မမြဲခန္ဓာ

*မမြဲခန္ဓာ*📖📖📖
***************
….
၁။
“နင် ငါ့အသားကို လာမထိနဲ့.. နင့် လူသေကောင်ကိုင်တဲ့လက်ကြီးနဲ့ ထွီ”

အော်သံကြောင့် စုမွန်သိန်း လက်ကိုဆွဲထားသည့် ဂွတို အလန့်တကြား နောက်ဆုတ်လိုက်မိသည် ။

ဘူတာရုံရှေ့ လက်ဘက်ရည်ဆိုင်တွင်ထိုင်နေသော ဆိုက်ကားဆရာ ကိုမောင်သိန်းတို့အုပ်စုပင် သူတို့နှစ်ယောက်အဖြစ်အပျက်ကို အာရုံစိုက်မိသွားကြ၏။

မန္တလေးအစုန်ရထားမဆိုက်ခင် ထမင်းထုတ်တောင်းကိုချကာ ထမင်းထုတ် များ စီနေသော စုမွန်သိန်း ကို ဂွတိုကရည်းစားစာ အတင်းပေးနေခြင်းပင်။

“စုမွန်သိန်းရာ..နင်ကလဲ..ဒီလိုကြီးတော့ မပြောပါနဲ့”

“ဘာမပြောရမှာလဲ… ငါက ထမင်းထုတ်လာလာ၀ယ်စားတဲ့ ဖောက်သည်မို့လို့ နင့်ကို ကောင်းကောင်းဆက်ဆံနေတာ.. နင်က အကန်းတက်တယ်ပေါ့လေ.. ဟမ်.. ဂွတို..”

ဂွတို တောင်းပန်မှ စုမွန်သိန်းအသံက ပိုကျယ်လာသဖြင့် ဘူတာရှေ့တွင် လက်မှတ်တန်းစီနေသော ခရီးသည်များပင် သူတို့နှစ်ယောက်ကို ဝိုင်းကြည့်ကြတော့သည် ။

“နင့်လို… ရင်ခွဲရုံက အပုပ်အပွတွေ ခွဲတဲ့ကောင်ကို လင် တော်ဖို့နေနေသာသာ… ရွံလွန်းလို့ပါအေ”

စုမွန်သိန်း အသံနှင့် ပတ်၀န်းကျင်က လူတွေအကြည့်ကို ဂွတို မခံနိုင်တော့..။

လက်ထဲက စာရွက်ခေါက်လေးကို ပစ်ချပြီး စုမွန်သိန်းရှေမှ ချာကနဲ့ လှည့်ကာ ပြေးထွက်သွားတော့သည် ။

စုမွန်သိန်း ထမင်းတောင်းကို ရွက်ပြီးထွက်သွားတော့ ဂွတို ကျကျန်ခဲ့သော စာရွက်ခေါက်လေးက ဆိုက်ကားဆရာ ကိုသိန်းတို့ လက်ထဲရောက်သွားသည် ။

“စုမွန်… စုမွန် ကို ဒို့ အရမ်းချစ်နေမိပီ ။ ဒို့ နှစ်လုံးသားအထဲက အချစ်ကို စုမွန် လက်ခံပေးပါ ။
စုမွန် နဲ့အတူ ဘ၀ ၁ ခု တီဆောက်ချင်တဲ့… ဂွတို”

ကိုသိန်း တို့ တသိုက် ဟားတိုက် ရယ်မောလိုက်ကြသည်။

၂။

ရေညှိတက်နေသော အုတ်နံရံကို မှီရင်း ဂွတို နောက်ဆုံးလက်ကျန် ပုလင်းထဲမှ ဘီအီးအရက်ကို ကောက်မော့လိုက်သည် ။

ပလပ်စတစ်အိတ်ဖြင့်ထုတ်ထားသော ညနေစာထမင်းထုတ်ထဲမှ ချဉ်ပေါင်ကြော်တစ်ဖတ်ကို အမြည်းလုပ်လိုက်သည် ။

