အသက်လုပွဲ

အသက်လုပွဲ(စ/ဆုံး)

————————

“ကျား-ကျားကြီး၊ ကျားကြီး၊ အဖေရေ ကယ်ပါဦးဗျ။ လုပ်ကြပါဦးဗျ”

 

ငလုံး အော်လိုက်သည်မှာ အသံများကွဲအက်ပြာလာသည်အထိပင်။ ငလုံး ကိုယ်ခန္ဓာပေါ် ခြုံပေးထားသည့် ဂွမ်းစောင်စုတ်များနှင့် ဂုန်နီ အိတ်ဟောင်းများက အောက်ကျသွားပြီး ဖရိုဖရဲ။

 

ကုန်းရုန်းထ၍ ငလုံးသည် သူ့လည်ပင်းကို သူ့လက်ဖြင့် ကာထား သည်။ ပြူးတူးပျာတာဖြင့် မတည်မငြိမ်

 

“နွယ်-နွယ်-နွယ်နွယ် ကျုပ် လည်ပင်းကို ပတ်တော့မယ် နွယ်ရှင် တွေ၊ နွယ်ရှင်တွေ၊ ဟာ ပတ်ပြီဗျ၊ ပတ်ပြီ နွယ်-နွယ်-နွယ် နွယ်”

 

ငလုံး လန့်ခုန်ရန် အားယူအထ၌ အဖေဖြစ်သူ ငတောက ဖိကိုင် ထားသည်။ အမေဖြစ်သူ မိဂျမ်းက မျက်ရည်များကြားမှ ငလုံး ခြေနှစ်ဖက်ကို ဆုပ်ထားရသည်။

 

“သား လူလေး၊ ငလုံး၊ သတိထားနော်၊ အဖေ ရှိတယ်၊ အမေ ရှိတယ်။ မင်း ဘာမှမဖြစ်ဘူး။ စိတ်အေးအေးထား၊ အိပ် အိပ် အိပ် အိပ် လူလေး၊ ငြိမ်ငြိမ်လေး၊ ဆေးထိုးဖို့ ဆေးမှူး ရောက်နေတယ်။ ဆေးထိုးရအောင်”

ငလုံး အားရှိစေရန် နှစ်သိမ့်ပေးနေသော အဖေဖြစ်သူငတောစကား ။ နှစ်သိမ့်ပေးနေရသော်လည်း အဖေဖြစ်သူ၏ စိတ်တွင် ငှက်ဖျား တက်၍ ကယောင်ကတမ်း ဖြစ်နေသူ သူ့သား ငလုံးသည် မျှော်လင့်ချက်မှရှိပါသေးရဲ့လား… ဟူသော သံသယ အပြည့်။

 

ငတော… ငလုံးတို့သည် ဆင်းရဲနွမ်းပါးသော ကြုံရာ ကျပန်း လုပ်ကိုင်စားရသော ကျေးတောသား ပျံကျအလုပ်သမားများ အညာဆင်းရဲ သားများ…

 

ပေါင်းပေါက်၊ မြက်ထိုး၊ မြောင်းတူး၊ မြေပေါက်၊ ဂျုံရိတ်၊ ပဲဆွတ်၊ ထင်းတူး၊ ထင်းရောင်း၊ အလုပ်ပေါင်းစုံ လုပ်ကိုင်နေသူများ အငှားလိုက်စရာ ရှိက ရာသီမရှောင် နေ့ညမရှောင် အခစား အငှားလိုက်ရသူများ။ အငှား လိုက်စရာ မရှိက တောကြက်၊ တောငှက်၊ တောကြောင် တောကောင်အထိ ဖမ်းဆီးရောင်းချကာ ဘဝဝမ်းတစ်ထွာ ဖြည့်ဆည်း ရပ်တည်ခဲ့ရသူများ၊ ယုတ်စွအဆုံး တောက်တဲ့၊ ပုတ်သင်ညို၊ ကင်းမြီးကောက်နှင့် မြွေကိုပင်လျှင် ဖမ်းဆီးရောင်းချစားခဲ့ရသော ရရစားစား အောက်ဆုံးအလွှာမှ ဆင်းရဲသူ ဆင်းရဲသား တောသမားများ….

 

ကြုံရာကျပန်း ဆင်းရဲသားတို့ ထုံးစံအတိုင်း အမြင့်တက်၍ သစ်သီး မှည့် မစားရသည်ရှိစေ၊ ဝမ်းရေး ပြေလည်က အမြတ်ဟု သဘောထားပြီး ကုန်း၍ကျုံး၍ လုပ်ခဲ့ကြရသည်။ တစ်ရွာမပြောင်း၍ သူကောင်းမဖြစ်ဟု ပြောပြော တစ်ရွာပြောင်းမှ သူကောင်း ကျွန်စော်နံရသည်ဟု ဆိုဆို ဝမ်းဝ လိမ့်နိုး ပိုလျှံနိုးဖြင့် ငုံး အမြီးပေါက်ချိန် မျှော်လင့်သလို မျှော်လင့်ရင်းဖြင့် အလုပ်စုံကို ရိုးသားစွာဖြင့် ကြိုးစား၍ အစုံလုပ်ခဲ့ရပါဘိတောင်း။

 

သူတို့ နေထိုင်ရာ ချိုင့်ကြီးရွာနှင့် ရွာနီးဝန်းကျင်၌ အလုပ် ရှားပါးခိုက် ရွှေကျင်၊ ရွှေတူး၊ လိုက်ပါရစေဟု ပြောလာသောသား ငလုံး။ ရွှေတောမှာ ငှက်ဖျားဖြစ်စေသည့်ခြင်တွေ အရမ်းပေါတာ အထက် ပိုင်းက နေပူ၊ ချွေးတဒီးဒီး၊ အောက်ပိုင်းက ရေထဲ အေးတစိမ့်စိမ့်နေတာ ၊ လေတဝီးဝီး တိုက်သော လေစိမ်းရင်ပြင်မှာ အိပ်ရတာ၊ ဒါတွေကို ရွှေတူး၊ ရွှေကျင်ဖူးသူ ငတော အသိ။

 

သို့ရာတွင် ငါ့ဝမ်းပူဆာ မနေသာ မတားသာသော ငတော အနေဖြင့် အလုပ် မည်မည်ရရမရှိဘဲ အညာဈေး တောခေါင်ခေါင်မှာ မဝရေစာ စားနေ ရမည့်အစား ငလုံး သွားလိုက သွားပါဟု ခွင့်ပြုခဲ့ရ၏။

စားဝတ်နေရေး အတွက် သိလျက်နှင့် ဝိပါက်ကြမ္မာငင်၍ လွှတ်လိုက်သည်ဟု ဆိုချင်က ငတော ငုံ့ခံရုံသာ

 

စားစရာမရှိ၍ ရွှေကျင်လိုက်၊ ရွှေကျင်ရာမှအပြန် ငလုံး တစ်ယောက် ရွှေပါခဲ့သလားမေး ရွှေ မပါ။ ငွေပါခဲ့သလားမေး ငွေ မပါ။ ရွှေမပါ၊ ငွေဗလာ ဖြင့် ငှက်ဖျားရောဂါ အပြင်းအထန်ဖြစ်လာမှ အတူ ရွှေကျင်ပါသွားသူက လူတွဲကာ အိမ်အရောက် မနည်းပြန်ခဲ့ရသည်။

 

“ဦးလေး ငတောရာ၊ ရွှေကျင်ရာမှာ ကျုပ်တို့လို ဖွတ်ကြားတွေ သေ လိုက်ကြတာ အရမ်းပဲ။ ရွှေဝယ်နဲ့ ဈေးသည်က လွဲရင် ကျန်တာ ရရစားစား ဖွတ်ကြားငမွဲတွေပဲ။ ဦးလေးသား အသက်နဲ့ အိမ်ပြန်ပါအောင် မနည်း ခေါ်ခဲ့ရတာ”

 

ဟု သတင်းပေးပြန်သွား၏။ သည်ကတည်းက ငလုံး လူမှန်းမသိ။ ငှက်ဖျားတက်လိုက်၊ ကျလိုက်၊ သတိ မရတစ်ချက်၊ ရတစ်ချက်။ ကယောင် ကတမ်းဖြင့် ချောက်ချောက်ချားချား ဝူးဝူးဝါးဝါး။

 

မကျီးတုတ်မှ ကျေးလက်ကျန်းမာရေးမှူး ဦးသိန်းထွေးက ဆေးထိုးပြီး ဆေးပြားပေးသည်။ သောက်ရမည့် အချိန်နှင့် ဆေးပြားတွဲပြသည်။ ပြီးမှ…

 

“ခဏကြာရင် အိပ်သွားမှာပါ၊ ငှက်ဖျားရောဂါက သိပ်ပြင်းထန် နေတော့.ခက်ခက်ခဲခဲ ကြိုးစားရမှာပါပဲ။ နောက် နှစ်ရက် သုံးရက် ကြာလို့ ဆေးစကား နားထောင်ရင် ကိုယ့်ဘက် ပါပြီပေါ့။ အဲ ကျွန်တော် စိုးရိမ်တာက ငှက်ဖျားပိုး ခေါင်းထဲရောက်မှာ စိုးရိမ်တယ်”

 

