ကြောင်တစ္ဆေ

အရူးသူတော်နှင့် ကြောင်တစ္ဆေအတိုက်

 

ပရဝတ်ထုတို ( စ၊ ဆုံး)

* * * * * *

 

” ဒုတ်…ဒုတ်…ဒုတ်…”

 

ညသန်းခေါင်ယံ သုသာန်ဝင်းအတွင်း၌ လူတစ်ယောက်သည် မြေပုံတစ်ခုအား တူးဆွနေ၏။ အတန်ကြာတူးပြီးသော် အထဲမှ အခေါင်းတစ်လုံးပေါ်လာ၏။ အခေါင်းအား ဖွင့်သော် အထဲမှအသက်ဆယ့်လေးနှစ်အရွယ် မိန်းကလေးတစ်ဦး၏ အလောင်းထွက်ပေါ်လာသည်။

 

ထိုသူသည် မိန်းကလေးအလောင်းအား ဖက်၍ ရှိုက်ကြီးတငင်ငိုကြွေးသည်။ အားရအောင် ငိုပြီးသောအခါ အံကိုတင်းတင်းကြိတ်လိုက်ပြီး ကျောက်ချောင်းရွာဆီကို တစ်ချက်လှမ်းကြည့်သည်။ ပြီးနောက် အလောင်းဆီ ပြန်ကြည့်ကာ လက်ထဲမှ ဓားသေးသေးတစ်ချောင်းဖြင့် ရင်ဘတ်အား ခွဲလေပြီး နှလုံးအား ထုတ်ယူကာ နံဘေး၌ ချထားလိုက်သည်။ ပြီးလျင် သူ့နံဘေးရှိ ပီနံအိတ်အဖြူအား ယူကာ အထဲမှ ကြောင်အရှင်တစ်ကောင်အား ထုတ်ယူပြီး အလောင်း၏ အပေါ်မှ ခုနှစ်ခါကျော်စေ၏။ ပြီးနောက် အရှင်လတ်လတ်ပင် ကြောင်၏ ရင်ဘတ်အား ခွဲကာ နှလုံးကို ထုတ်ယူသည်။ ကြောင်၏ နှလုံးသည် ထိုသူ၏ လက်ထဲ၌ တဒိတ်ဒိတ်ခုန်ရင်းရှိနေ၏။ ထိုသူသည် ကြောင်နှလုံးအား မိန်းကလေး၏ နှလုံးနေရာတွင် ထည့်သည်။ အသင့်ယူလာသော အိတ်ထဲမှ ဝါကျင့်ကျင့် အမှုန့်အချို့ကို ထုတ်ယူ၍ နှလုံးနေရာကို ပက်သည်။ ပါးစပ်မှလည်း တစ်စုံတစ်ရာကို တီးတိုးရွတ်ဆိုသည်။ အချိန်အနည်းငယ် ကြာသောအခါ သူ၏ လုပ်ဆောင်မှု ပြီးစီးဟန်တူလေပြီး အထဲမှ မိန်းကလေးအလောင်းကို ထုတ်ယူကာ ခပ်လှမ်းလှမ်းရှိ သူကြိုတင်တူးထားသော ကျင်းအသစ်ထဲသို့ ရွှေ့ကာ ထည့်လိုက်သည်။

 

” ညီမလေးရေ…မင်းအပေါ် ယုတ်မာခဲ့တဲ့ သူတွေကို မင်းပြန်ပြီး လက်စားချေပေတော့။ အကိုနဲ့ အဖေကတော့ ငါ့ညီမလေးအပေါ်ရက်စက်ယုတ်မာခဲ့တဲ့ ဒီရွာမှာ မနေတော့ဘူး။ မကြာခင် ဒီကနေ အပြီး ထွက်သွားတော့မယ်”

 

ဟု တီးတိုးပြောလေပြီး အခေါင်းကြီးအား မြေမြှုပ်လိုက်တော့သည်။ ပြီးနောက် နဂို မြေကျင်းဆီ ပြန်သွားပြီး ပုံမှန် မြေပုံအတိုင်းရှိနေအောင် ပြုကာ သုသာန်အတွင်းမှ ထွက်သွားလေတော့သည်။

 

*****

 

လေးလခန့်ကြာသောအခါ။

 

” ဂီး…ဂီး…ဂစ်…”

 

” အူး….ဝူး….ဝူး….”

 

ညသန်းခေါင်ယံ ထူးထူးဆန်းဆန်း ငှက်ဆိုးထိုးသံ၏ အဆုံး၌ ကျောက်ချောင်ရွာကလေးအတွင်း ခွေးအူသံတို့က ခြောက်ခြားဖွယ်ထွက်ပေါ်လာသည်။ ရွာသူရွာသားတို့မှာလည်း ခြောက်ခြားဖွယ် ခွေးအူသံကြီးကြောင့် အိပ်ရာမှ လန့်နိုးလာကြသည်။

 

