သန်းခေါင်ယံငိုသံ

ဧကြည်ဖြူ

“သန်းခေါင်ယံငိုသံ “(စ/ဆုံး)

 

“အိမ်ကကျယ်လိုက်တာ နင်နဲ့တော့အကိုက်ပဲပေါ့ ငုဝါ …စာအေးအေးဆေး ရေးပါလိမ့် … ”

မှန်ပါသည်။ သူငယ်ချင်းဖြစ်သူပြောသကဲ့သို့ပင် ငုဝါငှါးလိုက်သောအိမ်မှာကျယ်ဝန်းလှပါသည်။ပေရှစ်ဆယ် ပေခြောက်ဆယ်ကျယ်ဝန်းသော ခြံထဲတွင် ပေနှစ်ဆယ်ပေငါးဆယ် အကျယ်ရှိသော အိမ်ကိုဆောက်လုပ်ထားခြင်းဖြစ်ပါလေသည်။အိမ်လေးသည် ပျဉ်ထောင်သွပ်မိုး ခြေတံရှည်အိမ်မြင့်လေး ဖြစ်သည်။အိမ်ရှေ့တွင် ဝရံတာလေးထုတ်ထားသည်။အိမ်ထဲသို့ ၀င်လိုက်လျှင် ဧည့်ခန်းကိုဦးစွာရောက်သည်။ပြီးလျှင် အိမ်မကြီးဘုရားခန်းဖြစ်သည်။ ဘုရားခန်းပြီးလျှင် အိပ်ခန်းနှစ်ခန်း။အိပ်ခန်းပြီးလျှင် ထမင်းစားခန်း မီးဖိုချောင်ဖြစ်သည်။ထို့နောက်တွင်မှ ရေချိုးခန်းအိမ်သာရှိသည်။အိမ်လေးသည် သာမန်ရိုးရိုးအိမ်တစ်လုံး ပုံစံသာ ဖြစ်သည်။ထူးထူးခြားခြားဆို၍ အိပ်ခန်းများပေါ်တွင် ဆောက်လုပ်ထားသော ထပ်ခိုးတစ်ခုပါရှိသည်။

“အတွင်းဘက်က မီးမလာရင် မှောင်တယ်နော် … နင်နေရဲရဲ့လား ”

ငယ်ပေါင်းသူငယ်ချင်းတွေမို့ ငုဝါအကြောင်းကို သိသော သူငယ်ချင်းဖြစ်သူက မေးသည်။

“နေရဲပါတယ် …ဘေးမှာလဲအိမ်တွေရှိတာပဲ … ပြီးတော့ လူမနေထားတဲ့ အိမ်ဟောင်းမှ မဟုတ်တာ…လူတွေနေသွားတာပဲဟာ ”
ပြောမယ့်သာ ပြောလိုက်ရသည်။ငုဝါရင်ထဲ ထိတ်ခနဲတော့ ခုန်လှုပ်သွားမိသည်။ငုဝါက သရဲတစ္ဆေ လျှို့ဝှက်ဆန်းကြယ် ဇာတ်လမ်းများကို ရေးသော တက်သစ်စ စာရေးဆရာတစ်ယောက် ဖြစ်သည်။လျှို့ဝှက်ဆန်းကြယ် အကြောင်းများကို ရေးသော စာရေးဆရာ ဆိုသော်လည်း ငုဝါက ကြောက်တတ်သည်။ပြောရမည်ဆိုလျှင် စာရေးသူကိုယ်တိုင်က ကြောက်တတ်၍ ကြောက်ကြောက်နှင့် ရေးလိုက်သော စာမူများမှာ ပို၍အသက်ဝင်နေသည်ဟု ပြောရလေမည်လား။လူ့စိတ်သည် ဆန်းတော့ ဆန်းကြယ်လှပေသည်။ကြောက်တတ်သူများသည် ကြောက်စရာ လန့်စရာ ကိစ္စများကို ပို၍စိတ်ဝင်စားတတ်ကြသည်။သိချင်ကြသည်။လေ့လာစူးစမ်းချင်ကြသည်သာ။ ငုဝါ သည် ငယ်စဉ်က အလွန်ကြောက်တတ်သည်။ကြမ်းပေါက်ကလေးရှိလျှင်ပင် မထိုင်ရဲလောက်အောင် ကြောက်လန့်တတ်သူဖြစ်သည်။သို့သော် သရဲတစ္ဆေ အကြောင်း ပြောလျှင် ငုဝါ အလွန်စိတ်ဝင်စားသည်။သရဲ တစ္ဆေ အကြောင်းရုပ်ရှင်၊ ဗီဒီယိုကားများနှင့် စာအုပ်များကို အလွန်ဖတ်သည်။သို့နှင့်ပင် ငုဝါသည် သရဲတစ္ဆေနှင့် လျှို့ဝှက်ဆန်းကြယ် ဇာတ်လမ်းများကို ရေးသားသူတစ်ယောက် ဖြစ်လာခဲ့သည်။

~~~~~~~~~~~~~~~~~

ညခုနှစ်နာရီပင်ရှိသေးသော်လည်း တိတ်ဆိတ်လွန်းသော ပတ်ဝန်းကျင်ကြောင့် ငုဝါစိတ်ထဲ အားငယ်သလိုလိုဖြစ်နေမိသည်။ယခင် ငုဝါ နေခဲ့သောနေရာဆိုလျှင် ည ဆယ်နာရီ ဆယ့်တစ်နာရီပင်လျှင် လူသံ၊ကားသံများကြားနေရသောကြာင့် သည်နေရာနှင့် အကွာကြီးကွာလှပေသည်။

ငုဝါသည် ညကိုးနာရီထိုးပြီးနောက်တွင် ဖွင့်ထားသောတီဗီကို ပိတ်လိုက်ပြီးလျှင် အိပ်ရာဝင်ရန်ပြင်လိုက်သည်။သည်နေ့ညမှာ ပင်ပန်းလွန်းသောကြောင့် စာမရေးဖြစ်ဘဲ နောက်နေ့မှသာ ရေးရန် ဆုံးဖြတ်လိုက်လေသည်။

