Unicode Version
မြွေမင်းသမီး နွယ်နီ(စ/ဆုံး)
—————————-
လွန်ခဲ့သည့် အနှစ်သုံးဆယ်ခန့်ကဖြစ်ပါသည်။
ညောင်ဦးမြို့နယ်အတွင်းတွင် သံတွင်းရွာ ဟုအမည်ရသည့် ရွာတစ်ရွာရှိသည်။ ထိုရွာသည်
လူနေအိမ်ခြေသိပ်မများသော ရွာငယ်ကလေးတစ်ရွာသာဖြစ်သည်။ ရွာအနီးတွင် ထန်းပင်တောကြီးရှိပြီး ထိုရွာမှရွာသားအများစုမှာ ထန်းနှင့်ပက်သက်သည့် ထန်းရည်လုပ်ငန်း၊ ထန်းလျက်ချက်သည့်လုပ်ငန်းလုပ်ကိုင်ကြသလို အချို့ကလဲ ဆီးပင်များစိုက်ပျိုးခြင်းနှင့် မန်ကျည်းနှင့်ပက်သက်သည့် လုပ်ငန်းများကိုလုပ်ကိုင် အသက် မွေးနေထိုင်ကြသည်။ ထိုဒေသသည် မိုးခေါင်ရေရှားဒေသဖြစ်သဖြင့် စိုက်ပျိုးရေးလုပ်ငန်းများမှာ မိုးတွင်းနှင့် ဆောင်းဦးလောက်တွင်သာလုပ်ကိုင်ကြပြီး နွေအခါတွင်တော့ အလုပ်အကိုင်သိပ်မရှိကြပေ။ ထိုအခါ ညောင်ဦးမြို့အတွင်းသွားရောက်ကာ ဟိုတယ်များ၊ တည်းခိုခန်းများတွင် သွားရောက်အလုပ်လုပ်ကိုင်ကြသည်။
ထိုရွာတွင် အလုပ်အကိုင်ရှားပါးသောကြောင့် ရွာသူတစ်ဦးဖြစ်သည့် မခင်ဦးမှာ ညောင်ဦးသို့တက်ပြီး အလုပ်လုပ်ရသည်။ ယွန်းထည်လက်မှုဆိုင်တစ်ဆိုင်တွင် ဝင်ရောက်အလုပ်လုပ်ကိုင်ရခြင်းဖြစ်သည်။ မခင်ဦးက အသားညိုသော်လည်း ရုပ်ရည်အသင့်အတင့်ရှိသည်မို့ ဆိုင်တွင် အရောင်းပိုင်းကိုကူညီပေးရသည်။ ရလာသည့် လစာငွေများအနက်မှ အချို့အဝက်ကို မိဘများထံသို့ ပြန်ပို့ပြီးနောက် ညောင်ဦးမြို့ထဲ အဆောင်ကလေးငှားရမ်းကာ နေထိုင်ရသည်။
မခင်ဦးက ဘာသာတရားကိုင်းရှိုင်းသူတစ်ယောက်ဖြစ်သည်။ တနင်္ဂနွေနေ့ရောက်တိုင်း ပုဂံဘုရားများဘက်သို့ စက်ဘီးတစ်စီးနှင့်ထွက်လာလေ့ရှိသည်။ ပြန့်ကျဲနေသည့် ပုဂံဘုရားများအကြားတွင် ခပ်သေးသေးနှင့် လူအရောက်အပေါက်နည်းသည့် ပုဂံဘုရားတစ်ဆူထံသို့ အမြဲသွားလာလေ့ရှိသည်။ ထိုဘုရားလေးက ထူးတော့ထူးဆန်းသည်။ မခင်ဦးနှင့် ရေစက်ပါသည်ဟုထင်ရသည်။ တဝဂူဘုရားဖြစ်ပြီး အတွင်းမှ ရုပ်ပွားတော်က ပျက်စီးနေသဖြင့် နောက်လူများက ပြင်ဆင်ထားခြင်းဖြစ်သည်။ ဘုရားဘွဲ့တော်ကို မသိရသလို ဘုရားအမှတ်အသားအဖြစ် စာလုံးများနှင့်သာရေးမှတ်ထားသည်။ ထိုအနီးတွင် အခြားစေတီပုထိုးများမရှိဘဲ ထနောင်းပင်များသုံးလေးပင် စုစည်းပေါက်ရောက်နေသဖြင့် အလွန်အေးချမ်းလှသည်။ မခင်ဦးလဲ ထိုဘုရားကလေးတွင် ဘုရားပန်းအိုးတစ်လုံးနှင့် ဖယောင်းတိုင်ထွန်းသည့် ခွက်ကလေးတစ်ခုကို ဝယ်ယူကာလှူဒါန်းထားပြီး တနင်္ဂနွေနေ့ရောက်တိုင်း နေ့တစ်ပိုင်းခွင့်ယူကာ ဘုရားပန်းလဲပြီး ဆီမီးပူဇော်ကာ ဘုရားရှိခိုးလေ့ရှိသည်။
ယခုတစ်ခါတွင်လဲ ထုံးစံအတိုင်း ညောင်ဦးဈေးထဲမှ ဘုရားပန်း တစ်စည်းဝယ်ယူခဲ့ပြီး အမွှေးတိုင်ဖယောင်းတိုင် အချို့ယူဆောင်လျှက် ထိုဘုရားကလေးဆီသို့ ဦးတည်ထွက်လာခဲ့သည်။ စက်ဘီးခြင်းထဲတွင်လည်း ရေကိုငှက်ပျောဖူးပုလင်းနှင့်ထည့်ပြီး ယူလာခဲ့သည်။ ဘုရားရောက် သည့်အခါ ပန်းအိုးအဟောင်းကိုသွန်ပြီး သူယူလာခဲ့သည့် ရေများကိုလောင်းထည့်ကာ ပန်းအသစ်ကပ်သည်။ ဆီမီး၊ အမွှေးတိုင်များပူဇော်ပြီးနောက် ဘုရားကိုအာရုံပြုပြီး ရှိခိုးနေလိုက်သည်။
ဘုရားရှိခိုးပြီး မျက်လုံးဖွင့်ကြည့်လိုက်တော့ မခင်ဦး လန့်သွားသည်။ မြွေဖြူကလေးတစ်ကောင်က သူ့အရှေ့တွင် အခွေလိုက်ကလေး လာခွေနေသည်။ ဦးခေါင်းကို ဘုရားဆင်းတုဘက်သို့လှည့်ထားသည်။ မြွေကိုမြင်တော့ မခင်ဦးလန့်သွားသော်လည်း မြွေဖြူကလေးက သူ့အား ရန်ပြုမည့်ပုံမရှိသည်မို့ထိုနေရာမှ အသာကလေးထပြီးထွက်လာလိုက်သည်။
ညအိပ်တော့ မခင်ဦး တစ်ယောက် မြွေဖြူကလေးကို အိပ်မက်မက်တော့သည်။
မြွေဖြူကလေးက တစ်ကိုယ်လုံးနို့နှစ်ရောင်သန်းနေသည်။ အဖြူရောင်ဟုဆိုသော်လည်း ဝါကျင်ကျင်နှင့်ဖြစ်သည်။ နွားနို့ရောင်ဟုပြောလျှင် ပိုနီးစပ်သည်။ မျက်လုံးကလေးနှစ်လုံးမှာ အစိမ်းရောင်စိမ်းလန်းနေပြီး လျှာကလေးကတော့ နီရဲတောက်ပနေသည်။ မြွေဖြူကလေး၏ ခေါင်းပေါ်ရှိ အရေခွံများတွင် ငွေရောင်ကလေးသန်းနေပြီးတော့ တလက်လက်နှင့်တောက်ပနေသည်။
မြွေကလေးကို အံ့ဩပြီးကြည့်နေစဉ်မှာပင် မြွေဖြူကလေးက မခင်ဦးအနားကပ်လာပြီးနောက်
လူလိုစကားပြောသည်။
“အမေ၊ နောက်တစ်ခါလာရင် နို့စိမ်းဝယ်လာခဲ့ပါ”
“ဟယ်၊ ဘာတွေပြောနေတာလဲ ငါကလူ၊ နင်က မြွေလေ၊ ဘယ်လိုလုပ်အမေလို့ခေါ်တာလဲ”
“ရှင်နဲ့ကျွန်မက ဘဝတစ်ခုမှ သားအမိအဖြစ် တော်စပ်ခဲ့ဖူးတယ်၊ ဒါကြောင့် အမေလို့ ခေါ်တာပါ”
“အေးပါ၊ ခေါ်ချင်သလိုခေါ်ပါ၊ အခုလာတာ ဘာဖြစ်လို့လာတာလဲ”
“နောက်တစ်ခါ ဘုရားကလေးဆီကိုလာရင် နွားနို့စိမ်းတစ်ခွက် ဝယ်လာခဲ့ပါ”
ထိုသို့ပြောပြီး မြွေကလေးက ပြန်ထွက်ခွာသွားသည်။ မခင်ဦးလဲ မျက်လုံးများကိုဖွင့်ကာ အဆောင်ခေါင်မိုးကို ပြူးပြီးကြည့်နေမိသည်။ မနက်ပိုင်း မိုးစင်စင်လင်းနေပြီဖြစ်သည်။
သွားတိုက်ရေချိုးရင်း ညက မက်ခဲ့သည့်အိပ်မက်ကို ပြန်တွေးနေမိသည်။ ထိုအခါ တကယ်ဟုတ်နိုင် မဟုတ်နိုင် စိတ်ထဲဗျာများနေရသည်။ မနေ့က တွေ့ခဲ့သည့် မြွေဖြူကလေးကို စိတ်ထဲစွဲပြီးတော့ အိပ်မက်မက်နေမိခြင်းဖြစ်မည်ဟု တွေးလိုက်မိသည်။
(ခ)
သို့သော်လည်း နောက်တစ်ပတ်တော့ ဘုရားဆီသွားရင်း ညောင်ဦးဈေးထဲက နို့စိမ်းတစ်ထုပ်ဝယ်လာခဲ့သည်။ လိုလိုမယ်မယ် အကြမ်းပန်းကန်လုံးကလေးတစ်လုံးကိုလဲယူလာခဲ့သည်။ ဘုရားမှာ ပန်းကပ်၊ ဆီမီးကပ်လှူပြီးတော့ ဘုရားရှိခိုးနေမိသည်။ ထိုစဉ် သူ့နှာခေါင်းထဲသို့ အလွန်မွှေးပျံ့သည့် ရနံ့တစ်မျိုးရလာသဖြင့် ကျောချမ်းလာကာ မျက်လုံးဖွင့်ကြည့်လိုက်သည်။ သူ့ရှေ့တွင်တော့ သူ့အားစိုက်ကြည့်နေသည့် မြွေဖြူကလေးကိုတွေ့ရသည်။
“ငါ ဘုရားရှိခိုးတာ မပြီးသေးဘူး၊ ခဏစောင့်အုံး”
မြွေကလေးကိုပြောလိုက်တော့ မြွေဖြူကလေးက ခေါင်းငုံ့ပြီး ပြန်ခွေနေသည်။ ဘုရားရှိခိုး အမျှအတန်းဝေပြီးတော့ မခင်ဦးလဲထလိုက်သည်။ စက်ဘီးခြင်းထဲပါလာသည့် အကြမ်းပန်းကန်လေးကို မြွေကလေးအနားသို့ချလိုက်ပြီးနောက် နို့စိမ်းထုပ်ကို ဖောက်ထည့်ပေးလိုက်သည်။ မြွေကလေးက အကြမ်းပန်းကန်ခွက်ထဲ ခေါင်းထည့်ပြီးတော့ နို့စိမ်းများကို သောက်နေတော့သည်။ နို့စိမ်းကုန်သွားသဖြင့် မခင်ဦးလဲ ထပ်ထည့်ပေးတော့ မြွေဖြူကလေးက မသောက်တော့ဘဲ ဘုရားဆင်းတုတော်အနားသို့ တိုးဝင်သွားပြီးနောက် ပျောက်ကွယ်သွားသည်။ သို့နှင့် မခင်ဦးလဲ အပတ်တိုင်း မြွေဖြူကလေးအတွက် နို့စိမ်းတစ်ခွက် အမြဲတမ်းသယ်လာဖြစ်တော့သည်။
မခင်ဦးက စကားပြောချိုသာသလို ရုပ်ရည်ကလဲ သနားကမားကလေးဖြစ်သဖြင့် မခင်ဦး၏ အချစ်ကိုရယူချင်သည့်သူများမှာ ညောင်ဦးမြို့တွင် မနည်းလှချေ။ အချို့ကတော့ မခင်ဦးကို ပိုးပန်းသည့်အနေနှင့် တစ်ပတ်တစ်ခါလောက် ယွန်းထည်တွေ လာရောက်ဝယ်ယူတတ်ကြရာ သူတို့ဆိုင်ရောင်းအားတက်နေသည်။
“နင်တို့တွေ ခင်ဦးကိုကြည့်ပြီးအတုယူကြ၊ သူ့ကြောင့် တို့ဆိုင် မိတ်တွေတက်လာတာမနည်းဘူးနော်၊ ဒီလိုပြောလို့ နင်တို့တွေကို မြှူဆွယ်ခိုင်းနေတာမဟုတ်ဘူး”
ဆိုင်ပိုင်ရှင်က အမြဲလိုလို ဆိုင်မှဝန်ထမ်းများအား ခင်ဦးကိုအတုယူရန် အမြဲပြောလေ့ရှိသည်။ ထိုသို့အပြောခံရတိုင်းလဲ ခင်ဦးက ဝန်ထမ်းများကို အားနာပြီးမနေတတ်ဖြစ်ရသည်။ နောက်တော့ ဝန်ထမ်းအချို့က ခင်ဦးကိုကြည့်ကာ မနာလိုဖြစ်နေတတ်သည်။ ရန်လိုနေတတ်တော့သည်။
မခင်ဦး၏ အချစ်ကိုလိုချင်သူများထဲတွင် ကျောင်းဆရာများ၊ အစိုးရဝန်ထမ်းများကအစ ဆီးယိုလုပ်ငန်းပိုင်ရှင်စသည့်သူများသာမက၊ ရပ်ထဲရွာထဲမှ ကာလသားများပါမကျန် မခင်ဦးကို စိတ်ဝင်စားနေကြသည်။ မခင်ဦးကို ပွင့်ပွင့်လင်းလင်းပြောသူလဲရှိသလို၊ ကွယ်ဝှက်ပြီး ရင်ထဲကအချစ်တွေကို ထုတ်ဖော်မပြောပြသူတွေလဲရှိသည်။
သို့သော် မခင်ဦးကတော့အချစ်ရေး ကိုမတွေးချင်သေးသောကြောင့် လာပြောသူအားလုံးကို ကြိုးရှည်ရှည်နှင့် လှန်ထားလိုက်တာများသည်။
“မခင်ဦးကို ကိုဖိုးတုတ်ကြီးက ကြိုက်လို့တဲ့၊ အဲဒါ စာပေးခိုင်းလိုက်တယ်”
ဆိုင်မှ အရောင်းဝန်ထမ်းကောင်မလေးတစ်ယောက်က မခင်ဦးကို စာတစ်စောင်ပေးသည်။
“ညည်းတို့လဲ မုန့်စားရတယ်ဆိုပြီးတော့ စာတွေလာပေးမနေကြနဲ့၊ သူ့လိုလူကို ငါကကြိုက်စရာလား၊ နောက်တစ်ခါစာပေးခိုင်းရင် အပြတ်သာပြောခဲ့ကြ”
ကိုဖိုးတုတ်ဆိုသူက သူတို့ယွန်းထည်ဆိုင်ရှိ ဂိုထောင်စောင့်ဖြစ်သည်။ အသားမည်းမည်း၊ လူကပုပုနှင့် တုတ်တုတ်ခိုင်ခိုင်ရှိသည်မို့ ကိုဖိုးတုတ်ဟု အလွယ်ခေါ်နေကြခြင်းဖြစ်သည်။ မျက်နှာကြီးက ရှုံ့တွနေပြီးတော့ ပါးနှစ်ဖက်တွင်လဲ ကျောက်ပေါက်ရာတွေ ဗရပွနှင့်ဖြစ်သည်။
(ဂ)
ထိုနေ့က မိုးတွေရွာနေသည်။ မိုးရွာသည်ဟုသာဆိုသော်လည်း အညာမိုးမို့ တဖွဲဖွဲနှင့်သာဖြစ်သည်။ မိုးတွင်းကြီးဖြစ်သောကြောင့် ကောင်းကင်ကြီးကတော့ အုံ့ဆိုင်းနေသည်။
ဆိုင်မှ စက်ဘီးနှင့်ထွက်ခဲ့ပြီးနောက် ညောင်ဦးဈေးထဲဝင်ခဲ့သည်။ နို့စိမ်းနှင့် ပန်းဝယ်ပြီးသည့်အခါ ထုံးစံအတိုင်း ဘုရားကလေးဆီသို့ထွက်လာခဲ့သည်။ မိုးဖွဲရွာနေသော်လည်း ထီးမဆောင်းတော့ဘဲ စက်ဘီးကိုအမြန်နင်းလာလိုက်သည်။
ဘုရားထဲရောက်တော့ ဘုရားပန်းအိုးလဲရန် ရေကိုသွန်လိုက်သည်။ ထို့နောက် လတ်ဆတ်သည့် ဘုရားပန်းကလေးများကိုပန်းအိုးထဲထိုးလိုက်ပြီး ဘုရားထဲပြန်ဝင်မည်အလုပ် သူ့အနောက်ကနေပြီးတော့ ပွေ့ဖက်ခြင်းကိုခံစားလိုက်ရသည်။
“ဟင် . . ကို . . ကိုဖိုးတုတ်”
“ဟား၊ ခင်ဦးရယ်၊ ကိုယ်မင်းကိုချစ်တဲ့အကြောင်းတွေကို သက်သေပြချင်တယ်”
“မလုပ်ပါနဲ့ရှင်၊ ကယ်ကြပါအုံး၊ ကျွန်မကို”
ထိုစဉ်မှာပင် ကိုဖိုးတုတ်က မခင်ဦးကို ဆွဲဖက်ပြီးတော့ အနိုင်အထက်ပြုတော့သည်။ ယောက်ျားအားနှင့် မိန်းမအားမို့ မခင်ဦးကြာကြာမရုန်းကန်နိုင်ပါ။ ဆိတ်ငြိမ်ရာအရပ်ဖြစ်သည်မို့ မခင်ဦး၏ အော်ဟစ်သံနှင့် ရေရွတ်သံများကိုလဲ မည်သူမျှ မကြားနိုင်တော့ပါ။ မခင်ဦးကိုင်ထားသည့် ဘုရားပန်းအိုးကလေးကတော့ ဘုရားရင်ပြင်ပေါ်ကျကာ အစိတ်စိတ်အမွှာမွှာကွဲကြေသွားသလို လတ်ဆတ်သည့်ဘုရားပန်းကလေးတွေကလဲ မြေမှာကျကာ နွမ်းလျနေခဲ့လေပြီ။
“ဟား၊ ဟား ခင်ဦး၊ ခင်ဦး နင်ဘာတတ်နိုင်သေးလဲ၊ ငါအခုတော့ နင့်ဆီကလိုချင်တာကို ရလိုက်ပြီ၊ ဒီအကြောင်းတွေကို နင်လျှောက်ပြောရင် နင့်ကိုငါသတ်ပစ်မယ်”
ကိုဖိုးတုတ်က ထိုသို့ကြိမ်းမောင်းလိုက်ပြီးနောက် ပုဆိုးကိုပြင်ဝတ်လိုက်သည်။ မခင်ဦး၏ အဝတ်အစားတွေကို ကိုဖိုးတုတ်ဆွဲဖြဲထားသဖြင့်စုတ်ပြဲနေသည်။ မခင်ဦးလဲ ဂူဘုရားနံရံကလေးကိုမှီရင်း ခေါင်းငုံ့ကာ ကျိတ်ငိုနေမိသည်။
ကိုဖိုးတုတ် ဘုရားထဲက ပြန်အထွက်မှာ မြွေဖြူလေးတစ်ကောင်က မျက်နှာကျက်ဆီမှ ကိုဖိုးတုတ်၏ လည်ကုတ်ပေါ်သို့ ပြုတ်ကျလာသည်။ ကိုဖိုးတုတ်လဲ ကြောက်လန့်ပြီးနောက် အော်ဟစ်လိုက်သည်။
“အလကားမြွေ၊ သွားစမ်း”
မြွေဖြူကလေးကို လွှင့်ပစ်ပြီးသည့်နောက် ကိုဖိုးတုတ်လဲ အပြင်သို့ပြေးထွက်သွားတော့သည်။ မခင်ဦးခေါင်းထဲ ဘာမှစဉ်းစားလို့မရနိုင်တော့။ ရှက်သည့်စိတ်၊ ကြောက်သည့်စိတ်တွေက သူ့အတွေးတွေကို ဖုံးလွှမ်းထားသည်။
“ဘာမှမပူပါနဲ့၊ ဖြစ်ချိန်တန်လို့ဖြစ်တာပါ၊ ဖြစ်ရမယ့်ကံပါလာလို့ ဖြစ်ရတာပါ”
အသံကြားလိုက်တော့ မခင်ဦးလဲ အနားကိုလှည့်ပတ်ကြည့်မိသည်။ သို့သော် လူတစ်ဦးတစ်ယောက်မှ မတွေ့ရ။ သူ့ရှေ့တွင် မြွေဖြူကလေးတစ်ကောင်သာရှိသည်။ မခင်ဦးလဲ အလွန်အံ့ဩသွားသည်။
“နင်၊ မြွေ၊ မြွေက ငါ့ကိုစကားပြောနေတာလား”
“အဆိုးထဲက အကောင်းဖြစ်သွားတယ်လို့ပဲမှတ်လိုက်ပါ”
“ဘာအဆိုးထဲကအကောင်းလဲ မြွေဖြူရဲ့၊ ငါအခုလိုဖြစ်တော့ ငါ့အရှက်တရားတွေ၊ ငါ့ရဲ့ပျိုမြစ်မှု၊ ဖြူစင်မှုတွေအကုန်ဆုံးရှုံးခဲ့ရပြီလေ”
“ဘာမှမပူနဲ့အမေ၊ သမီးလာပြီ၊ သမီးပြန်လာပြီ”
မြွေဖြူကလေးက ထိုသို့ပြောပြီးတော့ သူ့ခြေထောက်တွေကို ရစ်ပတ်ပြီးတော့ တက်လာသည်။ နောက်တော့ ပေါင်ပေါ်ကိုတက်လာပြီး ပေါင်ပေါ်မှတဆင့်ဝမ်းဗိုက်အတွင်းသို့ တိုးဝင်နေသည်။ မခင်ဦးလဲ ကြောက်လန့်ပြီး အော်ဟစ်မိသည်။
“ဂျိန်း . .”
