“ထောင်ချောက်”(စ/ဆုံး)

“ထောင်ချောက်”(စ/ဆုံး)

——————————————–

မုဆိုးကြီး ဦးဘာမျိုး ငှက်ဖျားထ၍ အိပ်ရာထဲလဲနေသည်မှာ တစ်ပတ်ခန့် ရှိသွားပြီ။ ဘယ်တော့ သက်သာမည်၊ ဘယ်တော့ တောတက်နိုင်မည်ဆိုသည်ကို မည်သူမျှ အတပ်မပြောနိုင်။ မုဆိုးကြီးကိုယ်တိုင်ကလည်း မသိ။

ထို့ကြောင့် မုဆိုးသွေးပါသော မုဆိုးသားနှစ်ယောက်မှာ ယခင်ကလို သူ့အဖေနှင့် တောတက်မသွားရသဖြင့် ခြေယား လက်ယားဖြစ်နေကြသည်။

အမှန်က ခြေယား လက်ယားဖြစ်၍သာ ဖြစ်နေကြသော်လည်း သူတို့နှစ်ယောက် အရွယ်မှာ ၁၂ နှစ် ၁၃ နှစ်အရွယ်သာ ရှိကြသေးသဖြင့် သူ့အဖေ မုဆိုးကြီးမပါလျှင် သမင်၊ ဒရယ်၊ ချေ၊ စိုင်၊ ဆတ်၊ တောဝက် စသည်များကိုလည်း သူတို့အစွမ်းအစနှင့် သူတို့ ပစ်ခတ်ဖမ်းဆီး၍ ရတတ်ကြသေးသော အရွယ်လည်း မဟုတ်ကြ။

သို့သော် သူ့အဖေမုဆိုးကြီး ငှက်ဖျားထ၍ အိပ်ရာထဲလဲနေသော တစ်နေ့တွင် ဘာဟိုးနှင့် ဘာမိုးတို့ ညီအစ်ကိုနှစ်ယောက်သည် ငှက်ပစ်သွားရန် တိုင်ပင်နေကြသည်။ သူတို့နှစ်ယောက် ငှက်ပစ်သွားကြမည့် နေရာမှာ သူတို့ရွာနှင့် တစ်ခေါ်သာသာဝေးသော ကျွဲဆွဲလမ်းနားမှာဖြစ်သည်။

ထိုကျွဲဆွဲလမ်းဆိုသည်မှာ မိုးတွင်းနှင့် ဆောင်းလတို့တွင် ရိုးမမှ သစ်လုံးများကို ကျွဲရှဉ်းများနှင့် ဆွဲထုတ်ကြရသော သစ်ဆွဲလမ်းပင်တည်း။

ယခုအခါ နွေရင့်ရက်ဖြစ်သဖြင့် သစ်ထုတ်လုပ်ငန်းများကိုလည်း ရပ်ထားကြရာ ကျွဲဆွဲလမ်းမှာ လူသွားလူလာနည်းပါး၍ ခြောက်ကပ်နေသည်။

သို့သော် မုဆိုးသားနှစ်ယောက်ဖြစ်ကြသော ဘာဟိုးနှင့် ဘာမိုးတို့မှာ အကြောက်အရွံ့ရှိကြသူတွေ မဟုတ်သဖြင့် ထိုကျွဲဆွဲလမ်းနားမှ ညောင်ပင်ကြီးဆီသို့သာ ငှက်ပစ်ရန် ထွက်လာကြလေသည်။

ကျွဲဆွဲကမ်းနားသို့ရောက်၍ အနောက်ဘက်ကို လှမ်းကြည့်လိုက်ကြသည်နှင့် တောင်ကမ်းပါးယံကြောမှ ညောင်ပင်ကြီးကို ထီးထီးမားမား လှမ်းမြင်ရသည်။

ညောင်သီးမှည့်ချိန်ဖြစ်သဖြင့် ညောင်ပင်ပေါ် ညောင်သီးစားငှက်များ ဆူညံမြည်ကြွေးနေသည်ကိုလည်း အတော်ဝေးဝေးကပင် ကြားနေရသည်။

ညောင်သီးစားငှက်များ ထိုသို့ ဆူညံနေကြသံကို ကြားလျှင် ပလူတွင်းပေါက်၍ အော်ဟစ်ထိုးဆိတ် စားသောက်နေကြသည်အထင်နှင့် ပလူစားငှက်များလည်း ယောင်တောင်ပေါင်တောင်နှင့် ညောင်ပင်ကြီး ပေါ် ရောကော သောကော ရောက်လာတတ်ကြသည်။

