ကျောင်းဆောင်ပျက်ကကလေးတစ္ဆေများ

ကျောင်းဆောင်ပျက်က ကလေးတစ္ဆေများ (စ၊ ဆုံး)
*****

မွန်း ပြည်မကနေ ယခုလက်ရှိတာ ၀န်ကျရာ နယ်စပ်မြို့ရှိ အမှတ်(…) အထက်တန်းကျောင်းခွဲ( ….)သို့ အပြောင်းရောက်ရှိခဲ့သည်မှာ တစ်ပါတ်ခန့်သာ ရှိသေးသည်။

ကျောင်းတွင်ကား နယ်စပ်ဒေသဖြစ်သည်နှင့်အညီ ဆရာ၊ ဆရာမ အင်အားနည်းသောကြောင့် မွန်းမှာ ရောက်ရောက်ချင်းပင် ပဉ္စမတန်းနှင့် ဆဋ္ဌမတန်း တို့ကို အန်းပိုင်အဖြစ် တပြိုင်နက်ထဲ တာ၀န်ယူရ၏။

အဆောင်နှစ်ခုသည် ရှေ့ဆင့်နောက်ဆင့် အတန်းများဖြစ်သော်လည်း ကပ်လျက်မဟုတ်ပါ။ ပဉ္စမတန်းဆောင်သည် ကျောင်းအရှေ့ဘက်ဆီ၌ ရှိ၍ ဆဋ္ဌမတန်းဆောင်က ကျောင်း၏ အနောက်ဘက်ဆုံးထိပ်ဆီတွင် ဖြစ်သည်။

ဆဋ္ဌမတန်းဆောင်၏ နံဘေးတွင် အခြားကျောင်းဆောင်များ မရှိပါ။ အနောက်ဘက်ဆီတွင်တော့ ဝါးရုံတောကြီးတစ်ခု ရှိနေသည်။ ထိုဝါးတောကြီး၏ အစပ်တွင်တော့ ဆရာမများအတွက် ရေအိမ်တည်ဆောက်ထားသည်။

ဆရာမလေး မွန်း စာသင်ရာနှင့် ဝါးရုံတောကြီးသည်က မျက်နှာချင်းဆိုင်အနေအထားပင်။ သို့ကြောင့် ဆဋ္ဌမတန်းဆောင်ကို စာသင်လေတိုင်း ပြတင်းပေါက်ဆီကတစ်ဆင့် ယင်းဝါးရုံတောကြီးကို မြင်ရလေသည်။

နေ့လည်နေ့ခင်းဘက်များဆိုပါလျင် စာသင်ရင်း ဝါးရုံကြီးဘက်ဆီကြည့်မိစဉ် အရိပ်အာဝါသကောင်းလှသော ယင်းနေရာဆီက လှုပ်ရှားနေသည့်အရာတချို့ကို မသည်းမကြွဲမင်ရ၏။

မည်သည့်အရာဖြစ်ကြောင်းကိုတော့ မွန်း သေချာမဝေခွဲနိုင်ပါ။ အရိပ်အာဝါသကောင်းသည့်အတွက် စာသင်ချိန်လစ်ပြေးသော အတန်းကြီးကျောင်းသားများသာ ဖြစ်လိမ့်မည်ဟု အလွယ်တွေးမှတ်ထားလိုက်မိ၏။

*****

သြဂုတ်လအတွင်း မိုးများတအိအိရွာသွန်းနေသော နေ့တစ်နေ့တွင်တော့…။

မွန်းတစ်ယောက် ညနေပိုင်း နောက်ဆုံးစာသင်ချိန်တွင် ဆဋ္ဌမတန်းဆောင်တွင် စာသင်နေမိ၏။

” အား…ကျွတ်”

စာသင်နေရင်း ဗိုက်ထဲက ရစ်ရစ်ကာ နာလာသည့်အတွက် မွန်း နှုတ်ခမ်းလေးအသာကိုက်ကာ ညည်းတွားမိသည်။

လက်က နာရီကို ကြည့်မိသော် ၃ နာရီထိုးရန် ၂၀ မိနစ်ခန့်သာ လိုတော့သည်။ နေ့လည်က ထမင်းစားချိန်တွင် ဒုတိယတန်းသင်သော ဆရာမ သော်တာ ၀ယ်လာပေးသည့် လက်သုတ်စုံများကို ခံတွင်းတွေ့တွေ့နှင့် မွန်း အစားလွန်မိခဲ့၏။

ယခုတော့ ထိုလက်သုတ်စုံများက အစွမ်းပြလေပြီထင်။ အချိန်က ကျောင်းပြန်ချိန်နီးလေပြီ။ သို့သော် အိမ်ဆီကို ပြန်ရန်ကား လက်ရှိအနေအထားကြောင့် မဖြစ်နိုင်လေတော့။ ကျောင်းရေအိမ်ဆီကို၀င်မှသာ ဖြစ်ပေတော့မည်။

မွန်း စာသင်နေမှုကို အလျင်စလိုပင် အဆုံးသတ်လိုက်သည်။ ပြီးသော် အတန်းခေါင်းဆောင်ကျောင်းသားကို တံခါးစေ့ထားပေးခဲ့ရန်ပြောလေပြီး ရေအိမ်ဆီပြေးခဲ့သည်။

ရေအိမ်ထဲရောက်ပါမှ ဝေဒနာကို လွှတ်ချမိရ၏။ နေရထိုင်ရ သက်တောင့်သက်သာ ရှိသွားရသော်လည်း ဗိုက်ထဲကတော့ နာနေဆဲပင်။ အပြင်တွင် မိုးများသည်းနေသော်ငြား အလုံပိတ် ရေအိမ်ထဲဆီက မွန်းမှာတော့ ဇောချွေးများ ပျံနေရသည်။

ဗိုက်ဆီက ရစ်နာမှုကြောင့် အချိန်အတော်ကြာသွားခဲ့၏။ လက်က နာရီကြည့်တော့ သုံးနာရီပင် ခွဲပေတော့မည်။ ကျောင်းလည်း ဆင်းခဲ့လေပြီ။ မိုးအုံ့သည့်အတွက် ပတ်၀န်းကျင်တခွင်က မှောင်ရိပ်လွှမ်းနေသည်။ ၀မ်းဗိုက်ဆီက ဝေဒနာလည်း အတော်ကလေး သက်သာပြီမို့ မွန်း ရေအိမ်က ထွက်ပြီး တံခါးကို ပြန်ပိတ်လိုက်၏။

” ဟင်…”

မွန်းမျက်စိထဲ ရေအိမ်၏ အနောက်ဘက် ဝါးရုံတောအစပ်ဆီတွင် အဖြူအစိမ်းကျောင်း၀တ်စုံကို ၀တ်ဆင်ထားသော ကောင်ကလေးနှင့် ကောင်မလေး။ အရွယ်က ရှိလှမှ ၇ နှစ်၊ ၈ နှစ်။ ဒုတိယတန်းတက်သည့် အရွယ်။

ကလေးနှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး လက်ချင်းချိတ်ပြီး ဝါးရုံတောကြီးဆီကို ခုန်ပေါက်ရင်း ပျော်ရွှင်စွာ သွားနေကြသည်။ ကျောင်းဆင်းပြီးချိန်မို့ ကလေးငယ်နှစ်ဦးထဲ တောထဲကျန်ရစ်ခဲ့မည်ကို မွန်း ရုတ်တရက် စိုးရိမ်မိသွားသည်။

” ဟေ့…ဟေ့ ကလေးတွေ”

မွန်း၏ အော်သံကို ကလေးတွေက မကြားသည့်အလား၊ လှည့်၍ပင်မကြည့်ကြ။ ဝါးရုံတောဆီကိုသာ သွားမြဲသွားနေကြ၏။

ထိုအချင်းအရာကြောင့် မွန်း၏ စိုးရိမ်စိတ်တို့က ငယ်ထိပ်ဆီဆောင့်တက်သွားရသည်။ မဖြစ်ချေတော့ပြီမို့ ကလေးများအနောက်ကို ပြေးလိုက်မိ၏။

ကလေးနှစ်ဦးကား ဝါးရုံတောဆီကို ၀င်ရောက်သွားလေပြီ။ မိုးသက်လေ၏ တိုက်ခိုက်မှုကြောင့် ဝါးရွက်များ၏ လှုပ်ခတ်သံက တရှဲရှဲ။ မွန်းမှာ ကလေးများထံကို ဇောကပ်နေရသည်မို့ ဝါးရုံတောဆီကို ရောက်မှန်းမသိရောက်လာရသည်။

” ဟင်…”

ဝါးရုံတောကြီး၏ အထဲဆီတွင် တစ်စွန်းတစ်စထွက်ပေါ်နေသော ရှည်မျောမျော အဆောက်အအုံအပျက်တစ်ခု။ မည်းညစ်နေသော နံရံများကြောင့် မီးလောင်ခံထားရသော ကျောင်းဆောင်အပျက်တစ်ခုဖြစ်မည်။ ကလေးငယ်နှစ်ဦးကား ထိုအထဲဆီကို ၀င်ရောက်သွားလေသည်။

” ဒီကလေးတွေ ဒီအထဲကို ဘာလာလုပ်ကြတာပါလိမ့်”

မွန်း စိတ်ထဲ ထိုကလေးနှစ်ယောက်ကို မသင်္ကာတော့။ လူမှဟုတ်ပါစဟုလည်း ရေးရေးတွေးမိရ၏။

မွန်း လှည့်ပြန်ဖို့ စဉ်းစားကြည့်သည်။ အကယ်၍သာ သရဲတစ္ဆေမဟုတ်ပါဘဲ ကျောင်းက ကလေးငယ်နှစ်ယောက်သာ ဖြစ်နေပါရင်ဆိုသည့်အတွေးက ၀င်ရောက်လာရသည်။

” အို…အချိန်က အစောကြီးရှိသေးတာပဲ သွားကြည့်တာ မမှားပါဘူး”

မွန်း ကိုယ့်ဘာသာရေရွတ်ရင်း စိတ်ကိုတင်းလို့ အဆောင်ဆီကို ခြေလှမ်းလိုက်သည်။

ထိုအခိုက်…။

တိုက်ခတ်နေသော မိုးသက်လေသည် ရုတ်ခြည်း ငြိမ်သက်သွား၏။ လေငြိမ်သွားသည့်အတွက် ပတ်၀န်းကျင်တစ်ခုလုံးက လေဟာနယ်ကြီးပမာ။

ထိုအတွက် စိတ်လှုပ်ရှားနေသော မွန်းတစ်ယောက် အသက်ရှူကျပ်သလို ခံစားရပြီး ဇောချွေးများပင် ပျံလာရသလိုပင်။

*****

” ဟင်…”

အဆောင်ပျက်သည် အမိုးများ ပေါက်ပြဲဆွေးမြေ့နေ၏။ အချို့နေရာတို့ဆီ၀ယ် သစ်တိုသစ်စ အမှိုက်သရိုက်များကလည်း ရှုပ်ပွတနေသည်။ အထဲတွင် မွန်းထင်ထားသည့်အတိုင်း ကလေးငယ်နှစ်ဦးရှိမနေ။ သည်အတွက် မွန်း တအံ့တသြရေရွတ်မိလိုက်သည်။

” သူတို့ ဘယ်ရောက်သွားကြပါလိမ့်”

မျက်စိရှေ့တွင် အထဲ၀င်သွားသည်ကို မြင်နေရပါလျက်နှင့်က ပျောက်သွားသော ကလေးနှစ်ယောက်ကြောင့် မွန်းစိတ်ထဲ အလိုမကျဖြစ်သွားရသည်။

မွန်း စိတ်ကို အရဲကိုးကာ ရှေ့ဆက်တိုးခဲ့သည်။ အခန်းဆောင်ရှည်ကြီးတစ်လျှောက်ကို တရွေ့ရွေ့တိုးကာ လျှောက်ကြည့်လိုက်သည်။

တဖြေးဖြေး အဆောင်၏ ထောင့်အခန်းဆီရောက်လာ၏။ တစ်ဆောင်လုံးတွင် သက်ရှိဟူ၍ သူတစ်ယောက်ထဲရယ်သာရှိနေသည်။

” ဪ…တွေ့ပြီ မင်းတို့က ဒီမှာကိုး”

ထောင့်တစ်နေရာဆီတွင် တစ်ချိန်က စတိုခန်းဟု ယူဆရသည့် အခန်းပျက်ဆီတွင် ကလေးနှစ်ယောက်ကို မွန်းလှမ်းတွေ့လိုက်ရသည်။

ကလေးနှစ်ယောက်သည် အခန်းပျက်၏ အတွင်းဘက်တွင်ရှိနေပြီး အပေါက်ဘက် မွန်းရှိရာကို မျက်နှာမူထားသည်။ သို့သော် သူတို့မျက်လုံးများကတော့ အပြင်ဘက်ကို ကြည့်မနေ။

အပေါက်၀၏ နံဘေးထောင့် အထက်ဘက်ကျကျဆီကို အနည်းငယ် မော်၍ ကြည့်နေကြသည်။ သူတို့၏ မျက်လုံးများသည်က တစ်စုံတစ်ရာကြောက်ရွံ့စရာကို တွေ့နေရသည်အသွင် ပြူးကြောင်ကြောင်ဖြင့် ရှိနေသည်။

သူတို့ကို ကြည့်ပြီး မွန်းပင်လျင် ကျောထဲ စိမ့်ခနဲ ဖြစ်သွားရသည်။ ကလေးနှစ်ယောက်အတွက်လည်း.စိုးရိမ်သွားမိ၏။

” က ကလေးတို့…”

အခန်း၀ဆီက ရပ်ကာ မွန်းခေါ်မိသည်။ သို့သော် လေးနှစ်ယောက်က သူ၏ အသံကို မကြားသည့်အလား။

မွန်း စိတ်ဇောကြောင့် သတိမမူမိချိန်မှာပင် အခန်းထဲဆီပြေး၀င်ပြီး ကလေးတို့ကို ဆွဲထုတ်ရန်ကြိုးစားမိလိုက်သည်။ ဆွဲရင်းဖြင့် ကလေးတွေကြည့်နေရာဆီကို ရုတ်တရက် လှည့်ကြည့်မိသည်အခိုက်…။

