“ညောင်ညိုပင်က တစ္ဆေအို”(စ/ဆုံး)

“ညောင်ညိုပင်က တစ္ဆေအို”(စ/ဆုံး)

——————————————

ရာသီဥတုလေးက ကြည်လင်လို့နေသည်။ ကောင်းကင်ကြီးမှာလည်း အပြာတောက်တောက် ဖြစ်လို့နေကာ ဝါဂွမ်းစလေးများလို ဟိုတစ်စ ဒီတစ်စ ပျံ့ကျဲနေသော တိမ်တိုက်ကလေးများ နှင့် အလွန်ပင် ပနံရလိုက်ဖက်လို့နေ၏။ ထိုကောင်းကင်ကြီးအောက်တွင်ရှိသော အမြန်လမ်းကလေးပေါ်တွင်တော့ လူသယ်ယာဉ် အိတ်စ်ပက်စ် ကား အနီလေးကလည်း တရွေ့ရွေ့‌မောင်းနှင်လို့။

မရောက်ဖြစ်သည်မှာ အတန်ကြာနေ‌ပြီဖြစ်သော အဖိုး၏ ရွာကလေးကို ဒီလ ကျောင်းပိတ်ရက်ကလေးမှာ ကျွန်တော် သွားဖြစ်လိုက်သည်။ အတွေးသစ်အမြင်သစ်များ ရလိုသည်က တစ်ကြောင်း အဖိုးအား လွမ်းသည်ကလည်းတစ်ကြောင်း စသဖြင့် အကြောင်းပြချက်များနှင့် အတူ ကတ္တရာလမ်းနှင့်တာရာ ထိတွေ့ သံလေးကလည်း စည်းချက်ကျကျ ထွက်ပေါ်လို့နေလေသည်။

ရာသီဥတု မပူလောင်လွန်း၍‌သာ သက်သာလေ၏။ မဟုတ်လျှင် ကျောရော တင်ပါ ပူနေမည်မှာ ထိုလမ်း ခရီးကို မကြာခနလာရောက်ဖူးသော ကျွန်တော်သာ လျှင် အသိဆုံးဖြစ်သည်။

ယခု လိုက်ပါ စီးနှင်းလာသော ကားဆရာ နှင့်လည်း အတော်အတန်ရင်းနှီး နေပြီမို့ မည်သည့်နေရာတွင် ရပ်မည် မည်သည့်နေရာသို့ပို့ပေးပါ ဟုပင် ပြောနေစရာပင် မလို။ အတန်ကြာအောင် လိုက်ပါပြီးခဲ့သည့် နောက်မှာတော့ အဖိုးရဲ့ ရွာအ၀င်လေး ဆီသို့ ကားက ဆိုက်ဆိုက် မြိုက်မြိုက်ရောက်လာခဲ့ပါတော့သည်။ ထိုအခါ ကားဆရာ ကိုမြမောင်က

“ကဲ … ကိုယ့်ညီရေ … ရောက်ပီဟေ့ ”

ဟုဆိုကာ ကားကို အရှိန်သတ်ပြီး လမ်းဘေးတစ်နေရာတွင် ချရပ်ပေးလိုက်သည်။ ကျွန်တော်လည်း ခေတ္တတဖြုတ် အလည်လာသူမို့ ထွေထွေထူးထူး ပစ္စည်း ပစ္စယများ ယူမလာခဲ့ပါ။ ပေါ့ပေါ့ပါးပါး ကျောပိုးအိတ်ကလေး တစ်လုံးကိုသာ အ၀တ်အစား သုံးလေးစုံထည့်၍သာ ယူလာခဲ့သည်။

ကိုမြမောင် ရပ်ပေးသော နေရာတွင်သာ ကျွန်တော်လည်း ဆင်းလိုက်ပြီး ရွာအ၀င်လမ်းလေးကို စတင်လျှောက်ခဲ့လိုက်ပါသည်။

ယခင်ကတည်းက ရွာအထဲထိ ကားစီး မ၀င်ဘဲ လမ်းလျှောက်ကာ ဒေသန္တရဗဟုသုတများနှင့်အတူ ရွာ၏ အခြေအနေကို ကြည့်ရင်း အဖိုးအိမ်သို့ လမ်းလျှောက်သွားတတ်သည်မှာ အကျင့်တစ်ခုလိုပင် ဖြစ်လို့နေချေပြီ။

ရွာအပြင် ခပ်လှမ်းလှမ်း တွင်တော့ တောင်ကုန်းနိမ့် ကလေး တစ်ခုရှိ၏။ ထူးခြားသည်ကား ထိုတောင်ကုန်း ထိပ်ကလေးတွင် ထီးထီးကြီးပေါက်နေသော ညောင်ညိုပင်ကြီး ပင်။

ယခင်က တစ်ခါ နှစ်ခါခန့် ထိုညောင်ညိုပင်ကြီးအောက် သို့ ရောက်ခဲ့ဖူးသည်။ အရိပ်အာဝါသလည်း ကောင်းလှသလို အလှဓာတ်ပုံရိုက်ရန်အတွက်လည်း ရှုခင်းကောင်းများ ရှိသည်မဟုတ်ပါလား။

ညောင်ပင်ကြီးမှာ သက်တမ်းရင့် အပင်ကြီးလည်း ဖြစ်သလို ညောင်မုတ်ဆိတ်များလည်းရှိ၏။ တစ်ချို့ အမြစ်အကိုင်း များဆိုလျှင် လူကြီးပေါင်လုံးလောက်ပင် ရှိပေလိမ့်မည်။

ယခင်က တစ္ဆေ အခြောက်ကြမ်းသည်ဟု နာမည်ကြီးသော်လည်း ယခုမျက်မှောက်ကာလသို့ ရောက်လာသည့် အချိန်တွင်တော့ ထိုအရာကား ပုံပြင်လေး တစ်ခုလိုသာ ဖြစ်လို့နေချေပြီ။

