“ကွင်းပိုင်နှမ မဖဲဝါ”(စ/ဆုံး)

“ကွင်းပိုင်နှမ မဖဲဝါ”(စ/ဆုံး)
——————————-

ခုတစ်လော ကျုပ်အိပ်ရာထတာ နောက်ကျတယ်ဗျ။

တန်ခူး ကဆုန် စွေ့စွေ့ခုန်ဆိုတဲ့အတိုင်းပါပဲဗျာ။
သင်္ကြန်ပြီးကတည်းက တစ်နေ့တစ်ခြား ပူလာလိုက်တာ
ကဆုန်လထဲလည်း ရောက်ရော နေ့ည ညရော
ပူတော့တာပါပဲဗျာ။

တစ်ညလုံး ချွေးတွေထွက်လို့ ဘယ်မှာ နှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်မှာတုံးဗျာ။ အိပ်ရာထဲမယ် ဟိုဘက်လှိမ့်
ဒီဘက်လှိမ့်နဲ့ မနက်လင်းအားကြီးလောက်ရောက်မှ
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့တာဗျ။
ဒီတော့လည်း အိပ်ရာက စောစောမထနိုင်တော့ဘူးပေါ့ဗျာ။

“ကိုကြီးတာတေ၊ ကိုကြီးတာတေ”

ကျုပ်ကို ခေါ်တဲ့အသံကို သဲ့သဲ့လေး ကြားသားဗျ။
မျက်လုံးက ဖွင့်ကို မရတာဗျို့။

“ဟဲ့ တာတေ၊ ထစမ်း၊ ထစမ်း၊ ဝိုင်းဝကနေ
နင့်ကို ခေါ်နေတာဟဲ့ ”

အမေနှိုးတော့မှပဲ ကျုပ် ကြည်ကြည်လင်လင်
နိုးသွားတာဗျ။ ကျုပ်လည်း အိပ်မှုံစုံမွှားနဲ့
ထကြည့်လိုက်တယ်၊ ဟာ ကျောက်ခဲ
ဝိုင်းထဲမဝင်ဘဲ ဝိုင်းဝကနေ အော်ခေါ်နေတာဗျ။

“ကျောက်ခဲ လာလေ၊ ဘာလို့ ဝင်မလာဘဲ
အော်ခေါ်နေတာတုံး ”

ကျုပ် အော်လိုက်တော့မှ ကျောက်ခဲက
ဝိုင်းထဲကို ခပ်သုတ်သုတ်လျှောက်ပြီး
ဝင်လာတာဗျ။ အိမ်ပေါ်ကို တန်းတက်လာတာဗျို့။

“စိတ်စောနေလို့ ကိုကြီးတာတေရ၊ ဝိုင်းဝကပဲ
အော်ခေါ်နေတာဗျို့ ”

“အောင်မာ ကျောက်ခဲရာ၊ မင်းမှာ ဘာတွေများ
စိတ်စောစရာတွေ ရှိနေလို့တုံးကွ ”

ကျောက်ခဲက ထိုင်တောင် မထိုင်ဘူးဗျ။
မတ်တတ်ရပ်ပြီးတော့ တန်းပြောတာဗျ။

“ကိုကြီးတာတေတို့ သမုန်းတောယာထဲမှာ
ခြေရာကြီး အကြီးကြီးတွေ တွေ့လို့တဲ့ဗျ”

“ဟေ …ငါတို့ယာထဲမှာ ဟုတ်လား၊ ခြေရာက
ဘယ်လောက်ကြီးလို့တုံး ”

“ဘိုးစံကွန့် ပြောတာဗျ၊ သူတို့က ပဲတီးစိမ်းတွေ
မတ်ပဲတွေ စိုက်ထားတော့ ပဲခင်းသွားတာလေဗျာ၊
သမုန်းတောယာကို သူတို့က ဖြတ်သွားနေကြလေ။
အဲဒီမှာ ခြေရာကြီးတွေ တွေ့လို့ ဆိုပြီး ပြန်လာကြတာ၊
ရွာထဲမှာ ဘိုးစံကွန့်က ဒီအကြောင်းကို ပြောပြနေတာ
ကြားလို့၊ ကျုပ်က လာပြောတာဗျ။ ကဲ…ကိုကြီး
တာတေ မျက်နှာမြန်မြန်သစ်ဗျာ၊ သမုန်းတောယာကို
မြန်မြန် သွားကြည့်ရအောင် ”

ကျောက်ခဲနဲ့ ကျုပ် ယာထဲကို ရောက်တော့
ဘိုးစံကွန့်ပြောတဲ့ ခြေရာကြီးတွေကို လိုက်ရှာကြတယ်
ကျောက်ခဲက တစ်ဖက်၊ ကျုပ်က တစ်ဖက်
လူခွဲပြီး ရှာတာဗျ။ သမုန်းပင်တွေ ခြောက်ပင်၊
ခုနှစ်ပင် ပြုံနေတဲ့ ယာကွက်မို့လို့ သမုန်းတောယာလို့
ခေါ်နေကြတာဗျ။

“ဟာ …တွေ့ပြီဗျို့၊ ကိုကြီးတာတေရေ၊
ဟောဒီမှာဗျို့။ အကြီးကြီးတွေပဲဗျ”

ကျုပ်က ကျောက်ခဲဆီကို ပြေးသွားပြီး ငုံ့ကြည့်လိုက်တယ်
ဟုတ်ပါ့ဗျာ၊ နည်းတဲ့ ခြေရာကြီးတွေ မဟုတ်ဘူးဗျာ။
စကောတစ်ချပ်စာလောက် ရှိမယ်ဗျ။ ဒါပေမဲ့
အဝိုင်းမဟုတ်ဘူး၊ လူခြေရာလိုပုံဗျ၊ ခြေချောင်းရာတွေပါ
ပါတယ်။ ခြေချောင်းရာကလည်း ငါးချောင်းပဲ။
ခြေမနေရာကလည်း အကြီးကြီးဗျ။ အုန်းမှုတ်ခွက်
တစ်ခွက်စာလောက် ရှိတယ်။

ပြီးတော့ ခြေရာက မြေကြီးပေါ်မှာ ပါးပါးလေးပဲ
ထင်နေတာဗျ။ ဒီလောက်ကြီးတဲ့ ခြေရာကြီးဆိုရင်
အကောင်ကလည်း အကြီးကြီး ဖြစ်မှာပေါ့ဗျ။
မြေကြီးထဲမှာ ခြေရာက နက်နက်ကြီး
ထင်နေရမှာပေါ့။ အခု အဲဒီလို မဟုတ်ဘူးဗျ။
သဲမြေပေါ်မှာ ပါးပါးလေးပဲ ထင်နေတာ။

ကျုပ် လိုက်ပြီး ရေကြည့်တယ် ။ တစ်ခု၊ နှစ်ခု၊
သုံးခု၊ လေးခု အားလုံးဆယ့်လေးခု။ကျုပ်
သေသေချာချာ ကြည့်တော့ ခြေရာက
ဘယ်ခြေရာ၊ ညာခြေရာ စုံဗျ။ ခြေရာ
ဆယ့်လေးခုဆိုတော့ ခြေလှမ်းခုနှစ်လှမ်း
လှမ်းထားတာဗျ။ ခြေရာတစ်ခုနဲ့ တစ်ခုကြား
အကွာအဝေးကို ကျုပ် ခန့်မှန်းကြည့်တော့
လက်တံတစ်လံလောက် ခြားတယ်ဗျ။

ဒါဆိုရင် ဒီခြေရာပိုင်ရှင်ဟာ နည်းတဲ့အရပ်ကြီးမှ
မဟုတ်တာဗျာ။ ကျုပ်က ဒီအကြောင်း ပြောပြတော့
ကျောက်ခဲ ဆိုတာ ကြောက်သွားပြီး မျက်နှာလေး
ဆီးရွက်လောက်ပဲ ရှိတော့တာဗျို့။ ကျောက်ခဲကိုသာ
ပြောရတယ်။ကျုပ်ကိုယ်တိုင်လည်း ကြောက်တာပဲဗျ။
စောစောကတည်းက ကြက်သီးတွေ နှစ်ခါလောက်
ထသွားပြီးသားဗျ။

ဟော ကျုပ်တို့ရွာထဲက လူတွေ ထွက်လာကြပြီဗျို့
ဒီသတင်းက ကျုပ်တို့ရွာထဲမယ် ပြန့်သွားပြီထင်တယ်။
ဘိုးစံကွန့်ကလည်း တွေ့သမျှလူကို အကုန်လျှောက်
ပြောနေတာလေဗျာ။ ကျုပ်နဲ့ ကျောက်ခဲလည်း
ခြေရာကြည့်ဖို့ ထွက်လာတဲ့ လူတွေနဲ့ မတွေ့အောင်
ဘိုးညီလေး ထန်းတောဘက်ကပတ်ပြီး ရွာကို
ပြန်ခဲ့ကြတယ်။