ငှက်ဖျားပိုးခေါင်းထဲ ရောက်ရောက် မရောက်ရောက်၊ ခုကတည်းက ထမင်းမှန်း မသိ၊ ဟင်းမှန်း မသိ စိုးရိမ်နေသူက ငတောပင်။ သားကိုချစ်သော ချစ်ဇောမေတ္တာအဟုန်ကြောင့် တုန်တုန်လှုပ်လှုပ် ချောက်ချောက်ချားချား။

 

ငတောအဖို့ ငလုံးသည် သားဆိုလည်း ဟုတ်၏။ လုပ်ဖော်ကိုင်ဖက် ဆိုလည်း ဟုတ်၏။ လက်ချီလက်ချ ညီသော ရုန်းဖော်ကန်ဖက်လည်း ဟုတ်၏။ ပုဆိုးစိမ်း၊ အင်္ကျီဖြူကို အချိန်မရောက်မီက စွန့်ခွာ၍ ဘဝကန္တာရ ကြမ်းမှာ သမုဒ္ဒရာ ဝမ်းတစ်ထွာ အူဂင်္ဂါအတွက် လုပ်အား အသုံးချပြီး ဘဝရပ်တည်ရေး တိုက်ပွဲ၌ ပါဝင်ခဲ့သော ရဲဘော်ရဲဘက် တစ်ဦးလည်း ဟုတ်၏။

 

ငလုံးသည် အရွယ်နှင့် မလိုက်အောင်၊ အဖေ အမေနှင့် မိသားစု အပေါ် သိတတ်သော လူငယ်။ မိဘက မတိုက်တွန်းရဘဲ မိသားစု အကျပ် အတည်းကိုသိ၍ သူ့ဘဝပေးအသိနှင့်သူ ရွှေကျင်ရာ လိုက်သွားခဲ့သော သူ။

 

ဤသို့ အရွယ်နှင့် မမျှအောင် ထမင်းတန်ဖိုး၊ ဟင်းတန်ဖိုး၊ အဝတ် တန်ဖိုး၊ ကျောချစရာ တစ်နေရာစာ တန်ဖိုးကို သိသဖြင့် စွန့်လွှတ်စွန့်စား အနစ်နာခံ သွားရောက်လုပ်ကိုင်ခဲ့သော ငလုံးသည် ယခုအခါ ဝေဒနာ အပြင်း အထန် မချိမဆံ့ ခံစားရ၍ လူမှန်း မသိရှာ။

 

ဆေးမှူး ဦးသိန်းထွေးသည် ပြန်ရန် ပြင်ဆင်နေရာမှ ငတောကို စာရွက်လေး တစ်ရွက်လှမ်းပေးသည်။

ဆေးဝယ်ရန် စာရွက်လေး တစ်ရွက်။

 

“မနက်ဖြန်အတွက် ထိုးဖို့ တိုက်ဖို့ ဆေးရှိပါသေးတယ်။ သန်ဘက်ခါ အတွက် အဲဒီ စာရွက်မှာပါတဲ့ ဆေးတွေကို မဖြစ်မနေ ရှာဝယ်ထားပါ။ မရ ရတဲ့ဆီက ရအောင်ဝယ်ပါ။ ဒီရောဂါအတွက် ရကိုရမှ ဖြစ်မယ့်ဆေးတွေ မို့ အချိန်မီ အရေးတကြီး ဝယ်ပါ”

 

“ဆေးဖိုးက ဘယ် ဘယ်လောက် ကျနိုင်ပါသလဲဆရာ”

 

“ဆေးဈေးတွေက အရမ်းတက်နေတယ်။ အလွန် မလွှဲသာမှ လူနာ ချမ်းသာမှ ဘီပီအိုင် သုံးဝံ့တယ်။ တရုတ်ဆေးကို အဓိကထား သုံးနေရတာ။အဲဒီ တရုတ်ဆေးတွေကိုကပဲ ခု ဈေးခုန်တက်နေတယ်။ ငွေတစ်ထောင် လောက်တော့ ကျနိုင်တယ်”

 

“ငွေတစ်ထောင်”

“ဟုတ်တယ်၊ ဒါအနည်းဆုံး ခန့်မှန်းတွက်ထားတာ”

 

ဆေးမှူး ဦးသိန်းထွေး ပြန်သွားသည့်တိုင် ငတောရင်၌ ပဲ့တင်သံ ပေးဆဲ ဖြစ်သော ဆေးဖိုးငွေ တစ်ထောင်၊ ငွေတစ်ထောင်က ကျယ်ကျယ် လောင်လောင်။

 

သည်ငွေကို ဘယ်လို ရှာမလဲ။ ဘယ်လို အချိန်မီ ရှာမလဲ။

 

အိပ်ပျော်နေသော သားကိုကြည့်၍ လူကလေးရယ်၊ မင်း ဖြစ်မယ့် အစား အဖေသာ ဖြစ်လိုက်ပါတော့ဟု ငတော ယူကျုံးမရ ညည်းမိ၏။

 

မတ်တတ်စာမှ ပြေးပြေးလွှားလွှား ရှာရှာဖွေဖွေ စားနေရသော ငတောသည် တုံးလုံးစာ လူမမာအတွက် ငွေရှာထွက်ဖို့ စဉ်းစားရင်း သူ့ အိမ်ရှေ့ရှိ တမာပင်အောက်၌ ထိုင်နေကျ ကွပ်ပျစ်ပေါ်ထိုင်ရန် ငလုံး ဘေးမှ ထွက်ခဲ့သည်။ ကွပ်ပျစ်ပေါ် ထိုင်မိချိန်ထိ ဆေးဖိုးငွေအတွက် သူ စဉ်းစား မရသေး။

 

လောက၌ လူတိုင်း ရှာသလောက် အရှာဖွေ ခက်သော ပစ္စည်းထဲတွင် ငွေသည် ရှေ့ဆုံးမှ ပါသည်။ ငွေသည် အရှာဖွေရ ခက်ခဲသော ပစ္စည်း။

 

ငလုံး လူမှန်းမသိ၊ သူမှန်းမသိဖြစ် ပြန်လာစက ဆေးမှူးပင့်ရန် ယခုကဲ့သို့ ငွေလို၍ အရေးပေါ် ငွေရှာခဲ့ရသည်။ ခြေ မကိုင်မိ လက် မကိုင်မိ အောင် ပူသည်။ အရေးကြီးသည်ဟု ပြောရမည်မို့ ငတော အားကိုးရာ ရှာသည်။

 

တော လူရည်တတ်ဖြစ်နေသော သူ့ညီအရင်း ငချောထံ ပြေးသည်။ မိဂျမ်းက သူ့အစ်ကို၊ အစ်မ၊ ညီမအရင်းများထံ ချက်ချင်း ပြေးသည်။

 

ငှက်ဖျားရောဂါကြောင့် ဆောက်တည်ရာမရ ဖြစ်နေသော ငလုံးအတွက် ပူသော အပူ၊ ငွေ ရမှ ရပါ့မလားဟု ပူသော အပူဖြင့် တစ်ယောက် သူ့ညီ ငချောထံ သွားရောက်ခဲ့သည်။

 

ငတော သူက ပူသလောက် သူ့ညီက အေးစက်စက်။ သူ့အစ်ကိုအရင်း ငတောပါလား ဟူသော ပေါ့လား ဟူသော အသိ၊ သူ့တူအရင် ငလုံး သေလုမြောပါး ဖြစ်ပါ အသိ တစ်စုံတစ်ခုမျှ ရှိဟန်မပြ။

 

“ခက်တယ်အစ်ကို “သေချင်ရင် ရွှေကျင်သွား” ဆိုတဲ့စကား အစ်ကို ပြော မတားခဲ့ဘူးလား”

 

ငချောစကားက အပြစ်တင်စကား၊ ငတော ဘာမှ မပြောနိုင်။

 

“ပိုခက်တာက ကျုပ် အပြစ်ပဲ။ ကျုပ် နေရတာက မိန်းမ အိမ်၊ ယောက္ခမ အိမ်၊ သူတို့က သူတို့အမျိုးတောင် အပေါင်ခံ အထည်ပစ္စည်း မပါရင် တစ်ပြား မချေးဘူး။ အဲလောက် စည်းကမ်းကောင်းတာ၊ ကျုပ် ဘက်ကဆို ဝေလာဝေးနေမှာ။ အစ်ကိုတို့ကိုက လိုပါတယ်ဗျာ။ ကလေးက ရွှေမက်လို့ သွားချင်ဦး၊ အစ်ကိုတို့က အကျိုးအကြောင်း ပြော၊ တားသင့်တာ ပေါ့။ ခုလိုဖြစ်လာတော့ အစ်ကိုတို့လည်း မကယ်နိုင်။ ကျုပ်လည်း မတတ်နိုင် ဘူး”

 

“ဘာရယ်ကွ ငချော၊ ကလေးက ရွှေမက်လို့ သွားချင်တယ် ဟုတ် လား။ မှတ်ထား ငါ့ညီရ၊ ရွှေမက်လို့ မဟုတ်ဘူးဟ။ ငွေမက်လို့ မဟုတ်ဘူး ဟ။ ကုန်ဈေးနှုန်းတွေ တက်၊ တစ်အိမ်လုံး စားရတာ နပ်မမှန် ဖြစ်နေလို့ ခုမိကာမိ ပါစေ ဆိုပြီး ကလေးဖြစ်လျက်နဲ့ ကျွန်ခံ ထွက်ရတာ၊ အသေခံ ထွက်ရတာ မွဲလို့ကွ၊ မွဲလို့။ ကဲ…ရှင်းပလား”