ကျွန်တော် ကိုယ်တိုင် သုံးလေးကြိမ် ရောက်ခဲ့ဖူးသော်လည်း မည်သည့် တစ္ဆေ သရဲ တစ်ကောင်တစ်လေ မှ မတွေ့ခဲ့။ ကျွတ်တန်း၀င် သွား၍သာ ဖြစ်ပေလိမ့်မည်ဟု တွေးရင်း ထိုညောင်ညိုပင် ကြီးဖက် တစ်ချက်စောင့်ငဲ့ကြည့်ကာ အဖိုး ဦးအောင်သိန်း ၏ အိမ်သို့သာ ဆက်လျှောက်ခဲ့လိုက်မိပါတော့သည်။

+++++++++

‌”ဟော … ငါ့မြေးတောင် ရောက်လာပြီကိုး ”

“ဟုတ်တယ် … အဖိုးရေ … နေသိပ်မပြင်းလို့တော်သေးတယ် ”

“တို့လည်း မင်းကို မျှော်နေတာ … လာလာ အမောပြေ ရေနွေးလေး သောက်အုံး”

ကျွန်တော့်အား မြင်လျှင်မြင်ချင်း အဖိုးက ထိုသို့ပြောလေ၏။ အဖိုး နှင့်အတူ အဖော်တစ်ယောက်လည်း ရှိ၏။ ကျွန်တော်လည်း ကျောပိုးအိတ်ကို အသာချလိုက်ပြီး အဖိုးတို့ စကားဝိုင်းထဲ အလိုက်သင့်လေး ၀င်ထိုက်လိုက်သည်။ ပြီးနောက် ရေနွေးတစ်ခွက်ကို အသာဌဲ့ထားရင်း အအေးခံလိုက်၏။

“မြေး … ဒါက … အဖိုးရဲ့ သူငယ်ချင်း ထွန်းသစ်တဲ့”

“ဟုတ်ကဲ့ …”

“ငါ့မြေးက စာတိုပေစတွေရေးနေတယ် သတင်းရတော့ … အဖိုးက မင်းလာမယ်ဆိုကတည်းက … ဟောဒီက ထွန်းသစ်ကို ခေါ်ထားတာပဲကွ ”

အဖိုး မှာထိုသို့ပြောရင်း လက်ဖက်တစ်ဇွန်းကို ကော်စားလိုက်လေ၏။ အသက် ၇၀ ကျော်နေပြီဖြစ်သော်လည်း သန်တုန်းမြန်တုန်းပင်။

ယခုပင်လျှင် ပဲကြော်များပါသော လက်ဖက်သုပ် အားရပါးရစားနေပုံကို ကြည့်ကာ ကျွန်တော် သဘောကျနေမိ၏။

“အဲ့မှာ ငါ့မြေး သိချင်တာသာမေး … ထွန်းသစ်က ဗဟုသုတ ဟင်းလေးအိုးကြီးကွ … ကိုယ်တွေ့ရော ကိုယ်မတွေ့ရော … အစုံရတယ် … ”

အဖိုးက ထိုသို့ပြောတော့ အဘ ဦးထွန်းသစ်လည်း သဘောကျသလိုရယ်ကျဲကျဲ ဖြင့်

“မင်းအဖိုးပြောတာ မှန်တယ် ကောင်လေးရ ”

ဟူ၍ ထောက်ခံလိုက်ပါလေတော့၏။ ကျွန်တော် ကိုယ်၌ကလည်းစာမရေးဖြစ်တာ ကြာနေပြီမို့ ယခု အဘထွန်းသစ် နှင့် တွေ့သည့်အခါမှာတော့ ရေငတ်နေတုန်း ရေတွင်းထဲကျ ဆိုသလိုဖြစ်ရလေတော့သည်။

“ဒါဆို … အဘ မင်းကို ညောင်ညိုပင်က တစ္ဆေအကြောင်းပြောပြမယ်ကွာ … ”

ကျွန်တော်ဆိုသည်မှာလည်း ထိုကဲ့သို့ ထူးထူးဆန်းဆန်း ကိစ္စများကို သိပ်ငြင်းဆန်တတ်လေ့ ရှိသူမဟုတ်သည်မို့ ချက်ချင်းပင် ခေါင်းညိမ့်လိုက်ပါတော့သည် ။ ခရီးရောက်မဆိုက် နားဖို့ ရေမိုးချိုး ဖို့ကိုပင် ဒုတိယ နေရာထားလိုက်၏။

“အဘ ညောင်ညိုပင် ဆိုတာက ”

“တို့ရွာ အပြင်က … ညောင်မုတ်ဆိတ်တွေ ပြိုင်းပြိုင်းထနေတဲ့ ညောင်ပင်ကြီး အကြောင်းပေါ့ကွာ ”

အဘ ဦးထွန်းသစ် ထိုသို့အစချီလိုက်တော့ ကျွန်တော်လည်း စိတ်၀င်စားနေသော ရွာအပြင်က ညောင်ပင်ကြီး အကြောင်းဖြစ်နေသည်မို့ ၀မ်းပန်းတသာ နားဆင်လိုက်ပါတော့၏။

“အဲ့အချိန်တုန်းက အဘ အသက် ၁၂ နှစ်လောက်ပဲ ရှိအုံးမယ် ”

+++++++++++

( ၂ )

“ထွန်းသစ်ရေ ….”

“ဗျာ အဖေ”

ထွန်းသစ်တစ်ယောက် ရေဆွဲနေရာမှ ဖခင်ဖြစ်သူ ဦးပေသီး ကိုလှမ်းအသံပြုလိုက်လေ၏။

“အဖေ … ရွာတောင်ပိုင်းကို … အလုပ်ကိစ္စသွားစရာရှိလို့ … ”

“ဟုတ်ကဲ့ … ကျုပ်ဘာလုပ်ပေးရမလဲ ”

“အဲ့ဒါ … အဖေဒီနေ့အားမှာ မဟုတ်ဘူး … နွားတွေကို ငါ့သားပဲ သွားကျောင်းလိုက်တော့ ”

“ဟုတ် … ဟုတ်ကဲ့ သွားစရာရှိတာ အေးဆေးသာသွားပါ … ”

ဦးပေသီးလည်း သားဖြစ်သူ ထွန်းသစ်အား လိုအပ်သည်များ မှာကြားကာ ရွာတောင်ပိုင်းသို့ထွက်သွားလိုက်တော့သည်။