~~~~~~~~~~~~~~~~~~

ငုဝါအိပ်နေရင်းမှ ဖျတ်ခနဲ လန့်နိုးလာမိသည်။နိုးနိုးချင်းမှာပင် ငုဝါ တစ်ကိုယ်လုံး ချွေးစီးများထွက်နေသည်ကို သိလိုက်ရသည် ။ငုဝါ မအိပ်ခင် ဖွင့်ထားခဲ့သောပန်ကာကိုကြည့်လိုက်မိသည်။ပန်ကာကပိတ်နေသည်။နောက်ဖေးဘက်တွင် ထွန်းထားသော မီးအလင်းရောင်ကို တွေ့နေရသောကြောင့် မီးပျက်၍ ပန်ကာပိတ်သွားခြင်းမဟုတ်မှန်းကို ငုဝါသိလိုက်သည်။ သို့ဆိုလျှင် ပန်ကာ အဘယ်ကြောင့် ပိတ်သွားပါသနည်း ။ပင်ပန်းသောအရှိန်ကြောင့်ငုဝါ ကြာရှည် မစဉ်းစားနိုင်ပါဘဲ ပန်ကာကို ပြန်ဖွင့်လိုက်ပြီးလျှင် ပစ္စုပ္ပန်အခြေအနေကို မေ့သွားပြီး ပြန်အိပ်လိုက်လေသည်။

~~~~~~~~~~~~~~~~~~~
သည်တစ်ကြိမ် ငုဝါနိုးလာရခြင်းသည် ပန်ကာ ပိတ်သွားသောကြောင့် ပူအိုက်လှသဖြင့် နိုးလာခြင်း မဟုတ်ဘဲ အကြောင်းမဲ့သက်သက် နိုးလာရခြင်းဖြစ်ပါလေသည်။အကြောင်းမဲ့သက်သက်ဆိုသော်လည်း ခြင်ထောင်ဘေးတွင် တစ်ယောက်ယောက်ထိုင်နေပြီး ငုဝါကို စောင့်ကြည့်နေသလို ခံစားနေရသောကြောင့် လန်နိုးလာရခြင်းဖြစ်လေသည်။ငုဝါသည် နိုးနိုးချင်းမှာပင် ခြင်ထောင်ဘေးရှိအမှောင်ထဲသို့ မျက်လုံးအပြူးသားနှင့် ကြည့်လိုက်မိသည်။ငုဝါ အိပ်နေသော အခန်းထဲသို့ အိမ်ရှေ့နှင့်မီးဖိုချောင်သို့ ဆက်သွယ်ထားသော စင်္ကြန်လမ်းမှ မီရောင်ခပ်မှိန်မှိန်သည် ကွက်တိကွက်ကြားကျရောက်လျက်ရှိပေသည်။ဟိုတစ်စ သည်တစ်စ အလင်းရောင် ခပ်မှိန်မှိန်အောက်တွင် အခန်းထဲရှိ ပစ္စည်းများ၏ အရိပ်များကိုကြည့်ရသည်မှာ အနည်းငယ် ထိတ်လန့်တုန်လှုပ်ချင်စရာဖြစ်လေသည်။ငုဝါသည် အိပ်ရာမှ အသာထလိုက်ပြီးလျှင် အပေါ့အပါးသွားရန်အတွက် အိမ်သာရှိရာသို ထွက်လာခဲ့သည်။

ခြေလှမ်းများကိုတစ်လှမ်းချင်းလှမ်းနေရင်းမှ အနောက်မှ တစ်ယောက်ယောက်လိုက်ပါလာသလို ခံစားလိုက်ရသောကြောင့် ငုဝါနောက်ဘက်ဆီသို့ လှည့်၍လှည့်၍ ကြည့်မိလေသည်။ထိုအခါ ရှည်ရှည်မျောမျော အရိပ်ကြီးတစ်ခုကို တွေ့လိုက်ရသောကြောင့် ငုဝါရင်တွေဒိန်းခနဲ ခုန်လှုပ်သွားမိပြီးလျှင် ရုတ်တရက် ခြေဖျားလက်ဖျားများပင် အေးစက်သွားလေသည်။ပြီးမှ အသေအချာ ထပ်မံကြည့်မိလိုက်သောအခါ ထိုရှည်ရှည်မျောမျော အရိပ်ကြီးမှာ မိမိ၏အရိပ်ပင်ဖြစ်ကြောင်းကို သိလိုက် ရပြီး ငုဝါ သက်ပြင်းကို ချလိုက်မိလေသည်။

~~~~~~~~~~~~~~~~~~~

ငုဝါအိမ်သာမှ ပြန်ထွက်လာသောအခါတွင်လည်း အလာတုန်းကကဲ့သို့ပင် ငုဝါ၏ အနီးအပါးတွင်တစ်ယောက်ယောက်ရှိနေသည်ကဲ့သို့ ခံစားရပြန်သောကြောင့် ဘေးဘီဝဲယာ နေရာအနှံ့သို့ ကြည့်မိပြန်လေသည်။သို့သော်လည်း ဘာဆိုဘာမျှ မတွေ့ရပေ။သို့ပါလျက်နှင့် ငုဝါမှာ မိမိနှင့် အတူတစ်ယောက်ယောက်ရှိနေသကဲ့သို့ ခံစားနေရလေသည်။ငုဝါ မရဲတရဲဖြင့် အိမ်၏ နေရာအနှံ့သို့လိုက်ကြည့်နေရင်းမှ ထပ်ခိုးဆီသို့ အကြည့် ရောက်သွားမိလေသည်။
လျှောက်လမ်း၏ မီးရောင်သည် ထပ်ခိုးအထိ မရောက်ရှိနိုင်သောကြောင့် ထပ်ခိုးတစ်ခုလုံး မှောင်မည်း၍ နေလေသည်။ငုဝါသည် မှောင်မည်းနေသော ထပ်ခိုးဆီသို့ ကြည့်နေမိရင်းမှ ထပ်ခိုးဆီမှ ခေါင်းကြီး ငိုက်စိုက်ချလျက် ဆံပင်ဖားလျားနှင့်ဖြူဖြူအရိပ်ကြီးဆင်းလာသကဲ့သို့ မြင်ယောင်မိလေသည် ။ ထို့နောက် ထပ်ခိုးသို့ တက်သော လှေကား၏ထိပ်တွင် မည်းမည်းသဏ္ဍာန် အကောင်ကြီးတစ်ကောင် ငုတ်တုတ်ကြီး ထိုင်နေသကဲ့ စိတ်မှ မြင်ယောင်မိပြန်လေသည်။ငုဝါသည် မိမိ စိတ်ထဲမှ ထင်ချင်ရာထင်မြင်ချင်ရမြင်နေမိပြီးသည့်နောက် ထိတ်လန့်ကြောက်ရွံ့စိတ်သည် သာ၍ပင် ဆိုးလာသောကြောင့် အိပ်ခန်းထဲသို့အမြန်၀င်လိုက်ပြီးလျှင် ဖုန်းဖြင့် ပရိတ်ပဋ္ဌာန်းတရားများကို ခပ်တိုးတိုးဖွင့်ထားလိုက်သည်။အမှန်စစ်စစ် ငုဝါသည် ကြောက်လန့်တတ်သူဖြစ်သော်လည်း ဤမျှလောက် အသည်းငယ်သူတစ်ယောက်မဟုတ်ပါချေ။ယခုမူ ငုဝါ သည် ပထမဆုံး ညမှာပင် ညနက်သန်းခေါင်အချိန်တွင် လန့်နိုးလာပြီးနောက် ပြန်၍ မအိပ်ရဲအောင်ပင် ဖြစ်နေမိလေသည်။ပြန်အိပ်မည် အကြံနှင့် မျက်လုံးကို စုံမှိတ်လိုက်သော်လည်း ခြင်ထောင်အပြင်မှနေ၍ မိမိအား တစ်စုံတစ်ယောက်က ကြည့်နေသလို ခံစားနေရသောကြောင့် မအိပ်ရဲအောင်ပင် ဖြစ်နေမိလေသည်။

