ကျားမနိုင် နှင့် ရွှေသွားခုနှစ်ချောင်း

*ကျားမနိုင် နှင့် ရွှေသွားခုနှစ်ချောင်း*📖📖📖
*****
****
********************************
မောင်မြိုင်သည် မိုးညိုမြို့နယ်ရှိ’မိုးမခ’ဆိုသည့်
ရွာကြီးမှဖြစ်၏။ မောင်မြိုင်၏မိဘများဖြစ်သော
မောင်ဖုန်း နှင့် မခင်လှိုင် တို့သည် သောင်ပေါ်၌
ဖရဲများ စိုက်ထားသဖြင့် အိမ်တွင် စောင့်မည့်သူ
မရှိဘဲ ကလေးကို ထားပစ်ခဲ့ရလေ၏။

ကလေးကို ပုခတ်အလှည့်ကျ လင်မယားနှစ်ယောက်
ထိန်းကြရလေ၏။ သူတို့သည် ဖရဲမပေါ်ခင် အိမ်မှာ
အိပ်၍ ဖရဲပေးက သူခိုးသူဝှက်များကြောင့် ယာခင်း
ထဲ၌ သွားအိပ်လေ၏။ သူတို့လင်မယားမှာ အသက်
၃၀ကျော်မှကလေးရ၍ မောင်မြိုင်အား လွန်စွာ
ချစ်လေ၏။ မောင်မြိုင်မှာ တစ်နှစ်အရွယ်ရှိသေး
သော်လည်း ငိုခြင်း ပူခြင်းမရှိဘဲ ဆာလျှင် လက်ကို
စုပ်ပြီးသာနေသော လူအေးလေးဖြစ်၏။

ပြာသိုလောက်ကတည်းက ဖရဲပေါ်တော့၏။
နွေလည်းရောက်ခါနီးဖြစ်၍ သောင်များပေါ်၌
တစ်တီတူးများက အသိုက်လုပ်၍ ဥကြ၏။
ရေလည်း နည်းသွားပြီး နုံးတင်မြေနုများက
သောင်အဖြစ်ပေါ်လာရာ မြစ်ရေမှာ ကျသွားပြီး
မော်တော်၊ သဘောင်္များပင် သွားလာရန်
ခက်ခဲ၍ မကြာခဏ သောင်တင်လေ၏။

နက်ဖြန်နံနက်တွင် သူကြီးဦးကျော်အေး
(မမင်းလှိုင်တို့၏ ဖခင်)အိမ်၌ ဦးရှင်ကြီးတင်မည်
ဖြစ်၍ သူမတို့မိသားစုမှာ စုံစုံညီညီကန်တော့ရန်
အတွက် ယနေ့ည သွားအိပ်ရမည်ဖြစ်၏။
ဤဒေသတွင် ဦးရှင်ကြီးကိုနံနက် ၄ နာရီခွဲ
ခန့်တင်လေ၏။

သူကြီးဦးကျော်အေးမှာ တိုက်နယ်သူကြီး
ဖြစ်သဖြင့် ရွာနီးချုပ်စပ်များကပါ လေးစား
ရိုသေရသည့် လူဖြောင့်တစ်ဦးဖြစ်၏။
သူကြီးအိမ်တွင် ဦးရှင်ကြီးတင်လျှင် နတ်ပါ
တင်ရသည့်အတွက် ကောက်ညှင်းတစ်တင်း
ခန့်ပေါင်းရချက်ရလေ၏

ညဦးပိုင်းတွင် ရွာမှ ရွာသူရွာသားများက
ကောက်ညှင်းပေါင်းသူကပေါင်း၊ ချက်သူကချက်
ကြပြီး မိန်းမများကမုန့်ဖြူ၊ မုန့်နီလုပ်ကြ ။
ငါးကြော်ကြ၊ အုန်းသီးများအချောကိုင်ကြဖြင့်
လုပ်ကိုင်ကြရာ သူကြီးကတော်ကြီးနှင့်
ကာလသမီးအဖွဲ့က အလုပ်အကိုင်သမား
များကို ဘူးသီး ကြက်သားချက်၊ တို့စရာ၊
ငါးပိလိမ္မာ တို့ဖြင့် ဧည့်ခံကျွေးမွေးလေ၏