ဧရာမခြေရာကြီးတွေရဲ့ ပိုင်ရှင်က ခြေလှမ်းခုနှစ်လှမ်း
လှမ်းပြီး ပျောက်သွားပုံရတယ်ဗျ။ နောက်ထပ်
ခြေရာမကျန်ခဲ့တော့ဘူး။ ကျုပ်တို့ ထနောင်းကုန်းသားတွေ
အတွက်ကတော့ ဒီနေ့ဟာ ‘ခြေရာနေ့’ဖြစ်သွားတော့တာပေါ့ဗျာ။

ဟိုနားစုစု၊ ဒီနားစုစုနဲ့ တစ်နေ့လုံး ဒီခြေရာ
အကြောင်းတွေပဲ ပြောနေတော့တာပေါ့ဗျာ။
ရွာထဲက သက်ကြီးရွယ်အိုတွေကလည်း
သူတို့ဘဝမှာ တွေ့ကြုံခဲ့ဖူးတဲ့ ခြေရာတွေအကြောင်း
ပြောကြတော့တာပေါ့ဗျာ။

တစ်ချို့ကလည်း ဒါကို ဘီလူးခြေရာလို့ ပြောကြတယ်
ရွာနီးတစ်ဝိုက် ညဘက် မသွားဖို့ မလာဖို့ ပြောတဲ့
လူကပြော နေဝင်ရင် ရွာပြင်မထွက်ကြနဲ့
ရွာနားကို ဘီလူးကပ်တယ်လို့ ဆိုသူကဆို။
ညဘက်ကို ကလေးငယ်လေးတွေ သိပ်မငိုအောင်
အမေတွေက ဂရုစိုက်ဖို့ ပြောတဲ့လူကပြော။

တချို့လူကြီးတွေကျတော့လည်း ဒါဟာ
မြေဘုတ်ဘီလူးခြေရာလို့ ပြောကြတယ်
ညရောက်ရင် ဝိုင်းဝက မြေကြီးပေါ်မှာ
ဖယောင်းတိုင် ငါးတိုင်စိုက်ပြီး ထွန်းဖို့
ပြောကြတယ်

ဒီတော့မှ ကျုပ်လည်း ခြေရာဆိုတာ လူတွေ
စိတ်ဝင်စားတဲ့ အရာတစ်ခုပဲ ဆိုတာ သိရတော့တယ်
အိမ်ပြန်ရောက်တော့ အဘနဲ့ အမေက ကျုပ်ကို
ဆီးမေးရောဗျ။

“ဟဲ့ တာတေ၊ ခြေရာကြီးတွေဆိုတာ ဟုတ်လား ”

“ဟုတ်တယ် အမေ ”

“ခြေရာက တော်တော်ကြီးလား လူလေး ”

အဘကလည်း မေးတယ်ဗျ၊ ကျုပ်က ခေါင်းညိတ်
ပြလိုက်တယ်

“ဘယ်လောက်တောင် ကြီးလို့တုံး”

“စကောချပ်ကြီးလောက် ရှိတယ် အဘရဲ့၊
ဒါပေမဲ့ စကောလို အဝိုင်းတော့ မဟုတ်ဘူး၊
လူခြေရာဗျ”

“ကျုပ် ရေကြည့်တာ အားလုံး ဆယ့်လေးခုရှိတယ်
ခြေလှမ်း ခုနှစ်လှမ်း လှမ်းထားတဲ့ အရာဗျ။
ပြီးတော့ ခြေလှမ်းကို ကျုပ်တိုင်းကြည့်တာ
လူကြီးလက်တံတစ်လံလောက် ရှိတယ်”

“အို မနည်းပါလား၊ ခြေလှမ်း ဒီလောက်ကျဲရင်
အကောင် တော်တော်ကြီးလို့ပေါ့ကွ”

“ဟုတ်တယ် အဘရ၊ ဒါပေမဲ့ အကောင်သာ
ကြီးတာဗျ၊ ခြေရာက မြေကြီးထဲကို နက်မဝင်ဘူး၊
သဲပေါ်မှာ ဖွဖွလေးပဲ ထင်နေတာ ”

“ဟေ …ဟုတ်လား၊ ဒါဆိုရင် အကောင်ကြီးပေမယ့်
ပေါ့ပေါ့လေးမို့လို့ပေါ့ လူလေးရ”

“ဟုတ်တယ် အဘ၊ ဟုတ်တယ် ”

“အို …ဘယ့်နှယ့်ဟာတုံး၊ ရွာထဲက ကောင်တွေ
ကတော့ ဒါ ဘီလူးခြေရာပဲ ဆိုပြီး ရွာထဲကို
ဘီလူးမဝင်နိုင်အောင် ဘယ်လို လုပ်မလဲလို့
ပြောကြဆိုကြ လုပ်နေတယ်ကွ ”

” အဘသိတဲ့ အတိုင်းပဲ ၊ ကျုပ်တို့ ရွာသားတွေကတော့
ဒီလိုထူးထူးဆန်းဆန်း အကြောင်းလေးတွေဆိုရင်
လွှတ်စိတ်ဝင်စားကြတာဗျ။ ပြီးရင်လည်း
ဘယ်လိုကြောက်ရမလဲ ဆိုတာကိုပဲ တွေးနေကြတာ ”

“အေးပေါ့ လူလေးရယ်၊ တောသူတောင်သားတွေကိုကွယ်၊
ဘာမဆို ယုံလွယ်ကြတာကလားကွဲ့ ”

ကျုပ်လည်း ခုံတန်းလျားပေါ်ထိုင်ပြီး
နဂါးဆေးပေါ့လိပ်ကလေးကို မီးညှိပြီး
ဖွာနေလိုက်တယ် ။ အဘကလည်း
သူ့အတွေးနဲ့သူ ငြိမ်နေတယ်ဗျ။
အမေကတော့ မီးဖိုထဲ ဝင်သွားလေရဲ့၊
ကျုပ်လည်း အမျိုးမျိုး တွေးကြည့်တာပေါ့ဗျာ။
ဒါပေမဲ့ ဘာဆိုတာကို ကျုပ် မမှန်းဆနိုင်ဘူးဗျ။

ထမင်းစားပြီးချိနိလောက်ကျတော့ ကျောက်ခဲ
ကျုပ်ဆီကို တစ်ခေါက် ထပ်လာတယ်။ သူနဲ့
ကျုပ်နဲ့ မန်ကျည်းပင်ကြီးအောက်က ကွပ်ပျစ်မှာ
ထိုင်ပြီး အကြမ်းသောက်ရင်း စကားပြောကြတယ်။

ကျောက်ခဲက ကျုပ်တို့ယာထဲမှာ တွေ့တဲ့
ခြေရာကြီးတွေ အကြောင်း ရွာထဲမှာ ပြောကြ
ဆိုကြတာတွေကို လိုက်နားထောင်ပြီး ကျုပ်ဆီကို
သတင်းတွေ သယ်လာတာဗျ။ ညနေသာ
စောင်းသွားတယ်။ ဒီခြေရာတွေနဲ့ ပက်သက်ပြီး
ကျုပ် ဘာမှမသိဘူးဗျ။

ကျောက်ခဲလည်း အိမ်ပြန်သွားတယ်ဗျ။

ညနေစောင်းတော့ သူကြီး လွှတ်လိုက်တဲ့
ဆယ်အိမ်ခေါင်းတွေက တစ်ဝိုင်းဝင် တစ်ဝိုင်းထွက်
လိုက်ပြောကြတယ်။ ခြောက်နာရီထိုးတာနဲ့
ရွာတံခါးပိတ်မယ့်အကြောင်း၊ အကြောင်း
ကိစ္စမရှိဘဲ ညဘက် ရွာထဲကို မသွားမလာဖို့၊
အိမ်တံခါးကို စောစောပိတ်ပြီး မိသားစုတွေ
တစ်စုတစ်ဝေးတည်း နေကြဖို့၊ အကြောင်းရှိရင်
အိမ်တိုင်းမှာရှိတဲ့ အချက်ပေး ကလားတက်တွေ
ခေါက်ဖို့ပေါ့ဗျာ။

မနက်က ကျုပ်တို့ယာထဲမှာ တွေ့တဲ့ ခြေရာကြီးတွေကြောင့်
ကျုပ်တို့ ရွာသားတွေတော့ လန့်သွားတာ အမှန်ပဲဗျ။
အဲဒီည ကျုပ် အိပ်ရာမဝင်ခင် မဖဲဝါရဲ့ ကိုယ်ခွဲ
အရုပ်ကလေးကို ကိုင်ပြီး မဖဲဝါကို မေးတယ်
ပြီး အရုပ်ကလေးကို ခေါင်းအုံးအောက်မှာ ထားပြီး
အိပ်လိုက်တယ်။

အေးစိမ့်နေတဲ့ လေတွေတိုက်နေတာဗျ။ ပတ်ဝန်းကျင်
တစ်ခုလုံးမှာလည်း မှောင်မဲနေတယ်။ ကျုပ်ရောက်နေတာ
သင်္ချိုင်းကုန်းကြီးဗျ။ သင်္ချိုင်းကုန်းမှ သေးသေးမဟုတ်ဘူး
အကြီးကြီးဗျာ။ ရွာသင်္ချိုင်း ဟုတ်ပုံမပေါ်ဘူးဗျ။
မြို့တစ်မြို့ရဲ့ သင်္ချိုင်းပဲ။ ဒါပေမဲ့ အုတ်ဂူတွေက
ဒီခေတ်ဂူ မဟုတ်ဘူးဗျ။ ရှေးခေတ်ပုံစံ အုတ်ဂူတွေဗျို့

