တစ္ဆေကျောင်းတဲ့နွား

တစ္ဆေကျောင်းတဲ့နွား (စ/ဆုံး)
မူရင်းရေးသားသူ – ဆရာတာတေ

နွေခေါင်ခေါင်မှာ မိုးတွေရွာလို့ဗျာ။ တကယ့်ကို
ဖြစ်တောင့်ဖြစ်ခဲပဲဗျို့။
ကျုပ်တို့အညာမှာ မိုး
တွင်းတောင် မိုးသိပ်ရွာတာ မဟုတ်ဘူးဗျ။ အ
ခုလို နွေခေါင်ခေါင်ကြီးမှာ မိုးတွေ သဲကြီးမဲကြီး
ရွာချတော့ အားလုံး အံ့အားသင့်နေကြတာပေါ့
ဗျာ။ ကျုပ်က နွားစာကျွေးရင်းနဲ့ မိုးတွေသဲကြီး
မဲကြီး ရွာချနေတဲ့ ကောင်းကင်မဲမဲကြီးကို မော့
ကြည့်နေမိတယ်။
ကောင်းကင်ကြီးကို မော့ကြည့်နေရင်းကနေ
ကျုပ်သူငယ်ချင်းတစ်ယောက်ကို ချက်ချင်း
သတိရသွားတယ်ဗျာ။
ဒီကောင့်နာမည်က နွေမိုးတဲ့ဗျ။ အခုလို နွေ
ခေါင်ခေါင်မှာ မိုးတွေ သဲကြီးမဲကြီး ရွာချနေ့မှာ
ဒီကောင့်ကို မွေးတာတဲ့ဗျ။
ဒါကြောင့် သူ့အမေ
က သူ့ကို နွေမိုးလို့ နာမည်ပေးလိုက်တာတဲ့ဗျို့။
ကျုပ်တို့ကတော့ ဒီကောင့်ကို နွေမိုးလို့ မခေါ်
ကြပါဘူးဗျာ၊ ငမိုးလို့ပဲ ခေါ်ကြတာဗျ၊ အသက်
က ကျုပ်နဲ့ အတူတူပဲ။ ဉာဏ်ကလည်း လွှတ်
ကောင်းတဲ့ကောင်ပါဗျာ။
လေးတန်းအထိ ရွာကျောင်းမှာ အတူတူတက်ခဲ့ကြတာ။ ဒီကောင်က ကျုပ်ထက် ပိုပြီး စာတော်တယ်ဗျ။ သင်္ချာ
များ တွက်ခိုင်းလို့ကတော့ ငမိုးတို့ ရှေ့ဆုံးက
ပြီးပြီးသားပဲဗျ။
ကျုပ်မတွက်တတ်တဲ့ သင်္ချာတွေကို ဒီကောင်
က ပြန်ပြပေးတာဗျ။ ဒါပေမဲ့လေးတန်းအောင်
တော့ ကျုပ်က မြို့ကျောင်းသွားတတ်တယ်။
မြို့မှာက ကျုပ်ဘကြီး ရှိတယ်လေဗျာ။
ငမိုးတို့မိဘတွေက လယ်ပိုင်ယာပိုင် မရှိဘဲ
ရွာထဲမှာ ဘောက်လုပ်စားနေကြရတော့ ဆင်း
ရဲတယ်ဗျ။ ငမိုးကို မြို့ပို့ပြီး ကျောင်းဆက်မ
ထားတော့နိုင်ကြဘူး။
ဒီမှာတင် ကျုပ်သူငယ်
ချင်း ငမိုးက ကျောင်းထွက်ပြီး ပိုက်ဆံရတဲ့
အလုပ်မှန်သမျှ အကုန်လုပ်ရတော့တာပေါ့
ဗျာ။ ယာထဲမှာ ပေါင်းနှုတ်လိုက်ရတယ်။
ဟိုရွာ ဒီရွာကို လှည်းနဲ့ သွားတဲ့သူ ရှိရင်
လှည်းမောင်းပြီး လိုက်ပို့ရတယ်။ သူ့ကို
လှည်းမောင်းခ ပိုက်ဆံပေးတာပေါ့ဗျာ။ သူ
များအိမ်က နွားတွေကို တောစပ်က နွားစာ
ကျက်မှာ သွားကျောင်းပေးရတယ်။ နွား
ကျောင်းခ ရတာပေါ့ဗျာ။
ကျုပ် မြို့ကျောင်းပိတ်လို့ အိမ်ပြန်လာတဲ့ရက်
တွေဆိုရင် ကျုပ်နဲ့လည်း လာပြီးဆော့တတ်
တယ်ဗျ။ ပဲနှုတ်၊ နှမ်းနှုတ်တဲ့ အချိန်ဆိုရင် ပဲ
နှုတ်၊ နှမ်းနှုတ် လိုက်ရတယ်။ ညဘက် သူများ
ယာမှာ နှမ်းထောင် စောင့်ပေးရတယ်ဗျ။ ဒီလို
နဲ့ ငမိုးလည်း မအားလပ်တော့ပါဘူးဗျာ။ တစ်
ခါတလေ ကျုပ် မြို့ကို ပြန်ခဲ့တာတောင်မှ ရွာ
မှာ ငမိုးနဲ့ တစ်ခါမှ မတွေ့ခဲ့ရဘူးဗျ။
ကျုပ် ခုနှစ်တန်းတက်တဲ့နှစ်မှာ ကျူပ်သူငယ်
ချင်း ငမိုးတစ်ယောက် ပိုးထိပြီး ဆုံးသွားပါ
ရောလားဗျာ။ မြို့ကို အမှီပို့ကြပေမယ့် မြွေ
ဆိပ်က တစ်ကိုယ်လုံး ပြန့်နေပြီဆိုတော့ င
မိုးရဲ့ အသက်ကို မကယ်နိုင်ခဲ့ကြဘူးတဲ့ဗျ။
ကျုပ်အိမ်ပြန်မရောက်ခင် မြို့မှာတည်းက ဒီ
သတင်းကို ကျုပ်ကြားတယ်။ ကျုပ်ဖြင့် စိတ်မ
ကောင်းလွန်းလို့ မျက်ရည် ပေါက်ပေါက်ကျခဲ့
ရတာပေါ့ဗျာ။ ကျုပ်သိပ်ခင်တဲ့ သူငယ်ချင်း
ငမိုး သေတာတောင် ကျုပ်မှာ အသုဘ မပို့
နိုင်ခဲ့ပါဘူးဗျာ။ ကျုပ်တို့တစ်ရွာလုံးကလည်း
ငမိုးကို လွှတ်ချစ်ကြတာဗျ။ ငမိုးသေတော့
တစ်ရွာလုံး စိတ်မကောင်းကြဘူး။
အထူးသဖြင့် ကျုပ်ကို တွေ့တိုင်း ငမိုးကို သ
တိရကြတယ်ပေါ့ဗျာ။ ကျုပ်နဲ့ ငမိုးက ကစား
ဘက်တွေဆိုတော့ တပူးတွဲတွဲ နေကြတာ
လေ။ ဒါပေမဲ့ ငမိုးက သေသာသေတာ ရွာမှာ