နံနက် ၄ နာရီတွင် ဦးရှင်ကြီးတင်မည့်
ဘကြီးဥာဏရောက်လာပြီး စားပွဲခုံလေးပေါ်၌
ကောက်ညှင်း ၊ အုန်းသီး၊ ထန်းလျက် ၊
ဖီးကြမ်း ငှက်ပျော လက်ဖက် ကွမ်းယာ
တို့ကို ပြင်ထားပြီးနောက် အိမ်ရှေ့ကျောင်း
ဆောင်လေးဘက်တွင် သပြေပန်းနှင့်
အုန်းလက်များကို ချည်နှောင်ကာ
ဖယောင်းတိုင် လေးတိုင်ကို ထွန်းညှိလေ၏။

အားလုံးအဆင်သင့်ဖြစ်သည့်အခါ
မိသားစုများက သင်ဖြူးဖျာများခင်း
ထားသည့်နေရာများတွင် ကလေး၊
လူကြီးထိုင်တော့ရန် စောင့်နေစဉ်
ဦးဥာဏက အသံဝါကြီးဖြင့် …

“ပုလဲငွေမြို့ …သဲရေစို့ပါတဲ့ ပဲရွှေမြို့အပိုင်”

“အောက်ခရိုင် ကျောက်တိုင် အမလေး
စီးတော်ကျားကြီး”ဟု အော်၍ ဦးဥာဏက
နောက်ဆုတ်၍ပြေးလေ၏။ ခုနှစ်တောင်
ကျော်ခန့်ရှိသည့် ကျားကြီးသည် မီးထွန်း
ထားသည့် ဦးရှင်ကြီးတင်မည့်ကျောင်း
ဆောင်ရှိရာသို့ တစ်လှမ်းချင်း လျှောက်လာကာ
ကျောင်းဆောင်နား၌ ရပ်နေရာကျားကြီး၏
မျက်လုံးမှာ မီးရောင်ဖြင့် နီရဲနေလေ၏။

“ဒါ စီးတော်ကျားမဟုတ်ဘူး…ပြေးကြ
ပြေးကြ ဦးရှင်ကြီးလာရင် တစ်ခါတည်း
ကျားကို စီးလာမှာ “ဟု ကာလသားခေါင်း
ညိုကြီးက ထအော်ရာ လူများက ဝရုန်းသုန်းကားဖြင့်
ခြေဦးတည့်ရာသို့ ထွက်ပြေးကြလေ၏။

သူကြီးက အိမ်ပေါ်မှ လှေကားအတိုင်း
ပြေးတက်သွားပြီး နှစ်လုံးပြူးသေနတ်ကို
ကျည်ထိုးကာ ပြန်ဆင်းလာခဲ့ရာ
ကျားကြီးမှာ ပြတင်းပေါက်ကနေ အိမ်ပေါ်
သို့ ခုန်တက်သွားလေ၏

အပေါ်ထပ်တွင် မောင်မြိုင်မှာ အိပ်ပျော်နေ၍
ဖခင်မောင်ဖုန်းနှင့်မိခင်မမင်းလှိုင်မှာ သူတို့
သားလေးအတွက် လွန်စွာ စိုးရိမ်ပူပန်သွားလေ၏။

သူကြီးက လှေကားအတိုင်း ပြန်တက်သွားချိန်တွင်
ကျားကြီးမှာ ပုခက်ထဲမှ မောင်မြိုင်အား ဂုတ်ခဲ၍
မ,ယူနေစဉ် ၁၀ပေခန့်အကွာမှ သူကြီးက ကျားကြီး
အားသေနတ်နှင့် ပစ်လေ၏။ ကျားကြီးအား
တင်ပါးကို ထိမှန်သွား၍”ဝေါင်း ဝေါင်း”ဟု
အော်ပြီး ကလေးကို လန့်ပြီး လွှတ်ချကာ
ပြတင်းပေါက်မှ အောက်သို့ ခုန်ဆင်းသွားလေ၏။