နှစ်ပေါင်းများစွာ စွဲကပ်လာသည့် ပိုးသတ်ဆေးနံ့၊ သွေးညှီနံ့များနှင့် ဂွတိုသောက်ထားသော အဆီစပ်ဘီအီးအရက်အနံ့များက ရင်ခွဲရုံကျဉ်းကျဉ်းလေးထဲ ထွက်ပေါက်ပိတ်နေသလို လှိုဏ်ထနေသည် ။

လက်အိတ်နှစ်ဖက်ကို စွတ်နေစဉ် ဂွတို လက်အစုံက တုန်ရီနေသည် ။

ခြင်္သေ့သုံးကောင် ဆေးပေါ့လိပ် ဟုရေးထားသော စွပ်ကျယ်အစုတ်ကို ၀တ်ထားသည့် ဂွတို ၏ ရင်အုံ ကလည်း နိမ့်ချည်မြင့်ချည်ဖြင့် စိတ်လှုပ်ရှားသလို…။

သူ အသက် ဆယ့်ငါးနှစ်သားကတည်းက ရင်ခွဲရုံလုပ်သား လုပ်လာခြင်းဖြစ်သည် ။

အခု သူ့အသက်က နှစ်ဆယ့်ငါးနှစ်ဆိုတော့ လုပ်သက်ဆယ်နှစ်အတွင်း သူ ရင်ခွဲခဲ့သည့် ကိုင်တွယ်ခဲ့သည့် အလောင်းတွေက မရေတွက်နိုင် ။

လုပ်သက်ရလာသည်နှင့်အမျှ ဂွတို ကျွမ်းကျင်လာသည် ။

အနံအသက်တွေနှင့် အကျွမ်းတ၀င်ရင်းနှီးလာသည် ။

အသက်မဲ့သော ခန္ဒာကိုယ်များကို သူ့အတွက် ထမင်းကျွေးသောအလုပ်တစ်ခုအဖြစ် သဘောထားတတ်လာသည် ။

ဒါပေမယ့် ဒီနေ့တော့ ခါတိုင်းလိုမဟုတ် ။

အလုပ်လုပ်ခါနီး စိတ်တွေ အရမ်းလှုပ်ရှားနေသည် ။

ဒါကြောင့် ခုန အရက်တစ်လုံး၀ယ်ပြီး မူးအောင်သောက်လိုက်ရသေးသည် ။

ဂွတို ချည်တုံချတုံဖြင့် မတ်တပ်ထရပ်လိုက်ပြီး သူ့ရှေ့က ကျောက်ခုံပေါ်မှာ အရာကို လှမ်းကြည့်လိုက်သည် ။

လတ်လတ်ဆတ်ဆတ်ဖြစ်နေသော အသားတစ်စိမ်းစိမ်းတို့က သွေးတို့ပင် မခြောက်သေး..။

ရင်ခွဲရုံနံရံတွင်ချိတ်ထားသော လွယ်အိတ်ထဲမှာ ခဲတံချွန်ဓါး နှစ်လက်နှင့် ရဲဒင်းအသေးလေးတစ်လက်ကို ထုတ်လိုက်သည် ။

စက်ရုံတစ်ရုပ်လို ခံစားချက်ကင်းမဲ့သည့်မျက်နှာဖြင့် အလောင်းတင်ထားသည့် ကျောက်ခုံနားသို့ ဂွတို တိုးကပ်လာခဲ့သည် ။

အေးစက်စက်အထိအတွေ့တစ်ခုက ဂွတို၏ ဗိုက်ကို လာထိသည် ။

ဂွတို အလန့်တကြား နောက်ဆုတ်ပြီး ငုံ့ကြည့်မိလိုက်တော့ အလောင်း၏ လက်တစ်ဖက်က သူ့ဗိုက်ကို လာထိခြင်း..။