 

ကျောက်ခဲ ရေညှစ်၍ မရမည့်အတူတူ ဒါပဲပြောပြီး ငတော ပြန်ခဲ့ ရသည်။ ဘယ်မိဘမဆို ကိုယ့် သား သမီးလေးများကို လုံချည်စိမ်း၊ အင်္ကျီဖြူ လေးများဖြင့် ကျောင်းနေရွယ်မှာ နုပျိုလန်းဆန်းစွာ ပျော်ရွှင်နေသည်ကို မြင်ချင်ကြသည်ချည်းသာ။ ကျောင်းနေရွယ် ကျော်လွန်လည်း နေခြည်ထိုးမှာ၊ လေပွေတွေ့မှာ၊ မိုးပြင်းရိုက်မှာ၊ သဲပူလောင်မှာ စိုးရိမ်ကြစမြဲသာ။ဘေးအတန်တန် ရန်အဝဝကို ခံစရာရှိက မိဘကသာ ရင်ဆီး ခံချင်သည်။ သားသမီးထံ ကျရောက်မှာ သေလုမတတ် ကြောက်သည်။

 

စားဝတ်နေရေး မပြေလည်၍သာ သား အန္တရာယ်ရှိနိုင်သည့် နေရာ ကို မျစ်စိစုံမှိတ်၍ လွှတ်လိုက်ရသော်လည်း အတွင်း၌ ကြေကွဲနေသော နှလုံးသားဒဏ်ကို မိဘတိုင်း ခံစားနေရကြောင်း ငချော မသိ။ ငချော ကိုယ်ချင်းမစာ။ မွဲတေ ငတ်ပြတ်ရာမှ တော လူရည်တတ် သမီးနှင့် ရ၍ ထမင်း ဝလာသဖြင့် ထမင်းတန်ဖိုး၊ ဟင်းတန်ဖိုး ငချော မေ့လေပြီဟု ငတော ထင်သည်။ ငတော အိမ်ပြန်အရောက်၌ မျက်ရည် ဝဲနေပါလျက်နှင့် ဒေါသထွက် နေသော သူ့မိန်းမ မိဂျမ်းကို တွေ့ ရသည်။

 

“တစ်သက်လုံးတော် ငတ်တောင်မှ မှိတ်ကြိတ် ခံခဲ့တဲ့ ကောင်မပါ။ ဘယ်လောက်မွဲမွဲ အချေးအငှား ဝေးခဲ့တဲ့ ကောင်မပါ။ မွဲပေမဲ့ ခပ်ကင်းကင်း နေခဲ့တဲ့ မိဂျမ်းပါ။ ခု သားလေး နေ့သေမလား၊ ညသေမလား စိုးရိမ်ရလို့ သားဇောနဲ့ မျက်နှာအောက်ကျခံ ငွေ သွားချေးတယ်၊ ချေးဖို့ ငှားဖို့ ဝေလာဝေး၊ ပြောလိုက်ကြတဲ့ အထက်စီးစကား၊ အထင်သေးစကား၊ မထီမဲ့မြင့်စကား ဒီစကားတွေကို လှည်းနဲ့သာ တိုက်လို့ရရင် လှည်းဆယ်စီး တိုက်လို့ နိုင်မှာ မဟုတ်ဘူး”

 

“ပြောပါစေဟာ တို့စာရေးဆရာကြီး တွင်းကြီးဝမ်းမောင် ပြောသလို ကြိုက်မရှက်၊ ငိုက်မရှက်က ကြောက်စရာ မကောင်းဘူး။ ငတ်မရှက်က ကြောက်စရာ ကောင်းတာ ဆိုသလိုပဲ။ ကိုယ်က မရှက်နိုင်အားတဲ့ မွဲမရှက် ဖြစ်နေမှမင့်ကိုး၊ မာနထားလို့ ဘယ်ဖြစ်မလဲ။

 

“ကျုပ်တို့ဘဝမှာ ဘာများ မာနထားစရာ ရှိလို့လဲတော်။ မာနထားလို့ ပြောတာ မဟုတ်ပါဘူး။ ဝမ်းနည်းလို့ ယူကျုံးမရဖြစ်လို့ ပြောမိတာပါ။ တစ်ဖအေတည်း မွေး၊ တစ်မအေတည်း မွေး၊ သွေးရင်းသားရင်းတွေမှ ဟုတ်ရဲ့လားလို့တောင် သံသယ ဖြစ်မိအောင် သံယောဇဉ် ကင်းကြတာပဲ။

ကျုပ်တို့ ဆွေရင်းမျိုးရင်း မွေးချင်းပေါက်ဖော်ဆိုတဲ့ သွေးသား သံယောဇဉ် တွေဟာ ဘယ်ချိန်တုန်းကများ ဘယ်လို လုပ်ပြီးများ ပျောက်ကွယ်ကုပြီး သူစိမ်းတစ်ရံဆံ ဖြစ်သွားမှန်း ကျုပ် မသိလိုက်တာ အံ့ဩလို့ မဆုံးဘူး။ ချေးငှားမှလို့ ကျုပ် ပြောတာ မဟုတ်ပါဘူး။ ဆွေမျိုးသားချင်းဆိုတဲ့ အကြင်နာ တရားတောင် မရှိလို့ ပြောတာ”

 

“မွဲပြီ၊ ဆင်းရဲပြီ ဆိုကတည်းက သူစိမ်း ဖြစ်တာပေါ့ဟာ။ အားမလျှော့ပါနဲ့။ လူဆိုတာ ကိုယ့်ကိုယ်ကိုယ်သာ အားကိုးရာတဲ့။ တို့သားလေ ဆေးကုဖို့ကတော့ မဖြစ်မနေ ကြိုးစား ရှာရမှာပေါ့ဟာ။ လူမသေ ငွေမရှား၊ သား အတွက်ဆိုရင် ကျွန်ခံဆို ငါ ခံပါ့မယ်။ မဖြစ် ဖြစ်အောင် ငါ ရှာပါ့မယ်”

 

ငတော မျက်ရည်ဝဲချိန်၌ မိဂျမ်း မျက်ရည် သွယ်သွယ်ကျသည်။

 

မိဂျမ်း ရှိုက်သံတစ်ချက် ပေါ်ထွက်လာ၍ ငတော မျက်နှာလွဲသည်။ ငတော မကြည့်ရက်။ မိဂျမ်း ရှိုက်သံ မကျယ်လောင်မီ လမ်းပေါ်မှ ကျယ် လောင်သော အသံ ထွက်ပေါ်လာ၏။

 

ဘာသံပါလိမ့်။ မိဂျမ်းရော ငတော၏ စိတ်၌ပါ မိဘမေတ္တာကို သိမြင် စာနာ၍ မနေရက်နိုင်သော နတ်ကောင်းနတ်မြတ်များက မစခြင်းဟု ချက်ချင်း ယုံကြည်သည်။ အသံကို နားထောင်ကြည့်ပါ။

 

“တမင်ချို ဝယ်ဒယ်၊ တမင် ဂျို။ လိပ်ခွံ ဝယ်ဒယ်၊ လိပ်ခွံ။ တမင်ချို ဝယ်ဒယ်၊ လိပ်ခွံဝယ်ဒယ်။ ဂျေး ကောင်းကောင်း ပေးဒယ်။ တမင်ချို ဝယ်ဒယ်၊ လိပ်ခွံ ဝယ်ဒယ်”

 

ရှိုက်နေသော မိဂျမ်း အရှိုက် ရပ်သွား၏။ မျက်ရည်ကို ကပျာကယာ သုတ်၏။ ငတော မျက်နှာ၌ မျှော်လင့်ချက် ပန်း ချက်ချင်း ဖူးပွင့်၊ ဝေဝေ ဆာဆာ။ သမင်ချိုနှင့် လိပ်ခွံ ဝယ်သော ကုလားနှစ်ဦး။

 

တောကောင်များကို ဖမ်းဆီး ရောင်းချခဲ့သော ငတောနှင့် ငလုံးတို့၌ သမင်ရတိုင်း၊ လိပ်ရတိုင်း စုဆောင်းထားသော သမင်ချိုများနှင့် လိပ်ခွံများ ရှိသည်။ ခေါင်းပုံဖြတ်ဖြတ်၊ ကုပ်သွေးစုပ်စုပ်၊ ခြေမသွေးစုပ်စုပ်၊ ဈေး နှိမ်ချင်သမျှ နှိမ်ရော့။ ဆင်းရဲသား ငွေကျပ်၊ ငွေပြတ်၊ ငွေငတ်နေတုန်းမို့ နှိမ်မှန်း သိသည့် ကြားက အားရဝမ်းသာပင် ပျော်ပျော်ကြီး ရောင်းချခဲ့သည်။ ငွေ ထောင့်ရှစ်ရာအထိ ငတော ရသည်။

 

ဆင်းရဲသားလက်က ငွေဟူသည် အရှာရ ခက်၊ အထွက်ကျ မြန်ပေ ခြင်း။ ထိုငွေ ထောင့်ရှစ်ရာသည် ဆေးဖိုး၊ ဝါးဖိုး၊ စားဖို့နှင့် ကုန်ခဲ့ပြီ။ ယခု ငွေတစ်ထောင် လိုပြန်ပြီ။ ငတော ဘယ်လို လုပ်မလဲ။

