“အမြန်လမ်းပေါ်ကခြောက်ခြားဖွယ်ရာညတစ်ည”

“အမြန်လမ်းပေါ်ကခြောက်ခြားဖွယ်ရာညတစ်ည”

——————-(ဖြစ်ရပ်မှန်)——————

ညနေ (၄း၀၀) နာရီ..။ ကိုယ်စီးရမည့် ကားကို ကြည့်ပြီး ကျေနပ်နေမိသည်။ စီးရမှာ အတော် ဇိမ်ကျမည့် ကားကြီး…။ ဟုတ်သည်။ အခုနောက်ပိုင်း အထူး express ကားတွေ ပြေးဆွဲလာတာကြောင့် ကျွန်တော်တို့လို မကြာခဏ ခရီးသွားနေသူများအဖို့ အရမ်း ကို အဆင်ပြေလွန်းသည်။ လေယာဉ် မစီးနိုင်သူများအဖို့ ယခင်က ကုန်းလမ်းအဖြစ် ရထားကိုသာ အားကိုး အားထား ပြုခဲ့ရမှ ယခုအခါတော့ အဆင်ပြေပြေနဲ့ သွားလာနိုင် ကြပြီ ဖြစ်သည်။

အခုလည်း ရန်ကုန်ကို ခဏတစ်ဖြုတ်လာဖို့ရှိတာကြောင့် ကားဂိတ် ရောက်နေရခြင်းဖြစ်သည်။ (၄း၀၀) နာရီ ထိုးသည်နှင့် ကားပေါ်ကို ကျွန်တော်တက်လိုက်သည်။ ခရီးသွားဖူးသူတိုင်း သိကြမည်ထင်သည်။ ကိုယ် ဘယ်တူနဲ့အတူ ထိုင်ခုံ အတူထိုင်ရမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းသည်။ ယောက်ျားလေး အများစုကတော့ ကောင်မလေး ချောချောလေးတွေနဲ့ အတူထိုင်ရဖို့ ဆုတောင်းကြမိထင်သည်။ ဒါပေမယ့် အဲ့ဒီလို ဆုတောင်း ကြတိုင်း ဝတုတ်တုတ် အဒေါ်ကြီးတွေ..၊ အရက်မူးနေတဲ့ သူတွေ..၊ အိပ်ချိန်မရှိအောင် စကားများပြီး ဆုံးမ သြဝါဒ ပေးတတ်တဲ့ လူကြီးသူမ များနှင့်သာ အတူထိုင်ရသည်က များသည်။

ယခုလည်း စိတ်ထဲတွင်တော့ ဝတ်မှုန်ရွှေရည် နီးနီးလှပသော ကောင်မလေးတစ်ယောက်နဲ့ အတူထိုင်ရဖို့ စိတ် ကူးယာဉ်ပြီး ကားထဲဝင်လိုက်သည်။ မိမိထိုင်နံပါတ်က ၁၅။ ၁၆ မှာ ဘယ်သူမှ ရှိမနေ..။ မရောက်သေးတာ ဖြစ်မည်။ ကျွန်တော် ကားပေါ်တက်ပြီး ၅ မိနစ်လောက်နေတော့ ကားစထွက်သည်။ ဘေးက ထိုင်ခုံမှာ လူမရောက် လာသေး..။ သြော်… သိပြီ..။ သီပေါ..၊ ကျောက်မဲ တို့မှာ လမ်းကြုံ ဝင်တင်မှာ ဖြစ်နိုင်သည်။

ကားစီးရင် အိပ်တတ်သည်က ကျွန်တော့်အကျင့်ဖြစ်သည်။ စထွက်ကတည်းက အိပ်လိုက်တာ ညစာ စားဖို့ ကျောက်မဲ ရောက်မှ နှိုးသည်။ မိမိဘေးခုံနေရာကို တစ်ချက်ကြည့်လိုက်သည်။ ဘယ်သူမှ မရှိသေး။ ဒါဆိုရင် ဒီနေရာသည် ရောင်းမထွက်သည့်ခုံ ဖြစ်ဖို့များသည်။ ကံကောင်းပြီ..။ နှစ်ယောက် ထိုင်ခုံမှာ တစ်ယောက်တည်း ပက်ပက်စက်စက် အိပ်ပြီး စီးပစ်လိုက်အုံးမည်။