သည်လိုခွေးအူသံတွေ ကြားရလျင် ကျောက်ချောင်းရွာတစ်ရွာလုံး နေစရာမရှိ။ လွန်ခဲ့သော သုံးလခန့်၊ လကွယ်ညတစ်ညမှာ ယခုလို ခွေးအူသံတွေ ထွက်ပေါ်လာပြီး ရွာတောင်ဘက်ပိုင်းမှ အရက်သမား သန်းဝင်းဆိုသူသည် အိပ်နေရင်းဖြင့် တစ်ကိုယ်လုံး သွေးသံတရဲရဲဖြင့် ရုပ်ပျက်ဆင်းပျက် သေဆုံးခဲ့ရသည်ကို မနက်မှ သိခဲ့ကြရသည်။ သန်းဝင်းသည် လူပျိုကြီး တစ်ကိုယ်တည်းမို့ ကိစ္စမရှိ။ ရွာကလူတွေကတော့ သန်းဝင်းသေဆုံးမှုကို အဖြေရှာမရခဲ့။ ရဲတွေကလည်း အကောင်တစ်ကောင်၏ တိုက်ခိုက်မှုကို ခံရကာ သန်းဝင်းသေဆုံးခဲ့ရသည် ဟု ယူဆကြလေသည်။

 

ထို့အတူ နောက်ထပ်လကွယ်ညတွင်တော့ သန်းဝင်း၏ ညီတစ်ဝမ်းကွဲတော်သူ နေမျိုးနှင့် သူ၏ ဇနီးဖြစ်သူ သေဆုံးပြန်သည်။ သန်းဝင်းနှင့် နေမျိုးမှာ အမြဲတမ်းအတူနေ အတူသွားလာနေကြသူများပင်။ နေမျိုးကတော့ ဇနီးသည်နှင့်အတူ အိပ်နေရင်း ရုတ်တရက် ” အား ကြောင်နက်ကြီး ငါ့ကို ကိုက်နေတယ်။ ကယ်ကြပါ” ဟု ကြောက်လန့်တကြားအော်ဟစ်ရင်း သွေးသံတရဲရဲဖြင့် သေဆုံးခဲ့ပြန်သည်။ နေမျိုး၏ ဖြစ်စဉ်ကြောင့် သူ၏ ဇနီးသည် ဝါနုမှာ ကြောက်လန့်တကြား အိမ်အပြင်ကို ပြေးအထွက် လှေကားအမြင့်ထက်မှ ချော်ကျကာ နေရာတင် ပွဲချင်းပြီးသေဆုံးခဲ့ရပြန်၏။ ထိုစဉ်ကလည်း ယခုလိုပင် ထူးဆန်းစွာပင် ရွာထဲရှိ ခွေးများအားလုံး အူနေကြ၏။ နေမျိုးမသေခင် အော်ဟစ်ခဲ့သော ကြောင်နက်ကြီးဆိုတာကြောင့်လည်း အတွေးခက်ကြရပြန်သည်။ ဘာကြောင့်ရယ် ထိုကဲ့သို့ သေနေကြသည်မသိ။ အဖြေကို ရှာမရ။ ယခုလည်း ခွေးအူသံများ ထွက်ပေါ်လာပြန်ပြီ။ ဘယ်သူထပ် သေဦးမည်မသိ။

 

ခွေးအူသံများသည် ရွာအနောက် သုသာန်ဘက်ဆီမှ ရွာအတွင်းဆီကို တဖြေးဖြေး ရောက်ရှိလာသည်။ မကြာမီ ရွာလယ်ရှိ အိမ်အရှေ့နားတွင် ရပ်တန့်ကာ ခြောက်ခြားစဖွယ် အူနေကြ၏။ အိမ်ရှေ့ဆီမှ ခွေးအူသံများ ထွက်လာပြီးသည်နှင့် အိမ်အတွင်းဆီမှ

 

” အား…အား….ကယ်ကြပါဦး”

 

အသံနက်ကြီးဖြင့် ထအော်သောသောင်းတင်၏ အသံကြောင့် ထိုအိမ်မှ အိမ်သားများအပြင် နံဘေးအိမ်များမှ လူများပါ လန့်နိုးကုန်ကြ၏။

 

” ကို..ကိုသောင်းတင်။ တော် ဘာဖြစ်တာလဲ”

 

သောင်းတင်၏ မိန်းမ မိလုံးသည် သူ့ယောက်ျားဘာများဖြစ်လေသလဲဟု မေးမြန်းရင်း နံဘေးမှ မီးအိမ်အား ဆွဲကာ ကြည့်လိုက်သည်။

 

” အား…. လာကြပါဦးရှင်…ဒီမှာ ကိုသောင်းတင် ဘာဖြစ်မှန်းမသိလို့”

 

သောင်းတင်သည် အိပ်ရာထဲတွင် တစ်ကိုယ်လုံး သွေးအလိမ်းလိမ်းဖြင့် မျက်ဖြူလန်လျက် လူးလိမ့်အော်ဟစ်နေ၏။ မိလုံး၏ အော်သံအဆုံးတွင်တော့ နံဘေးအိမ်မှ လူများ ပြေးလွှားလာကြ၏။ အိမ်ရှေ့ဆီတွင်တော့ ခွေးအူသံများက ဆူညံနေဆဲပင်။ နံဘေးအိမ်များမှ လူအချို့ အိမ်ပေါ်ရောက်သောအခါ