ရှိနေတုန်းဗျ။ သူ့မိဘတွေကို လုပ်ကျွေးနေ
တုန်းတဲ့ဗျို့။ သူကျောင်းနေကျ ရွာထဲကနွား
တွေကို မနက်စောစော ကြိုးဖြုတ်ပြီး ရွာပြင်
ကို မောင်းထွက်သွားတာတဲ့ဗျ။ ပြီးရင် သူ
ကျောင်း နေကျ စားကျက်မှာပဲ နွားတွေသွား
ကျောင်းရောတဲ့ဗျို့။
ညနေစောင်းရင် နွားတွေမောင်းပြီး ပြန်လာ
တာတဲ့။ သူ့ခြံနဲ့သူ မမှားအောင်ကို ပြန်ပို့တာ
တဲ့ဗျ။ ရွာထဲကလူတွေ လန့်သွားကြတာပေါ့
ဗျာ။ နွားရှင်တွေကလည်း စိုးရိမ်ပြီး ငမိုး နင့်
ကို ငါတို့ နွားကျောင်းမအပ်တော့ဘူးလို့ ပြော
ကြတယ်။ အဲဒီလိုပြောရင် ငမိုးက အဲဒီနွား
တွေကို မကျောင်းတော့ဘူးတဲ့ဗျ။
ဒါပေမဲ့ ဘိုးညီလေးတို့အိမ်ကတော့ ငမိုးကို
သနားလို့ နွားတွေမကျောင်းနဲ့တော့လို့ မပြော
ရက်ကြဘူးတဲ့ဗျာ။ ငမိုးလည်း ဘိုးညီလေးတို့
အိမ်က နွားတွေကို မနက်မောင်းသွား ညနေ
ပြန်ပို့ ဆက်လုပ်နေတာတဲ့ဗျ။ ဘိုးညီလေးတို့
ကလည်း ငမိုးရဲ့ နွားကျောင်းခကို သူ့အမေ
အဖေကို အမြဲပေးသတဲ့။ သူ့မိဘတွေကလည်း
ငမိုး သူ့ကျောင်းတဲ့ နွားတွေကို စွဲလန်းပြီး တ
စ္ဆေဖြစ်နေမှန်းသိတော့ ဘိုးညီလေးတို့ပေးတဲ့
နွားကျောင်းခတွေစုပြီး ငမိုးအတွက် အလှူ
အတန်း လုပ်ပေးပြီး အမျှအတန်း ဝေကြတယ်
တဲ့။ ဒါပေမဲ့ ငမိုးကတော့ နွားတွေကျောင်းမြဲ
ကျောင်းနေတာပဲတဲ့ဗျ။
ဒီတော့ ငမိုး မကျွတ်သေးဘူးပေါ့ဗျာ။
ဘိုးညီလေးတို့အိမ်က နွားတွေဆိုတာ ငမိုး
က စားကျက်ကောင်းကောင်းမှာ သွားသွား
ပြီးကျောင်းပေးတော့ ဝဖီးနေတာတဲ့ဗျာ။ ရွာ
ကလူတွေကတောင် ပြောကြသတဲ့။ တစ္ဆေ
ကျောင်းတဲ့ နွားလောက်တောင် မင်းတို့
ကျောင်းတဲ့ နွားတွေက မဝပါလားကွလို့။
ကျုပ်ကတော့ ကျုပ်သူငယ်ချင်း တစ္ဆေဖြစ်
နေတယ်ဆိုတာ ကြားတော့ စိတ်မကောင်း
ဘူးပေါ့ဗျာ။ ယာထဲမှာ ပေါင်းနှုတ်၊ ပဲနှုတ်၊
နှမ်းနှုတ် လုပ်ရင်လည်း ငမိုးက ဝိုင်းကူလုပ်
ပေးတာတဲ့ဗျ။ ညတည်းက ပဲတွေနှုတ်ထား၊
နှမ်းတွေနှုတ်ထားတာတဲ့ဗျ။ ဒီတော့လည်း
ရွာသားတွေက ထမင်းစားချိန်ရောက်ရင်
ငှက်ပျောဖက်ကလေးနဲ့ ထမင်းဟင်းတွေ
ထည့်ပြီး ငမိုးကို ကျွေးကြသတဲ့ဗျို့။
ပထမတော့ ကျုပ်သူငယ်ချင်း တစ္ဆေငမိုးကို
ကြောက်ကြတာပေါ့ဗျာ။ လူဆိုတာ တစ္ဆေ
မကြောက်တဲ့သဘာဝ ရှိတယ်မို့လား။ ဒါပေ
မဲ့ တဖြည်းဖြည်းနဲ့ မကြောက်ကြတော့ဘဲ
ငမိုးကို ကျွေးကြ မွေးကြတာဗျ။ အလှူအ
တန်းလုပ်ရင်လည်း ငမိုးကို တစ်နေရာမှာ
သွားပြီး ခေါ်ကျွေးကြတယ်။
ပြီးရင် ကုသိုလ်ကို ငမိုးနာမည်ခေါ်ပြီး အမျှ
ပေးကြတယ်ဗျ။ ဒါပေမဲ့လည်း ကျုပ်သူငယ်
ချင်းက ခုထိ မကျွတ်မလွတ်နိုင်တာ ဘာ
ကြောင့်မှန်းကို မသိပါဘူးဗျာ။ တစ်ခါတော့
ကျုပ်တို့ ထနောင်းကုန်းမှာ ထူးထူးဆန်းဆန်း
ဖြစ်တယ်ဗျို့။ ငမိုး ကျောင်းနေတဲ့ နွားတွေ
ထဲက တစ်ကောင်ကို ဘိုးညီလေးက တခြား
ရွာကလူကို ရောင်းလိုက်တယ်။
ဒါကို ငမိုးက မကြိုက်ဘူးဗျ။ မကြိုက်ရုံတင်
မဟုတ်ဘူး။ စိတ်တော်တော် ဆိုးသွားတာဗျ။
ဘိုးညီလေးတို့အိမ်က ရေခွက်တွေကို တွန်း
ချတယ်။ ရေပုံးတွေကို တွန်းလှဲပစ်တယ်။
“ငမိုးရယ်၊ တင်းကုတ်ထဲမှာ နွားတွေများနေ
တော့ ကျပ်ညပ်နေလို့ ဘိုးက ရောင်းလိုက်
တာပါကြာ”
လို့ ဘိုးညီလေးက ငမိုး စိတ်ဆိုးမှန်းသိလို့
ချော့မော့ပြောတယ်ဗျ။ ညရောက်တော့ ငမိုး
က နွားဝယ်သွားတဲ့ရွာကို လိုက်သွားပြီး သူ့
နွားကို ပြန်ဆွဲလာတယ်ဗျ။ မနက်ကျတော့
ဟိုရွာက လူက နွားပျောက်တော့တာပေါ့ဗျာ
ဒါနဲ့ ဘိုးညီလေးဆီကို လာကြည့်တော့ နွား