ဒီလိုနဲ့ ညစာ စားသောက်ပြီး ပြန်ထွက်ကတည်းက ကျယ်ကျယ်လွန့်လွန့်နှင့် ပျော်ပျော်ကြီး အိပ်ခဲ့တော့သည်။ ဘယ်လောက် ကြာကြာအိပ်ပျော်သွားသည် မသိ..။ “ကျွိ” ခနဲ ကားရပ်သံနဲ့ အတူ ကားထိုးရပ်သွားတာ ကြောင့် နိုးလာခဲ့သည်။ နိုးနိုးချင်း ချက်ချင်းပဲ နာရီကို တစ်ချက် ကြည့်လိုက်မိသည်။ အချိန်က (၁း၁၅) မိနစ်..။ ဒါဆို ယခု မန္တလေးကျော်ပြီး..၊ နေပြည်တော် လမ်းပေါ်မှာရောက်နေပြီလို့ ခန်းမှန်းမိလိုက်သည်။

ကား ဒရိုင်ဘာနဲ့ စပယ်ယာ အပေါင်းအပါများ စကားပြောဆိုနေသံများကို ကြားလိုက်ရသည်။

“ဒီနေရာ ဒီလို အချိန်ကြီးမှာ ဘာဖြစ်လို့လဲ ညီမ..”

“ကျွန်မ မှတ်မိတာ ဒီနေရာ ကျွန်မတို့ကားပျက်နေတာပါ..။ အဲ့ဒါ ကျွန်မလည်း အပေါ့ခဏဆင်းသွားတာ ပြန်လည်း လာရော ကားက ထွက်သွားပြီး ကျွန်မနဲ့ သမီးလေး ကျန်ခဲ့တာ..”

“သြော်.. ကလေးငယ်လေးနဲ့ကိုး… ညီမ ဘယ်က စီးလာတာလဲ..၊ ဘယ်ကားဂိတ်နဲ့လာတာလဲ..”

“လားရှိုးကပါ..၊ ရန်ကုန်သွားမလို့..၊ ဘာကား စီးလာလဲတော့ မမှတ်မိဘူး.၊ ညီမက ခရီးသွားနေကျ မဟုတ်ဘူးလေ..”

ကျွန်တော် သဘောပေါက်လိုက်သည်။ ကားပျက်လို့ ပြင်နေချိန်မှာ သူမက ကလေးနှင့် အပေါ့ဆင်းသွားမည်။ ကားပြင်ပြီးတော့ ကားဆရာတွေက လူမစစ်ပဲ ကားမောင်းထွက်သွားလို့ သူတို့ ကျန်ခဲ့တာ ဖြစ်နိုင်သည်။ နေရာ ကလည်း တစ်ကယ့်ကို မှောင်မိုက်နေတဲ့နေရာ။ မသမာသူများနဲ့ တွေ့သွားလို့ကတော့ မလွယ်..။

“ခုံလွတ် ရှိသေးလားဟေ့..”

“တစ်ခုံလွတ်သေးတယ် ဆရာ..”

“တစ်ခုံတော့ လွတ်တယ် ညီမ..၊ လိုက်ခဲ့လိုက်ပေါ့..၊ ရန်ကုန်ရောက်မှ ဟိုကားမှာပါသွားတဲ့ ပစ္စည်းတွေ စုံစမ်းပြီး ယူတာပေါ့..”

“ဟုတ်..၊ ကျေးဇူးတင်ပါတယ်ရှင်..”