ကျုပ်လည်း လရောင်ဝိုးတဝါးအောက်မှာ
တစ်ယောက်တည်း ဂူတွေကို လျှောက်ကြည့်နေမိတယ်။

ကျုပ်သွားရင်းနဲ့ ကျုပ်ရှေ့တည့်တည့်က
ဂူကြီးတစ်လုံးကို သေသေချာချာ ကြည့်နေမိတာဗျ။
ဒီအုတ်ဂူကြီးကို ကျုပ် မြင်ဖူးပါတယ်။
ဂူက အကြီးကြီးဗျ။ အပေါ်မှာ ပြဿဒ်ပုံစံ
လုပ်ထားတဲ့ အင်္ဂတေ ပန်းတမော့ လက်ရာတွေနဲ့ဗျ။
ပြဿဒ်ကြီးကလည်း အမြင့်ကြီးပါဗျာ။

အိမ်ခပ်သေးသေးတစ်လုံးလောက်ကို ရှိတာဗျ။
ဘေးတစ်ဖက်တစ်ချက်မှာ ဂူတစ်လုံးစီ ရှိတယ်ဗျ။
အဲဒီဂူနှစ်လုံးကလည်း အကြီးကြီးတွေပဲ။
ဒါပေမဲ့ ပြဿဒ်တွေတော့ မပါဘူး။

ကျုပ် အဲဒီရှေးဟောင်းဂူကြီး သုံးလုံးကို
မြင်ဖူးသလို ရှိတာနဲ့ ရပ်ပြီး ကြည့်နေတာဗျို့
သြော် …သိပြီဗျို့။ ကျုပ် သိပြီ၊ ဒါ မီးလောင်ကုန်း
သင်္ချိုင်းနောက်ဘက် ကုက္ကိုတောထဲက
ဂူဟောင်းကြီးတွေပဲဗျ။ ချုံတွေ အုပ်နေလို့
ဂူတွေကို မြင်တောင် မမြင်ရတော့ဘူး။
ကျုပ်ကသာ နေရာတကာ လိုက်ပြီး
စပ်စုတဲ့ကောင်မို့လို့ ဒီဂူတွေကို မှတ်မိနေတာဗျို့။

ကျုပ် မဖဲဝါကို လိုက်ရှာလိုက်တယ်
မတွေ့ဘူးဗျ။ ခါတိုင်းဆိုရင် ကျုပ်မဖဲဝါကို
တွေ့နေကျဗျ။ အခု သင်္ချိုင်းဟောင်းကြီးကိုပဲ
မြင်တယ်။ မဖဲဝါကို မမြင်ဘူး။
ဟာ …မီးလုံးကြီးဗျို့။ မီးလုံးကြီးတစ်လုံး
ပြဿဒ်ဂူကြီးထဲက ထွက်လာတာ ၊
ကောင်းကင်ကို ပျံတက်သွားတယ်။

“အောင်မယ် သရဲမက ငါ့အလစ်မှာ မီးလုံးတွေ
ဘာတွေ လွှတ်နေပါလား ကဲဟာ ကဲဟာ၊
နင့်လိုသရဲမကို ဘယ်သူက လာပြီးကယ်မှာမို့လို့
နင်က မီးလုံးလွှတ်နေရတာတုံး၊ ကဲဟာ ကဲဟာ”

“အား အား အား ”

ဟာ ကြိမ်းမောင်းတဲ့ အသံကြီးနဲ့ အော်သံကြီးဗျ။
အော်သံက မဖဲဝါအသံဗျ။ မဖဲဝါရဲ့ မချိမဆံ့
ခံစားပြီး အော်တဲ့အသံ ။ ကျုပ်သိပြီ။
မဖဲဝါကို ရန်သူ ဖမ်းထားပြီဗျ။ ခက်တာက
မဖဲဝါကိုရော သူ့ကို ဖမ်းထားတဲ့ ရန်သူကိုရော
ကျုပ် မတွေ့ရဘူးဗျ။ ဒါပေမဲ့ နေရာတော့
ကျုပ် သိပြီ၊ ဟောဒီ ရှေးဟောင်းဂူကြီးထဲမှာပဲဗျ

“ဝူး ဝူး ဝူး ဝူး ဝူး အိ အိ အိ အိ”

ကျုပ် လန့်နိုးသွားတယ်။ ခွေးအူသံကြီး
နားထဲဝင်လာလို့ နိုးသွားတာဗျို့။

ကျုပ်နိုးသွားတော့ တွေးနေမိတာ။ ဒီခွေးအူသံက
အပြင်မှာ ကြားတာလား၊ အိပ်မက်ထဲမှာ
ကြားတာလားလို့ပေါ့ဗျာ။

“ခွေးကြီးတစ်ကောင်ကလည်း ဆွဲဆွဲငင်ငင်
အူလိုက်တာတော်၊ ဘာတွေများ ဖြစ်နေလို့တုံး
မသိဘူး ကိုဥာဏ်ရေ ”

အမေနဲ့ အဘ စကားပြောသံ ကြားတော့မှ
ခွေးအူသံကို အိပ်မက်ထဲမှာ ကြားတာမဟုတ်ဘဲ
အပြင်မှာ တကယ်ကြားမှန်းသိလိုက်ရတယ်

ခဏနေတော့ အဘရဲ့ဟောက်သံ ထွက်လာတယ်
အမေလည်း တရှူးရှူးနဲ့ အိပ်ပျော်သွားတယ်
ကျုပ်လည်း မျက်စိတွေ လေးလာရောဗျ။

လေတွေ တဝူးဝူးတိုက်နေတဲ့ အသံကို
ကြားနေရတယ်။ ဘာမှမြင်ရတာ မဟုတ်ဘူး။
အသံပဲ ကြားရတာ၊ အဲဒီလေတိုက်တဲ့ အသံထဲမှာ
အသံတစ်ခုရောပြီး ပါလာတယ်၊ အမှတ်တမဲ့
ဆိုရင်တော့ ကြားစရာမရှိဘူး။ ကျုပ်က
သေသေချာချာ နားထောင်လို့သာ
ကြားရတာ။

“တာတေ၊ ငါ့ကို ရန်သူဖမ်းထားတယ်၊ရန်သူက
ကဝေတစ်ယောက်ပဲ၊ ဒါပေမဲ့ ဒီကောင်က
သိုက်ဆရာကဝေဟဲ့၊ ပြဿဒ်ဂူဟောင်းကြီးထဲမှာ
မြို့စားကြီး ဦးဒိဗ္ဗ မြှုပ်ထားတဲ့ ရွှေတွေ
ငွေတွေ ရတနာတွေ ရှိတယ်၊ သင်္ချိုင်းသိုက်ကြီးမို့လို့
ငါစောင့်ရတာ။ အခု ရန်သူက ငါ့ကို ဖမ်းထားပြီး
ညှင်းဆဲနေတယ်၊ သိုက်ဖွင့်ပေးဖို့ ပြောနေတယ်
ဒီလောက်လုံခြုံတဲ့သိုက်ကို ဒီကဝေက ဘယ်က
သိုကၥာရလို့ လာတူးတာတုံး မသိဘူး၊

ငါ့အစ်ကို ကွင်းပိုင်ကြီးက ငါ့ကို အမြဲ
ကြည့်နေတာ ၊ အခု ငါ ပျောက်သွားလို့
လိုက်ရှာနေတယ်၊ နင့်ဆီမှာ ငါ့ကိုယ်ပွားအရုပ်
ရှိနေတာကို နင်တို့ ရွာထဲမှာ ငါ့ကို
ဖမ်းထားတယ် ထင်ပြီး နင်တို့ရွာကို
ငါ့အစ်ကို ကွင်းပိုင်ကြီးက လာပြီး
စောင့်ကြည့်နေတယ်။နက်ဖြန်လကွယ်ည
သန်းခေါင်မှာ ငါ့အစ်ကို နင်တို့ ရွာပြင်မှာ
ရှိလိမ့်မယ် ။ ငါ့ကိုယ်ပွားရုပ်ကို ပြပြီး
ငါ့အစ်ကိုကို နင်ခေါ်လာခဲ့၊ ပြီးတော့
ပြဿဒ်ဂူကို လက်ညှိုးထိုးပြလိုက်။

ပြီးရင် ဆရာကြီးတွေ ပေးထားတဲ့
သိုက်ဖော်ဆေးလုံးနဲ့ ပြဿဒ်ဂူကြီးကို
ပေါက်လိုက်။ မြို့စားကြီးရဲ့ ဥစ္စာသိုက်ရော
ငါရော ပေါ်လာလိမ့်မယ်၊ ဒီတော့မှ
သိုက်ဆရာ ကဝေကို နင်တို့ တွေ့ရလိမ့်မယ်”

“ဟဲ့ တာတေ ၊ မထသေးဘူးလား ၊
ဒီမှာ ကျောက်ခဲတောင် ရောက်လို့ ”

