တစ္ဆေလာမှ ပေးလိုက်ပါ

တစ္ဆေလာမှ ပေးလိုက်ပါ

မူရင်း..ဆရာတာတေ

မနေ့ကကျန်တဲ့ ဝက်သားဟင်းနဲ့ ကျုပ်ထမင်းကြမ်းစားပြီးလို့ နောက်ဘက်မှာ ပန်းကန်ဝင်ဆေးနေတာဗျ။

““ကိုတာတေ၊ ဗျို့ ကိုတာတေ”
ဝိုင်းဝက လှမ်းခေါ်နေတဲ့ အသံကို ကြားလိုက်လို့ လက်သုတ်ရင်း တန်းလန်း အိမ်ရှေ့ကို ပြေးထွက်ပြီး ကြည့်လိုက်တယ်။ ဒီအသံကို ကျုပ် မသိဘူးဗျ။

“လာခဲ့လေကွာ၊ ဘယ်သူတုံး “ကျုပ်ပါဗျ၊ စိန်ထွန်းကြည်ပါ”

စိန်ထွန်းကြည်ဆိုတာ ဘယ်သူတုံး ကျုပ်စဉ်းစားတယ်။ ဪ ရွာရှေ့ပိုင်းက ကျုပ်သူငယ်ချင်း စိန်တိုးရဲ့ညီပဲဗျ။ ကျုပ်နဲ့ စိန်တိုးနဲ့က သူငယ်ချင်းဆိုပေမယ့် စိန်တိုးက မန္တလေးက သူ့ဘကြီး ဘုန်းကြီးနဲ့သွားနေတာ ကြာလှပြီဗျ။ သူ့ညီ စိန်ထွန်းကြည်နဲ့က သိရုံပဲ ရှိတာပါ။ ကျုပ်ဆီကို လာလေ့လာထလည်း မရှိပါဘူး။ ကိစ္စတစ်ခုခု ရှိလို့သာ လာတာဖြစ်မယ်။

“လာကွ စိန်ထွန်းကြည်”
ကျုပ်က ခေါ်လိုက်တော့ စိန်ထွန်းကြည်က တန်းလျားလေးမှာ ခပ်ယို့ယို့လေး ဝင်ထိုင်တယ်ဗျ။ ဒီကောင်က ကျောက်ခဲတို့ထက်တော့ ကြီးတာပေါ့ဗျာ။ ကျုပ်နဲ့ကွာရင် သုံးနှစ်လောက်ပဲ ကွာမှာပါ”

ကျုပ်က ရေနွေးကြမ်း ငှဲ့ပေးလိုက်တယ်။
“အကြမ်းသောက်ကွ စိန်ထွန်းကြည်ရ၊ မင်းအစ်ကို စိန်တိုးရောမန္တလေးမှာပဲလား”

“ဟုတ်တယ် ကိုတာတေရဲ့၊ မန္တလေးမှာ ကျောက်သွေးတဲ့အလုပ်လုပ်နေတယ်”

“ဪ ကောင်းတာပေါ့ကွ”
“စိန်ထွန်းကြည်က ရေနွေးကြမ်းကို မှုတ်သောက်ရင်း ကျုပ်ကိုပြောတယ်။
“ကျုပ် ကိစ္စလေးတစ်ခုရှိလို့ လာတာဗျ” “ဟေ ဟုတ်လား၊ ပြောလေ စိန်ထွန်းကြည်ရာ” “ဒီလိုဗျ၊ ကျုပ် ညက နှမ်းထောင်စောင့်ရတယ်” “ဟ မင်းတို့နှမ်းတွေက ပုတ်ဖို့ကျန်နေသေးတာပဲ” “ဟုတ်တယ်ဗျ၊ ယာကများပြီး လူမနိုင်တော့ နှမ်းပုတ်ဖို့ နည်း နည်းကျန်နေတာ၊ ဒီတစ်ရက် နှစ်ရက်ဆိုရင် ပြီးပါပြီ”

“ဪ အေး အေး
“အဲဒါ ညက ကျုပ် နှမ်းထောင်စောင့်တဲ့ ထန်းရွက်တဲလေးနားမှာ လူတွေတွေ့လိုက်လို့ ကိုတာတေကို လာပြောတာဗျ”
“ဟေ လူတွေ ဟုတ်လားကွ စိန်ထွန်းကြည်”
“ဟုတ်တယ်ဗျ၊ ညက လလေးကလည်း သာတယ်လေဗျာ”
“နို့ နေပါဦးကွ၊ နှမ်းထောင်စောင့်တာ မင်းတစ်ယောက်တည်း လား
“မဟုတ်ဘူးဗျ၊ ကျုပ်တို့ဝိုင်းရဲ့ မြောက်ဘက်ပိုင်းက ကျုပ်သူငယ် ချင်း ကြက်ဖဆိုတဲ့ကောင် ပါတယ်”

“ကြက်ဖကတော့ အိပ်လို့ဗျ၊ ကျုပ်ကတော့ ချက်ချင်းအိပ်မပျော် သေးတာနဲ့ တဲထဲမှာထိုင်ပြီး ကြည့်နေတာဗျ။ ကောင်းကင်မှာ လင်းတကြီး လေးကောင် ဝဲနေတာတွေ့ရောဗျို့
“ဟာ မနေ့ကလည်း တို့ရွာရော ဘန့်ဘွေးကုန်းရောမှာ လင်းတ ကြီးလေးကောင် ဝဲတယ်လေကွာ”

“ဟုတ်တယ်လေ၊ ကျုပ်လည်း တွေ့တယ် ကိုတာတေရဲ့၊ ကျုပ် စိတ်ထင်တော့ အဲဒီလင်းတကြီးလေးကောင်ပဲ ထင်တယ်ဗျ။ ကျုပ်ကလည်း နှမ်းထောင်စောင့်တဲထဲမှာ မီးထွန်းမထားတော့ မှောင်နေတာပေါ့ဗျာ။

ကျုပ် လည်း လင်းတကြီးတွေကို သေသေချာချာ ကြည့်ချင်လို့ တဲနဲ့ မလှမ်းမကမ်း က ဘန့်ဘွေးပင်ကြီးနောက်မှာ ပုန်းပြီးကြည့်နေမိတာဗျို့”
“အေး မင်း ဘာတွေမြင်တုံး”
“အဲဒါကို ပြောချင်လို့ကို သက်သက်လာတာပဲ ကိုတာတေရဲ့”
အေး အေး

“လူနှစ်ယောက် တောင်ဘက်ကနေ လျှောက်လာတယ်ဗျ၊ တစ်ယောက်က သျှောင်ထုံးနဲ့ဗျ၊ တစ်ယောက်ကတော့ သျှောင်ထုံးမပါဘူး ဗျ။ ကျုပ်လည်း ဘန့်ဘွေးပင်ကြီးနောက်မှာ ကပ်ပြီးနေရတာပေါ့ဗျာ။ အဲဒီလူနှစ်ယောက်က ကျုပ်တို့နှမ်းထောင်တွေနားမှာ လာပြီးရပ်တယ်ဗျ။ အဲဒီနားက ကျုပ်တို့ နှမ်းပုတ်ဖို့လုပ်ထားတဲ့ နေရာဆိုတော့ ရှင်းပြောင်နေလို့ ဖြစ်မှာပေါ့လေ။ ပြီးတော့ ကောင်းကင်ပေါ်မှာ ဝဲနေတဲ့ လင်းတကြီးတွေကို မော့ကြည့်တယ်ဗျ၊ ခဏနေတော့ ဝဲနေတဲ့ လင်းတကြီးတွေက ထိုးဆင်းလာရောဗျို့၊ အဲဒီလူနှစ်ယောက်ရဲ့ ရှေ့နားကို ထိုးဆင်းလိုက်တာ ကိုတာတေရေ၊ လင်းတတွေ မဟုတ်တော့ဘူးဗျ၊ ဆံပင်ဖားလျားကြီးတွေနဲ့ မိန်းမလေး ယောက်ဗျ”