က တင်းကုတ်ထဲ ပြန်ရောက်နေတယ်။
ဟိုလူက တစ်ခါ နွားကို ပြန်ဆွဲသွားတာပေါ့
ဗျာ။ ညရောက်တော့ ငမိုးက သူ့နွားကို ပြန်
ဆွဲလာတာပဲဗျ။ ဒီလိုနဲ့ သုံးလေးခါဖြစ်တော့
နွားဝယ်တဲ့လူက ပြောသတဲ့။
“ဘိုးညီလေးရယ်၊ ကျုပ်လည်း ညဆိုရင် နွား
ကို သေသေချာချာ ချည်ထားတာပါပဲဗျာ။
ကြိုးက ဘယ်လိုဖြစ်လို့ ပြုတ်သွားတယ် မ
သိပါဘူး။ တစ်ယောက်ယောက်များ လာပြီး
ဆွဲသွားလားလို့တောင် ထင်ရတယ်ဗျို့”
ဒီတော့ ဘိုးညီလေးက အဲဒီလူကို ပြောရ
တာပေါ့ဗျာ။
“ကဲ…ရင်မောင်ရေ၊ ဒီနွားက ဒီလောက်ဖြစ်နေ
တာ မင်းလည်း ပင်ပန်းလှပြီ၊ ဒီတော့ မင်းပေး
ထားတဲ့ နွားဖိုးကိုသာ ပြန်ုပြီး ယူသွားပါတော့
ကြာ”
လို့ ပြောပြီး နွားဖိုးကို ပြန်ပေးလိုက်ရတယ်တဲ့
ဗျို့။ အဲဒီကတည်းက ဘိုးညီလေးလည်း နွား
မရောင်းရဲတော့ဘူးတဲ့ဗျို့။ ဒီတော့မှ ကျုပ်
တွေးမိသွားတာဗျ။ ဒီကောင် ငမိုး၊ တစ္ဆေဖြစ်
နေတာ နွားတွေကို သံယောဇဉ် ဖြစ်နေလို့ဆို
တာ။ ဒီကောင်က ငယ်ငယ်လေးကတည်းက
နွားကို လွှတ်ချစ်တာဗျ။
ကျုပ်နဲ့ ကစားရင် နွားတွေအကြောင်း ခဏ
ခဏ ပြောတတ်တယ်။ ဘယ်သူ့အိမ်က နွား
က ဘယ်လိုကောင်းတာ။ ဘယ်အိမ်က နွား
က ဘာဗွေပါတာ၊ ဗွေဆိုးပါရင် ဖြစ်တတ်တဲ့
နွားရဲ့အကျင့်၊ ဒါတွေကို ဒီကောင်က ငယ်
ငယ်ကတည်းက သိနေတာဗျ။ သူက နွား
ချစ်တဲ့ အကောင်ဆိုတော့ လူကြီးတွေ ပြော
တာကို အမြဲမှတ်ထားတာပေါ့ဗျာ။
နောက်တစ်ခုက ငမိုးတို့မိဘတွေက လက်
လုပ်လက်စားတွေဆိုတော့ နွားမရှိကြဘူးလေ
ဗျာ။ ဒီတော့ ငမိုးက သူများနွားတွေကိုပဲ ချစ်
နေရတာဗျ။ ဒါကြောင့် နွားကျောင်းရတဲ့ အ
လုပ်ကို ငမိုးက သိပ်ကြိုက်တာ။ နွားတွေနဲ့
သွားလာနေရရင် ဒီကောင် ပျော်နေတာဗျ။
တိရစ္ဆာန်ဆိုတာကလည်း အသိရှိတာပဲဗျ။
ငမိုးက သူတို့ကို ချစ်မှန်းသိတော့ သူတို့က
လည်း ငမိုးကို ချစ်ကြတယ်ဗျ။ ရွာထဲက နွား
တင်းကုတ်တွေထဲကို ငမိုး ဝင်လာရင် နွား
တွေ အကုန်လုံး လှုပ်လှုပ်ရှားရှား ဖြစ်ကုန်
ပြီး ဒီကောင့်ကို ခေါင်းကြီးတွေငုံ့ပြီး ငမိုးရဲ့
အပွတ်အသပ်ကို ခံကြတာ။ ပြီးတောါ ငမိုး
က ငယ်ငယ်လေးကတည်းက အမဲသား
မစားဘူးဗျ။ သူ့မိဘက ဘယ်လိုကျွေးကျွေး
လုံးဝကို မစားတာ။
နွားတွေ လွှတ်ချစ်တတ်တဲ့ ငမိုး။ နွားသား
လုံးဝမစားတဲ့ ငမိုး။ သေတဲ့အခါကျတော့
သူကျောင်းရတဲ့ နွားတွေကို စွဲလန်းတဲ့ စိတ်နဲ့
တစ္ဆေဖြစ်သွားတာပေါ့ဗျာ။ ကျုပ်လည်း စိတ်
မကောင်းရုံက လွဲလို့ ဘာမှမလုပ်တတ်ဘူး
ပေါ့ဗျာ။ ငမိုးကျောင်းတဲ့ နွားတွေဆိုတာ အ
စားဝတော့ ဝဖီးနေတာပေါ့ဗျာ။
ငမိုးက တစ္ဆေဆိုတော့ ဘယ်နားမှာ မြက်နု
တွေရှိတယ်ဆိုတာ သိနေမှာပေါ့ဗျာ။ သူ့နွား
တွေကို မြက်နုတွေ အမြဲကျွေးတော့ နွားတွေ
က ဝတော့တာပေါ့ဗျာ။သူကျောင်းတဲ့ နွားတွေ
ကတော့ သူ့ကို မြင်ကြပုံပဲဗျ။
သူပြောတာလည်း ကြားတဲ့ပုံပဲ။ အံ့တော့ အံ့
သြစရာပေါ့ဗျာ။ တစ္ဆေဖြစ်တာတောင် မိဘ
ကို နွားကျောင်းကျွေးတဲ့ကောင်ဗျ။ ဒီလိုလူမျိုး
လောကမှာ ကျုပ်သူငယ်ချင်း ငမိုးတစ်ယောက်
ပဲ ရှိမယ်ထင်ပါတယ်ဗျာ။
နောက်တော့ ကျုပ်က ဆရာကြီးတွေနဲ့တွေ့
ပြီး သူတို့ကိစ္စတွေကူလုပ်၊ ခိုင်းတာမှန်သမျှ
မညည်းမညူ လုပ်ပေးဆိုတော့ ဆရာကြီး
တွေက ကျုပ်ကို ဆေးတွေ ဝါးတွေ ချီးမြှင့်
ကြတယ်။ မျက်ကွင်းဆေးလည်း ပါတာပေါ့
လေ။မျက်ကွင်းဆေး ရပြီးတဲ့ နောက်မှ ကျုပ်
နာနာဘာဝတွေကို မြင်နိုင်တာပေါ့ဗျာ။
ဒါတွေ အားလုံး ခင်ဗျားလည်း သိပြီးသား