သူကြီးဦးစီးသည့်အဖွဲ့က တုတ်၊ ဓါး၊ လှံ
မှိန်းများဖြင့် မိုးလင်းသည်နှင့် သွေးစက်အတိုင်း
လိုက်ရှာရာ ကျားသည် သောင်ပေါ်သို့
ပြန်ဆင်းသွားသည့် ခြေရာများကို တွေ့ရလေ၏။
ကျားကြီးသည် တစ်ဖက်ကမ်း တောစပ်မှ
သောင်ခုံများကို ဖြတ်ကျော်လာပြီး မီးရောင်
မြင်သဖြင့် ဦးရှင်ကြီး တင်သည့်အနားသို့
ရောက်လာခြင်းဖြစ်လေ၏။

နံနက်မိုးလင်းမှ ဦးဥာဏကိုပြန်ရှာကာ
ဦးရှင်ကြီး တင်မြှောက်ပြီး ကိုးမြို့ရှင်၊
ရွာတော်ရှင်နတ်များကို နတ်တင်ကာ
ပျော်ပျော်ပါးပါးစားသောက်ကြ၍
တစ်နေ့လုံး ကျားအကြောင်းကို ပြောပြ
လေ၏။ မောင်မြိုင်မှာလည်း ကျားက
မ,မနိုင်၍ “ကျားမနိုင်” ဟု အပြောင်အပျက်
ခေါ်လာရာမှ နာမည်တွင်သွားလေတော့၏

XXXX

ကျားမနိုင်၏ အဖိုး သူကြီးမှာ သူ ၁၆ နှစ်သားတွင်
ကွယ်လွန်သွားခဲ့ရာ သူတို့မိသားစုမှာ အဖွားဒေါ်
ကြီးကြင်၊ ဦးလေးတို့နှင့် သွားရောက်ပူးပေါင်း
နေကြရလေ၏။

ကျားမနိုင်၏ မိဘများက ဖရဲရာသီတွင် ဖရဲစိုက်ပြီး
အဖွားနှင့် ဦးလေးတို့ မိသားစုက “အင်းလက်တက်”
လေး တစ်ခုကို လေလံဆွဲကာ အင်းလုပ်ငန်း
လုပ်ကိုင်ကြလေ၏။ ကျားမနိုင်မှာ လေးတန်း
အောင်သည်ထိသာ ကျောင်းနေပြီး အသက် ၁၆ နှစ်
မှစ၍ မိဘများနှင့် ဖရဲလုပ်ငန်းကို လုပ်ကိုင်လေ၏။

အသက် ၂၃ နှစ်တွင် ဦးကြီးတို့၏ အင်းလုပ်ငန်းတွင်
ဝင်ရောက်လုပ်ကိုင်းရင်း အပေါင်းအသင်းများ
စုံလာသဖြင့် အရက် သေစာများ သောက်စား
တတ်လာပြီး ဖဲရိုက်၊ ကြက်တိုက်၊ နွားတိုက်
စသည့်အလောင်းအစားများကို လုပ်ရာ
နိုင်တစ်လှည့် ရှုံးတစ်လှည့်ဖြင့် လောင်းကစား
တို့၏ ထုံးစံအတိုင်း ဖြစ်နေလေတော့၏။

ကျားမနိုင်မိဘများက ခြံထဲတွင် ရာသီစာ
သီးနှံစိုက်ပျိုးထားပြီး အဖွားနှင့် ဒေါ်ကြီးကိုပါ
ကျွေးမွေးထားလေ၏။ ကျားမနိုင်သည်
သူ့သူငယ်ချင်းများ ဖြစ်သည့် တောက်ထိန်၊
ဒီလုံး၊ မောင်ဘိုတို့နှင့် အတူ တစ်နေ့တွင်
ထန်းရည်သောက်နေကြရာ နာရေးအိမ်တွင်
ဖဲသွားရိုက်ကြရန် ဒီလုံးက အကြံပေးပြီး
မောင်ဘိုက လူအများမှာ အသုဘအိမ်တွင်
အလုပ်ရှုပ်နေစဉ် ကြက်ခိုးရန် အကြံပြု၏။