.~~~~~~~~~~~~~~~~~

ငုဝါ မနက် ကိုးနာရီကျော်မှ နိုးလားခဲ့ပြီး ကော်ဖီတစ်ခွက်ဖျော်လိုက်ပြီးလျှင် ခြံထဲသို့ အညောင်းအညာပြေ လမ်းလျှောက်ရန် ဆင်းခဲ့သည်။

“တူမကြီး နေရတာ အဆင်ပြေရဲ့လား …အကူအညီလိုရင် ပြောနော် ”

ဘေးခြံမှ အဒေါ်ကြီး၏ စကားသံကြောင့် ငုဝါလည်း အားတက်သလိုဖြစ်သွားရပြီး

“ကျေးဇူးပါ ဒေါ်ဒေါ် … ရောက်စမို့ အိပ်လို့တော့ မပျော်ဘူး …အိမ်ကလဲကြီးတော့ စိတ်ထဲ ချောက်ချားနေမိသလို ဖြစ်နေတယ် ”

ငုဝါသည် စိတ်ထဲ ခံစားနေရသည့်အတိုင်း ဘေးခြံမှ အဒေါ်ကြီးကို ပြောလိုက်မိသည်။

“ဪ … တစ်ယောက်တည်း ဖြစ်နေလို့ နေမှာပါကွယ် … အိမ်က သန့်ပါတယ် …အရင်နေသွားတဲ့ မိသားစုမှာ ဆိုရင် ကလေးတွေပါပါတယ်လေ … ကြောက်စရာ ဘာမှမရှိပါဘူးကွယ် ”

“ဒါနဲ့ သူတို့က ဘာလို့ ပြောင်းသွားကြတာလဲ ဒေါ်ဒေါ် ”

ငုဝါလည်း မေးလက်စနှင့် မထူးပြီးမို့ သိချင်နေသော အကြောင်းအရာကို မေးလိုက်သည်။
.
“သူတို့က ခြံပိုင်ဝယ်လိုက်လို့ ပြောင်းသွားကြတာကွဲ့ …အခြားကြောင့် မဟုတ်ပါဘူး …ပြောမယ်ဆိုရင် …ဒီအိမ်နဲ့ ဒီခြံက ဘာဘာညာညာတွေ မရှိပါဘူးကွယ် … ဒေါ်ကြီးတို့ မိသားစု ဒီအိမ်ဘေးမှာနေလာကြာလှပေါ့ ဒီအိမ်မှာ လူလဲ မသေဖူးဘူး…..ပြီးတော့ အိမ်ဆောက်ထားတာလဲ လေးငါးခြောက်နှစ်ပဲရှိသေးတယ်လေ……ထူးထူးခြားခြားဆိုရင် ဒီအိမ်မှာ နေသွားတဲ့သူတွေ အကုန် စီးပွားတက်သွားကြတာကွဲ့ …ဒါပေမဲ့ တစ်ခုတော့ ရှိတယ်ကွဲ့ ”

အဒေါ်ကြီးသည် စကားပြောနေရင်းမှ ခြံစည်းရိုးနားမှ နွယ်ပင်များကို ဓါးနှင့်ခုတ်ဖြတ်နေသောကြောင့် ပြောလက်စ်စကားကို ရပ်တန့် လိုက်လေသည်။ငုဝါမှာ အဒေါ်ကြီးပြောမည့် နောက်ဆက်တွဲစကားကို သိချင်လွန်းသောကြောင့် ခြံစည်းရိုးနားသို့ တိုးကပ်၍သွားမိပြီး မေးလိုက်မိလေသည်။

“ဒါပေမဲ့ ဘာဖြစ်လို့လဲ ဒေါ်ဒေါ် ”

” သိပ်အထူးခြားကြီးတော့ မဟုတ်ပါဘူးကွယ် … ဒီအိမ်ကလူမမြဲဘူးကွဲ့ … အိမ်ဆောက်ပြီး ခြောက်နှစ်အတွင်းမှာ မိသားစု ဆယ်စုမကဘူး ပြောင်းလာလိုက် ပြန်ပြောင်းသွားလိုက်ကြန့် ကြာရှည်မနေကြဘူး … ဒုက္ခရောက်ပြီး ပြောင်းသွားကြတာတော့ မဟုတ်ပါဘူးကွယ် … ဘာတွေညာတွေ မရှိတာမို့ စိတ်အေးအေးနဲ့ သာနေပါကွယ် ”

~~~~~~~~~~~~~~~~~

ယမန်နေ့က အိပ်ရေးဝဝမအိပ်ခဲ့ရသောကြောင့် ယနေ့ညလည်း ငုဝါသည် ညစာစားပြီးနောက် ဘုရားရှိခိုးအမျှဝေပြီး ခပ်စောစောအိပ်ဖို့ဆုံးဖြတ်လိုက်သည်။သည်နေ့အဖို့မှာတော့ ဘေးခြံမှ အဒေါ်ကြီး၏ စကားကြောင့် ငုဝါမှာ စိတ်အေးလက်အေးရှိနေသည်မှာ အမှန်ပါပင်။
ငုဝါ ပန်ကာကိုနံပတ်တစ်မှာထားလိုက်ပြီး အိပ်ရာထဲသို့ ၀င်လိုက်သည်။မိုးဦးဝင်ကာစ ရာသီဖြစ်သော်လည်း အနည်းငယ်ပူသောကြောင့် အအေးကြိုက်သော ငုဝါက ညလုံးပေါက်ပင် ပန်ကာကို ဖွင့်အိပ်လေ့ရှိသည်။သို့မှသာလည်း အပူဒဏ်ကို မခံနိုင်သော ငုဝါအဖို့ အိပ်ပျော်နိုင်သည်ဖြစ်ပေသည်။

