကိုကျော်မှာ ကိုအောင်မင်းအား ထူးဆန်းစွာဖြင့်ကြည့်လျှက်

“ကိုအောင်မင်း ခင်ဗျားဘာလုပ်တာလဲ”

ကိုအောင်မင်းမှာ မျက်လုံးကြီးပြူးနေပြီး

“ခင်ဗျားကွေ့မရအောင်လုပ်တာလေ”

အရှေ့မှကားကြီးကလည်း နီးကပ်လာပြီဖြစ်၍ ကိုကျော်မှာ ဘရိတ်ကိုခပ်ကြမ်းကြမ်းနင်းလိုက်တော့သည်။ ထိုအခါ ကားတစ်ခုလုံးယိမ်းခါသွားကာ ကားမှာတိခနဲရပ်သွားသည်။ ကားပေါ်မှခရီးသည်များပင် အလန့်တကြားဖြစ်သွားကြသည်။ မျက်နှာချင်းဆိုင်မှ အရှိန်ပြင်းစွာ မောင်းနှင်လာသော မှန်လုံခရီးသည်တင်ကားကြီးမှာ သူတို့မျက်စိရှေ့မှာပင် ကြက်ပျောက်၊ ငှက်ပျောက် ပျောက်သွားတော့သည်။ ကိုကျော်မှာ မယုံနိုင်သေးသဖြင့် အနောက်ကြည့်မှန်မှကြည့်လိုက်ရာ အနောက်တွင်လည်း ကားတစ်စီးတစ်လေမှမရှိ၊ ကိုကျော်မှာ ထူးဆန်းစွာနှင့်

“ဘာ၊ ဘာဖြစ်တာလည်း၊ ကားကြီးကရော ဘယ်ရောက်သွားတာလဲ”

ထိုတော့မှ ကိုအောင်မင်းမှာ ကားစတီယာရင်ကို လွှတ်ချလိုက်တော့သည်။

“အဲဒါ လှည့်စားခံရတာ၊ မင်းသာ အရှေ့မှာကားကြီးဆိုပြီး ရုတ်တရက်ဆွဲကွေ့လိုက်ရင် ဟောဒီလမ်းကွေ့ဘေးနားက ချောက်ထဲကို ကားကျသွားမှာပဲ ကိုကျော်”

“မဟုတ်တာဗျာ၊ ဒီကားကြီးကို ကျုပ်တစ်ယောက်တည်းမြင်တာမဟုတ်ပါဘူး၊ ရန်နိုင် မင်းရောမြင်တယ်မဟုတ်လား”

ရန်နိုင်မှာလည်း အလွန်ထိတ်ပြာစွာဖြင့်် ခေါင်းညိတ်သည်။ ခရီးသည်များ ကြောက်လန့်ကြမည်စိုးရိမ်သဖြင့် ကားကိုဆက်လက်မောင်းနှင်လာခဲ့တော့သည်။ ကိုကျော်မှာ တစ်သက်နှင့်တစ်ကိုယ်မဖြစ်ဖူးသည့် အဖြစ်ကို ကြုံရသည်မို့ အံ့သြလွန်းပြီး ကားပင်မမောင်းနိုင်တော့ပေ။

“ကျုပ်မျက်စိနဲ့ တပ်အပ်မြင်လိုက်တာပါဗျာ၊ မှန်လုံကားကြီးဗျ၊ ဘယ်လိုလုပ်ပြီး ပျောက်သွားသလဲမသိဘူး”

“ခလောက်ကွေ့က ကြမ်းတယ်၊ အခြောက်အလှန့်ရှိတယ်ဆိုတာ မင်းတို့ယုံပြီမဟုတ်လား”