သောင်းတင်သည် ဆန့်ငင်ဆန့်ငင်ဖြစ်နေပြီး ပါးစပ်မှလည်း ဗလုံးဗထွေးဖြင့်

 

” ကြောင်…ကြောင် နက်ကြီး…မ..မဟုတ်ဘူး။ မြ..မြ နှင်း..ငါ့ကိုသတ်နေ.. ကယ်…ကယ် အား…အစ်…အစ်”

 

ဟု ရေရွတ်ရင်း ဇာတ်လည်ကာ အသက်ထွက်သွားတော့၏။

 

” ကိုသောင်းတင်…ကိုသောင်းတင်….အီး…ဟီး…ကျုပ်ယောက်ျားကို ကယ်ပေးကြပါဦး”

 

မိလုံးမှာ သူယောက်ျား၏ အလောင်းကြီးကို ဖက်လျက် အော်ဟစ်ငိုကြွေးလေတော့သည်။ နံဘေးမှ ရွာသူရွာသားတို့၏ ရင်ထဲတွင်တော့ သောင်းတင်မသေခင်ရေရွတ်ခဲ့သော ” မြနှင်း သူ့ကို သတ်သည်” ဟူသည့် စကားကြောင့် ဒွိဟတွေ များစွာဖြင့် ရှိနေကြလေ၏။

 

*****

 

သောင်းတင်ဆုံးပြီးနောက်ပိုင်း အရှေ့က သေဆုံးမှုများနှင့်ပက်သက်၍ သဲလွန်စတစ်ခုတော့ ရလိုက်ကြသည်။သဲလွန်စက မြနှင်း။ မြနှင်းဆိုသည် အသက်ဆယ်လေးနှစ်အရွယ် ကလေးမလေးတစ်ဦး လွန်ခဲ့သော လေးလခန့်က ရွာအပြင် လယ်ကွင်းအစပ်တွင် အသတ်ခံခဲ့ရသည်။ ရိုးရိုးအသတ်ခံရခြင်းမဟုတ်။ လူတစ်စုမှ ဗလက္ကာရပြုကျင့်ကာ သတ်ခဲ့ကြခြင်းပင်။ တရားခံကား ဖော်မရ။

 

မြနှင်း၏ အကြောင်းကို ပြောရလျင် သူ့ဆီတွက် မိခင်မရှိတော့။ ဖခင်နှင် အကိုတစ်ဦးတော့ရှိသည်။မိခင်မှာတော့ သူ့အားမွေးဖွားပြီး သေဆုံးခဲ့ရကာ ဖခင်ဦးတင်မောင်မှ တစ်ကိုယ်တည်းပြုစုခဲ့ရသည်။ အကိုဖြစ်သူကလည်း ငယ်စဉ်ကထဲက သူ့မိခင်ဘက်က အမျိုးတွေရှိရာ မြန်မာပြည်အထက်ပိုင်းဆီ သွားနေသည်။

မြနှင်းသေဆုံးချိန်တွင်တော့ ရွာကို ခဏပြန်လာသေးသည်။ ပြီးတော့ ပြန်ချိန်ဝယ် ကျောက်ချောင်းရွာအား စိတ်နာသွားသည်ထင့်။ မြနှင်း တစ်လပြည့်သည့်နေ့ဝယ် ဖခင်ဖြစ်သူကိုပါ အပြီးခေါ်၍ ပြန်သွားသည်။ ဤသည်က မြနှင်း၏ အကြောင်းတစ်စိတ်တစ်ပိုင်းပင်။

 

ယခု မြနှင်းအသတ်ခံရပြီးနောက် သုံးလေးလအတွင်း သောင်းတင်တို့အဖွဲ့ သေကုန်ကြပြီ။ ရွာမှ လူအများကလည်း မြနှင်းသေဆုံးမှုသည် သောင်းတင်တို့သာ တရားခံဖြစ်နိုင်သည်ဟု ယူဆနေကြသည်။ သို့ကြောင့်သာ မြနှင်းဝိဥာဉ်က လက်စားပြန်ချေနေခြင်းပင် ဖြစ်ရမည်ဟု တစ်ထစ်ချ ယုံကြည်နေကြသည်။ ပြီးတော့ သောင်းတင်တို့ အုပ်စုသေလေပြီမို့ မြနှင်းဝိဥာဉ်လည်း ကျေနပ်လောက်ပြီဟု ယူဆနေကြသည်။ သို့သော် သူတို့ထင်မှတ်ထားသည့်အတိုင်း ဖြစ်မလာခဲ့။

 