ဒီတော့မှပဲ ကျုပ်နိုးသွားတာဗျို့။
မျက်စိဖွင့်ကြည့်လိုက်တော့ မိုးတောင်လင်းနေမှကိုး။
ကျောက်ခဲက အိမ်ရှေ့က တန်းလျားခုံလေးမှာ
တင်ပလ္လင်ခွေပြီး ထိုင်လို့ဗျ။

“ဟာ ကျောက်ခဲ စောစောစီးစီးပါလားကွ၊
တစ်ခုခုတော့ ထူးပြီးထင်တယ် ”

“ကိုကြီးတာတေရေ၊ တစ်ခုခုတောင်မကဘူး။
နှစ်ခုခုဗျို့။ နှစ်ခုခု”

“ဟေ…ပြောပါဦးကွ ကျောက်ခဲရ”

ကျုပ်က အိပ်ရာသိမ်းရင် ကျောက်ခဲကို မေးလိုက်တယ်

“မနေ့က တွေ့တဲ့ ခြေရာကြီးတွေ ဒီမနက်
အများကြီးကို တွေ့တာဗျို့”

“ဟေ ဟုတ်လား ဘယ်နေရာမှာ တွေ့ပြန်တာတုံးကွ ”

“ဟာ ကိုကြီးတာတေကလည်း ကျုပ်တို့ရွာကို
ပတ်နေတာဗျ၊ ကြည့်ရတာ တစ်ညလုံး ပတ်နေတဲ့ပုံဗျို့ ”

ကျုပ် ကျောက်ခဲနဲ့ ချက်ချင်းထလိုက်ပြီး ခြေရာကြီးတွေကို
ကြည့်တယ် ။ ဟာ ….ဟုတ်ပါ့ဗျာ ၊ နည်းတဲ့ ခြေရာကြီးမှ
မဟုတ်တာ။ ကျုပ်တို့ ရွာကို တစ်ညလုံး ပတ်နေတာ
သေချာတယ်ဗျ။

“ဟင်….ဟိုမှာ ခွေးနှစ်ကောင် သေနေပါလား ကျောက်ခဲရ ”

“ဟုတ်တယ်ဗျ ကိုကြီးတာတေ ရွာလယ်ပိုင်းက
ကိုဘအုန်းကြီး ကိုင်ကြည့်တာတော့ အရိုးတွေ
အပိုင်းပိုင်းကျိုးနေတယ်တဲ့ဗျ။ သူ့ကိုဟောင်လို့
ခြေထောက်နဲ့ ကန်ပစ်ခဲ့တာ ဖြစ်မယ်ဗျ”

ဒါဟာ ဘယ်သူ့ခြေရာဆိုတာ ကျုပ်ကတော့ သိနေတာပေါ့ဗျာ။
ညက အိပ်မက်ထဲမှာ ကျုပ်ကို မဖဲဝါ ပြောလိုက်တာပဲ။
မဖဲဝါကို ကျုပ်က အသံပဲ ကြားရတာ။ လေတိုးသံနဲ့
ရောပါလာတဲ့အသံကို မနည်းနားထောင်ယူရတာ။
သူ့ရုပ်ကို တော်တော်ကို အဆင့်မြင့်တဲ့ပုံပဲဗျ။

သိုက်ဆရာဆိုတဲ့ ကဝေကောင်က သူ့ကိုယ်သူလည်း
ရုပ်ဖျောက်ထားလို့ ရတယ်ထင်တယ်ဗျ။ ဒါကြောင့်
မဖဲဝါက ‘သိုက်ဖော်ဆေး”ပေါက်ခိုင်းတာ၊ သိုက်ဖော်ဆေး
ပေါက်လိုက်ရင် ဒီကဝေ ကိုယ်ရောင်ဖျောက်ထားလို့
မရဘူးဗျ။ ဒီလိုကဝေမျိုး ကျုပ် တစ်ခါမှကို
မကြားဖူးဘူးဗျို့။ သိုက်တူးတဲ့ ကဝေဆိုတာလည်း
ဒီတစ်ခါပဲ ကြားဖူးတာ၊ ပြီးတော့ သူတူးတဲ့သိုက်က
ဘုရားသိုက်တွေ ဘာတွေတော့ မဟုတ်ဘူးဗျ။

ပုဂ္ဂလိကသိုက်ကို တူးတဲ့လူဗျ။ အခု ဒီလူ
မဖဲဝါကို ဖမ်းချုပ်ပြီး ဝှက်ထားလိုက်တယ်
သူ့ကိုယ်သူလည်း ကိုယ်ဖျောက်ထားတယ်
မဖဲဝါကို မျက်ခြည်မပြတ် ကြည့်နေတဲ့ သူ့အစ်ကို
ကွင်းပိုင်ကြီးက မဖဲဝါ ပျောက်သွားလို့ လိုက်ရှာနေတယ်

ကျုပ်ဆီမှာရှိတဲ့ မဖဲဝါရဲ့ ကိုယ်ခွဲရုပ်ကလေးမှာ
မဖဲဝါရဲ့ ဝိညာဉ် တွယ်နေတာဆိုတော့ ကွင်းပိုင်ကြီးက
သူ့ညီမ မဖဲဝါကို ကျုပ်တို့ရွာထဲမှာ ဖမ်းထားတယ်
ထင်ပြီး ရွာကို ပတ်နေတော့တာပေါ့ဗျာ။
ကျုပ်ကတော့ သဘောပေါက်သွားပြီဗျို့။
ဒါပေမဲ့ ဒီအကြောင်းကို ဘယ်သူ့ကိုမှ အမှန်အတိုင်း
မပြောရဲဘူးဗျ။ ရွာက လူတွေ တအားကြောက်သွားမှာ
စိုးရတယ်။ ပြီးတော့ ကျုပ်ဆီမှာ မဖဲဝါအရုပ်ကလေး
ရှိနေတာကို ရွာထဲမှာသိတဲ့သူ တစ်ယောက်မျှ
မရှိဘူးလေဗျာ။ ဒီတော့ ကျုပ် ဒါကို ပြောလို့မရဘူးဗျ။

ဒီတော့ ကျုပ် ဒါကို ပြောလို့မရဘူးဗျ။
လကွယ်ညတော့ ရောက်ပြီဗျို့။
ကျောက်ခဲဆိုတဲ့ အကောင်ကလည်း
ကျုပ်ကို အမြဲတမ်း အကဲခတ်နေတာဗျ။
ဒီကိစ္စကို ကျုပ် တစ်ခုခုလုပ်မယ် ဆိုတာတော့
သိတာပေါ့ဗျာ။

“ကိုကြီးတာတေ၊ ဒီည တစ်ခုခုလုပ်တော့မယ်ပုံပဲ၊
ကိုကြီးတာတေ တစ်နေရာသွားမယ်ဆိုရင်
ကျုပ်ကို ခေါ်နော်၊ ကျုပ်လိုက်မယ် ”

“မင်းမလိုက်နဲ့ ကျောက်ခဲ၊ အန္တရာယ် တော်တော်ရှိတယ်”

ကျောက်ခဲတစ်ယောက်တော့ မျက်နှာပျက်ပျက်နဲ့
ထပြန်သွားရောဗျို့။ မီးလောင်ကုန်းဆိုတာက
ကျုပ်တို့ရွာနဲ့က ဘာဝေးတာမှတ်လို့၊ နာရီဝက်
လျှောက်ရင် ရောက်တဲ့ရွာပဲလေ။ညသန်းခေါင်
နီးလာတော့ အဘနဲ့ အမေနဲ့က အိပ်နေကြပြီပေါ့ဗျာ။

ကျုပ် တစ်ခုခုလုပ်ဖို့ ပြင်ဆင်နေတယ် ဆိုတာလည်း
အမေက ရိပ်မိပြီးသားဗျ။ ညနေကတည်းက
ကျုပ်လည်း ဆေးလွတ်အိတ်ကို စစ်ဆေးခဲ့ရတာဗျ။
ကျုပ်က ဆရာ မဟုတ်ပေမဲ့ အရေးကြုံရင်သုံးဖို့
ဆေးတွေ အင်းတွေ ရုပ်တုတွေက ကျုပ်
ဆေးလွယ်အိတ်မှာ အပြည့်ဗျ။

ဆရာကြီး ဒေါက်တာမင်းအောင်၊ ဆရာနွံဖ၊ ဆရာအို၊ ဆရာညို၊
ဆရာကြီးဘိုးပေတလူ၊ ဆရာကြီးဘိုးလူပေတို့ ပေးထား
အပ်ထားတဲ့ ဆေးဝါး ၊အင်း ၊ ခြေမန်းကွင်းတွေက ကျုပ်မှာ
စုံလို့လေ။ အဟိန်း ဂါထာတွေ၊ အနှိုးဂါထာတွေ၊ မန္တန်တွေလည်း
ကျုပ် တော်တော်များများ နှုတ်တက်ရခဲ့တာဗျ။

ကျုပ်လည်း မျက်ကွင်းဆေး ကွင်းထားလိုက်တယ်။
မန်ကျည်းပင်အောက်က ကွပ်ပျစ်မှာ တစ်ယောက်တည်း
ထိုင်နေရင်း နဂါးဆေးပေါ့လိပ်ကလေး ဖွာလိုက်တယ်