ကိုအောင်မင်းက ပြောဆိုရင်း ကားကိုဆက်မောင်းလာခဲ့သည်။ မနက်ခုနစ်နာရီမထိုးခင်တွင် ခရီးစဉ်ဆုံးသည့်မြို့ရှိ ကားဝင်းသို့ ကားဆိုက်ရောက်လေသည်။ ကိုအောင်မင်းနှင့် ကိုကျော်တို့မှာ ထိုတော့မှ သက်ပြင်းချနိုင်သည်။ ကိုအောင်မင်းကတော့ ထိုအဖြစ်များကို ကားလိုင်းရှိအခြားလူများကို မပြောဆိုရန်အတွက် ကိုကျော်နှင့် ရန်နိုင်အား နှုတ်ပိတ်ထားရလေသည်။

အသွားခရီးစဉ်တစ်ကြောင်းတော့ ပြီးဆုံးခဲ့ပြီ၊ အပြန်ခရီးစဉ် ကျန်နေသေးသည်။ ကိုအောင်မင်းလည်း ကားဂိတ်ရောက်သည်နှင့် ရေမိုးချိုးအဝတ်အစားလဲကာ ထမင်းစားပြီး တန်းအိပ်သည်။ အပြန်လမ်းကြောင်းအတွက် အိပ်ရေးဝနေမှ ဖြစ်မည်မဟုတ်ပါလား။ ပုံမှန်အားဖြင့် ထိုမြို့မှ ကားများမှာ ညဘက်အချိန်ပြန်ထွက်ကြလေသည်။ ကိုအောင်မင်း ညနေအိပ်ရာနိုးချိန်တွင် ကားဂိတ်မှ လက်မှတ်ရောင်းက

“ကိုအောင်မင်း၊ အာစရိက ကားကို လူမတင်ဘဲ ခါလီပြန်ခဲ့ပါတဲ့”

ခါလီဆိုသည်မှာ မည်သည့်ကုန်၊ မည်သည့်ခရီးသည်မှ မတင်ဘဲ မောင်းနှင်ရခြင်းဖြစ်သည်။ ကိုအောင်မင်းတစ်ယောက် ထူးဆန်းနေသည်ကတော့ အမှန်ဖြစ်သည်။ သို့သော်လည်း ခရီးသည်အများကြီးနှင့် ပြန်ရမည်ထက် ခါလီပြန်ရခြင်းကို ပိုမိုကျေနပ်မိသည်။ တစ်ခုခု အတိမ်းအစောင်းဖြစ်ခဲ့လျှင် ခရီးသည်များ မထိခိုက်စေရန်အတွက်ဖြစ်သည်။

အပြန်ခရီးတွင် ကိုကျော်မပါတော့ပေ၊ သို့နှင့် ရန်နိုင်နှင့်သာပြန်ခဲ့ရသည်။ ဂိတ်တွင်အလုပ်ဝင်ခါက စပယ်ယာအသစ် မောင်ထူးဆိုသူလည်း ပါလာသည်။ သို့နှင့်် သုံးယောက်သား ခရီးသည်များမပါဘဲ ကားကိုပြန်လည်မောင်းနှင်ခဲ့သည်။ ကားမှာ ကုန်ချိန်မပါသည်မို့ အတော်မြန်မြန်ပြေးသည်။ ကိုအောင်မင်းတစ်ယောက် လမ်းခရီးတွင် အဖျက်အမှောင့်များမကြုံရစေရန်အတွက် ဆုတောင်းနေမိသည်။ လမ်းခရီးတွင်တော့ ဘာမှမဖြစ်၊ သို့နှင့် ညဆယ်နာရီကျော်သည့်အခါ ခလောက်ကွေ့သို့ ဖြတ်ကျော်ရတော့မည်ဖြစ်သည်။ ကိုအောင်မင်းတစ်ယောက် စိတ်ကိုအေးအေးထားကာ ကားအရှိန်ကိုလျော့ချထားလိုက်သည်။ ခလောက်ကွေ့ကို ဖြတ်သန်းပြီးသည် အထိ မည်သည့်ထူးခြားမှုမှ မရှိပေ၊ သို့သော် ခလောက်ရွာရောက်သည့်အခါ ဇာတ်လမ်းစတော့သည်။