မိုးခြိမ်းသံကြီးတစ်ခုကြားလိုက်တော့မှ မခင်ဦးမျက်လုံးတွေဖွင့်ကြည့်လိုက်သည်။။ အချိန်က ညနေပင်စောင်းနေပြီဖြစ်သည်။ ဂူဘုရားအတွင်းမို့ အတွင်းပိုင်းတွင် မည်းမှောင်နေသည်။ မခင်ဦးလဲ စုတ်ပြဲနေသည့်အဝတ်အစားများကို သေသေသပ်သပ်ဖြစ်သွားအောင်ပြုပြင်လိုက်ပြီးနောက် အပြင်ကိုပြေးထွက်လိုက်သည်။ စက်ဘီးနှင့် ညောင်ဦးဈေးထဲအရင်ဝင်ရသည်။ ညနေစောင်းနေပြီဖြစ်သဖြင့် ဈေးကပိတ်တော့မည်။ ချည်ထည်အကျီလက်ရှည်ကလေးတစ်ထည်ကို ဝယ်ယူလိုက်ပြီးနောက် အပေါ်မှထပ်ကာဝတ်ဆင်ပြီး ဆိုင်သို့ပြန်လာခဲ့သည်။
ဆိုင်ကိုရောက်တော့ ဆိုင်ကပိတ်ထားသည်။ ဒီအချိန် ဆိုင်ပိတ်ရမည့်အချိန်မဟုတ်ပေ။ ဆိုင်တံခါးဖွင့်ဝင်သွားတော့ ဆိုင်ပိုင်ရှင်က သူ့နားကိုပြေးလာသည်။
“ခင်ဦး ဘယ်တွေလျှောက်သွားနေတာလဲ နေ့တစ်ပိုင်းလောက် ပျောက်နေတာနော်”
“ဟို၊ ဟိုလေ”
ခင်ဦးဘာပြောရမှန်းမသိတော့။ သို့နှင့် ဆိုင်ပိုင်ရှင်ကို မေးခွန်းပြန်ထုတ်လိုက်သည်။
“ဆိုင်ကိုဘာလို့ ဒီအချိန်ပိတ်ထားတာလဲ”
ဆိုင်ပိုင်ရှင်က သက်ပြင်းတစ်ချက်ချလိုက်သည်။
“ဂိုထောင်စောင့်တဲ့ ကိုဖိုးတုတ် ဆုံးပြီဟ”
“ဟင် . . .”
ခင်ဦးတစ်ချက်သာ ရေရွတ်မိသည်။ ထိုသို့ဖြစ်သွားသဖြင့် ပျော်ရမည်လား၊ ဝမ်းနည်းရမည်လားကို မတွေးတတ်တော့။
“နေ့လည်က အကောင်းကြီးရှိပါသေးတယ်၊ ဘာ . . ဘာဖြစ်လို့လဲ”
“တန်းလျားမှာ သူနဲ့အတူတူနေတဲ့သူတွေပြောတာကတော့ နေ့လည်ကအပြင်သွားပြီးပြန်လာတာ၊ ဒီရောက်တော့ ခေါင်းမူးလို့ဆိုပြီးတော့ အိပ်ရာထဲလှဲနေတာတဲ့။ နောက်တော့ သွားကြည့်တဲ့အချိန်မှာ တစ်ကိုယ်လုံး ပြာနှမ်းပြီးတော့ မျက်လုံးကြီးပြူးပြီး သေနေတာပဲတဲ့”
“ထူးဆန်းတယ်နော်”
“ဘာမှမထူးဆန်းပါဘူးဟာ၊ ဆရာဝန်က မြွေဆိပ်တက်တာလို့ပြောတယ်၊ သူ့ဂုတ်ပိုးမှာ မြွေကိုက်ရာကလေး တွေ့တယ်တဲ့”
“မြွေကိုက်ရာ၊ ဒါ ဆိုရင် မြွေဖြူ၊ မြွေဖြူ”
အမှတ်တမဲ့ရေရွတ်နေမိသည့်ပါးစပ်ကို အမြန်ပိတ်လိုက်ရသည်။ မခင်ဦးဒီဆိုင်တွင် ဆက်မလုပ်ချင်တော့ပေ။ နောက်တော့ တစ်ယောက်စကား တစ်ယောက်နားနှင့် ပြန်ကြားရသည်မှာ ကိုဖိုးတုတ်အား ဆိုင်မှဝန်ထမ်းကောင်မလေးတစ်ယောက်က မခင်ဦးသွားတတ်သည့်နေရာကို ပြောပြထားသောကြောင့်ဖြစ်မှန်းသိလိုက်ရသည်။
မခင်ဦးအား ဆိုင်မှဝန်ထမ်းများက တီးတိုးတီးတိုးပြောဆိုကြသည်။ မခင်ဦးလဲ ဆက်ပြီးမလုပ်နိုင်တော့သဖြင့်ဆိုင်မှအလုပ်ထွက်ပြီး ရွာသို့ပြန်လာခဲ့သည်။
(ဃ)
ရာသီသွေးမလာသည်မှာသုံးလပင်ကျော်မြင့်ခဲ့ပြီဖြစ်သည်။ မခင်ဦးစိတ်ထဲထင့်နေမိသည်။ နောက်တော့ ပျို့အန်ချင်သလိုဖြစ်လာသည်။ လေတွေအန်နေတတ်သည့်အတွက် မခင်ဦး အဖေနှင့်အမေက စိတ်မချဖြစ်လာသည်။ ရွာမှလက်သည်အဒေါ်ကြီးခေါ်ပြီး စမ်းသပ်လိုက်တော့ ကိုယ်ဝန်ရှိနေပြီဖြစ်မှန်းသိလိုက်ရသည်။
“အမိုက်မ၊ နင်ဘယ်လိုလုပ်လိုက်တာလဲ၊ ပြောစမ်း၊ နင်ဘယ်သူနဲ့ရတာလဲ”
“သမီးမှားပါတယ်အဖေ၊ ဘယ်သူနဲ့ရတာကိုတော့ ပြောမပြရပါစေနဲ့”
“ဒီကောင့်ကို ငါတို့သွားတွေ့ပြီး တာဝန်ယူခိုင်းမှ ရမှာပေါ့ဟ”
“မရှိတော့ဘူးအဖေ၊ သူမရှိတော့ဘူး၊ သူသေသွားပြီ”
မခင်ဦးအဖေလဲ ထိုင်နေရာကနေ သွေးတက်ပြီးလဲကျသွားသည်။ သူတို့ကိုလဲ တစ်ရွာလုံးက မကောင်းပြောကြသည်။ မခင်ဦး ဆော့သဖြင့် ဖြစ်သည်ဟု မကောင်းသတင်းပြောကြသည်။ အပျိုနုနုထွတ်ထွတ်ကလေး မခင်ဦးမှာ အခုတော့ ဗိုက်ကြီးတစ်လုံးနှင့် လင်ကောင်မပေါ်ဘဲ ကလေးမွေးရတော့မည်ဖြစ်သည်။
“ကလေးက ဇောက်ထိုးဖြစ်နေတယ်ဟေ့ မွေးရတော့ခက်မှာ”
လက်သည်အဒေါ်ကြီးက ပြောလိုက်သဖြင့် မခင်ဦးရော၊ သူ့အမေပါ စိတ်ညစ်သွားသည်။ မခင်ဦးအဖေဖြစ်သူကတော့ အိမ်အတွက်ဦးစီးပြီးတော့ ကြုံရာကျပန်းလုပ်ကာ ငွေရှာနေရသည်။
“ဒီအတိုင်းမွေးရင် ညည်းပါအသက်ဆုံးရှုံးနိုင်တယ်၊ ဒီတော့ ညောင်ဦးတက်ပြီး ဆရာဝန်နဲ့ခွဲမွေးပါလား”
“ဆရာဝန်နဲ့ဗိုက်ခွဲမွေးရင် ပိုက်ဆံတော်တော်ကုန်မှာ၊ မဖြစ်ပါဘူး၊ ဒီအတိုင်း အိမ်မှာပဲမွေးမယ်”
မခင်ဦးအလုပ်မရှိတော့သဖြင့် အိမ်၏စီးပွားရေးမှာ အတော်ချို့တဲ့နေပြီဖြစ်ပြီး အဖေဖြစ်သူပင် ကြုံရာကျပန်းလုပ်ကာ ငွေရှာနေရသည့်အချိန်ဖြစ်သည်။ မခင်ဦးလဲ ဗိုက်ကလေးပွတ်ရင်း မျက်ရည်ကျနေမိသည်။
ထိုညတော့ အိပ်နေရင်းခြေထောက်မှာ အေးစက်သည့်အထိအတွေ့ကို ရလိုက်သဖြင့် လန့်ပြီးမျက်လုံးဖွင့်မိသည်။ ဗိုက်ခံနေသဖြင့် ဖြည်းဖြည်းချင်းငုတ်တုတ်ထိုင်လိုက်တော့ သူ့ခြေရင်းတွင် မြွေနက်ကြီးတစ်ကောင်က ပါးပျဉ်းထောင်ပြီးတော့ သူ့ကိုကြည့်နေသည်။
“အောင်မယ်လေး၊ အဖေရေ၊ အမေရေ”
သူအော်ခေါ်ပေမယ့် မည်သူမှကြားသည့်ပုံမရပေ။ မြွေကြီးက တစ်ကိုယ်လုံးနက်မှောင်နေပြီးတော့ ပါးပျဉ်းတွင် အဖြူရောင်အတွန့်လေးများရှိသည်။ ပါးပျဉ်းထောင်ထားသည်မို့ မြွေဟောက်ကြီးဖြစ်ပုံရသည်။ မျက်လုံးကြီးတွေက နက်မှောင်နေပြီးနောက် မခင်ဦးကို စိုက်ကြည့်နေသည်။
“နင်ဘာလုပ်မလို့လဲ၊ ငါနင့်ကိုဘာမှမလုပ်ဘူးနော်၊ နင့်လမ်းနင်သွားပါ”
မခင်ဦးက မြွေကြီးကိုပြောလိုက်သည်နှင့် မြွေကြီးက ပါးစပ်ကြီးကိုဖြဲချလိုက်သည်။ မခင်ဦးလဲ လန့်ပြီးမျက်လုံးမှိတ်ထားလိုက်သည်။
“ဘုတ်”
ဖျာပေါ်ကိုတစ်ခုခုကျသံကြားသဖြင့် မခင်ဦးမျက်လုံးကို အသာကလေးဖွင့်ကြည့်လိုက်သည်။ မြွေဟောက်ကြီးက မခင်ဦး၏ အရှေ့တွင် ပါးစပ်ဖွင့်ထားပြီးနောက် တစ်ခုခုကို ထိုးအန်နေပုံရသည်။ ကြမ်းပြင်တွင်လဲ အနီရောင်ကျောက်တုံးတစ်တုံးကိုတွေ့ရသည်။
“အွတ် . . အွတ်”
မြွေကြီးက ထိုသို့ပြုလုပ်ပြီးနောက် ကြမ်းပြင်တွင် ခေါင်းကိုထိုးချလိုက်သည်။ ထိုအခါ သူ့ပါးစပ်အတွင်းမှ အနီရောင်ကျောက်တုံးတစ်တုံးထပ်မံထွက်လာသည်။ မြွေကြီးက သုံးခါတိတိအန်သည့်အခါ အနီရောင်ကျောက်တုံး သုံးတုံးကျန်ခဲ့သည်။ ပြီးနောက်မှာတော့ လှည့်ထွက်သွားပြီး အိမ်ပေါ်မှဆင်းသွားတော့သည်။
မခင်ဦးလဲ လန့်နိုးသွားသည်။ သူ့တစ်ကိုယ်လုံးချွေးတွေပြန်နေသည်။
“အော်၊ ငါ အိပ်မက် မက်နေတာပါလား”
အိပ်မက်မှန်းသိလိုက်ရတော့ နှမြောမိသွားသည်။ ခုနက အိပ်မက်ထဲမှာ ရတနာတွေရသည့်အတွက် ပျော်လိုက်သည့်ဖြစ်ခြင်း။ တစ်ဖက်ကိုပြောင်းလှည့်ပြီးအိပ်ဖို့ ကိုယ်ကိုလှည့်လိုက်စဉ် ခြေထောက်က ဖျာပေါ်မှ တစ်စုံတစ်ခုကိုထိမိလိုက်သည်။ မာကျောသည့်အရာတစ်ခုဖြစ်သဖြင့် မခင်ဦးမျက်လုံးများပြူးသွားသည်။ ထထိုင်ပြီးကြည့်လိုက်တော့ အိပ်မက်ထဲကအတိုင်းပင် ကျောက်အနီကြီးသုံးလုံးဖြစ်သည်။
(င)
“ကျောက်က ပတ္တမြားမဟုတ်လို့ဗျ၊ ဟုတ်ရင် ဒီထက်ဈေးပိုရမှာ”
ညောင်ဦးမြို့က စိန်ကျောက်ပွဲစားထံသို့ ကျောက်သုံးလုံးကိုရောင်းချလိုက်ရာ အတော်ကလေးကျန်သည်။ ထိုငွေနှင့် မခင်ဦးဆေးရုံတက်ပြီး ဗိုက်ခွဲမီးဖွားရတော့မည်။ ပိုလျှံသည့်ငွေများကိုတော့ အိမ်ကိုပြန်ပြင်လိုက်သည်။
ဗိုက်ခွဲမွေးတာက ဗိုက်မနာခင် ခွဲမွေးမည်ဖြစ်သဖြင့် ဆရာဝန်ချိန်းထားသည့်ရက်တွင် ညောင်ဦးဆေးရုံသို့ တက်လာကြသည်။ ငွေလဲအလုံအလောက်ပါသဖြင့် မခင်ဦးစိတ်အေးရသည်။ နောက်တစ်နေ့မနက်ပိုင်းတွင် ခွဲမည်ဖြစ်သဖြင့် ထိုနေ့ညက အစာရှောင်ရသည်။ ညအိပ်တော့ သူတို့ဆေးရုံအတွင်းလူတွေ လှုပ်လှုပ်ရှားရှားဖြစ်နေကြသည်။
“အမေ ဘာဖြစ်လို့လဲ”
“ဆေးရုံဘေးနား ပတ်ပတ်လည်မှာ မြွေတွေ တွေ့လို့တဲ့သမီးရဲ့”
မခင်ဦးလဲ သိချင်သဖြင့် ကုတင်မှထကာ ပြတင်းပေါက်ကိုကြည့်လိုက်မိသည်။ ပြတင်းပေါက်တွင် မှန်များကာရံထားသည်။ ဆေးရုံဝင်းတစ်ခုလုံးတွင် ချုံမရှိဘဲ ပြောင်ပြီးရှင်းလင်းနေသည်။ ထိုမြေပြင်ပေါ်တွင်မြွေအမျိုးအစားအစုံက မရေမတွက်နိုင်အောင် သွားလာလှုပ်ရှားနေသည်ကိုတွေ့ရသည်။
တစ်ထွာ၊ တစ်တောင်မှစတင်ပြီးတော့ နှစ်လံ၊ သုံးလံအထိရှည်လျားသည့်မြွေကြီးများကိုတွေ့ရပြီး မြွေတွေမှာလဲ အရောင်အသွေးအစုံနှင့်ဖြစ်သည်။ မြေပွေး၊ မြွေဟောက်တွေသာမက တွေ့ရခဲသည့် စပါးအုံးလို မြွေကြီးတွေပါမြင်ရသဖြင့် ဆေးရုံဝန်ထမ်းများနှင့် ဆေးရုံတက်နေသည့်သူများအားလုံး အံ့ဩထိတ်လန့်နေကြသည်။ ထိုအချိန်တွင် မြွေကြီးတစ်ကောင်က ဆေးရုံအနီးသို့တိုးကပ်လာပြီးမခင်ဦးဘက်သို့ မြန်မြန်ပြေးလာနေသည်။
“လုပ်ပါအုံး၊ မြွေကြီးပြေးလာနေပြီ”
လူတွေက ဝိုင်းအော်ကြသည်။ မြွေကြီးက မခင်ဦးနှင့် မျက်နှာချင်းဆိုင်လာလိုက်ပြီးနောက် ဦးခေါင်းကို ငုံ့လိုက် မလိုက်နှင့် သုံးကြိမ်လောက်ပြုလုပ်နေသည်။ ဦးတိုက်နေသည့်သဘောပင်ဖြစ်မည်။ ထို့နောက် ထိုမြွေကြီးက ပြန်လှည့်သွားတော့ ကျန်သည့်မြွေများလဲ သူ့အလိုလိုပြန်ထွက်ခွာသွားကျတော့သည်။
ဆယ့်ငါးမိနစ်ခန့်ကြာသည့်အခါတွင်တော့ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များရောက်လာကြသည်။ သို့သော် မြွေကြီးများက မရှိတော့ပေ။ တစ်ကောင်တစ်လေပင် ကျန်ခဲ့ပုံမရ၊ ရဲအရာရှိများကလဲ ဆေးရုံမှလူများ ဝိုင်းပြောသဖြင့် သာယုံလိုက်ရသည်။ အချို့ကတော့ အပြောနှင့်မယုံချင်ကြပေ။
စနေသမီး နေတက်ရေတက်မှာ မွေးသည့်အတွက် ထိုမိန်းကလေးကို နွယ်နီဟု အမည်ပေးလိုက်ကြသည်။ နွယ်နီမှာ ရက် ၁၀၀ ပြည့်သည်အထိ ထူးခြားချက်တစ်စုံတစ်ရာ မပြသေးပေ။ ရက် ၁၀၀ မပြည့်ခင် တစ်ပတ်ခန့်အလိုမှာ မြွေနက်ကြီးက အိပ်မက်ထဲသို့ရောက်လာပြန်သည်။
“ကလေး ရက်၁၀၀မှာ ဘုန်းကြီးတွေကိုအလှူဒါနပြုပြီးတော့ မြွေတွေနဲ့ သုံးဆယ့်တစ်ဘုံသားတွေကို အမျှပေးဝေပေးပါ”
မြွေနက်ကြီးက ပြောလိုက်သည့်အခါ မခင်ဦးက ညည်းတွားလိုက်သည်။
“လုပ်ပေးချင်တာပေါ့၊ ဒါပေမယ့် ကလေးမွေးပြီးကတည်းက ပိုက်ဆံတွေကုန်လိုက်တာဆိုတာ အိမ်ရဲ့စီးပွားရေးအခြေအနေက သိပ်ကောင်းတာမဟုတ်ဘူး၊ ဘုန်းကြီးသုံးပါးလောက်ပဲပင့်ပြီး အကျဉ်းချုံး အလှူပိန်လေးပဲ လုပ်မလားလို့”
ထိုအခါ မြွေကြီးက ပါးစပ်ကြီးကိုပြဲနေအောင် ဟလိုက်ပြန်သည်။ ထို့နောက် ပါးစပ်အတွင်းမှ ကျောက်များကိုအန်ချပြန်သည်။ ယခုတစ်ခါလဲ ကျောက်အနီကြီးသုံးလုံးကို ထပ်မံအန်ချပြန်သည်။ မခင်ဦးလဲ အိပ်မက်ထဲတွင်ပင် အလွန်အံ့သြပြီးကြည့်နေမိသည်။ နောက်တော့ မြွေကြီးက အိမ်ပေါ်မှပြန်ဆင်းသွားသည်။ မခင်ဦးလန့်နိုးလာတာ့ ခြေရင်းဘက်ကိုကြည့်မိသည်။ ထိုအခါ ကျောက်အနီကြီးသုံးလုံးကို ထပ်မံရရှိပြန်သည်။
“အဖေ ဒီကျောက်တွေကို ထုခွဲရောင်းချပြီးတော့ သမီးလေး ရက်၁၀၀ ပြည့်အလှူအဖြစ်လုပ်ကြမယ်”
မနက်ရောက်တော့ အဖေဖြစ်သူကို ကျောက်တွေပေးလိုက်သည်။ အဖေဖြစ်သူကလဲ အလွန်အံ့သြနေသည်။
“ဒါပေမယ့် တစ်ခုတော့ရှိတယ်အဖေ၊ ဒီကိစ္စကို ဘယ်သူ့ကိုမှမပြောပါနဲ့အဖေ၊ လူတွေသိပြီးတော့ သမီးလေးကို တစ်မျိုးမြင်နေကြမှာစိုးလို့ပါ”
အဖေဖြစ်သူကခေါင်းညိတ်လိုက်ပြီးတော့ ကျောက်တွေကို ညောင်ဦးမြို့ရှိ ရွှေပန်းထိမ်ဆိုင်တစ်ခုတွင် သွားရောက်ရောင်းချလိုက်သည်။ ရသည့်ငွေနှင့် အလှူတစ်ခုကိုကျင်းပသည်။ တစ်ရွာလုံးကို မီးခိုးတိတ် ကျွေးမွေးနိုင်သည့်အပြင် ရွာဦးကျောင်း ကျောင်းဆောင်ကြီးပြုပြင်ရန်အတွက်လဲ အလှူငွေထည့်လိုက်နိုင်သည်။
သမီးလေး နွယ်နီက တဖြည်းဖြည်းကြီးလာခဲ့ပြီ၊ သုံးနှစ်အရွယ်တောင်ရောက်လာခဲ့သည်။ သမီးလေးကိုကြည့်ရတာ ထူးတော့ထူးဆန်းသည်။ မြွေဘဝက လာတာမို့လားမပြောတတ်၊ အမြဲတမ်း ခွေခွေခေါက်ခေါက်နှင့်နေတတ်သည်။ သမီးလေးအကြိုက်ဆုံးအစားအစာကတော့ သူအမြဲသောက်နေကျ နို့စိမ်းပင်ဖြစ်သည်။
“ကလေးကို နို့စိမ်းတွေမတိုက်နဲ့ ချေးတွေပန်းကုန်အုံးမယ်”
အမေကပြောသဖြင့် နွားနို့ကို ကျိုပြီးတော့ သမီးကိုတိုက်သည်။ သမီးက ကျိုထားသည့်နို့မှန်း သိသည့်အခါ မသောက်တော့။ အော်ဟစ်ငိုနေသည်။
“ပူတယ်၊ ပူတယ်”
“သမီးရယ်၊ အမေကိုယ်တိုင်မှုတ်ထားတာ မပူပါဘူးကွဲ့”