~~~~~~~~~~~~~~~~~~~~
အိပ်ပျော်နေရာမှ ငုဝါဖျတ်ခနဲ လန့်နိုးလာမိပြန်သည်။ငုဝါသည် နိုးနိုးချင်းမှာပင် ခြင်ထောင် အပြင် အခန်းထောင့် အမှောင်ထဲသို့ စူးစိုက်၍ ကြည့်လိုက်မိသည်။အခန်းထောင့် အမှောင်ထဲတွင် လှုတစ်ယောက် ငုတ်တုတ်ထိုင်နေပြီး ငုဝါကို စူးစိုက်ကြည့်နေသလို စိတ်က ထင်မိပြန်သည်။ကျောထဲမှလည်း စိမ့်ခနဲ စိမ့်ခနဲ အေးလာသလို ခံစားလာရပြီးလျှင် ရင်ထဲ၌လည်း တလှပ်လှပ် ခုန်လှုပ်လာပြန်သည် ။ ထိုစဉ် ခေါင်းထက်တည့်တည့်ရှိ ထပ်ခိုးပေါ်မှ အိမ်မြှောင် စုတ်ထိုးသံကို ကြားလိုက်ရသောကြောင့် ငုဝါ ရင်တွေ တဒိန်းဒိန်းခုန်လှုပ်သွားပြီး ဖုန်းမီးလေးနှင့် တောင်မြောက် အရပ်လေးပါးသို့ လိုက်လံ၍ ထိုးကြည့်မိပြန်လေသည်။ထိအခါ ပတ်ဝန်းကျင်သည် ပြန်လည်၍တိတ်ဆိတ်သွားပြန်လေသည် ။ငုဝါသည် အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီးလျှင် မီးခလုတ်ရှိရာသို့ တုန်တုန်ယင်ယင်နှင့် ထသွားလိုက်ပြီး မီးခလုတ်ကို ဖွင့်လိုက်သည်။ လင်းထိန်သွားသော အခန်းထဲတွင် ငုဝါ အနည်းငယ်မျှ ကြောက်စိတ်ပြေသွားမိလေသည်။

~~~~~~~~~~~~~~~~~~

” ငုဝါ မျက်တွင်းတွေလဲကျလို့ ပိန်သွားလှချည်လားဟယ် … စာတွေ ဘယ်လောက်တောင် ရေးနေတာလဲ ”

သူငယ်ချင်းဖြစ်သူ၏စကားကြောင့် ငုဝါမှာ ` ငိုချင်ရဲ့ လက်တို့ “ဆိုသလို ဖြစ်သွားမိပြိလျှင် သူငယ်ချင်းကိုဖြစ်ကြောင်း ကုန်စင်ကို ပြောပြလိုက်သည်။

“သေချာလို့လားဟယ် …ငါတို့စုံစမ်းရသလောက် ဒီအိမ်က သန့်ပါတယ် … နင်ရေးမဲ့ဇာတ်လမ်းအကြောင်း စဉ်းစားရင်း စိတ်ထဲ စွဲသွားလို့ များလားဟယ် … အရင် အိမ်ငှားတွေက ဟိုဘက်ရပ်ကွက်မှာတင်နေတာဆို မေးကြည့်ပါလား ”

သူငယ်ချင်းဖြစ်သူ၏ အကြံပြုစကားကို နားတောင်ပြီးနောက် ငုဝါက ပြန်ဖြေလိုက်သည်။

“ဘယ်နေမလဲဟာ ..မေးပြီးပေါ့ …သူတို့ပြောတာ ဟုတ်တော့လည်း ဟုတ်တယ်… ငါလဲ တစ်ခါမှ အခြောက်မခံရပါဘူးဟယ်…ဒါပေမဲ့ ပြောင်းလာတဲ့နေ့ကတည်းက ကောင်းကောင်း မအိပ်ခဲ့ရဘူးလေ … ခုဆို ရက်ကြာလာတာနဲ့အမျှလူလည်း လူမမာရုပ်ပေါက်နေပြီလေ…စာလဲ နေ့လယ်နေ့ခင်းမှာခဏတစ်ဖြုတ်လောက်ပဲရေးနိုင်တယ်လေ .. ”

“မိန်းမရေ မင်းသမီးကတော့ ….တွေ့သမျှမုန့် လိုက်ဆွဲနေတာပဲ ”

“ကိုသက်အောင်တို့ သားအဖပါ လိုက်လာတာလား ”

” ဟုတ်ပ ငုဝါရေ … ပိတ်ရက်မို့ပျင်းလို့တဲ့လေ …”

ငုဝါတို စကားပြောနေစဉ်မှာ တစ်နှစ်ကျော်အရွယ် ကလေးငယ်လေးကို ချီပိုးပြီး အိမ်ပေါ်သို့ တက်လာသော သူငယ်ချင်း၏ခင်ပွန်း ဖြစ်သူကိုသက်အောင်ကို ငုဝါ နှုတ်ဆက်စကားပြောလိုက်သည်။

“အီ..ဟီး …ဟီး .ဟီး ”

” သမီးလေး ဘာလို့ငိုတာလဲကွယ် … လာ …လာ …မေမေ့ဆီကိုလာ .”

ကိုသက်အောင် အိမ်ပေါ်သို့ တက်လိုက်သည်နှင့် ကလေးက အထိတ်တလန့်နှင့် ငိုပါလေသည်။ မိခင်ဖြစ်သူက ဆွဲခေါ်ယူလိုက်ပြီး ချော့သော်လည်း ကလေးမှာ အငိုမတိတ်ဘဲရှိလေသည်။

“ငုဝါရေ ငါအောက်ဆင်းပြီး ကလေးချော့လိုက်အုံးမယ်ဟာ ”

” ဟုတ် … ဟုတ်ကဲ့ ကိုသက်အောင် ”

ငုဝါသည် ကိုသက်အောင်ကို ယောင်ကန်းကန်နှင့် ခေါင်းငြိမ့်ပြလိုက်မိသည်။

“သမီးလေးက အိမ်က မှောင်လို့ ငိုတာဖြစ်မယ် ငုဝါ …”

သူငယ်ချင်းဖြစ်သူ၏ စကားကို ငုဝါ ဘာမှပြန်မပြောဘဲ ငြိမ်သက်စွာ နားထောင်နေမိလေသည်။

“နင် ဒီမှာ နေရတာ အဆင်မပြေလဲ ….တို့အိမ်လိုက်နေပါလား ”

” ရပါတယ်ဟာ … နောက်ဆို နေသားကျသွားမှာပါ ”

သူငယ်ချင်းဖြစ်သူကို ငုဝါခေါင်းခါပြရင်း ငြင်းဆန်လိုက်သည်။ကိုယ့်ကြောင့် သူများကို အလုပ်ရှုပ် စိတ်မရှုပ်စေလိုပါလေ။အိမ်လခ အဆုံးခံပြီး ပြောင်းရအောင်လည်း ငုဝါမှာ ငွေများများစားစားရှိသည်မဟုတ်ပေ။