ထွန်းသစ် တို့မိသားစုကား စုစုပေါင်းသုံးယောက်သာ ရှိလေ၏။ ဦးပေသီး ရယ် ဒေါ်စိန်မြရယ် သားဖြစ်သူ ထွန်းသစ်ရယ်သာ ။

ဘိုးဘွားပိုင် လယ်ဧက မြောက်များစွာလည်း ရှိသလို အချို့ သူရင်းဌားတန်သည်ကား တစ်ပိုင်တစ်နိုင် လုပ်နိုင်သည် လုပ်ရင်း ဖြင့် သူတို့ မိသားစုကလေးမှာ အတော်ပင် ချောင်လည်လေ၏။ ရပ်ရေးရွာရေး ကိစ္စများတွင်လည်း စွမ်းစမ်းတမံ ပါ၀င်သည်မို့ ရွာထဲ၌လည်း ဦးပေသီး တို့ မိသားစု ဆိုပါက မျက်နှာပန်းလှလေ၏။

ထွန်းသစ်လည်း သောက်ရေသုံးရေ အတွက် လိုအပ်သလောက်ဖြည့်တင်းကာ ဖခင်ကိုပြောထားသည့် အတိုင်းနွားများ ကျောင်းပေးရပေအုံးမည်။

ထို့ကြောင့် အိမ်ထဲတွက် အသင့်ချိတ်ထားသော လောက်စာနှင့်လေးခွ ပါသော လွယ်အိတ်ကလေး ကို လည်ပင်းတွင် ကောက်စွပ်လိုက်တော့သည်။

“အမေ …. ကျုပ်နွားတွေကို စားကျက်မှာ သွားကျောင်းလိုက်အုံးမယ် ”

“အေအေ … သိပ်လည်း နောက်မကျစေနဲ့အုံးနော် နောက်ပြီးသူများ ကျောင်းတဲ့နေရာမှာပဲ ကျောင်း ဘယ်မှ ရှည်ရှည်ဝေးဝေး သွားမနေနဲ့ကြားလား ”

“ဟုတ်ကဲ့ပါ … အမေကလည်း … အရင်က မကျောင်းဖူးတာကျနေတာပဲဗျာ ”

ပြီးနောက် ထွန်းသစ်လည်း နွားများ ကိုတင်းကုပ်မှ ထုတ်ကာ ရွာလမ်းလေးအတိုင်း ကြိမ်တို့ရင်း မောင်းနှင် ခဲ့လိုက်ပါတော့သည်။ ရွာပြင် ကွင်းပြင်တွင်တော့ အလားတူ နွားကျောင်းနေသော ရွယ်တူ သူငယ်ချင်းများလည်း ရှိလေ၏။

နွားများကို ထိုကွင်းပြင်တွင် လွှတ်ထားကာ နွားကျောင်း လာသူများကတော့ အရိပ်ရသော နေရာကောင်းကောင်းများတွင် အိပ်သူအိပ် နားသူနား လို့နေနေကြသည်။

ထွန်းသစ်လည်း ထိုအရာများကိုကြည့်ကာ တခြားနေရာ သွားကျောင်းမှ ပါလေဟု တွေးမိရင်း ညောင်ညိုပင်ကြီးရှိရာ ကုန်းမြင့်လေး ဆီသို့ နွားများကို မောင်းလိုက်တော့သည်။ ထိုအရာကို ထွန်းသစ်၏ သူငယ်ချင်း ဖြစ်သူ ဘဇော်က တွေ့လိုက်တော့

“ဟေ့ကောင် ထွန်းသစ် … ဘယ်တုန်းဟ ”

“အော် …ငါ့နွားတွေကို ဟိုညောင်ညိုပင်ကြီးနား သွားကျောင်းမလို့ ဘဇော်ရ”

ဘဇော်လည်း ထိတ်ထိတ်ပျာပျာ ဖြစ်သွားကာ

“ဟာ … မင်းရူးနေတာလား … အဲ့ညောင်ပင်ကြီးနား ဘယ်သူမှ နွားမကျောင်းရဘူး … အဲ့မှာ ဂျပန်ခေတ်က တစ္ဆေအို ကြီးရှိတယ်ကွ ”

ထိုသို့ပြောလိုက်တော့ ထွန်းသစ်လည်း စပ်ဖြီးဖြီး အမူအရာဖြင့်

“အဲ့ဒါ သပ်သပ်ယုံတမ်း စကားတွေပါ … ရှိတယ်ထားအုံး … ငါ့အခုအသက်ရောက်တဲ့ အထိ တစ္ဆေဆိုတာ မမြင်ဖူးလို့ … မြင်စမ်းပါရစေကွာ ”

လို့ ဆိုပြီး သူ၏ အကောင်နှစ်ဆယ်ခန့်ရှိသော နွားများကို ထိုညောင်ညိုပင်ကြီးရှိရာ ကုန်း‌မြင့်ဖက်သို့ မောင်းသွားလိုက်ပါတော့၏။ ဘဇော်မှာ ခေါင်းတခါခါ လည်တခါခါ ဖြင့် တားလည်း မတားနိုင်လိုက်။

++++++++++

ကုန်းမြင့်ပေါ်ရောက်တော့ ထွန်းသစ်လည်း နွားများကို စားကျက်ကောင်းကောင်းတွင် လွှတ်ထားလိုက်ပြီး ညောင်ညိုပင်ကြီးအောက်တွင် ခေတ္တထိုင်နေလိုက်သည်။ နွားများမှာတော့ လတ်ဆတ်သော မြက်စို မြတ်နုများကို ရှာဖွေစားသောက်ရန် အတွက် ဟိုတစ်စ ဒီတစ်စ ပျံ့ကျဲသွားချေပြီ။

ထွန်းသစ်လည်း ပျင်းပျင်းရှိလာသည်မို့ စောစောက ဘဇော် ပြောလိုက်သလိုပဲ ဒီညောင်ပင်ကြီး တွင် တစ္ဆေအိုကြီး ရှိမရှိကို စူးစမ်းလိုစိတ်များဖြစ်လာလေတော့သည်။ ထို့ကြောင့်လည်း ကလေး ပီပီ

“ကဲ ညောင်ညိုပင်က တစ္ဆေအိုကြီးရေ … ခင်များ တကယ်ရှိတယ်ဆို တောင်ဖက်က ညောင်ကိုင်းကို ကူးပြစမ်းပါဗျို့ ”

“ဟာ ….”