” အမလေး…ဒါ…ဒါ…”

မွန်း အံ့သြထိတ်လန့်မှုကြောင့် ဆွံ့အသွားမိရသည်။

သူမြင်နေရသည်က နံရံဆီတွင် လည်ပင်းကို ကြိုးကွင်းစွပ်ပြီး တွဲလောင်းကြီး ဆွဲချိတ်ခံထားရသော မိန်းကလေးတစ်ယောက်။ အသက်က ၁၂ ၀န်းကျင်ခန့်သာ ရှိပေမည်။ မိန်းကလေး၏ မျက်၀န်းများက ပြုးထွက်နေပြီး လျှာကလည်း အပြင်ကို တစ်လစ် ရှည်လျားစွာ ထွက်နေသည်။

မွန်း ထွက်ပြေးရန်ဆုံးဖြတ်လိုက်ပြီး ကလေးနှစ်ယောက်ကို လှမ်းဆွဲလိုက်သည်။ ထိုစဉ်

” သူတို့ကို သမီးသတ်ထားတာ ဆရာမ…ဟီး…ဟီး…”

အခန်းအပြင်ဆီက ခြောက်ကပ်ကပ် ခပ်စူးစူးအသံနှင့်အတူ မိန်းကလေးတစ်ယောက်ထပ်မံရောက်လာသည်။

” မင်း…မင်းက…”

” သမီးက သရဲ​ေလ…ဆရာမ ဟီး…ဟီး…ဟီး…”

မွန်းတစ်ကိုယ်လုံးရှိ အကြောအချင်များ ဆိုင်းသွားရသည့်နှယ် ခံစားလိုက်ရသည်။

ထိုမိန်းကလေး၏ မျက်၀န်းများသည် အဖြူထည်ကြီးသာ ရှိနေသည်။ တစ်ကိုယ်လုံးတွင်လည်း သွေးတို့က ရွှဲစိုနေသည်မှာ မြင်မကောင်း။ ပါးစပ်ကလည်း သွေးမည်းမည်းများစီးကျနေသေးသည်။

” ဆရာမကိုလည်း သူတို့ကို သတ်သလို သတ်ပေးမယ်နော်…”

” မ…မလုပ်ပါနဲ့…”

မွန်းကြောက်လန့်တကြား တားမြစ်တောင်းဆိုမိ၏။

ထိုမိန်းကလေးက ဦးခေါင်းကို တပတ်လည်ကာ ခါရမ်းပြ၏။

မွန်း မဖြစ်သာတော့သည့် အခြေအနေ၀ယ် ကလေးနှစ်ယောက်ကိုသာ လွတ်စေရန် ဆုံးဖြတ်လိုက်သည်။

” သား…သားတို့ မင်းတို့ ပြေးကြတော့…”

မွန်း၏ စကားအဆုံး၀ယ် အခန်း၀ဆီက မိန်းကလေးသည် ကြောက်မက်ဖွယ်ရာ ဟားတိုက်ပြီး ရယ်မော၏။

” ပြောမနေနဲ့ ဆရာမ။ အခု ဒီမှာ ရှိနေတာအားလုံးက သရဲတွေချည်းပဲ…ဟတ်…ဟတ်…”

ကြောက်စရာကောင်းသည့် မိန်းကလေးဆီက စကားသံက ခြောက်ခြားဖွယ်ရာ။

မွန်း သူ့စကားကြောင့် နံဘေးက ကလေးငယ်နှစ်ဦးနှင့် အလောင်းကို မရဲတရဲကြည့်လိုက်သည်။

” အား….”

မွန်း ငယ်သံပါအောင် အော်ဟစ်မိတော့၏။

သူ၏ နံဘေးက ကလေးငယ်နှစ်ဦးသည် ဦးခေါင်းများမရှိတော့၊ ခန္ဓာကိုယ်ကြီးချည်းသာ ရှိနေခဲ့ပြီး အလောင်းကောင်မိန်းကလေးသည်ကလည်း ကြိုးတန်းလန်းနှင့်ကပင် သူ့အား ရယ်ပြလာသည်။ ပြီးသော် ရုတ်တရက် သူတို့၏ လက်များဖြင့် မွန်းကို လှမ်းဆွဲလိုက်ကြတော့သည်။

” ဆရာမ နင့်ကိုလည်း ငါတို့ သတ်မယ်…”

အပြင်ဘက်က မိန်းကလေးက ဦးခေါင်းကို ယိမ်းကာပြုကာ ပြောရင်း လက်ကိုဆန့်တန်းပြီး ရှေ့တိုးလာနေသည်။

မွန်း ဒူးများတဆတ်ဆတ်တုန်ခါလာရသည်။ မရိုမသေ ပြောရလျင် အပေါ့များပင် ထွက်ကျကုန်၏။ ရင်ထဲက တဆတ်ဆတ်တုန်ရင်း မောဟိုက်လာရသည်။

” မ…မလာပါနဲ့…”

မွန်း ရင်ထဲ အသက်ရှူမရတော့သလို ခံစားလာရသည်။

မိန်းကလေးသည် ရှေ့တိုးလာနေသည်။ အနားကို ရောက်သော် ဗြုန်းခနဲ မွန်း၏ လည်ပင်းဆီကို သူ၏ လက်အစုံဖြင့် ဖိကိုင်ဖျစ်ညှစ်လာလေတော့၏။

*****

” မွန်း…မွန်းလေး…”

” ဆရာမလေး…”

နားထဲဆီက အသံတို့က နီးတစ်ချက်၊ ဝေးတစ်ချက်။ သူ့ကို ခေါ်နေသည်ဆိုတာကိုတော့ မွန်းသိနေသည်။

မွန်း အားယူကာ မျက်စိကို ဖွင့်ကြည့်မိသည်။ စူးရှသည့်အလင်းရောင်ကို မြင်ရ၏။ မျက်စိကို ခဏပြန်မှိတ်ပြီး ပြန်ကြည့်မိချိန်တွင်တော့ ဖြူလွှသော မျက်နှာကျက်ပြင်ကြီးကို ဦးစွာမြင်လိုက်ရသည်။

” မွန်း…မွန်း…သတိရလာပြီ”

၀မ်းသာအားရနှင့် ပြောလာသူက ကျောင်းအုပ်ကြီး ဦးဒေါပန်။ နံဘေးတွင်တော့ ကျောင်းက ဆရာမသော်တာတို့။

” မွန်း…ကြောက်တယ်…မွန်း အိမ်ပြန်တော့မယ်…အီး…ဟီး…ဟီး…”

မွန်း ဝုန်းခနဲ ထထိုင်မိပြီး ရင်ထဲက အကြောက်တရားကို ထုတ်ဖော်ပြောမိကာ အားရပါးရ ငိုကြွေးမိလေသည်။

” မကြောက်ပါနဲ့ ဆရာမလေးရယ်။ ဆရာမလေးဖြစ်ခဲ့တာတွေကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမယ့် သူတို့ဘဝလေးတွေက သနားစရာလေးတွေပါဗျာ။ ကဲပါလေ…လောလောဆယ်တော့ ဆရာမလေး ပင်ပန်းနေသေးလို့ နားလိုက်ဦး။ ဒါတွေအကြောင်းကို ပြီးမှ ပြောပြတော့မယ်”