“ဝူး ဝူး ဝူး ဝုတ် ဝုတ် ဝုတ် ”

ဟော ရွာတောင်ဘက်က ခွေးအူသံတွေရော၊
ခွေးဟောင်သံတွေရော ကြားလိုက်ရတယ်ဗျ။
ကျုပ်လည်း ဆေးပေါ့လိပ်ကို မီးငြိမ်းလိုက်ပြီး
ဆေးလွယ်အိတ်ကို စလွယ်သိုင်းလိုက်တယ်။
ပြီးတာနဲ့ ဝိုင်းထဲကနေ ထွက်ချလာခဲ့တယ်ဗျ။

ရွာတောင်ပိုင်းကိုရောက်တော့ ခွေးဟောင်သံတွေက
ပိုပြီး ဆူညံလာတယ်ဗျို့။

“ဝုတ်၊ ဝုတ်၊ ဝူး ၊ ဝူး ”

ကျုပ်လည်း ဘာမှတွေးမနေတော့ဘဲ
တောင်ဘက်တံခါးကိုဖွင့်ပြီး ရွာပြင်ထွက်လိုက်တယ်။

ယာခင်းတွေကို ဖြတ်ပြီး တိုက်လာတဲ့ လေအေးအေးလေးက
ကျုပ်ကို ဖြတ်တိုက်သွားတယ်။တစ်ကိုယ်လုံး အေးပြီး
လန်းဆန်းသွားရောဗျ။

“ဘုတ် ဘုတ် ဘုတ် ဘုတ် ဘုတ် ”

ဟော ခြေသံကြီးဗျ။ ကျုပ်နောက်ဘက်က
ကြားလိုက်ရတာ။ ကျုပ် ချာကနဲ နောက်ကို
လှည့်ကြည့်လိုက်တယ်။ အောင်မယ်လေး
ဧရာမအကောင်ကြီးပါလားဗျ။ ကြယ်ရောင်တွေ
အောက်မှာ မားမားကြီးရပ်ပြီး မျက်လုံးနီကြီးတွေနဲ့
ကျုပ်ကို စိုက်ပြီးကြည့်နေတာဗျ။

ရန်လိုတဲ့ အမူအရာတွေ မတွေ့ရဘူး။

သြော် …မဖဲဝါရဲ့ အစ်ကို ကွင်းပိုင်ကြီးဆိုတာ ဒါပါလား။
ပုဆိုးကွက်တုံးကြီးနဲ့ဗျ။ အပေါ်ပိုင်းမှာတော့ အဝတ်အစား
မရှိဘူး။ ဆံပင်က ဖားလျားကြီး ကျောကုန်းပေါ်လောက်အထိ
ကျနေတယ်။ ခြေသလုံးကြီးတွေက ထန်းပင်လုံးလောက်
ရှိတာဗျ။ လက်မောင်းကြီးတွေကလည်း ထန်းပင်
အရင်းလောက်ကို ရှိတာဗျို့။

မျက်လုံးကြီးနှစ်လုံးက နီရဲပြီး ပြူးထွက်နေလိုက်တာ။
ဟင်းသောက်ပန်းကန်ကြီးတွေ မှောက်ထားသလိုပဲဗျာ။
ကျုပ်က မဖဲဝါ မှာတဲ့အတိုင်းပေါ့ဗျာ၊ ကတ္တီပါ အိတ်ထဲက
မဖဲဝါရဲ့ ကိုယ်ပွားရုပ်ကလေးကို ထုတ်ယူပြီး
ကိုယ်ခွဲဝိညာဉ်ကို ပင့်လိုက်တယ်။ ကျုပ်လက်ထဲမှာ
ကိုင်ထားတဲ့ မဖဲဝါအရုပ်ကလေးက ဆတ်ကနဲ
လှုပ်လာတယ်။ မဖဲဝါရဲ့ ကိုယ်ခွဲဝိညာဉ်
ဝင်သွားပြီဆိုတာ ကျုပ်သိတယ်ဗျ။

ကျုပ်က မဖဲဝါရဲ့ ကိုယ်တူကိုယ်ခွဲ အရုပ်ကလေးကို
ကွင်းပိုင်ကြီးမြင်အောင် မြှောက်ပြလိုက်တယ်
ကွင်းပိုင်ကြီးက ကျုပ်နဲ့ ကိုက်နှစ်ဆယ်လောက်မှာ
ရပ်နေတာဗျ။

“ကွင်းပိုင်ကြီး ကျုပ်က မဖဲဝါရဲ့ မိတ်ဆွေ
တာတေပါ၊ မဖဲဝါကို ကဝေတစ်ယောက်က
ဖမ်းချုပ်ထားတယ်ဗျ၊ အဲဒီကဝေက မဖဲဝါ
စောင့်ရတဲ့ မီးလောင်ကုန်းသင်္ချိုင်းနောက်က
ဂူဟောင်းကြီးထဲမှာရှိတဲ့ မြို့စားသိုက်ကို
တူးဖို့ မဖဲဝါကို ဖမ်းချုပ်ပြီး နှိပ်စက်နေတာဗျ။
မဖဲဝါက ကွင်းပိုင်ကြီးကို ခေါ်ခဲ့ဖို့ မှာလိုက်တယ်၊
ကျုပ်နဲ့ ခုချက်ချင်း လိုက်ခဲ့ပါ ”

ပြောပြီးတာနဲ့ ကျုပ်က နောက်ကို လှည့်ပြီးထွက်ခဲ့တယ်။

“ဘုတ်၊ ဘုတ်၊ ဘုတ်၊ ဘုတ်”

ဟော ကျုပ်ပြောတာတွေကို ကွင်းပိုင်ကြီး
နားလည်ပုံရတယ်ဗျ၊ ကျုပ်နောက်က ပါလာပြီ။
သူ့ခြေသံကြီးတွေ ကြားနေရတာကိုက
ကြောက်စရာကြီးပါဗျာ၊ ကျုပ်ဖြင့် မဖဲဝါကို
ကဝေဖမ်းပြီး နှိပ်စက်နေလို့သာ ထွက်လာခဲ့ရတာ၊
ကွင်းပိုင်ကြီးကို ကြောက်လိုက်တာမှ ကြက်သီးတွေ
တဖျန်းဖျန်း ထလို့ဗျို့။

“ဘုတ်၊ ဘုတ်၊ ဘုတ်၊ ဘုတ် ဘုတ်”

ကျုပ်က ခပ်သုတ်သုတ် လျှောက်လေ ကွင်းပိုင်ကြီးရဲ့
ခြေသံကလည်း ခပ်သုတ်သုတ် ကြားရလေပဲဗျ။
ကျုပ်တော့ နောက်ကို တစ်ချက်မှ လှည့်မကြည့်တော့ဘူးဗျာ
ဖြစ်ချင်ရာသာ ဖြစ်ပစေတော့လို့ တွေးထားလိုက်တယ်။
မီးလောင်ကုန်းသင်္ချိုင်းကိုရောက်တော့ သင်္ချိုင်းနောက်
ဘက်က ကုက္ကိုတောကို ကျုပ် ဝင်ခဲ့တယ်

မြို့စားကြီးရဲ့ ဂူဟောင်းကြီးနားကို ရောက်တော့
ကျုပ် ရပ်လိုက်တယ်။ ကျုပ်နောက်က ခြေသံကြီးလည်း
ရပ်သွားပြီဗျ။

“ဟဲ့ သရဲမ၊ ဒီပစ္စည်းတွေဟာ နင့်ပစ္စည်း မဟုတ်လား၊
ဘာဖြစ်လို့ နင်ကာကွယ်နေရတာလဲ၊ နင့်ကို ငါ
ဒီလောက် နှိပ်စက်တာတောင် နင်ခံနိုင်နေသေးတယ်
ကဲ…အခု နောက်ဆုံး မေးမယ်၊ ပစ္စည်းတွေ ငါ့ကို
အပ်မလား၊ မအပ်ရင် ငါ့ နင်ကို မီးလောင်တိုက်
သွင်းတော့မယ်၊ နင်ဖွက်ထားတဲ့ မြို့စားရဲ့သိုက်ကို
အခု ဖော်လိုက်စမ်းဟေ့၊ ဖျန်း ”

“အောင်မယ်လေး ပူလိုက်တာတော် ”

မဖဲဝါရဲ့ မချိမဆံ့ အော်လိုက်တဲ့ အသံကြီးဗျ၊
အသံနက်ကြီးနဲ့ အော်လိုက်တာဗျ၊ ကျုပ်တောင်
လန့်သွားတယ်။ နောက်ကို ကျုပ် လှည့်ကြည့်လိုက်တော့
ကွင်းပိုင်ကြီးက လက်သီးကြီးတွေ ဆုပ်ထားပြီး
အံကြီးကြိတ်ထားတယ်။ကွင်းပိုင်ကြီးရဲ့ လက်သီးကြီးတွေက
တင်းတောင်းကြီးတွေလောက် ရှိတာဗျ။