အဘယ့်ကြောင့်ဆိုသော် မြနှင်း၏ ဝိဥာဉ်သည် နောက်ပိုင်းတွင် သာ၍ဆိုးလာ၏။ ယခင်က လကွယ်ညဘက်၌သာရွာထဲဝင်တတ်သော်လည်း အခုနောက်ပိုင်း လပြည့်နေ့တွေမှာပါ ခွေးအူသံတွေနှင့်အတူ လူတွေ သေလာသည်။ ကလေး၊ လူကြီး၊ ပျိုပျို၊ အိုအို အကုန်သေသည်။ သေသူတိုင်းကလည်း ” မြနှင်း…ကြောင်နက်ကြီး…သတ်တယ်” ဟုသာ အော်ရင်းသေကြ၏။ သုသာန်တွင် မြေပုံတွေ ထပ်နေလေပြီ။ အချို့ကလည်း ရွာမှ ပြောင်းပြေးကုန်ကြပြီ။ အချို့ကတော့ ဘိုးဘွားစဉ်ဆက် နေထိုင်လာခဲ့ရသည့် နေရာမို့ မခွဲခွာချင်ကြ။ ရွာမှ လူကြီးများတိုင်ပင်၍ မြနှင်း၏ မြေပုံကို ပြန်တူးသော် အထဲတွင် အလောင်းကပျောက်နေသည်။ ဖြေရှင်းရမည့် နည်းလမ်းကို ရွာဦးကျောင်းဆရာတော်အပါအဝင် ဝိုင်းဝန်းကာ ရှာဖွေကြသော်လည်း မထူးခြားပေ။

 

*****

 

သို့သော် တစ်နေ့။

 

ထိုနေ့က ထုံးစံအတိုင်း မြနှင်းသတ်၍ သေဆုံးသွားသော လူတစ်ယောက်အား သုသာန်တွင် မြေမြှုပ်နေကြသည်။ ရွာတွင် နာရေးများမှာ မကြာခဏဖြစ်လွန်း၍ ယခုနောက်ပိုင်း လူသေခဲ့ပါက မိသားစုနဲ့ အနီးဝန်းကျင်မှ လူများမှ လွဲ၍ ဘယ်သူမှ လိုက်မပို့ကြတော့။ သို့ကြောင့် ယခုနာရေးတွင် လိုက်ပို့သူ ဆယ်ဦးခန့်ပင် ရှိ၏။ ထိုအချိန်ဝယ် သုသာန်၏ နံဘေးဆီမှ

 

” လောက…လူ့ရွာ။ နေတစ်ထောင် မီးတစ်ထောင်…

 

ပူပန်စရာတွေ များ…များ…လှပါတယ်….

 

ဘယ်ဘုံဘယ်နန်း…ဘယ်စခန်းသာမှ….

 

နောက်ဆုံးမှာဗျ…မြေပြင်နန်းအောက် စံမြန်းရပါတယ်….”

 

ဟူသည့် မည်သူရေး၍ ဘယ်သူဆိုမှန်း မသိလေသော သီချင်းလိုလို၊ သံဝေဂ ကဗျာလိုလို စာချိုးကို အသံသြသြကြီးဖြင့် အော်ဟစ်သီဆိုရင်း သုသာန်ထဲဆီ ဝင်လာသည့် သူရူးတစ်ယောက်။

 

သူ့အား အဘယ့်ကြောင့် မြင်မြင်ချင်း သူရူးဟု ချက်ချင်းသတ်မှတ်ရသနည်းဆိုလျှင်။ သူ့ပုံစံက နှစ်ရှည်လများ ဆီငတ်နေသဖြင့် ခြောက်သွေ့နီကြောင်နေသော ဆံပင်ရှည်များ စုတ်ဖွားကျနေကာ မုတ်ဆိတ်တို့က ရှည်လျားစွာ ရှိနေ၏။ မျက်လုံးမှာလည်း ကျီးကန်တောင်မောက်ကြည့်လျှက် ကြောင်တောင်တောင်နိုင်လှသည်။ ပါးစပ်တွင်လည်း သွားတို့က ကျိုးတို့ကျဲတဲ။ အသားအရေက နေလောင်ထားသဖြင့် ကြေးနီရောင်တောက်နေကာ အဝတ်အစားအစုတ်အပြဲများဝတ်ဆင်လျက် ခန္ဓာကိုယ်နှင့် အဝတ်အစားများတွင် ဖုန်တို့က ပေလူးနေ၏။ ပီနံအိတ်အစုတ် တစ်လုံးအား လွယ်သိုင်းထား၏။ သို့ကြောင့်သာ သူ့အား အလွယ်တကူ သူရူးဟု သတ်မှတ်လိုက်ကြခြင်းပင်။

 

သူရူးသည် သုသာန်အထဲရောက်လာပြီး မြေကျင်းတူးနေသူများထံ သွားလေသည်။ ပြီးနောက် နံဘေးတွင်

ဖျာလိပ်နှင့် ပတ်ကာချထားသည့် အလောင်းကြီးကို သေချာစိုက်ကြည့်နေသည်။ ရွာသားများကတော့ သူရူးအား ဘာလုပ်လေမလဲဟု သတိထားကာ စောင့်ကြည့်နေကြသည်။

 

” အင်း…ငါ့ကို အဘိုး သိကြားမင်းက ဒီဘက်ကိုသွားလို့ စေလိုက်တာ ဒါကြောင့်ကိုး…ဟား…ဟား…”

 

သူရူးမှ သူနှင့် သိကြားမင်းပဲ အမျိုးတော်သလိုလို ရေရွတ်ရင်း အော်ရယ်နေ၏။

 