ထူးဆန်းစွာပင် ထိုညောင်ပင်ကြီး၏ တောင်ဘက် ကိုင်းအဖျားမှာ လေမတိုက်ပဲ အပေါ်အောက် ယိမ်းသွားလေတော့၏။

“မြောက်ဘက် ကိုင်းကို ပြန်ကူးစမ်းပါဗျို့ ”

“ဖလပ် … ဖလပ် ”

“ဟာ ….”

သို့တိုင်အောင် ထွန်းသစ်မှာ သိပ်ဘ၀င်မတွေ့သေးပေ။ ကိုယ်လုံးကိုယ်ထည်ကို မမြင်ရသောကြောင့်ပင်။ ထို့ကြောင့် နောက်တစ်ဖန် ထိုတစ္ဆေအိုကြီးကို ထွန်းသစ်က တစ်ခုထပ်တောင်းဆိုလိုက်ပြန်တော့သည်။

“တစ္ဆေအိုကြီးရေ … ခင်များ တကယ်ရှိတယ်ဆိုရင် ဟောဟိုက ဂွဆုံမှာ လာထိုင်ပြစမ်းဗျို့ ”

ဆိုပြီး ပြောလိုက်ပြန်သည်။ တစ္ဆေကြီး ညောင်ဂွဆုံ ကိုလာအထိုင်မှာတော့ ထွန်းသစ်လည်း အသင့်ပါလာသော လေးဂွဖြင့် ညောင်ပင်ဂွဆို ကြားကို မှန်းကာ ပစ်ချလိုက်လေတော့၏။

“ဝှီး ”

“ဖတ် ”

“ဘုတ် ”

ထွန်းသစ်၏ လေးဂွ အသံနှင့်အတူ ညောင်ပင် ပေါ်မှ ဘုတ်ခနဲ တစ်စုံတစ်ရာ ပြုတ်ကျသွားသော အသံကို ထွန်းသစ် အတိုင်းသား ကြားလိုက်ရလေ၏။ သို့သော် သစ်ကိုင်း ကျိုးကျတာပဲ နေမှာပါ ဟု ပေါ့တန်တန် တွေးရင်း ထိုညောင်ညိုပင်ကြီး အောက်တွင် တရေးတမော ပင် အိပ်စက်လိုက်လေတော့သည်။

သူ နိုးလာတော့ ညနေပင် အတော်စောင်းနေချေပြီ။ နေလုံးကြီးကလည်း ပုစွန်ဆီရောင်သမ်းနေကာ တောင်စွယ်များ အနောက်သို့ တဖြေးဖြေး ငုပ်လျှိုး လို့နေလေပြီ။

ညောင်ပင် ကြီးပေါ်မှ တစ္ဆေအိုကြီးကတော့ ထွန်းသစ်အား ဒေါသ ဖြစ်လို့နေ၏။ အဘယ်ကြောင့် ဆိုသော် ထွန်းသစ်ပစ်ခတ်လိုက်သော လေးဂွလောက်စာလုံးမှာ တစ္ဆေကြီး၏ နဖူးတည့်တည့်ကို ထိမှန်သွားသောကြောင့်ပင်။

အောက်ဖက်ကွင်းပြင်တွင်တော့ နွားကျောင်းသား များလည်း တစ်ယောက်မှ မရှိတော့ ။ နွားများသိမ်းကာ ပြန်သွားကြပြီ ဖြစ်လေသည်။ ထို့ကြောင့်ထွန်းသစ်လည်း နွားများကို ပြန်စုကာ ရွာထဲသို့ ပြန်မောင်းလာခဲ့လိုက်ပါတော့ သည်။

လမ်းတစ်လျှောက် လေ‌ကလေး တချွန်ချွန်ဖြင့် ထွန်းသစ် ၎င်း၏ တနေ့တာ တာ၀န်ကို ကျေပွန်ခဲ့ပြီ မဟုတ်ပါလား။ ထို့ကြောင့် သွက်လက်သော ခြေလှမ်း ကလေးများဖြင့် အိမ်အပြန်လမ်းကို ဦးတည် လျှောက်လာခဲ့တော့သည်။

“ရှပ် … ရှပ် ”

အနောက်မှ ကပ်ပါလာသော ခြေသံ တစ်ခု။ ထွန်းသစ် အနောက်ကို လှည့်ကြည့်လိုက်တော့ မည်သူမျှ ရှိမနေပါ ။ သို့သော် မသိစိတ်ထဲတွင်တော့ သူ့အနောက် တစ်စုံတစ်ယောက် ကပ်လိုက်လာသည်ကို ခံစားမိလေ၏။ ရွာထဲရောက်တော့ နွားအုပ် နှင့် သူ့အား တွေ့သည် နှင့် တစ်ပြိုင်နက် ခွေးများက တရကြမ်းထိုးထိုးဟောင်လေတော့သည်။

အချို့ ဆွဲဆွဲငင်ငင် အူနေပုံကြီးကား ကြက်သီးထဖွယ်ကောင်း လွန်းလှပေ၏။ ထို့ကြောင့် ထွန်းသစ်လည်း ခပ်သွက်သွက်ပင် အိမ်သို့ အရှိန်တင်ကာ သွားလိုက်တော့သည်။ ပတ်၀န်းကျင်ကား မှောင်ရီပျိုးစပင် ပြုလို့နေချေပြီ။ နွားများကို အိမ်ထဲ မောင်း လိုက်ပြီး

“အမေ … ကျုပ်ပြန်ရောက်ပြီ ”

ဟုလှမ်းအသံပြုလိုက်၏။

“အေအေ … ခနနားပြီး ရေမိုးချိုးလိုက် … အမေ ညစာပြင်လိုက်အုံးမယ် ”