“ဟေ ဟုတ်လားကွ
“ဟုတ်ပါ့ဗျာ၊ ကျုပ်ဆိုတာ ကြောက်ပြီးတုန်တောင်နေတယ်ဗျာ၊ ဒီတော့မှ ဒါကြီးတွေဟာ စုန်းမကြီးတွေဆိုတာ ကျုပ်တွေးမိတော့တာဗျ။ ဟိုလူနှစ်ယောက်ကတော့ ဘာတွေမှန်း ကျုပ်မသိဘူးဗျ၊ သူတို့လည်း စုန်းထီးကြီးတွေ ဖြစ်မှာပေါ့ဗျာ၊ သူတို့ပြောနေတာကို ကျုပ်အတိုင်းသား ကြားနေရတာဗျ။

သျှောင်ထုံးနဲ့လူက မေးတယ်
“ဘာထူးခြားတာတွေ့တုံး မယ်ရင်
“ထူးခြားတာတော့ မတွေ့ပါဘူး၊ ဆရာခိုင်းထားတဲ့အတိုင်း ကျုပ် တို့စက်တွေတော့ ဖြန့်ထားလိုက်တယ်’
“အေး ကောင်းတယ်၊ ထူးခြားတာတွေ့ရင်လည်း ငါ့ကို ချက်ချင်း လာပြောကြ၊ ငါ မီးလောင်ကုန်း သင်္ချိုင်းဇရပ်မှာ ရှိမယ်”
“နို့ ဒါနဲ့ ဘိုးတော်ကြီးက ဘယ်တော့လာမှာတုံး
“ဟဲ့ မယ်ရင်၊ အဲဒါ နင့်အလုပ်မဟုတ်ဘူး၊ သူလာချင်တဲ့အချိန် လာမှာ၊ လာတော့လည်း အခု ငါတို့လာသလို မြေကြီးပေါ်မှာလမ်းလျှောက်ပြီး လာမှာ မဟုတ်ဘူးဟဲ့၊ လေထဲကနေ ဘွားကနဲ ပေါ်လာမှာ။

နင်တို့ လုပ်စရာ ရှိတာ သာ လုပ်ကြ၊ ဒီကိစ္စပြီးတာနဲ့ ငါထုံကူးတော့မှာ။ ငါထုံအောင် သွားတာနဲ့ နင်တို့လေးယောက်စလုံးကို ပညာတွေ ထပ်ပြီးမြှင့်ပေးမယ်။ အခု ဘိုးတော်ကြီး ကြွလာမှာလည်း ငါ့ကိစ္စနဲ့လာမှာ၊ သရဲမ မဖဲဝါ ထုံကူးခဲ့တဲ့ ခေါင်းကိုယူပြီး သိမ်းတော့မှာ၊ ပြီးရင် အဲဒီခေါင်းထဲဝင်ပြီး ငါက ထုံကူးရမှာ။ အဲဒီကိစ္စလုပ်ဖို့ ဘိုးတော်ကြီး ကြွလာမှာဟဲ့”
“ဒါနဲ့ နေပါဦး ဆရာရဲ့၊ ဘိုးတော်ကြီးက သက်တော်ရာချီနေပြီ ဆိုတာဟုတ်လား”
“ဟုတ်တယ် မဟုတ်ဘူးဆိုတာတော့ နင့်ဘာသာ စဉ်းစားပေ တော့ မယ်ရင်ရေ၊ ဘိုးတော်ကြီးက အင်းဝခေတ် တောင်ငူခေတ်ကတည်း က ရှိနေခဲ့တာဟဲ့”

“ဟာ ဒါဆိုရင် နည်းတဲ့အသက်မှ မဟုတ်တာ ဆရာရယ်၊ ကျုပ်တို့ကို ပညာတွေပေးဖို့ လျှောက်ပေးပါလား ဆရာရယ်”

*စိတ်ချ မယ်ရင်၊ စိတ်ချ၊ ငါ ဘိုးတော်ကြီးကို လျှောက်ပေးမယ်၊ ကဲ နင်တို့ကိစ္စ နင်တို့ ဆက်လုပ်ကြ
လို့ ပြောပြီး ထွက်သွားကြတယ်ဗျ။ စုန်းမကြီးလေးယောက်လည်း ဘယ်လိုလုပ်လိုက်တယ် မသိပါဘူးဗျာ၊ လင်းတကြီးတွေ ပြန်ဖြစ်သွားပြီး အပေါ်ကို ထိုးတက်သွားရောဗျို့။ ကျုပ်ကြည့်နေတာတော့ ဘန့်ဘွေးကုန်း ဘက်ကို ပျံသွားကြတာပဲဗျ”

ကျုပ်ဖြင့် စိန်ထွန်းကြည် ပြောတာတွေကို ကြားရတော့ တော်တော် ကို အံ့သြသွားတာဗျ။
“မင်း ဒီအကြောင်းတွေကို ဘယ်သူ့များ ပြောမိသေးလဲ စိန်ထွန်းကြည်”

“ဟာ မပြောဘူး ကိုတာတေရဲ့၊ ကျုပ် ဒါတွေပြောလို့လည်း ဘယ်သူက ယုံမှာတုံးဗျာ၊ ကျုပ်ကို ရူးနေတယ်ပဲ ထင်မှာပေါ့။ ဒါမျိုးတွေ ကို နားလည်တာက ကိုတာတေ တစ်ယောက်ပဲ ရှိတာဆိုတော့ ကိုတာတေ ကိုပဲ ကျုပ်လာပြောတာဗျ”

“အေး ကောင်းတယ် စိန်ထွန်းကြည်၊ မင်းပြာတဲ့အတိုင်းဆိုရင် ဒီကိစ္စက ရွာနဲ့မဆိုင်ဘူးကွ၊ သိပ်မစိုးရိမ်နဲ့၊ ဒါဟာ မဖဲဝါနဲ့ပဲ ဆိုင်တာပါ၊ အေး ဒါဆိုရင် မဖဲဝါကို ငါအကြောင်းကြားရတော့မှာပေါ့ကွာ”
ခဏနေတော့ စိန်ထွန်းကြည် ပြန်သွားတယ်။ ဒီည မဖဲဝါနဲ့အိပ်မက်ထဲမှာတွေ့ဖို့ ကျုပ်ဆုံးဖြတ်လိုက်တယ်။
ညရောက်တော့ ကျုပ်က ကတ္တီပါအိတ်ထဲက မဖဲဝါရဲ့ ကိုယ်တူ ကိုယ်ခွဲရုပ်ကလေးကို ထုတ်ယူပြီး မဖဲဝါကို အကြောင်းကြားလိုက်တယ်။

သင်္ချိုင်းရှင်မ မဖဲဝါဗျာ ကိစ္စရှိနေပါတယ်၊ ဒီည ကျုပ်ကို အိပ်မက် ပေးပါဗျာ”
ကျုပ်က မဖဲဝါရဲ့ အရုပ်ကလေးကို ခေါင်းအုံးအောက် မှာထားပြီး အိပ်လိုက်တယ်။ အရုပ်ကလေးက ဆတ်ကနဲ ဆတ်ကနဲ လှုပ်သွားတယ်ဗျ။

ကျုပ်အိပ်ပျော်သွားတော့ အိပ်မက် မက်တယ်။ ခါတိုင်း အိပ်မက် တွေလိုပဲပေါ့ဗျာ။ လေတွေ တဟူးဟူးတိုက်တဲ့အသံတွေ … ကျုပ်နားထဲမှာ ကြားနေရတယ်။ အဝါပွင့်တွေ တစ်ပင်လုံး ပွင့်နေတဲ့ ဆယ့်နှစ်ရာသီပင်ကြီး နားမှာ ကျုပ်က ရပ်နေတယ်။ လေတွေ တအားတိုက်လို့ သစ်ပင်တွေ ယိမ်းထိုးနေပေမယ့် ဆယ့်နှစ်ရာသီပင်ကြီးကတော့ ငြိမ်လို့ဗျ။ ခဏနေတော့ ဆယ့်နှစ်ရာသီပင်နောက်က မဖဲဝါထွက်လာတယ်။ မဖဲဝါက ကျပ်နဲ့ရွယ်တူ ကောင်မလေးလို ဖန်ဆင်းထားတာပေါ့ဗျာ။ နဂိုပုံစံဆိုရင် ကျုပ်လန့်သွားမှာ စိုးလို့ဖြစ်မှာပေါ့။