ကားပေါ်တက်လာပြီး သူမ ကျွန်တော့်ဘေးက ခုံမှာ ဝင်ထိုင်လိုက်သည်။ အသက် ၂၀ ကျော်ပင်ရှိအုံးမည်။ ဖြူဖွေး နုဖတ်ပြီး ချောမောလှသော သူမကို ကြည့်ရတာ ငွေကြေးရှိ လူတန်းစားထဲမှ ဖြစ်နိုင်သည်။ အနှီးပတ် ထားသော ကလေးငယ် တစ်ယောက်က သူ့လက်ထဲမှာ အိပ်မောကျနေသည်။ ဒီလို ငယ်ငယ်ရွယ်ရွယ် ချောမော လှပသော ကောင်မလေးတစ်ယောက် ကားကြုံသာ မတွေ့လို့ကတော့ ကျွန်တော် မတွေးရဲ။ ဒီလိုလမ်း ဒီလိုအချိန်မှာက လူကောင်းထက် လူဆိုးတွေက ပိုများတာကိုး..။

သူမ ကျွန်တော့်ကို တစ်ချက်ပြုံးပြသည်။ အပြုံးမှာ အသက်မပါလှ။ ဟန်လုပ်ပြုံးပြမှန်း သိသာသည်။ သူမ အရမ်း ပင်ပန်းနေပြီထင်သည်။ ကျွန်တော်လည်း အလိုက်သင့် ပြန်ပြုံးပြလိုက်ပြီး ဘာမှ အနှောင့်အယှက်မပေးပဲ ပြန်လည် အိပ်ဖို့ပြင်ဆင်လိုက်သည်။

ဒီအချိန်မှာ ကျွန်တော့်နှာခေါင်းထဲ အပုပ်နံ့တစ်ခုရလာသည်။ အပုပ်နံ့ကမှ ကြွက်တွေသေပြီး ရှာမတွေ့တဲ့အခါ ရတဲ့ အနံ့မျိုး..။ အရင်က ဒါမျိုးအနံ့မရ။ ကျွန်တော် အားနာ စွာနဲ့ပဲ..

“ညီမ..၊ ကလေးက..၊ အလေးများ သွားထားလား မသိဘူး..၊ အနံ့ရလို့…”

“သြော်..၊ ကြည့်လိုက်အုံးမယ်..၊ မသွားထားပါဘူး အကိုရဲ့..၊ ဘာအနဲ့ရလို့လဲ..”

“ဟိုလေ..၊ ကြွက်ပုပ်နံ့လိုလို..၊ အသားပုပ်နံ့လိုလိုပဲ..၊ အရမ်းကို ဆိုးတယ်..”

“ဟုတ်လား..၊ ညီမတော့ မရပါဘူး..”

“စပယ်ယာအကို..၊ ဒီနား တစ်ချက်လာပါအုံးဗျာ..၊ ဘာအနံ့ရလဲလို့..”

စပယ်ယာ ချက်ချင်းပဲ ကျွန်တော့်အနား လျှောက်လာပြီး တရှုံရှုံနဲ့ အနံ့ခံသည်။

“မရပါဘူး အကိုရ..၊ အကို စိတ်ထင်လို့ပါ..၊ ကျွန်တော် air freshener လေး လာဖျန်းပေးမယ်..”

“အေး..အေး..”

Air freshener လာဖျန်းပေးသည့်နောက်တွင် အနံ့ဆိုးက အနည်းငယ်သက်သာသွားသည်။ လုံး၀ ပျောက်သွား သည်တော့ မဟုတ်။

နံနေသေးသည်။ ကျွန်တော်လည်း ဂဂျီဂဂျောင် ကျတယ် ထင်မှာစိုးတာကြောင့် ဘာမှ မပြောပဲ ဆက်အိပ်ဖို့ ကြိုးစားလိုက်သည်။ ဒီအချိန်မှာပဲ.. ကျွန်တော့် လက်မောင်းနဲ့ နောက်ကျော တစ်ပြင်လုံး ကြက်သီးမွေးညှင်းတွေ တဖျင်းဖျင်းထသွားသည်။ ဒုတ်ခတော့ရောက်ပြီ..။ ဒီလို ကြက်သီးမွေးညှင်းထတိုင်း ကျွန်တော် သရဲ နဲ့ ထိပ်တိုက်တွေ့ရလေ့ရှိသည်။