တွေပါ။ ကျုပ်ဆိုတဲ့ ကောင်ကလည်း နေရာ
တကာ လွှတ်စပ်စုတဲ့ ကောင်လေဗျာ။ မျက်
ကွင်းဆေး ရတာနဲ့ ကျုပ်က ကျုပ်သူငယ်
ချင်း ငမိုးကို ရှာတော့တာပေါ့ဗျာ။
မနက်စောစော ဘိုးညီလေးရဲ့ နွားတွေကို
ငမိုးထုတ်ပြီး စားကျက်ကို သွားတယ်။ သူ
သွားတဲ့ စားကျက်ကို ကျုပ်နောက်က လိုက်
သွားတယ်။ ပထမတော့ ကျုပ် သူ့ကို မြင်နေ
တာကို ငမိုး မသိဘူးဗျ။ ကျုပ်လိုက်လာတာ
ကို လှည့်ကြည့် လှည့်ကြည့် လုပ်ရင်းနဲ့ နွား
တွေ မောင်းသွားတယ်။ နွားတွေကို စား
ကျက်ထဲ လွှတ်ပြီးတော့ ကတက်ပင်ကြီး
အောက်မှာ သွားထိုင်နေတယ်ဗျ။
ငမိုး သေတုန်းက သူမှုတ်နေကျ ကြေးပုလွေ
လေးက ကျုပ်အိမ်မှာ ကျန်ခဲ့တာဗျ။ ကျုပ်က
ငမိုးနောက်ကို လိုက်ဖို့ ကြံကတည်းက ပု
လွေလေးကို ခါးမှာထိုးလာခဲ့တာ။ ငမိုးထိုင်
နေတဲ့ ကတက်ပင်ကြီးနဲ့ မလှမ်းမကမ်းက
ဝါးရုံအောက်မှာ ကျုပ်က ဝင်ထိုင်လိုက်ပြီး
ကြေးပုလွေလေးကို ထုတ်လိုက်တယ်။

 

 

ငမိုးကို ကျုပ်က မသိမသာ ကြည့်နေတာပေါ့ဗျာ
ဒါပေမဲ့ သူ့ကို မမြင်တဲ့ပုံနဲ့ နေရတာဗျို့။
ငမိုး မှုတ်နေကျ ကျတော်မမပုသိမ်သူဆိုတဲ့
သီချင်းကို ကျုပ်က ပုလွေနဲ့ မှုတ်လိုက်တယ်။
ငမိုး ကျုပ်ကို စိုက်ကြည့်နေတယ်ဗျို့။ သိပ်မ
ကြာဘူးဗျ။ ဒီကောင် ကတက်ပင်အောက်က
ထလာပြီး ကျုပ်နားမှာ လာရပ်တယ်။ ကျုပ်ကို
လည်း စိုက်ကြည့်နေတယ်။
ဒီတော့မှ ကျုပ်က ပုလွေမှုတ်တာကို ရပ်လိုက်
ပြီး သူ့ကို ပြန်ပြီး ကြည့်လိုက်တယ်။ ဒီတော့မှ
ငမိုး သဘောပေါက်သွားတာဗျို့။ ကျုပ် သူ့ကို
မြင်မှန်း သူသိသွားတာ။ ငမိုးက အရမ်းကို အံ့
သြသွားပြီး ကျုပ်ကို ကြည့်နေတယ်ဗျ။ တစ္ဆေ
ဆိုပေမယ့် အကုသိုလ်ကြောင့် ဖြစ်တာမဟုတ်
ဘဲ နွားတွေကို စွဲလန်းတဲ့စိတ်ကြောင့် ဖြစ်တာ
ဆိုတော့ ငမိုးက ပုံပျက်ပန်းပျက် မဟုတ်ဘူးဗျ။
နဂိုပုံစံအတိုင်းပါပဲ။ အဝတ်အစားကလည်း သူ
ဝတ်နေကျ ပုဆ်ုးအင်္ကျီလေး ဝတ်လို့ပဲဗျ။
“တာတေ၊ မင်း ငါ့ကို မြင်ရတယ် ဟုတ်လား”
ကျုပ်က ဘာမှပြန်မပြောဘဲ ခေါင်းပဲညိတ်ပြ
လိုက်တယ်
“ဟာ …ငါ အံ့သြလိုက်တာကွာ”
“မအံ့သြနဲ့ ငမိုး၊ ငါဒီအတိုင်း မြင်ရတာ မ
ဟုတ်ဘူး၊ ဆရာကြီးတွေ ပေးထားတဲ့ မျက်
ကွင်းဆေးကြောင့် မြင်ရတာကွ”
“ဘာ မျက်ကွင်းဆေး ဟုတ်လား တာတေ”
“အေး ဟုတ်တယ်၊ သွေးပြီးတော့ မျက်စိကို
ကွင်းရင် အားလုံးမြင်ရတယ်၊ နားမှာလိမ်းပြီး
ဂါထာရွတ်ရင် နားကပါ ကြားရတယ်”
“ဟေ…ဟုတ်လား၊ အခု ငါပြောတာတွေ
မင်းကြားတယ်ပေါ့ ဟုတ်လား”
“ဟကောင် ငမိုးရဲ့၊ ငါကြားလို့ မင်းကို ပြန်
ပြောနေတာပေါ့ကွ”
“ဝမ်းသာလိုက်တာကွ၊ ငါသေပြီးကတည်းက
ဘယ်မှာ မသွားဘဲ ရွာမှာနေတာကွ၊ မင်း မြို့
က ပြန်လာရင် မင်းဆီကိုလည်း ငါအမြဲလာ
ပါတယ်၊ မင်းက ငါ့ကို မမြင်ဘူးလေ”
“အဲဒီတုန်းက ငါ့မှာ မျက်ကွင်းဆေး မရှိသေး
ဘူးလေကွာ၊ အခုမှ မျက်ကွင်းဆေး ရလာ
တာကွ ငမိုးရဲ့”
“မင်းဆေးက တော်တော်ကို စွမ်းတာပဲ
တာတေ”
“အေး၊ ဆရာကြီးတွေ ချီးမြှင့်ထားတာကိုး
သူငယ်ချင်းရဲ့၊ စွမ်းတာပေါ့ကွာ၊ မင်းကို
တော့ ငါ ချီးကျူးပါတယ် ငမိုးရာ”
“ဟေ…ဘာဖြစ်လို့တုံးကွ တာတေရ”
“မင်းက သေပြီးတာတောင် မိဘကို နွား
ကျောင်းပြီး ကျွေးတဲ့ကောင်လေကွာ၊ ပြီး
တော့ ရွာသားတွေကို နှမ်းတွေ ပဲတွေ ကူ
နှုတ်ပေးတော့ သူတို့က ကျေးဇူးတင်ပြီး
ဆုံသားရတဲ့အခါဆိုရင် မင်းတို့အိမ်အတွက်
ပို့ပေးကြတာကွ”
ကျုပ်ပြောတာကို ငမိုးက ဘာမှပြန်မပြော
ဘဲ ငြိမ်ပြီး နားထောင်နေတယ်ဗျ