ဆံပင်ကတော့ ဖားလျားချလို့ဗျ။ ထဘီအဝါရင့်နဲ့ အင်္ကျီက အဝါ ဖျော့လေး ဝတ်လို့ဗျ။ နားရွက်ကြားမှာ ဆယ့်နှစ်ရာသီပန်းအဝါလေးတစ်ပွင့် ပန်ထားတယ်။

မဖဲဝါက ကျုပ်ကို သေသေချာချာကြည့်ပြီး မေးတယ်။ “တာတေ နင့်အိပ်မက် ဆုံးသွားပြီမို့လား”
“ဟုတ်တယ် မဖဲဝါ၊ အဲဒီအိပ်မက်က အမှန်ပဲလားဗျ” “ဟုတ်တယ် တာတေ၊ တောင်ငူက နင့်ချစ်သူ ရှင်မင်းငယ်ဆို တာ ဒီဘဝမှာလည်း နင့်ချစ်သူ လှယဉ်ပဲလေ”
ဗျာ လှယဉ်က ရှင်မင်းငယ် ဟုတ်လား မဖဲဝါ”
“ဟုတ်တယ် တာတေ၊ ငါတို့ဆရာကြီး ဘိုးဒိဗ္ဗက အခု နင့်ဆရာကြီး ဘိုးလူပေလေဟာ”

“ဗျာ၊ ဘိုးလူပေက ဘိုးဒိဗ္ဗ ဟုတ်လား မဖဲဝါ“ “ဟုတ်တယ် တာတေ၊ လူတွေဟာ သံသရာမှာ ဘဝအမျိုးမျိုးနဲ့ မျောပါနေကြတာပါ၊ ငါကတော့ အင်းသူကြီးနှမ ဖြစ်ခဲ့တော့ အကုသိုလ် အလုပ်တွေ အများကြီးလုပ်ခဲ့လို့ ဒီလိုဘဝကို ရောက်ခဲ့ရတာပေါ့ တာတေ ရယ်”

“ဒါနဲ့ မဖဲဝါ ကျုပ်ကို အင်းဝအိပ်မက်တွေ မက်အောင်လုပ်ပေး တာ မဖဲဝါလား

”ဒါမျိုးကို ငါဘယ်လုပ်နိုင်မှာလဲ တာတေ၊ ပထမံပုဂ္ဂိုလ်ကြီးတွေ မှ လုပ်နိုင်တာ၊ ငါက နင် အိပ်မက် မက်တာကိုပဲ သိတာပါ၊ ဒါနဲ့ နင် ငါ့ကို ဘာပြောစရာရှိလို့တုံး”

“ဪ မဖဲဝါရေ၊ ကျုပ်တို့ရွာတွေဘက်မှာ စုန်းမကြီးလေးယောက်က လင်းတပုံစံနဲ့ ဝဲနေကြတယ်။ ကဝေနှစ်ယောက်လည်း ရောက်နေတယ်ဗျ၊ ပြီးတော့ ဒီလူတွေ ပြောတာကို ကြားခဲ့တဲ့ ကောင်လေးတစ်ယောက် ကျုပ်ကို ပြန်ပြောတာ ကတော့ အဲဒီလူတွေက မဖဲဝါရဲ့ ခေါင်းဘလားကို သိမ်းပိုက်ဖို့လို့ ပြောတယ်ဗျ။

သူတို့ရဲ့ ဆရာကြီးကို စောင့်နေကြတာတဲ့။ သူတို့ဆရာကြီးဆိုတာ အသက်က လည်း တော်တော် ရှည်တယ်ဆိုပဲဗျ”
`တာတေ အထက်ပုဂ္ဂိုလ်ကြီးတွေက နင့်ကို အိပ်မက်ပေးတာ အဲဒီ ကိစ္စကြောင့်ပေးတာ၊ တောင်ငူမှာ ဘိုးဒိဗ္ဗရယ်၊ နင်ရယ်၊ ငါရယ်ကို သတ်ခဲ့တဲ့ တောင်ငူက ကဝေအချုပ် ဆရာအုပ် ဆိုတဲ့ ကဂေဥက္ကာက မသေသေးဘူး၊ ထုံတွေ အဆင့်ဆင့်ကူးပြီးနေနေတာ၊ ဒီနေ့အထိပဲ တာတေ။ ဥက္ကာ ဒီကို လာလိမ့်မယ်၊ ငါ့ရဲ့ တလားကြီးကို ယူဖို့လာမှာ။ ဒီအကောင် ဘယ်နိုင်ငံမှာ သွားပြီးခိုနေလဲ မသိဘူး၊ အထက်ပုဂ္ဂိုလ်တွေ သူ့ကို ရှာနေတာ ကြာပြီဟဲ့၊ မတွေ့ကြဘူး။ အခုမှ ဒီကောင် ပေါ်လာတာ၊ ဒီကောင် ကြီးကို အသက်ရှင်ရက်မထားချင်ကြတော့ဘူး၊ ဒါကြောင့် နင့်ရဲ့အတိတ် ဘဝကို သိအောင် ပထမံပုဂ္ဂိုလ်ကြီးတွေက နင့်ကို အိပ်မက်ပေးတာ၊ ဘိုးလူပေလည်း သိနေပြီ။ မကြာခင် နင့်ဆရာကြီး ဘိုးလူပေ နင့်ဆီကို ရောက်လာတော့မယ်။

ဒီကဝေကြီးကို နှိမ်နင်းဖို့က ဘိုးလူပေရယ်၊ နင်ရယ်၊ ငါရယ် သုံးယောက်ပေါင်းမှ နှိမ်နင်းလို့ရမှာလေ၊ ဘာဖြစ်လို့တုံးဆိုတော့ ငါတို့သုံးယောက်ကို တစ်ခါတည်း ခဲ့တာမို့လို့ပေါ့ တာတေ။ ဒီဝဋ် ကြွေးကို သူဆပ်ရမယ့်အချိန် ရောက်ပြီလေ”

“တောက်”
ကျုပ်က ဒေါသစိတ်တွေ ဖြစ်လာပြီး ‘တောက်’ တစ်ချက် ခေါက် လိုက်မိတယ်။

“ငါလည်း နင့်လိုပဲပေါ့ တာတေရယ်၊ ဒီလိုနေ့ရက်မျိုးကို ငါစောင့် နေတာ ကြာပါပြီ။ ဒါပေမဲ့ ဒီအတိုင်းနဲ့ ဒီကဝေကို ငါတို့မနိုင်သေးဘူးတာတေ၊ နင် ပစ္စည်းနှစ်ခု သွားယူရဦးမယ်”
“ဘာပစ္စည်းတွေတုံး မဖဲဝါ”
“အင်းတစ်ချပ်နဲ့ တောင်ဝှေးတစ်ချောင်း”
““ဘယ်မှာသွားယူရမှာတုံးဗျ”
“ရွာတော်ကြီး ဆရာတော် ဦးစန္ဒိမာဆီမှာ”
“ဟာ အဲဒီဆရာတော်က ကျုပ်ကို သိတာမှ မဟုတ်တာ ပေးပါ့မလား။

“ပေးပါတယ် တာတေ၊ အင်းဝက တစ္ဆေပါလို့ နင်က လျှောက် လိုက်ရင် နင့်ကို ဆရာတော်က ပေးလိုက်မှာပါ”
“ကောင်းပြီလေ၊ ဒါဆိုရင် မနက်ဖြန်ပဲ ကျုပ်သွားယူမယ်” မြန်မြန်ယူထားတာကောင်းတယ်၊ အဲဒီပစ္စည်းတွေရှိမှဒီအကောင်ကို တို့နိုင်မှာ၊ မဟုတ်ရင် ဒီဘဝမှာလည်း ဘိုးလူပေ တစ်ခါ ထပ်ရှုံးဦးမှာဟဲ့ “”ဗျာ၊ ဘိုးဒိဗ္ဗဘဝမှာတုန်းက တစ်ခါရှုံးခဲ့ပြီးပြီ၊ ဘိုးလူပေဘဝမှာ တော့ ကျုပ်ဆရာ ထပ်ပြီးမရှုံးစေရတော့ဘူး မဖဲဝါ”