ဒေါ်စိန်မြထိုသို့ပြောနေတုန်းပင် ထွန်းသစ်မှာ နွားများကို တင်းကုပ်ထဲ သွင်းနေရင်းမှ ဘိုင်းကနဲ ပစ်လဲကျသွားလေပါတော့၏။ ဒေါ်စိန်မြလည်း ထိုအခြင်း အရာကိုမြင်လိုက်တော့ အိမ်ထဲမှ အတင်းပြေးထွက်လာခဲ့လိုက်သည်။ ထွန်းသစ်မှာတော့ သတိလစ်သွားချေပြီ။

“သား … သား … ထွန်းသစ် … ကိုပေသီးရေ … ရှင့်သား ဘာဖြစ်သွားလဲ လာကြည့်ပါအုံးတော့ ”

“စိန်မြ … သား ဘာဖြစ်လို့လဲ ”

“မသိဘူး…. နွားတွေကို တင်းကုပ်ထဲသွင်းနေရင်း တန်းလန်း လဲကျသွားတာပဲ ”

“ဟာ … ဒါတို ဘယ်ဖြစ်မလဲ … ဆေးဆရာ အမြန်ပင့်မှပေါ့ဟ …. သွားသွား … နင် သားကို သေချာကြည့်ထား … ငါဆရာပင့်ပြီး ပြန်လာခဲ့မယ် ”

ဦးပေသီးလည်း ပျာယာခတ်ကာ ဆေးဆရာပင့်ရန် အတွက် ခြံထဲမှပြေးထွက်သွားလိုက်တော့သည်။ တစ်အောင့်လောက်အကြာမှာတော့ ဆေးဆရာ ဦးဘောဂ နှင့် အတူ ဦးပေသီးပြန်ရောက်လာ၏။ သူတို့ရောက်လာ ချိန်တွင် ထွန်းသစ် သတိရကာ တစ်စုံတစ်ရာကို အော်ဟစ်ယောင်ယမ်းနေလေ၏။

“သတ်မယ် … သတ်မယ် … ငါမင်းကို သတ်မယ် ”

ထွန်းသစ်ဆီမှ ထိုသို့ ကြောက်မက်ဖွယ် အသံကြီးကို ကြားလိုက်ရတော့ ဆေးဆရာကြီးအပါအ၀င် ဦးပေသီး တို့ပါ စိုးရိမ်သွားကြလေ၏။ ဦးဘောဂလည်း အခြေအနေကို ရိပ်စားမိသွားကာ ဦးပေသီးကို အိမ်အပြင်သို့ အသာခေါ်ထုတ်သွားလိုက်တော့သည်။

“ကိုပေသီး … ခင်များသားက … ရောဂါဖြစ်တာ မဟုတ်ဘူး … ကျုပ်ထင်တာ မမှားရင်တော့ … ခင်များသား တစ်ခုခု မှားလာတယ်ထင်တယ် ”

“ကယ် … ကယ်ပါအုံး ဆရာရယ် … ကျုပ် ဘာလုပ်ရမလဲ ”

“ပယောဂ ဆိုရင်တော့ ကျုပ်လည်း မနိုင်ဘူး ကိုပေသီးရ … ရွာလယ်ပိုင်းက ဆရာကြီး ဦးသောင်းရွှေ ကတော့ ကုနိုင်မယ်ထင်တာပဲ … ဆရာကြီးက အထက်လမ်း အမှောင့်ပယောဂတွေလည်း နိုင်တယ် ”

ဦးဘောဂ ထိုသို့ပြောတော့ ဦးပေသီးလည်း

“ဒါဆိုလည်း ကျုပ်တို့ အခုပဲ သွားကြတာပေါ့ ”

ဟုဆိုကာ နှစ်ဦးသား ဆရာကြီး ဦးသောင်းရွှေထံ ထွက်လာခဲ့ကြပြန်၏။ ဆရာကြီးမှာ ရွာထဲက အမှောင့်ပယောဂ စုန်း ကဝေ အောက်လမ်း ပြုစားသမျှကို နှိမ်နင်းနိုင်သဖြင့် နာမည်ကျော်စောလေသည်။

ဆရာကြီး နှင့် တွေ့သမျှ ပယောဂ တိုင်းသည် ပျောက်ကြရစမြဲသာ ဖြစ်လေ၏။ ဦးပေသီး တို့လည်း ဆရာကြီး ဦးသောင်းရွှေ ၏ အိမ်သို့ ရောက်ခဲ့ကြလေပြီ။

“ဆရာကြီးရေ … ဆရာကြီး ရှိလား ”

“ဟေ့ … ဘယ်သူလဲဟေ့ … ငါအိမ်ထဲမှာရှိတယ်”

အိမ်ထဲမှ ဩဇာဓာတ်ပြင်းသော အသံကို ဦးပေသီး တို့ကြားလိုက်ရလေ၏။ ဆရာကြီး ဦးသောင်းရွှေ၏ အသံပင် ဖြစ်သည်။ ထို့ကြောင့် ဦးပေသီး တို့လည်း ဆရာကြီး၏ အိမ်ထဲသို့ ၀င်သွားလိုက်တော့သည်။

ဆရာကြီးမှာတော့ ဘုရား၀တ်တက်နေဟန်တူလေသည်။ ဆရာကြီးလည်း ၎င်း၏ အိမ်ထဲ ၀င်လာသော ဦးပေသီး၏ မျက်နှာကိုကြည့်လိုက်ရာမှာတော့ မကောင်းဆိုးဝါး၏ နှောက်ယှက်မှုကို ခံနေရမှန်း အတပ်သိလိုက်၏။ ဆရာကြီးမှာ အသက် ခြောက်ဆယ် ကျော်၀န်းကျင် ခန့်ရှိပြီး ယောဂီယောင် ၀တ်ဆုံကို ဆင်မြန်းထားလေသည်။

“ကဲ … ဆိုစမ်းပါအုံး … ”

“ဟုတ် … ဟုတ်ကဲ့ … ကျုပ်သားလေး … ထွန်းသစ် နွားကျောင်းပြီး ပြန်အလာ အပမှီလာလို့ပါ … ဆရာကြီး သူ တောထဲမှာ တစ်ခုခု အမှားလုပ်လာတယ် ထင်ပါတယ်ဗျာ ”