“အီး၊ ဟီး၊ ဟီး”

“ဟေ့ကောင်မောင်ထူး မင်းဘာဖြစ်လို့ ငိုနေတာလဲကွ”

ရန်နိုင်က မောင်ထူးအားပြောဆိုသော်လည်း မောင်ထူးမှာ ဘာမှမပြောဆိုတော့ဘဲ ရှေ့ပိုင်းထိုင်ခုံတွင်ထိုင်လျှက် ငိုယိုနေလေသည်။ ငိုနေသည့်အသံမှာ ယောက်ျားတစ်ယောက်၏ အသံနှင့်မတူဘဲ မိန်းကလေးတစ်ယောက်၏ အသံနှင့်တူညီလေသည်။

“ဟေ့ရန်နိုင်၊ ဒါရိုးရိုးငိုတာမဟုတ်ဘူးကွ၊ အပမှီတာထင်တယ်”

“ဗျာ၊ အပမှီတာတဲ့လား”

ခလောက်ရွာအလွန်တွင် ကားကိုလမ်းဘေးထိုးရပ်ချလိုက်ပြီးနောက် ကိုအောင်မင်းလည်း မောင်ထူးအနားသို့လာခဲ့သည်။

“အခု မောင်ထူးကိုယ်ထဲရောက်နေတာ ဘယ်သူလဲ”

“ကျုပ်နာမည် ထွေးရီ”

“အေး၊ မင်းဘာလို့ သူ့ကိုယ်ထဲဝင်နေတာလဲ”

“ကျုပ် လူတွေကိုအကူအညီတောင်းချင်လို့ပါ၊ ကျုပ်အခု ကူရာကယ်ရာမဲ့နေပါတယ်၊ ကျုပ်ကိုကယ်ကြပါ၊ ကျုပ်ရှင်တို့ကိုမခြောက်မလှန့်ပါဘူးတော်၊ ကျုပ်ကို ဘုရားစာတွေနဲ့ မနှင်ကြပါနဲ့”

ကိုအောင်မင်း ခေါင်းညိတ်လိုက်ရင်း

“အေး၊ ဘယ်လိုကူညီရမလဲဆိုတာပြော”

“ကျုပ်ကို လွန်ခဲ့တဲ့ တစ်နှစ်လောက်က ဒီကားကြီးက တိုက်ခဲ့ပါတယ်၊ ကျုပ်လည်း ဒီကားနဲ့အတူတူစွဲပြီးပါနေတယ်၊ ကျုပ်ဘယ်မှမသွားဖူးတော့ ဘယ်ကိုရောက်နေတာလဲဆိုတာလည်းမသိ၊ ဘယ်သွားရမလဲဆိုတာလည်းမသိဘဲ ဖြစ်နေပါတယ်၊ ကျုပ် ဒီကားပေါ်ကနေတောင် ဆင်းလို့မရပါဘူးရှင်”

“အေး၊ နင့်ကိုငါတို့ဘယ်လိုကူညီရမလဲ”

“ကျုပ်ကို ရွာကိုပြန်ပို့ပေးပါ”

“ဘယ်လိုပြန်ပို့ပေးရမလဲ”

“ခလောက်ရွာရဲ့ အနောက်ဘက်မှာ တံခွန်တိုင်ရွာဆိုတာရှိပါတယ်၊ အဲဒီတံခွန်တိုင်ရွာက ကျုပ်ရွာပါ၊ ဦးမင်းလူ၊ ဒေါ်ငွေရီက ကျုပ်မိဘတွေပါ”

“အေးအေး၊ ပို့ပေးမယ်၊ ဒါထက် မင်းဘယ်လိုလုပ်ပြီး ကားတိုက်ခံရတာလဲ”