“ငါလည်း နင့်လိုပဲ တွေးတာပါ ပဲ တာတေ၊ ငါတို့ဆရာ ဒီတစ်ခါ တော့ နိုင်ကို နိုင်စေရမယ်”
ကျုပ်အိပ်ရာက လန့်နိုးသွားတယ်။ ပြန်အိပ်လို့လည်း မပျော်တော့ ဘူးဗျ။ ဒါနဲ့ပဲ အိပ်ရာကထပြီး နဂါးဆေးပေါ့လိပ်ကလေးကို မီးညှိပြီး သောက်လိုက်တယ်။

အထက်ပုဂ္ဂိုလ်ကြီးတွေ ကျုပ်ကို အိပ်မက်ပေးတဲ့ကိစ္စ၊ လှယဉ်က ရှင်မင်းငယ် ဖြစ်ခဲ့တဲ့အကြောင်း၊ သံသရာမှာ ရှင်မင်းငယ်နဲ့ ကျုပ်နဲ့ နှစ်ခါတောင် ဆုံဆည်းပြီး ချစ်သူတွေ ဖြစ်ခဲ့ကြပေမယ့် နှစ်ခါလုံး မပေါင်းဖက်ရတဲ့အဖြစ်ကို ကျုပ်တွေးနေမိတယ်။ ကျုပ်ရှေ့မှာတင် ကျုပ်ဆရာကြီး ဘိုးဒိဗ္ဗကို သတ်ခဲ့တဲ့ ကဝေကြီးဥက္ကာ၊ မဖဲဝါနဲ့ ကျုပ်နဲ့ကို ရက်ရက်စက်စက်သတ်ခဲ့တဲ့ ကဝေကောင်ကြီး အကြောင်းကိုလည်း ကျုပ် တွေးတယ်။

မဖဲဝါကတော့ သူ့ကို သွေးစိမ်းရှင်ရှင်အန်ပြီး သေအောင်သတ်ခဲ့တဲ့ ကဝေဥက္ကာဆီက သွေးကြွေးပြန်တောင်းမှာ အသေအချာပဲဗျ။

အချိန်အကြာကြီး တွေးနေပြီးတော့မှ မျက်လုံးတွေစင်းလာလို့ ကျုပ် အိပ်ရာထဲကို ပြန်ဝင်ခဲ့တယ်။ မနက်မိုးလင်းတော့ အမေလာနှိုးမှပဲ ကျုပ်နိုးတော့တာဗျ။

“တာတေ ထလေ၊ အမေ ထမင်းကြော်ထားတယ်၊ မနေ့က ကျန်တဲ့ ကြက်သားဟင်းနဲ့ စားလိုက်”
ကျုပ်လည်း အိပ်ရာထပြီး မျက်နှာသစ်လိုက်တယ်။

မျက်နှာသစ်ပြီးတာနဲ့ ကျုပ်က ထမင်းကြော်စားရင်း အမေနဲ့ အဘကို ခွင့်တောင်းတယ်။ ရွာတော်ကြီး သွားချင်လို့ လှည်းယူသွားမယ့် အကြောင်းပြောတော့ အဘနဲ့ အမေက ဝမ်းသာအားရနဲ့ ရွာတော်ကြီးကသူတို့သူငယ်ချင်း ဦးဘညွန့်တို့ ဒေါ်လုံးကြည်တို့အိမ်မှာ တည်းဖို့နဲ့ မတွေ့ တာကြာနေတဲ့ သူတို့ငယ်သူငယ်ချင်းတွေအတွက် လက်ဆောင်တွေလည်း ပေးဖို့လုပ်ကြတယ်ဗျ။

ဟိုနေ့ကမှ လေးလေးဆိတ်ဖွားဆီက ဝယ်ထားတဲ့ ငါးရံ့ခြောက် အပြားကြီးတွေ သုံးပြား၊ ကျောက်ပန်းတောင်းလူကြုံနဲ့ မှာထားတဲ့ ထန်းဖိုဦး ထန်းလျက်၊ ပုန်းရည်ကြီး၊ အရီးညှက်ယက်ကန်းက လက်ယက်ထည် အညာ တဘက်တစ်ထည်၊ ဒေါ်လုံးကြည်အတွက် သူမဝတ်ရသေးတဲ့ ထဘီတစ်ထည်နဲ့ အထက်ဆင်တဲ့ဗျ။

အဘနဲ့ အမေ လက်ဆောင်တွေ ထုပ်ပိုးနေတုန်း ကျုပ်က ကျောက်ခဲနဲ့ သံမဏိကို သွားခေါ်တယ်။ ဒီကောင်နှစ်ကောင်ကလည်း ကျုပ်စကားတောင် မဆုံးသေးဘူး လိုက်မယ်၊ လိုက်မယ်” နဲ့ အော်နေတဲ့ ကောင်တွေဗျ။ ကျုပ်လည်း သူတို့မိဘတွေကို ပြောပြီး ခေါ်ခဲ့ရတာပေါ့ဗျာ။ အိမ်ရောက် တာနဲ့ ကျောက်ခဲက လှည်းကောက်တော့တာဗျို့။

ရွာတော်ကြီးဆိုတာက ဘန့်ဘွေးကုန်းရောက်ရင် အရှေ့မြောက် ဘက်တန်းတန်း သွားရတာဗျ။ ငွေတွင်းကုန်းကနေ မြို့ကိုသွားတဲ့လှည်းလမ်းကို ကျော်ပြီးသွားရင် ထိန်ကုန်းကို ရောက်တယ်ဗျ။ ထိန်ကုန်းကနေ တော်တော်လေး သွားရသေးတယ်။

ဒီတော့မှ ရွာတော်ကြီးကို ရောက်တာဗျ။ ရွာတော်ကြီးကျော်ရင်တော့ ယင်းချောင်းရောက်ရောဗျ။ ယင်းချောင်းကို ကူးသွားရင် ဟိုဘက် ကမ်းမှာက တောင်ချွန်းတို့၊ ထီးဂလိုင်တို့ကို ရောက်တာပေါ့ဗျာ။

ကျုပ်တို့သွားမှာက ရွာတော်ကြီးအထိပဲလေဗျာ။ အဘနဲ့ အမေ ပေးတဲ့ လက်ဆောင်ထုပ်ကိုယူ၊ ပြီးတော့ သူတို့သူငယ်ချင်းတွေကို ပြောခိုင်းတဲ့စကားတွေ ကိုမှတ်၊ ပြီးတော့မှ လှည်းပေါ်တက်ပြီး မောင်းထွက်လာခဲ့ရတာပေါ့ဗျာ။ ဘန်ဘွေးကုန်းရွာပြင်ကပတ်ပြီး အရှေ့မြောက်ဘက်ကိုသွားတဲ့လှည်းလမ်းကို ချိုးချလိုက်တယ်။ ငွေတွင်းကုန်းလှည်းလမ်းကျော်တာနဲ့ ကျောက်ခဲက စပြီးမောင်းတော့တာဗျ။

“ဟဲ့ ငနီ တည့်ဆွဲလေ၊ ဪ ဘာလို့ ဘေးကပ်တာတုံး၊ တောက် ဒီနွား၊ ဟဲ့ အဖြူကောင် ဘေးမဆင်းနဲ့လေ”
ကျောက်ခဲက လှည်းမောင်း တော်တော်ဟုတ်လာပြီဗျ။ “ငါ့ကောင် ကျောက်ခဲက လှည်းမောင်းတာ တော်တော်ကို တိုး တက်လာပါလားကွ”