” ဟာ..ဒီလူတော့ သူများတကာတွေ နားရေးဖြစ်လို့ ဝမ်းနည်းနေချိန် လာရယ်နေတယ်။ ငါလုပ်လိုက်ရင် သေဦးမယ်”

 

” ဟာ…ကျော်မောင်ရာ…သူက ရူးနေတာပဲ။ ဘယ်သိပါ့မလဲ။ နားလည်ပေးလိုက်ပါကွာ”

 

သေဆုံးသူ၏ သားဖြစ်သူမှ မြေကျင်းတူးနေရင်း သူရူးအား အော်ဟစ်လိုက်သည်။ နံဘေးမှ လူတစ်ယောက်က ထိုသူကို တားလိုက်သည်။ သူရူး၏ မျက်နှာက ချက်ချင်းတည်သွား၏။ ပြီးနောက် ထိုသူအနားကို ကပ်သွားကာ

 

” ကောင်လေး…မင်းအဖေ ဘာလို့ သေတာလဲ သိလား…”

 

” သိတယ်။ ကျုပ်အဖေကို မြနှင်းတစ္ဆေသတ်တာ”

 

” ဟား…ဟား….ဟား….အေးမှန်တယ်။ အခုရွာမှာ လူတွေအများကြီး သေနေတယ်မလား။ အဲ့ဒါ မင်းပြောတဲ့ မြနှင်းသတ်တာ။ ဒါပေမယ့် တကယ့်တရားခံက သူမဟုတ်သေးဘူး။ သူ့အတွက် မကျေနပ်တဲ့ သူတစ်ယောက်ကမြနှင်းကို သတ်တဲ့ တရားခံတွေကို လက်စားချေဖို့ အစီအရင်လုပ်ထားတာ။ အစက မြနှင်းအတွက် လက်စားချေဖို့လောက်ပဲ လုပ်ခဲ့ပေမယ့်။ အခုကျ အစီအရင်ကို လုပ်ဆောင်ထားတဲ့သူက သူ့အစီအရင်ကို ပြန်မဖြည်ခဲ့တော့ ဟိုတစ္ဆေက အစားကျူးလာပြီး မဆိုင်တဲ့သူတွေကိုပါ ထပ်သတ်နေတာ။ ဒီပြသနာကို ဖြေရှင်းချင်ရင် အစီအရင်လုပ်ထားတဲ့ နေရာကို ရှာရမယ်။ ဒါပေမယ့် လောလောဆယ် ဘယ်နေရာမှ ရှိနေတယ် မသိနိုင်ဘူး”

 

သူရူးသည် တစ်စုံတစ်ရာကို ကြောက်ရွံ့သည့်အလား မျက်လုံးကို တောင်မြောက်ကစားရင်း ပြောလာ၏။ သူရူး၏ စကားကို ရွာသားများ စိတ်ဝင်စားရချေပြီ။

 

” ဗျာ…ဘယ်လို”

 

ရွာသားများ သူရူးထံ စုဝေးလာကြ၏။ ဤသည်ကို သူရူးက သဘောကျသွားသည်။

 

” ဟီး…ဟီး…မင်းတို့က အရူးစကားကို ယုံမယ်ပေါ့”

 

” ဟာ….”

 

သူရူးက ” တဟီးဟီး” ရယ်ရင်း ပြောသည်။ သူ၏ စကားကြောင့် ရွာသားများ စိတ်ပျက်သွားကြသည်။ သို့သော် တစ်ဦးမှ

 

” ဘာပဲပြောပြော ကျုပ်တော့ ယုံမယ်ဗျာ”

 

” အေး…ကျေနပ်ရပြီ ဟီ..ဟီ။ ကဲ…အဘိုးသိကြားရဲ့ စေခိုင်းချက်အရ ငါသူတော်လေး မင်းတို့ရွာကို ကူညီမယ်။ ကဲ..ကဲ…မင်းတို့ လုပ်စရာ ရှိတာ ဆက်လုပ်တော့။ ငါလည်း သူဒီည ရွာထဲကို လာအောင် လိုက်မန်းလိုက်ဦးမယ်။ ပြီးရင် အစီအရင် လုပ်ထားတဲ့ နေရာကို ပြခိုင်းပြီး ဖျက်ဆီးရမယ်”

 

သူရူးသည် ပြောပြောဆိုဆို သုသာန်အတွင်းရှိ မြေပုံအသစ်လေးများထံ ပတ်သွားကာ ဖနောင့်တစ်ချက်စီ လိုက်ပေါက်နေလေတော့၏။

 

” ကိုဖိုးမောင်…ခင်ဗျားက သူရူးကို ဘာလို့ ယုံတာလဲ။ ပေါက်ကရတွေ ပြောနေတာကိုဗျာ”

 

” ဟာ…မင်းကလည်း အခုငါတို့ရွာအနေအထားက သူ့ကို ယုံတာ မယုံတာထက် စမ်းလုပ်ကြည့်တာ မဆိုးဘူးလို့ ငါတွေးမိတာ”

 

