သားလိမ္မာ

သားလိမ္မာ(စ/ဆုံး)

—————

“မင်း ပိုက်ဆံဘယ်လောက်ပါလဲ”

 

အိမ်ထဲဝင်လာသော မင်းထွန်းတစ်ယောက် အိမ်ထဲတွင် အရက်ပုလင်းကိုင်ကာ အရက်မော့သောက်နေသော ဖခင်ဖြစ်သူ၏ မေးခွန်းကြောင့် စလွယ်သိုင်းလွယ်ထားသော လွယ်အိတ်လေးထဲမှ ငွေစက္ကူ အကြွေလေးတွေကို ထုတ်ပေးလာ၏။

 

“ဒါပဲလား”

 

ဦးဝေဇင်တစ်ယောက် မင်းထွန်းချပေးလာသော ငွေစက္ကူတွေကို ကြည့်ပြီး နှာခေါင်းရှုံ့၍ မေးလိုက်ခြင်း ဖြစ်သည်။

 

မင်းထွန်းလည်း လွယ်အိတ်ကို လွယ်ထားရာမှ ချွတ်လိုက်ပြီး

 

“သားလည်း အဖေ ပလုံကောက်ခိုင်းတဲ့ နေရာသွားကောက်တာပဲ၊ ဒီနေ့ရတာ နည်းတာတော့ မသိဘူး၊ ပလုံစျေးကလည်း သိပ်ရတာမဟုတ်ဘူး”

 

စကားအဆုံးတွင် မင်းထွန်း အိမ်ပေါ်တက်ခဲ့၏။ ဦးဝေဇင်တစ်ယောက် မင်းထွန်းပေးခဲ့သော ငွေစက္ကူတစ်ချို့ကိုယူကာ ယိမ်းထိုးနေသော ခန္ဓာကိုယ်နှင့် အတူ အိမ်ထဲမှ ထွက်သွားသည့်ကို မင်းထွန်းတွေ့လိုက်ရ၏။

 

မင်းထွန်းသည် အသက်တစ်ဆယ့်ငါးနှစ် အရွယ်သာ ရှိသေးသော ကလေးငယ်တစ်ဦးသာဖြစ်သည်။ ငယ်စဥ်ကတည်းက မိခင်ဖြစ်သူ သေဆုံးသွားသဖြင့် ဖခင်ဖြစ်သူနှင့်သာ အတူနေထိုင်ခဲ့၏။ ဖခင်ဖြစ်သူကလည်း အရက်သေစာအမြဲသောက်စားနေတတ်ပြီး လောင်းကစားကို ခုံမင်သူဖြစ်သဖြင့် စားဝတ်နေရေးအတွက် အရွယ်နှင့် မမျှလေအောင် သူသည်သာ ရှာဖွေရ၏။

 

စားဝတ်နေရေးအတွက် ပလုံ(ဗူးခွံ)အဟောင်းတွေကို ကောက်၍ အသက်မွေးရ၏။ ထိုမှရလာသော ငွေကို စားဝတ်နေရေးအတွက် ဖဲ့သုံးရသည့် အပြင် ဖခင်ဖြစ်သူရဲ့ တစ်နေ့တာ အသုံးစရိတ်ဖြစ်လည်း အသုံးပြုရသည်။

 

အရွယ်နှင့် မမျှလေအောင် သောကတွေ များရသည် မင်းထွန်းဘဝသည် တစ်ပါးသူများကဲ့သို့ ပျော်ရွှင်စွာ ဘဝကို ဖြတ်သန်း နေရမည် အချိန်တွင် သားဖနှစ်ဦး၏ စားဝတ်နေရေးကို သူသည့်သာ အစစအရာရာ စီမံနေရ၏။

 