ကျားမနိုင်က ထန်းရည်ကိုသာ လှိမ့်သောက်နေပြီး
အခြေအနေအရ ကြည့်လုပ်ကြမည်ဟု တောက်ထိန်
ကို ပြောကာ လူစုခွဲလိုက်လေ၏။

ဒီလုံးနှင့် မောင်ဘိုတို့မှာ အသုဘအိမ်လည်း
မသွားဖြစ်၊ ကြက်ခိုးစားရန်လည်း မဖြစ်တော့ပေ။
ဒီလုံးအဖွားမှာ”ကုက္ကိုစု”ရွာတွင် မနေ့က သေဆုံး
သွားသဖြင့် အကြောင်းကြားလာသည် လှည်း
နှင့်ပင် ရွာသို့ လိုက်သွားကြလေ၏။ ကျားမနိုင်
နှင့် တောက်ထိန်မှာ အသုဘတွင် ဖဲရိုက်ရန်
အတွက် တိုင်ပင်နေရာ…

“ကျားမနိုင် ”

“ဘာလဲကွ”

“သေတဲ့ ဒေါ်ထွေးရင်ကြီးကို မင်းသတိထားမိလား”

“ဘာဖြစ်လို့လဲ…ဖုတ်ဝင်နေလို့လား”

“ဖုတ်ဝင်လို့မဟုတ်ဘူး…မနက်ဖြန်
အသုဘချမှာ၊ သုံးရက်ပြည့်ပြီ၊ အသုဘ
တာဝန်ခံငသန်းက ဆေးရုံမှာ အရက်
ဖြတ်နေတယ်၊ အဲဒါဒေါ်ကြီးထွေးရင်ရဲ့
ယောင်္ကျား ဘကြီးထွန်းက မြေချမယ့်
ကိစ္စ ငါ့ကိုတာဝန်ပေးတယ်။ ကျင်းတူးပြီး
မြှုပ်ဖို့ ကျင်းခနဲ့ အရက်ဖိုးပေးတယ်ကွာ”

“အေးလေ…လုပ်ကြတာပေါ့ ၊ ပိုက်ဆံ
နည်းလို့လား” ဟု ကျားမနိုင်ကပြောရာ…

“ပိုက်ဆံကြောင့်မဟုတ်ဘူး…ငါက မင်းနဲ့
တွဲပြီး လုပ်ချင်တာ ကိစ္စရှိလို့ ”

ဟု တောက်ထိန်က ပြောပြီး ဘေးပတ်ဝန်းကျင်
ကြည့်လိုက်ရင်း အသံကို နှိမ့်ကာ…

“ဒီလိုကွ …၊ အဖွားကြီးက ငယ်ငယ်က
ကွမ်းတောင်ကိုင်ဆိုလားပဲ။ သူတို့ရဲ့
ခေတ်တုန်းက သူများတွေထက်လှအောင်
သွားကို ရွှေသွားကွပ်ကြတယ်၊ ဒီအဖွားကြီးက
သူများလို တစ်ချောင်း နှစ်ချောင်း မဟုတ်ဘူး
တစ်ဖက်က သုံးချောင်း၊ တစ်ဖက်က လေးချောင်း၊
အားလုံးခုနှစ်ချောင်းတောင် ကွပ်ထားတာ၊
အဲဒီရွှေကိုချွတ်ရင် ငါးမူးသားလောက်ရှိမယ်။
က,ချင်မှတောင်က,မှာ ဖဲရိုက်ဖို့ အရင်းအနှီး
ရတာပေါ့ ”

ဟု တောက်ထိန်ကပြောရာ သူတို့နှစ်ယောက်
လက်ဖဝါးချင်းရိုက်လိုက်ကြလေ၏။

နေ့လယ် ၁ နာရီ အသုဘချပြီးသည့်နှင့်
အသီးသီးပြန်သွားကြရာ ၂ နာရီလောက်တွင်
သင်္ချိုင်း၌ လူမရှိတော့ချေ။ ကျားမနိုင်နှင့်
တောက်ထိန်သည် ရဲဆေးများတင်ရန်
အရက်တစ်လုံးသောက်လာပြီး သင်္ချိုင်းကုန်း
တွင်လည်း ထပ်သောက်ရာ ပုလင်းတစ်ဝက်
သာကျန်တော့လေ၏။