“ဒါထက် ငါ မသိလို့ မေးပါဦးမယ် ငမိုးရဲ့”
“ဟေ…ဘာတုံးကွ တာတေရ”
“ရွာကလူတွေ အလှူအတန်းလုပ်တိုင်း မင်း
နာမည်တပ်ပြီး အမျှဝေကြတာ မင်း သာဓု
မခေါ်နိုင်ဘူးလား”
“ငါ ဘာမှ မခေါ်နိုင်ခဲ့ဘူး တာတေ၊ သူတို့
အဲဒီလို အမျှဝေပေမယ့် ငါ တစ်ခါမှ မကြား
ရဘူးကွ၊ ငါ့မှာ အကုသိုလ်တွေ ရှိနေသေး
လို့ ဖြစ်မှာပေါ့ကွာ”
“သြော်…ဖြစ်မှဖြစ်ရလေ သူငယ်ချင်းရာ၊ ဒါ
ထက် နေပါဦး ငမိုးရဲ့၊ မင်းမှာ တစ္ဆေသူငယ်
ချင်းတွေ ဘာတွေရော မရှိဘူးလားကွ”
“ဟာ ရှိတာပေါ့ကွ၊ ရွာနောက်ဘက်က သ
င်္ချိုင်းကုန်းသွားတဲ့လမ်းမှာ သရက်ပင်ကြီး
တစ်ပင် ရှိတယ်မို့လား၊ အဲဒီသစ်ပင်မှာ ငါ့
ကို နေရာပေးထားတာကွ”
“ဟေ…ဘယ်သူက မင်းကို နေရာပေး
တာတုံး”
“ဒီလိုကွ၊ ငါ ပိုးထိပြီးသေတော့ ငါ့ကိုယ်ငါ
သေမှန်း မသိဘူး၊ ငါယာထဲမှာ အိပ်ပျော်နေ
တာ၊ ငါ့ကို တစ်ယောက်,ယောက်က လာနှိုး
သလို ထင်လို့ မျက်လုံးဖွင့်ကြည့်တော့ ဝတ်
ဖြူစင်ကြယ်နဲ့ ဘိုးဘိုးတစ်ယောက်ကွ၊ အဲဒီ
ဘိုးဘိုးက ငါကို’လူလေး ငမိုး ထတော့ကွဲ့၊
မင်း နေရမယ့်နေရာကို ဘိုးဘိုး လိုက်ပို့မယ်
ဆိုပြီး အဲဒီသရက်ပင်ကို ခေါ်သွားတယ်”
“နေပါဦး ငမိုးရဲ့၊ မင်းအိပ်ပျော်နေတာ ဘယ်
လောက်တောင် ကြာသွားတာတုံး၊ ရွာမှာ မင်း
အတွက် ဆွမ်းသွတ်တာတွေ အမျှဝေတာ
တွေ မင်း မသိဘူးလား”
“ဟေ့အေး ၊ ငါ ဘာမှ မသိဘူးကွ၊ ငါ အိပ်
ပျော်သွားတာ ဘယ်လောက်ကြာမှန်းလည်း
မသိဘူး”
“အေး ပြောပါဦး၊ အဲဒီသရက်ပင်ကြီးကို
ရောက်တော့ စောစောကပြောတဲ့ ဘိုးဘိုး
က ဘာပြောတုံး”
“တောင်ဘက်ထွက်နေတဲ့ သရက်ကိုင်းအ
ကြီးကြီးမှာနေတဲ့ တစ္ဆေကြီးတစ်ကောင်ကို
ခေါ်ပြီးငါ့ကို အဲဒီသစ်ကိုင်းမှာ ခေါ်ထားဖို့၊ ငါ့
ကို စောင့်ရှောက်ဖို့ ပြောတယ်၊ အဲဒီတစ္ဆေကြီး
က ငါ့ကိုစောင့်ရှောက်တယ်ကွ တာတေရ၊ ငါ
က နေ့ခင်းဘက် နွားကျောင်းပြီး ညဘက်ဆို
ရင် ဒီသရက်ပင်ကြီးမှာ နေရတာကွ”
“မင်း ဒီသစ်ကိုင်းကြီးမှာ အိပ်ရတာပေါ့ ဟုတ်
လား ငမိုး၊ သစ်ကိုင်းမှာ မင်းအိပ်လို့ရလို့လား”
“တာတေ၊ ငါတို့တစ္ဆေတွေမှာ အိပ်တယ်လို့
မရှိဘူးကွ၊ ဘာမှမတွေးဘဲ ငြိမ်နေလိုက်ရင်
အိပ်လိုက်သလို ဖြစ်သွားတာပဲကွ”
“ဒါဆိုရင် ညတိုင်း မင်း ဒီသရက်ပင်ကြီးကို
ဖက်တက်နေရတာပေါ့ ဟုတ်လား ငမိုး”
“ဟာ၊ ဒီကောင်တာတေနှယ်၊ တစ္ဆေပါဆိုမှ
သရက်ပင်ကို ဖက်တက်နေရဦးမှာလားကွ၊
စိတ်ညွှတ်လိုက်တာနဲ့ သစ်ကိုင်းပေါ်ကို
ရောက်သွားတာပေါ့ကွ”
“ဟေ…ဟုတ်လား”
“မင်း…မယုံရင် ဒီမှာကြည့်၊ ငါ လုပ်ပြမယ်”
ငမိုးက ဖျတ်ကနဲ ပျောက်သွားတယ်ဗျ။ ကျုပ်
က ဟိုကြည့် ဒီကြည့် ကြည့်နေတုန်းပဲ ရှိသေး
တယ်။
“တာတေ၊ ငါ ဒီပေါ်မှာကွ”
ငမိုးအသံကြားလို့ မော့ကြည့်လိုက်တော့ ဒီ
ကောင် ငမိုး ကတက်ပင်ကြီးရဲ့ သစ်ကိုင်း
တစ်ကိုင်းမှာ ထိုင်လို့ဗျ။ ကျုပ်လှမ်းကြည့်
လိုက်တဲ့အချိန်မှာပဲ ဖျက်ကနဲ ပျောက်သွား
ရောဗျို့။ ကျုပ်လည်း ဟိုကြည့် ဒီကြည့်
လုပ်တုန်းရှိသေးတယ်။
“တာတေ ငါ ဒီမှာ”
ငမိုးက ကျုပ်နောက်ဘက်မှာ ရပ်လို့ဗျ။ ကျုပ်
ဒီကောင့်လက်ကို လှမ်းဆွဲလိုက်တယ်။ ဘာ
ကိုမှ မဆွဲမိဘူးဗျ။ လေကိုပဲ ကိုင်မိတာ။
“ဟာ တာတေ၊ ငါတို့ကို ကိုင်လို့ ဘယ်ရ
မလဲကြ”
ကျုပ်နဲ့ ဒီကောင်နဲ့ ပြောနေကြတုန်းမှာ ငမိုး
မျက်နှာ ပျက်သွားတယ်ဗျ။
“ဟေ့ကောင် ငမိုး ဘာဖြစ်လို့တုံး”
“နားကားကြီးကွ၊ ဘန့်ဘွေးပင်ကြီးမှာနေတဲ့
အကောင်၊ ဒီကောင်ကြီးက တစ်ခါ တစ်ခါ