” အင်း…ကိုဖိုးမောင် ပြောတာလည်း ဟုတ်တာပဲ။ ကဲပါ…ဘာပဲ ဖြစ်ဖြစ် စမ်းကြည့်တာ မမှားပါဘူး။ မဟုတ်ရင်တော့လည်း သူ့ကို မောင်းထုတ်ကြရုံပေါ့”

 

ရွာသားများ အချင်းချင်း တီးတိုး ပြောဆိုနေကြ၏။ ထိုအချိန်ဝယ် သူရူးသည် သူတို့ရှိရာဆီ ပြန်ရောက်လာပြီး

 

” ကဲ…ငါ့အလုပ်တော့ ပြီးပြီ။ မင်းတို့အလုပ်ပြီးရင် ရွာထဲသွားကြစို့”

 

သူရူး၏ စကားအဆုံး ရွာသားများသည် အလောင်းမြေမြှုပ်ခြင်းအား အမြန်ဆုံးလုပ်ဆောင်လိုက်ကြ၏။ ထို့နောက်တွင်တော့ သူရူးသည် ရွာသားများ၏ အရှေ့မှနေ၍ ရွာထဲကို ခုန်ပေါက်ပြေးလွှားကာ ဝင်ရောက်သွားတော့သည်။

 

*****

 

ညနေစောင်းအချိန်ဝယ် သူရူးသည် ရွာထဲရှိ အိမ်များအား လိုက်လံကြည့်ရှုနေ၏။ သူ့အနောက်တွင်လည်း ရွာသားဆယ်ယောက်ခန့်လိုက်ပါလာ၏။ သူတို့အတွက်ကတော့ ရူးသည် မရူးသည် အသာထား။ ရေနစ်သူအတွက် ကောက်ရိုးတစ်မျှင်သည်လည်း အသက်ကယ်ရာပေမို့ သူရူးအား အားကိုးမိနေကြသည်။

 

အိမ်အတော်များများအား ကြည့်ပြီးနောက် ရွာအစွန်ဘက်ရှိ အိမ်တွင် ရပ်လိုက်ကာ

 

” ဒီအိမ်ပဲ…ဒီအိမ်မှာ ငါသူတော် စောင့်မယ်ဟေ့။ ကဲ…ဒီအိမ်က အိမ်ရှင်ကို ခေါ်ပေးပြီး ညအတွက် လူစုပြီး အသင့်စောင့်နေကြ”

 

” ကိုတင်ညို…ကိုတင်ညို…”

 

” ဝေး…”

 

ခြံရှေ့မှ ခေါ်သံကြောင့် အိမ်ထဲမှ လူတစ်ယောက် ထွက်လာသည်။

 

” ဒီမှာ ကျုပ်တို့ရွာကိစ္စကို ရှင်းပေးမယ့် ဆရာသူတော်။ သူက ဒီညခင်ဗျားအိမ်မှာနေပြီး တစ္ဆေကောင်ကို ဖမ်းပေးမယ်တဲ့။ အဲ့ဒါ…”

 

” ဟေ့..ဟေ့..နေဦး။ ငမိုက်သားလေးရဲ့။ ငါ့နာမည်က ဆရာသူတော် မဟုတ်ဘူး။ အရူးသူတော်…မှတ်ထားနော် ဟီ…ဟီ…ကဲ…ကဲ မင်းတို့သွားတော့။ ငါသူတော်နဲ့ ဖိုးတင်ညို အစီအရင် လုပ်လိုက်ဦးမယ်”

 

အရူးသူတော်မှာ သူနှင့် မလှမ်းမကမ်းရှိ သစ်ကိုင်းခြောက်တစ်ခုကို သွားကောက်လိုက်သည်။ ပြီးနောက် ပါစပ်နားကပ်၍ တီးတိုးမန်းမှုတ်လေပြီး တင်ညိုအား ပေးကာ

 

” ရော့…ဒီတုတ်နဲ့ ခြံဝန်းထဲကို စည်းလိုက်တား။ ဝင်ပေါက်တစ်ခုပဲ ချန်ထားချေ”

 

တင်ညိုလည်း ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ သူ့မိသားစုအတွက် စိုးရိမ်မိသည်မို့ တုတ်ချောင်းနှင့် ခြံအတွင်း သည်းလိုက်တားလေသည်။ ထိုအချိန်ဝယ် ကျန်ရွာသားများမှာ ပြန်ကုန်ကြလေပြီး အရူးသူတော်သည်လည်း ခြံထောင့်တစ်နေရာဆီတွင် တောင်ကြည့်မြောက်ကြည့် လိုက်ကြည့်နေလေသည်။

 

” စည်းတားပြီးပါပြီ…”

 

” အိမ်း ကောင်းလေစွ ကောင်းလေစွ..အဲ့ဒါပြီးပြီဆို ဖိုးတင်ညိုက အိမ်ပေါ်တက်။ အိမ်ပေါ်ရောက်ရင် ဟော့ဒီ့ကြိုးလေးကို လှေကားထိပ်မှာ တားထား။ ပြီးရင် ထမင်းစောစောစားပြီး အပြင်မထွက်နဲ့တော့။ ဒီစက္ကူလေးတွေကို မင်းတို့အိမ်က အသံမြည်အောင်တီးလို့ရတဲ့ ဒန်အိုးတွေ၊ လင်ဗန်းတွေမှာ ကပ်ထား။ ညရောက်လို့ ငါသူတော် အချက်ပြရင် အိမ်ထဲကနေ စက္ကူကပ်ထားတဲ့ အရာတွေကို မြိုင်ထနေအောင် တီး…ကြားလား။ ဟီ..ဟီ…ဆိုင်းဝိုင်းနဲ့တော့ ကရချည်ရဲ့”