ထိုနေ့က မွန်း ဆေးခန်း၌ပင် အိပ်စက်ရလေ၏။

ဆရာမသော်တာနှင့်အတူ အခြားဆရာမတစ်ဦးက အဖော်ပြုပေးသည်။

*****

မွန်း နေကောင်းပြီးနောက်တွင်တော့ ဆုံးဖြတ်ချက်အရ မိမိသဘောဖြင့်သာ အိမ်ပြန်ဖို့ ပြင်မိလေသည်။

အထုပ်အပိုးများဖြင့် ကားဂိတ်ကို ဆင်းခဲ့သည်။ ကားဂိတ်အထိ သော်တာတို့က လိုက်လံပို့ဆောင်ကြ၏။

ကားစောင့်ရင်းဖြင့် သော်တာက ကျောင်းကဖြစ်စဉ်အကြောင်းကို အစဖော်ကာ နောက်ကြောင်းရာဇ၀င်လေးကို ပြန်ပြောပြခဲ့သည်။

သော်တာ၏ ပြောပြချက်အရ…။

တစ်ချိန်က အစိုးရတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တို့အကြားက ပဋိပက္ခကြောင့် ကချင် ပြည်နယ်အနှံ့ စစ်ပွဲများဖြစ်ပွားခဲ့သည်။

ထိုအခါတွင် တိုက်ပွဲဖြစ်ပွားရာနေရာနှင့် နီးစပ်သော နေရာများက မိသားစုများ စစ်ဘေးရှောင်ကြရ၏။

တိုက်ပွဲနှင့် အလှမ်းဝေးရာဒေသရှိ အထကကျောင်းကြီးကတော့ လတ်တလောတွင် အေးချမ်းနေသေးသည့်အတွက် ဖွင့်လှစ်သင်ကြားနေဆဲ။

တစ်ခုသော နေ့လည်ပိုင်းဆီတွင်တော့။

ထင်မှတ်မထားချိန် ဘယ်အဖွဲ့က ပစ်ခတ်သည်မသိလေသော လက်နက်ကြီးတစ်လုံးသည် ကျောင်း၏ အနောက်ဘက်အစွန်ဆုံးဆီက အဆောင်ဆီကို ကျရောက်ခဲ့လေသည်။

အခန်းထဲတွင်ရှိနေသော ကလေးအချို့ ပွဲချင်းပြီသေခဲ့ကြရသည်။ ဆရာမများကတော့ ကျောင်းဆောင်လှည့်စာသင်ရသည့်အတွက် ထိုအချိန်က အဆောင်တွင် ရှိမနေခဲ့။ ကလေးတွေသာ ထိခိုက်မိကုန်ရသည်။ အဆောင်သည်လည်း စိစိညက်ညက်ကြေခဲ့၏။

သည်နောက်ပိုင်းတွင်တော့ ထိုအဆောင်ကြီးကို ပြန်ပြင်ဖို့ကြိုးစားကြသည်။ သို့သော် သေဆုံးခဲ့သည့် ကလေးတို့က အခြောက်အလှန့်များပြုလာကြသည့်အတွက် နောက်ဆုံးပြင်မရတော့ဘဲ သည်အတိုင်းသာ ထားရစ်ရင်း တောဖုံးခဲ့ရသည်။

မွန်းတွေ့ခဲ့ရသော တစ္ဆေလေးများမှာ ဗုန်းဒဏ်ကြောင့် သေဆုံးခဲ့ရသော ကလေးများပင်။

နောက်ပိုင်းကာလများ၌ ထိုနေရာဆီကို လူသွားလူလာ မရှိသလောက်ကြဲသွားပြီး ခြောက်လှန့်သံများလည်း မကြားရတော့သည့်အတွက် မွန်းကို ဆရာ ဆရာမများက မှတ်မှတ်ရရ အသိမပေးမိခဲ့ကြခြင်းပင်။

တရွေ့ရွေ့ထွက်ခွာနေသော ကားကြီးထက်ဆီကနေ မွန်းသည် သော်တာတို့ကို လက်ပြခဲ့သည်။

ခြောက်လှန့်ခံသည့်အတွက် သနားစိတ် ဘယ်မျှပင် ရှိနေစေကာမူ မွန်းဆက်မနေရဲတော့ပါ။

ရင်ထဲကတော့ အဖြေရှာ၍ မဆုံးနိုင်သေးသည့် စစ်ပွဲပဋိပက္ခများကို အပြစ်တင်မိသည်။ ကြားထဲက မြေဇာပင်ဖြစ်ခဲ့ရသော ကလေးငယ်များကိုလည်း သနားမိသည်။

” ကလေးတို့ရယ်…မင်းတို့ဘ၀က သိပ်သနားစရာကောင်းပါတယ်။ နောက်နောင် ဒီလိုအဖြစ်မျိုးတွေကို အခြား ကလေးတွေ ထပ်မကြုံရဖို့ ဆရာမ ဆုတောင်းပါတယ်ကွယ်…”

မွန်း ပါးစပ်က တီးတိုးရေရွတ်မိချိန်။ တရွေ့ရွေ့သွားနေသော ခရီးသည်တင်ကား၏ ပြတင်းပေါက်ဆီက နယ်စပ်မြို့လေး၏ နှုတ်ဆက်ပါ၏ ဆိုင်းဘုတ်ကလေးကို ဖတ်မိလိုက်တော့သည်။

ပြီးပါပြီ။

လက္ခဏ(M.B)

ေက်ာင္းေဆာင္ပ်က္က ကေလးတေစၦမ်ား (စ၊ ဆုံး)
*****

မြန္း ျပည္မကေန ယခုလက္ရွိတာ ၀န္က်ရာ နယ္စပ္ၿမိဳ႕ရွိ အမွတ္(…) အထက္တန္းေက်ာင္းခြဲ( ….)သို႔ အေျပာင္းေရာက္ရွိခဲ့သည္မွာ တစ္ပါတ္ခန္႔သာ ရွိေသးသည္။

ေက်ာင္းတြင္ကား နယ္စပ္ေဒသျဖစ္သည္ႏွင့္အညီ ဆရာ၊ ဆရာမ အင္အားနည္းေသာေၾကာင့္ မြန္းမွာ ေရာက္ေရာက္ခ်င္းပင္ ပၪၥမတန္းႏွင့္ ဆ႒မတန္း တို႔ကို အန္းပိုင္အျဖစ္ တၿပိဳင္နက္ထဲ တာ၀န္ယူရ၏။

အေဆာင္ႏွစ္ခုသည္ ေရွ႕ဆင့္ေနာက္ဆင့္ အတန္းမ်ားျဖစ္ေသာ္လည္း ကပ္လ်က္မဟုတ္ပါ။ ပၪၥမတန္းေဆာင္သည္ ေက်ာင္းအေရွ႕ဘက္ဆီ၌ ရွိ၍ ဆ႒မတန္းေဆာင္က ေက်ာင္း၏ အေနာက္ဘက္ဆုံးထိပ္ဆီတြင္ ျဖစ္သည္။