ဆရာကြီးလည်း ဦးပေသီး ပြောသမျှကို ခေါင်းတဆတ်ဆတ်ငြိမ့်ကာ နားထောင်လိုက်ပြီး ငွေဖလားတစ်လုံး နှင့် အတူ အင်းချပ်တစ်ချပ်ကို ယူလိုက်လေ၏။ ပြီးနောက် ထိုငွေဖလားထဲတွင် ရေထည့်ကာ စောစောက အင်းချပ်ကိုပါ ထည့်လိုက်ပြီး ဂါထာတစ်ခုကို ခပ်တိုးတိုး ရွတ်လိုက်၏။ ပြီးမှ

“စနေသား မောင်ထွန်းသစ် ကို အနှောက်အယှက် ပေးနေတဲ့ ပုဂ္ဂိုလ် ပေါ်စမ်း ”

ဟု အမိန့်ပေးလိုက်သည် နှင့်တစ်ပြိုင်နက် ဖလားထဲက ရေကြည်များမှာ ချက်ချင်း အနက်ရောင်ပြောင်းသွားသည်ကို ဦးပေသီး တို့ အံ့ဩဖွယ် တွေ့လိုက်ရပါတော့သည်။

တစ်ဖန် ထို အနက်ရောင် ရေပေါ်မှ အမွှေးထူထူ အစွယ်ဖွေးဖွေး ကြီးနှင့် တစ္ဆေကြီး၏ ပုံရိပ်မှ တဖြေးဖြေးပေါ်လွင်ထင်ရှားလာလေတော့၏။

ထိုအခါ ဆရာကြီးလည်း သက်ပြင်းကို တစ်ချက်ချလိုက်ရင်း

“ကဲ … မောင်ပေသီးရေ မင့်သားကတော့ … မကြာခင် အသက်နှုတ်ခံရတော့မယ် အခုတော့ နောက်မကျသေးဘူး … ‌ဆေးစွမ်း အထမြောက်အောင် ဆရာကြီးရဲ့ ဆေးလွယ်အိတ် ကို မောင်ပေသီး ပဲ ယူခဲ့လိုက်တော့ ”

ဟုဆိုကာ ဦးပေသီး၏ အိမ်သို့ ဆရာကြီး ဦးသောင်းရွှေ ကိုယ်တိုင်ကြွလေတော့၏။ ဦးပေသီး၏ အိမ်အရောက်မှာတော့ စောင်ကြမ်းလေးပေါ်တွင် လူးလှိမ့်နေသော ထွန်းသစ်ကို ဆရာကြီး တွေ့လိုက်ရလေ၏။ ဆရာကြီး လည်း ဦးပေသီး၏ ခြံထဲ ခြေချလိုက်သည် နှင့် တစ်ပြိုင်နက် ထွန်းသစ်မှာ ငေါက်ကနဲ ထထိုင်လေတော့သည်။

“မလာနဲ့ … ထွက်သွား … ထွက်သွား ”

ဟု ဆရာကြီးအား လက်ညိုးငေါက်ငေါက်ထိုးကာ အော်ဟစ်လေတော့သည်။ ထို့နောက် ဆရာကြီးလည်း ထွန်းသစ်အားကြည့်ကာ ရေသန့်တစ်ခွက်ကို ယူလိုက်တော့သည်။

ထွန်းသစ်မှာတော့ ဆရာကြီးအား စားတော့ဝါးတော့မည့်နှယ် မျက်လုံးရဲကြီးများဖြင့်ကြည့်ရင်း ထွက်သွား ထွက်သွား ဟုသာ တစာစာ အော်နေလေတော့သည်။ ဆရာကြီးလည်း အမွှေးတိုင် ဖယောင်းတိုင်များ ထွန်းကာ ဦးစွာ ဘုရား၀တ်တက်လိုက်သည်။ ပြီးမှ စောစောယူလာသော ‌ရေသန့်ခွက်ကို ဂါထာတစ်ခုအုပ်လိုက်လေ၏။

အဘ ဘိုးမင်းခေါင် ဘိုးတော်ပွင့် ဘိုးဘိုးအောင် စသော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များကိုလည်း ပင့်ဖိတ်ပြီး ထွန်းသစ်အား ပူးကပ်နေသော မကောင်းဆိုးဝါး တစ္ဆေကောင်ကြီးကို ထိန်းချုပ်ထားလိုက်တော့သည်။

ပြီးနောက် စောစောက ရေမန်းမန်းထားသော ရေစင်‌နှင့် တောက်ချလိုက်တော့သည်။

“အား … ပူတယ် … ပူတယ် ”

ထွန်းသစ် မှာ ထိုသို့သော အသံဩကြီးဖြင့် အော်ဟစ်တော့သည်။ ဆရာကြီးလည်း ရေမန်းဖြင့် ထပ်တောက်ကာ

“မင်းဘယ်သူလဲ … ‌ဘယ်ကလဲ … ဘာလို့ ကလေးကို ဒုက္ခပေးနေရတာလဲ ”

ထွန်းသစ်အား ပူးကပ်နေသော မကောင်းဆိုးဝါးကောင်ကြီးမှာ အတော်ခေါင်းမာပုံရ၏။

“မပြောဘူး … မပြောဘူး ”

တစ္ဆေကြီး ဘူးခံ ငြင်းလေ ဆရာကြီးမှာ ရေမန်းဖြင့် တောက်လေ လုပ်၏။ အတန်ငယ်ကြာလာတော့ တစ္ဆေကြီးလည်း မကျေနပ်ဘူး မကျေနပ်ဘူး သတ်မယ် သတ်မယ် ဟုသာ အသံဩကြီးဖြင့် အော်လေတော့သည်။ ထိုအခါဆရာကြီးလည်း

“မင်းဘာကြောင့် … ကလေးကို ခုလိုလုပ်ရတာလဲ”

“ကျုပ် မကျေနပ်လို့ လုပ်တာ … ”

တစ္ဆေကြီး စကားစပြောလာချေပြီ။

“ကလေးက မင်းကို ဘာလုပ်လို့လဲ …”