~~~~~~~~~~~~~~~~~~~~~
ပန်ကာကို ခြင်ထောင်အပြင် ခပ်ဝေးဝေးမှာ ထားလိုက်ပြီးလျှင် ငုဝါ အိပ်ရာထဲသို့ဝင်လိုက်သည်။ ယနေ့အဖို့မှာတော့ ညသန်းခေါင် တရေးနိုး အချိန်တွင် ပိတ်နေတတ်သော ပန်ကာကိစ္စကို အမိဖမ်းရန်အတွက် ငုဝါ ကြံစည်ထားသည်။ ယခင်နေ့တွေတုန်းက ပန်ကာကို ခြင်ထောင်ထဲသို့ ထည့်အိပ်ခြင်းဖြစ်သောကြောင့် ငုဝါကိုယ်တိုင်များ အိပ်ချင်မူးတူးနဲ့ ပိတ်မိလေသလားဟု ထင်ယောင်ထင်မှား ဖြစ်နေမိသောကြောင့် ယခုကဲ့သို့ စမ်းသပ်ရခြင်းဖြစ်လေသည်။

~~~~~~~~~~~~~~~~~~~

သတိနှင့် အိပ်နေသောကြောင့် ငုဝါ မကြာခဏဆိုသလို လန့်နိုးနေမိသည်။ ဒုတိယအကြိမ်မြောက် လန်နိုးလာချိန်ထိ ပန်ကာက လည်နေဆဲဖြစ်သောကြောင့် ငုဝါ ရင်ထဲမှ စိုးရိမ်ထိတ်လန့်မှုများ အနည်းငယ် ပြေလျော့သွားမိသည်။ငုဝါခြင်ထောင် အပြင်ကို ခဏတာမျှစူးစိုက်ကြည့်လိုက်မိပြီးနောက်ပြန်လည် အိပ်လိုက်သည်။

~~~~~~~~~~~~~~~~~

“အမယ်လေး ”

ငုဝါ သည် အိပ်ပျော်နေရင်းမှာ မိမိလက်ကို အေးစက်စက် အရာတစ်ခုက လာရောက်ထိတွေ့လိုက်သလို ခံစားလိုက်ရသောကြောင့် အိပ်ချင်မူးတူးနှင့် ယောင်အော်လိုက်မိသည်။ပြီးနောက် အိပ်ရာထဲမှ ကြုံးရုန်းထလိုက်ပြီးလျှင် ခြင်ထောင်ဘေးကို အထိတ်တလန့်နှင့် ကြည့်လိုက်မိသည်။

“ဟင် ” ပန်ကာမှလေကို မရရှိတော့သောကြောင့် ငုဝါ အထိတ်တလန့်နှင့် ဖုန်းမီးကို ဖွင့်ကာပန်ကာကို ထိုးကြည့်လိုက်မိသည်။

“အား ”

ဖုန်းမီးအလင်းရောင် အောက်တွင် ငုဝါ မြင်လိုက်ရသည်မှာ ခြင်ထောင်ဘေးတွင် ငုတ်တုတ်ထိုင်ကာ ဖြူဖြူဖွေးဖွေးမျက်နှာကြီးနှင့် ငုဝါကို စိုက်ကြည်နေသော မျက်နှာကြီးကိုတွေ့လိုက်ရသောကြောင့် သွေးပျက်မတက် အော်လိုက်မိသည်။သို့သော်လည်း အသံမှာ ထွက်မလာဘဲ ငုဝါတစ်ကိုယ်လုံးပါ လှုပ်ရှား၍ မရအောင် ဖြစ်နေလေသည်။ငုဝါအထိတ်တလန့်နှင့် ရုန်းကန်လှုပ်ရှားရင်း အော်ဟစ်နေမိသည်။ထိုအချိန်ထိ ဖြူဖြူဖွေးဖွေး မျက်နှာကြီးမှာ ငုဝါကို စိုက်ကြည့်နေဆဲပင် ဖြစ်လေသည်။ငုဝါ ဇောချွေးများပြန်လာပြီးလျှင် ကြောက်လန့်တကြားနှင့် နေရာမှ ထရန် အားကုန် ကြိုးစားလိုက်ရာ ငုဝါ တစ်ကိုယ်လုံး လှုပ်ရှား၍ ရသွားလေသည်။ထိုအခါမှပင် ငုဝါအိပ်မက်မက်နေသည်မှန်းကို သိလိုက်ရသည်။ငုဝါ တုန်တုန်ယင်ယင်နှင့် အိပ်ရာထဲမှထလိုက်ပြီး ခြင်ထောင် ဘေးကို ကြည့်လိုက်မိသည်။ထိုအခါ ညဦးက အသေအချာဖွင့်ထားခဲ့သော ပန်ကာမှာ ပိတ်နေသည်ကို တွေ့လိုက်ရသည်။ထိတ်လန့်လွန်းသဖြင့် ငုဝါတစ်ကိုယ်လုံး ချွေးဒီးဒီးကျနေပြီဖြစ်လေသည်။ခြင်ထောင် အပြင်သို့ ထွက်လိုက်ပြီးလျှင် တစ်အိမ်လုံးရှိမီးများကိုလိုက်ဖွင့်လိုက်သည်။တစ်အိမ်လုံး ထိန်ထိန်လင်းသွား၍ ကြောက်စိတ်ပြေလျော့သွားသော်လည်း ငုဝါ၏စိတ်ထဲတွင် အနီးအပါးမှ တစ်စုံတယောက်ကပ်လိုက်လာသလိုခံစားနေရပြီး ခြေသံတရှပ်ရှပ်ကိုပါ ကြားယောင်နေမိလေသည်။

~~~~~~~~~~~~~~~~~~~

“ဪ ညီမက ( ….) အိမ်ကို ငှါးလိုက်တဲ့သူလား ”

“ဟုတ်ပါတယ် အစ်မ …အဲ့ဒါကြောင့် ဟိုလေ …အစ်မတို့နေခဲ့တုန်းကရော ဘယ်လိုတွေကြုံခဲ့သလဲဟင် ..”

ငုဝါသည် ယခုလက်ရှိ မိမိနေနေသော အိမ်၏ ပိုင်ရှင်ဟောင်းကို မေးလိုက်မိသည်။ သူကလည်း ငုဝါနှင့် မျက်မှန်းတန်းမိနေပြီဖြစ်သောကြောင့် ငုဝါကို ကောင်းကောင်းမွန်မွန်ပင် ပြန်၍ ဖြေလေသည်။

“ဘယ်လိုပြောရမလဲ …မကောင်းတာဘာညာတော့ မကြုံဖူးပါဘူးကွယ် …. ဒါပေမဲ့ အိမ်မှာ တစ်ယောက်တည်း နှစ်ယောက်တည်းကျန်ခဲ့ရင်တော့ အလိုလိုနေရင်းစိတ်ချောက်ချားသလိုဖြစ်မိကြတယ် … ခြောက်တာလှန့်တာ မခံကြရရဘဲ အလိုလို ကျောစိမ့် မိတာမျိုးပေါ့ …ဒါနဲ့ အစ်မတို့လဲ အရင် အိမ်ရှင် အဆက်ဆက်ကို စုံစမ်းကြည့်တော့ အိမ်မှာ လူသေထားတာလဲ မရှိဘူးတဲ့… ဒါပေမဲ့ သူတို့တွေလဲ အလိုလိုနေရင် ထိတ်လန့်နေမိကြလို့ ပြောင်းကုန်ကြတာတဲ့လေ …ညီမလေးက တစ်ယောက်တည်းသမားဆိုရင်တော့ အဲ့ဒီမှာ မနေပါနဲ့ကွယ် ….အခြားမှာပြောင်းနေပါလား ”