ယခုလည်း ညနေစာအတွက် ထမင်းဟင်းချက်ပြုတ်ရန် ဆန်ဆေးပြီး မီးဖိုပေါ်တင်လိုက်၏။ ပြီးလေမှ ဟင်းချက်ရန်အတွက် လက်ထဲကျန်နေသည့် ငွေစက္ကူလေး အချို့ကို ရေတွက်နေမိ၏။ တစ်ထောင်ပင် မပြည့်တော့လေသော ငွေစက္ကူအကြွေလေးတွေကို ကြည့်ပြီး သူ သက်ပြင်းသာချလိုက်မိ၏။

 

အကြောင်းက သူ၏ ဖခင် ဦးဝေဇင်သည် အသားဟင်း ၊ ငါးဟင်း မပါလေလျှင် ထမင်းမစားတတ်ခြင်းကြောင့် ဖြစ်သည်။

 

(၂)

 

ရွာဦးကျောင်းက ကပ္ပိယကြီးဦးဖိုးမှန် တစ်ယောက် ဆွမ်းချိုင့်ယူ၍ ကျောင်းသို့ ပြန်လာခဲ့၏။ ထိုသို့ကျောင်းသို့ အပြန်လမ်းတွင် သူ့ မျက်စိထဲ ဝင်လာသည့် ပုံရိပ်လေးက ရွာလယ်ရှိ ဦးဝေဇင်၏ သားဖြစ်သူ မင်းထွန်း၏ ပုံရိပ် ဖြစ်သည်။

 

“ဝေ့ မင်းထွန်း ပလုံကောက်သွားတော့မှာလား”

 

လွယ်အိတ်အစုတ်လေးကို လွယ်ကာ ဆာလာအိတ်တစ်လုံးကို ပခုံးပေါ်တင်ရင်း ရွာထဲမှ ထွက်လာသော မင်းထွန်းကို ကပ္ပိယကြီး ဦးဖိုးမှန် မေးလိုက်ခြင်းဖြစ်သည်။

 

မင်းထွန်းတစ်ယောက် ကပ္ပိယကြီးကို တွေ့သည့်နှင့် နွမ်းလျှစွာ ပြုံးပြရင်း

 

“ဟုတ်ကဲ့ ကပ္ပိယကြီး၊ သား အခုပဲ ပလုံကောက်သွားမလို့ပါ”

 

“သြော် အေးအေး၊ ဂရုစိုက်သွားနော်”

 

“ဟုတ်ကဲ့”

 

ကပ္ပိယကြီးတစ်ယောက် သူ့ အရှေ့မှ တရွေ့ရွေ့ထွက်သွားသော မင်းထွန်းကို ကြည့်ပြီး သက်ပြင်းချမိလေသည်။ အရွယ်နှင့် မလိုက်လေအောင် စားဝတ်နေရေးအတွက် ရုန်းကန်နေရသည့် အဖြစ်ကို ကြည့်ရင်း ဦးဖိုးမှန် ခေါင်းကိုသာ ယမ်းခါလိုက်မိ၏။

 

(၃)

 

မင်းထွန်းတစ်ယောက် နေ့စဥ်လုပ်နေသည့် အလုပ်ဖြစ်သော ပလုံကောက်ခြင်းကို ရွာတကာရွာလှည့်၍ ကောက်နေခဲ့၏။ ဒီကနေ့တော့ ဗူးခွံအတော်များများ ကောက်ရခဲ့သည်။

 

ကောက်၍ရသော ဗူးခွံများကို ဆာလာအိတ်ထဲ စုထည့်ပြီး ပခုံးပေါ် ထမ်းတင်လိုက်၏။ ထို့နောက် နေ့စဥ်ဝယ်နေသည့် ပလုံဒိုင်ရှိရာသို့ သွားရောင်းခဲ့လေသည်။

 

ရောင်း၍ရလာသော ငွေစက္ကူတစ်ချို့ကို ရေတွက်ရင်း ကားလမ်းဖြတ်ကူးမိစဥ်

 

“ကျွီ”

 

“ဒုန်း”

 

“ဟာ တိုက်ကုန်ပြီ”

 