“သူ ကျုပ်ပိုင်တဲ့ ညောင်ညိုပင်ကြီးမှာ နွားလာကျောင်းတယ် …. ကျုပ်ကို တောင်ကိုင်း မြောက်ကိုင်း ကူးပြခိုင်းတယ် … ကျုပ် ကူးပြပါတယ် … ဒါပေမယ့် ညောင်ပင် ဂွဆုံကို ထိုင်ပြပါပြောတော့လည်း ကျုပ်ထိုင်ပြတယ် … ကျုပ် ထိုင်လိုက်တော့ ဒီကလေးက သရေဂွနဲ့ လှမ်းပစ်တယ် … သူပစ်လိုက်တဲ့ လောက်စာလုံးက ကျုပ်နဖူးတည့်တည့်ကို မှန်ပြီး သစ်ပင်ပေါ်က ပြုတ်ကျရတယ် … ဒါကြောင့် မကျေနပ်လို့ ဂုတ်ချိုးဖို့ လိုက်လာတာ”

ထိုအခါမှ ဆရာကြီးတို့ ဖြစ်ကြောင်းကုန်စင်ကို ဇာတ်ရည်လည်သွားကာ

“ကဲ … ကလေးဆိုတော့ တစ်ကြိမ်တစ်ခါမှားတာ ခွင့်လွှတ်လိုက်ပါ … တစ္ဆေကြီး ကျေနပ်အောင် မနက်ဖြန်ကျရင် အမဲသား တစ်ပိဿာနဲ့ တောအရက်တစ်လုံး တိုက်ပါ့မယ် … ဒီကလေးကိုတော့ ခွင့်လွှတ်ပေးလိုက်ပါ”

ထိုအခါ တစ္ဆေကြီး၀င်ပူးနေသော ထွန်းသစ်လည်း ငုတ်တုတ်ထိုင်နေရာမှ ပျော့ခွေလဲကျသွားလေပါတော့၏။ ပြီးနောက် သတိပြန်လည်လာတော့

“သား … သား … သက်သာလား ”

“အဖေ … ကျုပ်ဘာဖြစ်သွားတာလဲ …”

“သား ဘာမှမဖြစ်ဘူး …. မူးလဲသွားတာ … ကဲ နားလိုက်အုံး … အဖေလည်း ဟောဒီက အဘဆရာကြီး တွေကို အိမ်ပြန်ပို့လိုက်အုံးမယ် ”

ထွန်းသစ်မှာတော့ ဖြစ်ခဲ့သမျှ ဘာကိုမှ မှတ်မိဟန် မတူပေ။ ဦးပေသီးလည်း ဆရာကြီး ဦးသောင်းရွှေ၏ ဆေးလွယ်အိတ်ကလေး ဆွဲကာ အိမ်သို့ လိုက်ပါပို့ဆောင်ပေးလိုက်လေပါတော့သတည်း။

++++++++++

မနက်ရောက်တော့ ဦးပေသီးလည်း ဈေးထဲမှ အမဲသား တစ်ပိဿာနှင့် တောအရက်တစ်လုံး၀ယ်ကာ ဒေါ်စိန်မြအား ချက်ပြုတ်စေ၏။ ထွန်းသစ်မှာတော့ အိပ်ရာထဲမှ မထနိုင်သေးပေ။

ညနေစောင်းရောက်တော့ ‌ဦးပေသီး နှင့် အတူ ဒေါ်စိန်မြလည်း ထန်းခေါက်တောင်းထဲတွင် အမဲသား ချက်နှင့် တောအရက်ကိုထည့်ကာ ရွာပြင် ကုန်းမြင့်လေးပေါ်က ညောင်ညိုပင်ကြီး ဆီသို့ ထွက်ခဲ့လိုက်တော့သည်။

ညောင်ပင်ကြီးဆီအရောက်မှာတော့ အသင့်ပါလာသော ဌက်ပျောဖက်ပေါ်တွင် အမဲသား ချက်နှင့် တောအရက်ကို အဖုံးဖွင့်ကာ ချထားပေးလိုက်၏။ ပြီးမှ ဦးပေသီးက

” ညောင်ညိုပင်ကြီးတွင် နေထိုင်သော တစ္ဆေကြီး ခင်များ … ကတိအတိုင်း ကျွန်ုပ်သားလေး၏ အမိုက်အမှားအတွက် အမဲသားချက်တစ်ပိဿာ နှင့် တောအရက်ကို လာရောက်ပူဇော် တောင်းပန်အပ်ပါသည်။ အသင် တစ္ဆေကြီး ခွင့်လွှတ်သည်ဆိုပါက ထူးထူးခြားခြား တစ်ခုခုလုပ်ပြပါ ”

ဟုပြောလိုက်သည်နှင့် တစ်ပြိုက်နက် ညောင်ညိုပင်ကြီးမှာ လေမတိုက်ဘဲ ဘယ်ညာ ယိမ့်ထိုးသွားသည်ကို ဦးပေသီး တို့ ကြက်သီးထဖွယ်တွေ့လိုက်ကြရတော့သည်။ ညောင်သီးများလည်း တဖုတ်ဖုတ် ကြွေကျလာကာ ဦးပေသီး နှင့် ဒေါ်စိန်မြလည်း ထိုနေရာမှ ခပ်သုတ်သုတ် လစ်ထွက်လာခဲ့လိုက်တော့သည်။

ဦးပေသီးလည်း အိမ်ပြန်ရောက်တော့ အိပ်ရာပေါ်တွင် လဲနေသော ထွန်းသစ်အားကြည့်ကာ သက်ပြင်း ကိုသာ တွင်တွင်ချနေမိတော့သည်။ ထွန်းသစ် လေး သက်သာပါ့ သက်သာပါ့မလားဟူသော အတွေးတို့ဖြင့်။

မနက်ရောက်တော့ ဦးပေသီးလည်း ညောင်ညိုပင်ကြီး ထံတစ်ဖန်သွားကာ ကြည့်လိုက်တော့ ညက လာထားထားခဲ့သော အမဲသားချက် နှင့် တောအရက်တို့မှာ ဗလာသပ်သပ်သာ ကျန်နေသည်ကို အံ့ဩဖွယ်တွေ့လိုက်ရလေတော့၏။ ညောင်ညိုပင်က တစ္ဆေအိုကြီးပဲ စားလိုက်လေသလား သို့မဟုတ် ခွေးတစ်ကောင်တစ်လေ လာရောက်စားသောက်သွားလေသလား။