~~~~~~~~~~~~~~~~~~~
ငုဝါ အိမ်ရှေ့ ၀ရံတာလေးမှာ ထိုင်ရင်း အိမ်အကြောင်းကို တွေးနေမိသည်။ခြံထဲတွင် ကြီးကြီးမားမားသစ်ပင်ဆို၍ ခြံဝမှ ပိတောက်ပင်ကြီး သာရှိသည်။သို့ပါလျက် အိမ်သည် အဘယ်ကြောင့် ထိတ်လန့်ချောက်ချားဖွယ်ဖြစ်နေသည်ကို စဉ်းစား၍ မရနိုင်အောင် ဖြစ်နေမိလေသည်။

“တူမကြီးရေ ဒေါ်ဒေါ် ဝင်ခဲ့မယ်နော် ”

“ဟုတ်ကဲ့ ဒေါ်ဒေါ် ဝင်ခဲ့ပါ ”

ဘေးအိမ်မှ အဒေါ်ကြီးသည် ပြောပြောဆိုဆိုနှင့် ခြံထဲသို့ဝင်လာသောကြောင့် ငုဝါ လှမ်းနှုတ်ဆက်လိုက်သည်။

“တူမကြီး နေရတာ အဆင်မပြေဘူးလား …”

” အဆင်မပြေတာထက် စိတ်က ချောက်ချားနေမိတာပါ ဒေါ်ဒေါ် …ဘာရယ်မှန်းလဲ သေချာမသိပါဘူး ”

ဘေးခြံက အဒေါ်ကြီး၏ အမေးကို ငုဝါ အလိုက်သင့်ဖြေလိုက်သည်။

“ဒေါ်ကြီးတို့လဲ နေလာတာကြာပါပြီကွယ် … ခြံထဲ ဘာအရိပ်ယောင်မတော့ မမြင်မိဘူး …ဒီအိမ်ရဲ့ မူလပိုင်ရှင်တွေက လဲ ဒေါ်ကြီးတို့လို နှစ်ချီပြီး နေခဲ့တာပေါ့ကွယ် … နောက်တော့ ဒီခြံကြီးကို ရောင်းပြီး မြို့ထဲဘက်ကို ပြောင်းသွားကြတယ်လေ … နောက် ရောက်လာတဲ့ လူသစ်တွေက ဟော့ဒီအိမ်ကြီးကိုဆောက်ပြီး နေခဲ့ကြတာပေါ့ … ဒါပေမဲ့ သူတို့ကသိပ်မကြာဘူး ပြောင်းသွားကြပြန်ရော …အဲ့ဒီလိုနဲ့ ဒီအိမ်မှာ နှစ်ပြည့် အောင် နေသွားတဲ့သူမရှိဖြစ်လာတာပေါ့ … သူတို့အားလုံး အခြောက်အလှန့် ရှိလို့ ပြောင်းကြတာတော့ မဟုတ်ပါဘူးကွယ် ”

” ဟုတ်ကဲ့ ဒေါ်ကြီး …ဒါဆို …ပိုင်ရှင်အသစ်ပြောင်းလိုက်ပြီး ဒီအိမ်သစ်ဆောက်ပြီးမှ အပြောင်းအရွှေ့တွေများလာတာလား ဒေါ်ကြီး ”

ငုဝါက အဒေါ်ကြီးကိုမေးလိုက်သည်။

“အင်း … ဟုတ်တယ်ကွဲ့ …ဒီအိမ်သစ်မှာ လူမမြဲတာကတော့ အမှန်ပဲ ”

” ဒါနဲ့ ဒေါ်ကြီး… ဒီအိမ်က သစ်တွေက အသစ်တွေလား ….ဒါမှမဟုတ် အိမ်ဟောင်းကို ဝယ်ပြီး ဆောက်ထားတလား ”

ငုဝါ သည် သိချင်တာကိုမေးလိုက်သည်။

“အိမ်ဟောင်းကိုဝယ်ပြီး ဆောက်ထားတာပဲ .. အိမ်တိုင်တွေကို အမှတ်အသားလုပ်ထားလို့ … အမှားမပါဘူးတဲ့ … အိမ်ဟောင်းသွားဝယ်ပြီး အိမ်ပန်ဆောက်တော့ ဒေါ်ကြီးယောကျာ်းလဲ ပါတယ်လေ ”

ဘေးခြံမှ အဒေါ်ကြီးက ပြောဆိုပြီးသည့်နောက်တွင် သူ၏ခြံဘက်သို့ ပြန်၍ သွားလေသည်။

~~~~~~~~~~~~~~~~~~

အိပ်ရေးပျက်သောညတွေများလာသောကြောင့် မဟန်နိုင်တော့သည့်အဆုံးတွင် တစ်အိမ်လုံးရှိမီးများကို ဖွင့်ထားပြီး ငုဝါနှစ်နှစ်ခြိုက်ခြိုက်ပင် အိပ်ပျော်သွားခဲ့ပါလေသည်။

~~~~~~~~~~—-~~~~~

“ရှပ် …ရှပ် …ရှပ် ”