ဆ႒မတန္းေဆာင္၏ နံေဘးတြင္ အျခားေက်ာင္းေဆာင္မ်ား မရွိပါ။ အေနာက္ဘက္ဆီတြင္ေတာ့ ဝါး႐ုံေတာႀကီးတစ္ခု ရွိေနသည္။ ထိုဝါးေတာႀကီး၏ အစပ္တြင္ေတာ့ ဆရာမမ်ားအတြက္ ေရအိမ္တည္ေဆာက္ထားသည္။

ဆရာမေလး မြန္း စာသင္ရာႏွင့္ ဝါး႐ုံေတာႀကီးသည္က မ်က္ႏွာခ်င္းဆိုင္အေနအထားပင္။ သို႔ေၾကာင့္ ဆ႒မတန္းေဆာင္ကို စာသင္ေလတိုင္း ျပတင္းေပါက္ဆီကတစ္ဆင့္ ယင္းဝါး႐ုံေတာႀကီးကို ျမင္ရေလသည္။

ေန႔လည္ေန႔ခင္းဘက္မ်ားဆိုပါလ်င္ စာသင္ရင္း ဝါး႐ုံႀကီးဘက္ဆီၾကည့္မိစဥ္ အရိပ္အာဝါသေကာင္းလွေသာ ယင္းေနရာဆီက လႈပ္ရွားေနသည့္အရာတခ်ိဳ႕ကို မသည္းမႄကြဲမင္ရ၏။

မည္သည့္အရာျဖစ္ေၾကာင္းကိုေတာ့ မြန္း ေသခ်ာမေဝခြဲႏိုင္ပါ။ အရိပ္အာဝါသေကာင္းသည့္အတြက္ စာသင္ခ်ိန္လစ္ေျပးေသာ အတန္းႀကီးေက်ာင္းသားမ်ားသာ ျဖစ္လိမ့္မည္ဟု အလြယ္ေတြးမွတ္ထားလိုက္မိ၏။

*****

ၾသဂုတ္လအတြင္း မိုးမ်ားတအိအိ႐ြာသြန္းေနေသာ ေန႔တစ္ေန႔တြင္ေတာ့…။

မြန္းတစ္ေယာက္ ညေနပိုင္း ေနာက္ဆုံးစာသင္ခ်ိန္တြင္ ဆ႒မတန္းေဆာင္တြင္ စာသင္ေနမိ၏။

” အား…ကြၽတ္”

စာသင္ေနရင္း ဗိုက္ထဲက ရစ္ရစ္ကာ နာလာသည့္အတြက္ မြန္း ႏႈတ္ခမ္းေလးအသာကိုက္ကာ ညည္းတြားမိသည္။

လက္က နာရီကို ၾကည့္မိေသာ္ ၃ နာရီထိုးရန္ ၂၀ မိနစ္ခန္႔သာ လိုေတာ့သည္။ ေန႔လည္က ထမင္းစားခ်ိန္တြင္ ဒုတိယတန္းသင္ေသာ ဆရာမ ေသာ္တာ ၀ယ္လာေပးသည့္ လက္သုတ္စုံမ်ားကို ခံတြင္းေတြ႕ေတြ႕ႏွင့္ မြန္း အစားလြန္မိခဲ့၏။

ယခုေတာ့ ထိုလက္သုတ္စုံမ်ားက အစြမ္းျပေလၿပီထင္။ အခ်ိန္က ေက်ာင္းျပန္ခ်ိန္နီးေလၿပီ။ သို႔ေသာ္ အိမ္ဆီကို ျပန္ရန္ကား လက္ရွိအေနအထားေၾကာင့္ မျဖစ္ႏိုင္ေလေတာ့။ ေက်ာင္းေရအိမ္ဆီကို၀င္မွသာ ျဖစ္ေပေတာ့မည္။

မြန္း စာသင္ေနမႈကို အလ်င္စလိုပင္ အဆုံးသတ္လိုက္သည္။ ၿပီးေသာ္ အတန္းေခါင္းေဆာင္ေက်ာင္းသားကို တံခါးေစ့ထားေပးခဲ့ရန္ေျပာေလၿပီး ေရအိမ္ဆီေျပးခဲ့သည္။

ေရအိမ္ထဲေရာက္ပါမွ ေဝဒနာကို လႊတ္ခ်မိရ၏။ ေနရထိုင္ရ သက္ေတာင့္သက္သာ ရွိသြားရေသာ္လည္း ဗိုက္ထဲကေတာ့ နာေနဆဲပင္။ အျပင္တြင္ မိုးမ်ားသည္းေနေသာ္ျငား အလုံပိတ္ ေရအိမ္ထဲဆီက မြန္းမွာေတာ့ ေဇာေခြၽးမ်ား ပ်ံေနရသည္။

ဗိုက္ဆီက ရစ္နာမႈေၾကာင့္ အခ်ိန္အေတာ္ၾကာသြားခဲ့၏။ လက္က နာရီၾကည့္ေတာ့ သုံးနာရီပင္ ခြဲေပေတာ့မည္။ ေက်ာင္းလည္း ဆင္းခဲ့ေလၿပီ။ မိုးအုံ႔သည့္အတြက္ ပတ္၀န္းက်င္တခြင္က ေမွာင္ရိပ္လႊမ္းေနသည္။ ၀မ္းဗိုက္ဆီက ေဝဒနာလည္း အေတာ္ကေလး သက္သာၿပီမို႔ မြန္း ေရအိမ္က ထြက္ၿပီး တံခါးကို ျပန္ပိတ္လိုက္၏။

” ဟင္…”

မြန္းမ်က္စိထဲ ေရအိမ္၏ အေနာက္ဘက္ ဝါး႐ုံေတာအစပ္ဆီတြင္ အျဖဴအစိမ္းေက်ာင္း၀တ္စုံကို ၀တ္ဆင္ထားေသာ ေကာင္ကေလးႏွင့္ ေကာင္မေလး။ အ႐ြယ္က ရွိလွမွ ၇ ႏွစ္၊ ၈ ႏွစ္။ ဒုတိယတန္းတက္သည့္ အ႐ြယ္။

ကေလးႏွစ္ဦးသည္ တစ္ဦးႏွင့္တစ္ဦး လက္ခ်င္းခ်ိတ္ၿပီး ဝါး႐ုံေတာႀကီးဆီကို ခုန္ေပါက္ရင္း ေပ်ာ္႐ႊင္စြာ သြားေနၾကသည္။ ေက်ာင္းဆင္းၿပီးခ်ိန္မို႔ ကေလးငယ္ႏွစ္ဦးထဲ ေတာထဲက်န္ရစ္ခဲ့မည္ကို မြန္း ႐ုတ္တရက္ စိုးရိမ္မိသြားသည္။

” ေဟ့…ေဟ့ ကေလးေတြ”

မြန္း၏ ေအာ္သံကို ကေလးေတြက မၾကားသည့္အလား၊ လွည့္၍ပင္မၾကည့္ၾက။ ဝါး႐ုံေတာဆီကိုသာ သြားၿမဲသြားေနၾက၏။