“ပူတယ်၊ အမေတို့ နို့ကိုချက်ထားတာမဟုတ်လား၊ မသောက်ဘူး”
ကလေးမို့ နွားနို့ကျိုသည်ကို မပြောတတ်၊ ချက်ထားသည်ဟုသာပြောပြီးတော့ နွယ်နီကလေးက နို့ခွက်ကိုမသောက်ဘဲ လွှင့်ပစ်လိုက်သည်။ မခင်ဦးလဲ ဒေါသထွက်သွားပြီး နွယ်နီကလေးကို ကြိမ်းမောင်းလိုက်သည်။
“ဟဲ့ ကောင်မလေး နို့စိမ်းသောက်ရင် ချေးပန်းမှာစိုးလို့ အမေက ကျိုပေးတာက နင်ကမသောက်ဘူးတဲ့လား၊ ကဲဟယ်”
ဒေါသထွက်ထွက်နှင့် နွယ်နီကလေး၏ လက်မောင်းကို တစ်ချက်ရိုက်မိလိုက်သည်။ နွယ်နီကလေးက အော်ဟစ်ပြီး ငိုယိုတော့သည်။ မခင်ဦးက နွယ်နီကို အခုအရွယ်အထိ တစ်ခါမှ မရိုက်ဖူးပေ။ အခုလိုရိုက်ပြီး နွယ်နီကလေး ငိုတော့လဲ သနားသွားမိပြီး ဖက်ထားလိုက်သည်။
“မေမေ့ကို မချစ်ဘူး”
နွယ်နီကပြောပြီး အိမ်ရှေ့ကိုပြေးထွက်သွားသည်။ အဘွားဖြစ်သူအပေါ် ခုန်တက်လိုက်သည့်အခါ ဘွားအေက ဖက်ထားပြီး
“ငါ့မြေးလေးကို နင်ဘာလုပ်လိုက်တာလဲ သမီး”
“နို့ကျိုတိုက်တာကို မသောက်ဘဲ ခွက်ကိုလွှင့်ပစ်လိုက်လို့ စိတ်တိုပြီးရိုက်မိတာပါအမေ”
“အော်၊ မြေးလေးကလဲကွယ်၊ နို့ဆိုရင် ကျိုသောက်မှပေါ့ကွဲ့”
“မသောက်ဘူး၊ သမီးက ဒီတိုင်းပဲသောက်မှာ၊ ဒီအတိုင်းပဲသောက်မှာ”
သို့နှင့် မခင်ဦးလဲ မကျိုရသေးသည့် နွားနို့ကိုခွက်ထဲထည့်ပြီးတိုက်ရာ နွယ်နီကလေးက နှစ်နှစ်ခြိုက်ခြိုက်မော့သောက်လိုက်တော့သည်။ မခင်ဦးလဲ အမေ့ဘက်ကိုလှည့်လိုက်ပြီး
“တွေ့လားအမေ၊ အမေ့မြေးက ကျိုတိုက်ရင်မသောက်ပါဘူးဆို”
အမေလဲ မခင်ဦးစကားကြားတော့ သက်ပြင်းသာချလိုက်တော့သည်။
ထိုညတော့ မခင်ဦးတစ်ယောက် လန့်နိုးလာသည်။ သူ့နားတွင် နွယ်နီကလေးက အိပ်နေသည်။ သူတို့သားအမိက အိမ်နောက်ဘက်အခန်းတစ်ခန်းတွင် အိပ်စက်ကြခြင်းဖြစ်သည်။ သူနိုးလာသည့်အခါ သူ့ခြေရင်းတွင် မြွေပေါင်းစုံ ဆယ်ကောင်လောက်ရောက်နေကြသည်။ ပါးပျဉ်းတွေထောင်သည့်အကောင်က ထောင်နေပြီး မခင်ဦးကို ဝိုင်းကြည့်နေကြသည်။ ထိုအခါ မြွေနက်ကြီးတစ်ကောင်က အိမ်ပေါ်တက်လာပြီးနောက် မခင်ဦးရှေ့တွင် ပါးပျဉ်းထောင်လိုက်သည်။
“နင်က အမေဆိုပေမယ့် ငါတို့ညီမလေးကို မထိနဲ့၊ ငါတို့မကြိုက်ဘူး”
မြွေနက်ကြီးက စကားဆိုသဖြင့် မခင်ဦးလဲ လန့်သွားသည်။
“မဟုတ်ပါဘူးရှင်၊ ကျွန်မလဲ ဒေါသထွက်သွားတာနဲ့ ရိုက်လိုက်မိတာပါ”
“အေး၊ နောက်ဆိုဆင်ခြင်ပါ၊ ဒါ ငါနောက်ဆုံးအကြိမ်သတိပေးတာပဲ၊ ငါတို့ညီမကို ဆူတာရိုက်တာမလုပ်ရဘူး၊ နောက်တစ်ခါလုပ်ရင် နင့်အမေကို ငါတို့ပေါက်သတ်မယ်”
မြွေနက်ကြီးက ဒေါသတကြီးပြောပြီးသည့်နောက် အိမ်ပေါ်မှဆင်းသွားရာ၊ သူ့နောက်မှမြွေများလဲ လိုက်ဆင်းသွားကြသည်။ မခင်ဦးလဲ အိပ်မက်မက်နေခြင်းဖြစ်ကြောင်းသိလိုက်ရသည်။ မနက်နိုးတော့ တစ်အိမ်သားလုံးကို ထိုအကြောင်းပြောပြပြီးတော့ မှာထားရသည်။
“ကြောက်စရာကြီးပါလား၊ ငါ့သမီး သတိထားဟဲ့၊ ကလေးက သူတော်ကောင်းလေးပါ၊ နင်ဆူတာ ရိုက်တာလျှော့ဟဲ့”
ထိုနောက်ပိုင်းကစပြီး မခင်ဦးလဲ သမီးလေးကိုဆူတာရိုက်တာ မလုပ်မိတော့ချေ။
(စ)
သမီးကလေး အသက်ငါးနှစ်ခန့်ရောက်လာပြီဖြစ်သည်။ မကြာခင် ရွာကျောင်းတက်ရတော့မည်။ တစ်နေ့တော့ သမီးကလေးက အိမ်ရှေ့မှာထိုင်ကစားနေစဉ် မြွေစိမ်းမြီးခြောက်တစ်ကောင်က သစ်ပင်ပေါ်မှဆင်းလာသည်။ ထို့နောက် သမီးအနားသို့သွားလိုက်ပြီး လျှာကိုတစ်လစ်တစ်လစ်နှင့် လုပ်ပြနေသည်။ မခင်ဦးက အမေတစ်ယောက်မို့ ကိုယ့်သားသမီးကို အဆိပ်ပြင်းသည့် မြွေစိမ်းကိုက်ခံရမှာတော့ စိတ်ပူသည်။ သို့သော်လည်း သမီးက မြွေသိုက်ကဖြစ်နေသဖြင့် လွှတ်ထားလိုက်သည်။ ထိုအခါ နွယ်နီကလေးက ထိုမြွေအားစကားပြောနေသည်။ သို့သော် သူပြောသည့်စကားသည် လူစကားမဟုတ်ပေ။ လေချွန်သံလို စူးစူးနှင့် စကားပြောနေခြင်းဖြစ်သည်။ ထို့နောက် ထိုမြွေကလေးက အေးအေးလူလူပင် သစ်ပင်ပေါ်သို့ ပြန်တက်သွားသည်။
“သမီး ဘာတွေပြောနေတာလဲ”
“မြွေလေးနဲ့ စကားပြောနေတာပါအမေရဲ့”
“ထူးဆန်းပါလား၊ သူက ဘာပြောလဲ”
“မြွေကပြောတယ်၊ ရွာကျောင်းကိုမတက်နဲ့တဲ့၊ အဲဒီကဆရာမက အရိုက်ကြမ်းတာ နင့်ကိုလဲ ရိုက်လိမ့်မယ်တဲ့”
“အောင်မယ်၊ မြွေက ကျောင်းတက်ဖူးတာကျနေတာပဲ”
“သူက သစ်ပင်ပေါ်ကနေကြည့်နေတာတဲ့”
သမီးပြောတဲ့စကားကို အမေတို့နှင့် ပြန်တိုင်ပင်ကြည့်သည်။
“အေးဟ၊ ဆရာမက မတော်နင့်သမီးကိုရိုက်မိလို့ ဆရာမမြွေပေါက်ခံနေရအုံးမယ်ဟ”
“သမီးကတော့ အမေ့မြေးကို ပညာတတ်ကြီးတစ်ယောက် ဖြစ်စေချင်တာပေါ့အမေရယ်”
“စိတ်လျှော့သမီးရဲ့၊ သူက သာမန်လူမဟုတ်ဘူးမဟုတ်လား၊ သေစာရှင်စာလောက်တော့ သမီးလဲ သူ့ကိုသင်ပေးနိုင်မှာပါ”
သို့နှင့် နွယ်နီကလေး ကျောင်းမနေရတော့။ ရွာမှလူများက သူတို့ကို အတင်းပြောကြသည်။ သားသမီးကို ချစ်လွန်းလို့ အိမ်မှာထားပြီး ကျောင်းမပို့တာ ချစ်ရာမရောက်ဘူး နှစ်ရာရောက်တယ်၊ သားသမီးကို ပညာမတတ်စေချင်တဲ့ မိဘတွေ၊ စသည်ဖြင့် ပြောဆိုနေကြသည်။ ထိုစကားများကို ပြန်ကြားရသည့်အခါ မခင်ဦးတစ်ယောက် စိတ်မကောင်းပေ။
မနက်တိုင်း သူတို့အိမ်ရှေ့ကို ရွာဦးကျောင်းဆရာတော်နှင့် ဆရာတော်များက ဆွမ်းခံကြွလေ့ရှိသည်။ ထိုအခါ နွယ်နီကလေးက အိမ်ပေါ်ပြေးတက်လာပြီး
“မေမေ ဘုန်းဘုန်းတွေလာနေပြီ သမီးဆွမ်းလောင်းပေးမယ်”
ဆွမ်းနှင့် ဆွမ်းဟင်းခွက်ကို သယ်ပြီး ဘုန်းကြီးတွေကိုဆွမ်းလောင်းလေ့ရှိသည်။ ဆွမ်းလောင်းပြီးလျှင်လဲ မြေပေါ်ထိုင်ပြီး အကျအန ကန်တော့နေတတ်သည်မို့ ဆရာတော်များက ချီးကျူးကြသည်။ ရွာဘုန်းကြီးကျောင်းတွင် အလှူအတန်းရှိသည့်ရက်မျိုးဆိုလျှင် ဘုန်းကြီးများဆွမ်းခံမကြွတတ်ပေ။ ထိုနေ့မျိုးဆိုလျှင်တော့ နွယ်နီကလေး လမ်းပေါ်ငေးကာ မှိုင်နေလေ့ရှိသည်။
“သမီး ဘာတွေမပျော်မရွှင်ဖြစ်နေတာလဲ”
“ဘုန်းဘုန်းတွေ ဆွမ်းခံမကြွလို့ပါမေမေရဲ့”
“ဒီနေ့ရွာက မင်္ဂလာဆွမ်းကျွေးရှိတယ်လေ ဒါကြောင့်မကြွတာပေါ့ ငါ့မြေးရဲ့”
“ဟင့်အင်းမရဘူး၊ သမီးဆွမ်းလောင်းချင်တယ်၊ အီး၊ ဟီး”
နွယ်နီကလေးက အိမ်ရှေ့တွင်အော်ငိုနေသဖြင့် သူတို့လဲ ဘာလုပ်ရမှန်းမသိဖြစ်နေသည်။ နောက်ဆုံးဘွားအေဖြစ်သူက
“ထမင်းနဲ့ဟင်းကို ချိုင့်နဲ့ထည့်လိုက်စမ်းပါအေ၊ လာ ငါ့မြေးလေးနဲ့ အဘွားနဲ့ ဘုန်းကြီးကျောင်းသွားပြီး ဆွမ်းသွားလောင်းကြမယ်၊ ဟုတ်ပြီလား”
မြေးအဘွားနှစ်ယောက် ထမင်းချိုင့်တစ်ချိုင့်နှင့် ရွာဦးကျောင်းဘက်ထွက်သွားကြတော့သည်။ ကျောင်းရောက်တော့ အဘွားဖြစ်သူက ဆရာတော်အား နွယ်နီကလေးရဲ့ အဖြစ်ကိုလျှောက်ထားလိုက်သည်။ ဆရာတော်က အလွန်သဘောကျပြီး ပြုံးနေသည်။
“ဒကာမကြီးရယ်၊ ဒီကလေးက သူတော်ကောင်းကလေးဗျ၊ တခြားကလေးတွေ ဒီအရွယ်မှာ ဒီလိုတွေးတတ်တာမဟုတ်ဘူးလေ၊ နေပါစေ ကိစ္စမရှိပါဘူး၊ ကျောင်းမှာ အလှူရှိတဲ့နေ့ဆို ကျောင်းကိုဆွမ်းလာပို့ခိုင်းလိုက်ပါ”
နွယ်နီကလေးက သူဆွမ်းလောင်းလိုက်ရတော့မှ စိတ်ကျေနပ်နေသည်။ မခင်ဦးဘုရားတရားကိုင်းရှိုင်းသလို နွယ်နီကလေးကလဲ ဘုရားရှိခိုးလေ့ရှိသည်။ သူတို့အိမ်ကလေးက မနက်တစ်ခါ ညနေတစ်ခါ ဘုရားရှိခိုးသံများ၊ အမျှဝေကြေးစည်ထုသံများနှင့် ညံနေတော့သည်။
(ဆ)
ဒီလိုနှင့် ဘုရားရှိခိုးသံများကြားတွင် နွယ်နီကလေး အသက်ဆယ့်ငါးနှစ်ကိုကျော်လွန်လာပြီး ဆယ့်ခြောက်နှစ်ရောက်လာပြီဖြစ်သည်။ အညာသူဆိုသော်လည်း အသားအရေဖြူဖြူဖွေးဖွေးနှင့်မို့ နွယ်နီကလေးက အလွန်လှပညက်ညောလှသည်။ အဖေကို မမြင်တွေ့ဖူးသူများမို့ အဖေက အသားဖြူသည်ဟု ထင်ကာ ပြောဆိုနေကြသော်လည်း ကိုဖိုးတုတ်မှာ အသားမည်းမည်းပင်ဖြစ်သည်။ မြွေဖြူလေးဖြစ်သည့်အတွက် အသားဖြူခြင်းဖြစ်လိမ့်မည်ဟု မခင်ဦးက တွေးတောမိသည်။ အိမ်မှာလဲ မြွေတွေကို အမြဲတွေ့နေရသဖြင့် မြွေတွေကိုမကြောက်တတ်တော့ပေ။ ဆန်အိုးထဲဝင်ခွေနေသည့်မြွေရှိသလို၊ ထုတ်တန်းပေါ်တွင်ရစ်ပတ်လျှက် တက်နေသည့် မြွေများလဲရှိသည်။ သို့သော် ထိုမြွေများကို အိမ်ကလူများက ကိုင်တွယ်ပြီး နေရာရွေ့ကြသော်လည်း ထိုမြွေများက အန္တရာယ်လုံးဝမပြုကြပေ။
နွယ်နီကလေးကလဲ မြွေတွေနှင့် အမြဲဆော့ကစားနေလေ့ရှိသည်။ တစ်ခါတစ်ရုံ သူ့အကျီကြားတွင် မြွေကလေးများခိုအောင်းနေတတ်သလို ခြံတစ်ခြံလုံးလဲ မြွေတွေကို တွေ့မြင်နေရသည်။ ရွာသူရွာသားများပင် သူတို့ခြံထဲကိုမလာဝံ့ကြ၊ ခြံရှေ့သစ်ပင်များတွင်တော့ မြွေစိမ်းကလေးများက သစ်ကိုင်းများကြားတွင် တွဲလောင်းခိုလျှက် နေထိုင်တတ်ကြသည်။
တစ်ယောက်စကား တစ်ယောက်နားနှင့်မို့ သူတို့လဲ သိပ်ပြီးမဖုံးဖိနိုင်ကြတော့ပေ။ နွယ်နီကလေးမှာ မြွေသိုက်မှလာသည်၊ မြေဝင်စားသည်ဟူသည့် စကားမှာ သူတို့ရွာအတွင်း ပျံ့နှံ့သွားကာ နွယ်နီအား မြွေမင်းသမီးလေးဟု ခေါ်ဆိုကြသည်။ အရွယ်ရောက်လာပြီမို့ နွယ်နီကလေးက တစ်ယောက်တည်းရွာထဲသွားလာတတ်သည်။ နွယ်နီကလေးက စာသိပ်မဖတ်တတ်သော်လည်း စာဖတ်ဝါသနာပါလှသည်မို့ ရွာထဲရှိ စာအုပ်အငှားဆိုင်သို့ နေ့တိုင်းလိုလိုသွားလေ့ရှိသည်။
စာအုပ်အငှားဆိုင်တွင် ထိုခေတ်က ခေတ်ပေါ်ကာတွန်းများ၊ ရုပ်ပြများကိုငှားရမ်းဖတ်ရှုတတ်သည်။ အိမ်မှလူများကလဲ အသက်အရွယ်ကြီးလာပြီဖြစ်သည်။ မခင်ဦးအဖေမှာလဲ ယာအလုပ်ကိုဆက်လက်လုပ်ကိုင်နေသော်လည်း သိပ်ပြီးမစွမ်းတော့၊ အမေဖြစ်သူကလဲ နားထိုင်းနေပြီဖြစ်ရာ နွယ်နီကလေးကို လွှတ်ထားရသည်။
ချောမောလှပလှသည့် နွယ်နီကလေးကို ရွာထဲမှလူများက ချစ်ခင်ကြသည်။ နှစ်တွေကြာလာတော့လဲ ပြောစရာမကောင်းကြောင်းတွေ ကုန်သွားလို့လားတော့မပြောတတ်ပေ။ ရွာထဲမှ ဆရာတော်ကအစ၊ ရွာလူကြီးအထိ နွယ်နီကလေးအား မြွေမင်းသမီးလေးဟုသာ ခေါ်ကြသည်။
ငယ်ရွယ်သူပီပီ ရင်ခုန်တတ်သည့်အရွယ်ရောက်လာတော့ နွယ်နီကလေးရင်ခုန်လာမိသည်။ ရုပ်ပြဇတ်လမ်းများဖတ်ပြီး အချစ်ဆိုသည့်အရာကို နွယ်နီကလေးက စိတ်ကူးယဉ်တတ်နေပြီဖြစ်သည်။ ရွာထဲသွားရင်း နွယ်နီကလေးက စာအုပ်အငှားဆိုင်တွင် ကျောင်းဆရာကလေးနှင့် အမြဲဆုံဖြစ်သည်။ ကျောင်းဆရာကလေးက လူပျိုလူလွတ်ဖြစ်ပြီး အသက်သိပ်မကြီးသေးပေ။ သူတို့ရွာကို တာဝန်ကျသည့် ကျောင်းဆရာလေးက ဖြူဖြူဖွေးဖွေးနှင့် ဝင်းမွတ်လှပနေသည့် နွယ်နီကို တစ်ဖက်သတ်အချစ်နှင့် ချစ်ခင်နေမိတော့သည်။
အိုးချင်းထား အိုးချင်းထိဆိုသလို စာအုပ်ဆိုင်သွားရင်း စကားစမြည်ပြောမိရာမှ တစ်နေ့တော့ ကျောင်းဆရာကလေးက နွယ်နီ့အား ရွာအပြင် ဇရပ်ပျက်ကလေးတွင် ချိန်းဆိုပြီးနောက် ရည်းစားစကားဖွင့်ပြောလိုက်တော့သည်။
“အကို နွယ်နီ့ကို ချစ်မိနေတာကြာပါပြီ နွယ်နီရယ်၊ အကို့အချစ်ကို လက်ခံပေးပါ”
နွယ်နီရင်ထဲ တဒုန်းဒုန်းနှင့် ခုန်နေမိသည်။ ရင်ခုန်တတ်စအရွယ်မို့ ကျောင်းဆရာလေးကိုသူကလဲချစ်နေမိသည်။ ထို့အတွက်ကြောင့် မဝံ့မရဲနှင့် ခေါင်းညိတ်လိုက်မိသည်။
“ပျော်လိုက်တာနွယ်နီရယ်”
ကျောင်းဆရာကလေးက ပြောလိုက်ပြီး နွယ်နီ့ကိုဖက်လိုက်သည်။ လက်တစ်ဖက်ကလဲ နွယ်နီကလေး၏ လက်ဖဝါးလေးကို ဆုပ်ကိုင်ပြီးပွတ်ချေနေမိသည်။ ထိုအခိုက်တွင် သူတို့အနီးရှိ ချုံကြားထဲမှ မြွေဟောက်နက်ကြီးတစ်ကောင် လျှောခနဲထွက်လာတော့သည်။ သူတို့ရှေ့တွင်ရပ်လိုက်ပြီး နှာတွေမှုတ်နေသည်။ နွယ်နီလဲ လန့်သွားပြီး
“ဟင်၊ အကိုကြီး”
ကျောင်းဆရာကလေးကလဲ အလွန်အံ့သြမိနေသည်။ ထိုစဉ်မှာပင်
“ညီမလေး၊ မင်းကလူသားတွေနဲ့ချစ်ခွင့်မရှိဘူး”
မြွေပါးစပ်က လူစကားထွက်လာသဖြင့် ကျောင်းဆရာလေး အလွန်အံ့သြနေမိသည်။
“မလုပ်ပါနဲ့အကိုကြီးရယ်၊ နွယ်နီက အခုလူဖြစ်နေပြီမဟုတ်လား”
“တိတ်စမ်း၊ နင့်ကို လူ့ဘဝမှာ အိမ်ထောင်ပြု၊ သားမွေးဖို့ ငါလွှတ်လိုက်တာမဟုတ်ဘူး၊ နင်အတန်တန်တောင်းပန်လွန်းလို့သာ ငါက ခင်ဦးဆီကိုလွှတ်လိုက်ရတာ”