ထွန်းသစ် အတော်အတန် ထူထောင်လာခဲ့ချေပြီ။ တစ္ဆေကြီး၏ သဘောထားကြီးစွာ ခွင့်လွှတ်မှုကြောင့် အသက်ဆက်ခွင့် ရသည်ဟုပဲ ဆိုရပေတော့မည်။ ထွန်းသစ် လုံးလုံးနေကောင်း သွားသည့် အချိန်ရောက်မှ ဦးပေသီးလည်း ဖြစ်ကြောင်း ကုန်စင်ကို ပြောပြလိုက်သည်။

ထိုအခါမှ ထွန်းသစ် လည်း အကြောက်ကြီးကြောက်သွားကာ နောင်အခါ ပါးစပ်လက် မသရမ်းဖို့ သင်ခန်းစာ ကောင်းကောင်း ရသွားခဲ့ပါလေတော့သတည်း။

++++++++++

( ၃ )

“ဖြစ်ပုံကတော့ … အဲ့ဒါပဲ … ကောင်လေးရေ ”

ကျွန်တော်လည်း အဘ ထွန်းသစ်၏ ဇာတ်လမ်း‌တွင် စီး၀င်နစ်မျောရင်းမှ အချိန်မည်မျှကုန်သွားခဲ့သည်မသိ။ အဘထွန်းသစ်လည်း အနည်းငယ် အာခြောက်သွားဟန်တူသည် စောစောက အအေးခံထားသော ရေနွေးကြမ်းကို ကျိုက် ခနဲနေအောင်မော့ပစ်လိုက်၏။

“ကြောက်စရာကြီးပါလား … အဘရာ … အဘကတော့ တကယ်စံပဲလို့ပြောရမယ် ”

“အေးကွယ့် … အဲ့တုန်းက ငယ်လည်းငယ် အရာရာကို စူးစမ်းချင်တော့ ခုလိုဖြစ်ရတာပဲ … အသံကြောင့် ဖားသေ ဆိုသလိုပေါ့ကွယ် … အဘကတော့ ဘာရယ် မဟုတ်ဘူး ဒီတိုင်း ကလေးသဘာ၀ ပါးစပ်ဆော့ လက်ဆော့ လိုက်တာ … ကံကောင်းလို့ မသေတယ် … ဟားဟား ဟား ”

“ဟုတ်ပဗျာ … အခုရော အဲ့ညောင်ညိုပင်ကြီးမှာ တစ္ဆေအိုကြီး ရှိသေးလား အဘ ”

ထိုအခါ အဘထွန်းသစ်လည်း အတန်ကြာအောင် ငိုင်သွားပြီးမှ

“အခုတော့ မရှိတော့ဘူးထင်တာပဲကွယ့် … အချိန်တွေလည်း ကြာခဲ့ပြီ မဟုတ်လား ”

“ဘာပဲပြောပြော … ကျုပ်အတွက် ရေးစရာကုန်ကြမ်း ရသွားလို့ကျေးဇူးတင်တယ် အဘရာ …”

“အသုံးတည့်ရင်ကိုပဲ ၀မ်းသာပါတယ်ကွယ် … ကဲ အဘလည်း ပြန်အုံးမယ် … ကိုအောင်သိန်းရေ ကျုပ်ပြန်ပြီ ”

“အေအေ … အားရင်လည်း စကားစမြည်လေး ပြောရအောင် လာအုံးနော် … ငါ့မြေးက ဒီမှာ တစ်ပတ်လောက်နေအုံးမှာ ”

“ကောင်းပါပြီဗျာ … ကောင်းပါပြီ ”

ဟု ဆိုကာ ထိုင်နေရာမှ လေးလေးပင်ပင်ကြီး ထလိုက်လေသည်။ အသက်တွေကြီးလာခဲ့ပြီ မဟုတ်ပါလား။ ကျွန်တော်လည်း အဘ ဦးထွန်းသစ်အား ခြံရှေ့ထိ လိုက်ပို့ပြီးနောက် ရေမိုးချိုးအနားယူလိုက်ပါတော့၏။

ကျွန်တော် မြို့ပြန်တော့မည့် နေ့ရောက်သည့် တိုင် အဘထွန်းသစ် ရောက်မလာပါတော့ချေ။ပြန်ရမည့် နေ့မနက်‌တွက်တော့ အဖိုးဦးအောင်သိန်းအား ဦးချနှုတ်ဆက်ကာ လာစဉ်ကအတိုင်း ကျောပိုးအိတ်ကလေး နှင့် ထွက်လာခဲ့လိုက်ပါတော့သည်။ ကားဆရာ ကိုမြမောင်ကို လည်း ဖုန်းဆက် ထားပြီးပြီမို့ ရွာထိပ်ကလေး တွင် မကြာမီ သူလာကြိုပေလိမ့်မည်။ တစ်အောင့်လောက်ကြာတော့ ကားရောက်လာခဲ့ပြီ ။

ကျွန်တော်လည်း ကားပေါ်တက်ကာ မျက်စိအစုံကို တောင်မြောက် ဝဲယာ ကြည့်လိုက်စဉ်မှာတော့ ကုန်းမြင့် ကလေးပေါ်က ညောင်ညိုပင်ကြီးဆီအကြည့်က ရောက်လို့သွားတော့သည်။ ထိုညောင်ညိုပင်ကြီး အောက်မှ ကျွန်တော့ အားလက်ပြနှုတ်ဆက်နေသည့် လူအိုကြီး တစ်ယောက် ။ ထိုလူအိုကြီးကား အဘ ဦးထွန်းသစ်ပင် ။

ကားကလေးမှာ အင်ဂျင်သံလေး တချက်ချက် နှင့် အတူ စတင်ရွှေ့လျားနေချေပြီ။ ကျွန်တော့် အား လက်ပြကာ ကျန်ရစ်ခဲ့သော ညောင်ညိုပင်ကြီးအောက်မှ အဘဦးထွန်းသစ်၏ ပုံရိပ်ကလေးကတော့ ဝေး‌ရင်းဝေးရင်း သေးရင်းသေးလို့ ……………

 

( ပြီးပါပြီ )

ရေးသားသူ-သူရေး

စာဖတ်သူတို့အား အစဉ်လေးစားလျက်