ထိုသို့ ငှက်များ ဆူညံနေလျှင် ငှက်ပစ်သမားများက ပို၍ ပစ်ကောင်းကြသည်။ တစ်ကောင် နှစ်ကောင်ကို ပစ်ချလိုက်သော်လည်း ငှက်များသည် ညောင်ပင်ခြေရင်း (သို့မဟုတ်) ညောင်ပင်ပေါ် လူမုဆိုးများ ရောက်နေကြသည်ကို လုံးဝ မသိဘဲ အချင်းချင်း ဘာသာဘာဝ အော်မြည်ဆူညံ၍သာ နေလေ့ရှိကြ သည်။

တစ်ခါတစ်ခါ ညောင်သီးစားငှက်များကို လာရောက်ချောင်းဖမ်းတတ်သော တောကြောင်ကြီးများကိုလည်း ညောင်ပင်ပေါ်၌တွေ့ ရတတ်သည်။ ထို့ကြောင့် ညောင်ပင်ကြီးနားသို့ ငှက်ပစ်ရန်လာကြသော ဘာဟိုး နှင့် ဘာမိုးတို့မှာ သတိကြီးစွာထားပြီး ကုပ်ချောင်းကုပ်ချောင်းနှင့်သာ ညောင်ပင်ကြီးနားသို့ ချဉ်းကပ်လာကြရလေသည်။

ညောင်ပင်ကြီးနားမရောက်ခင် ခြေလှမ်းဆယ်လှမ်းလောက် အလိုတွင် ဝါးပြောင်းကိုင်၍ ညောင်ပင်ကြီးရှိရာဘက်သို့ ကုပ်ချောင်း ကုပ်ချောင်းနှင့် ရှေ့ကသွားနေသော ဘာဟိုး၏ခြေလှမ်းက ရုတ်တရက် ရပ်တန့်သွားသည်။ ဘာဟိုး၏ခြေလှမ်း ရပ်သွားသောအခါ ဘာမိုး၏ ခြေလှမ်းမှာလည်း သူ့အစ်ကိုနည်းတူ အလိုလို ရပ်သွားပြန်လေသည်။

“အစ်ကို … ဘာလဲဟင်”

ဘာမိုးက သူ့အစ်ကိုကို လေသံတီးတိုးနှင့် မေးလိုက်၏။ ဤသည်ကို ဘာဟိုးကနှုတ်ဖြင့်မပြော၊ ကိုင်လာသော ဝါးပြောင်းရှည်နှင့်သာ ရှေ့ကချုံပုတ်တစ်ခုကို ထိုးပြလိုက်သည်။

သူ့အစ်ကို ဝါးပြောင်းနှင့်ထိုးပြလိုက်သော ချုံပုတ်ဆီသို့ ဘာမိုး အကြည့်ရောက်သွား၏။ ချုံပုတ်ထဲမှ တစ်ထွာလောက်ထွက်နေသော မြွေအမြီးပိုင်းတစ်ပိုင်းသည် ချုံပုတ်ဘေးရှိ မြက်ခြောက်တောကို တဖျပ်ဖျပ် လှုပ်ခတ်နေသည်။

“မင်းမြင်တယ်နော် …”

ဘာဟိုးက ခေါင်းငဲ့စောင်း၍ ဘာမိုးကို မေး၏။ သူ့အစ်ကို အမေးကို ဘာမိုးက ခေါင်းညိတ်ပြရုံသာပြလိုက်ပြီး အကြည့်ကမူ မြွေအမြီးပိုင်းမှ မခွာနိုင် ဖြစ်နေသေးသည်။

သူ့အဖေပြောပြချက်အရ (သို့မဟုတ်) သူတို့၏ မြွေအတွေ့အကြုံအရ မြွေများသည် ဤသို့ အမြီးတလှုပ်လှုပ်လုပ်နေလျှင် သူတို့ ကိုက်သတ်လိုသော တိရစ္ဆာန်တစ်ကောင်ကောင်ကို ကိုက်ပေါက်ရန် အားယူနေခြင်း (သို့မဟုတ်) ချိန်ဆနေခြင်း (သို့မဟုတ်) ညှို့နေခြင်းဟု နားလည်ရသည်။

ထို့ကြောင့် ဘာဟိုးနှင့် ဘာမိုးတို့မှာ ဒီမြွေ ဘာကောင်ကို ကိုက်ဖမ်းဖို့ အားယူနေပါလိမ့်ဟု ရှေ့မတိုးရဲကြတော့ဘဲ ချုံပုတ်ဘေးက မြွေအမြီးပိုင်းကိုသာ နှစ်ယောက်သား ငေးကြည့်နေကြသည်။