ငုဝါ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေရာမှာ မသိစိတ်၏ လှုံ့ဆော်မှုကြောင့် လန့်နိုးလာခဲ့ပြန်သည်။နောက်တွင် အခန်းအပြင်ဘက်မှ ခြေသံ တရှပ်ရှပ်ကို ကြားလိုက်ရသောကြောင့် ငုဝါ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများထလာပြီး ထိတ်လန့်သွားမိလေသည်။မိန်းခလေးတစ်ယောက်တည်းနေမှန်း သိ၍သူခိုးသူဝှက်များကပ်သည်လား။ငုဝါ တုန်လှုပ်နေသော စိတ်ကို ထိန်း၍ အိပ်ရာဘေးမှ လက်ကိုင်တုတ်ကို ကောက်ယူလိုက်ပြီး ခြေကို ဖော့နင်းလျက် အခန်းအပြင်သို့ ထွက်ခဲ့လိုက်သည်။ညက တစ်အိမ်လုံးရှိ မီးများကို ဖွင့်ထားခဲ့သော်လည်း ယခုအခါတွင် နောက်ဖေး စင်္ကြန် မီးရောင်ကိုသာ တွေ့ရလေသည်။ငုဝါတတ်နိုင်သမျှ ခြေကိုဖော့နင်း၍ လျှောက်ခဲ့သည်။

“ဟင် ”

ငုဝါအခန်းထဲမှ ထွက်ထွက်ချင်းမှာပင် ရှေ့မှနေ၍ ကျောခိုင်းသွားနေသော လူတ်စ်ယောက်ကို မြင်လိုက်ရသောကြောင့် အသံတုန်တုန်နှင့် လှမ်းမေးလိုက်မိသည်။သို့သော်လည်း ငုဝါနှုတ်မှ အသံထွက်မလာနိုင်ဘဲ ဆွံ့အ၍နေလေသည်။ငုဝါ၏နှုတ်မှ အသံထွက်မလာသော်လည်း ရှေ့မှ ကျော်ခိုင်းသွားနေသောသူသည် ငုဝါ ဘက်သို့ လှည့်၍ကြည့်လာလေသည်။

“အမယ်လေး”

တစ်ခေါင်းလုံးဖွေးဖြူနေသောဆံပင်များနှင့် အဘွားအိုတစ်ယောက်ကိုတွေ့လိုက်ရလေသည်။ထိုအဘွားအိုသည် သွေးမရှိသကဲ့သို့ ဖွေးဆုပ်ဆုပ်မျက်နာပြင်ထက်ရှိ ပြူးကျယ်ကျယ် မျက်လုံးအစုံနှင့် ငုဝါကို လှမ်း၍ကြည့်နေပြီးနောက် ငုဝါ ရှိရာဆီသို့ ခြေထောက်များကို တရွတ်ဆွဲပြီး လျှောက်လာသည်ကို တွေ့လိုက်ရသည်။ငုဝါသည် ထို မြင်ကွင်းကို ကြက်သေသေလျက်ကြောင်ကြည့်နေမိစဉ်မှာပင် အဘွားအိုသည် ငုဝါကို ကျော်လျက် အိမ်၏အရှေ့ဘက်ဆီသို့ လျှောက်၍သွားသည်။ပြီးလျှင် အိမ်နံရံများကို လက်နှင့် ပွတ်သပ်၍ ကြည့်သည်။ပြီးနောက် ငုဝါရှိရာဆီသို့ ပြန်၍ လျှောက်လာပြီးလျှင် ငုဝါမျက်နှာကို စူးစူးစိုက်စိုက်နှင့်ကြည့်လေသည်။အဘွားအို၏ အပြုအမူကြောင့် ငုဝါမှာ အသက်ရှုဖို့ရန်ပင် မေ့လျော့နေမိသည်။ဆံပင်ဖားလျားနှင့် ဖြူဖြူအရိပ်ကြီးလိုလို လူပုံလိုလိုနဲ့ အဘွားအိုသည် ငုဝါကို အတန်ကြာ စိုက်ကြည့်နေပြီးနောက် နှုတ်မှ တစ်စုံတစ်ရာကို ပြောလိုက်သကဲ့သို့ ငုဝါခံစားသိရှိလိုက်သည်။အဘွားအို ပြောသောစကားမှာ “သမီးလဲ မဟုတ်ဘူး …သမီးတို့ဘယ်မှာလဲ ”ဟု အဓိပ္ပါယ်ရလေသည်။ပြီးလျှင် နောက်ဆက်တွဲ စကားများကိုလည်း ငုဝါ ခံစားသိရှိလိုက်ပြန်လေသည်။”သမီးကို ရှာပေး …အဘွား သမီးကို ရှာပေးပါနော် … ဒီအိမ်က သမီးလေးအတွက်ပဲ ….”

ငုဝါ သည် အသိကင်းလွတ်နေသူကဲ့သို့ဖြစ်နေသော်လည်း အဘွားအိုစိတ်ထဲမှ ပြောနေသမျှကို သိရှိနားလည်နေသလို ၊အဘွားအို၏ ချောက်ချားဖွယ်ငိုသံကိုလည်း နားထဲတွင် ကြားနေရလေသည်။

“အဘွားရဲ့အိမ်ကို ပြန်ပေး … ပြန်ပေးပါနော် …ဒီအိမ်က အဘွားရဲ့သမီးအတွက် ဆောက်ပေးထားတာလေ …” အဘွားအိုသည် ပြောနေရင်းမှပင် ငုဝါ၏ အနားသို့ ပြန်၍တိုးကပ် လာပြီးလျှင် မျက်လုံးအိမ်ထဲတွင် မျက်ဆံအနက် မပါရှိသော မျက်လုံးသေကြီးများနှင့် ငုဝါကို ကြည့်လေသည်။အဘွားအို၏ အကြည့်ကြောင့် ငုဝါ၏ အသည်းဆိုင်တစ်ခုလုံး အေးစက်စက်လက်အစုံနှင့်ဆုပ်ညှစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ဒူးများမှာလည်း တဆတ်ဆတ်တုန်လျက် ကြမ်းပြင်ပေါ်သို့ညွှတ် ခွေကျသွားသည်။