 

“ကိုကြီးတော ရှိလား၊ ကျုပ်တို့ လာချင်လို့”

 

ဝင်းထရံ မရှိသော ဝင်းကို ဖြတ်ကျော်ပြီး ငတောရှိရာ ကွပ်ပျစ်သို့ တစ်ရွာတည်းသား ဌေးငွေနှင့် ဧည့်သည်နှစ်ဦးတို့ ပြောပြောဆိုဆို ဝင်လာ သည်။ ငတောက ကျီးကြည့်ကြောင်ကြည့် ကြည့်နေခိုက် ရင်းနှီးသူများပီပီ ဌေးငွေက ဝင်ထိုင်သည်။ ဧည့်သည်များကိုလည်း ဌေးငွေက ထိုင်ခိုင်းသည်။ ထိုင်ပြီးနောက် ဧည့်သည်များနှင့် မိတ်ဆက်ပေးသည်။

 

“သူက ခင်မောင်ဦး၊ သူက ခင်မောင်ထူးပါ။ ကိုကြီးတော”

“ဪ..ဪ..ကိစ္စရှိသလား ဌေးငွေ”

“ဟာ…သိပ်ရှိတာပေါ့၊ သူတို့က ဆယ့်နှစ်ပွဲ လှည့်နေတဲ့ မြွေ အလမ္ပာယ် ဆရာ ညီအစ်ကိုပဲ။ မအူပွဲတော်က ကျောက်ရစ်ပွဲတော်ကို လှေနဲ့ အကူးမှာ သူတို့ မြွေပခြုပ်ပါတဲ့ လှေကြီး ရေနစ်ပြီး မြွေပခြုပ်တွေ ရေထဲ မျောသွားတယ်။ အဲဒါ မြွေအရှင် ဖမ်းပေးနိုင်ရင် ဖမ်းပေးဖို့ လာခဲ့တာပါ။ ဖမ်းပေးနိုင်ရင် ဈေးကောင်းကောင်း ပေးပါ့မယ်၊ လိုက်ပို့ပေးပါဆိုလို့ ကျွန်တော် ပို့ပေးတာပဲ“

 

ဌေးငွေ စကား အဆုံး၌ မြွေအလမ္ပာယ်ဆရာဆိုသော လူလတ် အရွယ် နှစ်ဦးကို ငတော အကဲခတ်သည်။ အကြီးလူက ငတော ဇဝေဇဝါ ဖြစ်နေသည်ကို ရိပ်မိဟန်ရှိသည်။

 

“မိဘရိုးရာမို့ မြွေအလမ္ပာယ် ပြစားပေမဲ့ ကျွန်တော်က ဘွဲ့ရပါ။ညီလေးက စာပေးစာယူ နောက်ဆုံးနှစ်ပါ။ ပညာတတ်တွေ ဆိုတော့ စာဖတ် တယ်ပေါ့ ဦးရယ်။ ဆရာ တွင်းကြီးဝမ်းမောင်ရဲ့ ‘ငတောငလုံး ဝတ္ထုတို ပေါင်းချုပ်ကို စာပေဗိမာန်က ထုတ်တာ ဖတ်ရကတည်းက ဆရာ တွင်းကြီး ဝမ်းမောင်ကိုရော ဦးနဲ့ ဦးသား ငလုံးကိုရော ကျွန်တော်တို့ သိပြီးသားပါ။ ဆရာ တွင်းကြီးဝမ်းမောင်က မြွေအလမ္ပာယ်ဆရာတွေ အကြောင်း ကျွန်တော် တို့ဆီ လေ့လာရာက ဆရာနဲ့ ပုဂ္ဂိုလ်ရေးရာ သိခဲ့ခင်ခဲ့တယ်။ မြွေပခြုပ်တွေ ရေထဲ ပါသွားလို့ ကျွန်တော်တို့ ထိုင်မှိုင်နေတုန်း ဆရာဝမ်းနဲ့ တွေ့တယ်။ ဆရာဝမ်းက ပြောတယ်။ ချိုင့်ကြီးရွာ မူးဒမအိုမှာ အင်မတန် ကြမ်းတမ်းတဲ့ ငန်းပုပ်ကြီး တစ်ကောင် ရှိတယ်။ ကြီးလည်းကြီး၊ ကြမ်းလည်းကြမ်း အပြလည်း လှတယ်တဲ့။ အရှင် ဖမ်းပေးဝံ့တဲ့ လူကတော့ ရှိတယ်။ ရှားမယ် တဲ့။ စိတ်ဝင်စားလား တဲ့။ ဦးစဉ်းစားကြည့်ပါ။ ကျွန်တော်တို့က တစ်နှစ်ကို ပွဲတော် သုံးဆယ်လောက် မြွေအလမ္ပာယ် ပြရင်း ဆေးရောင်း၊ စီးပွားရေး ရှာနေတဲ့ လူတွေပါ။ အဲဒီ အနားမှာပဲ ကျောက်ရစ်၊ ပေါင်းဝ၊ အမြင့်၊ နဘက်၊ မြင်းမူ၊ စစ်ကိုင်း၊ မုံရွာ၊ မန္တလေး စတဲ့ ပွဲတော်ကြီးတွေ သွားရပါဦးမယ်။ မြွေအလမ္ပာယ်ပြ ဆေးရောင်းမယ့် လူဟာ မြွေမရှိရင် မဖြစ်ဘူး။ ရတဲ့မြွေနဲ့ အဖြစ် ပြပြန်တော့လည်း ပရိသတ်က စိတ်ဝင်စားပါ့မလား။ ကြည့်လိုက်ရင် ကို ဟာခနဲ၊ ဟင်ခနဲ၊ အိုခနဲ၊ အားခနဲ ဖြစ်လာမှ အာရိုက်ပြီး ဆေးရောင်းစားရ တော့မယ်ပေါ့။ ဒါကြောင့် ဆရာ တွင်းကြီးဝမ်းမောင်ကို ငန်းပုပ်ကြီးကိုရော၊ ဖမ်းပေးမယ့် လူကိုရော စိတ်ဝင်စားပါတယ်။ လမ်းညွှန်ပြပါဆိုတော့ ဒီမြွေကြီး ဖမ်းဝံ့မှာက ဦးငတော တစ်ယောက်သာ ရှိပါသတဲ့”

 

“ဘာဗျ ကိုရင်၊ ကျုပ်… ကျုပ်က အသေခံပြီး ဒီငန်းပုပ်ကြီး ဖမ်းရမယ် ဟုတ်လား။ အဲဒီ ငန်းပုပ်ကြီး နာမည် သိလား၊ ငန်းပုပ်လို့တောင် မခေါ်ဘူး၊

‘မူးဒမအို သေမင်း’လို့ ခေါ်တာဗျ။ ဒိပြင် မြွေ မဖြစ်နိုင်ဘူးလား။ ဒါကြီး သွားဖမ်းရင် သေနိုင်တယ်။ ကျုပ်တို့ ဒေသက အတော်ကြောက်ကြ ရှောင်ကြတာဗျ”

 

“ကျွန်တော် ပြောခဲ့ပါပြီ ဦးရယ်၊ ကျွန်တော်တို့က မြွေအလမ္ပာယ် ဆရာတွေပါလို့၊ လင်းမြွေနဲ့ မြက်လျှောနဲ့ ပြစားမရဘူး။ လက်သန်းလောက် မြွေပွေး မြွေဟောက်နဲ့ ပရိသတ်ကို ဆွဲဆောင် မရဘူး။ ပရိသတ် စိတ်ဝင်စား လောက်တဲ့ မြွေနဲ့ လုပ်စားမှ ပရိသတ် အိတ်ကပ်ထဲက ငွေ ခုန်ထွက်လာပါ တယ်။ မြွေဝယ်ရာမှာ ဈေးမညှာ ကြေးမညှာဘဲ ပေးပြီး ကျွန်တော်တို့ ဝယ်လေ့ ရှိပါတယ် ခင်ဗျား”

 

ငတော ငွေ လိုချင်နေသည်မှာ ကိုယ်တစ်ပိုင်း လှုပ်နေသည်။ မူးဒမအိုကဇာမှ ငန်းပုပ်ကြီးနှင့် ဘယ်လိုမှ ပတ်သက်လိုခြင်း မရှိ ကြောင်းကိုလည်း ပြည့်စုံအောင် ပြောဆိုရန် စကားလုံး ရှာမတွေ့ ။ လုံးဝ မပတ်သက် သင့်သော ငန်းပုပ်ကြီး။

 

ချိုင့်ကြီးရွာထဲမှ နွားမရိုင်း လိုက်သော နွားအုပ်ကြီးက သူနေရာ ကဇာတော ပြေးဝင်ပြီး သူ့ချုံ တိုးဝင်သည်။ ဒေါသတကြီးဖြင့် ပြေးဆင်း လာပြီး ဆက်တိုက်ကိုက်ရာ နွားသိုးသုံးကောင် ပွဲချင်းပြီး သေသည်။

 