“အဲဒီတုန်းက ညနေစောင်းကြီးပေါ့၊ ကျုပ်လည်း တံခွန်တိုင်ရွာကနေ ခလောက်ရွာကို ဆိတ်လာကျောင်းရင်း ဆိတ်တစ်ကောင်က ကားလမ်းကိုဖြတ်ပြေးလို့ ဆိတ်နောက်လိုက်တာပါ၊ လမ်းကွေ့ကြီးမှာ အခုဒီကားကြီးက ဘွားခနဲထွက်လာပြီးတော့ ကျုုပ်ကိုတိုက်သွားတာပါပဲရှင်၊ ကျုပ်က အဲဒီကတည်းက ဟောဒီကားကြီးမှာ စွဲနေခဲ့တာပါ၊ ကျုပ်ဘယ်ရောက်လို့ ရောက်နေမှန်းလည်းမသိပါဘူး၊ လူတွေကို ပြောပြအကူအညီတောင်းဖို့လုပ်ပေမယ့် လူတွေက ကျုပ်ကိုကြောက်ကြပါတယ်”

“မင်းက သရဲဖြစ်နေတာကိုး၊ မင်းကိုကြောက်မှာပေါ့၊ ဒါနဲ့ မင်းက ဘုရားစာနားေးထာင်လို့မရဘူးလား”

မောင်ထူးက ခေါင်းညိတ်တယ်။

“ဘုရားစာအသံကြားရင် ကျုပ်ရင်တွေပူတယ်၊ နောက်တော့ တစ်ကိုယ်လုံးပူတယ်၊ တစ်ခါက လူကြီးတွေက ဘုန်းကြိးတွေပင့်ပြီး ကားတစ်ခုလုံးကို ရေတွေဖြန်းတယ်၊ အဲဒီရေတွေကျုပ်ကိုစင်တော့ ပူလိုက်တာ မီးစလိုပါပဲ၊ ကျုပ်လည်း မကျေနပ်တာနဲ့ ဒီကားကြီးရဲ့မှန်ကို ခွဲခဲ့တာပါပဲ”

“သြော်၊ လက်စသတ်တော့ ကားမှန်ကွဲတာ မင်းလက်ချက်ကိုး၊ အေးပါ၊ မင်းကိုငါတို့ကူညီမယ်”

“ခလောက်ရွာရောက်ရင် ကားကိုသစ်ခက်နဲ့ပုတ်ပြီး ကျုပ်ကိုခေါ်ပါရှင်၊ ပြီးရင် တံခွန်တိုင်ရွာကို ပို့ပေးပါ၊ အဖေတို့ အမေတို့ကို အောက်မေ့လွမ်းလို့ပါ”

“အေးအေး”

ကိုအောင်မင်းက ကားကိုပြန်လှည့်ပြီး ခလောက်ရွာသို့မောင်းနှင်လိုက်သည်။ မကြာခင်မှာပင် ခလောက်ရွာသို့ရောက်သည့်အခါ ကားကိုရွာအတွင်းသို့ မောင်းနှင်ဝင်လိုက်ပြီးရွာလယ်တွင်ရပ်လိုက်လေသည်၊ ညကြီးအချိန်မတော် လိုင်းကားတစ်စီး ရွာထဲဝင်လာသည်မို့ ရွာသူရွာသားအချို့က ထကြည့်ကြသည်။ ကိုအောင်မင်းက အိမ်တစ်အိမ်အရှေ့တွင်ပေါက်နေသည့် သစ်ပင်တစ်ပင်မှ သစ်ခက်တစ်ခုကိုချိုးယူလိုက်ကာ ကား၏ ရှေ့ဘန်ကာသို့ သစ်ခက်နှင့််ပုတ်ရင်း

“ဟဲ့ ထွေးရီ၊ ငါနဲ့လိုက်ခဲ့၊ ငါတို့နဲ့လိုက်ခဲ့”

ထိုသို့ သုံးခါခေါ်ရင်း သုံးခါပုတ်လိုက်ကာ သစ်ခက်အား ကြည့်လျှက်

“ထွေးရီ၊ နင်ပါလာတယ်ဆိုရင် သစ်ခက်ကိုလှုပ်ပြဟ”