သူမက…။ သူမက.. ဘယ်သူလဲ…၊ လူကော ဟုတ်ရဲ့လား…။ ကျွန်တော် မဝံ့ရဲစွာ သူမဘက်ကို လှည့်ကြည့် လိုက်သည်။ ပြူးကြောင်နေသော မျက်လုံးအစုံက ကျွန်တော့်ကို စိုက်ကြည့်နေသည်။ ကျွန်တော် အရဲစွန့်ပြီး တစ်ခု စမ်းသပ်လိုက်သည်။

“အဟွတ်…၊ အဟွတ်…”

ကျွန်တော် ချက်ချင်းပဲ ချောင်းဆိုးသလိုလုပ်ပြီး လက်ကို သူမမျက်စိရှေ့မှာ ရုတ်တရက်လှုပ်ရှားလိုက်သည်။ ကျွန်တော့်ဖက်ကို လှည့်ပြီးပြူးကြည့်နေတဲ့ မျက်လုံး မျက်တောင် လုံးဝခတ်မသွား..။ သေချာပြီ..။ သူမ သည် လူမဟုတ်။ သရဲ..။ သရဲ ဖြစ်သည်။ ကျွန်တော် သူချီထားတဲ့ ကလေးကို ငုံ့ကြည့်လိုက်သည်။ ပိုသေချာ သွားသည်။ သူမ ချီထားသည်မှာ ကလေးမှာ ခေါင်းသာ ပါပြီး ခန္ဓာကိုယ်မပါ..။ ကလေးငယ်လေးက မျက်လုံးပြူး ပြီး ကျွန်တော့်ကို စိုက်ကြည့်နေသည်။

ကျွန်တော် ချက်ချင်း မျက်လုံးမှိတ်လိုက်သည်။ ကိုယ့်ကိုယ်ကို ပြန်သတိပေးသည်။ ဒါ တစ်ကယ်မဟုတ်ဘူး.။ အိပ်မက် မက်နေတာ..။ အိပ်မက်က နိုးစမ်း..။ နိုးစမ်းပါ..။ သတိပြန်ထားပြီး သူမကိုပြန်ကြည့်သည်။ ကျွန်တော့် ကို ပြူးကြောင်ကြည့်နေသော သားအမိနှစ်ယောက်ရဲ့ မျက်လုံးလေး လုံးက နေရာမရွှေ့..။ သေချာသည်။ ဒါ အိပ်မက်မှ မဟုတ်တာ။ တစ်ကယ် ဖြစ်နေတာကြီး.။

ကျွန်တော်ချက်ချင်းပဲ စိတ်ထဲကနေ ဘုရားစာဆိုပြီး..၊ မေတ္တာသုတ်ကို အဆက်မပြတ် ရွှတ်ဖတ်နေလိုက်သည်။ စိတ်ကိုလည်း သူ့ဖက်မရောက်အောင်.. ဘုရားစာထဲကိုသာ အာရုံပို့လိုက်သည်။ ပြီးတော့ စပယ်ယာကို

“ကျွန်တော့်ကို တရားခွေ တိုးတိုးလေးဖွင့်ပေးပါလား..၊ အိပ်ရင်း တရားနာလို့ရတာပေါ့..”

တိုးညှင်း သိမ်မွေ့သော တရားသံက ကြားရရုံလေး ထွက်လာသည်။ ကျွန်တော် တရားနာရင်း စိတ်ကို မပြန့်လွင်အောင် ထိန်းရင်း အိပ်ပျော်သွားခဲ့သည်။ မနက် နိုးနိုးချင်း ကြည့်မိတာက ဘေးနားက နေရာ..

ဘယ်သူမှရှိမနေ..။ ကျွန်တော် စပယ်ယာကို မေးကြည့်သည်။

“ဘေးနားက လမ်းကြုံလိုက်လာတဲ့ ညီမ ဆင်းသွားပြီလား..”

“မဆင်းပါဘူး..၊ ကားက လုံးဝမရပ်ဘူး..၊ တောက်လျှောက်မောင်းနေတာလေ..”