တို့ဘက်ကို ကျူးကျော်ပြီး ရောက်လာတတ်
တယ်ကွ၊ ရောက်လာရင် တွေ့သမျှ တစ္ဆေ
သရဲတွေကို အကုန်လုံး ထုရိုက်ပြီး နှိပ်စက်
သွားတာကွ”
ကျုပ် ငမိုးပြောတဲ့ နားကားကြီးဆိုတဲ့ သရဲ
ကြီးကို လှမ်းကြည့်လိုက်တော့ အကောင်
ကြီးက အကြီးကြီးဗျ။ နားရွက်ကြီးနှစ်ဖက်
က ဖျာကြီးနှစ်ချပ်ကိုပဲ ဘေးကိုကားထွက်
နေတာဗျ။ ဆင်ကြီးတွေရဲ့ နားရွက်ကို တ
ဖျပ်ဖျပ် ခတ်နေတယ်။
ခေါင်းကြီးက အကြီးကြီးမှာ ပါးစပ်ပေါက်က
သေးသေးလေးဗျ။ တစ်ကိုယ်လုံး အမွေး
မည်းမည်းကြီးတွေ ဖုံးနေတယ်။ မျက်လုံး
ကြီး နှစ်လုံးက ပန်းကန်လုံးကြီးတွေလို ပြူး
ပြီးထွက်နေတာဗျို့။
“ဒီကောင် အစာစားတော့ ဘယ်လိုစားတုံး
ကွ ငမိုးရဲ့”
“ငှက်ပျောဖက်ကို လိပ်ပြီး ကန်တော့လို လုပ်
ရတယ်ကွ၊ ပြီးတော့မှ အဲဒီငှက်ပျောဖက်ကန်
တော့ထဲကနေ အစာတွေကို ထည့်ပြီး ဖြည်း
ဖြည်းလေး စုပ်စားရတာ”
ခဏနေတော့ နားကားကြီးက ကျုပ်နဲ့ စကား
ပြောနေတဲ့ ငမိုးကို မြင်သွားပြီး ရပ်ကြည့်နေ
တယ်ဗျ။ ခဏနေတော့ သူ့လက်ဝါးအကြီး
ကြီးနဲ့ ငမိုးကို လက်ယက်ခေါ်တယ်။
“ဟာ ငါ့ကို ခေါ်နေပြီ တာတေရ၊ အဲဒါ ငါ
သွားရင် ငါ့ကို ထုထောင်းရိုက်ပုတ် လုပ်
တော့မှာကွ”

 

 

“ဟေ၊ မသွားရင်ရောကွာ”
“မသွားရင် ဒေါသတွေဖြစ်ပြီး ငါ့ကို အတင်း
လိုက်ဖမ်းပြီး ရိုက်တာကွ”
“သြော် …ဒီလိုလား၊ မင်း မကြောက်နဲ့ ငမိုး၊
မင်းအစား ငါသွားလိုက်မယ်”
“ဟာ မလုပ်ပါနဲ့ တာတေ၊ နားကားကြီးက
တော်တော်ဆိုးတာနော်၊ မင်း အန္တရာယ်ဖြစ်
သွားလိမ့်မယ်”
“ဘာမှမစိုးရိမ်နဲ့ ငမိုး၊ ငါ့မှာ သစ်စုန်းဆေး
တော်ပါတယ်”
ကျုပ်က ပြောပြောဆိုဆိုနဲ့ လည်ပင်းမှာ ဆွဲ
ထားတဲ့ ကတ္တီပါအိတ်ရှုံ့လေးထဲက သစ်စုန်း
ဆေးတောင့်ကို ထုတ်ယူလိုက်တယ်။ ဟာ ၊
ငမိုး လွင့်သွားပြီဗျို့။ ကျုပ်က သတိမထားမိ
ဘဲ ဆေးတော်ကို ထုတ်လိုက်တာ။
ဆေးတော်ရဲ့အစွမ်းကို ငမိုး မခံနိုင်ဘဲ လွင့်
သွားတာဗျို့။ ကျုပ်က ဆေးတော်ကို လက်မှာ
ကိုင်ပြီး နားကားကြီးဆီကို တည့်တည့်သွား
လိုက်တယ်။နားကားကြီးကလည်း သူ့ကို ကျုပ်
မြင်နေရတာကို အံ့သြသွားတယ်ဗျ။
ဒါပေမဲ့ လက်သီးကြီး နှစ်ဖက်ဆုပ်ပြီး ကျုပ်ဆီ
ကို ပြေးလာတာဗျို့။ ကျုပ်ကလည်း လက်ထဲ
က သစ်စုန်းဆေးတော်ကို ရှေ့ထုတ်ပြီး ပြ
လိုက်တော့ တစ်ရှိန်ထိုး ပြေးလာတဲ့ နားကား
ကြီး ဘုန်းကနဲ ဖင်ထိုင်လျက် လဲကျသွားတယ်
ဗျ။ ကျုပ်က သစ်စုန်းဆေးတော်ကို ကိုင်ပြီး သူ
မြင်သာအောင် ပြလိုက်တော့ ဒီကောင်ကြီး မ
ကြည့်ရဲ့ဘူးဗျ။ မျက်စိတွေကို လက်နဲ့ အုပ်
ထားတယ်။ ခဏနေတော့ ကုန်းကုန်းကြီး ထ
လာပြီး ကျုပ်ကို ကြည့်နေတယ်။
“ဟေ့ နားကားကြီး၊ ငါ့နာမည် တာတေကွ၊ ထနောင်းကုန်းမှာ နေတာ မင်း မှတ်ထား၊ ငါ့ဆရာကြီးတွေက အထက်ပုဂ္ဂိုလ်ကြီးတွေ
ချည်းပဲကွ နားကားကြီးရဲ့၊ မင်းကို ဒီနယ်ပယ်
ကနေ အပြီးနှင်ထုတ်လိုက်လို့ ရတယ်၊ ကြား
လား နားကားကြီး”
နားကားကြီးက ခေါင်းညိတ်ပြတယ်ဗျ။
“ဟောဒီ တစ္ဆေ ငမိုးက ငါ့သူငယ်ချင်းကွ၊ မင်း
သူ့ကို အနိုင်ကျင့်ရင် မင်းကို နယ်နှင်ပစ်မယ်
ကြားလား၊ ငါသူငယ်ချင်းကို နောက်ထပ်
ဘယ်တော့မှ အနိုင်မကျင့်နဲ့၊ ကြားလား နား
ကားကြီး”
ကျုပ်က လက်ထဲက သစ်စုန်းဆေးတောင့်နဲ့
ပစ်မလို့လုပ်လိုက်တော့ နားကားကြီး နောက်
လှည့်ပြီး ပြေးရောဗျို့။ပြေးတာမှ ကျွဲကြီးတစ်
ကောင် ကစုန်ပေါက်ပြီးပြေးသလိုကို ပြေး
တာဗျို့။ ဒီတော့မှ ကျုပ်က သစ်စုန်းဆေး
တော်ကို ကတ္တီပါအိတ်ထဲ ပြန်ထည့်လိုက်ပြီး