အံကြိတ်လိုက်တော့မှ ကြယ်ရောင်အောက်မှာ
အစွယ်ကြီးတွေ ဖွေးနေတာကို တွေ့လိုက်ရတာဗျ။
သိုက်ဆရာ ကဝေရဲ့ ကြိမ်းမောင်းသံကြီးတွေ၊
မဖဲဝါရဲ့ မချိမဆံ့အော်သံ၊ ကွင်းပိုင်ကြီးရဲ့
အစွယ်ဖွေးဖွေးနဲ့ ဒေါသမျက်နှာကြီးတွေကို
တွေ့လိုက်ရတော့ ကျုပ်ဖြင့် လိပ်ပြာလွင့်
မသွားအောင် မနည်းကို သတိထားနေရတော့တာဗျို့။

ကျုပ်လုပ်ရမယ့် အလုပ်ကိုလုပ်ဖို့ ‘သိုက်ဖော်’ဆေးလုံးကို
ယူလိုက်တယ်၊ ဒီဆေးတော်က ဆရာဖိုး ပေးခဲ့တာဗျ။
ဆရာဖိုးဆိုတာ ‘ဘင်ဂျိုဘစော’ဝတ္ထုမှာ ပါတဲ့
သိုက်ဆရာကြီးလေဗျာ။ အင်မတန်မှ အစွမ်းထက်သလောက်
အင်မတန် တည်ကြည်ပြီး အင်မတန်မှ ကတိသစ္စာ
တည်တဲ့ ပုဂ္ဂိုလ်ကြီးပါဗျာ။ ကျုပ်တို့ရွာက
ပျောက်သွားတဲ့ ဘင်ဂျိုဘစောကြီးကို
သိုက်ထဲမှာ တွေ့လို့ ဆရာဖိုးနဲ့ ကျုပ်
ပြန်ခေါ်ခဲ့ကြတာလေဗျာ။

ဒီဆေးလုံးကို ကတ္တီပါဘူးလေးနဲ့ ထည့်ထားတာဗျ။

“မောင်တာတေ၊မင်းကြည့်ကွဲ့၊ ဆေးတော်က
တစ်လုံးတည်းပဲ ၊ ဒါပေမဲ့ မင်း ဘယ်နှခါပဲသုံးသုံး
သုံးပြီးတာနဲ့ ဒီကတ္တီပါဘူးထဲကို သူ့အလိုလို
ပြန်ရောက်နေလိမ့်မယ် ”

ဆရာဖိုး ကျုပ်ကို မှာသွားတာဗျ။
ကျုပ်ဆေးတော်ကို ထုတ်ယူလိုက်တယ်
ပြီးတော့ ဆေးတော်နှိုးတဲ့ ဂါထာကို
ကျုပ်ရွတ်လိုက်တယ်။ ကျုပ်လက်ထဲမှာ
ဆုပ်ထားတဲ့ ‘သိုက်ဖော်’ဆေးတော်လုံးက
ခုန်နေပြီဗျို့။

“ကဲကြာ ”

မြို့စားမင်းရဲ့ ဂူဟောင်းကြီးကို ကျုပ်ဆေးလုံးနဲ့
ပစ်လိုက်ပြီဗျို့

“ဝုန်း ဖျန်း ဖျန်း ဖျန်း ဖျန်း ”

ဟာ မီးခိုးလုံးကြီး ဝုန်းကနဲ ပေါ်လာတာဗျို့
ဟာ မီးတွေ ၊ ဟာ မဟုတ်ဘူးဗျ၊ စက်တွေဗျ၊
စက်တွေ၊ ဒါ ကဝေစက်တွေဗျ၊ ကျုပ် ချက်ချင်းပဲ
နောက်ကို ခြေလှမ်းသုံးလေးလှမ်း ဆုတ်လိုက်တယ်

ဟာ ကွင်းပိုင်ကြီး ပြေးလာပြီဗျို့။ အခိုးအငွေ့တွေ
ပျောက်ကွယ်သွားတော့ ကဝေရဲ့ စက်ရောင်ကြီးက
လင်းပြီး ကျန်ရစ်ခဲ့တယ်။ ဟော…တွေ့ပြီ၊ တွေ့ပြီ၊
ဟိုမှာ မဖဲဝါ၊ မဖဲဝါရဲ့ တစ်ကိုယ်လုံးကို စက်တွေ
လွှတ်ပြီး ကြိုးတုတ်သလို တုတ်ထားတာဗျို့။
မဖဲဝါက ဆံပင်ဖားလျားကြီးနဲ့ ဒူးတုပ်လျက်ကြီးဗျ။

ကဝေက ဆေးကြိမ်လုံးကြီး ကိုင်လို့ဗျ။
ဒီဆေးကြိမ်လုံးနဲ့ မဖဲဝါကို ရိုက်ပြီး
သိုက်ဖော်ခိုင်းနေတာဗျ။ ရုတ်တရက်
အခိုးအငွေ့တွေထပြီး မြို့စားသိုက်
ပေါ်လာတော့ ဝမ်းသားအားရနဲ့ ဖြစ်သွားတာဗျို့။

“ကဲ ဘယ်လိုတုံး သရဲမ၊ နင် နောက်ဆုံးတော့
နင်စောင့်ရတဲ့သိုက်ကို ဖော်လိုက်ရပြီမို့လား၊
ဟား ဟား ဟား ဟား ”

ကျုပ် ကြည့်လိုက်တော့ သော့ခတ်ထားတဲ့
ကြေးသေတ္တာတွေဗျ။ ရှေးဟောင်းသေတ္တာကြီးတွေဗျို့
ဘယ်နှလုံးမှန်းတော့ မသိဘူး၊ တစ်လုံးပေါ်တစ်လုံး
ဆင့်ထားတာဗျ။ ကျုပ် သိုက်ဖော်ဆေးနဲ့
ပစ်လိုက်လို့ သိုက်ပေါ်လာတာကို ကဝေက
မဖဲဝါ သူနှိပ်စက်တာကို မခံနိုင်လို့ သိုက်ဖော်
ပေးလိုက်တယ်ထင်ပြီး ဝမ်းသာအားရ ဖြစ်နေတာဗျ။

“ဘုန်း၊ ဘုန်း၊ ဘုန်း ဘုန်း ”

ကွင်းပိုင်ကြီးက သူ့ညီမကို မြင်လိုက်တော့
ချက်ချင်းပဲ ရှေ့ကို ပြေးထွက်ပြီး ကဝေကို
ဖမ်းဖို့ လုပ်တာဗျ။ ကျုပ် သိလိုက်တယ်
ကွင်းပိုင်ကြီး မှားသွားပြီ။ ဒီလောက်စွမ်းထက်တဲ့
ကဝေကို သူ ဘယ်လိုမှ ယှဉ်လို့ မရနိုင်ဘူး
ဆိုတာ သူ မသိဘူးဗ်။

မြို့စားသိုက်က ရတနာသေတ္တာတွေကို
မြင်လိုက်ရလို့ ဝမ်းသာအားရဖြစ်နေတဲ့
ကဝေက ရုတ်တရက်ကြီး ပြေးဝင်လာတဲ့
ကွင်းပိုင်ကြီးကို မြင်လိုက်တော့ အံ့သြပြီး
သူ့လက်ထဲက ဆေးကြိမ်လုံးနဲ့ ရမ်းလိုက်တယ်

ကွင်းပိုင်ကြီး တုံ့ကနဲ ရပ်သွားတယ်။ ရှေ့ကို
တိုးလို့ မရတော့ဘူးဗျ။ ဒီမှာတင် ကဝေက
သူ့ပါးစပ်ထဲက စိမ်းပြာပြာ အရောင်တလက်လက်
တောက်နေတဲ့ စက်တွေကို ခပ်မြန်မြန် လွှတ်ပြီး
ကွင်းပိုင်ကြီးကို စက်တွေနဲ့ ပတ်ထားလိုက်ရောဗျာ။

ကွင်းပိုင်ကြီး လှုပ်ကို မလှုပ်နိုင်တော့တာဗျ။
လှုပ်လိုက်တာနဲ့ တအားပူပြီး အသံနက်ကြီးနဲ့
အော်ရတော့တာဗျို့။

“ဟား ဟား ဟား ဟား လက်စသတ်တော့
ကွင်းပိုင်က မင်းနှမကို ဖမ်းထားလို့ မင်းလိုက်လာတာပေါ့
ဟုတ်စ၊ သိပ်ကောင်းတာပေါ့ကွာ၊ ယုန်ထောင်တာ
ကြောင်ပါမိနေတော့ သိပ်ကောင်းတာပေါ့
ဟား ဟား ဟား ဟား ”

မဖဲဝါရော ကွင်းပိုင်ကြီးရော ခေါင်းငိုက်စိုက်ကျသွားပြီဗျို့

“ကဲ ဟောဒီပုလင်းထဲကို ကွင်းပိုင် ဝင်စမ်းဟေ့ ”