ထို့နောက် မြွေကြီးက ကျောင်းဆရာလေးဘက်သို့လှည့်လိုက်သည်။
“ဒီမှာကောင်လေး၊ မင်းအခုချက်ချင်း နောက်ဆုတ်လိုက်ပါ၊ မဟုတ်ရင်တော့ မင်းငါတို့အဆိုးမဆိုနဲ့နော်”
“ဒီမှာမြွေကြီး၊ နွယ်နီ့ကို ကျွန်တော်ချစ်တယ်၊ နွယ်နီနဲ့ကျွန်တော့်ကို အတူတူပေါင်းဖက်ခွင့်ပေးပါ”
ထိုအချိန်မှာပဲ မြွေကြီးက မပြောမဆိုနှင့် နှာခေါင်းမှ အဆိပ်ရည်များကို ဖြန်းပက်လိုက်ရာ ကျောင်းဆရာကလေး၏ မျက်နှာကိုထိမှန်သွားသည်။ ကျောင်းဆရာကလေးလဲ အော်ဟစ်ပြီးနောက် ရွာထဲသို့ပြေးဝင်သွားတော့သည်။
“မှတ်ထား၊ နောက်ထပ်နင်အချစ်စိတ်တွေဖြစ်ပေါ်နေရင် နင့်ဘေးနားကလူတွေအကုန်လုံး ဒုက္ခရောက်ရလိမ့်မယ်”
မြွေနက်ကြီးက ပြောဆိုပြီး ချုံကြားထဲသို့ဝင်သွားသည်။ နွယ်နီကလေးကတော့ ငိုရှိုက်ရင်း ကျန်နေခဲ့တော့သည်။ ကျောင်းဆရာကလေးမှာ ဘာကြောင့်မှန်းမသိဘဲ ကောက်ခါငင်ခါ ရူးသွပ်သွားတော့သည်။ ရူးသည်မှာလဲ သွက်သွက်ခါအောင်ရူးသွပ်သွားခြင်းဖြစ်သည်။ ကျောင်းဆရာကလေး၏ မိဘများက လာခေါ်သော်လည်း မလိုက်တော့ဘဲ ကားပေါ်မှခုန်ချသည့်အတွက် ပေါင်ကျိုးသွားသည်။ ထို့ကြောင့်ရွာတွင်သာ ကျန်နေခဲ့တော့သည်။ ရွာထဲတွင်လဲ ခေါ်နေသော်လည်း မနေနိုင်ဘဲ ရွာပြင်ဇရပ်ပျက်ကလေးတွင်သာ တစ်ယောက်တည်း စကားတွေပြောရင်း နေထိုင်နေတော့သည်။
အမြဲပျော်ပျော်ရွှင်ရွှင်နေတတ်သည့် နွယ်နီကလေးမှာ တစ်ရက်တော့ မှိုင်တွေငေးမောနေလျှက်ရှိသည်။
“သမီး ဘာတွေမှိုင်နေတာလဲ”
“သမီးသွားရတော့မယ် မေမေ”
“သွားမယ်၊ ဘယ်ကိုသွားမှာလဲသမီးရဲ့”
“သမီးသိုက်နန်းကိုပြန်ရတော့မယ်မေမေ၊ အကိုကြီးက ပြန်ခေါ်နေပြီ”
ထိုသို့ပြောလိုက်သဖြင့် မခင်ဦးလဲ အလွန်စိုးရိမ်ထိတ်လန့်သွားတော့သည်။ ညရောက်တော့ နွယ်နီလေးအိပ်ချိန်တွင် အဖေအမေတို့နှင့် ထိုကိစ္စကို တိုင်ပင်ရတော့သည်။
“အမယ်လေး ဒါဆို ငါ့မြေးလေး၊ မဖြစ်ဘူး မဖြစ်ဘူး၊ အမေ အထက်လမ်းဆရာတစ်ယောက်စုံစမ်းပြိးတော့ သိုက်ကြိုးဖြတ်ကြည့်မယ်”
“ဟုတ်တယ်သမီး၊ တို့မြေးလေးကိုတော့ အဆုံးရှုံးမခံနိုင်ဘူး”
သူတို့တိုင်ပင်နေသည့်အချိန်တွင်ပင် နွယ်နီက ထလာပြီး သူတို့အခန်းထဲသို့ ဝင်လာခဲ့သည်။
“အဘိုးတို့ အဘွားတို့ ဘာမှမလုပ်ကြပါနဲ့၊ လုပ်ရင် ဒုက္ခရောက်ကြမှာပါ၊ အခု နွယ်နီက သိုက်နန်းကပေးလိုက်တဲ့အချိန်ပြည့်ပြီ”
ထိုသို့ပြောလိုက်သည့်အချိန်တွင် မြွေဟောက်နက်ကြီးတစ်ကောင်က အိမ်ပေါ်တက်လာပြီး သူတို့ရှေ့သို့ရောက်လာသည်။ ထိုမြွေဟောက်နက်ကြီးမှာ မခင်ဦးအိပ်မက်ထဲတွင် မြင်တွေ့နေကျ မြွေဟောက်ကြီးဖြစ်သည်။ မြွေဟောက်ကြီးက အခန်းထဲဝင်လာပြီး နွယ်နီဘေးနားတွင် နေရာယူလိုက်သည်။
“ကဲ အကိုကြီးရေ၊ အကိုကြီးစီစဉ်ထားတဲ့အတိုင်း လုပ်လိုက်ပါအုံး”
ထိုအခါ ထိုမြွေဟောက်ကြီးက ပါးစပ်ကြီးကိုဟလိုက်ပြီး အန်ချလိုက်ရာ အမျိုးစုံသော ကျောက်တွေ ပါးစပ်ထဲမှ ထွက်လာတော့သည်။ အစိမ်းရောင်၊ အနီရောင်၊ အဝါရောင်၊ ပြာလဲ့လဲ့အရောင် စသည်ဖြင့် ကျောက်တွေအရောင်စုံလင်နေသည်။ နောက်ဆုံးတော့ ဝိုင်းဝိုင်းစက်စက်နှင့် ပတ္တမြားကြီးတစ်လုံးကို အန်ချလိုက်သည်။
“အမေတို့ ဒီရတနာတွေကို ထုခွဲရောင်းချပြီး နေထိုင်ပါ၊ ဒီပတ္တမြားကြီးကိုတော့ ရန်ကုန်ကိုသွားရောင်းပြီးတော့ အမေသွားနေကျ ဂူဘုရားလေးကို ပြုပြင်ပေးပါအမေ”
နွယ်နီနှင့် ခွဲရမှာဖြစ်သဖြင့် မခင်ဦးက ငိုကြွေးနေလေရာ နွယ်နီက မခင်ဦးကို ဖက်လိုက်ပြီး
“မငိုပါနဲ့အမေရယ်၊ သမီးနဲ့အမေနဲ့ သံသရာမှာ ပြန်ဆုံတွေ့ကြအုံးမှာပါ”
နွယ်နီပြောသည့်အတိုင်း ပတ္တမြားကြီးကိုရောင်းချလိုက်ရာ ငွေတော်တော်ရလိုက်သည်။ ထိုရလာသည့်ငွေများနှင့် ညောင်ဦးမြို့သို့ မိသားစုလိုက်တက်ကြသည်။ မခင်ဦးမရောက်တာကြာပြီဖြစ်သော်လည်း ထိုဘုရားကလေးက ထိုအတိုင်းပင်ရှိနေသည်။ နယ်မြေမှ တာဝန်ရှိသူများနှင့် ဆွေးနွေးပြီး ထိုဂူဘုရားလေးကို ပြုပြင်ကြသည်။ ပြိုကျပျက်စီးနေသည့်အပိုင်းများကိုရှင်းလင်းလိုက်ပြီး အသစ်ပြန်လည်တည်ဆောက်ကြသည်။ ထို့နောက် ဂူအတွင်းရှိ ရုပ်ပွားတော်ကိုလဲ ကျွမ်းကျင်သူများနှင့်တိုင်ပင်ပြီး မူလလက်ရာမပျက် ပြည်လည်မွမ်းမံလိုက်ကြသည်။
ဘုရားကလေးကိုပြင်ပြီးတော့ ရေစက်ချနှင့် အလှူလုပ်ဖို့ ပြင်ဆင်ကြသည်။ ထိုအချိန်တွင် လူပရိတ်သတ်များ ကတရားနာရန်ပြင်ဆင်နေကြစဉ် မြောက်များစွာသော မြွေများလဲ ရောက်လာကြသည်။ အကုန်လုံးထိတ်လန့်ကြောက်ရွံ့နေသော်လည်း နွယ်နီက မကြောက်ဖို့ပြောထားသဖြင့် လူတွေလဲ ငြိမ်နေရသည်။ ရေစက်ချတရားနာပွဲပြီးတော့မှ ထိုမြွေတွေအကုန်ပြန်သွားကြသည်။ နွယ်နီလဲ အဖြူရောင်ဝမ်းဆက်ကိုဝတ်ဆင်ထားပြီး ဇာများနှင့်အလှဆင်ထားသည်။ ငွေရောင်တဖြပ်ဖြပ်တောက်နေသည့် ပုဝါကလေးကိုခြုံထားကာ ဝတ်ကောင်းစားလှတွေဝတ်ပြီးတော့ အလွန်ပျော်ရွှင်နေသည်။
ထိုနေ့ညမှာပင် မခင်ဦးအိပ်နေသည့်အချိန် အိပ်မက်ထဲတွင် နွယ်နီရောက်လာသည်။ နွယ်နီ့ဘေးတွင် အနက်ရောင်အကျီနှင့် ပုဆိုးဝတ်ဆင်ထားသည့် လူတစ်ယောက်လဲ မတ်တပ်ရပ်လျှက်ရှိနေကြသည်။
“အမေ၊ သမီးသွားတော့မယ်နော်”
“မသွားရဘူး၊ သမီးလေး မသွားရဘူး”
မခင်ဦးအော်ဟစ်နေစဉ်မှာပင် နွယ်နီက သူ့အကိုခေါ်ရာနောက်သို့လိုက်ပါသွားသည်။ ခပ်လှမ်းလှမ်းအရောက်တွင်တော့ အကိုဖြစ်သူက မြွေနက်ကြီးဖြစ်သွားပြီး နွယ်နီကလေးကတော့ မြွေဖြူလေးဖြစ်သွားကာ မြေပြင်တွင် လျှောတိုက်လျှက် ထွက်သွားကြသည်။ အလှူကိစ္စပြီးစီး
သဖြင့် မောမောပန်းပန်းနှင့် အိပ်နေသည့် မခင်ဦးမှာ လန့်နိုးလာသည်။ ဘေးနားတွင် အိပ်နေသည့်သမီးလေးကို စမ်းကြည့်လိုက်ရာ သမီးကလေးက နှလုံးမခုန်တော့၊ အသက်မရှုတော့ပေ။
“အဖေရေ၊ အမေရေ
လာပါအုံး နွယ်နီကလေး ဆုံးသွားပြီ၊ အီး၊ ဟီး”
မခင်ဦး၏ ငိုသံက ညသန်းခေါင်ကျော် အိပ်မောကျနေသည့် ရွာငယ်ကလေးအား ဖုံးလွှမ်းသွားတော့သည်။
(ဇ)
မခင်ဦးမှာ ဖြေမဆည်နိုင်သော်လည်း သွားသူက သွားပြီမို့ ရွာသချိုင်းတွင် အုတ်ဂူသွင်းပေးထားလိုက်သည်။ မခင်ဦးတို့လဲ မြွေကြီးအန်ချခဲ့သည့် ကျောက်များကိုရောင်းချပြီးနောက် အိမ်တွင် ဈေးဆိုင်ကလေးတစ်ခုတည်ခဲ့သည်။ ရွာထိပ်တွင်လဲ သွားလေသူ နွယ်နီကလေးနှင့် ကိုဖိုးတုတ်အား ရည်စူးကုသိုလ်အဖြစ် ရွာပြင်ဇရပ်ပျက်ကလေးကိုပြန်လည်ပြင်ဆင် ဆောက်လုပ်လှူဒါန်းခဲ့သည်။ ထိုဇရပ်ခေါင်းစီးတွင်တော့ ကွယ်လွန်သူ ဦးဖိုးတုတ်နှင့် မနွယ်နီအားရည်စူး၍ လှူဒါန်းသည်ဟု ကဗ္မည်းရေးထိုးထားလေသည်။ ယခုတိုင် နွယ်နီဇရပ်ဟု သူတို့ရွာသားများက ခေါ်ဆိုကြပြီး ရွာထိပ်တွင်ရှိနေသေးသည်။
“သူတို့အိမ်က ကြည့်လိုက်ရင် ဘာမှမဟုတ်ဘူးကွ၊ အလှူတွေလဲလုပ်တာ အကြီးအကျယ်ပဲဆိုတော့ သေချာတာတစ်ခုကတော့ အတွင်းပစ္စည်းတွေ တော်တော်များများရှိရမယ်ကွ”
ရွာခံလူမိုက်တစ်ချို့နှင့် အခြားလူမိုက်နှစ်ယောက်တို့တိုင်ပင်ကြသည်။ သူတို့အစီအစဉ်ကို အမြန်စတင်လိုက်သည်။ လကွယ်ညတွင် ဓါးပြခြောက်ယောက် ရုပ်တွေဖျက်ပြီးတော့ အိမ်ပေါ်ကိုတက်လာကြသည်။ ထို့နောက် မခင်ဦးတို့ကို ဖမ်းချုပ်လိုက်ပြီး ဓါးနှင့်ထောက်ထားလိုက်သည်။
“ပြောစမ်း၊ ခင်ဗျားတို့ ပစ္စည်းတွေဘယ်မှာလဲ”
“ဘာပစ္စည်းမှမရှိပါဘူးရှင် ကျွန်မတို့က ကောင်းရောင်းကောင်းဝယ်လုပ်စားနေတာပါ”
“ဟား၊ ဟား ခင်ဗျားတို့ ဗြောင်လိမ်ဗြောင်စားမလုပ်နဲ့၊ ဟေ့ကောင်တွေ တစ်အိမ်လုံးကို ရှာကြကွာ”
ဓါးပြတွေလဲ တစ်အိမ်လုံးကိုရှာဖွေလိုက်သည်။ ထိုအခါ ဓါးပြတစ်ယောက်က အော်ဟစ်ပြီး အခန်းထဲမှ ထွက်လာသည်။
“သေတ္တာ၊ သေတ္တာထဲမှာ မြွေတွေ၊ မြွေတွေ အများကြီးပဲ”
သူတို့ပြောနေစဉ်မှာပင် ထုတ်တန်းပေါ်မှ မြွေသုံးလေးကောင် ပြုတ်ကျလာသကဲ့သို့ ကြမ်းပြင်ပေါ်တွင်လဲ မြွေတွေရောက်လာခဲ့သည်။ နောက်ဆုံး မြွေအနက်ကြီးတစ်ကောင်က အိမ်ပေါ်တက်လာပြီး ပါးပျဉ်းထောင်လိုက်ကာ တရှုးရှုးနှင့်မှုတ်နေသည်။
“တောကြီးမြွေဟောက်ကြီးကွ အဆိပ်တွေမှုတ်နေတာဖြစ်မယ်၊ ပြေးကြစို့”
ဓါးပြတွေအကုန်ထွက်ပြေးကုန်သည်။ ရွာခံဓါးပြတစ်ယောက်သာ မခင်ဦးတို့ကို ဓါးနှင့်ထောက်ရင်း ကျန်နေခဲ့သည်။ နောက်တော့ ထိုဓါးပြလဲ စူးစူးဝါးဝါးအော်ဟစ်လိုက်သည်။ ထိုဓါးပြ၏ ဇက်ပိုးတွင် မြွေဖြူကလေးတစ်ကောင်က ရစ်ပတ်နေသည်။ ဓါးပြထွက်ပြေးသည့်အခါ မြွေဖြူကလေးက ခုန်ဆင်းလိုက်သည်။
“သမီး၊ သမီး နွယ်နီလေး”
မခင်ဦးက အော်ဟစ်ပြီးငိုယိုလိုက်သည်။ မြွေဖြူကလေးက မခင်ဦးကိုတစ်ချက်ကြည့်ပြီးနောက် မြွေနက်ကြီးနှင့်အတူ အိမ်ပေါ်မှပြန်ဆင်းသွားတော့သည်။ ဓါးပြတိုက်သူများအနက် ရွာခံဓါးပြမှာ မြွေဆိပ်တက်ပြီးသေဆုံးရှာသည်။ ထိုနောက်ပိုင်းတွင် မခင်ဦးက သူနှင့် နွယ်နီကလေးတွေ့ခဲ့သည့်ဘုရားလေးသို့ မကြာခဏသွားရောက်သော်လည်း မြွေဖြူကလေးကို မတွေ့ရတော့ပေ။
မခင်ဦးလဲ နောက်ပိုင်းရွာခံတစ်ယောက်နှင့် အိမ်ထောင်ကျပြီး သားသမီးသုံးယောက်ထွန်းကားခဲ့သည်။ သို့တိုင်အောင် နွယ်နီကလေးကို တစ်နေ့မှ မမေ့နိုင်ခဲ့ပေ။ နွယ်နီကလေး၏ ဓါတ်ပုံကလေးကို မှန်ဘောင်သွင်းပြီး အိမ်မှာထားသည်။
ယခုတိုင်အောင် မခင်ဦးလဲ ထိုရွာမှာပင်ရှိနေသေးသလို သူတို့ရွာကလေးလဲ တိုးတက်သင့်သလောက် တိုးတက်လာခဲ့ပြီဖြစ်သည်။ ရွာထိပ် ကတ္တရာလမ်းနံဘေးတွင် နွယ်နီဇရပ်ဟူသည့် ဇရပ်ကလေးတစ်ဆောင်ရှိနေပြီး ထိုဇရပ်ကလေးကိုလဲ မခင်ဦးတို့က တစ်နှစ်တစ်ခါဆိုသလို အမြဲပြုပြင်နေကြ၍ ဇရပ်ကလေးမှာ တောင့်တောင့်တင်းတင်း ခိုင်ခိုင်ခန့်ခန့်နှင့်ရှိနေသေးသည်။ ထိုဇရပ်ကလေးအရှေ့တွင်တော့ အင်္ဂတေနှင့်ပြုလုပ်ထားသည့် မြွေရုပ်ကလေးတစ်ရုပ်ရှိနေပြီး ထိုမြွေရုပ်ကလေးမှာတော့ မြွေမင်းသမီးလေး မနွယ်နီကို ကိုယ်စားပြု၍ ထုလုပ်ထားသည့်အရုပ်ဆိုသည်မှာတော့ မနွယ်နီဇတ်လမ်းကြားဖူးသူတိုင်း သိရှိကြပြီးဖြစ်ပါသည်။ တစ်ခါတစ်ရံတော့ ထိုဇရပ်ကလေးတွင် ခြေထောက်ထော့နဲ့ထော့နဲ့နှင့် အရူးကြီးတစ်ယောက် ထိုင်နေတတ်ပြီး ထိုလူကြီးက ပါးစပ်ကလဲ တတွတ်တွတ် ရွတ်ဆိုနေလေ့ရှိသည်။
“နွယ်နီ၊ မြွေမင်းသမီးကလေး နွယ်နီ”
ပြီးပါပြီ။
စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီအား အစဉ်လေးစားလျှက်
အဂ္ဂဇော်
#အဂ္ဂဇော် #သရဲ #
Zawgyi Version
ေႁမြမင္းသမီး ႏြယ္နီ(စ/ဆံုး)
—————————-
လြန္ခဲ့သည့္ အႏွစ္သုံးဆယ္ခန႔္ကျဖစ္ပါသည္။
ေညာင္ဦးၿမိဳ႕နယ္အတြင္းတြင္ သံတြင္း႐ြာ ဟုအမည္ရသည့္ ႐ြာတစ္႐ြာရွိသည္။ ထို႐ြာသည္
လူေနအိမ္ေျခသိပ္မမ်ားေသာ ႐ြာငယ္ကေလးတစ္႐ြာသာျဖစ္သည္။ ႐ြာအနီးတြင္ ထန္းပင္ေတာႀကီးရွိၿပီး ထို႐ြာမွ႐ြာသားအမ်ားစုမွာ ထန္းႏွင့္ပက္သက္သည့္ ထန္းရည္လုပ္ငန္း၊ ထန္းလ်က္ခ်က္သည့္လုပ္ငန္းလုပ္ကိုင္ၾကသလို အခ်ိဳ႕ကလဲ ဆီးပင္မ်ားစိုက္ပ်ိဳးျခင္းႏွင့္ မန္က်ည္းႏွင့္ပက္သက္သည့္ လုပ္ငန္းမ်ားကိုလုပ္ကိုင္ အသက္ ေမြးေနထိုင္ၾကသည္။ ထိုေဒသသည္ မိုးေခါင္ေရရွားေဒသျဖစ္သျဖင့္ စိုက္ပ်ိဳးေရးလုပ္ငန္းမ်ားမွာ မိုးတြင္းႏွင့္ ေဆာင္းဦးေလာက္တြင္သာလုပ္ကိုင္ၾကၿပီး ေႏြအခါတြင္ေတာ့ အလုပ္အကိုင္သိပ္မရွိၾကေပ။ ထိုအခါ ေညာင္ဦးၿမိဳ႕အတြင္းသြားေရာက္ကာ ဟိုတယ္မ်ား၊ တည္းခိုခန္းမ်ားတြင္ သြားေရာက္အလုပ္လုပ္ကိုင္ၾကသည္။
ထို႐ြာတြင္ အလုပ္အကိုင္ရွားပါးေသာေၾကာင့္ ႐ြာသူတစ္ဦးျဖစ္သည့္ မခင္ဦးမွာ ေညာင္ဦးသို႔တက္ၿပီး အလုပ္လုပ္ရသည္။ ယြန္းထည္လက္မႈဆိုင္တစ္ဆိုင္တြင္ ဝင္ေရာက္အလုပ္လုပ္ကိုင္ရျခင္းျဖစ္သည္။ မခင္ဦးက အသားညိဳေသာ္လည္း ႐ုပ္ရည္အသင့္အတင့္ရွိသည္မို႔ ဆိုင္တြင္ အေရာင္းပိုင္းကိုကူညီေပးရသည္။ ရလာသည့္ လစာေငြမ်ားအနက္မွ အခ်ိဳ႕အဝက္ကို မိဘမ်ားထံသို႔ ျပန္ပို႔ၿပီးေနာက္ ေညာင္ဦးၿမိဳ႕ထဲ အေဆာင္ကေလးငွားရမ္းကာ ေနထိုင္ရသည္။