ထိုအခ်င္းအရာေၾကာင့္ မြန္း၏ စိုးရိမ္စိတ္တို႔က ငယ္ထိပ္ဆီေဆာင့္တက္သြားရသည္။ မျဖစ္ေခ်ေတာ့ၿပီမို႔ ကေလးမ်ားအေနာက္ကို ေျပးလိုက္မိ၏။

ကေလးႏွစ္ဦးကား ဝါး႐ုံေတာဆီကို ၀င္ေရာက္သြားေလၿပီ။ မိုးသက္ေလ၏ တိုက္ခိုက္မႈေၾကာင့္ ဝါး႐ြက္မ်ား၏ လႈပ္ခတ္သံက တရွဲရွဲ။ မြန္းမွာ ကေလးမ်ားထံကို ေဇာကပ္ေနရသည္မို႔ ဝါး႐ုံေတာဆီကို ေရာက္မွန္းမသိေရာက္လာရသည္။

” ဟင္…”

ဝါး႐ုံေတာႀကီး၏ အထဲဆီတြင္ တစ္စြန္းတစ္စထြက္ေပၚေနေသာ ရွည္ေမ်ာေမ်ာ အေဆာက္အအုံအပ်က္တစ္ခု။ မည္းညစ္ေနေသာ နံရံမ်ားေၾကာင့္ မီးေလာင္ခံထားရေသာ ေက်ာင္းေဆာင္အပ်က္တစ္ခုျဖစ္မည္။ ကေလးငယ္ႏွစ္ဦးကား ထိုအထဲဆီကို ၀င္ေရာက္သြားေလသည္။

” ဒီကေလးေတြ ဒီအထဲကို ဘာလာလုပ္ၾကတာပါလိမ့္”

မြန္း စိတ္ထဲ ထိုကေလးႏွစ္ေယာက္ကို မသကၤာေတာ့။ လူမွဟုတ္ပါစဟုလည္း ေရးေရးေတြးမိရ၏။

မြန္း လွည့္ျပန္ဖို႔ စဥ္းစားၾကည့္သည္။ အကယ္၍သာ သရဲတေစၦမဟုတ္ပါဘဲ ေက်ာင္းက ကေလးငယ္ႏွစ္ေယာက္သာ ျဖစ္ေနပါရင္ဆိုသည့္အေတြးက ၀င္ေရာက္လာရသည္။

” အို…အခ်ိန္က အေစာႀကီးရွိေသးတာပဲ သြားၾကည့္တာ မမွားပါဘူး”

မြန္း ကိုယ့္ဘာသာေရ႐ြတ္ရင္း စိတ္ကိုတင္းလို႔ အေဆာင္ဆီကို ေျခလွမ္းလိုက္သည္။

ထိုအခိုက္…။

တိုက္ခတ္ေနေသာ မိုးသက္ေလသည္ ႐ုတ္ျခည္း ၿငိမ္သက္သြား၏။ ေလၿငိမ္သြားသည့္အတြက္ ပတ္၀န္းက်င္တစ္ခုလုံးက ေလဟာနယ္ႀကီးပမာ။

ထိုအတြက္ စိတ္လႈပ္ရွားေနေသာ မြန္းတစ္ေယာက္ အသက္ရႉက်ပ္သလို ခံစားရၿပီး ေဇာေခြၽးမ်ားပင္ ပ်ံလာရသလိုပင္။

*****

” ဟင္…”

အေဆာင္ပ်က္သည္ အမိုးမ်ား ေပါက္ၿပဲေဆြးေျမ့ေန၏။ အခ်ိဳ႕ေနရာတို႔ဆီ၀ယ္ သစ္တိုသစ္စ အမႈိက္သ႐ိုက္မ်ားကလည္း ရႈပ္ပြတေနသည္။ အထဲတြင္ မြန္းထင္ထားသည့္အတိုင္း ကေလးငယ္ႏွစ္ဦးရွိမေန။ သည္အတြက္ မြန္း တအံ့တၾသေရ႐ြတ္မိလိုက္သည္။

” သူတို႔ ဘယ္ေရာက္သြားၾကပါလိမ့္”

မ်က္စိေရွ႕တြင္ အထဲ၀င္သြားသည္ကို ျမင္ေနရပါလ်က္ႏွင့္က ေပ်ာက္သြားေသာ ကေလးႏွစ္ေယာက္ေၾကာင့္ မြန္းစိတ္ထဲ အလိုမက်ျဖစ္သြားရသည္။

မြန္း စိတ္ကို အရဲကိုးကာ ေရွ႕ဆက္တိုးခဲ့သည္။ အခန္းေဆာင္ရွည္ႀကီးတစ္ေလွ်ာက္ကို တေ႐ြ႕ေ႐ြ႕တိုးကာ ေလွ်ာက္ၾကည့္လိုက္သည္။

တေျဖးေျဖး အေဆာင္၏ ေထာင့္အခန္းဆီေရာက္လာ၏။ တစ္ေဆာင္လုံးတြင္ သက္ရွိဟူ၍ သူတစ္ေယာက္ထဲရယ္သာရွိေနသည္။

” ဪ…ေတြ႕ၿပီ မင္းတို႔က ဒီမွာကိုး”

ေထာင့္တစ္ေနရာဆီတြင္ တစ္ခ်ိန္က စတိုခန္းဟု ယူဆရသည့္ အခန္းပ်က္ဆီတြင္ ကေလးႏွစ္ေယာက္ကို မြန္းလွမ္းေတြ႕လိုက္ရသည္။

ကေလးႏွစ္ေယာက္သည္ အခန္းပ်က္၏ အတြင္းဘက္တြင္ရွိေနၿပီး အေပါက္ဘက္ မြန္းရွိရာကို မ်က္ႏွာမူထားသည္။ သို႔ေသာ္ သူတို႔မ်က္လုံးမ်ားကေတာ့ အျပင္ဘက္ကို ၾကည့္မေန။

အေပါက္၀၏ နံေဘးေထာင့္ အထက္ဘက္က်က်ဆီကို အနည္းငယ္ ေမာ္၍ ၾကည့္ေနၾကသည္။ သူတို႔၏ မ်က္လုံးမ်ားသည္က တစ္စုံတစ္ရာေၾကာက္႐ြံ႕စရာကို ေတြ႕ေနရသည္အသြင္ ျပဴးေၾကာင္ေၾကာင္ျဖင့္ ရွိေနသည္။

သူတို႔ကို ၾကည့္ၿပီး မြန္းပင္လ်င္ ေက်ာထဲ စိမ့္ခနဲ ျဖစ္သြားရသည္။ ကေလးႏွစ္ေယာက္အတြက္လည္း.စိုးရိမ္သြားမိ၏။

” က ကေလးတို႔…”

အခန္း၀ဆီက ရပ္ကာ မြန္းေခၚမိသည္။ သို႔ေသာ္ ေလးႏွစ္ေယာက္က သူ၏ အသံကို မၾကားသည့္အလား။

မြန္း စိတ္ေဇာေၾကာင့္ သတိမမူမိခ်ိန္မွာပင္ အခန္းထဲဆီေျပး၀င္ၿပီး ကေလးတို႔ကို ဆြဲထုတ္ရန္ႀကိဳးစားမိလိုက္သည္။ ဆြဲရင္းျဖင့္ ကေလးေတြၾကည့္ေနရာဆီကို ႐ုတ္တရက္ လွည့္ၾကည့္မိသည္အခိုက္…။