 

အရူးသူတော်သည် တစ်လက်မပတ်လည်ခန့်ရှိ စက္ကူတစ်ထပ်အား ပေးကာ တင်ညိုအားပေးပြီး လုပ်ဆောင်ရမည်ကို ပြောပြပြီးသည်နှင့် နီးစပ်ရာ သစ်ပင်တစ်ပင်ပေါ်ကို တွယ်တက်ကာ ခွဆုံတွင် တက်အိပ်နေတော့သည်။ ထိုအချိန်ဝယ် ပြင်ပ၌ အမှောင်ထုက ကြီးစိုးနေလေပြီ။

 

*****

 

ညသည် မှောင်မိုက်နေသည်။ တဖြေးဖြေး ညဉ့်နက်လာသည်နှင့်အမျှ သုသာန်ဘက်ဆီမှ ခွေးအူသံများ ထွက်လာလေပြီ။

 

” ဟီ…ဟီ…သူလာပြီ။ အဟေး..သူလာပြီ”

 

အရူးသူတော်သည် သစ်ပင်ထက်တွင် မှေးနေရာမှ ခေါင်းထောင်လာပြီး ရေရွတ်သည်။

 

” အူး..ဝူး…ဝူး….”

 

ခွေးအူးသံများ တစ်စတစ်စ နီးလာသည်။ မကြာမီ ခွေးအူသံမှာ တင်ညိုတို့ အိမ်ဘက်နားဆီ ရောက်လာလေပြီး ခွေးအုပ်ကြီးကို မြင်ရလေပြီ။ သူတော် ခွေးအုပ်အရှေ့ကို သေချာကြည့်လြိုက်သည်။

 

အရှေ့မှာ သူမြင်ရသည်က ခွေးလိုလိုကြောင်လိုလို သတ္တဝါတစ်ကောင်၏ အရိပ်ကြီး။ နွားတစ်ကောင်စာလောက်ကြီးသည်။ တော်ရုံကြည့်မယ်ဆို မြင်နိုင်မည် မထင်။ သူတော်ကတော့ မြင်နေရ၏။ အကောင်ကြီးသည် ခြံထဲဝင်လာသည်။ သူတော်ရှိနေသည်ကို သိဟန်မတူ။ ပြီးနောက် အိမ်နားဆီသွားသည်။ ခွေးတွေကတော့ ခြံရှေ့မှာ အူနေ၏။

 

ထိုအချိန် သူတော်သည် ထိုအကောင်ကြီးအား မမှတ်မသုံစိုက်ကြည့်နေလျက်ပင်။ အိမ်ရှေ့ဆီရောက်သည်နှင့် အကောင်ကြီး၏ ပုံသဏ္ဍာန်မှာ ရုတ်ချည်း မိန်းကလေး တစ်ဦးအသွင်ပြောင်းသွား၏။ ပြီးနောက် အိမ်ပေါ်ကို တက်လေသည်။ သို့သော် မိန်းကလေးသည် လှေကားထိပ်ရောက်လျင် တစ်စုံတစ်ဦးမှ တွန်းချလိုက်သလို ဖြစ်ပြီး ပြန်ပြုတ်ကြလာသည်။ ပြန်တက်ပြန်သည်။ မရ။ ထိုအချိန်ဝယ် သူတော်သည် သစ်ပင်ထက်မှနေ၍ အိမ်ပေါ်မှ လူများထံကို

 

” ဟေ့…မကောင်းဆိုးဝါးရောက်နေပြီ။ အပေါ်က တီးကြတော့”

 

” ဒုန်…ဒုန်…ဒမ်…ဒမ်….”

 

” ဖြောင်း…ဖြောင်း…ဖြောင်း…”

 

အိမ်ပေါ်မှ ဆူညံသံများ ရုတ်တရက်ထွက်လာသောအခါ ရုတ်တရက် မကောင်းဆိုးဝါးမိန်းကလေးသည် အကောင်ကြီးအသွင်ပြန်ပြောင်းသွားပြီး အနောက်လှည့်လျှက် ခြံနံဘေးမှ တိုးထွက်ကာ ပြေးရန်ပြင်လေသည်။ သို့သော် ညနေက တင်ညိုလိုက်တားထားသော စည်းကြောင့် ထွက်မရ။ ဝုန်းခနဲ ပြန်ကန်ထွက်လာကာ လဲကျသည်။ လူးလဲထပြန်သည်။ ပြီးနောက် ခြံနံဘေးမှ ထွက်မရသည်မို့ ခြံပေါက်ဆီပြေးလာကာ အပြင်ကို ပြေးထွက်သည်။ အပြင်ကို ရောက်သည်နှင့် သူတော်သည်လည်း သစ်ပင်ပေါ်မှ ခုန်ဆင်းကာ အကောင်ကြီး၏ အနောက်ကို ပြေးလိုက်သည်။