တော့ …
“ငမိုး သူငယ်ချင်း လာ၊ မင်းကောင်ကြီး ပြေး
ပြီကွ၊ လာ”
ကျုပ်က ခေါ်ပေမယ့် ငမိုးက ကျုပ်နားကို မ
ကပ်ရဲတော့ဘူးဗျ။
“လာပါကွ၊ ငါ ဆေးတော်ကြီးကို အိပ်ထဲ ပြန်
ထည့်လိုက်ပါပြီ”
ဒီတော့မှ ဒီကောင် ကျုပ်နားကို ကပ်လာတာ
ဗျို့။ ကျုပ်နဲ့ ငမိုး အေးအေးဆေးဆေးထိုင်ပြီး
စကားဆက်ပြောကြတယ်။
“ရွှေတောင်ဦးဘုရားပွဲရက်ဆိုရင် ငါတို့တစ္ဆေ
တွေ လွှတ်ပျော်ကြတာကွ တာတေရ”
“ဟေ…ဟုတ်လား၊ ဘာကြောင့်တုံး ငမိုးရဲ့”
“ဆွမ်းတော်ကပ်တဲ့ ထမင်းဟင်းတွေ၊ မုန့်ပဲသ
ရေစာတွေကို သင်ပုတ်ပေါ်မှာ လာတင်တာ
လေကွာ။ အဲဒါဆိုရင် တစ္ဆေသရဲတွေက စား
ခွင့်ရှိကြတယ်ကွ၊ အဲဒီမှာ ဝမ်းသာအားနဲ့ ပျော်
ပျော်ပါးပါး စားကြရတာပေါ့ကွာ၊ ဒီနယ်ကတင်
မကဘူးကွ၊ တခြားနယ်က တစ္ဆေတွေ၊ သရဲ
တွေပါ လာပြီး စားကြ သောက်ကြတယ်ကွ။
စားသောက်တဲ့အခါမှာ ရန်မဖြစ်ရဘူးကွ၊ သ
ရဲထိန်းတွေက ဆူးခက်တပ်ထားတဲ့ တင်း
ပုတ်ကြီးတွေ ထမ်းပြီး စောင့်ပေးရတယ်။ ရန်
ဖြစ်တဲ့ သရဲတွေ တစ္ဆေတွေကို ဆူးခက်တင်း
ပုတ်ကြီးတွေနဲ့ ရိုက်ပုတ်ပြီး အပြီးမောင်းထုတ်
လိုက်တာကွ။ ဘယ်တော့မှ ပြန်မလာရတော့
ဘူး။(သင်ပုတ်ဆိုတာ ဆွမ်းတော်စွန့်တဲ့အုတ်
ခုံကို ခေါ်တာဗျ) အဲဒါကို ကြောက်လို့ သရဲ
တွေ တစ္ဆေတွေက ရန်မဖြစ်ကြဘူးဟေ့။အား
လုံး သင့်သင့်မြတ်မြတ်နဲ့ မျှမျှတတ စားကြ
ရတယ်။ တခြားရွာတွေမှာ ဘုရားပွဲတွေ၊ ဆွမ်း
တော်ကြီးကပ်ပွဲတွေ ရှိရင်လည်း ငါတို့သွား
စားခွင့်ရှိတယ်ကွ။ ဒါပေမဲ့ ကိုယ့်ရွာက ဘုရား
ပွဲလောက်တော့ မပျော်ဘူးပေါ့ကွာ”
“သြော် …အဲဒီလိုဆိုရင် မင်းတို့ စားရသောက်
ရတာပေါ့”
“ငါကတော့ ဘုရားပွဲ မရှိလည်း စားရတာပါ
ပဲကွာ၊ ငါ့ရွာက လူတွေက ငါ့ကို အလှူ အ
တန်းလုပ်တိုင်း ခေါ်ပြီ ကျွေးကြ မွေးကြတာ
လေကွာ။ ဒါပေမဲ့ တခြားတစ္ဆေတွေ သရဲတွေ
က မစားရရှာဘူးကွ။ အစားအသောက် အင်
မတန် ရှားပါးကြတယ်။ ငါနဲ့အတူတူနေတဲ့
တစ္ဆေကြီးကိုတော့ ငါ့ကို ရွာက ကျွေးတာ
မွေးတာတွေကို ငါက ခေါ်ခေါ်ပြီး ကျွေးပါ
တယ်။ ဒါပေမဲ့ ငါတို့စားတဲ့ သောက်တဲ့အခါ
ရွာကလူတွေက ခွေးတစ်ကောင် စားနေ
တယ်လို့ပဲ မြင်ကြတာကွ”
“ဟေ…ခွေးလို့ မြင်တယ် ဟုတ်လား”
“ဟုတ်တယ် တာတေရဲ့၊ ခွေးတစ်ကောင် အစာစားနေတယ်လို့ပဲ မြင်တာကွ”
“ဖြစ်မှဖြစ်ရလေ သူငယ်ချင်းရယ်၊ မင်း ဒီ
ဘဝက ကျွတ်အောင် လုပ်ပါကွာ ငမိုးရာ”
“ငါ အခုတလောတော့ တော်တော်လေး
ပြောင်းလာပြီကွ တာတေရ၊ ငါ ဘုန်းကြီး
ကျောင်းတွေနား ဖြတ်သွားတဲ့အခါ ဘုန်း
ကြီးတွေ ဘုရားဝတ်တတ်တဲ့ အသံတွေ
ဘာတွေ ငါရပ်ပြီး နားထောင်လို့ ရလာပြီ
ကွ။ တစ်ခါတလေ တရားဟောတာကို
အစအဆုံး နာလို့ရလာတယ်။
ညဘက်သရက်ပင်ကြီးပေါ်မှာ ငြိမ်ထိုင်နေတုန်း
အိပ်မက် မက်သလို ဖြစ်သွားပြီး ငါက
အိမ်ကြီး တစ်အိမ်မှာ ကလေးလေး ပြန်ဖြစ်နေတယ်တဲ့ကွ”
“ဟာ…ဒါဆိုရင် မင်း လူပြန်ဖြစ်ဖို့ နီးနေပြီ
ထင်တယ်ကွ ငမိုးရ”
“အေးကွာ၊ လူပြန်ဖြစ်ရင်လည်း မင်းနဲ့ နီး
နီးနားနား နေရအောင် ထနောင်းကုန်းမှာပဲ
ပြန်ဖြစ်ချင်တယ်ကွာ”
“ဟာ…မင်း အဲဒီလိုတွေ စွဲလန်းမနေနဲ့ကွ
ငမိုးရ၊ မင်းကံအတိုင်း ဖြစ်ပါစေကွာ၊ ပြီး
တော့ ငါ မင်းကို တစ်ခုပြောချင်တယ်။
မင်း နွားတွေအပေါ်မှာလည်း သံယောဇဉ်
တွယ်မနေနဲ့ကွ၊ မင်းတို့ ငါတို့တွေက သ
ဗ္ဗေသတ္တာ ကမ္မဿကာ ဆိုတဲ့အတိုင်း ကံ
စီမံရာကို ခံကြရတာလို့ ဆရာတော် ဟော
ခဲ့တာကို မင်းလည်းနာခဲ့ရတာပဲကွာ”