သမင်၊ တောခွေးအ၊ ချေ၊ ယုန်တို့အထိ အလွတ်မပေးဘဲ ဖျတ်ခနဲ ဖျတ်ခနဲ ကိုက်၍ အော်အော်ပြေးပြေး၊ ပြေးပြေးလဲလဲ၊ လဲလဲသေသေ သေစေခဲ့သည်မှာလည်း သည်ငန်းပုပ်ကြီးပင်။

 

လက်ယက်မရွာမှ သိုးကျောင်းလာသော သိုးကျောင်းသား နှစ်ဦးကို လိုက်ရာ တစ်ယောက်က အလွတ်ပြေးသည်။ တစ်ယောက်က ကြက်ပေါင် ဘတ်ခွဖြင့် စောင့်ပစ်ရာ ငန်းပုပ်ကြီးကို တစ်ချက် မှန်သည်။ နှစ်ချက် ပစ်ရာ တစ်ချက်မှန်၍ အားတက်သရောဖြင့် ဘတ်ခွဖြင့် တတိယမြောက် အချက် ဆက်ပစ်သည်။ ကံဆိုးချင်တော့ ဘတ်ခွကြက်ပေါင်ပင် ဖြန်းခနဲ ပြတ်သည်။ ကြက်ပေါင်ပင် ပြတ်သောအချိန်မှ သိုးကျောင်းသား ဒုန်းပြေးသည်။

 

ရှေ့မှ သိုးကျောင်းသားက အပြေး၊ နောက်မှ ငန်းပုပ်ကြီးက အလိုက်၌ ချင်းရဲငုတ် တိုက်ကာ သိုးကျောင်းသား မှောက်လဲသည်။ မှောက်လဲနေသော သိုးကျောင်းသားအား ရက်ရက်စက်စက်ပင်အချက် မရေတွက်နိုင်အောင် ငန်းပုပ်ကြီးက ပေါက်သည်။ ကိုက်သည်။ မည်းခြောက် လိမ်ကောက်၍ အသက်ပျောက်နေသော သိုးကျောင်းသား အလောင်းကို လူစု ကောက်ခဲ့ရသည်။

 

သည်ငန်းပုပ်ကြီးကို အရှင်လတ်လတ် ဖမ်းရေးဟူသည် ငှက်ပျောသီး အခွံခွာသလို လွယ်လွယ်ကူကူ ဖြစ်မည် မဟုတ်။ မြွေပွေး ဘယ်လောက် ကြီးကြီး၊ လင်းမြွေ ဘယ်လောက်ကြီးကြီး ဖမ်းဆီးရာ ပြဿနာ မဟုတ်။ ပြဿနာ မရှိ။ ငန်းပုပ်မြွေကြီး ဖမ်းရာ၌ တစ်ချက် တိမ်းစောင်း သွားပါက သေမင်းထံ အမြန် ရောက်မည်။ အတိမ်းအစောင်း မခံနိုင်သော ကိစ္စပင်။

 

“ဒီက ကိုရင်တို့လည်း မြွေအလမ္ပာယ် ဆရာတွေပဲ။ ကိုယ့်ဘာသာ ကိုယ်တိုင် ဖမ်းပါလား။ ဦး ဝေးဝေးကနေ နေရာ လိုက်ပြမယ်”

“ကျွန်တော်တို့ဟာ ဆယ့်နှစ်ပွဲသမားတွေပါ ဦးရယ်။ အဟုတ် နေရာနဲ့ ဟန်ပြ နေရာကို ခွဲခြားတတ်ပါတယ်။ အခု မြွေဖမ်းရမှာက အဟုတ် နေရာပါ။ သေတတ်တဲ့ ကိစ္စကို ကိုယ် မကျွမ်းကျင်ဘဲ တတ်ယောင်ကား သွားလုပ်ရင် ကျွန်တော်တို့ သေသွားမှာပါ။ ကျွန်တော်တို့ မရှက်ပါဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် စကား တစ်ခွန်းတည်းပါ။ ကျွန်တော်တို့ မဖမ်းဝံ့ ဘူး။ ဦးပြောသလိုဆို ဒီမြွေကြီး ဖမ်းရမယ့်ပွဲဟာ အသက်လုပွဲပဲ ဖြစ်မယ်။ ကိုယ့် အသက်တစ်ချောင်းဟာ ခြေတစ်လှမ်း မမှားအောင် လှုပ်ရှားတတ်မှ ရှင်သန်ကျန်မယ့် ပွဲဆိုတော့ ဦးလည်း စဉ်းစားချင် စဉ်းစားပါ ။ ကျွန်တော်တို့ ဟာ လေ့ကျင့်ထားတဲ့ မြွေယဉ်တွေ ပြပြီး စကားပြော ဟိတ်ဟန်ထုတ်၊ ဆေးရောင်းသာ လုပ်တတ်တာပါ။ ခုလို မြွေရိုင်း မြွေကြမ်းကို မဖမ်းဝံ့တာ ထပ်ဝန်ခံပါတယ်။ ဘာလို့ ထပ်ပြောရသလဲဆိုတော့ သေနိုင်တဲ့ ကိစ္စကို လေအကြွား ထုတ်ပြီး မဟုတ်ဘဲ မပိုင်ဘဲ သွားလုပ်ရင် သေချာပေါက် သေမှာမို့ပါ”

 

ဘွဲ့ရဆိုသော မြွေအလမ္ပာယ်ပြ ဆေးရောင်းစားသူ အကြီးလူက ပွင့်ပွင့်လင်းလင်း ပြောသည်။ အငယ်လူကလည်း ဖြီးဖြန်း မပြော။ သူ့အစ်ကို စကားကို ရိုးရိုးသားသားပင် ထောက်ခံသည်။

 

“ဦးပြောတဲ့ အနေဆို ဦးစိတ်ပါမှ လုပ်ပါ။ ဒီစကားဝိုင်းမှာ မခြွင်းမချန် ပြောနေကြတာပဲ။ ကျွန်တော်တို့ ဘက်ကတော့ အရင် မဝယ်ဘူးတဲ့ ဈေး ပေးပါ့မယ်။ ဒီနှစ်ထဲမှာကိုပဲ ပြရမှာ ပွဲအစိတ်ကျော် ကျန်သေးတယ်။ မြွေ ရှာနေရတာနဲ့ အချိန်ကုန်၊ ဝင်ငွေလွတ် ဖြစ်ကုန်မှာ စိုးလို့ပါ။ ဒီတော့ ဒီမြွေကြီး ကို ဦးဖမ်းဝံ့ရင် ဖမ်းပေးပါ။ ငွေတစ်ထောင် ပေးမယ်”

 

“ညီလေး ပြောသလို ပေးရင်ကော ဦး ဖမ်းပေးမလား”

 

ငတော ပါးစပ်မှ မြွေတစ်ကောင် ဖမ်းပေးရုံနဲ့ ငွေတစ်ထောင် ရမယ် တဲ့။ ငွေတစ်ထောင် ရမယ်တဲ့ဟု ဖွင့်မပြော။ ရင်ထဲ၍ ငွေတစ်ထောင်၊ ငွေတစ်ထောင် ဟူသော အသံတို့ လွင့်ပျံ့နေ၏။

 

ယခင်က သူ မြွေဖမ်း ရောင်းခဲ့ဖူးသည်။ မြို့မှာ မြွေပွေးဈေး တစ်ထောင်ကျော်ကျော်၊ လင်းမြွေဈေး ထောင့်ငါးရာဖြစ်ဖြစ်၊ သူတို့ရွာ လာဝယ်သမျှ တစ်ကောင် သုံးရာအထိ တစ်ခါမျှ မရစဖူး။ ရှယ်ဟု ခေါ်သော ကြီးမားသည့် မြွေပွေး၊ လင်းမြွေတောင် နှစ်ရာ့ငါးဆယ်ရဖို့ အတင်းအကျပ် ပြောရသည်။ သူဌေး ကုန်ရောင်း မဟုတ်။ လူမွဲ မြွေရောင်းဖြစ်ရာ နှိမ်မှန်း သိလျက်နှင့် မချိသွားဖြဲ ရောင်းခဲ့ရသည်။

 

ယခု ပေးသော ဈေးက ဈေးအနေဖြင့် မက်မောစရာဈေး၊ မကြုံစဖူး သော ဈေး။ မက်မက်မောမော ဖြစ်ချင်စရာဈေး။ လက်မလွှတ်ချင်စရာ ဈေး၊ ငွေကို ရေလို ငတ်သည် မဟုတ်ဘဲ၊ အသက်ရှူဖို့ လေကို ငတ်သလို ငတ်နေသော အခြေအနေ။

 

သို့ရာတွင် ထိုမြွေကြောင့် အသေဆိုး သေနိုင်သည်။ သား ငှက်ဖျား ဖြစ်၊ အဖေ မြွေကိုက်သေ ဖြစ်နိုင်သည်။ လုပ်ရမည့်ပွဲက စိတ်ကူးယဉ် ပွဲမဟုတ်။ အသေအကျေပွဲ။ အသက်ကို လောင်းကြေး ထားရမည့်ပွဲ။ တစ် ချက် လွဲပါက ဗုန်းဗုန်းလဲကျ၍ သေနိုင်သောပွဲ။ ထိုအသိက မင်း မိုက်ရူးရဲ မလုပ်နဲ့၊ ငွေမက်ပြီး ကိုယ့်ကိုယ်ကိုယ် သေတွင်းထဲ မပို့နဲ့ဟု သတိပေးနေသည်။

 