နေဝင်တရီတရောဘက်တွင် မည်သူမျှ
သင်္ချိုင်းကုန်းဘက်သို့ မဖြတ်ရဲသဖြင့်
ဂူပျက်နားရှိ ချုံဖုတ်ထဲတွင် ဖွက်ထားသော
ပေါက်ပြားနှင့် ဂေါ်ပြားကိုယူကာ နှစ်ယောက်
တက်ညီလက်ညီ မြေပုံကိုဖော်ကြရာ
မိနစ် ၄၀ ခန့်တွင် ခေါင်းကိုဖော်နိုင်ခဲ့လေ၏

တောက်ထိန်က ခေါင်းအဖုံးကိုဖွင့်ကာ
ပါလာသည့်ပလယာဖြင့် သွားများကို
နုတ်၍ ကျားမနိုင်အား ပြောသဖြင့် ကျား
မနိုင်က ပါးစပ်ကို ဖြဲပေးရန် တောက်ထိန်ကို
ပြော၍ ရွှေသွားခုနှစ်ချောင်းအား နုတ်လေ၏။

သုံးရက်ခန့်ရှိပြီဖြစ်သည့် အလောင်းဖြစ်၍
သွားများမှာ လွယ်လင့်တကူပါလာလေ၏.

သွားများရသည်နှင့် သူတို့သည် ဦးစွာ
ခေါင်းကို ပြန်ဖုံးပြီး ခြေရာလက်ရာမပျက်
မြေကို ပြန်ဖို့ခဲ့ရာ နာရီဝက်ပင် မကြာခဲ့ပေ။
သွားများတွင် ကွပ်ထားသည့် ရွှေများကို
ပလယာဖြင့် ရိုက်ခွဲ၍ ချွတ်ယူလာရာ
ည ၈ နာရီခန့်တွင် အပေါင်ဆိုင် ဦး
တင်ဝင်းအိမ်သို့ ရောက်လေ၏။

ဦးတင်ဝင်းထံ ရွှေကိုချိန်တွယ်၍ ရောင်းချရာ
ငါးမူးသားကျော်ရှိလေ၏။ ခေါက်ဆွဲကြော်
များ ဝယ်လာပြီး တောက်ထိန်အိမ်၌ ကျန်သည့်
အရက်တစ်ပိုင်းနှင့် သူတို့စားသောက်ကာ
အသုဘဖဲဝိုင်းသို့ ရောက်သွားလေ၏။

သူတို့နှစ်ဦးသည် ငွေလျှံနေသဖြင့် “ကိုးမီးဝိုင်း”
တွင် လက်သည်ကိုင်ရာ အစောပိုင်း၌ နိုင်
လေ၏ ။ ည၂ နာရီကျော်သွားသည်နှင့်
ပါလာသည့်ငွေငါးသောင်းကျပ်ကုန်ကာ
အိမ်သို့ ပြန်လာခဲ့လေ၏။

တောက်ထိန်သည် အိပ်မက်ထဲ၌ ခေါင်းစုတ်ဖွား
နှင့် မိန်းမကြီးက…

“ငါ့ရွှေတွေ ပြန်ပေး …၊ ငါ့သွားတွေပြန်ပေး”

ဟု အသံပြဲကြီးနှင့် အော်ကာ တောက်ထိန်
၏ ခြေထောက်ကို ဆွဲရာ ဒေါ်ထွေးရင်ကြီး
ဖြစ်နေပြီး သူ၏လည်ပင်းကို ညှစ်ရန် လုပ်နေ၍

“လာကြပါဦး …လာကြပါဦး သရဲမကြီး
သရဲမကြီး” ဟု အော်နေသဖြင့် သူ့အဖေနဲ့
အေမက…

“ဘာဖြစ်တာလဲ…ဟဲ့၊ ဘာဖြစ်တာလဲ”

ဟု မေးရာ ချွေးသီးချွေးပေါက်များကျနေ၍
သူ့အဒေါ်က ရေတစ်ခွက်ခပ်လာ၍ တိုက်လေ၏။
ကျားမနိုင်သည် ည ၉နာရီခန့်တွင် အရက်
ဆိုင်မှ ပြန်လာရာ အိမ်ခြံဝ၌ ဆံပင်ဖားလျား
ချပြီး မျက်လုံးရဲရဲကြီးဖြင့် ကျားမနိုင်အား
လက်ညှိုးထိုး၍…