““ဟာ ကျုပ်က ကိုကြီးတာတေ မောင်းတာကို အမြဲတမ်းအတုခိုး တာဗျ။ ထနောင်းကုန်းမှာ တာတေလှည်းမောင်းတာ သိပ်စီးလို့ကောင်း တယ်လို့ လူတိုင်းပြောနေကြတာလေဗျာ။ ကျုပ်က ဘယ်သူ့ဆီမှာ သင်နေရ ဦးမှာတုံး
“လှည်းမောင်းတာ အဓိကကတော့ စိတ်ရှည်ဖို့ပါပဲကွာ၊ လမ်းပန်း သဘောကိုလည်း သိရတယ်ကွ၊ ပြီးတော့ ကိုယ့်နွားတွေလည်း ကိုယ်ညှာရ တယ်။ တချို့က လှည်းပေါ်ရောက်ကတည်းက နွားတွေပဲ တဖျန်းဖျန်းရိုက်တော့ တာကွာ၊ တော်တော်ကို စိတ်ဆင်းရဲရတာ”

ကျုပ်တို့လည်း စကားတပြောပြောနဲ့ မောင်းလာကြတာပေါ့ဗျာ။ ကြာလို့ ကြာမှန်းတောင် မသိဘူးဗျို့။ ထိန်ကုန်းရောက်လာတာ။
“ဟာ တာတေပါလား၊ ဘယ်သွားမလို့တုံးဟ”

ဓားမတိုလေး ခါးမှာထိုးပြီး ယာထဲသွားမလို့ ရွာပြင်ထွက်လာတဲ့ ထိန်ကုန်းက လေးလေးဖိုးထောင်ဗျ။ ထနောင်းကုန်းမှာ အလှူတို့ မင်္ဂလာ ဆောင်တို့ရှိရင် လေးလေးချက်ကြီးနဲ့ ထမင်းဟင်း ကူချက်ပေးတဲ့သူဗျာ။ သူလည်း အချက်အပြုတ် နာမည်ရှိတဲ့လူပဲဗျ။

“လေးလေးဖိုးထောင် ယာထဲသွားမလို့လား”
“အေးကွ တာတေရ၊ ဒါနဲ့ မင်း ဘယ်သွားမလို့တုံး၊ ဟာ ငါက လှည်းပေါ်မှာ ဘယ်သူတွေပါလာသလဲမှတ်တယ်၊ ထနောင်းကုန်းကစုံထောက်တွေပါလားကွ၊ ဟား ဟား ဟား

ကျောက်ခဲနဲ့ သံမဏိကို ပြောတာဗျ။ ဒီကောင်နှစ်ကောင် အကြောင်းကတော့ အနီးအနားရွာတွေကပါ သိနေကြတာဗျို့။ “ဘထွေးဖိုးထောင် တောတက်သေးလားဗျ” ကျောက်ခဲက လေးလေးဖိုးထောင်ကို မေးလိုက်တာဗျို့။ “တက်တာပေါ့ကွ ကျောက်ခဲရ”

“တောဝက်တွေ ဘာတွေ ရသေးလား”
“ဟိုတလောကတော့ တစ်ကောင်ရတယ်ကွ၊ သေးပါတယ်ကွာ၊ အချိန်တစ်ဆယ်တောင် မပြည့်ပါဘူး၊ ဒါထက် မင်းတို့က ဘယ်သွားကြ
မှာတုံး

“ရွာတော်ကြီး သွားမလို့ဗျ လေးလေးရ
· · ·ရွာတော်ကြီး ဘယ်သူ့ဆီ သွားမှာတုံး
“ဘိုးဘညွန့်တို့ အရီးလုံးကြည်တို့အိမ်ကို သွားမှာဗျ” “ဪ အေး အေး၊ မင်းအဘနဲ့ အမေရော နေကောင်းရဲ့လား” “
“ကောင်းပါတယ် လေးလေး

“အေး အေး သွားကြ သွားကြ”
ကျုပ်တို့လည်း ထိန်ကုန်းကို ကျော်လာခဲ့တာပေါ့ဗျာ။ လှည်းကတော့ ကျုပ်တစ်လှည့် ကျောက်ခဲတစ်လှည့် မောင်းတာဗျ။ သံမဏိက လှည်းသိပ် မမောင်းတတ်ဘူးလေဗျာ။

ရွာတော်ကြီးရောက်တော့ မွန်းတည့်ပြီဗျ။
ဘိုးဘညွန့်နဲ့ အရီးလုံးကြည်တို့က ကျုပ်ရောက်လာတာ မြင်တော့ ဝမ်းသာလိုက်ကြတာဗျာ။ အဘနဲ့ အမေပေးတဲ့ လက်ဆောင်ထုပ်တွေကို ပေးတော့လည်း ဝမ်းသာကြတာပေါ့ဗျာ။
“ဟဲ့ လုံးကြည်ရေ၊ ငါ့ကောင်တာတေ လာတုန်း တိုက်တိုက်ဆိုင်ဆိုင်ဟင်းကောင်းချက်တာနဲ့ တိုးနေပါရောလားဟေ့၊ ကဲ ကဲ ထမင်းပွဲပြင်ဟာ၊ ဟိုကလေးနှစ်ယောက်လည်း ဆာကြရောပေါ့”
“ဟာ ကျုပ်တို့ မဆာသေးပါဘူး ဘိုးရဲ့”

“ဘယ့်နှယ် မဆာရမှာတုံး ကလေးရဲ့၊ မွန်းတည့်နေမှပဲ ဆာမှာပေါ့”
ထမင်းပွဲကို ချက်ချင်းပြင်ပြီး ကျွေးတာဗျို့။
ဘာဟင်းကောင်းတုံးဆိုတော့ ဝက်သားဗျ။ ကောင်းလိုက်တာဗျာ။ ကလီစာတွေရော အဆီရော အသားရော တစ်အိုးတည်း ရောချက်ထားတာ ဗျ။ အရီးလုံးကြည်ကလည်း ဟင်းချက်ကောင်းဗျာ။ ငရုတ်သီးဆားထောင်း နဲ့ ချဉ်ပေါင်အရည်သောက်တစ်ခွက်ကလည်း ပါသေးတာဆိုတော့ ကျုပ်တို့ သုံးယောက်သား စားလိုက်ကြတာ ခေါင်းကို မဖော်နိုင်တော့ဘူးပေါ့ဗျာ။

ထမင်းစားသောက်ပြီးတာနဲ့ ကျုပ်က ရွာဦးကျောင်းဆရာတော် ဦးစန္ဒိမာဆီကို သွားရမယ့်ကိစ္စရှိတဲ့အကြောင်း ဘိုးဘညွန့်ကို ပြောတော့ –
“ဆရာတော် ရှိတယ်ကွတာတေရ၊ မနေ့က တမာတန်းက ဝါဆို သင်္ကန်းကပ်ကို ကြွသွားပြီး ဒီမနက် ပြန်ကြွလာတာ”

ဒါနဲ့ပဲ ကျုပ်နဲ့. ဟိုနှစ်ကောင်နဲ့ ရွာဦးကျောင်းဆရာတော်ဆီကို ထွက်ခဲ့ကြတယ်။ ရွာတော်ကြီး ဆရာတော်ရဲ့ ကျောင်းကြီးက ရှေးကျောင်း ကြီးဗျာ။ အုတ်ကျောင်းဆိုပေမဲ့ ရှေးခေတ်လက်ရာဗျ။ အင်္ဂတေပန်းတွေဆို တာ လှလိုက်တာဗျာ။ နှစ်ထပ်တိုက်ကျောင်းကြီးရဲ့ အောက်ထပ်က ကျက် သရေခန်းထဲမှာ ဆရာတော် သီတင်းသုံးတယ်။

ကျုပ်တို့ရောက်တော့ ဦးပဉ္စင်းတစ်ပါးက ဆရာတော်ကို သွားပြီး လျှောက်ပေးတယ်။ ကျုပ်တို့ကတော့ ကျောင်းကြီးရဲ့ ဘုရားခန်းရှေ့မှာ ချထားတဲ့ ရှေးဟောင်းကုလားထိုင်ကြီးရှေ့မှာ ထိုင်ပြီးစောင့်နေကြတယ်။ ခဏနေတော့ ဆရာတော်ကြီး ကြွလာပြီး ကျုပ်တို့ကို သေသေချာချာ ကြည့်တယ်။