“ကျုပ် စဉ်းစားပါဦးမယ်၊ ညကျမှ ဌေးငွေကို အကြောင်းပြန်မယ် ၊ အဲဒီ တည်းတာ မဟုတ်လား၊ အစစ အရာရာ ချင့်ချိန်နေရတယ်၊ သေဘေးမို့ပါ”

 

“ဟုတ်ပါတယ် ဦး၊ ဦးပြောတာ သဘောကျပါတယ်။ ခွင့်ပြုပါ ဦး”

 

ငတော စကားက ဆုတ်သာတက်သာ စကား။ လူငယ်နှစ်ဦး စကား ကလည်း ယဉ်ယဉ်ကျေးကျေး။ ငွေကို မက်သော်လည်း ငန်းပုပ်ကြီးကို မျက်စိထဲ၌ မြင်ရောင်လာသဖြင့် ငတော သက်ပြင်းချသည်။ ဟာ ဖြစ်သလို သာ ရှာတော့မယ်၊ သေမင်းမှန်း သိလျက်နဲ့ သွားမဖမ်းဘူးဟု ဆုံးဖြတ်မိ သည်။ ဧည့်သည်များ ပြန်သွားချိန်၌ သူ့ အိမ်တွင်းဝင်ပြီး အိပ်မောကျနေသူ သား ငလုံးကို ငတော စူးစူးစိုက်စိုက် ကြည့်သည်။

 

နနွင်းရောင်ပေါက်လျက် ဝါထိန်နေသော အသားအရည်၊ ချိုင့်ဝင် နေသော နားထင်နားရင်း၊ ငေါထွက်နေသော မေးရိုး။ ဝါးခြမ်းပြားကဲ့သို့ ရှိသည့် လည်တိုင်၊ ကြက်ပိန် ရင်အုပ်လို ငေါထွက်နေသည့် ရင်၊ ထိုရုပ်ပုံလွှာ သည် တစ်ချိန်သောအခါက ကျန်းမာသန်စွမ်းပါသည်ဟု ပြော၍ ယုံကြည် နိုင်ဖွယ် မရှိသော သား ငလုံး၏ ပစ္စက္ခ ရုပ်ပုံလွှာ။

 

ထိုသားလေး တစ်ယောက် လောကလူ့ရွာမှ ကွယ်ပျောက် မသွားစေ ရန် မည်သူ့၌ အဓိကတာဝန် ရှိသနည်း။

 

အဖေ တစ်ယောက်၏ နူးညံ့သော နှလုံးသားကို မေတ္တာဓာတ်က လွှမ်းပတ် ရစ်ခြုံလာသည်။ အကြင်နာဓာတ်တို့ လူးလွန့် နိုးထလာသည်။ ကိုယ့်အတ္တအတွက် မပါသော သန့်စင်မွန်မြတ်သည့် မေတ္တာဇော အလျဉ် လှိုင်းတို့ ငတော ရင်တွင်း လှုပ်ခတ်လာသည်။ အဖေသွေးတို့ လျင်မြန်စွာ စီးဆင်းလာသည်။

 

ကျုပ်သည် ကျုပ်ကိုယ်ထက် ကျုပ်သားကို ပို၍ ချစ်ပါ၏။ဤသစ္စာ မှန်ကန်ငြားအံ့

သား အသက်မသေဘဲ ရောဂါ ပျောက်ပါစေသတည်း။ဤသစ္စာ အကျိုးကြောင့် မနက်ဖြန်၌ ငန်းပုပ်ကြီးကို ကျုပ် ဖမ်းရာ တွင် ဘေးကင်းရန်ကွာ၍ အောင်မြင်စွာ ဖမ်းနိုင်ပါစေသတည်း။

 

ငတောသည် သားကို ကြည့်၍ သူ့ နှလုံးသား တိုင်တည်ကာ သစ္စာ ဆိုသည်။ သားတည်းဟူသော ချစ်ခြင်းမေတ္တာဓာတ်ကြောင့် သေမင်းဟု ကင်ပွန်းတပ်ထားသော ငန်းပုပ်ကြီးနှင့် အသက်လုပွဲ ဆင်နွှဲရန် ငတော ရဲရဲကြီး ဆုံးဖြတ်လိုက်သည်။

 

ခန္ဓာကိုယ်နှင့် မလိုက်အောင် မြေပြင်ကို လျှော့ခနဲ လျှောခနဲ ရှပ်တိုက် ၍ အပြေးအလွှား လိုက်လာသော မူးဒမအိုကဇာ ငန်းပုပ်ကြီး။

 

ရှေ့မှပြေး၍ စိတ်ကြိုက် ဖမ်းကွင်းဆီ မျှားခေါ်နေသော အရှင် ဖမ်းမည့် မြွေဖမ်းသမား ငတော။

 

တောကျီးကန်းများ ဝေါခနဲ ဝေါခနဲ ပြိုကျသံ။ တအားအား အော် မြည်သံ၊ တရွှီးရွှီး တရှဲရှဲ တောလန့်သံ၊ ဆက်ရက်ခေါင်းကွက်များ ကျွီကျွီ၊ ကျွီကျွီဖြင့် အုပ်လိုက်အော်၍ တစ်တောလုံး ဆူဆူညံညံ။

 

လက်မောင်းဆန့်ထုတ်၍ တစ်လံကျော်ကျော် ရှည်သော ခန္ဓာကိုယ်ကို ပေါ့ပေါ့ပါးပါး သယ်ဆောင်လျက်၊ ထမင်းစား ပန်းကန်ပြားကြီး နီးပါးရှိ သည့် ပါးပျဉ်ကြီး ထောင်လိုက်လာသော ငန်းပုပ်ကြီး။ နီရဲသော မျက်စိ နှစ်လုံးကို အကုန် ပြူးပြနေသလို ထင်ရပြီး၊ ငေါထွက်နေသည့် အစွယ် နှစ်ချောင်းက ရန်သူကို စိန်ခေါ်နေဟန် ဝံ့ကြွားကြွား။

 

ရှေ့မှ ပြေးနေသော ငတောသည် လွယ်အိတ်ကြီး တစ်လုံးကို ပြည့် ဖောင်းအောင် ညာဘက်၌ လွယ်ထားသည်။ ဘယ်ဘက်မှ ဓားလှံကို ဆုပ် ကိုင်၍ ပြေးနှုန်း မလျှော့။ သမင်ခြောက်ရာ၊ ယုန်တို့ ခွေးအတို့ လိုက်ရာပြေးနေကျဖြစ်၍ သွက်သွက်မြန်မြန်။

 

မူးဒမအိုကဇာထဲ၌ ငန်းပုပ်ကြီးကို ငတော မဖမ်းဝံ့။ ကျဉ်းကျဉ်းကျပ်ကျပ်။ လှည်း တစ်ခွင်စာသာ အကျယ်အဝန်း။ ဝဲယာ၌ ချုံ ငတော အပြည့်မို့ ဘယ်ဘက်မှ မလှုပ်သာ မယှက်သာ၊ မရှောင်သာ၊ မတိမ်းသာ ထို့ကြောင့် ဝါးဆယ်ပြန်ခန့် ဝေးသော ဝဲယာ ချုံ မရှိသည့်နေရာသို့ များခေါ် နေရသည်။ ရှင်းသည့်နေရာရောက်မှ သူနိုင်ကိုယ်နိုင် အပြိုင် ကြရ မည်။ ထို့ကြောင့် ဖမ်းကွင်းသာသော နေရာရောက်အောင် ငတော ပြေးသည် မှာ မရပ်မနား၊ ငန်းပုပ်ကြီးကလည်း တရှူးရှူး၊ တရှဲရှဲဖြင့် ဒေါသတကြီး လိုက်လာသည်မှာ အားနှင့်အင်နှင့် မာန်နှင့်ဇွဲနှင့် မနေမနား။ ရိပ်ခနဲ၊ ရိပ်ခနဲ နေအောင် အပြေး မြန်ပါဘိတောင်း။

 

ငတော အကြံမှာ ငန်းပုပ်ကြီး လိုက်လာရာက စိတ်ဝင်စားစေရန် ပြေးလမ်း၌ ကြက်အရှင် တစ်ကောင်ကို ချပေးမည်။ သည်အခါ ငန်းပုပ် ကြီးက ချထားသော ကြက်ကို စိတ်ဝင်စား၍ ရပ်မည်၊ ဒေါသတကြီးဖြင့် ပေါက်မည်၊ ကိုက်မည်။

 

နောက်တစ်ကြိမ် ဆက်လိုက်လာက ပြေးလမ်းပေါ်၌ တောနာနတ် ကြီးပင် အလက်ကို ဖြတ်တောက်ထားသော နာနတ်လက် နှစ်တောင် ကျော်ကျော်အပြတ်အား ချထားမည်။ တောနာနတ်ကြီးပင်သည် အမျှင်များသည်။ ထိုအပင်ကို ရှေးအခါက ထုရိုက်ပြီး ချည်မျှင် ထုတ်ကြသည်။ နာနတ်ချည်မျှင်သည် ခိုင်ခံ့သည်။ ထိုအမျှင်ကို ငန်းပုပ်ကြီး ပေါက်က အစွယ်ကို ချက်ချင်း နုတ်ရမည် မဟုတ်။ သည်အချိန်မှ ငတောက ဓားလှံရိုးဖြင့် တက်ဖိပြီး အဝေးသစ်ပင်ပေါ်မှ စောင့် နေမည့် မြွေဝယ်မည့် သူများကို လှမ်းခေါ်မည်။ သူတို့ရောက်လာမှ မီးညှပ် ဖြင့် ပါးစပ်ဟကာ မြွေစွယ်ချိုးပစ်မည်။ မြွေစွယ်နေရာကို မီးပူသံပူ ချက်ချင်း ကပ်မည်ဟု ကြိုတင်ညှိနှိုင်း၍ အကွက်ချ စီစဉ်ခဲ့ကြသည်။ ထို့ကြောင့် တော နာနတ်ကြီးပင်မှ နှစ်တောင်ကျော်ကျော် ရှည်မည့် အလက် နှစ်ခု ဖြတ်၍ ငတောယူခဲ့သည်။