“အင်း.အခုတော့လည်း.လက်တစ်ဖက်သက်သက် ပါပဲလား…”

ဂွတို ပါးစပ်မှ အဓိပ္ပါယ်မဲ့ ရေရွတ်လိုက်ပြီး သက်ပြင်းချလိုက်သည် ။

ရထားပေါ်က ပြုတ်ကျပြီး ဦးဆက် ကြေသွားတာဖြစ်သည့်အတွက် မျက်နှာက ပုံပျက်နေမှာပင်..။
ဒီတော့ ဦးခေါင်းခွံကို အရင်ပြင်ဆင်ရမည်ဖြစ်သည်..။

လုပ်ငန်းသဘောအရ ဒီလို အလောင်းမျိုးဆို ဘယ်က စကိုင်ရမည်ကို ဂွတို သိပြီးသား..။
ဓားအသေးလေးကို အသာကိုင်လိုက်ပြီး..သက်ပြင်းထပ်ချလိုက်ပြန်သည် ။

နားထဲတွင်တော့ “နင် ငါ့အသားကို လာမထိနဲ့.. နင့် လူသေကောင်ကိုင်တဲ့လက်ကြီးနဲ့ ထွီ” ဟူသော နေ့လည်က အသံကို ပဲ့တင်ထပ်မျှ ပြန်ကြားနေရသည် ။

သုံးကြိမ်မြောက် သက်ပြင်းချပြီးနောက် ကျောက်ခုံပေါ်မှ ခန္ဓာကိုယ် ကို ဂွတို ကျွမ်းကျင်စွာ ခွဲစိပ်ကိုင်တွယ်တော့သည်။

ဘုံဘိုင်ခေါင်းမှ ကျလာသောရေဖြင့် လက်ကိုဆေးကြောလိုက်ပြီးနောက် ပုံပျက်ပန်းပျက်မှ ကြည့်ပျော်ရှုပျော်ဖြစ်သွားပြီဖြစ်သည့် အလောင်းကို သူတစ်ချက်လှမ်းကြည့်လိုက်၏ ။

ပန်းပုဆရာတစ်ယောက်က သူကိုယ်တိုင်ထုလုပ်ခဲ့သည့် ပန်းပုရုပ်ကို ကြည့်သည့်အကြည့်မျိုး..။
ပန်းချီဆရာတစ်ယောက်က သူကိုယ်တိုင်ရေးဆွဲခဲ့သည့် ပန်းချီကားကို ကြည့်သည့်အကြည့်မျိုး…။

အနုပညာရှင်တစ်ယောက်က ဖန်တီးမှုတစ်ခု ပြီးမြောက်သွားသည့် အကြည့်မျိုး။

ထိုအချိန်တွင် ရင်ခွဲရုံ၏ နံရံဘေးတွင် ချိတ်ထားသော အလောင်းစာရင်းစာရွက်လေးက လေမတိုက်ပါပဲ လှပ်ခနဲ လန်သွားသည်။

“ဘော်ဒီနံပါတ် ၀၄/၂၀၁၄ ၊ စုမွန်သိန်း ၊ (မ) စျေးရောင်း ၊ ၁၁.၉.၂၀၁၄ ၊ ကေ့စ် ၊ အက်ဆီးဒန့်(ရထားကြိတ်) ”

စာရွက်ပေါ်မှ စာလုံးများကို ဂွတို ထပ်ဖတ် မကြည့်မိအောင်ထိန်းရင်း ရင်ခွဲရုံခန်းသော့ကို ကောက်ကိုင်လိုက်တော့သည်။

ပြီးပါပြီ

ရွင်လန်းချမ်းမြေ့ကြပါစေ

စာရေးသူ =ခက်ဇော်အားလေးစားလျက်

Like&shareလေးနဲ့အားပေးကြပါအူံး