ကဝေက လက်နှစ်ဖက်ကို ရှေ့တန်းပြီး ကွင်းပိုင်ဆီကို
အနီရဲရောင်စက်တွေ ထပ်လွှတ်လိုက်တာ ကွင်းပိုင်ကြီး
အရွယ်တဖြည်းဖြည်း သေးသွားလိုက်တာ ကဝေ
မြေကြီးပေါ်မှာ ထောင်ပြီး ချထားတဲ့ ပုလင်းထက်
တောင် သေးသွားတာဗျို့။ နောက်ဆုံးတော့
စိမ်းပြာရောင်စက်တွေနဲ့ တုပ်နှောင်ထားတဲ့
ကွင်းပိုင်ကြီးဟာ ကျုပ်ရဲ့ လက်သန်းလောက်
အရွယ်ကလေး ဖြစ်သွားရောဗျာ။

ကဝေက ကွင်းပိုင်သေးသေးလေးကို ဆတ်ကနဲ
ကောက်ယူပြီး ပုလင်းထဲကို ထည့်လိုက်တယ်
ပြီးတာနဲ့ ပုလင်းကို ဝက်အူရစ်အဖုံးနဲ့ ဖုံးလိုက်ရောဗျို့။

သူ့လွယ်အိတ်ထဲက နောက်ထပ်ပုလင်းတစ်လုံးကို
ထုတ်ပြီး မဖဲဝါကိုလည်း အနီရောင်စက်နဲ့လွှတ်ပြီး
သေးသေးလေး လုပ်လိုက်တယ်။ ကျုပ် ကြည့်နေတုန်းမှာပဲ
မဖဲဝါလည်း ကျုပ် လက်သန်းအရွယ်လောက်ပဲ
ရှိတော့တာဗျို့။ ကဝေက မဖဲဝါကိုလည်း
ကောက်ယူပြီး ငှက်ပျောဖူး ပုလင်းထဲကို
ထည့်လိုက်တယ်

ပြီးတော့ ဝက်အူရစ်အဖုံးကို ဖုံးလိုက်တယ်
မဖဲဝါရော သူ့အစ်ကို ကွင်းပြင်ကြီးရော
ပုလင်းတွေထဲ ရောက်ကုန်ပြီဗျို့

“ဟား ဟား ဟား ဟား ငါက အစတုန်းက
မဖဲဝါကို ဖမ်းထားပြီး သင်္ချိုင်းတွေထဲမှာရှိတဲ့
သိုက်တွေကို တူးဖို့ ကြံတာ။ ခုတော့ ကွင်းပိုင်ပါ
ရလိုက်ပြီဆိုတော့ သင်္ချိုင်းထဲက ပစ္စည်းတွေတင်
မကဘူး။ ကွင်းတွေထဲက ပစ္စည်းတွေကိုပါ
ရတော့မှာပေါ့ကွာ၊ ဟား ဟား ဟား ဟား
ငါတော့ သူဌေးကြီး ဖြစ်ပြီဟေ့ ”

ကျုပ်လည်း မတ်တတ်တောင် ထမရပ်ရဲဘူးဗျ။
ဘိစပ်ချုံကြီးနောက်မှာကွယ်ပြီး
ငြိမ်နေရတယ်။ ကျုပ်တွေးတယ်။
ကျုပ် ဘာလုပ်ရမလဲ၊ ဒီအတိုင်းဆိုရင်တော့
ဒီသိုက်ဆရာဟာ ကွင်းပိုင်နဲ့ မဖဲဝါကို
တကယ်ဖမ်းသွားတော့မှာဗျ။
ပြီးရင် တစ်သက်လုံး ခိုင်းစားတော့မှာ
သေချာတယ်။ ကျုပ် စလွယ်သိုင်း
လွယ်ထားတဲ့ လွယ်အိတ်ထဲက
အင်းတစ်ချပ် ထုတ်လိုက်တယ်
ဒါ ကျုပ်ကို ဘိုးလူပေ ပေးခဲ့တဲ့
အင်းဗျ။ ‘ကဝေစက်ဖြတ်အင်း’တဲ့။

ဘိုးလူပေ စီရင်တဲ့ အင်းပဲဗျာ၊
ဘယ်မှာ အစွမ်းမထက်ဘဲ ရှိမှာတုံး။
ဘိုးလူပေအကြောင်းကို ‘မဖဲဝါမွေးတဲ့သား’
စာအုပ်ထဲက ‘ကဝေသွေး’ဝတ္ထုမှာ
ဖတ်ကြည့်ပေါ့ဗျာ။ ကျုပ် အင်းကို
လက်ထဲမှာ တင်းတင်းဆုပ်ပြီး
အင်းဟိန်းဂါထာ ရွတ်လိုက်တယ်

ဘိုးလူပေရဲ့အင်းက ကျုပ်လက်ထဲမှာ ခုန်နေတယ်ဗျ။
ကျုပ်သိတာပေါ့။ ဒါ အင်းအသက်ဝင်လာတာဗျ။
အင်းကို တင်းတင်းဆုပ်ပြီး ဘိစပ်ချုံရှေ့ကို
ကျုပ် ထွက်လိုက်တယ် ။ သိုက်ဆရာ ကဝေက
ကျုပ်ကို ဖျတ်ကနဲ မြင်သွားတယ်။

“ဟေ့ကောင်လေး မင်းက ဘယ်သူတုံး။
အချိန်မတော်ကြီးမှာ ဘယ်ကနေ ဘယ်ကို
သွားမှာတုံး”

“ကျုပ်နာမည် တာတေတဲ့၊ ကျုပ်က ထနောင်းကုန်းမှာ
နေတာ ”

“သြော် …ဟား၊ ဟား၊ ဟား၊ ဟား ၊ အေးပေါ့ကွာ။
မင်းတို့လို ကာလသားတွေက ဒီအချိန် ရည်းစားနဲ့
တစ်ဝချိန်းတွေ့ပြီး ရွာပြန်ကြမှာပေါ့ ဟုတ်လား
ကောင်လေး ၊ မင်း ငါ့ကို ဟောဒီသေတ္တာတွေ
လှည်းနဲ့တင်ပြီး လိုက်ပို့မလား၊ မင်းကို ငါ
တစ်သက်စာ စားဖို့ပေးမယ် ”

“ဟား ဟား ဟား ဟား သိုက်ဆရာကြီး ခင်ဗျား
မှားနေပြီ၊ ကျုပ်က ပစ္စည်းလိုချင်လို့ လာတာမဟုတ်ဘူးဗျ
ဟောဒါလေး ပေးချင်လို့ လာတာ၊ ရော့ ”

ကျုပ်က ဘာမှမပြောတော့ဘဲ ‘ကဝေစက်ဖြတ်အင်း’နဲ့
ပစ်လိုက်တယ်

“ဝုန်း”

မီးတွေ ထတောက်သွားတာဗျ၊ ဘိုးလူပေက
ကျုပ်ကို ပြောဖူးတယ်။ ကဝေရဲ့စက်က ပြင်းလေ
မီးတောက်တွေ ကြီးထွားလေပဲတဲ့။ ဒါဆိုရင်တော့
ဒီကဝေရဲ့ စက်ဟာ တော်တော်ပြင်းလို့တဲ့
ဖြစ်မှာပဲ ။ ထတောက်တဲ့ မီးတောက်ကြီးတွေက
နည်းတာကြီးတွေမှ မဟုတ်တာဗျာ။

ကဝေ အငိုက်မိသွားတာဗျ။ ဘာမှမတတ်နိုင်တော့ဘူး
လေဗျာ။ စက်တွေအားလုံး ပျောက်သွားပြီ။ကြယ်ရောင်ပဲ
ရှိတော့တာဗျ။

“(…).၊ မင်းက မလောက်လေး မလောက်စားနဲ့
ဘာကောင်တုံး မင်းက ”

ကျုပ်က တန်၏ မတန်၏ နားမလည်ဘူးလေဗျာ
ဆရာကြီး ဦးမင်းအောင် ပေးခဲ့တဲ့ ကဝေစက်ဖြတ်အင်းကို
အဆင်သင့် ထပ်ကိုင်ထားတာဗျ။

“ခွမ်း၊ ခွမ်း ”

ဟာ စက်တွေ ပျောက်သွားတော့ ကွင်းပိုင်နဲ့ မဖဲဝါ
သူတို့ကို ဖမ်းထားတဲ့ ပုလင်းတွေကို ခွဲထွက်လာပြီဗျို့
ကဝေ လန့်သွားပြီဗျို့။ ချက်ချင်း စက်တွေ ထပ်ထုတ်တယ်။
ဒါပေမဲ့ စက်တွေက သူ့ကိုယ်မှာပဲ လင်းနေတော့တယ်ဗျို့။
ရှေ့ကို နည်းနည်းလေးမှ ထွက်မလာတော့ဘူး။

“ဝီး”

ခုန်ပြီ၊ ဆံပင်ဖားလျားကြီးနဲ့ မဖဲဝါကြီး လေထဲကို
ခုန်တက်သွားပြီဗျို့။ ဟော အောက်ကို ပြန်ကျလာပြီ။
ကဝေရဲ့ ကျောပေါ်ကို မဖဲဝါရဲ့ လက်ဝါးကြီး ကျသွားပြီ။
ကဝေ ကျောကြီး ကော့တက်သွားပြီဗျို့။ဒါပေမယ့်
လဲကျမသွားဘူးဗျ။ သူ့ပညာအဆင့်က နည်းနည်း
နောနောတော့ မဟုတ်ဘူးဗျို့။