“အား ကျွတ် ကျွတ်”

 

တစ်ဖက်မှ လာသော ဆိုင်ကယ်နှင့် မင်းထွန်း ဝင်တိုက်မိခြင်းဖြစ်သည်။ ကံကောင်းသည့်က တစ်ဖက်မှလာသော ဆိုင်ကယ်က အရှိန်သိပ်မပါခဲ့ပေ။ ဆိုင်ကယ်သမားလည်း လဲကျသွားသော မင်းထွန်းကို ကြည့်ပြီး မျက်လုံးတွေ ပြာဝေစွာဖြင့် ဆိုင်ကယ်ကို ဒေါက်ထောက်လိုက်ကာ ဆိုင်ကယ်ပေါ်မှ အမြန်ဆင်းလိုက်၏။ ထို့နောက် ​လဲကျသွားသော မင်းထွန်း အနားကို ပြေးသွားကာ

 

“ညီလေး ဘာဖြစ်သွားသေးလဲ”

 

အနားရောက်လာကာ မေးလာသည့် လူကြီးကြောင့် မင်းထွန်း မျက်နှာလေးမဲ့ကာဖြင့်

 

“ကျွန်တော် လက် အရမ်းနာတယ်”

 

“အစ်ကို ဆေးခန်းလိုက်ပို့မယ်နော်”

 

စကားအဆုံးတွင် မင်းထွန်းကို ပွေ့ချီပြီး ဆိုင်ကယ်သမားသည် ဆေးခန်းခေါ်ခဲ့လေသည်။ ဆေးခန်းရောက်သည့်နှင့် ဆေးစည်းပေးကာ အိမ်အရောက်ပြန်ပို့ပေး၏။

 

“ဘာဖြစ်လာတာလဲ”

 

ပတ်တီးလက်မှာစည်းလျှက် အိမ်ထဲဝင်လာသော မင်းထွန်းကို ဦးဝေဇင်မေးလိုက်ခြင်း ဖြစ်သည်။

 

“ကျွန်တော် ဆိုင်ကယ်နဲ့ တိုက်မိတာပါ၊ ကျွန်တော် နာမည် ဇော်ဇော်ပါ ဦးလေး”

 

“သြော် အေးအေး၊ ထိုင်ဦးလေ”

 

“ဟုတ်ကဲ့”

 

ဇော်ဇော် ကြမ်းပြင်ပေါ်ထိုင်ချလိုက်သည့်နှင့် ဦးဝေဇင်တစ်ယောက် မင်းထွန်းကို စိတ်အလိုမကျစွာ ကြည့်ပြီး

 

“ဒီနေ့အတွက် ပိုက်ဆံဘယ်မှာလဲ”

 

ဦးဝေဇင်၏ အလိုမကျမေးမှုကြောင့် မင်းထွန်း လက်တစ်ဖက်ဖြင့် လွယ်အိတ်ထဲရှိ ငွေစက္ကူအချို့ကို ထုတ်ယူပေးလာ၏။

 

“ဒီနေ့ ပလုံရောင်းလို့ ရတဲ့ငွေ အဖေ”

 

“အင်း”

 

မှေးစင်းနေသော မျက်ဝန်းတွေဖြင့် ငွေစက္ကူတွေကို ကြည့်ပြီး

 

“ညစာ ဟင်းကောင်းကောင်းချက်ထား”

 

ညှာတာမှုကင်းမဲ့စွာ ဟင်း ထမင်းချက်ဖို့ ပြောကာထွက်သွားသော ဦးဝေဇင်ကြောင့် ဇော်ဇော်သည် မင်းထွန်းကို နားမလည်သလို ကြည့်လိုက်မိ၏။

 

တစ်ခါတည်း တွေးလိုက်မိသည့်က ဖခင်အရင်းမှ ဟုတ်ရဲ့လားဆိုသော အတွေးပင်ဖြစ်သည်။

 