မခင္ဦးက ဘာသာတရားကိုင္းရႈိင္းသူတစ္ေယာက္ျဖစ္သည္။ တနဂၤေႏြေန႔ေရာက္တိုင္း ပုဂံဘုရားမ်ားဘက္သို႔ စက္ဘီးတစ္စီးႏွင့္ထြက္လာေလ့ရွိသည္။ ျပန႔္က်ဲေနသည့္ ပုဂံဘုရားမ်ားအၾကားတြင္ ခပ္ေသးေသးႏွင့္ လူအေရာက္အေပါက္နည္းသည့္ ပုဂံဘုရားတစ္ဆူထံသို႔ အၿမဲသြားလာေလ့ရွိသည္။ ထိုဘုရားေလးက ထူးေတာ့ထူးဆန္းသည္။ မခင္ဦးႏွင့္ ေရစက္ပါသည္ဟုထင္ရသည္။ တဝဂူဘုရားျဖစ္ၿပီး အတြင္းမွ ႐ုပ္ပြားေတာ္က ပ်က္စီးေနသျဖင့္ ေနာက္လူမ်ားက ျပင္ဆင္ထားျခင္းျဖစ္သည္။ ဘုရားဘြဲ႕ေတာ္ကို မသိရသလို ဘုရားအမွတ္အသားအျဖစ္ စာလုံးမ်ားႏွင့္သာေရးမွတ္ထားသည္။ ထိုအနီးတြင္ အျခားေစတီပုထိုးမ်ားမရွိဘဲ ထေနာင္းပင္မ်ားသုံးေလးပင္ စုစည္းေပါက္ေရာက္ေနသျဖင့္ အလြန္ေအးခ်မ္းလွသည္။ မခင္ဦးလဲ ထိုဘုရားကေလးတြင္ ဘုရားပန္းအိုးတစ္လုံးႏွင့္ ဖေယာင္းတိုင္ထြန္းသည့္ ခြက္ကေလးတစ္ခုကို ဝယ္ယူကာလႉဒါန္းထားၿပီး တနဂၤေႏြေန႔ေရာက္တိုင္း ေန႔တစ္ပိုင္းခြင့္ယူကာ ဘုရားပန္းလဲၿပီး ဆီမီးပူေဇာ္ကာ ဘုရားရွိခိုးေလ့ရွိသည္။
ယခုတစ္ခါတြင္လဲ ထုံးစံအတိုင္း ေညာင္ဦးေဈးထဲမွ ဘုရားပန္း တစ္စည္းဝယ္ယူခဲ့ၿပီး အေမႊးတိုင္ဖေယာင္းတိုင္ အခ်ိဳ႕ယူေဆာင္လွ်က္ ထိုဘုရားကေလးဆီသို႔ ဦးတည္ထြက္လာခဲ့သည္။ စက္ဘီးျခင္းထဲတြင္လည္း ေရကိုငွက္ေပ်ာဖူးပုလင္းႏွင့္ထည့္ၿပီး ယူလာခဲ့သည္။ ဘုရားေရာက္ သည့္အခါ ပန္းအိုးအေဟာင္းကိုသြန္ၿပီး သူယူလာခဲ့သည့္ ေရမ်ားကိုေလာင္းထည့္ကာ ပန္းအသစ္ကပ္သည္။ ဆီမီး၊ အေမႊးတိုင္မ်ားပူေဇာ္ၿပီးေနာက္ ဘုရားကိုအာ႐ုံျပဳၿပီး ရွိခိုးေနလိုက္သည္။
ဘုရားရွိခိုးၿပီး မ်က္လုံးဖြင့္ၾကည့္လိုက္ေတာ့ မခင္ဦး လန႔္သြားသည္။ ေႁမြျဖဴကေလးတစ္ေကာင္က သူ႔အေရွ႕တြင္ အေခြလိုက္ကေလး လာေခြေနသည္။ ဦးေခါင္းကို ဘုရားဆင္းတုဘက္သို႔လွည့္ထားသည္။ ေႁမြကိုျမင္ေတာ့ မခင္ဦးလန႔္သြားေသာ္လည္း ေႁမြျဖဴကေလးက သူ႔အား ရန္ျပဳမည့္ပုံမရွိသည္မို႔ထိုေနရာမွ အသာကေလးထၿပီးထြက္လာလိုက္သည္။
ညအိပ္ေတာ့ မခင္ဦး တစ္ေယာက္ ေႁမြျဖဴကေလးကို အိပ္မက္မက္ေတာ့သည္။
ေႁမြျဖဴကေလးက တစ္ကိုယ္လုံးႏို႔ႏွစ္ေရာင္သန္းေနသည္။ အျဖဴေရာင္ဟုဆိုေသာ္လည္း ဝါက်င္က်င္ႏွင့္ျဖစ္သည္။ ႏြားႏို႔ေရာင္ဟုေျပာလွ်င္ ပိုနီးစပ္သည္။ မ်က္လုံးကေလးႏွစ္လုံးမွာ အစိမ္းေရာင္စိမ္းလန္းေနၿပီး လွ်ာကေလးကေတာ့ နီရဲေတာက္ပေနသည္။ ေႁမြျဖဴကေလး၏ ေခါင္းေပၚရွိ အေရခြံမ်ားတြင္ ေငြေရာင္ကေလးသန္းေနၿပီးေတာ့ တလက္လက္ႏွင့္ေတာက္ပေနသည္။
ေႁမြကေလးကို အံ့ဩၿပီးၾကည့္ေနစဥ္မွာပင္ ေႁမြျဖဴကေလးက မခင္ဦးအနားကပ္လာၿပီးေနာက္
လူလိုစကားေျပာသည္။
“အေမ၊ ေနာက္တစ္ခါလာရင္ ႏို႔စိမ္းဝယ္လာခဲ့ပါ”
“ဟယ္၊ ဘာေတြေျပာေနတာလဲ ငါကလူ၊ နင္က ေႁမြေလ၊ ဘယ္လိုလုပ္အေမလို႔ေခၚတာလဲ”
“ရွင္နဲ႔ကြၽန္မက ဘဝတစ္ခုမွ သားအမိအျဖစ္ ေတာ္စပ္ခဲ့ဖူးတယ္၊ ဒါေၾကာင့္ အေမလို႔ ေခၚတာပါ”
“ေအးပါ၊ ေခၚခ်င္သလိုေခၚပါ၊ အခုလာတာ ဘာျဖစ္လို႔လာတာလဲ”
“ေနာက္တစ္ခါ ဘုရားကေလးဆီကိုလာရင္ ႏြားႏို႔စိမ္းတစ္ခြက္ ဝယ္လာခဲ့ပါ”
ထိုသို႔ေျပာၿပီး ေႁမြကေလးက ျပန္ထြက္ခြာသြားသည္။ မခင္ဦးလဲ မ်က္လုံးမ်ားကိုဖြင့္ကာ အေဆာင္ေခါင္မိုးကို ျပဴးၿပီးၾကည့္ေနမိသည္။ မနက္ပိုင္း မိုးစင္စင္လင္းေနၿပီျဖစ္သည္။
သြားတိုက္ေရခ်ိဳးရင္း ညက မက္ခဲ့သည့္အိပ္မက္ကို ျပန္ေတြးေနမိသည္။ ထိုအခါ တကယ္ဟုတ္ႏိုင္ မဟုတ္ႏိုင္ စိတ္ထဲဗ်ာမ်ားေနရသည္။ မေန႔က ေတြ႕ခဲ့သည့္ ေႁမြျဖဴကေလးကို စိတ္ထဲစြဲၿပီးေတာ့ အိပ္မက္မက္ေနမိျခင္းျဖစ္မည္ဟု ေတြးလိုက္မိသည္။
(ခ)
သို႔ေသာ္လည္း ေနာက္တစ္ပတ္ေတာ့ ဘုရားဆီသြားရင္း ေညာင္ဦးေဈးထဲက ႏို႔စိမ္းတစ္ထုပ္ဝယ္လာခဲ့သည္။ လိုလိုမယ္မယ္ အၾကမ္းပန္းကန္လုံးကေလးတစ္လုံးကိုလဲယူလာခဲ့သည္။ ဘုရားမွာ ပန္းကပ္၊ ဆီမီးကပ္လႉၿပီးေတာ့ ဘုရားရွိခိုးေနမိသည္။ ထိုစဥ္ သူ႔ႏွာေခါင္းထဲသို႔ အလြန္ေမႊးပ်ံ႕သည့္ ရနံ႔တစ္မ်ိဳးရလာသျဖင့္ ေက်ာခ်မ္းလာကာ မ်က္လုံးဖြင့္ၾကည့္လိုက္သည္။ သူ႔ေရွ႕တြင္ေတာ့ သူ႔အားစိုက္ၾကည့္ေနသည့္ ေႁမြျဖဴကေလးကိုေတြ႕ရသည္။
“ငါ ဘုရားရွိခိုးတာ မၿပီးေသးဘူး၊ ခဏေစာင့္အုံး”
ေႁမြကေလးကိုေျပာလိုက္ေတာ့ ေႁမြျဖဴကေလးက ေခါင္းငုံ႔ၿပီး ျပန္ေခြေနသည္။ ဘုရားရွိခိုး အမွ်အတန္းေဝၿပီးေတာ့ မခင္ဦးလဲထလိုက္သည္။ စက္ဘီးျခင္းထဲပါလာသည့္ အၾကမ္းပန္းကန္ေလးကို ေႁမြကေလးအနားသို႔ခ်လိုက္ၿပီးေနာက္ ႏို႔စိမ္းထုပ္ကို ေဖာက္ထည့္ေပးလိုက္သည္။ ေႁမြကေလးက အၾကမ္းပန္းကန္ခြက္ထဲ ေခါင္းထည့္ၿပီးေတာ့ ႏို႔စိမ္းမ်ားကို ေသာက္ေနေတာ့သည္။ ႏို႔စိမ္းကုန္သြားသျဖင့္ မခင္ဦးလဲ ထပ္ထည့္ေပးေတာ့ ေႁမြျဖဴကေလးက မေသာက္ေတာ့ဘဲ ဘုရားဆင္းတုေတာ္အနားသို႔ တိုးဝင္သြားၿပီးေနာက္ ေပ်ာက္ကြယ္သြားသည္။ သို႔ႏွင့္ မခင္ဦးလဲ အပတ္တိုင္း ေႁမြျဖဴကေလးအတြက္ ႏို႔စိမ္းတစ္ခြက္ အၿမဲတမ္းသယ္လာျဖစ္ေတာ့သည္။
မခင္ဦးက စကားေျပာခ်ိဳသာသလို ႐ုပ္ရည္ကလဲ သနားကမားကေလးျဖစ္သျဖင့္ မခင္ဦး၏ အခ်စ္ကိုရယူခ်င္သည့္သူမ်ားမွာ ေညာင္ဦးၿမိဳ႕တြင္ မနည္းလွေခ်။ အခ်ိဳ႕ကေတာ့ မခင္ဦးကို ပိုးပန္းသည့္အေနႏွင့္ တစ္ပတ္တစ္ခါေလာက္ ယြန္းထည္ေတြ လာေရာက္ဝယ္ယူတတ္ၾကရာ သူတို႔ဆိုင္ေရာင္းအားတက္ေနသည္။
“နင္တို႔ေတြ ခင္ဦးကိုၾကည့္ၿပီးအတုယူၾက၊ သူ႔ေၾကာင့္ တို႔ဆိုင္ မိတ္ေတြတက္လာတာမနည္းဘူးေနာ္၊ ဒီလိုေျပာလို႔ နင္တို႔ေတြကို ျမႇဴဆြယ္ခိုင္းေနတာမဟုတ္ဘူး”
ဆိုင္ပိုင္ရွင္က အၿမဲလိုလို ဆိုင္မွဝန္ထမ္းမ်ားအား ခင္ဦးကိုအတုယူရန္ အၿမဲေျပာေလ့ရွိသည္။ ထိုသို႔အေျပာခံရတိုင္းလဲ ခင္ဦးက ဝန္ထမ္းမ်ားကို အားနာၿပီးမေနတတ္ျဖစ္ရသည္။ ေနာက္ေတာ့ ဝန္ထမ္းအခ်ိဳ႕က ခင္ဦးကိုၾကည့္ကာ မနာလိုျဖစ္ေနတတ္သည္။ ရန္လိုေနတတ္ေတာ့သည္။
မခင္ဦး၏ အခ်စ္ကိုလိုခ်င္သူမ်ားထဲတြင္ ေက်ာင္းဆရာမ်ား၊ အစိုးရဝန္ထမ္းမ်ားကအစ ဆီးယိုလုပ္ငန္းပိုင္ရွင္စသည့္သူမ်ားသာမက၊ ရပ္ထဲ႐ြာထဲမွ ကာလသားမ်ားပါမက်န္ မခင္ဦးကို စိတ္ဝင္စားေနၾကသည္။ မခင္ဦးကို ပြင့္ပြင့္လင္းလင္းေျပာသူလဲရွိသလို၊ ကြယ္ဝွက္ၿပီး ရင္ထဲကအခ်စ္ေတြကို ထုတ္ေဖာ္မေျပာျပသူေတြလဲရွိသည္။
သို႔ေသာ္ မခင္ဦးကေတာ့အခ်စ္ေရး ကိုမေတြးခ်င္ေသးေသာေၾကာင့္ လာေျပာသူအားလုံးကို ႀကိဳးရွည္ရွည္ႏွင့္ လွန္ထားလိုက္တာမ်ားသည္။
“မခင္ဦးကို ကိုဖိုးတုတ္ႀကီးက ႀကိဳက္လို႔တဲ့၊ အဲဒါ စာေပးခိုင္းလိုက္တယ္”
ဆိုင္မွ အေရာင္းဝန္ထမ္းေကာင္မေလးတစ္ေယာက္က မခင္ဦးကို စာတစ္ေစာင္ေပးသည္။
“ညည္းတို႔လဲ မုန႔္စားရတယ္ဆိုၿပီးေတာ့ စာေတြလာေပးမေနၾကနဲ႔၊ သူ႔လိုလူကို ငါကႀကိဳက္စရာလား၊ ေနာက္တစ္ခါစာေပးခိုင္းရင္ အျပတ္သာေျပာခဲ့ၾက”
ကိုဖိုးတုတ္ဆိုသူက သူတို႔ယြန္းထည္ဆိုင္ရွိ ဂိုေထာင္ေစာင့္ျဖစ္သည္။ အသားမည္းမည္း၊ လူကပုပုႏွင့္ တုတ္တုတ္ခိုင္ခိုင္ရွိသည္မို႔ ကိုဖိုးတုတ္ဟု အလြယ္ေခၚေနၾကျခင္းျဖစ္သည္။ မ်က္ႏွာႀကီးက ရႈံ႕တြေနၿပီးေတာ့ ပါးႏွစ္ဖက္တြင္လဲ ေက်ာက္ေပါက္ရာေတြ ဗရပြႏွင့္ျဖစ္သည္။
(ဂ)
ထိုေန႔က မိုးေတြ႐ြာေနသည္။ မိုး႐ြာသည္ဟုသာဆိုေသာ္လည္း အညာမိုးမို႔ တဖြဲဖြဲႏွင့္သာျဖစ္သည္။ မိုးတြင္းႀကီးျဖစ္ေသာေၾကာင့္ ေကာင္းကင္ႀကီးကေတာ့ အုံ႔ဆိုင္းေနသည္။
ဆိုင္မွ စက္ဘီးႏွင့္ထြက္ခဲ့ၿပီးေနာက္ ေညာင္ဦးေဈးထဲဝင္ခဲ့သည္။ ႏို႔စိမ္းႏွင့္ ပန္းဝယ္ၿပီးသည့္အခါ ထုံးစံအတိုင္း ဘုရားကေလးဆီသို႔ထြက္လာခဲ့သည္။ မိုးဖြဲ႐ြာေနေသာ္လည္း ထီးမေဆာင္းေတာ့ဘဲ စက္ဘီးကိုအျမန္နင္းလာလိုက္သည္။
ဘုရားထဲေရာက္ေတာ့ ဘုရားပန္းအိုးလဲရန္ ေရကိုသြန္လိုက္သည္။ ထို႔ေနာက္ လတ္ဆတ္သည့္ ဘုရားပန္းကေလးမ်ားကိုပန္းအိုးထဲထိုးလိုက္ၿပီး ဘုရားထဲျပန္ဝင္မည္အလုပ္ သူ႔အေနာက္ကေနၿပီးေတာ့ ေပြ႕ဖက္ျခင္းကိုခံစားလိုက္ရသည္။
“ဟင္ . . ကို . . ကိုဖိုးတုတ္”
“ဟား၊ ခင္ဦးရယ္၊ ကိုယ္မင္းကိုခ်စ္တဲ့အေၾကာင္းေတြကို သက္ေသျပခ်င္တယ္”
“မလုပ္ပါနဲ႔ရွင္၊ ကယ္ၾကပါအုံး၊ ကြၽန္မကို”
ထိုစဥ္မွာပင္ ကိုဖိုးတုတ္က မခင္ဦးကို ဆြဲဖက္ၿပီးေတာ့ အႏိုင္အထက္ျပဳေတာ့သည္။ ေယာက္်ားအားႏွင့္ မိန္းမအားမို႔ မခင္ဦးၾကာၾကာမ႐ုန္းကန္ႏိုင္ပါ။ ဆိတ္ၿငိမ္ရာအရပ္ျဖစ္သည္မို႔ မခင္ဦး၏ ေအာ္ဟစ္သံႏွင့္ ေရ႐ြတ္သံမ်ားကိုလဲ မည္သူမွ် မၾကားႏိုင္ေတာ့ပါ။ မခင္ဦးကိုင္ထားသည့္ ဘုရားပန္းအိုးကေလးကေတာ့ ဘုရားရင္ျပင္ေပၚက်ကာ အစိတ္စိတ္အမႊာမႊာကြဲေၾကသြားသလို လတ္ဆတ္သည့္ဘုရားပန္းကေလးေတြကလဲ ေျမမွာက်ကာ ႏြမ္းလ်ေနခဲ့ေလၿပီ။
“ဟား၊ ဟား ခင္ဦး၊ ခင္ဦး နင္ဘာတတ္ႏိုင္ေသးလဲ၊ ငါအခုေတာ့ နင့္ဆီကလိုခ်င္တာကို ရလိုက္ၿပီ၊ ဒီအေၾကာင္းေတြကို နင္ေလွ်ာက္ေျပာရင္ နင့္ကိုငါသတ္ပစ္မယ္”
ကိုဖိုးတုတ္က ထိုသို႔ႀကိမ္းေမာင္းလိုက္ၿပီးေနာက္ ပုဆိုးကိုျပင္ဝတ္လိုက္သည္။ မခင္ဦး၏ အဝတ္အစားေတြကို ကိုဖိုးတုတ္ဆြဲၿဖဲထားသျဖင့္စုတ္ၿပဲေနသည္။ မခင္ဦးလဲ ဂူဘုရားနံရံကေလးကိုမွီရင္း ေခါင္းငုံ႔ကာ က်ိတ္ငိုေနမိသည္။
ကိုဖိုးတုတ္ ဘုရားထဲက ျပန္အထြက္မွာ ေႁမြျဖဴေလးတစ္ေကာင္က မ်က္ႏွာက်က္ဆီမွ ကိုဖိုးတုတ္၏ လည္ကုတ္ေပၚသို႔ ျပဳတ္က်လာသည္။ ကိုဖိုးတုတ္လဲ ေၾကာက္လန႔္ၿပီးေနာက္ ေအာ္ဟစ္လိုက္သည္။
“အလကားေႁမြ၊ သြားစမ္း”
ေႁမြျဖဴကေလးကို လႊင့္ပစ္ၿပီးသည့္ေနာက္ ကိုဖိုးတုတ္လဲ အျပင္သို႔ေျပးထြက္သြားေတာ့သည္။ မခင္ဦးေခါင္းထဲ ဘာမွစဥ္းစားလို႔မရႏိုင္ေတာ့။ ရွက္သည့္စိတ္၊ ေၾကာက္သည့္စိတ္ေတြက သူ႔အေတြးေတြကို ဖုံးလႊမ္းထားသည္။
“ဘာမွမပူပါနဲ႔၊ ျဖစ္ခ်ိန္တန္လို႔ျဖစ္တာပါ၊ ျဖစ္ရမယ့္ကံပါလာလို႔ ျဖစ္ရတာပါ”
အသံၾကားလိုက္ေတာ့ မခင္ဦးလဲ အနားကိုလွည့္ပတ္ၾကည့္မိသည္။ သို႔ေသာ္ လူတစ္ဦးတစ္ေယာက္မွ မေတြ႕ရ။ သူ႔ေရွ႕တြင္ ေႁမြျဖဴကေလးတစ္ေကာင္သာရွိသည္။ မခင္ဦးလဲ အလြန္အံ့ဩသြားသည္။
“နင္၊ ေႁမြ၊ ေႁမြက ငါ့ကိုစကားေျပာေနတာလား”
“အဆိုးထဲက အေကာင္းျဖစ္သြားတယ္လို႔ပဲမွတ္လိုက္ပါ”
“ဘာအဆိုးထဲကအေကာင္းလဲ ေႁမြျဖဴရဲ႕၊ ငါအခုလိုျဖစ္ေတာ့ ငါ့အရွက္တရားေတြ၊ ငါ့ရဲ႕ပ်ိဳျမစ္မႈ၊ ျဖဴစင္မႈေတြအကုန္ဆုံးရႈံးခဲ့ရၿပီေလ”
“ဘာမွမပူနဲ႔အေမ၊ သမီးလာၿပီ၊ သမီးျပန္လာၿပီ”
ေႁမြျဖဴကေလးက ထိုသို႔ေျပာၿပီးေတာ့ သူ႔ေျခေထာက္ေတြကို ရစ္ပတ္ၿပီးေတာ့ တက္လာသည္။ ေနာက္ေတာ့ ေပါင္ေပၚကိုတက္လာၿပီး ေပါင္ေပၚမွတဆင့္ဝမ္းဗိုက္အတြင္းသို႔ တိုးဝင္ေနသည္။ မခင္ဦးလဲ ေၾကာက္လန႔္ၿပီး ေအာ္ဟစ္မိသည္။
“ဂ်ိန္း . .”
မိုးၿခိမ္းသံႀကီးတစ္ခုၾကားလိုက္ေတာ့မွ မခင္ဦးမ်က္လုံးေတြဖြင့္ၾကည့္လိုက္သည္။။ အခ်ိန္က ညေနပင္ေစာင္းေနၿပီျဖစ္သည္။ ဂူဘုရားအတြင္းမို႔ အတြင္းပိုင္းတြင္ မည္းေမွာင္ေနသည္။ မခင္ဦးလဲ စုတ္ၿပဲေနသည့္အဝတ္အစားမ်ားကို ေသေသသပ္သပ္ျဖစ္သြားေအာင္ျပဳျပင္လိုက္ၿပီးေနာက္ အျပင္ကိုေျပးထြက္လိုက္သည္။ စက္ဘီးႏွင့္ ေညာင္ဦးေဈးထဲအရင္ဝင္ရသည္။ ညေနေစာင္းေနၿပီျဖစ္သျဖင့္ ေဈးကပိတ္ေတာ့မည္။ ခ်ည္ထည္အက်ီလက္ရွည္ကေလးတစ္ထည္ကို ဝယ္ယူလိုက္ၿပီးေနာက္ အေပၚမွထပ္ကာဝတ္ဆင္ၿပီး ဆိုင္သို႔ျပန္လာခဲ့သည္။
ဆိုင္ကိုေရာက္ေတာ့ ဆိုင္ကပိတ္ထားသည္။ ဒီအခ်ိန္ ဆိုင္ပိတ္ရမည့္အခ်ိန္မဟုတ္ေပ။ ဆိုင္တံခါးဖြင့္ဝင္သြားေတာ့ ဆိုင္ပိုင္ရွင္က သူ႔နားကိုေျပးလာသည္။
“ခင္ဦး ဘယ္ေတြေလွ်ာက္သြားေနတာလဲ ေန႔တစ္ပိုင္းေလာက္ ေပ်ာက္ေနတာေနာ္”
“ဟို၊ ဟိုေလ”
ခင္ဦးဘာေျပာရမွန္းမသိေတာ့။ သို႔ႏွင့္ ဆိုင္ပိုင္ရွင္ကို ေမးခြန္းျပန္ထုတ္လိုက္သည္။
“ဆိုင္ကိုဘာလို႔ ဒီအခ်ိန္ပိတ္ထားတာလဲ”
ဆိုင္ပိုင္ရွင္က သက္ျပင္းတစ္ခ်က္ခ်လိုက္သည္။
“ဂိုေထာင္ေစာင့္တဲ့ ကိုဖိုးတုတ္ ဆုံးၿပီဟ”
“ဟင္ . . .”