သို့သော် ခက်နေသည်မှာ မြွေ၏ အမြီးပိုင်းတစ်ထွာလောက်ကိုသာ မြင်ရပြီး ကိုယ်လုံးနှင့် ခေါင်းပိုင်းကို ယခုထိ မမြင်ရသေး။ ခေါင်းနှင့် ကိုယ်လုံးကို မမြင်ရဘဲ မြွေတစ်ကောင်၏ အကြီးအသေး အမျိုးအစားကို ခန့်မှန်းရခက်လှသဖြင့် သူတို့ညီအစ်ကိုနှစ်ယောက်မှာ မြွေကိုယ်လုံးနှင့် ခေါင်းက ဘယ်ရောက်နေသည်ကို ချုံနားနှင့် ချုံထဲကို ကျီးကန်းတောင်မှောက် လိုက်ရှာကြည့်နေကြရသည်။

“စပါးကြီးမြွေဆိုရင် တို့ သည်းခြေရနိုင်တယ်ကွ။ သေသေချာချာ ကြည့်ပါဦး။ ဒီမြွေခေါင်းနဲ့ ကိုယ်လုံးက ဘယ်ရောက်နေပါလိမ့်။ ကိုယ်လုံးကို မမြင်ရဘဲနဲ့ ဘာမြွေမျိုးမှန်း ငါမသိဘူး။ အဖေကတော့ အမြီးပိုင်းကို မြင်ရင်လည်း ဘာမြွေဆိုတာ အတပ်ပြောနိုင်တယ်”

“ခု မြင်နေရတဲ့ မြွေအမြီးပိုင်းက စပါးကြီးမြွေဆိုရင် ကျွန်တော်တို့ကိုများ ညှို့နေတာလား။ ခေါင်းနဲ့ ကိုယ်လုံးကိုလည်း မမြင်ရတော့ ခက်တာပဲ”

ဘာဟိုးတို့ ညီအစ်ကိုနှစ်ယောက်မှာ ရှေ့မတိုးသာ၊ နောက်မဆုတ်သာ ဖြစ်ပြီး ကုန်းကုန်းကွကွနှင့် ချုံပုတ်ထဲတွင် မြွေကိုယ်နှင့် ခေါင်းပိုင်းကို လိုက်ရှာကြည့်နေကြသည်။

ထိုအချိန်မှာပင် ညောင်ပင်ကြီးပေါ်က ငှက်များ ဆူညံအော်မြည်နေကြသံကို ကြား၍ ပျံဝဲလိုက်လာသော ပလူစားငှက်တစ်ကောင်သည် တဖျပ်ဖျပ်လှုပ်ခတ်နေသော မြွေအမြီးပိုင်းကို “ကစ်”ခနဲ အသံပေးကာ ပြေးဆင်းထိုးဆိတ်လာသည်။

သူ့အမြီးပိုင်းကို ထိုးဆိတ်လာသော ပလူစားငှက်ကို မြွေကြီးက ပေါက်ကိုက်လိုက်တော့မှ ဘာဟိုးတို့ညီအစ်ကိုမှာ မြွေခေါင်းကို ရုတ်တရက် မြင်လိုက်ကြရသည်။

မြွေခေါင်းမှာ လက်နှစ်လုံးခန့်သာရှိသဖြင့် မြွေကြီးကြီးမဖြစ်နိုင်သလို စပါးကြီးမြွေလည်း မဟုတ်ဆိုသည်ကို ဘာဟိုးတို့ညီအစ်ကိုက အတွေ့အကြုံအရ ချက်ချင်းသိလိုက်ကြသည်။

မြွေသည် သူ့ကိုယ်လုံးကို ချုံပုတ်ထဲရှိ သစ်ရွက်ခြောက်များထဲ ပုန်းဝှက်ထားကာ ခေါင်းကိုမူ သူတဖျပ်ဖျပ်လှုပ်ခတ်နေသော အမြီးပိုင်းနားသို့ ချိန်ရွယ်ထားသည်။ သူ တဖျပ်ဖျပ်လှုပ်ခတ်ထားသော အမြီးပိုင်းကို သားစားငှက်တစ်ကောင်ကောင်က ထိုးဆိတ်လာလျှင် ထိုငှက်ကို အမိအရဖမ်းအုပ်ရန် သူ့အမြီးနှင့် ထောင်ချောက်ဆင်ထားခြင်း ဖြစ်သည်။

စောစောက တဖျပ်ဖျပ်လှုပ်ခတ် ထောင်ချောက်ဆင်ထားသော မြွေအမြီးပိုင်းကို ပိုးမွှားတိရစ္ဆာန်တစ်ကောင်ကောင်အမှတ်ဖြင့် ဆင်းကုပ်ချီရန် ကြိုးစားလာသောငှက်ကို မြွေက ချိန်သားကိုက်၊ ဟန်ချက်ညီ ထိုးပေါက်လိုက်သော်လည်း ရုတ်တရက် ဟန်ချက်ပျက် လွဲချော်သွားပြီး ပလူစားငှက်က လန့်ဖျပ်လူးလဲထပြေး ပျံထွက်သွားလေသည်။