 

ကြက်ပစ်ချရန် အချိန်ရောက် မရောက် သိနိုင်ရန် ငန်းပုပ်ကြီးကို လှည့်ကြည့်သည်။ ငန်းပုပ်ကြီးသည် ချုံနွယ်တို့ ထူထပ်ရာမှ ငတော လွန်လာပြီး အပြေး လိုက်လာကြောင်း မြင်ရသည်။

 

ငတော ကျေနပ်မိသည်။ သူ့ လွယ်အိတ်ထဲ၌ အတောင်ချင်း လိမ်၍ ခြေထောက် ကြိုးချည်ထားသော ကြက်ငယ် တစ်ကောင် ပါလာသည်။ ငါးဆယ်သားနီးပါး ရှိသော ကြက်ငယ်အား ငန်းပုပ်ကြီး လိုက်လာမည့် ပြေးလမ်းပေါ် သူ ချပေးလိုက်သည်။ အခြေအနေကို အဝေးမှနေ၍ ငတော အကဲခတ်သည်။

 

ငတော တွက်ကိန်း ကွက်တိမှန်သည်။

 

ငန်းပုပ်ကြီးသည် သူ လိုက်လာသော လမ်းပေါ်၌ ယက်ကန် ယက်ကန် ဖြစ်နေသော ကြက်ကို အာရုံ ပြောင်းသွားသည်။ ငတောကို ဆက်မလိုက်တော့ဘဲ ကြက်နှင့် မလှမ်းမကမ်း၌ ရပ်သည်။

 

မလှမ်းမကမ်းတွင် ရပ်နေသော ငန်းပုပ်ကြီးသည် သူ၏ အကျင့် စရိုက် အတိုင်း ချက်ချင်း မကိုက်သေး။ မပေါက်သေး။

 

သူ ပေါက်မည့် ကြက်ကို ထိနိုင် မထိနိုင် ချိန်ဆသည်။ ကြက်ကို ထိနိုင်လောက်သည့် နေရာ ရောက်သောအခါ ပါးပျဉ်းကို ရှေ့တိုးနောက်ငင် လုပ်လျက် ပေါက်ရန် အားယူသည်။

 

ပေါက်ရန် အားယူရာ၌ သူ့ပါးပျဉ်းကို နောက်သို့ အနည်းငယ် ညွှတ်၍ ညွှတ်၍ ပေးသည်။ နောက်သို့ ညွှတ်၍ ညွှတ်၍ ပေးကာ ရှေ့သို့ ပြန်ဆန့်ပြီးမှ ကြက်ကလေးကို အားကုန်ပေါက်သည်။ ပေါက်ချက်မှာ ထိလှ၊ ပြင်းလှသဖြင့် ကရော့ ကရော့ ဟု နှစ်ခွန်းသာ မြည်နိုင်ပြီး ကြက်ကလေး ဟု ဆံ့ငင် ဆံ့ငင်။

 

ငတော စိတ်၌ “မင်းနဲ့ တောနာနတ်ကြီးလက်နဲ့ တွေ့ ရင် မင်း အဖမ်း ခံရမယ့် အလှည့်ရောက်မှာပါကွာ။ မင်း ငါ့အကြောင်း သိမှာပါ” ဟု ကြုံးဝါး ပြီး အသံပေးလိုက်သည်။

 

ငတော အသံပေး၍ ခေါင်းထောင်ကြည့်ရာမှ ငန်းပုပ်ကြီးသည် ငတောကို မြင်သွား၏။ ငတောကို မြင်သောအခါ ကြက်ဆီ၌ ငန်းပုပ်ကြီး အာရုံ မရှိတော့။ ငတောဘက် အာရုံ လှည့်သွားပြီး ဒေါသတကြီးဖြင့် ရပ်နေရာမှ အပြေး လိုက်လာပြန်သည်။

 

လိုက်လာစေချင်၍ အသံပေးသော ငတောသည် ရှေ့မှ ပြေးယောင် ပြရာ ငန်းပုပ်ကြီးက သဲသဲမဲမဲ လိုက်သည်။ လွယ်အိတ်ထဲမှ တောနာနတ် ကြီး အလက်ပြတ် တစ်ပြတ်ကို ငန်းပုပ်ကြီး ပြေးလာရာ လမ်းရှေ့ ချလိုက် သည်။ ကျားနှင့်ဆင် လယ်ပြင်အတွေ့ ကွဟု ငတော ကြိမ်းဝါးသည်။

 

ငန်းပုပ်ကြီး ချထားသော အလက်ကို ပေါက်မည်။ အလက်ကို ပေါက် သည့် အချိန်၌ အစွယ်နှင့် ချိတ်မိနေမည်။ အစွယ် ဖြုတ်မရခင် ဖမ်းမည် ဟူသော မူလအတွက်အဆဖြင့် ငတော ပြေးရှိန် လျှော့၍ သမင်လည်ပြန် အကြည့်ဖြင့် ငန်းပုပ်ကြီးကို ငတော ကြည့်သည်။

 

လွဲပါမင့်လား။ ငတော တွက်ကိန်း လွဲလိုက်သည်မှ သွက်သွက်ခါ အောင် လွဲသည်။ သက်ရှိသတ္တဝါ ကြက်နှင့် သက်မဲ့ တောနာနတ်လက်ကို တန်းတူထား တွက်ရာ အတွက် အများကြီး လွဲသည်။ သက်ရှိသတ္တဝါ ကြက်ကိုသာ စိတ်ဝင်စား သော်လည်း သက်မဲ့ တောနာနတ်လက်ကို ငန်း ပုပ်ကြီး လုံးဝ စိတ်မဝင်စား။ တောနာနတ်လက်ပေါ် ဖြတ်ကျော်ကာ ငတောကို လိုက်ရေး ကိုက်ရေးသာ အာရုံကျပြီး ပါးပျဉ်းကြီး ထောင်လျက် တရကြမ်း လိုက်လာသည်။ အသင်လူသား ပြေးနိုင်က ပြေးဟု ဟစ်ကြွေး နေသလို ထင်ရ၏။

 

မိမိ ထင်ကြေး မကိုက်သောအခါ တွက်ကိန်း လွဲသွားသည့် ငတော ဘာဆက်လုပ်ရမည် မသိ။ အပြေး လိုက်လာသော ငန်းပုပ်ကြီးကို တစ်ခါမှ မမြင်ဘူးသလို ကြည့်ကာ ယောင်နန ကြောင်စီစီ။

 

အလွန် နီးကပ်လာမှ “ပြေး..ပြေး မင်း မသေချင်ရင် ပြေး။ ပြေးတော့ခုချက်ချင်း ပြေးတော့” ဟု ငတော သူ့ကိုယ်သူ သတိပေးပြီး ပြေးရသည်။ ငန်းပုပ်ကြီးက သတိရှင်ရှင် ပြေးအား ကောင်းကောင်းနှင့် ငတော ပြေးရာ နောက် အတင်း လိုက်လာသည်။

 

ငတော ကံဆိုးခြင်းမှာ သူ့ ပြေးလမ်း၌ရှိသည့် မြက်ခြောက်၊ သစ်ရွက် ခြောက် ဖုံးနေသော တောင်ပို့ တွင်းဟောင်းကို မသိခြင်း၊ မမြင်ခြင်း၊ ဂရုမပြုမိခဲ့ခြင်းပင်။

 

ကြောက်အားလန့်အားနှင့် ငတော အပြေး၌ တောင်ပို့ တွင်းဟောင်း ထဲ ခြေကျွံဝင်ကာ ငတော ပစ်လဲကျသွားသည်။ လွယ်အိတ်ထဲမှာ ကျန်ရှိနေ သော တောနာနတ်လက်ပြတ် တစ်ခုက သူ့ညာဘက်ဘေး ကျပြီး ဓားလှံက လွင့်စဉ် ထွက်သွားသည်။ လွယ်အိတ်တခြား လူတခြား ဓားလှံတခြား ဖြစ်သွားသော်လည်း ငတော သတိမလစ်။ သိုးကျောင်းသား လဲကျရာသို့ ရောက်လာပြီး ငန်းပုပ်ကြီးက ကိုက်သတ်ဖူးသဖြင့် ထိုသို့ ကိုက်သတ် မခံရ စေရေးအတွက် သူ ထပြေးရလိမ့်မည်။

 

ငန်းပုပ်ကြီး ဘယ်နေရာ ရောက်နေပြီလဲဟု ငတော လဲကျရာမှ အထိတ်တလန့် ကြည့်သည်။

 