ခင္ဦးတစ္ခ်က္သာ ေရ႐ြတ္မိသည္။ ထိုသို႔ျဖစ္သြားသျဖင့္ ေပ်ာ္ရမည္လား၊ ဝမ္းနည္းရမည္လားကို မေတြးတတ္ေတာ့။
“ေန႔လည္က အေကာင္းႀကီးရွိပါေသးတယ္၊ ဘာ . . ဘာျဖစ္လို႔လဲ”
“တန္းလ်ားမွာ သူနဲ႔အတူတူေနတဲ့သူေတြေျပာတာကေတာ့ ေန႔လည္ကအျပင္သြားၿပီးျပန္လာတာ၊ ဒီေရာက္ေတာ့ ေခါင္းမူးလို႔ဆိုၿပီးေတာ့ အိပ္ရာထဲလွဲေနတာတဲ့။ ေနာက္ေတာ့ သြားၾကည့္တဲ့အခ်ိန္မွာ တစ္ကိုယ္လုံး ျပာႏွမ္းၿပီးေတာ့ မ်က္လုံးႀကီးျပဴးၿပီး ေသေနတာပဲတဲ့”
“ထူးဆန္းတယ္ေနာ္”
“ဘာမွမထူးဆန္းပါဘူးဟာ၊ ဆရာဝန္က ေႁမြဆိပ္တက္တာလို႔ေျပာတယ္၊ သူ႔ဂုတ္ပိုးမွာ ေႁမြကိုက္ရာကေလး ေတြ႕တယ္တဲ့”
“ေႁမြကိုက္ရာ၊ ဒါ ဆိုရင္ ေႁမြျဖဴ၊ ေႁမြျဖဴ”
အမွတ္တမဲ့ေရ႐ြတ္ေနမိသည့္ပါးစပ္ကို အျမန္ပိတ္လိုက္ရသည္။ မခင္ဦးဒီဆိုင္တြင္ ဆက္မလုပ္ခ်င္ေတာ့ေပ။ ေနာက္ေတာ့ တစ္ေယာက္စကား တစ္ေယာက္နားႏွင့္ ျပန္ၾကားရသည္မွာ ကိုဖိုးတုတ္အား ဆိုင္မွဝန္ထမ္းေကာင္မေလးတစ္ေယာက္က မခင္ဦးသြားတတ္သည့္ေနရာကို ေျပာျပထားေသာေၾကာင့္ျဖစ္မွန္းသိလိုက္ရသည္။
မခင္ဦးအား ဆိုင္မွဝန္ထမ္းမ်ားက တီးတိုးတီးတိုးေျပာဆိုၾကသည္။ မခင္ဦးလဲ ဆက္ၿပီးမလုပ္ႏိုင္ေတာ့သျဖင့္ဆိုင္မွအလုပ္ထြက္ၿပီး ႐ြာသို႔ျပန္လာခဲ့သည္။
(ဃ)
ရာသီေသြးမလာသည္မွာသုံးလပင္ေက်ာ္ျမင့္ခဲ့ၿပီျဖစ္သည္။ မခင္ဦးစိတ္ထဲထင့္ေနမိသည္။ ေနာက္ေတာ့ ပ်ိဳ႕အန္ခ်င္သလိုျဖစ္လာသည္။ ေလေတြအန္ေနတတ္သည့္အတြက္ မခင္ဦး အေဖႏွင့္အေမက စိတ္မခ်ျဖစ္လာသည္။ ႐ြာမွလက္သည္အေဒၚႀကီးေခၚၿပီး စမ္းသပ္လိုက္ေတာ့ ကိုယ္ဝန္ရွိေနၿပီျဖစ္မွန္းသိလိုက္ရသည္။
“အမိုက္မ၊ နင္ဘယ္လိုလုပ္လိုက္တာလဲ၊ ေျပာစမ္း၊ နင္ဘယ္သူနဲ႔ရတာလဲ”
“သမီးမွားပါတယ္အေဖ၊ ဘယ္သူနဲ႔ရတာကိုေတာ့ ေျပာမျပရပါေစနဲ႔”
“ဒီေကာင့္ကို ငါတို႔သြားေတြ႕ၿပီး တာဝန္ယူခိုင္းမွ ရမွာေပါ့ဟ”
“မရွိေတာ့ဘူးအေဖ၊ သူမရွိေတာ့ဘူး၊ သူေသသြားၿပီ”
မခင္ဦးအေဖလဲ ထိုင္ေနရာကေန ေသြးတက္ၿပီးလဲက်သြားသည္။ သူတို႔ကိုလဲ တစ္႐ြာလုံးက မေကာင္းေျပာၾကသည္။ မခင္ဦး ေဆာ့သျဖင့္ ျဖစ္သည္ဟု မေကာင္းသတင္းေျပာၾကသည္။ အပ်ိဳႏုႏုထြတ္ထြတ္ကေလး မခင္ဦးမွာ အခုေတာ့ ဗိုက္ႀကီးတစ္လုံးႏွင့္ လင္ေကာင္မေပၚဘဲ ကေလးေမြးရေတာ့မည္ျဖစ္သည္။
“ကေလးက ေဇာက္ထိုးျဖစ္ေနတယ္ေဟ့ ေမြးရေတာ့ခက္မွာ”
လက္သည္အေဒၚႀကီးက ေျပာလိုက္သျဖင့္ မခင္ဦးေရာ၊ သူ႔အေမပါ စိတ္ညစ္သြားသည္။ မခင္ဦးအေဖျဖစ္သူကေတာ့ အိမ္အတြက္ဦးစီးၿပီးေတာ့ ႀကဳံရာက်ပန္းလုပ္ကာ ေငြရွာေနရသည္။
“ဒီအတိုင္းေမြးရင္ ညည္းပါအသက္ဆုံးရႈံးႏိုင္တယ္၊ ဒီေတာ့ ေညာင္ဦးတက္ၿပီး ဆရာဝန္နဲ႔ခြဲေမြးပါလား”
“ဆရာဝန္နဲ႔ဗိုက္ခြဲေမြးရင္ ပိုက္ဆံေတာ္ေတာ္ကုန္မွာ၊ မျဖစ္ပါဘူး၊ ဒီအတိုင္း အိမ္မွာပဲေမြးမယ္”
မခင္ဦးအလုပ္မရွိေတာ့သျဖင့္ အိမ္၏စီးပြားေရးမွာ အေတာ္ခ်ိဳ႕တဲ့ေနၿပီျဖစ္ၿပီး အေဖျဖစ္သူပင္ ႀကဳံရာက်ပန္းလုပ္ကာ ေငြရွာေနရသည့္အခ်ိန္ျဖစ္သည္။ မခင္ဦးလဲ ဗိုက္ကေလးပြတ္ရင္း မ်က္ရည္က်ေနမိသည္။
ထိုညေတာ့ အိပ္ေနရင္းေျခေထာက္မွာ ေအးစက္သည့္အထိအေတြ႕ကို ရလိုက္သျဖင့္ လန႔္ၿပီးမ်က္လုံးဖြင့္မိသည္။ ဗိုက္ခံေနသျဖင့္ ျဖည္းျဖည္းခ်င္းငုတ္တုတ္ထိုင္လိုက္ေတာ့ သူ႔ေျခရင္းတြင္ ေႁမြနက္ႀကီးတစ္ေကာင္က ပါးပ်ဥ္းေထာင္ၿပီးေတာ့ သူ႔ကိုၾကည့္ေနသည္။
“ေအာင္မယ္ေလး၊ အေဖေရ၊ အေမေရ”
သူေအာ္ေခၚေပမယ့္ မည္သူမွၾကားသည့္ပုံမရေပ။ ေႁမြႀကီးက တစ္ကိုယ္လုံးနက္ေမွာင္ေနၿပီးေတာ့ ပါးပ်ဥ္းတြင္ အျဖဴေရာင္အတြန႔္ေလးမ်ားရွိသည္။ ပါးပ်ဥ္းေထာင္ထားသည္မို႔ ေႁမြေဟာက္ႀကီးျဖစ္ပုံရသည္။ မ်က္လုံးႀကီးေတြက နက္ေမွာင္ေနၿပီးေနာက္ မခင္ဦးကို စိုက္ၾကည့္ေနသည္။
“နင္ဘာလုပ္မလို႔လဲ၊ ငါနင့္ကိုဘာမွမလုပ္ဘူးေနာ္၊ နင့္လမ္းနင္သြားပါ”
မခင္ဦးက ေႁမြႀကီးကိုေျပာလိုက္သည္ႏွင့္ ေႁမြႀကီးက ပါးစပ္ႀကီးကိုၿဖဲခ်လိုက္သည္။ မခင္ဦးလဲ လန႔္ၿပီးမ်က္လုံးမွိတ္ထားလိုက္သည္။
“ဘုတ္”
ဖ်ာေပၚကိုတစ္ခုခုက်သံၾကားသျဖင့္ မခင္ဦးမ်က္လုံးကို အသာကေလးဖြင့္ၾကည့္လိုက္သည္။ ေႁမြေဟာက္ႀကီးက မခင္ဦး၏ အေရွ႕တြင္ ပါးစပ္ဖြင့္ထားၿပီးေနာက္ တစ္ခုခုကို ထိုးအန္ေနပုံရသည္။ ၾကမ္းျပင္တြင္လဲ အနီေရာင္ေက်ာက္တုံးတစ္တုံးကိုေတြ႕ရသည္။
“အြတ္ . . အြတ္”
ေႁမြႀကီးက ထိုသို႔ျပဳလုပ္ၿပီးေနာက္ ၾကမ္းျပင္တြင္ ေခါင္းကိုထိုးခ်လိုက္သည္။ ထိုအခါ သူ႔ပါးစပ္အတြင္းမွ အနီေရာင္ေက်ာက္တုံးတစ္တုံးထပ္မံထြက္လာသည္။ ေႁမြႀကီးက သုံးခါတိတိအန္သည့္အခါ အနီေရာင္ေက်ာက္တုံး သုံးတုံးက်န္ခဲ့သည္။ ၿပီးေနာက္မွာေတာ့ လွည့္ထြက္သြားၿပီး အိမ္ေပၚမွဆင္းသြားေတာ့သည္။
မခင္ဦးလဲ လန႔္ႏိုးသြားသည္။ သူ႔တစ္ကိုယ္လုံးေခြၽးေတြျပန္ေနသည္။
“ေအာ္၊ ငါ အိပ္မက္ မက္ေနတာပါလား”
အိပ္မက္မွန္းသိလိုက္ရေတာ့ ႏွေျမာမိသြားသည္။ ခုနက အိပ္မက္ထဲမွာ ရတနာေတြရသည့္အတြက္ ေပ်ာ္လိုက္သည့္ျဖစ္ျခင္း။ တစ္ဖက္ကိုေျပာင္းလွည့္ၿပီးအိပ္ဖို႔ ကိုယ္ကိုလွည့္လိုက္စဥ္ ေျခေထာက္က ဖ်ာေပၚမွ တစ္စုံတစ္ခုကိုထိမိလိုက္သည္။ မာေက်ာသည့္အရာတစ္ခုျဖစ္သျဖင့္ မခင္ဦးမ်က္လုံးမ်ားျပဴးသြားသည္။ ထထိုင္ၿပီးၾကည့္လိုက္ေတာ့ အိပ္မက္ထဲကအတိုင္းပင္ ေက်ာက္အနီႀကီးသုံးလုံးျဖစ္သည္။
(င)
“ေက်ာက္က ပတၱျမားမဟုတ္လို႔ဗ်၊ ဟုတ္ရင္ ဒီထက္ေဈးပိုရမွာ”
ေညာင္ဦးၿမိဳ႕က စိန္ေက်ာက္ပြဲစားထံသို႔ ေက်ာက္သုံးလုံးကိုေရာင္းခ်လိုက္ရာ အေတာ္ကေလးက်န္သည္။ ထိုေငြႏွင့္ မခင္ဦးေဆး႐ုံတက္ၿပီး ဗိုက္ခြဲမီးဖြားရေတာ့မည္။ ပိုလွ်ံသည့္ေငြမ်ားကိုေတာ့ အိမ္ကိုျပန္ျပင္လိုက္သည္။
ဗိုက္ခြဲေမြးတာက ဗိုက္မနာခင္ ခြဲေမြးမည္ျဖစ္သျဖင့္ ဆရာဝန္ခ်ိန္းထားသည့္ရက္တြင္ ေညာင္ဦးေဆး႐ုံသို႔ တက္လာၾကသည္။ ေငြလဲအလုံအေလာက္ပါသျဖင့္ မခင္ဦးစိတ္ေအးရသည္။ ေနာက္တစ္ေန႔မနက္ပိုင္းတြင္ ခြဲမည္ျဖစ္သျဖင့္ ထိုေန႔ညက အစာေရွာင္ရသည္။ ညအိပ္ေတာ့ သူတို႔ေဆး႐ုံအတြင္းလူေတြ လႈပ္လႈပ္ရွားရွားျဖစ္ေနၾကသည္။
“အေမ ဘာျဖစ္လို႔လဲ”
“ေဆး႐ုံေဘးနား ပတ္ပတ္လည္မွာ ေႁမြေတြ ေတြ႕လို႔တဲ့သမီးရဲ႕”
မခင္ဦးလဲ သိခ်င္သျဖင့္ ကုတင္မွထကာ ျပတင္းေပါက္ကိုၾကည့္လိုက္မိသည္။ ျပတင္းေပါက္တြင္ မွန္မ်ားကာရံထားသည္။ ေဆး႐ုံဝင္းတစ္ခုလုံးတြင္ ခ်ဳံမရွိဘဲ ေျပာင္ၿပီးရွင္းလင္းေနသည္။ ထိုေျမျပင္ေပၚတြင္ေႁမြအမ်ိဳးအစားအစုံက မေရမတြက္ႏိုင္ေအာင္ သြားလာလႈပ္ရွားေနသည္ကိုေတြ႕ရသည္။
တစ္ထြာ၊ တစ္ေတာင္မွစတင္ၿပီးေတာ့ ႏွစ္လံ၊ သုံးလံအထိရွည္လ်ားသည့္ေႁမြႀကီးမ်ားကိုေတြ႕ရၿပီး ေႁမြေတြမွာလဲ အေရာင္အေသြးအစုံႏွင့္ျဖစ္သည္။ ေျမေပြး၊ ေႁမြေဟာက္ေတြသာမက ေတြ႕ရခဲသည့္ စပါးအုံးလို ေႁမြႀကီးေတြပါျမင္ရသျဖင့္ ေဆး႐ုံဝန္ထမ္းမ်ားႏွင့္ ေဆး႐ုံတက္ေနသည့္သူမ်ားအားလုံး အံ့ဩထိတ္လန႔္ေနၾကသည္။ ထိုအခ်ိန္တြင္ ေႁမြႀကီးတစ္ေကာင္က ေဆး႐ုံအနီးသို႔တိုးကပ္လာၿပီးမခင္ဦးဘက္သို႔ ျမန္ျမန္ေျပးလာေနသည္။
“လုပ္ပါအုံး၊ ေႁမြႀကီးေျပးလာေနၿပီ”
လူေတြက ဝိုင္းေအာ္ၾကသည္။ ေႁမြႀကီးက မခင္ဦးႏွင့္ မ်က္ႏွာခ်င္းဆိုင္လာလိုက္ၿပီးေနာက္ ဦးေခါင္းကို ငုံ႔လိုက္ မလိုက္ႏွင့္ သုံးႀကိမ္ေလာက္ျပဳလုပ္ေနသည္။ ဦးတိုက္ေနသည့္သေဘာပင္ျဖစ္မည္။ ထို႔ေနာက္ ထိုေႁမြႀကီးက ျပန္လွည့္သြားေတာ့ က်န္သည့္ေႁမြမ်ားလဲ သူ႔အလိုလိုျပန္ထြက္ခြာသြားက်ေတာ့သည္။
ဆယ့္ငါးမိနစ္ခန႔္ၾကာသည့္အခါတြင္ေတာ့ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ မီးသတ္တပ္ဖြဲ႕ဝင္မ်ားေရာက္လာၾကသည္။ သို႔ေသာ္ ေႁမြႀကီးမ်ားက မရွိေတာ့ေပ။ တစ္ေကာင္တစ္ေလပင္ က်န္ခဲ့ပုံမရ၊ ရဲအရာရွိမ်ားကလဲ ေဆး႐ုံမွလူမ်ား ဝိုင္းေျပာသျဖင့္ သာယုံလိုက္ရသည္။ အခ်ိဳ႕ကေတာ့ အေျပာႏွင့္မယုံခ်င္ၾကေပ။
စေနသမီး ေနတက္ေရတက္မွာ ေမြးသည့္အတြက္ ထိုမိန္းကေလးကို ႏြယ္နီဟု အမည္ေပးလိုက္ၾကသည္။ ႏြယ္နီမွာ ရက္ ၁၀၀ ျပည့္သည္အထိ ထူးျခားခ်က္တစ္စုံတစ္ရာ မျပေသးေပ။ ရက္ ၁၀၀ မျပည့္ခင္ တစ္ပတ္ခန႔္အလိုမွာ ေႁမြနက္ႀကီးက အိပ္မက္ထဲသို႔ေရာက္လာျပန္သည္။
“ကေလး ရက္၁၀၀မွာ ဘုန္းႀကီးေတြကိုအလႉဒါနျပဳၿပီးေတာ့ ေႁမြေတြနဲ႔ သုံးဆယ့္တစ္ဘုံသားေတြကို အမွ်ေပးေဝေပးပါ”
ေႁမြနက္ႀကီးက ေျပာလိုက္သည့္အခါ မခင္ဦးက ညည္းတြားလိုက္သည္။
“လုပ္ေပးခ်င္တာေပါ့၊ ဒါေပမယ့္ ကေလးေမြးၿပီးကတည္းက ပိုက္ဆံေတြကုန္လိုက္တာဆိုတာ အိမ္ရဲ႕စီးပြားေရးအေျခအေနက သိပ္ေကာင္းတာမဟုတ္ဘူး၊ ဘုန္းႀကီးသုံးပါးေလာက္ပဲပင့္ၿပီး အက်ဥ္းခ်ဳံး အလႉပိန္ေလးပဲ လုပ္မလားလို႔”
ထိုအခါ ေႁမြႀကီးက ပါးစပ္ႀကီးကိုၿပဲေနေအာင္ ဟလိုက္ျပန္သည္။ ထို႔ေနာက္ ပါးစပ္အတြင္းမွ ေက်ာက္မ်ားကိုအန္ခ်ျပန္သည္။ ယခုတစ္ခါလဲ ေက်ာက္အနီႀကီးသုံးလုံးကို ထပ္မံအန္ခ်ျပန္သည္။ မခင္ဦးလဲ အိပ္မက္ထဲတြင္ပင္ အလြန္အံ့ၾသၿပီးၾကည့္ေနမိသည္။ ေနာက္ေတာ့ ေႁမြႀကီးက အိမ္ေပၚမွျပန္ဆင္းသြားသည္။ မခင္ဦးလန႔္ႏိုးလာတာ့ ေျခရင္းဘက္ကိုၾကည့္မိသည္။ ထိုအခါ ေက်ာက္အနီႀကီးသုံးလုံးကို ထပ္မံရရွိျပန္သည္။
“အေဖ ဒီေက်ာက္ေတြကို ထုခြဲေရာင္းခ်ၿပီးေတာ့ သမီးေလး ရက္၁၀၀ ျပည့္အလႉအျဖစ္လုပ္ၾကမယ္”
မနက္ေရာက္ေတာ့ အေဖျဖစ္သူကို ေက်ာက္ေတြေပးလိုက္သည္။ အေဖျဖစ္သူကလဲ အလြန္အံ့ၾသေနသည္။
“ဒါေပမယ့္ တစ္ခုေတာ့ရွိတယ္အေဖ၊ ဒီကိစၥကို ဘယ္သူ႔ကိုမွမေျပာပါနဲ႔အေဖ၊ လူေတြသိၿပီးေတာ့ သမီးေလးကို တစ္မ်ိဳးျမင္ေနၾကမွာစိုးလို႔ပါ”
အေဖျဖစ္သူကေခါင္းညိတ္လိုက္ၿပီးေတာ့ ေက်ာက္ေတြကို ေညာင္ဦးၿမိဳ႕ရွိ ေ႐ႊပန္းထိမ္ဆိုင္တစ္ခုတြင္ သြားေရာက္ေရာင္းခ်လိုက္သည္။ ရသည့္ေငြႏွင့္ အလႉတစ္ခုကိုက်င္းပသည္။ တစ္႐ြာလုံးကို မီးခိုးတိတ္ ေကြၽးေမြးႏိုင္သည့္အျပင္ ႐ြာဦးေက်ာင္း ေက်ာင္းေဆာင္ႀကီးျပဳျပင္ရန္အတြက္လဲ အလႉေငြထည့္လိုက္ႏိုင္သည္။
သမီးေလး ႏြယ္နီက တျဖည္းျဖည္းႀကီးလာခဲ့ၿပီ၊ သုံးႏွစ္အ႐ြယ္ေတာင္ေရာက္လာခဲ့သည္။ သမီးေလးကိုၾကည့္ရတာ ထူးေတာ့ထူးဆန္းသည္။ ေႁမြဘဝက လာတာမို႔လားမေျပာတတ္၊ အၿမဲတမ္း ေခြေခြေခါက္ေခါက္ႏွင့္ေနတတ္သည္။ သမီးေလးအႀကိဳက္ဆုံးအစားအစာကေတာ့ သူအၿမဲေသာက္ေနက် ႏို႔စိမ္းပင္ျဖစ္သည္။
“ကေလးကို ႏို႔စိမ္းေတြမတိုက္နဲ႔ ေခ်းေတြပန္းကုန္အုံးမယ္”
အေမကေျပာသျဖင့္ ႏြားႏို႔ကို က်ိဳၿပီးေတာ့ သမီးကိုတိုက္သည္။ သမီးက က်ိဳထားသည့္ႏို႔မွန္း သိသည့္အခါ မေသာက္ေတာ့။ ေအာ္ဟစ္ငိုေနသည္။
“ပူတယ္၊ ပူတယ္”
“သမီးရယ္၊ အေမကိုယ္တိုင္မႈတ္ထားတာ မပူပါဘူးကြဲ႕”
“ပူတယ္၊ အေမတို႔ ႏို႔ကိုခ်က္ထားတာမဟုတ္လား၊ မေသာက္ဘူး”
ကေလးမို႔ ႏြားႏို႔က်ိဳသည္ကို မေျပာတတ္၊ ခ်က္ထားသည္ဟုသာေျပာၿပီးေတာ့ ႏြယ္နီကေလးက ႏို႔ခြက္ကိုမေသာက္ဘဲ လႊင့္ပစ္လိုက္သည္။ မခင္ဦးလဲ ေဒါသထြက္သြားၿပီး ႏြယ္နီကေလးကို ႀကိမ္းေမာင္းလိုက္သည္။