“အား ”
ကြောက်ကြောက်လန့်လန့်နှင့် အော်ဟစ်လိုက်မိသော ငုဝါ၏ အသံသည် ပြင်ပသို့ ထွက်မလာဘဲ အသက်မဲ့သူကဲ့သို့ ဖြစ်နေသော ခန္ဓာကိုယ်ကြီးသည် ဆတ်ခနဲ လှုပ်ရှားသွားပြီးလျှင် ဝုန်းခနဲ ထထိုင်လိုက်မိလေသည်။ထိုအခါမှပင် ငုဝါသည် အိပ်မက်မက်နေမှန်းကို သိလိုက်ရလေသည်။အိမ်မက်သည် ပီပြင်ထင်ရှားလွန်းလှပေသည်။ထို့အတူ အိပ်မက်မှ လန့်နို့လာသည်နှင့် တစ်ပြိုင်နက် ထုံးစံအတိုင်း ပန်ကာမှာ ပိတ်နေသည့်အပြင် တစ်အိမ်လုံးမှောင်မည်းနေလေသည်။မှောင်မှောင်မည်းမည်းထဲတွင် အိမ်သည် စိမ့်၍အေးနေလေသည်။နားထဲတွင်လည်း ငိုသံသဲ့သဲ့ကို ကြားနေမိသလိုပင်။ငုဝါဖုန်းမီးကို ဖွင့်လိုက်ပြီးလျှင် ခြင်ထောင် အပြင်သို့ မရဲတရဲ ကြည့်လိုက်မိသည်။ထိုအခါ ခြင်ထောင်အပြင်တွင် ဖြူဖြူအရိပ်ကြီးတစ်ခု ယိမ်းထိုးနေသည်ကို တွေ့လိုက်ရပြီး ထိုအရိပ်မှာ ရုတ်ခြည်းပင် ပျောက်ကွယ်၍ သွားပြန်လေသည်။ငုဝါသည် ထိုအချင်းအရာကိုကြည့်၍ တုန်လှုပ်ချောက်ချားသွားမိပြီးလျှင် မီးခလုတ် ရှိရာဆီသို့ ဝုန်းခနဲ ပြေးသွားလိုက်ပြီးလျှင် မီးကို ဖွင့်လိုက်သည်။မီးအလင်းရောင်အောက်တွင် အိမ်ကြီးသည် ပကတိ တိတ်ဆိတ်ငြိမ်သက်သွားပြန်လေသည်။

~~~~~~~~~~~~~~~~~~~~

“ဦးလေးလိုက်ဝယ်ပေးခဲ့တာတော့ ဒီအိမ်ပဲကွဲ့ …အိမ်ရှင်နဲ့ ဦးလေး သိပါတယ်ကွယ် .. ”

ဘေးခြံမှ ဦးလေးကြီးသည် တစ်ထပ်တိုက်ပုလေးကို လက်ညှိုးထိုးပြရင်း မှ ငုဝါကို လှည့်၍ ပြောသည်။ဦးလေးကြီး၏ စကားကြောင့် ငုဝါ စိတ်သက်သာရာ ရသွားမိသည်။ငုဝါမှာ ဘေးခြံမှ ဦးလေးကြီးကို အကူအညီတောင်းပြီး အိမ်ဟောင်းဖျက်ဝယ်ခဲ့သော ပိုင်ရှင်ဆီသို့ လိုက်ပို့ခိုင်းခြင်းဖြစ်ပါလေသည်။

~~~~~~~~~~~~~~~~~~~

“တူမက ဘာကို သိချင်တာလဲကွယ် ”

ရုပ်ရည် ခန့်ခန့်ထည်ထည်နှင့် အိမ်ရှင် အန်တီကြီးက ငုဝါကို မေးလာလေသည်။ငုဝါလည်း ညကအိမ်မက်ထဲတွင် မြင်ခဲ့ရသော အဘွားအို ပုံစံကို ပြောပြီး အိမ်ရှင် အန်တီကြီးကို မေးလိုက်သည်။

“တူမကြီး ပြောပုံအရဆို အန်တီ အမေနဲ့တူတာပဲ …ခဏနော် အန်တီ ဓါတ်ပုံပြပါ့မယ် ”

~~~~~~~~~~~~~

“ဟုတ် ..ဟုတ်ပါတယ်ရှင် …ဒီထဲက အဘွားပါမှန်ပါတယ် ”

ငုဝါသည်အိမ်ရှင် အန်တီကြီးပြသော ဓါတ်ပုံကိုကြည့်ရင်း မိမိကြုံခဲ့ရသမျှကို ပြောပြလိုက်သည်။

“ဘယ် ..ဘယ်လို တူမကြီး …တကယ်ပဲလားဟင် …အမေဆုံးသွားတာ ခုနစ်နှစ်ကျော်ပါပြီကွယ် …အမေက သူ့အိမ်ကို သိပ်ချစ်တာ … ပြီးတော့ အဲ့ဒီအိမ်ဆောက်ပြီးတော့ အန်တီ အတွက်ဆိုပြီး အမြဲပြောနေတာလေ … ပြောရမယ်ဆိုရင် အဲ့ဒီအိမ်ဆောက်ပြီးကတည်းက ခရီးဝေးလဲ ခေါ်လို့မရဘူး … နောက်ဆုံး အမေဆုံးသွားတော့ အန်တီတို့လဲ …အလှူအတန်းတွေလုပ်ပြီး အိမ်ကို အမေစွဲလမ်းမနေရအောင် အိမ်ကိုပါ ဖျက်ရောင်းခဲ့တာပေါ့ကွယ် ….အခုတော့ .. အမေက ..”

အန်တီကြီးမှာ ပြောရင်းနှင့် ပါးပြင်ပေါ်သို့ မျက်ရည်များစီးကျလာလေသည်။

~~~~~~~~~~~~~~~~~

ငုဝါသည် ပစ္စည်းများကို အငှားကားပေါ်သို့ တင်ပြီးနောက်တွင် အိမ်ကြီးကို နောက်ဆုံး အနေဖြင့် ကြည့်လိုက်မိလေသည်။ထိုအခါ အိမ်ရှေ့ဝရံတာတွင် အရိပ် လိုလိုအရာကို မြင်ယောင်လိုက်မိလေသည်။

” နှုတ်ဆက်ခဲ့ပါတယ် အဘွားရေ … မနက်ဖြန်ဆိုရင်…အဘွားမျှော်နေတဲ့ အဘွားရဲ့ သမီးက ….အဘွားအတွက် အလှူအတန်းလာလုပ်ပေးမှာမို့ သာဓုခေါ်ပြီး ..ဒီဘဝက စွဲလမ်းမှုတွေကို ဖြတ်တောက်လို့ ဘဝသစ်ကို အေးအေးချမ်းချမ်း ကူးပြောင်းပါတော့ အဘွားရယ် ” ဟု ငုဝါ နှုတ်မှ ခပ်တိုးတိုးပြောဆိုလိုက်မိပါလေသည်။

ဧကြည်ဖြူ