ဇော်ဇော်တစ်ယောက် ကိုယ့်အတွေးနှင့် ကိုယ့်ရှိနေစဥ် ကလေးငယ်လေးက သူ့ကို နွမ်းဖျော့စွာပြုံးပြရင်း

 

“ကိုကြီး ကျွန်တော်ကို လိုက်ပို့ပေးလို့ ကျေးဇူးတင်ပါတယ်”

 

“မလိုပါဘူး ညီလေးရာ”

 

ဇော်ဇော် တစ်ယောက် မင်းထွန်းရဲ့ ဦးခေါင်းလေးကို ခပ်ဖွဖွပွတ်သပ်ပေးရင်း စကားဆိုလိုက်၏။ ထိုနောက် အိတ်ထဲမှ ငွေစက္ကူအချို့ကို ထုတ်ယူကာ

 

“ဒီမှာ ညီလေး ဆေးကုဖို့ အတွက်၊ အစ်ကို ပေးခဲ့မယ်နော်”

 

“ဟာ မလိုပါဘူး အစ်ကိုရာ”

 

တစ်သောင်းတန် ငွေစက္ကူ ၃ ရွက်ကို မင်းထွန်း လက်ထဲထည့်လာပေးသော ဇော်ဇော်ကြောင့် မင်းထွန်းအငြင်းစကားဆိုမိခြင်း ဖြစ်သည်။ ဇော်ဇော်တစ်ယောက် ဖြူစင်လွန်းသည့် ကလေးငယ်ကို ကြည့်ကာ ပြုံးလိုက်မိပြီး

 

“အစ်ကိုက စေတနာသန့်သန့်နဲ့ ပေးတာဖြစ်လို့ ညီလေး လက်ခံပေးပါ”

 

“ကျေး ကျေးဇူးတင်ပါတယ် အစ်ကိုရယ်”

 

မင်းထွန်းတစ်ယောက် လက်ထဲရောက်လာသည့် ငွေစက္ကူလေးတွေကို ကြည့်ပြီး မျက်ရည်ကျရပြန်ပါသည်။ ထိုမျက်ရည်က ဝမ်းသာ၍ ကျသည့် မျက်ရည်လား။ ဝမ်းနည်း၍ ကျသည့်မျက်ရည်လား။ မသဲကွဲခဲ့ပေ။

 

ထိုငွေ သုံးသောင်းကို ကြည့်ပြီး သူဆေးကုဖို့ထက် အဖေအတွက် အသုံးစရိတ်ရပြီဟူသော အတွေးဖြင့် ဝမ်းသာ၍ ကျလာသော မျက်ရည်တစ်ချို့ကို မသုတ်ဖယ်လေဘဲ ဇော်ဇော်ကို ကန်တော့ရှာလေ၏။

 

ဇော်ဇော်လည်း အရွယ်နှင့် မမျှလေအောင် သောကများရရှာသော ကလေးငယ်ကို ကြည့်ပြီး စိတ်မကောင်းဖြစ်မိရှာ၏။

 

(၄)

 

မင်းထွန်းအတွက် ဆေးကုရန် ဇော်ဇော်ပေးခဲ့လေသော ငွေစက္ကူတစ်ချို့ကို ဦးဝေဇင်တစ်ယောက်ယူကာ သုံးဖြုန်းပစ်လိုက်လေ၏။ ဦးဝေဇင် တစ်ယောက် ထိုငွေတွေနှင့်ပင် အရက်သောက်ဖဲရိုက်ခြင်း အမှုကို ခုံမင်စွာ လုပ်ခဲ့၏။

 

ညညတွေဆို ညည့်နက်မှ ပြန်လာတတ်သည့် ဦးဝေဇင်သည် အစားအသောက်ပင် မမှန်တော့ပေ။ ညဘက်အိမ်ပြန်လာမည့် ဖခင်ကြီးကို မင်းထွန်းတစ်ယောက် ထမင်းဝိုင်းပြင်ပြီး စောင့်ခဲ့ရသည့် ညတွေပိုများလာခဲ့၏။ သို့သော် ထိုထမင်းဝိုင်းလေးသာ အေးစက်သွားသည်။ သားဖနှစ်ဦးထမင်းလက်ဆုံမစားဖြစ်ခဲ့သည့် ညတွေများလာ၏။