” အမေလး…ဒါ…ဒါ…”

မြန္း အံ့ၾသထိတ္လန္႔မႈေၾကာင့္ ဆြံ႕အသြားမိရသည္။

သူျမင္ေနရသည္က နံရံဆီတြင္ လည္ပင္းကို ႀကိဳးကြင္းစြပ္ၿပီး တြဲေလာင္းႀကီး ဆြဲခ်ိတ္ခံထားရေသာ မိန္းကေလးတစ္ေယာက္။ အသက္က ၁၂ ၀န္းက်င္ခန္႔သာ ရွိေပမည္။ မိန္းကေလး၏ မ်က္၀န္းမ်ားက ျပဳးထြက္ေနၿပီး လွ်ာကလည္း အျပင္ကို တစ္လစ္ ရွည္လ်ားစြာ ထြက္ေနသည္။

မြန္း ထြက္ေျပးရန္ဆုံးျဖတ္လိုက္ၿပီး ကေလးႏွစ္ေယာက္ကို လွမ္းဆြဲလိုက္သည္။ ထိုစဥ္

” သူတို႔ကို သမီးသတ္ထားတာ ဆရာမ…ဟီး…ဟီး…”

အခန္းအျပင္ဆီက ေျခာက္ကပ္ကပ္ ခပ္စူးစူးအသံႏွင့္အတူ မိန္းကေလးတစ္ေယာက္ထပ္မံေရာက္လာသည္။

” မင္း…မင္းက…”

” သမီးက သရဲ​ေလ…ဆရာမ ဟီး…ဟီး…ဟီး…”

မြန္းတစ္ကိုယ္လုံးရွိ အေၾကာအခ်င္မ်ား ဆိုင္းသြားရသည့္ႏွယ္ ခံစားလိုက္ရသည္။

ထိုမိန္းကေလး၏ မ်က္၀န္းမ်ားသည္ အျဖဴထည္ႀကီးသာ ရွိေနသည္။ တစ္ကိုယ္လုံးတြင္လည္း ေသြးတို႔က ႐ႊဲစိုေနသည္မွာ ျမင္မေကာင္း။ ပါးစပ္ကလည္း ေသြးမည္းမည္းမ်ားစီးက်ေနေသးသည္။

” ဆရာမကိုလည္း သူတို႔ကို သတ္သလို သတ္ေပးမယ္ေနာ္…”

” မ…မလုပ္ပါနဲ႔…”

မြန္းေၾကာက္လန္႔တၾကား တားျမစ္ေတာင္းဆိုမိ၏။

ထိုမိန္းကေလးက ဦးေခါင္းကို တပတ္လည္ကာ ခါရမ္းျပ၏။

မြန္း မျဖစ္သာေတာ့သည့္ အေျခအေန၀ယ္ ကေလးႏွစ္ေယာက္ကိုသာ လြတ္ေစရန္ ဆုံးျဖတ္လိုက္သည္။

” သား…သားတို႔ မင္းတို႔ ေျပးၾကေတာ့…”

မြန္း၏ စကားအဆုံး၀ယ္ အခန္း၀ဆီက မိန္းကေလးသည္ ေၾကာက္မက္ဖြယ္ရာ ဟားတိုက္ၿပီး ရယ္ေမာ၏။

” ေျပာမေနနဲ႔ ဆရာမ။ အခု ဒီမွာ ရွိေနတာအားလုံးက သရဲေတြခ်ည္းပဲ…ဟတ္…ဟတ္…”

ေၾကာက္စရာေကာင္းသည့္ မိန္းကေလးဆီက စကားသံက ေျခာက္ျခားဖြယ္ရာ။

မြန္း သူ႔စကားေၾကာင့္ နံေဘးက ကေလးငယ္ႏွစ္ဦးႏွင့္ အေလာင္းကို မရဲတရဲၾကည့္လိုက္သည္။

” အား….”

မြန္း ငယ္သံပါေအာင္ ေအာ္ဟစ္မိေတာ့၏။

သူ၏ နံေဘးက ကေလးငယ္ႏွစ္ဦးသည္ ဦးေခါင္းမ်ားမရွိေတာ့၊ ခႏၶာကိုယ္ႀကီးခ်ည္းသာ ရွိေနခဲ့ၿပီး အေလာင္းေကာင္မိန္းကေလးသည္ကလည္း ႀကိဳးတန္းလန္းႏွင့္ကပင္ သူ႔အား ရယ္ျပလာသည္။ ၿပီးေသာ္ ႐ုတ္တရက္ သူတို႔၏ လက္မ်ားျဖင့္ မြန္းကို လွမ္းဆြဲလိုက္ၾကေတာ့သည္။

” ဆရာမ နင့္ကိုလည္း ငါတို႔ သတ္မယ္…”

အျပင္ဘက္က မိန္းကေလးက ဦးေခါင္းကို ယိမ္းကာျပဳကာ ေျပာရင္း လက္ကိုဆန္႔တန္းၿပီး ေရွ႕တိုးလာေနသည္။

မြန္း ဒူးမ်ားတဆတ္ဆတ္တုန္ခါလာရသည္။ မ႐ိုမေသ ေျပာရလ်င္ အေပါ့မ်ားပင္ ထြက္က်ကုန္၏။ ရင္ထဲက တဆတ္ဆတ္တုန္ရင္း ေမာဟိုက္လာရသည္။

” မ…မလာပါနဲ႔…”

မြန္း ရင္ထဲ အသက္ရႉမရေတာ့သလို ခံစားလာရသည္။

မိန္းကေလးသည္ ေရွ႕တိုးလာေနသည္။ အနားကို ေရာက္ေသာ္ ျဗဳန္းခနဲ မြန္း၏ လည္ပင္းဆီကို သူ၏ လက္အစုံျဖင့္ ဖိကိုင္ဖ်စ္ညႇစ္လာေလေတာ့၏။

*****

” မြန္း…မြန္းေလး…”

” ဆရာမေလး…”

နားထဲဆီက အသံတို႔က နီးတစ္ခ်က္၊ ေဝးတစ္ခ်က္။ သူ႔ကို ေခၚေနသည္ဆိုတာကိုေတာ့ မြန္းသိေနသည္။

မြန္း အားယူကာ မ်က္စိကို ဖြင့္ၾကည့္မိသည္။ စူးရွသည့္အလင္းေရာင္ကို ျမင္ရ၏။ မ်က္စိကို ခဏျပန္မွိတ္ၿပီး ျပန္ၾကည့္မိခ်ိန္တြင္ေတာ့ ျဖဴလႊေသာ မ်က္ႏွာက်က္ျပင္ႀကီးကို ဦးစြာျမင္လိုက္ရသည္။

” မြန္း…မြန္း…သတိရလာၿပီ”

၀မ္းသာအားရႏွင့္ ေျပာလာသူက ေက်ာင္းအုပ္ႀကီး ဦးေဒါပန္။ နံေဘးတြင္ေတာ့ ေက်ာင္းက ဆရာမေသာ္တာတို႔။

” မြန္း…ေၾကာက္တယ္…မြန္း အိမ္ျပန္ေတာ့မယ္…အီး…ဟီး…ဟီး…”