“ဟဲ့ ေကာင္မေလး ႏို႔စိမ္းေသာက္ရင္ ေခ်းပန္းမွာစိုးလို႔ အေမက က်ိဳေပးတာက နင္ကမေသာက္ဘူးတဲ့လား၊ ကဲဟယ္”
ေဒါသထြက္ထြက္ႏွင့္ ႏြယ္နီကေလး၏ လက္ေမာင္းကို တစ္ခ်က္႐ိုက္မိလိုက္သည္။ ႏြယ္နီကေလးက ေအာ္ဟစ္ၿပီး ငိုယိုေတာ့သည္။ မခင္ဦးက ႏြယ္နီကို အခုအ႐ြယ္အထိ တစ္ခါမွ မ႐ိုက္ဖူးေပ။ အခုလို႐ိုက္ၿပီး ႏြယ္နီကေလး ငိုေတာ့လဲ သနားသြားမိၿပီး ဖက္ထားလိုက္သည္။
“ေမေမ့ကို မခ်စ္ဘူး”
ႏြယ္နီကေျပာၿပီး အိမ္ေရွ႕ကိုေျပးထြက္သြားသည္။ အဘြားျဖစ္သူအေပၚ ခုန္တက္လိုက္သည့္အခါ ဘြားေအက ဖက္ထားၿပီး
“ငါ့ေျမးေလးကို နင္ဘာလုပ္လိုက္တာလဲ သမီး”
“ႏို႔က်ိဳတိုက္တာကို မေသာက္ဘဲ ခြက္ကိုလႊင့္ပစ္လိုက္လို႔ စိတ္တိုၿပီး႐ိုက္မိတာပါအေမ”
“ေအာ္၊ ေျမးေလးကလဲကြယ္၊ ႏို႔ဆိုရင္ က်ိဳေသာက္မွေပါ့ကြဲ႕”
“မေသာက္ဘူး၊ သမီးက ဒီတိုင္းပဲေသာက္မွာ၊ ဒီအတိုင္းပဲေသာက္မွာ”
သို႔ႏွင့္ မခင္ဦးလဲ မက်ိဳရေသးသည့္ ႏြားႏို႔ကိုခြက္ထဲထည့္ၿပီးတိုက္ရာ ႏြယ္နီကေလးက ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ေမာ့ေသာက္လိုက္ေတာ့သည္။ မခင္ဦးလဲ အေမ့ဘက္ကိုလွည့္လိုက္ၿပီး
“ေတြ႕လားအေမ၊ အေမ့ေျမးက က်ိဳတိုက္ရင္မေသာက္ပါဘူးဆို”
အေမလဲ မခင္ဦးစကားၾကားေတာ့ သက္ျပင္းသာခ်လိုက္ေတာ့သည္။
ထိုညေတာ့ မခင္ဦးတစ္ေယာက္ လန႔္ႏိုးလာသည္။ သူ႔နားတြင္ ႏြယ္နီကေလးက အိပ္ေနသည္။ သူတို႔သားအမိက အိမ္ေနာက္ဘက္အခန္းတစ္ခန္းတြင္ အိပ္စက္ၾကျခင္းျဖစ္သည္။ သူႏိုးလာသည့္အခါ သူ႔ေျခရင္းတြင္ ေႁမြေပါင္းစုံ ဆယ္ေကာင္ေလာက္ေရာက္ေနၾကသည္။ ပါးပ်ဥ္းေတြေထာင္သည့္အေကာင္က ေထာင္ေနၿပီး မခင္ဦးကို ဝိုင္းၾကည့္ေနၾကသည္။ ထိုအခါ ေႁမြနက္ႀကီးတစ္ေကာင္က အိမ္ေပၚတက္လာၿပီးေနာက္ မခင္ဦးေရွ႕တြင္ ပါးပ်ဥ္းေထာင္လိုက္သည္။
“နင္က အေမဆိုေပမယ့္ ငါတို႔ညီမေလးကို မထိနဲ႔၊ ငါတို႔မႀကိဳက္ဘူး”
ေႁမြနက္ႀကီးက စကားဆိုသျဖင့္ မခင္ဦးလဲ လန႔္သြားသည္။
“မဟုတ္ပါဘူးရွင္၊ ကြၽန္မလဲ ေဒါသထြက္သြားတာနဲ႔ ႐ိုက္လိုက္မိတာပါ”
“ေအး၊ ေနာက္ဆိုဆင္ျခင္ပါ၊ ဒါ ငါေနာက္ဆုံးအႀကိမ္သတိေပးတာပဲ၊ ငါတို႔ညီမကို ဆူတာ႐ိုက္တာမလုပ္ရဘူး၊ ေနာက္တစ္ခါလုပ္ရင္ နင့္အေမကို ငါတို႔ေပါက္သတ္မယ္”
ေႁမြနက္ႀကီးက ေဒါသတႀကီးေျပာၿပီးသည့္ေနာက္ အိမ္ေပၚမွဆင္းသြားရာ၊ သူ႔ေနာက္မွေႁမြမ်ားလဲ လိုက္ဆင္းသြားၾကသည္။ မခင္ဦးလဲ အိပ္မက္မက္ေနျခင္းျဖစ္ေၾကာင္းသိလိုက္ရသည္။ မနက္ႏိုးေတာ့ တစ္အိမ္သားလုံးကို ထိုအေၾကာင္းေျပာျပၿပီးေတာ့ မွာထားရသည္။
“ေၾကာက္စရာႀကီးပါလား၊ ငါ့သမီး သတိထားဟဲ့၊ ကေလးက သူေတာ္ေကာင္းေလးပါ၊ နင္ဆူတာ ႐ိုက္တာေလွ်ာ့ဟဲ့”
ထိုေနာက္ပိုင္းကစၿပီး မခင္ဦးလဲ သမီးေလးကိုဆူတာ႐ိုက္တာ မလုပ္မိေတာ့ေခ်။
(စ)
သမီးကေလး အသက္ငါးႏွစ္ခန႔္ေရာက္လာၿပီျဖစ္သည္။ မၾကာခင္ ႐ြာေက်ာင္းတက္ရေတာ့မည္။ တစ္ေန႔ေတာ့ သမီးကေလးက အိမ္ေရွ႕မွာထိုင္ကစားေနစဥ္ ေႁမြစိမ္းၿမီးေျခာက္တစ္ေကာင္က သစ္ပင္ေပၚမွဆင္းလာသည္။ ထို႔ေနာက္ သမီးအနားသို႔သြားလိုက္ၿပီး လွ်ာကိုတစ္လစ္တစ္လစ္ႏွင့္ လုပ္ျပေနသည္။ မခင္ဦးက အေမတစ္ေယာက္မို႔ ကိုယ့္သားသမီးကို အဆိပ္ျပင္းသည့္ ေႁမြစိမ္းကိုက္ခံရမွာေတာ့ စိတ္ပူသည္။ သို႔ေသာ္လည္း သမီးက ေႁမြသိုက္ကျဖစ္ေနသျဖင့္ လႊတ္ထားလိုက္သည္။ ထိုအခါ ႏြယ္နီကေလးက ထိုေႁမြအားစကားေျပာေနသည္။ သို႔ေသာ္ သူေျပာသည့္စကားသည္ လူစကားမဟုတ္ေပ။ ေလခြၽန္သံလို စူးစူးႏွင့္ စကားေျပာေနျခင္းျဖစ္သည္။ ထို႔ေနာက္ ထိုေႁမြကေလးက ေအးေအးလူလူပင္ သစ္ပင္ေပၚသို႔ ျပန္တက္သြားသည္။
“သမီး ဘာေတြေျပာေနတာလဲ”
“ေႁမြေလးနဲ႔ စကားေျပာေနတာပါအေမရဲ႕”
“ထူးဆန္းပါလား၊ သူက ဘာေျပာလဲ”
“ေႁမြကေျပာတယ္၊ ႐ြာေက်ာင္းကိုမတက္နဲ႔တဲ့၊ အဲဒီကဆရာမက အ႐ိုက္ၾကမ္းတာ နင့္ကိုလဲ ႐ိုက္လိမ့္မယ္တဲ့”
“ေအာင္မယ္၊ ေႁမြက ေက်ာင္းတက္ဖူးတာက်ေနတာပဲ”
“သူက သစ္ပင္ေပၚကေနၾကည့္ေနတာတဲ့”
သမီးေျပာတဲ့စကားကို အေမတို႔ႏွင့္ ျပန္တိုင္ပင္ၾကည့္သည္။
“ေအးဟ၊ ဆရာမက မေတာ္နင့္သမီးကို႐ိုက္မိလို႔ ဆရာမေႁမြေပါက္ခံေနရအုံးမယ္ဟ”
“သမီးကေတာ့ အေမ့ေျမးကို ပညာတတ္ႀကီးတစ္ေယာက္ ျဖစ္ေစခ်င္တာေပါ့အေမရယ္”
“စိတ္ေလွ်ာ့သမီးရဲ႕၊ သူက သာမန္လူမဟုတ္ဘူးမဟုတ္လား၊ ေသစာရွင္စာေလာက္ေတာ့ သမီးလဲ သူ႔ကိုသင္ေပးႏိုင္မွာပါ”
သို႔ႏွင့္ ႏြယ္နီကေလး ေက်ာင္းမေနရေတာ့။ ႐ြာမွလူမ်ားက သူတို႔ကို အတင္းေျပာၾကသည္။ သားသမီးကို ခ်စ္လြန္းလို႔ အိမ္မွာထားၿပီး ေက်ာင္းမပို႔တာ ခ်စ္ရာမေရာက္ဘူး ႏွစ္ရာေရာက္တယ္၊ သားသမီးကို ပညာမတတ္ေစခ်င္တဲ့ မိဘေတြ၊ စသည္ျဖင့္ ေျပာဆိုေနၾကသည္။ ထိုစကားမ်ားကို ျပန္ၾကားရသည့္အခါ မခင္ဦးတစ္ေယာက္ စိတ္မေကာင္းေပ။
မနက္တိုင္း သူတို႔အိမ္ေရွ႕ကို ႐ြာဦးေက်ာင္းဆရာေတာ္ႏွင့္ ဆရာေတာ္မ်ားက ဆြမ္းခံႂကြေလ့ရွိသည္။ ထိုအခါ ႏြယ္နီကေလးက အိမ္ေပၚေျပးတက္လာၿပီး
“ေမေမ ဘုန္းဘုန္းေတြလာေနၿပီ သမီးဆြမ္းေလာင္းေပးမယ္”
ဆြမ္းႏွင့္ ဆြမ္းဟင္းခြက္ကို သယ္ၿပီး ဘုန္းႀကီးေတြကိုဆြမ္းေလာင္းေလ့ရွိသည္။ ဆြမ္းေလာင္းၿပီးလွ်င္လဲ ေျမေပၚထိုင္ၿပီး အက်အန ကန္ေတာ့ေနတတ္သည္မို႔ ဆရာေတာ္မ်ားက ခ်ီးက်ဴးၾကသည္။ ႐ြာဘုန္းႀကီးေက်ာင္းတြင္ အလႉအတန္းရွိသည့္ရက္မ်ိဳးဆိုလွ်င္ ဘုန္းႀကီးမ်ားဆြမ္းခံမႂကြတတ္ေပ။ ထိုေန႔မ်ိဳးဆိုလွ်င္ေတာ့ ႏြယ္နီကေလး လမ္းေပၚေငးကာ မႈိင္ေနေလ့ရွိသည္။
“သမီး ဘာေတြမေပ်ာ္မ႐ႊင္ျဖစ္ေနတာလဲ”
“ဘုန္းဘုန္းေတြ ဆြမ္းခံမႂကြလို႔ပါေမေမရဲ႕”
“ဒီေန႔႐ြာက မဂၤလာဆြမ္းေကြၽးရွိတယ္ေလ ဒါေၾကာင့္မႂကြတာေပါ့ ငါ့ေျမးရဲ႕”
“ဟင့္အင္းမရဘူး၊ သမီးဆြမ္းေလာင္းခ်င္တယ္၊ အီး၊ ဟီး”
ႏြယ္နီကေလးက အိမ္ေရွ႕တြင္ေအာ္ငိုေနသျဖင့္ သူတို႔လဲ ဘာလုပ္ရမွန္းမသိျဖစ္ေနသည္။ ေနာက္ဆုံးဘြားေအျဖစ္သူက
“ထမင္းနဲ႔ဟင္းကို ခ်ိဳင့္နဲ႔ထည့္လိုက္စမ္းပါေအ၊ လာ ငါ့ေျမးေလးနဲ႔ အဘြားနဲ႔ ဘုန္းႀကီးေက်ာင္းသြားၿပီး ဆြမ္းသြားေလာင္းၾကမယ္၊ ဟုတ္ၿပီလား”
ေျမးအဘြားႏွစ္ေယာက္ ထမင္းခ်ိဳင့္တစ္ခ်ိဳင့္ႏွင့္ ႐ြာဦးေက်ာင္းဘက္ထြက္သြားၾကေတာ့သည္။ ေက်ာင္းေရာက္ေတာ့ အဘြားျဖစ္သူက ဆရာေတာ္အား ႏြယ္နီကေလးရဲ႕ အျဖစ္ကိုေလွ်ာက္ထားလိုက္သည္။ ဆရာေတာ္က အလြန္သေဘာက်ၿပီး ၿပဳံးေနသည္။
“ဒကာမႀကီးရယ္၊ ဒီကေလးက သူေတာ္ေကာင္းကေလးဗ်၊ တျခားကေလးေတြ ဒီအ႐ြယ္မွာ ဒီလိုေတြးတတ္တာမဟုတ္ဘူးေလ၊ ေနပါေစ ကိစၥမရွိပါဘူး၊ ေက်ာင္းမွာ အလႉရွိတဲ့ေန႔ဆို ေက်ာင္းကိုဆြမ္းလာပို႔ခိုင္းလိုက္ပါ”
ႏြယ္နီကေလးက သူဆြမ္းေလာင္းလိုက္ရေတာ့မွ စိတ္ေက်နပ္ေနသည္။ မခင္ဦးဘုရားတရားကိုင္းရႈိင္းသလို ႏြယ္နီကေလးကလဲ ဘုရားရွိခိုးေလ့ရွိသည္။ သူတို႔အိမ္ကေလးက မနက္တစ္ခါ ညေနတစ္ခါ ဘုရားရွိခိုးသံမ်ား၊ အမွ်ေဝေၾကးစည္ထုသံမ်ားႏွင့္ ညံေနေတာ့သည္။
(ဆ)
ဒီလိုႏွင့္ ဘုရားရွိခိုးသံမ်ားၾကားတြင္ ႏြယ္နီကေလး အသက္ဆယ့္ငါးႏွစ္ကိုေက်ာ္လြန္လာၿပီး ဆယ့္ေျခာက္ႏွစ္ေရာက္လာၿပီျဖစ္သည္။ အညာသူဆိုေသာ္လည္း အသားအေရျဖဴျဖဴေဖြးေဖြးႏွင့္မို႔ ႏြယ္နီကေလးက အလြန္လွပညက္ေညာလွသည္။ အေဖကို မျမင္ေတြ႕ဖူးသူမ်ားမို႔ အေဖက အသားျဖဴသည္ဟု ထင္ကာ ေျပာဆိုေနၾကေသာ္လည္း ကိုဖိုးတုတ္မွာ အသားမည္းမည္းပင္ျဖစ္သည္။ ေႁမြျဖဴေလးျဖစ္သည့္အတြက္ အသားျဖဴျခင္းျဖစ္လိမ့္မည္ဟု မခင္ဦးက ေတြးေတာမိသည္။ အိမ္မွာလဲ ေႁမြေတြကို အၿမဲေတြ႕ေနရသျဖင့္ ေႁမြေတြကိုမေၾကာက္တတ္ေတာ့ေပ။ ဆန္အိုးထဲဝင္ေခြေနသည့္ေႁမြရွိသလို၊ ထုတ္တန္းေပၚတြင္ရစ္ပတ္လွ်က္ တက္ေနသည့္ ေႁမြမ်ားလဲရွိသည္။ သို႔ေသာ္ ထိုေႁမြမ်ားကို အိမ္ကလူမ်ားက ကိုင္တြယ္ၿပီး ေနရာေ႐ြ႕ၾကေသာ္လည္း ထိုေႁမြမ်ားက အႏၲရာယ္လုံးဝမျပဳၾကေပ။
ႏြယ္နီကေလးကလဲ ေႁမြေတြႏွင့္ အၿမဲေဆာ့ကစားေနေလ့ရွိသည္။ တစ္ခါတစ္႐ုံ သူ႔အက်ီၾကားတြင္ ေႁမြကေလးမ်ားခိုေအာင္းေနတတ္သလို ၿခံတစ္ၿခံလုံးလဲ ေႁမြေတြကို ေတြ႕ျမင္ေနရသည္။ ႐ြာသူ႐ြာသားမ်ားပင္ သူတို႔ၿခံထဲကိုမလာဝံ့ၾက၊ ၿခံေရွ႕သစ္ပင္မ်ားတြင္ေတာ့ ေႁမြစိမ္းကေလးမ်ားက သစ္ကိုင္းမ်ားၾကားတြင္ တြဲေလာင္းခိုလွ်က္ ေနထိုင္တတ္ၾကသည္။
တစ္ေယာက္စကား တစ္ေယာက္နားႏွင့္မို႔ သူတို႔လဲ သိပ္ၿပီးမဖုံးဖိႏိုင္ၾကေတာ့ေပ။ ႏြယ္နီကေလးမွာ ေႁမြသိုက္မွလာသည္၊ ေျမဝင္စားသည္ဟူသည့္ စကားမွာ သူတို႔႐ြာအတြင္း ပ်ံ႕ႏွံ႔သြားကာ ႏြယ္နီအား ေႁမြမင္းသမီးေလးဟု ေခၚဆိုၾကသည္။ အ႐ြယ္ေရာက္လာၿပီမို႔ ႏြယ္နီကေလးက တစ္ေယာက္တည္း႐ြာထဲသြားလာတတ္သည္။ ႏြယ္နီကေလးက စာသိပ္မဖတ္တတ္ေသာ္လည္း စာဖတ္ဝါသနာပါလွသည္မို႔ ႐ြာထဲရွိ စာအုပ္အငွားဆိုင္သို႔ ေန႔တိုင္းလိုလိုသြားေလ့ရွိသည္။
စာအုပ္အငွားဆိုင္တြင္ ထိုေခတ္က ေခတ္ေပၚကာတြန္းမ်ား၊ ႐ုပ္ျပမ်ားကိုငွားရမ္းဖတ္ရႈတတ္သည္။ အိမ္မွလူမ်ားကလဲ အသက္အ႐ြယ္ႀကီးလာၿပီျဖစ္သည္။ မခင္ဦးအေဖမွာလဲ ယာအလုပ္ကိုဆက္လက္လုပ္ကိုင္ေနေသာ္လည္း သိပ္ၿပီးမစြမ္းေတာ့၊ အေမျဖစ္သူကလဲ နားထိုင္းေနၿပီျဖစ္ရာ ႏြယ္နီကေလးကို လႊတ္ထားရသည္။
ေခ်ာေမာလွပလွသည့္ ႏြယ္နီကေလးကို ႐ြာထဲမွလူမ်ားက ခ်စ္ခင္ၾကသည္။ ႏွစ္ေတြၾကာလာေတာ့လဲ ေျပာစရာမေကာင္းေၾကာင္းေတြ ကုန္သြားလို႔လားေတာ့မေျပာတတ္ေပ။ ႐ြာထဲမွ ဆရာေတာ္ကအစ၊ ႐ြာလူႀကီးအထိ ႏြယ္နီကေလးအား ေႁမြမင္းသမီးေလးဟုသာ ေခၚၾကသည္။
ငယ္႐ြယ္သူပီပီ ရင္ခုန္တတ္သည့္အ႐ြယ္ေရာက္လာေတာ့ ႏြယ္နီကေလးရင္ခုန္လာမိသည္။ ႐ုပ္ျပဇတ္လမ္းမ်ားဖတ္ၿပီး အခ်စ္ဆိုသည့္အရာကို ႏြယ္နီကေလးက စိတ္ကူးယဥ္တတ္ေနၿပီျဖစ္သည္။ ႐ြာထဲသြားရင္း ႏြယ္နီကေလးက စာအုပ္အငွားဆိုင္တြင္ ေက်ာင္းဆရာကေလးႏွင့္ အၿမဲဆုံျဖစ္သည္။ ေက်ာင္းဆရာကေလးက လူပ်ိဳလူလြတ္ျဖစ္ၿပီး အသက္သိပ္မႀကီးေသးေပ။ သူတို႔႐ြာကို တာဝန္က်သည့္ ေက်ာင္းဆရာေလးက ျဖဴျဖဴေဖြးေဖြးႏွင့္ ဝင္းမြတ္လွပေနသည့္ ႏြယ္နီကို တစ္ဖက္သတ္အခ်စ္ႏွင့္ ခ်စ္ခင္ေနမိေတာ့သည္။
အိုးခ်င္းထား အိုးခ်င္းထိဆိုသလို စာအုပ္ဆိုင္သြားရင္း စကားစျမည္ေျပာမိရာမွ တစ္ေန႔ေတာ့ ေက်ာင္းဆရာကေလးက ႏြယ္နီ႔အား ႐ြာအျပင္ ဇရပ္ပ်က္ကေလးတြင္ ခ်ိန္းဆိုၿပီးေနာက္ ရည္းစားစကားဖြင့္ေျပာလိုက္ေတာ့သည္။
“အကို ႏြယ္နီ႔ကို ခ်စ္မိေနတာၾကာပါၿပီ ႏြယ္နီရယ္၊ အကို႔အခ်စ္ကို လက္ခံေပးပါ”
ႏြယ္နီရင္ထဲ တဒုန္းဒုန္းႏွင့္ ခုန္ေနမိသည္။ ရင္ခုန္တတ္စအ႐ြယ္မို႔ ေက်ာင္းဆရာေလးကိုသူကလဲခ်စ္ေနမိသည္။ ထို႔အတြက္ေၾကာင့္ မဝံ့မရဲႏွင့္ ေခါင္းညိတ္လိုက္မိသည္။
“ေပ်ာ္လိုက္တာႏြယ္နီရယ္”
ေက်ာင္းဆရာကေလးက ေျပာလိုက္ၿပီး ႏြယ္နီ႔ကိုဖက္လိုက္သည္။ လက္တစ္ဖက္ကလဲ ႏြယ္နီကေလး၏ လက္ဖဝါးေလးကို ဆုပ္ကိုင္ၿပီးပြတ္ေခ်ေနမိသည္။ ထိုအခိုက္တြင္ သူတို႔အနီးရွိ ခ်ဳံၾကားထဲမွ ေႁမြေဟာက္နက္ႀကီးတစ္ေကာင္ ေလွ်ာခနဲထြက္လာေတာ့သည္။ သူတို႔ေရွ႕တြင္ရပ္လိုက္ၿပီး ႏွာေတြမႈတ္ေနသည္။ ႏြယ္နီလဲ လန႔္သြားၿပီး