“ဘယ်က လာကြတာတုံးကွ”
“တပည့်တော်တို့ ထနောင်းကုန်းက လာတာပါဘုရား” “ဟေ …ထနောင်းကုန်းက လာကြတာလား၊ ပုဗ္ဗာရုံဆရာတော် ဦးဂုဏ နေကောင်းရဲ့လားကွဲ့။

“မှန်လှပါဘုရား၊ ဆရာတော် နေကောင်းပါတယ်ဘုရား” “အေး၊ သူက အဂ္ဂိရတ်ထိုးတော့ တေဇောဓာတ်က အမြဲရနေတာ မို့လားကွဲ့၊ ဒီတော့ ကျန်းမာတာပေါ့””
““မှန်ပါ့ဘုရား”
“အေး နေကြဦးကွဲ့၊ အခုလာကြတာ ဘာများကိစ္စရှိလို့တုံး”

“တပည့်တော် လာရတဲ့ကိစ္စက အရှင်ဘုရားဆီမှာ ရောက်နေတဲ့ ပစ္စည်းနှစ်ခုကို လာယူတာပါဘုရား”
ဆရာတော်က မျက်မှောင်ကျုံ့ပြီး ကျုပ်ကို ကြည့်တယ်။ ပြီးတော့မှ မေးတာဗျ။
“ဘုန်းကြီးဆီက ပစ္စည်းနှစ်ခု လာယူတာဆိုတော့ ဘာပစ္စည်းတွေများတုံးကွဲ့။
….
“အင်းတစ်ချပ်နဲ့ တောင်ဝှေးတစ်ချောင်းပါဘုရား”
“ဟေ … နေပါဦးကွဲ့၊ မင်းက ဘယ်သူမို့တုံး” “တပည့်တော်က တစ္ဆေပါဘုရား”
“ဟေ.တစ္ဆေ ဟုတ်လား”
“ဘယ်ကတစ္ဆေတုံး
“အင်းဝက တစ္ဆေပါဘုရား”
“ဪ…ဒါဆိုရင်တော့ ဟုတ်ပေတာပဲ””
ပြောပြောဆိုဆိုနဲ့ ဆရာတော်က ကုလားထိုင်ကြီးကနေ ထတယ်။
ပြီးတော့ ကျက်သရေခန်းထဲကို ပြန်ဝင်သွားတယ်ဗျ။ ဆရာတော် ပြန်ထွက် လာတော့ ကတ္တီပါအိတ်အနီလေးနဲ့ တောင်ဝှေးတစ်ချောင်း ပါလာတယ်။ ဆရာတော်က ကုလားထိုင်မှာ ပြန်ထိုင်လိုက်ပြီးတော့မှ မိန့်တယ်ဗျ။

“တစ်ရက်ဘုန်းကြီးဆီကို သျှောင်ထုံးနဲ့ လူကြီးတစ်ယောက် ရောက်လာတယ်။ ပြီးတော့ ဒီပစ္စည်းနှစ်ခုကို ပေးတယ်။
“ဒါ ဘာတွေတုံး ဒကာကြီး”လို့ ဘုန်းကြီးက မေးတော့
“ဗားမဲ့ဆရာတော်ကိုယ်တိုင် ချထားတဲ့ အင်းချပ်နဲ့ ဆရာတော်ကိုယ်တိုင် စီရင်ထားတဲ့ ဂဠုန်တောင်ဝှေးပါဘုရား”
လို့ ဘုန်းကြီးကိုလျှောက်တယ်။ ဘုန်းကြီးက ဒါကို ဘာလုပ်ရမှာတုံးဆိုတော့
“ဘာမှမလုပ်ရပါဘူးဘုရား၊ ခဏထိန်းသိမ်းထားပေးရုံပါပဲဘုရား၊ အရှင် ဘုရားဆီကို အင်းဝကတစ္ဆေ လာယူပါလိမ့်မယ်ဘုရား၊ အဲဒီအခါကျတော့ အရှင်ဘုရားက ပေးလိုက်ရုံပါပဲဘုရား”
လို့ ဘုန်းကြီးကိုလျှောက်တယ်။
“တစ္ဆေဆိုတာ သရဲကို ပြောတာလား” ဆိုတော့ မဟုတ်ပါဘူးဘုရား လူငယ်လေး တစ်ယောက်ပါဘုရား” လို့ ပြန်လျှောက်သကွဲ့။ ဒါနဲ့ ဘုန်းကြီး လည်း ဒီပစ္စည်းတွေကိုယူပြီး ထိန်းသိမ်းထားရတာပေါ့ ”
““ဆရာတော့်ဆီကို ဒီပစ္စည်းတွေ လာပို့တာ ဘယ်သူပါလဲဘုရား” လို့ ကျုပ်က သိချင်စိတ်နဲ့ လျှောက်လိုက်တယ်။ ဒီတော့ ဆရာတော်က စဉ်းစားတယ်ဗျ။ ကျုပ်ကို ပြောသင့် မပြောသင့် စဉ်းစားနေတာ ထင်ပါရဲ့ဗျာ။ ပြီးတော့မှ ပြောတယ်ဗျ။
“တပည့်တော်နာမည်က ကိုရှင်ပါဘုရား”
လို့ လျှောက်ပြီး ဘုန်းကြီးကိုကန်တော့တယ်။ ပြီးတာနဲ့ ထပြန်သွား တော့တာပဲကွ။

ဪ…အဖေရှင်ပါလားလို့ ကျုပ်စိတ်ထဲမှာ တွေးလိုက်မိတယ်။ (အဖေရှင်အကြောင်းကို ရွှေဂူရှင်မ’ ဝတ္ထုမှာ ပြန်ဖတ်လို့ရပါတယ်)
`အေးလေ၊ အခုလို ပိုင်ရှင်ရောက်လာတော့ ဘုန်းကြီးတာဝန် ပြီးပြီ ပေါ့ကွယ်၊ ကဲ ယူသွားပေတော့ တစ္ဆေရေ
လို့ ပြောပြီး ဆရာတော်က အင်းချပ်ထည့်ထားတဲ့ ကတ္တီပါအိတ် အနီလေးနဲ့ ဂဠုန်တောင်ဝှေးကို ပေးတယ်ဗျ။ ကျုပ်လည်း ဆရာတော်ပေးတဲ့ ပစ္စည်းတွေကို ရိုရိုသေသေ ယူလိုက်တယ်။

“ဒါနဲ့ ဒကာလေးတို့ ထနောင်း ကုန်းကို ဘယ်တော့ပြန်ကြမှာတုံး”

“တပည့်တော်တို့ မနက်စောစော ထပြီးပြန်ကြမှာပါဘုရား” “အေး အေး ကောင်းတယ်ကွဲ့၊ လှည်းပါလာတယ်မို့လား” “ပါလာပါတယ်ဘုရား”
လို့ လျှောက်ပြီး ဆရာတော်ကို ကျုပ်တို့သုံးယောက် ကန်တော့ပြီး ပြန်လာခဲ့ကြတယ်။

ကျောင်းဝင်းထဲရောက်တော့ ကျုပ်က ကတ္တီပါအိတ်ထဲက အင်း ချပ်ကို ထုတ်ကြည့်လိုက်တယ်။ ကြေးဝါပြားပေါ်မှာ ချထားတဲ့ အင်းဗျ။ လေးနစ်နေတာပဲဗျို့။ ဂဠုန်တောင်ဝှေးကလည်း ခပ်လေးလေးပဲဗျ။ ယင်း တိုက်သားနဲ့ လုပ်ထားသလားလို့ ကျုပ်တွေးမိတယ်။ တောင်ဝှေးထိပ်မှာ အရစ်သုံးရစ်ဖော်ပြီး ရွှေချထားတယ်။ တောင်ဝှေးထိပ်က ဂဠုန်ရုပ်ကိုလည်း ရွှေပိန်းချထားတာဗျ။