“အခုသူ မရှိတော့ဘူးလေ…”

“ခုံများ ပြောင်းထိုင်နေသလား…”

သူပြောမှ ကျွန်တော်လည်း ကားထဲက ခုံတွေအားလုံး လိုက်စစ်ကြည့်သည်။ မတွေ့..။

“မရှိပါဘူးကွာ..၊ မင်းတို့ကလည်း လူတစ်ယောက်လုံး ပျောက်သွားတာကိုတောင် မသိဘူးလား..”

“အာ.. အကိုကလည်း ကားမှ မရပ်တာ..၊ လူစစ်ဖို့ မလိုဘူးလေ..၊ ထူးဆန်းတယ်ဗျာ..၊ ဘယ်ရောက်သွားတာ လဲ ဒီသားအမိ…”

“နေပါအုံး…၊ နောက်တစ်ခုက…၊ ကျွန်တော်တို့ကားက… လားရှိုးကနေ အစောဆုံးထွက်တဲ့ကား.. ရှေ့မှာ ဘယ် လားရှိုးကားမှ မရှိဘူး..”

“မင်းဟာ သေချာလို့လားကွာ..”

“အာ အကိုကလည်း ကျွန်တော်တို့က ဘယ်ကား ဘယ်ရောက်ပီ ဆိုတာ အချိန်ပြည့် ဖုန်းနဲ့ချိတ်နေတာဗျ..”

“ဒါဆို ငါတို့တွေ့ခဲ့တာ ဘာကြီးလဲ…”

“လွန်ခဲ့တဲ့နှစ်ရက်က အဲ့ဒီနေရာတစ်ဝိုက်မှာ ကားတိုက်မှု တစ်ခုဖြစ်ခဲ့တယ်ဗျ…။ အမျိုးသမီးတစ်ယောက်နဲ့ ကလေး တစ်ယောက် ပွဲချင်းပြီးဆုံးသွားတယ်တဲ့ .. သတင်းစာထဲမှာတော့ ဖတ်လိုက်ရတယ်… ကျွန်တော် တို့ တင်ခဲ့တာ အဲ့ဒီနှစ်ယောက်များ ဖြစ်နေမလား..”

“ဖြစ်နေမလား မဟုတ်ဘူး.. ဖြစ်နေတာဟေ့..၊ မင်းကို ပြောပြလိုက်အုံးမယ်..၊ အေး..၊ သူချီထားတဲ့ကလေးက ခေါင်းပဲ ရှိတယ်..။ ကိုယ်မရှိဘူး..။ ငါ့ကို ဘာမှ ဒုက္ခမပေးတာနဲ့ ငါလည်း တစ်ညလုံး ဘုရားစာတွေရွတ်၊ မေတ္တာတွေ ပို့နေလိုက်တာ.၊ ရှေ့လျှောက် ညပိုင်းဆို မင်းတို့ ကားပေါ်မှာ တရားခွေလေး ကြားရရုံဖွင့်ထားပါကွာ…၊ ဘေးကင်းတာပေါ့..”

ဒီလိုပါပဲ..။ အဲ့ဒီ နာမည်ကြီးတဲ့ အမြန်လမ်းမကြီးမှာ.. လူမသိသူမသိပဲ.. ညမှောင်မှောင်မှာ.. ကားတားတားပြီး စီးတတ်ကြတဲ့ သူတွေ ပိုမိုများလာသလို လမ်းပေါ်မှာ ကားတိုက်မှု၊ ကားမှောက်မှု၊ လူသေဆုံးမှုတွေကလည်း ပိုမို ဖြစ်လာကြတာဟာ တိုက်ဆိုင်မှု တစ်ခုလားဆိုတာကတော့ ကျွန်တော့်ကို ခေါင်းခြောက် စေခဲ့ပါတယ်..။

သင်တို့လည်း ညဘက် အဲ့ဒီလမ်းပေါ်မှာ ခရီးဝေးကား စီးရတဲ့အခါ လမ်းကြုံလို့ တားဆီးတဲ့ မသင်္ကာဖွယ်ရာ လူများတွေ့ရင် မေတ္တာသုတ်ကိုသာ နာနာဖိရွှတ်ပါလို့ အကြံပေးလိုက်ရပါစေ..။

ပြီးပါပြီ