“ဟင္၊ အကိုႀကီး”
ေက်ာင္းဆရာကေလးကလဲ အလြန္အံ့ၾသမိေနသည္။ ထိုစဥ္မွာပင္
“ညီမေလး၊ မင္းကလူသားေတြနဲ႔ခ်စ္ခြင့္မရွိဘူး”
ေႁမြပါးစပ္က လူစကားထြက္လာသျဖင့္ ေက်ာင္းဆရာေလး အလြန္အံ့ၾသေနမိသည္။
“မလုပ္ပါနဲ႔အကိုႀကီးရယ္၊ ႏြယ္နီက အခုလူျဖစ္ေနၿပီမဟုတ္လား”
“တိတ္စမ္း၊ နင့္ကို လူ႔ဘဝမွာ အိမ္ေထာင္ျပဳ၊ သားေမြးဖို႔ ငါလႊတ္လိုက္တာမဟုတ္ဘူး၊ နင္အတန္တန္ေတာင္းပန္လြန္းလို႔သာ ငါက ခင္ဦးဆီကိုလႊတ္လိုက္ရတာ”
ထို႔ေနာက္ ေႁမြႀကီးက ေက်ာင္းဆရာေလးဘက္သို႔လွည့္လိုက္သည္။
“ဒီမွာေကာင္ေလး၊ မင္းအခုခ်က္ခ်င္း ေနာက္ဆုတ္လိုက္ပါ၊ မဟုတ္ရင္ေတာ့ မင္းငါတို႔အဆိုးမဆိုနဲ႔ေနာ္”
“ဒီမွာေႁမြႀကီး၊ ႏြယ္နီ႔ကို ကြၽန္ေတာ္ခ်စ္တယ္၊ ႏြယ္နီနဲ႔ကြၽန္ေတာ့္ကို အတူတူေပါင္းဖက္ခြင့္ေပးပါ”
ထိုအခ်ိန္မွာပဲ ေႁမြႀကီးက မေျပာမဆိုႏွင့္ ႏွာေခါင္းမွ အဆိပ္ရည္မ်ားကို ျဖန္းပက္လိုက္ရာ ေက်ာင္းဆရာကေလး၏ မ်က္ႏွာကိုထိမွန္သြားသည္။ ေက်ာင္းဆရာကေလးလဲ ေအာ္ဟစ္ၿပီးေနာက္ ႐ြာထဲသို႔ေျပးဝင္သြားေတာ့သည္။
“မွတ္ထား၊ ေနာက္ထပ္နင္အခ်စ္စိတ္ေတြျဖစ္ေပၚေနရင္ နင့္ေဘးနားကလူေတြအကုန္လုံး ဒုကၡေရာက္ရလိမ့္မယ္”
ေႁမြနက္ႀကီးက ေျပာဆိုၿပီး ခ်ဳံၾကားထဲသို႔ဝင္သြားသည္။ ႏြယ္နီကေလးကေတာ့ ငိုရႈိက္ရင္း က်န္ေနခဲ့ေတာ့သည္။ ေက်ာင္းဆရာကေလးမွာ ဘာေၾကာင့္မွန္းမသိဘဲ ေကာက္ခါငင္ခါ ႐ူးသြပ္သြားေတာ့သည္။ ႐ူးသည္မွာလဲ သြက္သြက္ခါေအာင္႐ူးသြပ္သြားျခင္းျဖစ္သည္။ ေက်ာင္းဆရာကေလး၏ မိဘမ်ားက လာေခၚေသာ္လည္း မလိုက္ေတာ့ဘဲ ကားေပၚမွခုန္ခ်သည့္အတြက္ ေပါင္က်ိဳးသြားသည္။ ထို႔ေၾကာင့္႐ြာတြင္သာ က်န္ေနခဲ့ေတာ့သည္။ ႐ြာထဲတြင္လဲ ေခၚေနေသာ္လည္း မေနႏိုင္ဘဲ ႐ြာျပင္ဇရပ္ပ်က္ကေလးတြင္သာ တစ္ေယာက္တည္း စကားေတြေျပာရင္း ေနထိုင္ေနေတာ့သည္။
အၿမဲေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနတတ္သည့္ ႏြယ္နီကေလးမွာ တစ္ရက္ေတာ့ မႈိင္ေတြေငးေမာေနလွ်က္ရွိသည္။
“သမီး ဘာေတြမႈိင္ေနတာလဲ”
“သမီးသြားရေတာ့မယ္ ေမေမ”
“သြားမယ္၊ ဘယ္ကိုသြားမွာလဲသမီးရဲ႕”
“သမီးသိုက္နန္းကိုျပန္ရေတာ့မယ္ေမေမ၊ အကိုႀကီးက ျပန္ေခၚေနၿပီ”
ထိုသို႔ေျပာလိုက္သျဖင့္ မခင္ဦးလဲ အလြန္စိုးရိမ္ထိတ္လန႔္သြားေတာ့သည္။ ညေရာက္ေတာ့ ႏြယ္နီေလးအိပ္ခ်ိန္တြင္ အေဖအေမတို႔ႏွင့္ ထိုကိစၥကို တိုင္ပင္ရေတာ့သည္။
“အမယ္ေလး ဒါဆို ငါ့ေျမးေလး၊ မျဖစ္ဘူး မျဖစ္ဘူး၊ အေမ အထက္လမ္းဆရာတစ္ေယာက္စုံစမ္းၿပိးေတာ့ သိုက္ႀကိဳးျဖတ္ၾကည့္မယ္”
“ဟုတ္တယ္သမီး၊ တို႔ေျမးေလးကိုေတာ့ အဆုံးရႈံးမခံႏိုင္ဘူး”
သူတို႔တိုင္ပင္ေနသည့္အခ်ိန္တြင္ပင္ ႏြယ္နီက ထလာၿပီး သူတို႔အခန္းထဲသို႔ ဝင္လာခဲ့သည္။
“အဘိုးတို႔ အဘြားတို႔ ဘာမွမလုပ္ၾကပါနဲ႔၊ လုပ္ရင္ ဒုကၡေရာက္ၾကမွာပါ၊ အခု ႏြယ္နီက သိုက္နန္းကေပးလိုက္တဲ့အခ်ိန္ျပည့္ၿပီ”
ထိုသို႔ေျပာလိုက္သည့္အခ်ိန္တြင္ ေႁမြေဟာက္နက္ႀကီးတစ္ေကာင္က အိမ္ေပၚတက္လာၿပီး သူတို႔ေရွ႕သို႔ေရာက္လာသည္။ ထိုေႁမြေဟာက္နက္ႀကီးမွာ မခင္ဦးအိပ္မက္ထဲတြင္ ျမင္ေတြ႕ေနက် ေႁမြေဟာက္ႀကီးျဖစ္သည္။ ေႁမြေဟာက္ႀကီးက အခန္းထဲဝင္လာၿပီး ႏြယ္နီေဘးနားတြင္ ေနရာယူလိုက္သည္။
“ကဲ အကိုႀကီးေရ၊ အကိုႀကီးစီစဥ္ထားတဲ့အတိုင္း လုပ္လိုက္ပါအုံး”
ထိုအခါ ထိုေႁမြေဟာက္ႀကီးက ပါးစပ္ႀကီးကိုဟလိုက္ၿပီး အန္ခ်လိုက္ရာ အမ်ိဳးစုံေသာ ေက်ာက္ေတြ ပါးစပ္ထဲမွ ထြက္လာေတာ့သည္။ အစိမ္းေရာင္၊ အနီေရာင္၊ အဝါေရာင္၊ ျပာလဲ့လဲ့အေရာင္ စသည္ျဖင့္ ေက်ာက္ေတြအေရာင္စုံလင္ေနသည္။ ေနာက္ဆုံးေတာ့ ဝိုင္းဝိုင္းစက္စက္ႏွင့္ ပတၱျမားႀကီးတစ္လုံးကို အန္ခ်လိုက္သည္။
“အေမတို႔ ဒီရတနာေတြကို ထုခြဲေရာင္းခ်ၿပီး ေနထိုင္ပါ၊ ဒီပတၱျမားႀကီးကိုေတာ့ ရန္ကုန္ကိုသြားေရာင္းၿပီးေတာ့ အေမသြားေနက် ဂူဘုရားေလးကို ျပဳျပင္ေပးပါအေမ”
ႏြယ္နီႏွင့္ ခြဲရမွာျဖစ္သျဖင့္ မခင္ဦးက ငိုေႂကြးေနေလရာ ႏြယ္နီက မခင္ဦးကို ဖက္လိုက္ၿပီး
“မငိုပါနဲ႔အေမရယ္၊ သမီးနဲ႔အေမနဲ႔ သံသရာမွာ ျပန္ဆုံေတြ႕ၾကအုံးမွာပါ”
ႏြယ္နီေျပာသည့္အတိုင္း ပတၱျမားႀကီးကိုေရာင္းခ်လိုက္ရာ ေငြေတာ္ေတာ္ရလိုက္သည္။ ထိုရလာသည့္ေငြမ်ားႏွင့္ ေညာင္ဦးၿမိဳ႕သို႔ မိသားစုလိုက္တက္ၾကသည္။ မခင္ဦးမေရာက္တာၾကာၿပီျဖစ္ေသာ္လည္း ထိုဘုရားကေလးက ထိုအတိုင္းပင္ရွိေနသည္။ နယ္ေျမမွ တာဝန္ရွိသူမ်ားႏွင့္ ေဆြးေႏြးၿပီး ထိုဂူဘုရားေလးကို ျပဳျပင္ၾကသည္။ ၿပိဳက်ပ်က္စီးေနသည့္အပိုင္းမ်ားကိုရွင္းလင္းလိုက္ၿပီး အသစ္ျပန္လည္တည္ေဆာက္ၾကသည္။ ထို႔ေနာက္ ဂူအတြင္းရွိ ႐ုပ္ပြားေတာ္ကိုလဲ ကြၽမ္းက်င္သူမ်ားႏွင့္တိုင္ပင္ၿပီး မူလလက္ရာမပ်က္ ျပည္လည္မြမ္းမံလိုက္ၾကသည္။
ဘုရားကေလးကိုျပင္ၿပီးေတာ့ ေရစက္ခ်ႏွင့္ အလႉလုပ္ဖို႔ ျပင္ဆင္ၾကသည္။ ထိုအခ်ိန္တြင္ လူပရိတ္သတ္မ်ား ကတရားနာရန္ျပင္ဆင္ေနၾကစဥ္ ေျမာက္မ်ားစြာေသာ ေႁမြမ်ားလဲ ေရာက္လာၾကသည္။ အကုန္လုံးထိတ္လန႔္ေၾကာက္႐ြံ႕ေနေသာ္လည္း ႏြယ္နီက မေၾကာက္ဖို႔ေျပာထားသျဖင့္ လူေတြလဲ ၿငိမ္ေနရသည္။ ေရစက္ခ်တရားနာပြဲၿပီးေတာ့မွ ထိုေႁမြေတြအကုန္ျပန္သြားၾကသည္။ ႏြယ္နီလဲ အျဖဴေရာင္ဝမ္းဆက္ကိုဝတ္ဆင္ထားၿပီး ဇာမ်ားႏွင့္အလွဆင္ထားသည္။ ေငြေရာင္တျဖပ္ျဖပ္ေတာက္ေနသည့္ ပုဝါကေလးကိုၿခဳံထားကာ ဝတ္ေကာင္းစားလွေတြဝတ္ၿပီးေတာ့ အလြန္ေပ်ာ္႐ႊင္ေနသည္။
ထိုေန႔ညမွာပင္ မခင္ဦးအိပ္ေနသည့္အခ်ိန္ အိပ္မက္ထဲတြင္ ႏြယ္နီေရာက္လာသည္။ ႏြယ္နီ႔ေဘးတြင္ အနက္ေရာင္အက်ီႏွင့္ ပုဆိုးဝတ္ဆင္ထားသည့္ လူတစ္ေယာက္လဲ မတ္တပ္ရပ္လွ်က္ရွိေနၾကသည္။
“အေမ၊ သမီးသြားေတာ့မယ္ေနာ္”
“မသြားရဘူး၊ သမီးေလး မသြားရဘူး”
မခင္ဦးေအာ္ဟစ္ေနစဥ္မွာပင္ ႏြယ္နီက သူ႔အကိုေခၚရာေနာက္သို႔လိုက္ပါသြားသည္။ ခပ္လွမ္းလွမ္းအေရာက္တြင္ေတာ့ အကိုျဖစ္သူက ေႁမြနက္ႀကီးျဖစ္သြားၿပီး ႏြယ္နီကေလးကေတာ့ ေႁမြျဖဴေလးျဖစ္သြားကာ ေျမျပင္တြင္ ေလွ်ာတိုက္လွ်က္ ထြက္သြားၾကသည္။ အလႉကိစၥၿပီးစီး
သျဖင့္ ေမာေမာပန္းပန္းႏွင့္ အိပ္ေနသည့္ မခင္ဦးမွာ လန႔္ႏိုးလာသည္။ ေဘးနားတြင္ အိပ္ေနသည့္သမီးေလးကို စမ္းၾကည့္လိုက္ရာ သမီးကေလးက ႏွလုံးမခုန္ေတာ့၊ အသက္မရႈေတာ့ေပ။
“အေဖေရ၊ အေမေရ
လာပါအုံး ႏြယ္နီကေလး ဆုံးသြားၿပီ၊ အီး၊ ဟီး”
မခင္ဦး၏ ငိုသံက ညသန္းေခါင္ေက်ာ္ အိပ္ေမာက်ေနသည့္ ႐ြာငယ္ကေလးအား ဖုံးလႊမ္းသြားေတာ့သည္။
(ဇ)
မခင္ဦးမွာ ေျဖမဆည္ႏိုင္ေသာ္လည္း သြားသူက သြားၿပီမို႔ ႐ြာသခ်ိဳင္းတြင္ အုတ္ဂူသြင္းေပးထားလိုက္သည္။ မခင္ဦးတို႔လဲ ေႁမြႀကီးအန္ခ်ခဲ့သည့္ ေက်ာက္မ်ားကိုေရာင္းခ်ၿပီးေနာက္ အိမ္တြင္ ေဈးဆိုင္ကေလးတစ္ခုတည္ခဲ့သည္။ ႐ြာထိပ္တြင္လဲ သြားေလသူ ႏြယ္နီကေလးႏွင့္ ကိုဖိုးတုတ္အား ရည္စူးကုသိုလ္အျဖစ္ ႐ြာျပင္ဇရပ္ပ်က္ကေလးကိုျပန္လည္ျပင္ဆင္ ေဆာက္လုပ္လႉဒါန္းခဲ့သည္။ ထိုဇရပ္ေခါင္းစီးတြင္ေတာ့ ကြယ္လြန္သူ ဦးဖိုးတုတ္ႏွင့္ မႏြယ္နီအားရည္စူး၍ လႉဒါန္းသည္ဟု ကဗၼည္းေရးထိုးထားေလသည္။ ယခုတိုင္ ႏြယ္နီဇရပ္ဟု သူတို႔႐ြာသားမ်ားက ေခၚဆိုၾကၿပီး ႐ြာထိပ္တြင္ရွိေနေသးသည္။
“သူတို႔အိမ္က ၾကည့္လိုက္ရင္ ဘာမွမဟုတ္ဘူးကြ၊ အလႉေတြလဲလုပ္တာ အႀကီးအက်ယ္ပဲဆိုေတာ့ ေသခ်ာတာတစ္ခုကေတာ့ အတြင္းပစၥည္းေတြ ေတာ္ေတာ္မ်ားမ်ားရွိရမယ္ကြ”
႐ြာခံလူမိုက္တစ္ခ်ိဳ႕ႏွင့္ အျခားလူမိုက္ႏွစ္ေယာက္တို႔တိုင္ပင္ၾကသည္။ သူတို႔အစီအစဥ္ကို အျမန္စတင္လိုက္သည္။ လကြယ္ညတြင္ ဓါးျပေျခာက္ေယာက္ ႐ုပ္ေတြဖ်က္ၿပီးေတာ့ အိမ္ေပၚကိုတက္လာၾကသည္။ ထို႔ေနာက္ မခင္ဦးတို႔ကို ဖမ္းခ်ဳပ္လိုက္ၿပီး ဓါးႏွင့္ေထာက္ထားလိုက္သည္။
“ေျပာစမ္း၊ ခင္ဗ်ားတို႔ ပစၥည္းေတြဘယ္မွာလဲ”
“ဘာပစၥည္းမွမရွိပါဘူးရွင္ ကြၽန္မတို႔က ေကာင္းေရာင္းေကာင္းဝယ္လုပ္စားေနတာပါ”
“ဟား၊ ဟား ခင္ဗ်ားတို႔ ေျဗာင္လိမ္ေျဗာင္စားမလုပ္နဲ႔၊ ေဟ့ေကာင္ေတြ တစ္အိမ္လုံးကို ရွာၾကကြာ”
ဓါးျပေတြလဲ တစ္အိမ္လုံးကိုရွာေဖြလိုက္သည္။ ထိုအခါ ဓါးျပတစ္ေယာက္က ေအာ္ဟစ္ၿပီး အခန္းထဲမွ ထြက္လာသည္။
“ေသတၱာ၊ ေသတၱာထဲမွာ ေႁမြေတြ၊ ေႁမြေတြ အမ်ားႀကီးပဲ”
သူတို႔ေျပာေနစဥ္မွာပင္ ထုတ္တန္းေပၚမွ ေႁမြသုံးေလးေကာင္ ျပဳတ္က်လာသကဲ့သို႔ ၾကမ္းျပင္ေပၚတြင္လဲ ေႁမြေတြေရာက္လာခဲ့သည္။ ေနာက္ဆုံး ေႁမြအနက္ႀကီးတစ္ေကာင္က အိမ္ေပၚတက္လာၿပီး ပါးပ်ဥ္းေထာင္လိုက္ကာ တရႈးရႈးႏွင့္မႈတ္ေနသည္။
“ေတာႀကီးေႁမြေဟာက္ႀကီးကြ အဆိပ္ေတြမႈတ္ေနတာျဖစ္မယ္၊ ေျပးၾကစို႔”
ဓါးျပေတြအကုန္ထြက္ေျပးကုန္သည္။ ႐ြာခံဓါးျပတစ္ေယာက္သာ မခင္ဦးတို႔ကို ဓါးႏွင့္ေထာက္ရင္း က်န္ေနခဲ့သည္။ ေနာက္ေတာ့ ထိုဓါးျပလဲ စူးစူးဝါးဝါးေအာ္ဟစ္လိုက္သည္။ ထိုဓါးျပ၏ ဇက္ပိုးတြင္ ေႁမြျဖဴကေလးတစ္ေကာင္က ရစ္ပတ္ေနသည္။ ဓါးျပထြက္ေျပးသည့္အခါ ေႁမြျဖဴကေလးက ခုန္ဆင္းလိုက္သည္။
“သမီး၊ သမီး ႏြယ္နီေလး”
မခင္ဦးက ေအာ္ဟစ္ၿပီးငိုယိုလိုက္သည္။ ေႁမြျဖဴကေလးက မခင္ဦးကိုတစ္ခ်က္ၾကည့္ၿပီးေနာက္ ေႁမြနက္ႀကီးႏွင့္အတူ အိမ္ေပၚမွျပန္ဆင္းသြားေတာ့သည္။ ဓါးျပတိုက္သူမ်ားအနက္ ႐ြာခံဓါးျပမွာ ေႁမြဆိပ္တက္ၿပီးေသဆုံးရွာသည္။ ထိုေနာက္ပိုင္းတြင္ မခင္ဦးက သူႏွင့္ ႏြယ္နီကေလးေတြ႕ခဲ့သည့္ဘုရားေလးသို႔ မၾကာခဏသြားေရာက္ေသာ္လည္း ေႁမြျဖဴကေလးကို မေတြ႕ရေတာ့ေပ။
မခင္ဦးလဲ ေနာက္ပိုင္း႐ြာခံတစ္ေယာက္ႏွင့္ အိမ္ေထာင္က်ၿပီး သားသမီးသုံးေယာက္ထြန္းကားခဲ့သည္။ သို႔တိုင္ေအာင္ ႏြယ္နီကေလးကို တစ္ေန႔မွ မေမ့ႏိုင္ခဲ့ေပ။ ႏြယ္နီကေလး၏ ဓါတ္ပုံကေလးကို မွန္ေဘာင္သြင္းၿပီး အိမ္မွာထားသည္။
ယခုတိုင္ေအာင္ မခင္ဦးလဲ ထို႐ြာမွာပင္ရွိေနေသးသလို သူတို႔႐ြာကေလးလဲ တိုးတက္သင့္သေလာက္ တိုးတက္လာခဲ့ၿပီျဖစ္သည္။ ႐ြာထိပ္ ကတၱရာလမ္းနံေဘးတြင္ ႏြယ္နီဇရပ္ဟူသည့္ ဇရပ္ကေလးတစ္ေဆာင္ရွိေနၿပီး ထိုဇရပ္ကေလးကိုလဲ မခင္ဦးတို႔က တစ္ႏွစ္တစ္ခါဆိုသလို အၿမဲျပဳျပင္ေနၾက၍ ဇရပ္ကေလးမွာ ေတာင့္ေတာင့္တင္းတင္း ခိုင္ခိုင္ခန႔္ခန႔္ႏွင့္ရွိေနေသးသည္။ ထိုဇရပ္ကေလးအေရွ႕တြင္ေတာ့ အဂၤေတႏွင့္ျပဳလုပ္ထားသည့္ ေႁမြ႐ုပ္ကေလးတစ္႐ုပ္ရွိေနၿပီး ထိုေႁမြ႐ုပ္ကေလးမွာေတာ့ ေႁမြမင္းသမီးေလး မႏြယ္နီကို ကိုယ္စားျပဳ၍ ထုလုပ္ထားသည့္အ႐ုပ္ဆိုသည္မွာေတာ့ မႏြယ္နီဇတ္လမ္းၾကားဖူးသူတိုင္း သိရွိၾကၿပီးျဖစ္ပါသည္။ တစ္ခါတစ္ရံေတာ့ ထိုဇရပ္ကေလးတြင္ ေျခေထာက္ေထာ့နဲ႔ေထာ့နဲ႔ႏွင့္ အ႐ူးႀကီးတစ္ေယာက္ ထိုင္ေနတတ္ၿပီး ထိုလူႀကီးက ပါးစပ္ကလဲ တတြတ္တြတ္ ႐ြတ္ဆိုေနေလ့ရွိသည္။
“ႏြယ္နီ၊ ေႁမြမင္းသမီးကေလး ႏြယ္နီ”
ၿပီးပါၿပီ။
စာဖတ္သူတစ္ဦးတစ္ေယာက္ခ်င္းစီအား အစဥ္ေလးစားလွ်က္
အဂၢေဇာ္
#အဂၢေဇာ္ #သရဲ #