“ငါ အခု နွားတွေကို သံယောဇဉ် မတွယ်
တော့ပါဘူး တာတေရာ”
“ဒါဆိုရင် ဒီလိုလုပ်ကွာ၊ မင်းအိမ်မှာ မင်း အ
တွက် ကုသိုလ်ကောင်းမှု လုပ်ပေးဖို့ ငါစီစဉ်
လိုက်မယ်၊ အဲဒီနေ့ကျရင် ငါတို့ဆရာတော်ဦး
ဂုဏကိုပင့်ပြီး တရားဟောပေးဖို့ ငါလျှောက်
မယ်၊ မင်း လာပြီး တရားကို သေသေချာချာ
နာ ငမိုး၊ ပြီးတော့ သာဓုခေါ်ကွာ”
“ငါ သာဓုလည်း ခေါ်နိုင်လောက်ပါပြီကွာ၊ ငါ
ဆက်ဆက်လာပြီး တရားနာပါမယ်”
ကျုပ် ရွာပြန်ရောက်တော့ ဘိုးညီလေးကို အ
ကြောင်းစုံ ပြောပြလိုက်တယ်။ ပြီးတော့ ကျုပ်
အမေနဲ့ အဘကို ပြောပြတယ်။ အဘနဲ့ ဘိုး
ညီလေး တိုင်ပင်ပြီး အလှူလုပ်ဖို့က တစ်
ယောက် တစ်ဝက် ထည့်ကြတယ်ဗျ။
ပြီးတာနဲ့ ကျုပ်က ရွာထဲက လူငယ်တွေစုပြီး
ငမိုးအတွက် အလှူလုပ်ဖို့ ပြင်ဆင်ရတာပေါ့
ဗျာ။ အဘကိုယ်တိုင် မြို့တက်ပြီး သင်္ကန်း
ပရိက္ခရာ ဝယ်တယ်။ ဆရာတော်ကို ပရိက္ခ
ရာ အစုံအလှူမှာဗျ။ ပြီးတော့ ရွာသားတွေ
ကို ထမင်းကျွေးမယ်လေဗျာ။
ဒီသတင်းကြားတော့ ရွာထဲက ငမိုးကို ချစ်တဲ့
အိမ်တွေက အလှူဝိုင်းထည့်ကြလို့ အလှူက
အကြီးအကျယ်ကြီး ဖြစ်သွားရောဗျို့။ ဒါနဲ့ င
မိုးတို့ အိမ်ဝိုင်းထဲမှာ အလှူမဏ္ဍပ်ထိုးပြီး သေ
သေချာချာ ချက်ပေးကြတယ်ဗျ။
ဆရာတော်ကိုလည်း ကျုပ်က အကျိုး အ
ကြောင်းအားလုံး လျှောက်ထားပြီး အလှူပင့်
တယ်။ ငမိုးကိုလည်း အလှူအကြောင်း
အသေးစိတ်ပြောပြပြီး ခေါ်ထားလိုက်တယ်။ပြီး
တော့ အလှူမဏ္ဍပ်ထဲမှာ ကပ်ထားတယ်ဗျ။
“ငမိုး(ခ)မောင်နွေမိုးရဲ့အလှူတော်”
စည်လိုက်တဲ့ အလှူဗျာ။ ဆရာတော်နဲ့ သံဃာ
တော်တွေကို ဆွမ်းကပ်ပြီး ဆရာတော်က တ
ရားဟော ရေစက်ချပေးတယ်ဗျ။
ကျုပ်က မျက်ကွင်းဆေး ကွင်းလာပြီး ငမိုးကို
သေသေချာချာ ကြည့်ရတာပေါ့ဗျာ။ ငမိုးက
အိမ်အတက်အဆင်းမှာ ထိုင်ပြီး ဆရာတော်
ဟောတဲ့ တရားကို သေသေချာချာ နာတယ်ဗျ။
ဆရာတော်လည်း အကြောင်းသိနေတာ
ဆိုတော့ ‘ဒကာလေး ငမိုး’လို့ ငမိုးရဲ့နာမည်
ကို တပ်ခေါ်ပြီး ငမိုးကို ရည်စူးဟောတော့
တာပေါ့ဗျာ။ ရေစက်ခွက်ကို ငမိုးကိုယ်စား
ငမိုးအမေက ကိုင်ပြီး ချပေးတယ်ဗျ။
တရားဆုံးလို့ အမျှဝေတော့ ကျုပ်သူငယ်ချင်း
ငမိုးက သေသေချာချာကို သာဓုခေါ်တာဗျ။
ကျုပ် သေသေချာချာ မြင်ရတယ်။ တရားပွဲ
ပြီးလို့ နောက်ဆုံးအကြိမ် သာဓု ခေါ်ပြီးတဲ့
အခါ အဆင်သင့်ပြင်ထားတဲ့ ကြေးစည်ကို
ထုလိုက်တာပေါ့ဗျာ။
“နောင်၊ ဝေ၊ ဝေ၊ ဝေ”
“နောင်၊ ဝေ၊ ဝေ၊ ဝေ”
ကျုပ် ကြည့်နေတယ်ဗျ။ ငမိုးက ထိုင်နေတဲ့
နေရာက မထဘဲ ငြိမ်နေတယ်ဗျ။ ကျုပ်သိ
တယ်။ ကျုပ်သူငယ်ချင်း ဘဝကူးနေပြီဆို
တာ။ ဟော ပျောက်သွားပြီဗျ။
ဟော ပျောက်သွားပြီဗျို့။ ငမိုး ပျောက်သွား
ပြီ။ ဝမ်းသာလိုက်တာဗျာ။ ကျုပ်ဖြင့် ဝမ်းသာ
လို့ကို မဆုံးနိုင်အောင် ဖြစ်သွားတာဗျို့
“တာတေ မင်းသူငယ်ချင်း ဘယ်လိုတုံး”
ကျောင်းပြန်ကြွခါနီး ဆရာတော်က ကျုပ်ကို
ကပ်မေးတယ်။ ကျုပ် မြင်နေမယ်ဆိုတာ ဆ
ရာတော် သိတယ်လေဗျာ။
“ငမိုး ကျွတ်သွားပါပြီ ဆရာတော်ဘုရား”
“မင်း သေသေချာချာ တွေ့လိုက်ရဲ့လား”
“တွေ့လိုက်ပါတယ်ဘုရား”
” အေးကွယ်၊ သာဓု၊ သာဓု၊ သာဓု”
လို့ ဆရာတော်က သာဓု သုံးကြိမ်ခေါ်ပြီး ပီတီ
ဖြစ်တဲ့ မျက်နှာနဲ့ ကျောင်းကို ပြန်ကြွသွားတယ်
ဗျ။ ကျုပ်လည်း ဝမ်းသာပြီး အလှူမှာ လုပ်စရာ
တွေ ဆက်လုပ်ရတာပေါ့ဗျာ။
ကျုပ် အိမ်ပြန်ရောက်လို့ အဘနဲ့ အမေကို
ပြောပြတော့ အဘတို့လည်း ဝမ်းသာကြတာပေါ့ဗျာ။

ပြီးပါပြီ။

#တာတေ
#မဖဲဝါ