ဘိုးဘညွန့်ရဲ့ အိမ်ကိုပြန်ရောက်တော့ အင်းနဲ့ တောင်ဝှေးကို ဘုရားစင်ပေါ်မှာ သေသေချာချာ သိမ်းထားလိုက်တယ်။
နောက်နေ့မနက်ရောက်တော့ အရီးလုံးကြည် ပေါင်းကျွေးတဲ့ ကောက်ညှင်းပေါင်းနဲ့ နှမ်းထောင်းမွှေးမွှေးလေးကို စားကြတယ်။ ဘိုးနဲ့ အရီးက အဘနဲ့ အမေကို အညာစောင်နှစ်ထည်နဲ့ အဘအတွက် မာဖလာ တစ်ထည် ပေးလိုက်တယ်။စားသောက်ပြီးတာနဲ့ ကျုပ်တို့ လှည်းကောက်ပြီး ရွာတော်ကြီးက ထွက်လာခဲ့တယ်။ မွန်းမတည့်ခင် ရွာပြန်ရောက်တယ်ဗျ။ ကျောက်ခဲနဲ့ သံမဏိလည်း သူတို့အိမ် ပြန်သွားကြတယ်။ ကျုပ်လည်း ထမင်းစားပြီးတာ နဲ့ အင်းထည့်ထားတဲ့ ကတ္တီပါအိတ်ကလေးကိုယူပြီး သေသေချာချာ ဖွင့် လိုက်တယ်။

အိတ်ထဲမှာ ကြေးဝါပြားပေါ်မှာ ချထားတဲ့အင်းကို ကျုပ်တွေ့ ရတယ်။ အင်းချပ်တင်မကဘူးဗျ၊ နောက်ထပ်တစ်ခု တွေ့သေးတယ်။ ဒါနဲ့ ကျုပ်လည်း ထုတ်ကြည့်လိုက်တယ်။ ကြေးပြားပါးပါးလေးဗျ။

ပေရွက် ကလေးလောက်ပဲ ထူတာ။ ကြေးပေလွှာလေးပေါ်မှာ စာတွေရေးထားတယ် ဗျ။ ကျုပ်သေသေချာချာကြည့်တော့ အင်းနှိုးတဲ့ မန္တန်ဗျ။ ကျုပ်လည်း ကြေးပေလွှာလေးကိုရော ကြေးပြားအင်းချပ်ကိုရော သေသေချာချာကို တိုက်ချွတ်လိုက်တယ်ဗျ။

ဒီတော့မှ အင်းဆံတွေ ထင်ထင်ရှားရှား ပေါ်လာ တာ။ မန္တန်စာသားတွေကလည်း ထင်ထင်ရှားရှား ဖတ်လို့ရသွားတာပေါ့ဗျာ။ စိတ်ထဲကနေ မန္တန်ကို ရွတ်လိုက်တယ်။ ခဏနေတေ ပါးစပ် အသံတိုးတိုးလေးထုတ်ပြီး ရွတ်ကြည့်လိုက်တယ်။

“ခွပ်” “ခွပ်”
ဟာ ခုန်တယ်ဗျို့။ ခုန်တယ်။ နှစ်ခါတောင် ခုန်တာဗျ။ ကျုပ် အင်းနှိုးမန္တန်ကို ရွတ်လိုက်တော့ စားပွဲပေါ်မှာ ချထားတဲ့ အင်းချပ်က ထခုန်တာဗျ။ ကျုပ်ဖြင့် အံ့သြလိုက်တာဗျာ။ အင်းသက်က ချက်ချင်းကို ဝင်သွားတာဗျ။ ဗားမဲ့ဆရာတော်ကြီးကိုယ်တိုင် ချသွားတဲ့ အင်းပဲဗျာ။ မစွမ်းဘဲ ဘယ်မှာရှိမှာတုံး။ တောင်ဝှေးကိုလည်း ကျုပ် သေသေချာချာ ကြည့်လိုက်တယ်။ တောင်ဝှေးကလည်း နှစ်နေတာဗျ။ ဘယ်လိုအသားမျိုးနဲ့ လုပ်ထားမှန်း ကျုပ်မပြောတတ်ဘူး။ ဆရာတော်ကြီး သေသေချာချာ စီရင်ထားတဲ့ တောင်ဝှေးဆိုတော့ ဒါဟာ မှော်ဝင်ပစ္စည်းတစ်မျိုးပဲဖြစ်မယ်လို့ ကျုပ်တွေးလိုက်မိတယ်။ ကျုပ်မြင်ဖူးတဲ့ တောင်ဝှေးတွေက နဂါးခေါင်းနဲ့ပဲ လုပ်ကြတာ။ ဗားမဲ့ဆရာတော်ကြီး စီရင်ခဲ့တဲ့ တောင်ဝှေးက ဂဠုန်ရုပ်နဲ့ဗျ။

အဘကလည်း ကျုပ်ယူလာတဲ့ တောင်ဝှေးကို စိတ်ဝင်စားတယ်ဗျ။ သေသေချာချာ ကိုင်ကြည့်တယ်။ ထောက်ပြီးလျှောက်ကြည့်တယ်။

`ကိုဉာဏ်ရယ်၊ ထောက်ပြီးလျှောက်မနေပါနဲ့၊ လုပ်ကောင်းလား မလုပ်ကောင်းလား သိတာမဟုတ်ဘဲနဲ့”
`ရပါတယ် အမေရဲ့၊ ဒါတွေက အထက်လမ်းပစ္စည်းတွေပါ၊ လူကို အန္တရာယ်ပြုတာ မဟုတ်ပါဘူးဗျ”

“သိနိုင်ဘူး ကိုတာတေရေ၊ ရှင်က စုံနေအောင် လုပ်တဲ့လူလေ၊ မတော်လို့ တောင်ဝှေးက မြွေတွေဘာတွေ့ ထဖြစ်သွားမှ အကျိုးနဲနေမှာစိုး လို့ပါတော်””

“ဟား ဟား ဟား ဟား၊ အမေကလည်းဗျာ ကြံကြံဖန်ဖန် တွေးပူရန်ကောဗျာ”
လို့ ကျုပ်က ရယ်ရင်း အမေ့ကို ပြောလိုက်တယ်။ အမေက ဆေးတောင်းနဲ့ ဆေးလိပ် လိပ်နေရင်းက ပြောတာဗျ။ ကျုပ်တို့အညာရွာတွေ မှာက ဆေးလိပ်ကို ကိုယ်တိုင်လိပ်သောက်ကြတာလေဗျာ။

ဆေးရွက်ကြီးဝယ်တယ်။ ဆေးရိုးဝယ်တယ်။ သနပ်ဖက်ဝယ် တယ်။ ပြီးတော့ သနပ်ဖက်ကိုလည်း ပြာရည်အိုးထဲက ပြာရည်နဲ့ဆွတ်ပြီး နှပ်ထားသေးတာ။ ဆေးရွက်ကြီးကိုလည်း နေလှန်းပြီး ချေမွထားရသေး တာ။ ပြီးတော့မှ ဆေးရိုးနဲ့ ဆေးရွက်ကြီးကို သူ့အချိုးနဲ့သူ စပ်ရတာ။ အဲဒါကို ဆေးတောင်းထဲမှာ ထည့်ထားပြီးမှ သေသေချာချာ လုံးထားတဲ့ အစီခံလုံးထည့်ပြီး လုံးရတာ။ သနပ်ဖက်ကိုလည်း ဘေးအနားတွေကိုကတ်ကြေးပြတ်ပြတ်နဲ့ ညှပ်ရသေးတာဗျ။ ဆေးလိပ် လိပ်ပြီးရင် ထိပ်ကို ကြာဖူးချိုး ချိုးတတ်ရသေးတာဗျို့။ ဒီတုန်းက မြို့တစ်မြို့မှာ နာမည်ကြီး ဆေးလိပ်ခုံ သုံးလေးခုံတော့ ရှိပြီးသားဗျ။
ကျုပ်က အင်းတော်နဲ့ တောင်ဝှေးကို ဘုရားစင်ပေါ်မှာ ရိုရို သေသေ တင်ထားလိုက်တယ်။