ကိုအောင်မင်းပြောလိုက်သည်နှင့် သစ်ခက်ကလေးမှာ သူ့အလိုလိုညွှတ်ကျသွားလေသည်။ ကိုအောင်မင်းလည်း သစ်ခက်အားရန်နိုင်အားလှမ်းပေးလိုက်သည်။ မောင်ထူးမှာတော့ အပူးအကပ်လွတ်သွားကာ မောပန်းနေပုံရသည်။

“ရော့ ရန်နိုင်၊ မင်းကိုင်စမ်း”

“ဟာ၊ မလုပ်ပါနဲ့ဗျာ၊ ကျွန်တော်မကိုင်ရဲဘူး”

“မင်းကွာ၊ ကြောက်တတ်လိုက်တာလွန်ပါရော”

သို့နှင့် ကိုအောင်မင်းသာ ရွာလူကြီးတစ်ယောက်နှင့်တိုင်ပင်ရသည်။ ရွာတွင်ရှိသည့် ထွေလာဂျီငှားပြီးနောက် တံခွန်တိုင်ရွာသို့ ဆက်သွားရသည်။ ရန်နိုင်နှင့်် မောင်ထူးတို့လည်း လိုက်ပါလာခဲ့သည်။ တံခွန်တိုင်ရွာမှာ ခလောက်ရွာနှင့် ရွာချင်းဆက်နေလေသည်။ ရွာခံလူကြီးမှာ ဦးမင်းလူ တို့အား သိကျွမ်းသဖြင့်သာ တော်သေးသည်။ ညသန်းခေါင်အချိန်တွင် ဦးမင်းလူတို့ အိမ်ရှေ့သို့ရောက်လာခဲ့သည်။

“ဗျို့၊ ဦးမင်းလူ ထပါအုံးဗျ၊ အရေးကြီးလို့”

ဦးမင်းလူတို့အိမ်မှာ မီးလင်းနေလေသည်။ ကိုအောင်မင်းနှင့် လူများကို တအံ့တသြနှင့်ကြိုဆိုရှာသည်။ ဦးမင်းလူ မိန်းမ ဒေါ်ငွေရီမှာ တအံ့တသြဖြင့်ပင်

“ဟင်၊ ဒီရုပ်ပဲ၊ ဒီလူတွေပဲ”

ကိုအောင်မင်းတို့မှာ ကြောင်ကြည့်နေမိသည်။ ဒေါ်ငွေရီက ကိုအောင်မင်းကိုင်ထားသည့် သစ်ခက်ကလေးအားဆွဲယူလိုက်ရင်း

“အောင်မယ်လေး သမီးလေး၊ သမီးလေးရဲ့ အဖြစ်ဆိုးလှချည်လား”

ဒေါ်ငွေရီမှာ ငိုယိုတော့သည်။ ဦးမင်းလူက ကိုအောင်မင်းတို့အား ဧည့်ခံကာ စကားပြောလေသည်။

“ညသန်းခေါင်မရောက်ခင် ခွေးတွေအူပြီးတော့ ကျုပ်တို့လင်မယားကို သမီးက လာနှိုးတယ်ဗျ၊ ကျုပ်တို့လည်း သမီးကိုတွေ့တော့လန့်သွားတာပေါ့၊ သမီးအနောက်မှာတော့ ခင်ဗျားတို့သုံးယောက်ကိုတွေ့ရတယ်ဗျ၊ သမီးက ပြုံးပြုံးရွှင်ရွှင်နဲ့ သူပြန်လာနေပြီ၊ မကြာခင်ရောက်မယ်ဆိုပြီး ပြောသွားလို့ ကျုပ်တို့လင်မယားလည်း အိပ်မက်ကနေလန့်နိုးပြီး အိမ်ကိုမီးဖွင့်ထားတာပဲဗျာ၊ ခင်ဗျားတို့ ယုံချင်မှယုံမယ်၊ အိပ်မက်ထဲက ခင်ဗျားတို့ပုံစံနဲ့ အပြင်က ပုံစံနဲ့က တူတူပဲဗျာ”