မိုးပေါ်ငှက်များကို မြေပြင်တွားသွားမြွေက ဤသို့ ထောင်ချောက်ဆင်ဖမ်းသည်ကို တစ်ခါမျှ မမြင်ဖူး မတွေ့ဖူးကြသော ဘာဟိုးတို့ ညီအစ်ကိုမှာ တစ်ယောက်နှင့်တစ်ယောက် လက်တို့တီးတိုးပြောကာ မြွေက ငှက်ထောင်ဖမ်းနေသည်ကို စောင့်ကြည့်နေကြလေသည်။

စောစောက ငှက်တစ်ကောင် လွတ်သွားသော်လည်း မြွေသည် သူ့အမြီးဖျားကို တလှုပ်လှုပ်ခတ်ကာ ဆက်၍ ငှက်ထောင်ဖမ်းနေ၏။

မကြာပါချေ။ ငှက်မျိုးစုံ အော်မြည်ဆူညံနေကြသော ညောင်ပင်ကြီးနားကို ပျံလာသော ပိုးမွှားစား နောက်ငှက်တစ်ကောင်သည် ညောင်ပင်ကြီးနားက မြွေထောင်ချောက်အမြီးကို နှုတ်သီးနှင့် ထိုးဆိတ်လာပြန်၏။

ပထမတစ်ခါ သူ့ထောင်ချောက်ထဲမှ ဟန်ချက်ပျက် လွတ်ပြေးသွားသော ငှက်တစ်ကောင်၏ သင်ခန်းစာပေးထားခဲ့မှုကြောင့် ဤတစ်ခါတော့ မြွေသည် သူ့အမြီးဖျားကို ကိုက်ဝါးစားရန် လာထိုးကုပ်သော ငှက်ကို မိမိရရ ပါးစပ်နှင့် ဖိကိုက်ထားလိုက်သည်။

ခြေထောက်တစ်ချောင်းကိုသာ ဖမ်းကိုက်ထားခြင်း ခံနေရသော ငှက်ကလည်း မြွေခေါင်းကို တောင်ပံနှစ်ဖက်နှင့် တအားရိုက်ခတ်၍ ရုန်းကန်နေ၏။

ထိုအခါမှ မြွေသည် ချုံပုတ်ထဲဝှက်ပုန်းထားသော သူ့
ကိုယ်ကို ဆန့်ထုတ်ကာ အတောင်ပံနှစ်ဖက်နှင့် သူ့ခေါင်းကို တအားရိုက်ခတ်ရုန်းကန်နေသော ငှက်ကို သူ့ကိုယ်လုံးနှင့် ဖိကျစ်လိမ်ညှစ်ပစ်လိုက်သည်။ ပိုးမွှားစားငှက်မှာ မြွေကိုယ်ထဲ ဝင်ပါသွားပြီး ဘယ်လိုမှ ပျံမတက် ပြေးမထွက်နိုင်ဖြစ်ကာ ကျီကျီကျာကျာ အော်မြည်နေလေ၏။

ငှက်ဖမ်းမြွေသည် သူ့ကိုယ်လုံးကို ထက်အောက်ပြောင်းပြန် လိမ်ကျစ်လုံးထွေးပစ်လိုက်သောအခါ ပိုးမွှားငှက်၏အသံမှာ ချက်ချင်း ပျောက်သွားလေသည်။

“အစ်ကို မြွေက လင်းမြွေကြီးပဲဗျ။ ကျွန်တော်တို့ မစားပေမဲ့ ရွာမှာ မြွေသားစားတဲ့လူတွေ ရှိတယ်။ ဒီမြွေကို သတ်ယူသွားကြရင် မကောင်းဘူးလားဗျ။ စားတဲ့လူတွေ ပေးရတာပေါ့”

“မလုပ်ပါနဲ့ကွာ။ အဖေက ပြောဖူးတယ်၊ တို့မုဆိုးဆိုတာ တို့ကို ရန်မလုပ်ရင် သူတစ်ပါးအစားအစာကို မနှောင့်ယှက်ရဘူး၊ လုမယူရဘူး၊ သစ္စာရှိရတယ်တဲ့။ ကဲ … လာ လာ၊ တို့ ညောင်ပင်က ငှက်တွေပဲ သွားပစ်ရအောင်”

ဘာဟိုးက ပြောလည်းပြော၊ သွားလည်းသွားသောအခါ ဘာမိုးမှာလည်း သူ့အစ်ကိုနောက် လိုက်လာရလေသည်။

– ပြီး –

စာရေးသူ – ဖိုးကျော့
စာစီစာရိုက် – မုဆိုး တံငါ စာပေများ