“ဘုန်း”

ထပ်ရိုက်ပြီ။ မဖဲဝါက နောက်တစ်ချက် ထပ်ရိုက်တယ်
ဟော ကျောကြီး ကော့တက်သွားပြန်ပြီ။ဒါပေမဲ့
လဲကျမသွားဘူးဗျ။ မဖဲဝါ နောက်ကို ခုန်ဆုတ်သွားပြီ။
ကျုပ်ဖြင့် အံ့သြလိုက်တာဗျာ။ မဖဲဝါရဲ့ လက်ဝါးစာ
မိလို့ကတော့ ဘယ်သူမှ အသက်မရှင်နိုင်ဘူးလေဗျာ

ခုတော့ မဖဲဝါ လက်လျော့သွားပြီဗျ၊
ဒါမျိုး ဒီတစ်ခါပဲ တွေ့ဖူးသေးတယ်
မဖဲဝါက သူ့အစ်ကို ကွင်းပိုင်ကို
တစ်ချက် လှမ်းကြည့်တယ်။
ကွင်းပိုင်ကြီးကလည်း မဖဲဝါကို
တစ်ချက် လှမ်းကြည့်ပြီး ခေါင်းညိတ်ပြတယ်။

ဟာ…ပြေးလာပြီ။ ကွင်းပိုင်ကြီး ပြေးလာပြီဗျို့
ထန်းပင်လုံးလောက်ရှိတဲ့ ခြေသလုံးကြီးနဲ့၊
စကောလောက်ရှိတဲ့ ခြေဖဝါးကြီးတွေနဲ့
ပြေးလာတာဗျ။ လက်မောင်းအိုးကြီးတွေက
ထန်းပင်အရင်းပိုင်းလောက်ကြီးကို ရှိတာဗျ။

ဟာ…ကဝေကို လှမ်းဆွဲလိုက်ပြီဗျို့။ ဘာစက်မှ
ထုတ်လို့ ထွက်မလာတော့ဘဲ ကဝေကို
သူ့လက်ကြီးနဲ့ လှမ်းဆွဲလိုက်တာဗျာ။
ကဝေကို ခြေထောက်က တစ်ဖက်၊
ခေါင်းက တစ်ဖက်ကိုင်ပြီး စွေ့ကနဲ မ,ယူသွားပြီဗျို့။

ဟော…ဟော ကွင်းပိုင်ကြီး ဒေါသတကြီးနဲ့
ပါးစပ်ကြီးဖြဲထားလိုက်တာ အစွယ်ကြီးတွေမှ
ဖွေးနေတာဗျို့။ သားစိမ်း ငါးစိမ်း စားမှန်း
အစွယ်ကြီးတွေ တွေ့တာနဲ့ သိနိုင်တယ်ဗျို့။
ဟာ…ကိုက်ပြီ။ လည်ပင်းကို ကိုက်ပြီ၊ ဟာ
ကဝေကြီးရဲ့လည်ပင်းက သွေးတွေ ဖြာကနဲ
ပန်းကျလာပြီဗျို့။

“အား …အား …အား ”

ကဝေအော်သံကြီး အကျယ်ကြီးပါဗျာ
မချိမဆန့် ဝေဒနာ ခံစားပြီးအော်တဲ့ ရင်ခေါင်းသံကြီးဗျ။

“အား၊ အား၊ အား၊ အား ဝေါ”

ဟာ သစ်ပင်ကြီးတွေပေါ်မှာ အိပ်တန်းတက်နေတဲ့
ကျီးကန်းတွေတောင် လန့်ပြီး ပြိုကုန်ကြပြီဗျို့။
ကဝေက ကွင်းပိုင်ကြီးရဲ့ လက်ထဲမှာတင် ဆန့်ငင်
ဆန့်ငင်နဲ့ ငြိမ်ကျသွားပြီဗျ။ ကွင်းပိုင်ကြီးက ကဝေရဲ့
လည်ချောင်းသွေးကို စုတ်ယူပြီး ကဝေရဲ့ကိုယ်ကြီးကို
မြေကြီးပေါ် ပစ်ချလိုက်တယ်။

“ဘုန်း ”

အသက်မရှိတော့တဲ့ ကဝေရဲ့ ခန္ဓာကိုယ်ကြီး
မြေပေါ်ကို ကျလာပြီး နှစ်ပတ်လောက် လိမ့်သွားတယ်

“ဟင်း ဟင်း ဟင်း ဟင်း ”

ကွင်းပိုင်ကြီးက သွားကြီးတွေစိပြီး အော်လိုက်တယ်
ပြီးတော့ ကျုပ်ကို တစ်ချက် လှည့်ကြည့်တယ်။

“တာတေ ”

မဖဲဝါက ကျုပ်နာမည်ကို လှမ်းပြောလိုက်တယ်။

“ဟီး ”

ကျုပ်တို့ရွာဘက်ကို လက်ညှိုးထိုးပြတယ်။

“ဟုတ်တယ်၊ ထနောင်းကုန်းက ”

ကျုပ်ဖြင့် ကွင်းပိုင်ကြီး ကျုပ်ကို ကြည့်နေတာ
ကြောက်လိုက်တာဗျာ၊ ကြက်သီးတွေဆိုတာ
တဖျန်းဖျန်း ထလို့ဗျ။ ကွင်းပိုင်ကြီးက ချာခနဲ
လှည့်ထွက်သွားတယ်။ ကျုပ်လည်း ပေနှစ်ဆယ်
လောက်မြင့်တဲ့ ကွင်းပိုင်ကြီးရဲ့ ကျောကုန်းကို
ငေးကြည့်ရင်း ကြက်သီးတွေ ထနေတော့တာပေါ့ဗျာ။

ကျုပ် မဖဲဝါကို လှည့်ကြည့်လိုက်တော့
မြို့စားရဲ့သိုက်ကို ပြန်ပြီး ဖျောက်နေတယ်ဗျ။
မဖဲဝါက လက်နှစ်ဖက်ကို ရှေ့ကိုဆန့်ပြီး
သိုက်ကို မန်းမှုတ်နေတာဗျ။ ဟော မြို့စားရဲ့
သိုက်ကြီး ပျောက်သွားပြီဗျို့။ နဂိုအတိုင်း
ဂူဟောင်းကြီး ပြန်ပေါ်နေပြီဗျာ။

“ဝူး၊ ဝူး၊ ဝူး၊ အီ၊ အီ၊ အီ၊ ဝူး ၊ ဝူး ”

ဟာ…ဒါ မဖဲဝါရဲ့ ခွေးကြီးနက်ကျော် အသံဗျ။
နက်ကျော်လည်း သူ့ရဲ့သခင်မကြီး ပျောက်သွားလို့
လိုက်ရှာနေပုံရတယ်ဗျ။ ဟော…ရောက်လာပြီ။
နက်ကျော်ကြီး ရောက်လာပြီ။နက်ကျော်ကြီးက
နွားပေါက်တစ်ကောင်လောက် ရှိတာဗျ။

နက်ကျော်က သူ့သခင်မကြီးကို တစ်လှည့်
ကျုပ်ကို တစ်လှည့် ကြည့်နေတယ်။ ကိစ္စ
အားလုံး ပြီးသွားပြီ။မဖဲဝါ မီးလောင်ကုန်း
သင်္ချိုင်းကနေ တရွေ့ရွေ့ ထွက်သွားပြီ။
ဂူတွေ အပေါ်ကနေ ရွေ့သွားတာဗျ။

“ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ အီ၊ အီ၊ အီ”

ခွေးနက်ကြီး နက်ကျော်လည်း နောက်ကနေ
ပါသွားလေရဲ့ဗျာ

ကျုပ် အိမ်ပြန်ရောက်ပြီး သိပ်မကြာဘူးဗျ။
ဆရာ့တော့် ကျောင်းက အုန်းမောင်းခေါက်သံ
ကြားရတာပဲ၊ နောက်တစ်နေ့ ကျုပ် အိပ်ရာက
နိုးတော့ ဆယ်နာရီတောင် ထိုးနေပြီ။

ကျောက်ခဲက ခုံတန်းလေးမှာထိုင်ပြီး ကျုပ်ကို
စောင့်နေတယ်။

“ကျောက်ခဲရေ …ဧရာမခြေရာကြီးကိစ္စတော့
ပြီးသွားပြီဟေ့။ ဒါပေမဲ့ မီးလောင်ကုန်းသားတွေတော့
သူတို့သင်္ချိုင်းထဲမှာ လည်ပင်းအပေါက်ကြီးနဲ့
အလောင်းတစ်လောင်းတွေ့လို့ အလုပ်ရှုပ်သွားမှာ
သေချာတယ်ဟေ့ ”

ကျုပ် ပြောတာတွေကို ဘာမှ နားမလည်တဲ့
ပုံစံနဲ့ ကျောက်ခဲက ကျုပ်ကို ကြည့်နေရောဗျာ။

မူရင်းရေးသူ ဆရာ တာတေ

ပြီးပါပြီ

စာဖတ်သူများ စိတ်ရွှင်လန်းပါစေ