“ငါ့ရွှေသွားတွေ ပြန်ပေး၊ မပေးရင် နင့်ကိုသတ်မယ်”

ဟု ပြောပြီး ပါးစပ်ကြီးကို ဟပြရာ ပါးစပ်ထဲ၌
သွားများမရှိဘဲ ဟောင်းလောင်းပေါက်ကြီးဖြစ်၍
သွေးများထွက်နေလေ၏

“အမလေး …သရဲမကြီး၊ သွား သွား”

ဟု အသံကုန်အော်ဟစ်နေသဖြင့်
အိမ်ထဲမှလူများ ထွက်လာပြီး တုန်လှုပ်
ကြောက်လန့်နေသော ကျားမနိုင်ကို
ဆွဲခေါ်လာခဲ့ရလေ၏။ နောက်တစ်နေ့
နေလယ်၊ရက်လည်မည့်နေ့တွင် ဒေါ်ထွေးတင်
ဆိုသည့် သေဆုံးသူ ဒေါ်ထွေးရင်၏ညီမ
ဖြစ်သူအား ဒေါ်ထွေးရင်မှဝင်ပူး၍ သူမ၏
ရွှေသွားများကို ယူသွားသည့် တောက်ထိန်
နှင့် ကျားမနိုင်အား ပြန်မပေးပါက သတ်ပစ်မည်
ဟု ပြောသဖြင့် ဒေါ်ထွေးရင်၏ယောင်္ကျားနှင့်
လူကြီးများက တောက်ထိန်နှင့် ကျားမနိုင်
ူကိုခေါ်မေးရာ မှန်ကန်ကြောင်း ဝန်ခံခဲ့လေ၏။

ကျားမနိုင်နှင့် တောက်ထိန်မိဘများက
အမှုမဖွင့်ရန်တောင်းပန်ပြီး သွားနှင့်ရွှေ
များကို ပြန်လည်မြှုပ်နှံပေးပါမည်ဟု
ကတိပေးကာ အပေါင်ဆိုင်မှ ချက်ချင်း
သွားရွေးစေ၏။

ဘကြီးဖိုးမောင်က ရွှေနှင့်သွားများကို
အထုပ်တစ်ခုထဲလုံအောင်ပိတ်၍ ဒေါ်ထွေးရင်
မြေပုံပေါ်၌ တစ်တောင်ခန့်တူး၍ မြှုပ်ကာ
ပြန်ထားခဲ့ပြီ ဖြစ်ကြောင်းပြောဆို၍
ကျေနပ်ပါရန် တောင်းပန်ရကြောင်း
ပြောဆိုသွန်သင်ပေးသဖြင့် ဒေါ်ထွေးရင်
၏ ယောင်္ကျားဘကြီးထွန်းရှေ့မှောက်တွင်
ကျားမနိုင်နှင့်တောက်ထိန်က ပြန်လည်
မြှုပ်နှံပေးခဲ့လေ၏။

လက်ရှိ သူကြီးဦးဝင်းက စံနမူနာပြအဖြစ်
ကျားမနိုင်နှင့် တောက်ထိန်အား ရွာ၏စေတီ
ဝန်းကျင်တွင် သန့်ရှင်းရေးနှင့်ရွာဦးကျောင်း၌
သောက်ရေ၊ သုံးရေများခပ်ခိုင်းလေ၏။

တစ်ပတ်တိတိ သူကြီးခိုင်းသည့်အတိုင်း
လုပ်ပေးပြီးနောက် သူတို့နှစ်ဦးလည်း
နောင်တရကာ အရက်ကိုပါ ဖြတ်လိုက်
လေတော့သည်။

ပြီးပါပြီ

မူရင်းရေးသူ ဆရာ တစ်မိုးအောက်အားလေးစားလျက်

Like &shareလေးနဲ့အားပေးကြပါအုံး

စာဖတ်သူများစိတ်ရွှင်လန်းပါစေ