ညအိပ်တော့ အိပ်မက်ထဲမှာ ကျုပ်မက်တယ်ဗျ။ တောင်ငူမှာ ကဝေကြီး ဥက္ကာရယ်၊ ဘိုးဒိဗ္ဗရယ် တိုက်တဲ့ တိုက်ပွဲဗျို့။ ဘိုးဒိဗ္ဗနဲ့ ကဝေဥက္ကာနဲ့ စက်တွေ အားပြိုင်နေတဲ့အချိန်မှာ ကဝေကြီးရဲ့ မျက်ခုံးနှစ်ခု ကြားတည့်တည့်က အနက်ရောင်စက်တစ်ခု ထွက်လာပြီး ဘိုးဒိဗ္ဗရဲ့ ရင် ဘတ်ထဲကို ဖောက်ဝင်သွားတာကို ပြန်မက်တာဗျ။ ကြောက်စရာကောင်း လိုက်တဲ့ ကဝေစက်နက်ဗျာ။ တစ်ခါမှကို မတွေ့ဖူးဘူး။ ဘိုးဒိဗ္ဗရဲ့ စက်တွေ အားလုံးကို ဖောက်နိုင်တဲ့စက်ဗျ။ စက်တွေကိုဖောက်ပြီး ရင်ဘတ်ထဲ ထိုးဝင်သွားတာ။

ကျုပ်အိပ်မက်က လန့်နိုးလာတော့ တစ်ကိုယ်လုံး ချွေးတွေရွှဲလို့။ တစ်ခုခုကို တအားကြောက်နေတာဗျာ။ အိပ်ရာထဲကထွက်ပြီး တန်းလျား မှာ ထိုင်နေလိုက်တယ်။ နဂါးဆေးပေါ့လိပ်ကလေးဖွာပြီး အိပ်မက်ထဲက ကဝေစက်နက်အကြောင်း တွေးနေမိတာဗျ။
ဒီတော့မှ ကျုပ်သဘောပေါက်တာဗျို့။
ဗားမဲ့ဆရာတော်ရဲ့ အင်းနဲ့ တောင်ဝှေးကို ယူခိုင်းတာ ဒါကြောင့် ဆိုတာ ကျုပ်တွေးလိုက်မိတယ်။ တောင်ဝှေးက ကဝေကြီးရဲ့ စက်နက်ကို ဖျက်ဆီးဖို့ဖြစ်မယ်။ အင်းက သက်တမ်းရာချီ ထောင်ချီရှိနေတဲ့ ကဝေကြီး တွေကို သုတ်သင်တဲ့ သက်ဖြတ်အင်း ဖြစ်မယ်ဗျ။
ကျုပ် ဘာလုပ်ရမယ်ဆိုတာ တဖြည်းဖြည်း သဘောပေါက်လာတယ်။ တော်တော်ကြာတော့မှ ကျုပ်ပြန်အိပ်လိုက်တယ်။ မနက်မိုးလင်း တော့ ရွာထဲကိုထွက်ပြီး လင်းတတွေသတင်းကို စုံစမ်းကြည့်လိုက်တယ်။ လင်းတတွေက တစ်ခါ တစ်ခါ ပေါ်လာတတ်တယ်တဲ့ဗျ။ သျှောင်ထုံးနဲ့ ကဝေကိုလည်း ဟိုရွာ ဒီရွာတွေမှာ တွေ့တွေ့နေတတ်တယ်လို့ ပြောကြတယ်။ ရိုးရိုးဆံပင်နဲ့လူကတော့ မီးလောင်ကုန်းသင်္ချိုင်းမှာ စတည်း ချပြီး ချက်ပြုတ်စားသောက်နေသတဲ့ဗျို့။

သူတို့မှာ ချက်ပြုတ်စားသောက်ဖို့ အိုးတွေ ခွက်တွေပါ ပါလာတာ ဆိုပဲဗျ။ ညအိပ်ချိန်ရောက်ရင်တော့ ကဝေနှစ်ယောက်စလုံး မီးလောင်ကုန်း သင်္ချိုင်းမှာ အိပ်ကြတာတဲ့ဗျာ။ ဒီအနီးအနားက ရွာတွေက သတင်းတွေ ပျံ့နှံ့သွားပြီဆိုလို့ အလွတ်မပေးတော့ဘဲ လိုက်ကိုကြည့်နေကြတော့တာပေါ့
ဗျာ။

တစ်ခါ တစ်ခါကျရင် ဆံပင်ဖားလျားချထားတဲ့ စုန်းမကြီးလေး ယောက်ပါ မီးလောင်ကုန်းဇရပ်ကို ရောက်လာတတ်တယ်တဲ့ဗျ။

ကဝေကြီးဥက္ကာ မရောက်လာခင် သူ့တပည့်တွေက ရှေ့ပြေး ရောက်လာပြီး စက်တွေဖြန့်၊ သတင်းတွေယူ လုပ်နေကြတာပေါ့ဗျာ။
ကျုပ်စိတ်ထင်တော့ ကဝေကြီးဥက္ကာက တပည့်တပန်းတွေနဲ့ အုပ်စုဖွဲ့နေတဲ့ ကဝေမျိုး မဟုတ်လောက်ဘူးဗျ။ ကိစ္စရှိမှ တပည့်တွေနဲ့ တွေ့ပြီး တစ်နေရာမှာ သွားနေတဲ့သူ ဖြစ်မယ်ဗျ။ ဒါကြောင့် သူ ခုထိ အန္တရာယ်ကင်းနေတာပေါ့ဗျာ။ သူဘယ်မှာနေတယ်ဆိုတာ သူ့တပည့်တွေ တောင် သိကြပုံမပေါ်ဘူးဗျ။

သူ့တပည့်တွေအနေနဲ့ကတော့ ကဝေကြီးဥက္ကာဟာ ကဝေနတ်ကြီး တစ်ပါးလိုကို ဖြစ်နေမှာဗျ။ အခုလည်း သူတို့ကိုးကွယ်တဲ့ နတ်ကြီး ကြွလာ မှာဆိုတော့ တော်တော်ကို ဂရုစိုက်နေကြတာဗျ။တကယ်ဆိုရင် ဒီထက်မက တပည့်တွေ များသင့်တာပေါ့ဗျာ။ ဒါပေမဲ့ ကဝေကြီးဥက္ကာက အဲဒီလို ပွဲခံတတ်တဲ့လူမျိုး မဟုတ်ဘူးထင်တယ်
ဗျ။

အခုလည်း မဖဲဝါထုံကူးခဲ့တဲ့ ခေါင်းတလားကိုယူပြီးရင် တစ်နေရာ ကို သူပျောက်သွားဦးမှာပဲဗျ။ ဒါကြောင့် အထက်ပုဂ္ဂိုလ်ကြီးတွေက ဒီတစ်ပွဲ မှာ ဒီကဝေကြီးကို အပြီးသတ်စေချင်ပုံရတယ်။

ပြီးတော့ ပညာရပ်လမ်းကြောင်းမှာက အနံ့ရှိမှ အလှည့်ရှိလို့ ရတာဗျ။ ဒီကဝေကြီးက ဘိုးလူပေရယ်၊ ကျုပ်ရယ်၊ မဖဲဝါရယ်ကို တောင်ငူ ခေတ်မှာ ရက်ရက်စက်စက် သတ်ခဲ့ဖူးတာဆိုတော့ အတုံ့ရှိခဲ့ပြီကိုးဗျ။ ဒီတော့ ကျုပ်တို့ဘက်က အလှည့်ရှိရတော့မှာပေါ့ဗျာ။ ဒီဘဝမှာ ဘိုးဒိဗ္ဗ တဖြစ်လည်း ဘိုးလူပေရယ်၊ ကျုပ်ရယ်၊ အစ်မ မဖဲဝါရယ်က ကြုံတောင့် ကြုံခဲ ပြန်ဆုံနေကြရတာလေဗျာ။
ကျုပ်တို့သုံးယောက်ဆုံတုန်း ကဝေကြီးဥက္ကာနဲ့လည်း ကြုံတုန်း သွေးကြွေးပြန်တောင်းကြရတော့မှာပေါ့ ဗျာ။

ပြီးပါပြီ။