 

ဦးဝေဇင်မှာ အိမ်ပြန်ရောက်သည့်နှင့် အဆင့်သင့်ပြင်ထားသည့် အိပ်ရာမှာ ဝင်အိပ်တတ်သည့်က ညစဥ်ဖြစ်လာခဲ့၏။ မင်းထွန်းသည်လည်း ထမင်းစားခုံပေါ် ခေါင်းမောက်အိပ်ပျော်ခဲ့သည့် ညတွေ များခဲ့ပြီ ဖြစ်သည်။

 

ဖြုတ်ကိုက် ခြင်ကိုက်ခံပြီး ဖခင်ပြန်အလာကို ထမင်းဝိုင်းမှာ ထိုင်စောင့်ခဲ့ရသည့် မင်းထွန်းသည် နေ့လည်ခင်း ပလုံကောက်ရောင်းရသဖြင့် ပင်ပန်းသည့်က တစ်မျိုး။ ညခင်းတွင် ဖခင်ပြန်အလာကို စောင့်ရင်း အိပ်ရေးပျက်ခဲ့ရသည့်က တစ်မျိုး။ ထိုကဲ့သို့ ဖြစ်အင်တွေ များခဲ့လေတော့ မင်းထွန်းတစ်ယောက် ကျန်းမာရေးချူချာလာခဲ့၏။

 

ဂရုစိုက်ယုယမည့် သူမရှိလေတော့ မင်းထွန်း၏ ကျန်းမာရေးကို မည်သူမျှ သတိမထားမိကြပေ။ ဦးဝေဇင် သတိထားမိဖို့က ပို၍ ဝေး၏။ နေ့ရှိသမျှ အရက်နှင့် လောင်းကစားကိုသာ ခုံမင်နေသဖြင့် သူ့မှာ မင်းထွန်းဆိုသည့် သားတစ်ယောက် ရှိနေသေးသည့်ကို မေ့နေပုံရ၏။

 

လောင်းကစား နှင့် အရက်သာ သူ့ဘဝဖြစ်လာသဖြင့် သူ့အတွက် သားကိုပင်ကောင်းကောင်းသတိမရချင်တော့သည့် အထိ ဖြစ်လာခဲ့၏။

 

မင်းထွန်းမှာလည်း မိမိကျန်းမာရေးထက် စားဝတ်နေရေးအတွက်သာ အဓိကထားခဲ့သည့် ကလေးငယ်ဖြစ်နေသဖြင့် ကျန်းမာရေးချူချာနေသော သူ့ခန္ဓာကိုယ်ကြီးကို ဆေးမှီးတိုဖြင့်သာ သက်သာစေခဲ့၏။ ကြာလာလေတော့ ရောဂါကပင် ကျွမ်းလာလေသလား။ လူကပင် စိတ်သွားတိုင်း ကိုယ့်မပါလေသလား။ မင်းထွန်း၏ ကျန်းမာရေး အခြေအနေသည် အဆိုးဝါးဆုံးအခြေအနေ တစ်ခုသို့ ရောက်မှန်းမသိရောက်လာခဲ့၏။

 

ဒီကနေ့လည်း မိုးသားကောင်းကင်ပြင်၏ အခြေအနေကို ကြည့်ပြီး လွယ်အိတ်ကို လွယ်ကာ ဆာလာအိတ်လေးကို ယူပြီး ပလုံကောက်သွားရန် အိမ်မှထွက်ခဲ့၏။

 

အိမ်မှ ထွက်လာပြီး လမ်းတစ်ဝက်အရောက်တွင် ရွှေမိုးကညို့လာပြီး မြေပြင်ကို မိုးရေစက်တို့ အဖြစ် ပြောင်းလဲကာ ဆင်းသက်လာခဲ့၏။