ဘုရားဘုရား… ဘုရားဘုရား

 

ငတော ဘုရား တမိသည်။ ငန်းပုပ်ကြီးသည် သူ့လက်တစ်ကမ်း အကွာ၌ ရောက်ရှိနေပြီ။ သူ့ကို ပေါက်သတ်ရန် ချိန်ရွယ်နေပြီ။

 

ငတောကို ပေါက်ရန်အတွက် ငန်းပုပ်ကြီး၏ ပါးပျဉ်းသည် နောက် သို့ ညွှတ်ကာ ညွှတ်ကာ အားယူနေသည်။ ကိုယ်ကို ရှေ့ဆန့်လိုက်လျှင် လဲကျနေသော ငတော၏ ခြေသလုံး တည့်တည့်သည် ငန်းပုပ်ကြီး၏ အစွယ် ကျရောက်သည့်နေရာ ဖြစ်သွားမည်။

 

ဤသို့ ငတော အသေ မခံနိုင်။ ရသမျှ လျှပ်တစ်ပြက် မျက်တောင် တစ်ခတ် အချိန်လေး၌ သူ့ကိုယ်ကို ငန်းပုပ်ကြီး ပေါက်ချက်နှင့် ဝေးရာသို့ရောက်ရှိစေရန် လဲကျလျက်မှပင် ဘယ်ဘက်သို့ အားကုန်အင်ကုန် ပစ်လှိမ့် သည်။

 

တစ်လိမ့် နှစ်လိမ့် သုံးလိမ့် လေးလိမ့် ငါးလိမ့်။

 

ငတော ပစ်ခတ် လှိမ့်စဉ် ခြေထောက်က ညာဘက်၌ ကျနေသော တောနာနတ်ကြီးလက်ကို ကလော် ထုတ်သကဲသို့ ဖြစ်သွားပြီး ငန်းပုပ်ကြီး ပေါက်ကွင်းအောက် ရုတ်ခြည်း ရောက်သွားသည်။ ရုတ်ခြည်းရောက်လာ သော တောနာနတ်ကြီးလက်ကို ငန်းပုပ်ကြီးက အားကုန်အင်ကုန် ပေါက်ရာ ဖျောက်ခနဲ မြည်သံပေးသွားသည်။ တိုက်ရိုက်ပင် တည့်တည့်ပေါက်မိသည်။

 

သွေးရူးသွေးတန်းဖြင့် လူးလှိမ့်ရာမှ အထ ငတော မြင်လိုက်ရသော မြင်ကွင်းမှာ မယုံကြည်နိုင်စရာ။ တောနာနတ်ပင် အလက်ပြတ်ကြီးကို အစွယ် ချိတ်မိသဖြင့် အစွယ် ပြန်နုတ်ရရန် ဖုန်းတထောင်းထောင်း ထသည်အထိ အမြီး ရိုက်ခတ်လျက် ကြိုးစားနေသော ငန်းပုပ်ကြီး။ ငန်းပုပ်ကြီးမှာ အခက်အခဲ အကျပ်အတည်း တွေ့နေ၍ ကြိုးကြိုးစားစား ဆန့်ရုန်းနေသည်။

 

ထိုအကွက်ကို တမင် ဖန်တီးစဉ်က မရ။

 

မမျှော်လင့်မှ ရလာသော ငတောသည် လက်လွတ် မခံ။ ငန်းပုပ်ကြီး ကို အရအမိ ဖမ်းနိုင်ရေးအတွက် လျင်မြန်စွာပင် ဆက်တိုက် စဉ်တိုက် လှုပ်ရှားသည်။ မိမိရရ ဖမ်းသည်။

 

ငန်းပုပ်ကြီးကို အရှင်ဖမ်းပြီး မြွေအလမ္ပာယ် ဆရာကို အပ်ပြီးသော အခါ ငတော တစ်ကိုယ်လုံး ဖုန်အလူးလူး ချွေးအလူးလူး။ ငုတ်ထိုးမိရာ များမှ သွေးအလူးလူး။ ဆူးခြစ်၊ ဆူးစူးသော ဒဏ်ရာများမှလည်း သွေး တရဲရဲ။ ရင်မှာ ပင်ပန်းလွန်းလှသဖြင့် ဖားဖိုကြီး ထိုးသလို ဖောင်းလိုက် ပိန်လိုက်၊ ပိန်လိုက် ဖောင်းလိုက်နှင့် တရှူးရှူး တရှဲရှဲ မောလွန်းသဖြင့် အသက်ရှူ မဝ။ နှာခေါင်းနှင့်သာမက ပါးစပ်ဟ၍ပါ အသက်ရှူသည့်အခါ ရှူရသည်။

 

ခြေကုန်လက်ပန်းကျကာ တစ်ကိုယ်လုံးမှ အင်အားများကိုနုတ်ယူခံရသလို ဖြစ်သွားသည်။ မထိုင်နိုင်ဘဲ မြေကြီးပေါ် ပက်လက်လှန်ကာ အသက်ကို အငမ်းမရ ရှူရသည်

 

မြွေအလမ္ပာယ်ဆရာ နှစ်ဦးမှာ ယာယီ ပခြုပ်ကြီး၌ ငန်းပုပ်မြွေကြီး ကို ခက်ခက်ခဲခဲ သွင်းပြီးသည့်တိုင် ရင်ခုန် မပြေသေး။ စိတ်လှုပ်ရှားမှု မပြသေး။ မြေပြင်ပေါ်၌ အရုပ်ကြိုးပြတ်ပမာ လှဲ၍ အပင်ပန်း လွန်နေသော ငတော ဘေးသို့ လျှောက်လာပြီး အသိအမှတ်ပြု၊ ဂုဏ်ယူသော အကြည့် ဖြင့် လေးလေးစားစား ကြည့်ပြီး ချီးကျူးသည်။

 

“ဦးရယ်..ဦး ပြောစက ဒီမြွေကြီး ဒီလောက် ကြီးမှန်း၊ ကြမ်းမှန်း၊ လှမှန်း ကျွန်တော်တို့ မထင်မိခဲ့၊ မသိမိခဲ့ဘူး။ ဒီလောက် ရဲတင်းမှန်း၊ ရမ်းကားမှန်း၊ ရန်လိုမှန်းလည်း မသိခဲ့ဘူး။ လက်တွေ့ တွေ့ လာမှ မြွေနဲ့ အလမ္ပာယ် ပြစားနေတဲ့ ကျွန်တော်တို့တောင် ရင်ခုန်တယ်၊ စိတ်လှုပ်ရှား တယ်။ ဦးမို့သာ ဖမ်းဝံ့တယ်။ ဦးဖမ်းတဲ့ မြွေကြီးက ကျွန်တော်တို့ ထင်တာ ထက် အများကြီးကြီး၊ အများကြီးလှ၊ အများကြီး ကြမ်းလို့ အရင်က ပေးမယ် ဆိုတဲ့ ငွေတစ်ထောင်အပြင် နောက်ထပ် သုံးရာ ကန်တော့ပါဦးမယ် ဦးရယ်။ ဦးလို သတ္တိကတော့ မတစ်ထောင် တစ်ကောင်ဖွား၊ ရှားကိုရှားတဲ့ သတ္တိ၊ ဦး သတ္တိ သိပ်ကောင်းတယ်”

 

ငတော နားထဲ လေတဝူးဝူး ထွက်အောင် ပင်ပန်းနေ၍ မြွေ အလမ္ပာယ် ဆရာတို့၏ စကားကို ကြားသော်လည်း နှုတ်မှ ပြန်မပြောနိုင်။ ငတော နှလုံးသားကသာ စကားပြောနိုင်သည်။

 

“ဦး သတ္တိ သိပ်ကောင်းလွန်းလို့ စွန့်စွန့်စားစား လုပ်တာ မဟုတ်ပါ ဘူး ကွယ်။ ဒီမြွေကြီး မဖမ်းခင်မှာ ဦးနှလုံးသားကို တိုင်တည်ပြီး ကျုပ်သည် ကျုပ်ကိုယ်ထက် ကျုပ်သားကို ပို၍ ချစ်ပါ၏။ ဤသစ္စာ မှန်ကန်ငြားအံ့။ သား အသက်မသေဘဲ ရောဂါ ပျောက်ပါစေသတည်း။ ဤသစ္စာ အကျိုး ကြောင့် မနက်ဖြန်၌ ငန်းပုပ်ကြီးကို ကျုပ် ဖမ်းရာတွင် ဘေးကင်းရန်ကွာ၍ အောင်မြင်စွာ ဖမ်းနိုင်ပါစေသတည်းလို့ အဖေတစ်ယောက်အနေနဲ့ သားကလေးကို ချစ်တဲ့ဇောနဲ့ သစ္စာဆိုခဲ့ပါတယ်။ ကျုပ် သေရင်သာ သေပါစေ တော့၊ ကျုပ် သားလေးအတွက် သေနိုင်မှန်း သိလျက်နဲ့ အဖေ ဖြစ်တော့ သေမင်းနဲ့ တုဖက် အသက်လုရတာပါကွယ်။ ဦး သတ္တိ သိပ်ကောင်းလွန်းလို့ မဟုတ်ပါဘူး။ သားကို သိပ် ချစ်လွန်းလို့ပါ။ အဖေမို့ပါ”

 

တွင်းကြီးဝမ်းမောင်