 

အကောင်ကြီးသည် သုသာန်အတွင်း ဝင်ပြေးသည်။ သူတော်က လိုက်သည်။ ပြေးနေရင်းဖြင့် မြေပုံတစ်ခုဆီအရောက်တွင် အကောင်ကြီးသည် ရုတ်တရက်ပျောက်သွား၏။ သူတော်သည် ထိုမြေပုံအပေါ်သို့ သူ၏ ပီနံအိတ်အစုတ်ကြီးကို အုပ်တင်ထားလိုက်ပြီး ငုတ်တုတ်ထိုင်နေလိုက်သည်။

 

အချိန်အနည်းငယ် ကြာသောအခါ ရွာထဲဘက်ဆီမှ လူအုပ်ကြီးသည် မီးတုတ်၊ ဓာတ်မီးများဖြင့် သုသာန်ဆီ ရောက်ရှိလာကြ၏။ သုသာန်ထဲ ရောက်သောအခါ သူတော်ပြသော မြေပုံကို တူးဆွကြသည်။ အထဲမှ အခေါင်းတစ်လုံး ထွက်လာ၏။ မြနှင်း၏ အခေါင်းပင်။ အခေါင်း၏ အဖုံးအား ဖွင့်လိုက်ကြသည်။

 

” ဟင်….”

 

” ဟာ…”

 

” အမလေး…”

 

အထဲရှိ မြနှင်းရုပ်အလောင်းမှာ ပုတ်ပွခြင်းမရှိ။ မျက်စိနှစ်လုံးက ဖွင့်လျက်သားရှိနေပြီး ပါးစပ်မှလည်း အစွယ်ပြူးပြူးတို့ ထွက်နေသည်။ ရင်ဘတ်တွင်တော့ ဟပြဲကြီးပွင့်နေပြီး အထဲမှ နှလုံးကြီးက ပြည်တောင်းခန့်ရှိနေကာ တဒိတ်ဒိတ် ခုန်နေသည်။

 

သူတော်သည် ရွာသားများအား အလောင်းကြီးကို မထုတ်စေ၏။ ပြီးနောက် ခုန်နေသောနှလုံးအား တစ်ထွာခန့်ရှိ သစ်သားချောင်း သေးသေးလေးဖြင့် ရိုက်စေသည်။ နှလုံးအား သစ်သားချောင်းဖြင့် ရိုက်လိုက်ချိန်ဝယ် အလောင်းကြီးထံမှ ” အား…” ခနဲ အသံနက်ကြီးတစ်ခု ထွက်ပေါ်လာပြီး နှလုံးခုန်တာ ရပ်သွား၏။ ထို့နောက် အလောင်းအား သုံးပိုင်းပိုင်းစေကာ ချက်ချင်းပင် မီးရှို့စေလိုက်တောသည်။

 

နံနက်မိုးလင်းပိုင်းအချိန်တွင်တော့ အလောင်းကြီးပြာကျလေပြီ။ ထိုအချိန်ဝယ် ရွာသူရွာသားတို့မှာ အရူးသူတော်အား ဘာဆက်လုပ်ရမည်ကို မေးမြန်ရန်လိုက်ရှာချိန် သူတော်မှာ ပျောက်ချင်းမလှ ပျောက်နေလေပြီ။ ဘယ်အချိန်ပင် သူတို့အနားမှ ထွက်သွားလေသည်မသိ။ အရူးသူတော်အား ကျေးဇူးတင်စကားပင် ပြောခွင့်မရလိုက်သော ရွာသူရွာသားများ စိတ်မကောင်းဖြစ်ကြလေသည်။

 

သို့နှင့် နောက်ဆုံးတွင်တော့ အရူးသူတော်ဆိုသည့် သူရူးတစ်ယောက်၏ ဖြေရှင်းပေးမှုဖြင့် ကျောက်ချောင်းရွာ၏ ပြသနာဆိုးကြီးမှာ ပြီးပြတ်ခဲ့ရလေတော့သည်။ ကျောက်ချောင်းရွာမှ သက်ကြီးရွယ်အို အချို့ကတော့ အရူးသူတော်အား မြေလျှောက်ဝိဇ္ဇာတစ်ပါး ဟု ယူဆကြလေသည်။ သို့သော် ဟုတ်မဟုတ်တော့ အတိအကျ မည်သူမျှ မသိ။

 

       ရွာသူရွာသားတို့သည် အရူးသူတော် အနေဖြင့် နောင်တစ်ချိန်ဝယ် ကျောက်ချောင်းရွာသို့ ပြန်လာလေဦးမလားဟု မျှော်လင့်မိကြသော်လည်း အရူးသူတော်မှာ ယနေ့အချိန်အထိ လုံးဝပေါ်မလာခဲ့တော့ချေ။

 

ပြီးပါပြီ။

 

နောင်ရိုး( ဆေးတပ်)

 

#ညမဖတ်ရ