 

မိုးစက်တွေ ကြားမှာ မင်းထွန်းတစ်ယောက် လမ်းလျှောက်နေရင်း လည်ချောင်းတွေ ကျပ်လာရပြီး ချောင်းတွေပင် ဆိုးလာရ၏။

 

“အဟွတ် အဟွတ်

 

တဖွဲ့ဖွဲ့ကျနေလေသော မိုးစက်မိုးပေါက်တွေရဲ့ အောက်မှာ မင်းထွန်းခြေလှမ်းတွေ ယိုင်တိယိုင်တိုင်ဖြင့် လမ်းလျှောက်နေ၏။ မိုးစက်မိုးပေါက်တို့ကြောင့် နဂိုနေမကောင်းနေသည့် အရှိန်နှင့် အတူ မင်းထွန်း၏ ခြေထောက်တို့သည် ရပ်နိုင်စွမ်း ကင်းမဲ့နေရ၏။

 

မခိုင်ချင်သော ခြေလှမ်းတွေကြောင့် ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ ပြိုလဲကျသွားရ၏။ ထိုနောက် သူ၏ အမြင်အာရုံတို့သည် အမှောင်အတိဖုံးလွှမ်းသွားရလေသည်။

 

(၅)

 

“ဦးဝေဇင်၊ ဦးဝေဇင် ရှိလား”

 

“ရှိတယ် ၊ ဘာဖြစ်နေတာလဲ၊ အသံဗြဲနဲ့ အော်မနေနဲ့”

 

ဖဲရှုံးနေ၍ စိတ်ညစ်နေရသည့်ကြားထဲ သူ နာမည်ကို အပြင်ကအော်ခေါ်နေသဖြင့် ဦးဝေဇင်တစ်ယောက် ဖဲချပ်တွေကို ဝိုင်းထဲပစ်ချကာ ထထွက်လာခဲ့၏။ သူ အပြင်ရောက်လာလေမှ အိမ်ရှေ့မှာတွေ့လိုက်ရသော လူကြောင့် ဦးဝေဇင် မျက်မှောင်ကြုတ်သွားရ၏။ ထိုလူက အခြားလူမဟုတ်ပေ။ သူ့ ဘေးအိမ်တွင်ရှိနေသော ဦးဖိုးနီဖြစ်နေလေသည်။

 

“ဖိုးနီ ဘာကိစ္စလဲ”

 

ဦးဝေဇင် တစ်ယောက် စိတ်အလိုမကျစွာ ပုဆိုးကို တိုတိုဝတ်ပြီး ဦးဖိုးနီအနီးကို လျှောက်လာကာ မေးလိုက်၏။

 

ဦးဖိုးနီ မျက်နှာမကောင်းစွာဖြင့်

 

“ခင်ဗျား သားမင်းထွန်း အခုဆေးရုံမှာ”

 

“ဘာဖြစ်တာလဲ”

 

ဦးဝေဇင်တစ်ယောက် ဦးဖိုးနီထံမှ ကြားလိုက်ရသော စကားလုံးတို့ကြောင့် မယုံကြည်နိုင် ဖြစ်သွားရ၏။ ကျန်းကျန်းမာမာရှိနေသည့် ကလေးက ဘယ်နှယ် ဆေးရုံရောက်နေရသနည်းဟု တွေးမိပြီး မျက်ခုံးကို မေးလိုက်လေလျှင် ဦးဖိုးနီ မျက်နှာမကောင်းစွာဖြင့်

 

“ကလေးက အပြင်းဖျားနေတာ ကြာပြီတဲ့၊ အခုတော့ အချိန်လွန်မှ သိရတော့ ကလေး အသက်ကို ဆုံးရှုံးရမလိုဘဲ၊ ခင်ဗျားကလည်း အဖေတစ်ယောက်ဖြစ်ပြီး သားသမီး ဘာဖြစ်နေလဲ ဂရုမှမစိုက်တာ၊ အပျော်အပါး လောင်းကစားနဲ့ ခုံမင်နေတာကို”