မြန္း ဝုန္းခနဲ ထထိုင္မိၿပီး ရင္ထဲက အေၾကာက္တရားကို ထုတ္ေဖာ္ေျပာမိကာ အားရပါးရ ငိုေႂကြးမိေလသည္။

” မေၾကာက္ပါနဲ႔ ဆရာမေလးရယ္။ ဆရာမေလးျဖစ္ခဲ့တာေတြကို ကြၽန္ေတာ္ နားလည္ပါတယ္။ ဒါေပမယ့္ သူတို႔ဘဝေလးေတြက သနားစရာေလးေတြပါဗ်ာ။ ကဲပါေလ…ေလာေလာဆယ္ေတာ့ ဆရာမေလး ပင္ပန္းေနေသးလို႔ နားလိုက္ဦး။ ဒါေတြအေၾကာင္းကို ၿပီးမွ ေျပာျပေတာ့မယ္”

ထိုေန႔က မြန္း ေဆးခန္း၌ပင္ အိပ္စက္ရေလ၏။

ဆရာမေသာ္တာႏွင့္အတူ အျခားဆရာမတစ္ဦးက အေဖာ္ျပဳေပးသည္။

*****

မြန္း ေနေကာင္းၿပီးေနာက္တြင္ေတာ့ ဆုံးျဖတ္ခ်က္အရ မိမိသေဘာျဖင့္သာ အိမ္ျပန္ဖို႔ ျပင္မိေလသည္။

အထုပ္အပိုးမ်ားျဖင့္ ကားဂိတ္ကို ဆင္းခဲ့သည္။ ကားဂိတ္အထိ ေသာ္တာတို႔က လိုက္လံပို႔ေဆာင္ၾက၏။

ကားေစာင့္ရင္းျဖင့္ ေသာ္တာက ေက်ာင္းကျဖစ္စဥ္အေၾကာင္းကို အစေဖာ္ကာ ေနာက္ေၾကာင္းရာဇ၀င္ေလးကို ျပန္ေျပာျပခဲ့သည္။

ေသာ္တာ၏ ေျပာျပခ်က္အရ…။

တစ္ခ်ိန္က အစိုးရတပ္ႏွင့္ တိုင္းရင္းသားလက္နက္ကိုင္တို႔အၾကားက ပဋိပကၡေၾကာင့္ ကခ်င္ ျပည္နယ္အႏွံ႔ စစ္ပြဲမ်ားျဖစ္ပြားခဲ့သည္။

ထိုအခါတြင္ တိုက္ပြဲျဖစ္ပြားရာေနရာႏွင့္ နီးစပ္ေသာ ေနရာမ်ားက မိသားစုမ်ား စစ္ေဘးေရွာင္ၾကရ၏။

တိုက္ပြဲႏွင့္ အလွမ္းေဝးရာေဒသရွိ အထကေက်ာင္းႀကီးကေတာ့ လတ္တေလာတြင္ ေအးခ်မ္းေနေသးသည့္အတြက္ ဖြင့္လွစ္သင္ၾကားေနဆဲ။

တစ္ခုေသာ ေန႔လည္ပိုင္းဆီတြင္ေတာ့။

ထင္မွတ္မထားခ်ိန္ ဘယ္အဖြဲ႕က ပစ္ခတ္သည္မသိေလေသာ လက္နက္ႀကီးတစ္လုံးသည္ ေက်ာင္း၏ အေနာက္ဘက္အစြန္ဆုံးဆီက အေဆာင္ဆီကို က်ေရာက္ခဲ့ေလသည္။

အခန္းထဲတြင္ရွိေနေသာ ကေလးအခ်ိဳ႕ ပြဲခ်င္းၿပီေသခဲ့ၾကရသည္။ ဆရာမမ်ားကေတာ့ ေက်ာင္းေဆာင္လွည့္စာသင္ရသည့္အတြက္ ထိုအခ်ိန္က အေဆာင္တြင္ ရွိမေနခဲ့။ ကေလးေတြသာ ထိခိုက္မိကုန္ရသည္။ အေဆာင္သည္လည္း စိစိညက္ညက္ေၾကခဲ့၏။

သည္ေနာက္ပိုင္းတြင္ေတာ့ ထိုအေဆာင္ႀကီးကို ျပန္ျပင္ဖို႔ႀကိဳးစားၾကသည္။ သို႔ေသာ္ ေသဆုံးခဲ့သည့္ ကေလးတို႔က အေျခာက္အလွန္႔မ်ားျပဳလာၾကသည့္အတြက္ ေနာက္ဆုံးျပင္မရေတာ့ဘဲ သည္အတိုင္းသာ ထားရစ္ရင္း ေတာဖုံးခဲ့ရသည္။

မြန္းေတြ႕ခဲ့ရေသာ တေစၦေလးမ်ားမွာ ဗုန္းဒဏ္ေၾကာင့္ ေသဆုံးခဲ့ရေသာ ကေလးမ်ားပင္။

ေနာက္ပိုင္းကာလမ်ား၌ ထိုေနရာဆီကို လူသြားလူလာ မရွိသေလာက္ႀကဲသြားၿပီး ေျခာက္လွန္႔သံမ်ားလည္း မၾကားရေတာ့သည့္အတြက္ မြန္းကို ဆရာ ဆရာမမ်ားက မွတ္မွတ္ရရ အသိမေပးမိခဲ့ၾကျခင္းပင္။

တေ႐ြ႕ေ႐ြ႕ထြက္ခြာေနေသာ ကားႀကီးထက္ဆီကေန မြန္းသည္ ေသာ္တာတို႔ကို လက္ျပခဲ့သည္။

ေျခာက္လွန္႔ခံသည့္အတြက္ သနားစိတ္ ဘယ္မွ်ပင္ ရွိေနေစကာမူ မြန္းဆက္မေနရဲေတာ့ပါ။

ရင္ထဲကေတာ့ အေျဖရွာ၍ မဆုံးႏိုင္ေသးသည့္ စစ္ပြဲပဋိပကၡမ်ားကို အျပစ္တင္မိသည္။ ၾကားထဲက ေျမဇာပင္ျဖစ္ခဲ့ရေသာ ကေလးငယ္မ်ားကိုလည္း သနားမိသည္။

” ကေလးတို႔ရယ္…မင္းတို႔ဘ၀က သိပ္သနားစရာေကာင္းပါတယ္။ ေနာက္ေနာင္ ဒီလိုအျဖစ္မ်ိဳးေတြကို အျခား ကေလးေတြ ထပ္မႀကဳံရဖို႔ ဆရာမ ဆုေတာင္းပါတယ္ကြယ္…”

မြန္း ပါးစပ္က တီးတိုးေရ႐ြတ္မိခ်ိန္။ တေ႐ြ႕ေ႐ြ႕သြားေနေသာ ခရီးသည္တင္ကား၏ ျပတင္းေပါက္ဆီက နယ္စပ္ၿမိဳ႕ေလး၏ ႏႈတ္ဆက္ပါ၏ ဆိုင္းဘုတ္ကေလးကို ဖတ္မိလိုက္ေတာ့သည္။

ၿပီးပါၿပီ။

လကၡဏ(M.B)