ကိုအောင်မင်းတို့လည်း အံ့သြမဆုံးတော့၊ ဦးမင်းလူတို့မှာ ထွေးရီအတွက် နောက်တစ်နေ့တွင် အလှူအတန်းလုပ်ပေးပြီး အမျျအတန်းဝေမည်ဟုသိရသည်။ ကိုအောင်မင်းတို့လည်း ကြာကြာမနေနိုင်တော့ပေ၊ သွားရလာရမည့် အလုပ်ကိစ္စကလည်း ရှိသေးသည်မို့ ဦးမင်းလူတို့အား နှုတ်ဆက်ပြီးနောက် ပါလာသည့် ပိုက်ဆံတစ်ချို့ကို ထွေးရီအလှူအတွက် လှူဒါန်းခဲ့ပြီး တံခွန်တိုင်ရွာမှာ ထွေလာဂျီဖြင့် ပြန်ထွက်လာခဲ့ကြသည်။ ခလောက်ရွာမှ ထွေလာဂျီမောင်းသူကလည်း ကားခပေးစရာမလိုဘဲ ကူညီပေးခြင်းဖြစ်သည်။

သို့နှင့် ညတစ်နာရီခန့်တွင် ခလောက်ရွာမှ ကားကိုပြန်လည်မောင်းထွက်လာခဲ့သည်။ ခလောက်ရွာကိုဖြတ်ပြီး မကြာမီ ခလောက်ကွေ့နားအရောက်တွင် အသက်ဆယ့်သုံးနှစ်အရွယ်ခန့်ရှိသည့် မိန်းကလေးတစ်ဦးကို ကားလမ်းနံဘေးတွင် ဖြတ်ခနဲလှမ်းမြင်လိုက်ရသည်။ ထိုမိန်းကလေးမှာ သူတို့ကားအား လက်ပြရင်း ကျန်နေရစ်ခဲ့လေသည်။ ရန်နိုင်နှင့် မောင်ထူး မြင်မမြင်မသိသော်လည်း ကိုအောင်မင်းကတော့ ထင်ထင်ရှားရှားမြင်တွေ့လိုက်ရလေသည်။

ခလောက်ကွေ့ကိုကျော်လွန်ပြီးသည့်အခါ ကိုအောင်မင်းက စမ်းသပ်ချင်လာသည်။ သို့နှင့်

“ရန်နိုင်ရေ၊ ပရိတ်ခွေဖွင့်လိုက်ကွာ”

ရန်နိုင်လည်း စက်အတွင်းသို့ ပရိတ်ခွေထည့်ကာဖွင့်လိုက်တော့သည်။ မီးရောင်စုံများဖြင့် လှပစွာအလှဆင်ထားသည့် မှန်လုံခရီးသည်တင်ကားကြီးမှာ ပရိတ်တရားသံ ဝေေ၀ဆာဆာဖြင့် ဟိုင်းဝေးလမ်းမကြီးပေါ်တွင် ခရီးနှင်လျှက်ရှိနေတော့သည်။

ပြီးပါပြီ။
(ဖြစ်ရပ်မှန်ဖြစ်သော်လည်း လူအမည်၊ ယာဉ်လိုင်းအမည်များအား လွှဲပြောင်းရေးသားထားပါသည်။ အကယ်၍ ထိုအမည်များသည် ပြင်ပလောကမှ အမည်များနှင့်တိုက်ဆိုင်သွားပါက တိုက်ဆိုင်မှုသက်သက်သာဖြစ်ပါကြောင်း)
#အဂ္ဂဇော် #သရဲ #ဖြစ်ရပ်မှန်

စာရေးသူကိုလေးစားစွာဖြင့် Credit ပေးပါတယ်