 

ဦးဖိုးနီ၏ စကားအဆုံးတွင် ဦးဝေဇင် မျက်ဝန်းအိမ်မှာ မျက်ရည်တွေ ဝေ့လာရသလို ရင်အစုံမှာလည်း တုန်ရင်လာခဲ့၏။ ဦးဖိုးနီမှာလည်း ဦးဝေဇင်၏ ပျက်ယွင်းနေသော မျက်နှာကို ကြည့်ကာ

 

“ခင်ဗျား သား အသက်ကို မီချင်တယ်ဆိုရင် ဆေးရုံကို အမြန်လိုက်သွားပါ”

 

“ဘယ် ဘယ်ဆေးရုံမှာလဲ”

 

“မြို့နယ်ဆေးရုံမှာ”

 

ဦးဖိုးနီထံမှ ကြားလိုက်ရသော စကားလုံးတိုင်းက ဦးဝေဇင်၏ ရင်အစုံကို တုန်လှုပ်ပြီးရင်း တုန်လှုပ်သွားစေရ၏။ သား ဟူသော အသိကြောင့် သူ့ခြေလှမ်းတို့သည် လျှင်မြန်စွာ ပြေးထွက်လာခဲ့လိုက်၏။

သူ့ရင်ထဲမှာ တောင်းမိသည့် ဆုတစ်ခုက သားငယ်အသက်အန္တရာယ်ကင်းပါစေ ဟူသော ဆုသာ ဖြစ်လေ၏။

 

(၆)

 

ဦးဝေဇင် ဆေးရုံသို့ ရောက်သည့်အခါ မင်းထွန်းသည် ဆေးရုံကုတင်ပေါ်မှာ ပလက်ကလေး အသက်ကို အလုအယက်ရှုနေရ၏။ သားဖြစ်သူ၏ ဖြစ်အင်ကို ကြည့်ပြီး ဦးဝေဇင်၏ မျက်ဝန်းအိမ်တို့သည် မျက်ရည်တွေ အလိုလိုစီးကျလာရ၏။

 

သူ့ ဒီကလေးကို ပစ်ထားခဲ့မိသည် ဟူသော စိတ်ကလည်း သူ့ရင်ကို ပြင်းထန်စွာ နှိပ်စက်လာခဲ့၏။

 

“သား”

 

ဆို့နစ်ကြေကွဲသံကြီးဖြင့် ဦးဝေဇင် သားဖြစ်သူကို ခေါ်ရင်း သားဖြစ်သူ မင်းထွန်း၏ ကုတင်ဘေးတွင် ဝင်ထိုင်လိုက်၏။

 

“အဖေ”

 

မင်းထွန်း မောဟိုက်နေသည့်ကြားမှ ဖခင်ဖြစ်သူကို ခေါ်မိ၏။

 

“သား ဘာမှမဖြစ်ဘူးနော်”

 

ဦးဝေဇင် တစ်ယောက် သားဖြစ်သူ၏ လက်ကို ဆုတ်ကိုင်ကာ နှစ်သိမ့်ပေးရန် ကြိုးစားခဲ့သော်လည်း မင်းထွန်းသည် သူ့ကို ပြုံးပြုံးလေး ပြန်ကြည့်ရင်း

 

“သား အခြေအနေကို သားသိပါတယ် ဖေဖေ၊ သား သား ကြာကြာမနေရတော့ပါဘူး”

 

“အို မဟုတ်တာ သားရယ်၊ မင်း ဘာတွေ ပြောနေတာလဲ သားရယ်၊ မင်း အနားမှာ အဖေရှိတယ်လေကွာ”

 

မျက်ရည်တွေဖြင့် သူကို စကားဆိုနေသော အဖေရဲ့ မျက်ရည်တွေကို မင်းထွန်းသုတ်ပေးရင်း

 

“မငိုပါနဲ့ အဖေရယ်၊ သားမရှိတော့ရင် ဖေဖေ ကောင်းကောင်းရှင်သန်ရမယ်နော်၊ အရက်တွေလည်း မသောက်ရဘူးနော်၊ လောင်းကစားတွေလည်း မလုပ်ရဘူးနော်”

 

“ဘာလို့သားက မရှိရမှာလဲကွာ၊ အဖေတို့ သားဖအတူနေကြမယ်လေ၊ အဖေ အရက်လည်း မသောက်တော့ဘူး၊ လောင်းကစားတွေလည်း မလုပ်တော့ဘူးကွာ၊ အဖေ နဲ့ သား အလုပ်တွေ အတူလုပ်ပြီး ဘဝကို ပျော်ပျော်ဖြတ်သန်းသွားကြမယ်လေ”

 

ဖခင်၏ စကားကို ကြားရလေ သူပြုံးရလေဖြစ်သည်။ သို့သော် ရင်ဘက်ထဲက ထိုးအောင့်လာမှုကြောင့် အသက်ကို မနည်းလုရှုရင်း

 

“သား သား သွားရတော့မယ် အဖေ”

 

“သား ၊ မင်းထွန်း၊ သား”

 

မင်းထွန်းသည် ဦးဝေဇင်ကို နှုတ်ဆက်ပြီး လောကကြီးကို ကျောခိုင်းထွက်ခွာသွားပြီ ဖြစ်သည်။ ဦးဝေဇင်တစ်ယောက် မင်းထွန်းကို မည်သို့ပင် လှုပ်ခေါ်နေပါစေ မင်းထွန်း မကြားနိုင်တော့ပေ။

 

ဦးဝေဇင်သည့်လည်း အသက်မဲ့သွားလေသော သားဖြစ်သူ၏ ခန္ဓာကိုယ်ကို ပွေ့ဖက်ရင်း မျက်ရည်တွေ အတားအဆီးမဲ့စွာ ကျဆင်းကာ အော်ငိုနေမိ၏။

 

သူအပေါ် ချစ်ကြောက်ရိုသေလေးစားခဲ့သော သားငယ်လေး၏ နောက်ဆုံးနေဝင်ချိန်က သူကို နောင်တတွေ အကြီးအကျယ်ရစေခဲ့၏။

 

သူလို အဖေဆိုသော လူမိုက်ကြီးကြောင့် အရွယ်မတိုင်ခင် သေဆုံးခဲ့ရလေသော သားငယ်၏ အဖြစ်ဆိုးက သူ့ နှလုံးသားကို အရှိန်ပြင်းစွာ ပူလောင်စေခဲ့၏။

 

ဦးဝေဇင် တစ်ယောက် သားငယ်၏ စျာပနအပြီးတွင် လူဘောင်လူလောကကို စွန့်ခွာကာ သာသနာ အရိပ်ကို ခိုလှုံခဲ့၏။ သာသနာဘောင်ဝင်ခဲ့ရသည့် အကြောင်းက သားငယ်ကို ပေးခဲ့ဖူးသော ကတိကို တည်ချင်တာရယ်။ သူရဲ့ သားလိမ္မာလေး ဘဝကူး ကောင်းစေရန်အတွက် ရာသက်ပန် လူလောကကို စွန့်ခွာရင်း သာသနာဘောင်မှာ ရဟန်းတစ်ပါးအဖြစ် ရာသက်ပန်တရားအားထုတ်နေသွားရန် နောက်ဆုံး ဦးဝေဇင် ရွေးချယ်ခဲ့သည့် ဘဝက လူအမည် ဦးဝေဇင်မှသည် ဦးပဥ္ဇင်းဇောတိက ဘဝသို့~~~~။

 

မေခြူးသွယ်(တွံတေးမြေ)